အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း ၁၇၁ ရှေးဟောင်းနတ်ဘုရား
ချင်ခဲ့သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏ သိုလှောင်အိတ်ထဲမှ အလင်းတန်းတစ်ခု ပျံထွက်လာပြီး ကြီးမားသော သစ်ရွက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုသစ်ရွက်ကို မြင်လိုက်ရုံဖြင့် ချန်လော့၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွား၏။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ပျံသန်းခြင်းမှော်လက်နက်တစ်ခုဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သိလိုက်သည်။
သူသည် ဘာမှမပြောဘဲ ချက်ချင်းပင် လွှားခနဲ ခုန်တက်လိုက်တော့သည်။ ထိုအရာကို မြင်သည်နှင့် ကျန်ရှိနေသူများလည်း လိုက်လံခုန်တက်ခဲ့ကြသည်။
ထိုလောက်ကောင်ကြီးမှာ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ချက်ချင်းပင် တုန်လှုပ်သွား၏။ နောက်တစ်စက္ကန့်တွင် ၎င်းသည် သစ်ရွက်ပေါ်ရှိ လူများကို လှမ်း၍ တိုက်ခိုက်လေတော့သည်။
ထိုအခါ ချင်ခဲ့၏ မျက်လုံးများထဲတွင် အေးစက်စက် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် လက်ညှိုးတစ်ချက် တောက်လိုက်ရုံဖြင့် ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်သွားပြီး လောက်ကောင်ကြီးဆီသို့ ပိုင်းဖြတ်သွားခဲ့သည်။
ထိုစူးရှလှသော အလင်းတန်းမှာ အလွန်တရာ မြန်ဆန်လှ၏။ လောက်ကောင်ကြီးသည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။
"ဖူး~"
စူးရှသော အလင်းတန်းသည် လောက်ကောင်ကြီး၏ ခန္ဓာကိုယ်ကို တည့်တည့်ကြီး ပိုင်းဖြတ်သွားပြီးနောက် သဲထဲသို့ နစ်ဝင်သွားသည်။
လောက်ကောင်ကြီး၏ ခန္ဓာကိုယ်မှာ ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားပုံမပေါ်ဘဲ ရှေ့သို့ ဆက်လက်တွားသွားနေဆဲ ဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သွေးများ ပန်းထွက်လာပြီး လောက်ကောင်ကြီး၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားလေတော့သည်။
ထိုအချိန်တွင် ချင်ခဲ့၏ ကျောပေါ်၌ ပါလာသော ချင်မုနှင့် အခြားသူများမှာ ပျံသန်းခြင်းသစ်ရွက်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လောက်ကောင်ကြီး နှစ်ပိုင်းပြတ်သွားသည်ကို မြင်လိုက်ရသဖြင့် ကျောက်မန်မှာ ကျောချမ်းသွားရုံသာမက နှလုံးသားထဲအထိ အေးစက်သွားတော့သည်။
'သူက အသာအယာ လှုပ်ရှားလိုက်ရုံနဲ့ နတ်ဝိညာဉ်အဆင့်ရှိတဲ့ လောက်ကောင်ကြီးကို သတ်ပစ်လိုက်တာပဲ။'
ဘေးတွင် ရပ်နေသော ချန်လော့လည်း အတန်ငယ် တုန်လှုပ်သွားမိသည်။
အမှန်စင်စစ် ချင်မုတို့နှင့်မတူဘဲ သူနှင့် ကျောက်မန်သည် အစွမ်းထက်လှသော ဂိုဏ်းကြီးများထဲတွင် ကြီးပြင်းလာခဲ့ကြသူများ မဟုတ်ပေ။ နတ်ဝိညာဉ်အဆင့်ရှိသော ထိပ်တန်းစွမ်းအားရှင် တစ်ဦး၏တိုက်ခိုက်မှုကို ဒါပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူတို့နောက်မှ ချော်ရည်များမှာ နီးကပ်လာဆဲဖြစ်သည်ကို မြင်သဖြင့် ချင်ခဲ့သည် လူအုပ်ကိုဦးဆောင်ကာ ကောင်းကင်ယံ ထက်ဝက်ခန့် အမြင့်သို့ ပျံသန်းခဲ့သည်။
ချော်ရည်များမှာ သူတို့အောက်ခြေတွင် မိုင်ပေါင်းများစွာအထိ ဆန့်တန်းစီးဆင်းနေ၏။ ကောင်းကင်ပေါ်မှ ငုံ့ကြည့်လိုက်လျှင် ထိုချော်ရည်များ ဖုံးလွှမ်းထားသော ကျယ်ပြန့်လှသည့် နယ်မြေကြီးကို မြင်တွေ့ရပေလိမ့်မည်။
"ကြည့်ရတာ ဒီနေရာကတော့ နောက်လာမယ့် နှစ်အနည်းငယ်အထိ ချော်ရည်အိုင်ကြီးတစ်ခု ဖြစ်နေတော့မှာပဲ"
ချင်ခဲ့က ခါးသက်သက်အပြုံးဖြင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"ဒီချော်ရည်တွေက နှစ်ပေါင်းထောင်ချီကြာအောင် ပေါက်ကွဲနေနိုင်တာလားဟင်"
ဘေးတွင် ရပ်နေသော ကျောက်မန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ အခြားသူများ၏ မျက်နှာပေါ်တွင်လည်း မတင်မကျဖြစ်နေသော ဝေခွဲမရသည့် အရိပ်အယောင်များ အသီးသီး ပေါ်လာကြသည်။
ချင်ခဲ့က ခပ်ပြုံးပြုံးဖြင့် သူတို့အောက်ခြေရှိ သွေးသဲကန္တာရကို ညွှန်ပြလိုက်သည်။
"မင်းတို့ သိလား... သွေးသဲကန္တာရကို ဘာလို့ သွေးသဲကန္တာရလို့ ခေါ်လဲဆိုတာ"
ချန်လော့က အခြေအနေကို ချက်ချင်းပင် ရိပ်မိသွားသည်။
"သွေးသဲကန္တာရထဲက 'သွေး' ဆိုတာ ချော်ရည်တွေကို ပြောတာလား"
"အဲလိုပြောလို့လည်း ရပါတယ်"
ချင်ခဲ့က ခေါင်းညိတ်လိုက်ပြီးမှ ဆက်ပြောသည်။
"ဒါပေမဲ့ အဲဒါက လုံးဝဥဿုံတော့ မမှန်သေးဘူး"
ထိုစကားကို ကြားသော် လူတိုင်း အံ့အားသင့်သွားကြပြီး ချင်ခဲ့၏ဆိုလိုရင်းက်ို နားမလည်နိုင် ဖြစ်သွားကြသည်။ သူတို့၏ ဝေခွဲမရသော မျက်နှာပေးများကို မြင်သောအခါ ချင်ခဲ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး၊
"မင်းတို့က သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲကို ဝင်တော့မှာဆိုတော့... ဒီတာအိုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို မင်းတို့ကို ပြောပြဖို့ အချိန်တန်ပါပြီ"
ထိုစကားကြောင့် လူတိုင်း စိတ်ဝင်စားသွားကြပြီး ချင်ခဲ့ထံသို့ အာရုံစိုက်လိုက်ကြသည်။ ချင်ခဲ့ကလည်း အချိန်ဆွဲမနေဘဲ လိုရင်းကို တိုက်ရိုက်ပြောပြလေတော့သည်။
"ရှေးဟောင်းကာလတုန်းက... လူသားမျိုးနွယ်တွေ မထွန်းကားခင်ကတည်းက ရှေးဟောင်းနတ်ဘုရားလို့ ခေါ်တဲ့ သတ္တဝါတစ်မျိုး တည်ရှိခဲ့ဖူးတယ်"
"သူတို့က ကောင်းကင်နဲ့ မြေကြီးကြားမှာ မွေးဖွားလာကြပြီး အတိုင်းအဆမရှိတဲ့ မြင့်မြတ်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတာ။ သူတို့ဟာ မွေးဖွားလာတာနဲ့ စစ်မှန်နတ်ဘုရားအဆင့်နဲ့ ညီမျှတဲ့ စွမ်းအားရှိတယ်လို့ ပြောစမှတ်ပြုကြတယ်"
'စစ်မှန်နတ်ဘုရား အဆင့်ရဲ့ စွမ်းအားဟုတ်လား။ အဲဒါက ဘယ်လိုကျင့်ကြံခြင်းအဆင့်မျိုးပါလိမ့်။'
ချန်လော့ ခဏမျှ ကြောင်အမ်းသွားသည်။
သူလက်ရှိ သိထားသည့် ကျင့်ကြံခြင်းအဆင့်မှာ ငါးဆင့်သာ ရှိသေးသည်။ သူသည် ချီသန့်စင်ခြင်း၊ အခြေခံတည်ဆောက်ခြင်း၊ ရွှေမြုတေအဆင့်၊ နတ်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တို့ကိုသာ သိထားပြီး ထိုအဆင့်များနောက်က ကျင့်ကြံခြင်းအဆင့်များကို မသိသေးပေ။
သူ၏ ယခင်ဘဝတုန်းက ကျင့်ကြံရေးဝတ္ထုများစွာ ဖတ်ခဲ့ဖူးသော်လည်း ဤကမ္ဘာ၏ လက်တွေ့ကျင့်ကြံခြင်းအဆင့်များမှာ ယခင်ဘဝက ဝတ္ထုများအတိုင်း ဟုတ်မဟုတ်ကိုမူ သူ သေချာမသိသေးပေ။ ချန်လော့က အတွေးများကို ရပ်လိုက်ပြီး ချင်ခဲ့ပြောသည်ကို ဆက်လက်နားထောင်လိုက်သည်။
"နောက်ပိုင်းမှာတော့... ဘာကြောင့်လဲ မသိရတဲ့ အကြောင်းရင်းတွေကြောင့် ရှေးဟောင်းနတ်ဘုရားတွေဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပြီး လူသားမျိုးနွယ်တွေက တဖြည်းဖြည်း ထွန်းကားလာခဲ့ကြတယ်"
"နောက်ဆုံးကျန်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက သေဆုံးသွားခဲ့တာ ဖြစ်ပြီး... ဒီသွေးသဲကန္တာရဟာ အဲဒီနတ်ဘုရားရဲ့ သင်္ချိုင်းမြေပဲ"
"သူ့ရဲ့ စိတ်ဝိညာဉ် ကွယ်ပျောက်သွားခဲ့ပေမဲ့... သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ပျက်စီးမသွားဘဲ ထာဝရ တည်တံ့နေခဲ့တယ်"
"အဲဒီနောက်ပိုင်း ကျင့်ကြံသူ စွမ်းအားရှင်ကြီးအချို့က တန်ဖိုးရှိတဲ့ အရာတစ်ခုခု ရမလားဆိုပြီး အဲဒီခန္ဓာကိုယ်ကို ဖြတ်တောက်ကြည့်ဖို့ ကြံစည်ခဲ့ကြတယ်"
"ဒါပေမဲ့ အဲဒီခန္ဓာကိုယ်ကို ဆွဲဖြဲလိုက်တဲ့ ခဏမှာပဲ... သွေးတွေဟာ ချက်ချင်း ရေတွက်လို့မရတဲ့ ချော်ရည်ပူတွေအဖြစ် ပြောင်းလဲပြီး ပန်းထွက်လာခဲ့ကာ အဲဒီကျင့်ကြံသူတွေကို ချော်ရည်တွေနဲ့ သေဆုံးသွားစေခဲ့တယ်"
"အဲဒီနောက် ချော်ရည်တွေက အဆုံးမရှိသလိုမျိုး ဆက်တိုက်ထွက်လာပြီး နန်ချန်တိုက်ကြီးတစ်ခုလုံးဆီကို စဉ်ဆက်မပြတ် ပျံ့နှံ့သွားခဲ့တယ်"
"နန်ချန်တိုက်ကြီး ပျက်သုဉ်းမယ့်အန္တရာယ်ကနေ ကယ်တင်ဖို့အတွက်... ဖြောင့်မတ်သောတာအိုနဲ့ မိစ္ဆာတာအိုတို့ဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းခဲ့ကြပြီး စွမ်းအားရှင်ကြီးတွေက အမျိုးမျိုးသော မှော်အတတ်တွေ၊ ဝင်္ကပါတွေကို အသုံးပြုပြီး ချော်ရည်တွေနဲ့ ရုပ်အလောင်းကို မြေအောက်ထဲမှာ မြှုပ်နှံခဲ့ကြရတယ်"
"ပြီးတော့ ဒီချော်ရည်တွေကြောင့်ပဲ အပေါ်မှာရှိတဲ့ မူလသစ်ပင်ပန်းမာန်တွေ၊ ဝိညာဉ်သားရဲတွေနဲ့ ဝိညာဉ်ဆေးပင်တွေအားလုံး ပျက်စီးသွားပြီး ကန္တာရအဖြစ် ပြောင်းလဲသွားခဲ့ရတယ်။ ဒါကြောင့်ပဲ သွေးသဲကန္တာရဆိုတာ ဖြစ်ပေါ်လာခဲ့တာပေါ့"
ချင်ခဲ့၏ ရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်း အံ့အားသင့်စွာဖြင့် သက်ပြင်းချမိကြတော့သည်။
ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ သွေးကပင် ဤမျှလောက်အထိ ဖျက်ဆီးနိုင်စွမ်း ရှိလှသည်။ သို့ဆိုလျှင် ထိုရှေးဟောင်းနတ်ဘုရားများ သက်ရှိထင်ရှား ရှိစဉ်က မည်မျှပင် အစွမ်းထက်လိုက်မည်နည်း။
တစ်ဖက်တွင်လည်း ချန်လော့မှာ ချင်ခဲ့၏ ပြောပြချက်ကို ကြားပြီးနောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
'ရှေးဟောင်းနတ်ဘုရားက သေသွားပြီ၊ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က ပျက်စီးမသွားဘူး။ အဲဒီလိုဆိုရင် အဲဒီရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်က သွေးသဲကန္တာရရဲ့ အောက်ခြေ ချော်ရည်တွေထဲမှာ ရှိနေသေးတာပေါ့။'
'ငါသာ အဲဒီချော်ရည်တွေကို အောင့်ခံနိုင်ရင်... အောက်ကို ဆင်းပြီး သူ့ခန္ဓာကိုယ်ကို သွားယူလို့ရမလား။'
ဤသို့ တွေးမိသည်နှင့် ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို မနည်းအောင့်အည်း ထိန်းထားရတော့သည်။ ရှေးဟောင်းနတ်ဘုရား၏ လက်ရှိခန္ဓာကိုယ် အခြေအနေကို သူ မသိသော်လည်း၊ စစ်မှန်နတ်ဘုရား အဆင့်နဲ့ ညီမျှခဲ့ဖူးသော သတ္တဝါတစ်ကောင် ဖြစ်သဖြင့် နှစ်ပေါင်းသန်းချီ သေဆုံးနေခဲ့လျှင်ပင် ၎င်း၏အသားနှင့် သွေးများမှာ အလွန်တန်ဖိုးရှိနေဦးမည် ဖြစ်သည်။
'ငါသာ အဲဒါကို ရခဲ့ရင်... အစိမ်းလိုက် စားရရင်တောင်မှ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်မှာပဲ။'
ဤသို့တွေးရင်း ချန်လော့မှာ ပို၍ပင် ပျော်ရွှင်စွာ ပြုံးမိနေတော့သည်။
ထိုအချိန်တွင် ချင်ခဲ့နှင့် အခြားသူများမှာ ချန်လော့ကို ကြောင်ကြည့်နေကြပြီး သူ ဘာဖြစ်နေမှန်း ဝေခွဲမရ ဖြစ်နေကြသည်။
'ချန်လော့ ဘာတွေကြံစည်နေပြန်ပြီလဲ’
ကျန်သူများကို မြင်ပြီး ချန်လော့သည် ချက်ချင်းပင် ချောင်းဟန့်ကာ စိတ်ကို ထိန်းလိုက်ပြီး အရှက်ပြေစေရန် စကားလမ်းကြောင်း လွှဲလိုက်ရသည်။
"ဒါဆို ဒီသွေးသဲကန္တာရ လျှို့ဝှက်နယ်မြေကလည်း အဲဒီရှေးဟောင်းနတ်ဘုရားနဲ့ သက်ဆိုင်နေတာပေါ့"
ချင်ခဲ့က ခေါင်းညိတ်ပြကာ ဆိုလိုက်သည်။
"အတိအကျပြောရရင်... လျှို့ဝှက်နယ်မြေဆိုတာ ရှေးဟောင်းနတ်ဘုရားတွေကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ"
"ရှေးဟောင်းနတ်ဘုရားတွေမှာ ဟင်းလင်းပြင် ထိန်းချုပ်ခြင်းလို့ခေါ်တဲ့ အထူးစွမ်းအားတစ်ခု ရှိကြတယ်။ လွယ်လွယ်ပြောရရင်တော့... ရုပ်ပိုင်းဆိုင်ရာ ကွန်တိန်နာ မလိုတဲ့ သိုလှောင်အိတ်မျိုးပေါ့"
"သူတို့က သူတို့ရဲ့ ရတနာအားလုံးကို အဲဒီထဲမှာ ထည့်ထားလေ့ရှိပြီး သူတို့ သေဆုံးသွားပြီးတဲ့နောက်မှာလည်း အဲဒီဟင်းလင်းပြင်က ပျောက်ကွယ်မသွားဘူး"
"ဒါပေမဲ့ အနှစ်သာရအားဖြင့်တော့... သူတို့ကလည်း မှော်ရတနာတစ်မျိုးဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ စိတ်ဝိညာဉ် ရှိကြတယ်။ စိတ်ဝိညာဉ် ရှိတယ်ဆိုတာ ဝိညာဉ်စွမ်းအင် လိုအပ်တယ်ဆိုတဲ့ သဘောပဲ"
"ဒါပေမဲ့ သူတို့မှာ သခင်မရှိတော့တဲ့အတွက် သူတို့ကို ဝိညာဉ်စွမ်းအင် ပံ့ပိုးပေးမယ့်သူလည်း မရှိတော့ဘူး။ အဲဒီတော့ သဘာဝအလျောက် ဆက်လက်ရှင်သန်နိုင်ဖို့အတွက် သူတို့ဟာ သူတို့ရဲ့ အတွင်းကမ္ဘာကို ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝလာအောင် အပြင်လောကကနေ ဝိညာဉ်စွမ်းအင်တွေ စုပ်ယူဖို့အတွက် သူတို့ရဲ့ ဟင်းလင်းပြင်ကို အခါအားလျော်စွာ ဖွင့်ဟပေးလေ့ရှိကြတယ်။ ဒါပေမဲ့ အခြားသူတွေရဲ့ အန္တရာယ်ပြုမှုကို မခံရအောင်... သူတို့ဟာ ဟင်းလင်းပြင်ကို ဖွင့်တဲ့အချိန်တိုင်းမှာ ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားတဲ့သူတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ရေးစနစ်တွေကို သတ်မှတ်ထားလေ့ရှိတယ်"
"အဲဒါကိုပဲ ငါတို့က အခု သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေလို့ ခေါ်ကြတာပေါ့"
ထိုစကားကို ကြားပြီးနောက် လူတိုင်း အောက်ခြေရှိ စီးဆင်းနေသော ချော်ရည်များကို ပြန်လည်ငုံ့ကြည့်လိုက်ကြသည်။
"ဒီချော်ရည်တွေက နန်ချန်တိုက်ကြီးတစ်ခုလုံးကို ပြန့်နှံ့သွားတာမျိုး မဖြစ်နိုင်တော့ဘူးလားဟင်"
ကျောက်မန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
ချင်ခဲ့က ခေါင်းခါယမ်းကာ ။
"စိုးရိမ်စရာမရှိဘူး.. နှစ်ပေါင်းသန်းချီ ကုန်လွန်သွားခဲ့ပြီဖြစ်လို့ ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်စွမ်းအားက သိသိသာသာ အားနည်းသွားပါပြီ။ အရင်လို မဟုတ်တော့ပါဘူး"
"ဒီချော်ရည်တွေက နှစ်ပေါင်းထောင်ချီ ဆက်ရှိနေဦးမှာ မှန်ပေမဲ့... ကြီးကြီးမားမား ပေါက်ကွဲတာမျိုးတော့ မရှိနိုင်တော့တဲ့အတွက် နန်ချန်တိုက်ကြီးအတွက် အန္တရာယ်အများကြီး မရှိနိုင်တော့ပါဘူး"
ထိုအကြောင်းကို ပြောရင်း ချင်ခဲ့သည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါ့အပြင်... ဒီချော်ရည်တွေက ရှေးဟောင်းနတ်ဘုရားရဲ့ သွေးတွေကနေ ဖြစ်တည်လာတာမို့လို့ သူတို့ရဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ ခန္ဓာကိုယ်ကျင့်ကြံမှုအတွက်ဆိုရင် ဒီနယ်မြေမှာ မမျှော်လင့်ထားတဲ့ အံ့ဖွယ်အာနိသင်တွေတောင် ရှိနိုင်သေးတယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် ချန်လော့၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားလေတော့သည်။
အခန်း ၁၇၂ - ခြင်တွေ ရှိနေလို့ပါ
လောချင်းယွီ၏ နေအိမ်သည် ချင်းယန်တောင်ထွတ်၏ ထိပ်ဆုံးတွင် တည်ရှိသည်။
တံခါးသည် ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး လောချင်းယွီသည် သီးသန့်ကျင့်ကြံဆောင်ထဲသို့ လှမ်းဝင်လာခဲ့၏။ သူမသည် လက်ညှိုးတစ်ချက် တောက်လိုက်ရုံဖြင့် လေပြေအေးတစ်ခု ဝှေ့ယမ်းသွားပြီး သီးသန့်ဆောင်အတွင်းရှိ မရေမတွက်နိုင်သော ဖုန်မှုန့်များမှာ လွင့်စင်ကာ နေအိမ်အပြင်ဘက်သို့ မျောပါသွားကြသည်။
လောချင်းယွီသည် အခန်းတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာပြီး သီးသန့်ဆောင်အတွင်းရှိ အရာအားလုံးကို လှည့်ပတ်ကြည့်ရှုရင်း သူမ၏မျက်လုံးများထဲတွင် ရှားရှားပါးပါး နူးညံ့သိမ်မွေ့သော အရိပ်အယောင်များ ပြည့်နှက်လာသည်။
သူမသည် နံရံဆီသို့ လျှောက်သွားပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်တမ်းတနေသကဲ့သို့ နံရံကို လက်ချောင်းလေးများဖြင့် အသာအယာ ထိတွေ့လိုက်မိသည်။
ထိုစဉ် သူမ၏အကြည့်က အခန်းထဲရှိ တစ်ခုတည်းသော အရာဝတ္ထုဖြစ်သည့် အမျိုးသားတစ်ဦး၏ ပုံတူပန်းချီကားချပ်ပေါ်သို့ ကျရောက်သွား၏။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်ဝန်းအစုံ၌မူ မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။
အကယ်၍ အခြားသူများသာ ဤမြင်ကွင်းကို မြင်တွေ့ရပါက အလွန်တရာ အံ့အားသင့်သွားကြပေလိမ့်မည်။ ချန်ရှင်းဂိုဏ်း၏ နံပါတ်တစ်အဆင့်ရှိသူဟု သတ်မှတ်ခံထားရသော လောချင်းယွီကဲ့သို့ အမျိုးသမီးတစ်ဦးသည် အမှန်တကယ် ငိုကြွေးတတ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
"ဆရာ... တပည့် လာတွေ့တာပါ"
လောချင်းယွီသည် ပန်းချီကားချပ်နားသို့ ဖြည်းဖြည်းချင်း တိုးသွားပြီး လက်ကိုဆန့်ကာ အသာအယာ ပွတ်သပ်လိုက်သည်။ ဤသီးသန့်ကျင့်ကြံဆောင်ထဲသို့ နောက်ဆုံးအကြိမ် ဝင်ခဲ့သည်မှာ မည်မျှကြာခဲ့ပြီကို သူမကိုယ်တိုင်ပင် မေ့လျော့နေခဲ့ပြီ ဖြစ်သည်။
ငါးနှစ်လား၊ ခုနစ်နှစ်လား၊ ဆယ်နှစ်လား... သို့မဟုတ် ထိုထက်မက ပို၍ ကြာမြင့်ခဲ့ပြီလား မသိတော့ပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လောချင်းယွီက ထပ်မံ၍ စကားဆိုသည်။
"ဆရာက တပည့်ကို ကလဲ့စားမချေဖို့ တားခဲ့ပေမဲ့... ကျွန်မ မလုပ်နိုင်ဘူး"
"ဆရာက ကျွန်မကို လက်လွှတ်လိုက်ဖို့ ပြောခဲ့ပေမဲ့... ဆရာလည်း သိတာပဲ၊ ကျွန်မက ခေါင်းမာတဲ့သူဆိုတာ။ ဆရာ ရှိနေတုန်းကတောင် ကျွန်မကို တားမရခဲ့တာ... အခု ဆရာ မရှိတော့တဲ့အချိန်မှာ ပိုလို့တောင် တားလို့မရတော့ဘူး..."
မျက်ရည်တစ်စက်က သူမ၏ ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။
"ဒါပေမဲ့ စိတ်ချပါ ဆရာ... ဆရာ့ရဲ့ သွန်သင်ဆုံးမမှုတွေကို ကျွန်မ မမေ့ပါဘူး။ ဂိုဏ်းအပေါ်ကို ဘေးဒုက္ခတွေ မရောက်စေရဘူးဆိုတဲ့ စကားအတိုင်း ကျွန်မ ချိုးဖုန်းလီ ကို တိုက်ရိုက် သွားရောက်ပြီး လက်ဖျားနဲ့တောင် မတို့ပါဘူး"
"ဒါပေမဲ့... အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပြန်ပေးရမယ်၊ ကျွန်မ သူ့ကို ဒီအတိုင်း လွှတ်မပေးနိုင်ဘူး။ ကျွန်မ သူ့သားကို သတ်မယ်။ သူ့ရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ သူ့ကို မြည်းစမ်းစေရမယ်"
လောချင်းယွီသည် မိမိလက်သီးကို မသိမသာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိရာ သူမ၏ထံမှ ပြင်းထန်လှသော သတ်ဖြတ်လိုသည့်ဆန္ဒများ ပျံ့လွင့်ထွက်ပေါ်လာသည်။ အကယ်၍ အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးသာ ယခုအချိန်တွင် သူမ၏ဘေး၌ ရှိနေပါက ထိုသတ်ဖြတ်လိုသော အရှိန်အဝါကြောင့် အသက်ရှူကျပ်ပြီး သေဆုံးသွားနိုင်ပေသည်။
သို့သော် လောချင်းယွီက စိတ်ကို ချက်ချင်းပြန်ထိန်းလိုက်ပြီး မျက်နှာထက်တွင် အပြုံးတစ်ခု ပြန်လည်ဆင်ယင်လိုက်သည်။ သူမက ပန်းချီကားကို စိုက်ကြည့်ရင်း-
"ကျွန်မ ချန်လော့လို့ အမည်ရတဲ့ တပည့်တစ်ယောက် လက်ခံထားတယ် ဆရာ"
"ဆရာနဲ့ သူနဲ့ မတွေ့လိုက်ရတာ နှမြောဖို့ကောင်းလိုက်တာ..."
ဤနေရာသို့ ရောက်သောအခါ လောချင်းယွီ ချက်ချင်း စကားရပ်သွားသည်။ ချန်လော့ ဂိုဏ်းသို့ ရောက်ရှိလာကတည်းက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ပြန်လည်တွေးတောမိပြီး ခါးသက်သက် ပြုံးလိုက်မိ၏။
"ထားလိုက်ပါတော့... ဆရာ သူ့ကိုမတွေ့တာပဲ ပိုကောင်းပါတယ်။ ဘာပဲပြောပြော သူက ပြဿနာရှာရမှာ ဝါသနာပါတဲ့ ကောင်လေးလေ"
"အတိအကျပြောရရင်... အရင်တုန်းက ကျွန်မ အတိုင်းပါပဲ"
"သူ့ကို တပည့်အဖြစ် လက်ခံပြီးတဲ့နောက်မှာ ကျွန်မ ခဏခဏ တွေးမိတယ်... အရင်တုန်းက ပြဿနာအိုးဖြစ်တဲ့ ကျွန်မကို တပည့်အဖြစ် လက်ခံခဲ့တုန်းက ဆရာလည်း ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်ရမှာပဲလို့လေ"
လောချင်းယွီသည် ပြုံးနေသော်လည်း ပြုံးရင်းနှင့်ပင် မျက်ရည်များမှာ ထိန်းမရအောင် ထပ်မံစီးကျလာကာ စကားပင် ဆက်မပြောနိုင်တော့ဘဲ ရင်ဘတ်ထဲတွင် တစ်ဆို့သွားရသည်။
အတန်ကြာမှ လောချင်းယွီ စိတ်တည်ငြိမ်သွားပြီး မျက်နှာထက်တွင် အပြုံးကို ဆက်လက်ဆင်ယင်ထားဆဲ ဖြစ်သည်။ သူမသည် လက်ကိုမြှောက်ကာ ပန်းချီကားထဲက အမျိုးသားကို ပွတ်သပ်လိုက်ရင်း-
"ဆရာ..."
သူမ စကားမဆုံးသေးမီမှာပင် လောချင်းယွီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရိပ်မိသွားပုံရပြီး ပန်းချီကားပေါ်သို့ သူမ၏လက်ချောင်းလေးဖြင့် အသာအယာ ဖိကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ပန်းချီကားချပ်ကို ညင်သာစွာ ဖြုတ်ယူလိုက်၏။
ထိုအခါ ပန်းချီကား၏ အနောက်ဘက် နံရံတွင် တစ်စုံတစ်ဦးက အပေါက်အသေးလေးတစ်ခု ဖောက်ထားပြီး ၎င်းထဲသို့ သိုလှောင်အိတ်တစ်အိတ်ကို ထိုးထည့်ထားသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်သည်နှင့် လောချင်းယွီ ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
ဤသီးသန့်ကျင့်ကြံဆောင်ထဲသို့ ဝင်ဖူးသူဟူ၍ ချန်လော့နှင့် သူမနှစ်ယောက်တည်းသာ ရှိသည်။
ဤသိုလှောင်အိတ်မှာ သူမကိုယ်တိုင် ထားခဲ့ခြင်း မဟုတ်သည်က ထင်ရှားလှသဖြင့် ချန်လော့ကလွဲ၍ အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။
သူမသည် သိုလှောင်အိတ်ကို အကြာကြီး စိုက်ကြည့်နေမိသည်။
"ဆရာက... ဆရာ့ရဲ့ မြေးတပည့်ကို ကာကွယ်ပေးနေတာလား"
လောချင်းယွီက ဖွဖွလေး ရယ်မောလိုက်ပြီး ပန်းချီကားကို နံရံတွင် ပြန်လည်ချိတ်ဆွဲကာ သီးသန့်ဆောင်ထဲမှ ထွက်ခွာသွားလေတော့သည်။
...
"ဒါနဲ့ စကားမစပ်... မင်းတို့က သွေးသဲကန္တာရရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ဘယ်လိုဖြစ်ပြီး ရောက်သွားကြတာလဲ"
ချင်ခဲ့သည် မမေးဘဲ မနေနိုင်တော့ဘဲ မေးလိုက်သည်။
သူတို့ မြေပုံပျောက်သွားသည်ကို သူသိထားသော်လည်း သွေးသဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာအထိ ရောက်သွားလိမ့်မည်ဟု မထင်ထားမိပေ။
သူတို့အားလုံး လမ်းညွှန်ပြသတဲ့နေရာမှာ ဒီလောက်တောင် ညံ့ဖျင်းကြတာလား။
ထို့ကြောင့် ချန်လော့သည် ဖြစ်ပျက်ခဲ့သမျှကို ယေဘုယျအားဖြင့် ပြန်လည်ရှင်းပြလိုက်ပြီး မိမိအတွက် အဆင်မပြေနိုင်မည့် အချက်အလက်အားလုံးကိုမူ ချန်လှပ်ထားခဲ့သည်။ ၎င်းတို့အထဲတွင် လမ်းပြမှားခြင်းအတွက် အပြစ်အားလုံးကို ယန်ချုံထျန်းအပေါ်သို့ ပုံချခြင်းနှင့် ရတနာရှာရန် ကင်းမြီးကောက်မိစ္ဆာဂူထဲသို့ ဝင်ရောက်ခဲ့ခြင်းကို မြေပုံရှာဖွေခြင်းဟူ၍ ပုံစံပြောင်းလိုက်ခြင်းတို့ ပါဝင်သည်။
သို့သော် သူ၏စကား မဆုံးသေးမီမှာပင် ယန်ချုံထျန်းက မနေနိုင်ဘဲ ကြားဖြတ်ပြောလာ၏။
"မြေပုံလား... ငါ့မှာ မြေပုံ ရှိသားပဲ"
ထိုစကားကို ကြားလိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားကြပြီး ယန်ချုံထျန်းကို အံ့ဩတုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
"နင့်မှာ မြေပုံ ရှိနေတာလား"
ကျောက်မန် မှာ မမေးဘဲ မနေနိုင်တော့ပေ။
ယန်ချုံထျန်းက ခေါင်းညိတ်ပြပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ မြေပုံတစ်ခုကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
မြေပုံကို မြင်လိုက်ရသည့် ခဏတွင် ပျံသန်းခြင်းသစ်ရွက်ပေါ်ရှိ လူတိုင်းမှာ သေလူကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။
အတန်ကြာမှ ဘေးတွင် ရပ်နေသော မူရှာရှာက တိုးတိုးလေး မေးခွန်းထုတ်လာသည်။
"ဒါဆို ဘာလို့ စောစောက မပြောတာလဲ"
"ငါက ပြောမလို့ပဲ... ဒါပေမဲ့ ငါ ပါးစပ်ဟလိုက်တာနဲ့..."
"ဗုန်း"
ယန်ချုံထျန်း စကားမဆုံးသေးမီမှာပင် ချန်လော့က အပြတ်အသတ် လက်သီးချက်တစ်ချက် ကျွေးလိုက်လေသည်။
လူတိုင်း၏ အကြည့်များက ချန်လော့ထံသို့ ချက်ချင်း ကျရောက်သွားသော်လည်း ချန်လော့ကမူ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ ချက်ချင်းပင် စကားဆိုလာသည်။
"အားလုံးပဲ တောင်းပန်ပါတယ် ၊ ငါတို့က မြေပုံကို ရှာဖို့အတွက် အသက်နဲ့ရင်းပြီး ကြိုးစားခဲ့ရတာကို ဒီကောင်က လျှို့ဝှက်ပြီး ဖုံးထားတယ်လို့ တွေးမိလိုက်တော့ တအား ဒေါသထွက်သွားလို့ပါ"
"ငါ စိတ်လိုက်မာန်ပါ ဖြစ်သွားမိတယ်... မလုပ်သင့်ဘူး”
"ငါ့အမှားပါ... ငါ့အမှားပါ... ငါ့အမှားပါ"
လူတိုင်းက ချန်လော့ကို ကြည့်လိုက်ကြပြီး ချင်ခဲ့ကလွဲ၍ ကျန်ရှိနေသူများအားလုံး ဘာဖြစ်ခဲ့သည်ကို သဘောပေါက်သွားကြသည်။
သူတို့ ပြီးခဲ့သည့် မြင်ကွင်းများကို မှတ်မိနေကြသေးသည်။ ထိုစဉ်က ချန်လော့သည် ဘယ်ကိုသွားရမလဲဟု ပြောနေစဉ် ယန်ချုံထျန်းက ပါးစပ်ဟပြီး စကားပြောဖို့ ကြိုးစားတိုင်း ချန်လော့၏ တရားမျှတသော သံလက်သီးချက်ကြောင့် သတိလစ်သွားခဲ့ရသည်။ ပြန်စဉ်းစားကြည့်လျှင် ထိုအချိန်က ယန်ချုံထျန်းသည် ထင်မြင်ချက်ပေးချင်၍ မဟုတ်ဘဲ မိမိတွင် မြေပုံရှိနေကြောင်းကို အားလုံးကို ပြောပြချင်နေခြင်း ဖြစ်နိုင်သည်။
သို့သော် မည်သူကမျှ ချန်လော့ကို လူပုံအလယ်တွင် အရှက်မခွဲချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် နောင်တွင်လည်း ပြန်လည်ဆုံတွေ့ရဦးမည်ဖြစ်ပြီး သူနှင့် ရန်ဖြစ်လျှင်လည်း နိုင်မည်မဟုတ်သဖြင့် ဆက်ဆံရေး ပျက်ပြားသွားပါက ကြည့်ကောင်းမည်မဟုတ်သောကြောင့် ဖြစ်သည်။
ပြန်လမ်းတွင် ယန်ချုံထျန်းဘက်မှ စကားအများကြီး ပြောမလာစေရန်အတွက် ချန်လော့သည် သူ၏ဘေးတွင် တစ်ချိန်လုံး ကပ်နေခဲ့သည်။ သူ နိုးလာတော့မည်ကို မြင်သည်နှင့် ချန်လော့သည် ချက်ချင်းပင် နောက်ထပ် တရားမျှတသော လက်သီးချက်တစ်ချက် ထပ်ကျွေးလိုက်ပြန်သည်။
နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သည့် ချင်ခဲ့မှာမူ အာရုံခံစားမှု အလွန်အားကောင်းလှသဖြင့် ဘာဖြစ်နေသည်ကို ချက်ချင်းရိပ်မိသွားပြီး ချန်လော့ကို လှည့်ကြည့်လိုက်၏။ ချန်လော့ကမူ တည်ငြိမ်နေဆဲဖြစ်ပြီး ချက်ချင်းပင် ပြုံး၍ ရှင်းပြသည်။
"ဪ... ခုနက ခြင်တစ်ကောင် ရှိနေလို့ပါ၊ အဲဒါ လှမ်းရိုက်လိုက်တာ"
"ငါ့ခေါင်းက ဘာဖြစ်လို့..."
"ဗုန်း"
နောက်ထပ် ပြင်းထန်သော လက်သီးချက်တစ်ချက်က ခုနလေးတင် နိုးလာသော ယန်ချုံထျန်းကို ထပ်မံ၍ သတိလစ်သွားစေပြန်သည်။
သို့သော် ယန်ချုံထျန်းမှာ အကြိမ်ကြိမ် အထုခံရလွန်းသဖြင့် ခံနိုင်ရည်စွမ်းအားများ တိုးတက်နေပုံရပြီး ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်ဆဲ ဖြစ်ကာ ပါးစပ်မှ ပွစိပွစိ ရေရွတ်နေသေးသည်။
"တိရစ္ဆာန်..."
"ဗုန်း"
"ဗုန်း"
"ဗုန်း"
....
ချန်လော့သည် ဆက်တိုက်ဆိုသလို လက်သီးဆယ်ချက်ကျော် ထပ်ကျွေးလိုက်ပြီး ပါးစပ်ကလည်း တတွတ်တွတ် အော်ဟစ်နေသည်။
"ခြင်တွေက တအားများတာပဲ... ရိုက်လို့ကို မကုန်နိုင်တော့ဘူး"
"ငါ့နားကနေ ဝေးဝေးသွားစမ်းပါ... ဟုတ်ပြီလား"
"ဘာလို့လဲ... မင်းက ဘာလို့ ငါ့ကို လက်ပါအောင် အတင်းလုပ်နေရတာလဲ"
ပြင်းထန်သော လက်သီးချက်ပေါင်းများစွာကို ခံယူပြီးနောက် ယန်ချုံထျန်းသည် နောက်တစ်ကြိမ် ပြန်လည်အိပ်ပျော်သွားခဲ့လေသည်။
ထို့နောက် ချန်လော့သည် အလွန်အံ့အားသင့်သွားသည့် ပုံစံဖမ်းကာ ယန်ချုံထျန်း၏ မျက်နှာကို လှမ်းကြည့်လိုက်ပြီး။
"ဟင်... အစ်ကိုယန်... မင်းမျက်နှာက ဘာဖြစ်တာလဲ။ ခြင်ကိုက်ခံရတာလား"
"ဒီခြင်တွေက တကယ်ကို ကတ်သီးကတ်သတ်နိုင်တာပဲ"
ချင်ခဲ့သည် ဤမြင်ကွင်းအားလုံးကို ကြည့်ရင်း တစ်စုံတစ်ခု ပြောချင်နေခဲ့သည်။ သူသည် ချင်မုနှင့် ကျောက်မန်တို့၏ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေသော မျက်နှာပေးများကို ကြည့်ကာ ခဏမျှ တွေးတောပြီးနောက် သူ၏ခေါင်းကို ဖြည်းဖြည်းချင်း အခြားတစ်ဖက်သို့ လွှဲလိုက်တော့သည်။
ထိုအချိန်မှစ၍ မည်သည့်အသံပဲ ထွက်ထွက် သူသည် နောက်လှည့်မကြည့်တော့ပေ။