အခန်း (၃၄၁-၃၄၂)
Vol. 18 Ch. 341-342
အခန်း (၃၄၁)ကယ်တင်ခြင်း
တာဝန်ခံအိမ်တော်ထိန်းသည် ဒဏ်ရာဗရပွနှင့်ဖြစ်နေသော အဘိုးကျိုးအား ရေတွင်းထဲမှ ဆွဲတင်လာခဲ့သည်။
အဘိုးကျိုးသည် တစ်ကိုယ်လုံး သွေးအိုင်ထွန်းနေသည့် ဒဏ်ရာများဖြင့် အလွန်အမင်း အားအင်ချိနဲ့နေပြီး အချိန်မရွေး သတိလစ်သွားနိုင်သည့် အခြေအနေတွင် ရှိနေပေသည်။
အထူးသဖြင့် သံချိတ်များဖြင့် ထိုးဖောက်ခြင်းခံထားရသော ပုခုံးနှစ်ဖက်မှ ဒဏ်ရာများက အထင်အရှားရှိနေပြီး အဘိုးကျိုးသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မည်မျှအထိ နှိပ်စက်ညှင်းပန်းခံခဲ့ရသည်ကို ဖော်ပြနေတော့သည်။
"ခုချက်ချင်း ဒီကနေ ထွက်သွားတော့" ဟု တာဝန်ခံအိမ်တော်ထိန်းက အဘိုးကျိုး၏ လက်မောင်းကို ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲကိုင်ရင်း ဟိန်းဟောက်လိုက်သည်။
အဘိုးကျိုးမှာမူ ပြန်လည်ခုခံရန် အားအင်မရှိတော့ပေ။ ယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်းမှာပင် အံ့ဖွယ်တစ်ပါးဟု ဆိုရမည်ဖြစ်၏။
ရေတွင်းအနားတွင် ကာကွယ်ရေးအစောင့်အချို့က စောင့်ဆိုင်းနေကြသည်။ အိမ်တော်ထိန်း တက်လာသည်ကို မြင်လျှင်မြင်ချင်းပင် ၎င်းတို့သည် အိတ်တစ်အိတ်ကို ထုတ်ယူကာ အဘိုးကျိုးအား အိတ်ထဲသို့ ထည့်လိုက်ကြသည်။
ယခုအချိန်တွင် လျောင်ဝမ်သည် လူသတ်၍ နှုတ်ပိတ်ချင်လျှင်ပင် သက်သေများကို ဖျက်ဆီးရပေမည်။ အကယ်၍ ရှန်ကွမ်းရင်းသာ အဘိုးကျိုးကို မြင်သွားပါက ချင်ယွင်မျှော်စင်နှင့် အသက်ပေး၍ တိုက်ပွဲဝင်တော့မည်မှာ မလွဲဧကန်ပင်။
ယခင်က အဘိုးကျိုးသည် ချင်ယွင်မျှော်စင်ကို ထောက်မထားခဲ့သူ ဖြစ်သည်။ ဘုရင်နယ်ပယ်သို့ ရောက်ရှိထားသည့် ကျွမ်းကျင်သူများမှာမူ တံခါးပိတ်ကျင့်ကြံနေကြပြီး အသက်အန္တရာယ်နှင့် ကြုံရသည့် အရေးကြီးကိစ္စမျိုးမှလွဲ၍ ထွက်လာလေ့မရှိကြပေ။
ထို့ကြောင့် ၎င်းတို့ကို ချင်ယွင်မျှော်စင်ရှိ လူများက တဖြည်းဖြည်း မေ့လျော့နေကြပြီဖြစ်သည်။
လျောင်ဝမ်သည် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့သော်လည်း မိမိ၏ ပါရမီကြောင့်ပင် သူ၏ အဆင့်အတန်းမှာ အဘိုးကျိုး၏ အထွတ်အထိပ်အချိန်ကို မည်သို့မျှ မမီနိုင်ခဲ့ပေ။
ယခုအချိန်တွင် သူသည် ပထမအဆင့် ဘုရင်နယ်ပယ်တွင်သာ ရှိသေးရာ ဝါရင့်ပညာရှင်ကြီးဖြစ်သော ရှန်ကွမ်းရင်းနှင့် ယှဉ်လျှင် လိုအပ်ချက်များ ရှိနေသေးသည်။
ထို့ကြောင့် ချင်ယွင်မျှော်စင်၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားမှာ ရှန်ကွမ်းရင်း၏ ဖုန်းလိုင်မျှော်စင်ကို မယှဉ်နိုင်သေးသဖြင့် လျောင်ဝမ်အနေဖြင့် ၎င်းတို့ကို မပြစ်မှားရဲခြင်းပင် ဖြစ်သည်။
"စီနီယာရှန်ကွမ်း၊ မတွေ့ရတာ ကြာပြီနော်" ရှန်ကွမ်းရင်း ဒေါသတကြီး လျှောက်လာသည်ကို မြင်သောအခါ လျောင်ဝမ်က ပြုံးရွှင်စွာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
လျောင်ဝမ်ကို မြင်လိုက်ရသောအခါ ရှန်ကွမ်းရင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း "လျောင်ဝမ်၊ မင်းကတော့ ဒီနှစ်တွေထဲမှာ ချင်ယွင်မျှော်စင်ရဲ့ ဂိုဏ်းချုပ်အဖြစ်နဲ့ တော်တော်လေးကို အာဏာစက် ပြင်းနေတာပဲလား" ဟု အေးစက်စွာ ပြောလိုက်သည်။
"အဲလိုလည်း မဟုတ်ပါဘူး" ဟု လျောင်ဝမ်က ပြုံးလျက်ပင် "ကျွန်တော်က ကျွန်တော့်ဆရာရဲ့ တစ်သက်တာ ကြိုးပမ်းအားထုတ်မှုတွေကို စောင့်ရှောက်နေရုံတင်ပါ" ဟု ပြန်ပြောလိုက်သည်။
"ချင်ယွင်မျှော်စင်က မင်းဆရာရဲ့ တစ်သက်တာ ကြိုးပမ်းအားထုတ်မှုဆိုတာကို မင်း သိသေးတာပဲလား" ဟု ရှန်ကွမ်းရင်းက ခနဲ့တဲ့တဲ့ ပြောလိုက်ပြီး "ဒါက မင်းရဲ့ ကျေးဇူးရှင် ဆရာသမားအပေါ် ဆက်ဆံတဲ့ ပုံစံလား" ဟု မေးလိုက်သည်။
ထိုအခါ လျောင်ဝမ်က ရယ်မောလိုက်ပြီး "စီနီယာရှန်ကွမ်း တစ်ခုခု ကြားလာလို့ ထင်တယ်။ မကြာသေးခင်က ချင်ယွင်မျှော်စင်မှာ သစ္စာဖောက်တစ်ယောက် ပေါ်လာပြီး ကျွန်တော်က ကျွန်တော့်ရဲ့ ဆရာနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်ပါတယ်ဆိုပြီး ကောလာဟလတွေ လွှင့်နေတာလေ။ ကျွန်တော်ဆိုရင် သူ့ကို မုန်းလွန်းလို့ သွားတွေတောင် ကျိန်းနေရပြီ" ဟု ဆိုလေသည်။
"သစ္စာဖောက်လား" ရှန်ကွမ်းရင်း၏ မျက်တောင်များ လှုပ်ခတ်သွားသည်။ ချင်ယွမ်ဖုန်းမှာ ထိုကဲ့သို့သော လူမျိုး မဟုတ်ကြောင်း သူ ခံစားမိသော်လည်း ချင်ယွမ်ဖုန်းက ပြောပြသည့် စကားများကိုသာ သူက ကြားထားရသည် မဟုတ်လော။
စကားဆိုသည်မှာ ပြောရလွယ်ကူလှသည်။ ရှန်ကွမ်းရင်းသည် မိမိ၏ မိတ်ဆွေကြီး ဒုက္ခရောက်နေသည်ဟု ကြားသောကြောင့်သာ အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည်။
သို့သော် အဆုံးတွင် ထိုဇာတ်လမ်းမှာ အမှန်တရား မဟုတ်ဘဲ ဖြစ်နိုင်သည်ကို သူ တွေးမိသွားသည်။
"ဒါပေါ့၊ အဲဒီ သစ္စာဖောက်က ကျွန်တော့်ဆရာရဲ့ နာမည်ကို သုံးပြီး လူတွေကို လိမ်ညာလှည့်ဖြားနေတာလေ။ ကျွန်တော်က သူ့အကြောင်း ဖော်ထုတ်လိုက်တော့ ကျွန်တော့်ဆရာက မသေသေးဘဲ ကျွန်တော်က ဖမ်းထားတာပါဆိုပြီး လျှောက်ပြောတော့တာပဲ။
ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ။ စီနီယာရှန်ကွမ်း မယုံရင် ချင်ယွင်မျှော်စင်ထဲ ဝင်စစ်ကြည့်လို့ ရပါတယ်" ဟု လျောင်ဝမ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
လျောင်ဝမ်၏ အမှန်တရားကို လိမ်ညာလှည့်ဖြားနိုင်စွမ်းမှာ အမှန်တကယ်ပင် ချီးကျူးလောက်ပေရာ ရှန်ကွမ်းရင်းပင်လျှင် ယခုအချိန်တွင် စိတ်ထဲ၌ ဝေခွဲမရ ဖြစ်သွားရတော့သည်။
တစ်ဖက်တွင်လည်း နောက်ဖေးခြံထဲ၌ တာဝန်ခံအိမ်တော်ထိန်းနှင့် အစောင့်နှစ်ဦးသည် အဘိုးကျိုးကို အိတ်ထဲထည့်ကာ နောက်ပေါက်မှ ထွက်သွားရန် ကြိုးစားနေကြသည်။
သို့သော် နောက်ဖေးတံခါးကို ဖွင့်လိုက်သည်နှင့် အိမ်တော်ထိန်းသည် ရုတ်တရက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းသည် နောက်ဖေးတံခါးဝတွင် ရပ်နေပြီး အိမ်တော်ထိန်းအား တည်ကြည်မှောင်မှောက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသောကြောင့်ပင် ဖြစ်သည်။
"ဩော်... သခင်လေးချင်၊ ပြန်လာပြီလား" ဟု အိမ်တော်ထိန်းက မျက်လုံးအစုံ ကစားလျက် မျက်နှာချိုသွေးကာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက အိမ်တော်ထိန်းအား အေးစက်လှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ အစောင့်နှစ်ဦးမှာလည်း ချင်ယွမ်ဖုန်းကို မြင်လိုက်ရသောအခါ လန့်ဖျန့်သွားပြီး ၎င်းတို့ သယ်ဆောင်လာသော အိတ်ကို မိမိတို့ ကျောဘက်သို့ တိုးတိုးတိတ်တိတ် ရွှေ့လိုက်ကြသည်။
"မင်းတို့ လက်ထဲမှာ ဘာကို ကိုင်ထားတာလဲ" ဟု ချင်ယွမ်ဖုန်းက ပြတ်သားစွာ မေးလိုက်သည်။ အိတ်ထဲမှ သွေးများ စိမ့်ထွက်နေသည်ကို သူ အထင်အရှား မြင်နေရသည် မဟုတ်လော။
၎င်းတို့အား ချင်ယွင်မျှော်စင်မှ မထုတ်နိုင်မီမှာပင် ချင်ယွမ်ဖုန်း ရောက်လာလိမ့်မည်ဟု အိမ်တော်ထိန်းက မထင်ထားခဲ့ပေ။
"ဘာမှ မဟုတ်ပါဘူး၊ လူကို ကိုက်တဲ့ ခွေးတစ်ကောင်ပါ" ဟု အိမ်တော်ထိန်းက စိတ်မလုံသလို ပြောလိုက်သည်။
"အဲဒါကို ဖွင့်လိုက်စမ်း" ဟု ချင်ယွမ်ဖုန်းက တင်းမာစွာ အမိန့်ပေးလိုက်သည်။
အိမ်တော်ထိန်းသည် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် လူသတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ချက်ချင်းပင် စတင် တိုက်ခိုက်တော့သည်။
အိမ်တော်ထိန်း၏ လက်ထဲမှ စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။
ထိုအခွင့်အရေးကို အသုံးချကာ အစောင့်နှစ်ဦးသည် နောက်ဖေးတံခါးဆီသို့ အပြေးအလွှား သွားကြတော့သည်။
၎င်းတို့သည် ထိုအိတ်ကိုသာ ယူသွားနိုင်ပါက ချင်ယွမ်ဖုန်း မည်မျှပင် စွမ်းအားကြီးစေကာမူ တစ်စုံတစ်ယောက်က ၎င်းတို့ကို လာရောက် ဖြေရှင်းပေးလိမ့်မည်ဟု တွေးထားကြသည်။
ချင်ယွမ်ဖုန်းသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ရာ ရှောင်ထျန်းတုတ်ရှည်ကြီးကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ရင်ဘတ်ရှေ့တွင် ကာထားလိုက်သည်။
တိုက်ခိုက်မှု၏ စွမ်းအားသည် တုတ်ရှည်ကြီးပေါ်သို့ ကျရောက်သွားပြီး စူးရှသော လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။
ချင်ယွမ်ဖုန်း အနည်းငယ် အံ့အားသင့်သွားရသည်။ ဤအိမ်တော်ထိန်းမှာ အမှန်တကယ်ပင် သတ္တမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်နေသည်။
ချင်ယွင်မျှော်စင်သည် အမှန်တကယ်ပင် လျှို့ဝှက်ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေပေသည်။ သာမန်အချိန်တွင် သတိမထားမိသောသူမှာပင် ဆရာသခင်တစ်ယောက် ဖြစ်နေပေသည်။
"ဒါက... သခင်လေးကျူးရွယ်မင်ရဲ့ တုတ်ရှည်ကြီး မဟုတ်လား။ ဘာလို့ မင်းလက်ထဲ ရောက်နေတာလဲ" ဟု အိမ်တော်ထိန်းက အံ့အားသင့်စွာ ဟစ်အော်လိုက်သည်။
ချင်ယွမ်ဖုန်းက နှစ်ချက်မျှ ခနဲ့တဲ့တဲ့ ပြုံးလိုက်ရင်း "မင်းတို့ရဲ့ သခင်လေး ကျူးရွယ်မင်ကိုတော့ ငါကိုယ်တိုင်ပဲ နတ်ပြည်ကို ပို့ပေးလိုက်ပြီ" ဟု ပြောလိုက်သည်။
အိမ်တော်ထိန်းသည် ချင်ယွမ်ဖုန်း၏ ရက်စက်မှုကို အသစ်တစ်ဖန် သိမြင်သွားကာ ကြောက်လန့်တကြား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။
ထိုအချိန်တွင် အစောင့်နှစ်ဦးမှာ နောက်ဖေးတံခါးမှ ထွက်ပြေးသွားကြပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းက ၎င်းတို့ကို ဂရုမစိုက်ပေ။
အစောင့်နှစ်ဦးမှာမူ မိမိတို့ လွတ်မြောက်တော့မည်ဟု ထင်ကာ ဝမ်းသာအားရ ဖြစ်နေကြသည်။
သို့သော် နောက်တစ်ခဏတွင် လူခြောက်ယောက်သည် ၎င်းတို့ရှေ့တွင် ပေါ်လာပြီး အစောင့်နှစ်ဦးကို စိုက်ကြည့်နေကြသည်။
"မတွေ့ရတာ တော်တော်တောင် မြန်နေပါလား" ဟု ကြေးစားစစ်သည်တစ်ဦးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
အစောင့်နှစ်ဦးအနက် တစ်ဦးမှာ မသိလိုက်ဘဲ နောက်သို့ ခြေလှမ်းဆုတ်မိသွားသည်။ ဤကြေးစားစစ်သည် ခြောက်ဦးမှာ အခြားသူများ မဟုတ်ဘဲ သေဆုံးသွားသော ဖန်ဝေ၏ ညီအစ်ကိုများပင် ဖြစ်သည်။
၎င်းတို့အား တံခါးဝတွင် တားဆီးစဉ်က သူသည် အလောင်းများထည့်ထားသော ခေါင်းတလားနှင့် လှည်းထဲတွင် လူပုန်းနေသလား စစ်ဆေးရန်အတွက် ဖန်ဝေ၏ အလောင်းကို ဓားဖြင့် အပေါက်များစွာ ထိုးဖောက်ခဲ့သူ ဖြစ်သည်။
ကြေးစားစစ်သည် ခြောက်ဦးကို မြင်သောအခါ ထိုအစောင့်မှာ အလွန်အမင်း ကြောက်လန့်သွားတော့သည်။
"မင်း ငါတို့ကို မှတ်မိသေးတာပဲ။ ငါတို့ ခေါင်းဆောင်ရဲ့ ရုပ်အလောင်းကို စော်ကားခဲ့တဲ့အတွက် မင်း သေရမယ်"
ကြေးစားစစ်သည် ခြောက်ဦးသည် ရှေ့သို့ တိုးဝင်သွားကြရာ ထိုအစောင့်နှစ်ဦးမှာ ၎င်းတို့ကို မယှဉ်နိုင်ဘဲ သွေးအိုင်ထဲတွင် လဲကျသွားကြတော့သည်။
ယခုအချိန်တွင် အိမ်တော်ထိန်းသည် အခြေအနေမဟန်တော့သည်ကို သိလိုက်သဖြင့် လှည့်၍ ထွက်ပြေးရန် ကြိုးစားတော့သည်။
ချင်ယွမ်ဖုန်းမှာမူ ထွက်ပြေးသွားသော အိမ်တော်ထိန်းကို ဂရုမစိုက်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ရှန်ကွမ်းရင်းသည် ရှေ့တွင် ရှိနေသေးရာ အိမ်တော်ထိန်းမှာ လွတ်မြောက်နိုင်မည် မဟုတ်သောကြောင့်ပင်။
သူသည် အိတ်ဆီသို့ ပြန်သွားကာ ဖွင့်လိုက်သောအခါ အသက်လုနေရသော အဘိုးကျိုးသည် အိတ်ထဲမှ လျောကျလာခဲ့သည်။
"စီနီယာအဘိုးကျိုး" ချင်ယွမ်ဖုန်းသည် အဘိုးကျိုးကို အပြေးအလွှား သွားရောက် ထူမလိုက်ရာ ရင်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားရသည်။
ယခုအချိန်တွင် အဘိုးကျိုးသည် အသက်ရှူရုံမျှသာ ရှိတော့ပြီး သူ၏ အသက်မှာ မြဲရုံလေးသာ ရှိတော့သည်။ သူသည် ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာ သူ၏ နောက်ဆုံး စိတ်ဓာတ်ခွန်အားကြောင့်သာ ဖြစ်ပေသည်။
အဘိုးကျိုးသည် သွေးများဖြင့် ဖုံးလွှမ်းနေသော မျက်လုံးများကို အနိုင်နိုင် ဖွင့်လိုက်ရာ သူ၏ ရှေ့မှ ကမ္ဘာလောကကြီးမှာ သွေးရောင်ကဲ့သို့ နီရဲနေတော့သည်။
"ချင်လေး... မင်းပဲလား..." အဘိုးကျိုး၏ အသံမှာ ခြင်္သေ့ဟိန်းသံ မဟုတ်ဘဲ ခြင်သံမျှသာ ရှိတော့သည်။
"စီနီယာ၊ စိတ်မပူပါနဲ့။ ကျွန်တော် စီနီယာရှန်ကွမ်းရင်းကို ခေါ်လာခဲ့ပြီ။ ခုချက်ချင်း စီနီယာ့ကို ဒီကနေ ခေါ်ထုတ်သွားပါ့မယ်" ဟု အဘိုးကျိုး၏ အခြေအနေကို ကြည့်ကာ ချင်ယွမ်ဖုန်းက စိတ်မကောင်းစွာ ပြောလိုက်သည်။
"ဟင့်အင်း... မင်းကို ပြန်တွေ့ရတာနဲ့တင် ငါ တော်တော်လေး ကျေးဇူးတင်ပါပြီ..." ဟု အဘိုးကျိုးက အားမရှိစွာ ပြောလိုက်ရာ အဘိုးကျိုး၏ အသက်စွမ်းအားများမှာ လျင်မြန်စွာ ကုန်ဆုံးနေပြီဖြစ်ကြောင်း ချင်ယွမ်ဖုန်း ခံစားလိုက်ရတော့သည်။
အခန်း (၃၄၂) သေလူ ပြန်ရှင်လာခြင်း
"မဟုတ်ဘူး..." ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံသည် တစ်ခဏချင်းမှာပင် နီမြန်းလာခဲ့သည်။ သူသည် အနီးနားရှိ လူများအား အားကိုးရာမဲ့စွာ ကြည့်လိုက်မိသော်လည်း ထိုသူတို့မှာလည်း ဘာလုပ်ရမှန်းမသိဘဲ ရှက်ရွံ့စွာဖြင့်သာ ခေါင်းငုံ့ထားကြလေသည်။
ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် ရှောင်လင်ကို ရုတ်တရက် သတိရသွားပြီး စိတ်ထဲမှနေ၍ ရှောင်လင်၏ အမည်ကို အလျင်အမြန် ခေါ်လိုက်မိသည်။
"ရှောင်လင်... စနစ်အရောင်းဆိုင်ထဲမှာ နတ်သက်ကြွေဆေးလုံး ရောင်းတယ်လို့ ငါမှတ်မိနေတယ်၊ ဟုတ်တယ်မလား" ချင်ယွမ်ဖုန်းက အလောတကြီး မေးလိုက်သည်။
ရှောင်လင်က ခေါင်းညိတ်ပြလျက် "ဟုတ်ပါတယ်၊ တစ်လုံးကို ယုံကြည်မှုတန်ဖိုး သန်း ၅၀ ပါ၊ သခင်အတွက်ကတော့ ၅၀ ရာခိုင်နှုန်း လျှော့စျေးရပါမယ်" ဟု ပြန်ဖြေသည်။
"ကောင်းပြီ၊ ငါ့ကို အခုချက်ချင်း တစ်လုံးပေးတော့" ချင်ယွမ်ဖုန်းက မဆိုင်းမတွပင် ပြောလိုက်၏။
ရှောင်လင်သည် ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း အပြင်ဘက်ရှိ အဘိုးကျိုး၏ အခြေအနေကို သတိပြုမိထားသဖြင့် နတ်သက်ကြွေဆေးလုံးကို ချင်ယွမ်ဖုန်းထံသို့ အမြန်ပေးလိုက်လေသည်။
သို့သော်လည်း သူမအနေဖြင့် အနည်းငယ်တော့ အံ့ဩမိသွားသည်။ ပုံမှန်ဆိုလျှင် အလွန်တွန့်တိုတတ်သော ချင်ယွမ်ဖုန်းသည် ယခုတစ်ကြိမ်တွင် အဘယ်ကြောင့် ဤမျှ ရက်ရောနေရသနည်းဟုပင် တွေးတောမိနေတော့သည်။
ချင်ယွမ်ဖုန်းသည် ဝေခွဲမနေတော့ဘဲ နတ်သက်ကြွေဆေးလုံးကို အဘိုးကျိုး၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။
နတ်သက်ကြွေဆေးလုံး၏ အာနိသင်မှာ နာမည်နှင့်လိုက်အောင်ပင် ထူးခြားလှပေသည်။ ဆေးလုံးသည် ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် နွေးထွေးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဘိုးကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ထိုအလင်းတန်းကြောင့် ချင်ယွမ်ဖုန်းနှင့် ပတ်ဝန်းကျင်ရှိ ကြေးစားစစ်သည်များသည် လန်းဆန်းမှုကို ခံစားလိုက်ကြရသည်။
ထိုအလင်းတန်းကို ထိတွေ့မိရုံမျှဖြင့်ပင် ကောင်းကင်ယံ၌ လွင့်မျောနေသကဲ့သို့ ခံစားရပြီး နုံးချိမှုများနှင့် ဒဏ်ရာဟောင်းများပင် လွင့်စင်ပျောက်ကွယ်သွားသကဲ့သို့ ရှိတော့သည်။
"ဒါ... ဒါက ဘာလဲ" ကြေးစားစစ်သည်တစ်ဦးက တုန်ရင်နေသော အသံဖြင့် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် "ဒါကတော့ နတ်ဆေးလုံးပဲ" ဟု ဆိုလိုက်၏။
ထိုအချိန်တွင် အဘိုးကျိုး၏ ခန္ဓာကိုယ်မှာ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။
ကိုယ်ပေါ်ရှိ အမာရွတ်များမှာ အလျှင်အမြန် ပျောက်ကွယ်သွားပြီး ကိုယ်တွင်းဒဏ်ရာများမှာလည်း ချက်ချင်းပင် ပြန်လည်သက်သာလာခဲ့ကာ အသက်ဓာတ်များ ပြန်လည်ကိန်းအောင်းလာခဲ့လေသည်။
ဤအချိန်၌ အိမ်တော်ထိန်းသည် အရှေ့သို့ ပြေးတက်လာပြီး လျောင်ဝမ်၏ နားနားသို့ ကပ်၍ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်ရာ လျောင်ဝမ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
"လျောင်ဝမ်၊ ဘာဖြစ်တာလဲ။ မင်း ဘာလို့ စကားပြောတာ ရပ်သွားတာလဲ" ရှန်ကွမ်းရင်းက အေးစက်စွာ မေးလိုက်သည်။ "ခွန်ဖုန်း... မင်း ချင်ယွင်မျှော်စင်ထဲကို သွားပြီး လျောင်ဝမ်ပြောတာတွေက အမှန်လားဆိုတာ စုံစမ်းစမ်း"
"ဟုတ်ကဲ့ပါ ဆရာ" ကျုံးခွန်ဖုန်းက လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး သူ၏ လူများကို ဦးဆောင်ကာ ချင်ယွင်မျှော်စင်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။
သို့သော်လည်း လျောင်ဝမ်က ဝင်ပေါက်တွင် ပိတ်ရပ်လိုက်ပြီး "နေဦး၊ မင်းတို့က ငါ့ရဲ့ ချင်ယွင်မျှော်စင်ထဲကို စိတ်ကြိုက် ဝင်လို့ရမယ်လို့ ထင်နေတာလား" ဟု ဟန့်တားလိုက်သည်။
ရှန်ကွမ်းရင်း၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားကာ "လျောင်ဝမ်၊ မင်း ခုနကပဲ ငါတို့ကို ဝင်စစ်ခွင့်ပေးမယ်လို့ ပြောခဲ့ပြီးတော့ အခုကျမှ ဘာလို့ စကားတွေ ပြောင်းနေတာလဲ" ဟု ဆိုလိုက်၏။
လျောင်ဝမ်က ခေါင်းခါလျက် "ချင်ယွင်မျှော်စင်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု အခုလေးတင် ဖြစ်ထားလို့ပါ၊ ဒါကြောင့် စီနီယာ ရှန်ကွမ်းအနေနဲ့ အခုလောလောဆယ် ဝင်လို့မရသေးပါဘူး။ ကျွန်တော့်ရဲ့ မိသားစုကိစ္စတွေကို ဖြေရှင်းပြီးမှပဲ စီနီယာ့ကို ကြိုဆိုပါရစေ။ အခုတော့ ပြန်ကြပါဦး" ဟု နှင်လွှတ်လိုက်လေသည်။
ရှန်ကွမ်းရင်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ရှေးဦးစွာက သူ အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ လျောင်ဝမ်သည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်းနှင့် ချင်ယွမ်ဖုန်းမှာလည်း အောင်မြင်သွားပြီဖြစ်ကြောင်း အသေအချာ သိလိုက်ရပြီဖြစ်သည်။
"နေဦး လျောင်ဝမ်၊ မင်းက လူတိုင်းကို အရူးလုပ်လို့ရမယ်လို့ တကယ်ပဲ ထင်နေတာလား" ရှန်ကွမ်းရင်းက အေးစက်စက် မေးလိုက်သည်။
"ဟွန်း... ရှန်ကွမ်းရင်း၊ မင်းကို ငါက စီနီယာလို့ လေးစားသမှုနဲ့ ခေါ်နေတာ။ ငါ့ဆရာ့မျက်နှာကြောင့်သာ မဟုတ်ရင် မင်းကို မောင်းထုတ်လိုက်တာ ကြာပြီ" လျောင်ဝမ်သည် ဤအချိန်တွင် အရှက်ရမှုနှင့်အတူ ဒေါသလည်း ထွက်နေလေသည်။
ရှန်ကွမ်းရင်းက အားရပါးရ ရယ်မောလိုက်ပြီး "ငါ ရှန်ကွမ်းရင်းက ဘယ်နေရာသွားသွား ငါ့ရဲ့ ခွန်အားနဲ့ပဲ စကားပြောလေ့ရှိတယ်။ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာ မလိုဘူး။ ဒီနေ့တော့ ငါ ချင်ယွင်မျှော်စင်ထဲကို အရောက်ဝင်မှာပဲ" ဟု ဆိုလိုက်သည်။
စကားဆုံးသည်နှင့် ရှန်ကွမ်းရင်းသည် အရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ၏ အရှိန်အဝါများမှာ ရုတ်တရက် အဟုန်ပြင်းစွာ ထွက်ပေါ်လာတော့သည်။
ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါ အပြည့်အဝကို မခံနိုင်ကြသဖြင့် ကြီးကြပ်သူနှင့် အစောင့်များမှာ နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွားကြရသည်။
လျောင်ဝမ်သည်လည်း အလျှော့မပေးဘဲ အရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ၏ အဝတ်အစားများမှာ လေမတိုက်ဘဲနှင့်ပင် လွင့်ခါလျက် တဖျပ်ဖျပ် အသံများ ထွက်ပေါ်လာလေသည်။
တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်နေသော အားနှစ်ရပ်ကြောင့် မြေပြင်မှာ အက်ကွဲသွားခဲ့ပြီး ထိုအက်ကြောင်းများသည် တဖြည်းဖြည်း ကျယ်ပြန့်လာကာ နံရံများနှင့် တိုင်များဆီသို့ပင် ပျံ့နှံ့သွားတော့သည်။
တစ်ခုလုံးသော ချင်ယွင်မျှော်စင် အစည်းအရုံးကြီးမှာ ပြိုကျလုနီးပါး ဖြစ်နေချေပြီ။
"ကြေးစားစစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ ချင်ယွင်မျှော်စင်ရဲ့ ဂိုဏ်းချုပ်အနေနဲ့ ငါ အခု အမိန့်ထုတ်ပြန်လိုက်မယ်။ ဒီနေ့ကစပြီး ဖုန်းလိုင်မျှော်စင်ရဲ့ တပည့်အားလုံးကို မြင်တဲ့နေရာမှာ သတ်ကြ။ ဖုန်းလိုင်မျှော်စင် အမြစ်ပြတ်သွားတဲ့အထိ အစွမ်းကုန် တိုက်ခိုက်ကြ" ဟု လျောင်ဝမ်က တင်းမာစွာ ပြောဆိုလိုက်သည်။
ထိုအချိန်တွင် ချင်ယွင်မျှော်စင် အစည်းအရုံးရှိ ကြေးစားစစ်သည်များမှာ ကြောင်အမ်းသွားကြရသည်။ အင်အားကြီး အဖွဲ့အစည်းတစ်ခုကို အတိအလင်း ဆန့်ကျင်ရန် ထုတ်ပြန်သည့် ဤကဲ့သို့သော တာဝန်မျိုးကို သူတို့တစ်ခါမျှ မကြားဖူးကြချေ။
သို့သော်လည်း လျောင်ဝမ်အနေဖြင့် ဤအမိန့်ကို ထုတ်ပြန်နိုင်သည်ဆိုပါက ရရှိမည့် ဆုလာဘ်မှာလည်း အလွန်ကြီးမားမည်ဖြစ်ကြောင်း သူတို့ သိထားကြသည်။
"မင်း ဝံ့ရဲလှချည်လား"
ရှန်ကွမ်းရင်းက အရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလိုက်သည်။ သူသည် အသက်အရွယ် ပိုမိုကြီးရင့်သူ ဖြစ်သည့်အပြင် ပထမအဆင့် ဘုရင်နယ်ပယ်တွင် ကြာမြင့်စွာ ကျင်လည်ခဲ့သူလည်း ဖြစ်သည်။
သူ၏ အခြေခံနှင့် စွမ်းအင် စုဆောင်းမှုမှာ လျောင်ဝမ်ထက် များစွာ သာလွန်သဖြင့် လျောင်ဝမ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့သွားတော့သည်။
သူတို့နှစ်ဦး တိုက်ခိုက်ခြင်း မပြုကြရသေးသော်လည်း အကယ်၍ တိုက်ခိုက်ခဲ့လျှင်ပင် သူသည် ရှန်ကွမ်းရင်းကို ယှဉ်နိုင်မည်မဟုတ်ကြောင်း လျောင်ဝမ် ကောင်းကောင်း သိလိုက်ရသည်။
"မင်းက ချင်ယွင်မျှော်စင်ရဲ့ ဂိုဏ်းချုပ် မဟုတ်တော့ဘူး။ မင်း အခုထုတ်ပြန်လိုက်တဲ့ အမိန့်က အတည်မဖြစ်ဘူး။ အကယ်၍ တစ်ယောက်ယောက်ကများ ဖုန်းလိုင်မျှော်စင်ကို ရန်မူဖို့ ကြိုးစားမယ်ဆိုရင် ငါ့ကို အရင် ကျော်ဖြတ်သွားရလိမ့်မယ်"
ထိုအချိန်တွင် အစည်းအရုံး၏ အနောက်ဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာပြီး လူရိပ်တစ်ခုမှာ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။
"ကျိုးထုံ" ရှန်ကွမ်းရင်းသည် ထိုလူကို မြင်လိုက်ရသောအခါ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။
အဘိုးကျိုးသည် ရှန်ကွမ်းရင်းကို မြင်သောအခါ မျက်ဝန်းများ အနည်းငယ် နီမြန်းလာပြီး "သူငယ်ချင်းဟောင်းကြီး... ငါတို့ ဒီလိုမျိုး ပြန်ဆုံကြလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး" ဟု ဆိုလိုက်၏။
အဘိုးကျိုး၏ အဝတ်အစားများတွင် သွေးများ စွန်းထင်နေပြီး ခန္ဓာကိုယ်တွင်လည်း နီမြန်းသော သွေးခြောက်များ ပေကျံနေသော်လည်း သူသည် အားအင်အပြည့် ရှိနေကာ ဒဏ်ရာရထားသည့် ပုံစံမျိုး လုံးဝ မပေါက်ပေ။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လျောင်ဝမ်သည် အဘိုးကျိုးကို လှည့်ကြည့်လိုက်ရာ သူ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ချောက်ထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် အဘိုးကျိုးကို မည်သို့ စီရင်ခဲ့သည်ကို အသိဆုံး ဖြစ်သည်။ အဘိုးကျိုးသည် မသေလျှင်ပင် သေလုမျောပါး ဖြစ်နေရမည် ဖြစ်သည်။ သို့သော် ယခုမူ ဒဏ်ရာရထားသည့် အရိပ်အယောင်မျှပင် မရှိတော့ပေ။
ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
အမှန်စင်စစ်မှာမူ ချင်ယွမ်ဖုန်းက အဘိုးကျိုးကို နတ်သက်ကြွေဆေးလုံး တိုက်ကျွေးခဲ့ခြင်းဖြစ်ပြီး ထိုဆေးလုံးက အဘိုးကျိုး၏ ဒဏ်ရာအားလုံးကို ကုသပေးခဲ့သည့်အပြင် ဆုံးရှုံးသွားသော အသက်ဓာတ်များကိုပါ ပြန်လည် ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်ပေသည်။
သေလူကို ပြန်ရှင်စေပြီး ဒဏ်ရာရသူကို ကုသပေးနိုင်သည်ဟူသော အဆိုမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။
လျောင်ဝမ်သည် စိတ်ဓာတ်များ ပြိုလဲနေချိန်တွင် ရှန်ကွမ်းရင်းက ဤအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
သူသည် ခုန်တက်လိုက်ပြီး လျောင်ဝမ်၏ အရှေ့သို့ ရောက်သွားကာ လက်ဝါးမှာ ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ ဟင်းလင်းပြင်ကို ဖောက်ထွက်လျက် လျောင်ဝမ်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဖိနှိပ်လိုက်တော့သည်။
"ဗုန်း"
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လျောင်ဝမ်၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော စွမ်းအင်ကြောင့် နောက်သို့ လွင့်ထွက်သွားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာတော့သည်။
ရှန်ကွမ်းရင်းသည် အဘိုးကျိုးထံသို့ လျှောက်လှမ်းသွားသည်။ သူတို့နှစ်ဦးမှာ နှစ်ပေါင်း ၃၀ ကြာမှ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်ရာ တစ်ခဏမျှ စကားလုံးများ ပျောက်ရှနေကြလေသည်။
"မင်း အသက်ရှင်နေတာ ဝမ်းသာပါတယ်"
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက်တွင် ရှန်ကွမ်းရင်းက ဤစကားကို နောက်ဆုံးတွင် ပြောလိုက်နိုင်တော့သည်။
ဤအချိန်တွင် လူအများအပြားမှာ အဘိုးကျိုးကို မှတ်မိသွားကြသည်။ သူတို့ထဲမှ အချို့မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက ချင်ယွင်မျှော်စင်သို့ ဝင်ရောက်ခဲ့သူများ ဖြစ်ကြသဖြင့် အဘိုးကျိုး ပြန်လာသည်ကို မြင်တွေ့ရသည့်အတွက် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
အဘိုးကျိုးသည် လျောင်ဝမ်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေလေသည်။
"လျောင်ဝမ်... ငါက မင်းကို ငါ့သားအရင်းတစ်ယောက်လို ဆက်ဆံခဲ့တာ၊ ဒါပေမဲ့ မင်း ငါ့ကို သစ္စာဖောက်လိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး" ဟု အဘိုးကျိုးက အေးစက်စွာ ပြောလိုက်သည်။
လျောင်ဝမ်သည် ရင်ဘတ်ကို ဖိထားလျက် "ငါ ဘာကို အနောင်တရဆုံးလဲ မင်းသိလား။ အဲဒါ မင်းကို ချက်ချင်း သတ်မပစ်ခဲ့တာပဲ" ဟု လှောင်ပြောင် သရော်လိုက်လေသည်။
"တိရစ္ဆာန်ထက် မိုက်တဲ့ကောင်" ဟု အဘိုးကျိုးက အော်ဟစ်လိုက်တော့သည်။