အခန်း (၃၀၅-၃၀၆)
Vol. 17 Ch. 305-306
အခန်း (၃၀၅) ရှောင်ဟေးအား ကယ်တင်ခြင်
ထိုစဉ်မှာပင် ဒူးလေးမြားတစ်စင်းသည် ချင်ယွမ်ဖုန်း၏ မီးလျှံအတားအဆီးကို ဖောက်ထွက်ကာ သူ၏ ပုခုံးသို့ စိုက်ဝင်သွားတော့သည်။
ထိုဒဏ်ချက်ကြောင့် သူသည် ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။
ကံကောင်းထောက်မစွာပင် မီးလျှံအတားအဆီးကို ဖြတ်ကျော်လာရသဖြင့် ဒူးလေးမြားပေါ်ရှိ ဝိညာဉ်စွမ်းအင်မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ ဒဏ်ရာမှာ အလွန်အမင်း နက်ရှိုင်းခြင်း မရှိသလို အရှိန်အဟုန်မှာလည်း ပြင်းထန်လှသည်တော့မဟုတ်ပေ။
"အား..."
ချင်ယွမ်ဖုန်းသည် သွားကို တင်းတင်းကြိတ်ကာ ခက်ထန်သော မျက်နှာပေးဖြင့် စုစည်းထားသော စွမ်းအင်များကို တိုက်ရိုက် ထုတ်လွှတ်လိုက်တော့သည်။
"ဝုန်း..."
ရုတ်တရက် လှုပ်ခါသွားမှုနှင့်အတူ စွမ်းအင်အလင်းတန်းတစ်ခုသည် မြားကဲ့သို့ ထွက်ပေါ်လာပြီး မုန့်ပုဖျင်ထံသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
ယင်းစွမ်းအင်အလင်းတန်းသည် သန့်စင်သော စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ၎င်း ထွက်ပေါ်လာချိန်တွင် နဂါးဖြူတစ်ကောင် ဟိန်းဟောက်သံကဲ့သို့ မြည်ဟီးကာ မြေပြင်ကို နက်ရှိုင်းသော မြောင်းကြီးတစ်ခုသဖွယ် ထွန်ယက်သွားတော့သည်။
ထိုစွမ်းအင်အလင်းတန်းသည် မုန့်ပုဖျင်ထံသို့ တည့်တည့်မတ်မတ် ဦးတည်နေသဖြင့် သူမမှာ ကြောက်လန့်တကြား တောင့်တင်းကာ ရပ်နေမိသည်။
ထိုအချိန်တွင် ကိုယ်ရံတော်တစ်ဦးသည် အမြန်ပြေးတက်လာပြီး မုန့်ပုဖျင်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။
စွမ်းအင်အလင်းတန်းသည် ကိုယ်ရံတော်များစွာကို ဖြတ်ကျော်ကာ နောက်ဘက်ရှိ နန်းတော်သို့ အရှိန်အဟုန်ဖြင့် ဝင်ဆောင့်မိသွားတော့သည်။
"ဗုန်း..."
ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် နန်းတော်တစ်ခုလုံးသည် အလင်းတန်းများအောက်သို့ ရောက်ရှိသွားကာ မီးလျှံများ ကောင်းကင်သို့ ထိုးတက်ကုန်ပြီး အပျက်အစီးများမှာလည်း နေရာအနှံ့ လွင့်စင်သွားတော့သည်။
ကိုယ်ရံတော်များသည် မုန့်ပုဖျင်ကို အနီးကပ် ကာကွယ်ထားသဖြင့် သူမမှာ ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။
စင်စစ်အားဖြင့် ချင်ယွမ်ဖုန်း၏ ထိုတိုက်ကွက်မှာ အရှိန်အဟုန် အလွန်ပြင်းထန်လှသော်လည်း သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်အောင် မလုပ်ဆောင်ခဲ့ပေ။
ထိုအချိန်တွင် မီးလျှံအတားအဆီးကို ဖောက်ထွက်လာသော နောက်ထပ် ဒူးလေးမြားများသည် ချင်ယွမ်ဖုန်းထံသို့ တည့်တည့် ဦးတည်လာပြန်သည်။
ချင်ယွမ်ဖုန်း၏ ခြေဖဝါးအောက်မှ မြူဖြူများ ထွက်ပေါ်လာပြီး သူသည် ကောင်းကင်သို့ ရုတ်တရက် ခုန်တက်လိုက်သည်။ မလှမ်းမကမ်းမှ အားကောင်းသော အရှိန်အဝါတစ်ခုသည် ချက်ချင်းဆိုသလို ထိုနေရာသို့ ရောက်ရှိလာ၏။
"အနန္တပုံရိပ်... သွားကြစို့"
ချင်ယွမ်ဖုန်းက အလျင်အမြန် ဆိုလိုက်ပြီးနောက် သူ၏ ပုခုံးတွင် စိုက်ဝင်နေသော ဒူးလေးမြားကို နောက်ပြန်လှည့်၍ ဆွဲနှုတ်လိုက်သည်။
အနန္တပုံရိပ်သည် သံမဏိတောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်း၏ ကျောပြင်တွင် ကပ်တွဲကာ ထိုနေရာမှ အမြန်ဆုံး ခေါ်ဆောင်သွားတော့သည်။
ရှောင်ဟေးအား စောင့်ကြပ်နေသော ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်သည် ထိုနေရာသို့ ပျံသန်းရောက်ရှိလာပြီး ချင်ယွမ်ဖုန်းနောက်သို့ လိုက်လံဖမ်းဆီးရန် ပြင်လိုက်သော်လည်း မုန့်ပုဖျင်က သူ့ကို တားဆီးလိုက်သည်။
"မလိုက်နဲ့တော့... နင်ဘာလို့ ဒီကို ရောက်နေတာလဲ" ဟု မုန့်ပုဖျင်က မေးမြန်းလိုက်သည်။
"ဒီဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ ကြားလို့ အမြန်လာခဲ့တာပါ။
တိုတမ်အရှင်သခင်ကိုတော့ ကိုယ်ရံတော်တွေ စောင့်ကြပ်နေတာမို့ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး" ဟု ထိုဘိုးဘေးနယ်ပယ် သိုင်းပညာရှင်က တည်ငြိမ်စွာ ဆိုသည်။
သို့သော်လည်း မုန့်ပုဖျင်မှာ ဒေါသထွက်သွားကာ "အရူးပဲ ချင်ယွမ်ဖုန်းက ဒီကိုလာပြီး ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ သူ့ရဲ့ ရည်ရွယ်ချက်က တိုတမ်အရှင်သခင် ဖြစ်နေတာ သိသာနေတာပဲ။ အမြန်ပြန်သွားကြည့်စမ်း" ဟု အော်ဟစ်လိုက်တော့သည်။
ထိုဘိုးဘေးနယ်ပယ် သိုင်းပညာရှင်မှာလည်း ထိတ်လန့်သွားပြီး နန်းတွင်း စာကြည့်ဆောင်သို့ အလျင်အမြန် ပြန်လှည့်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် ကောင်းကင်ထက်သို့ မြင့်မားစွာ ပျံသန်းသွားပြီးနောက် နန်းတော်မှ ထွက်ခွာခဲ့ကာ လမ်းမတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ ညဉ့်နက်ပိုင်း ဖြစ်နေပြီ ဖြစ်သော်လည်း လမ်းမထက်တွင် လူစည်ကားလျက်ပင် ရှိသေးသည်။
ချင်ယွမ်ဖုန်း ထွက်ပြေးလွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် နန်းတွင်း စာကြည့်ဆောင်ရှိ ရှောင်ဟေးသည်လည်း စတင် လှုပ်ရှားတော့သည်။ ၎င်း၏ ကိုယ်ပေါ်ရှိ သားရဲထိန်းကွင်းသည် ရှောင်ဟေးအား အသံတိတ် ဆွဲခေါ်သွားလေသည်။
ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းတွင် ရှိနေစဉ်ကပင် ထိုသားရဲထိန်းကွင်းများသည် သားရဲများကို မွေးမြူရေးခြံသို့ ပြန်လည် ခေါ်ဆောင်လာနိုင်ကြောင်းနှင့် သူကိုယ်တိုင်လည်း ထိန်းချုပ်နိုင်ကြောင်းကို သိရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ထိုဘိုးဘေးနယ်ပယ် သိုင်းပညာရှင်ကို ဖယ်ရှားပြီးနောက် ချင်ယွမ်ဖုန်းသည် သားရဲထိန်းကွင်းကို အသုံးပြုကာ ရှောင်ဟေးကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ရှောင်ဟေးမှာ နဂိုကပင် အနက်ရောင်ဖြစ်ပြီး ကောင်းကင်ထက်၌ အလွန်မြင့်မားစွာ ပျံသန်းနေခြင်းကြောင့် ထိုဘိုးဘေးနယ်ပယ် သိုင်းပညာရှင် စာကြည့်ဆောင်သို့ ပြန်ရောက်လာသည့်တိုင်အောင် ရှောင်ဟေးကို လိုက်မမီတော့ပေ။
ချင်ယွမ်ဖုန်းသည် လမ်းမပေါ်တွင် စောင့်ဆိုင်းနေပြီး မကြာမီမှာပင် ရှောင်ဟေးသည် ကောင်းကင်ယံမှ ချင်ယွမ်ဖုန်း၏ လက်ထဲသို့ ဖြည်းညင်းစွာ ပျံဆင်းလာတော့သည်။
"ရှောင်ဟေး..."
ချင်ယွမ်ဖုန်းက ခပ်တိုးတိုး ခေါ်လိုက်သည်။ ရှောင်ဟေးသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ချင်ယွမ်ဖုန်းကို မြင်သည်နှင့် ဝမ်းသာအားရ ဖြစ်သွားပြီး ချင်ယွမ်ဖုန်း၏ လက်ကို ချစ်ခင်စွာဖြင့် ပတ်ထားလိုက်တော့သည်။
ခွဲခွာနေရသည့် ရက်အနည်းငယ်အတွင်း ရှောင်ဟေးမှာ အလွန် ပိန်ကျသွားပြီး ကျန်းမာပုံ မရပေ။
"စိတ်မပူနဲ့တော့... ငါ မင်းကို အခုချက်ချင်း ဒီကနေ ခေါ်သွားမယ်" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
သူသည် လူအုပ်ကြားမှ တိုးထွက်ကာ ရုပ်ဆိုးသော အဘွားအိုရှိရာသို့ ပြန်လာခဲ့သည်။
သို့သော် ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်မှာ မုန့်ရှန့်နန်ပါ ထိုနေရာသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
"မင်းက ဒီကို ဘာလာလုပ်တာလဲ" ဟု ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ငါ ရှောင်ဟေးကို ခေါ်ပြီး ထွက်ပြေးမှာ ကြောက်လို့လား"
"ငါက လာကြည့်ရုံသက်သက်ပါ... ရှင့်ကြောင့် နန်းတော်ထဲမှာ ဒီလောက်ကြီးတဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်လိမ့်မယ်လို့ မထင်ထားဘူး" ဟု မုန့်ရှန့်နန်က ပြုံးကာ ပြောသည်။
"ဒါကိုတော့ ငါလည်း မမျှော်လင့်ထားပါဘူး" ချင်ယွမ်ဖုန်းက ပြုံးလျက်ပင် ပြန်ပြောလိုက်သည်။ "ကံကောင်းတာကတော့ အခု ရှောင်ဟေး ပြန်ရောက်လာပြီပေါ့"
ရှောင်ဟေးသည် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲမှ ခေါင်းပြူကြည့်ကာ မုန့်ရှန့်နန်ကို သံသယစိတ်ဖြင့် ကြည့်နေသည်။
"ဒီကောင်လေးက ငါ့ကို သူ့အစ်မလို့ ထင်နေပုံရတယ်" ဟု မုန့်ရှန့်နန်က ပြုံးလျက် ဆိုသည်။
"ဟုတ်တယ်... မုန့်ပုဖျင်က ရှောင်ဟေးကို သူမလက်အောက်ခံ ဖြစ်စေချင်ပုံရတယ်" ဟု ချင်ယွမ်ဖုန်းက စိတ်မကောင်းစွာ ဆိုလိုက်သည်။
"အမြန်သွားကြစို့... တိုတမ်အရှင်သခင် ပျောက်သွားတာဆိုတော့ ငါ့အစ်မတော့ ရူးမတတ် ဖြစ်နေမှာပဲ။ ကံကောင်းတာက ငါတို့ အတူတူရှိနေတာကို သူမ မသိသေးတာပဲ" ဟု မုန့်ရှန့်နန်က ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ မုန့်ရှန့်နန်နှင့်အတူ လျှို့ဝှက်လမ်းမှတစ်ဆင့် ထျန်းတူး မြို့တော်မှ ထွက်ခွာခဲ့ကြသည်။
သူတို့ ထျန်းတူး မြို့တော်မှ ထွက်ခွာပြီး မကြာမီမှာပင် တစ်မြို့လုံးကို ပိတ်ဆို့လိုက်တော့သည်။ သတင်းရရှိထားသော စစ်သည်အမြောက်အမြားသည် ထျန်းတူး မြို့တော်ကို ဝိုင်းရံထားလိုက်ကြသည်။
မုန့်ရှန့်နန်သည် ယခုတစ်ခေါက်တွင် မည်သူ့ကိုမျှ ခေါ်ဆောင်လာခြင်း မရှိသဖြင့် သူမနှင့် ချင်ယွမ်ဖုန်းတို့သည် ထျန်းတူး မြို့တော်၏ နယ်မြေအတွင်းမှ အမြန်ဆုံး ထွက်ခွာနိုင်ခဲ့ကြသည်။
"နင်ဒဏ်ရာရထားတာလား"
ချင်ယွမ်ဖုန်း၏ ကျောပြင်မှ ဒဏ်ရာကို မုန့်ရှန့်နန် သတိပြုမိသွားသည်။ ချင်ယွမ်ဖုန်းက ပြုံးကာ "ဘာမှမဖြစ်ပါဘူး... မြားတစ်စင်း ထိရုံတင်ပါ" ဟု ဆိုသည်။
"သေချာ မကုသရင် ဒဏ်ရာက ပိုဆိုးသွားလိမ့်မယ်" ဟု မုန့်ရှန့်နန်က ဆိုကာ ချင်ယွမ်ဖုန်းကို ရပ်တန့်စေလိုက်သည်။ ထို့နောက် သူမ၏ သိုလှောင်အိတ်ထဲမှ ဆေးအချို့ကို ထုတ်ယူကာ ချင်ယွမ်ဖုန်း၏ ဒဏ်ရာပေါ်သို့ လိမ်းပေးလိုက်သည်။
ဆေး၏ အေးမြသော အထိအတွေ့ကို ခံစားလိုက်ရချိန်တွင် ချင်ယွမ်ဖုန်းမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။
သူ၏ မိခင်ဖြစ်သူ ချင်ဟွား၊ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့မှအပ မုန့်ရှန့်နန်သည် သူ၏ ဒဏ်ရာများကို ဂရုတစိုက် ရှိသူ ဖြစ်နေသောကြောင့်ပင်။
ဒဏ်ရာကို လျင်မြန်စွာပင် စည်းနှောင်ပေးလိုက်ရာ မုန့်ရှန့်နန်မှာ ထိုကိစ္စများတွင် အတော်ပင် ကျွမ်းကျင်ပုံရသည်။
"ကဲ... သွားကြစို့။ ရှေ့က ရွာမှာ တစ်ညလောက် နားကြတာပေါ့၊ တစ်နာရီလောက်ဆိုရင် ရောက်ပါပြီ" ဟု မုန့်ရှန့်နန်က တည်ငြိမ်စွာ ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ သူတို့နှစ်ဦးသည် ထိုရွာရှိရာသို့ အမြန်ဦးတည်သွားကြတော့သည်။
သူတို့နှစ်ဦး ရွာသို့ ရောက်ရှိချိန်တွင် မိုးလင်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ချင်ယွမ်ဖုန်းနှင့် မုန့်ရှန့်နန်တို့သည် အိမ်တစ်အိမ်၏ တံခါးကို ခေါက်ကာ အိမ်အတွင်းရှိ လျှို့ဝှက်လမ်းတွင် ဝင်ရောက် ပုန်းအောင်းလိုက်ကြသည်။
"မင်းမှာ နေရာတိုင်း လျှို့ဝှက်လမ်းတွေ ရှိနေတာပဲလား" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်သည်။
"တခြားနည်းလမ်း မရှိလို့ပါ... ငါတို့က အမြဲတမ်း လိုက်လံဖမ်းဆီးခံနေရတာဆိုတော့ လွတ်မြောက်ဖို့ လမ်းကြောင်းတွေ အများကြီး ရှိထားဖို့ လိုတာပေါ့" ဟု မုန့်ရှန့်နန်က အေးဆေးစွာ ပြန်ပြောသည်။
ထို့နောက် သူတို့နှစ်ဦးလုံး စကားမပြောဖြစ်ကြတော့ပေ။ ကျဉ်းမြောင်းသော လမ်းကြားထဲတွင် တစ်ဦး၏ နှလုံးခုန်သံကို တစ်ဦးကပင် ကြားနေရသည်။ ရှည်လျားသော တိတ်ဆိတ်မှုကို မုန့်ရှန့်နန်က စတင် ဖြိုခွဲလိုက်သည်။
"နငါရဲ့ မြွေနက်လေးကို ငါ့ကို ခဏလောက် ငှားလို့ရမလား"
ချင်ယွမ်ဖုန်းသည် မုန့်ရှန့်နန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် အမြန်ပင် ခေါင်းခါပြလိုက်သည်။ "မရပါဘူး... မရပါဘူး၊ မင်းအစ်မကလည်း ငါ့ရဲ့ ရှောင်ဟေးကို ငှားသွားပြီး ပြန်မပေးတဲ့အပြင် ငါ့ကိုပါ ရာဇဝတ်သား ဖြစ်အောင် လုပ်ခဲ့တာ"
"ငါက သူမနဲ့ မတူပါဘူး... စိတ်မပူပါနဲ့၊ နင်ရဲ့ မြွေနက်လေးကို ခိုးမှာမဟုတ်ပါဘူး။ ကျွန်မ တကယ်ပဲ ခဏလောက် အသုံးပြုဖို့ လိုလို့ပါ၊ ပြီးရင် ငါ့ညီမကိုယ်စား နင်နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ စကားတွေ ပြောပေးပါ့မယ်" ဟု မုန့်ရှန့်နန်က ပြုံးကာ ဆိုသည်။
"မင်းအစ်မကလည်း အဲဒီလိုပဲ ပြောခဲ့တာပဲ" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချကာ ပြောလိုက်သည်။
မုန့်ရှန့်နန်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် " အတည်ပြောတာပါ... တကယ်လို့ နင်နဲ့ ငါညီမတို့ ပေါင်းဖက်လို့မရခဲ့ရင် ငါ့ဆီကို လာခဲ့ပါ၊ ငါနင်နဲ့ အတူရှိပေးပါ့မယ်" ဟု ဆိုလိုက်တော့သည်။
အခန်း (၃၀၆) အပြောင်းအလဲ
မုန့်ရှန့်နန်က ထိုသို့ပြောလာလိမ့်မည်ဟု ချင်ယွမ်ဖုန်း တစ်ထပ်မှမထင်ထားမိပေ။ ထို့ကြောင့် ခဏတာမျှ မည်သို့ပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရလေသည်။
"ဘာလဲ... နင်က မယုံဘူးလား" ဟု မုန့်ရှန့်နန်က ပြုံးလျက် မေးလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ပြီး "မယုံတာမဟုတ်ပါဘူး... ဒါပေမဲ့ ငါ့ဘက်ကတော့ စီနီယာအစ်မရဲ့ စိတ်ကို အရယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်" ဟု ဆိုသည်။
"တော်တော်လေးကို မောက်မာတာပဲလား။ ငါ့ညီမက သန့်ရှင်းသော နယ်မြေရဲ့ တပည့်တစ်ယောက်လေ။ ပါရမီကလည်း ထူးချွန်သလို အလှအပမှာလည်း ပြိုင်ဘက်ကင်းသူပဲ။ နင်လို ကောင်လေးက ဘာများ သာလို့လဲ" ဟု မုန့်ရှန့်နန်က မျက်စောင်းထိုးရင်း ပြောလိုက်၏။
ချင်ယွမ်ဖုန်း ပြုံးလိုက်မိသည်။ အတိတ်ကာလကဆိုလျှင် သူသည် မုန့်ချီလော့နှင့် တကယ်ပင် မထိုက်တန်ခဲ့သည်မှာ အမှန်ပင်။ သို့သော် ယခုမူ သူ့တွင် တစ်လောကလုံး၌ တစ်ခုတည်းသာရှိသည့် ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ် ဆိုသော အားသာချက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့်သာ သူ အစွမ်းကုန် ကြိုးစားမည်ဆိုပါက မုန့်ချီလော့၏ စိတ်ကို ရရှိနိုင်မည်ဟု အခိုင်အမာ ယုံကြည်နေခြင်းပင်။
"ဒါကတော့ ဒီလိုမဟုတ်ဘူးလေ။ မင်းသမီးလေးက တောင်းစားတဲ့သူကို ချစ်မိသွားတာမျိုးလည်း ရှိတာပဲ မဟုတ်လား" ဟု ချင်ယွမ်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဒါတွေက ဝတ္ထုတွေထဲမှာပဲ ရှိတာပါ" မုန့်ရှန့်နန်က အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ရင်း "စိတ်မပူပါနဲ့... ငါပြောတဲ့အတိုင်း ကတိတည်ပါတယ်။ အကယ်၍ နင်သာ ငါ့ညီမကို မရနိုင်ဘူးဆိုရင် ငါ့ဆီကိုပဲ ပြန်လာခဲ့ပါ" ဟု ဆိုလေသည်။
"ကောင်းပါပြီ" ချင်ယွမ်ဖုန်း ရယ်မောလိုက်မိသည်။
ထိုညတွင် သူတို့နှစ်ဦး မြေအောက်ခန်းထဲ၌သာ အချိန်ကုန်လွန်စေခဲ့ကြသည်။ နှစ်ဦးသား အိပ်စက်ခြင်းလည်းမရှိ၊ ကျင့်ကြံခြင်းလည်း မလုပ်ဘဲ တစ်ညတည်းနှင့်ပင် ရင်းနှီးသော မိတ်ဆွေများကဲ့သို့ စကားတပြောပြောနှင့် ရှိနေကြ၏။
ဤသည်မှာ မုန့်ပုဖျင်နှင့် ချင်ယွမ်ဖုန်းတို့ကြားတွင် ဘယ်သောအခါမှ မဖြစ်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်သည်။
အရုဏ်တက်ချိန်သို့ ရောက်သောအခါ မုန့်ပုဖျင်၏ စစ်တပ်မှာ ရွာကလေးသို့ ရောက်ရှိလာပြီး တစ်ရွာလုံးကို နှံ့နှံ့စပ်စပ် ရှာဖွေကြသော်လည်း ချင်ယွမ်ဖုန်းနှင့် မုန့်ရှန့်နန်တို့ ပုန်းအောင်းနေသည့် လျှို့ဝှက်လှိုဏ်ဂူလမ်းကြောင်းကိုမူ ရှာမတွေ့ခဲ့ကြချေ။
စစ်တပ် ပြန်လည်ထွက်ခွာသွားပြီးနောက်မှ ချင်ယွမ်ဖုန်းနှင့် မုန့်ရှန့်နန်တို့လည်း ထိုနေရာမှ ထွက်လာခဲ့ကြသည်။
"ကျွန်တော်တို့ နန်ဝူးမြို့ဘက်ကို ပြန်ကြမှာလား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
မုန့်ရှန့်နန်က ပြုံးလျက် ခေါင်းခါပြကာ "ဟင့်အင်း... နန်ဝူးကို မပြန်သေးဘူး။ ဒီနေ့ ငါ အစီအစဉ်ကြီး တစ်ခုကို လုပ်ဖို့ရှိတယ်" ဟု ဆို၏။
မုန့်ရှန့်နန် ပြောသည့် အစီအစဉ်ကြီးဆိုသည်မှာ ဘာကိုဆိုလိုမှန်း ချင်ယွမ်ဖုန်း နားမလည်သော်လည်း စိတ်ထဲတွင်တော့ တစ်ခုခုကို ကြိုတင်ခံစားမိနေသည်။
မုန့်ရှန့်နန်သည် ချင်ယွမ်ဖုန်းကို ခေါ်ဆောင်၍ ထျန်းတူး ပြည်နယ်မြို့တော်၏ မြို့တံခါးဝဆီသို့ ပြန်လာခဲ့သည်။ ထိုနေရာမှဆိုလျှင် မုန့်ရှန့်နန်၏ အစ်မကို မြင်တွေ့ရနိုင်ပေသည်။
"နင်.. ဘေးတစ်နေရာမှာ အရင်ပုန်းနေလိုက်ဦး" ဟု မုန့်ရှန့်နန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "ရပါတယ်...စီနီယာ ငါမင်းနဲ့အတူ လိုက်ခဲ့ပါ့မယ်" ဟု ပြန်ပြော၏။
မုန့်ရှန့်နန်က ရယ်မောရင်း ချင်ယွမ်ဖုန်း၏ ဆံပင်များကို ဖွလိုက်ကာ "နင်က တော်တော်လေး ထူးဆန်းတာပဲ" ဟု ဆိုသည်။
"စီနီယာကလည်း ထူးဆန်းတာပါပဲ" နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ စကားလုံးများ မလိုအပ်ဘဲ အချင်းချင်း နားလည်မှု ရသွားကြခြင်းပင်။
အမှန်စင်စစ် ချင်ယွမ်ဖုန်း ကျန်နေခဲ့ခြင်းမှာ မုန့်ရှန့်နန်၏ ဘေးကင်းရေးကို စိတ်ချလို၍ ဖြစ်သည်။ ဘိုးဘေးနယ်ပယ်က သိုင်းပညာရှင်တစ်ယောက် ရောက်လာလျှင်ပင် မုန့်ရှန့်နန်ကို ဤနေရာမှ ဘေးကင်းကင်းနှင့် ခေါ်ထုတ်သွားနိုင်မည်ဟု သူ ယုံကြည်ချက်ရှိနေသည်။
ထိုအချိန်တွင် ထျန်းတူး မြို့တော်တစ်ခုလုံးမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသဖြင့် အဝင်သာရှိပြီး အထွက်ကို ပိတ်ပင်ထားသည်။ ချင်ယွမ်ဖုန်းသည် ရှောင်ဟေးကို ခေါ်ဆောင်ကာ မြို့ပြင်သို့ ထွက်သွားပြီဟု စစ်တပ်က ယူဆထားသော်လည်း မြို့တံခါးဝ တစ်ဝိုက်တွင် စစ်သည်အမြောက်အမြား ဝိုင်းရံထားဆဲပင် ဖြစ်သည်။
"လာကြပါဦး... ကြည့်ကြပါဦး။ အသစ်စက်စက် တိုတမ်အရှင်သခင် ဒီမှာရှိနေတယ် လက်လွတ်မခံကြနဲ့ဦး... ဝင်ကြေးပေးစရာ မလိုဘူးနော်" ဟု မုန့်ရှန့်နန်က လမ်းဘေးဈေးသည်တစ်ဦးကဲ့သို့ တက်ကြွစွာ အော်ဟစ်လိုက်လေသည်။
မကြာမီပင် မြို့ပြင်ရှိ လူအများမှာ မုန့်ရှန့်နန်၏ အော်ဟစ်သံကြောင့် စုရုံးရောက်ရှိလာကြပြီး ထိုယောကျာ်းပျိုနှင့် မိန်းမပျိုကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ရှုကြတော့သည်။
"ဒါ... ဖမ်းဝရမ်းထုတ်ထားတဲ့ လူ မဟုတ်လား"
"ဟုတ်တယ်... သူပဲ..."
"ဟော... သူ့လက်ထဲမှာ ကိုင်ထားတာ ဘာကြီးလဲ။ တိုတမ်အရှင်သခင် မဟုတ်လား"
ရှောင်ဟေးကို မြင်လိုက်ရသည်နှင့် လူအများမှာ ချက်ချင်းပင် ဒူးထောက် အလေးပြုကြတော့သည်။
မြို့တံခါးရှိ အစောင့်စစ်သည်များမှာလည်း ဤမြင်ကွင်းကို မြင်တွေ့သွားကြသဖြင့် မုန့်ပုဖျင်ကို အကြောင်းကြားရန် လူစေလွှတ်လိုက်ကြပြီး ချင်ယွမ်ဖုန်းနှင့် မုန့်ရှန့်နန်တို့ကို ဝိုင်းရံထားလိုက်ကြသည်။
ထျန်းတူး မြို့သူမြို့သားများမှာလည်း ထိုအော်ဟစ်သံများကို ကြားရသဖြင့် စစ်အုပ်ချုပ်ရေး စည်းကမ်းများကို ဂရုမစိုက်နိုင်တော့ဘဲ မြို့တံခါးဝဆီသို့ အလုအယက် တိုးဝှေ့ထွက်လာကြသည်။
တကယ့် တိုတမ်အရှင်သခင် ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ အားလုံးက ဒူးထောက် ဝပ်စင်ကြသလို တစ်ချိန်တည်းမှာပင် သံသယများလည်း ဝင်လာကြ၏။
"တိုတမ်အရှင်သခင်က နန်းတော်ထဲမှာ ရှိနေတာ မဟုတ်လား။ အခု ဘယ်လိုဖြစ်လို့ ဒီမှာ နောက်တစ်ကောင် ပေါ်လာရတာလဲ။"
လူတွေ ပိုမိုစုရုံးလာကြပြီး နောက်ဆုံးတွင် မြို့တံခါးဝ၌ နောက်ထပ် တိုတမ်အရှင်သခင် တစ်ကောင် ပေါ်လာကြောင်း ထျန်းတူး မြို့တော်တစ်ခုလုံး သိရှိသွားကြတော့သည်။
ချင်ယွမ်ဖုန်းနှင့် မုန့်ရှန့်နန်ကို ဝိုင်းထားသော အစောင့်စစ်သည်များမှာလည်း စိတ်အားထက်သန်နေသည့် လူအုပ်ကြီး၏ တွန်းဖယ်ခြင်းကို ခံလိုက်ရပြီး လူအပေါင်းတို့မှာ နတ်ဘုရား၏ ကောင်းချီးကို စောင့်မျှော်နေသည့် ဘာသာဝင်များကဲ့သို့ မြေပြင်ပေါ်တွင် ဝပ်စင်နေကြလေသည်။
နောက်ဆုံးတွင် မုန့်ပုဖျင်သည် များပြားလှသော ကိုယ်ရံတော်များ ဝိုင်းရံလျက် ခမ်းနားထည်ဝါသော ရထားလုံးကြီးဖြင့် ရောက်ရှိလာသည်။
"နင်တို့ပါလား" မုန့်ပုဖျင်က မုန့်ရှန့်နန်နှင့် ချင်ယွမ်ဖုန်းကို ဒေါသတကြီး ကြည့်ကာ "နင်တို့ တစ်ဖွဲ့တည်းဆိုတာ ငါ သိသင့်တာ" ဟု ဆို၏။
မုန့်ရှန့်နန်က မုန့်ပုဖျင်ကို ဂရုမစိုက်ဘဲ ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲမှ ရှောင်ဟေးကို ယူကာ လက်ဖြင့် မြှောက်ကိုင်ပြလိုက်သည်။
"ကြည့်ကြပါဦး... မင်းတို့ရဲ့ ဘုရင်မ ရောက်လာပြီ။ သူက တိုတမ်အရှင်သခင်ရဲ့ ရွေးချယ်ခြင်းကို ခံရတယ်လို့ ပြောခဲ့တယ်လေ။ အခု ငါ မေးချင်တာက... နင့်ကို ရွေးချယ်ခဲ့တဲ့ တိုတမ်အရှင်သခင်က ဘယ်မှာလဲ" ဟု မုန့်ရှန့်နန်က မေးလိုက်သည်။
"နင်..." မုန့်ပုဖျင်မှာ မုန့်ရှန့်နန်၏ စကားကြောင့် ဒေါသထွက်လွန်းသဖြင့် စကားပင် ပြန်မပြောနိုင်ဘဲ ဖြစ်နေရသည်။ "တိုတမ်အရှင်သခင်ကို နင်တို့ ခိုးသွားတာပဲ"
"ခိုးတာ ဟုတ်လား။ ဒါဆို တိုတမ်အရှင်သခင်က ဘာလို့ ပြန်မခုခံတာလဲ" ဟု မုန့်ရှန့်နန်က ထပ်မေး၏။
"တိုတမ်အရှင်သခင်က ဘာသိမှာလဲ" ဟု မုန့်ပုဖျင်က အေးစက်စွာ ပြောလိုက်သည်။
"ဘာမှမသိဘူးဆိုရင် သူက နင့်ကို ရွေးချယ်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
မုန့်ပုဖျင်မှာ ထိုမေးခွန်းကြောင့် ဆွံ့အသွားရပြန်သည်။ "တော်တော့... အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ စစ်သည်တို့... ဒီပုန်ကန်သူတွေကို အခုချက်ချင်း ဖမ်းကြစမ်း"
"နေဦး" မုန့်ရှန့်နန်က စူးရှစွာ အော်ဟစ်လိုက်ပြီး "တိုတမ်အရှင်သခင်က ငါ့လက်ထဲမှာ ရှိနေတာ။ ဘယ်သူက တိုတမ်အရှင်သခင်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ" ဟု ဆိုသည်။
စစ်သည်များမှာ ဘုရင်မနှင့် မိမိတို့၏ ယုံကြည်ကိုးကွယ်မှုကြားတွင် ဗျာများသွားကြပြီး ဘာမှမလုပ်နိုင်ဘဲ ရပ်တန့်နေကြလေသည်။
"နင်တို့ လူနုံတွေ... သူတို့က ဖမ်းဝရမ်းထုတ်ထားတဲ့ ရာဇဝတ်ကောင်တွေလေ။ ရာဇဝတ်ကောင် ပြောတဲ့စကားကို နင်တို့က ယုံနေကြတာလား" ဟု မုန့်ပုဖျင်က ဒေါသတကြီး အော်ဟစ်သည်။
သို့သော် မုန့်ရှန့်နန်က ညင်သာစွာ ပြုံးလျက် "ငါ့စကားကို နားထောင်ကြပါ။ တိုတမ်ဆိုတာ ငါတို့ရဲ့ ယုံကြည်ကိုးကွယ်မှု ဖြစ်တယ်၊ အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူး။ ဘယ်သူ့ရဲ့ ပိတ်လှောင်မှုကိုမှ ခံမှာမဟုတ်ဘူး။ သူ့မှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ်" ဟု ဆိုလိုက်၏။
လူတိုင်းက ငြိမ်သက်စွာ နားထောင်နေကြပြီး မုန့်ရှန့်နန်၏ စကားကို ထောက်ခံနေကြသည်။
သူတို့၏ ယုံကြည်ကိုးကွယ်မှုသည် လွတ်လပ်ရမည် မဟုတ်လော။
"တိုတမ်အရှင်သခင် အကြောင်းကို ခဏထားလိုက်ဦး။ လက်ရှိ ဘုရင်မကို နင်တို့ တကယ်ပဲ သဘောကျနေကြလို့လား။ နှစ်ရှည်လများ စစ်မီးတောက်လောင်နေလို့ မြို့ပြင်က ရွာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲဆိုတာ နင်တို့ သိကြလား။ တစ်ပြည်လုံးက လူတွေကို စစ်ထဲသွင်းနေတော့ လယ်စိုက်မယ့်သူတောင် မကျန်တော့ဘူး။ ဒီလိုမျိုးနဲ့ နင်တို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ် ထင်လို့လဲ"
မုန့်ရှန့်နန်၏ တည်ငြိမ်သော စကားလုံးများမှာ လူတိုင်း၏ နှလုံးသားထဲသို့ သတိပေး ခေါင်းလောင်းသံ မြည်ဟည်းသွားစေသကဲ့သို့ ဖြစ်ကာ အားလုံးကို ရုတ်တရက် နိုးထသွားစေသည်။
သူတို့သည် မိမိကိုယ်ကိုယ် လှည့်စားနေခဲ့ကြခြင်း ဖြစ်တန်ရာ၏။ စစ်ပွဲသည် သူတို့နိုင်ငံကို ပျက်စီးခြင်းသို့ ဆွဲခေါ်နေပြီ ဖြစ်ပြီး တစ်နေ့တွင် ဟန်ပြ ချမ်းသာကြွယ်ဝမှုများပင် ပျောက်ကွယ်သွားရပေလိမ့်မည်။
"ဟွန်း... နင်ပြောသမျှက ထီးနန်းကို လုချင်လို့ မဟုတ်လား ညီမတော်။ နင် နန်းတက်လိုက်ရင်ရော ဘာတွေ ပြောင်းလဲသွားမှာမို့လို့လဲ" ဟု မုန့်ပုဖျင်က အေးစက်စွာ ပြောသည်။
မုန့်ရှန့်နန် ပြုံးလိုက်၏။ "ငါက နင့်ရဲ့ ထီးနန်းကို မလိုချင်ပါဘူး။ လက်ရှိ အခြေအနေကို ပြောင်းလဲပေးမယ်ဆိုတဲ့ နင့်ရဲ့ ကတိကိုပဲ ငါ လိုချင်တာပါ။ ငါတို့ အခု အာရုံစိုက်ရမှာက စစ်ပွဲမဟုတ်တော့ဘဲ စားနပ်ရိက္ခာ အခြေအနေ၊ ရိတ်သိမ်းမှုနဲ့ လယ်ယာစိုက်ပျိုးမယ့်သူ ရှိ၊ မရှိ ဆိုတဲ့ အချက်တွေပဲ ဖြစ်သင့်တယ်"
မုန့်ပုဖျင် နှုတ်ဆိတ်သွားရသည်။ သူမကို ဆန့်ကျင်သူတိုင်းသည် ထီးနန်းကို လိုချင်ကြသူများဟုသာ သူမ ခေါင်းမာစွာ ယုံကြည်ထားခဲ့သော်လည်း မုန့်ရှန့်နန်၏ စကားကို ကြားရသောအခါတွင်မူ သူမလည်း ဘာမှပြန်မပြောနိုင်တော့ပေ။