← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 17 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 17 Ch. 313-314

အခန်း (၃၁၃)ဖျက်ဆီးရေးဘုရင်

ခေတ္တမျှ ကြာပြီးနောက်တွင် ရှူးကျူးသည် သူ၏ ဝမ်းဗိုက်အတွင်းရှိ အရာအားလုံးကို အန်ထုတ်ပြီးနောက် အားအင်ချိနဲ့စွာဖြင့် ပြန်လည် မတ်တတ်ရပ်လာခဲ့သည်။

"ဆရာတော်ရှူးကျူး...အဆင်ပြေရဲ့လား" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

ရှူးကျူးက ခေါင်းခါယမ်းလိုက်ပြီး "စိတ်မပူပါနဲ့ သခင်လေးချင်... ငါ အဆင်ပြေပါတယ်။ နေရာပြောင်း အစီအရင်ကို အသုံးမပြုဖူးသေးလို့ အနည်းငယ် အသားမကျသေးတာပါ" ဟု ပြန်လည် ဖြေကြားခဲ့သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ နောက်ဆိုရင်တော့အသားကျသွားမှာပါ" ဟု ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်လေသည်။

ရှူးကျူးက ခေါင်းငြိမ့်ပြလိုက်ပြီး "ဒါနဲ့... ဒီနေရာက နတ်ဘုရားသောင်းချီနယ်မြေလား" ဟု မေးမြန်းလိုက်ပြန်သည်။

ချင်ယွမ်ဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ သူတို့၏ အထက်ကောင်းကင်ယံတွင် မှောင်မည်းကာ ဖိနှိပ်မှုပေးနေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် တိမ်မည်းကြီးများကဲ့သို့ ပြည့်နှက်နေသည်။

ထိုဒေသတစ်ခုလုံးသည်လည်း မိစ္ဆာစွမ်းအင်များဖြင့် လွှမ်းမိုးနေလေပြီ။

"ဟုတ်တယ်... ဒါ နတ်ဘုရားသောင်းချီနယ်မြေပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ အပြင်လောကကနေ ကြည့်ရင် မြင်နိုင်မှာ မဟုတ်သလို ဝင်ရောက်နိုင်ဖို့လည်း မလွယ်ကူလောက်ဘူး" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

ယခင်က ဝမ်တောင်တန်းတွင် ချင်ယွမ်ဖုန်း မြင်တွေ့ခဲ့ရသည့် မိစ္ဆာနယ်မြေကဲ့သို့ပင် ဖြစ်သည်။ ထိုနေရာတွင် တံဆိပ်ခတ်နှိပ်ထားမှု ရှိနေသော်လည်း အပြင်မှကြည့်လျှင် မမြင်နိုင်သလို ထိတွေ့၍လည်း မရနိုင်ပေ။

"ဒါက နတ်ဘုရားသောင်းချီနယ်မြေပေါ့။ ငါ အရင်က ကြားဖူးခဲ့ပေမဲ့ အတွင်းထဲက မိစ္ဆာစွမ်းအင်တွေက ဒီလောက်တောင် သိပ်သည်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ဟု ရှူးကျူးက အေးဆေးစွာ ပြောသည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ကာ "ကျွန်တော်တို့ အမြန်သွားကြရအောင်။ ဒီနေရာက မိစ္ဆာစွမ်းအင်တွေကအရင်တစ်ခေါက် လာခဲ့တုန်းကထက် ပိုပြီး သိပ်သည်းနေတယ်။ အတွင်းထဲက ရုပ်သေးတွေလည်း ပိုပြီး သန်မာလာလောက်ပြီ" ဟု ဆိုလိုက်၏။

သူတို့နှစ်ဦးသည် အဝေးတွင်ရှိသော အလွန်ကြီးမားသည့် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကြီးကို တစ်ချက်ကြည့်လိုက်ပြီး ထိုနေရာသို့ အပြေးအလွှား သွားကြလေသည်။

သို့သော်လည်း လမ်းတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် မည်သည့်ရုပ်သေးကိုမျှ မတွေ့ရှိရသဖြင့် များစွာ အံ့အားသင့်နေမိသည်။

ထိုရုပ်သေးများသည် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုး၏ အောက်တွင် တံဆိပ်ခတ်နှိပ် ခံထားရခြင်းဖြစ်ပြီး အခြားကမ္ဘာမှ ဟင်းလင်းပြင်လမ်းကြောင်းမှတစ်ဆင့် ရောက်ရှိလာခြင်း မဟုတ်ပေ။

ချင်ယွမ်ဖုန်း ယခင်က ရောက်ရှိနေစဉ်တွင်မူ ထိုရုပ်သေးများကို နေရာအနှံ့ တွေ့ရှိခဲ့ရသည်။

ယခုမူ ချင်ယွမ်ဖုန်းအနေဖြင့် အပင်များကိုသာ မြင်တွေ့ရပြီး အဆိပ်ငါးများသာမက သားရဲများပင် ပျောက်ကွယ်နေလေသည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ။ ဒီထဲက ရုပ်သေးတွေ အကုန်လုံး ဘယ်ရောက်ကုန်တာလဲ" ဟု ချင်ယွမ်ဖုန်းက သိချင်စိတ်ဖြင့် ရေရွတ်လိုက်မိသည်။

မည်သို့ပင်ဖြစ်စေ သူတို့၏ လမ်းခရီးကို ပိတ်ဆို့မည့် ရုပ်သေးများ မရှိခြင်းက သူတို့အတွက် ပို၍ လွယ်ကူသွားစေသည်။

သို့သော်လည်း သူတို့နှစ်ဦး ခရီးကိုသာ အာရုံစိုက်နေစဉ်တွင် ချင်ယွမ်ဖုန်းသည် သူတို့၏ ဘေးဘက်မှ တစ်စုံတစ်ရာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။

"သတိထား"

ချင်ယွမ်ဖုန်းသည် ရှူးကျူးကို တွန်းထုတ်လိုက်သော်လည်း သူကိုယ်တိုင်မှာမူ တိုက်ခိုက်လာသည့် အရာ၏ ထိုးဖောက်ခြင်းကို ရင်ဘတ်တွင် ခံလိုက်ရလေသည်။

"သခင်လေးချင်" ရှူးကျူးသည် သူ၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မယုံကြည်နိုင်လောက်အောင် မျက်လုံးအပြူးသား ဖြစ်သွားရ၏။

သူ့ထံသို့ ဦးတည်လာသောအရာမှာ ထက်မြက်လှသည့် လှံကဲ့သို့သော ပစ္စည်းတစ်ခုဖြစ်ပြီး ချင်ယွမ်ဖုန်းသည် ထိုလှံတွင် ချိတ်လျက်သားဖြင့် အလွန်ပင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသည်။

ထိုလှံ၏ နောက်ဘက်သို့ လိုက်ကြည့်လိုက်သောအခါ လှံ၏ ပိုင်ရှင်မှာ ဖျက်ဆီးရေးဘုရင် သတ္တဝါကြီးတစ်ကောင် ဖြစ်နေပြီး လှံဆိုသည်မှာလည်း ထိုသတ္တဝါကြီး၏ ရှည်လျားသော ခြေထောက်များထဲမှ တစ်ချောင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံတွင် စိုက်ထူခံထားရသည့် အခြေအနေမှာ ခဏမျှသာ ကြာမြင့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် နောက်တစ်ခဏတွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် လင်းနို့နက် အုပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားသောကြောင့် ဖြစ်သည်။

ရှူးကျူးသည် ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိပြီး ဘာဆက်လုပ်ရမည်ကို မသိနိုင်အောင် ဖြစ်နေလေသည်။

သူသည် ငယ်စဉ်ကတည်းက လင်ယင်းကျောင်းတော်တွင် ဆရာကြီးကုဝုနှင့်အတူ နေထိုင်ခဲ့သူ ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း လက်တွေ့တိုက်ပွဲ အတွေ့အကြုံမှာမူ များစွာ မရှိလှပေ။

လင်းနို့များသည် ကောင်းကင်ယံမှ ပြန်လည် ဆင်းသက်လာပြီး ရှူးကျူး၏ ဘေးတွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အဖြစ် ပြန်လည် စုစည်းလိုက်ကြသည်။

"သခင်လေးချင်... အဆင်ပြေရဲ့လား" ဟု ရှူးကျူးက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် ရင်ဘတ်တွင် အစိုက်ခံလိုက်ရသည်မှာ ထင်ရှားလှသော်လည်း ယခုအခါတွင်မူ သူ၏ ခန္ဓာကိုယ်၌ မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရှိသည်ကို ရှူးကျူး တွေ့လိုက်ရသည်။

"ဘာမှမဖြစ်ဘူး... ဒါက လျှို့ဝှက်ပညာရပ် တစ်ခုပါပဲ။ ဒီလို ဖျက်ဆီးရေးဘုရင်မျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဟု ဆိုကာ ချင်ယွမ်ဖုန်းက ရှေ့မှ သတ္တဝါကြီးကို အေးစက်စွာ ကြည့်လိုက်သည်။

ထိုသတ္တဝါကြီးသည် အမြင့် နှစ်တောင်ခန့်ရှိပြီး အလျား သုံးတောင်ခန့် ရှည်လျားသည်။ လှံကဲ့သို့ ရှည်လျားပြီး မကွေးညွတ်နိုင်သော ခြေထောက် ခြောက်ချောင်း ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ဘဲဥပုံ သစ်သားပြားကြီးနှင့် တူနေသဖြင့် သတ္တဝါကြီးတစ်ကောင်လုံးမှာ ထိုင်ခုံရှည်ကြီး တစ်လုံးနှင့် ဆင်တူနေသည်။

သို့သော်လည်း ထိုသတ္တဝါ၏ ခေါင်းမှာမူ ရုပ်သေးတစ်ကောင်၏ ခေါင်းနှင့် အတိအကျ တူညီနေပြီး အရွယ်အစားမှာလည်း ထိုအတိုင်းပင် ဖြစ်သဖြင့် ကြီးမားလှသော ခန္ဓာကိုယ်ကြီးပေါ်တွင် ကြည့်ရသည်မှာ အလွန်ပင် ဟန်ချက်မညီ ဖြစ်နေသည်။

သတ္တဝါကြီးသည် သူ၏ ရှည်လျားသော ခြေထောက်ကို ဖြည်းညှင်းစွာ ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ရုတ်တရက် ပြေးထွက်လာရာ ခြေထောက် ခြောက်ချောင်းမှာ တစ်လှည့်စီ လှုပ်ရှားလျက် မိုးကြိုးကဲ့သို့ လျင်မြန်လှပေသည်။

"သခင်လေးချင်... ငါတို့ ဘာလုပ်ကြမလဲ" ဟု ရှူးကျူးက မေးလိုက်၏။

သူသည် ကြောက်ရွံ့ခြင်း မရှိသော်လည်း အနည်းငယ်တော့ စိုးရိမ်စိတ် ဝင်နေမိသည်။

"ဘာလုပ်ရမလဲဟုတ်လား... ပြေးရမှာပေါ့"

ချင်ယွမ်ဖုန်းသည် လှည့်၍ ပြေးလေတော့သည်။ ရှူးကျူးသည် ချင်ယွမ်ဖုန်း၏ အတွေးကို လိုက်မီရန် နှစ်စက္ကန့်ခန့် အချိန်ယူလိုက်ရပြီးမှ နောက်မှ ထပ်ကြပ်မကွာ လိုက်ပြေးလေသည်။

"သခင်လေးချင်... ငါတို့ ဘာလို့ ထွက်ပြေးနေရတာလဲ" ဟု ရှူးကျူးက နားမလည်နိုင်စွာ မေးမြန်းသည်။

ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ပြီး "ဒီသတ္တဝါကြီး ဘယ်လောက် ကြီးမားလဲဆိုတာ ကြည့်ဦး။ ငါတို့ သူ့ကို အနိုင်တိုက်နိုင်ရင်တောင် စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားလိမ့်မယ်။ နောက်ထပ် ဘယ်လို အန္တရာယ်တွေနဲ့ ထပ်တိုးဦးမလဲဆိုတာလည်း ငါတို့ မသိနိုင်ဘူး။ ဒါကြောင့် ဒီသတ္တဝါကြီးကို အမြန်ဆုံး အစဖျောက်နိုင်ရင် အကောင်းဆုံးပဲ" ဟု ရှင်းပြလိုက်သည်။

ရှူးကျူးက စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကာ "နားလည်ပါပြီ။ ဒါပေမဲ့ ဒီလို ပြေးနေရုံနဲ့တော့ ပြဿနာ ပြေလည်သွားမယ် မထင်ဘူး" ဟု ဆိုသည်။

"အရင်ဆုံး ဒီကောင်ကြီးကို မျက်ခြေပြတ်အောင် လုပ်ကြည့်ကြတာပေါ့" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

သူတို့နှစ်ဦးသည် အင်္ဂလိပ်အက္ခရာ အက်စ် ပုံသဏ္ဌာန်အတိုင်း ကွေ့ဝိုက်၍ ပြေးလွှားနေကြသော်လည်း ထိုသတ္တဝါကြီးမှာမူ ခြေရာခံစနစ် တပ်ဆင်ထားသည့်အလား သူတို့နောက်သို့ ဇွဲနပဲဖြင့် လိုက်လံနေဆဲ ဖြစ်သည်။

"... ဒီသတ္တဝါတွေက အတိအကျ ပြောရရင် ဘာတွေလဲ" ဟု ရှူးကျူးက မေးသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ပြီး "ကျွန်တော်လဲ အသေအချာ မသိဘူး။ ဒါပေမဲ့ ရုပ်သေးတွေ တစ်ကောင်နဲ့တစ်ကောင် ဝါးမြိုပြီး ပိုမို သန်မာလာတတ်တယ်ဆိုတာကိုတော့ ငါ သိထားတယ်။ ဒါကြောင့် ဒီသတ္တဝါကြီးကလည်း ရုပ်သေးတွေ အများကြီးကို ဝါးမြိုပြီး ဒီလိုပုံစံ ဖြစ်လာတာ ဖြစ်နိုင်တယ်" ဟု ဆိုလိုက်၏။

ရှူးကျူးက ခေါင်းငြိမ့်ကာ "ဒါကြောင့်လည်း နတ်ဘုရားသောင်းချီနယ်မြေထဲက ရုပ်သေးတွေ အကုန်လုံး ပျောက်ကွယ်နေတာကိုး" ဟု မှတ်ချက်ပြုသည်။

သူတို့နှစ်ဦးသည် အတော်ကြာအောင် ပြေးလွှားခဲ့ကြသည်။ အရှိန်အဟုန်ဖြင့် ပြေးလွှားခြင်းက စွမ်းအင် အများအပြား မကုန်ဆုံးစေသော်လည်း ပင်ပန်းနွမ်းနယ်မှုကိုမူ ခံစားလာရသည်။

ထိုသတ္တဝါကြီးမှာမူ မမောနိုင်မပန်းနိုင်ဘဲ သူတို့နောက်သို့ မရပ်မနား လိုက်လံနေဆဲ ဖြစ်သည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် သေးငယ်လှသော ဦးခေါင်းကို မြင်တွေ့ရသည်မှာ ကျောချမ်းဖွယ်ရာ ကောင်းလှသည်။

"ထားလိုက်တော့... ဆက်မပြေးတော့ဘူး။ သူ့ကို သတ်ပစ်ကြတာပေါ့" ဟု ဆိုကာ ချင်ယွမ်ဖုန်းက ရုတ်တရက် ရပ်တန့်လိုက်သည်။

ရှူးကျူးကလည်း ခေါင်းငြိမ့်ကာ သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် ရပ်တန့်လိုက်ရာ မြေပြင်ပေါ်တွင် ခြေရာရှည်ကြီးများ ကျန်ရစ်ခဲ့သည်။

"ဆရာတော်ရှူးကျူး... ဒီကောင်ကြီးကို သတ်နိုင်မယ့် နည်းလမ်း မင်းမှာ ရှိလား" ဟု ချင်ယွမ်ဖုန်းက ထိုသတ္တဝါကြီးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ငါ စမ်းကြည့်ပါ့မယ်"

ရှူးကျူးက တည်ငြိမ်စွာ ဆိုလိုက်ပြီးနောက် ရှေ့သို့ ဖြည်းညှင်းစွာ လှမ်းထွက်သွားသည်။

သတ္တဝါကြီးသည် သူတို့၏ ရှေ့တွင် ရပ်တန့်သွား၏။

၎င်း၏ သေးငယ်သော ဦးခေါင်းဖြင့် သူတို့နှစ်ဦးကို နားမလည်နိုင်ဟန်ဖြင့် ကြည့်နေပြီး မျက်လုံးများထဲတွင်မူ အသားကို တောင့်တနေသည့် လောဘစိတ်များ ပြည့်နှက်နေသည်။

"ဥုံ မဏိ ပဒ္မေ ဟုံ..."

ရှူးကျူးသည် ထိုနေရာတွင် ရပ်လျက် ဂါထာတော်ကို အလျင်အမြန် ရွတ်ဆိုနေပြီး ချင်ယွမ်ဖုန်းကမူ သူ၏ နောက်တွင် သိချင်စိတ်ဖြင့် ရပ်ကြည့်နေမိသည်။

ဗုဒ္ဓဘာသာဝင် ကျောင်းသားတစ်ဦးတွင် မည်ကဲ့သို့သော စွမ်းအားများ ရှိသည်ကို သူလည်း မြင်တွေ့လိုလှသည်။

ထိုခဏတွင် ရှူးကျူး၏ နောက်ဘက်မှ ရွှေရောင်အလင်းတန်းများ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ရွှေရောင် ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ပေါက်လာလေသည်။

ချင်ယွမ်ဖုန်းသည် ထိုပုံရိပ်ယောင်ကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတော့သည်။

ထိုပုံရိပ်ယောင်မှာ ဆယ်ပေခန့် မြင့်မားလှပြီး ခန်းမဆောင်ကြီးများအတွင်း ပူဇော်ထားသည့် ရုပ်ပွားတော်ကြီးတစ်ဆူကဲ့သို့ပင် ဖြစ်သည်။

မျက်လုံးတော်များမှာ ဒေါသထွက်နေဟန်ဖြင့် ပြူးကျယ်နေပြီး ဝဲယာ တစ်ဖက်တစ်ချက်စီတွင် လက်ခြောက်ဖက် ရှိနေကာ လူတို့၏ စိတ်နှလုံးကို ရိုသေကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေသည့် အရှိန်အဝါမျိုး ရှိနေပေတော့သည်။

အခန်း (၃၁၄) ဗုဒ္ဓဂါထာတော် လက်ဝါး

“... ဒါက ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်ပညာရပ်ပဲလား” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်မိသည်။

ထိုအခြေအနေတွင် ဖျက်ဆီးရေးဘုရင်ပင်လျှင် ကိုယ်ရှိန်သတ်သွားကာ မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။

ရှူးကျူးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ ပုံမှန်အတိုင်းရှိသော သူ၏မျက်သူငယ်အိမ်တို့သည် ရွှေရောင်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

သူ၏ အရှိန်အဝါသည်လည်း ချက်ချင်းပင် အသွင်တစ်မျိုး ပြောင်းသွားတော့သည်။

ယခင်က ရှူးကျူးသည် အေးအေးဆေးဆေးနှင့် ဖော်ရွေသောပုံစံ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အလွန်တရာ ခန့်ညားထည်ဝါ၍ ရိုသေခန့်ညားဖွယ် ကောင်းနေတော့သည်။

ကြီးမားလှသော စွမ်းအင်လှိုင်းတို့သည် ရုပ်လုံးပေါ်လာသကဲ့သို့ ထွက်ပေါ်လာပြီး ဝိုင်းစက်သော ပုံသဏ္ဌာန်ဖြင့် ပျံ့နှံ့သွားရာ ပတ်ဝန်းကျင်ရှိ သစ်ပင်အပေါင်းတို့သည် ထိုစွမ်းအင်၏ ဖိအားကြောင့် ကိုင်းညွတ်ကုန်ကြရလေသည်။

“အာစလာ”

ရှူးကျူးက ပြတ်သားစွာ အော်ဟစ်လိုက်ပြီး သူ၏လက်မောင်းကို ရှေ့သို့ ရုတ်တရက် ဆန့်ထုတ်ကာ ကောင်းကင်ယံကို လှမ်းဖမ်းလိုက်သည်။

သူ၏ နောက်ကျောဘက်ရှိ ရွှေရောင်ပုံရိပ်ကြီးသည်လည်း လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ဖျက်ဆီးရေးဘုရင်ကို လျင်မြန်စွာ ဖမ်းချုပ်လိုက်လေတော့သည်။

“ဥုံမဏိပဒ္မေဟုံ...” ဟု ရှူးကျူးက ထိုဂါထာကို ဆက်တိုက် ရွတ်ဆိုနေပြီး ရွှေရောင်ပုံရိပ်ကြီး၏ လက်မောင်းတွင် ရွှေရောင်အလင်းတန်းများ ပိုမို စုစည်းလာခဲ့သည်။

နောက်တစ်ခဏတွင် ချင်ယွမ်ဖုန်းသည် ဖတ်ခနဲမြည်သော အသံအနည်းငယ်ကို ကြားလိုက်ရပြီး ဖျက်ဆီးရေးဘုရင်မှာ ဟင်းလင်းပြင်ထဲတွင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း ၎င်းမှာ အလိုအလျောက် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ တောက်ပလှသော ရွှေရောင်အလင်းတန်းများ၏ အရည်ပျော်စေမှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိလိုက်သည်။

ထိတ်လန့်ဖွယ်ကောင်းသော ဖျက်ဆီးရေးဘုရင်တစ်ကောင်သည် ရှူးကျူး၏လက်ထဲတွင် အလွန်လွယ်ကူစွာ သေဆုံးသွားခြင်းကို ကြည့်ခြင်းဖြင့် ရှူးကျူး၏ အစွမ်းအစမှာ မည်မျှအထိ ရှိမည်ကို ချင်ယွမ်ဖုန်း ကောင်းကောင်း သဘောပေါက်သွားခဲ့လေပြီ။

အကယ်၍ ရှူးကျူးသာ လက်ရုံးရည်ပြမည်ဆိုပါက ထင်ရှားကျော်ကြားလှသော ဂိုဏ်းကြီးများမှ တပည့်များပင်လျှင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ဖျက်ဆီးရေးဘုရင်ကို နှိမ်နင်းပြီးနောက် ရှူးကျူးသည် လက်အုပ်ချီကာ ဝတ်ပြုလိုက်ရာ သူ၏နောက်ကွယ်မှ ကြောက်မက်ဖွယ် ပုံရိပ်ကြီးမှာ တဖြည်းဖြည်း သေးငယ်သွားပြီး အစက်အပြောက်ကလေးတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ချင်ယွမ်ဖုန်းက ရှေ့သို့ လှမ်းတက်သွားပြီး ရှူးကျူး၏ ပုခုံးကို ပုတ်ကာ “အံဩစရာကောင်းတဲ့ ဆရာတော်ပါလား” ဟု ပြောလိုက်သည်။

ရှူးကျူးက ပြုံးလျက် ခေါင်းခါပြကာ “ငါတို့ ဗုဒ္ဓဘာသာရဲ့ ရွှေရောင်အလင်းတန်းက ဒီလို မိစ္ဆာတွေကို နှိမ်နင်းရာမှာ အသုံးတည့်လို့ပါ” ဟု ဆိုသည်။

“ဆရာတော်ကလည်း အားနာတတ်လွန်းပါတယ်” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “မင်းသာ လက်ရည်ပြမယ်ဆိုရင် အခုခေတ် လူငယ်သခင်လေးတွေထဲမှာ ထိပ်တန်း ဆယ်ယောက်စာရင်းထဲ ပါမယ်လို့ ငါထင်တယ်”

ရှူးကျူးက ခေါင်းခါပြန်သည်။ “အမိတာဘ... ရဟန်းသံဃာဆိုတာ တိုက်ခိုက်ရတာကို မနှစ်သက်ပါဘူး။ ဒီလို ခဏတာ ကျော်ကြားမှုတွေဆိုတာ အနှစ်သာရမရှိတဲ့ တံလျှပ်တွေပါပဲ”

ထိုအချိန်တွင် ရှူးကျူးသည် သူ့ကို အလွန်ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

“ငါတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ် ထင်တယ်” ဟု ရှူးကျူးက ပြောလိုက်သည်။

“ဘာလို့ သွားမှာလဲ။ ဆရာတော်ရဲ့ အစွမ်းနဲ့ဆိုရင် ဒီဖျက်ဆီးရေးဘုရင်တွေကို တစ်ကောင်ချင်းဖြစ်ဖြစ်၊ နှစ်ကောင်ချင်းဖြစ်ဖြစ် အေးဆေး သတ်လို့ရတာပဲကို” ဟု ချင်ယွမ်ဖုန်းက ဟင်းသီးဟင်းရွက် လှီးဖြတ်နေသကဲ့သို့ လက်ဟန်ခြေဟန်ဖြင့် ပြုံးစိစိ ပြောလိုက်သည်။

ရှူးကျူးက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး “တကယ်တော့ ခုနက ပညာရပ်က ငါ့အတွက် အရမ်းပင်ပန်းစေပါတယ်။ ဒီတစ်ခါတော့ ငါတောင့်ခံနိုင်မှာ မဟုတ်ဘူး” ဟု ဆိုလေသည်။

“မတားဆီးနိုင်ဘူး ဟုတ်လား” ချင်ယွမ်ဖုန်းသည် နောက်ပြောင်နေသဖြင့် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ချေ။

သူ မော့ကြည့်လိုက်သောအခါ ထိတ်လန့်သွားပြီး ရှူးကျူး၏ ပုခုံးပေါ်မှ လက်ကို တဖြည်းဖြည်း ပြန်ရုတ်လိုက်မိသည်။

ယခုအခါတွင်မူ သူတို့ပတ်ဝန်းကျင်၌ ဖျက်ဆီးရေးဘုရင် အမြောက်အမြား ပေါ်လာခဲ့ချေပြီ။ စုစုပေါင်း အကောင်သုံးဆယ်ကျော်ခန့် ရှိနေပြီး အချို့မှာ ခုနက မြင်ခဲ့ရသော အကောင်ထက်ပင် ပိုမို ကြီးမားနေသေးသည်။

“ကျွန်တော်တို့... ဖျက်ဆီးရေးဘုရင်တွေရဲ့ အသိုက်ထဲ ရောက်သွားတာလား” ဟု ချင်ယွမ်ဖုန်းက တံတွေးကို ခက်ခက်ခဲခဲ မြိုချရင်း မေးလိုက်သည်။

“အခု ဘာလုပ်ကြမလဲ” ဟု ရှူးကျူးက မေးသည်။

“စဉ်းစားမနေနဲ့တော့... ပြေးမှာပေါ့”

ချင်ယွမ်ဖုန်းနှင့် ရှူးကျူးတို့သည် လှည့်၍ ထွက်ပြေးကြလေရာ ဖျက်ဆီးရေးဘုရင်များကလည်း အပြင်းအထန် လိုက်လံလာကြသဖြင့် မြေပြင်မှာ တုန်ခါသွားရသည်။

ရှူးကျူး၏ ရွှေရောင်ပုံရိပ်ကြီးမှ ထွက်ပေါ်လာသော ဗုဒ္ဓအလင်းတန်းကြောင့် ထိုမိစ္ဆာများ ဒေါသထွက်သွားကြခြင်းလော၊ သို့မဟုတ် ခုနက သေဆုံးသွားသော ဖျက်ဆီးရေးဘုရင်က အချက်ပေးခဲ့ခြင်းလော မသိရချေ။

မည်သို့ပင်ဖြစ်စေ ယခုအခါတွင်မူ သူတို့နှစ်ဦး အသက်လုပြေးနေကြရပြီ ဖြစ်သည်။

တစ်ကောင်တည်းနှင့်ပင် အလုပ်ရှုပ်ခဲ့ရသည်ကို ယခု အကောင်သုံးဆယ်ကျော် ရောက်လာသည်ဖြစ်ရာ သူတို့နှစ်ဦး မည်သို့ ကိုင်တွယ်နိုင်ပါမည်နည်း။

“ဒါနဲ့... သခင်လေးချင်၊ ငါ့ဆရာက မင်းကို ပညာရပ်တစ်ခု သင်ပေးထားတယ် မဟုတ်လား” ဟု ရှူးကျူးက ထိုအချိန်တွင် မေးလိုက်သည်။

ချင်ယွမ်ဖုန်း ရုတ်တရက် သတိရသွားသည်။

“ဟုတ်သားပဲ... ငါ မေ့နေတာ။ ဆရာကြီးကုဝုက စွမ်းအင်အချို့ ပေးထားခဲ့တယ်”

“ဟုတ်ပါတယ် သခင်လေးချင်... အဲဒီပညာရပ်ကို တစ်ချက်လောက် ထုတ်သုံးကြည့်ပါလား” ဟု ရှူးကျူးက အကြံပြုသည်။

“ကောင်းပြီလေ” ချင်ယွမ်ဖုန်းသည် အရှိန်ကို လျှော့လိုက်ပြီးနောက် ရုတ်တရက် ရပ်ကာ သူ၏ လက်ဖဝါးကို ကြည့်လိုက်သည်။

ထိုအချိန်တွင် သူ၏ လက်ဖဝါးတစ်ဖက်၌ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းနှစ်ခုနှင့် အခြားတစ်ဖက်၌ ရွှေရောင်အလင်းတစ်ခု ရှိနေသည်။

ဆရာကြီးကုဝုက သူ့ထံ ပေးပို့ထားသော စွမ်းအင်မှာ သုံးကြိမ်သာ အသုံးပြုနိုင်မည့်သဘော ရှိသည်။

“စမ်းကြည့်တာပေါ့” ဖျက်ဆီးရေးဘုရင်များ နီးကပ်လာသည်ကို မြင်သောအခါ ချင်ယွမ်ဖုန်းသည် သူ၏ ကိုယ်တွင်းစွမ်းအင်အားလုံးကို စုစည်းကာ ဘယ်ဘက်လက်သို့ ပို့ဆောင်လိုက်သည်။

စွမ်းအင်များ စုစည်းလာသည်နှင့်အမျှ ချင်ယွမ်ဖုန်း၏ ဘယ်ဘက်လက်မှ တောက်ပလှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် ခန့်ညားထည်ဝါမှုနှင့် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးသဖြင့် ချင်ယွမ်ဖုန်း၏ စိတ်နှလုံးမှာ ချက်ချင်း တည်ငြိမ်သွားရလေသည်။

“ဗုဒ္ဓဂါထာတော် လက်ဝါး”

ချင်ယွမ်ဖုန်းက ဟစ်အော်လိုက်ပြီး ဟင်းလင်းပြင်ကို လက်ဝါးဖြင့် ဖိချလိုက်လေသည်။

ထိုခဏ၌ ချင်ယွမ်ဖုန်းသည် သူ၏လက်ဖဝါးမှ ကြီးမားလှသော စွမ်းအင်များ ပေါက်ကွဲထွက်သွားသည်ကို ခံစားလိုက်ရသည်။

ထိုစွမ်းအင်မှာ သူ၏ကိုယ်ပိုင်မဟုတ်ဘဲ အလွန်တရာ ကြီးမားလှသဖြင့် ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် ပုရွက်ဆိတ်ငယ်ကလေးတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

ကြီးမားလှသော ရွှေရောင်လက်ဝါးရိပ်ကြီးသည် ကောင်းကင်ယံမှ ကျဆင်းလာရာ ၎င်း၏ အလျားမှာ ပေတစ်ရာခန့်ရှိပြီး အနံမှာ ပေခြောက်ဆယ်ခန့် ရှိလေသည်။ ၎င်းမှာ ဟင်းလင်းပြင်တွင် ပေါ်ပေါက်လာပြီး အောက်သို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။

ပြင်းထန်လှသော စွမ်းအင်တို့သည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ မြေပြင်ကို အပိုင်းပိုင်းပြတ်စေပြီး အနီးအနားရှိ အပင်များကိုလည်း ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ချင်ယွမ်ဖုန်းနောက်သို့ လိုက်လာသော ဖျက်ဆီးရေးဘုရင် အားလုံးတို့သည် ထိုရွှေရောင်လက်ဝါးရိပ်၏ ဖိနှိပ်မှုကို ခံလိုက်ရပြီး ၎င်းမှ ထွက်ပေါ်လာသော ဗုဒ္ဓအလင်းတန်းကြောင့် ချက်ချင်းပင် အရည်ပျော်

ပျောက်ကွယ်သွားကြတော့သည်။

ဖုန်မှုန့်များနှင့် မီးခိုးများသည် ပေသုံးဆယ်ကျော်ခန့် မြင့်တက်သွားပြီး အသံမှာ ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သည်။

ခဏအကြာတွင် ရွှေရောင်လက်ဝါးရိပ်ကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားရာ ချင်ယွမ်ဖုန်းနှင့် ရှူးကျူးတို့မှာ ဆွံ့အလျက် ကျန်ရစ်ခဲ့ကြသည်။

မြေပြင်ပေါ်တွင် ပေရာဂဏန်းခန့် ရှည်လျားသော လက်ဝါးပုံသဏ္ဌာန် ကျင်းကြီးတစ်ခု နက်ရှိုင်းစွာ ဖြစ်ပေါ်နေပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများသည် ချင်ယွမ်ဖုန်းတို့၏ နောက်ကွယ်အထိပင် သွယ်တန်းနေတော့သည်။

“သိပ်... သိပ်အစွမ်းထက်တာပဲ” ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ဆိုသည်။

“ဟုတ်တယ်” ရှူးကျူးက မှင်တက်နေသော ပုံစံဖြင့် ပြောသည်။ “တကယ်ကို အစွမ်းထက်တာပဲ။ဆရာက ဒီလောက်အထိ စွမ်းမယ်လို့ မထင်ထားခဲ့ဘူး”

ဤပညာရပ်တစ်ခုတည်းဖြင့် ဖျက်ဆီးရေးဘုရင် အကောင်သုံးဆယ်ကျော်ကို အကုန်အစင် သုတ်သင်နိုင်ခဲ့သဖြင့် ချင်ယွမ်ဖုန်းမှာ ပိုမို ယုံကြည်မှု ရှိလာခဲ့သည်။

“နှမြောစရာပဲ... နှမြောစရာပဲ” ဟု ချင်ယွမ်ဖုန်းက နောင်တရသော လေသံဖြင့် ဆိုသည်။ “အကယ်၍ ကျွန်တော်တို့ ဖျက်ဆီးရေးဘုရင်တွေကို အများကြီး စုနိုင်မယ်ဆိုရင် တစ်ချက်တည်းနဲ့ အကုန် အပြတ်ရှင်းနိုင်မှာ”

သူက နှမြောစရာဟု ပြောနေသော်လည်း ချင်ယွမ်ဖုန်း၏ မျက်နှာတွင်မူ အပြုံးတို့က မစဲချေ။

ယုံကြည်မှု အပြည့်ဖြင့် သူတို့နှစ်ဦးသည် အလယ်ဗဟိုရှိ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးရှိရာသို့ လှမ်းတက်ခဲ့ကြသည်။

လမ်းခရီးတွင် ဖျက်ဆီးရေးဘုရင် အမြောက်အမြားနှင့် ထပ်မံ တွေ့ကြုံခဲ့ရပြန်သည်။

ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းနှင့် ရှူးကျူးတို့သည် သင်ခန်းစာရသွားပြီဖြစ်သဖြင့် ထိုဖျက်ဆီးရေးဘုရင်များကို နောက်မှ လိုက်လာစေရန် ဆွဲဆောင်ရင်း အဝေးသို့ ပြေးကြလေသည်။

ဖျက်ဆီးရေးဘုရင် အမြောက်အမြားမှာ သတိပြုမိသွားကြပြီး ချင်ယွမ်ဖုန်းတို့ နောက်သို့ လိုက်လံလာကြသည်။

နှစ်ရက်တာ ကုန်ဆုံးသွားသောအခါ သူတို့သည် နတ်ဘုရားသောင်းချီနယ်မြေ၏ အလယ်ဗဟိုရှိ ကြီးမားလှသော မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကြီးနှင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ချင်ယွမ်ဖုန်းနှင့် ရှူးကျူးတို့၏ နောက်ကွယ်၌ ထိုဖျက်ဆီးရေးဘုရင် ရာဂဏန်းခန့် စုဝေးမိသွားသောအခါ ချင်ယွမ်ဖုန်းသည် ‘ဗုဒ္ဓဂါထာတော် လက်ဝါး’ ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်လေတော့သည်။

ပေရာဂဏန်းခန့် ကြီးမားသော လက်ဝါးကြီးသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ရာနှင့်ချီသော ဖျက်ဆီးရေးဘုရင်တို့မှာ ခဏချင်းပင် အစအနမကျန် ပျောက်ကွယ်သွားကြလေတော့သည်။

All Chapters