← Chapters

အခန်း (၁၁၆၅-၁၁၆၆)

Vol. 100 Ch. 1165-1166

အခန်း (၁၁၆၅-၁၁၆၆)

Vol. 100 Ch. 1165-1166

အခန်း ၁၁၆၅

ကျန်းယွင်ထျန်းတစ်ယောက် ရှောင်းယီအနားသို့ ချဉ်းကပ်လာရင်း အစီရင်ခံလိုက်သည်။

“ကျွန်းပိုင်ရှင်.. ကျန်တဲ့အရပ်မျက်နှာတွေကလည်း ငါတို့ ဟင်းလင်းပြင် မတည်ငြိမ်တဲ့ပြဿနာကို ရှင်းလိုက်နိုင်ပြီဆိုတာ ကြားသွားကြတယ်။ အဲ့ဒါကြောင့် သူတို့ကိုလည်း ဒီဟင်းလင်းပြင် တည်ငြိမ်အောင်လုပ်တဲ့နည်းလမ်းကို သူတို့ကို သင်ပေးဖို့ မျှော်လင့်နေကြတယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ပြဿနာမရှိဘူး။ မသေမျိုးမျိုးနွယ်စုတွေ စစ်မဆင်လာသေးခင်အချိန်က ငါတို့အတွက် တည်နေရာကူးပြောင်းခြင်း အစီအရင် တည်ဆောက်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။”

“ဟုတ်တယ်.. တည်နေရာကူးပြောင်းခြင်း အစီအရင်သာရှိရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီထောက်ပံ့ရတဲ့နေရာမှာ ပိုပြီးအဆင်ပြေသွားလိမ့်မယ်။”

“မင်း ဒီမှာပဲ နေပြီး စောင့်ကြည့်ထားလိုက်ပါ။ ငါ ခဏလောက် ပြန်သွားဦးမယ်။”

ရှောင်းယီက မြို့ပြန်ကျောက်ကို ထုတ်ယူရင်း ပြောလိုက်သည်။

“နားလည်ပါပြီ။”

“စာဖတ်ဖို့လည်း မမေ့နဲ့ဦး။”

အဖြူရောက်အလင်းတန်း မှိန်ဖျော့မသွားမီ ရှောင်းယီက ထိုစကားကို လှမ်းပြောခဲ့လိုက်၏။

ကျန်းယွင်ထျန်းသည်မူ ထွက်ခွာသွားသော ရှောင်းယီကို အားကိုးရာမဲ့စွာ ကြည့်ရင်း ဘေးနားမှ စာအုပ်တစ်အုပ်ကို ကောက်ယူကာ စတင်ဖတ်ရှုလိုက်တော့သည်။ သုံးမိနစ်ပင်မပြည့်မီ ကျန်းယွင်ထျန်းတစ်ယောက် လက်ထဲတွင် စာအုပ်ကိုကိုင်ထားရင်း အိပ်ပျော်သွားခဲ့တော့လေသည်။

ဗီလာသို့ ပြန်ရောက်ရောက်ချင်း ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၌ အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ် နောက်တစ်စင်းကို ချက်ချင်းပင် ထုတ်လုပ်လိုက်သည်။

လက်ရှိတွင် မြန်ဆန်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုပါ ထည့်သွင်းသယ်ဆောင်နိုင်သည့် တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးယာဉ်မှာ အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်သာရှိပေသည်။

၎င်းကို ထုတ်လုပ်ပြီးနောက် ရှောင်းယီသည် အန်းယွဲ့ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တပ်ဆင်ထားသည့် လှေငယ်အချို့ကို ပြင်ဆင်ခိုင်းပြီး အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ တင်ဆောင်ကာ အသေအချာ ချည်နှောင်စေလိုက်သည်။

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ အော့ခ်မျိုးနွယ်များရှိရာဘက်သို့ ရောက်ရှိသွားခဲ့၏။ ထိုနေရာတွင် နဂါးလူသားမျိုးနွယ်စုမှ ထျန်းဝူ နှင့် ရွှမ်းချီ တို့လည်း ရှိနေကြသည်။

သူ ရောက်ရှိလာသည်ကို မြင်သောအခါ လူတိုင်း သူ့နားသို့ ဝိုင်းအုံရောက်ရှိလာကြတော့လေသည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း။”

ထျန်းဝူက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဂါရဝပြုရင်း ပြောလိုက်သည်။

“ဒီတစ်ခေါက်လည်း မင်းကို ဒုက္ခပေးရပြန်ပြီ။”

“အရမ်းအားနာမနေပါနဲ့။ မသေမျိုးမျိုးနွယ်စုကို ရင်ဆိုင်နိုင်သရွေ့တော့ ကျုပ်ဘက်က ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ပါပဲ။”

ရှောင်းယီက ဆိုသည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ ဒါက ဟင်းလင်းပြင်ကို တည်ငြိမ်အောင်လုပ်နိုင်တဲ့ တစ်ခုတည်းသော စက်ပစ္စည်းပဲ။ သူတို့ကို ထောင့်လေးထောင့်မှာ ထားလိုက်ရုံနဲ့ အဲ့ဒီကြားက ဟင်းလင်းပြင်ကို တည်ငြိမ်သွားစေနိုင်တယ်။”

ရှောင်းယီ ထုတ်ယူလိုက်သော သေတ္တာငယ်လေးကို ကြည့်ပြီး ထျန်းဝူတစ်ယောက် ဟင်းလင်းပြင် တည်ငြိမ်အောင်လုပ်သည့်စက်များကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ရှောင်းယီက သူနှင့်အတူပါလာသော ဝန်ထမ်းများကို ထိုနေရာတွင်ပင် တပ်ဆင်ခိုင်းလိုက်ပြီး ပြဿနာမရှိကြောင်း သေချာအောင် စမ်းသပ်ပြီးနောက် ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်.. ခင်ဗျား အခု ဒီမှာ တည်နေရာကူးပြောင်းခြင်း အစီအရင်ကို တည်ဆောက်လို့ရပါပြီ။”

“ဒီလောက်တောင် လွယ်တာလား။”

ထျန်းဝူတစ်ယောက် အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရသည်။

“ခင်ဗျားက ဒါထက် ပိုရှုပ်ထွေးတာကို မျှော်လင့်နေတာလား။”

ရှောင်းယီက ပြုံးကာ မေးလိုက်သည်။ ထျန်းဝူတစ်ယောက် လက်ကို အလျင်အမြန် ယမ်းခါလိုက်လေသည်။

“မဟုတ်တာ...မဟုတ်တာ။ ဒါက မယုံနိုင်စရာကောင်းလောက်အောင် ရိုးရှင်းလွန်းနေလို့ပါ။”

“ဧရာမဘီလူးမျိုးနွယ်စုတောင်မှ သူတို့ရဲ့ ရှေ့တန်းစစ်မျက်နှာနဲ့ အခြေစိုက်စခန်းကြားမှာ တည်နေရာကူးပြောင်းခြင်း အစီအရင်ကို တည်ဆောက်ပြီးသွားပြီ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကျုပ် စမ်းသပ်ပြီးပြီ။ ထိရောက်မှု ရှိတယ်ဆိုတာကိုလည်း သက်သေပြပြီးသားပါ။”

ထျန်းဝူနှင့် အခြားသူများက အံ့အားသင့်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“တည်နေရာကူးပြောင်းခြင်း အစီအရင်ကို တည်ဆောက်နိုင်တာ တကယ်ကို ကောင်းတာပဲ။ ဒါဆိုရင် ငါတို့ရဲ့ ထောက်ပံ့ရေးပိုင်းတွေ အမှီမလိုက်နိုင်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။”

ထျန်းဝူက ဝမ်းသာအားရ ပြောလိုက်သည်။

ထောက်ပံ့ရေးပိုင်းသာ အမှီလိုက်နိုင်ပါက မျိုးနွယ်ခြားများ မသေမျိုးမျိုးနွယ်စုနှင့် တိုက်ခိုက်ရာတွင် အသာစီး ရနိုင်နေဆဲ ဖြစ်ပေလိမ့်မည်။

အမှန်တော့ ဤသည်မှာ မသေမျိုးမျိုးနွယ်စု၏ ယခင်အင်အားအပေါ် အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ရာ.. ယခုအချိန်တွင်မူ ထိုသို့ ဖြစ်ချင်မှ ဖြစ်တော့ပေလိမ့်မည်။

ရှောင်းယီ ခေါင်းညိတ်လိုက်၏။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ ဒီဟင်းလင်းပြင် တည်ငြိမ်စက်တွေကို တော်တော်များများ ထုတ်လုပ်ထားပြီးပြီ။ အဲ့ဒါကြောင့် အခု ဒါတွေကို တခြားမျိုးနွယ်စုတွေဆီ ပို့ပေးဖို့ လိုတယ်။ ကျုပ်အတွက် လမ်းပြတစ်ယောက် စီစဥ်ပေးပါ။”

“ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။”

ထျန်းဝူက ချက်ချင်း ထရပ်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ..။ ဒါဆို အချိန်မဆွဲဘဲ အခုချက်ချင်း ထွက်ခွာကြမယ်။”

ထို့နောက် ရှောင်းယီသည် စောစောက သူထုတ်လုပ်ထားသည့် အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ချက်ချင်း လဲလှယ်ရယူလိုက်သည်။

ပြီးနောက် ထျန်းဝူကို ခေါ်ဆောင်ကာ အခြားမျိုးနွယ်စုများ တိုက်ပွဲဝင်နေသည့် ရှေ့တန်းစစ်မျက်နှာများဆီသို့ စတင်ပျံသန်းခဲ့လိုက်၏။

အခြားမျိုးနွယ်စုများသည် အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး ပျံသန်းလာသည်ကို မြင်သောအခါ အလွန်ထိတ်လန့်သွားကြပြီး အများစုမှာ တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ပင် ပြင်ဆင်လိုက်ကြလေသည်။

သို့သော် ထျန်းဝူ၏ ရှင်းပြချက်ကြောင့် ထိုမျိုးနွယ်ခြားများသည် ၎င်းတို့၏ သတိထားမှုကို တဖြည်းဖြည်း လျှော့ချလိုက်ကြတော့လေသည်။

ဟင်းလင်းပြင်ကို တည်ငြိမ်စေနိုင်သော စက်ပစ္စည်းများကို ရရှိပြီးနောက် ထိုမျိုးနွယ်စုများသည် ရှောင်းယီကို တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်စကား ဆိုလိုက်ကြတော့သည်။ ယခုအခါ သူတို့သည် ရှေ့တန်းသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်လာသည်နှင့်အမျှ ထောက်ပံ့ရေးပိုင်းမှာ ပိုမိုကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနေ၏။

ယခုအခါ တည်နေရာကူးပြောင်းခြင်း အစီအရင် ရှိလာပြီဖြစ်၍ ၎င်းမှာ လုံးဝ ပြဿနာမဟုတ်တော့ပေ။

ပထမဆုံး မျိုးနွယ်စုထံမှ ထွက်ခွာလာပြီးနောက် ရှောင်းယီသည် သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ကျန်းယွင်ထျန်းထံမှ မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့လေသည်။

“ကျွန်းပိုင်ရှင်.. မသေမျိုးမျိုးနွယ်စုတွေ လှုပ်ရှားလာပြီ။”

ရှောင်းယီတစ်ယောက် အနည်းငယ် စဉ်းစားကြည့်လိုက်၏။

“ရှုံးတိ.. မင်း ထျန်းဝူနောက်ကိုလိုက်သွားပြီး ကျန်တဲ့မျိုးနွယ်စုတွေဆီ ဟင်းလင်းပြင် တည်ငြိမ်စက်တွေ ဆက်ပို့ပေးလိုက်။”

“နားလည်ပါပြီ။”

အနီးနားတွင် ရပ်နေသော ရှုံးတိက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ပြန်လည်လိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ.. မသေမျိုးမျိုးနွယ်စုတွေ လှုပ်ရှားလာပြီ။ ကျုပ် တိကျတဲ့အခြေအနေကို သွားကြည့်ဖို့ အမြန်ပြန်ရမယ်။”

ရှောင်းယီက ထျန်းဝူကို ကြည့်ကာ ပြောလိုက်သည်။

“ဒီအချိန်ကစပြီး ကျန်တဲ့အလုပ်တွေကို ပြီးမြောက်အောင် ကူညီဖို့ ရှုံးတိကို ခင်ဗျားနဲ့အတူ ထားခဲ့မယ်။”

“ကောင်းပါပြီ။”

ရှောင်းယီသည် ထိုနေရာရှိ ကိစ္စအားလုံးကို စီစဉ်ပြီးနောက် မြို့ပြန်ကျောက်ကို ချက်ချင်း အသုံးပြုလိုက်တော့လေသည်။

မကြာမီ ရှောင်းယီသည် ရှေ့တန်းစစ်မျက်နှာသို့ ပြန်လည်ရောက်သွားခဲ့ပြီး ထထုနေရာရှိ တိုက်ပွဲမှာလည်း စတင်နေပြီ ဖြစ်သည်။

“ဒိုင်း ဒိုင်း ဒိုင်း”

“ဝုန်း.. ဝုန်း.. ဝုန်း”

စက်သေနတ်သံများနှင့် အမြောက်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။ ရှောင်းယီတစ်ယောက် ကျန်းယွင်ထျန်း၏အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။

“အခြေအနေ ဘယ်လိုလဲ။”

“တစ်ခုခုတော့ မှားနေသလိုပဲ။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။”

ရှောင်းယီက သူ၏ မှန်ပြောင်းကို ကောက်ယူကာ အဝေးသို့ လှမ်းကြည့်လိုက်၏။

“ဒီမသေမျိုးမျိုးနွယ်စုဝင်တွေရဲ့ အင်အားပိုပြီးတောင့်တင်းလာတဲ့ပုံမပေါ်ဘူး။”

ကျန်းယွင်ထျန်းက မသေမချာဖြင့် ပြောလိုက်သည်။

မှန်ပြောင်းထဲမှတစ်ဆင့် ရှောင်းယီသည်လည်း ခံစစ်ကြောင်းကို အတင်းဝင်ရောက်စီးနင်းနေသော မသေမျိုးမျိုးနွယ်စုကို မြင်တွေ့နေရသည်။

“အရိုးစု (S အဆင့်) - မသေမျိုးမျိုးနွယ်စု၏ သာမန်အမျိုးအစားတစ်ခုဖြစ်ပြီး မာကျောသော အရိုးများ ရှိသည်...”

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

“ဒီမသေမျိုးမျိုးနွယ်စုဝင်တွေရဲ့ အင်အားက တကယ်ပဲ တိုးမလာသေးဘူး။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက်က ငါတို့ကို ခြောက်လှန့်ဖို့ သက်သက်ပဲ ဖြစ်နေမလား။”

ကျန်းယွင်ထျန်းက မတင်မကျဖြင့် မေးလိုက်၏။ ရှောင်းယီတစ်ယောက် ခေါင်းယမ်းလိုက်ပြီး ရှေ့တန်းစစ်မျက်နှာဘက်သို့သာ ဆက်လက် စောင့်ကြည့်နေလိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သူတို့ကို ခြောက်လှန့်ရုံသက်သက် လုပ်နေခြင်းဖြစ်သည်ဟု သူ လုံးဝ မယုံကြည်ပေ။ မသေမျိုးမျိုးနွယ်စုသည် သေချာပေါက် ပိုမိုအစွမ်းထက်လာမည် ဖြစ်ပြီး မည်သည့်ပုံစံမျိုးဖြင့် ဖြစ်လာမည်ကိုသာ မသိရသေးခြင်းဖြစ်သည်။

သူ့မျက်စိရှေ့တွင်မူ ဖွေးဖွေးလှုပ်နေသော အဖြူရောင်အရိုးစု ပင်လယ်ပြင်ကြီးတစ်ခုသာ ရှိနေပြီး ထူးခြားဆန်းကြယ်သည့် အရာများ လုံးဝ မမြင်ရသေးပေ။

“အရေအတွက်ပဲ တိုးလာတာများလား။”

ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိသည်။

“အရေအတွက်ပဲ တိုးလာတာဆိုရင်တော့ လုံးဝ အဓိပ္ပာယ်မရှိဘူး။”

တင့်ကားတပ်ဖွဲ့ကြီး ရှိနေသော ယီရန်ပင်း မဟာမိတ်အဖွဲ့အတွက်မူ အရေအတွက် ပိုများလာခြင်းသည် သူတို့ဘက်က အမြောက်ကျည် တစ်လုံး သို့မဟုတ် နှစ်လုံး ပိုပစ်ရရုံသာ ရှိမည် ဖြစ်ပြီး.. လုံးဝ ဖိအားမရှိပေ။

အမြောက်သံများသည် ထိုအတိုင်း နှစ်နာရီခန့် ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။ ဤနှစ်နာရီအတွင်း မသေမျိုးစစ်တပ်သည် သူတို့၏ ခံစစ်ကြောင်းအနားသို့ ချဉ်းကပ်ရန် နည်းလမ်းမရှိခဲ့ဘဲ မီတာငါးရာအကွာမှာတင် အားလုံး ခြေမှုန်းခံခဲ့ရလေသည်။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် မသေမျိုးစစ်တပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြသော်လည်း မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့ခဲ့ကြပေ။

“တကယ်ပဲ အရေအတွက်ပဲ တိုးလာတာတော့ မဟုတ်လောက်ဘူးမလား။”

ကျန်းယွင်ထျန်းက ခေါင်းယမ်းကာ မှန်ပြောင်းကို အောက်ချလိုက်သည်။

“ဒါပဲဆိုရင်တော့ နည်းနည်း ရယ်စရာကောင်းလွန်းနေပြီ။”

“မဟုတ်ဘူး.. သူတို့ ရောက်လာပြီ။”

ရှောင်းယီက ရုတ်တရက် ပြောလိုက်သည်။ ကျန်းယွင်ထျန်းက သူ၏မှန်ပြောင်းကို ချက်ချင်းပြန်ကောက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်ရာ ထိုအဖြူရောင်အရိုးစု တပ်စုကြီးကြားထဲတွင် တဖျတ်ဖျတ်တောက်ပနေသော အမည်းရောင်အရိုးစု အချို့ ထွက်ပေါ်လာသည်ကို မြင်လိုက်ရတော့သည်။

“အမည်းရောင်အရိုးစုတွေလား။”

ကျန်းယွင်ထျန်းတစ်ယောက် အံ့သြတုန်လှုပ်သွားခဲ့၏။

“ဒီအရှေ့ကကောင်တွေက မသေမျိုးမျိုးနွယ်စုတွေ သူတို့ရဲ့ အရင်လက်ကျန်အဟောင်းတွေကို အကုန်ခံပြီး သုံးလိုက်တာမျိုး ဖြစ်နိုင်မလား။”

“ဖြစ်နိုင်တယ်။”

ရှောင်းယီက အမည်းရောင်အရိုးစုများကို ဂရုတစိုက် စောင့်ကြည့်နေစဉ် စနစ်ထံမှ အသိပေးချက် ထွက်ပေါ်လာခဲ့သည်။

“အမည်းရောင်အရိုးစု (SS အဆင့်) - မသေမျိုးမျိုးနွယ်စု၏ ပိုမိုအစွမ်းထက်သော အမျိုးအစား ဖြစ်ပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် ရှိသည်။ သာမန် ပြောင်းဝကျဉ်း သေနတ်များက ၎င်းတို့၏ ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်သလို အမြောက်ဒဏ်ကိုပင် အကြိမ်အနည်းငယ် ခံနိုင်ရည်ရှိသည်...”

ဒီစနစ်အသိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ပြောလိုက်သည်။

“သူတို့က တကယ်ပဲ ငါတို့ကို ပစ်မှတ်ထားပြီး ရောက်လာတာပဲ။”

ဤသည်မှာ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ တင့်ကားတပ်ဖွဲ့ကြီးကို ပစ်မှတ်ထားရန်အတွက် သိသိသာသာ အားကောင်းလာခြင်း ဖြစ်ပေသည်။

အခန်း ၁၁၆၆

“ဒီအမည်းရောင်အရိုးစုတွေရဲ့ ခံစစ်က ဘယ်လိုရှိမလဲ မသိဘူး။”

ရှေ့တန်းစစ်မျက်နှာကို စောင့်ကြည့်ရင်း ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“အရမ်း သန်မာတယ်။ သူတို့က အမြောက်ကျည်ဆန်တွေကိုတောင် တောင့်ခံနိုင်စွမ်းရှိတယ်။”

ရှောင်းယီက တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းတစမယောက် လက်ထဲက မှန်ပြောင်းကို အောက်ချလိုက်ပြီး ရှောင်းယီကို အံ့အားသင့်စွာ ကြည့်လိုက်၏။

“အမြောက်ကျည်ကိုတောင် တောင့်ခံနိုင်တယ် ဟုတ်လား။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ပဲ.. သူတို့က အမြောက်ကျည်ကိုတောင် တောင့်ခံနိုင်တယ်။”

“ဒါက ပုံကြီးချယ်လွန်းသွားပြီ။”

ကျန်းယွင်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။

“ပုံကြီးချဲ့တာဟုတ်ဟုတ် မဟုတ်ဟုတ်.. ဒီအရိုးစုတွေအားလုံးက SS အဆင့် တွေပဲ။ သူတို့ရဲ့ ခုခံနိုင်စွမ်းက အဆမတန် မြင့်တက်လာသလို အရေအတွက်ကလည်း မနည်းလှဘူး။ အခု တခြားအရပ်မျက်နှာတွေက ခံစစ်ကြောင်းတွေအတွက် အရမ်းခက်ခဲသွားလိမ့်မယ်။”

ရှောင်းယီက လေးနက်စွာ ပြန်ပြောလိုက်သည်။

ရှောင်းယီ၏ တည်ကြည်လေးနက်နေသော အမူအရာကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် သူ ခုနက နောက်ပြောင်နေခြင်း မဟုတ်မှန်း သေချာပေါက် သိလိုက်ရလေသည်။

“မင်း ဒီဘက်ကို စက်အမြောက်တွေ အမီပို့ပေးနိုင်ခဲ့တာ ကံကောင်းတယ်။ မနေ့က ငါတို့ပိုင်ဆိုင်တဲ့ ပစ်ခတ်မှုစွမ်းအားနဲ့သာဆိုရင် ဒီအမည်းရောင်အရိုးစုတွေကို တားဆီးဖို့ အရမ်းခက်ခဲလိမ့်မယ်။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ရှောင်းယီက အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။

“တခြားစစ်မျက်နှာတွေက အမည်းရောင်အရိုးစုတွေရဲ့ အဆင့်က ဘယ်လိုရှိမလဲ မသိဘူး။ အကယ်၍ အားလုံးကသာ SS အဆင့်တွေ ဖြစ်နေမယ်ဆိုရင်တော့ တိုက်နေစရာတောင် မလိုတော့ဘူး...။ လက်လျှော့လိုက်တာက ပိုကောင်းလိမ့်မယ်။”

“အဲ့ဒီအဆင့်အထိတော့ ဖြစ်မလာနိုင်လောက်ပါဘူး။ တကယ်လို့ အားလုံးသာ SS အဆင့်တွေ ဖြစ်နေရင်တော့ တိုက်ခိုက်နေတာက တကယ်အဓိပ္ပာယ်မရှိတော့ဘူး..။ တခြားမဟာမိတ်အဖွဲ့တွေက သူတို့ကို လုံးဝ တားဆီးထားနိုင်မှာ မဟုတ်ဘူး။”

ကျန်းယွင်ထျန်းကလည်း ထောက်ခံလိုက်၏။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။

“ဒီက အခြေအနေကို သေချာစောင့်ကြည့်ထားပါ။ လိုအပ်တဲ့အချိန်ကျရင် စက်အမြောက်တွေကို သုံးလိုက်။”

“ဟုတ်ကဲ့ပါ။”

ထို့နောက် ရှောင်းယီသည် ဗီလာသို့ ပြန်သွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး မိုဘိုင်းလ်ဖုန်းကို ဖွင့်ကာ ဂရုထဲတွင် ချက်ချင်း ပြောလိုက်သည်။

“အားလုံးပဲ သတိထားကြပါ။ မသေမျိုးမျိုးနွယ်စုတွေက ပိုပြီးတော့ အစွမ်းထက်တဲ့ အင်အားစုတွေကို စေလွှတ်လိုက်ပြီ။”

“အာ...မြန်လှချည်လား။ ကျုပ်တို့ဘက်မှာတော့ ဘာလှုပ်ရှားမှုမှ ရှိမနေသေးသလိုပဲ။”

“သူတို့ကို စေလွှတ်လိုက်တာ အမှန်ပဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ပင်လယ်ဆလဟာနယ်တံခါးထဲကနေ အတင်းတိုးထွက်လာတဲ့ သင်္ဘောတွေထဲမှာ တကယ်ပဲ အမည်းရောင်အရိုးစုအချို့ ပါလာတယ်။”

“အမည်းရောင်အရိုးစုတွေ ဟုတ်လား။”

“ဟုတ်တယ်.. သူတို့ရဲ့ ခန္ဓာကိုယ်တွေက အနက်ရောက်ကျောက်စိမ်းလိုပဲ။ အံ့သြစရာကောင်းလောက်အောင်ကို မာလွန်းတယ်။”

“ဘယ်လောက်အထိ မာလို့လဲ။”

“ကာဘိုင်သေနတ်တွေနဲ့ အပစ်ခံနေရတာတောင် သူတို့က ရှေ့ကို အတင်းတိုးလာနိုင်တယ်။”

“ဘုရားရေ.. ဒီလောက်တောင် သန်မာတာလား။ ဒါဆို ငါတို့က ဘယ်လို တိုက်ရတော့မှာလဲ။”

“ကျည်ဆန်နည်းနည်းလောက် ပိုပစ်လိုက်ရင်တော့ သူတို့ကို သတ်နိုင်ပါသေးတယ်။ ဒါပေမဲ့ သူတို့က အရင်ကထက် အများကြီး ပိုသန်မာလာတာတော့ အမှန်ပဲ။”

“ဒါမှမဟုတ် အဲ့ဒီလေဟာနယ်တံခါးကို အမြောက်တွေနဲ့ မနားတမ်း ပစ်ခတ်ခြေမှုန်းတာမျိုး လုပ်ရမယ်။ ဒါပေမဲ့ အဲ့ဒါက အမြောက်ကျည်တွေ အများကြီး ကုန်ဆုံးစေလိမ့်မယ်။”

“မသေမျိုးမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကိုသာ တားဆီးနိုင်မယ်ဆိုရင် ကျည်ဆန်နဲ့ အမြောက်ကျည် နည်းနည်း ကုန်သွားတာက ဘာအရေးလဲ။”

“နောက်ကွယ်က လက်မည်းကြီးက တကယ် သောက်ကျိုးနည်းတဲ့ ကောင်ပဲ။ ငါတို့မှာ နှစ်ရက်ပဲ နားရသေးတယ်။ ချက်ချင်းကြီး ကလိမ်ကကျစ်အကွက်တွေ ထပ်လုပ်လာပြန်ပြီ။”

“နောက်ကွယ်ကလူကို ဆဲနေလို့လည်း အခုအချိန်မှာ ဘာမှ ထူးမလာဘူး။ ဒီရုတ်တရက် အားကောင်းလာတဲ့ မသေမျိုးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုပဲ မြန်မြန်တွေးကြတာ ပိုကောင်းလိမ့်မယ်။”

“သူဌေးဆီမှာ ပိုပြီး အစွမ်းထက်တဲ့ လက်နက်တွေ ရှိသေးလား။ ကျုပ်တို့ကို အကူအညီအချို့လောက် ပေးနိုင်မလား။”

ရှောင်းယီက မျက်မှောင်ကြုတ်ပြီး ခဏကြာအောင် စဉ်းစားလိုက်၏။

“ကျုပ်ဆီမှာ စစ်သုံး အပေါ့စားယာဉ်တွေရှိပါတယ်။ မဟာမိတ်အဖွဲ့တစ်ခုစီအတွက် ဝယ်ယူခွင့်ကန့်သတ်ချက်က အစင်း ၁၀၀ ပါ။ အသေးစိတ်ကိုတော့ ယီရန်ပင်း ကုန်သွယ်ရေးဌာနဆီ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။”

တင့်ကား ဆယ်စင်းနှင့် အခြားလက်နက်များကို ပေါင်းစပ်လိုက်ပါက လေဟာနယ်တံခါးတစ်ခုကို ခုခံကာကွယ်ရန် လုံလောက်သင့်ပြီ ဖြစ်သည်။

မဟာမိတ်အဖွဲ့အများစုတွင် မသေမျိုးမျိုးနွယ်စု၏ လေဟာနယ်တံခါး ကိုးခုစီ ရှိကြရာ.. တင့်ကား အစင်းတစ်ရာက လုံလောက်သော အရေအတွက် ဖြစ်ပေသည်။

ရှောင်းယီအနေဖြင့် သူတို့၏ ကိုယ်ပိုင်မဟာမိတ်အဖွဲ့အနီးရှိ လေဟာနယ်တံခါးများကိုသာ ထိန်းချုပ်ထားနိုင်ရန် လိုအပ်ပြီး မသေမျိုးမျိုးနွယ်စုတစ်ခုလုံးကို ခြေမှုန်းရန် ကိစ္စမှာမူ ရှေ့တန်းစစ်မျက်နှာရှိ ကြိုးပမ်းအားထုတ်မှုများအပေါ်တွင်သာ မူတည်နေဆဲပင်။

“ချီး.. သူဆဌးက တင့်ကား ပုံစံခွက်တောင် ရထားတာလား။ ငါတို့ကြားက ကွာဟချက်က ပိုပိုပြီး ကျယ်ပြန့်လာပြီပဲ။”

“တင့်ကားဆိုတာ ကုန်းတွင်းစစ်ပွဲရဲ့ ဘုရင်ပဲ။ ပင်လယ်ပြင်မှာ သုံးရတာတော့ နည်းနည်း အဆင်မပြေဘူး။”

“ဘာအဆင်မပြေစရာ ရှိလဲ။ သင်္ဘောတွေပေါ်ကို တိုက်ရိုက် မောင်းတင်သွားလိုက်ရုံပဲလေ။”

“အခုလောလောဆယ်တော့ ဒီတစ်နည်းပဲ ရှိတာယ်။ မြန်မြန်သွားဝယ်ကြစို့။ ဈေးမကြီးဖို့ မျှော်လင့်ရတာပဲ။ မနေ့က သူဌေး ပစ္စည်းတွေ လာရောင်းတုန်းက ငါတို့မဟာမိတ်အဖွဲ့ရဲ့ အုတ်မြစ်ကျောက်တွေ အကုန်လုံးနီးပါး သုံးလိုက်ရတယ်။”

“တင့်ကားတွေကလည်း လုံးဝဈေးမပေါနိုင်ဘူး။”

ထိုအချိန်တွင် အန်းယွဲ့သည် အပေါ့စားတင့်ကားများကို ရောင်းချရန် ရှောင်းယီထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ ကုန်သွယ်ရေးဌာနသည်လည်း ချက်ချင်းပင် ဆွေးနွေးမှုများ စတင်ပြုလုပ်ကြတော့သည်။

“အခုက အရေးပေါ်ကာလ ဖြစ်နေတယ်ဆိုပေမဲ့.. ငါတို့ရဲ့ အပေါ့စားတင့်ကားတွေကို ဈေးပေါပေါနဲ့တော့ ရောင်းလို့မရဘူး။”

“မှန်တယ်.. မဟုတ်ရင် နောက်ကျ တခြားကုန်ပစ္စည်းတွေအတွက် ဈေးနှုန်းသတ်မှတ်ရခက်သွားလိမ့်မယ်။”

“ဒါပေမဲ့ မနေ့ကတင် လူတိုင်းက အုတ်မြစ်ကျောက်တွေ အများကြီး သုံးထားကြတယ်လေ။ သူတို့လက်ထဲမှာ အခု အုတ်မြစ်ကျောက်အများကြီး ရှိတော့မှာ မဟုတ်ဘူး။”

“ကျုပ်မှာ အကြံတစ်ခုရှိတယ်။”

ကုန်သွယ်ရေးဌာန၏ ဆွေးနွေးပွဲသို့ လာရောက်ပူးပေါင်းထားသော ဖုန့်မင်းလုံက ပြောလိုက်သည်။

“ကျုပ်တို့ သူတို့ကို ချေးငွေ ထုတ်ပေးလိုက်မယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ယခင်ကမ္ဘာတွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး ၅၀၀ ထဲက ကုမ္ပဏီတစ်ခုကို အသက်အငယ်ဆုံးဖြင့် တည်ထောင်ခဲ့သူပီပီ.. ဖုန့်မင်းလုံတွင် စီးပွားရေးလုပ်ကိုင်ရန်အတွက် ထူးခြားသော အစွမ်းအစများ ရှိနေဆဲပင်။

“အခုဆိုရင် ကျုပ်တို့ ယီရန်ပင်းမဟာမိတ်အဖွဲ့က ခိုင်မာတဲ့ ယုံကြည်မှုအခြေခံ ရှိနေပြီ။ ချေးငွေလုပ်ငန်းကို လုံးဝ လုပ်ဆောင်လို့ရတယ်။”

ဖုန့်မင်းလုံက ဆက်ပြောလိုက်သည်။

ချေးငွေလုပ်ငန်းနှင့် ပတ်သက်၍ အချို့လူများက အမြဲတမ်း လုပ်ကိုင်နေကြသော်လည်း ယုံကြည်မှု ပြဿနာကြောင့် ရှိနေလျှင်ပင် အသေးစားချေးငွေများသာ ဖြစ်ကြသည်။ မည်သူမျှ ပမာဏအမြောက်အမြားကို မထုတ်ချေးရဲကြပေ။ အကယ်၍ တစ်ဖက်လူက ပြန်မဆပ်ချင်ပါက သူတို့ အကြီးအကျယ် ရှုံးဆုံးသွားမည် မဟုတ်ပါလော။

သို့သော် ယီရန်ပင်းမဟာမိတ်အဖွဲ့ကမူ ထိုအရာကို မကြောက်ပေ။ တခြားသူများအနေဖြင့် ကျွန်းများကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုထားသရွေ့.. ပြန်မဆပ်နိုင်တော့သည့်အခါ ယီရန်ပင်းမဟာမိတ်အဖွဲ့က ထိုကျွန်းများကို အပိုင်သိမ်းယူနိုင်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကိုပါ ရရှိနိုင်ဦးမည် ဖြစ်သည်။

တစ်ဖက်လူက ကျွန်းများကို မပေးဘဲ ငြင်းဆန်မည်လားဆိုသည့် ပြဿနာကိုမူ ယီရန်ပင်းမဟာမိတ်အဖွဲ့က ထည့်ပင်မစဉ်းစားချေ။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ မပေးဘဲ မနေရဲကြသောကြောင့် ဖြစ်သည်။ မဟုတ်ပါက ယီရန်ပင်း၏ စစ်တပ်က ထိုမဟာမိတ်အဖွဲ့တစ်ခုလုံးကို တိုက်ရိုက် အမြစ်ပြတ်ချေမှုန်းပစ်မည်သာ ဖြစ်သည်။

“တစ်ဖက်လူက လုံလောက်တဲ့ ကျွန်းဧရိယာကို အပေါင်ပစ္စည်းအဖြစ် ပေးနိုင်သရွေ့.. ကျုပ်တို့ ထုတ်ချေးပေးလို့ရတယ်။”

ဖုန့်မင်လုံက ဆက်ပြောလိုက်သည်။

“ဒီလိုနည်းနဲ့ မဟာမိတ်အဖွဲ့အားလုံးကို ကျုပ်တို့မဟာမိတ်အဖွဲ့အတွက် အလုပ်အကျွေးပြုအောင် လုပ်လို့ရတယ်။”

ဖုန့်မင်းလုံ၏ စကားများကို နားထောင်ပြီးနောက် လူအများက လေသံတိုးတိုးဖြင့် စတင်ဆွေးနွေးကြတော့သည်။

မကြာမီပင် တစ်စုံတစ်ယောက်က ဖုန့်မင်းလုံ၏ အကြံပြုချက်ကို သဘောတူကြောင်း ထောက်ခံပြောဆိုလာခဲ့သည်။

“ကျုပ်ကတော့ တိုင်းမှူးဖုန့်ရဲ့ အကြံပြုချက်က အရမ်းကောင်းတယ်လို့ ထင်တယ်။ အခုက ဒါကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပဲ။”

“ကျုပ်လည်း တိုင်းမှူးဖုန်းရဲ့ ချေးငွေထုတ်ပေးမယ့် အကြံပြုချက်ကို သဘောတူပါတယ်။”

“ကျုပ်လည်း သဘောတူတယ်။ ဒါပေမဲ့ အခုလို အချိန်မျိုးမှာ ဒါကို လုပ်ဆောင်တာက.. သူတို့ကို မကျေမနပ် ဖြစ်စေလောက်မလား။ ကျွန်းပိုင်ရှင်ရဲ့ ပုံရိပ်အပေါ်မှာကော ထိခိုက်မှုတွေ ရှိလာနိုင်မလား။”

“အဆင်ပြေပါတယ်။ ဒါက ငါကိုယ်တိုင် ဆုံးဖြတ်လိုက်တာပဲ။”

အန်းယွဲ့က ချက်ချင်း ဝင်ပြောလိုက်သည်။

“ဟုတ်တယ်.. ဒါကို ကျုပ်တို့ဘာသာ ဆုံးဖြတ်ခဲ့တာပဲ။ ကျွန်းပိုင်ရှင်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။”

ဖုန့်မင်းလုံက ပြုံးကာ ပြောလိုက်သည်။ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

မကြာမီ ယီထျန်းဂရုချက်ထဲ၌ သတင်းတစ်ခု ပျံ့နှံ့သွားတော့သည်။

“အသိပေးချက် - ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ဈေးကွက်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗဟိုတိုင်းမှူး အန်းယွဲ့က ချေးငွေဝန်ဆောင်မှုလုပ်ငန်းကို စတင်ရန် ဆုံးဖြတ်လိုက်ပါပြီ။ လက်ရှိတွင် အုတ်မြစ်ကျောက် မလုံလောက်သော မဟာမိတ်အဖွဲ့များအတွက် ယာယီချေးငွေများ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ အတိုးနှုန်းသက်သာပြီး ငွေထုတ်ပေးမှုလည်း မြန်ဆန်တယ်။ လိုအပ်ပါက ဤလိပ်စာ XXXXXXX တွင် စုံစမ်းမေးမြန်းနိုင်ပါတယ်။”

“ဟမ်.. ဒီဗဟိုတိုင်းဆိုတာက ဘာကြီးလဲဗျာ။ တိုင်းမှူးတစ်ယောက်က ချေးငွေလုပ်ငန်း ဖွင့်လှစ်ဖို့အထိ ဆုံးဖြတ်နိုင်တာလား။”

“မင်းတို့ အပန်းဖြေစခန်းကို မရောက်တာ ကြာလို့ ဖြစ်လိမ့်မယ်။ ဒါက ယီရန်ပင်း မဟာမိတ်အဖွဲ့က နောက်ဆုံး သတ်မှတ်လိုက်တဲ့ အုပ်ချုပ်ရေးနယ်မြေ အဆင့်ဆင့်ပဲ။ တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ‌စီရင်စုဆိုပြီး ခွဲခြားထားတယ်။ အခုဆိုရင် သူဌေးက စီမံခန့်ခွဲမှုပိုင်းကို တာဝန်မယူတော့ဘူး..။ သူက ရှေ့တန်းမှာပဲ ရှိနေတာ။”

“ဪ.. အဲ့လိုလား။ ဒါပေမဲ့ တင့်ကားတွေ ရောင်းတော့မယ့်အချိန်ကျမှ ချေးငွေလုပ်ငန်းကို လာဖွင့်တာကတော့ တကယ်ကို လူလည်ကျလွန်းပါတယ်။”

“ဘာလဲ။ သူတို့က မင်းတို့ရဲ့ အရေးပေါ်ပြဿနာကို ကူညီဖြေရှင်းပေးနေတာလေ..။ မင်းက စောဒကတက်ချင်နေသေးတာလား။”

“မဟုတ်ပါဘူး..။ စိတ်ထဲမှာ တစ်မျိုးကြီး ခံစားရလို့ပါ။”

“ဒါဆို မင်းက သူတို့ရဲ့ တင့်ကားတွေကို အလကားပေးမှ ပျော်မှာလား။ ငါတို့အားလုံးက လူကြီးတွေဖြစ်နေပြီ..။ အဲ့လောက်အထိ ကလေးဆန်မနေစမ်းနဲ့။”

“အတိအကျပဲ။ ငါလည်း ရင်ထဲမှာ သိပ်ပြီး အဆင်မပြေပေမဲ့.. လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးဆိုတာတော့ ငါသိတယ်။ အခုလောလောဆယ်တော့ ဒီခက်ခဲတဲ့ကာလကိုပဲ အရင်ဆုံး ဖြတ်ကျော်ကြရအောင်။”

All Chapters