← Chapters

အခန်း (၁၁၆၇-၁၁၆၈)

Vol. 100 Ch. 1167-1168

အခန်း (၁၁၆၇-၁၁၆၈)

Vol. 100 Ch. 1167-1168

အခန်း ၁၁၆၇

ဂရုထဲတွင် လူအများအပြားက သဘောထားကွဲလွဲမှုများ ရှိနေကြသော်လည်း.. အဆုံးသတ်တွင်မူ အများစုက ချေးငွေဝန်ဆောင်မှုကိုသာ ရွေးချယ်ခဲ့ကြသည်။

အကယ်၍ သူတို့အနေဖြင့် ထိုမသေမျိုးမျိုးနွယ်စုများကို အမှန်တကယ် တားဆီးမထားနိုင်ပါက...သူတို့၏ ကျွန်းများပင် ဆက်လက်တည်ရှိနေဦးမည်လားဆိုသည်မှာ မသေချာပေ။ လောလောဆယ်တွင်မူ ၎င်းက အပေါင်ခံချေးငွေတစ်ခုမျှသာ ဖြစ်သဖြင့်...တင့်ကားများက ပေးစွမ်းနိုင်သည့် ပစ်ခတ်မှုစွမ်းအား အားသာချက်ကိုသာ အရင်ဆုံး ခံစားလိုက်ကြခြင်းက ပိုကောင်းပေလိမ့်မည်။

ယီရန်ပင်းမဟာမိတ်အဖွဲ့နှင့် ချေးငွေစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့်.. အန်းယွဲ့ဘက်မှနေ၍ ငွေကြေးများကို ချက်ချင်းပင် ထုတ်ပေးခဲ့လေသည်။

ထိုအသက်ရှင်ကျန်ရစ်သူများ ချေးယူခဲ့သော ငွေကြေးများသည် သူတို့၏ ကိုယ်ပိုင်အကောင့် သို့မဟုတ် မဟာမိတ်အဖွဲ့အကောင့်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ အနှစ်သာရအားဖြင့်မူ ၎င်းက ဂဏန်းတွဲတစ်ခုမျှသာ ဖြစ်ပြီး အခြားဘာမျှ မဟုတ်ပေ။

သို့သော်လည်း ဤဂဏန်းတွဲကြောင့်ပင် သူတို့သည် တင့်ကားများအပြင် အမျိုးမျိုးသော လက်နက်များနှင့် ကျည်ဆန်များကိုပါ ဝယ်ယူနိုင်ခဲ့ကြသည်။

အခြေခံအားဖြင့်မူ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့တိုင်းက အပေါ့စားတင့်ကား အစင်းတစ်ရာစီကို ဝယ်ယူခဲ့ကြသည်။

ဤတင့်ကားများကို ရှေ့တန်းစစ်မျက်နှာသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြသည်။ ကမ္ဘာ့နိယာမစည်းမျဉ်းများကြောင့်... မဟာမိတ်စစ်သည်များသည် တင့်ကားများကို မောင်းနှင်ပြီး တိုက်ခိုက်နိုင်ရန်အတွက် အနည်းငယ်မျှသာ ရင်းနှီးအောင် လုပ်ဆောင်ရန် လိုအပ်ခဲ့သည်။

“ဝုန်း ဝုန်း ဝုန်း”

လေဟာနယ်တံခါးများထဲမှနေ၍ အတင်းတိုးထွက်လာရုံသာ ရှိသေးသည့် အချို့သော သင်္ဘောများသည် အမြောက်များနှင့် တင့်ကားများ၏ ပူးပေါင်းပစ်ခတ်မှုကြောင့်.. မျက်စိတစ်မှိတ်အတွင်းမှာပင် တစစီ ပျက်စီးသွားခဲ့ရတော့သည်။

သင်္ဘောပေါ်ရှိ အမည်းရောင်အရိုးစုများမှာမူ တင့်ကားများမှ ပစ်ခတ်လိုက်သော အမြောက်ကျည်ဆန်များကြောင့် လုံးဝကို အပိုင်းပိုင်းအပြတ်ပြတ် စုတ်ပြတ်သတ်သွားခဲ့ရ၏။

အောင်မြင်မှု၏အရသာကို မြည်းစမ်းလိုက်ကြရသဖြင့်.. အသက်ရှင်ကျန်ရစ်သူများသည် ဂရုထဲတွင် ချက်ချင်းပင် ဆွေးနွေးမှုများ ပြုလုပ်လာကြတော့သည်။

“သေစမ်း.. သူဌေးရဲ့ တင့်ကားတွေရဲ့ ပစ်ခတ်မှုစွမ်းအား တကယ်ကို ပြင်းထန်လွန်းတယ်။”

“ဟုတ်ပါ့...။ အရင်ကဆိုရင် ငါတို့ရဲ့ အမြောက်တွေက အဲ့ဒီအမည်းရောင်အရိုးစုတွေကို တစ်ချက်တည်းနဲ့ မသေစေနိုင်ဘူး။ ဒါပေမဲ့ သူဆဌးရဲ့ တင့်ကားတွေက သူတို့ကို မျက်စိတစ်မှိတ်အတွင်းမှာတင် အပိုင်းပိုင်း ခြေမှုန်းပစ်နိုင်တယ်။”

“ကုန်းတွင်းစစ်ပွဲရဲ့ ဘုရင်ဆိုတဲ့ ဂုဏ်သတင်းက တကယ်ကို အချည်းနှီး မဟုတ်ဘူးပဲ။”

လူပြောသူပြောများလာဖြင့် သတင်းများ ပျံ့နှံ့သွားခဲ့ရာ.. ချေးငွေယူပြီး တင့်ကားများ ဝယ်ယူရန် ငြင်းဆန်နေခဲ့ကြသည့် မဟာမိတ်အဖွဲ့များပင် စတင်တုန်လှုပ်လာကြတော့သည်။

သူတို့သည်လည်း အခြားနည်းလမ်းမရှိတော့သဖြင့်.. တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချေးငွေဝန်ဆောင်မှုကို စိတ်မပါလက်မပါဖြင့်သာ ရွေးချယ်ခဲ့ကြရလေသည်။ မဟုတ်ပါက သူတို့၏ မဟာမိတ်အဖွဲ့အနေဖြင့် ထိုအမည်းရောင်အရိုးစုများ၏ ပြင်းထန်လှသော ထိုးစစ်ကို တောင့်ခံနိုင်ရန် အမှန်တကယ် ခက်ခဲလိမ့်မည် ဖြစ်သည်။

ရှောင်းယီ ဂရုထဲမှ မက်ဆေ့ခ်ျများကို တစ်ချက်ကြည့်လိုက်၏။ မေးနေစရာပင်မလိုချေ...။ အခြားမဟာမိတ်အဖွဲ့များ ရင်ဆိုင်နေရသည့် အမည်းရောင်အရိုးစုများ၏ အဆင့်မှာ သူတို့ ရင်ဆိုင်နေရသည်များလောက် မမြင့်မားလှမှန်း သူ သိလိုက်ရသည်။

ထိုသို့ဆိုလျှင်မူ.. သူ ပံ့ပိုးပေးထားသည့် အပေါ့တင့်ကားများဖြင့် လူတိုင်းအတွက် ထိုအမည်းရောင်အရိုးစုများကို ခုခံကာကွယ်နိုင်စွမ်း ရှိကြပေလိမ့်မည်။

လူဦးရေ ပိုမိုများပြားလာသည်နှင့်အမျှ ရှောင်းယီ၏ တင့်ကားများကြောင့် သူတို့၏ ခံစစ်စခန်းများကို ပြန်လည်တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ကြလေသည်။

ထိုအချိန်တွင် ရှောင်းယီသည်လည်း ရှေ့တန်းစစ်မျက်နှာသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့၏...။ တင့်ကားများ၏ အမြောက်များမှ မြည်ဟိန်းသံများမှာ တစ်စက္ကန့်မျှပင် ရပ်တန့်သွားခြင်း မရှိပေ။

“စက်အမြောက်တွေကို အခုထိ ထုတ်မသုံးသေးဘူးလား။”

ရှောင်းယီက မေးလိုက်၏။ ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“မသုံးသေးဘူး။ ဒီလိုအရာမျိုးကို ရုတ်တရက် ထုတ်သုံးလိုက်တာကမှ.. ရလဒ်က ပိုပြီးတော့ ထိရောက်မှု ရှိလိမ့်မယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“စက်အမြောက်တွေကို မသုံးဘဲနဲ့ကော ဒါကို တောင့်ခံထားနိုင်လား။”

“နည်းနည်းတော့ ခက်တယ်။ ငါလည်း အခြေအနေကို စောင့်ကြည့်နေတုန်းပဲ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်၏။

ထိုအချိန်တွင် ဝေါ်ကီတော်ကီထဲမှနေ၍ ကျားကျန့်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင်.. ငါတို့ စပြီး လှုပ်ရှားလို့ရပြီလား။”

“အခုလောလောဆယ်တော့ မလိုသေးဘူး။ ခင်ဗျားတို့ရဲ့ အင်အားကိုပဲ ဆက်ထိန်းထားပါ။ မကြာခင် ခင်ဗျားတို့ တိုက်ခိုက်ရမယ့် အခွင့်အရေး ရလာပါလိမ့်မယ်။”

ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။ ကျားကျန့်တစ်ယောက် အားကိုးရာမဲ့စွာဖြင့် ပခုံးတွန့်လိုက်ပြီး ဟူကျဲကို ပြောလိုက်သည်။

“ဘာမှလုပ်လို့မရဘူး။ ကျွန်းပိုင်ရှင်က ငါတို့ကို လှုပ်ရှားခွင့်မပေးသေးဘူး။ အားလုံးပဲ ကိုယ့်နေရာမှာကိုယ် ငြိမ်ငြိမ်လေး နေကြဦး။”

“ဟူး.. ကျွန်းပိုင်ရှင်နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ရတာက အရမ်း ပျင်းစရာကောင်းတာပဲ။”

ဟူကျဲက ညည်းတွားလိုက်သည်။

“ကျွန်းပိုင်ရှင်က ဒါကို ‘အရာရာတိုင်းကို အကောင်းဆုံး အသုံးချခြင်း’ လို့ ခေါ်တာကွ။ မင်းက ဘာသိလို့လဲ။”

ကျားကျန့်က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

ဟူကျဲတစ်ယောက် သူ၏လက်နှစ်ဖက်ကို အားကိုးရာမဲ့စွာ ဖြန့်ပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒါနဲ့ ခေါင်းဆောင်.. မဟာမိတ်ကျွန်းပေါ်က ကျုပ်တို့ ဧရာမဘီလူးမျိုးနွယ်စုရဲ့ စခန်းအသစ်က ဘယ်လိုရှိလဲ။ ခေါင်းဆောင် သွားကြည့်ခဲ့တယ်မလား။”

“အဲ့ဒါက အရမ်းမိုက်တယ်။ ငါတို့ရဲ့ နေရာဟောင်းနဲ့ တစ်ထေရာတည်းပဲ။”

ကျားကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“တစ်ထေရာတည်း ဟုတ်လား။ အဲ့ဒါက ဘာကောင်းလို့လဲ။”

ဟူကျဲတစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့သည်။

“ကျွန်းပိုင်ရှင်က ကျုပ်တို့ရဲ့ အဆောက်အအုံတွေကို ဟို အပန်းဖြေစခန်းလိုမျိုး ဆောက်ပေးသင့်တာကို။”

ဟူကျဲသည် အပန်းဖြေစခန်းသို့ တစ်ခေါက်သာ ဖြတ်သွားဖူးသော်လည်း ထိုတစ်ခေါက်တည်းနှင့်တင် အပန်းဖြေစခန်း၏ ဗိသုကာလက်ရာများက သူ့အပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။

“မင်းက ဘာမှမသိဘဲ လျှောက်ပြောနေတာပဲ။ အပန်းဖြေစခန်းက လူပုတွေနဲ့ တခြားမျိုးနွယ်စုတွေအတွက် ရည်ရွယ်ပြီး ဆောက်ထားတာကွ။ ငါတို့ရဲ့ အဆောက်အဦးတွေကိုသာ အဲ့လိုပုံစံမျိုး ဆောက်လိုက်ရင်...အကုန်ပြိုကျသွားမှာပေါ့။”

ကျားကျန့်က သူ့ကို စိုက်ကြည့်ရင်း ဟောက်လိုက်၏။ ဟူကျဲတစ်ယောက် ပခုံးသာ တွန့်ပြလိုက်ရသည်။

“ကောင်းပြီလေ...။ ဒါက သိပ်တော့လည်း အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က ယီရန်ပင်းမဟာမိတ်အဖွဲ့ထဲ ဝင်ပြီးပြီဆိုမှတော့.. အပန်းဖြေစခန်းကို သွားလည်ပြီး အဲ့ဒီအဆောက်အဦးတွေကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။”

“ငါ မင်းကို သတိပေးထားမယ်နော်။ မဟာမိတ်အဖွဲ့ထဲမှာ သွားပြီး ပေါက်ကရ လျှောက်မလုပ်နဲ့။ အဲ့ဒီမှာ နေရာအနှံ့ လူသားတွေချည်းပဲ...။ သူတို့ကို သွားပြီး မခြောက်လှန့်မိစေနဲ့။”

ကျားကျန့်က လေးနက်စွာ ပြောလိုက်သည်။

“ခေါင်းဆောင်ကလည်း.. သိပ်ပြီး စိတ်ပူမနေစမ်းပါနဲ့။ ကျုပ်တို့ အပန်းဖြေစခန်းကို တစ်ခေါက် ရောက်ဖူးပြီးပြီ။ အဲ့ဒီက လူသားတွေက ကျုပ်တို့ကို တော်တော်လေး စူးစမ်းလိုစိတ် ရှိကြတယ်။ ကျုပ်တို့ သူတို့ကို ခြောက်လှန့်မိမှာ မဟုတ်ပါဘူး။”

ဟူကျဲက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သတိထားတာတော့ အကောင်းဆုံးပဲ။ သူတို့က ဘာပဲပြောပြော အရမ်းသေးလွန်းတယ် မဟုတ်လား။”

ကျားကျန့်က တိုက်တွန်းလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ဟူကျဲက ပြုံးလိုက်သည်။

ကွက်တိပင်.. ထိုအချိန်တွင် အနီးနားရှိ ဧရာမဘီလူးတစ်ယောက်က အော်ဟစ်လိုက်သည်။

“မကောင်းတော့ဘူး။ အားလုံးပဲ ကြည့်ကြဦး။ ငါတို့ ရှေ့ကို အတင်းတိုးလာနေတဲ့ အမည်းရောင်အရိုးစုတွေကို တားမထားနိုင်တော့ဘူး ထင်တယ်။”

စကားစမြည် ပြောဆိုနေကြသည့် ကျားကျန့်နှင့် ဟူကျဲတို့နှစ်ဦးသား ချက်ချင်းပင် ရှေ့သို့ လှမ်းကြည့်လိုက်ကြ၏။

အမည်းရောင်အရိုးစုများသည် ဧရာမဘီလူးများ၏ ခံစစ်ကြောင်းနှင့် မီတာငါးဆယ်အကွာအဝေးအတွင်းအထိ တိုးကပ်လာခဲ့ပြီ ဖြစ်သည်။

“တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

ကျားကျန့်က တည်ငြိမ်လေးနက်သောအသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ဧရာမဘီလူးများက တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြရာ သူတို့၏အသံများမှာ တိမ်တိုက်များကိုပင် ဖောက်ထွက်သွားလုမတတ် ပြင်းထန်လှပေသည်။

အနောက်ဘက် အဝေးတစ်နေရာ ရှိနေသော ရှောင်းယီသည် ၎င်းတို့၏ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ဝေါ်ကီတော်ကီထဲဖြင့် ချက်ချင်း လှမ်းပြောလိုက်သည်။

“ခင်ဗျားတို့နေရာမှာပဲ ငြိမ်ငြိမ်လေး နေကြဦး။ ဒီအမည်းရောင်အရိုးစုတွေကို ကိုင်တွယ်ဖို့ ကျုပ် လူတွေ စေလွှတ်လိုက်မယ်။”

ရှောင်းယီ၏ စကားကို ကြားရသောအခါ ကျားကျန့်မှာ အနည်းငယ် အားကိုးရာမဲ့သွားခဲ့ပြီး.. အားလုံးကို လှမ်းကြည့်ကာ ပြောလိုက်ရလေသည်။

“ကျွန်းပိုင်ရှင်က ဒီအတိုင်း ငြိမ်ငြိမ်နေဖို့ ပြောလိုက်တယ်။”

“မဖြစ်နိုင်တာ...အခု အခြေအနေက ဘယ်လိုဖြစ်နေပြီလဲ ကြည့်ဦး။ သူက ကျုပ်တို့ကို ငြိမ်ငြိမ်နေခိုင်းနေတုန်းပဲလား။”

ဟူကျဲတစ်ယောက် ဆွံ့အသွားခဲ့သည်။

“အမိန့်ကို နာခံစမ်း။”

ကျားကျန့်က ပြတ်သားစွာ အော်ဟောက်လိုက်၏။

“အကယ်၍ အဲ့ဒီအမည်းရောင်အရိုးစုတွေက ကျုပ်တို့ခြေဖဝါးအောက်အထိ ရောက်လာရင်တောင်.. ကျုပ်တို့ လှုပ်ရှားလို့မရဘူးလား။”

ဟူကျဲက အားကိုးရာမဲ့စွာ မေးလိုက်သည်။

“ဟုတ်တယ်...။ အခုလက်ရှိ အခြေအနေကို ကြည့်ရသလောက် လူသားတွေရဲ့ လက်နက်တွေက အဲ့ဒီအမည်းရောင်အရိုးစုတွေကို လုံးဝ တားမထားနိုင်တော့ဘူး။ ကျုပ်တို့က ဘာကို စောင့်နေရဦးမှာလဲ။”

“အတိအကျပဲ.. သူတို့သာ ကျုပ်တို့ရဲ့ ခံစစ်ကြောင်းထဲကို ဝင်လာရင်.. ကျုပ်တို့ သူတို့ရဲ့ လူပင်လယ်ဗျူဟာ ကြားထဲမှာ ပိတ်မိသွားလိမ့်မယ်။”

“ခေါင်းဆောင်.. သူတို့ ဒီဘက်ကို အတင်းတိုးလာတာကို ကျုပ်တို့ ဒီအတိုင်း ထိုင်ကြည့်နေလို့မရဘူးလေ။”

ကျားကျန့်က အားလုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“စစ်မြေပြင်မှာ အကြီးမားဆုံးသော တားမြစ်ချက်က စစ်အမိန့်ကို ဖီဆန်တာပဲ။ မင်းတို့ နားလည်ကြရဲ့လား။”

အားလုံးက ခဏမျှ မှင်သက်သွားကြပြီးနောက် နောက်ဆုံးတွင်တော့ အားကိုးရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ကြရတော့သည်။

“နားလည်ပါပြီ။”

အမည်းရောင်အရိုးစုများသည် ပိုမိုနီးကပ်စွာ အတင်းတိုးဝင်လာကြပြီး.. ယခုအခါတွင် ခံစစ်ကြောင်းနှင့် မီတာသုံးဆယ်အတွင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဧရာမဘီလူးကြီးများမှာ ပို၍ပင် စိုးရိမ်ပူပန်လာကြ၏။ အကယ်၍ ဧရာမဘီလူးတစ်ယောက်သာ မသေမျိုးမျိုးနွယ်စု၏ လူပင်လယ်ဗျူဟာကြားထဲတွင် ပိတ်မိသွားပါက.. အခြေအနေကို ပြန်လည်ပြောင်းလဲရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

ဧရာမဘီလူးကြီးများ စိုးရိမ်ပူပန်နေကြစဉ်မှာပင်.. သူတို့၏ အနောက်ဘက်မှနေ၍ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် နှစ်တန်းသည် ရုတ်တရက် မောင်းနှင်ချီတက်လာ၏။ ထိုစစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် နက်မှောင်နေသော အမြောက်ပြောင်းဝကြီးများ ရှိနေခဲ့လေသည်။

“ဒါက မဟာမိတ်အဖွဲ့ရဲ့ လက်နက်အသစ်လား။”

ဟူကျဲတစ်ယောက် စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် တပ်ဆင်ထားသော စက်အမြောက်များကို ဝေခွဲမရစွာဖြင့် ကြည့်ရင်း ပြောလိုက်သည်။

“ကြည့်ရတာ ဟိုးအနောက်က တင့်ကားတွေလောက်တောင် အစွမ်းထက်တဲ့ပုံမပေါ်ဘူး။”

သို့သော် သူ့စကား မဆုံးသေးမီမှာတင် ထိုစက်အမြောက်များက စတင်ပစ်ခတ်လိုက်တော့သည်။

“ဝုန်း ဝုန်း ဝုန်း...”

စက်အမြောက်များမှာ အဆက်မပြတ် မြည်ဟိန်းကာ ပစ်ခတ်လိုက်ကြ၏။ အမည်းရောင်အရိုးစုများ၏ ခန္ဓာကိုယ်များက အလွန်မာကျောလှသည်ဆိုသော်လည်း.. ဤမျှ ပြင်းထန်လှသော ပစ်ခတ်မှုစွမ်းအားကိုမူ မတောင့်ခံနိုင်ကြတော့ပေ။

အကယ်၍ အမြောက်ကျည်တစ်ချက်တည်းနှင့် မသေပါက.. နှစ်ချက်ဆိုလျှင် သေချာပေါက် ကွဲကြေသွားပေလိမ့်မည်။

နှစ်ချက်နှင့် မလုံလောက်သေးပါက.. သုံးချက် ပစ်မည်။

ရှေ့တန်းစစ်မျက်နှာရှိ စက်အမြောက်အားလုံးသည် ဟိန်းဟောက်သံကြီးများနှင့်အတူ စတင်ပစ်ခတ်လိုက်ကြရာ... ဧရာမဘီလူးများ၏ ခံစစ်ကြောင်းအနီးရှိ အမည်းရောင်အရိုးစုများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အုပ်စုလိုက်ကြီး အစုလိုက်အပြုံလိုက် အတုံးအရုံး လဲပြိုပျက်စီးသွားခဲ့ကြရတော့သည်။

အချိန်တစ်မိနစ်မျှအတွင်းမှာပင်.. မသေမျိုးမျိုးနွယ်စု၏ စစ်ကြောင်းသည် မီတာတစ်ရာကျော်အထိ နောက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရလေသည်။

“ဂလု”

ဟူကျဲတစ်ယောက် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရ၏။

“ဒီပစ်ခတ်မှုစွမ်းအားက အရမ်း ပြင်းထန်လွန်းတယ်။”

“အဟုတ်ပဲ... ဒီဟာက တင့်ကားတွေထက် ပစ်ခတ်မှုနှုန်း ပိုမြန်ဆန်သလို ကြည့်ရတာ ပိုပြီးတော့တောင် ပြောင်းလွယ်ပြင်လွယ် ရှိသေးတယ်။”

“ငါတို့ဆီမှာ ဒီလိုအရာမျိုး ရှိနေတာကို ဘာလို့ စောစောစီးစီး ထုတ်မသုံးခဲ့တာလဲ။ ငါ့မှာတော့ စိုးရိမ်လိုက်ရတာဆိုတာ။”

“မင်းက တစ်ယောက်တည်း အပိုတွေ စိုးရိမ်နေတာပဲ။ ကျွန်းပိုင်ရှင်သာ ဒီမှာရှိနေရင်... ဘယ်တိုက်ပွဲက ရှုံးဖူးလို့လဲ။”

အခန်း ၁၁၆၈

ရှောင်းယီသည် ဧရာမဘီလူးမျိုးနွယ်စုများနှင့်အတူ ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့ဖူးသည်မှာ အချိန်အနည်းငယ်မျှသာ ရှိသေးသော်လည်း ဤဧရာမဘီလူးကြီးများသည် သူ့အပေါ် စတင်လေးစားကြည်ညိုလာကြပြီး အချို့မှာမူ ရူးရူးမူးမူး ယုံကြည်ကိုးကွယ်သည့် အဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုစက်အမြောက်များ၏ အစွမ်းသတ္တိကို ကြည့်ပြီး ကျားကျန့်တစ်ယောက် နှလုံးသားထဲမှနေ၍ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိ၏။

“ဒီလိုလက်နက်မျိုးသာ ရှိနေရင်.. မသေမျိုးမျိုးနွယ်စုတွေကို ဘာကြောက်နေစရာ လိုတော့မှာလဲ။”

အမည်းရောင်အရိုးစုအမည်းရောင်များကို မီတာတစ်ရာကျော်အထိ နောက်သို့ တွန်းပို့ပြီးနောက် ခံစစ်ကြောင်းပေါ်ရှိ စက်အမြောက်သံများမှာ ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

မသေမျိုးများဘက်တွင်လည်း တစ်စုံတစ်ယောက်က ထိုအမည်းရောင်အရိုးစုစစ်တပ်ကို ကြိုးကိုင်ညွှန်ကြားနေပုံရပြီး.. သူတို့သည်လည်း ရှေ့သို့ ဆက်မတိုးဘဲ ရပ်တန့်သွားခဲ့ကြ၏။

၎င်းတို့သည် မသေမျိုးများ၏ ရှေ့တန်းစစ်မျက်နှာရှိ အခြေအနေများကို အနောက်ဘက် ဟင်းလင်းပြင်အက်ကွဲကြောင်းရှိရာ နေရာသို့ အလျင်အမြန်ပင် ပြန်လည်သတင်းပို့ခဲ့ကြသည်။

“ဒီအပြင်လူတွေ အခုကျမှ ပိုပြီးတော့ အဆင့်မြင့်တဲ့ လက်နက်တွေကို ဘယ်လိုလုပ်ပြီး ထပ်ရလာပြန်တာလဲ။”

“ငါတို့တွေ ပစ်မှတ်ထား ခံနေရသလိုမျိုး ခံစားနေရတယ်။”

“ဟုတ်တယ်.. ငါတို့ ဘယ်လောက်ပဲ သန်မာတဲ့ မသေမျိုးတွေကို ဆင့်ခေါ်ဆင့်ခေါ် သူတို့ဘက်က ပိုပြီးတော့ အစွမ်းထက်တဲ့ လက်နက်တွေကို အမြဲတမ်း ထုတ်ယူလာနိုင်တာချည်းပဲ။”

“တကယ်ကို ခေါင်းခဲစရာပဲ.. ဒီကမ္ဘာကြီးက တကယ့်ငရဲပဲ။”

“အတိအကျပဲ...။ အရင်က တခြားကမ္ဘာတွေကို ကျူးကျော်ရတုန်းကဆိုရင် အရမ်းလွယ်ကူခဲ့တာ။ ဘာဖြစ်လို့ ဒီနေရာကျမှ ဒီလောက်အထိ အလုပ်ရှုပ်နေရတာလဲ။”

အဖွဲ့ကို ဦးဆောင်လာသော ဝတ်ရုံနက်မှာမူ အတွေးနက်နေပြီး တိတ်ဆိတ်နေခဲ့သည်။

အခြားဝတ်ရုံနက်များ ခဏကြာအောင် ဆွေးနွေးပြီးနောက် အားလုံးက စကားစဖြတ်ကာ ခေါင်းဆောင်ဖြစ်သူဘက်သို့ လှမ်းကြည့်လိုက်ကြ၏။

“မဟာအကြီးအကဲ...”

ဝတ်ရုံနက်တစ်ဦးက တိုးညှင်းသောအသံဖြင့် ခေါ်လိုက်သည်။ ဦးဆောင်လာသော ဝတ်ရုံနက်သည် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် စကားစတင်ပြောဆိုလိုက်တော့သည်။

“မင်းတို့အားလုံးကော ဒါကို ထူးဆန်းတယ်လို့မထင်ကြဘူးလား။”

“ထူးဆန်းတယ် ဟုတ်လား။”

အခြားဝတ်ရုံနက်များက ဝေခွဲမရစွာဖြင့် ပြန်မေးလိုက်ကြ၏။ မဟာအကြီးအကဲက ဆက်ပြောသည်။

“ဒီကမ္ဘာကြီးက ငါတို့အပေါ် ထားရှိတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို လျှော့ချပေးလိုက်ရုံပဲ ရှိသေးတယ်။ အဲ့ဒီအပြင်လူတွေက ပိုပြီးတော့ အဆင့်မြင့်တဲ့ လက်နက်တွေကို ချက်ချင်း ထုတ်သုံးလာနိုင်တယ်။ ဒီအစီအစဉ် နှစ်ခုရဲ့ အချိန်ကိုက်ဖြစ်မှုက တိုက်ဆိုင်လွန်းတယ်လို့ မထင်ကြဘူးလား။”

အခြားဝတ်ရုံနက်များကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

“ငါ့အထင်တော့.. ဒီကမ္ဘာကြီးက ငါတို့နဲ့ သူတို့ကြားက တိုက်ခိုက်မှုစွမ်းရည်ကို မျှတအောင် ချိန်ညှိပေးနေသလိုပဲ။”

မဟာအကြီးအကဲက ဆက်ပြောသည်။

“မျှတအောင် ချိန်ညှိပေးနေတယ် ဟုတ်လား။”

အခြားသူများမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

“ဒါဆို ဒီကမ္ဘာကြီးက ကျုပ်တို့ကို သူတို့နဲ့အတူ အတူယှဉ်တွဲ နေထိုင်စေချင်တာလား။”

“မဖြစ်နိုင်တာ။ ငါတို့ မသေမျိုးမျိုးနွယ်စုတွေက သေမျိုးတွေနဲ့ ဘယ်လိုမှ အတူယှဉ်တွဲ မနေထိုင်နိုင်ဘူး။”

“အဲ့ဒါကြောင့်မို့လို့ပဲ ဒါက ပိုပြီး ထူးဆန်းနေတာပေါ့။”

မဟာအကြီးအကဲက ခဏကြာအောင် ထပ်မံတွေးတောပြီးနောက် မေးလိုက်သည်။

“ဒါနဲ့ တခြားအရပ်မျက်နှာတွေက အခြေအနေကကော ဘယ်လိုရှိလဲ။”

“မဟာအကြီးအကဲကို တင်ပြရရင်.. တခြားအရပ်မျက်နှာတွေကလည်း ပြင်းထန်တဲ့ ခုခံမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ရှေ့ကို ပုံမှန်အတိုင်း ဆက်ပြီး တိုးစစ်ဆင်နိုင်ဆဲပါပဲ။”

“တစ်နည်းပြောရရင်.. ဒီလက်နက်အမျိုးအစားအသစ်က ဧရာမဘီလူးတွေရှိတဲ့ အရပ်မျက်နှာမှာပဲ ရှိနေတာပေါ့ ဟုတ်လား။”

မဟာအကြီးအကဲက မေးလိုက်သည်။

“လောလောဆယ်အထိတော့ ဒီနေရာမှာပဲ တွေ့ရပါသေးတယ်။”

အနီးနားရှိ ဝတ်ရုံနက်တစ်ဦးက ပြန်ဖြေလိုက်သည်။

“တခြားအရပ်မျက်နှာတွေက ငါတို့ရဲ့အင်အားကို အချိန်ဆွဲထားဖို့ပဲ ကြိုးစားနေတာ ဖြစ်ရမယ်။ ဒီကမ္ဘာကြီးရဲ့ အဓိကအင်အားစုက ဧရာမဘီလူးမျိုးနွယ်စုတွေနဲ့အတူ ဒီနေရာမှာပဲ ရှိနေတယ်။”

မဟာအကြီးအကဲက သုံးသပ်လိုက်သည်။

“ဒါဆို ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ။”

“ငါတို့ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တာကို ရှောင်ပြီး.. အားသာတဲ့ အင်အားစုတွေကို စုစည်းပြီး တခြားအားနည်းတဲ့ နေရာတွေကို သွားတိုက်ရင်ကော ဘယ်လိုလဲ။”

“မဖြစ်ဘူး။ ငါတို့ မသေမျိုးမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က ဘယ်နေရာမှာ ရှိလဲဆိုတာ မင်းတို့ သိထားရမယ်။”

“မှန်တယ်.. ဒီက ဟင်းလင်းပြင်အက်ကွဲကြောင်းကို လုံးဝအဆုံးရှုံးခံလို့မရဘူး။ ဟင်းလင်းပြင်အက်ကွဲကြောင်းသာ မရှိရင် ငါတို့ ကျွန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ရင်တောင် စစ်ကူတွေ အဆက်မပြတ် ရောက်လာနိုင်တော့မှာ မဟုတ်ဘူး။ ဒါဆို နောက်ဆုံးကျူးကျော်မှုက သေချာပေါက် ကျရှုံးသွားလိမ့်မယ်။”

“ငါက တခြားအားနည်းတဲ့နေရာတွေကို သွားတိုက်ဖို့ပဲ အကြံပြုတာပါ။ ဟင်းလင်းပြင်အက်ကွဲကြောင်းရဲ့ ခံစစ်ကို စွန့်လွှတ်လိုက်မယ်လို့ မပြောခဲ့ပါဘူး။”

“အကယ်၍ ငါတို့ အားသာတဲ့အင်အားစုတွေကို တခြားနေရာ သွားတိုက်ဖို့ စုစည်းလိုက်ရင်...ဧရာမဘီလူးမျိုးနွယ်စုတွေက ဒီနေရာကို အလွယ်တကူ အတင်းတိုးဝင်လာနိုင်သွားမှာပေါ့။ မင်း အဲ့ဒါကို ဘယ်လိုထင်နေတာလဲ။”

“အမှန်ပဲ။ သူတို့ရဲ့ ပစ်ခတ်မှုစွမ်းအားက အရမ်းပြင်းထန်လွန်းတယ်..။ အကယ်၍ သူတို့သာ ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ တကယ်ရောက်လာရင် ငါတို့ တားဆီးထားနိုင်ပါ့မလားဆိုတာ မသေချာဘူး။”

မဟာအကြီးအကဲက ခဏကြာအောင် စဉ်းစားပြီးနောက် စကားဆိုလိုက်သည်။

“ငါတို့ သူတို့ကို တိုက်ရမယ်။ ငါတို့သာ ဧရာမဘီလူးမျိုးနွယ်စုရဲ့ ဒီခံစစ်ကြောင်းကို ဖောက်ထွက်နိုင်ရင်.. ဒီကမ္ဘာကြီးက ငါတို့လက်ထဲ ရောက်လာပြီပဲ။”

“ဒါပေမဲ့ ဧရာမဘီလူးမျိုးနွယ်စုဘက်က ပစ်ခတ်မှုစွမ်းအားက အရမ်းပြင်းထန်လွန်းနေတယ်လေ။”

မဟာအကြီးအကဲက နှာခေါင်းရှုံ့ကာ အေးစက်စက် ဆိုလိုက်သည်။

“ဒါဆိုရင် ငါတို့လည်း ပိုပြီးတော့ အစွမ်းထက်တဲ့ မသေမျိုးတွေကို ဆင့်ခေါ်ပြီး အသေအလဲ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ရမှာပေါ့။ ရှေ့တန်းစစ်မျက်နှာတွေကို နောက်ဆုတ်ပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းကိုပဲ အခိုင်အမာ ထိန်းထားကြ။ အရာအားလုံးက အခု ဧရာမဘီလူးမျိုးနွယ်စုနဲ့ တိုက်ရမယ့် တိုက်ပွဲပေါ်မှာ မူတည်နေပြီ။”

“ဟုတ်ကဲ့။”

ဝတ်ရုံနက်များက ပြန်လည်တုံ့ပြန်လိုက်ကြသည်။

“ဒါပေမဲ့.. ငါတို့ ပိုပြီး အစွမ်းထက်တဲ့ မသေမျိုးတွေကို မဆင့်ခေါ်ရသေးခင် ငါတို့ရဲ့ စစ်တပ်တွေအနေနဲ့ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တာကို ရှောင်ကြဉ်ရမယ်။ ဆက်ပြီး ဆုတ်ခွာထားကြ။”

မဟာအကြီးအကဲက ဆက်လက် ညွှန်ကြားလိုက်၏။

“အခုအချိန်မှာ ငါတို့ နေရာကို ပေးထားပြီး အချိန်ကို လဲယူရမယ်။”

“ဟုတ်ကဲ့။”

မသေမျိုး မဟာအကြီးအကဲ၏ အမိန့်မှာ ရှေ့တန်းစစ်မျက်နှာသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ မသေမျိုး တပ်မှူးများသည်လည်း သူတို့၏ စစ်တပ်များကို ဦးဆောင်ကာ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာလိုက်ကြတော့သည်။

အနောက်ဘက်မှနေ၍ မသေမျိုးများ၏ လှုပ်ရှားမှုကို မှန်ပြောင်းဖြင့် စောင့်ကြည့်နေသော ရှောင်းယီသည် ထိုအချင်းအရာကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

“သူတို့က ဒီအတိုင်းကြီး ဆုတ်သွားကြတာလား။”

“ငါတို့ရဲ့ စက်အမြောက်တွေကြောင့် သူတို့ လန့်သွားတာ ဖြစ်လိမ့်မယ်။”

ကျန်းယွင်ထျန်းက ရယ်မောကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းယမ်းလိုက်၏။

“ဖြစ်နိုင်ပေမဲ့.. ဒီလိုဆုတ်ခွာတာက ဘယ်လိုမှ မရိုးရှင်းနိုင်ဘူးလို့ ငါ ခံစားနေရတယ်။”

ရှေ့တန်းရှိ ဧရာမဘီလူးများသည် မသေမျိုးများ အဆက်မပြတ် ဆုတ်ခွာသွားသည်ကို ကြည့်ပြီး မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။

“ငါတို့ မသေမျိုးတွေနဲ့ တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင် ရှိနေပြီလဲ။ ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။”

“တစ်ခါမှ မမြင်ဖူးတာတော့ အမှန်ပဲ။ အရင်တုန်းကဆိုရင် ငါတို့ တိုက်ပွဲတစ်ခု နိုင်လို့ မသေမျိုးတွေကို အနောက်နည်းနည်း တွန်းပို့နိုင်ခဲ့ရင်တောင်.. မကြာခင်မှာပဲ သူတို့က ပြင်းပြင်းထန်ထန် ပြန်တိုက်ပြီး အဲ့ဒီနေရာကို ပြန်လုယူကြတာ။ အမြဲတမ်း ရှေ့တိုးနောက်ဆုတ်နဲ့ ဖြစ်နေခဲ့တာချည်းပဲ။”

“ဟုတ်တယ်...။ ကျွန်းပိုင်ရှင်က ငါတို့ကို ဦးဆောင်ပြီး မသေမျိုးတွေကို တစ်လှမ်းချင်း နောက်ဆုတ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး။”

ကျားကျန့်သည်လည်း အလွန်အမင်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အမှန်ပဲ။ ကျွန်းပိုင်ရှင်သာ ဒီမှာရှိနေရင် ငါတို့ကမ္ဘာက မသေမျိုးတွေရဲ့ ခြိမ်းခြောက်မှုကို လုံးဝ အမြစ်ပြတ် ချေမှုန်းနိုင်မယ့် မျှော်လင့်ချက်တောင် ရှိတယ်။”

“အတိအကျပဲ။ ဒါနဲ့ ခေါင်းဆောင်.. အခု ရှေ့တန်းမှာ တိုက်ပွဲလည်း မရှိတော့ဘူးဆိုတော့ ကျုပ် ပြန်သွားပြီး ကျုပ်တို့ရဲ့ အိမ်အသစ်ကို သွားကြည့်လို့ရမလား။”

ဟူကျဲက ရုတ်တရက် မေးလိုက်သည်။။ကျားကျန့်က သူ့ကို စိုက်ကြည့်လိုက်၏။

“မင်းကတော့ အမြဲတမ်း အခွင့်အရေးပဲ ချောင်းနေတာပဲ။ တာဝန်ကျတဲ့ အလှည့်အပြောင်းတွေကို သေချာစီစဉ်ပြီး အားလုံးကို ပြန်သွားကြည့်ခိုင်းလိုက်။ အလွန်ဆုံး မိနစ်နှစ်ဆယ်ပဲနော်။ ပြီးရင် ချက်ချင်း ပြန်လာရမယ်။”

“အာ.. မိနစ်နှစ်ဆယ်ပဲလား။”

ဟူကျဲတစ်ယောက် ရှုံ့မဲ့သွား၏။

“မသွားချင်ဘူးလား။ ဒါဆိုရင်လည်း ပြန်မသွားနဲ့တော့။”

ကျားကျန့်က တုံ့ပြန်လိုက်သည်။

“မဟုတ်တာ.. သွားမှာပေါ့၊ သွားမှာပါ။”

ဟူကျဲသည် အလှည့်ကျတာဝန်များကို စီစဉ်ပြီးနောက် ဧရာမဘီလူးကြီးတစ်စုကို ဦးဆောင်ကာ နောက်တန်းသို့ လျှောက်လာခဲ့လိုက်သည်။

ဟူကျဲနှင့် အခြားသူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ရှောင်းယီက မေးလိုက်သည်။

“တစ်ခုခု ဖြစ်လို့လား။”

“ကျုပ်တို့ ကျုပ်တို့ရဲ့ အိမ်အသစ်ကို ပြန်ကြည့်ချင်လို့ပါ။”

ဟူကျဲက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အင်း.. သွားကြလေ။ မြန်မြန်လုပ်ကြ။ နောက်တစ်နာရီကြာရင် ငါတို့ ရှေ့ကို ဆက်ပြီး ချီတက်ကြမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပါပြီ။”

ဟူကျဲနှင့် အခြားဧရာမဘီလူးကြီးများသည် တည်နေရာကူးပြောင်းခြင်း အစီအရင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြတော့သည်။

ရှောင်းယီ၏ စကားကို ကြားရသောအခါ ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်၏။

“ငါတို့ တကယ်ပဲ ရှေ့ကို ဆက်ပြီး ချီတက်ကြမှာလား။”

“ဒါပေါ့။ ရန်သူတွေ ဆုတ်ခွာတာက သေချာပေါက် အချိန်ဆွဲဖို့အတွက်ပဲ ဖြစ်ရမယ်။ သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ငါတို့ မသိရပေမဲ့.. ငါတို့မှာ အချိန် တစ်ပတ်ပဲ ရှိတာမို့လို့ ဟင်းလင်းပြင်အက်ကွဲကြောင်းဆီကို တတ်နိုင်သမျှ အမြန်ဆုံး ရောက်အောင် သွားရမယ်။”

ကျန်းယွင်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း မျက်မှောင်ကြုတ်နေဆဲပင်။

“ငါတို့ စောစောက လွှတ်လိုက်တဲ့ ကင်းထောက်ဒရုန်းတွေ ပြန်မလာသေးဘူး။ ဟိုဘက်မှာ အခြေအနေ ဘယ်လိုရှိနေလဲ မသိဘူး။”

ကင်းထောက်ဒရုန်းများ၏ အရှိန်အဟုန်အရဆိုလျှင် ယခုအချိန်တွင် အသွားအပြန် ခရီးတစ်ခု ပြီးဆုံးနေသင့်ပြီ ဖြစ်သည်။ သူတို့ ပြန်မလာသေးခြင်းက ထိုဒရုန်းများကို မသေမျိုးများက ရှာဖွေတွေ့ရှိပြီး ဖျက်ဆီးပစ်လိုက်ပြီဟူသော အဓိပ္ပာယ်သာ ဖြစ်နိုင်ပေသည်။

ထို့ပြင် အကွာအဝေးက အလွန်ဝေးကွာလွန်းသဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများကိုလည်း တိုက်ရိုက်အချိန်နှင့်တပြေးညီ ပြန်လည်ပေးပို့နိုင်ခြင်း မရှိခဲ့ပေ။

စောစောက လွှတ်လိုက်သော ဒရုန်းများအားလုံးမှာ အလဟဿ ဖြစ်သွားခဲ့ရပြီဖြစ်သည်။

ယခင်က ထျန်းဝူထံမှ ရရှိထားသော သတင်းအချက်အလက်များအရ.. သူတို့၏ လက်ရှိတည်နေရာသည် ဟင်းလင်းပြင်အက်ကွဲကြောင်းနှင့် ကီလိုမီတာ ၂၇၀၀ ခန့် ဝေးကွာနေသေး၏။

မည်သည့်အတားအဆီးမျှမရှိဘဲ ချောချောမွေ့မွေ့ သွားနိုင်လျှင်ပင် ထိုနေရာသို့ ရောက်ရှိရန် ဆယ့်ငါးနာရီခန့် အချိန်ယူရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များသည် တစ်နာရီလျှင် ကီလိုမီတာ နှစ်ရာနီးပါးအထိသာ မောင်းနှင်နိုင်သောကြောင့်ပင်။

သို့သော်လည်း မသေမျိုးမျိုးနွယ်စုသည် သူတို့ကို ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးသို့ သေချာပေါက် လွယ်လွယ်ကူကူ ချဉ်းကပ်ခွင့်ပေးမည်မဟုတ်ပေ။

All Chapters