← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 17 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 17 Ch. 317-318

အခန်း (၃၁၇) ပြုပြင်ခြင်း အောင်မြင်ခြင်း

“ဟုတ်တယ်၊ ဒီကိုလာတုန်းက ဒါကို ငါတို့ ထည့်မစဉ်းစားမိခဲ့ဘူး။ အခုချိန်မှာ ဝိညာဉ်အဆောင်ပုံရိပ်တွေကို နားလည်တဲ့သူကို ဘယ်မှာသွားရှာရပါ့မလဲ” ဟု ရှူးကျူးက သက်ပြင်းချကာ ဆိုလေသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “ဆရာတော်ရှေ့တည့်တည့်မှာ တစ်ယောက်ရှိနေတာပဲဥစ္စာ” ဟု ပြောလိုက်၏။

“ငါရှေ့မှာ...” ရှူးကျူးသည် ချင်ယွမ်ဖုန်းကို ရုတ်တရက် စိုက်ကြည့်လိုက်ပြီး “သခင်လေးချင်က အဆောင်လက်ဖွဲ့ ဖန်တီးသူ တစ်ယောက် တကယ်ပဲ ဖြစ်နေတာလား” ဟု မေးမိတော့သည်။

“ပဉ္စမအဆင့်ပါ” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြန်ဖြေလိုက်၏။

“ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့၊ အခုပဲ ကူညီပြီး ဒီဝိညာဉ်အဆောင်ပုံရိပ်ကို ပြုပြင်ပေးပါဦး သခင်လေးချင်” ဟု ရှူးကျူးက ဝမ်းသာအားရ ပြောလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ကောင်းပါပြီ၊ ဒါပေမဲ့ ဒီဝိညာဉ်အဆောင်ပုံရိပ်က အင်မတန် အစွမ်းထက်တယ်၊ ငါ့ရဲ့ လက်ရှိ စွမ်းအားကတော့ အားနည်းနေသေးတော့ အဆင်ပြေပါ့မလား မသိဘူး” ဟု ဆို၏။

“သခင်လေးချင် ကူညီရင်တော့ အောင်မြင်မှာ အသေအချာပါပဲ” ဟု ရှူးကျူးက ပြုံးလျက် ဆိုပြန်သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း သူသည် ချင်ယွမ်ဖုန်းအပေါ် အတော်ပင် ယုံကြည်မှု တိုးလာခဲ့ချေပြီ။

“ကဲ... ဒါဆိုလည်း ငါ စမ်းကြည့်ရတာပေါ့” ချင်ယွမ်ဖုန်းက ရယ်မောလိုက်ပြီး “ဆရာတော်လေးက

ဒီလောက် မြှောက်ပင့်တတ်လိမ့်မယ်လို့ မထင်ထားမိဘူး” ဟု စနောက်လိုက်သည်။

ရှူးကျူး မျက်နှာလေး နီမြန်းသွားကာ “အာမိတ္တိုဗုဒ္ဓ... ငါက အမှန်အတိုင်း ပြောတာပါ” ဟု ပြန်ဆိုလေ၏။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး စကား ဆက်မပြောတော့ဘဲ ဝိညာဉ်အဆောင်ပုံရိပ်၏ ပျက်စီးနေသော နေရာကိုသာ အာရုံစိုက်လိုက်သည်။

ထို့နောက် သူ၏ စိတ်ထဲတွင် ထိုဝိညာဉ်အဆောင်ပုံရိပ်၏ မူလ ပုံပန်းသဏ္ဌာန်ကို လိုက်လံ ရှာဖွေတော့သည်။

မကြာမီပင် ချင်ယွမ်ဖုန်းသည် မူလ ပုံရိပ်ကို ရှာဖွေတွေ့ရှိသွားပြီး ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပျက်စီးနေသော နေရာကို ပုံစံတူ ပြန်လည် ပြုပြင်ရန် ကြိုးစားလေတော့သည်။

မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များကို အင်မတန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက ရေးဆွဲခဲ့ခြင်း ဖြစ်ရာ ယင်းကို ပြုပြင်နိုင်ရန်အတွက် ချင်ယွမ်ဖုန်းသည်လည်း ထိုအဆင့်သို့ ရောက်ရှိရန် လိုအပ်ပေသည်။

ထို့ကြောင့် ပြုပြင်ရသည်မှာ အလွန် ခက်ခဲလှပြီး သူ၏ ဝိညာဉ်စွမ်းအားနှင့် ကိုယ်တွင်းစွမ်းအင် သုံးစွဲရမှုမှာလည်း ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်။

ရှူးကျူး၏ အမြင်တွင်မူ ချင်ယွမ်ဖုန်းသည် ပျက်စီးနေသော နေရာ၌ အစက်ကလေး တစ်စက်ကိုသာ ရေးဆွဲရသေးသော်လည်း တစ်ကိုယ်လုံး ချွေးများ ပြန်နေပြီး အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရသည်ကို တွေ့ရလေသည်။

“မရဘူး... ဒီဝိညာဉ်အဆောင်ပုံရိပ်ရဲ့ စွမ်းအားက သိပ်ကြီးလွန်းတယ်၊ ငါ့ရဲ့ ခွန်အား တစ်ခုတည်းနဲ့ကတော့ မလုံလောက်ဘူး...”

ချင်ယွမ်ဖုန်းမှာ အခြား နည်းလမ်း မရှိတော့သဖြင့် ညည်းတွားလိုက်ရသည်။

ယခင်က သူသည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ပဉ္စမအဆင့် ဝိညာဉ်အဆောင်ပုံရိပ်ဖြင့် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို ခေတ္တမျှသာ တားဆီးနိုင်ခဲ့သည်။

ယခုမူ ဤဝိညာဉ်အဆောင်ပုံရိပ်များသည် အနည်းဆုံး သတ္တမအဆင့်မှ စတင်နေခြင်း ဖြစ်ရာ သူ၏ လက်ရှိ စွမ်းအားမှာ လုံလောက်မှု မရှိသည်မှာ အမှန်ပင် ဖြစ်၏။

ရှူးကျူး မျက်မှောင်ကြုတ်လိုက်မိပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

“သခင်လေးချင်...ဆရာက နောက်ထပ် စွမ်းအားတစ်ခု ပေးထားသေးတယ် မဟုတ်လား၊ အခု အဲဒါကို သုံးကြည့်လို့ မရဘူးလား” ဟု ရှူးကျူးက မေးလိုက်သည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ လင်းလက်သွားကာ “အဲဒါတော့ အဆင်ပြေနိုင်တယ်၊ ငါ စမ်းကြည့်မယ်” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ လက်ဖဝါးမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာသည်။ သူသည် ထိုစွမ်းအားကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ကာ ဝိညာဉ်အဆောင်ပုံရိပ်၏ လစ်ဟာနေသော နေရာသို့ ဖြည့်ဆည်းရန် အစွမ်းကုန် ထိန်းချုပ်လိုက်၏။

ထိုနည်းလမ်းမှာ ထင်ထားသည့်အတိုင်း အောင်မြင်ခဲ့သည်။ အတိုင်းအဆမရှိသော ရွှေရောင်စွမ်းအင်များသည် ချင်ယွမ်ဖုန်း၏ လက်ဖဝါးမှ တဖြည်းဖြည်း စီးထွက်သွားပြီး ဝိညာဉ်အဆောင်ပုံရိပ်၏ ကွက်လပ်နေရာသို့ ကျရောက်သွားလေသည်။

ချင်ယွမ်ဖုန်းသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ စွမ်းအင်များကို လမ်းကြောင်းပေးလိုက်ပြီး ပျောက်ဆုံးနေသော ဝိညာဉ်အဆောင်ပုံရိပ်အဖြစ် ပုံဖော်လိုက်တော့သည်။

နောက်ဆုံးတွင်မူ ဝိညာဉ်အဆောင်ပုံရိပ် ပြည့်စုံသွားခဲ့ချေပြီ။ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကြီးပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များ အားလုံးသည် တစ်ခုနှင့်တစ်ခု တုန်ခါကာ ပဲ့တင်ထပ်သွားကြသည်။

ထိုအသံမှာ ရဟန်းသံဃာတော် အပါးတစ်သောင်းကျော် စုပေါင်း၍ တရားတော်များ ရွတ်ဖတ်ပူဇော်နေသည့်အလား ခန့်ညားထည်ဝါလှသော အသံကြီး ထွက်ပေါ်လာတော့သည်။

ရှူးကျူးက အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်ပြီး သူ၏ ရွှေရောင်လက်ဝါးနှစ်ဖက်ကို ရှေ့သို့ ရုတ်တရက် တွန်းထုတ်လိုက်သည်။

စီးဆင်းနေသော အရည်များသည် တဖြည်းဖြည်း ခဲသွားကာ ပုံသဏ္ဌာန် ပေါ်လာပြီး ဝိညာဉ်အဆောင်ပုံရိပ်များမှာလည်း မူလ အဆောင်ပုံရိပ်များနှင့် တစ်သားတည်း ပေါင်းစည်းသွားလေတော့သည်။

တံဆိပ်တော် ပြန်လည် ပေါ်ပေါက်လာသည်ကို မြင်မှ ချင်ယွမ်ဖုန်းလည်း သက်ပြင်းချနိုင်တော့သည်။ သို့သော် သူသည် အစွမ်းကုန် မောပန်းနွမ်းနယ်နေသဖြင့် ကောင်းကင်ယံမှ မြေပြင်သို့ ပြုတ်ကျသွားလေ၏။

ရှူးကျူးသည် ကောင်းကင်မှ အလျင်အမြန် ဆင်းသက်လာကာ ချင်ယွမ်ဖုန်းကို ဖမ်းဆီးလိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။

အနန္တပုံရိပ် သည်လည်း ရှူးကျူး၏ ကျောပေါ်မှ ခွာလိုက်ပြီး ချစ်စရာကောင်းသော စက်ရုပ်ကလေးအဖြစ် ပြောင်းလဲကာ ချင်ယွမ်ဖုန်းအနားသို့ ရောက်လာသည်။

“သခင်လေးချင်... ခံနိုင်ရည်ရှိပါဦး၊ ငါ ဒဏ်ရာတွေကို ကုသပေးပါ့မယ်”

ရှူးကျူးက ပြောပြောဆိုဆိုဖြင့် ချင်ယွမ်ဖုန်း၏ ဒဏ်ရာပေါ်သို့ လက်ဖဝါး တင်လိုက်သည်။

ထိုခဏ၌ပင် ရွှေရောင်အလင်းတန်းလေးများသည် အပိုင်းအစလေးများအဖြစ် ပြောင်းလဲသွားပြီး ဒဏ်ရာအတွင်းသို့ ကျဆင်းသွားလေတော့သည်။

ချင်ယွမ်ဖုန်းသည် သူ၏ ဒဏ်ရာမှာ ယားကျိကျိ ဖြစ်သွားပြီး လျင်မြန်စွာ ကျက်သွားသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် ရှူးကျူး၏ စွမ်းဆောင်ရည်အပေါ် ပိုမို၍ အံ့သြမိတော့သည်။

ချင်ယွမ်ဖုန်း အားအင် အနည်းငယ် ပြန်ပြည့်လာသဖြင့် အမြန်ထရပ်ကာ ရှောင်ဟေးကို လိုက်ရှာလေသည်။

ရှောင်ဟေးသည် မြက်ခင်းပြင်ထဲသို့ ပြုတ်ကျနေခြင်း ဖြစ်သည်။ ချင်ယွမ်ဖုန်းက သွားရောက်၍ ကောက်ယူလိုက်ကာ “ရှောင်ဟေး... မင်း အဆင်ပြေရဲ့လား” ဟု မေးလိုက်၏

ရှောင်ဟေးမှာ အနည်းငယ် အားနည်းနေပုံ ရသည်။ ခုနက သတ္တိရှိရှိ တိုက်ခိုက်ခဲ့သော်လည်း သူ၏ စွမ်းအားမှာ ပြန်လည် မွေးဖွားပြီးနောက် တိုးတက်လာခြင်း မရှိသေးပေ။ ယခုအချိန်တွင် သူသည် ပဉ္စမအဆင့် သိုင်းပညာရှင် အဆင့်၌သာ ရှိသေးသည်။

“သူ့ရဲ့ ခန္ဓာကိုယ်ထဲကို စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ဝင်သွားပြီ၊ ငါအဲဒီအရှိန်အဝါတွေကို ဖယ်ရှားပေးပါ့မယ်” ဟု ရှူးကျူးက ဆိုသည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး ရှောင်ဟေးကို ရှူးကျူး၏ ရှေ့တွင် ချပေးလိုက်၏။ ဗုဒ္ဓဘာသာ ကျင့်စဉ်များသည် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို နှိမ်နင်းရာတွင် အထိရောက်ဆုံး ဖြစ်ကြောင်း သူ သိထားသည်။

ရှူးကျူးသည် မြေပြင်ပေါ်တွင် ထိုင်ကာ လက်အုပ်ချီလျက် တရားဓမ္မများကို ရွတ်ဖတ်တော့သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာ၏။

ရှောင်ဟေး၏ ပတ်ပတ်လည်တွင် ရစ်ဝိုင်းနေသော အနက်ရောင် အရှိန်အဝါများသည် ရွှေရောင်အလင်းနှင့် ထိတွေ့လိုက်သည်နှင့် မီးလျှံနှင့် တွေ့သော နှင်းပွင့်များအလား လျင်မြန်စွာ ပျော်ဝင်သွားကြသည်။

နောက်ဆုံးတွင် ရှောင်ဟေးသည် ရွှေရောင်အလင်းထဲတွင် လုံးလုံးလျားလျား လွှမ်းခြုံခံလိုက်ရပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည်လည်း အနက်ရောင် မီးခိုးတန်းလေးများအဖြစ် လွင့်ပျယ်သွားတော့သည်။

ခဏအကြာတွင် ရှူးကျူးသည် ရွတ်ဖတ်ခြင်းကို ရပ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများကို ပြန်လည် ရုပ်သိမ်းလိုက်၏။

ရှောင်ဟေး၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ အားလုံး စင်ကြယ်သွားပြီ ဖြစ်သော်လည်း သူသည် အားနည်းနေဆဲပင်။

သူ၏ ခန္ဓာကိုယ်မှာ မူလ အရွယ်အစားသို့ ပြန်လည် ကျုံ့သွားပြီး ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေသည်။

“ဆရာတော်ရှူးကျူး... ခုနက ကျွန်တော်ကို ကုသပေးတုန်းက ဘယ်လို နည်းလမ်းကို သုံးတာလဲ” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

“ဗုဒ္ဓဘာသာရဲ့ ဝိဇ္ဇာဓရ ခန္ဓာကိုယ် ကျင့်စဉ်ဟာ ဒဏ်ရာတွေကို လျင်မြန်စွာ ကျက်စေနိုင်ပြီး ပြတ်တောက်သွားတဲ့ ခြေလက်တွေကိုတောင် ပြန်ပေါက်စေနိုင်ပါတယ်။ ဒီထက် ပိုပြီး ကျွမ်းကျင်လာရင်တော့ သေမျိုးအဆင့်ကိုတောင် ကျော်လွန်သွားနိုင်ပါတယ်” ဟု ရှူးကျူးက အေးဆေးစွာ ရှင်းပြလေသည်။

ချင်ယွမ်ဖုန်းမှာ အားကျသွားပြီး “ကျွန်တော်ကို သင်ပေးလို့ ရမလား” ဟု မေးမိတော့သည်။

“ဗုဒ္ဓဘာသာ ပညာရပ်တွေကို ပြင်ပလူတွေကို ဘယ်တော့မှ မသင်ပေးပါဘူး” ဟု ရှူးကျူးက တည်ငြိမ်စွာပင် ငြင်းလိုက်၏။

ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ ဒဏ်ရာမှာ အတော်ပင် ကျက်သွားပြီ ဖြစ်သော်လည်း နီရဲသော အမှတ်အသားတစ်ခုကိုမူ မြင်နေရသေးသည်။

“သိပ်ပြီး ကပ်စေးနှဲတာပဲ” ချင်ယွမ်ဖုန်းက မတတ်သာသည့် အပြုံးဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့...” ရှူးကျူးက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး “ဆရာက သခင်လေးကို ဗုဒ္ဓဂါထာတော် လက်ဝါးကြီး ဆိုတဲ့ အထွတ်အထိပ် ပညာရပ်ကို သင်ပေးခဲ့ပြီဆိုကတည်းက သခင်လေးကို ဗုဒ္ဓဘာသာဝင် တပည့်တစ်ယောက်အနေနဲ့ သတ်မှတ်ပြီးသား ဖြစ်မှာပါ။ ဒါကြောင့် ကျွန်တော် သင်ပေးမယ်ဆိုရင်လည်း ဒါဟာ ကျိုးကြောင်းဆီလျော်မှု မရှိတာတော့ မဟုတ်ပါဘူး” ဟု ဆိုလေသည်။

“တကယ်လား” ချင်ယွမ်ဖုန်းမှာ ဝမ်းသာအားရဖြင့် ခုန်လိုက်ရာ အသစ်စက်စက် ကျက်ခါစ ဒဏ်ရာမှာ ပြန်နာသွားသဖြင့် မျက်နှာ ရှုံ့မဲ့သွားရရှာသည်။

တံဆိပ်တော်ကို ပြုပြင်ပြီးသွားပြီ ဖြစ်ရာ သူတို့၏ တာဝန်မှာ ပြီးဆုံးသွားခဲ့ချေပြီ။ ထို့ကြောင့် သူတို့သည် နေရာပြောင်း အစီအရင် ရှိရာသို့ ဦးတည် ထွက်ခွာခဲ့ကြသည်။

နတ်ဘုရားသောင်းချီနယ်မြေ သည် မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသော်လည်း ဝိညာဉ်စွမ်းအင်များ ပြည့်ဝရန်အတွက်မူ အချိန်အနည်းငယ် စောင့်ရဦးမည် ဖြစ်သည်။

ရုပ်သေးရုပ်များ တစ်ခုနှင့်တစ်ခု ဝါးမြိုခြင်းမှ ဖြစ်ပေါ်လာသော သားရဲများသည်လည်း စွမ်းအင် အရင်းအမြစ် မရှိတော့သဖြင့် မကြာမီ သေဆုံးသွားကြပေလိမ့်မည်။

သူတို့နှစ်ဦးသည် နေရာပြောင်း အစီအရင်သို့ ပြန်ရောက်လာကြသည်။ လမ်းခရီးတွင် ချင်ယွမ်ဖုန်းသည် ပြင်ပလောက၌ မရှိနိုင်သော ဝိညာဉ်ဆေးပင်အချို့ကို ခူးယူခဲ့ပြီး သူ၏ မြေနက်မြေကို ချဲ့ထွင်ရန် ပြင်ဆင်လိုက်၏။

နေရာပြောင်း အစီအရင်ပေါ်တွင် ရပ်နေရင်း ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေကို နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်သည်။

နှစ်လအတွင်း ဤနေရာသို့ နှစ်ကြိမ်တိုင်တိုင် ပြန်လာရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

အမှန်တကယ်ပင် မယုံနိုင်စရာပင် ဖြစ်တော့သည်။

နတ်ဘုရားသောင်းချီနယ်မြေသည် နှစ်တစ်ရာမှ တစ်ကြိမ်သာ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်းကိုလည်း သိထားရမည် မဟုတ်လော။

“ဒီနေရာကတော့ နောင်ကျရင် ငါ့ရဲ့ ကိုယ်ပိုင် ဥယျာဉ်လေး ဖြစ်လာတော့မယ် ထင်တယ်” ဟု ချင်ယွမ်ဖုန်းက နောက်ပြောင်လိုက်သည်။

သူ့တွင် အချိန်မရွေး၊ နေရာမရွေး နတ်ဘုရားသောင်းချီနယ်မြေသို့ တိုက်ရိုက် ရောက်ရှိနိုင်သော နေရာပြောင်း အစီအရင် ရှိနေခြင်းကြောင့် ချင်ယွမ်ဖုန်းမှာ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိတော့သည်။

အခန်း (၃၁၈) နတ်မင်းများပိတ်လှောင်ရာချိုင့်ဝှမ်း

“သခင်လေးချင်... ကန်ထဲကရေကို အကုန်ခန်းထုတ်ပြီး ငါးဖမ်းတာမျိုးက မင်းအတွက် ဒုက္ခရောက်ဖို့ပဲ ရှိလိမ့်မယ်” ဟု ရှူးကျူးက တည်ငြိမ်စွာ ဆိုလေသည်။

ချင်ယွမ်ဖုန်းက ရှူးကျူး၏ ရင်ဘတ်ကို ပုတ်လိုက်ရင်း “ဟေး... စိတ်မပူပါနဲ့၊ ကျွန်တော်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး” ဟု ပြန်ပြောလိုက်၏။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့်ကို နေရာပြောင်း အစီအရင်ပေါ်တွင် တင်လိုက်သည်နှင့် အစီအရင်၏ အလင်းတန်းမှာ တဖြည်းဖြည်း တောက်ပလာကာ ထိုလူသားနှစ်ဦး၏ ပုံရိပ်မှာလည်း ကွယ်ပျောက်သွားတော့သည်။

ယခုတစ်ကြိမ်တွင် ရှူးကျူးမှာ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း နေရာပြောင်း အစီအရင်ထဲမှ ထွက်လာသည့်အခါတွင်မူ အော့အန်လိုက်ရမှသာ စိတ်သက်သာရာ ရသွားရှာသည်။

ချင်ယွမ်ဖုန်းကမူ စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ရှူးကျူး၏ ကျောကို ပုတ်ပေးရင်း “ကျွန်တော် ပြောသားပဲ၊ ဆရာတော်က ကျွန်တော့်ကို ဗုဒ္ဓဂါထာတော် လက်ဝါးကြီးပညာရပ် သင်ပေးမယ်လို့ ပြောထားတာလေ၊ မသင်ပေးဘဲနဲ့တော့ ကျွန်တော် ဒီကနေ ထွက်မသွားဘူး” ဟု ဆိုလေသည်။

“အမိတာဘ၊ အင်း... ဒီရဟန်းငယ်ဟာ အမြဲတမ်း ကတိတည်ပါတယ်” ဟု ရှူးကျူးက အနည်းငယ် စိတ်မကောင်းစွာဖြင့် ပြန်ပြောသည်။

ရှူးကျူးတစ်ယောက် စိတ်အေးလက်အေး ဖြစ်သွားစေရန် အတန်ကြာ စောင့်ဆိုင်းလိုက်ရ၏။

နောက်ရက်အနည်းငယ်အတွင်း ချင်ယွမ်ဖုန်းမှာ လင်ယင်းကျောင်းတော်၌ပင် တည်းခိုနေထိုင်ရင်း ရှူးကျူးထံမှ ဝရဇိန်ခန္ဓာပညာရပ်ကို သင်ယူခဲ့လေသည်။

ဝရဇိန်ခန္ဓာပညာရပ်ဆိုသည်မှာ ကျင့်ကြံသူ၏ အဆင့်မြင့်မားလာသည်နှင့်အမျှ စွမ်းအား ပိုမိုကြီးမားလာသည့် သိုင်းပညာရပ်တစ်ခု ဖြစ်ပြီး ဂိမ်းထဲမှ အလိုအလျောက် အစွမ်းပြသည့် ပညာရပ်နှင့် ဆင်တူသည်။

ကျင့်ကြံသူမှာ အသက်ရှင်နေပြီး ကိုယ်တွင်းစွမ်းအင် ရှိနေသရွေ့ ယင်းပညာရပ်မှာ တိတ်တဆိတ် လည်ပတ်နေမည် ဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်း၏ လက်ရှိအဆင့်အရ ယင်းပညာရပ်၏ စွမ်းအား အနည်းငယ်ကိုသာ ထုတ်ဖော်နိုင်သည်။ ထိုမျှနှင့်ပင် ဒဏ်ရာအချို့ကို လျင်မြန်စွာ ကုသပေးနိုင်စွမ်း ရှိလေပြီ။

အချိန်အတန်ကြာ ကျင့်ကြံပြီးနောက်တွင်မူ ပြတ်တောက်သွားသော ခြေလက်များကိုပင် ပြန်လည်ပေါက်ဖွားစေနိုင်စွမ်း ရှိလာမည် ဖြစ်သည်။

ကျင့်စဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ ဝရဇိန်ခန္ဓာပညာရပ်၏ စွမ်းအားမှာလည်း ပိုမိုအားကောင်းလာမည်ဖြစ်ရာ ရှူးကျူး ပြောပြခဲ့သကဲ့သို့ မသေနိုင်သော၊ ဖျက်ဆီး၍မရသော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။

ဝရဇိန်ခန္ဓာပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သွားသောအခါ ချင်ယွမ်ဖုန်းမှာ ခရီးဆက်ရန် ပြင်ဆင်တော့သည်။

“သခင်လေးချင်... ခရီးလမ်းမှာ ဘေးကင်းပါစေ” ဟု ရှူးကျူးက ချင်ယွမ်ဖုန်းကို ပြုံး၍ နှုတ်ဆက်လေသည်။

ချင်ယွမ်ဖုန်းက လက်ဝေ့ယမ်းပြရင်း “စိတ်မပူပါနဲ့၊ ကျွန်တော် ဆရာတော်ဆီ ပြန်လာခဲ့ဦးမှာပါ” ဟု ဆို၏။

“ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့” ဟု ရှူးကျူးက ပြုံးလျက် ဆိုလေသည်။

လူနှစ်ဦးမှာ လင်ယင်းကျောင်းတော်၏ အဝင်ဝတွင် လမ်းခွဲခဲ့ကြတော့သည်။

နောက်ထပ် ခရီးစဉ်အဖြစ် ချင်ယွမ်ဖုန်းမှာ အဘိုးကျိုးနှင့် ချိန်းဆိုထားသည့်အတိုင်း ချင်ယွင်မျှော်စင်သို့ သွားရမည် ဖြစ်သည်။

ကျန့်ဂီအင်ပါယာ တစ်ခုလုံးနှင့် ကွန်ရှန်းချိုင့်ဝှမ်း၊ ဝူချီအင်ပါယာတို့အကြား နယ်နိမိတ်အဖြစ် ရှည်လျားလှသော တောင်တန်းကြီးက ခြားနားထားသည်။

ဝမ်တောင်တန်းကဲ့သို့ပင် ထိုတောင်တန်းများမှာ နယ်ခြားမျဉ်းများသဖွယ် တည်ရှိနေကြခြင်း ဖြစ်သည်။

သို့သော် ဝမ်တောင်တန်းတွင် မြက်ခင်းပြင်နှင့် လုယွဲ့အင်ပါယာသို့ ဆက်သွယ်ပေးသည့် ချိုင့်ဝှမ်းလမ်း ရှိသော်လည်း ကျန့်ဂီအင်ပါယာနှင့် ဝူချီအင်ပါယာအကြားတွင်မူ လမ်းမရှိပေ။

ထိုသို့ဖြစ်လင့်ကစား ကြီးမားလှသော တောင်တန်းကြီးများမှာ သူတို့၏ တိုက်ခိုက်လိုသော စိတ်ဓာတ်ကိုမူ မဟန့်တားနိုင်ကြချေ။

ချင်ယွမ်ဖုန်းမှာ ပတ်လမ်းမှ မသွားဘဲ လင်ယင်းကျောင်းတော်၏ နောက်ပေါက်မှ တိုက်ရိုက်ထွက်ကာ တောင်ဘက်သို့ ဦးတည်လိုက်သည်။

လင်ယင်းကျောင်းတော်မှာ သုံးဖက်သုံးတန် တောင်တန်းများ ဝန်းရံထားခြင်း ဖြစ်သည်။

သို့သော် ကွန်ရှန်းချိုင့်ဝှမ်းသို့ အမြန်ဆုံး ရောက်ရှိနိုင်မည့်လမ်းမှာ ထိုတောင်တန်းများကို ဖြတ်ကျော်ကာ တောင်ဘက်သို့ ဆက်လက်ထွက်ခွာရန်ပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းမှာ နတ်မင်းများ ပိတ်လှောင်ရာချိုင့်ဝှမ်းသို့ တိုက်ရိုက်ဦးတည်လိုက်ပြီး ယင်းနေရာအပေါ် အတော်ပင် စိတ်ဝင်စားမိနေသည်။

နိုဝင်ဘာလကုန်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရာသီဥတုမှာ တဖြည်းဖြည်း အေးစိမ့်လာကာ အရာခပ်သိမ်းမှာလည်း ညှိုးရော်စပြုနေပြီ ဖြစ်သည်။

ခုနစ်ရက်အကြာတွင် ချင်ယွမ်ဖုန်းမှာ တောင်တန်းကို ဖြတ်ကျော်ပြီးနောက် ကွန်ရှန်းချိုင့်ဝှမ်းအတွင်းရှိ ထျန်းကွန်မြို့သို့ ရောက်ရှိလာခဲ့လေပြီ။

ဤနေရာကို ကွန်ရှန်းချိုင့်ဝှမ်းဟု ခေါ်ဆိုကာ မြို့ကို ထျန်းကွန်မြို့ဟု ခေါ်ဆိုရခြင်းမှာ အကြောင်းရှိပေသည်။

နတ်မင်းများ ပိတ်လှောင်ရာချိုင့်ဝှမ်းမှာ သုံးဖက်သုံးတန် တောင်တန်းများ ကာရံထားသဖြင့် ထွက်ပေါက် မရှိပေ။ ဝင်လို ထွက်လိုပါက တောင်တန်းများကို ဖြတ်ကျော်ရုံသာ ရှိသည်။

တောင်တန်းမရှိသော ကျန်တစ်ဖက်မှာမူ ပင်လယ်ပြင်ကြီး ဖြစ်နေပြန်သည်။

ထို့ကြောင့် မည်သည့်ဘက်တွင်မျှ ထွက်ပေါက်မရှိခြင်းကို ပိတ်လှောင်ခံထားရသည်ဟု ယူဆကြခြင်း ဖြစ်သည်။

ထျန်းကွန်မြို့မှာ အလွန်တရာ ကြီးမားလှပေသည်။ ချင်ယွမ်ဖုန်း လုယွဲ့အင်ပါယာတွင် မြင်တွေ့ခဲ့ဖူးသမျှ အကြီးဆုံးဖြစ်သည့် ထျန်းတူးပြည်နယ်မြို့တော်ထက်ပင် နှစ်ဆခန့် ပိုကြီးနေသေးသည်။

ကွန်ရှန်းချိုင့်ဝှမ်းအတွင်း တောင်တန်းများမှလွဲ၍ ဤမြို့ကြီးတစ်မြို့တည်းသာ ရှိနေသကဲ့သို့ ခံစားရ၏။

ကွန်ရှန်းချိုင့်ဝှမ်းမှာ ရှန်းဝူစကြဝဠာ တိုက်ကြီးပေါ်တွင် လူသူမနီးသော အရပ်အဖြစ် နာမည်ကျော်လှသည်။

ယင်းနေရာမှာ မိစ္ဆာကျင့်ကြံသူများ၊ ဓားပြများ၊ သူခိုးများနှင့် ဝရမ်းပြေးများ စုဝေးရာနေရာ ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် စွမ်းအားအကြီးဆုံးသူကသာ အမှန်တရား ဖြစ်ပေသည်။

လက်သီးအကြီးဆုံးသူ ဖြစ်နေသရွေ့ ကြိုက်တာ လုပ်ပိုင်ခွင့် ရှိသည်။

ချင်ယွမ်ဖုန်းမှာ စိတ်ဝင်တစားနှင့် စိတ်လှုပ်ရှားစွာဖြင့် နတ်မင်းများ ပိတ်လှောင်ရာချိုင့်ဝှမ်း၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။

တံခါးစောင့်များပင်လျှင် ပဉ္စမအဆင့် မဟာဆရာနယ်ပယ်ရှိ သိုင်းပညာရှင် နှစ်ဦး ဖြစ်နေသည်။

ထိုလူနှစ်ဦးမှာ ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်ကို မခန့်မှန်းနိုင်ကြသော်လည်း ဤမျှ ငယ်ရွယ်သူတစ်ဦးမှာ အလွန်အမင်း စွမ်းအားကြီးနိုင်လိမ့်မည် မဟုတ်ဟု ယူဆကာ သူတို့၏ စိတ်ထဲတွင် ယုတ်မာသော အကြံတစ်ခု ပေါ်လာတော့သည်။

“ကောင်လေး... ဒီထျန်းကွန်မြို့က ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းသိလား” ဟု သိုင်းပညာရှင် တစ်ဦးက မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ဘာမှမသိနားမလည်သော အမူအရာဖြင့် ခေါင်းငြိမ့်ပြကာ “သိတာပေါ့... မသိရင် ကျွန်တော် ဘာလို့ ဒီကို လာမလဲ” ဟု ပြန်ပြောသည်။

“မင်းလို သိုးငယ်လေးတစ်ကောင်ဟာ အရှင်လတ်လတ် ဝါးမြိုခံရပြီး အရိုးတောင် ကျန်မှာမဟုတ်ဘူးဆိုတာကော သိရဲ့လား” ဟု နောက်တစ်ဦးက ခြောက်ခြားဖွယ် မျက်နှာပေးဖြင့် ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းကလည်း ကြောက်လန့်တကြား အမူအရာဖြင့် လိုက်ဖောပေးလိုက်သော်လည်း စိတ်ထဲတွင်မူ ခိုး၍ ဝမ်းသာနေမိသည်။

“ဟုတ်လား... ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ”

“လွယ်လွယ်လေးပါ” ဟု ထိုလူနှစ်ဦးက ရယ်မောရင်း “မင်းဆီမှာပါတဲ့ အဖိုးတန်ပစ္စည်းတွေ အကုန်ပေးခဲ့၊ ငါတို့က မင်းရဲ့ ဘေးကင်းရေးကို အာမခံပေးမယ်” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းက အမြန်ပင် ခေါင်းငြိမ့်လိုက်ပြီး “ကျွန်တော် မေးစရာလေး အနည်းငယ် ရှိပါသေးတယ်” ဟု ပြော၏။

“မေးစမ်းပါ” ချင်ယွမ်ဖုန်း ငါးစာမိသွားပြီဟု ထင်ကာ ထိုနှစ်ဦးမှာ စိတ်လှုပ်ရှားနေကြသည်။

“မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ၊ ဒီနေရာက ရှုပ်ထွေးတဲ့ နေရာလို့ ကြားထားတာလေ၊ ဘာလို့ အစောင့်တွေ ရှိနေတာလဲ” ဟု ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါကို မင်းမသိသေးဘူးပဲ၊ ထျန်းကွန်မြို့က ရှုပ်ထွေးပေမဲ့ မြို့စားမင်းတော့ ရှိတယ်၊ ဒါပေမဲ့ သူက ဘာမှဝင်မလုပ်တတ်ဘူး၊ တံခါးစောင့်တာကလည်း အပေါ်ယံ ဟန်ပြပါပဲ” ဟု တစ်ဦးက ဆိုသည်။

“ဟုတ်တယ်၊ မြို့စားမင်းရှိနေလို့သာ မြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတာ၊ မြို့ရဲ့ စည်းကမ်းကို မလိုက်နာတဲ့ ဘယ်သူ့ကိုမဆို ထျန်းကွန်မြို့ပြင်ကို ကန်ထုတ်ပစ်မှာ” ဟု နောက်တစ်ဦးကလည်း ဖြည့်စွက်ပြောသည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်ရင်း “ဪ... ဒီလိုကိုး” ဟု ဆိုသည်။ ထျန်းကွန်မြို့သို့ လာကြသူများမှာ အကြံကုန် ဂယောင်ချောက်ခြား ဖြစ်နေသူများသာ ဖြစ်ပြီး သူတို့အတွက် ဤနေရာမှလွဲ၍ သွားစရာ မရှိပေ။

မြို့ပြင်ထွက်သည်နှင့် အမဲလိုက်ခံရမည်ဖြစ်ရာ သူတို့အားလုံးမှာ မြို့၏ စည်းကမ်းများကို လိုက်နာကြခြင်း ဖြစ်သည်။

“ဒါဆို ချင်ယွင်မျှော်စင်က မြို့ထဲမှာပဲ ရှိတာလား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်ပြန်သည်။

“ဒါပေါ့... မင်းက ချင်ယွင်မျှော်စင်ကလား” ဟု ထိုနှစ်ဦးလုံးက အံ့အားသင့်သလို ကြည့်လိုက်ကြသည်။

“မဟုတ်ပါဘူး” ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်သည်။

ထိုအခါမှ သူတို့နှစ်ဦးမှာ သက်ပြင်းချနိုင်တော့သည်။

“ကဲ... မြန်မြန်သွားတော့၊ မဟုတ်ရင် မြို့ထဲရောက်တာနဲ့ အဝတ်အစားတွေ အမြိတ်ခံရပြီး လမ်းမပေါ် အဝတ်ဗလာနဲ့ အပစ်ခံရလိမ့်မယ်”

“နောက်ဆုံးတစ်ချက်လောက် မေးပါရစေ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်သည်။ “ဒီမြို့မှာ လက်သီးကြီးတဲ့သူက အမှန်တရားပဲလို့ ကြားထားတယ်၊ ဟုတ်လား”

“ဒါပေါ့... မင်းရဲ့ လက်သီးကသာ အကြီးဆုံးဖြစ်နေရင် မြို့ထဲမှာ မင်းကြိုက်တာ လုပ်လို့ရတယ်” ဟု ထိုနှစ်ဦးက စိတ်မရှည်စွာ ပြန်ပြောသည်။

“ဪ... သိပြီ” ချင်ယွမ်ဖုန်းက ရယ်မောရင်း ဆောင့်ကြောင့်ထိုင်လိုက်ကာ ရုတ်တရက် မတ်တတ်ပြန်ထလိုက်သည်။

ကြီးမားလှသော လက်သီးတစ်ချက်မှာ ထိုလူနှစ်ဦး၏ ရှေ့မှောက်တွင် ပေါ်လာကာ သူတို့၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

သူတို့မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်များမှာ နောက်ဘက်ရှိ မြို့ရိုးဆီသို့ လွင့်စင်သွားကြသည်။

“လက်သီးကြီးတဲ့သူက အမှန်တရားဆိုမှတော့ ကျွန်တော်က မင်းတို့ကို ဘာလို့ ပစ္စည်းပေးရမှာလဲ” ဟု ချင်ယွမ်ဖုန်းက လက်ဝေ့ယမ်းကာ မြို့ထဲသို့ လှမ်းဝင်သွားလေသည်။

ထိုလူနှစ်ဦးမှာ ဒေါသတကြီးဖြင့် ပြန်လည်ထလာချိန်တွင်မူ ချင်ယွမ်ဖုန်း၏ အရိပ်အယောင်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။

အခြားသော မြို့များကဲ့သို့ပင် ဤမြို့တွင်လည်း ဆိုင်ခန်းမျိုးစုံနှင့် ဈေးသည်များ ရှိနေကြသည်။

ချင်ယွမ်ဖုန်းအနေဖြင့် လက်သီးအားကိုးကာ ပစ္စည်းလုနေသူများကိုလည်း မမြင်တွေ့ရပေ။

တစ်ဖက်တွင် မြို့၏ စည်းကမ်းများ ရှိနေသည်။

တစ်စုံတစ်ယောက်က တိတ်တဆိတ် လုပ်ဆောင်နေလျှင် မည်သူမျှ ဂရုစိုက်မည် မဟုတ်သော်လည်း အခြေအနေများ လွန်ကဲလာပါက မြို့စားမင်းက ဝင်ရောက်စွက်ဖက်မည် ဖြစ်သည်။

အခြားအကြောင်းရင်းမှာမူ ဤနေရာသို့ လာကြသူများသည် အပြင်လောကမှ လိုက်လံဖမ်းဆီးမှုများကို ရှောင်တိမ်းရန် လာကြသူများ ဖြစ်သဖြင့် မြို့ထဲတွင် သူတို့ကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြခြင်းပင် ဖြစ်ပေတော့သည်။

All Chapters