အခန်း (၁၁၆၃-၁၁၆၄)
Vol. 100 Ch. 1163-1164
အခန်း ၁၁၆၃
သေခြင်းတရားစွမ်းအင်များကြောင့် မူလက ညစ်ညမ်းနေခဲ့သော စွမ်းအင်အရင်းအမြစ်သည် ပိုးသတ်ဆေး၏ အာနိသင်ကြောင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီး S အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“အခု ဧရာမဘီလူးမျိုးနွယ်စုတွေ ဒီစွမ်းအင်အရင်းအမြစ်ကို ဘာကန့်သတ်ချက်မှမရှိဘဲ စိတ်ကြိုက် သုံးလို့ရပြီ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ယခင်က ဧရာမဘီလူးမျိုးနွယ်စု၏ နယ်မြေဟောင်းတွင် စွမ်းအင်အရင်းအမြစ်မှ စီးဆင်းလာသော ရေစီးကြောင်းမှာ အလွန်သေးငယ်ပြီး... ယခု မြင်တွေ့နေရသည့် စမ်းရေ ရေတံခွန်ငယ်လေးနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။
“ဒီနေရာမှာ အလတ်စား တည်နေရာ ကူးပြောင်းခြင်း အစီအရင်တစ်ခုလည်း တည်ဆောက်ပြီးသွားပြီ။ မင်းဘက်က တခြားကန့်ကွက်စရာမရှိတော့ဘူးဆိုရင် ဧရာမဘီလူးကြီးတွေကို ဒီဘက်ကို ပြောင်းရွှေ့ဖို့ ငါ အကြောင်းကြားလိုက်တော့မယ်။”
အန်းယွဲ့က ဆက်ပြောလိုက်သည်။
“အင်း.. ပြောင်းရွှေ့ခြင်းလုပ်ငန်းကို ဆက်လုပ်လိုက်ပါ။ ဒါက သူတို့ကိုလည်း စိတ်အေးသွားစေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ မနေ့က သူတို့ဆီကနေ စွမ်းအင်ကျောက်ဆောင် တန်ငါးဆယ်တောင် တူးယူခဲ့တာလေ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
အန်းယွဲ့က ခေါင်းညိတ်ပြီး ဧရာမဘီလူးမျိုးနွယ်စုများဆီသို့ လူလွှတ်ကာ သူတို့ ကူးပြောင်းလာနိုင်ပြီဖြစ်ကြောင်း ချက်ချင်း အကြောင်းကြားခိုင်းလိုက်တော့သည်။
တည်နေရာ ကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းသည် စွမ်းအင်သလင်းကျောက်အချို့ကို ကုန်ဆုံးစေမည်ဖြစ်သော်လည်း သူတို့သည် မနေ့ကတင် တန်ငါးဆယ် ရရှိထားသဖြင့် ရေရှည်အသုံးပြုရန် လုံလောက်ပေသည်။
ထို့အပြင် ဧရာမဘီလူးမျိုးနွယ်စု၏ နယ်မြေမှာ ဤနေရာနှင့် အလွန်ဝေးကွာလှသဖြင့် အခြားသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြု၍ ခေါ်ဆောင်လာရန်မှာလည်း မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ဧရာမဘီလူးမျိုးနွယ်စုတွင် အသုံးအဆောင်ပစ္စည်း အများအပြား မရှိလှသဖြင့် ရှောင်းယီသည် သူတို့ကို တည်နေရာကူးပြောင်းခြင်း အစီအရင်အသုံးပြု၍ ကူးပြောင်းလာရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မီစီသည် အန်းယွဲ့ထံမှ ပေးပို့လာသော သတင်းကို ရရှိသောအခါ ခဏမျှ မှင်သက်သွားခဲ့သည်။
“ပြီးသွားတာ မြန်လှချည်လား။”
မီစီအနေဖြင့် မယုံနိုင်စရာ ဖြစ်နေခဲ့လေသည်။
ဧရာမဘီလူးမျိုးနွယ်စုတွင် လူဦးရေ အများအပြားမရှိသော်လည်း သူတို့၏ အဆောက်အဦးများမှာ အလွန်ကြီးမားလှပေသည်။ အဆောက်အဦးအားလုံးကို တစ်ညတည်းနှင့် မဟုတ်သေးဘူး.. အတိအကျပြောရလျှင် ညတစ်ဝက်တည်းနှင့် အပြီးတည်ဆောက်နိုင်တာက အမှန်ပဲလော။
သံသယရှိနေသော်လည်း မီစီသည် ဧရာမဘီလူးကြီးများကို ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ပြောင်းရွှေ့ရန် ချက်ချင်း စီစဉ်လိုက်ပြီး ရှေ့တန်းစစ်မျက်နှာရှိ သူတို့၏ခေါင်းဆောင် ကျားကျန့်ထံသို့လည်း အကြောင်းကြားရန် လူလွှတ်လိုက်သည်။
ထိုသတင်းကို ရရှိပြီးနောက် ကျားကျန့်သည်လည်း အလွန်အံ့အားသင့်သွားခဲ့၏။ သူသည် ရှေ့တန်းမှ အခြေအနေကို တစ်ချက်လှမ်းကြည့်ပြီး ညွှန်ကြားလိုက်သည်။
“ဟူကျဲ.. ဒီက အခြေအနေကို သေချာစောင့်ကြည့်ထား။ ငါ ပြန်သွားဦးမယ်။ ငါတို့ ပြောင်းရွှေ့ရတော့မယ့်ပုံပဲ။”
“ဟုတ်ကဲ့ပါ။”
ဟူကျဲသည်လည်း ပြန်သွားကြည့်ချင်နေသော်လည်း ရှေ့တန်းစစ်မျက်နှာက သူ့ကို ပိုမိုလိုအပ်နေကြောင်း သိထားသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသိပေးချက်ကြောင့် ရှောင်းယီသည် မနေ့ညကတည်းက ကျားကျန့်ထံ လူလွှတ်ကာ ယနေ့တွင် ရှေ့သို့ ဆက်မတိုးရန်နှင့် ခံစစ်ကိုသာ အခိုင်အမာထိန်းထားပြီး အခြေအနေကို စောင့်ကြည့်ရန် ပြောကြားထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် မသေမျိုးမျိုးနွယ်စုဘက်က မည်သည့်လှုပ်ရှားမှုမျှ မရှိရာ ရှေ့တန်းတွင်လည်း ဘာမျှ ထူးခြားမှု မရှိပေ။
တည်နေရာ ကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ကျားကျန့်သည် ဧရာမဘီလူးမျိုးနွယ်စုနယ်မြေသို့ ပြန်ရောက်လာခဲ့ရာ ထိုနေရာတွင် ဧရာမဘီလူးများ၏ ထက်ဝက်ခန့်မှာ ကူးပြောင်းသွားကြပြီ ဖြစ်သည်။
ကျားကျန့်ကို မြင်သောအခါ မီစီက အမြန်လာကြိုပြီး ပြောလိုက်သည်။
“ခေါင်းဆောင်.. အလွန်ဆုံး မိနစ်နှစ်ဆယ်အတွင်းမှာ ကျွန်မတို့ ပြောင်းရွှေ့မှုတစ်ခုလုံးကို အပြီးသတ်နိုင်ပါလိမ့်မယ်။”
ကျားကျန့်က ခေါင်းညိတ်ပြီလိုက်သည်။
“မင်း ဒီမှာပဲ သေချာစောင့်ကြည့်ထားလိုက်ပါ။ ငါ မဟာမိတ်ကျွန်းဘက်ကို သွားကြည့်လိုက်ဦးမယ်။”
“ဟုတ်ကဲ့ပါ။”
မီစီက ပြန်ဖြေလိုက်သည်။
ကျားကျန့်သည် ဧရာမဘီလူးမျိုးနွယ်စုအတွင်းရှိ တည်နေရာကူးပြောင်းခြင်း အစီအရင်ကို နောက်တစ်ကြိမ် အသုံးပြုကာ ရှောင်းယီ၏ ကျွန်းသို့ ရောက်ရှိသွားခဲ့သည်။
အစီအရင်ထဲမှ လှမ်းထွက်လိုက်သည်နှင့် ကျားကျန့်တစ်ယောက် မှင်သက်သွားရသလို သူ့ထက်အရင် ရောက်နှင့်နေသော ဧရာမဘီလူးများသည်လည်း ရင်ပြင်ကျယ်ကြီးထဲ၌ ဆွံ့အလျက် မတ်တတ်ရပ်နေကြသည်ကို တွေ့လိုက်လေသည်။
အနီးနားရှိ သစ်ပင်အမျိုးအစားများသာ ကွဲပြားမနေပါက.. ကျားကျန့်သည် သူတို့မျိုးနွယ်စုထဲက တည်နေရာကူးပြောင်းခြင်း အစီအရင် ပျက်စီးသွားပြီး နေရာမရွေ့ဘဲ သည်အတိုင်း ရှိနေသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ အဆောက်အဦးများသည် ယခင် ဧရာမဘီလူးမျိုးနွယ်စု၏ နယ်မြေဟောင်းနှင့် တစ်ထေရာတည်း တူညီနေသောကြောင့်ပင်။
ကျားကျန့် ရှေ့သို့ လျှောက်ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံး၌ ကွဲပြားမှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရ၏။ ထိုအဆောက်အဦးများ၏ အပြင်ဘက်နှင့် အတွင်းဘက်များတွင် သပ်ရပ်လှပစွာ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ရှိနေခြင်းပင်။
ထိုစဉ် ရှောင်းယီသည်လည်း အန်းနန်းတောင်ဘက်မှ အမြန်ပြန်လာခဲ့ပြီ ဖြစ်သည်။ ကျားကျန့် ရောက်ရှိနေသည်ကို မြင်သောအခါ သူက ပြုံးကာ မေးလိုက်သည်။
“ခေါင်းဆောင်ကျား ခင်ဗျား ရောက်လာပြီပဲ။ ဒီနေရာကို ဘယ်လိုသဘောရလဲ။ စိတ်ကျေနပ်မှု ရှိရဲ့လား။”
“ဒါက ငါတို့ရဲ့ အိမ်ဟောင်းနဲ့ တကယ်ကို တစ်ထေရာတည်းပဲ။ ငါ ဘယ်လိုလုပ် မကျေနပ်ဘဲ နေနိုင်မှာလဲ။”
ကျားကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ကျွန်းပိုင်ရှင်...ကျုပ် တကယ် ကျေးဇူးတင်ပါတယ်။”
ရှောင်းယီက လက်ဝှေ့ယမ်းပြလိုက်သည်။
“အဲ့ဒီ ဝါယာကြိုးတွေက လျှပ်စစ်မီးအတွက်ပဲ။ နောင်ကျရင် ညဘက်တွေမှာ ဒီခလုတ်ကို နှိပ်လိုက်ရုံနဲ့ မီးတွေ လင်းလာလိမ့်မယ်။ ဒီလိုဆို မီးတုတ်တွေ သုံးနေစရာ မလိုတော့ဘူး။”
ရှောင်းယီက ထိုသို့ပြောရင်း ထိုဝါယာကြိုးများနှင့် ခလုတ်များကို ညွှန်ပြလိုက်သည်။
ကျားကျန့်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ.. ငါ နားလည်ပါပြီ။”
“ဒါပေမဲ့ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကိုတော့ ခင်ဗျားတို့ သတိထားရမယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
“ဟုတ်ကဲ့။”
“တကယ်တော့ ဒါက ခင်ဗျားတို့ရဲ့ အရင်အဆောက်အဦးတွေနဲ့ ပုံစံတူပေမဲ့.. နံရံတွေရဲ့ ကုန်ကြမ်းက သံကူကွန်ကရစ်တွေမို့လို့ ခင်ဗျားတို့ရဲ့ အရင်အဆောက်အဦးတွေထက် ပိုပြီးတော့တောင် ခိုင်ခံ့သေးတယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။ ကျားကျန့်သည်မူ ခေါင်းကိုသာ တဆက်ဆက် ညိတ်နေမိသည်။
မကြာမီ ဧရာမဘီလူးမျိုးနွယ်စုတစ်ခုလုံး ပြောင်းရွှေ့ခြင်းလုပ်ငန်း ပြီးဆုံးသွားခဲ့ပြီး နောက်ဆုံးမှ ကူးပြောင်းလာသော မီစီသည်လည်း သူမမျက်စိရှေ့မှ မြင်ကွင်းကြောင့် သဘာဝအတိုင်း အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။
အံ့သြမှင်သက်မှုများအပြီး၌ သူမက မေးလိုက်သည်။
“ကျွန်မတို့ရဲ့ အန်းနန်တောင်လည်း ဒီမှာ ရှိနေတာလား။”
နောက်ချန် ထောက်ပံ့ရေးပိုင်းကို တာဝန်ယူထားရသူပီပီ မီစီ၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုပင် ဖြစ်သည်။ အကယ်၍ အန်းနန်တောင်သာ ဤနေရာတွင် ရှိနေပြီး စွမ်းအင်အရင်းအမြစ်ကိုပါ မူလအတိုင်း ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါက ဧရာမဘီလူးမျိုးနွယ်စုဝင်များအတွက် စိုက်ပျိုးမွေးမြူရေးပိုင်းတွင် မည်သည့်ပြဿနာမျှ ရှိတော့မည်မဟုတ်ပေ။
“သေချာတာပေါ့.. မူလနေရာမှာပဲ ရှိပါတယ်။ ကျုပ်နဲ့ လိုက်ခဲ့ပါ။”
ရှောင်းယီက ထိုသို့ပြောရင်း ကားပေါ်တက်ကာ အန်းနန်တောင်ရှိရာဘက်သို့ မောင်းနှင်သွားခဲ့သည်။
မကြာမီ သူတို့သည် လုံးဝအသစ်စက်စက်ဖြစ်နေသော အန်းနန်တောင်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြတော့သည်။
မြင့်မားလှသော တောင်တန်းကြီးနှင့် တောင်ပေါ်မှ တဝေါဝေါ စီးဆင်းနေသည့် စမ်းရေ ရေတံခွန်ကြီးကို ကြည့်ပြီး မီစီကတစ်ယောက် မယုံနိုင်ဟန်ဖြင့် မေးလိုက်မိ၏။
“ဒါက တကယ်ပဲ အန်းနန်တောင်လား။”
“ဒါပေါ့...”
“ဒါဆို ဒီရေတွေက...”
မီစီက စမ်းရေ ရေတံခွန်ကို မသေချာဟန်ဖြင့် ညွှန်ပြရင်း မေးလိုက်သည်။
“ဒါတွေအားလုံးက စွမ်းအင်စမ်းရေတွေပဲ။ ပြီးတော့ S အဆင့်အထိ ပြန်လည်ကောင်းမွန်အောင် သန့်စင်ပြီးပြီ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
ဤအချိန်တွင်မူ ကျားကျန့်နှင့် မီစီတို့နှစ်ဦးစလုံးမှာ နေရာတင် ဆွံ့အမှင်သက်သွားကြတော့သည်။ ရှောင်းယီအနေဖြင့် ဤမျှကြီးမားလှသော ဆောက်လုပ်ရေးစီမံကိန်းကြီးကို ညတစ်ဝက်တည်းနှင့် မည်သို့ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
သူတို့မျက်စိရှေ့မှ အန်းနန်းးတောင်ကြီးသည် လူသားတို့၏ စွမ်းအားဖြင့် လုပ်ဆောင်နိုင်သည့် အဆင့်ထက် လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
“မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”
ကျားကျန့်က မမေးဘဲ မနေနိုင်တော့ပေ။
“ကျုပ် အရင်ကလည်း ပြောဖူးပါတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိတဲ့ ကျွန်းတွေမှာ အားသာချက်တွေ အများကြီးရှိတယ်ဆိုတာ ဒါလည်း အဲ့ဒီထဲက တစ်ခုပဲ။ ဒီတောင်က ကျုပ် အဲ့ဒီစွမ်းအင်သလင်းကျောက်တွေကို ပုံပေးလိုက်ပြီးနောက် ဆင့်ကဲပြောင်းလဲလာခဲ့တာပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဆင့်ကဲပြောင်းလဲမှုဆိုတာ အမြဲတမ်း အလွန့်အလွန်ရှည်လျားတဲ့ အချိန်ကာလတစ်ခု လိုအပ်တယ် မဟုတ်ဘူးလား။”
မီစီက မေးလိုက်သည်။
“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရှိန်မြှင့်တင်ပေးတဲ့ ဂုဏ်သတ္တိကြောင့်ပါ။”
ရှောင်းယီက ဆက်လက် ရှင်းပြလိုက်သည်။
“ဒီအရှိန်မြှင့်တင်မှုက တကယ့်ကို မြန်ဆန်လွန်းတယ်။”
ကျားကျန့်က ရင်သပ်ရှုမောစွာ ရေရွတ်လိုက်မိသည်။
“ဒါကြောင့်မို့လို့လည်း ကျုပ်တို့ မသေမျိုးမျိုးနွယ်စုတွေကို ရင်ဆိုင်နိုင်တာပေါ့။ အကယ်၍ အဲ့ဒီနှေးကွေးတဲ့ ဆင့်ကဲပြောင်းလဲမှုနှုန်းကိုပဲ တကယ်အားကိုးနေရမယ်ဆိုရင် ကျုပ်တို့ ခင်ဗျားတို့နဲ့ ပုခုံးချင်းယှဉ်ပြီး တိုက်ခိုက်နိုင်ဖို့ နည်းလမ်း ရှိမှာမဟုတ်ဘူး။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။
ကျားကျန့်က အလွန်အမင်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ရှောင်းယီနှင့် ယခင်က ပြောခဲ့ဖူးသောစကားများအရ သူတို့ ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ ရက်ပေါင်း တစ်ရာကျော်ရုံသာ ရှိသေးသည်။
အကယ်၍ ပုံမှန် ဆင့်ကဲပြောင်းလဲမှုအရှိန်အတိုင်းသာ အမှန်တကယ် ဖြစ်နေမည်ဆိုပါက.. သူတို့သည် ယခုအချိန်အထိ သက်ငယ်မိုးအိမ်များတွင် နေထိုင်ကာ လေးနှင့်မြှားကိုသာ အသုံးပြုနေကြရဦးမည် ဖြစ်သည်။
လေယာဉ်တွေ၊ အမြောက်တွေနဲ့ စက်သေနတ်တွေ ဆိုတာမျိုး ဘယ်လိုလုပ် ရှိလာနိုင်ပါ့မလဲ။
ကျားကျန့်သည် ဒူးတစ်ဖက်ထောက်ကာ ရှောင်းယီကို နောက်တစ်ကြိမ် အရိုအသေပြုလိုက်ပြန်သည်။
“ဒီတစ်ခေါက်တော့ မင်းက ငါတို့ ဧရာမဘီလူးမျိုးနွယ်စုကို တကယ် ကယ်တင်ပေးခဲ့တာပဲ။ ပြီးတော့ ဒီလောက်ကောင်းတဲ့ ပတ်ဝန်းကျင်ကိုပါ ပေးအပ်ခဲ့သေးတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။”
“ခင်ဗျားက ကျုပ်ကို မောင်းထုတ်အောင် တမင်လုပ်နေတာတော့ မဟုတ်ပါဘူးနော်။”
ရှောင်းယီက စိတ်ဆိုးချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
ထိုအခါ ကျားကျန့်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မင်း အဲ့လိုလုပ်မှာမဟုတ်ပါဘူး။ ဒါက ငါတို့ မင်းအပေါ် ထားရှိတဲ့ ရိုသေလေးစားမှုကို ပြသတာမို့လို့ စိတ်အေးချမ်းသာစွာနဲ့ လက်ခံပေးပါ။”
ရှောင်းယီတစ်ယောက် အားကိုးရာမဲ့စွာဖြင့်သာ ခေါင်းညိတ်ပြလိုက်ရတော့သည်။
“ကောင်းပြီလေ.. ကျုပ် လက်ခံပါတယ်။ အားလုံးပဲ ထကြပါတော့။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ကျားကျန့်နှင့် မီစီတို့နှစ်ဦး တပြိုင်နက် မတ်တတ်ရပ်လိုက်ကြသည်။
“ကျွန်းပိုင်ရှင်.. ခေါင်းဆောင်၊ ကျွန်မ အရင်သွားပြီး ပြောင်းရွှေ့လာတဲ့ ဧရာမဘီလူးကြီးတွေကို နေရာချထားပေးလိုက်ပါဦးမယ်။ ရှင်တို့နှစ်ယောက် ဆက်ပြီး စကားပြောကြပါဦး။”
မီစီက ဆိုသည်။
ရှောင်းယီနှင့် ကျားကျန့်တို့က ခေါင်းညိတ်ပြလိုက်ရာ မီစီတစ်ယောက် အလျင်အမြန်ပင် ပြန်လှည့်ထွက်သွားခဲ့တော့သည်။
“မီစီက တကယ်ကို အရည်အချင်းပြည့်ဝတဲ့ ထောက်ပံ့ရေးအရာရှိတစ်ယောက်ပဲ။”
ရှောင်းယီက ချီးကျူးလိုက်သည်။
“အမှန်ပဲ။”
ကျားကျန့်က အပြည့်အဝ ထောက်ခံလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒါနဲ့ ကျွန်းပိုင်ရှင်.. မနေ့ညက ဘာဖြစ်လို့ ငါတို့ကို ဒီနေ့ ရှေ့ဆက်မတိုးဖို့ တားမြစ်ခဲ့တာလဲ။”
အခန်း ၁၁၆၄
ကျားကျန့်၏ စကားကို ကြားသောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အကြောင်းအရာက အနည်းငယ် မြန်ဆန်လွန်းစွာ ပြောင်းလဲသွားခြင်း ဖြစ်သည်။
“မနေ့က ကျုပ်တို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မသေမျိုးမျိုးနွယ်စုတွေရဲ့ အင်အား တိုးလာတော့မယ်ဆိုပြီး အသိပေးချက် ထွက်လာခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ် အားလုံးကို ဇွတ်တရွတ် ရှေ့မတိုးဖို့ ပြောခဲ့တာ။”
ရှောင်းယီက အမှန်အတိုင်း ပြောလိုက်သည်။ ထိုစကားကို ကြားတော့ ကျားကျန့်လည်း မှင်သက်သွားခဲ့သည်။
“မသေမျိုးမျိုးနွယ်စုရဲ့ အင်အားက တိုးလာပြီဆိုရင်.. ငါတို့ စစ်ဆင်ရေးအရှိန်ကို ပိုပြီးတော့တောင် မြှင့်တင်ရမှာ မဟုတ်ဘူးလား။”
ကျားကျန့် ဆိုလိုသည်မှာ ရန်သူ့အင်အား လုံးဝ မတောင့်တင်းလာမီ အရင်ဦးအောင် လက်ဦးမှုယူ တိုက်ခိုက်သင့်သည်ဟူ၍ ဖြစ်သည်။
ရှောင်းယီ ခေါင်းယမ်းလိုက်၏။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက် ထုတ်ပြန်လိုက်ပြီဆိုကတည်းက သူတို့ အဆင့်မြှင့်တင်တာ ပြီးသွားပြီလို့ အဓိပ္ပာယ်ရတယ်။ ကျုပ်တို့ကို ပြင်ဆင်ဖို့ အချိန် လုံးဝပေးမှာ မဟုတ်ဘူး။”
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”
ကျားကျန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီလို အင်အားတိုးလာတာမျိုးက မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ပြီးသွားနိုင်လို့လား။”
ယခုအချိန်တွင် ရှောင်းယီအနေဖြင့် ကျားကျန့်ကို မည်သို့ရှင်းပြရမှန်း မသိတော့ပေ။ ဤကမ္ဘာကြီးသည် အမှန်တကယ်တော့ သူတို့ကဲ့သို့သော အပြင်လူများအတွက် စမ်းသပ်မှုပြုလုပ်သည့် ကမ္ဘာတစ်ခုသာဖြစ်ကြောင်း ကျားကျန့်ကို သူ ပြောပြရမည်လော။
ထိုစဥ် ကျားကျန့်သည် ရှောင်းယီ၏ နေရခက်နေမှုကို သတိပြုမိသွားပုံရပြီး သူ့ဘာသာသူ အဖြေတစ်ခု ရှာဖွေလိုက်သည်။
“ကြည့်ရတာ လွန်ခဲ့တဲ့ တစ်ပတ်ကလည်း မသေမျိုးမျိုးနွယ်စုတွေရဲ့ အင်အားက ရုတ်တရက် တိုးလာခဲ့တာပဲ။ အဲ့ဒီတုန်းကလည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက် ထုတ်ပြန်ခဲ့တာ မဟုတ်လား။”
ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်.. ကျုပ်လည်း ဒီကိစ္စကို ဘယ်လိုရှင်းပြရမလဲ မသိဘူး။ ခင်ဗျားအနေနဲ့ ဒီကမ္ဘာကြီးရဲ့ နိယာမစည်းမျဉ်းတွေက ကျုပ်တို့ရဲ့ အင်အားအပေါ် မူတည်ပြီး ရန်သူတွေကို သတ်မှတ်ပေးနေတာလို့ပဲ နားလည်ထားလိုက်ပါ။ အမှန်တော့ ကျုပ်တို့အားလုံးက နယ်ရုပ်တွေပဲ။”
ထိုစကားကို ကြားလိုက်ရသောအခါ ကျားကျန့်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားခဲ့ပြီးနောက် ညည်းတွားကာ သက်ပြင်းချလိုက်မိသည်။
“ဟုတ်ပါတယ်..။ ငါတို့အားလုံးက နယ်ရုပ်တွေပဲ။ ဒီနယ်ရုပ်တွေက ဘယ်လောက်အထိ ထပ်ပြီး အသုံးတော်ခံနိုင်ဦးမလဲဆိုတာ ငါ တကယ်မသိတော့ဘူး။”
“ကျုပ် အရင်ကလည်း ပြောဖူးပါတယ်။ ကျုပ်တို့က နယ်ရုပ်တွေ ဖြစ်နေရင်တောင်မှ အသုံးအဝင်ဆုံး နယ်ရုပ်တွေ ဖြစ်ရမယ်။”
ရှောင်းယီက ကျားကျန့်တစ်ယောက် စိတ်ဓာတ်ကျနေသည်ကို မြင်သဖြင့် ပြုံးကာ အားပေးလိုက်သည်။ ကျားကျန့်က ခေါင်းညိတ်လိုက်၏။
“မှန်တယ်.. အနည်းဆုံးတော့ ကျုပ်တို့ကိုယ်ကျုပ်တို့ အသုံးချခံလို့ရလောက်တဲ့အထိ တန်ဖိုးရှိအောင် လုပ်ရမယ်။ ကျွန်းပိုင်ရှင်.. ဒီက ညှိနှိုင်းမှုတွေကို မီစီနဲ့ပဲ ဆက်ပြီး လုပ်လိုက်ပါ။ ကျုပ် ရှေ့တန်းကို အရင် ပြန်သွားပါတော့မယ်။”
“ကောင်းပါပြီ.. ကျုပ် ဒီကအရာအားလုံးကို အဆင်ပြေအောင် စီစဉ်ပေးထားပါ့မယ်။ ခင်ဗျား စိတ်ချလက်ချ သွားပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ကျားကျန့်က အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် တည်နေရာကူးပြောင်းခြင်း အစီအရင်ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် လှမ်းလျှောက်သွားတော့သည်။
ရှောင်းယီက သူ့မိုဘိုင်းလ်ဖုန်းကို ထုတ်ပြီး အန်းယွဲ့အညး ဖုန်းခေါ်ဆိုလိုက်သည်။
“ဦးလေးအန်း.. ဒီက ဧရာမဘီလူးမျိုးနွယ်စုနဲ့ ကိစ္စရပ်တွေကို ကူညီညှိနှိုင်းပေးပါဦး။ သူတို့ဘက်က ဘယ်လိုတောင်းဆိုမှုမျိုးပဲရှိရှိ ကျုပ်တို့ဘက်က တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုက်ပါ။”
“ဟုတ်ကဲ့ပါ။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို တိုက်ရိုက်အသုံးပြု၍ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိသွားခဲ့ရာ.. တည်နေရာကူးပြောင်းခြင်း အစီအရင်ကို အသုံးပြုခဲ့သော ကျားကျန့်ထက်ပင် ပိုမိုမြန်ဆန်နေခဲ့သေးသည်။
ထိုအချိန်တွင် သယ်ယူပို့ဆောင်ရေးလေယာဉ်အတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဘေးနား၌ အလင်းဖြူရောင်တစ်ချက် ဖျတ်ခနဲလင်းသွားပြီး ကျန်းယွင်ထျန်း၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
“ကျွန်းပိုင်ရှင်.. ဘာလို့ ရှေ့တန်းကို ရုတ်တရက်ကြီး ရောက်ချလာတာလဲ။”
ကျန်းယွင်ထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဧရာမဘီလူးမျိုးနွယ်စုတွေ ပြောင်းရွှေ့တာ ပြီးသွားပြီလား။”
“အင်း.. ပြီးသွားပြီ။ ဘာပြဿနာမှ မရှိတော့ဘူး။ ဒါနဲ့ မင်းကကော...စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အသွင်ပြောင်းနေရမှာ မဟုတ်ဘူးလား။”
ရှောင်းယီက ပြန်မေးလိုက်သည်။
“ဘာလို့ ရှေ့တန်းကို ပြေးလာတာလဲ။ စာမဖတ်ချင်လို့ ထပ်ပြီး ရှောင်နေပြန်တာလား။”
“ကျွန်းပိုင်ရှင်...မင်း ငါ့ကို အဲ့လိုမျိုး စွပ်စွဲလို့မရဘူးလေ။”
ကျန်းယွင်ထျန်းက ချက်ချင်း ငြင်းဆိုလိုက်သည်။
“ငါ အသွင်ပြောင်းလဲတာတွေ အကုန်ပြီးသွားပြီ။ အခု အဲ့ဒီအသွင်ပြောင်းထားတဲ့ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ တိုက်လေယာဉ်တွေကို လဲလှယ်မှုစနစ်နဲ့ ဒီဘက်ကို လဲလှယ်ယူဖို့ ပြင်နေတာ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“လဲလှယ်လိုက်လေ...။ မင်း အသွင်ပြောင်းလဲထားတဲ့ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေ ဘယ်လိုပုံစံ ဖြစ်သွားလဲဆိုတာ ငါ့ကို ပြပါဦး။”
“မင်း ကြည့်နေလိုက်။”
ထို့နောက် ကျန်းယွင်ထျန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် စက်အမြောက်များ တပ်ဆင်ထားသော တိုက်လေယာဉ်များနှင့် စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များ အားလုံးကို ချက်ချင်းပင် လဲလှယ်ရယူလိုက်တော့သည်။
ရှောင်းယီသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်မှ လှမ်းထွက်ကြည့်လိုက်ရာ.. အပြင်ဘက်တွင် သပ်ရပ်စွာ တန်းစီရပ်ထားသော အသွင်ပြောင်းစစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များကို တွေ့လိုက်ရတော့သည်။ ယာဉ်များပေါ်တွင် ခိုင်ခံ့သော လက်နက်စင်များကို ဂဟေဆော်ထားပြီး ထိုစက်အမြောက်များကိုပါ စင်များပေါ်တွင် တပ်ဆင်ထားခဲ့သည်။
စက်အမြောက်များအတွက် ကြီးမားလှသော ကျည်ဆန်ပတ်ကြိုးကြီးများသည် ဘေးဘက်တွင် တွဲလောင်းကျနေပြီး တစ်ချက်ကြည့်ရုံဖြင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလှသည်။
“ကြည့်ရတာ တော်တော်လေး မိုက်တယ် မဟုတ်လား။”
ကျန်းယွင်ထျန်းကလည်း ဘေးမှ လှမ်းထွက်လာရင်း ပြောလိုက်လေသည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“တကယ် မိုက်တယ်။ ဒါပေမဲ့ ဒီစစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေက စက်အမြောက်တွေရဲ့ ပြန်ကန်အားကို ခံနိုင်ရည်ရှိပါ့မလား။”
“စိတ်ချလိုက်စမ်းပါ...။ ငါ ဒီစက်အမြောက်တွေကို စစ်ဆေးပြီးပြီ။ သူတို့မှာ ပြန်ကန်အားလျှော့ချပေးတဲ့ စနစ်တွေ ပါပြီးသားဗျ။ အရမ်းကို အဆင့်မြင့်တဲ့ အမျိုးအစားမို့လို့ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ သုံးတာကလည်း လုံးဝ ပြဿနာမရှိနိုင်ဘူး။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့။”
ရှောင်းယီ အဝေးသို့ လှမ်းကြည့်လိုက်ရာ မသေမျိုးမျိုးနွယ်စုဘက်က မည်သည့်လှုပ်ရှားမှုမျှ ရှိမနေသေးပေ။
သို့သော်လည်း သူတို့၏နောက်ကွယ်ရှိ လေဟာနယ်တံခါးထဲမှနေ၍ မသင်္ကာဖွယ် လူရိပ်အချို့ ခိုးကြောင်ခိုးဝှက် ထွက်ပေါ်လာခဲ့ကြသည်။
ထိုသူမှာ အခြားသူမဟုတ်.. ယခင်က ဧရာမဘီလူးများနှင့် အရိုးနဂါးတို့၏ တိုက်ပွဲဓာတ်ပုံများကို ရှောင်းယီထံ ပေးပို့ခဲ့ဖူးသော နိုင်ငံခြားသား ရစ်စကီပင် ဖြစ်သည်။
မနေ့ကတင် ရှောင်းယီသည် သူတို့၏နယ်မြေကို ဖြတ်သန်းပြီး ဧရာမဘီလူးကြီးများကို ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ခေါ်ဆောင်လာရန် ကြိုးပမ်းခဲ့သော်လည်း ရစ်စကီနှင့် သူ့အဖွဲ့က အခွင့်ကောင်းယူကာ အဆမတန် တောင်းဆိုခဲ့ကြသည်။
ဓာတ်ခွဲခန်းက လေဟာနယ်တံခါးသုတေသနတွင် ရုတ်တရက် အောင်မြင်မှုရရှိသွားသဖြင့် ရှောင်းယီက သူတို့နှင့် အရောင်းအဝယ်ပြုလုပ်မည့်ကိစ္စကို တိုက်ရိုက်ပယ်ဖျက်လိုက်လိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
“မဟာမိတ်ခေါင်းဆောင်.. မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက်အရ မသေမျိုးမျိုးနွယ်စုရဲ့ အင်အားက တိုးလာတော့မှာဆိုတော့ အခုလိုအချိန်မှာ ကျုပ်တို့ ဒီဘက်ကို လာတာက အန္တရာယ်များလွန်းမနေဘူးလား။”
“ဟုတ်တယ်...ယီရန်ပင်းမဟာမိတ်အဖွဲ့က ကျုပ်တို့အတွက် ဒီဘက်ကို ပိတ်ဆို့ကာကွယ်ပေးထားတာပဲလေ။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာပဲ ငြိမ်ငြိမ်လေး ခိုအောင်းနေရင် ရပြီမဟုတ်ဘူးလား။ ဘာလို့ ကိုယ့်ဘက်ကနေ ဦးအောင် လာတိုက်နေဖို့ လိုတာလဲ။”
ရစ်စကီက သူ၏ငကြောင် အောက်လက်ငယ်သား နှစ်ဦးကို ကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
“အန္တရာယ်များတဲ့နေရာမှာ အခွင့်အလမ်းတွေရှိတယ် ဆိုတာ မင်းတို့မသိဘူးလား။ မင်းတို့က မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးတဲ့ မသေမျိုးတွေရဲ့ အင်အားတိုးလာမယ့်ကိစ္စကိုပဲ အာရုံစိုက်နေကြတယ်။ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်တဲ့သူတွေက ဆုလာဘ်တွေ ရလိမ့်မယ်ဆိုတာကိုကျ မမြင်ကြဘူးလား။”
“မဟာမိတ်ခေါင်းဆောင်.. ဒီလိုတိုက်ပွဲမျိုးမှာ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကြံ့ခိုင်မှုအဆင့်က မမြင့်လှသလို လက်နက်ချင်း ယှဉ်ရင်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့ကို မမှီဘူး။ ကျုပ်တို့မှာ လုံးဝ ထင်ပေါ်နိုင်စရာ အကြောင်းမရှိဘူး။”
“ဒါကြောင့်မို့လို့လည်း ငါ မင်းတို့ကို ဒီကို ခေါ်လာတာပေါ့။ ယီရန်ပင်းမဟာမိတ်အဖွဲ့နဲ့ ဧရာမဘီလူးကြီးတွေက ရှေ့ကနေ မသေမျိုးမျိုးနွယ်စုတွေကို ရင်ဆိုင်ရတာနဲ့တင် လုံးဝ အလုပ်ရှုပ်နေကြမှာ။ ဒါက ငါတို့အတွက် အခွင့်ကောင်းပဲ။ ငါတို့သာ သူတို့ရဲ့ အဆင့်မြင့်လက်နက်တချို့ကို ရအောင်ယူနိုင်ရင် ငါတို့ သူဌေးဖြစ်ပြီ။”
“အာ.. မဟာမိတ်ခေါင်းဆောင် ခင်ဗျား ဆိုလိုတာက ယီရန်ပင်းမဟာမိတ်အဖွဲ့ကို နောက်ကျောကနေ ဓားနဲ့ထိုးချင်တာလား။”
“ဒါက ပုံမှန်ယှဉ်ပြိုင်မှုပဲကွ။ ဘာခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလဲ။ ကောင်းတဲ့အရာတွေဆိုတာ အရည်အချင်းရှိတဲ့သူနဲ့ပဲ ထိုက်တန်တာ။ ငါတို့ ရအောင် ယူနိုင်တယ်ဆိုရင် ဒါက ငါတို့ရဲ့ အရည်အချင်းပဲ။”
ရစ်စကီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“တိုက်ပွဲအတွက် ပြင်ဆင်ကြစမ်း။”
“ဒါပေမဲ့.. ဆရာကြီး ဂျေဘီက အရင်ကတည်းက ယီရန်ပင်းမဟာမိတ်အဖွဲ့ကို သွားမရှုပ်ဖို့ သတိပေးထားတယ်လေ။ ခင်ဗျား ဒါကို တကယ်ပဲ လုပ်မှာ သေချာလို့လား။”
ဂျေဘီသည် ယခင်က လမ်းညွှန်ချက်များကို အစဉ်တစိုက် ထုတ်ပြန်ပေးခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများက သူ့စကားကို အလွန်ယုံကြည်ကြသည်။
“သူက ဘာကောင်မို့လို့ ဆရာကြီး ဖြစ်ရမှာလဲ။ သူက လမ်းညွှန်ချက် အနည်းငယ်လောက် ရေးဖူးရုံပါပဲ။ အဲ့ဒါမျိုးတွေကို ငါကိုယ်တိုင် သွားပြီး စမ်းသပ်ကြည့်ရင် ငါလည်း ရေးနိုင်တာပဲ။ အမိန့်ကို နာခံစမ်း။ မဟုတ်ရင် မင်းတို့ကို မဟာမိတ်အဖွဲ့ထဲကနေ ချက်ချင်း ထုတ်ပစ်မယ်။”
ရစ်စကီ၏ မျက်နှာက အေးစက်သွားခဲ့သည်။
သူ့ကိုယ်ပိုင် မဟာမိတ်အဖွဲ့ဝင်များက သူ့ရှေ့တွင် အခြားမဟာမိတ်ခေါင်းဆောင်တစ်ဦးအား ချီးမွမ်းခန်းဖွင့်နေကြသည်မှာ သူ လုံးဝ သည်းမခံနိုင်သောအရာ ဖြစ်သည်။
“ဒီတစ်ခေါက်တော့ ငါ ယီရန်ပင်းကို အရှက်ခွဲပြရမယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ သူတစ်ယောက်တည်း ရှိတာမဟုတ်ဘူး။ ငါရစ်စကီလည်း ရှိသေးတယ်ဆိုတာကို ဂျေဘီ သိအောင် လုပ်ပြရမယ်။”
ရစ်စကီက အေးစက်စက် အပြုံးဖြင့် ကျုံးဝါးလိုက်သည်။
အမေရိကန်နိုင်ငံက လူများမှု အမှန်တကယ် စွန့်စားရဲသည့် စိတ်ဓာတ် ရှိကြသည်ဟု ဆိုရမည်..။ ၎င်းက မိုက်ရူးရဲဆန်ပြီး အသိဉာဏ်ကင်းမဲ့သော အကြောက်အလန့်မရှိမှုမျိုးပင် ဖြစ်သည်။
ရစ်စကီသည် သူ့အဖွဲ့ကို ဦးဆောင်ကာ ရှေ့တန်းစစ်မျက်နှာဆီသို့ အပြင်းအထန် ချီတက်ခဲ့ကြသည်။
ရှောင်းယီနှင့် ဧရာမဘီလူးမျိုးနွယ်စုများသည် ရှေ့သို့ နှစ်ရက်တိုင်တိုင် ထိုးစစ်ဆင်ခဲ့ကြရာ ကီလိုမီတာ နှစ်ထောင်ကျော် ခရီးပေါက်နေခဲ့ပြီ ဖြစ်သည်။ ထိုလူများ သူတို့ထံ အမီလိုက်နိုင်ရန်အတွက် အနည်းဆုံး တစ်ရက်နှင့် တစ်ည အချိန်ယူရပေလိမ့်မည်။
ထိုအရာကလည်း ရစ်စကီက စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် အနည်းငယ်ကို ဝယ်ယူထားသောကြောင့်သာ ဤမျှ မြန်ဆန်နေခြင်း ဖြစ်သည်။ မဟုတ်ပါက ထိုထက်မက ပိုမိုကြာမြင့်ပေလိမ့်မည်။
ထိုအချိန်တွင် ရှေ့တန်းရှိ အော့ခ်မျိုးနွယ်စု၊ လူပုမျိုးနွယ်စု စသည့် အခြားအဖွဲ့များ၏ ခံစစ်စခန်းများထံမှ မက်ဆေ့ခ်ျများ အသီးသီး ရောက်ရှိလာခဲ့သည်။
၎င်းတို့ကို ဖတ်ရှုကြည့်လိုက်ပြီးနောက် ကျန်းယွင်ထျန်းတစ်ယောက် ချက်ချင်းပင် အလျင်အမြန် ထွက်ခွာသွားတော့သည်။