အခန်း (၃၂၇-၃၂၈)
Vol. 18 Ch. 327-328
အခန်း (၃၂၇) ဓားသွေးကျောက်
“တကယ်ပါပဲ၊ ချင်ယွင်မျှော်စင်ရဲ့ အစည်းအရုံးခေါင်းဆောင်က ချင်ကျိကို ဘာကြောင့် ဒီလောက်တန်ဖိုးထားရသလဲဆိုတာ အံ့ဩစရာမရှိတော့ပါဘူး၊ သူက တကယ့်ကို ထူးကဲတဲ့ စွမ်းဆောင်ရည်တွေ ရှိတာပဲ” ဟု အကြီးအကဲတစ်ဦးက ပြုံးရွှင်စွာ ပြောကြားလိုက်လေသည်။
လျောင်ဝမ်က ခေါင်းညိတ်ထောက်ခံရင်း “ဒီလူငယ်လေးဟာ နောင်တစ်ချိန်မှာ အရှိန်အဝါ ကြီးမားလာလိမ့်မယ်လို့ ကျွန်တော် ခံစားနေရတယ်၊ အခု တက်သစ်စကြယ်ပွင့် ဖြစ်နေတဲ့ ချင်ယွမ်ဖုန်းကိုတောင် ကျော်တက်သွားနိုင်တယ်” ဟု ဆိုသည်။
“သူတို့နှစ်ယောက်လုံးက ချင်မျိုးရိုးတွေပဲ၊ တကယ့်ကို ကံကြမ္မာပါလာတဲ့ ပြိုင်ဘက်တွေ ဖြစ်နေကြတာလား” ဟု အကြီးအကဲတစ်ဦးက အံ့ဩတကြီး မှတ်ချက်ပြုလေ၏။
လျောင်ဝမ်၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ယှက်သန်းသွားပြီး “မဟုတ်ဘူး၊ ချင်ယွမ်ဖုန်းက သေသွားပြီ၊ ဒါပေမဲ့ ချင်ကျိကတော့ အသက်ရှင်နေတုန်းပဲ၊ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ချင်ယွမ်ဖုန်းကို ကျော်တက်ဖို့ဆိုတာ အချိန်ကိစ္စပဲ ရှိတော့တာပါ” ဟု ပြောလိုက်သည်။
သူသည် ချင်ယွမ်ဖုန်းအပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။ ထိုခံစားချက်က မည်သည့်နေရာမှ မြစ်ဖျားခံလာမှန်း မသိသော်လည်း ချင်ယွမ်ဖုန်းကို ပထမဆုံး မြင်လိုက်ရသည့် အချိန်ကတည်းက ယင်းသို့ ခံစားခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ချင်ယွမ်ဖုန်းသာ သူတို့၏ စကားဝိုင်းကို ကြားခဲ့လျှင် ရယ်မော၍ပင် ဆုံးသွားနိုင်လေသည်။ အကြောင်းမှာ ချင်ယွမ်ဖုန်းနှင့် ချင်ကျိ နှစ်ယောက်လုံးမှာ သူတစ်ဦးတည်းသာ ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း အစည်းအရုံးခေါင်းဆောင် ရာထူးအတွက် လျာထားခြင်းခံရသူ သုံးဦးမှာမူ ထိုစကားများကို ကြားလိုက်ရသည့်အခါ အလွန်မကျေမနပ် ဖြစ်သွားကြသည်။
သူတို့သည် နှစ်ပေါင်းများစွာတိုင်အောင် စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသူများ ဖြစ်ပြီး လက်ရှိအချိန်အထိ လျာထားခံရသူများအဖြစ် ရှိနေခြင်းကပင် သူတို့၏ အစွမ်းအစကို သက်သေပြနေခြင်း ဖြစ်သည်။
ထိုစဉ် အရှေ့ဆုံးမှ ရွှေတံဆိပ် ကြေးစားစစ်သည် သုံးဦးမှာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
ထက်မြက်လှသော စွမ်းအင်အလင်းတန်း သုံးခုမှာ တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားပြီး ချင်ယွမ်ဖုန်းကို တိုက်ရိုက် ဝန်းရံပိတ်ဆို့လိုက်ရာ ရှောင်တိမ်းရန် လမ်းစပင် မရှိတော့သယောင် ထင်မှတ်ရသည်။
တိုက်ခိုက်မှုမှာ သူ၏ ဦးခေါင်းထက်သို့ ကျရောက်တော့မည့် အခြေအနေတွင်ပင် ချင်ယွမ်ဖုန်းက မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သဖြင့် လျောင်ဝမ်မှာ သူ၏ကိုယ်စား ရင်တထိတ်ထိတ် ဖြစ်နေရရှာသည်။
စွမ်းအင်တန်း သုံးခုမှာ ချင်ယွမ်ဖုန်းကို ထိတွေ့တော့မည့် ဆဲဆဲတွင် သူ၏ ကိုယ်လုံးမှာ ရုတ်ခြည်း လှုပ်ရှားသွားသည်။
ထိုလှုပ်ရှားမှုမှာ အလွန်ပင် သေးငယ်လှပြီး ဘေးသို့ အသာအယာ ရှောင်တိမ်းလိုက်ခြင်းသာ ဖြစ်သည်။
သို့သော်လည်း ထိုသို့ ရှောင်တိမ်းလိုက်ခြင်းကြောင့် စွမ်းအင်တန်း သုံးခုမှာ သူ၏ ကိုယ်လုံးကို သီသီလေး ပွတ်တိုက်သွားပြီး မြေပြင်ပေါ်သို့သာ ကျရောက်သွားကာ ချင်ယွမ်ဖုန်းအား အနည်းငယ်မျှ ထိခိုက်မှု မပေးနိုင်ခဲ့ပေ။
လျောင်ဝမ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ချင်ယွမ်ဖုန်းသည် ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ချက်ရှိနေကြောင်း သူ သိလိုက်ရသည်။
ထို့ကြောင့်ပင် မြင်ရသူအဖို့ အလွန် အန္တရာယ်များလှသည်ဟု ထင်မှတ်ရခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ထားသည်။ ဤလှုပ်ရှားမှုကို အသုံးပြုရာတွင် သူသည် တစ်စုံတစ်ရာ နှောင့်နှေးကြန့်ကြာနေသည်ဟု ခံစားနေရပြီး ကျွမ်းကျင်ပိုင်နိုင်စွာ မလုပ်ဆောင်နိုင်သေးပေ။
ချင်ယွမ်ဖုန်းသည် အိုင်ဖေး၏ ‘အရာခပ်သိမ်း သိမြင်ခြင်း နတ်ဘုရားတွက်ချက်ခြင်း’ ပညာရပ်ကို ပထမဆုံး တွေ့မြင်ခဲ့စဉ်က ယင်း၏ ချောမွေ့မှုကို မခံစားခဲ့ရဘဲ ကြီးမားသော အတားအဆီးများကိုသာ ခံစားခဲ့ရဖူးသည်။
ရန်သူ၏ နောက်ထပ် လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းနိုင်ရန်မှာ အတော်ပင် ခက်ခဲလှသေးသည်။
“ရှောင်လင်... ငါ့ကို အသိဉာဏ်ပွင့် ဆေးလုံး တစ်လုံးလောက် ပေးပါဦး” ဟု ချင်ယွမ်ဖုန်းက စိတ်ထဲမှ ဆိုလိုက်သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး အသိဉာဏ်ပွင့် ဆေးလုံးကို သူ၏ ကိုယ်တွင်း၌ တိုက်ရိုက် အရည်ပျော်စေလိုက်သည်။
အသိဉာဏ်ပွင့် ဆေးလုံး၏ အာနိသင်ကြောင့် ချင်ယွမ်ဖုန်း၏ စိတ်အာရုံမှာ ချက်ချင်းပင် ကြည်လင်သွားတော့သည်။ သူက ကိုယ်ကို ဘေးသို့ အနည်းငယ် စောင်းလိုက်ရုံဖြင့် စွမ်းအင်အလင်းတန်းတစ်ခုမှာ သူ၏ ကိုယ်ဘေးမှ ဝဲပျံသွားသည်။
ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ကွင်းပြင်အတွင်းရှိ လူတိုင်း၏ ပုံရိပ်မှာ အလုံးစုံ ပေါ်လွင်နေပြီ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုတိုင်းကို သူ၏ စိတ်ထဲတွင် ထင်ဟပ်နေလေသည်။
အသိဉာဏ်ပွင့် ဆေးလုံးက ချင်ယွမ်ဖုန်းအား အားကောင်းသော တွက်ချက်မှု စွမ်းရည်ကို ပေးစွမ်းလိုက်သဖြင့် လူတိုင်း၏ နောက်ထပ် လုပ်ဆောင်မည့် အဆင့်ကို သူက ကြိုတင် တွက်ချက်နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။
“ဒီချင်ကျိက ဘာတွေ လုပ်နေတာလဲ၊ ဒီလောက် အန္တရာယ်များတဲ့ အချိန်မှာ ဘာလို့ မျက်လုံးမှိတ်ထားရတာလဲ” ဟု အကြီးအကဲတစ်ဦးက နားမလည်နိုင်ဘဲ မေးလိုက်သည်။
“ဖြစ်နိုင်တာကတော့... သူ့ရဲ့ ဝိညာဉ်စွမ်းအားက ကွင်းပြင်ထဲက အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်လောက်အောင် တကယ်ပဲ အားကောင်းနေလို့ ဖြစ်မှာပါ” ဟု လျောင်ဝမ်က စိတ်လှုပ်ရှားစွာ ပြောကြားလိုက်သည်။
ချင်ယွမ်ဖုန်းက မျက်လုံးများကို ဖွင့်လိုက်ပြီး ရွှေတံဆိပ် ကြေးစားစစ်သည် သုံးဦးကို ကြည့်ကာ ပြုံးလိုက်လေသည်။
ရွှေတံဆိပ် ကြေးစားစစ်သည် သုံးဦးမှာ စိမ့်ခနဲ ခံစားလိုက်ရသည်။ သူတို့သည် ဘာမျှ စဉ်းစားမနေတော့ဘဲ ချင်ယွမ်ဖုန်းအပေါ် နောက်ထပ် တစ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်လိုက်ပြီး သူ့ကို ညှပ်ပူးညှပ်ပိတ် ဝန်းရံလိုက်ကြသည်။
အခြားသော ရွှေတံဆိပ် ကြေးစားစစ်သည်များလည်း ထိုအချိန်တွင် ပြေးဝင်လာကြသော်လည်း ချင်ယွမ်ဖုန်းကို တိုက်ရိုက် မတိုက်ခိုက်ဘဲ ဘေးမှသာ စောင့်ကြည့်နေကြသည်။
ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ ဟိုမှသည်သို့ ဖြတ်သန်းသွားလာနေပြီး ချင်ယွမ်ဖုန်းကို ကျဉ်းမြောင်းသော နေရာလေးတစ်ခုအတွင်း ဝန်းရံထားသည်။
ရှောင်ထွက်ရန် လမ်းမရှိဟု ထင်ရသော်လည်း ချင်ယွမ်ဖုန်းက ထိုတိုက်ခိုက်မှုများကို အကြိမ်တိုင်းတွင် အပြစ်ဆိုဖွယ်မရှိအောင် ရှောင်တိမ်းနိုင်ခဲ့သည်။
ပထမတွင် သူတို့က ချင်ယွမ်ဖုန်းသည် ကံကောင်း၍သာ ဖြစ်သည်ဟု ထင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရွှေတံဆိပ် ကြေးစားစစ်သည် သုံးဦးမှာ ပို၍ ထိတ်လန့်လာကြသည်။
သူတို့က မည်သို့ပင် တိုက်ခိုက်စေကာမူ ချင်ယွမ်ဖုန်းက သူတို့၏ အားနည်းချက်များကို အမြဲ ရှာတွေ့နေပြီး ကြိုတင် ရှောင်တိမ်းနေသောကြောင့် ဖြစ်သည်။
"ဒါက ကြောက်စရာကောင်းတဲ့ အရည်အချင်းပဲ၊ ပြီးတော့ ချင်ယွမ်ဖုန်းက ပြန်လည်း မတိုက်ခိုက်ဘူး၊ သူက ရှောင်နေရုံပဲ ရှိသေးတာ။"
ယင်းကို သူတို့ မကြာမီမှာပင် သတိပြုမိသွားကြသည်။
“အားလုံး တူတူ တိုက်ကြစမ်း၊ သူက ငါတို့ကို ဓားသွေးကျောက်အဖြစ် သုံးနေတာဟ” ဟု ရွှေတံဆိပ် ကြေးစားစစ်သည်တစ်ဦးက အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် အခြားသော ရွှေတံဆိပ် ကြေးစားစစ်သည်များလည်း အရှေ့သို့ တဟုန်ထိုး ပြေးတက်လာကြသည်။
တစ်ခဏအတွင်းမှာပင် ချင်ယွမ်ဖုန်း၏ ပတ်ဝန်းကျင်ရှိ စွမ်းအင်အလင်းတန်းများမှာ ဟိန်းဟောက် လှုပ်ခတ်သွားပြီး အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ် ဖြစ်လာတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းက ပြန်လည် တိုက်ခိုက်ခြင်း မပြုသေးပေ။
သူ၏ ကိုယ်လုံးမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ခြေဖဝါးအောက်မှ မြူဖြူများ ထွက်ပေါ်လာကာ အလွယ်တကူပင် ရှောင်တိမ်းနေသည်။
တိုက်ခိုက်မှုများမှာ အားကောင်းလှသော်လည်း ချင်ယွမ်ဖုန်း၏ ဆံပင်တစ်ပင်ကိုမျှ မထိနိုင်ကြချေ။
ဤအခြေအနေက ကြေးစားစစ်သည်များကို မှင်တက်သွားစေသည်။ “ဒါ... ဒါက လူမှ ဟုတ်ရဲ့လား”
သို့သော်လည်း ချင်ယွမ်ဖုန်းကမူ ယခုအချိန်တွင် ရယ်မောနေလေသည်။ ဤနည်းလမ်းကို အသုံးပြု၍ တိုက်ခိုက်မှုများကို ရှောင်တိမ်းသည့် ပညာကို သူက ကျွမ်းကျင်သွားပြီ ဖြစ်သဖြင့် စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေသည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အသိဉာဏ်ပွင့် ဆေးလုံး၏ အာနိသင်မှာ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းမှာ ဤနည်းလမ်းကို အလွန် ကျွမ်းကျင်သွားပြီ ဖြစ်သဖြင့် လိုသလို အသုံးပြုနိုင်နေပြီ ဖြစ်သည်။
“အသိဉာဏ်ပွင့် ဆေးလုံးဆိုတာ ကျွမ်းကျင်မှု အဆင့်တက်ဖို့အတွက် တကယ့်ကို နတ်ဘုရားပေးတဲ့ လက်ဆောင်ပဲ” ဟု ချင်ယွမ်ဖုန်းက မိမိကိုယ်ကိုယ် ကျေနပ်စွာ ပြောလိုက်သည်။
“ကဲ... နောက်တစ်လှည့်က ငါ့အလှည့်ပဲ” ချင်ယွမ်ဖုန်းက သူ၏ ဖြူဖွေးသော သွားများကို ပေါ်အောင် ပြုံးလိုက်ပြီး သူ၏ လက်ထဲတွင် တတိယအဆင့် ရတနာလက်နက် ဖြစ်သော အရိုးတုတ်တစ်ချောင်း ပေါ်လာသည်။
ထိုအရိုးတုတ်ကို ချင်ယွမ်ဖုန်းက ကာကွယ်ရေးဌာန၏ ရတနာ ကိုးဆယ့်ကိုးပါးထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းက လူကို သေစေမည် မဟုတ်သော်လည်း ခံရသူအဖို့တော့ အတော်လေး နေရခက်စေလိမ့်မည် ဖြစ်သည်။
စွမ်းအင်လှိုင်းတစ်ခု ကျရောက်လာသည့်အခါ ချင်ယွမ်ဖုန်းက ဘေးသို့ ရှောင်တိမ်းလိုက်ပြီး စွမ်းအင်ကို ထုတ်လွှတ်လိုက်သော ရွှေတံဆိပ် ကြေးစားစစ်သည်ကို လှမ်းကြည့်လိုက်သည်။
ရွှေတံဆိပ် ကြေးစားစစ်သည်မှာ အကြောင်းရင်းမရှိဘဲ တုန်လှုပ်သွားရပြီး သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပျံ့နှံ့သွားသည်။
သူက နောက်သို့ ဆုတ်ခွာရန် ပြင်လိုက်စဉ်မှာပင် ချင်ယွမ်ဖုန်းက ရုတ်ခြည်း ခုန်တက်လိုက်ပြီး သူ၏ ခေါင်းပေါ်သို့ ချက်ချင်း ရောက်ရှိလာတော့သည်။
အရိုးတုတ်မှာ လေထုကို ခွဲကာ ဝဲပျံလာပြီး ကြီးမားသော စွမ်းအင်များ ဖုံးလွှမ်းလျက် အောက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။
ရွှေတံဆိပ် ကြေးစားစစ်သည်မှာ လန့်ဖျန့်သွားပြီး သူ၏ ဓားရှည်ကို အမြန်မြှောက်ကာ ရှေ့မှ ကာကွယ်လိုက်ရသည်။
“ဖျောက်”
ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဓားရှည်မှာ အရိုးတုတ်၏ ရိုက်ချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။
အရိုးတုတ်၏ ဒဏ်ကြောင့် ရွှေတံဆိပ် ကြေးစားစစ်သည်မှာ လွင့်ထွက်သွားသည်။
ချင်ယွမ်ဖုန်းက ငြိမ်သက်စွာ ရပ်နေသော်လည်း သူ၏ ကိုယ်တွင်းစွမ်းအင်များမှာ ဟုန်းဟုန်းတောက်နေပြီး ပတ်ဝန်းကျင်ရှိ ရွှေတံဆိပ် ကြေးစားစစ်သည်များကို ကြီးမားသော ဖိအားများ ပေးနေလေသည်။
“ကောင်းတယ်” လျောင်ဝမ်က ရယ်မောလိုက်သည်။ “ဒီချင်ကျိက တကယ်ကို အစွမ်းထက်တာပဲ၊ သူ့ရဲ့ အရည်အချင်းတွေက ထူးကဲလှတယ်၊ တူညီတဲ့ နယ်ပယ်ထဲမှာတော့ သူ့ကို ယှဉ်နိုင်မယ့်သူ ရှိမှာ မဟုတ်တော့ဘူး”
“ဟုတ်ပါတယ်၊ ဒီလို ပါရမီရှင်မျိုးနဲ့ ဆုံတွေ့ရတဲ့အတွက် အစည်းအရုံးခေါင်းဆောင်ကို ဂုဏ်ပြုပါတယ်” ဟု အကြီးအကဲ အတော်များများကလည်း ရယ်မောကာ ပြောဆိုကြသည်။
ထိုအချိန်တွင် ရွှေတံဆိပ် ကြေးစားစစ်သည် အားလုံးမှာ ချင်ယွမ်ဖုန်းထံသို့ ဝိုင်းအုံ ပြေးဝင်လာကြသည်။ ချင်ယွမ်ဖုန်း၏ အစွမ်းကို မြင်တွေ့လိုက်ရပြီ ဖြစ်သဖြင့် သူတို့သည် ဤအကြီးမားဆုံး အတားအဆီးကို ဖယ်ရှားရန်
သဘာဝအတိုင်း ဆန္ဒရှိနေကြခြင်း ဖြစ်သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းကမူ အေးအေးဆေးဆေးပင် ရှိနေသည်။
ဤရွှေတံဆိပ် ကြေးစားစစ်သည်များထဲတွင် ဆဋ္ဌမအဆင့် သိုင်းပညာရှင်အဆင့်ထက် ကျော်လွန်သူ တစ်ဦးမျှ မပါဝင်ဘဲ သူနှင့်ဆိုလျှင် အနည်းဆုံး အဆင့်ငယ် နှစ်ဆင့်ခန့် ကွာခြားနေသောကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် အနည်းငယ်မျှပင် စိုးရိမ်စရာ မရှိပေ။
အခန်း (၃၂၈)တိုက်ပွဲအစီအရင်
ချင်ယွမ်ဖုန်း၏ အတိုင်းအဆမရှိလှသော ဝိညာဉ်စွမ်းအားသည် သူ၏ ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စေသည်။ အင်အားအနည်းငယ်မျှ အသုံးပြုရုံဖြင့် ထိခိုက်မှုများကို အမြဲတစေ ရှောင်လွှဲနိုင်ခဲ့ပြီး အကောင်းဆုံးသော ပြန်လည်တိုက်စစ်ဆင်မည့် လမ်းကြောင်းကိုလည်း ရှာဖွေနိုင်ခဲ့ပေရာ၏။
ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် လူသားကွန်ပျူတာတစ်လုံးကဲ့သို့ပင် ဖြစ်နေတော့သည်။
သူ၏ စိတ်အာရုံထဲတွင် ရေတွက်၍မရနိုင်သော သတင်းအချက်အလက်များစွာ စီးဆင်းဖြတ်သန်းနေပြီး ယင်းတို့ကို ခွဲခြမ်းစိတ်ဖြာ အဓိပ္ပာယ်ဖော်ကာ အကောင်းဆုံးသော လုပ်ဆောင်ချက်ကို ရှာဖွေဖော်ထုတ်နေခြင်း ဖြစ်ပေသည်။
ရွှေတံဆိပ်ရ ကြေးစားစစ်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြပြီး နာကျင်စွာ အော်ဟစ်ညည်းတွဲသံများကိုလည်း ရံဖန်ရံခါ ကြားနေရသည်။
ထိုကြေးစားစစ်သည်များသည် တိုက်ခိုက်ရင်းနှင့် ပိုမိုထိတ်လန့်လာကြတော့သည်။ သူတို့၏ ရှေ့မှ လူငယ်သည် လုံးဝ မောပန်းနွမ်းနယ်ခြင်းမရှိဘဲ အားအင်များမှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
ထို့ပြင် ထိုလူငယ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာကပင် ထင်ဟပ်နေသေး၏။
ရွှေတံဆိပ်ရ ကြေးစားစစ်သည် သုံးဦးသည် ချင်ယွမ်ဖုန်း၏ နောက်ကျောဘက်မှနေ၍ အင်တိုက်အားတိုက် ချဉ်းကပ်လာကြသည်။ သူတို့၏ ဓားရှည်များမှ အဆမတန်ကြီးမားသော စွမ်းအင်များ ထွက်ပေါ်နေပြီး လေထုကို ခွဲခြမ်းဖြတ်သန်းကာ တဟူးဟူးမြည်သံနှင့်အတူ ခုတ်ပိုင်းလိုက်ကြပေသည်။
ချင်ယွမ်ဖုန်းသည် ခြေတစ်ဖက်တည်းဖြင့် ရပ်လျက် ရုတ်တရက် ဝှေ့ယမ်းကာ ကိုယ်ကို လှည့်လိုက်ပြီး သူ၏ အရိုးတုတ်ကို စက်ဝိုင်းပုံစံ လွှဲရိုက်ကာ နောက်ဘက်သို့ အားကုန် နှိမ့်ချလိုက်တော့သည်။
“ဒုန်း”
ကြေးစားစစ်သည် သုံးဦးမှာ လွင့်စင်သွားကြပြီး သူတို့၏ လက်နက်များမှာလည်း အပိုင်းပိုင်းအစစ ကွဲအက်ကုန်တော့သည်။
သို့ရာတွင် ချင်ယွမ်ဖုန်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရန်သူ၏ တိုက်ကွက်များကို ကြိုတင်သိမြင်နိုင်စွမ်းကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သော်လည်း ဤမျှ ကြာမြင့်လှသော အချိန်အတွင်း အသုံးပြုခဲ့ရသဖြင့် သူ၏ ဝိညာဉ်စွမ်းအားများစွာ ကုန်ဆုံးသွားခဲ့ရချေပြီ။
“ကဲ... ငါ မင်းတို့နဲ့ ကစားလို့ ဝသွားပြီ၊ ဒီတိုက်ပွဲကို မြန်မြန်ပဲ အဆုံးသတ်ကြရအောင်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဝိညာဉ်စွမ်းအားများကို ရုပ်သိမ်းလိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ သူ၏ မျက်လုံးများမှာ တောက်ပလာတော့သည်။
သူသည် အရိုးတုတ်ကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်ရာ ထိုပြင်းထန်သော ရိုက်ချက်များကို ထိမှန်သူမှန်သမျှ ပြိုင်ပွဲမှ ထွက်ခွာသွားကြရလေသည်။
ကွင်းအတွင်း၌ အနှိုင်းမဲ့သော စွမ်းအင်များ လှိုင်းထနေပြီး ပလက်တီနမ်တံဆိပ်ရ ကြေးစားစစ်သည်များကို မျှော်လင့်ချက် ကင်းမဲ့သွားစေတော့သည်။
ဤအဆင့်အတန်းရှိသော ပြိုင်ဘက်ကို သူတို့အားလုံး အင်အားစုပေါင်း တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်စွမ်း မရှိတော့ချေ။
ချင်ယွမ်ဖုန်းသည် သူ၏ ပြိုင်ဘက်များကို လျင်မြန်စွာ အနိုင်ယူလိုက်ရာ ရွှေတံဆိပ်ရ ကြေးစားစစ်သည်များ အားလုံး မြေပြင်ပေါ်တွင် လဲကျနေကြပြီး ထခိုင်းလျှင်ပင် မထနိုင်ကြတော့ပေ။
ချင်ယွမ်ဖုန်းသည် အရိုးတုတ်ကို ပုခုံးပေါ်တွင် ထမ်းလိုက်ပြီး အသက်အနည်းငယ် ရှူကာ ထောင့်စွန်းတစ်နေရာရှိ ငွေရောင်တံဆိပ်ရ ကြေးစားစစ်သည် အနည်းငယ်ကို လှမ်းကြည့်လိုက်သည်။
ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သို့ပင် မရောက်သေးသော ဤငွေရောင်တံဆိပ်ရ ကြေးစားစစ်သည်များကို မည်သူက သတ္တိများ ပေးလိုက်သဖြင့် ကြေးစားစစ်သည် ပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ကြသည်ကို သူ မတွေးတတ်တော့ချေ။
သို့သော် ထိုခဏ၌ ချင်ယွမ်ဖုန်း၏ မျက်လုံးများ ကျုံ့သွားတော့သည်။ အကြောင်းမှာ မူလက ငွေရောင်တံဆိပ်ရ ကြေးစားစစ်သည် ခုနစ်ဦး ရှိနေသော်လည်း ယခုအခါ ခြောက်ဦးသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
“နေဦး... ကျန်တဲ့တစ်ယောက် ဘယ်ရောက်သွားတာလဲ” ဟု ချင်ယွမ်ဖုန်း ရုတ်တရက် သတိကြီးစွာ ထားလိုက်သည်။ ထိုငွေရောင်တံဆိပ်ရ ကြေးစားစစ်သည်သည် စောစောက တိုက်ပွဲတွင် ပါဝင်ခြင်းကို သူ အသေအချာ သိနေပေသည်။
ထိုစဉ် သူ၏ ခြေဖဝါးအောက်မှ အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာရာ မျက်စိပင် မဖွင့်နိုင်လောက်အောင် တောက်ပလွန်းလှ၏။
“အဆောင်လက်ဖွဲ့လား” ချင်ယွမ်ဖုန်း ထိတ်လန့်သွားတော့သည်။ သူ မသိလိုက်ဘဲ သူ၏ ခြေဖဝါးအောက်တွင် အဆောင်လက်ဖွဲ့တစ်ခုကို မည်သည့်အချိန်က ချထားခဲ့သည်နည်း။
ခဏချင်းတွင်ပင် အဆောင်လက်ဖွဲ့များ အားလုံးသည် လေထဲသို့ ပျံတက်သွားပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် လာရောက် ကပ်ငြိသွားကြတော့သည်။
“ပေါက်ကွဲစမ်း”
ငွေရောင်တံဆိပ်ရ ကြေးစားစစ်သည်တစ်ဦးသည် ချင်ယွမ်ဖုန်း၏ နောက်ကွယ်တွင် ရပ်နေပြီး စူးရှစွာ အော်ဟစ်လိုက်သည်။
ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်တွင် ကပ်နေသော အဆောင်လက်ဖွဲ့များ အားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားရာ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာတော့သည်။
ထိုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေတိုးအားသည် အပြင်မှ ကြည့်နေသူများကိုပင် ပေါက်ကွဲမှုဒဏ်ကြောင့် ဟန်ချက်ပျက်သွားစေမတတ် ခံစားရစေသည်။
ထိုပေါက်ကွဲမှု မည်မျှ ပြင်းထန်သည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေရာ ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ဝန်းရံခံထားရသော ချင်ယွမ်ဖုန်းမှာမူ ကျရှုံးသွားလောက်ချေပြီ။
ဤအခိုက်အတန့်တွင် လျောင်ဝမ်က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး “ဒီငွေရောင်တံဆိပ်ရ ကြေးစားစစ်သည်တွေက ဘယ်လိုလူတွေလဲ” ဟု မေးလိုက်သည်။
အကြီးအကဲတစ်ဦးသည် အမြန်ဆုံး ထွက်ခွာသွားပြီးနောက် ထိုငွေရောင်တံဆိပ်ရ ကြေးစားစစ်သည် ခုနစ်ဦး၏ အချက်အလက်များကို ရှာဖွေတွေ့ရှိလာခဲ့သည်။
“သူတို့က ချင်ယွင်မျှော်စင် အစည်းအရုံးမှာ ကြေးစားစစ်သည်အဖြစ် မှတ်ပုံတင်ထားတာ မကြာသေးပါဘူး၊ သူတို့ တစ်ယောက်ချင်းစီက ရွှေတံဆိပ်ရ ကြေးစားစစ်သည် အဆင့်ကို ရောက်နေပေမဲ့ ရွှေအဆင့်ကို ပြောင်းဖို့ ငြင်းဆန်ခဲ့ကြတာပါ” ဟု ထိုအကြီးအကဲက အနည်းငယ် တုန်လှုပ်စွာ ပြောလိုက်သည်
ပုံမှန်အားဖြင့် ကြေးစားစစ်သည်များအတွက် အဆင့်တက်ခြင်းသည် ကောင်းမွန်သော ကိစ္စဖြစ်သော်လည်း ဤလူအနည်းငယ်မှာမူ ရွှေတံဆိပ်ရ ကြေးစားစစ်သည် ဖြစ်လာရန် တိုင်ပင်ပြီး ငြင်းဆန်ခဲ့ကြဟန် တူပေသည်။
သူတို့တွင် အခြားသော အရည်အချင်းများ မရှိသဖြင့် အဆင့်မတက်လိုခြင်း ဖြစ်ကြောင်း အခြားသူများကို ပြောဆိုခဲ့ကြသည်။
“သူတို့ရဲ့ ရည်မှန်းချက်က ဒီနေ့ကျင်းပတဲ့ ကြေးစားစစ်သည် ပြိုင်ပွဲဖြစ်ပုံရတယ်” လျောင်ဝမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ယင်းတို့အတွင်း၌ အန္တရာယ်ရှိသော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
ပေါက်ကွဲမှုကြီး ပြီးဆုံးသွားပြီးနောက် ထိုငွေရောင်တံဆိပ်ရ ကြေးစားစစ်သည် ခုနစ်ဦးမှာ ဆက်လက် တိုက်ခိုက်ခြင်း မပြုကြသေးဘဲ ချင်ယွမ်ဖုန်းကို လမ်းကြောင်း ခုနစ်ခုမှနေ၍ ဝိုင်းရံထားကြသည်။
ချင်ယွမ်ဖုန်းကို ရှင်းလင်းပြီးသည်နှင့် သူတို့ထဲမှ တစ်ဦးမှာ အနိုင်ရရှိသူ ဖြစ်လာမည်ဖြစ်ပြီး ဂိုဏ်းချုပ်၏ ဆက်ခံသူ ရာထူးကို ရယူနိုင်မည် မဟုတ်လော။
“ဟဟ... မင်းကိုပဲ ကျေးဇူးတင်ရမှာပဲ၊ မဟုတ်ရင် ဒီလောက်များတဲ့ ရွှေတံဆိပ်ရ ကြေးစားစစ်သည်တွေကို ကိုင်တွယ်ရတာ တကယ်ကို ခက်ခဲလိမ့်မယ်” ဟု ငွေရောင်တံဆိပ်ရ ကြေးစားစစ်သည် ခုနစ်ဦး၏ ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
ထိုလူ၏ မေးစေ့တွင် မုတ်ဆိတ်မွှေး အနည်းငယ် ရှိနေပြီး ကြည့်ရသည်မှာ အလွန်ပါးနပ်မည့်ပုံ ပေါ်ပေသည်။
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးခိုးများ ငြိမ်သက်သွားသောအခါ ချင်ယွမ်ဖုန်းသည် လူတိုင်း၏ ရှေ့တွင် ပြန်လည် ပေါ်ထွက်လာပြန်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” မုတ်ဆိတ်မွှေးနှင့် ခေါင်းဆောင်မှာ အံ့အားသင့်သွားတော့သည်။ ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ဝိညာဉ်အဆောင်လက်ဖွဲ့ အလွှာတစ်ခုက ဝန်းရံထားပြီး ယင်းက ပေါက်ကွဲမှုအားလုံးကို တားဆီးပေးထားခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော အဆောင်လက်ဖွဲ့များသည် ဖြည်းညှင်းစွာ ကွာကျလာတော့သည်။
ချင်ယွမ်ဖုန်းကို ပေါက်ကွဲမှုဒဏ်မှ ကာကွယ်ပေးပြီးနောက် ထိုအဆောင်လက်ဖွဲ့များအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
“ကပ်သီးလေး လွတ်သွားတာပဲ” ချင်ယွမ်ဖုန်းက မျက်လုံးကို မှေးကာ ကြည့်လိုက်ပြီး “မင်းတို့ရဲ့ အစီအစဉ်က တော်တော်လေး ကောင်းပါတယ်၊ အရင်ဆုံး ရွှေတံဆိပ်ရ ကြေးစားစစ်သည်တွေကို ငါ့ကို တိုက်ခိုက်အောင် ဆွပေးတယ်၊ ပြီးတော့မှ မင်းတို့က အခွင့်အရေးကို အရယူတယ်ပေါ့”
“ဒါ့အပြင် မင်းတို့က မင်းတို့ရဲ့ အစွမ်းအစကိုလည်း ဖုံးကွယ်ထားကြတာပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းတို့ တစ်ခုတော့ မှားသွားတယ်”
“ဘာများလဲ” ဟု မုတ်ဆိတ်မွှေးနှင့် လူက အလိုအလျောက် မေးလိုက်မိသည်။
“မင်းတို့ ငါ့ရဲ့ အစွမ်းကို လျှော့တွက်လိုက်တာပဲ”
ချင်ယွမ်ဖုန်းသည် ဟိန်းဟောက်လိုက်ပြီး မုတ်ဆိတ်မွှေးနှင့် လူရှိရာသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။
သူ၏ အရိုးတုတ်ထံမှ စွမ်းအင်လှိုင်းများ အထပ်ထပ် ထွက်ပေါ်နေပေသည်။
သို့သော်လည်း မုတ်ဆိတ်မွှေးနှင့် လူသည် သူ၏ ခြေလှမ်းကို ရွှေ့လိုက်ရာ သူ၏ ဘယ်ဘက်နှင့် ညာဘက်ခြမ်းမှ အလင်းတန်းနှစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အခြားသော လူနှစ်ဦးနှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။
ထိုအလင်းတန်းသည် ရပ်တန့်သွားခြင်း မရှိဘဲ အောက်ဘက်သို့ ဆက်လက်၍ ဆက်သွယ်သွားပြန်သည်။
ခဏချင်းတွင်ပင် ထိုလူ ခုနစ်ဦးစလုံးမှာ ဤအလင်းတန်းဖြင့် ချိတ်ဆက်မိသွားကြတော့သည်။
ချင်ယွမ်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ မြားတစ်စင်းကဲ့သို့ ပစ်ထွက်သွားပြီး အရိုးတုတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
မုတ်ဆိတ်မွှေးနှင့် လူ၏ လက်ထဲတွင် ဓားမြှောင်တစ်စင်း ပေါ်လာပြီး သူသည် ထိုဓားမြှောင်ဖြင့် ချင်ယွမ်ဖုန်း၏ အရိုးတုတ်ကို တိုက်ရိုက် ခုခံလိုက်ပေသည်။
အရိုးတုတ်နှင့် ဓားမြှောင် ထိတွေ့မိသည်နှင့် အရိုးတုတ်မှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရ၏။
သူ၏ ရှေ့မှ မုတ်ဆိတ်မွှေးနှင့် လူသည် ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သို့ ယခုလေးတင်မှ ဝင်ရောက်ထားသူ ဖြစ်သော်လည်း ထိုခဏ၌ သူ၏ အစွမ်းမှာ ရုတ်တရက် အဆမတန် မြင့်တက်လာခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး ထိုလူ ခုနစ်ဦးကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ လက်ထဲတွင် အခြားသော စစ်တူတစ်လက် ပေါ်လာပြန်ရာ ယင်းမှာလည်း တတိယအဆင့် မှော်လက်နက်တစ်ခုပင် ဖြစ်၏။
“ဒါက တိုက်ပွဲအစီအရင်ပဲ” ဟု ချင်ယွင်မျှော်စင် အစည်းအရုံးမှ အကြီးအကဲတစ်ဦးက အံ့သြစွာ ရေရွတ်လိုက်သည်။
လျောင်ဝမ်က ခေါင်းညိတ်လိုက်ပြီး “တိုက်ပွဲအစီအရင်တွေက အစီအရင်ထဲမှာ ရှိနေတဲ့ လူတိုင်းရဲ့ အစွမ်းကို စုစည်းပေးနိုင်တာပဲ၊ ဒါကြောင့်လည်း သူတို့ ချင်ကျိကို ယှဉ်နိုင်တာ မဆန်းပါဘူး” ဟု ပြောလိုက်လေသည်။
ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် ထိုလူ ခုနစ်ဦး၏ ခြေဖဝါးအောက်ရှိ အလင်းတန်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ ယင်းမှာ ကိုယ်တွင်းစွမ်းအင်နှင့် အစွမ်းများကို ကူးပြောင်းပေးရန်အတွက် အသုံးပြုခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် မည်သည့်လူကိုပင် တိုက်ခိုက်သည်ဖြစ်စေ ကျန်ရှိသော ခြောက်ဦး၏ အစွမ်းနှင့် စွမ်းအင်များသည် ထိုလူထံသို့ ချက်ချင်း ကူးပြောင်းသွားမည် ဖြစ်သည်။
အစွမ်းများမှာ လေလွင့်သွားခြင်း မရှိရုံသာမက တိုက်ပွဲအစီအရင်ကြောင့် ပိုမို အားကောင်းလာမည်ပင် ဖြစ်တော့သည်။