← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 17 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 17 Ch. 319-320

အခန်း( ၃၁၉)ကုန်သည်ကြီးများအသင်း

မြို့တော်အတွင်းရှိ အခြေအနေများမှာ ပြင်ပတွင် ကောလာဟလ ထွက်ပေါ်နေသကဲ့သို့ ဆိုးရွားလှသည်မဟုတ်ရာ ချင်ယွမ်ဖုန်းမှာ စိတ်အေးသွားရပြီး မြို့သစ်တစ်မြို့သို့ ရောက်ရှိလာသကဲ့သို့သာ သဘောထားလိုက်တော့ချေသည်။

ယင်းနောက် စုံစမ်းမေးမြန်းမှု အနည်းငယ် ပြုလုပ်ကြည့်ရာမှ ချင်ယွင်မျှော်စင် တည်ရှိရာနေရာကို သိရှိခဲ့ရလေသည်။

ထျန်းကွန်မြို့အတွင်း ချင်ယွင်မျှော်စင်မှာ အလွန်ပင် ကျော်ကြားလှရုံမက ၎င်း၏ ဌာနချုပ်မှာလည်း ခမ်းနားထည်ဝါလှသော နန်းတော်သဖွယ် အဆောက်အအုံကြီး ဖြစ်ပေရာ စုံစမ်းရန် မခဲယဉ်းလှပေ။

ချင်ယွမ်ဖုန်းသည် ချင်ယွင်မျှော်စင်၏ ဝင်ပေါက်သို့ လျှောက်လှမ်းလာခဲ့ရာ ခန်းမဆောင်ကြီးအတွင်း လူအများ အဝင်အထွက် ပြုလုပ်နေကြသဖြင့် အလွန်ပင် စည်ကားနေသည်ကို တွေ့ရှိလိုက်ရ၏။

"ဒါက ဘာပါလိမ့်" ဟု ချင်ယွမ်ဖုန်းမှာ အလွန်ပင် သိချင်စိတ် ပြင်းပြသွားမိသည်။ သူ၏ စိတ်ကူးထဲတွင်မူ ချင်ယွင်မျှော်စင်ဆိုသည်မှာ အလွန်ပင် တည်ကြည်လေးနက်ရမည့် နေရာတစ်ခု ဖြစ်သင့်သည် မဟုတ်လော။

ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် ချင်ယွမ်ဖုန်း၏ သံသယများမှာ ပိုမိုနက်ရှိုင်းလာခဲ့ရချေသည်။

ခန်းမအတွင်း လူအများအပြား ရှိနေကြပြီး ရှေ့ဘက်တွင် ရှည်လျားသော ကောင်တာတစ်ခုနှင့် ဘေးနားတွင် ကြီးမားလှသော အသိပေးဘုတ်တစ်ခု ရှိနေသည်မှာ ဆေးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းတွင်းတာဝန်များ ထုတ်ပြန်ပေးရာ နေရာနှင့်ပင် ဆင်တူနေတော့သည်။

"ဒါက ဘာလဲ၊ ကြေးစားစစ်သည်များ အစည်းအရုံးလား" ဟု ဆိုကာ ချင်ယွမ်ဖုန်းမှာ မျက်လုံးများ ပြူးသွားရသည်။

ထိုစဉ် အမျိုးသမီးတစ်ဦးသည် သူ၏ ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့၏။

ထိုအမျိုးသမီး၏ ပုံပန်းသဏ္ဌာန်မှာ အတန်ငယ် ကြမ်းတမ်းရက်စက်မည့် ပုံပေါ်သည့်အပြင် ချင်ယွမ်ဖုန်းအပေါ် နွေးထွေးပျူငှာသော အကြည့်မျိုးလည်း လုံးဝမရှိပေ။

ချင်ယွမ်ဖုန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သူသည် ဤအမျိုးသမီးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြောင်း သေချာလှပါသော်လည်း သူမက အဘယ်ကြောင့် ဤသို့ ဆက်ဆံနေရသနည်း။

"မင်္ဂလာပါရှင်၊ ကျွန်မတို့ အခုမှ ပထမဆုံး တွေ့ဖူးတာပဲ၊ လူကြီးမင်းအတွက် ဘာများ ကူညီပေးရမလဲ" ထိုအမျိုးသမီးသည် ကမ္ဘာမြေပေါ်ရှိ ဝယ်သူကို အထင်မြင်သေးသော အရောင်းဝန်ထမ်းများကဲ့သို့ပင် မျက်နှာသေနှင့် စကားလုံးများကို ရွတ်ဖတ်ပြနေတော့သည်။

"ဒါ ချင်ယွင်မျှော်စင် မဟုတ်ဘူးလား" ဟု ချင်ယွမ်ဖုန်းက နောက်ဆုံးတွင် မေးမြန်းလိုက်ရ၏။

"ဒါက တာဝန်တွေ ပေးအပ်တဲ့ ချင်ယွင်မျှော်စင် အစည်းအရုံးပဲ၊ တာဝန်ကို ပြီးအောင် ဆောင်ရွက်နိုင်တဲ့သူတွေက အခကြေးငွေ ရကြလိမ့်မယ်" ဟု ထိုအမျိုးသမီးက စိတ်မရှည်သော မျက်နှာထားဖြင့် ဆက်လက် ပြောကြားလေသည်။

"ဪ၊ နားလည်ပါပြီ၊ ကျွန်တော်က အဘိုးကျိုးထုံကို တွေ့ချင်လို့ပါ" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။

"ရှင်ကလား၊ အကြီးအကဲကျိုးထုံကို တွေ့ချင်တယ် ဟုတ်လား" ထိုအမျိုးသမီးက လှောင်ပြောင် သရော်လိုက်ပြီးလျှင် "အကြီးအကဲကျိုးထုံ ပြန်ရောက်နေတယ်ဆိုတိုင်း လမ်းဘေးက ခွေးဖြစ်ဖြစ် ဝက်ဖြစ်ဖြစ် တွေ့ခွင့်ရမယ်လို့ မထင်လိုက်နဲ့"

ချင်ယွမ်ဖုန်းမှာ အလွန်ပင် ဒေါသထွက်သွားရသော်လည်း ရယ်ပင် ရယ်ချင်သွားမိတော့သည်။

"ကျွန်တော် မေးပါရစေဦး၊ မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်လို့ ထင်နေတာလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးမှာ အမွေးပွနေသော ကြောင်တစ်ကောင်ကဲ့သို့ တုံ့ပြန်လာတော့၏။

"ကျွန်မက ဘာကောင်လဲ ဟုတ်လား၊ ကျွန်မက ဒီနေရာရဲ့ တာဝန်ခံပဲ၊ ရှင်နဲ့ စကားပြောပေးတာတောင် ကျေးဇူးတင်ရမှာကို ငါ့ကို ဒီလိုမျိုး စကားပြောရဲတယ်ပေါ့၊ ကာကွယ်ရေး အစောင့်တွေ၊ ဒီမှာ လာဆူပူနေတဲ့သူ ရှိတယ်"

စူးရှသော အသံမှာ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး မကြာမီမှာပင် လူအနည်းငယ် ထိုနေရာသို့ ပြေးဝင်လာကြရာ ၎င်းတို့မှာ လုံခြုံရေး အစောင့်များ ဖြစ်ဟန်တူပေသည်။

"ဒီနေရာရဲ့ သခင်များလား မှတ်နေတာ၊ တကယ်တော့ ကြီးကြပ်သူ တစ်ယောက်ပဲကို၊ လူတွေကို ခိုင်းစားနေရတာ ရက်အနည်းငယ် ရှိသွားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အထက်တန်းလွှာလို့ ထင်နေတာလား" ဟု ချင်ယွမ်ဖုန်းက ခနဲ့လိုက်သည်။

ယေဘုယျအားဖြင့် 'တာဝန်ခံ' ဆိုသည်မှာ အဖျော်ဖြေခံရုံနှင့် အလုပ်ပြီးချိန်တွင် သန့်ရှင်းရေးလုပ်ရန် လူများနောက်မှ လိုက်နေရသည့် အလုပ်တစ်ခုသာ ဖြစ်ပေသည်။

'တာဝန်ခံ' ဟု ခေါ်ဝေါ်ခြင်းမှာ နားဝင်ချိုစေရန် အမည်ကောင်း တပ်ထားခြင်းသာ ဖြစ်ချေသည်။

အမျိုးသမီးမှာ ချင်ယွမ်ဖုန်း၏ စကားကြောင့် သူ၏ အားနည်းချက်ကို ထိမှန်သွားသကဲ့သို့ အလွန်ပင် ဒေါသထွက်သွားပြီး ရောက်ရှိလာသော လူများကို လက်ညိုးထိုးပြလိုက်တော့သည်

"သူပဲ၊ သူက လာပြီး ပြဿနာရှာနေတာ"

ထိုလူများအားလုံးမှာ ဓားရှည်များ ကိုင်ဆောင်ထားကြပြီး အင်္ကျီပေါ်တွင်လည်း 'ချင်ယွင်မျှော်စင်' ဟု စာလုံးများ ရေးထိုးထားရာ ဤနေရာ၏ လုံခြုံရေး အမှုထမ်းများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ကျေးဇူးပြုပြီး ဒီကနေ အမြန်ထွက်သွားပေးပါ၊ မဟုတ်ရင်တော့ ကျွန်တော်တို့ ယဉ်ကျေးနေမှာ မဟုတ်ဘူး" ဟု အစောင့်ခေါင်းဆောင်က ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ မနိမ့်လှကြောင်း သတိပြုမိသဖြင့် အော်ဟစ် ပြောဆိုလိုက်၏။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီးလျှင် "ဒါက ချင်ယွင်မျှော်စင်က ဧည့်သည်တွေကို ဆက်ဆံတဲ့ နည်းလမ်းလား၊ တကယ့်ကို ဗဟုသုတ ရစရာပဲ၊ ဒါပေမဲ့ ငါက တာဝန်တစ်ခု လက်ခံဖို့ လာတာဆိုတော့ မင်းတို့ ငါ့ကို အတင်းမောင်းထုတ်လို့ မရဘူး မဟုတ်လား

ထိုလူများမှာ တုံ့ဆိုင်းသွားကြတော့သည်။

ပုံမှန်အားဖြင့် တာဝန်လက်ခံရန် လာကြသော ကြေးစားစစ်သည်များမှာ သူတို့၏ ဧည့်သည်များပင် ဖြစ်ပေသည်။

ထိုစစ်သည်များက သူတို့အပေါ် မည်သို့ ဆက်ဆံသည်ကို ဂရုမစိုက်ကြသော်လည်း ချင်ယွင်မျှော်စင်တွင်မူ ဧည့်သည်များကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရမည်ဟူသော စည်းကမ်း ရှိပေသည်။

"မင်းမှာ ကြေးစားစစ်သည် တံဆိပ်ပြား ရှိလား" ဟု အစောင့်တစ်ဦးက မေးလိုက်၏။

"ကြေးစားစစ်သည် တံဆိပ်ပြားလား" ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ အဝင်အထွက် ပြုလုပ်နေသော လူများ၏ ရင်ဘတ်တွင် အညိုရောင် သို့မဟုတ် ငွေရောင် တံဆိပ်ပြားများ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

"ဟားဟား၊ သူက ကြေးစားစစ်သည် တံဆိပ်ပြားတောင် မရှိဘဲနဲ့ တာဝန်လက်ခံဖို့ လာတာတဲ့လား၊ သူ့ကို ကောင်းကောင်း ဆုံးမပြီး အပြင်ကို လွှင့်ပစ်လိုက်ကြစမ်း" ဟု အမျိုးသမီးက အေးစက်စွာ ပြောဆိုလိုက်လေသည်။

ချင်ယွမ်ဖုန်းက လက်ကို အမြန်ဝေ့ယမ်းလိုက်ပြီး "ခဏနေပါဦး၊ ဒီတံဆိပ်ပြားကို ဘယ်လို ရနိုင်လဲ"

"အဆင့်စစ်ဆေးမှုကို ကျွန်တော်တို့ရဲ့ ချင်ယွင်မျှော်စင် အစည်းအရုံးမှာ ကျင်းပပေးပါတယ်၊ စစ်ဆေးမှု အောင်မြင်ပြီဆိုရင် မင်းရဲ့ အရည်အချင်းအပေါ် မူတည်ပြီး ကြေးနီတံဆိပ်၊ ငွေတံဆိပ် ဒါမှမဟုတ် ရွှေတံဆိပ် ရနိုင်ပါတယ်" ဟု အစောင့်တစ်ဦးက အမြန် ရှင်းပြလိုက်သည်။

အမျိုးသမီးက ထိုအစောင့်အား စိုက်ကြည့်လိုက်သဖြင့် သူသည် ပါးစပ်ကို အမြန် ပြန်ပိတ်လိုက်ရချေသည်။

"ကောင်းပြီ၊ ငါ့ကို စာမေးပွဲ ဖြေဖို့ ခေါ်သွားပေးပါ" ဟု ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်တော့သည်။

အမျိုးသမီးမှာ ဒေါသကြောင့် တုန်ရီနေတော့၏။ ဤလူမှာ အလွန်ပင် မောက်မာလှသော်လည်း သူမအနေဖြင့် အတင်းအကျပ် မောင်းထုတ်၍ မရနိုင်သေးပေ။

"ဟွန်း၊ မင်းရဲ့ ပုံစံကြည့်ရတာ ကြေးနီတံဆိပ်ပဲ ရမှာပါ၊ ကြိုးစားရင်တော့ ငွေတံဆိပ် ရချင်ရမယ်၊ ရွှေတံဆိပ်ရဖို့တော့ စိတ်ကူးတောင် မယဉ်နဲ့၊ စိတ်မပူပါနဲ့၊ နင် တံဆိပ်တစ်ခုခု ရလာခဲ့ရင်တောင် နင့်ကို ငါက ကောင်းကောင်း ဂရုစိုက်ပေးဦးမှာပါ"

ဟု အမျိုးသမီးက ချင်ယွမ်ဖုန်း၏ နားနားသို့ ကပ်ကာ ရက်စက်စွာ ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ပုခုံးတွန့်လိုက်ရုံသာ ပြုလိုက်၏။

"အား" ဟု အမျိုးသမီးက အော်ဟစ်လိုက်သော်လည်း ချင်ယွမ်ဖုန်းက သူ၏လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်ရာ သူ၏ လှုပ်ရှားမှုကို မည်သူမျှ မမြင်လိုက်ကြပေ။

"နင်..." အမျိုးသမီးမှာ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာနီမြန်းသွားသော်လည်း ကြမ်းတမ်းသော သူမ၏ မျက်နှာမှာ ကြည့်မကောင်းလှသေးပေ။

"ဘာဖြစ်လို့လဲ၊ လမ်းလျှောက်ရင် သတိထားဦးမှပေါ့" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ပြီး ရှေ့မှ အစောင့်နောက်သို့ လိုက်ပါသွားတော့သည်။

အစောင့်များသည် ချင်ယွမ်ဖုန်းအား အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီးနောက် အတွင်းသို့ ဝင်ခိုင်းလိုက်ကြ၏။

"ဒါက တံဆိပ်ပြားအတွက် စစ်ဆေးရမယ့် နေရာပဲ" ဟု အစောင့်က ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "ကျေးဇူးပါပဲ" ဟု ပြောလိုက်၏။

"မလိုပါဘူး၊ လျိုအန်းအန်းက ပါးစပ်သရမ်းပြီး စိတ်ပုပ်တယ်ဆိုတာ နာမည်ကြီးပဲ၊ သူက အထက်လူကြီးတွေနဲ့ ပတ်သက်မှုရှိလို့ ဒီကြီးကြပ်သူ ရာထူးကို ရခဲ့တာလို့ ကြားတယ်၊ သူက မင်းတို့လို စစ်သည်တွေကိုပဲ ဖြစ်ဖြစ်၊ ငါတို့လို လူတွေကိုပဲ ဖြစ်ဖြစ် အမြဲတမ်း မောက်မာနေတတ်တာ၊ သူ့ကို ဂရုမစိုက်ပါနဲ့"

ချင်ယွမ်ဖုန်းက ရယ်မောလိုက်ပြီး "ကောင်းပါပြီ၊ ငါ နားလည်ပါတယ်" ဟု ပြန်ပြောလိုက်သည်။

အခန်းအတွင်းသို့ ဝင်လိုက်သောအခါ သစ်သားတိုင်တစ်ခုကဲ့သို့ ပိန်ချောင်ချောင် အဘိုးအိုတစ်ဦးမှာ မျက်စိမှိတ်လျက် သစ်သားရုပ်ထုကြီးသဖွယ် ရပ်နေသည်ကို တွေ့ရ၏။

"ကလေး၊ မင်း ဘာကို ကြည့်နေတာလဲ" အဘိုးအိုက ရုတ်တရက် မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းမှာ လန့်သွားရပြီး "ကျွန်တော် တံဆိပ်ပြားအတွက် အဆင့်စစ်ဆေးမှု လာခံယူတာပါ" ဟု ပြောလိုက်ရလေသည်။

"ငါ့နောက် လိုက်ခဲ့" အဘိုးအိုက တည်ငြိမ်စွာ ပြောဆိုလိုက်ပြီးနောက် လှည့်ထွက်သွားကာ ချင်ယွမ်ဖုန်းအား ကြီးမားသော ကျောက်တုံးကြီးတစ်ခုရှိရာသို့ ခေါ်ဆောင်သွားတော့သည်။

ကျောက်တုံးကြီးမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးတွင် ကျင့်စဉ်အဆင့်များကို စစ်ဆေးရန် အသုံးပြုသော ကိရိယာတစ်ခု ဖြစ်ပေသည်။ ချင်ယွမ်ဖုန်းသည် ယခင်က ဆေးနတ်ဘုရားဂိုဏ်း၏ စမ်းသပ်ကျောက်တုံးတွင် သူ၏ ကျင့်စဉ်နှင့် ပါရမီများ အားလုံး ဆုံးရှုံးခဲ့ဖူးပေသည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ရှေ့သို့ လှမ်းတက်ကာ သူ၏ လက်ဝါးကို စမ်းသပ်ကျောက်တုံးပေါ်သို့ အသာအယာ တင်လိုက်၏။

ကျောက်တုံးကြီးမှာ အလင်းများ တောက်ပလာခဲ့ရာ ပထမတွင် အစိမ်းရောင်၊ ထို့နောက် အပြာရောင်နှင့် နောက်ဆုံးတွင် အနီရောင်သို့ ကူးပြောင်းကာ တည်ငြိမ်သွားတော့သည်။

အနီရောင်မှာ မဟာဆရာနယ်ပယ်ကို ကိုယ်စားပြုကြောင်း ချင်ယွမ်ဖုန်း သိရှိထားပေသည်။

"ကောင်းပြီ၊ မင်းက မဟာဆရာအဆင့်ကို ရောက်နေပြီဆိုတော့ ငွေတံဆိပ် ရနိုင်တယ်" ဟု ပိန်ချောင်ချောင် အဘိုးအိုက တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။

"ငွေတံဆိပ် တစ်ခုတည်းလား" ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်၏။ အကယ်၍ သူက ငွေတံဆိပ်သာ ရရှိခဲ့ပါက ထိုစိတ်ပုပ်သော အမျိုးသမီးအား မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိတော့ပေ။

"ဆရာကြီး၊ ကျွန်တော်က ပိုပြီး အဆင့်မြင့်တဲ့ တံဆိပ်ကို လိုချင်တာပါ၊ ကျွန်တော် ဘာဆက်လုပ်ရမလဲ" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်တော့သည်။

အခန်း (၃၂၀) တံဆိပ်ပြားအား ရရှိခြင်း

“လူငယ်လေး... ရည်မှန်းချက် သိပ်မကြီးပါနဲ့ဦး။ မင်းရဲ့ ကျင့်စဉ်အဆင့်က မနိမ့်လှဘူးဆိုပေမဲ့ မင်းမှာ ပါရမီဆိုတာကတော့ လုံးဝမရှိသလောက်ပဲ။ အဲဒီတော့ ရှေ့ဆက်ပြီး တိုးတက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်” ဟု အဘိုးအိုက တည်ငြိမ်စွာ ဆိုလေသည်။

ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရ၏။ ဤအဘိုးအိုသည် သူ၏ အခြေအနေကို အမှန်အတိုင်း အကဲခတ်နိုင်သည်ဖြစ်ရာ အလွန်ပင် ဝါရင့်ထူးချွန်သူတစ်ဦး ဖြစ်ဟန်တူသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။

“စီနီယာ... ကျွန်တော်က ဒီအဆင့်ထိ ရောက်လာခဲ့ပြီဆိုတော့ ဒီမှာတင် ရပ်တန့်မသွားချင်ဘူး” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြန်ပြောလိုက်၏။

သူ၏ ပါရမီကို ဆုံးရှုံးခဲ့ရကတည်းက သူ၏ တိုးတက်မှုမှန်သမျှသည် ဆေးလုံးများ သောက်သုံးခြင်း သို့မဟုတ် သူတစ်ပါး၏ ကျင့်စဉ်စွမ်းအားကို စုပ်ယူခြင်းများကြောင့်သာ ဖြစ်ခဲ့ရသည်။

ကိုယ်တိုင်ကျင့်ကြံအားထုတ်မှုဖြင့် ရရှိခဲ့သော တိုးတက်မှုမှာ အလွန်ပင် နည်းပါးလှပေသည်။

ပိန်ချောင်ချောင် အဘိုးအိုသည် ချင်ယွမ်ဖုန်းအား တစ်ချက်ကြည့်ကာ အကူအညီမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး-

“လူတွေဟာ ဘယ်တော့မှ မတင်းတိမ်နိုင်ကြဘူး။ ဒါကြောင့်လည်း သူတို့ကိုယ်သူတို့ နေရာတိုင်းမှာ ခက်ခဲအောင် လုပ်နေကြတာပေါ့” ဟု ဆိုကာ ရှေ့သို့ လှည့်ထွက်သွားရာ ချင်ယွမ်ဖုန်းလည်း ခပ်သွက်သွက်ပင် နောက်မှ လိုက်သွားခဲ့သည်။

“ကြေးစားစစ်သည်တွေဆိုတာ အမျိုးအစား အမျိုးမျိုးရှိကြသလို နယ်ပယ်အသီးသီးမှာလည်း ကျွမ်းကျင်မှုတွေ ရှိကြရတယ်။ ဒါကြောင့် ရွှေတံဆိပ်အဆင့်ကို တိုးမြှင့်ချင်တယ်ဆိုရင် သိုင်းပညာ အစွမ်းထက်ရုံတင်မကဘဲ တခြားနယ်ပယ်တွေမှာလည်း ဗဟုသုတ ကြွယ်ဝဖို့ လိုအပ်တယ်” ဟု လမ်းလျှောက်ရင်း ထိုအဘိုးအိုက ရှင်းပြလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ “ဒါဆို နောက်ထပ် စစ်ဆေးမယ့် အရာက ဘာဖြစ်မလဲခ” ဟု မေးလိုက်သည်။

“ပထမဆုံးအနေနဲ့ မင်းရဲ့ ဆေးဖော်စပ်ခြင်း ပညာကို စမ်းသပ်မယ်။ ဆေးဖော်စပ်ခြင်းဟာ အသုံးအများဆုံး ဖြစ်သလို အခက်ခဲဆုံး ပညာရပ်လည်း ဖြစ်တယ်။ အဲဒါကိုမှ မလုပ်နိုင်ရင်တော့ ပိုမြင့်တဲ့ တံဆိပ်ပြားကို ရဖို့ ဘယ်တော့မှ စိတ်မကူးနဲ့ဦး” ဟု အဘိုးအိုက တည်ငြိမ်စွာ ဆိုသည်။

ချင်ယွမ်ဖုန်းက ရယ်မောလျက် “အမှန်အတိုင်း ပြောရရင် စီနီယာ... ကျွန်တော်က ဆေးဖော်စပ်သူ တစ်ယောက်ပါ” ဟု ပြောလိုက်၏

။

အဘိုးအို၏ မျက်ဝန်းအစုံမှာ အရောင်တစ်ချက် ဝင်းလက်သွားသည်။ သူသည် စကားတစ်ခွန်းမှ မဆိုဘဲ ချင်ယွမ်ဖုန်းအား အနောက်ဘက်သို့ ခေါ်ဆောင်သွားလေသည်။

ထိုအခန်းမှာ အလွန်ပင် ကြီးမားလှပြီး အမိုးမှာလည်း ဆယ်မီတာခန့် မြင့်မားသဖြင့် ကျယ်ဝန်းလှသော ခံစားချက်ကို ပေးစွမ်းသည်။

အခန်းအား နှစ်ပိုင်းခွဲထားရာ ရှေ့ပိုင်းမှာ ကျင့်စဉ်အဆင့်ကို စမ်းသပ်ရန်ဖြစ်ပြီး အနောက်ဘက် အစိတ်အပိုင်းမှာမူ အခြားသော ကျွမ်းကျင်မှုများကို စမ်းသပ်ရန်အတွက် ချဲ့ထွင်ထားခြင်း ဖြစ်သည်။

“ကဲ... အနည်းဆုံး စတုတ္ထအဆင့် ရှိတဲ့ ဆေးလုံးတစ်လုံးကို အရင်ဆုံး ဖော်စပ်ကြည့်စမ်း” ထိုအဘိုးအိုသည် ဆေးမီးဖိုနှင့် ဝိညာဉ်ဆေးပင်များ ရှိရာ နေရာငယ်လေးတစ်ခုသို့ ချင်ယွမ်ဖုန်းအား ခေါ်ဆောင်လာခဲ့သည်။

“ရပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဆေးမီးဖိုကို သုံးရတာက ပိုပြီး အဆင်ပြေလိမ့်မယ် ထင်တယ်” ဟု ဆိုကာ ချင်ယွမ်ဖုန်းက သူ၏ နဂါးဖမ်းဆေးမီးဖိုကို ထုတ်လိုက်သည်။

နဂါးဖမ်းဆေးမီးဖိုကို မြင်လိုက်ရသောအခါ ပိန်ချောင်ချောင် အဘိုးအို၏ မျက်ခွံများမှာ အနည်းငယ် လှုပ်ခတ်သွားရသည်။ ထိုဆေးမီးဖို၏ ထူးကဲသော ဂုဏ်သတ္တိကို သူက ကောင်းစွာ သိမြင်ပုံရသည်။

ချင်ယွမ်ဖုန်းသည် ပြင်ဆင်ပေးထားသော ဝိညာဉ်ဆေးပင်များကို ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။

ဤနေရာရှိ ဆေးပင်များမှာ အလွန်ပင် ထူးဆန်းလှပေသည်။ အချို့ကို ချင်ယွမ်ဖုန်းက အမည်ပင် မသိသကဲ့သို့ ဆေးဖော်စပ်ရန်အတွက် မည်သို့ အသုံးပြုရမည်ကိုလည်း မသိချေ။

သို့သော်လည်း ချင်ယွမ်ဖုန်းအတွက်မူ ဤအရာက ပြဿနာမဟုတ်ပေ။ သူက စိတ်ထဲမှနေ၍ ရှောင်လင်အား လှမ်းခေါ်လိုက်သည်။

“သခင်... ဘာများ ဖြစ်လို့လဲရှင့်” ဟု ရှောင်လင်က မေးသည်။

“ငါ ဆေးနည်းဖော်စပ်နည်းတွေ စုံလင်နေတဲ့ အကျဉ်းချုပ်ကျမ်းကို ဝယ်ချင်တယ်” ဟု ချင်ယွမ်ဖုန်းက ပြောလိုက်၏။

“ရပါပြီရှင်” ရှောင်လင်က အလွန်ပင် လျင်မြန်စွာ ဆောင်ရွက်ပေးလိုက်သဖြင့် ချင်ယွမ်ဖုန်းမှာ နောင်တရရန်ပင် အချိန်မရလိုက်ချေ။

ယုံကြည်မှုတန်ဖိုး တစ်သန်းမှာ ချက်ချင်းပင် အနှုတ်ခံလိုက်ရပြီး များပြားလှသော ဆေးဖော်စပ်နည်းများမှာ ချင်ယွမ်ဖုန်း၏ ဦးနှောက်အတွင်းသို့ စတင် စီးဝင်လာတော့သည်။

ဤဆေးနည်းများမှာ ရှောင်လင်မှ စုဆောင်းထားခြင်းဖြစ်ပြီး ရှန်းဝူ စကြဝဠာ တိုက်ကြီး စတင်ပေါ်ပေါက်လာချိန်မှ ယနေ့အထိ ရှိသမျှသော ဆေးဖော်စပ်နည်းများ အားလုံးပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းက ဆေးမီးဖိုကို ထုတ်လိုက်ပြီးနောက် ငြိမ်သက်သွားသည်ကို မြင်သောအခါ အဘိုးအိုက မျက်မှောင်ကြုတ်လျက်-

“ကောင်လေး... မင်း ဆေးဖော်စပ်တတ်ရဲ့လား” ဟု မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းမော့ကြည့်ကာ တောင်းပန်သည့်သဘောဖြင့် ပြုံးပြလိုက်ရာ သူ၏ နဖူးပေါ်တွင် ချွေးစက်များ စို့နေလေပြီ။ သူသည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း ထိုအဘိုးအိုရှေ့တွင်မူ မပြရဲပေ။

ကံကောင်းသည်မှာ ယခင်က နှစ်ကြိမ်တိုင်တိုင် ဤသို့ ကြုံဖူးခဲ့သဖြင့် ဤနာကျင်မှုမျိုးအား သူက အတန်ငယ် ခံနိုင်ရည်ရှိနေခြင်းပင် ဖြစ်သည်။

ထိုအဘိုးအို၏ သံသယရှိသော အကြည့်များအောက်တွင် ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်နည်း အစုံအလင်ကို သူ၏ စိတ်ထဲ၌ အပြီးတိုင် မှတ်သားလိုက်နိုင်လေပြီ။

“ကောင်းပြီ” ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “စိတ်မပူပါနဲ့ စီနီယာ... ကျွန်တော် အခုပဲ ဆေးဖော်စပ်တော့မှာပါ” ဟု ပြောလိုက်သည်။

“မြန်မြန်လုပ်တာ ကောင်းလိမ့်မယ်... မဟုတ်ရင် မင်း ငါ့ကို နောက်ပြောင်နေတယ်လို့ ငါ ထင်မိတော့မယ်” ဟု အဘိုးအိုက အေးစက်စက် ဆိုသည်။

ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဝိညာဉ်ဆေးပင်များကို ကြည့်လိုက်သော်လည်း သူ၏ စိတ်မှာ ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားရပြန်သည်။

သူက ဆေးနည်းများအားလုံးကို သိရှိသွားပြီ ဆိုသော်လည်း ဆေးပင်အချို့ကိုမူ သူက အမည်မသိသေးပေ။ ဆေးဖော်စပ်နည်း ကျမ်းထဲတွင် ဝိညာဉ်ဆေးပင်များ၏ အချက်အလက်များ မပါဝင်သောကြောင့် ဖြစ်သည်။

“သေစမ်း... ဒုက္ခပဲ” ချင်ယွမ်ဖုန်းက အဘိုးအိုအား အားနာစွာဖြင့် ပြုံးပြရင်း “ဟိုလေ စီနီယာ... ကျွန်တော့်ကို အချိန်လေး နည်းနည်းလောက် ထပ်ပေးပါဦး” ဟု တောင်းဆိုလိုက်ရသည်။

“မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ” ပိန်ချောင်ချောင် အဘိုးအိုထံမှ ရုတ်တရက် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာရာ ၎င်းမှာ သာမန်အဘိုးအိုတစ်ဦးထံတွင် ရှိရမည့် အရှိန်အဝါမျိုး မဟုတ်ပေ။

ချင်ယွမ်ဖုန်းမှာ ထိုအရှိန်အဝါကြောင့် နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားရသော်လည်း ချက်ချင်းပင် ခြေကုပ်ပြန်ယူကာ အံကြိတ်၍ ခံနိုင်ရည် ရှိအောင် ကြိုးစားလိုက်သည်။

“စီနီယာ... ကျွန်တော် တကယ် မလိမ်ပါဘူး။ အချိန်လေး နည်းနည်းလောက် တကယ် ထပ်လိုလို့ပါ” ဟု ချင်ယွမ်ဖုန်းက အံကြိတ်၍ ပြောလိုက်၏။

အဘိုးအိုသည် ချင်ယွမ်ဖုန်းအား အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ဒီရေကျသကဲ့သို့ပင် သူ၏ ပြင်းထန်သော အရှိန်အဝါများကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။

“မင်းက ငါ့ရဲ့ အရှိန်အဝါကို ဒီလောက်အထိ တောင့်ခံနိုင်တာကို ထောက်ထားပြီး ငါ အချိန်နည်းနည်း ထပ်ပေးပါ့မယ်” ဟု ထိုအဘိုးအိုက တည်ငြိမ်စွာ ပြောသည်။

ချင်ယွမ်ဖုန်းက “ကျေးဇူးတင်ပါတယ် စီနီယာ” ဟု အလျင်အမြန်ပင် လက်အုပ်ချီ၍ ဂါရဝပြုလိုက်၏။

အခြားရွေးချယ်စရာ မရှိသဖြင့် ချင်ယွမ်ဖုန်းသည် ရှောင်လင်ထံမှ အပင်စုံလင်ခြင်းကျမ်းကို ထပ်မံ ဝယ်ယူလိုက်ရပြန်သည်။

ဤကျမ်းတွင် ဝိညာဉ်ဆေးပင်များသာမက ကမ္ဘာပေါ်ရှိ အခြားသော အပင်အားလုံး၏ မှတ်တမ်းများလည်း ပါဝင်သည်

ရှောင်လင်မှာ အလွန်ပင် ဝမ်းသာသွားပြီး မျက်ရည်များပင် ဝဲလာကာ “သခင် မြင်တဲ့အတိုင်းပဲ... ကြိုးစားမှုမှန်သမျှဟာ အရာထင်လိမ့်မယ်ဆိုတာ ကျွန်မ သိသားပဲ” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းကိုသာ ဖြစ်သလို ငြိမ့်ပြလိုက်ပြီး ယခင်ကထက် ပိုမိုပြင်းထန်သော နာကျင်မှုကို ခံစားပြီးနောက်တွင်မှ ထိုနာကျင်မှုများမှာ ရပ်တန့်သွားသည်

“စီနီယာ... ဒီတစ်ခါတော့ တကယ် အဆင်ပြေသွားပါပြီ” ချင်ယွမ်ဖုန်းက သူ၏ အနည်းငယ် ထုံကျင်နေသော ခေါင်းကို ခါယမ်းလိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

ပိန်ချောင်ချောင် အဘိုးအိုက ချင်ယွမ်ဖုန်းအား စပ်စုသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး “မြန်မြန် စတင်တော့... ငါ စိတ်မရှည်တော့ဘူး” ဟု ဆိုသည်။

ဤတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ထိုထူးဆန်းသော ဝိညာဉ်ဆေးပင်များကို ကြည့်လိုက်ကာ အကုန်လုံးကို မှတ်မိသွားလေပြီ။

“ဒါဆို စီနီယာ့ကို ကျွန်တော် နည်းနည်းလောက် ပြသပါရစေ”

ချင်ယွမ်ဖုန်းသည် ထူးခြားသော ကုန်ကြမ်းပစ္စည်းများကို ရွေးချယ်ကာ ရှားပါးလှသည့် စတုတ္ထအဆင့် ဆေးလုံးဖြစ်သော ပုံရိပ်ယောင်အိပ်မက်ဆေးလုံးကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။

ဤဆေးလုံးသည် လက်တွေ့တွင်မူ အသုံးမဝင်လှပေ။ ၎င်းကို သောက်သုံးသူအား အချိန်အတန်ကြာအောင် အိပ်မက်မက်စေပြီး အိပ်မက်ထဲတွင်မူ မိမိ စိတ်ကူးသမျှကို မြင်တွေ့နိုင်မည် ဖြစ်သည်။

၎င်းမှာ လက်တွေ့တွင် အသုံးမဝင်ဘဲ စိတ်ကူးယဉ်ရန်အတွက်သာ ဖြစ်သောကြောင့် လူအနည်းငယ်သာ ဤဆေးလုံးမျိုးကို အသုံးပြုကြပေသည်။

ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားများ တိုးထွက်လာသောအခါ ဘေးမှ ကြည့်နေသော အဘိုးအိုပင်လျှင် အံ့အားသင့်သွားရသည်။

“ဝိညာဉ်စွမ်းအားက အံ့ဩစရာပဲ” ထိုအဘိုးအိုက တစ်ဦးတည်း ရေရွတ်လိုက်မိ၏။ “ဒါဟာ ပဉ္စမအဆင့် ဆေးဖော်စပ်သူတစ်ယောက်ရဲ့ အဆင့်ကို ရောက်နေပြီပဲ”

ချင်ယွမ်ဖုန်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အမျှင်ပေါင်း ၃၃ မျှင် ခွဲထုတ်လိုက်ပြီး ဆေးမီးဖိုအတွင်းသို့ တိုက်ရိုက် စီးဝင်စေလိုက်သည်။ ထို့နောက် ရွေးချယ်ထားသော ဝိညာဉ်ဆေးပင်များကို တစ်ခုပြီးတစ်ခု ဆေးမီးဖိုထဲသို့ ထည့်လိုက်လေသည်။

ပြင်းထန်လှသော မီးလျှံအပူရှိန်က ကုန်ကြမ်းများကို လောင်ကျွမ်းစေပြီး ဆေးဖော်စပ်သည့် အရှိန်မှာလည်း အဘိုးအိုအား အံ့အားသင့်သွားစေသည်။

ဤမျှ မြန်ဆန်သော အရှိန်ကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ကုန်ကြမ်းများအားလုံး သန့်စင်ပြီးသွားသောအခါ ချင်ယွမ်ဖုန်းက ဆေးလုံးအဖြစ် စုစည်းခြင်း နည်းလမ်းကို တိုက်ရိုက် အသုံးပြုလိုက်ရာ များပြားလှသော ဝိညာဉ်စွမ်းအားများ၏ ဖိအားအောက်တွင် ကုန်ကြမ်းများ အားလုံးမှာ တစ်ခုတည်းအဖြစ် စုစည်းသွားတော့သည်။

“ဒါဟာ ဆေးလုံးစုစည်းတဲ့ နည်းလား။ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ပြီး အခုထိ မပေါက်ကွဲသေးတာလဲ” ပိန်ချောင်ချောင် အဘိုးအိုမှာ ပိုမို၍ပင် အံ့ဩတုန်လှုပ်သွားရသည်။

ချင်ယွမ်ဖုန်းသည် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၏ အစွမ်းကြောင့် ဆေးလုံးများကို အလွန်ပင် လျင်မြန်စွာ ဖော်စပ်နိုင်ခြင်း ဖြစ်သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်အတွင်းမှာပင် ဆေးမီးဖိုထဲတွင် ဆေးလုံးတစ်လုံးမှာ ဖြည်းညှင်းစွာ ပုံပေါ်လာပြီး ဆေးရနံ့များမှာလည်း လွင့်ပျံ့ထွက်ပေါ်လာတော့သည်။

All Chapters