← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 17 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 17 Ch. 315-316

အခန်း (၃၁၅)နတ်ဆိုးဘုရင်

ချင်ယွမ်ဖုန်းနှင့် ရှူးကျူးတို့၏ ရှေ့မှောက်တွင် သားရဲရာပေါင်းများစွာသည် ရုတ်ချည်းပင် ပျောက်ကွယ်သွားကြလေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း မဟုတ်သော်ငြား သူတို့နှစ်ဦးစလုံးမှာ အံ့အားသင့်တုန်လှုပ်လျက်ပင် ရှိနေကြသေး၏။

ကောင်းကင်ထက်မှ ရွှေရောင်ဗုဒ္ဓလက်ဝါးကြီးတစ်ဖက်သည် နတ်ဘုရားတို့၏ အပြစ်ပေးမှုအလား အရှိန်အဟုန်ဖြင့် ဆင်းသက်လာခဲ့ချေပြီ။

“ဆရာကြီးကုဝုက ကျွန်တော့်ကို ဒီလောက် အစွမ်းထက်တဲ့ ခွန်အားတွေ ငှားပေးခဲ့တာပဲ။ ကျွန်တော်သာ တကယ်တမ်း ဒီလောက် အစွမ်းထက်မယ်ဆိုရင် ဘယ်သူကပဲ ငြင်းဆန်ငြင်းဆန် လက်ဝါးနဲ့တစ်ချက်တည်း ရိုက်ချပစ်လိုက်မှာ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

ရှူးကျူးကမူ သက်ပြင်းတစ်ချက်ကိုသာ ခပ်ဖွဖွချရင်း ခေါင်းခါယမ်းလိုက်ကာ “သခင်လေးချင်... စိတ်ဓာတ်မကျပါနဲ့ဦး။ တစ်နေ့မှာ သခင်လေးလည်း ဆရာကြီးတို့လို အဆင့်အတန်းမျိုးကို ရောက်ရှိလာမှာပါ” ဟု ပြန်လည်ဖြေကြားလေသည်။

“ကဲ... သွားကြစို့။ ဒီခရီးက အဝေးကြီး ကျန်သေးတာ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက်ဆိုသည်။

သူတို့နှစ်ဦးသည် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုး၏ ခြေရင်းသို့ ရောက်ရှိလာကြ၏။ ကောင်းကင်ဘုံသို့ ထိုးတက်နေသကဲ့သို့ မြင့်မားလွန်းလှသည့် ထိုမိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကြီးကို ကြည့်ရင်း သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြလေသည်။

မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုး၏ အပေါက်ငယ်မှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်သော်လည်း ချင်ယွမ်ဖုန်း ယခင်က မြင်တွေ့ခဲ့ရသည်နှင့် မတူဘဲ ယခုအခါ ထိုအရှိန်အဝါများမှာ ပိုမိုပြင်းထန် ကြီးမားလာသည်ဟု ခံစားနေရသည်။

မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးအောက်တွင် ပိတ်လှောင်ခံထားရသော ရုပ်သေးရုပ်များမှာ အကုန်လုံး လွတ်မြောက်သွားကြပြီဖြစ်သဖြင့် ထိုအပေါက်ထဲမှ ရုပ်သေးရုပ်များ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။

“ဆရာတော်ရှူးကျူး... မင်းပျံနိုင်လား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ရှူးကျူးက ခေါင်းခါယမ်းလိုက်ရင်း “သခင်လေးချင်ကလည်း ဒီဆင်းရဲသားရဟန်းကို အရမ်း အထင်ကြီးနေပြန်ပြီ” ဟု ဆို၏။

“ဒါဆိုရင် ကျွန်တော် ကူညီပေးမယ်။ အပေါ်ကို တက်ပြီးတော့ အဲဒီ အပေါက်ကြီးကို သွားဖာကြတာပေါ့” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။

ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်ထဲမှ အနန္တပုံရိပ်သည် ပျံထွက်လာပြီး ရှူးကျူး အံ့အားသင့်နေစဉ်မှာပင် သံမဏိတောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားကာ ရှူးကျူး၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်လေသည်။

“ဒီလောကကြီးထဲမှာ ဒီလိုမျိုး ထူးဆန်းတဲ့ ရတနာပစ္စည်းတွေ ရှိနေပါလား” ဟု ရှူးကျူးက အနန္တပုံရိပ်၏ အကူအညီဖြင့် ဝေဟင်ထက်သို့ ပျံတက်သွားရင်း တအံ့တဩ ရေရွတ်လိုက်မိသည်။

ချင်ယွမ်ဖုန်းကလည်း သူ၏ မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုကာ တစ်လှမ်းချင်း လိုက်ပါလာရင်း “ဟားဟား...ဆရာတော် မင်းရဲ့ အူကြောင်ကြောင် မျက်နှာပေးလေးကို သဘောကျတယ်” ဟု ဆိုလေသည်။

သူတို့နှစ်ဦးသည် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုး၏ အပေါက်ရှေ့သို့ ရောက်ရှိလာကြရာ တာကျိုးသည့် ရေအလား အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာနေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို မြင်တွေ့ကြရသည်။

“ဒီ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေက နတ်ဘုရားသောင်းချီနယ်မြေတစ်ခုလုံးရဲ့ အပြင်ဘက်က အစီအရင်တွေကို တိုက်စားနေတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် မကြာခင်မှာ အစီအရင်တွေ အကုန်လုံး ပျက်စီးသွားတော့မှာ” ဟု ရှူးကျူးက တည်ငြိမ်စွာ ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ သူသည် ထိုအပေါက်ကြီးထဲသို့ စိုက်ကြည့်လိုက်စဉ် စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်ချည်းပေါ်ပေါက်လာသည်။

ထိုအပေါက်ထဲမှနေ၍ မိစ္ဆာကြီးတစ်ကောင်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားရသဖြင့် အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားရ၏။

ထို့အပြင် ပြင်းထန်သော ဒေါသအရှိန်အဝါတစ်ခုကိုပါ သူ အာရုံခံမိလိုက်သည်။

“ဆရာတော်ရှူးကျူး... မင်းရော တစ်ခုခု ခံစားမိလား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။

ရှူးကျူးက မျက်မှောင်ကြုတ်လိုက်ကာ “ဘာကို ခံစားမိလို့လဲ” ဟု ပြန်မေးသည်။

“ဒါက... ပြင်းထန်တဲ့ ဒေါသ အရှိန်အဝါတစ်ခုလားပဲ” ဟု ချင်ယွမ်ဖုန်းကိုယ်တိုင်လည်း သေချာရေရာခြင်း မရှိဘဲ ပြောလိုက်မိသည်။

ရှူးကျူးက ခေါင်းခါယမ်းလျက် “ငါကတော့ ဘာမှ မခံစားရဘူး” ဟု ဆိုလေသည်။

“အေးပါလေ... ဒါဆိုရင်လည်း မြန်မြန်လုပ်ကြစို့” ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ပြောလိုက်၏။

ရှူးကျူးက ခေါင်းညိတ်လိုက်ကာ သာမန်အရွယ်အစားရှိသော မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။

“ဒီ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးဟာ လင်ယင်းကျောင်းတော်ရဲ့ အဖိုးတန်ဆုံး ရတနာတစ်ခုပဲ။ ဒီနေ့မှာတော့ ငါဟာ အနုမြူအဆင့်ရှိတဲ့ မိစ္ဆာတွေ လွတ်မထွက်နိုင်အောင် ဒီတံပိုးနဲ့ တံဆိပ်တော်ကို ပြန်ပြုပြင်ပါ့မယ်။ ဗုဒ္ဓမြတ်စွာ အပေါင်းတို့ကလည်း ငါ့ကို ကူညီမစတော်မူကြပါ”

ရှူးကျူး၏ မျက်နှာမှာ ခန့်ညားထည်ဝါသော အသွင်သို့ ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။

မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးသည် ရှူးကျူး၏ ရှေ့မှောက်တွင် ဖြည်းညှင်းစွာ လွင့်မျောနေပြီး ကြီးမားသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေ၏။

စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ မြစ်ဖျားခံရာနေရာမှ ဒေါသအရှိန်အဝါမှာ ပိုမိုပြင်းထန်လာသည်ကို ချင်ယွမ်ဖုန်း အာရုံခံမိလိုက်သဖြင့် “ဆရာတော်ရှူးကျူး... မြန်မြန်လုပ်လို့ မရဘူးလား။ကျွန်တော်စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တွေ ခံစားနေရတယ်” ဟု တိုက်တွန်းလိုက်မိသည်။

ရှူးကျူးက လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ယခင်က ရွှေရောင်ပုံရိပ်ယောင်ကြီးကို ဆင့်ခေါ်စဉ်ကကဲ့သို့ ရွှေရောင်များအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။

“စိတ်မပူပါနဲ့ သခင်လေးချင်” ဟု ရှူးကျူးက ခေါင်းညိတ်၍ ပြောလိုက်သည်။

သူ၏ လက်မောင်းနှစ်ဖက်မှာ ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ ရွှေရောင်တောက်ပလာပြီး မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကို ဆုပ်ကိုင်လိုက်၏။

မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးထံမှ ဝိညာဉ်အဆောင်ပုံရိပ် အမြောက်အမြား ပျံထွက်လာကာ အသိုက်သို့ ပြန်လာသော ငှက်ငယ်များအလား တံပိုးကို ဝန်းရံနေကြသည်။

ရှူးကျူး၏ လက်မောင်းများမှ ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်လာပြီး မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးမှာ သူ၏ လက်ထဲ၌ ဖြည်းညှင်းစွာ အရည်ပျော်လာလေသည်။

ပထမတွင် ပျော့ပြောင်းသွားပြီး နောက်ဆုံးတွင်မူ အရည်ပျော်နေသော ရေခဲမုန့်အလား ရွှေရောင်အရည်အိုင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

“တကယ်လို့ ငါ့မှာသာ အဲဒီတုန်းက ဒီလိုအရာတွေ ရှိခဲ့မယ်ဆိုရင် အိုင်ဖေးတို့နဲ့အတူ လွတ်အောင် ပြေးနိုင်ခဲ့မှာပဲ” ဟု ချင်ယွမ်ဖုန်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

သို့သော်လည်း ယခုအချိန်တွင် ရှူးကျူးကို အာရုံမပျက်စေရန် မည်သည့်အသံမျှ ထပ်မံမထွက်ဝံ့တော့ပေ။

ရှူးကျူးက သူ၏ လက်နှစ်ဖက်ဖြင့် ရှေ့သို့ တွန်းထုတ်လိုက်ရာ ရွှေရောင်အရည်များမှာ ရှေ့သို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး ပျက်စီးနေသော တံဆိပ်တော်နေရာသို့ ရောက်ရှိသွားသည်။

ကျင်းကြီးတစ်ခုထဲသို့ စီးဝင်သွားသော ရေအလား ထိုရွှေရောင်အရည်များသည် အပေါက်ကြီးကို ဖြည်းညှင်းစွာ ဖုံးအုပ်သွားလေသည်။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် ဒေါသအရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရပြီး စိတ်ထဲ၌ အလွန်ဆိုးဝါးသော နိမိတ်တစ်ခု ပေါ်ပေါက်လာတော့သည်။

ရုတ်တရက်ဆိုသလို ထိုအပေါက်ကြီးထဲမှ မည်းမှောင်သော အလင်းတန်းတစ်ခု ပျံထွက်လာပြီး ရွှေရောင်အရည်အလွှာကို ဖောက်ထွင်းကာ အပေါက်တစ်ခု ဖြစ်စေလိုက်၏။

ချင်ယွမ်ဖုန်းမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် လှည့်ကြည့်လိုက်မိသည်။ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးအောက်တွင် ပိုမိုအစွမ်းထက်သော သတ္တဝါတစ်ကောင် ရှိနေသေးသည်လော။

ထိုအမှောင်အလင်းတန်းသည် ဝေဟင်ထက်သို့ ပျံတက်သွားပြီး နတ်ဘုရားသောင်းချီနယ်မြေကို ဝန်းရံထားသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ အားလုံးကို စုစည်းလိုက်လေသည်။

စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် လှိုင်းထန်သကဲ့သို့ စုစည်းသွားပြီး တဖြည်းဖြည်းနှင့် လူသားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလာတော့သည်။

“ဒါ... ဒါက ဘာကြီးလဲ” ဟု ရှူးကျူးက ထိတ်လန့်တကြား မေးလိုက်သည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် “ဆရာတော် အဲဒါကို စိတ်မဝင်စားနဲ့။ တံဆိပ်တော်ကို ပြုပြင်ဖို့ပဲ အာရုံစိုက်ထား။ ဒီကောင်ကို ကျွန်တော်နဲ့ပဲ ထားခဲ့လိုက်” ဟု ပြတ်သားစွာ ပြောလိုက်၏။

ရှူးကျူးက ချင်ယွမ်ဖုန်း၏ ခိုင်မာသော မျက်ဝန်းများကို ကြည့်ကာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

တံဆိပ်တော်ကို ပြုပြင်ခြင်းမှာ အပေါက်ကြီးကို ဖာရုံဖြင့် မပြီးပေ။

အပေါက်၏ အပြင်ဘက်ရှိ ပျက်စီးသွားသော ဝိညာဉ်အဆောင်ပုံရိပ်များကိုပါ ပြန်လည်ပြုပြင်ရဦးမည်ဖြစ်သည်။

ကံကောင်းသည်မှာ ရှူးကျူး ယူဆောင်လာသော မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးတွင် တံဆိပ်ခတ်နှိပ်သည့် ဝိညာဉ်အဆောင်ပုံရိပ်များ ပါရှိပြီးသား ဖြစ်သဖြင့် ဤအဆင့်ကို ကျော်လွန်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ရှူးကျူး၏ နောက်တွင် ရပ်လျက် တဖြည်းဖြည်း ပုံပေါ်လာသော ထိုမိစ္ဆာကြီးကို တည်ငြိမ်စွာ ကြည့်နေရင်း စိတ်ထဲ၌ ရက်စက်လိုသော ဆန္ဒများ ပေါ်ပေါက်လာသည်။

“မင်းက ဘယ်လိုသတ္တိနဲ့ ဒီကို လာတာလဲ။ ဒါကို မြည်းစမ်းကြည့်စမ်း”

ချင်ယွမ်ဖုန်း၏ လက်ထဲမှ ကြီးမားသော မီးလျှံများ ထွက်ပေါ်လာပြီး ဓားရှည်ကို လွှမ်းခြုံသွား၏။

မီးလျှံများသည် သုံးတောင်ခန့်အထိ ထွက်ပေါ်လာပြီး မီးလျှံဓားသွားအဖြစ် စုစည်းသွားလေသည်။

“မီးလျှံကောင်းကင် ခုတ်ချက်”

ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ မီးလျှံဓားရှည်ကို လွှဲခုတ်ချလိုက်ရာ ဝေဟင်ထက်တွင် မီးလျှံလမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့ပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါဖြင့် ဖွဲ့စည်းထားသော ထိုလူသားပုံရိပ်ကို တည့်တည့်မတ်မတ် ပိုင်းဖြတ်လိုက်လေသည်။

စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ အပြည့်အဝ မစုစည်းနိုင်မီမှာပင် မီးလျှံဓားရှည်ကြောင့် နှစ်ပိုင်းပြတ်သွားရ၏။

“အောင်မြင်သွားပြီလား” ဟု ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေမိသည်။

“လူသားတွေ... မင်းတို့ သေသင့်တယ်”

နက်ရှိုင်းပြီး ယုတ်မာလှသော အသံတစ်သံသည် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကြားမှ ရုတ်တရက် ထွက်ပေါ်လာသည်။

နှစ်ပိုင်းပြတ်သွားသော အရှိန်အဝါများသည် ချက်ချင်းပင် ပြန်လည်စုစည်းသွားပြီး ခဏချင်းမှာပင် လူသားပုံသဏ္ဌာန် မိစ္ဆာကြီးတစ်ကောင်မှာ ချင်ယွမ်ဖုန်း၏ ရှေ့တွင် ပေါ်လာတော့သည်။

ထိုမိစ္ဆာကြီးမှာ လူသားခန္ဓာကိုယ် ရှိသော်လည်း ဦးခေါင်းမှာမူ ရေဘဝဲနှင့် တူနေ၏။ မေးစေ့အောက်တွင် ရှည်လျားပြီး ပျော့ပျောင်းသော နှာမောင်းတံများမှာ တွဲလောင်းကျနေသည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

“မင်းက ဘယ်သူလဲ” ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။

“ငါက... နတ်ဆိုးဘုရင်ပဲ။ လူသားတွေ... မင်းတို့ ငါ့ကို မရိုသေဘူးလား” ဟု ထိုမိစ္ဆာကြီးက ရက်စက်စွာ ဆိုသည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ “နတ်ဆိုးဘုရင် ဟုတ်လား။ တစ်ခါမှ မကြားဖူးပါဘူး” ဟု ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

“ဟားဟား... လွန်ခဲ့တဲ့ ကြာမြင့်လှတဲ့ အချိန်တုန်းက ငါ ဒီကို ရောက်လာပြီး မင်းတို့ရဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးက လူတွေကို အကုန် သတ်ပစ်လုနီးပါး ဖြစ်ခဲ့တာ။ ကံမကောင်းတာက ငါ ဒဏ်ရာအပြင်းအထန် ရနေတုန်း အခွင့်ကောင်းယူပြီး ချုံခိုတိုက်ခိုက်ကြတဲ့ လူတွေကြောင့် ငါ့ရဲ့ ကမ္ဘာဆီကို ပြန်ဆုတ်ခွာခဲ့ရတာပဲ” ဟု နတ်ဆိုးဘုရင်က အေးစက်စွာ ပြောလိုက်လေသည်။

အခန်း (၃၁၆)သန့်စင်ခြင်း

ရှေးဟောင်းကာလတုန်းက အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာသော သားရဲမိစ္ဆာတို့သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးကို ဖျက်ဆီးရန် ကြံစည်ခဲ့ကြကြောင်း ဆရာကြီးကုဝု ပြောပြခဲ့ဖူးသည်ကို ချင်ယွမ်ဖုန်း ချက်ချင်း သတိရသွားလေသည်။

ထိုစဉ်က လူသားတို့သည် အစွမ်းကုန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် ထိုသားရဲတို့ကို ပြန်လည်မောင်းနှင် ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု မိမိရှေ့မှောက်တွင် ရောက်ရှိနေသော သတ္တဝါမှာ ရှေးဟောင်းကာလက ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ကျူးကျော်ခဲ့သည့် သားရဲမိစ္ဆာများထဲမှ တစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။

နှစ်ပေါင်း သန်းချီ၍ ကြာမြင့်ခဲ့ပြီဖြစ်ရာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှ ရှေးလူသားတို့မှာ သေဆုံးပျောက်ကွယ်ခဲ့ကြပြီ ဖြစ်သော်လည်း ဤသားရဲမိစ္ဆာကြီးမှာမူ ယနေ့တိုင် အသက်ရှင်ကျန်ရစ်နေဆဲ ဖြစ်သည်။

“မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ” ဟု ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

“မင်း လုပ်နေတာတွေကို အခုချက်ချင်း ရပ်လိုက်စမ်း။ ဒီတံဆိပ်တော်ဟာ ငါ ဒီကို ရောက်လာဖို့အတွက် ပထမဆုံး ခြေကုပ်စခန်းပဲ။ မင်းကို ဒါကို ပိတ်လှောင်ခွင့် မပေးနိုင်ဘူး” ဟု နတ်ဆိုးဘုရင်က အေးစက်စွာ ဆိုရင်း ချင်ယွမ်ဖုန်းထံသို့ လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်လေသည်။

သူ၏ လက်ဝါးမှာ ချက်ချင်းပင် လှိုင်းထနေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများအဖြစ် ပြောင်းလဲသွားပြီး သူတို့ထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။

နတ်ဆိုးဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် အလွန်ပင် ကြမ်းတမ်းခက်ထန်လာပြီး ရုပ်လုံးပေါ်လုနီးပါး ထင်ရှားလျက် ချင်ယွမ်ဖုန်း၏ ရင်ဘတ်ကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်လိုက်လေသည်။

ချင်ယွမ်ဖုန်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး နတ်ဆိုးဘုရင်ကို အံ့အားသင့်စွာ မော့ကြည့်မိသည်။

“သိပ်ပြီး အားမရှိပါလား” ဟု ချင်ယွမ်ဖုန်းက အေးအေးဆေးဆေးပင် ပြောလိုက်၏။

ရှေ့မှောက်တွင်ရှိသော နတ်ဆိုးဘုရင်က တကယ်တမ်း အားနည်းနေခြင်းမျိုး မဟုတ်ပေ။

ချင်ယွမ်ဖုန်း ခံစားလိုက်ရသော စွမ်းအားမှာ သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလှသော်လည်း မိမိကို လာရောက်ရိုက်ခတ်သည့် ဒဏ်မှာမူ အလွန်ပင် အားနည်းနေသကဲ့သို့ ဖြစ်နေခြင်းပင်။

အလွန်ဆုံးရှိလှမှ သူသည် ချင်ယွမ်ဖုန်းထက် အနည်းငယ်မျှသာ အစွမ်းပိုထက်သော အနေအထားတွင် ရှိသည်။

“ငါ့ရဲ့ ကိုယ်ပွားမဟုတ်ဘဲ မူလကိုယ်ထည်သာ ဒီကို လာလို့ရခဲ့ရင် မင်း ငါ့ကို ပြန်တိုက်နိုင်မယ်လို့ ထင်နေလား”

ချင်ယွမ်ဖုန်း၏ စကားကြောင့် နတ်ဆိုးဘုရင်မှာ ဒေါသအမျက် ချောင်းချောင်းထွက်သွားပြီး ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။

သူ၏ နောက်ကွယ်မှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် မိစ္ဆာလက်သည်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားကာ ချင်ယွမ်ဖုန်းကို ရိုက်နှက်ရန် ဖိနှိပ်ချလိုက်လေသည်။

ချင်ယွမ်ဖုန်း ရှောင်တိမ်းရန် ကြံသော်လည်း ရှူးကျူးမှာ သူ၏ နောက်ကွယ်တွင် ရှိနေသည်။ အကယ်၍ သူ ရှောင်တိမ်းလိုက်ပါက သူ့နောက်မှ ရှူးကျူးမှာ သေချာပေါက် ထိခိုက်ဒဏ်ရာ ရပေလိမ့်မည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းမှာ နေရာမှ မရွေ့ဘဲ တစ္ဆေလက်သည်း၏ တိုက်ခိုက်မှုကို အတင်းအဓမ္မ တောင့်ခံထားလိုက်ရတော့သည်။

ပြင်းထန်သော စွမ်းအားကြီး ရိုက်ခတ်လာမှုကြောင့် ချင်ယွမ်ဖုန်း၏ ပုခုံးမှာ အရိုးအချို့ ကျိုးသွားသကဲ့သို့ နိမ့်ဆင်းသွားပြီး ပါးစပ်မှလည်း သွေးတစ်လုပ် အန်ထွက်လာရသည်။

သို့သော်လည်း သူသည် ထိုနေရာတွင်ပင် ဆက်လက်ရပ်တန့်နေကာ နတ်ဆိုးဘုရင်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“နတ်ဆိုးဘုရင် ဟုတ်လား။ မင်း ဒီလောက်တောင် အားနည်းနေတာကို ငါတောင် ရယ်ချင်လာပြီ။ မင်းမှာ ဒီလောက်ပဲ အစွမ်းရှိတာလား” ဟု ချင်ယွမ်ဖုန်းက လှောင်ရယ်ကာ ဆိုလိုက်၏။

“အား”

နတ်ဆိုးဘုရင်၏ မျက်နှာမှာ ဒေါသကြောင့် ကြောက်မက်ဖွယ်ကောင်းအောင် ရှုံ့မဲ့သွားလေသည်။ ဧကရာဇ်တစ်ပါးအနေဖြင့် မိမိအား အားနည်းသည်ဟု လှောင်ပြောင်ခြင်းကို သူ မည်သို့မျှ သည်းမခံနိုင်ပေ။

ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ရုတ်တရက် ပြန့်ကားသွားပြီး ချွန်ထက်သော အနက်ရောင် ဆူးချွန်များအဖြစ် ပေါင်းစည်းသွားကာ မြားမိုးရွာချသကဲ့သို့ လေထုကို ဖြတ်သန်း၍ တိုက်ခိုက်လာတော့သည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲရှိ ဓားရှည်ပေါ်တွင် တောက်လောင်နေသော မီးလျှံများကို တစ်ဖန်ပြန်လည် စုစည်းလိုက်ကာ ရှေ့သို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်လေသည်။

မီးလျှံအလင်းတန်းမှာ သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ မီးငှက်တစ်ကောင်ကဲ့သို့ ရှေ့သို့ အဟုန်ပြင်းစွာ ပျံသန်းသွားပြီး ရှေ့မှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါဖြင့် ပြုလုပ်ထားသော မြားများကို ချေမှုန်းပစ်လိုက်သည်။

ထိုအချိန်တွင် ရှောင်ဟေးသည်လည်း ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်လာလေသည်။

လျှာလေးတစ်ချက် ထုတ်လိုက်ပြီးနောက် လေထဲသို့ ခုန်ထွက်သွားရာ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးထွားလာပြီး ပေတစ်ဆယ်ကျော် ရှည်လျားသော မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချင်ယွမ်ဖုန်း၏ ရှေ့တွင် ကာကွယ်ပေးထားတော့သည်။

“ရှောင်ဟေးလား” ချင်ယွမ်ဖုန်းမှာ အလွန်ပင် ဝမ်းသာသွားရသည်။ ရှောင်ဟေးမှာ ဤမျှအထိ ကြီးထွားနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ခေါင်းပေါ်တွင် နဂါးဂျိုတစ်စုံရှိပြီး ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အစင်းကြောင်းများ ပါရှိသည့် ရှောင်ဟေးမှာ အလွန်ပင် ခန့်ညားထည်ဝါနေပေသည်။

ရှောင်ဟေးက တစီစီနှင့် အသံပြုကာ ရှေ့မှ ရေတွက်၍မရနိုင်သော ဆူးချွန်များကို စိုက်ကြည့်လျက် ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်သည်။

ချွန်ထက်သော ဆူးချွန်များသည် ရှောင်ဟေး၏ ခန္ဓာကိုယ်ကို ထိမှန်သော်လည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကြသည်။ သူ၏ ထူထဲလှသော အမြီးဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဆူးချွန် အမြောက်အမြားမှာ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။

သို့သော်လည်း မြားအချို့မှာ မီးလျှံအလင်းတန်းကို ဖြတ်ကျော်ကာ ချင်ယွမ်ဖုန်း၏ ပုခုံးထဲသို့ စိုက်ဝင်သွားခဲ့သည်။

ထိုအခြင်းအရာကို မြင်သောအခါ ရှောင်ဟေးမှာ အလွန်ပင် စိတ်ပူသွားရသည်။ ထိုနေရာတွင် ရပ်နေသော နတ်ဆိုးဘုရင်ကို စူးစိုက်ကြည့်ကာ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

“ဒီမြွေငယ်လေးက ဘယ်က ရောက်လာတာလဲ”

နတ်ဆိုးဘုရင်၏ မျက်နှာပေါ်တွင် ဒေါသအမျက်များ ပိုမိုထင်ဟပ်လာကာ “မင်း ငါ့ကို ဘယ်သူလို့ မှတ်နေသလဲ။ ငါက နတ်ဆိုးဘုရင်ကွ” ဟု ဟိန်းဟောက်လိုက်သည်။

ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် နတ်ဆိုးဘုရင်၏ နောက်ကွယ်မှ ဒီရေလှိုင်းကဲ့သို့ ပေါက်ကွဲထွက်လာပြီး ရှောင်ဟေးကို ချက်ချင်းပင် ဝါးမြိုလိုက်တော့သည်။

“ရှောင်ဟေး”

ချင်ယွမ်ဖုန်း သွားကို ကြိတ်လိုက်ရင်း လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားတို့မှာ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး ကြီးမားလှသော လက်ဝါးကြီးနှစ်ခုအဖြစ် ပြောင်းလဲကာ နတ်ဆိုးဘုရင်ကို ချက်ချင်းပင် ဖမ်းချုပ်လိုက်လေသည်။

“ကောင်းကင်ဘုံ သန့်စင်ခြင်း”

ချင်ယွမ်ဖုန်း ဟိန်းဟောက်လိုက်ရာ ဝိညာဉ်စွမ်းအား လက်ဝါးနှစ်ခုကြားတွင် မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာပြီး ပြင်းထန်စွာ လောင်ကျွမ်းတော့သည်။

“ဒါ ဘာကြီးလဲ”

ပြင်းထန်လှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့က ဝိညာဉ်လက်ဝါးကို ပြင်းထန်စွာ ရိုက်ခတ်သော်လည်း ထိုလက်ဝါးကို အနည်းငယ်မျှပင် မရွေ့လျားစေနိုင်ပေ။

ချင်ယွမ်ဖုန်းမှာမူ အလွန်ပင် အခြေအနေ ဆိုးဝါးနေပေသည်။ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ရိုက်ခတ်မိတိုင်း ရင်ဘတ်ထဲတွင် ပြင်းထန်သော တုန်ခါမှုကို ခံစားနေရပြီး ပါးစပ်မှ သွေးများ တရဟော ထွက်လာကာ ဝတ်ရုံမှာလည်း သွေးများဖြင့် ရဲရဲနီနေတော့သည်။

ရှောင်ဟေးမှာ နောက်ဆုံးတွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများထဲမှ ထွက်ပေါ်လာသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ထိုအရှိန်အဝါများကြောင့် တိုက်စားခံထားရပြီး ပြင်းထန်စွာ ဒဏ်ရာရနေသောကြောင့် ကောင်းကင်ပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားလေသည်။

ဝိညာဉ်လက်ဝါးအတွင်းမှ မီးလျှံများမှာ ပို၍ပို၍ ပူပြင်းလာရာ နတ်ဆိုးဘုရင်ပင်လျှင် ဆက်လက် တောင့်မခံနိုင်တော့ပေ။

ဤသည်မှာ တကယ်တမ်းတွင် သူ၏ မူလခန္ဓာကိုယ်မဟုတ်ဘဲ စိတ်အာရုံ အကြွင်းအကျန်မျှသာ ဖြစ်သည်။ သူသည် ဟင်းလင်းပြင်နှင့် နေရာပြောင်း လမ်းကြောင်းကို ဖြတ်ကျော်၍ ဤနေရာသို့ ရောက်ရှိလာနိုင်ခြင်းကပင် သူ၏ အစွမ်းထက်မှုကို သက်သေပြနေခြင်းပင်။

ဝိညာဉ်လက်ဝါးထဲမှ အမည်းရောင် မီးခိုးတန်းများ ထွက်ပေါ်လာခြင်းမှာ ဆေးဖော်စပ်သူတစ်ဦး၏ ဆေးမီးဖို ပေါက်ကွဲနေသည့် အလားပင်။

နတ်ဆိုးဘုရင်၏ အော်ဟစ်သံများမှာလည်း တဖြည်းဖြည်း အားနည်းလာတော့သည်။

နောက်ဆုံးတွင် နတ်ဆိုးဘုရင်မှာ ချင်ယွမ်ဖုန်း၏ သန့်စင်ခြင်းကို အရှင်လတ်လတ် ခံလိုက်ရပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါအားလုံးမှာ အမည်းရောင် မီးခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ဝိညာဉ်စွမ်းအား လက်ဝါးနှစ်ခုကြားတွင် မည်းနက်သော စိတ်အာရုံတစ်ခုသာ ကျန်ရှိတော့ရာ ၎င်းမှာ ချင်ယွမ်ဖုန်း စတင်တွေ့ရှိခဲ့သော မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုး၏ တံဆိပ်တော်အတွင်းမှ ပျံထွက်လာသည့် အမည်းရောင် အလင်းတန်းပင် ဖြစ်သည်။

“လူသား... ငါ တစ်နေ့ ဒီကို ပြန်လာဦးမယ်။ အဲဒီအချိန်ကျရင် မင်းကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်”

ထိုစိတ်အာရုံမှာ လေထဲတွင် မပျောက်ကွယ်မီ ဤစကားတစ်ခွန်းကိုသာ ကျန်ရစ်စေခဲ့သည်။

ချင်ယွမ်ဖုန်း ချောင်းဆိုးလိုက်ပြီး ပါးစပ်ထဲမှ သွေးများကို တစ်ဖန် အန်ထုတ်လိုက်ပြန်သည်။

နတ်ဆိုးဘုရင်၏ စိတ်အာရုံတစ်ခုတည်းကို သူ မတိုက်ခိုက်နိုင်ခြင်း မဟုတ်ပေ။ သို့သော် ရှူးကျူးမှာ သူ့နောက်တွင် ရှိနေသဖြင့် သူ ရှောင်တိမ်း၍ မရဘဲ နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုအားလုံးကို အတင်းအဓမ္မ ခံယူခဲ့ရခြင်းကြောင့်သာ ဖြစ်ပေသည်။

သူ၏ ပုခုံးပေါ်ရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါဖြင့် ပြုလုပ်ထားသော ဆူးချွန်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း လက်မအရွယ်ခန့်ရှိသော သွေးထွက်နေသည့် အပေါက်ကြီးတစ်ခု ကျန်ရစ်နေခဲ့သည်။

“ဆရာတော်ရှူးကျူး... မင်းအဆင်ပြေရဲ့လား” ဟု ချင်ယွမ်ဖုန်းက အားအင်ချိနဲ့စွာဖြင့် မေးလိုက်သည်။

ရှူးကျူးက ခေါင်းခါပြကာ “သခင်လေးချင်... ငါ အခက်အခဲအချို့နဲ့ တွေ့နေရတယ်” ဟု ဆို၏။

“အခက်အခဲ ဟုတ်လား” ချင်ယွမ်ဖုန်းမှာ အားတင်းကာ မျှော်စင်ရှေ့သို့ ပျံသန်းသွားလိုက်သည်။

ထိုအချိန်တွင် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်ရှိ အပေါက်ကြီးမှာ ရွှေရောင်အရည်များဖြင့် ဖုံးလွှမ်းသွားပြီ ဖြစ်ရာ အပေါက်မှာ ပြုပြင်ပြီးစီးသွားသည့်အလား ရှိနေပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများလည်း ယိုစိမ့်ခြင်း မရှိတော့ပေ။

“ဘာတွေ မှားယွင်းသွားတာလဲ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

“စောစောက နတ်ဆိုးဘုရင်ရဲ့ စိတ်အာရုံ ပျံထွက်သွားတဲ့အချိန်မှာ ငါယူဆောင်လာတဲ့ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်က ဝိညာဉ်အဆောင်ပုံရိပ်တွေကြားမှာ အပေါက်ငယ်လေးတစ်ခု ဖောက်ထွက်သွားခဲ့တယ်။ ဒါကြောင့် အဲဒီပုံရိပ်က အာနိသင် မရှိတော့ဘူး” ဟု ရှူးကျူးက သက်ပြင်းချကာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ရွှေရောင်အရည်များပေါ်တွင် လွင့်မျောနေသော ဝိညာဉ်အဆောင်ပုံရိပ်များကို ကြည့်လိုက်ရာ ဝိညာဉ်အဆောင်ပုံရိပ်တစ်ခုတွင် အပေါက်ငယ်လေးတစ်ခုကို အမှန်ပင် တွေ့ရှိလိုက်ရသည်။ ထိုအပေါက်ကြောင့် ဝိညာဉ်အဆောင်ပုံရိပ်မှာ အသုံးမဝင်တော့ပေ။

လောလောဆယ်တွင် ပြဿနာ မရှိသေးသော်လည်း မကြာမီအချိန်အတွင်း ထိုဝိညာဉ်အဆောင်ပုံရိပ်မှာ ပျက်စီးသွားပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် တံဆိပ်တော်ကို ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်တော့ပေ။

All Chapters