အခန်း (၃၂၉-၃၃၀)
Vol. 18 Ch. 329-330
အခန်း (၃၂၉) နှုတ်ခမ်းမွေးစိမ်း
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်မိသည်။ ကြည့်ရသည်မှာ ဤလူများသည် အစီအစဉ်တကျ ပြင်ဆင်လာပုံရ၏။
"ငါ သိချင်တာက မင်းတို့အားလုံး ဒီကို ရောက်လာကြတာက ဂိုဏ်းချုပ်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက်လား" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
"သေလူတစ်ယောက်က ဒီလောက်အများကြီး သိနေဖို့ မလိုဘူး" နှုတ်ခမ်းမွေးနှင့် လူက အေးစက်စွာ တုံ့ပြန်ပြီးနောက် ချင်ယွမ်ဖုန်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်လာတော့သည်။
ထိုနှုတ်ခမ်းမွေးနှင့်လူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲအစီအရင် တစ်ခုလုံးသည်လည်း လိုက်ပါပြောင်းလဲသွားသော်လည်း တစ်ဦးချင်းစီ၏ တည်နေရာများမှာ မူလအတိုင်းပင် ရှိနေသဖြင့် အစီအရင်၏ အဆက်အစပ်မှာ ပျက်ယွင်းသွားခြင်း မရှိပေ။
၎င်းတို့သည် ပြီးပြည့်စုံသော ဟန်ချက်ညီမှုကို ရရှိရန်အတွက် များစွာ လေ့ကျင့်ထားပုံရသည်။
နှုတ်ခမ်းမွေးနှင့်လူ၏ လက်ထဲရှိ ဓားမြှောင်တိုမှ သုံးပေခန့်ရှည်သော စွမ်းအင်အလင်းတန်းများ ထွက်ပေါ်လာပြီး အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် စွမ်းအင်လှိုင်းတစ်ခုသည် လေထုကို ဖြတ်သန်း၍ တိုးဝှေ့လာတော့သည်။
ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအား အမြောက်အမြားကို ထုတ်ဖော်ကာ လူတိုင်းကို လွှမ်းခြုံထားလိုက်သည်။
ထိုခုနစ်ယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြပြီး ချင်ယွမ်ဖုန်းကို ဝိုင်းရံကာ စွမ်းအင်အလင်းတန်းများဖြင့် ပိတ်ဆို့ထားကြသည်။
ချင်ယွမ်ဖုန်းမှာ တစ်ချက်ချင်းစီကို မနည်းရှောင်တိမ်းနေရသဖြင့် အတော်ပင် ပုံပျက်ပန်းပျက် ဖြစ်နေရချေပြီ။
"ဂိုဏ်းချုပ်... အဆင်ပြေရဲ့လား" အကြီးအကဲတစ်ဦးက ထိုအချိန်တွင် မေးလိုက်သည်။
လျောင်ဝမ်သည် မျက်နှာပျက်ပျက်ဖြင့် ခေါင်းခါပြလိုက်၏။ "ငါတို့ ဝင်ပါလို့မရဘူး။ ငါက ချင်ကျိအပေါ် မျှော်လင့်ချက်ကြီးပေမဲ့ စည်းကမ်းကတော့ စည်းကမ်းပဲ။ သူတို့တွေ စုပေါင်းတိုက်ခိုက်နေတာတောင် စည်းကမ်းဘောင်ထဲမှာပဲ ရှိနေသေးတယ်"
"ဟူး..." အကြီးအကဲအချို့ သက်ပြင်းချလိုက်ကြသည်။ ချင်ယွမ်ဖုန်းအနေဖြင့် ထိုလူများကို အနိုင်ယူနိုင်လိမ့်မည်ဟု ၎င်းတို့ မယုံကြည်ကြပေ။
ချင်ယွမ်ဖုန်းမှာ ဆက်တိုက်ရှောင်တိမ်းနေရပြီး အဝတ်အစားများ စုတ်ပြတ်နေသော်လည်း သူသည် အငြိမ်မနေဘဲ စိတ်အာရုံကို အသုံးပြုကာ လူတိုင်းကို အကဲခတ်နေခဲ့သည်။
သူသည် တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းရင်း မြေပြင်ပေါ်တွင် လိမ့်လိုက်ပြီး ငွေတံဆိပ်ရ ကြေးစားစစ်သည် တစ်ဦး၏ ခြေရင်းသို့ ရောက်သွားသည်။
ထိုအခါ သူသည် ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်ပြီး လက်ထဲမှ တူကို လွှတ်ကာ ဓားတစ်လက်ဖြင့် အစားထိုးလိုက်သည်။
ထိုဓားသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ထိုငွေတံဆိပ်ရ ကြေးစားစစ်သည်၏ လည်ချောင်းဆီသို့ ဦးတည်ထိုးနှက်လိုက်သည်။
သို့သော် ထိုကြေးစားစစ်သည်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှပင် မရှိဘဲ သူ၏ ရှေ့တွင် ဒိုင်းအသေးတစ်ခု ပေါ်လာသည်။
ဓားသည် ဒိုင်းကို ထိမှန်သွားသော်လည်း ကာကွယ်ရေးကို ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ပေ။ ချင်ယွမ်ဖုန်းသည် ရုတ်တရက် ရှေ့သို့ အားစိုက်တိုးလိုက်ရာ သူ၏လက်ထဲရှိ ဓားမှာ အစွမ်းကုန် တင်းထားသော လေးတစ်စင်းကဲ့သို့ မယုံကြည်နိုင်လောက်သော အကွေးအဆန့်ဖြင့် ကွေးညွှတ်သွားတော့သည်။
နောက်တစ်ခဏတွင် ပြင်းထန်သော အားတစ်ခုသည် ငွေတံဆိပ်ရ ကြေးစားစစ်သည်၏ ကိုယ်ထဲသို့ စီးဝင်သွားပြီး ချင်ယွမ်ဖုန်းကို လွင့်ထွက်သွားစေသည်။
နှုတ်ခမ်းမွေးနှင့်လူသည် ချင်ယွမ်ဖုန်း၏ နောက်ကျောဘက်တွင် ပေါ်လာပြီး သူ၏ ဓားတိုကို မြှောက်ကာ ချင်ယွမ်ဖုန်း၏ ကျောပြင်ဆီသို့ စွမ်းအင်လှိုင်းတစ်ခု လွှတ်ထုတ်လိုက်သည်။
"ရှဲ..."
ချင်ယွမ်ဖုန်းသည် ထိုစွမ်းအင်အလင်းတန်းကို တိုက်ရိုက်ထိမှန်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
"ဟင်း... သူ့ကို မြန်မြန် ဇာတ်သိမ်းလိုက်စမ်း" နှုတ်ခမ်းမွေးနှင့်လူက နှာခေါင်းရှုံ့ကာ ချင်ယွမ်ဖုန်းကို အပြတ်ရှင်းရန် ရှေ့သို့ လှမ်းလိုက်သည်။
သို့သော် ထိုအချိန်တွင်ပင် ချင်ယွမ်ဖုန်းသည် မြေပြင်မှ ခုန်ထလိုက်သည်။ သူ၏ အပြင်ဘက် အဝတ်အစားများ ကျောဘက်တွင် စုတ်ပြတ်သွားသော်လည်း အတွင်း၌ ဝတ်ဆင်ထားသော ဝတ်ရုံဖြူကြီးမှာ ပေါ်ထွက်နေသည်။
ထိုလိပ်နက်ဝတ်ရုံကြောင့်သာ ချင်ယွမ်ဖုန်းသည် စွမ်းအင်လှိုင်းဒဏ်ကို ခံနိုင်ရည်ရှိခဲ့ခြင်း ဖြစ်သည်။
"လိပ်နက်ဝတ်ရုံ... မင်းကို ငါ အကြွေးအများကြီး တင်သွားပြီပဲ" ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ဟက်... မင်း ဘာပဲပြောပြော ရှုံးသွားပြီ" နှုတ်ခမ်းမွေးနှင့်လူက အေးစက်စွာ ပြောသည်။
"ရှုံးတယ်ဟုတ်လား" ချင်ယွမ်ဖုန်းက ထိုအခါမှ ရယ်မောလိုက်ပြီး "ငါ မရှုံးဘူး။ တကယ်တော့ မင်းတို့ရဲ့ အားနည်းချက်ကို ငါ သိသွားပြီ"
"အားနည်းချက်... မဖြစ်နိုင်တာ။ ဒီတိုက်ပွဲအစီအရင်မှာ အားနည်းချက်မရှိဘူး။ ငါတို့ ဒါကို မဖျက်မချင်း အစီအရင်က ဆက်ပြီး အလုပ်လုပ်နေဦးမှာပဲ" ဟု နှုတ်ခမ်းမွေးနှင့်လူက လှောင်ပြုံးဖြင့် ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "ငါပြောတဲ့ အားနည်းချက်ဆိုတာ မင်းတို့ထဲမှာ အားအနည်းဆုံး တစ်ယောက်ကို ပြောတာ..."
နှုတ်ခမ်းမွေးနှင့်လူသည် မျက်လုံးပြူးသွားပြီး မိမိကိုယ်မိမိ မသိလိုက်ဘဲ ဘယ်ဘက်မှ ဒုတိယမြောက် ငွေတံဆိပ်ရ ကြေးစားစစ်သည်ထံသို့ လှမ်းကြည့်မိသွားသည်။
"ကျေးဇူးပဲ... အခု ဘယ်သူလဲဆိုတာ ငါ သိပြီ" ချင်ယွမ်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုအခါမှ နှုတ်ခမ်းမွေးနှင့်လူသည် မိမိ လှည့်ကွက်မိသွားမှန်း သိလိုက်ရသည်။ ချင်ယွမ်ဖုန်းမှာ မည်သူ အားအနည်းဆုံးဖြစ်သည်ကို မသိသော်လည်း စောစောက သူ၏ အကြည့်တစ်ချက်ကပင် အဖြေကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။
"ဝူး..."
နဂါးဟိန်းသံကဲ့သို့ ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာရာ ၎င်းတို့၏ နားစည်များကို နာကျင်စေပြီး ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် သူ၏ဓားကို ဝှေ့ယမ်းကာ အားအနည်းဆုံး သိုင်းပညာရှင်ဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
အခြားသူများအဖို့ ချင်ယွမ်ဖုန်း၏ ခုတ်ချက်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း လျောင်ဝမ်၏ မျက်လုံးထဲတွင်မူ ချင်ယွမ်ဖုန်း၏ အစစ်အမှန် လှုပ်ရှားမှုကို မြင်တွေ့နေရသည်။
ချင်ယွမ်ဖုန်းသည် တစ်ခဏချင်းအတွင်း ဆယ်ချက်တိတိ ခုတ်လိုက်ခြင်း ဖြစ်သော်လည်း အလွန်မြန်လွန်းလှသဖြင့် တစ်ချက်တည်း ခုတ်လိုက်သကဲ့သို့ ထင်မှတ်ရခြင်း ဖြစ်သည်။
ဓားသည် ငွေတံဆိပ်ရ ကြေးစားစစ်သည်၏ ပုခုံးပေါ်သို့ ကျရောက်သွားပြီး စွမ်းအင်များ ပြန့်နှံ့ကာ ထိုသူ၏ အဝတ်များကို ဆုတ်ဖြဲသွားသည်။
ဓားကျရောက်သွားသော်လည်း တိုက်ပွဲအစီအရင်မှာ ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။ အခြားသူများမှာ နဂါးဟိန်းသံကြောင့် စိတ်အာရုံ ထွေပြားသွားသော်လည်း အင်အားများကိုတော့ စုစည်းထားနိုင်ဆဲပင်။
သို့သော် ချင်ယွမ်ဖုန်း၏ နေဝင်ချိန်တစ်ချက်ခုတ် ဓားသိုင်းသည် ကာကွယ်ရေးကို ဖောက်ထွင်းနိုင်စွမ်းရှိခြင်းကြောင့် ကျော်ကြားလှသည်။
သူသည် တစ်နေရာတည်းကိုပင် ဆယ်ချက် ဆက်တိုက် ခုတ်ချလိုက်ရာ ခဏချင်း ဖြစ်ပေါ်လာသော ကြီးမားသည့် အားအရှိန်ကြောင့် စုစည်းထားသော စွမ်းအင်များမှာ ပျက်စီးသွားတော့သည်။
"ဖျောက်... ဖျောက်..."
ဖန်ခွက်များ ကွဲကြေသွားသည့်နှယ် အသံအချို့ ထွက်ပေါ်လာပြီး တိုက်ပွဲအစီအရင် တစ်ခုလုံး ပျက်စီးသွားကာ လူအချို့မှာ နောက်သို့ လွင့်ထွက်သွားကြသည်။
ငွေတံဆိပ်ရ ကြေးစားစစ်သည်၏ ပုခုံးတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရသွားပြီး သွေးများ လေထဲတွင် ဝဲပျံသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ချင်ယွမ်ဖုန်းသည် သူ၏ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ စစ်သုံးတူဖြင့် အစားထိုးလိုက်ပြီး နှုတ်ခမ်းမွေးနှင့်လူထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
နှုတ်ခမ်းမွေးနှင့်လူမှာ မြေပြင်ပေါ်သို့ ကျသွားရာမှ သတိပြန်ဝင်လာပြီး ရုတ်တရက် ထရပ်လိုက်စဉ်မှာပင် ချင်ယွမ်ဖုန်း အားကုန်လွှဲယမ်းလိုက်သော တူကြီးနှင့် တိုက်ရိုက် တိုးမိတော့သည်။
"ဘုန်း..."
အသားတုံးတစ်ခု မြေပေါ်သို့ ကျသွားသကဲ့သို့ အသံအက်အက်ကြီး ထွက်ပေါ်လာပြီး နှုတ်ခမ်းမွေးနှင့်လူသည် မြေပြင်ပေါ်တွင် အခါပေါင်းများစွာ လိမ့်သွားကာ ရပ်တန့်သွားသည်။
သူ၏ အရိုးများမှာ ထက်ဝက်ခန့် ကျိုးကြေသွားချေပြီ။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး ကျန်ရှိနေသော ငွေတံဆိပ်ရ ကြေးစားစစ်သည်များကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။
ချင်ယွမ်ဖုန်း၏ အကြည့်ကို မြင်သောအခါ ၎င်းတို့အားလုံးသည် မိမိကိုယ်မိမိ မသိလိုက်ဘဲ ခေါင်းငုံ့သွားကြသည်။
ပွဲကြည့်နေကြသော ကြေးစားစစ်သည်များမှာ ချင်ယွမ်ဖုန်း၏ အစွမ်းကို အသိအမှတ်ပြုသည့်အနေဖြင့် အော်ဟစ်အားပေးကြသည်။
လျောင်ဝမ်သည် မျက်နှာတွင် အပြုံးတစ်ခုဖြင့် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
"ကဲ... အခု ဒီကြေးစားစစ်သည် ပြိုင်ပွဲရဲ့ အနိုင်ရရှိသူကတော့..."
"နေဦး..." အသံတစ်ခုက လျောင်ဝမ်၏ စကားကို ဖြတ်ပြောလိုက်သည်။
လျောင်ဝမ်သည် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် အကူအညီယူကာ မတ်တတ်ရပ်နေရသော နှုတ်ခမ်းမွေးနှင့် ကြေးစားစစ်သည်ကို ကြည့်လိုက်သည်။
"မင်း ရှုံးသွားပြီပဲ။ ပြောစရာ ဘာကျန်သေးလို့လဲ" ဟု လျောင်ဝမ်က အေးစက်စွာ မေးသည်။
"ဟက်ဟက်..." နှုတ်ခမ်းမွေးနှင့်လူသည် သွေးအချို့ကို အန်ထုတ်ရင်း ရယ်မောလိုက်ပြီး "ငါ ရှုံးသွားတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ မင်းရဲ့ အကြောင်းကို ငါ ဖွင့်ချရလိမ့်မယ်"
"ငါ့ကို ဖွင့်ချမယ်ဟုတ်လား" လျောင်ဝမ်၏ အသံမှာ ရုတ်တရက် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
"ဆရာကြီး ကျိုးထုံက ချင်ယွင်မျှော်စင်ကို ပြန်လာခဲ့ပေမဲ့ သူက ဘာသဲလွန်စမှ မရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်။ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ မင်း ရဲရဲဝံ့ဝံ့ ပြောရဲလား"
နှုတ်ခမ်းမွေးနှင့်လူက လျောင်ဝမ်ကို လက်ညှိုးထိုးကာ တင်းမာစွာ ပြောလိုက်သည်။
လူတိုင်းသည် အံ့အားသင့်စွာဖြင့် လျောင်ဝမ်ကို ကြည့်လိုက်ကြသည်။
ကျိုးထုံဆိုသည်မှာ မည်သူဖြစ်ကြောင်း သူတို့ သိကြသည်မှာ အမှန်ပင်။ ကျိုးထုံသည် ဤအရာအားလုံးကို တည်ထောင်ခဲ့သူဖြစ်ပြီး လျောင်ဝမ်မှာ ကျိုးထုံ၏ တပည့်သာလျှင် ဖြစ်သည်။
"မင်း လျှောက်ပြောနေတာပဲ။ ငါ့ရဲ့ ဆရာက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ယင်ဝိညာဉ်ဂိုဏ်းနဲ့ တိုက်ပွဲမှာ အသက်စွန့်ခဲ့တာ။ သူက ဘယ်လိုလုပ် ပြန်လာနိုင်မှာလဲ" လျောင်ဝမ်က ပြန်လည် ချေပလိုက်သည်။
"ဆရာကြီး ကျိုးထုံက မသေသေးပါဘူး။ အဲဒီနေ့က သူ ကွန်ရှန်းချိုင့်ဝှမ်းကို ပြန်လာတုန်းက မင်းဆီ မလာခင် ငါတို့ဆီကို အရင်လာခဲ့တာ" နှုတ်ခမ်းမွေးနှင့်လူက ရယ်မောလိုက်သည်။
"ဘယ်သူမှ မသိဘူးလို့ မင်း ထင်နေတာလား။ မင်း ကိုယ့်ကိုယ်ကိုယ်ပဲ လိမ်နေတာပါ"
အခန်း (၃၃၀)ကျူးရွယ်မင်
"လျှောက်မပြောနဲ့"
လျောင်ဝမ်၏ မျက်နှာသည် ရုတ်ချည်းပင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ လွှမ်းမိုးသွားလေသည်။
သူသည် လျှပ်တစ်ပြက်အတွင်း ထိုနှုတ်ခမ်းမွှေးနှင့်လူ၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး လည်ပင်းကို အမိအရ ဖမ်းဆုပ်လိုက်၏။
သနားစရာကောင်းလှသော ထိုနှုတ်ခမ်းမွှေးနှင့်လူမှာ ချင်ယွမ်ဖုန်း၏ လက်ချက်ကြောင့် ဒဏ်ရာများ ရရှိထားပြီးဖြစ်ရာ ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းထားသည့် လျောင်ဝမ်က ၎င်း၏လည်ပင်းကို ချိုးဖျက်လိုက်သည့်အခါတွင်မူ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိရှာပေ။
"ဒါကတော့..."
ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရပြီး လျောင်ဝမ်အား ဒေါသတကြီး စိုက်ကြည့်မိတော့သည်။
"ကျိုးထုံကို မြင်လိုက်ရတယ်လို့ ဘယ်သူများ ပြောဦးမလဲ။ ကျိုးထုံက သေသွားပြီ၊ ဘယ်တော့မှ ပြန်မလာတော့ဘူး။ ဒီလူတွေက ငါ့ကို ချင်ယွင်မျှော်စင် အစည်းအရုံးရဲ့ ဂိုဏ်းချုပ်အဖြစ် အရည်အချင်း မပြည့်မီတော့အောင် ကောလာဟလတွေ လွှင့်နေကြတာ" ဟု လျောင်ဝမ်က အေးစက်စွာ ပြောဆိုလိုက်သည်။
အခြားသော ငွေတံဆိပ်ရ ကြေးစားစစ်သည်များမှာ ကြောက်လန့်တကြား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြလေသည်။
၎င်းတို့မှာ ပဉ္စမအဆင့် သိုင်းပညာရှင်များသာ ဖြစ်ကြရာ ဘိုးဘေးနယ်ပယ်သို့ ခြေလှမ်းလှမ်းထားပြီးဖြစ်သော လျောင်ဝမ်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ စိတ်ပျက်အားလျော့မှုများကိုသာ ခံစားနေရတော့သည်။
"ကဲ... ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ကြစို့။ နောက်နောင် ဘယ်သူမဆို ကောလာဟလ လွှင့်ရဲရင်တော့ ဒီလူလိုပဲ ဖြစ်ရမယ်"
လျောင်ဝမ်သည် နှုတ်ခမ်းမွှေးနှင့်လူအား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏နေရာ၌ ပြန်လည် ထိုင်လိုက်လေသည်။
ကြေးစားစစ်သည်များမှာ လျောင်ဝမ်၏ အစွမ်းထက်မှုကို ကြောက်ရွံ့သဖြင့် ဘာမျှ မပြောရဲကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ မသက်မသာ ဖြစ်နေကြချေပြီ။
လျောင်ဝမ်၏ အပြုအမူမှာ ထူးခြားစွာ ပြောင်းလဲနေခြင်းကြောင့် တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း သိသာနေပေသည်။
ချင်ယွမ်ဖုန်းသည် သူ၏ဒေါသကို အောင့်အီးထားလိုက်ရသည်။ ယခုအချိန်အထိ ကျိုးထုံ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသဖြင့် လျောင်ဝမ်နှင့် ရန်စခြင်းမှာ ပညာရှိရာမကျသေးပေ။
"အခု ကျင်းပခဲ့တဲ့ ကြေးစားစစ်သည် ပြိုင်ပွဲမှာ ချင်ကျိက အနိုင်ရရှိသူဖြစ်တယ်လို့ ငါ အခုပဲ ကြေညာလိုက်တယ်။ ဒါကို ကန့်ကွက်မယ့်သူ ရှိသေးလား"
လျောင်ဝမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မပြုကြပေ။
"ကောင်းပြီ... ဘယ်သူမှ မကန့်ကွက်ဘူးဆိုရင် ချင်ကျိက ချင်ယွင်မျှော်စင် အစည်းအရုံးရဲ့ ဂိုဏ်းချုပ်နေရာအတွက် လျာထားခြင်း ခံရသူဖြစ်လာပြီး ချင်ယွင်မျှော်စင်ရဲ့ အရင်းအမြစ်အားလုံးကို အသုံးပြုခွင့် ရရှိလိမ့်မယ်" ဟု လျောင်ဝမ်က ကျယ်လောင်စွာ ကြေညာလိုက်လေသည်။
သို့သော် ထိုအခိုက်တွင် နောက်ကွယ်၌ မတ်တတ်ရပ်နေခဲ့သည့် ဂိုဏ်းချုပ်လျာထားခံရသူ သုံးဦးအနက်မှ တစ်ဦးမှာ ဖြည်းညင်းစွာ ရှေ့သို့ ထွက်လာလေသည်။
"ဂိုဏ်းချုပ်... ကျွန်တော် ချင်ကျိကို စိန်ခေါ်ချင်ပါတယ်" ဟု ထိုလူက လက်အုပ်ချီလျက် ဂါရဝပြုကာ ပြောလိုက်၏။
"လျှောက်မလုပ်နဲ့ ကျူးရွယ်မင်... နောက်ကို ဆုတ်လိုက်စမ်း" ဟု လျောင်ဝမ်က အေးစက်စွာ ဟောက်လိုက်သည်။
ကျူးရွယ်မင်သည် ခေါင်းကို ခိုင်မာစွာ ခါယမ်းလိုက်သည်။ လွန်ခဲ့သည့် နှစ်များစွာကပင် သူသည် လျောင်ဝမ်၏ အမိန့်များကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်မှာ အလေ့အကျင့် ဖြစ်နေခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ့၌ ကိုယ်ပိုင်အတွေးအမြင် ရှိနေချေပြီ။
"ဂိုဏ်းချုပ် ဒီလောက်တောင် အလေးထားနေရတဲ့ ဒီလူငယ်လေးမှာ ကျွန်တော့်ထက် ဘာတွေ ပိုသာနေလဲဆိုတာ သိချင်လို့ပါ"
ထိုသို့ ပြောပြီးနောက် ကျူးရွယ်မင်သည် ကွင်းအလယ်သို့ တိုက်ရိုက် လျှောက်လှမ်းသွားပြီး ချင်ယွမ်ဖုန်းကို အေးစက်စွာ ကြည့်လိုက်သည်။
"ငါနဲ့ ယှဉ်ပြိုင်ရဲလား" ဟု သူက ခပ်အေးအေး မေးလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "မယှဉ်ရဲပါဘူး" ဟု ပြန်ပြောလိုက်သည်။
"မင်း..."
ကျူးရွယ်မင်မှာ ခဏတာမျှ ဆွံ့အသွားရလေသည်။ ချင်ယွမ်ဖုန်းမှာ သူနှင့် ယှဉ်ပြိုင်ရမည်ကို ကြောက်ရွံ့နေခြင်း မဟုတ်ကြောင်း သူ သိနေပေသည်။
သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်ရယ်မောလိုသည့် အရိပ်အယောင်များ ပြည့်နှက်သွားကာ "ဟင်း... ဒီလောက်တောင် သူရဲဘောကြောင်နေတာ၊ မင်းလိုကောင်မျိုးက ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်လောင်း ဖြစ်နိုင်မှာလဲ" ဟု ဆိုလိုက်၏။
"ကျွန်တော် ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းဆိုတာ စီနီယာ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး" ဟု ချင်ယွမ်ဖုန်းက ပခုံးတွန့်ရင်း ပြောလိုက်သည်။
"မင်းရဲ့ မောက်မာမှုတွေကို ရပ်လိုက်စမ်း"
ကျူးရွယ်မင်မှာ အလွန်အမင်း ဒေါသထွက်သွားရပြီး သူ၏ သိုလှောင်အိတ်ထဲမှ လေးထောင့်ပုံစံ အသွားမပါသည့် အရိုးတုတ်ရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထိုအရိုးတုတ်မှာ အလျားလေးပေခန့် ရှိပြီး အတော်ပင် လေးလံမည့်ပုံ ပေါ်နေပေသည်။ ထိုလက်နက်ကို ကိုင်စွဲလျက် ကျူးရွယ်မင်သည် ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် လွှဲရိုက်လိုက်တော့သည်။
အရိုးတုတ်ရှည်မှ စွမ်းအင်တချို့ ရုတ်ချည်း ထွက်ပေါ်လာပြီး လွန်စွာ လေးလံသော အရှိန်အဝါတစ်ခုနှင့်အတူ ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်သွားလေသည်။
ချင်ယွမ်ဖုန်းမှာ မျက်မှောင်ကြုတ်လိုက်ပြီး လျင်မြန်စွာ နောက်သို့ ဆုတ်လိုက်၏။ သူ၏ ဝိညာဉ်စွမ်းအင်သည် သူ၏ရှေ့မှ မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေကာ ကျောက်ခဲများမှာ နေရာအနှံ့သို့ လွင့်စင်ကုန်တော့သည်။
"ကျူးရွယ်မင်" ဟု လျောင်ဝမ်က မတ်တတ်ရပ်လျက် ပြင်းထန်စွာ ဟောက်လိုက်လေသည်။
ကျူးရွယ်မင်သည် အနည်းငယ် တုန်လှုပ်သွားရ၏။ သူသည် လျောင်ဝမ်အား လွန်စွာ ကြောက်ရွံ့နေဆဲဖြစ်ကြောင်း သိသာလှပေသည်။
"ကောင်းပြီ... ကျွန်တော် တိုက်ခိုက်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော် အခုလေးတင်မှ တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲထားရတာဆိုတော့ ခဏလောက် နားသင့်တယ် မဟုတ်လား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။
"ကောင်းပြီ... တစ်နာရီကြာရင် ဒီနေရာမှာပဲ ဆက်ပြီး ယှဉ်ပြိုင်ကြမယ်" ဟုကျူးရွယ်မင်က ပြောလိုက်သည်။
လျောင်ဝမ်သည် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုပြိုင်ပွဲကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
လူအများအပြားမှာ ချင်ယွမ်ဖုန်းအပေါ် အကောင်းမမြင်ကြပေ။ ကျူးရွယ်မင်မှာ လွန်ခဲ့သည့် နှစ်အတော်ကြာကပင် ဂိုဏ်းချုပ်လောင်း ဖြစ်လာခဲ့သူဖြစ်ပြီး ပလက်တီနမ်တံဆိပ်ကိုပင် ရရှိထားသူ ဖြစ်ပေသည်။
သူသည် ချင်ယွင်မျှော်စင်၏ အရင်းအမြစ်များကို သုံးစွဲခွင့်ရထားသူဖြစ်ရာ သူ၏ တိုးတက်မှုမှာ အံ့မခန်း မြန်ဆန်နေမည်မှာ ဧကန်မလွဲပင်။
ချင်ယွမ်ဖုန်းသည် လှည့်ထွက်သွားပြီး အနားယူရန် သူ၏ အခန်းသို့ ပြန်သွားလေရာ မည်သူမျှ သတိမပြုမိကြပေ။
လျောင်ဝမ်နှင့် အကြီးအကဲများမှာလည်း တစ်နာရီခန့် အချိန်ရသေးသဖြင့် မိမိတို့၏ ကိစ္စအသီးသီးကို ဆောင်ရွက်ရန် ထွက်ခွာသွားကြတော့သည်။
လျောင်ဝမ်မှာ သူ၏ နေအိမ်သို့ ပြန်လာခဲ့သော်လည်း အားလုံးကို ပြန်လွှတ်လိုက်ပြီး သူ၏ အစောင့်များကိုမူ နောက်ဖေးတံခါးတွင် စောင့်ကြပ်နေစေခဲ့သည်။
သူသည် အိမ်ဘေးရှိ ရေတွင်းအနီးသို့ လျှောက်သွားလိုက်သည်။ ထိုရေတွင်းမှာ အတော်ပင် ဟောင်းနွမ်းပျက်စီးနေပြီး ယခင်က မည်သည့်အခါမျှ ရေခပ်ခဲ့သည့်ပုံ မပေါ်ပေ။
ထို့နောက် လျောင်ဝမ်သည် ထိုရေတွင်းထဲသို့ တိုက်ရိုက် ခုန်ချသွားလေသည်။
လူရိပ်တစ်ခုမှာ ရေတွင်းဘေး၌ တိတ်တဆိတ် ထွက်ပေါ်လာသည်။
သူသည် လျောင်ဝမ် ရေတွင်းထဲသို့ ခုန်ချသွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းပင်။
ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူသည် သူ၏ ဝိညာဉ်စွမ်းအားကို ရေတွင်းထဲသို့ ဖြန့်ကြက်ကြည့်ရာ အောက်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် သူလည်း လိုက်လံ ခုန်ချသွားတော့သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ချင်ယွမ်ဖုန်းပင် ဖြစ်လေသည်။ သူ အနားယူလိုသည်ဟု ပြောခဲ့ခြင်းမှာ အချိန်ဆွဲရန် ဆင်ခြေတစ်ခုသာ ဖြစ်ပေသည်။
ယနေ့တွင် လူအားလုံးမှာ ရှေ့ဘက်တွင် ရှိနေကြသဖြင့် ဤနေရာသို့ လာရောက် စစ်ဆေးရန် သူ၏အတွက် အကောင်းဆုံး အခွင့်အရေးပင်။
မမျှော်လင့်ဘဲ လျောင်ဝမ်မှာလည်း ဤနေရာသို့ ပြန်လာခဲ့သဖြင့် ချင်ယွမ်ဖုန်းမှာ နောက်ယောင်ခံ လိုက်လာခဲ့ခြင်း ဖြစ်သည်။
ရေတွင်းအောက်ခြေတွင် ရေမရှိဘဲ မြေအောက်ခန်းကဲ့သို့ ကျဉ်းမြောင်းသော နေရာလေးတစ်ခုသာ ရှိပြီး အသက်ရှူရသည်မှာ အနည်းငယ် မွန်းကျပ်ဖွယ် ကောင်းလှပေသည်။
နံရံတွင် မီးအိမ်များ ချိတ်ဆွဲထားသော်လည်း နေရာတစ်ခုလုံးမှာ မှောင်ရိပ်သန်းနေဆဲပင်။
ထိုနေရာမှာ ကျဉ်းမြောင်းသော်လည်း အကျဉ်းခန်းအလွတ် အနည်းငယ် ရှိနေပြီး အကျဉ်းခန်းတစ်ခုထဲတွင်မူ သံကြိုးများဖြင့် ဆွဲချိတ်ထားခြင်း ခံရသော အဘိုးအိုတစ်ဦး ရှိနေသည်။
ထိုအဘိုးအို၏ ဆံပင်များမှာ ဖြူဖွေးနေပြီး သူ၏ လက်နှင့် ခြေထောက်များမှာ သံကြိုးဖြင့် အချည်ခံထားရကာ လေထဲတွင် တွဲလောင်း ဖြစ်နေပေသည်။
သူ၏ ပုခုံးနှစ်ဖက်ကို သံချိတ်နှစ်ခုဖြင့် ဖောက်ထွင်း ချိတ်ဆွဲထားပြီး သွေးများဖြင့်လည်း စိုရွှဲနေ၏။
လူတစ်ဦး၏ ပုခုံးရိုးကို သံချိတ်ဖြင့် ဖောက်ထွင်းထားခြင်းက ၎င်း၏ ကျင့်စဉ်အဆင့်ကို နှိမ်နင်းထားနိုင်သည့်အပြင် ထာဝရ ကျိန်စာသင့်နေစေရန် ပြုလုပ်ထားခြင်းဖြစ်သည်ဟုလည်း ပါးစပ်ရာဇဝင်များ ရှိပေသည်။
ချင်ယွမ်ဖုန်းသည် သေချာစွာ ကြည့်လိုက်သည့်အခါ ထိုတွဲလောင်း ချိတ်ဆွဲခြင်း ခံထားရသူမှာ ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
"ဆရာ... တပည့်ဖြစ်သူက ဆရာ့ကို လာတွေ့တာပါ" ဟု လျောင်ဝမ်က အကျဉ်းခန်းရှေ့သို့ လျှောက်သွားရင်း အေးဆေးစွာ ပြောလိုက်သည်။
ထိုတွဲလောင်း ချိတ်ဆွဲခြင်း ခံထားရသော အဘိုးအိုမှာ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်လေသည်။ ထိုသူမှာ အဘိုးကျိုးထုံမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။
"မင်းလို သတ္တဝါယုတ်... ငါ့ရှေ့ကို ဘယ်လိုတောင် မျက်နှာပြရဲတာလဲ"
ကျိုးထုံ၏ မျက်လုံးများမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး လျောင်ဝမ်ကို ဝါးစားမတတ် စိုက်ကြည့်နေတော့သည်။
ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် တင်းကျပ်သွားရသည်။ ကျိုးထုံ၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲ၌ နာကျင်မှုကို ခံစားလိုက်ရလေသည်။
"ဆရာ... အဲဒီလို မပြောပါနဲ့။ ဆရာ အခုလို ဖြစ်ရတာ ဆရာ့ကိုယ်ဆရာပဲ အပြစ်တင်ရလိမ့်မယ်၊ ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ပြန်လာခဲ့တာလဲ" ဟု လျောင်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
"အားလုံးက ဆရာ့ကို ချင်ယွင်မျှော်စင်ရဲ့ တကယ့် အရှင်သခင်လို့ သိထားကြတာ။ ဆရာ့အပေါ် လူတွေရဲ့ အမြင်ကို ပြောင်းလဲနိုင်ဖို့ ကျွန်တော် အနှစ်သုံးဆယ်တောင် အချိန်ယူခဲ့ရတာ။ ဆရာ ပြန်လာတာနဲ့ ဒါတွေကို ပြန်ယူသွားဖို့ ဘာအခွင့်အရေး ရှိလို့လဲ"
လျောင်ဝမ် ပြောပြီးသည့်အခါတွင်မူ ကျိုးထုံမှာ ပို၍ စိတ်လှုပ်ရှားလာပြီး ဟိန်းဟောက်သည့်အသံဖြင့် ပြောလိုက်တော့သည်။
"ဒီချင်ယွင်မျှော်စင်ကို ငါ ကိုယ်တိုင် တည်ထောင်ခဲ့တာ၊ နောက်ကျရင်လည်း မင်းကိုပဲ လွှဲပေးဖို့ ရည်ရွယ်ထားတာပါ။ မင်းက ဘာလို့ ဒီလောက်တောင် လောနေရတာလဲ" ဟု ကျိုးထုံ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လျက် ပြောလိုက်၏။
တစ်ချိန်က လျောင်ဝမ်မှာ သူ၏ အတော်ဆုံး တပည့်ဖြစ်ခဲ့ပြီး သူ အမျှော်လင့်ဆုံးသူလည်း ဖြစ်ခဲ့သည်။ သို့သော် ယခုမူ ထိုသူမှာ သူ၏ စိတ်အာဃာတမိစ္ဆာ ဖြစ်နေချေပြီ။
"အခု ဆရာ ပြန်ကောင်းလာပြီဆိုတော့ ဆရာ ဖြည်းဖြည်းချင်း သေသွားမှာကို ကျွန်တော်က စောင့်နေရမှာလား။ မဖြစ်နိုင်တာ။ စိတ်မပူပါနဲ့ ဆရာ... ချင်ယွင်မျှော်စင် အမြဲတမ်း အင်အားတောင့်တင်းနေဖို့အတွက် ပိုပြီး ထူးချွန်တဲ့ ပါရမီရှင်တွေကို ကျွန်တော် ရှာဖွေသွားမှာပါ" ဟု လျောင်ဝမ်က လှောင်ပြုံးဖြင့် ပြောလိုက်လေသည်။