အခန်း (၃၁၁-၃၁၂)
Vol. 17 Ch. 311-312
အခန်း (၃၁၁) အိပ်မက်
"ဒါ့အပြင် ကျွန်တော်က နတ်ဘုရားသောင်းချီနယ်မြေကို ဘယ်လိုလုပ် သွားနိုင်မှာလဲ။ အဲဒီနယ်မြေက နှစ်တစ်ရာမှ တစ်ကြိမ်သာ ပေါ်လာတာလေ" ဟု ချင်ယွမ်ဖုန်းက ဆို၏။
"ကြည့်စမ်း၊ ဒါက ဘာလဲဆိုတာ" ဆရာကြီးကုဝုသည် ချင်ယွမ်ဖုန်းအား မဟာဝီရခန်းမတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ခြေရင်းသို့ ခေါ်ဆောင်သွားပြီး ကြမ်းပြင်ထက်သို့ ညွှန်ပြလိုက်လေသည်။
အနီးကပ်ကြည့်ရှုလိုက်သောအခါ ကြမ်းပြင်ထက်တွင် ဝိညာဉ်အဆောင်ပုံရိပ်များဖြင့် ရေးဆွဲထားကာ ကြီးမားလှသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည့် အစီအရင်တစ်ခု ရှိနေသည်ကို ချင်ယွမ်ဖုန်း သတိပြုမိသွားတော့၏။
"ဒါက..."
"ဒါကတော့ မင်းကို နတ်ဘုရားသောင်းချီနယ်မြေဆီ တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ နေရာပြောင်း အစီအရင်ပဲ။ ငါတို့ ဗုဒ္ဓဘာသာကျောင်းတော်မှာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ အကြာကြီးကတည်းက ရှိခဲ့တာပါ" ဟု ဆရာကြီးကုဝုက ပြုံး၍ ဆိုလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းကို ထပ်မံခါယမ်းလိုက်ပြီး "မဖြစ်နိုင်တာ၊ ဒီကနေ နတ်ဘုရားသောင်းချီနယ်မြေကို သွားပြီး ပြန်လာဖို့ဆိုတာ အချိန်တွေ အလဟဿ အများကြီး ကုန်ဆုံးသွားလိမ့်မယ်။ ကျွန်တော့်မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်" ဟု ငြင်းဆိုပြန်သည်။
ထိုစဉ် မထင်မှတ်ထားဘဲ ဆရာကြီးကုဝုသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကြမ်းပြင်ထက်ရှိ နေရာပြောင်း အစီအရင်ကို မြေပြင်မှ မြေခဲတစ်ခဲအား ကောက်ယူသကဲ့သို့ အသာအယာ မလိုက်ရာ မြေပြင်တွင် တွင်းကြီးတစ်တွင်း ကျန်ရစ်ခဲ့တော့၏။
သို့သော် မကြာမီမှာပင် ထိုနေရာပြောင်း အစီအရင်သည် တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင် လက်ဖဝါးခန့်သာရှိသော သံပြားတစ်ခု ဖြစ်သွားလေသည်။
"ဒါက နေရာပြောင်း အစီအရင်ပြားပဲ၊ မင်း ဘယ်နေရာရောက်ရောက် နေရာပြောင်းလို့ရအောင် အာမခံနိုင်တယ်။ ဒါကို မင်းနဲ့အတူ ဆောင်ထားလိုက်၊ အရေးကြီးတဲ့ အချိန်ကျရင် နတ်ဘုရားသောင်းချီနယ်မြေဆီကိုတောင် ဒါနဲ့ ထွက်ပြေးလို့ရတယ်။ အမှတ်တရအနေနဲ့ သိမ်းထားလိုက်ပါ" ဟု ဆရာကြီးကုဝုက နူးညံ့စွာ ပြုံးလျက် ဆို၏။
"ဒါလည်း မဖြစ်သေးဘူး" ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းကာ "နတ်ဘုရားသောင်းချီနယ်မြေက သိပ်ကို အန္တရာယ်များတယ်။ ကျွန်တော် အဲဒီက ထွက်လာတုန်းက တစ်နယ်မြေလုံး အလောင်းကောင်ရုပ်သေးတွေနဲ့ ပြည့်နေတာ။ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေရဲ့ အာဟာရကို ရရှိထားတော့ အဲဒီကောင်တွေ ဘယ်လောက်တောင် အစွမ်းထက်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး" ဟု ပြောလိုက်သည်။
ဆရာကြီးကုဝုက ပြုံး၍ ခေါင်းခါယမ်းလိုက်ပြီး "မင်းက တကယ့်ကို မင်းအဖေအတိုင်းပါပဲလား။ ကောင်းပြီလေ၊ ငါ မင်းကို နောက်ထပ် ပညာရပ်တစ်ခုဖြစ်တဲ့ 'ဗုဒ္ဓဂါထာတော် လက်ဝါး' ကို သင်ပေးမယ်၊ ပြီးတော့ မင်းကို ငါ့ရဲ့ စွမ်းအားအချို့လည်း ငှားပေးလိုက်ဦးမယ်" ဟု ဆိုလေသည်။
ထိုသို့ ပြောကြားရင်း ဆရာကြီးကုဝုသည် ချင်ယွမ်ဖုန်း၏ နဖူးကို လက်ညှိုးဖြင့် တို့ထိလိုက်ရာ ကြီးမားလှသော ဗုဒ္ဓကျမ်းစာတစ်ခုသည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံအတွင်းသို့ စီးဝင်သွားတော့၏။
ထိုကျမ်းစာမှာ ဗုဒ္ဓဂါထာတော် လက်ဝါးကြီး၏ လျှို့ဝှက်လက်စွဲကျမ်းပင် ဖြစ်ပေသည်။
နတ်ဘုရားတို့၏ လမ်းညွှန်မှုကဲ့သို့ ခံစားရသော ထိုပညာရပ် လွှဲပြောင်းပေးမှုကြောင့် ချင်ယွမ်ဖုန်းသည် ဤဗုဒ္ဓဘာသာ သိုင်းပညာရပ်ကို ချက်ချင်းပင် တတ်မြောက်သွားလေသည်။
ဤသိုင်းပညာရပ်မှာ အမှန်တကယ်တွင် ကောင်းကင်ဘုံအဆင့် အဆင့်နိမ့် ပညာရပ်တစ်ခု ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူ အလွန်ပင် အံ့အားသင့်သွားရ၏။
"ဒါကတော့..." ချင်ယွမ်ဖုန်းမှာ ဘယ်လိုငြင်းရမှန်းပင် မသိတော့ပေ။ အမှန်စင်စစ် သူသည် ဆရာကြီးကုဝုအား ငြင်းဆန်ရန်အတွက်သာ ထိုသို့သော အကြောင်းပြချက်များကို ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင် ဆရာကြီးကုဝုက သူ၏ ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့လိုက်သဖြင့် ချင်ယွမ်ဖုန်းမှာ ဆုတ်သာတက်သာ မရှိတော့ပေ။
"နောက်ထပ် ဘာများ ရှိသေးလဲ" ဆရာကြီးကုဝုက ပြုံး၍ မေးလိုက်သည်။
"ဒါပါပဲ" ချင်ယွမ်ဖုန်းသည် လွန်စွာ အရေးနိမ့်သွားသည့် ခံစားချက်ဖြင့် ခေါင်းကို ငိုက်စိုက်ချလိုက်တော့၏။
"ကောင်းပြီ၊ ဒါဆိုရင်တော့ သဘောတူပြီလို့ မှတ်လိုက်မယ်။ ရှူးကျူးကို ခေါ်ပြီး ဒါကို သူ့ကို ပေးလိုက်၊ သူ နားလည်သွားလိမ့်မယ်" ဟု ဆရာကြီးကုဝုက ဆိုကာ ချင်ယွမ်ဖုန်းထံသို့ ပုတီးတစ်ကုံး ကမ်းပေးလိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ထိုပုတီးအား လှမ်းယူကာ ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပါပြီ၊ ကျွန်တော် အခုပဲ ပြန်ပါတော့မယ်" ဟု ဆို၏။
"မင်း အခု ပြန်သွားသင့်ပြီ" ဆရာကြီးကုဝုက ပြုံး၍ ခေါင်းညိတ်ပြကာ "နိုးထလော့" ဟု ဆိုလိုက်သည်။
ဆရာကြီးကုဝုသည် ချင်ယွမ်ဖုန်း၏ နဖူးကို လက်ဖြင့် ပုတ်လိုက်ရာ ချင်ယွမ်ဖုန်းမှာ ရုတ်ချည်းပင် အသိပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ပင်လယ်ရေအောက်ခြေသို့ နစ်မြုပ်သွားသကဲ့သို့ လေးလံလှပြီး လှုပ်ရှား၍ မရတော့ပေ။
ချင်ယွမ်ဖုန်းမှာ နဖူးတွင် ချွေးစက်များဖြင့် ရုတ်တရက် လန့်နိုးလာတော့၏။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မိမိသည် ဧည့်သည်ဆောင်ရှိ ခုတင်ပေါ်တွင် လဲလျောင်းနေသည်ကို သိလိုက်ရသည်။
"ဒါက အိပ်မက်တစ်ခုပဲလား" ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်မိ၏။
သူသည် ချွေးများကို သုတ်ရန် လက်ကို မြှောက်လိုက်သောအခါ မိမိ၏ လက်ထဲတွင် ပစ္စည်းနှစ်ခုကို ဆုပ်ကိုင်ထားမိကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
တစ်ခုမှာ ဆရာကြီးကုဝု ပေးခဲ့သော ပုတီးကုံးဖြစ်ပြီး အခြားတစ်ခုမှာ နေရာပြောင်း အစီအရင်ပြား ဖြစ်နေပေသည်။
"ဒါက အိပ်မက်မဟုတ်ဘူး" ချင်ယွမ်ဖုန်း၏ ရင်ခုန်သံများ မြန်ဆန်လာတော့၏။
ထိုစဉ် ချင်ယွမ်ဖုန်း၏ အခန်းတံခါးကို လာရောက်ခေါက်သည့် အသံ ထွက်ပေါ်လာသည်။
"သခင်လေးချင်၊ ထရမယ့် အချိန်ရောက်ပါပြီ၊ သတ်သတ်လွတ် ဆွမ်းစားဖို့ ကြွပါဦး" ဟု ရှူးကျူး၏ အသံကို အပြင်ဘက်မှ ကြားလိုက်ရ၏။
ချင်ယွမ်ဖုန်းသည် တံခါးကို အမြန်ဖွင့်လိုက်ပြီး ရှူးကျူးကို အခန်းထဲသို့ ဆွဲခေါ်လိုက်လေသည်။
"ကျွန်တော် အခု ပြောမယ့်အရာကို မကြောက်နဲ့ဦးနော်" ချင်ယွမ်ဖုန်းမှာ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို နားမလည်နိုင်သေးဘဲ တုန်လှုပ်နေဆဲပင် ဖြစ်သည်။
မနေ့ညက ဖြစ်ရပ်များမှာ သိပ်ကို လက်တွေ့ဆန်လွန်းလှသဖြင့် သူသည် လက်တွေ့ကမ္ဘာတွင် ရှိနေသလား၊ အိပ်မက်ထဲတွင် ရှိနေသလား ဆိုသည်ကိုပင် မခွဲခြားနိုင်တော့ပေ။
"သခင်လေးချင် စိတ်အေးအေးထားပါ၊ငါတို့ ဗုဒ္ဓဘာသာဝင်တွေက ကြောက်ရွံ့မှု မရှိခြင်းကို တန်ဖိုးထားကြပါတယ်။ သခင်လေး ဘာပဲပြောပြော မကြောက်ပါဘူး" ဟု ရှူးကျူးက တည်ငြိမ်စွာ ဆို၏။
ချင်ယွမ်ဖုန်းက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး "မနေ့ညက ကျွန်တော် ဆရာတော်ရဲ့ ဆရာနဲ့ အိပ်မက်ထဲမှာ တွေ့ခဲ့တယ်" ဟု ပြောလိုက်သည်။
"ကျွန်တော့် ဆရာနဲ့ ဟုတ်လား" ရှူးကျူး မျက်မှောင်ကြုတ်သွား၏။
"ဟုတ်တယ်၊ ဆရာကြီးကုဝုပဲ" ချင်ယွမ်ဖုန်းက အော်ပြောလိုက်လေသည်။
"သခင်လေးက ငါ့ဆရာနဲ့ အရင်က ဆုံဖူးလို့လား" ရှူးကျူးက ဇဝေဇဝါဖြင့် မေး၏။
"မဆုံဖူးပါဘူး၊ ဒါပေမဲ့ ဆရာတော်ရဲ့ ဆရာကို ကျွန်တော် သေချာပေါက် မြင်ခဲ့တာ။ ကြည့်စမ်း၊ ဒါက ဆရာတော်ကုဝု ကျွန်တော့်ကို ပေးလိုက်တာပဲ"
ချင်ယွမ်ဖုန်းက ပုတီးကုံးကို ထုတ်ပြလိုက်သည်။
ရှူးကျူးသည် ထိုပုတီးကို မြင်လိုက်ရသောအခါ သိသိသာသာပင် အံ့အားသင့်သွားပြီး "ဒါက တကယ်ပဲ ဆရာရဲ့ ပုတီးပါပဲ။ ဆရာ ပျံလွန်တော်မူပြီးကတည်းက ဒါကို မမြင်ရတော့တာ" ဟု ဆိုလေသည်။
"တွေ့လား၊ ကျွန်တော် မလိမ်ပါဘူး။ ကျွန်တော် တကယ် အိပ်မက်မက်ခဲ့တာ၊ သူ ကျွန်တော့်ကို အများကြီး ပြောပြခဲ့တယ်" ဟု ချင်ယွမ်ဖုန်းက ဆို၏။
ရှူးကျူးမှာလည်း ဘာဖြစ်နေမှန်း မသိသဖြင့် ချင်ယွမ်ဖုန်းအား အထိမ်းအမှတ်ကျောက်စာခန်းမဆီသို့ ခေါ်ဆောင်သွားတော့သည်။
ရှူးကျူးက ခန်းမတံခါးကို ဖွင့်လိုက်သောအခါ ဆရာကြီးကုဝု၏ အထိမ်းအမှတ်ကျောက်စာမှာ ကြမ်းပြင်ထက်သို့ လဲကျနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မှင်တက်သွားတော့၏။
"ခွင့်လွှတ်တော်မူပါ၊ ခွင့်လွှတ်တော်မူပါ" ရှူးကျူးသည် အမြန်ရှေ့သို့ တိုးသွားကာ ကျောက်စာကို ကောက်ယူ၍ စင်ပေါ်သို့ ပြန်တင်ရန် ပြင်လိုက်စဉ် ကျောက်စာအောက်တွင် ပြာပုံလေးတစ်ခုကို တွေ့ရှိလိုက်ရသည်။
"ဒါက ဘာလဲ" ချင်ယွမ်ဖုန်းက မေးလိုက်၏။
"အဆင့်မြင့် ရဟန်းတော်တစ်ပါး ပျံလွန်တော်မူတဲ့အခါ ဓာတ်တော်တွေ ကျန်ရစ်တတ်ပါတယ်။
ဒီအထိမ်းအမှတ်ကျောက်စာအောက်မှာ မူလက ဆရာရဲ့ ဓာတ်တော်ရှိနေတာပါ၊ ဒါပေမဲ့ အခုတော့ အဲဒါက ပြာအဖြစ် ပြောင်းလဲသွားပြီ" ဟု ရှူးကျူးက တည်ငြိမ်စွာ ဆိုလေသည်။
ချင်ယွမ်ဖုန်းမှာ တံတွေးကို ခက်ခဲစွာ မျိုချမိရင်း လင်ယင်းကျောင်းတော်တွင် ဖြစ်ပျက်နေသည့် အရာများမှာ သိပ်ကို ထူးဆန်းလွန်းသည်ဟု ခံစားနေရတော့၏။
"ဒါနဲ့ မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို အသေးစိတ် ပြန်ပြောပြပါဦး" ရှူးကျူးသည် ကျောက်စာကို စင်ပေါ်သို့ ပြန်တင်ပြီးနောက် ချင်ယွမ်ဖုန်းအား မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ မနေ့ညက သူ အိပ်မက်မက်ခဲ့သမျှကို ပြောပြလေသည်။ သို့သော် သူနှင့် ကျိမိသားစု၏ ပတ်သက်မှုကဲ့သို့သော အချို့သော ကိစ္စရပ်များကိုမူ ချန်လှပ်ထားခဲ့၏။
"နားလည်ပါပြီ။ သခင်လေး အိပ်မက်မက်ခဲ့တာ တကယ်ပဲ ဆရာ ဖြစ်နေမယ်ဆိုရင်ပေါ့" ဟု ရှူးကျူးက တည်ငြိမ်စွာ ဆို၏။
"ဒါဆိုရင် တကယ်တမ်း ဘာတွေဖြစ်နေတာလဲ" ချင်ယွမ်ဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ကျွန်တော်က ဘာလို့ ခင်ဗျားဆရာကို အိပ်မက်မက်ရတာလဲ။ ကျွန်တော် သူနဲ့ တစ်ခါမှလည်း မဆုံဖူးဘူး။ ပြီးတော့ ဒီပုတီးနဲ့ နေရာပြောင်း အစီအရင်ပြားကရော ဘယ်လိုဖြစ်တာလဲ"
"ငါတို့ ရဟန်းတော်တွေက ဘဝကူးပြောင်းခြင်းကို ယုံကြည်ကြပါတယ်။ ပျံလွန်တော်မူပြီးနောက် ကျန်ရစ်တဲ့ ဓာတ်တော်တွေဆိုတာ ရဟန်းတစ်ပါးရဲ့ ဘဝတစ်လျှောက်လုံး ကျင့်ကြံအားထုတ်မှုရဲ့ ရလဒ်တွေပဲ။ ဒါကို ရဟန်းတော်ရဲ့ အခြားသော ပုံသဏ္ဌာန်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်" ဟု ရှူးကျူးက ရှင်းပြ၏။
"ကျွန်တော်တော့ နားမလည်ဘူး" ချင်ယွမ်ဖုန်းက ပြတ်ပြတ်သားသားပင် ခေါင်းခါပြလိုက်သည်။
"တစ်နည်းအားဖြင့် ပြောရရင်တော့ ဓာတ်တော်ကို ဆရာ ချန်ရစ်ခဲ့တဲ့ ဝိညာဉ်အကြွင်းအကျန်၊ နောက်ဆုံး စွမ်းအားအစအနလေးလို့ မှတ်ယူနိုင်ပါတယ်။ ဆရာက သခင်လေးကို ဗုဒ္ဓဂါထာတော် လက်ဝါးကြီးကို လွှဲပြောင်းသင်ကြားပေးလိုက်တဲ့အခါမှာ သူ့ရဲ့ ဒီနောက်ဆုံး စွမ်းအားလေးကို အကုန်သုံးစွဲလိုက်တာပဲ ဖြစ်မှာပါ" ဟု ရှူးကျူးက ဆို၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ကာ "သြော်၊ အဲဒါကြောင့်ကိုး။ ကျွန်တော့်မှာတော့ သိပ်ကို လန့်သွားတာပဲ" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ထူးဆန်းတာတစ်ခုတော့ ရှိတယ်" ရှူးကျူးက သံသယဖြင့် ဆို၏။ "ဓာတ်တော်တွေကို ဝိညာဉ်အကြွင်းအကျန်လို့ ယူဆနိုင်ပေမဲ့ တကယ့် ဝိညာဉ်စစ်စစ်တော့ မဟုတ်ပါဘူး။ အဲဒါက သေခြင်းနဲ့ မသေခြင်းကြားက သိပ်ကို နက်နဲတဲ့ အခြေအနေတစ်ခုမှာ ရှိနေတာပါ။ ကြားဖူးတာကတော့ သေခါစ လူတွေကသာ ဒီဓာတ်တော်တွေကို မြင်နိုင်တာတဲ့"
အခန်း (၃၁၂) သေဆုံးခြင်း
"အခုလေးတင် သေသွားတဲ့သူ ဟုတ်လား။ မဖြစ်နိုင်လိုက်တာ၊ ငါက ကောင်းကောင်းမွန်မွန် အသက်ရှင်နေတာပဲ မဟုတ်လား" ချင်ယွမ်ဖုန်းသည် ဇဝေဇဝါဖြစ်သွားမိသော်လည်း ထိုခဏ၌ပင် အခြားသော ဖြစ်နိုင်ခြေတစ်ခုကို ပြေးမြင်မိလိုက်လေသည်။
ယင်းက ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ပင် ဖြစ်ပေ၏။။
ချင်ယွမ်ဖုန်းတွင် အသက်ရှင်ရန် တစ်နှစ်ခန့်သာ အချိန်ကျန်တော့ကြောင်း ဝမ်ရှူးကျူးက ပြောခဲ့ဖူးသော်လည်း အချိန်အတိအကျကိုမူ သူလည်း မသေချာချေ။
တစ်နှစ်ထက် အနည်းငယ် ပိုနိုင်သကဲ့သို့ လအနည်းငယ်သာလည်း ဖြစ်နိုင်ပေသည်။
လွန်ခဲ့သောညက ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ကြောင့် သူ၏ အသက်စွမ်းအားများ ကုန်ခမ်းသွားပြီး တကယ်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်တန်ရာသည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ ကိုယ်ခန္ဓာအခြေအနေကို အမြန်စစ်ဆေးကြည့်ရာ ထူးခြားသော ဝေဒနာတစ်စုံတစ်ရာ မတွေ့ရပေ။ သူ၏ စိတ်အာရုံထဲ၌သာ မှိန်ဖျော့၍ နွေးထွေးသော ရွှေရောင်အလင်းတန်းတစ်ခုကို ခံစားနေရသည်။
ဤအရာကား ဗုဒ္ဓ၏ အလင်းတော်ပင် ဖြစ်ချေသည်။ လွန်ခဲ့သောညက ဆရာကြီးကုဝု၏ ဦးခေါင်းနောက်ဘက်တွင် ပေါ်ထွက်ခဲ့သော ဗုဒ္ဓအလင်းတော်နှင့် တစ်ပုံစံတည်းပင် မဟုတ်လော။
"ဒါဆို ငါ တကယ်ပဲ တစ်ခါသေဖူးသွားတာပေါ့" ဟု ချင်ယွမ်ဖုန်းက အံ့အားသင့်စွာ ရေရွတ်မိလေသည်။
ရှူးကျူးက အနားသို့ အပြေးအလွှား ချဉ်းကပ်လာပြီး ဘာများဖြစ်ခဲ့သလဲဟု မေးမြန်းရာ ချင်ယွမ်ဖုန်းက မိမိတွင် ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အဆိပ် ခံစားနေရကြောင်း ရှင်းပြလိုက်သည်။
“ဒါကြောင့်ကိုး။ ဆရာက သခင်လေးချင်ကို ကယ်တင်ဖို့အတွက် သူ ကျင့်စဉ်တက်လှမ်းနိုင်မယ့် စွမ်းအားတွေကို ဒကာလေးဆီ လွှဲပြောင်းပေးခဲ့တာပဲ။ ဒါဟာ ဒကာလေးရဲ့ အသက်ကို ဆက်ပေးလိုက်တာပါပဲလား။ သာဓု... သာဓု” ဟု ရှူးကျူးက ပုတီးစိပ်ရင်း တည်ငြိမ်စွာ ဆိုလေသည်။
“ဒါဆို... ဆရာကြီးကုဝုကရော ဘယ်လိုဖြစ်သွားပြီလဲ” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
ရှူးကျူးက ပြုံးလျက် “ဆရာက အရင်ကတည်းက သေဆုံးသွားခဲ့တာပါ။ လွန်ခဲ့တဲ့ညက သခင်လေးချင်ရဲ့ အသက်စွမ်းအားတွေ ကုန်ခမ်းမသွားခဲ့ရင် ဆရာနဲ့ ဆုံတွေ့ခွင့် ရမှာတောင် မဟုတ်ပါဘူး။ ဒါတွေဟာ ကံတရားတွေပါပဲ။ ဒကာလေးအနေနဲ့ ဒါကို စိတ်ထဲ အလွန်အကျွံ မထားပါနဲ့” ဟု ပြောလိုက်သည်။
“စိတ်ထဲ မထားလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျွန်တော်မှာ ဆရာကြီးကုဝုဆီက အသက်တစ်ချောင်း အကြွေးတင်သွားပြီ။ ဒါဟာ ဆရာတော်တို့ရဲ့ လင်ယင်းကျောင်းတော်ကို အသက်တစ်ချောင်း အကြွေးတင်သွားတာနဲ့ အတူတူပါပဲ” ဟု ချင်ယွမ်ဖုန်းက လေးလေးနက်နက် ဆိုလေသည်။
“အမိတာဗုဒ္ဓ... ကောင်းလေစွ၊ ကောင်းလေစွ” ရှူးကျူးက ချင်ယွမ်ဖုန်းကို အနည်းငယ် ဦးညွှတ်လိုက်၏။
“ဒါနဲ့ ဆရာတော်ရှူးကျူး၊ ဆရာကြီးကုဝုက ငါ့အသက်ကို ဘယ်လောက်အထိ ဆွဲဆန့်ပေးနိုင်ခဲ့လဲဆိုတာ တွက်ချက်ပေးနိုင်မလား” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
အကယ်၍ ဆေးဖော်စပ်သူများ အသင်းချုပ်ပွဲ မတိုင်မီသာ ချင်ယွမ်ဖုန်း သေဆုံးသွားခဲ့လျှင် လွန်ခဲ့သော ရက်ပိုင်းက သူ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
“ခန့်မှန်းခြေအားဖြင့်တော့ ငါးလကျော်ကျော်လောက်တော့ အချိန်ရပါလိမ့်မယ်။ အဲဒီထက်တော့ မနည်းနိုင်ပါဘူး” ဟု ရှူးကျူးက တည်ငြိမ်စွာ ဆိုသည်။ သူသည် မိမိ၏ ဆရာအကြောင်းကို ကောင်းစွာ သိထားသူ မဟုတ်လော။
“ဒါဆို တော်သေးတာပေါ့” ချင်ယွမ်ဖုန်း ပြုံးလိုက်မိသည်။ ဆေးဖော်စပ်သူများ အသင်းချုပ်ပွဲအတွက် အချိန်မီနိုင်သေးပေသည်။ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းဟူသည်မှာ ထိုပွဲအပေါ်တွင်သာ မူတည်နေတော့၏။
အကယ်၍ ရှုံးနိမ့်ခဲ့ပါက ချင်ယွမ်ဖုန်း သေရပေတော့မည်။
ယခုဖြစ်ရပ်ကြောင့် ချင်ယွမ်ဖုန်း ကျန်ရှိသော အသက်တစ်နှစ်သက်တမ်းမှာ နှစ်လခန့်သာ လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။
“အချိန်မဆိုင်းတော့ဘူး၊ အခုပဲ ခရီးစလိုက်ကြရအောင်။ ကျန်တဲ့ ငါးလအတွင်းမှာ ကျွန်တော်အသက်ကို ကယ်နိုင်ဖို့အတွက် ကျွန်တော်က ပဉ္စမအဆင့် ဆေးဖော်စပ်သူတစ်ယောက် ဖြစ်လာဖို့ လိုအပ်တယ်” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ။ အဲဒါဆို ငါ ကျောင်းထိုင်ဆရာတော်ကြီးကို သွားပြီး လျှောက်ထားလိုက်ဦးမယ်” ဟု ရှူးကျူးက ဆို၏။
ချင်ယွမ်ဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။
ခဏတဖြုတ် ထပ်စောင့်ရခြင်းက သူ့အတွက် ပြဿနာ မရှိပေ။
ရှူးကျူး ထွက်သွားပြီးနောက် ချင်ယွမ်ဖုန်းသည် နေရာပြောင်း အစီအရင် ပြားကို ထုတ်ယူလိုက်သည်။
ထိုအစီအရင်ပြားမှာ အလွန်ပင် လက်ရာမြောက်လှပြီး ဝိညာဉ်အဆောင်ပုံရိပ်များဖြင့် ဖုံးလွှမ်းနေပေသည်။ ဤအရာကား ဟင်းလင်းပြင်၏ ကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်သော အရာပင် ဖြစ်ချေသည်။
“ဒါကို ဘယ်လိုသုံးရမှာလဲ” ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် နေရာပြောင်း အစီအရင်များနှင့် ပတ်သက်၍ အတွေ့အကြုံ နည်းပါးလှသဖြင့် အနည်းငယ် ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်သည်။
“ရှောင်လင်၊ ဒါကို ဘယ်လို သုံးရမလဲဆိုတာ ပြောပြပါဦး” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ ပေါ်လာပြီး “သခင် နေရာပြောင်း အစီအရင်ကို ကိုယ်တွင်းစွမ်းအင်နဲ့ ထိန်းချုပ်ပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့ စွမ်းအင်ဖြည့်ပေးမယ်ဆိုရင် အသုံးပြုလို့ ရပါပြီ” ဟု ဖြေကြားလေသည်။
“အဲဒီလောက်တောင် လွယ်တာလား” ချင်ယွမ်ဖုန်းသည် အစီအရင်ပြားထဲသို့ ကိုယ်တွင်းစွမ်းအင်အချို့ကို စမ်းသပ်ထည့်သွင်းကြည့်လိုက်သည်။
ထိုခဏ၌ပင် အဝေးတစ်နေရာရှိ အမှတ်အသားလေးတစ်ခုက အစီအရင်ပြားနှင့် ချိတ်ဆက်မိသွားသကဲ့သို့ ခံစားလိုက်ရရာ အလွန်ပင် ထူးဆန်းလှပေသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အစီအရင်ပြားက ညွှန်ပြနေသည့် အရပ်မျက်နှာမှာ နတ်ဘုရားသောင်းချီနယ်မြေ တည်ရှိရာဘက်သို့ တိတိကျကျပင် ဖြစ်နေတော့သည်။
“ဒီအစီအရင်ပြားကို တခြားအစီအရင်ပြားတွေနဲ့လည်း ချိတ်ဆက်ထားလို့ ရပါတယ်။ သခင်နေရာပြောင်းချင်တဲ့ နေရာကို လိုသလို ချိန်ညှိလိုက်ရုံပါပဲ” ဟု ရှောင်လင်က ထပ်လောင်းရှင်းပြသည်။
“အေးပါ၊ ကျေးဇူးအများကြီး တင်ပါတယ်” ချင်ယွမ်ဖုန်းက သွားလေးဖြဲကာ ပြုံးလျက် ဆိုလိုက်သည်။
နေရာပြောင်း အစီအရင်ပြားများကို စနစ်အရောင်းဆိုင်တွင်လည်း ဝယ်ယူနိုင်သော်လည်း ယုံကြည်မှုတန်ဖိုး ဆယ်သန်းခန့် ပေးရမည် ဖြစ်သဖြင့် ချင်ယွမ်ဖုန်း နှမျောမိလှသည်။
အစီအရင်ပြား တစ်ခုတည်းနှင့်မူ အသုံးပြု၍ မရချေ။ အနည်းဆုံး နှစ်ခုရှိမှသာ အသုံးပြုနိုင်မည် ဖြစ်ရာ ယုံကြည်မှုတန်ဖိုး သန်းနှစ်ဆယ်ခန့် ကုန်ကျပေလိမ့်မည်။
ချင်ယွမ်ဖုန်းတွင် ယုံကြည်မှုတန်ဖိုး သန်းတစ်ရာကျော် ရှိနေသော်လည်း ယင်းတို့ကို အလွယ်တကူ မလဲလှယ်ချင်သေးပေ။ ယခုမူ တစ်ခုရှိနေပြီ ဖြစ်ရာ လိုအပ်သည့်အချိန်တွင် နောက်ထပ်တစ်ခုကို အချိန်မရွေး လဲလှယ်နိုင်ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိမိဘာသာ ကျေနပ်အားရစွာ တွေးတောနေမိလေသည်။
မကြာမီမှာပင် ရှူးကျူး ပြန်ရောက်လာပြီး အဝတ်အစားပင် လဲလှယ်လာခဲ့သည်။
ယခင်က ရှူးကျူးသည် ဝတ်ရုံရှည်ကို ဝတ်ဆင်လေ့ရှိသော်လည်း ယခုမူ တိုက်ပွဲဝင်တော့မည့်အလား သိုင်းကျင့်ကြံသူ ဘုန်းကြီးများ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
သူ၏ ကျောဘက်တွင်လည်း အဝတ်ရှည်တစ်ခုဖြင့် ထုပ်ပိုးထားသော အရာတစ်ခု ပါရှိနေသော်လည်း အတွင်း၌ ဘာရှိနေသည်ကိုမူ မသိရချေ။
“သွားကြစို့” ဟု ရှူးကျူးက ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းငြိမ့်လိုက်သော်လည်း ချက်ချင်းဆိုသလို ပြန်ရပ်တန့်သွားပြီး “နေပါဦး၊ဆရာတော်မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်က ဝိညာဉ်အဆောင်ပုံရိပ်တွေကို ဘယ်လိုပြင်ရမလဲဆိုတာ သိရဲ့လား” ဟု မေးလိုက်သည်။
“ဒါကို ကျောင်းထိုင်ဆရာတော်ကြီးက ငါ့ကို ပေးလိုက်ပါတယ်” ရှူးကျူးက သူ၏ ကျောပေါ်မှ အဝတ်ထုပ်ထဲမှ အရာတစ်ခုကို ဆွဲထုတ်ပြလိုက်၏။
ယင်းက ရှုပ်ထွေးနက်နဲသော ဝိညာဉ်အဆောင်ပုံရိပ်များဖြင့် ဖုံးလွှမ်းနေပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေသည့် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပင် ဖြစ်လေသည်။
“ဒါပဲလား” ချင်ယွမ်ဖုန်း မျက်လုံးအပြူးသားဖြင့် မေးမိသည်။
ရှူးကျူးက ခေါင်းငြိမ့်ပြလျက် “စိတ်မပူပါနဲ့၊ ဒါဆိုရင် ကျိန်းသေပေါက် အဆင်ပြေသွားမှာပါ” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်း စိတ်အေးသွားကာ နေရာပြောင်း အစီအရင်ပြားကို သူတည်းခိုသော အခန်း၏ ကြမ်းပြင်ပေါ်တွင် ချလိုက်သည်။
ချင်ယွမ်ဖုန်းက သူ၏ ကိုယ်တွင်းစွမ်းအင်ကို အစီအရင်ပြားထဲသို့ ပို့လွှတ်လိုက်သောအခါ အစီအရင်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အချင်း နှစ်မီတာခန့်ရှိသော စက်ဝိုင်းပုံစံ ဖြစ်သွားရာ လူနှစ်ယောက် တစ်ပြိုင်နက် ရပ်နိုင်လောက်အောင် ကျယ်ဝန်းလှသည်။
သူတို့နှစ်ဦး အစီအရင်ပေါ်သို့ တက်ရပ်လိုက်ကြသည်။ အစီအရင်၏ အနားသတ်များတွင် ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းရန် အပေါက်ငယ်လေးပေါင်း ရာချီရှိနေသည်ကို ချင်ယွမ်ဖုန်း သတိထားမိလိုက်၏။
နေရာပြောင်း အစီအရင်သည် စွမ်းအင် အမြောက်အမြား လိုအပ်သဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ သုံးရန် လိုအပ်ကြောင်း ရှောင်လင်က ပြောထားဖူးသည်။
ချင်ယွမ်ဖုန်း နှမျောမိသော်လည်း ရှူးကျူးကမူ ဘာမှလုပ်မည့်ပုံ မပေါ်ဘဲ ငြိမ်သက်စွာ ရပ်နေသဖြင့် ဝိညာဉ်ကျောက်တုံးများအတွက် သူကိုယ်တိုင်သာ အကုန်အကျ ခံရတော့မည် ဖြစ်သည်။
“ထားလိုက်ပါတော့လေ၊ ဒါဟာ ငါ့အသက်ကို ကယ်ပေးခဲ့တဲ့ ဆရာကြီးကုဝုကို ကျေးဇူးဆပ်တဲ့ နည်းလမ်းတစ်ခုလို့ပဲ သဘောထားလိုက်ပါတော့မယ်” ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ချရင်း လက်ကို ဝေ့ယမ်းလိုက်ရာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၁၁ တုံးမှာ အစီအရင်၏ အပေါက်များထဲသို့ ကွက်တိ ကျသွားလေတော့သည်။
နေရာပြောင်း အစီအရင်သည် စွမ်းအင်များ ရရှိသွားပြီးနောက် ချက်ချင်းပင် စတင် လည်ပတ်လေသည်။
အစီအရင်တစ်ခုလုံးမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းများ ပိုမိုတောက်ပလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသကဲ့သို့ ချင်ယွမ်ဖုန်း ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦးစလုံးသည် အစီအရင်ပေါ်မှ ပျောက်ကွယ်သွားကြတော့၏။
အစီအရင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံးများမှာလည်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်ပါးသွားခဲ့လေသည်။
ချင်ယွမ်ဖုန်းနှင့် ရှူးကျူးတို့သည် ရုတ်တရက် မူးဝေသွားကြပြီး ခဏအကြာတွင်မူ သူစိမ်းပြင်ပြင် နေရာတစ်ခုသို့ ရောက်ရှိသွားကြတော့သည်။
“ဝေါ့...”
ရှူးကျူးမှာ ဤကဲ့သို့ ခရီးသွားခြင်းကို အသားမကျသေးသဖြင့် ထိုနေရာသို့ ရောက်သည်နှင့် ဘေးသို့ပြေးကာ ပြင်းထန်စွာ အော့အန်တော့သည်။
ချင်ယွမ်ဖုန်းလည်း ဝမ်းဗိုက်ထဲ၌ ရစ်မူးနေသော်လည်း ကံကောင်းထောက်မစွာဖြင့် အန်ထွက်မလာအောင် အောင့်ထားနိုင်ခဲ့၏။
သူတို့၏ ခြေဖဝါးအောက်တွင်မူ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သည့် အမှတ်အသားများ ထင်ကျန်နေသော ရှေးဟောင်း နေရာပြောင်း အစီအရင်တစ်ခု ရှိနေလေတော့သည်။
"ဆရာတော်ရှူးကျူး၊ အခု ကျွန်တော်တို့ ဘယ်ကို ရောက်လာတာလဲ။ အချိန်တွေ အများကြီး မကျန်တော့ဘူးနော်။ အမြန်သွားမှ ဖြစ်မယ်။"