← Chapters

အခန်း (၁၁၆၉-၁၁၇၀)

Vol. 100 Ch. 1169-1170

အခန်း (၁၁၆၉-၁၁၇၀)

Vol. 100 Ch. 1169-1170

အခန်း ၁၁၆၉

ရှောင်းယီက ခေါင်းယမ်းလိုက်သည်။

“ကြည့်ရတာ ဒရုန်းတွေကို အားကိုးလို့ရတော့မယ့်ပုံ မပေါ်ဘူး။ ငါတို့ဘာသာ ပုံမှန်အတိုင်းပဲ တဖြည်းဖြည်း ချီတက်ကြတာပေါ့။”

“နားလည်ပါပြီ.. ငါ အမိန့်ပေးလိုက်ပါ့မယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေပြီးနောက် လှည့်ထွက်သွား၏။

အခြားတစ်ဖက်တွင်မူ ဟူကျဲသည် ဧရာမဘီလူးကြီးများကို ဦးဆောင်ကာ ဧရာမဘီလူးမျိုးနွယ်စု၏ နယ်မြေအသစ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ကြသည်။ သူတို့မျက်စိရှေ့မှ ရင်းနှီးလှသော အဆောက်အဦးများကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်အံ့အားသင့်သွားကြတော့သည်။

“ကျွန်းပိုင်ရှင်က တကယ်ပဲ ငါတို့ ဧရာမဘီလူးမျိုးနွယ်စုရဲ့ ရွာကို ဒီမှာ အတိအကျ ပြန်ပြီး ပုံတူကူးပေးထားတာပဲ။”

“ဟုတ်ပါ့...ဒါက တကယ့်အစစ်အတိုင်းပဲ။ မရတော့ဘူး.. ငါ အိမ်ထဲဝင်ပြီး သွားကြည့်ဦးမယ်။”

“ငါလည်း သွားကြည့်ဦးမယ်။ ဒီအိမ်တွေက ပုံစံတူတယ်ဆိုပေမဲ့.. ငါ့အတွက်တော့ ခံစားချက်ချင်း မတူသလိုပဲ။”

အခန်းများထဲသို့ ဝင်ရောက်ကြည့်ရှုပြီးနောက် ဧရာမဘီလူးများသည် အထဲရှိ ပရိဘောဂအားလုံးကို သံမဏိထည်ပစ္စည်းများနှင့် အစားထိုးပေးထားသည်ကို တွေ့ရှိခဲ့ကြ၏။

ယခင်ကမူ သူတို့၏ ပရိဘောဂအားလုံးမှာ သစ်သားများသာ ဖြစ်သည်။ ဧရာမဘီလူးမျိုးနွယ်စုထဲတွင် ပန်းပဲဆရာ ဟူ၍ မရှိလှသလို လူပုမျိုးနွယ်စုထဲတွင် ရှိနေခဲ့လျှင်ပင် ထိုသူတို့က ဧရာမဘီလူးများ၏ အော်ဒါများကို လက်ခံခြင်းမရှိကြပေ။

အဘယ်ကြောင့်ဆိုသော် ဧရာမဘီလူးများ လိုအပ်သည့်အရာများမှာ အလွန်အမင်း ကြီးမားလွန်းသောကြောင့်ပင်။

ပတ်ဝန်းကျင်သစ်ကို ခဏကြာအောင် ခံစားကြည့်ပြီးနောက် ဟူကျဲသည် ဧရာမဘီလူးစစ်သည်များကို ချက်ချင်းပြန်ခေါ်ကာ ရှေ့တန်းစစ်မျက်နှာသို့ ပြန်လည်ဦးတည်လိုက်ကြ၏။

ဧရာမဘီလူးကြီးများအားလုံး ရှေ့တန်းသို့ ပြန်ရောက်လာသည်နှင့် ရှောင်းယီက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“ရှေ့ကို ဆက်ပြီး ချီတက်ကြမယ်။”

ဧရာမဘီလူးမျိုးနွယ်စု၏ လှုပ်ရှားမှုများကို မြင်တွေ့ပြီးနောက် မသေမျိုးမျိုးနွယ်စုဘက်မှ တပ်မှူးသည်လည်း ထိုအခြေအနေကို နောက်တန်းသို့ အလျင်အမြန် သတင်းပို့လိုက်သည်။

“သူတို့ရဲ့ ချီတက်မှုအရှိန်ကို နှောင့်နှေးသွားအောင် နည်းလမ်းမှန်သမျှ သုံးပြီးတော့ တားဆီးကြစမ်း။”

မဟာအကြီးအကဲက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

မသေမျိုးမျိုးနွယ်စုဘက်မှ အမည်းရောင်အရိုးစုများသည် သူတို့၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဧရာမဘီလူးကြီးများရှိရာဘက်သို့ နောက်တစ်ကြိမ် ပြန်လည်ဦးတည်ကာ အတင်းတိုးစစ်ဆင်လာကြပြန်သည်။

ကျန်းယွင်ထျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တိုက်ရိုက်အော်ဟစ်အမိန့်ပေးလိုက်သည်။

“စက်အမြောက်တွေ.. ပစ်ခတ်ကြစမ်း။”

“ဝုန်း ဝုန်း ဝုန်း...”

စက်အမြောက်များသည် ချက်ချင်းပင် အလုပ်လုပ်ကာ မနားတမ်း ပစ်ခတ်ကြတော့သည်။ အမည်းရောင်အရိုးစုများသည် ရှေ့သို့ လုံးဝ တိုးမလာနိုင်တော့ပေ။ သို့သော်လည်း ထိုအမည်းရောင်အရိုးစုင်များကို ပစ်ခတ်ခြေမှုန်းနေရသဖြင့် သူတို့၏ ချီတက်မှုအရှိန်မှာ နှေးကွေးသွားခဲ့ရပြီး နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားခဲ့ရတော့သည်။

သူတို့မျက်စိရှေ့မှ မသေမျိုးသတ္တဝါများသည် နောင်တစ်ချိန်တွင် သူတို့၏ ချီတက်မှုကို ပိတ်ဆို့မည့် အတားအဆီးများ ဖြစ်လာမှာ သေချာ၏...။ ယခုအချိန်တွင် ပိုမိုသတ်ဖြတ်ထားနိုင်လေ လေးလံမှု လျော့နည်းလေ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ရှောင်းယီသည် ရှေ့သို့ဇွတ်တိုးရန် အလျင်မလိုဘဲ.. ရန်သူများကို အရင်ဆုံး ကောက်ရိတ်သလို ခြေမှုန်းနေခြင်းကလည်း အဆင်ပြေလှပေသည်။

ဤတစ်ကြိမ်တွင် အမည်းရောင်အရိုးစုစစ်တပ်သည် ရှောင်းယီနှင့် သူ့အဖွဲ့ကို သုံးနာရီကြာအောင် အချိန်ဆွဲ ပိတ်ဆို့ထားနိုင်ခဲ့၏။ ကောင်းကင်ကြီး တစ်ခွင်လုံး မှောင်မိုက်သွားသည့်အချိန်ကျမှသာ ထိုအမည်းရောင်အရိုးစုစစ်တပ်အား ထိုးစစ်ဆင်နေသည့် ၎င်းတို့၏ ထိုးစစ်ကို ရပ်တန့်ခဲ့ကြသည်။

ရှောင်းယီသည် အားလုံးကို ထိုနေရာတွင်သာ အနားယူစေလိုက်သည်။

ထောက်ပံ့ရေးဌာနသည် ရှေ့တန်းစစ်မျက်နှာသို့ ရိက္ခာနှင့်ပစ္စည်းများကို စတင်ပေးပို့လာခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ရှီခုန်းသည်လည်း သူ့လူများကို ဦးဆောင်ကာ အလတ်စား တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။

အဝေးသို့ ဆုတ်ခွာသွားကြသော မသေမျိုးမျိုးနွယ်စုများကို လှမ်းကြည့်ရင်း ရှောင်းယီက ပြောလိုက်၏။

“ငါ အရင်ပြန်နှင့်မယ်။ တစ်ခုခုထူးခြားတာရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်။”

“ဟုတ်ကဲ့။”

ကျန်းယွက်ထျန်းက ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ ဗီလာသို့ ပြန်လာခဲ့၏။ သူ၏ မိုဘိုင်းလ်ဖုန်းပေါ်ရှိ မက်ဆေ့ခ်ျများမှာ ၉၉+ အထိ ဖြစ်နေခဲ့ပြီဖြစ်သည်။

“အခြေအနေက ဘာကြီးလဲ။ မသေမျိုးမျိုးနွယ်စုတွေ တကယ်ပဲ နောက်ဆုတ်သွားတာလား။”

“ဟုတ်တယ်...။ ငါတို့ မဟာမိတ်အဖွဲ့ဘက်က မသေမျိုးတွေလည်း တိုက်ခိုက်တာတွေ အလိုလို ရပ်သွားကြပြီ။ သူတို့ လက်လျှော့လိုက်ကြတာလား။”

“အသိပေးချက်ထဲမှာ မသေမျိုးတွေရဲ့ အင်အားကို တိုးမြှင့်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလောက်လေးပဲ တောင့်ခံနိုင်ရတာလဲ။”

“ငါ့အထင်တော့ သူဌေး ရောင်းပေးထားတဲ့ တင့်ကားတွေ အစွမ်းပြသွားလို့ ဖြစ်လိမ့်မယ်။ ရန်သူတွေကို လက်ဦးမှုယူပြီး အလစ်အငိုက် ဖမ်းနိုင်ခဲ့တယ်လေ။”

“ငါတို့တွေ သူဌေးနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေလို့ တော်သေးပေါ့။ မဟုတ်ရင် ဘယ်လိုသေလို့ သေမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။”

“ကျေးဇူးတရားတွေကို ရင်ထဲမှာ သိမ်းထားပါတယ်...။ သူဌေး ရှိနေပေးလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။”

“ဟိုးအပေါ်ကလူ...မင်း သီချင်းဆိုချင်နေတာလား။ ဒါဆိုရင် သူဌေးရဲ့ အပန်းဖြေစခန်းက KTV မှာ ငါ လိုက်ကျွေးမယ်လေ။”

“ငါက ရင်ထဲကလာတဲ့ ခံစားချက်အစစ်အမှန်ကို ပြောပြတာပါ။ အကယ်၍ မင်းက အတင်းအကျပ် ဖိတ်ခေါ်ချင်တယ်ဆိုရင်လည်း ငါ ငြင်းမှာမဟုတ်ပါဘူး။”

မသေမျိုးမျိုးနွယ်စုများသည် ၎င်းတို့၏ တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ကြသဖြင့် လူတိုင်း ရင်ထဲမှ သက်ပြင်းချနိုင်ခဲ့ကြသည်။

ထိုစဉ် ရှောင်းယီက ဂရုထဲတွင် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။

“လူတိုင်းပဲ အားတင်းထားကြပါ။ မသေမျိုးမျိုးနွယ်စုတွေကို ခင်ဗျားတို့ရဲ့ ကျွန်းတွေပေါ် ကျူးကျော်ဝင်ရောက်ခွင့် မပေးလိုက်ကြပါနဲ့။ ဒီနှစ်ရက်အတွင်းမှာ ကျုပ် ရှေ့တန်းစစ်မျက်နှာကို အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်း ရှိတဲ့နေရာအထိ ရောက်အောင် တတ်နိုင်သမျှ အတင်းတွန်းပို့ဖို့ ကြိုးစားသွားမှာပါ။”

“ဟင်းလင်းပြင်အက်ကွဲကြောင်း ဟုတ်လား။ အဲဒါက ဘာကြီးလဲ။”

တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ထိုအချိန်ကျမှသာ ရှောင်းယီသည် မိမိအနေဖြင့် ဤသတင်းအချက်အလက်ကို လူတိုင်းသိအောင် မပြောပြရသေးမှန်း သတိပြုမိသွားခဲ့ပြီး ဂရုထဲတွင် ရှင်းပြလိုက်တော့သည်။

“ဒီလိုအရာမျိုးလည်း ရှိနေသေးတာလား။ ဒါဆို ဒီကမ္ဘာက မသေမျိုးမျိုးနွယ်စုတွေအားလုံးက အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ ကူးလာကြတာပေါ့။”

“တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပဲ။ အကယ်၍ သူဌေးသာ အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်းဆီ ရောက်သွားရင်.. ကျုပ်ကိုလည်း သွားပြီး အဝကြည့်ခွင့်ပေးပါဦး။”

“ကျုပ်လည်း သွားကြည့်ချင်တယ်။ အရင်က သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေထဲမှာပဲ ဒီလိုအရာမျိုးကို ဖတ်ဖူးခဲ့တာ။”

“သူဌေး... ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မသေမျိုးမျိုးနွယ်စုတွေကို လုံးဝ အမြစ်ပြတ်ချေမှုန်းဖို့ ပြောထားတာဆိုတော့.. အဲ့ဒါက အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်းကို ရှင်းပစ်ရမယ်လို့ ပြောတာလားဗျ။”

“ကျုပ်ရဲ့ နားလည်မှုအရဆိုရင်တော့ အဲ့ဒီအတိုင်း ဖြစ်သင့်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့ဆီမှာ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ကိုင်တွယ်ဖြေရှင်းနိုင်လောက်တဲ့ အဆင့်မြင့်နည်းပညာမျိုး မရှိဘူး မဟုတ်လား။”

“ဒါက သိသာနေတာပဲဥစ္စာ။ အရင်ကမ္ဘာမှာလည်း ဒီလိုနည်းပညာမျိုး မရှိခဲ့ဘူးလေ။ ငါတို့ရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအဆင့်က အရင်ကမ္ဘာရဲ့ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းလောက်ပဲ ရှိသေးတယ်။ ဒါက.. သူဌေးကို ချန်လှပ်ထားပြီး ပြောတာပေါ့လေ။”

“ဒါဆို မသေမျိုးမျိုးနွယ်စုတွေကို ရှင်းပစ်ဖို့ဆိုတာ သူဌေးက အဓိကသော့ချက်ပဲ။ ငါတို့ ရှိနေတာ မရှိနေတာက သိပ်ပြီး အရေးမကြီးဘူး။”

“လောလောဆယ်တော့ ကျုပ်ဆီမှာလည်း ဟင်းလင်းပြင်အက်ကွဲကြောင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိသေးဘူး။”

ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။

“သွားပြီ.. ဒါဆိုရင်တော့။ သူဌေးကတောင် နည်းလမ်းမရှိဘူးဆိုရင်.. ငါတို့ ဒီအတိုင်းပဲ လှဲအိပ်ပြီး လက်လျှော့လိုက်တော့မယ်။”

“မလုပ်ပါနဲ့ကွာ...။ ငါတို့တွေ ဒီအဆင့်အထိတောင် ရောက်လာခဲ့ကြပြီပဲ။ ဘယ်လိုလုပ်ပြီး လက်လျှော့ဖို့ ရွေးချယ်နိုင်မှာလဲ။”

“မှန်တယ်.. လှည်းက တောင်ပေါ်ရောက်ရင် လမ်းရှိလာမှာပဲ။ လှေက တံတားနား ရောက်သွားရင်လည်း သဘာဝအတိုင်း တည့်မတ် သွားမှာပဲလို့ ငါ အမြဲတမ်း ယုံကြည်တယ်။”

“အဲ့ဒီလို အခြေအနေမျိုးနဲ့ မကြုံရပါစေနဲ့လို့ ဆုတောင်းရမှာပဲ။”

“လူတိုင်းက အခုအချိန်အထိ အသက်ရှင်သန်နိုင်ဖို့အတွက် အပင်ပန်းခံ ကြိုးစားလာခဲ့ကြတာပဲ။ လက်လျှော့လိုက်ဖို့ဆိုတာ ရွေးချယ်စရာ လုံးဝမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ ကြိုးစားကြည့်ရမယ်။ အဲ့လောက်အထိ စိတ်ဓာတ်ကျမနေကြပါနဲ့။ အဲ့ဒီလက်မည်းကြီးက ငါတို့ကို မသေမျိုးတွေကို ရှင်းလင်းဖို့ အချိန်တစ်ပတ် ပေးထားတယ်ဆိုမှတော့.. သေချာပေါက် အခွင့်အရေး ရှိလို့ပဲနေမယ်။ အခုလောလောဆယ် ကျုပ်တို့ မမြင်ရသေးတာပဲ ရှိတာပါ...။ အဲ့ဒါကြောင့် ကျုပ်တို့ ပိုပြီးတော့ ကြိုးစားရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“သူဌေးပြောတာ မှန်တယ်။ အဲ့ဒီလောက်ကြီး စိတ်ပျက်မနေကြပါနဲ့။”

“ငါကတော့ သူဌေးရဲ့ ခြေလှမ်းတွေနောက်ကိုပဲ ကပ်လိုက်သွားတော့မယ်။ သူဌေးက မသေမျိုးမျိုးနွယ်စုတွေကို သေချာပေါက် ကိုင်တွယ်နိုင်ပြီး ငါတို့ကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ပေးစွမ်းနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”

လူတိုင်း၏ မက်ဆေ့ခ်ျများကို ကြည့်ပြီး ရှောင်းယီက ခေါင်းယမ်းလိုက်ကာ မိုဘိုင်းလ်ဖုန်းကို ပိတ်ပြီး ဝရန်တာဘက်သို့ လျှောက်သွားလိုက်သည်။

“ကလင်.. လင်..”

ခုနတင် ပိတ်လိုက်သော မိုဘိုင်းလ်ဖုန်းမှ အသံပြန်မြည်လာခဲ့သည်။

ရှောင်းယီတစ်ယောက် နောက်သို့ ပြန်လှည့်လာကာ ဖုန်းကို ကိုင်လိုက်ရသည်။

“ဦးလေးအန်း.. ဦးလေးတို့ဘက်မှာ တစ်ခုခု ဖြစ်လို့လား။”

“ဟုတ်တယ်.. ဒီနေ့ မဟာမိတ်အဖွဲ့ထဲမှာ မူမမှန်တဲ့ အခြေအနေတစ်ခု ဖြစ်ပွားခဲ့လို့ မင်းကို ချက်ချင်း သတင်းပို့ရတာပဲ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဘာမူမမှန်တာလဲ။”

ရှောင်းယီ အံ့ဩသွား၏။

သူသည် ယနေ့အချိန်အများစုကို ရှေ့တန်းစစ်မျက်နှာတွင် ကုန်ဆုံးခဲ့သဖြင့် ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ အခြေအနေများကို မသိရှိခဲ့ပေ။

“ဒီနေ့ ရှေးဦး သားရဲကြီး တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။”

အန်းယွဲ့က ဆိုသည်။ အန်းယွဲ့၏ စကားကို ကြားရသောအခါ ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။ သူသည် သားရဲကြီးများ၏ တိုက်ခိုက်မှုကို သတိမထားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။

ယခုအခါ မဟာမိတ်အဖွဲ့တွင် ရေငုပ်သင်္ဘောများနှင့် လျှပ်စစ်စွမ်းအင်သုံး လမ်းညွှန်တော်ပီဒိုများ ရှိနေပြီဖြစ်ရာ.. ၎င်းနှစ်ခုကို ပေါင်းစပ်လိုက်လျှင် သားရဲကြီးများကို သတ်ဖြတ်ရန်မှာ မခက်ခဲတော့ပေ။

“အဲ့ဒီကောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းရော ခုခံနိုင်စွမ်းပါ နှစ်ခုစလုံးက ပိုပြီး သန်မာလာတယ်။”

အန်းယွဲ့က ဆက်ပြောလိုက်သည်။

“နှစ်ခုစလုံး သန်မာလာတယ် ဟုတ်လား။”

ရှောင်းယီ မှင်သက်သွားခဲ့သည်။

“အတိအကျပဲ။ အရင်က ကြုံဖူးတဲ့ သားရဲကြီးတွေကိုဆိုရင် လျှပ်စစ်စွမ်းအင်သုံး လမ်းညွှန်တော်ပီဒို နှစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ခြောက်ချက်တောင် သုံးလိုက်ရတယ်။”

“အဲ့လောက်တောင် များတာလား။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။

“ကျုပ်တို့ဘက်က အကျအဆုံးတော့ မရှိဘူးမလား။”

“မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီသားရဲရဲ့ တိုက်ခိုက်မှုကြောင့် အလတ်စား ရေငုပ်သင်္ဘောတစ်စင်းတော့ ပျက်စီးသွားခဲ့တယ်။”

အန်းယွဲ့က ခေါင်းယမ်းရင်း ပြောလိုက်သည်။

“အကယ်၍ အလတ်စား ရေငုပ်သင်္ဘောတစ်စင်းကို ပျက်စီးအောင် လုပ်နိုင်တယ်ဆိုရင်တော့ သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားက တကယ်ကို ပြင်းထန်တဲ့ပုံပဲ။”

ရှောင်းယီက တည်ငြိမ်လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဦးလေးတို့ဆီမှာ တိုက်ပွဲဗီဒီယိုမှတ်တမ်း ရှိလား။ ကျုပ်ကို ကြည့်ရအောင် ပို့ပေးပါဦး။”

“ရှိတယ်.. ခဏစောင့်။ ငါ မင်းဆီကို အခုချက်ချင်း ပို့ပေးလိုက်မယ်။”

အခန်း ၁၁၇၀

ရှောင်းယီသည် ကွန်ပျူတာရှိရာသို့ ပြန်လျှောက်လာခဲ့ပြီး အန်းယွဲ့ ပို့ပေးလိုက်သော ဗီဒီယိုကို လက်ခံရရှိလိုက်သည်။

ဗီဒီယိုမှတ်တမ်းထဲတွင် မိကျောင်းတစ်ကောင်နှင့် အလွန်တူသော ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်လာ၏။ သို့သော်လည်း ၎င်း၏ခြေလေးဖက်ရှိရမည့် နေရာတွင်မူ ရေယက်ကြီးများ ဖြစ်နေခဲ့လေသည်။

ထို့ပြင် ၎င်း၏အနောက်တွင် တုတ်ကောက်ပုံသဏ္ဌာန် အမြီးကြီးတစ်ခုကိုလည်း တရွတ်တိုက် ဆွဲလာခဲ့သေးသည်။

[ တိုင်လိုဆောရတ်စ် (SSS+ အဆင့်) - ခွန်အားစွမ်းပကားများ ပိုမိုတိုးမြှင့်ပေးထားသည့် သန်မာသော ရှေးဦးသားရဲကြီး ဖြစ်သည်။ သတိထား၍ ကိုင်တွယ်ဖြေရှင်းပါ... ]

စနစ်၏ အသိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ချက်ချင်းပင် နားလည်သွားခဲ့သည်...။ ဤအရာက ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်၏ အသိပေးချက်ထဲတွင် ဖော်ပြထားသည့် ပိုမိုသန်မာလာမည့် အခြားသော စမ်းသပ်မှုများထဲမှ တစ်ခု ဖြစ်ပေသည်။

ရှောင်းယီသည် မိုဘိုင်းလ်ဖုန်းကို ထုတ်ယူကာ အန်းယွဲ့ထံသို့ ဖုန်းခေါ်ပြီး ပြောလိုက်သည်။

“ဦးလေးအန်း.. နောက်ဆိုရင် ရှေးဦး သားရဲကြီးတွေနဲ့ ကြုံရတဲ့အခါ ပိုပြီးတော့ သတိထားကြပါ။ အဲ့ဒါတွေအားလုံးက အဆင့်မြှင့်တင်ထားတဲ့ ကောင်တွေပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပြောထားတဲ့ သန်မာလာမယ့် အခြားသော စမ်းသပ်မှုတွေဆိုတာ ဒါကို ပြောတာပဲ။”

“ဒါကြောင့် ဒီတစ်ခေါက် ကြုံရတဲ့ သားရဲကြီးက ကိုင်တွယ်ရတာ တော်တော်ခက်ခဲနေသလို ခံစားရတာကိုး။”

အန်းယွဲ့ တစ်ယောက် သဘောပေါက်သွားခဲ့သည်။

“အကယ်၍ ကိုင်တွယ်ရတာ နည်းနည်း ရုန်းကန်နေရတယ်လို့ ခံစားရရင် ကျန်းယွင်ထျန်းကို ရေငုပ်သင်္ဘော အနည်းငယ်လောက် ထပ်ပြီး တည်ဆောက်ခိုင်းလိုက်ပါ။”

“လောလောဆယ်တော့ တောင့်ခံနိုင်ပါသေးတယ်။ ဒီတစ်ခေါက်က ငါတို့တွေ အငိုက်မိသွားလို့ပါ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“နောက်တစ်ခါ အဲ့ဒီသားရဲကြီးတွေကို ငါတို့ရဲ့ ရေငုပ်သင်္ဘောတွေကို ထိခိုက်ပျက်စီးအောင် လုပ်နိုင်မယ့် အခွင့်အရေးမျိုး ဘယ်တော့မှ ပေးတော့မှာ မဟုတ်ပါဘူး။”

“အင်း.. ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လာရင် ကုန်ကျစရိတ်တွေကို စိုးရိမ်မနေပါနဲ့။ ဘေးကင်းလုံခြုံမှုကို သေချာအောင် လုပ်ဆောင်နိုင်မှသာ ကျုပ်တို့တွေ ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်နိုင်လိမ့်မယ်။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။

“နားလည်ပါပြီ။”

ဤအချိန်တွင် ဧရာမဘီလူးနယ်မြေ တစ်ခုလုံး မီးရောင်များဖြင့် လင်းထိန်နေခဲ့သည်။

“ကျွန်းပိုင်ရှင် ပံ့ပိုးပေးထားတဲ့ လျှပ်စစ်မီးသီးတွေက လင်းထိန်နေတာပဲ။”

ဧရာမဘီလူးကြီးများသည် တစ်ယောက်ပြီးတစ်ယောက် ရင်သပ်ရှုမောစွာဖြင့် ရေရွတ်လိုက်ကြသည်။ မီစီကလည်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်.. အရင်က ရွာမှာတုန်းကဆိုရင် ညဘက်ဆို မီးပုံပွဲတွေကိုပဲ အားကိုးပြီး အလင်းရောင် ယူခဲ့ရတာ။ အခုတော့ အဲ့ဒါတွေ မလိုအပ်တော့ဘူး ထင်တယ်။”

အားလုံးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“သခင်မ မီစီ.. ကျွန်မ အနီးနားမှာ တောအုပ် တော်တော်များများကို တွေ့မိတယ်။ မြေယာအသစ်တွေ ဘယ်တော့လောက် စဖော်ရမလဲ။”

ထောက်ပံ့ရေးဌာနမှ ဧရာမဘီလူးကြီးတစ်ယောက်က လှမ်းမေးလိုက်သည်။

“အဲ့အကြောင်း ငါ ဗဟိုတိုင်းမှူးအန်းဆီကို အရင်ဆုံး သတင်းပို့ပြီး မေးကြည့်ရဦးမယ်။”

မီစီက ပြန်ဖြေလိုက်သည်။

“ကျွန်မတို့က စိုက်ပျိုးရေး လုပ်ဖို့အတွက်တောင် အထက်လူကြီးတွေကို သတင်းပို့နေရဦးမှာလား။”

ထိုဘီလူး ဝေခွဲမရစွာ မေးလိုက်သည်။ မီစီက ခေါင်းညိတ်ပြလိုက်၏။

“ဒီကျွန်းပေါ်က မြေဆီလွှာက ငါတို့ အမိမြေက မြေဆီလွှာနဲ့ မတူဘူး။ ဒါကြောင့် သေချာအောင် မေးကြည့်ရဦးမယ်။”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ဤနေရာတွင် မီစီက အနည်းငယ် တွေးတောလိုက်ပြီးနောက် ဧရာမဘီလူးမျိုးနွယ်စုများအတွက် အထူးပြုလုပ်ပေးထားသည့် ဧရာမ မိုဘိုင်းလ်ဖုန်းကြီးကို အသုံးပြုကာ အန်းယွဲ့ထံသို့ ဖုန်းခေါ်လိုက်သည်။

“မစ္စမီစီ.. ညနက်သန်းခေါင်ကြီး ဖုန်းခေါ်လာရတဲ့ အကြောင်းရင်းကို သိပါရစေ။”

အန်းယွဲ့က မေးလိုက်သည်။

“ဗဟိုတိုင်းမှူးအန်း.. ကျွန်မ မေးချင်တာက အဲ့ဒီတောအုပ်တွေထဲမှာ မြေယာအသစ်တွေကို တိုက်ရိုက် ဖော်ထုတ်ပြီး စိုက်ပျိုးလို့ ရနိုင်မလားလို့ပါ။”

အန်းယွဲ့တစ်ယောက် အနည်းငယ် မှင်သက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

“မရသေးပါဘူး။”

မီစီတစ်ယောက် ကြောင်အသွား၏။

“ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ အခု မြေယာအသစ် ဖော်ထုတ်လိုက်ရင်တောင် ဘာမှ စိုက်ပျိုးလို့ ရမှာမဟုတ်လို့ပဲ။”

မီစီ မမေးမီမှာတင် အန်းယွဲ့က အရင်ဆုံး ရှင်းပြလိုက်သည်။

“ဘာဖြစ်လို့လဲ။”

မီစီတစ်ယောက် ဝေခွဲမရ ဖြစ်သွားခဲ့တော့သည်။

တောအုပ်ကြီးများမှာ အလွန်အမင်း စိမ်းလန်းစိုပြည်နေပါလျက် အဘယ်ကြောင့် ကောက်ပဲသီးနှံများ စိုက်ပျိုး၍ မရနိုင်ရသနည်း။

“ဘာဖြစ်လို့လဲဆိုတော့ အုတ်မြစ်ကျောက်ကျွန်း ချဲ့ထွင်ပြီးခါစမှာ ရရှိလာတဲ့ မြေဆီလွှာတွေက သဲဆန်တဲ့ မြေအမျိုးအစား ဖြစ်နေလို့ပဲ။ အဲ့ဒါက ကောက်ပဲသီးနှံတွေ ကြီးထွားဖို့အတွက် မသင့်တော်ဘူး။”

အန်းယွဲ့က ဆက်လက်ရှင်းပြလိုက်သည်။

“ဒါပေမဲ့ အဲ့ဒီတောအုပ်တွေနဲ့ ချုံပုတ်တွေကျတော့ ဘယ်လိုဖြစ်တာလဲ။”

မီစီက ဇဝေဇဝါဖြင့် မေးလိုက်ပြန်သည်။

“အဲ့ဒါတွေက သဲဆန်တဲ့မြေနဲ့ ကိုက်ညီပြီး အလိုအလျောက် ပေါ်ထွက်လာတဲ့ အပင်တွေ မို့လို့ပါ။ အဲ့ဒီတောအုပ်တွေထဲက မြေဆီလွှာတွေ စိုက်ပျိုးလို့ သင့်တော်တဲ့အဆင့်အထိ ဆင့်ကဲပြောင်းလဲလာဖို့အတွက် အချိန်ကာလတစ်ခုတော့ လိုအပ်လိမ့်မယ်။”

အန်းယွဲ့က ဆက်ပြောလိုက်သည်။

“ဒါဆိုရင် အဲ့ဒီအဆင့်အထိ ရောက်ဖို့ ဘယ်လောက်အထိ အချိန်ယူရမလဲ။”

မီစီက မေးလိုက်သည်။

“အရင်ကဆိုရင်တော့ သဲဆန်တဲ့မြေကနေ စိုက်ပျိုးလို့ရတဲ့ မြေဆီလွှာဖြစ်ဖို့ တစ်ပတ်လောက် အချိန်ယူရတယ်။ ဒါပေမဲ့ အခုကတော့ မသေချာတော့ဘူး။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“အဲ့ဒီအချိန်အပိုင်းအခြားက တကယ်ပဲ ဆင့်ကဲပြောင်းလဲသွားနိုင်တာလား။”

မီစီက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“အုတ်မြစ်ကျောက်ကျွန်းရဲ့ ဧရိယာက တဖြည်းဖြည်းနဲ့ ဆက်လက်ချဲ့ထွင်လာတာနဲ့အမျှ.. အရင်းအမြစ် အသစ်တွေ ပေါ်ထွက်လာမှုနဲ့ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်မှု အရှိန်အဟုန်က သက်ရောက်မှု ရှိသွားလိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့ အခြေအနေကို ခဏလောက် ထပ်ပြီး စောင့်ကြည့်ရဦးမယ်။”

အန်းယွဲ့က ရှင်းပြလိုက်၏။ မီစီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“နားလည်ပါပြီ။ ဒါဆို အခုလောလောဆယ် ကျွန်မတို့ အနီးနားမှာ ရိက္ခာတွေ စိုက်ပျိုးလို့ မရသေးဘူးဆိုတဲ့ သဘောပေါ့ ဟုတ်လား။”

“အင်း.. အရင်ဆုံး ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်ပါဦး။ သိပ်တော့ အကြာကြီး စောင့်ရမှာ မဟုတ်ပါဘူး။”

အန်းယွဲ့က ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆိုရင် ကျွန်မတို့ လောင်ယွမ်ရဲ့ နေရာမှာ သွားပြီး ကူညီပေးလို့ ရမလား။”

“ရတာပေါ့.. လောင်ယွမ်ကလည်း မင်းတို့ လာကူညီမှာကို သေချာပေါက် အရမ်းဝမ်းသာနေပါလိမ့်မယ်။”

အန်းယွဲ့က ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့.. ဒါဆို ကျွန်မ လောင်ယွမ်ဆီကို ဖုန်းဆက်လိုက်ပါဦးမယ်။”

မီစီက ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်ကာ ယွမ်နွန်ထံသို့ ဖုန်းထပ်ခေါ်လိုက်တော့သည်။

မိမိတို့ လာရောက်ကူညီလိုသည့် ဆန္ဒကို ယွမ်နွန်အား ပြောပြပြီးနောက် ယွမ်နွန်တစ်ယောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။

“မင်းတို့ ဒီကိုလာပြီး ကူညီပေးမယ်ဆိုရင်တော့ ဝမ်းသာအားရ ကြိုဆိုပါတယ်။ ဘာပဲပြောပြော ဒီဧရာမအပင်ကြီးတွေက အရမ်း ကြီးးလွန်းတယ်။”

“ကောင်းလိုက်တာ...။ ဒါဆိုရင် ကျွန်မတို့ မနက်ဖြန်မနက်စောစော ထွက်လာခဲ့ပါ့မယ်။”

မီစီက ချက်ချင်း ပြောလိုက်သည်။

“အင်း.. မနက်ဖြန်မနက်မှ တွေ့ကြတာပေါ့။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

ဤအချိန်တွင် ယွမ်နွန်သည် ဓာတ်ခွဲခန်းထဲ၌ ရှိနေခဲ့ပြီး.. ထိုဧရာမကောက်ပဲသီးနှံများ၏ ဧရာမဗီဇများကို အခြားသော ကောက်ပဲသီးနှံများထဲသို့ ကူးပြောင်းရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

“သီအိုရီအရဆိုရင်တော့ ဘာပြဿနာမှ မရှိသင့်ဘူး။”

ယွမ်နွန်က မျိုးဗီဇဆက်စပ်မှု ပြုလုပ်ပြီးသွားသော အပင်များကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“လောင်ယွမ်.. ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ။”

အနီးနားရှိ တပည့်ဖြစ်သူတစ်ဦးက လှမ်းမေးလိုက်သည်။

“မျိုးစပ်ထားတဲ့ အပင်တွေကို စမ်းသပ်စိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေးခြံဆီ ပို့လိုက်ပါ။”

ယွမ်နွန် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာကြီး။”

ယွမ်နွန်သည် သူ၏ အဖြူရောင်ဓာတ်ခွဲခန်းဝတ်စုံကို ချွတ်လိုက်ပြီး အားလုံး၏ မောပန်းနွမ်းနယ်နေသော မျက်နှာများကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“အားလုံးပဲ ပြန်ပြီးတော့ နှစ်ရက်လောက် ကောင်းကောင်းမွန်မွန် အနားယူလိုက်ကြဦး။ မင်းတို့ကို ခွင့်ရက်ပေးတယ်။”

“ဟေရေး...ကျေးဇူးအများကြီးတင်ပါတယ် လောင်ယွမ်...”

“မိုက်လိုက်တာ။ ငါတော့ အပန်းဖြေစခန်းကို သွားပြီး အပန်းဖြေတော့မယ်။”

“ငါလည်း သွားမယ်ဟေ့။ အပန်းဖြေစခန်းကို ရောက်သွားတိုင်း ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ အားသွင်းလိုက်ရသလိုမျိုး ခံစားရတယ်။”

ထိုတပည့်များမှာ စကားတပြောပြောဖြင့် ထွက်ခွာသွားကြတော့သည်။

သူတို့မသိကြသည်မှာ ၎င်းမှာ အပန်းဖြေစခန်း၏ အဆောက်အဦးဆိုင်ရာ အထူးဂုဏ်သတ္တိတစ်ခု ဖြစ်နေခြင်းပင် ဖြစ်သည်။

ဧရာမမျိုးစပ်မှု ပြီးဆုံးသွားသော အပင်များကို စိုက်ပျိုးရေးခြံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြပြီး.. စက်ရုပ်သည်လည်း ၎င်းတို့အားလုံးကို ချက်ချင်းပင် စိုက်ပျိုးပေးခဲ့သည်။

ရှောင်းယီမှာမူ ယခုအချိန်တွင် ကုတင်ပေါ်၌ လှဲလျောင်းလျက် သူ၏ မိုဘိုင်းလ်ဖုန်းကို ကြည့်နေခဲ့သည်။

“မသေမျိုးမျိုးနွယ်စုတွေက ညဘက်ကျမှ ငါတို့ကို အလစ်အငိုက် လာပြီး တိုက်ခိုက်တာမျိုးတော့ မလုပ်လောက်ပါဘူးနော်။”

“ပြောရခက်တယ်။ အစောပိုင်းတုန်းကဆိုရင် မသေမျိုးမျိုးနွယ်စုတွေက ငါတို့မဟာမိတ်အဖွဲ့ကို ညဘက်တွေမှာ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ့ရှိတယ်။”

“ဒါဆိုရင် ငါတို့တွေ ကောင်းကောင်း အနားမယူရတော့ဘူးပေါ့။”

“ရပါတယ်.. စစ်သည်တွေကို အလှည့်ကျ ကင်းစောင့်ခိုင်းထားလိုက်ရုံပဲ။ အကယ်၍ သူတို့ကို တွေ့တာနဲ့ လူတိုင်းကို ချက်ချင်း နှိုးလိုက်ပေါ့။ သူတို့ရဲ့ အရှိန်က ငါတို့ စိတ်ကူးထားသလောက် မမြန်ပါဘူး။”

“အဲ့ဒါလည်း ဟုတ်တာပဲ။ ဒါဆို ငါလည်း ဖုန်းပိတ်တော့မယ်။ မသေမျိုးတွေ မတိုက်ခိုက်သေးခင်လေး အိပ်ရေးဝအောင် အိပ်ဦးမှ။”

ထိုအခြေအနေများကို မြင်တွေ့ပြီးနောက် ရှောင်းယီသည်လည်း သူ၏ ဖုန်းကို ပိတ်ကာ လှဲအိပ်လိုက်တော့သည်။

ရှောင်းယီသည် မသေမျိုးမျိုးနွယ်စုများ သန်းခေါင်ယံအချိန်လောက်တွင် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း.. အံ့ဩစရာကောင်းစွာဖြင့် မနက်ငါးနာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နိုးနိုးချင်း ပထမဆုံးအလုပ်အနေဖြင့် သူသည် ရှေ့တန်းစစ်မျက်နှာရှိ အခြေအနေများကို မေးမြန်းရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။

“အစ်ကိုကျန်း.. မသေမျိုးတွေက မနေ့က တစ်ညလုံး ဘာတိုက်ခိုက်မှုမှ မလုပ်ခဲ့ဘူးလား။”

ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတဆင့် လှမ်းမေးလိုက်သည်။

“မလုပ်ဘူး။ အဖွဲ့ငယ်လေးတွေနဲ့ လာပြီး နှောင့်ယှက်တာမျိုးတောင် မရှိဘူး။ ရှေ့တန်းက စစ်သည်တွေအားလုံး အလှည့်ကျ အနားယူခွင့် ရခဲ့ကြတယ်။”

ကျန်းယွင်ထျန်းက ချက်ချင်း ပြန်ဖြေလာခဲ့သည်။

“ကြည့်ရတာ သူတို့တွေ နောက်ထပ် အကွက်ကြီးတစ်ခုကို ကြံစည်နေကြတဲ့ပုံပဲ။”

ရှောင်းယီက ဆိုသည်။

“အစ်ကိုကျန်း မင်းလည်း နောက်တန်းကို ပြန်လာပြီး ခဏလောက် အနားယူလိုက်ပါဦးလား။”

“မလိုပါဘူး...။ ငါ စစ်သည်သယ်ယူပို့ဆောင်ရေးလေယာဉ်ထဲက အိပ်ခန်းထဲမှာ အနားယူပြီးပြီ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ.. ဒါဆိုရင် ငါ ခဏနေရင် အြဲဘက်ကို လာခဲ့မယ်။”

ရှောင်းယီက ပြန်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်ကာ မနက်ခင်း ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

နှစ်နာရီကြာပြီးနောက် ရှောင်းယီသည် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး ရေချိုးခန်းထဲတွင် ရေချိုးသန့်စင်ကာ စိတ်ထဲမှနေ၍ ရေရွတ်လိုက်တော့သည်။

“စနစ်.. လက်မှတ်ထိုးဝင်မယ်။”

All Chapters