← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 17 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 17 Ch. 307-308

အခန်း (၃၀၇) မြေကွက်လပ်

"တိုတမ်အရှင်သခင်က ထွက်ခွာသွားတာပဲဖြစ်ဖြစ်၊ ဆက်နေတာပဲဖြစ်ဖြစ် သူကတော့ နင့်အနားမှာ နေမှာမဟုတ်တာ အသေအချာပဲ။ ကောင်းကောင်းစဉ်းစားကြည့်ပါဦး၊ တစ်နိုင်ငံလုံးရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ချင်သလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် တိုတမ်အရှင်သခင်ကို ခမ်းခမ်းနားနားနဲ့ နန်းတော်ထဲ ခေါ်ဆောင်လာတဲ့အထိ စောင့်နေဦးမလား" ဟု မုန့်ရှန့်နန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

မုန့်ပုဖျင်မှာမူ ပို၍ပင် နှုတ်ဆိတ်သွားတော့သည်။ အကယ်၍ တိုတမ်အရှင်သခင်သာ မုန့်ရှန့်နန်၏လက်ထဲတွင် ဆက်ရှိနေပါက ဤနိုင်ငံသည် နှစ်ခြမ်းကွဲသွားပေလိမ့်မည်။

တစ်ဖက်က ယုံကြည်မှုနောက်သို့ လိုက်ပါကြသူများဖြစ်ပြီး ကျန်တစ်ဖက်မှာမူ ဘုရင်မနောက်သို့ လိုက်ပါကြသူများ ဖြစ်လာပေမည်။ ၎င်းမှာ သူဖြစ်စေချင်သည့် အနေအထားမျိုး မဟုတ်ပေ။

"တကယ်ပဲ ပြောင်းလဲနိုင်ပါ့မလား" ဟု မုန့်ပုဖျင်က တိုးတိုးလေး ရေရွတ်လိုက်၏။

"နင်သာ အမှန်တကယ် အလိုရှိမယ်ဆိုရင် ဖြစ်နိုင်တာပေါ့"

မုန့်ရှန့်နန်က ရယ်မောလိုက်ပြီး "အစ်မ... အစ်မက ထီးနန်ကို စိုးရိမ်နေလို့သာ စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်လာပြီး တစ်သီးပုဂ္ဂလဆန်လာတာကို ငါသိပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ အစ်မရဲ့ ထီးနန်ကို မက်မောမနေကြပါဘူး၊ သူတို့က အသက်ဆက်ရှင်သန်နိုင်ဖို့ပဲ လိုလားကြတာပါ" ဟု ဆိုလေသည်။

"ငါက အသက်ရှင်သင့်သေးလို့လား" မုန့်ပုဖျင်က ယခင်မေးခွန်းကိုပင် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။

ခမည်းတော်နတ်ရွာစံခါနီးတွင် မိန့်ကြားခဲ့သော ပြောင်းလဲမှုဆိုသည်မှာ သူမကို ပြောင်းလဲရန် ပြောခဲ့ခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အခြေအနေအရပ်ရပ်ကို ပြောင်းလဲရန် ရည်ညွှန်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"ငါ နားလည်ပါပြီ။ ဝူချီအင်ပါယာနဲ့ ငါ သွားရောက်ဆွေးနွေးပါ့မယ်။ စစ်ပွဲတွေ အဆုံးသတ်ရမယ့် အချိန်တန်ပါပြီ" ဟု မုန့်ပုဖျင်က တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သဘောပေါက်သွားသည့်နှယ် ပြုံးလျက် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်သွားမိသည်။ "ဒီလောက် ရိုးရှင်းတဲ့ကိစ္စကို ဘာလို့ ဒီလောက်တောင် အချိန်ဆွဲနေခဲ့ကြတာလဲ။ အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ပြီးနေတာကို" ဟု သူက တွေးတောနေမိ၏။

သို့သော်လည်း တိုတမ်အရှင်သခင် ပေါ်ပေါက်လာခြင်းကြောင့်သာ သူတို့အားလုံး ပြောင်းလဲသွားကြခြင်းဖြစ်သည်ကို သူ ကောင်းကောင်းသိရှိပါသည်။

"ကျီကျုံးတွေကို ဖွင့်လှစ်ပြီး ရိက္ခာတွေကို ဝေငှပေးလိုက်ကြစို့။ ပြီးတော့ စစ်သည်အချို့ကိုလည်း အိမ်ပြန်ခွင့်ပေးလိုက်ပါ" ဟု မုန့်ပုဖျင်က ရိုးရှင်းသော အမိန့်တစ်ခုကို ထုတ်ပြန်လိုက်လေသည်။

ထိုအမိန့်ကြောင့်ပင် လူအများအပြား၏ ဝမ်းသာအားရ ကြွေးကြော်သံများမှာ ဟိန်းထွက်သွားတော့သည်။

မုန့်ရှန့်နန်နှင့် မုန့်ပုဖျင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နှစ်ယောက်သား ပြိုင်တူရယ်မောလိုက်ကြ၏။

"ကဲ... သွားကြရအောင်" မုန့်ရှန့်နန်က ချင်ယွမ်ဖုန်းဘက်သို့ လှည့်ပြောလိုက်ရင်း တစ်ချိန်တည်းမှာပင် ရှောင်ဟေးကို ချင်ယွမ်ဖုန်းထံ ပြန်လည်ပေးအပ်လိုက်သည်။

ရှောင်ဟေးမှာ ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်သွားပြီး ခေါင်းလေးကိုသာ အပြင်သို့ ပြူထွက်နေစေတော့သည်။

"ဒီလောက်နဲ့တင် ပြီးသွားတာလား" ချင်ယွမ်ဖုန်းက အံ့သြတကြီး မေးလိုက်၏။

"ဘယ်ဟုတ်ပါ့မလဲ။ ငါတို့တွေ အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် ရှေ့ဆက်ရမယ့် ခရီးက အရှည်ကြီး ကျန်ပါသေးတယ်" ဟု မုန့်ရှန့်နန်က တည်ငြိမ်စွာ ဆိုသည်။

ဤကိစ္စမှာ ချက်ချင်းလက်ငင်း ဖြစ်မြောက်နိုင်သည်မျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်နှင့်ချီ၍ ကြာကောင်းကြာနိုင်သော်လည်း ၎င်းသည် ကောင်းမွန်သော အစပြုမှုတစ်ခုပင် ဖြစ်သည်။

မုန့်ရှန့်နန်နှင့် သူမ၏အဖော်ဖြစ်သူ ထွက်ခွာတော့မည်ကို မြင်သောအခါ စစ်သည်များက တားဆီးရန် ကြိုးစားကြသော်လည်း မုန့်ပုဖျင်က တားမြစ်လိုက်သည်။

"သူတို့ကို သွားခွင့်ပြုလိုက်ပါ" ဟု မုန့်ပုဖျင်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

လူတိုင်းက ချင်ယွမ်ဖုန်းနှင့် မုန့်ရှန့်နန်တို့ ထွက်ခွာသွားသည်ကို ကြည့်နေကြတော့သည်။

ဤဖြစ်ရပ်တစ်ခုလုံးမှာ စကားလုံးအနည်းငယ်မျှဖြင့်ပင် ပြီးဆုံးသွားခြင်းဖြစ်ရာ လူအများအပြားကို အံ့အားသင့်စေခဲ့သည်။

သို့သော်လည်း ထိုဖြစ်ရပ်တွင် တိုတမ်အရှင်သခင်၏ အခန်းကဏ္ဍမှာ မရှိမဖြစ် အရေးပါခဲ့ပေသည်။ အကြောင်းမှာ တိုတမ်အရှင်သခင်ကြောင့်သာ မုန့်ရှန့်နန်သည် မုန့်ပုဖျင်ကို ရင်ဆိုင်ရဲသည့် အင်အားကို ရရှိခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

အကယ်၍ အစ်မဖြစ်သူက မပြောင်းလဲဘူးဆိုလျှင် တိုတမ်အရှင်သခင်၏ ယုံကြည်မှုစွမ်းအားကို အသုံးချပြီး အစ်မကို ထီးနန်ပေါ်မှ ဖြုတ်ချကာ ငါကိုယ်တိုင် ပြောင်းလဲပစ်မည်ဆိုသည့် ရိုးရှင်းသော သဘောတရားပင် ဖြစ်သည်။

"နင် ဘယ်ကိုသွားမှာလဲ" ဟု မုန့်ရှန့်နန်က မေးလိုက်၏။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ငါ့မှာ လင်ယင်းကျောင်းတော်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်၊ မင်းကရော" ဟု ပြန်မေးလိုက်သည်။

"ငါကတော့ မြက်ခင်းပြင်ဆီကိုပဲ ပြန်ရမှာပေါ့" မုန့်ရှန့်နန်က ရယ်မောလျက် ဆိုလေသည်။

"နန်းတော်ကို ပြန်မသွားတော့ဘူးလား။ မင်းနဲ့ မင်းအစ်မ ပြန်တည့်သွားကြပြီလို့ ထင်တာပဲ" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

"မပြန်တော့ပါဘူး။ အခုဆိုရင် မြက်ခင်းပြင်က ငါ့ရဲ့ အိမ်ဖြစ်နေပြီလေ။ အဲဒီက လူနေမှုဘဝကိုပဲ ငါ ကျင့်သားရနေပါပြီ" မုန့်ရှန့်နန်က ပြုံးလျက် ဆိုသည်။

ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိသည်။ မုန့်မိသားစုဝင် ညီအစ်မသုံးယောက်မှာ တစ်ဦးစီတိုင်းတွင် မတူညီသော ကံကြမ္မာကိုယ်စီ ရှိကြသည်မှာ ကောင်းသောကိစ္စပင် ဖြစ်ပေသည်။

ဘုရင်မက တစ်ဦးတည်းသာ ရှိသင့်သလို ဝရမ်းပြေးဆိုသည်မှာလည်း တစ်ဦးတည်းသာ ရှိသင့်သည်မဟုတ်လော။

"ကြည့်ရတာ ဒီလမ်းက လင်ယင်းကျောင်းတော်ကို သွားတဲ့လမ်း မဟုတ်ဘူးထင်တယ်" ဟု မုန့်ရှန့်နန်က ချင်ယွမ်ဖုန်းကို ပြောလိုက်သည်။

ယခုအခါ သူတို့သည် မြက်ခင်းပြင်ဘက်သို့ ပြန်လှည့်လာနေကြခြင်း ဖြစ်သည်။

"မြက်ခင်းပြင်ကို ပြန်သွားတဲ့အခါ လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ပါ" ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်၏။

"ရှောင်မီအကြောင်းလား။နင်က လူကြီးတစ်ယောက်ဖြစ်ပြီးတော့ ရှောင်မီကို ဒီကိစ္စတွေထဲ ဆွဲမထည့်ချင်ဘူး မဟုတ်လား" ဟု မုန့်ရှန့်နန်က စနောက်သလို မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ပြီး "ရှောင်မီကို မင်းရဲ့စောင့်ရှောက်မှုအောက်မှာပဲ ထားခဲ့မှာပါ။ ဒါပေမဲ့ သူနဲ့ သွားနှုတ်ဆက်ဖို့တော့ လိုတာပေါ့၊ ပြီးတော့ တခြား အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်" ဟု ဆိုလေသည်။

လမ်းတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် သစ်ပင်ပေါက်လေးများကို တွေ့သမျှ ဆွဲနှုတ်လာခဲ့ရာ သူ၏ သိုလှောင်အိတ်ထဲတွင် သစ်ပင်ပေါက်ပေါင်း ငါးဆယ်ကျော်မျှ စုမိသွားတော့သည်။

သူတို့နှစ်ဦးသည် မြက်ခင်းပြင်သို့ ပြန်ရောက်ရန် နှစ်ရက်မျှ အချိန်ယူခဲ့ရသည်။ မြက်ခင်းပြင်ကြီးကတော့ ဘာမှ ပြောင်းလဲမသွားသေးဘဲ ညဘက်တွင် လေပြင်းများ တိုက်ခတ်နေဆဲဖြစ်ကာ သဲဖုန်များမှာလည်း နေရာအနှံ့ လွင့်ပျံနေဆဲပင် ဖြစ်သည်။

"ဒီနေရာကို သန့်ရှင်းအောင် လုပ်ဖို့ မစဉ်းစားဖူးဘူးလား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

"စဉ်းစားဖူးတာပေါ့၊ ဒါပေမဲ့ ဒါက အရမ်းခက်ခဲလွန်းတယ်။ ဒီမှာက ရေအရင်းအမြစ်လည်း မရှိဘူး၊ အပင်တွေကလည်း ရှင်သန်နိုင်စွမ်း မရှိကြဘူးလေ" ဟု မုန့်ရှန့်နန်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ငါ သိတာပေါ့၊ ဒါပေမဲ့ ကန္တာရထဲမှာလည်း ရေအရင်းအမြစ် ရှိပါတယ်။ မြေအောက် မီတာ ဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက်အထိ အနက်ကြီးမှာ ရှိနေတတ်တာပါ" ဟု ဆိုလေသည်။

"နင်ဘာလုပ်မလို့လဲ" ဟု မုန့်ရှန့်နန်က နားမလည်စွာ မေးလိုက်သည်။

"မင်းအတွက် ပေးမယ့် လက်ဆောင်တစ်ခုပေါ့" ချင်ယွမ်ဖုန်းက ရယ်မောလိုက်၏။

ချင်ယွမ်ဖုန်း ဘာလုပ်တော့မည်ကို သိချင်စိတ်ဖြင့် မုန့်ရှန့်နန်မှာ များစွာ အံ့အားသင့်နေမိသည်။

ချင်ယွမ်ဖုန်းသည် ကျောက်ဆောင်ကြီးများ ပေါများရာ နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် မုန့်ရှန့်နန်အတွက် လက်ဆောင်ကို စတင်ပြင်ဆင်တော့သည်။

သဘာဝ နတ်စမ်းရေတစ်ပုလင်းသည် ချင်ယွမ်ဖုန်း၏ လက်ထဲတွင် ပေါ်ပေါက်လာသည်။ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသော ဤကဲ့သို့သော အရာမျိုးမှာ ရေရောထားလျှင်ပင် အလွန်တရာ ဈေးကြီးပေးမှ ဝယ်ယူနိုင်သည့် အရာမျိုး ဖြစ်သည်။

သန့်စင်သော နတ်ရေစင် တစ်စက်သည် သဲပြင်ပေါ်သို့ ကျသွားသောအခါ ထူးဆန်းသော တုံ့ပြန်မှုတစ်ခု စတင်ဖြစ်ပေါ်လာတော့သည်။

သဲပြင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မြေနက်မြေ အကျယ်အဝန်းကြီး တစ်ခုက အစားထိုး ဝင်ရောက်လာသည်။

မုန့်ရှန့်နန်မှာမူ ထိုင်ချလိုက်ပြီး မြေကြီးတစ်ဆုပ်ကို ဆုပ်ကိုင်လိုက်ကာ မိမိမျက်စိရှေ့တွင် မြင်တွေ့နေရသည့် အံ့ဖွယ်ဖြစ်ရပ်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး အံ့ဖွယ်ကိစ္စများကို ဆက်လက်လုပ်ဆောင်လေသည်။ သဲကန္တာရ အပိုင်းအစ အမြောက်အမြားမှာ မြေနက်မြေအဖြစ် ပြောင်းလဲသွားခဲ့ပြီး နတ်စမ်းရေ တစ်ပုလင်းလုံး ကုန်သွားသောအခါတွင်မူ ကန္တာရအလယ်၌ ဆယ်ဧကကျော်မျှ ကျယ်ဝန်းသော မြေကွက်ကြီး ပေါ်ထွက်လာတော့သည်။

ထို့နောက်တွင်မူ ချင်ယွမ်ဖုန်းသည် သူဆွဲနှုတ်လာခဲ့သော သစ်ပင်ပေါက်လေးများကို သဲဖုန်များ တိုက်ရိုက်မဝင်ရောက်နိုင်စေရန် မြေကွက်၏ ပတ်ပတ်လည်တွင် စိုက်ပျိုးလိုက်လေသည်။

"ဒီအလယ်မှာ ရေတွင်းတစ်တွင်း တူးလိုက်မယ်ဆိုရင် မပြတ်တောက်တဲ့ ရေအရင်းအမြစ်ကို ရရှိလာမှာပါ" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။

မုန့်ရှန့်နန်မှာ မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေမိ၏။ "ဒါ... ဒါက တကယ်ကြီး ဘယ်လိုဖြစ်သွားတာလဲ"

"နောက်မှ သိလာမှာပါ။ အခုလောလောဆယ်တော့ ဒီမြေကွက်လေးမှာ သီးနှံတွေ စိုက်ပျိုးလို့ရပြီလေ၊ ပြီးရင်တော့ ဒီနေရာကို တဖြည်းဖြည်း ချဲ့ထွင်သွားလို့ ရတာပေါ့" ချင်ယွမ်ဖုန်း စကားမဆုံးသေးခင်မှာပင် မုန့်ရှန့်နန်က ရှေ့သို့တိုးလာပြီး သူ့ကို ဖက်ထားလိုက်ကာ "ကျေးဇူးတင်ပါတယ်..." ဟု တိုးညင်းစွာ ပြောလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ အရန်မယားလောင်းပဲဟာကို" ချင်ယွမ်ဖုန်းက အားရပါးရ ရယ်မောလိုက်လေသည်။

သူတို့နှစ်ဦးသည် လူများနေထိုင်ရာ နေရာသို့ ပြန်လာခဲ့ကြသည်။ မုန့်ရှန့်နန်က ထိုမြေကွက်အကြောင်းကို လူတိုင်းအား ပြောပြလိုက်သောအခါ အားလုံးက ဝမ်းသာအားရ ကြွေးကြော်ကြတော့သည်။

သူတို့သည် မီတာ ဆယ်ဂဏန်းဖြစ်စေ၊ ရာဂဏန်းဖြစ်စေ မည်မျှပင် နက်ပါစေကာမူ ယနေ့တွင် ထိုနေရာ၌ ရေတွင်းတစ်တွင်း ရအောင်တူးမည်ဟုပင် စိတ်အားထက်သန်နေကြ၏။

ညရောက်သောအခါတွင်မူ လူတိုင်းက သီချင်းဆို ကခုန်ကြပြီး သူတို့ သိမ်းဆည်းထားသော အဖိုးတန် ဝိုင်များကို ထုတ်ယူကာ ချင်ယွမ်ဖုန်းကို အလှည့်ကျ တိုက်ကြတော့သည်။

နောက်ဆုံးတွင်မူ ချင်ယွမ်ဖုန်းသည် ဝိုင်ရှိန်ကြောင့် မူးသွားရကာ မုန့်ရှန့်နန်က သူ့ကို အခန်းထဲသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရသည်။

အိပ်ပျော်နေသော ချင်ယွမ်ဖုန်းကို ကြည့်ရင်း မုန့်ရှန့်နန်က ပြုံးကာ "နင်ဒီကနေ ထွက်သွားတဲ့အခါ ငါ့ကို မေ့မသွားပါနဲ့ဦး။ ပြီးတော့ ငါ့ဆီကို ပြန်လာဖို့လည်း မမေ့နဲ့နော်။ ငါ နင့်ကို စောင့်နေပါ့မယ်" ဟု တိုးတိုးလေး ဆိုလိုက်သည်။

သို့သော်လည်း အိပ်မောကျနေသော ချင်ယွမ်ဖုန်းမှာမူ မုန့်ရှန့်နန်၏ စကားများကို မကြားနိုင်ဘဲ "နတ်မိမယ်လေး" ဟုသာ အိပ်မက်ထဲတွင် ယောင်ယမ်းကာ ခေါ်နေမိတော့သည်။

အခန်း (၃၀၈)ကွယ်လွန်ခြင်း

ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် တောင်ပိုင်းတောရိုင်းဒေသမှ ထွက်ခွာလာခဲ့ပြီး သူ၏ဦးတည်ရာဖြစ်သော လင်ယင်းကျောင်းတော်သို့ ခရီးဆက်ခဲ့လေသည်။

မမျှော်လင့်ဘဲ ဤခရီးစဉ်မှာ သူထင်ထားသည်ထက် အတန်ငယ် ကြန့်ကြာသွားခဲ့ရ၏။

ယခုအခါ နိုဝင်ဘာလလယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရာသီဥတုမှာလည်း အေးစိမ့်နေသည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ဝတ်ရုံရှည်နှင့် နွေးထွေးသော အဝတ်အစားများကို ဝတ်ဆင်ထားရပြီး အထူးသဖြင့် ညဘက်အချိန်များတွင် အပူချိန်မှာ ရေခဲမှတ်အောက်ပင် ကျဆင်းသွားတတ်လေသည်။

လမ်းဘေးဝဲယာရှိ သစ်ပင်များမှ သစ်ရွက်တို့သည် ဝါကျင်ခြောက်သွေ့လာပြီး လေအေးတစ်ချက်အဝေ့တွင်ပင် ကြွေလွင့်နေကြသည်မှာ ကြည့်ရသည်မှာ အထီးကျန်ဆိတ်သုဉ်းဖွယ် ကောင်းလှပေသည်။

ချင်ယွမ်ဖုန်းသည် မုန့်ရှန့်နန် မထွက်ခွာမီက ပြောခဲ့သော စကားကို ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သည်။ "ငါ့ဆီ ပြန်လာရှာဖို့ မမေ့နဲ့ဦးနော်" ဟူသော ထိုစကားသံနှင့် ခံစားချက်တို့က ချင်ယွမ်ဖုန်း၏ နှလုံးသားကို နွေးထွေးစေခဲ့သည်။

လင်ယင်းကျောင်းတော်သည် ကျန့်ဂီအင်ပါယာ မြို့တော်နှင့် မျက်နှာချင်းဆိုင်ရှိ ချိုင့်ဝှမ်းကြီးတစ်ခုအတွင်း တည်ရှိပြီး သုံးဖက်သုံးတန်တွင် တောင်တန်းများ ဝန်းရံထားကာ မြို့တော်နှင့် မျက်နှာမူရာဘက်တွင်သာ ဟာကွက်ကြီးတစ်ခု ရှိလေသည်။

လင်ယင်းကျောင်းတော်၏ အတွင်းပိုင်းတွင် မည်သို့သောအရာများ ရှိနေမည်ကို ချင်ယွမ်ဖုန်း မသိရှိပေ။

ကျိရှန့်က သူ့အား ဆရာကြီးကုဝုကို ရှာဖွေရန်နှင့် နတ်ဘုရားသောင်းချီနယ်မြေရှိ ပျက်စီးသွားသော အစီအရင်တံဆိပ်အကြောင်းကို ပြောပြရန်သာ မှာကြားခဲ့ခြင်း ဖြစ်သည်။

ဤဆရာကြီးကုဝုဆိုသူမှာ အတော်အတန် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။

ချင်ယွမ်ဖုန်းသည် လင်ယင်းကျောင်းတော်ရှိရာသို့ ခပ်သွက်သွက် ခရီးနှင်လာခဲ့ရာ နှစ်ရက်အကြာတွင် ကျောင်းတော်တည်ရှိရာ ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့သည်။

သို့သော် ချိုင့်ဝှမ်းအတွင်းသို့ ဝင်လိုက်သည်နှင့် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ချင်ယွမ်ဖုန်း အတန်ငယ် အံ့အားသင့်သွားရ၏။

ကျန့်ဂီအင်ပါယာ၏ တိုင်းသူပြည်သား အများအပြားသည် လမ်းပေါ်တွင် ဒူးထောက်နေကြပြီးမှ ဖြည်းညင်းစွာ ပြန်လည်ထရပ်နေကြသည်ကို မြင်တွေ့ရသည်။

သူတို့သည် အကြည်ညိုဆုံးသော ဘုရားဖူးဓလေ့ဖြစ်သည့် သုံးလှမ်းတစ်ကြိမ် ဒူးထောက်၊ ငါးလှမ်းတစ်ကြိမ် ဦးညွှတ်ကာ ခုနစ်လှမ်းတစ်ကြိမ် ရှိခိုးခြင်းဖြင့် ဘုရားဖူးနေကြခြင်း ဖြစ်သည်။

သူတို့သည် လင်ယင်းကျောင်းတော်ဆီသို့ မယိုင်မလဲသော စိတ်ဓာတ်များဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းနေကြသည်မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားကြည်နူးဖွယ် ကောင်းလှပေသည်။

ထို့ပြင် ထိုသို့သောသူများမှာ အနည်းငယ်မျှသာ မဟုတ်ဘဲ လမ်းတစ်လျှောက်တွင် အခါအားလျော်စွာ မြင်တွေ့နေရလေသည်။

ချင်ယွမ်ဖုန်းသည် လင်ယင်းကျောင်းတော်ဆီသို့ အမြန်လျှောက်လှမ်းလာခဲ့ရာ မွန်းတည့်ချိန်ခန့်တွင် ကျောင်းတော်သို့ ရောက်ရှိလာခဲ့သည်။

လင်ယင်းကျောင်းတော်မှာ ကြီးမားကျယ်ပြန့်သော ကျောင်းတော်ကြီးတစ်ခုဖြစ်ပြီး ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

ဝန်းရံထားသော တံတိုင်းများမှာ အနီရောင်ဖြစ်ပြီး တံတိုင်းပေါ်တွင် 'နမော အမိတ္တဘ ဗုဒ္ဓ' ဟူသော စာလုံးများကို ရွှေဆေးဖြင့် ရေးထွင်းထားလေသည်။

ကျောင်းတော်၏ တံခါးကြီးများကို အမြဲဖွင့်လှစ်ထားခြင်းမှာ လာရောက်သူတိုင်းကို ကြိုဆိုနေသကဲ့သို့ပင် ရှိနေသည်။

ကျောင်းတော်အတွင်းမှ အမွှေးတိုင်နံ့သာနံ့များ သင်းပျံ့နေပြီး ပင်မရင်ပြင်ရှိ အမွှေးတိုင်အိုးကြီးအတွင်းတွင် လက်မောင်းခန့်အထိ ထူထဲသော အမွှေးတိုင်များ ထွန်းညှိပူဇော်ထားသည်ကို ချင်ယွမ်ဖုန်း မြင်တွေ့နေရသည်။

ချင်ယွမ်ဖုန်း ကျောင်းတော်အတွင်းသို့ ဝင်လိုက်သောအခါ ကတုံးနှင့် ရဟန်းတော်များကို မြင်တွေ့ရသည်။

အဝေးဆီရှိ အဆောက်အအုံများသည် ရှေးဟောင်းသစ်ပင်ကြီးများ၏ သစ်ကိုင်းများကြားတွင် ဖုံးကွယ်နေပြီး သစ်ရွက်များ ကြွေလွင့်နေသဖြင့် အဆောက်အအုံ၏ အမိုးများကို လှမ်းမြင်နေရပေသည်။

ကျောင်းတော်အတွင်းသို့ ဝင်ဝင်ချင်း မြင်တွေ့ရသည့် နေရာမှာ နတ်မင်းကြီးများခန်းမဟု ခေါ်ဆိုသော ခန်းမကြီးတစ်ခု ဖြစ်သည်။

ချင်ယွမ်ဖုန်း အထဲသို့ ဖြည်းညင်းစွာ ဝင်သွားသောအခါ ရဟန်းအချို့သည် ထိုင်လျက် ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်နေကြသည်ကို တွေ့ရ၏။

ထိုခန်းမအတွင်း၌ ကိန်းဝပ်စံပယ်တော်မူသည်မှာ ဝမ်းဗိုက်ကြီးပြီး ပြုံးရွှင်နေသော မေတ္တာဗုဒ္ဓ ရုပ်ပွားတော် ဖြစ်သည်။

ဤနေရာ၌ ပူဇော်ထားသော ဗုဒ္ဓမှာ ချင်ယွမ်ဖုန်း၏ မူလကမ္ဘာတွင် သိရှိခဲ့သော ဗုဒ္ဓနှင့် တစ်ပုံစံတည်းပင် ဖြစ်ပုံရသည်။

ချင်ယွမ်ဖုန်းသည် လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်။ ထိုအချိန်တွင် ရဟန်းငယ်တစ်ပါးသည် သူ၏အနီးသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်

"ဒကာကြီး၊ ဒါ လင်ယင်းကျောင်းတော်ကို ပထမဆုံးအကြိမ် လာဖူးတာလား" ဟု ထိုရဟန်းငယ်က ပြုံးလျက် မေးမြန်းလိုက်ရာ သူ၏ဟန်ပန်မှာ လူအများအား ရင်းနှီးကြည်ညိုစိတ် ဖြစ်ပေါ်စေပေသည်။

ထို့ပြင် ထိုရဟန်းငယ်၏ ကျင့်စဉ်အဆင့်မှာ မိမိကဲ့သို့ပင် သတ္တမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်သဖြင့် အလွန်ပင် အံ့အားသင့်သွားရသည်။

သတ္တမအဆင့် မဟာဆရာနယ်ပယ်ရှိသော ရဟန်းတစ်ပါးက ဤနေရာတွင် ဧည့်သည်တော်များကို ကြိုဆိုနေရသည်မှာ ဟုတ်ပါလေစ။

"ဟုတ်ပါတယ်၊ဆရာတော်ရဲ့ ဘွဲ့တော်ကို သိပါရစေ" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

" ရှူးကျူး ပါ ဒကာကြီး" ဟု ရဟန်းငယ်က တည်ငြိမ်စွာ ပြန်လည်မိန့်ကြားသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်တော် လင်ယင်းကျောင်းတော်ကို လာခဲ့တာက လူတစ်ယောက်ရဲ့ ကိုယ်စား ဆရာကြီးကုဝုကို ရှာချင်လို့ပါ" ဟု လျှောက်ထားလိုက်သည်။

"အမိတ္တဘဗုဒ္ဓ၊ ဒကာကြီး ရှာနေတာ ဆရာကြီးကုဝုဆိုတာ သေချာရဲ့လား" ဟု ရှူးကျူးက ပြန်လည်မေးမြန်းလေသည်။

ချင်ယွမ်ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ "ဟုတ်ပါတယ်၊ ဆရာကြီးကုဝုပါပဲ" ဟု အသေအချာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ဦးဇင်းနောက်ကို လိုက်ခဲ့ပါ ဒကာကြီး" ရှူးကျူးက ခေါင်းညိတ်လိုက်ပြီး ချင်ယွမ်ဖုန်းကို နတ်မင်းကြီးများခန်းမ၏ အနောက်ဘက်သို့ ခေါ်ဆောင်သွားလေသည်။

နတ်မင်းကြီးများခန်းမသည် ကျောင်းတော်အတွင်း ဝင်လိုက်လျှင် ပထမဆုံးတွေ့ရသော ခန်းမဖြစ်သည်။ ထိုခန်းမ၏ အနောက်ဘက်တွင် လင်ယင်းကျောင်းတော်၏ ပင်မခန်းမကြီးဖြစ်သော ဗုဒ္ဓခန်းမတော်ကြီး ရှိလေသည်။

ခန်းမဝင်ပေါက်၏ အထက်တွင် 'နက်ရှိုင်းဆန်းကြယ်သော နယ်မြေ' ဟု အဓိပ္ပာယ်ရသည့် စာလုံးလေးလုံးကို ခွန်အားပါပါ ရေးထွင်းထားသည်။

၎င်းအောက်တွင် 'မဟာဝီရခန်းမတော်' ဟု ရေးထွင်းထားပြီး ခန်းမအတွင်း၌ ဆယ်မီတာကျော် မြင့်မားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ အလွန်ပင် ခန့်ညားတည်ကြည်စွာ ကိန်းဝပ်စံပယ်နေသည်။

သို့သော် သူတို့သည် ထိုနေရာ၌ ရပ်မနေဘဲ ပင်မခန်းမကို ဖြတ်ကျော်ကာ အနောက်ဘက်သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။

ယင်းအနောက်ဘက်တွင် ဆေးဝါးဗုဒ္ဓကို ပူဇော်ထားသည့် ဆေးဝါးဗုဒ္ဓခန်းမ ရှိလေသည်။

ထိုထက်ပို၍ အနောက်ဘက်သို့ ရောက်သောအခါ တရားဓမ္မများ ဟောကြားရာ တရားဓမ္မခန်းမ ရှိပြီး အပေါ်ဆုံးထပ်တွင် ဆေးဝါးဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ရှိနေပြန်သည်။

"ဒီကျောင်းတော်ကြီးက တကယ်ကို ကျယ်တာပဲနော်" ဟု ချင်ယွမ်ဖုန်းက ခရီးပေါက်သလောက်ကို ကြည့်၍ ပြောလိုက်သည်။

သူတို့ လမ်းလျှောက်လာသည်မှာ ဆယ်မိနစ်မကတော့ဘဲ သူတို့၏ လမ်းလျှောက်နှုန်းအရ ဆိုပါက မီတာသုံးထောင်ခန့် ရောက်နေပြီဖြစ်သော်လည်း လင်ယင်းကျောင်းတော်၏ သုံးပုံနှစ်ပုံခန့်သာ ရှိပါသေးသည်။

"နေရာက ကျယ်ပြီး ရဟန်းတွေက နည်းတော့ သန့်ရှင်းရေးလုပ်ရတာ အတော်လေး အလုပ်များတယ် ဒကာကြီးရဲ့" ဟု ဝမ်ရှူးကျူးက ပြုံးလျက် မိန့်သည်။

ချင်ယွမ်ဖုန်းက ခေါင်းကို ခါလိုက်ပြီး "ဆရာတော်ကတော့ တကယ်ကို ရိုးသားတာပဲ" ဟု ပြောလိုက်သည်။

"အမိတ္တဘဗုဒ္ဓ၊ ရဟန်းဆိုတာ မုသာဝါဒ မပြောရဘူးလေ" ဟု ရှူးကျူးက တည်ငြိမ်စွာ ဆိုသည်။

သူတို့နှစ်ဦးသည် တရားဓမ္မခန်းမကို ဖြတ်ကျော်လာခဲ့ပြီး နောက်ဆုံးတွင် သူတို့သွားလိုရာသို့ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာကား အထိမ်းအမှတ်ကျောက်စာခန်းမ ဖြစ်သည်။

အမည်အတိုင်းပင် ထိုနေရာ၌ လင်ယင်းကျောင်းတော်တွင် ကွယ်လွန်သွားခဲ့သော ဆရာကြီးများ၏ အထိမ်းအမှတ်ပြားများကို ထားရှိခြင်း ဖြစ်ပေလိမ့်မည်။

"ဆရာကြီးကုဝုက ဒီအထိမ်းအမှတ်ခန်းမကို စောင့်ရှောက်နေတဲ့သူလား" ဟု ချင်ယွမ်ဖုန်းက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ရှူးကျူးက ပြုံးလိုက်ပြီး "ဒကာကြီးကမြှောက်ပင့်လွန်းနေပါပြီ၊ ဆရာကြီးကုဝုရဲ့ အကြောင်းကို ဒကာကြီး တကယ်ပဲ မသိတာလား" ဟု ပြန်မေးသည်။

"ကျွန်တော် တကယ်ပဲ မသိပါဘူး၊ ရှေ့မှာ လျှောက်ထားခဲ့သလိုပဲ လူတစ်ယောက်ရဲ့ ကိုယ်စား လာခဲ့တာပါ" ဟု ချင်ယွမ်ဖုန်းက ပုခုံးတွန့်ရင်း ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကောင်းပါပြီ" ရှူးကျူးက ခေါင်းကို မယုံကြည်နိုင်သလို ခါလိုက်ပြီး "ဆရာကြီးကုဝု ကွယ်လွန်သွားတာ ဆယ်နှစ်တောင် ရှိပါပြီ ဒကာကြီး" ဟု မိန့်ကြားလိုက်လေသည်။

"ဘာ" ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရတော့သည်။

ရှူးကျူးသည် ချင်ယွမ်ဖုန်းကို အထိမ်းအမှတ်ခန်းမ၏ တံခါးအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနေရာမှာ အလွန်ပင် ဆိတ်ငြိမ်လှ၏။ သူတို့၏ ရှေ့တွင် အထိမ်းအမှတ်ပြားများစွာ စီတန်းထားပြီး အရှေ့ဆုံးတွင် အမွှေးတိုင်များနှင့် ဖယောင်းတိုင်များကို ထွန်းညှိထားသည်။

ဆရာကြီးကုဝု၏ အထိမ်းအမှတ်ပြားမှာ တတိယမြောက် အဆင့်တွင် ရှိနေသဖြင့် သူ၏ ရာထူးအဆင့်အတန်းမှာ အလွန်ပင် မြင့်မားခဲ့ကြောင်း သိသာလှပေသည်။

"ဆရာကြီးကုဝုဟာ သက်ရှိထင်ရှားရှိစဉ်က ဝါအကြီးဆုံး ဆရာကြီးတစ်ပါး ဖြစ်ခဲ့ပါတယ်၊ အခုတော့ ဒီကျောင်းတော်မှာ ဦးဇင်းကပဲ ဝါအကြီးဆုံး ဖြစ်နေပါပြီ" ဟု ရှူးကျူးက တည်ငြိမ်စွာ မိန့်သည်။

"ဆရာတော်နဲ့ ဆရာကြီးကုဝုက ဘယ်လိုတော်စပ်တာလဲဆိုတာ သိပါရစေ" ဟု ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ဤရဟန်းငယ်မှာ ကြည့်ရသည်မှာ ထိုမျှမအိုသေးဘဲ မည်သို့ကြောင့် မိမိကိုယ်မိမိ ဝါအကြီးဆုံးဟု ပြောရသနည်း။

"ဆရာတော်က ဆရာကြီးကုဝုရဲ့ တပည့်ပါ၊ ပြီးတော့ တစ်ဦးတည်းသော တပည့်လည်း ဖြစ်ပါတယ်" ဟု ရှူးကျူးက ဆိုသည်။

"တွေ့ရတာ ဝမ်းသာပါတယ်ာ" ချင်ယွမ်ဖုန်းက အလျင်အမြန် လျှောက်လိုက်သည်။

သူသည် အလွန်ပင် အံ့အားသင့်နေမိသည်။ ကျိရှန့်က မည်သို့ကြောင့် ကွယ်လွန်သွားပြီးသောသူ တစ်ယောက်ကို ရှာခိုင်းရသနည်း။

ဆရာကြီးကုဝု ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျိရှန့် မသိခဲ့ခြင်းလော။

"ဆရာတော်ကျိရှန့်ဆိုတဲ့ လူကို သိလား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ရှူးကျူးက ချက်ချင်းပင် ခေါင်းညိတ်ပြပြီး "သိတာပေါ့၊ ငယ်ငယ်တုန်းက ဆရာကြီးနဲ့အတူ ဒကာကြီးကျိရှန့်ကို တွေ့ခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ တစ်ဆယ့်ရှစ်နှစ်ကပါ၊ အဲဒီနောက်ပိုင်း သူ့ကို တစ်ခါမှ မတွေ့ရတော့ဘူး" ဟု မိန့်ကြားသည်။

ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရသည်။ လွန်ခဲ့သော တစ်ဆယ့်ရှစ်နှစ်ဆိုသည်မှာ မိမိမွေးဖွားခဲ့သော အချိန်မဟုတ်လော။

"ဒါဆိုရင် ကျိရှန့်ဆိုတာ ဘယ်လိုလူစားမျိုးလဲဆိုတာ ဆရာတော်သိလား" ချင်ယွမ်ဖုန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

သူသည် ကျိရှန့်ဟူသော အမည်ကို တစ်ခါမျှ မကြားဖူးခဲ့သလို မည်သူတစ်ဦးတစ်ယောက်ထံမှလည်း ထိုအကြောင်းကို မကြားသိခဲ့ရဖူးသောကြောင့် ဖြစ်ပေတော့သည်။

All Chapters