← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 18 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 18 Ch. 345-346

အခန်း (၃၄၅) အင်အားစုများ ပူးပေါင်းခြင်း

ချင်ယွမ်ဖုန်း၏ လင်းနို့အသွင်ပြောင်းလဲခြင်း ပညာရပ်မှာ ဝေဟုန်နှင့် ယဲ့ချန်းတို့အား အလွန်တရာ အံ့အားသင့်သွားစေသည်။ ဤကဲ့သို့သော ပညာရပ်မျိုးကို ချင်ယွမ်ဖုန်း အသုံးပြုသည်အား သူတို့တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ထိုအချိန်တွင်ပင် အဝေးတစ်နေရာ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ဖြစ်ပွားနေပြီး စွမ်းအင်လှိုင်းများမှာ ဟုန်းဟုန်းတောက် အရှိန်အဟုန်ဖြင့် ထွက်ပေါ်နေကာ ရိုက်ခတ်မိသံနှင့် ပေါက်ကွဲသံများမှာလည်း မပြတ်မတောက် ထွက်ပေါ်နေလေသည်။

ရှန်ကွမ်းရင်းနှင့် လျောင်ဝမ်တို့မှာ ကောင်းကင်ထက်သို့ ပျံတက်သွားကြပြီ ဖြစ်သည်။ သူတို့၏ တိုက်ပွဲအတွင်း ပေါက်ကွဲမှုများမှာ ကောင်းကင်ယံမှ မီးရှူးမီးပန်းများကဲ့သို့ပင် ရှိသော်လည်း အလွန်တရာ အန္တရာယ်ကြီးမားလှပေသည်။

ဝေဟုန်နှင့် ယဲ့ချန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ ရတနာလက်နက်များကို ဆွဲထုတ်ကာ ချင်ယွမ်ဖုန်းအား အေးစက်စွာ စိုက်ကြည့်နေကြသည်။

သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးခဲ့ရခြင်းမှာ ချင်ယွမ်ဖုန်းကြောင့်သာ ဖြစ်သည်ဟု သူတို့ ယူဆထားကြ၏။

ထို့ကြောင့် သူတို့၏ ချင်ယွမ်ဖုန်းအပေါ် ထားရှိသော အာဃာတတရားမှာ လျောင်ဝမ်အပေါ် ထားရှိသော အာဃာတထက်ပင် မလျော့နည်းချေ။

သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။ ဝေဟုန်၏ လက်နက်မှာ ထူးခြားသော ပုံရိပ်များ ပါရှိသည့် တုတ်ရှည်ကြီးတစ်ခု ဖြစ်ပြီး ရှေးဆန်ကာ ထူးကဲသော အသွင်သဏ္ဌာန် ရှိလေသည်။

အခြားတစ်ဖက်တွင်မူ ယဲ့ချန်းက ပေါ့ပါးသွက်လက်သော ဓားရှည်တစ်လက်ကို ကိုင်စွဲထားသည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှု ပုံစံမှာ လုံးဝ ကွဲပြားခြားနားလှပေသည်။

ချင်ယွမ်ဖုန်းက ရှောင်ထျန်းတုတ်ရှည်ကြီးအား ထုတ်ယူလိုက်သည်။ ဤတုတ်ရှည်ကြီးမှာ သူ၏ ခွန်အားနှင့် အံကိုက်ဖြစ်ပြီး အသုံးပြုရသည်မှာလည်း အလွန်အဆင်ပြေလှသဖြင့် ၎င်းကိုပင် အဓိကလက်နက်အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ၏ သိုလှောင်အိတ်အတွင်း၌ မှော်လက်နက် ကိုးဆယ်ကျော် ကျန်ရှိနေသေးသော်လည်း အများစုမှာ တတိယအဆင့်မျှသာ ရှိသဖြင့် ချင်ယွမ်ဖုန်း၏ လက်ရှိတိုက်ပွဲတွင် အသုံးဝင်မည် မဟုတ်ပေ။

ထိုသူနှစ်ဦးသည် မြေပြင်မှ ခုန်တက်လာပြီး ချင်ယွမ်ဖုန်းထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။

ယဲ့ချန်းသည် သူ၏ ဓားရှည်အား တစ္ဆေတစ်ကောင်ကဲ့သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ဝေ့ယမ်းလိုက်ရာ ဓားသွားမှာပင် မမြင်နိုင်တော့ချေ။

ဓားအလင်းတန်းများမှာ ဓားထဲမှ ပွင့်ထွက်လာပြီး မြားမိုးရွာချသကဲ့သို့ ချင်ယွမ်ဖုန်းထံသို့ ကျရောက်လာလေသည်။

တစ်ချိန်တည်းမှာပင် ဝေဟုန်၏ လက်ထဲမှ တုတ်ရှည်ကြီးမှာလည်း မှောင်မိုက်သော စွမ်းအင်များ ဖုံးလွှမ်းသွားကာ ဓားအလင်းတန်းများ၏ နောက်မှကပ်လျက် ချင်ယွမ်ဖုန်း၏ ဦးခေါင်းအား ရိုက်ချရန် ဆင်းသက်လာပေသည်။

ချင်ယွမ်ဖုန်းသည် တုတ်ရှည်ကြီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ တုတ်ရှည်ကြီးဆီမှ စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။

ဤအသံမှာ ဝေဟုန်နှင့် ယဲ့ချန်းတို့အား ဒဏ်ရာမရစေနိုင်သော်လည်း သူတို့၏ စိတ်အာရုံကိုမူ အနည်းငယ် အနှောင့်အယှက် ပေးနိုင်ပေသည်။

ချင်ယွမ်ဖုန်း၏ လက်ထဲတွင် မီးလျှံများ ဝိုင်းရံလာပြီး တုတ်ရှည်ကြီးအား ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။

ရှောင်ထျန်းတုတ်ရှည်ကြီးနှင့် ဓားရှည်မှာ လက်နက်ချင်း မတူညီသော်လည်း ဤတုတ်ရှည်ကြီးမှာ လေးလံလှသဖြင့် ၎င်းကို ဓားရှည်ကဲ့သို့ပင် ခုတ်ချက်များ အသုံးပြုရန် ဖြစ်နိုင်ပေသည်။

"မီးလျှံကောင်းကင် ခုတ်ချက်"

တောက်လောင်နေသော မီးလျှံစွမ်းအင်များမှာ ရုတ်တရက် ထွက်ပေါ်လာပြီး တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။

၎င်း၏ ကြီးမားလှသော စွမ်းအားမှာ ရှေ့မှ ဓားအလင်းတန်းများကို ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားစေကာ သူ့ထံသို့ ပြေးဝင်လာသော ဝေဟုန်အား သွားရောက် တိုက်မိလေတော့သည်။

ဝေဟုန်၏ တုတ်ရှည်ကြီးသည် ပိဿာပေါင်း ထောင်ချီသော အားမာန်ဖြင့် ကျဆင်းလာပြီး ကိုယ်ရံစွမ်းအင်ကို တိုက်ရိုက် ရိုက်ခွဲလိုက်သည်။

ထို့နောက် သူသည် ရုတ်တရက် တစ်ပတ်လှည့်လိုက်ရာ လက်ထဲမှ တုတ်ရှည်ကြီးမှာ လေထဲတွင် ဝဲပျံကာ ချင်ယွမ်ဖုန်းထံသို့ အရှိန်ဖြင့် ပြေးဝင်သွားပေသည်။

ချင်ယွမ်ဖုန်းသည် ရှောင်ထျန်းတုတ်ရှည်ကြီးအား လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများမှာလည်း ဝင်းလက်နေသည်။ မိမိနှင့် အဆင့်တူ သိုင်းပညာရှင် နှစ်ဦးကို ရင်ဆိုင်နေရသော်လည်း သူသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် တိုက်ပွဲဝင်လိုသော စိတ်ဆန္ဒမှာပင် ပိုမိုပြင်းပြနေလေသည်

ထိုစဉ်မှာပင် ယဲ့ချန်းက ပြေးဝင်လာပြီး သူ၏ ဓားရှည်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဝင်းလက်သွားကာ သူ၏ ကိုယ်ဟန်မှာလည်း တစ္ဆေနှယ်ပင် ဖြစ်နေသည်။

လေထဲတွင် ပုံရိပ်အချို့သာ ကျန်ရစ်ခဲ့ပြီး သူသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ခဏချင်းအတွင်း ရောက်ရှိလာတော့သည်။

"ဗုဒ္ဓဂါထာတော် လက်ဝါးကြီး"

ချင်ယွမ်ဖုန်းက ဟစ်အော်လိုက်ပြီး လက်ဝါးတစ်ဖက်ကို တွန်းထုတ်လိုက်ရာ ရွှေရောင်ဗုဒ္ဓလက်ဝါးကြီးတစ်ခုမှာ ယဲ့ချန်းအား ရင်ဆိုင်ရန် ရုတ်တရက် ရှေ့သို့ ထွက်ပေါ်သွားသည်။

သူကိုယ်တိုင်မှာမူ တုတ်ရှည်ကြီးအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရုတ်တရက် ခုန်တက်လိုက်ပြီး တုတ်ကို သူ၏ ဦးခေါင်းပေါ်သို့ မြှောက်တင်ကာ အားကုန် ရိုက်ချလိုက်လေတော့သည်။

"နေဝင်ချိန်တစ်ချက်ခုတ်"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် သူ၏ တုတ်ရှည်ကြီးကို ဆယ်ကြိမ်တိုင်တိုင် ဝေ့ယမ်းလိုက်ပြီး ဝေဟုန်၏တုတ်တံပေါ်ရှိ တစ်နေရာတည်းကိုပင် ထပ်ခါတလဲလဲ ရိုက်ခတ်လိုက်သည်။

ထိုတုတ်ရှည်ကြီးမှာ မြေပြင်သို့ စောင်းလျက် စိုက်ဝင်သွားပြီး ၎င်းပေါ်တွင် အက်ကြောင်းများစွာ ထွက်ပေါ်လာသည်။ ထို့နောက် အက်ကြောင်းများမှာ ရုတ်တရက် ပျံ့နှံ့သွားပြီး တုတ်ရှည်ကြီး၏ တစ်ဝက်ခန့်မှာ မြေပြင်ပေါ်တွင် ကျိုးပဲ့သွားလေတော့သည်။

ချင်ယွမ်ဖုန်းမှာ အလွန်တရာ ဝမ်းမြောက်သွားရသည်။ ဤရှောင်ထျန်းတုတ်ရှည်ကြီးမှာ အမှန်တကယ်ပင် စွမ်းအားကြီးလှပေသည်။ ၎င်းမှာ အခြားသော ရတနာလက်နက်များကို တန်ပြန်ရန် အထူးပြုလုပ်ထားပုံရသည်။

ရှောင်ထျန်းတုတ်ရှည်ကြီးလောက် အဆင့်မမြင့်သော လက်နက်မှန်သမျှကို ၎င်းဖြင့် အလွယ်တကူပင် ချိုးဖျက်နိုင်ပေသည်။

ထိုအချိန်တွင် ယဲ့ချန်းသည်လည်း ရွှေရောင်ဗုဒ္ဓလက်ဝါးကြီးအား သူ၏ ဓားဖြင့် နှစ်ပိုင်းပိုင်းကာ ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပြေးဝင်လာပြန်သည်။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှောင်ဟေးမှာ ရုတ်တရက် နိုးလာသည်။ သူသည် ခေါင်းလေးကို ပြူထွက်လာပြီး ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲမှ တိုက်ရိုက် ခုန်ထွက်လိုက်လေသည်။

"ရှောင်ဟေး" ချင်းယွမ်ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ရှောင်ဟေး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးထွားလာပြီး ခေါင်းပေါ်တွင်လည်း နဂါးဂျိုနှစ်ချောင်းမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။

သူ၏ ကိုယ်လုံးမှာ ပေါင်လုံးခန့် ကြီးမားလာပြီး အရှည်မှာလည်း ဆယ်မီတာခန့်အထိ ရှိလာပေသည်။

ရှောင်ဟေးသည် သူ၏ ရှည်လျားသော အမြီးကို ရုတ်တရက် ဝေ့ယမ်းလိုက်ပြီး ယဲ့ချန်းကို ရစ်ပတ်လိုက်ရာ ယဲ့ချန်း၏ အရှိန်မှာ ချက်ချင်းပင် လျော့ကျသွားတော့သည်။

"အသုံးမကျတဲ့ သားရဲကောင်" ယဲ့ချန်းက သူ၏ ဓားရှည်ကို မြှောက်ကာ ရှောင်ဟေးအား ပြင်းထန်စွာ ခုတ်ချရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်ပင် အလင်းတန်းတစ်ခု ဝဲပျံသွားပြီး ယဲ့ချန်း၏ လက်ဝါးကို ချက်ချင်းပင် ဖောက်ထွက်သွားသည်။ ထိုဒဏ်ရာမှာ သွေးများ ထွက်နေသော်လည်း အလွန်သေးငယ်သော ဒဏ်ရာတစ်ခုသာ ဖြစ်သည်။

ယဲ့ချန်းမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရပြီး လက်ထဲမှ ဓားရှည်မှာလည်း မြေပြင်သို့ ကျသွားတော့သည်။

ရှောင်ဟေးက သူ၏ လျှာကို ထုတ်ကာ အသံပြုလိုက်သည်။ သူ၏ အမြီးကို ရုတ်တရက် မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ယဲ့ချန်းမှာ ကြက်သွန်မြိတ်ပင် စိုက်ထားသကဲ့သို့ မြေကြီးထဲသို့ ခေါင်းစိုက်ကာ ကျသွားလေတော့သည်။

ချင်းယွမ်ဖုန်းမှာ မချီးကျူးဘဲ မနေနိုင်တော့ချေ။ ရှောင်ဟေး၏ အသိဉာဏ်မှာ ယခုအခါ လူသားတစ်ဦးထက်ပင် မလျော့နည်းတော့ပေ။

မိမိ၏ အဖော်ဖြစ်သူ ဒုက္ခရောက်နေသည်ကို မြင်သောအခါ ဝေဟုန်သည် သွားကို တင်းတင်းကြိတ်ကာ လှည့်ပြေးရန် ပြင်တော့သည်။

ဤနေရာတွင် ဆက်နေပါက အနိုင်ရရန် အခွင့်အလမ်း မရှိတော့ကြောင်း သူ သိလိုက်ပြီ ဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်းက သူ၏ မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုလိုက်ရာ ခဏချင်းအတွင်းမှာပင် ဝေဟုန်၏ ရှေ့သို့ ရောက်ရှိသွားသည်။

"အခုမှ ထွက်သွားချင်နေတာလား။ နောက်ကျသွားပြီ" ချင်ယွမ်ဖုန်းက လေးနက်စွာ ပြောလိုက်ပြီး သူ၏ တုတ်ရှည်ကြီးအား ရုတ်တရက် ရိုက်ချလိုက်သည်။

ထိုရိုက်ချက်မှာ အလွန်အားပါလှပေသည်။ ဝေဟုန်သည် သူ၏ စွမ်းအင်များကို ထုတ်သုံးထားသော်လည်း ထိုအားမာန်ကို မတားဆီးနိုင်ခဲ့ချေ။ သူ၏ ပုခုံးမှာ ချက်ချင်းပင် ကျိုးကျသွားပြီး အရိုးကျိုးသံမှာလည်း နားမခံသာအောင် ထွက်ပေါ်လာသည်။

"အား..."

ဝေဟုန်၏ မျက်နှာတွင် နာကျင်မှုနှင့်အတူ ရူးသွပ်နေသော အမူအရာများ ထွက်ပေါ်လာပြီး အခြားလက်တစ်ဖက်ဖြင့် ချင်ယွမ်ဖုန်းအား ပြန်လည် တိုက်ခိုက်သည်။

ချင်ယွမ်ဖုန်းက သက်ပြင်းတိုးတိုး ချလိုက်သည်။ အခြေအနေများမှာ ဤသို့ ဖြစ်မလာသင့်ပေ။ ၎င်းမှာ သူ၏ အလိုဆန္ဒ မဟုတ်ခဲ့ချေ။ အကယ်၍ တစ်စုံတစ်ဦးကို အပြစ်တင်ရမည်ဆိုလျှင် လျောင်ဝမ်နှင့် ပူးပေါင်းမိသည့် သူတို့ကိုသာ အပြစ်တင်ရပေလိမ့်မည်။

အကယ်၍ သူတို့သည် ချင်ယွင်မျှော်စင်မှ ထွက်ခွာသွားပြီး လျောင်ဝမ်အား သွားရောက် မတွေ့ဆုံခဲ့ပါက ချင်ယွင်မျှော်စင်ဘက်မှလည်း သူတို့ကို အနှောင့်အယှက် ပေးမည် မဟုတ်ပေ။

သို့သော် သူတို့သည် အာဃာတတရားများကြောင့် မျက်စိကွယ်ခဲ့ကြပြီး ကလဲ့စားချေလိုသောစိတ်ဖြင့် လျောင်ဝမ်ထံသို့ သွားရောက်ခဲ့ကြသည်။

ဤကဲ့သို့သော နောက်ဆုံးရလဒ်မှာ ချင်ယွမ်ဖုန်းအား အလွန်ပင် စိတ်မကောင်း ဖြစ်စေသည်။

တုတ်ရှည်ကြီး နောက်တစ်ကြိမ် ကျဆင်းလာသောအခါ ဝေဟုန်၏ အခြားပုခုံးတစ်ဖက်မှာလည်း ကျိုးကျသွားပြီး မြေပြင်ပေါ်တွင် အားကိုးရာမဲ့စွာ ဒူးထောက်ကျသွားတော့သည်။

သူ၏ ခန္ဓာကိုယ်အထက်ပိုင်းရှိ အရိုးအားလုံးနီးပါးမှာ ကြေမွသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ဟေး၏ ရိုက်ချမှုကြောင့် မြေကြီးထဲ စိုက်နေသော ယဲ့ချန်းမှာ နောက်ဆုံးတွင် ရုန်းထွက်နိုင်ခဲ့သည်။

သူသည် ဟစ်အော်ကာ ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်လာပြီး သူ၏ တစ္ဆေနှယ် လျင်မြန်လှသော အရှိန်ကို ထပ်မံ အသုံးပြုပြန်သည်။

သူ၏ အမြင်တွင် ချင်ယွမ်ဖုန်း၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားသကဲ့သို့ ခံစားရသည်။ ဆိုလိုသည်မှာ သူသည် မိမိ၏ အစွမ်းကုန် အရှိန်ကို အမြင့်ဆုံးအထိ ထုတ်သုံးလိုက်နိုင်ခြင်း ဖြစ်သည်။

သို့သော် ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး ယဲ့ချန်း၏ လည်ပင်းကို လှမ်းဖမ်းလိုက်လေသည်။

"မင်း... မင်းက သတ္တမအဆင့် မဟာဆရာ မဟုတ်ဘူး..." ယဲ့ချန်းသည် အံ့အားသင့်စွာဖြင့် ချင်ယွမ်ဖုန်းအား စိုက်ကြည့်နေသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်သည်။

သူ၏ ကျင့်စဉ်အဆင့်မှာ အမှန်တကယ်ပင် သတ္တမအဆင့် မဟာဆရာ ဖြစ်သော်လည်း သူ၏ စွမ်းအားမှာမူ ထိုအဆင့်ထက် များစွာ ကျော်လွန်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ဝေဟုန်နှင့် ယဲ့ချန်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း ချင်ယွမ်ဖုန်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ကြသည်။ ဤအချက်က ချင်ယွမ်ဖုန်းအား မိမိ၏ အစွမ်းကို တိုက်ရိုက် နားလည်သဘောပေါက်သွားစေသည်။

မိမိနှင့် အဆင့်တူသူများကို နှိပ်ကွပ်ရခြင်းမှာ အမှန်တကယ်ပင် လွယ်ကူလှပေသည်။

အခန်း (၃၄၆) ချန်းရန်တောင်တန်း

ချင်ယွမ်ဖုန်း၏ လက်ခုပ်အတွင်း၌ ယဲ့ချန်းသည် ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာ ပေါ်လွင်နေတော့သည်။ ၎င်းတို့နှစ်ဦး အင်အားချင်း ပေါင်းစပ်တိုက်ခိုက်ပါသော်လည်း ချင်ယွမ်ဖုန်းကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည့် အဖြစ်က ယဲ့ချန်းအား လုံးဝ မျှော်လင့်ချက်မဲ့သွားစေခဲ့ချေပြီ။

ချင်ယွမ်ဖုန်းသည် ယဲ့ချန်းအား အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အားစိုက်ကာ ယဲ့ချန်း၏ ဦးခေါင်းကို မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဆောင့်ချလိုက်လေသည်။

မြေပြင်တွင် အက်ကြောင်းများစွာ ထင်ကျန်ရစ်ပြီး ယဲ့ချန်း၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ သတိလစ် မေ့မြောသွားခဲ့ရ၏။

ရှောင်ဟေးသည်လည်း တရွတ်တိုက် ပြန်လည်တွားသွားလာရင်း ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သေးငယ်သွားကာ ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ခိုအောင်းလိုက်တော့သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် ရှောင်ဟေး၏ ဦးခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။ ရှောင်ဟေးသည် အပြည့်အဝ ကြီးထွားလာခြင်း မရှိသေးသော်လည်း တတိယအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်နေပြီဖြစ်ကာ အရှိန်အဟုန်ဖြင့်လည်း ကြီးထွားလာနေခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေး၏ ယခင်ကျင့်စဉ်အဆင့်မှာ မဟာဆရာနယ်ပယ်၏ ပဉ္စမအဆင့်ခန့်သာ ရှိခဲ့သော်လည်း မြူကင်းကြာပန်းကို ဝါးမြိုပြီးနောက် ခန္ဓာကိုယ်မှာ စတင်ပြောင်းလဲလာခဲ့သည်။

နဂါးဂျိုတစ်စုံသာ ထွက်ပေါ်လာသည့် အဆင့်မျှသာ ရှိသေးသော်လည်း ယင်းမှာ ရှောင်ဟေးအတွက်မူ ဘဝသစ်တစ်ခုဟုပင် ဆိုနိုင်ပေသည်။

အခြားတစ်ဖက်မှ တိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့ချေပြီ။ တာဝန်ခံနှင့် ပုန်ကန်သော ကိုယ်ရံတော်များသည် အသေအလဲ ပြန်လည်တိုက်ခိုက်ကြသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်သွားကြရသည်။

ကျိုးထုံသည် ၎င်းတို့အား သတ်ဖြတ်ခြင်းမပြုဘဲ ဖမ်းဆီးချုပ်နှောင်ထားလိုက်၏။

လျောင်ဝမ်သည်လည်း ရှန်ကွမ်းရင်း၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ဤအချိန်၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာအမြောက်အမြားဖြင့် အလွန်ပင် သနားစဖွယ် အခြေအနေသို့ ဆိုက်ရောက်နေတော့သည်။

“အဘိုးကျိုး... လျောင်ဝမ်ကို ဘယ်လို စီစဉ်ဖို့ စိတ်ကူးထားလဲ” ဟု ချင်ယွမ်ဖုန်းက ရှေ့သို့ တိုးလာရင်း မေးမြန်းလိုက်သည်။

ကျိုးထုံသည် လျောင်ဝမ်ကို ကြည့်ကာ သက်ပြင်းချရင်း “သူ့ရဲ့ ကျင့်စဉ်တွေကို ဖျက်ဆီးပစ်ပြီး ဘယ်တော့မှ နေရောင်ခြည် ပြန်မမြင်ရတော့အောင်ပဲ

ပိတ်လှောင်ထားလိုက်တော့မယ်” ဟု ဆို၏။

“အဲဒါက အကောင်းဆုံးပါပဲ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ လျောင်ဝမ်သည် ရှုံးနိမ့်နေပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းကို ကြည့်နေသည့် သူ၏ မျက်ဝန်းများထဲတွင်မူ နာကျည်းမှု အာဃာတများ ပြည့်နှက်နေဆဲပင်။

ထိုအာဃာတများသည် ဖျက်ရခက်လှသည့် မင်အိုးကြီးပမာ ထူထဲသိပ်သည်းလှပေသည်။

ဤအချိန်၌ လျောင်ဝမ်၏ ချင်ယွမ်ဖုန်းအပေါ် ထားရှိသည့် အာဃာတမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရာအားလုံးအတွက် ချင်ယွမ်ဖုန်းကိုသာ အပြစ်တင်နေတော့သည်။

ထို့ကြောင့်ပင် ချင်ယွမ်ဖုန်းအနေဖြင့် ဤသို့သော လူမျိုးအား ပြန်လည်လွတ်မြောက်လာမည်ကို မလိုလားပေ။

မိမိကိုယ်တိုင်အတွက် မစိုးရိမ်သော်လည်း မိမိ၏ မိသားစုနှင့် မိတ်ဆွေများအား ဒုက္ခပေးမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

“ဟားဟား... မိတ်ဆွေငယ် ယွမ်ဖုန်း၊ မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ မင်းက အစာအဖြစ် အသုံးတော်ခံဖို့ တကယ်ကြီး သတ္တိရှိရှိ လုပ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး” ဟု ရှန်ကွမ်းရင်းက ပြုံးရွှင်စွာဖြင့် ရှေ့သို့ တိုးလာကာ ပြောဆိုလိုက်သည်။

အမှန်စင်စစ် ဤအရာအားလုံးမှာ ၎င်းတို့ ခင်းကျင်းထားသည့် အကွက်တစ်ခုသာ ဖြစ်သည်။ ချင်ယွမ်ဖုန်းက မိမိကိုယ်တိုင် အစာအဖြစ် အသုံးတော်ခံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သော်လည်း လျောင်ဝမ်က ထိုအကွက်ထဲသို့ တကယ်ပင် သက်ဆင်းလာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး “စီနီယာကလည်း အားနာစရာကြီး၊ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပဲဥစ္စာ။ အခုတော့ လျောင်ဝမ်ကိုလည်း ဖမ်းမိပြီဆိုတော့ ကျွန်တော် ခရီးဆက်ရပါဦးမယ်” ဟု ဆို၏။

“နောက်ထပ် ရက်နည်းနည်းလောက် ထပ်မနေတော့ဘူးလား” ဟု ကျိုးထုံက ရှေ့သို့ တိုးကာ မေးမြန်းလာသည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းခါပြကာ “ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် အဘိုးကို အများကြီး ကျေးဇူးတင်ပါတယ်” ဟု ဆိုလေသည်။

ကျိုးထုံမှာမူ သက်ပြင်းကိုသာ မတတ်သာဘဲ ချလိုက်မိတော့သည်။ ချင်ယွမ်ဖုန်းသည် သူ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်သော်လည်း ချင်ယွမ်ဖုန်း၏ ပြုမူပုံများက သူ့အား ပို၍ပင် အားနာစိတ် ဖြစ်ပေါ်စေတော့သည်။

“ငါ အစွမ်းကုန် ကြိုးစားပြီး အဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ယောက်ကို ရှာပေးပါ့မယ်။ အကယ်၍ တွေ့ခဲ့ရင် မင်းကို အသိပေးမှာပါ။ ဆေးဖော်စပ်သူများအသင်းက မင်းအတွက် ဆေးလုံးဖော်မပေးဘူး ဆိုရင်တောင် ငါ့နည်းငါ့ဟန်နဲ့ မင်းအတွက် သန့်စင်ခြင်းဆေးလုံးတစ်လုံး ရအောင် ဖော်စပ်ပေးမယ်လို့ ကတိပေးပါတယ်” ဟု ကျိုးထုံက လေးလေးနက်နက် ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်းသည် ကျိုးထုံအား အရာအားလုံး ဖွင့်ဟပြောပြထားပြီး ဖြစ်သောကြောင့် ကျိုးထုံအနေဖြင့် ဤကိစ္စကို အလွန်ပင် အလေးအနက်ထားနေခြင်း ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အဘိုးကျိုး” ဟု ချင်ယွမ်ဖုန်းက ဆို၏။

ကျိုးထုံက ခေါင်းခါပြရင်း “မင်းလို လူမျိုးက ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ မသေနိုင်ပါဘူးလို့ ငါ ယုံကြည်တယ်၊ ငါ မင်းကို ယုံတယ်” ဟု ပြောလိုက်သည်။

“ကျေးဇူးပါ” ချင်ယွမ်ဖုန်းက ခေါင်းညိတ်နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။

ချင်ယွမ်ဖုန်းသည် ကွန်ရှန်းချိုင့်ဝှမ်းမှ တောင်ဘက်သို့ ဦးတည်ကာ ခရီးနှင်ခဲ့သည်။

ကွန်ရှန်းချိုင့်ဝှမ်းကို ဝန်းရံထားသည့် တောင်တန်းများကို ကျော်ဖြတ်ပြီးပါက အနောက်ဘက် ရန်အင်ပါယာသို့ ရောက်ရှိမည် ဖြစ်သည်။ အနောက်ဘက် ရန်အင်ပါယာကို ဖြတ်ကျော်ပြီးပါက ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်ပေသည်။

အနောက်ဘက် ရန်အင်ပါယာသည် ရှန်းဝူစကြဝဠာတိုက်ကြီး တစ်ခုလုံးတွင် မြေဧရိယာနှင့် လူဦးရေ အများဆုံးသော နိုင်ငံကြီး ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ရှောင်ဟေးကို ခေါ်ဆောင်ကာ ဝေးကွာလှသော အိမ်ပြန်ခရီးကို စတင်ခဲ့တော့သည်။

သုံးရက်ခန့်အကြာတွင် ချင်ယွမ်ဖုန်းသည် အနောက်ဘက် ရန်အင်ပါယာအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဤဒေသ၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများမှာ လုယွဲ့အင်ပါယာနှင့် သိပ်ပြီး မကွာခြားလှသဖြင့် ချင်ယွမ်ဖုန်းအတွက် နေထိုင်ရသည်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

ဆေးနတ်ဘုရားဂိုဏ်းသို့ အမြန်ဆုံး ပြန်လိုသောကြောင့် ချင်ယွမ်ဖုန်းသည် လမ်းမကြီးများမှ မသွားဘဲ လူသူအရောက်အပေါက်နည်းသော လမ်းကြားများကိုသာ ရွေးချယ်သွားလာခဲ့သည်။

အနောက်ဘက် ရန်အင်ပါယာ၏ မြောက်ဘက်နယ်စပ်သည် ကမ်းရိုးတန်းဒေသနှင့် အရှေ့တောင်ဘက် ပင်လယ်ပြင်အထိ ကျယ်ပြန့်ကာ တဆက်တည်း ဖြစ်နေသော တောင်တန်းကြီးတစ်ခုအဖြစ် တည်ရှိနေသည်။

ကွန်ရှန်းချိုင့်ဝှမ်း၏ တောင်ဘက်ရှိ တောင်တန်းများသည်လည်း ဤတောင်တန်းကြီး၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်၏။

ဒဏ္ဍာရီများအရ ဤတောင်တန်းကြီးသည် လုယွဲ့အင်ပါယာရှိ ဝမ်တောင်တန်းနှင့် မြစ်ဖျားခံရာ အတူတူပင် ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် အနောက်ဘက် ရန်အင်ပါယာရှိ လူများကမူ မိုင်ပေါင်းထောင်ချီ ရှည်လျားသည့် ဤတောင်တန်းကြီးကို ချန်းရန်တောင်တန်းဟု ခေါ်ဆိုကြသည်။

အကြောင်းမှာ ဤတောင်တန်းရှိ တောင်အများစုမှာ ထူးဆန်းပြီး မတ်စောက်လှကာ ကောင်းကင်ယံသို့ ထိုးတက်နေသည့် ချွန်ထက်သော မြားတိုများအလား တည်ရှိနေသောကြောင့် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ဤတောင်တန်းကြီးတလျှောက် ထူးထူးခြားခြား ဘာမျှ မကြုံတွေ့ရဘဲ ခရီးဆက်ခဲ့သော်လည်း ယင်းမှာ သူ၏အတွက်မူ ထူးဆန်းနေခြင်း မရှိပေ။

ရက်အနည်းငယ်အကြာတွင် ချင်ယွမ်ဖုန်းသည် တောင်အထပ်ထပ် မြင့်မားလှသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ကို ဖောက်ထွင်းမတတ် မြင့်မားလှသော တောင်ထိပ်အချို့မှာ ထူးဆန်းသော ပုံစံဖြင့် တည်ရှိနေကြပြီး ကြည့်ရသည်မှာ... အစီအရင်တစ်ခုနှင့်ပင် တူနေတော့သည်။

သို့သော်လည်း တောင်ထိပ်များထံမှ မည်သည့် စွမ်းအင်လှိုင်းမျှ ထွက်ပေါ်မလာသဖြင့် ချင်ယွမ်ဖုန်းသည် ထိုနေရာ၌ပင် ခဏတာ အနားယူလိုက်သည်။

“လာ... စားကြရအောင်”

ချင်ယွမ်ဖုန်းသည် ကျောက်ပုံကြား၌ မီးဖိုလိုက်ပြီး နှင်းကြက်အချို့ကို ကင်ကာ တစ်ကောင်ကို ရှောင်ဟေးထံသို့ ပစ်ပေးလိုက်သည်။

ရှောင်ဟေး၏ သေးငယ်သော ခန္ဓာကိုယ်ကို ကြည့်ပြီး အထင်မသေးလိုက်လေနှင့်၊ ၎င်းသည် နှင်းကြက်တစ်ကောင်လုံးကို တစ်လုတ်တည်းနှင့် ဝါးမြိုပစ်လိုက်ရာ သေးငယ်လှသော ဝမ်းဗိုက်ကလေးမှာ ပေါက်ထွက်တော့မတတ် ဖောင်းကားသွားတော့သည်။

“ဟားဟားဟား... မင်းကတော့ တကယ်ကို အစားကြူးတဲ့ ကောင်လေးပဲ” ဟု ဆိုကာ ချင်ယွမ်ဖုန်းလည်း မြိန်ရည်ယှက်ရည် စားသောက်ပါတော့သည်။

ချင်ယွမ်ဖုန်း စားသောက်နေစဉ်မှာပင် သူ၏ နောက်ဘက်၌ တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။

သူသည် ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် မှင်တက်သွားကာ လက်ထဲမှ ကိုင်ထားသော နှင်းကြက်ကင်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူ၏ နောက်ဘက်ရှိ မူလက လဟာပြင် ဖြစ်နေသော နေရာ၌ ထူထဲလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာချေပြီ။

ယင်းမှာ ချင်ယွမ်ဖုန်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည့် ဝမ်တောင်တန်းထဲမှ မိစ္ဆာနယ်မြေအတိုင်းပင် ဖြစ်သည်။

ပတ်ဝန်းကျင် အခြေအနေမှာ တဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာတော့သည်။

မိစ္ဆာအရှိန်အဝါများ ပျံ့နှံ့သွားသည့် နေရာတိုင်းမှာ ခြောက်သွေ့ဖုန်းဆိုးသော မြေရိုင်းများအဖြစ် ပြောင်းလဲသွားရာ အခြားသော ကမ္ဘာတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာသည့်အလားပင်။

ပတ်ဝန်းကျင်ရှိ တောင်တန်းများသည်လည်း ခြောက်သွေ့ညှိုးနွမ်းသွားကြတော့သည်။

“ဒါ မိစ္ဆာနယ်မြေ ထပ်ဖြစ်ပြန်တာလား” ချင်ယွမ်ဖုန်းမှာ အလွန်ပင် အံ့အားသင့်သွားရသည်။

သူသည် ရှောင်ဟေးကို ကောက်ချီကာ အနီးနားရှိ နေရာတစ်ခုသို့ ပြေးလွှားသွားလိုက်၏။ ရှောင်ဟေးသည်လည်း ၎င်း၏ ဝမ်းဗိုက်ထဲမှ နှင်းကြက်ကို အမြန်ပင် အစာချေလိုက်ပြီး ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

တောင်တန်းကြီးအတွင်းရှိ မြင်ကွင်းမှာ နောက်ဆုံးတွင် မည်သည့် သက်ရှိမျှ မရှင်သန်နိုင်သော ခြောက်သွေ့လှသည့် မိစ္ဆာနယ်မြေအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

ဤနေရာမှာ အမှန်တကယ်ပင် အခြားသော မိစ္ဆာနယ်မြေတစ်ခု ဖြစ်နေချေပြီ။

ချင်ယွမ်ဖုန်းသည် ဆရာကြီးကုဝု ပြောပြခဲ့သော စကားများကို ပြန်လည်သတိရမိလိုက်သည်။

တစ်ပါးကျွန်းမှ မိစ္ဆာများ ရှန်းဝူစကြဝဠာတိုက်ကြီးကို ကျူးကျော်စဉ်အခါက ရှန်းဝူတိုက်ကြီးမှ သိုင်းပညာရှင်များသည် ထိုမိစ္ဆာများစွာကို ချိပ်ပိတ်ခဲ့ကြပြီး၊ မိစ္ဆာနယ်မြေဆိုသည်မှာ ထိုမိစ္ဆာများကို ချိပ်ပိတ်ထားခဲ့သည့် နေရာများပင် ဖြစ်ပေသည်။

“အရင်တုန်းက မိစ္ဆာနယ်မြေကို တွေ့ခဲ့တုန်းကတောင် တော်တော်လေး အံ့သြခဲ့ရတာ၊ အခုကြည့်ရတာတော့ ဒီချိပ်ပိတ်မှုတွေမှာ တစ်ခုခု မှားယွင်းနေပြီ ထင်တယ်” ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ပြန်လည်စဉ်းစားကြည့်ပါက ပတ်ဝန်းကျင်ရှိ တောင်ထိပ်များသည် ထိုစဉ်က သိုင်းပညာရှင်များက ဤမိစ္ဆာသတ္တဝါများကို ချိပ်ပိတ်ရန် အသုံးပြုခဲ့သော သဘာဝအစီအရင်တစ်ခု ဖြစ်တန်ရာ၏။

ထိုစဉ်မှာပင် တောင်ထိပ်အချို့မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး တောင်ထိပ်များပေါ်မှ ကျောက်တုံးကြီးများသည် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြိုကျလာတော့သည်။

“ဒုက္ခပဲ... ဒီအစီအရင်ကတော့ ပျက်တော့မှာပဲ” ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ စိုးရိမ်စိတ်များ ပြည့်နှက်သွားတော့သည်။ အကယ်၍ အစီအရင်သာ ပျက်စီးသွားပါက အတွင်း၌ ချိပ်ပိတ်ထားသော မိစ္ဆာသည် လွတ်မြောက်လာမည်မှာ အမှန်ပင် ဖြစ်ချေတော့သည်။

All Chapters