← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း ၁၇၃ - ဂိုဏ်းချုပ်ချင်း ပေးတဲ့ ရတနာ

တစ်ရက်အကြာတွင် ချန်လော့နှင့် အခြားသူများသည် ချန်ရှင်းဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

မိမိရှေ့ရှိ ရင်းနှီးနေသော ဂိုဏ်းဝင်ပေါက်ကြီးကို ကြည့်ရင်း ချန်လော့တစ်ယောက် မပြုံးဘဲ မနေနိုင်တော့ပေ။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ" ကျောက်မန်က ချင်ခဲ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

ချင်ခဲ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ကျေးဇူးတင်စကား ပြောဖို့ နေနေသာသာ... ငါ့ကို အပြစ်မတင်ရင်ကို ရပြီ။

အကယ်၍ ရာက္ခသတံခါးဂိုဏ်းဘက်က စီစဉ်မှု အားနည်းခဲ့ခြင်းသာ မဟုတ်ပါက ဤလူစုမှာ ယခုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပေ။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပါက မိစ္ဆာတာအိုတစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်ပေသည်။

ချန်လော့သည် ပျံသန်းခြင်းသစ်ရွက်ပေါ်ရှိ ချင်မုနှင့် မူရှာရှာတို့ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ခြေထောက်အောက်ရှိ ပျံသန်းခြင်းသစ်ရွက်ကို ငုံ့ကြည့်ရင်း မျက်ဝန်းထဲတွင် နှမြောတသဖြစ်နေသော အရိပ်အယောင်များ ပြည့်နှက်လာ၏။

အကြာကြီး တွေးတောပြီးနောက် ချန်လော့သည် ပျံသန်းခြင်းသစ်ရွက်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်သည်။

"ဒါဆိုရင်... ငါတို့ နောက်တစ်နေ့ကျမှ ပြန်ဆုံကြတာပေါ့"

မူရှာရှာသည် ချန်လော့က မိမိကို ဦးအောင် နှုတ်ဆက်သည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သို့သော် ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ရန်တုံ့ပြန်ခံရမည်ကို ကြောက်ရွံ့၍သော်လည်းကောင်း သူမသည် ပြုံးပြီး ပြန်ဖြေလိုက်ရရှာသည်။

"ငါ အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်"

ဘေးတွင် ရပ်နေသော ချင်မုကလည်းဆို၏။

"ငါလည်း အတူတူပဲ"

ထိုမြင်ကွင်းကို မြင်ပြီး ချန်လော့ တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။

"ငါက မင်းတို့ကို နှုတ်ဆက်ဖို့အတွက် ပျံသန်းခြင်းသစ်ရွက်ပေါ်ကနေ ခုန်ဆင်းလိုက်တာလေ... မင်းတို့က ဘာလို့ ပျံသန်းခြင်းသစ်ရွက်ပေါ်မှာ မတ်တတ်ရပ်နေသေးတာလဲ"

"ငါ့ထက် ပိုမြင့်တဲ့အဆင့်မှာ ရပ်နေတော့... မင်းတို့က ငါ့ထက် ပိုအစွမ်းထက်တယ်လို့ တွေးပြီး ငါ့ကို စိန်ခေါ်ချင်လို့လား"

ချန်လော့၏ စကားကို ကြားလိုက်ရသဖြင့် မူရှာရှာမှာ ကြောင်အမ်းသွားပြီး မျက်ဝန်းထဲတွင် ဝေခွဲမရခြင်း ပြည့်နှက်သွားသည်။

ချန်လော့က တမင်သက်သက် ရန်ရှာနေတာလား။

ဘေးတွင် ရပ်နေသော ချင်ခဲ့ပင်လျှင် ချန်လော့ကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်မိပြီး ချန်လော့၏ သဘောထားမှာ အနည်းငယ် ကျဉ်းမြောင်းလွန်းသည် မဟုတ်ပါလားဟု တွေးမိသွားသည်။ သို့သော် မူရှာရှာသည် ချန်လော့ကို မဆွပေးချင်သဖြင့် ချက်ချင်းပင် ခုန်ဆင်းလိုက်ပြီး ထပ်မံ၍ နှုတ်ဆက်စကား ဆိုသည်။

"ဒါဆိုရင်... ငါတို့ နောက်တစ်နေ့ကျမှ ပြန်ဆုံကြတာပေါ့"

ချန်လော့သည် မူရှာရှာကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ချင်မုကို လှည့်ကြည့်လိုက်သည်။

သူသည် ပျံသန်းခြင်းသစ်ရွက်ပေါ်တွင် လက်ပိုက်ထားကာ ငြိမ်သက်စွာ ရပ်နေပြီး ချန်လော့ကို ငုံ့ကြည့်ရင်း ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်သည်။

"ငါက တကယ်ပဲ မင်းထက် ပိုတော်..."

သူ စကားမဆုံးသေးမီမှာပင် ချင်ခဲ့က သူ၏ တင်ပါးကို လှမ်း၍ ကန်လိုက်တော့သည်။

"ဆင်းစမ်း"

ချင်ခဲ့သည် ချင်မုကို အေးစက်စက် ပြောလိုက်သည်။

သူသည် ချင်မုက ကျန်နှစ်ယောက်ထက် ပိုညံ့သည်ဟု တွေးမိ၍ မဟုတ်ဘဲ၊ ချင်မု၏ အပြုအမူက မိမိကိုယ်ကိုယ် အခြေအနေမလှအောင် လုပ်နေသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။ ထို့အပြင် လူအနည်းငယ် အောက်ဆင်းသွားခြင်းကလည်း ကြီးမားသည့် ကိစ္စမဟုတ်ပေ။

ထိုမြင်ကွင်းကို မြင်သော် ချင်မုက ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

“အခုတော့ အဖေက ကျွန်တော့်ထက် ပိုအစွမ်းထက်နေသေးတော့လည်း... ကျွန်တော် အဖေ့စကားကို နားထောင်ရုံပေါ့”

ထိုစကားကြောင့် ချင်ခဲ့ ခေတ္တမျှ ဆွံ့အသွားပြီး ချင်မုကို ကြောင်ကြည့်မိသွားသည်။ ထိုစကားက အလွန် ရိုသေမှုမရှိရာ ရောက်သည် မဟုတ်လော။

‘အခု ငါက မင်းထက် ပိုအစွမ်းထက်နေသေးလို့ ငါ့စကား နားထောင်မယ်’ ဆိုတဲ့ သဘောက... နောက်တစ်နေ့ကျလို့ မင်းက ငါ့ထက် ပိုတော်လာရင် ငါ့စကားကို နားမထောင်တော့ဘူးဟု ဆိုလိုတာလား’

သို့သော် လူတိုင်းက ကြည့်နေကြသဖြင့် သူ ဘာမှ ထပ်မပြောနိုင်တော့ပေ။

ချင်မုက ပျံသန်းခြင်းသစ်ရွက်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ချန်လော့ထံသို့ လက်ယှက်အလေးပြုကာ ပြောလိုက်သည်။

“ငါလည်း အတူတူပဲ”

ချန်လော့က မိမိရှေ့ရှိ လူနှစ်ဦးကို ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျောက်မန်သည် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရသည်။ သူမသည် ချန်လော့၏ အပြုအမူမှာ အနည်းငယ် လွဲချော်နေသည်ဟု အမြဲခံစားရသော်လည်း အတိအကျ ဘာလဲဆိုတာကိုမူ မဖော်ထုတ်နိုင်ပေ။

သူတို့နှစ်ဦးကို နှုတ်ဆက်ပြီးနောက် ချန်လော့သည် ပျံသန်းခြင်းသစ်ရွက်ဆီသို့ လျှောက်သွားပြီး သတိလစ်နေဆဲဖြစ်ကာ ဝက်ခေါင်းကဲ့သို့ ဖူးယောင်နေသော ယန်ချုံထျန်းကို ပျံသန်းခြင်းသစ်ရွက်ပေါ်မှ ဆွဲချလိုက်တော့သည်။

ထို့နောက် သူသည် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ပြီး-

"ငါတို့ နောက်တစ်နေ့ကျမှ ပြန်ဆုံကြတာပေါ့"

ထိုမြင်ကွင်းကို ကြည့်ရင်း ဘေးတွင် ရပ်နေသော ချင်ခဲ့မှာ ဆွံ့အသွားရတော့သည်။ သို့သော် သူ ထပ်မံတွေးတောကြည့်လိုက်သောအခါ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရပြန်သည်။ ချန်လော့သည် စိတ်သဘောထား ကျဉ်းမြောင်းခြင်း မဟုတ်ဘဲ နှုတ်ဆက်ခြင်းအပေါ် စွဲလန်းနေလေသလော။

သတိလစ်နေစဉ်အတွင်း ယန်ချုံထျန်းသည် ချန်လော့၏ အသံကို ကြားလိုက်ရပုံရပြီး ဗီဇအရ ခေါင်းကို ခါယမ်းမိသည်။

"မလုပ်နဲ့... မလုပ်နဲ့... လုံးဝမလုပ်နဲ့..."

"ဗုန်း"

နောက်ထပ် လက်သီးချက်တစ်ချက် ကျရောက်သွားပြန်သည်။

"တောက်... မင်းက ဘာလို့ ဒီလောက်တောင် စကားများနေရတာလဲ"

ချန်လော့က မိမိလက်ကို ခါယမ်းလိုက်ပြီး အားလုံးကို လှည့်ကြည့်ကာ နောက်ထပ်တစ်ကြိမ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"မိတ်ဆွေတို့... ငါတို့ နောက်တစ်နေ့ကျမှ ပြန်ဆုံကြတာပေါ့"

ယခုတစ်ကြိမ်တွင်မူ လူတိုင်းက လက်ဆုပ်၍သာ ပြန်လည်နှုတ်ဆက်လိုက်ကြပြီး ဘာမှ ထပ်မပြောတော့ပေ။

နောက်တစ်စက္ကန့်တွင် ချန်လော့သည် လူတိုင်း၏ စိုက်ကြည့်မှုအောက်တွင် ပျံသန်းခြင်းသစ်ရွက်ပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သည်။ သူ ဘာလုပ်မည်ကို မည်သူမျှ မရိပ်မိခင်မှာပင် ချန်လော့သည် သူ၏ ဝိညာဉ်စွမ်းအင်များကို ပျံသန်းခြင်းသစ်ရွက်ထဲသို့ အရှိန်အဟုန်ဖြင့် ထည့်သွင်းလိုက်ပြီးနောက် ချန်ရှင်းဂိုဏ်းဆီသို့ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်နှုန်းဖြင့် မောင်းနှင်ထွက်ခွာသွားလေတော့သည်။

ထိုနေရာတွင် ရှိနေသူအားလုံးမှာ ချန်လော့ ထွက်ခွာသွားသည်ကို ကြောင်ကြည့်ရင်း အံ့အားသင့်ကျန်ရစ်ခဲ့ကြ၏။

အတန်ကြာမှ ဓားပျံပေါ်တွင် မတ်တတ်ရပ်နေသော ချင်ခဲ့သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။

သူသည် မိမိဘေးတွင် ရှိနေခဲ့ဖူးသော ပျံသန်းခြင်းသစ်ရွက်ကို ချက်ချင်း လှမ်းကြည့်လိုက်ပြီးနောက် ဝေးကွာလှသော နေရာသို့ ရောက်ရှိနေပြီဖြစ်သည့် ချန်လော့ကို လှမ်းကြည့်လိုက်မိသည်။

"တောက်... အဲဒါ ငါ့ရဲ့ ပျံသန်းခြင်းမှော်လက်နက်ကွ"

ယခုအချိန်တွင် ချင်ခဲ့၏ မျက်နှာအမူအရာမှာ တကယ့်ကို ရွံရှာဖွယ်ကောင်းလှသော အရာတစ်ခုကို စားမိသွားသည့်အလား ဖြစ်နေတော့သည်။

ကျန်ရှိနေသူများလည်း ချန်လော့က အဘယ်ကြောင့် သူတို့အားလုံးကို အောက်သို့ ခုန်ဆင်းခိုင်းပြီးမှ နှုတ်ဆက်ခဲ့သည်ကို ချက်ချင်း သဘောပေါက်သွားကြတော့သည်။ အမှန်စင်စစ် ချန်လော့သည် နှုတ်ဆက်ခြင်းကို ဝါသနာပါ၍ မဟုတ်သလို၊ သူတို့ကို နှုတ်ဆက်ချင်၍လည်း မဟုတ်ပေ။ ထို့အပြင် အခြားသူများက မိမိထက် ပိုမြင့်သောနေရာတွင် ရပ်နေသည်ကို မကြိုက်၍လည်း မဟုတ်ပေ။

မဟုတ်ဘူး... အဲဒါတွေအားလုံးက အရေးမကြီးဘူး။

အရေးကြီးဆုံး အချက်မှာ လူတိုင်းကို ပျံသန်းခြင်းသစ်ရွက်ပေါ်ကနေ ဆွဲချဖို့သာ ဖြစ်သည်။ ထိုမှသာ သူသည် ထိုအရာကို ခိုးယူရန် လွယ်ကူသွားမည် မဟုတ်လော။

ထိုနေရာတွင် ရပ်နေသော ကျောက်မန်မှာမူ ဆူးပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး ချင်ခဲ့ကို ရင်ဆိုင်ရန် အလွန် ရှက်ရွံ့နေမိတော့သည်။

'ချန်လော့... မင်းက တကယ့်ကို ဒီလို တိရစ္ဆာန်ဆန်တဲ့ လုပ်ရပ်မျိုးကို လုပ်ရက်တယ်ပေါ့ ၊ ဒီလိုပုံစံနဲ့ ကျေးဇူးပြန်ဆပ်လိုက်တာပေါ့လေ’

ချင်ခဲ့ မှာ ဒေါသချောင်းချောင်း ထွက်သွားတော့သည်။ ရာက္ခသတံခါးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို ရာက္ခသတံခါးဂိုဏ်းမှ အတိအလင်း ပြသထားသော လက်ရှိအစွမ်းအထက်ဆုံး စွမ်းအားရှင် တစ်ဦးဖြစ်သည့် နတ်ဝိညာဉ်အဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သော ချင်ခဲ့သည် ယခုကဲ့သို့ စိန်ခေါ်စော်ကားမှုကို မကြုံရသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"မင်းက ငါ့ပစ္စည်းကို ခိုးတယ်... ငါ့မျက်စိရှေ့တင်ကို ခိုးသွားတာ"

"ချန်လော့... မင်းက တကယ်ကို သတ္တိကောင်းတာပဲ"

ထိုသို့ ပြောပြီးနောက် သူသည် ဓားပျံပေါ်သို့ နင်းလိုက်ပြီး ချန်ရှင်းဂိုဏ်းထဲသို့ ဒေါသတကြီး ဝင်ရောက်သွားလေတော့သည်။

တစ်ဖက်တွင်မူ ချန်လော့သည် အလွန် ကျွမ်းကျင်လှသော အလေ့အထအတိုင်း ချင်းယန်တောင်ထွတ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် လောချင်းယွီ နေထိုင်ရာ နေရာအထိ တိုက်ရိုက် မောင်းနှင် ပျံသန်းလာခဲ့၏။ သူသည် ပျံသန်းခြင်းသစ်ရွက်ပေါ်မှ ခုန်ဆင်းလိုက်ချိန်တွင် လောချင်းယွီကလည်း အပြင်သို့ အမှတ်မထင် ထွက်လာခဲ့သည်။ သူသည် ချန်လော့ကို မြင်သောအခါ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ချန်လော့၏ ဘေးက ပျံသန်းခြင်းသစ်ရွက်ကို မြင်လိုက်ရသည့်အခါတွင်မူ အံ့အားသင့်သွားရုံသာမက ဆွံ့အသွားရတော့သည်။

"မင်း ဒီပျံသန်းခြင်းမှော်လက်နက်ကို ဘယ်က ရလာတာလဲ"

ချန်လော့သည် ပျံသန်းခြင်းသစ်ရွက်ကို တစ်ချက်ကြည့်လိုက်ပြီး အလွန်တည်ငြိမ်အေးဆေးလှသော လေသံဖြင့်-

"ဪ... ဒါက ဂိုဏ်းချုပ်ချင်းက ကျွန်တော့်ကို လက်ဆောင်ပေးလိုက်တာပါ "

လောချင်းယွီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ချန်လော့ကို ကြည့်သည့် သူမ၏ အကြည့်များထဲတွင် သံသယများ ပြည့်နှက်နေသည်။

"သူက မင်းကို ပေးလိုက်တာ ဟုတ်လား"

သို့သော် သူ စကားပြော၍ မဆုံးသေးမီမှာပင် မလှမ်းမကမ်း ကောင်းကင်ယံထံမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ချန်လော့"

ထိုအသံကို ကြားလိုက်ရသဖြင့် ချန်လော့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွား၏။

"ဆရာ... သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေက မကြာခင် ပွင့်တော့မှာ"

"ဆရာ့အတွက် အောင်မြင်စွာ ကလဲ့စားချေပေးနိုင်ဖို့... တပည့် အရင်ဆုံး သီးသန့်ကျင့်ကြံခြင်း ဝင်ပါတော့မယ်"

"သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေကို မသွားခင်အထိ တပည့်ကို လာပြီး အနှောင့်အယှက် မပေးနဲ့နော်"

ထိုသို့ ပြောပြီးနောက် ချန်လော့သည် ပျံသန်းခြင်းသစ်ရွက်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်ပြီး အနောက်သို့ လှည့်မကြည့်ဘဲ သီးသန့်ကျင့်ကြံဆောင်ထဲသို့ တန်းတန်းမတ်မတ် အပြေးဝင်သွားလေတော့သည်။

ချန်လော့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ချင်ခဲ့သည် လောချင်းယွီ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ချင်ခဲ့သည် လောချင်းယွီကို မြင်လိုက်ရသည့် ခဏတွင် ယခင်က ဒေါသတကြီး ဖြစ်နေသော သူ၏ အရှိန်အဝါများမှာ ချက်ချင်းပင် ခုနစ်ပုံ ရှစ်ပုံခန့် လျော့ကျသွားပြီး အလွန် ယဉ်ကျေးသိမ်မွေ့သော မျက်နှာပေးကို ဖမ်းကာ ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

"ဟို... အကြီးအကဲလော... ကျွန်တော် မသိလို့ပါ..."

"ချန်လော့ မင်းဆီမှာ ရှိနေလား"

ချင်ခဲ့၏ မျက်နှာအမူအရာကို ကြည့်ပြီး၊ ခုနတင် ချန်လော့ သိမ်းဆည်းလိုက်သော ပျံသန်းခြင်းမှော်လက်နက်ကို ပြန်လည်တွေးတောမိကာ လောချင်းယွီသည် ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး သူမ၏ မျက်နှာထက်တွင် မတတ်နိုင်သော ခါးသက်သက် အပြုံးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။

အခန်း ၁၇၄- ဖြေရှင်းရခက်တဲ့ အကျပ်အတည်း

"သူက သီးသန့်ကျင့်ကြံမယ်ဆိုပြီး အထဲကို ဝင်သွားပြီ။ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ ပွင့်တဲ့အထိ သူ့ကို လာမနှောင့်ယှက်ဖို့လည်း မှာသွားတယ်"

လောချင်းယွီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ချင်ခဲ့မှာ သွေးဆောင့်တက်သွားတော့သည်။ သို့သော် သူ၏ဒေါသကို အတင်းအကျပ် မျိုသိပ်ရင်း မေးလိုက်၏။

"ဒါဆိုရင်... ချန်လော့ကို ကျွန်တော့်ရဲ့ ပျံသန်းခြင်းသစ်ရွက် ပြန်ပေးဖို့ ပြောပေးလို့ ရမလား"

"ပျံသန်းခြင်းသစ်ရွက်လား... ဘာသစ်ရွက်လဲ"

လောချင်းယွီက ဘာမှမသိသကဲ့သို့ ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

ချင်ခဲ့ တစ်ချက် ကြောင်အမ်းသွားသည်။ သို့သော် ပြန်တွေးကြည့်လျှင် ချန်လော့ ဂိုဏ်းသို့ ပြန်ရောက်လာစဉ်က ပျံသန်းခြင်းသစ်ရွက်ကို သိုလှောင်အိတ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်ခြင်း ဖြစ်နိုင်ပြီး၊ လောချင်းယွီ အပြင်ထွက်လာချိန်တွင် ထိုအရာကို မမြင်လိုက်ရခြင်းလည်း ဖြစ်နိုင်သည်။

"အဲဒါက ပျံသန်းခြင်း မှော်ရတနာ တစ်ခုပါ။ ချန်လော့က အတော်လေး ဆိုးသွမ်းပြီး ကတ်သီးကတ်သတ်နိုင်တယ်... သူက ကျွန်တော့်ရဲ့ ပျံသန်းခြင်းမှော်လက်နက်ကိုပါ ယူလာခဲ့တာ။ သူ့ကို ပြန်ပေးဖို့ ပြောပေးလို့ ရမလား"

ထိုစကားကို ကြားမှ လောချင်းယွီသည် "ဪ... ဒီလိုကိုး" ဟူသော အမူအရာမျိုး ပြသကာ ခေါင်းညိတ်လိုက်သည်။

"ကျွန်မ အားတဲ့အချိန်ကျရင် သူ့ကို ပြောပေးပါ့မယ်"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ချင်ခဲ့၏ နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်သွားတော့သည်။ စကားပြောဆိုခြင်း အတတ်ပညာဟူသည် အလွန် နက်နဲလှပေသည်။

ချန်လော့ သီးသန့်ဆောင်ထဲသို့ မဝင်မီ လောချင်းယွီကို ပြောသွားခဲ့သော စကားများကို ပြန်ကြည့်လျှင် သိနိုင်သည်။ သူသည် လောချင်းယွီကို 'ချင်ခဲ့ကို တားပေးပါ' ဟု တိုက်ရိုက် မပြောခဲ့ပေ။ ထို့ပြင် သူ သီးသန့်ကျင့်ကြံခြင်း ဝင်ရခြင်းမှာ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်း လောချင်းယွီအတွက် ကလဲ့စားချေပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ကြောင်း ပြောင်းလဲပြောဆိုသွားခဲ့သည်။

ဤနည်းဖြင့် ချန်လော့သည် မိမိကိုယ်ကိုယ် အကာအကွယ်ယူရန် သီးသန့်ဆောင်ဝင်ခြင်းကို ဆရာ့ဆန္ဒ ဖြည့်ဆည်းပေးရန်ဟူသော အကြောင်းပြချက်ကောင်းအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ၊ လောချင်းယွီကိုပါ သူ့ဘက်က ကာကွယ်ပေးရန် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ယခုလည်း လောချင်းယွီက ချင်ခဲ့ကို “ ကျွန်မ အားတဲ့အချိန်ကျရင် ပြောပေးပါ့မယ်" ဟု ဆိုရာတွင် 'အားတဲ့အချိန်' ဟူသော စကားလုံးမှာ အချိန်ဆွဲခြင်း အတတ်ပညာကို ဖော်ပြနေသည်။ ‘ဘယ်အချိန်မှာ အားမှာလဲ။ ဘယ်လိုအခြေအနေမျိုးကို အားတယ်လို့ သတ်မှတ်မှာလဲ ‘ ဆိုသည်မှာ အဖြေမရှိသော ပုစ္ဆာတစ်ပုဒ်ပင် ဖြစ်သည်။

သူမက နောက်မှ ပြောပြပေးမည်ဟု ဆိုခြင်းဖြင့် ချန်လော့ကို အသာစီးရစေပြီး မိမိကိုယ်ကိုယ်မူ တာဝန်အားလုံးမှ ကင်းလွတ်အောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ အားခဲ့လျှင်ပင် ချန်လော့ကို ပြောပြရန်မှာ သူမ၏ တာဝန်သာ ဖြစ်ပြီး၊ ပြောပြပြီးနောက် ချန်လော့က နားထောင်ခြင်း ရှိမရှိ၊ ပစ္စည်းပြန်ပေးခြင်း ရှိမရှိမှာမူ လောချင်းယွီနှင့် လုံးဝ မသက်ဆိုင်တော့ပေ။

လောချင်းယွီ၏ ဘာမှမသိနားမလည်ဟန် ဆောင်နေသော မျက်နှာပေးကို ကြည့်ပြီး ချင်ခဲ့တစ်ယောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ သို့သော် သူ ဤအတိုင်း အဆုံးရှုံးမခံဘဲ မပြန်ချင်သေးချေ။

မည်သို့ပင်ဖြစ်စေ ထိုအရာက မြေကမ္ဘာအဆင့်ရှိသော အလွန် ရှားပါးလှသည့် ပျံသန်းခြင်းမှော်ရတနာ ဖြစ်သည်။၎င်းကို အသုံးပြု၍ ပျံသန်းခြင်းက ဓားပျံစီးခြင်းထက် ပိုမိုမြန်ဆန်သည့်အပြင် ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုလည်း အလွန် နည်းပါးလှသည်။ အရေးကြီးဆုံးအချက်မှာ ဓားပျံစီးရန် အနည်းဆုံး ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် လိုအပ်သော်လည်း ဤမှော်ရတနာကိုမူ ကျင့်ကြံဆင့် ကန့်သတ်ချက်မရှိ အသုံးပြုနိုင်သည်။

သူသည် စောစောက ပျံသန်းခြင်းသစ်ရွက်ပေါ်တွင် နေရာအကျယ်ကြီး ကျန်နေပါလျက်နှင့် အဘယ့်ကြောင့် ဂုဏ်ပုဒ်မက်ပြီး ဓားပျံကိုသာ ဇွတ်စီးခဲ့မိပါလိမ့်ဟု နောင်တကြီးစွာ ရမိတော့သည်။

“အကြီးအကဲလော... ချန်လော့ကို ဒီလိုမျိုး အလိုလိုက်ပြီး ကာကွယ်ပေးနေတာက သူ့ကို ဖျက်ဆီးရာ ရောက်လိမ့်မယ်နော်” ချင်ခဲ့က အလျှော့မပေးဘဲ ဆက်ပြောသည်။

လောချင်းယွီကမူ ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။

'ငါက သူ့ကို ဖျက်ဆီးတာလား... ငါကိုယ်တိုင် သူ့လက်ချက်နဲ့ ပျက်စီးမသွားတာပဲ ကံကောင်းလှပြီ' ဟု စိတ်ထဲက တွေးမိလိုက်၏။

လောချင်းယွီ ဘာမှပြန်မပြောဘဲ ငြိမ်နေသည်ကို မြင်ပြီး ချင်ခဲ့က ဆက်၍ ပြောပြန်သည်။

"ကြီးမြတ်လှတဲ့ ချန်ရှင်းဂိုဏ်းက လူတွေက ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲရသလား"

ချင်ခဲ့၏ စကားနာထိုးမှုကို ရင်ဆိုင်ရသည့်အခါ လောချင်းယွီက ရှောင်လွှဲမနေတော့ဘဲ ခပ်ဖွဖွ ရယ်မောလိုက်ပြီး..

"ဒါက ငါတို့ မိစ္ဆာဂိုဏ်းတွေရဲ့ လုပ်ထုံးလုပ်နည်းပဲလေ"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ချင်ခဲ့တစ်ယောက် ဒေါသအရှိန်ကြောင့် ရင်ဘတ်ထဲက သွေးများပင် ဆောင့်အန်မတတ် ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဂိုဏ်းချုပ်တစ်ယောက် မဟုတ်ခဲ့ပါက လောချင်းယွီ၏ ခြေထောက်ကို ဖက်ကာ မျက်ရည်စက်လက်နှင့် သူ၏ မှော်ရတနာကို ပြန်ပေးရန် ဒူးထောက် တောင်းပန်မိပေလိမ့်မည်။

သို့သော် သူသည် ထိုသို့ လုပ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရာက္ခသတံခါးဂိုဏ်း၏ ကြီးမြတ်လှသော ဂိုဏ်းချုပ် ဖြစ်နေလေ၏။

ချင်ခဲ့တစ်ယောက် သူ၏ဘဝတွင် ဂိုဏ်းချုပ်ရာထူးကြောင့် ဂုဏ်သိက္ခာနှင့် အာဏာကို ရရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ ရာထူးကြောင့် အကျပ်ရိုက်ရသည့် ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားလိုက်ရတော့သည်။

ချင်ခဲ့က ပြန်မည့် အရိပ်အယောင် မရှိသေးသည်ကို မြင်သောအခါ လောချင်းယွီက သက်ပြင်းတစ်ချက် အသာချလိုက်သည်။

ထိုအခါ ချင်ခဲ့က လောချင်းယွီတစ်ယောက် အလျှော့ပေးပြီး ပျံသန်းခြင်းသစ်ရွက်ကို ပြန်ပေးတော့မည်ဟု ထင်မှတ်လိုက်သော်လည်း လောချင်းယွီ၏ နောက်ထပ်ထွက်လာသော စကားလုံးများက သူ လုံးဝ ထင်မထားမိသော အရာ ဖြစ်နေခဲ့သည်။

"ဂိုဏ်းချုပ်ချင်း... ရှင်က ကျွန်မတို့ ချန်ရှင်းဂိုဏ်းထဲကို ဘာသတင်းစကားမှ ကြိုမပေးဘဲ ဒီအတိုင်း ဝင်လာခဲ့တာပဲနော်"

"ဟင်..." ချင်ခဲ့ ကြောင်အမ်းသွားပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း မရေမရာ ရိပ်မိလိုက်သည်။

"နတ်ဝိညာဉ်အဆင့် စွမ်းအားရှင် တစ်ယောက်က ဘာဖိတ်ခေါ်ချက်မှ မရှိဘဲ၊ ဘာအကြောင်းကြားချက်မှလည်း မပေးဘဲ ဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်လာတာက သေးငယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးနော်"

"ကျွန်တော်က တမင်သက်သက် လုပ်တာ မဟုတ်..."

ချင်ခဲ့က ရှင်းပြရန် ကြိုးစားသော်လည်း လောချင်းယွီက အခွင့်အရေးမပေးဘဲ ဆက်ပြောလိုက်သည်။

"ဒါ့အပြင် ရှင်က ကျွန်မရဲ့ ချင်းယန်တောင်ထွတ်ပေါ်ကိုပါ ကျူးကျော်ဝင်ရောက်လာခဲ့သေးတယ်။ ချန်ရှင်းဂိုဏ်းအတွင်းက သာမန်တပည့်တွေနဲ့ အကြီးအကဲတွေတောင် ကျွန်မရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီတောင်ထွတ်ပေါ်ကို တက်ခွင့်မရှိဘူး။ ဒါကို မိစ္ဆာတာအို ထဲက လူတိုင်း ကောင်းကောင်းသိကြမှာပါ"

လောချင်းယွီက ပြောရင်းနှင့် ချင်ခဲ့ကို အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ ချင်ခဲ့သည် ပါးစပ်ဟကာ တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း လောချင်းယွီက အေးစက်စွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။။

"ဘာလဲ... ဂိုဏ်းချုပ်ချင်းက အခုထိ မပြန်သေးဘူးဆိုတော့... ကျွန်မအတွက် လက်ဆောင် တစ်ခုခုထားခဲ့ချင်လို့လား"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ချင်ခဲ့တစ်ယောက် ကြောက်လန့်တုန်လှုပ်သွားပြီး ပျံသန်းခြင်း မှော်ရတနာကိုပင် နှမြောမနေတော့ဘဲ ချက်ချင်းပင် သူ၏ ဓားပျံပေါ်သို့ ခုန်တက်ကာ ပျံသန်းထွက်ခွာသွားတော့သည်။

သို့သော် လမ်းခုလတ်သို့ ရောက်သောအခါ သူ၏ဒေါသကို မမျိုသိပ်နိုင်တော့ဘဲ လောချင်းယွီဘက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"ငါတို့ နောက်တစ်နေ့ကျမှ ပြန်ဆုံကြသေးတာပေါ့။"

ထိုသို့ ပြောပြီးနောက် သူသည် လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားတော့သည်။

လောချင်းယွီသည် ချင်ခဲ့ ထွက်ပြေးသွားသည်ကို ကြည့်ရင်း မတတ်သာသည့် အပြုံးတစ်ခု ပြုံးလိုက်မိ၏။

"ရာက္ခသတံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပစ္စည်းကိုတောင် လုရဲတယ်ပေါ့... မင်းက တကယ်ပဲ သတ္တိကောင်းတာပဲ"

ထိုသို့ ရေရွတ်ပြီးနောက် သူမသည် အိမ်ထဲသို့ လှမ်းဝင်လာခဲ့သည်။ သူမသည် သီးသန့်ကျင့်ကြံဆောင် တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်၏။

တံခါးပွင့်သွားသည့် ခဏတွင် ချန်လော့သည် အခန်းထဲ၌ ဘယ်ဘက်လက်ဖြင့် ပန်းချီကားချပ်ကို မတင်ထားပြီး ညာဘက်လက်ဖြင့် ပန်းချီကားနောက်က အပေါက်လေးထဲမှ သိုလှောင်အိတ်ကို နှိုက်ယူနေသည်ကို တွေ့လိုက်ရသည်။

လောချင်းယွီ ရုတ်တရက် ဝင်လာသဖြင့် ချန်လော့၏ မျက်နှာတွင် အလွန် ရှက်ရွံ့သွားသော အရိပ်အယောင်များ ပေါ်လာသည်။

"ဆရာ... တိုက်ဆိုင်လိုက်တာ။"

ချန်လော့က ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ပြုံးလိုက်ပြီး သိုလှောင်အိတ်ကို သူ၏အင်္ကျီထဲသို့ ထိုးထည့်ကာ ပန်းချီကားကို နံရံတွင် ပြန်လည်ချိတ်ဆွဲလိုက်သည်။

လောချင်းယွီက ထိုပုံတူပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်လော့ဘက်သို့ လှည့်လာသည်။

"ပျံသန်းခြင်း မှော်ရတနာကို ထုတ်လိုက်စမ်း"

"ဟင်..."

ချန်လော့ ကြောင်အမ်းသွားပြီး လောချင်းယွီကို ကြည့်လိုက်သည်။ ထို့နောက် သူသည် လောချင်းယွီ၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ဂိုဏ်းချုပ်ချင်း၏ အရိပ်အယောင်ကို မတွေ့ရပေ။

ချန်လော့ထံမှ ဘာတုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ လောချင်းယွီက စကားအရှည်ကြီး မပြောတော့ဘဲ ရှေ့သို့ တိုက်ရိုက် လျှောက်သွားကာ ချန်လော့၏ သိုလှောင်အိတ်ကို ဆွဲလုပြီး ပျံသန်းခြင်းသစ်ရွက်ကို ထုတ်ယူလိုက်တော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချန်လော့၏ မျက်ခုံးများမှာ ပြင်းထန်စွာ လှုပ်ခါသွားရသည်။

"ဆရာ..."

ချန်လော့ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း လောချင်းယွီက သူ၏လက်ကို ဆွဲယူကာ ချန်လော့၏ လက်ဖဝါးပေါ်တွင် ဓားရာအသေးလေးတစ်ခု ပေးလိုက်ရာ သွေးများ ထွက်လာခဲ့သည်။ ထို့နောက် သူမသည် ပုလင်းအသေးလေးတစ်ခု ထုတ်ကာ ချန်လော့၏ သွေးများကို ခံယူလိုက်ပြီး ထိုပုလင်းနှင့် ပျံသန်းခြင်းသစ်ရွက်ကို မိမိ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။

"သီးသန့်ဆောင်ထဲမှာ ကောင်းကောင်း ကျင့်ကြံအားထုတ်နေပါ"

ထိုသို့ ပြောပြီးနောက် သူမသည် အနောက်သို့ လှည့်ကာ ထွက်ခွာသွားတော့သည်။

ချန်လော့သည် လောချင်းယွီ၏ ကျောပြင် ဖြည်းဖြည်းချင်း ဝေးကွာသွားသည်ကို ကြည့်ရင်း သီးသန့်ဆောင်တံခါးကြီး ဖြည်းညှင်းစွာ ပိတ်သွားသည်ကို ငေးကြည့်နေမိသည်။

တံခါးကြီး လုံးဝ ပိတ်သွားပြီး နောက်ဆုံး အလင်းတန်းလေး ကွယ်ပျောက်သွားသည့် အချိန်တွင်မူ ချန်လော့၏ မျက်နှာထက်၌ ကြီးစွာသော ဝမ်းနည်းပူဆွေးမှုများ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။

"ငါ့ရဲ့ ပျံသန်းခြင်းမှော်ရတနာလေး... ငါ အကြာကြီး မျှော်လင့်ခဲ့ရတဲ့ ပျံသန်းခြင်းမှော်ရတနာလေး"

"ချင်ခဲ့... မင်းက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ပြီးတော့ ငါ့ပစ္စည်းကို လာလုရဲတယ်ပေါ့"

"ရာက္ခသတံခါးဂိုဏ်း... ငါ မင်းတို့ကို လုံးဝ ခွင့်မလွှတ်ဘူး"

...

"ဟတ်ချိုး"

ချန်ရှင်းဂိုဏ်းမှ ထွက်ခွာလာခဲ့သော ချင်ခဲ့သည် လမ်းခုလတ်တွင် ရုတ်တရက် နှာချေလိုက်မိပြီး စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရလေတော့သည်။

All Chapters