← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း ၁၇၅ လူသတ်မည့် အစီအစဉ်

လောချင်းယွီသည် ပျံသန်းခြင်းသစ်ရွက်ကို ကိုင်ကာ လက်ကိုမြှောက်ပြီး ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်သည်။ သို့သော် ဝိညာဉ်စွမ်းအင်များ ရောက်ရှိသွားသည်နှင့် လောချင်းယွီ၏ မျက်နှာတွင် သံသယဖြစ်ဖွယ် အမူအရာတစ်ခု ပေါ်လာ၏။

"ဟင်... အမှတ်အသား မရှိပါလား"

အမှတ်အသား ဟု ဆိုသည်မှာ ကျင့်ကြံသူများက မိမိတို့၏ ဝိညာဉ်စွမ်းအားဖြင့် မှော်ရတနာပေါ်တွင် ခတ်နှိပ်ထားသော စိတ်ဝိညာဉ် အမှတ်အသားကို ဆိုလိုခြင်း ဖြစ်သည်။ ဤအမှတ်အသား ရှိနေသရွေ့ အခြားသူများက ထိုမှော်ရတနာကို လုယူသွားခဲ့လျှင်ပင် ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်ယူသုံးစွဲနိုင်မည် မဟုတ်ပေ။ ထို့ပြင် ကျင့်ကြံသူများသည် ထိုအမှတ်အသားကို အသုံးပြု၍ မှော်ရတနာကို မိမိထံသို့ တိုက်ရိုက် ပြန်လည်ခေါ်ယူနိုင်စွမ်းလည်း ရှိကြသည်။

လောချင်းယွီသည် ချန်လော့ကို ပေးရန်အတွက် ချင်ခဲ့၏ အမှတ်အသားကို အရင် ဖျက်ဆီးပစ်ရန် ကြံရွယ်ထားခြင်း ဖြစ်သော်လည်း၊ ချင်ခဲ့က ထိုအရာပေါ်တွင် မည်သည့်အမှတ်အသားမျှ ခတ်နှိပ်ထားခြင်း မရှိသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။

"ထားလိုက်တော့... အမှတ်အသား မရှိတာကပဲ ပိုကောင်းပါတယ်၊ ဖျက်ပစ်ရမယ့် အချိန် သက်သာသွားတာပေါ့"

ထိုသို့ ပြောပြီးနောက် သူမသည် ခုနတင် ချန်လော့ထံမှ ရယူခဲ့သော သွေးပုလင်းလေးကို ဖွင့်လိုက်သည်။ ထို့နောက် စိတ်ကူးတစ်ချက်ဖြင့် ပုလင်းထဲက သွေးများကို သူမ၏ လက်ဖဝါးပေါ်သို့ ပျံတက်လာစေခဲ့၏။

အမှတ်အသား ခတ်နှိပ်ခြင်း အတတ်မှာ ခက်ခဲလှသော မှော်ပညာတစ်ခု မဟုတ်သော်လည်း အလွန် တင်းကျပ်သော စည်းကမ်းချက်တစ်ခု ရှိသည်။ ၎င်းမှာ အမှတ်အသား ခတ်နှိပ်မည့်သူ၏ ကျင့်ကြံဆင့်မှာ အနည်းဆုံး ရွှေအမြုတေအဆင့် သို့ ရောက်ရှိထားရမည် ဖြစ်သည်။

ရွှေအမြုတေအဆင့်ဟူသည် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ လောချင်းယွီသည် ဤစကားကို ချန်လော့အား ယခင်က အကြိမ်ကြိမ် ပြောဖူးခဲ့သည်။ မသေမျိုးလောကတွင် ပျံ့နှံ့နေသော စကားပုံတစ်ခုပင် ရှိ၏။

"ရွှေအမြုတေအဆင့်သို့ မရောက်ရှိသရွေ့ မသေမျိုး မဟုတ်ဘဲ သာမန်လူသားမျှသာ ဖြစ်သည်" ဟူ၍ ဖြစ်သည်။

ဤသို့ ခွဲခြားရခြင်း၏ အဓိက အကြောင်းရင်းမှာ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပုံ ကွာခြားခြင်းကြောင့် ဖြစ်သည်။ ချီစုဆောင်းခြင်း နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိ ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်အသုံးပြုနိုင်ကြသော်လည်း၊ အမှန်အတိုင်း ပြောရလျှင် ထိုဝိညာဉ်စွမ်းအင်များမှာ ကမ္ဘာလောက၏ ပိုင်ဆိုင်မှုသာ ဖြစ်ပြီး ကျင့်ကြံသူကိုယ်တိုင်၏ ပိုင်ဆိုင်မှု မဟုတ်ပေ။

ရွှေအမြုတေကို စုစည်းနိုင်မှသာ ထိုဝိညာဉ်စွမ်းအင်များကို မိမိ၏ ခန္ဓာကိုယ်အတွင်း အမှန်တကယ် ပိုင်ဆိုင်နိုင်ပြီး ၎င်း၏ စွမ်းအားကို လွတ်လပ်စွာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်ပင် အမှန်တကယ် ပြင်းထန်လှသော မှော်မန္တန်များမှာ ရွှေအမြုတေအဆင့်သို့ ရောက်မှသာ တည်ရှိခြင်း ဖြစ်သည်။

ချီစုဆောင်းခြင်း နှင့် အခြေခံအုတ်မြစ်အဆင့်ရှိ မှော်ပညာများမှာ ယေဘုယျအားဖြင့် အလွန် အားနည်းလှပြီး အချို့သော ကိုယ်ခံပညာရပ်များကိုပင် မမှီကြပေ။ အတိအကျ ပြောရလျှင် သူတို့သည် ဝိညာဉ်စွမ်းအင်ကို အမှန်တကယ် မစွမ်းဆောင်နိုင်ကြသေးသဖြင့် ပြင်းထန်သော စွမ်းအားကို မထုတ်ဖော်နိုင်ခြင်းသာ ဖြစ်သည်။

လောချင်းယွီသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချန်လော့၏ သွေးများမှာ ပျံသန်းခြင်းသစ်ရွက်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။ ထို့နောက် ပျံသန်းခြင်းသစ်ရွက်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး အမှတ်အသား ခတ်နှိပ်ခြင်းမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေသည်။

...

တစ်ဖက်တွင်မူ ချန်ရှင်းဂိုဏ်း၏ အပြင်ဘက်၌...

ချင်ခဲ့သည် မူရှာရှာနှင့် အခြားလူနှစ်ဦးကို ခေါ်ဆောင်ကာ မိမိတို့၏ ဂိုဏ်းများဆီသို့ ပြန်လည်ဦးတည်ခဲ့ကြသည်။ ယခုအချိန်တွင် ချင်ခဲ့၏ စိတ်မှာ အလွန်ပင် မွန်းကျပ်လျက် ရှိ၏။ သူ ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ချန်လော့ကဲ့သို့ သတ္တိကောင်းလှသော တပည့်မျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

'ငါက ရာက္ခသတံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ... ကြီးမြတ်လှတဲ့ နတ်ဝိညာဉ်အဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်တာကို... အဲဒီကောင်စုတ်က ငါ့မျက်စိရှေ့တင် ပစ္စည်းကို လုယူရဲတယ်ပေါ့။ မင်းက နောင်တစ်ချိန်မှာ ငါ့ရဲ့ ကလဲ့စားချေမှုကို တကယ်ပဲ မကြောက်ဘူးလား’

သတိလစ်နေဆဲဖြစ်သော ယန်ချုံထျန်းကို ကျောပိုးထားသည့် မူရှာရှာက တစ်စုံတစ်ခုကို တွေးမိပုံရပြီး ချင်ခဲ့ကို လှမ်းကြည့်လိုက်သည်။

"ဟို... ဂိုဏ်းချုပ်ချင်း... ရှင်က အမှတ်အသားကို သုံးပြီး ပျံသန်းခြင်းသစ်ရွက်ကို ပြန်ခေါ်လို့ မရဘူးလားဟင်"

ထိုစကားကို ကြားလိုက်ရသဖြင့် ချင်ခဲ့၏ မျက်နှာတွင် နေရခက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

အမှတ်အသား ဟုတ်လား...

သူသည် ထိုအရာကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးချေ။သူသည် မေ့သွားခြင်းကြောင့် မဟုတ်ဘဲ ထိုကဲ့သို့ အမှတ်အသားမျိုး ခတ်နှိပ်ရန် သူ လုံးဝ မတွေးတောခဲ့ခြင်းကြောင့် ဖြစ်သည်။ ချင်ခဲ့တင်မကဘဲ နတ်ဝိညာဉ်အဆင့်ရှိသော စွမ်းအားရှင် အများစုမှာ ဤကဲ့သို့ သေးငယ်သော အမှတ်အသားများ ခတ်နှိပ်ခြင်းကို ဂုဏ်ငယ်သည်ဟု ယူဆကာ အထင်သေးတတ်ကြသည်။

အဘယ်ကြောင့်နည်း။

အကြောင်းမှာ သူတို့၏ ပိုင်ဆိုင်မှုများကို တစ်စုံတစ်ဦးက ခိုးယူလိမ့်မည် သို့မဟုတ် လုယူလိမ့်မည်ဟု သူတို့ လုံးဝ မတွေးတောခဲ့ကြသောကြောင့် ဖြစ်သည်။ အခြေခံသဘောတရားမှာ အလွန် ရိုးရှင်းသည်။

သင်တို့အားလုံးသည် တန်ခိုးကြီးမားလှသော နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အကယ်၍ မှော်ရတနာအတွက် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လျှင်ပင် မိမိနှင့် အဆင့်တူ စွမ်းအားရှင် များနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် အမှတ်အသားမှာ အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက မိမိကို အနိုင်ယူပြီး မှော်ရတနာကို လုယူနိုင်စွမ်း ရှိနေပြီဆိုလျှင် ထိုအမှတ်အသားကို ဖျက်ဆီးပစ်ရန် နည်းလမ်းလည်း ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် အမှတ်အသား ချန်ထားခဲ့ခြင်း၏ အဓိပ္ပာယ်မှာ သဘာဝအတိုင်း မှေးမှိန်သွားရသည်။

သူတို့သည် မိမိတို့၏ ပစ္စည်းများ အခိုးခံရမည် သို့မဟုတ် အလုခံရမည်ဟူသော အခြေအနေမျိုးကို ထည့်ပင် မစဉ်းစားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိကိုယ်ကိုယ် အလွန် ယုံကြည်မှု ရှိကြသောကြောင့် ဖြစ်သည်။ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ပြင်းထန်လှသော စိတ်ဝိညာဉ် အာရုံခံစားမှု အောက်တွင် မည်သူက ပစ္စည်းခိုးယူနိုင်မည်နည်း။ ထို့အပြင် မည်သူက သူတို့၏ပစ္စည်းကို လုရဲမည်နည်း။

အကျဉ်းချုပ်ပြောရလျှင် ၎င်းမှာ "ယုံကြည်မှုလွန်ကဲခြင်း" ဟူသော စကားလုံးနှစ်လုံးကြောင့် ဖြစ်သည်။ သို့သော် ယခုမူ ချင်ခဲ့တစ်ယောက် မမျှော်လင့်ဘဲ အခက်ကြုံခဲ့ရလေပြီ။

သို့သော် မူရှာရှာ၏ စကားက လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ၊ အနည်းဆုံးတော့ ချင်ခဲ့ကို တစ်စုံတစ်ခု သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ခတ်နှိပ်သင့်သော အမှတ်အသားကိုမူ ခတ်နှိပ်ထားရပေမည်။

"ငါ ဂိုဏ်းကို ပြန်ရောက်တာနဲ့... ငါ့ရဲ့ မှော်လက်နက် တိုင်းပေါ်မှာ အမှတ်အသားတွေ အကုန် ခတ်နှိပ်ပစ်မယ်"

...

နောက်ထပ် ရက်အနည်းငယ်အတွင်း ချန်လော့သည် သီးသန့်ကျင့်ကြံဆောင်ထဲတွင် ဆက်လက် ရှိနေခဲ့သည်။ ကျင့်ကြံခြင်းဟု ခေါ်ဆိုသော်လည်း ချန်လော့သည် တရားထိုင်ခြင်းကို များများစားစား မလုပ်ဖြစ်ခဲ့ပေ။

သူသည် လောချင်းယွီထံမှ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေနှင့် ချိုးယွီနင် အကြောင်း အချက်အလက်များစွာကို တောင်းခံခဲ့ပြီး ထိုစာရွက်စာတမ်းများကိုသာ ရက်အတော်ကြာ ဖတ်ရှုနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ယခုတစ်ကြိမ် အဓိက ရည်မှန်းချက်မှာ ချိုးယွီနင်ကို သတ်ရန် ဖြစ်သောကြောင့် ဖြစ်သည်။

ဓားအမတရှင် ချိုးဖုန်းလီ ၏ သားဖြစ်သည့်အလျောက် ချိုးယွီနင်သည် ထိုက်ယီဂိုဏ်း၏ သူတော်စင် လည်း ဖြစ်သဖြင့် သူ၏ အစွမ်းနှင့် နောက်ခံကိုမူ အထင်သေး၍ မရပေ။

ချန်လော့သည် လောချင်းယွီကို မိမိ၏ လက်ရှိအစွမ်း၊ မှော်အတတ်၊ အစီအရင်များနှင့် အဆိပ်ခတ်ခြင်း အတတ်ပညာများကို သုံး၍ ချိုးယွီနင်နှင့် ထိပ်တိုက်တွေ့လျှင် အနိုင်ရနိုင်ခြေ မည်မျှရှိသနည်းဟု မေးမြန်းခဲ့ဖူးသည်။

ထိုစဉ်က လောချင်းယွီက ဤသို့ ပြန်လည်ဖြေကြားခဲ့၏။

"အကယ်၍ တစ်ဦးချင်း ထိပ်တိုက်တွေ့မယ်၊ ပြီးတော့ မင်းရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ ပါရမီတွေကို မသုံးဘဲ မင်းရဲ့ ကိုယ်ပိုင်အစွမ်း၊ အစီအရင်တွေနဲ့ အဆိပ်တွေကိုပဲ သုံးမယ်ဆိုရင်တော့... မင်း အနိုင်ရနိုင်ခြေက လေးဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိလိမ့်မယ်"

ထိုအဖြေကို ရရှိပြီးနောက် ချန်လော့၏ စိတ်မှာ ပိုမို လေးလံသွားခဲ့ရသည်။ လေးဆယ်ရာခိုင်နှုန်း ဆိုသည်မှာ လုံလောက်သော ပမာဏ မဟုတ်ပေ။

သို့သော် သူတို့ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည့်အခါ တကယ့် တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံရန် အခွင့်အရေးမျိုး ရှိချင်မှ ရှိလိမ့်မည်။ ပထမဦးစွာ၊ ချိုးယွီနင်သည် ထိုက်ယီဂိုဏ်း၏ သူတော်စင် ဖြစ်ပြီး၊ ထိုက်ယီဂိုဏ်းမှာ ဖြောင့်မတ်လမ်းစဉ်၏ ခေါင်းဆောင် ဖြစ်သည်။ ချိုးယွီနင်ကို "ဖြောင့်မတ်လမ်းစဉ် ၏ အလင်းရောင်" ဟု အခြေခံအားဖြင့် သတ်မှတ်နိုင်ပြီး သူ သွားလေရာ အရပ်တိုင်းတွင် လူအုပ်ကြီးက ဝန်းရံနေမည်မှာ အသေအချာပင် ဖြစ်သည်။

သူနှင့် တစ်ဦးချင်း တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေဖို့မှာ အလွန် ခဲယဉ်းလှပေသည်။ အကယ်၍ တိုက်ပွဲဖြစ်ပွားခဲ့လျှင် ၎င်းမှာ ရှုပ်ထွေးလှသော အစုလိုက်အပြုံလိုက် တိုက်ပွဲကြီးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။ ဖြောင့်မတ်လမ်းစဉ်ဘက်မှ လူဦးရေမှာလည်း သူတို့ဘက်ထက် သာလွန်နေမည်မှာ ဧကန်မလွဲပင်။

ချန်လော့သည် ခဏမျှ တွေးတောပြီးနောက် သူ၏ အကြည့်ကို လက်ထဲက စာရွက်စာတမ်းများဆီသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ ၎င်းမှာ ချိုးယွီနင်၏ အကြောင်းအရာမျိုးစုံ ပါဝင်သော အချက်အလက်များ ဖြစ်သည်။ ချန်လော့၏ အကြည့်များမှာ ဟိုဟိုဒီဒီ ရွေ့လျားသွားပြီးနောက် စာကြောင်းတစ်ကြောင်းပေါ်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

"ဤလူသည် ပြင်းထန်သော တရားမျှတမှု စိတ်ဓာတ် ရှိပြီး ဖြောင့်မတ်လမ်းစဉ် ဂိုဏ်းအချို့၏ လုပ်ရပ်များကို အလွန်တရာ ရွံရှာမုန်းတီးသည်။ အမှန်စင်စစ် သူနှင့်ဖြောင့်မတ်ဂိုဏ်းအချို့အကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေသည်။"

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးသည် ဖြောင့်မတ်လမ်းစဉ် ၏ ဖိအားပေးမှုကြောင့် မိစ္ဆာတာအိုထဲသို့ ဝင်ရောက်သွားခဲ့ရသဖြင့် ၎င်းက သူ့အပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် သူသည် ဖြောင့်မတ်လမ်းစဉ် နှင့် မိစ္ဆာတာအို၏ ကွာခြားချက်အပေါ် သံသယအချို့ ရှိနေသည်။"

ဤအချက်အလက်ကို မြင်လိုက်ရသည့်အခါ ချန်လော့သည် မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ်မျှ စဉ်းစားမိသွားသည်။

'ပြင်းထန်တဲ့ တရားမျှတမှု စိတ်ဓာတ် ရှိတယ်၊ ဖြောင့်မတ်ဂိုဏ်း တွေရဲ့ နည်းလမ်းတွေကို သဘောမကျဘူး၊ ပြီးတော့ ဖြောင့်မတ်လမ်းစဉ် အပေါ် သံသယ ရှိနေတယ် ဟုတ်လား...'

သူသည် စာရွက်စာတမ်းများထဲက ချိုးယွီနင်၏ အချက်အလက်များကို သေချာစွာ သုံးသပ်ရင်း အနိုင်ရရှိရန် မည်သည့် မဟာဗျူဟာကို အသုံးပြုရမည်ကို စဉ်းစားလိုက်သည်။ အစွမ်းချင်း ယှဉ်ပြိုင်ရန် ခဲယဉ်းနေသည့် အခြေအနေမျိုးတွင် အနိုင်ရရှိရန်အတွက် မဟာဗျူဟာကိုသာ အားကိုးရပေမည်။

အစွမ်းထက်သူများသည် အင်အားဖြင့် တိုက်ခိုက်ကြပြီး မည်သည့်အရာကိုမျှ မကြောက်ကြပေ။ သို့သော် အားနည်းသူများအတွက်မူ အင်အားသုံး၍ ထိပ်တိုက်ရင်ဆိုင်ခြင်းက အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်သည်။ မိမိ မနိုင်နိုင်မှန်း သိလျက်နှင့် အတင်းတိုးဝင်ခြင်းက မိုက်မဲခြင်း သက်သက်သာ ဖြစ်သည်။

ထို့ကြောင့် ချန်လော့သည် ချိုးယွီနင်ကို ရင်ဆိုင်ရန်အတွက် သူ၏ ဉာဏ်ပညာကို တတ်နိုင်သမျှ အသုံးပြုရန် စီစဉ်လိုက်တော့သည်။ ချိုးယွီနင်၏ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် သူ၏ စိတ်ထဲတွင် ရိုးရှင်းသော အစီအစဉ်တစ်ခု စတင် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူ့တွင် ထူးခြားသော ဝိသေသတစ်ခု ရှိနေသေး၏။ ၎င်းမှာ သူသည် ဖြောင့်မတ်ဂိုဏ်း တစ်ခုမှ သစ္စာဖောက်ကာ ထွက်ပြေးလာခဲ့သော မိစ္ဆာကျင့်ကြံသူ တစ်ဦး ဖြစ်နေခြင်းပင်။

ဖြစ်နိုင်သည်မှာ သူသည် ဤအချက်ကို အသုံးပြု၍ ချိုးယွီနင်ကို မြှူဆွယ်ကာ၊ သူ၏ ယုံကြည်မှုကို ရယူပြီးမှ အပြတ်ရှင်းပစ်ရန် ဖြစ်နိုင်လောက်သည်။

အခန်း ၁၇၆ အသက်ရှင်လျက် ပြန်လာခဲ့ပါ

နှစ်ရက်အကြာတွင်။

လောချင်းယွီသည် သီးသန့်ကျင့်ကြံဆောင်တံခါးကို တွန်းဖွင့်လိုက်သည်။ အထဲ၌ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေဆိုင်ရာ အချက်အလက်များကို မနားတမ်း ဖတ်ရှုလေ့လာနေသော ချန်လော့ကို ကြည့်ကာ သူမက ဆိုလိုက်သည်။

"သွားရမယ့်အချိန် ရောက်ပြီ။"

ထိုစကားကို ကြားသောအခါ ချန်လော့သည် အတွေးကမ္ဘာထဲမှ ရုတ်တရက် နိုးထလာသည်။ သူသည် လက်ထဲက စာရွက်စာတမ်းများကို သေသပ်စွာ သိမ်းဆည်းကာ သိုလှောင်အိတ်ထဲသို့ ထည့်ရန် ပြင်လိုက်၏။

သို့သော် သူ ခဏမျှ စဉ်းစားမိသွားသည်။

'အကယ်၍ ငါသာ လျှို့ဝှက်နယ်မြေထဲမှာ အဖမ်းခံရလို့ ဒီအချက်အလက်တွေက ချိုးယွီနင်ရဲ့ လက်ထဲကို ရောက်သွားပြီး မြင်သွားရင် ဘယ်လိုဖြစ်မလဲ။'

သူ သေသေချာချာ စီစဉ်ထားသည့် လှည့်စားမှု အစီအစဉ်ကြီး ပေါ်သွားနိုင်ခြေ ရှိသဖြင့် ထိုအရာမှာ လုံးဝ မကောင်းနိုင်ပေ။ အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့သည် ထိုစာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်တွင်သာ ဖြည်းဖြည်းချင်း ပြန်ချထားခဲ့ပြီး ယူမသွားတော့ရန် ဆုံးဖြတ်လိုက်တော့သည်။

“ပြင်ဆင်မှုတွေ ဘယ်လိုလဲ”

လောချင်းယွီက ချန်လော့ကို မေးလိုက်၏။

ချန်လော့က ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။

“ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းလောက် သေချာနေပါပြီ ဆရာ”

လောချင်းယွီ အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

“သူ့ကို သတ်နိုင်ဖို့ ရာခိုင်နှုန်းက တကယ်ပဲ ဒီလောက်တောင် မြင့်တာလား”

ထိုအခါ ချန်လော့၏ မျက်နှာမှာ ပို၍ ပူထူလာပြီး ကပျာကယာ ငြင်းလိုက်ရတော့သည်။

“မဟုတ်ပါဘူး ဆရာ... တပည့် ပြောတာက သီးသန့်ဆောင်ထဲမှာ ဒီလောက်အကြာကြီး နေလိုက်ရတော့ ဗိုက်ဆာနေတာ ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိပြီလို့ ပြောတာပါ”

လောချင်းယွီ : "..."

လောချင်းယွီသည် စကားအများကြီး ဆက်မပြောတော့ဘဲ ယခင်က ချန်လော့ထံမှ ယူထားခဲ့သော ပျံသန်းခြင်းသစ်ရွက်ကို ထုတ်ယူကာ ချန်လော့ထံသို့ ပြန်လည် ပေးအပ်လိုက်သည်။ ချန်လော့သည် ပျံသန်းခြင်းသစ်ရွက်ကို မြင်လိုက်ရသည့်အခါ ခဏမျှ ကြောင်အမ်းသွား၏။

‘ ဒါကို ဂိုဏ်းချုပ်ချင်းဆီ ပြန်မပေးခဲ့ဘူးလား။ ဒါမှမဟုတ် ဂိုဏ်းချုပ်ချင်းက အခုထိ ဂိုဏ်းမှာ ရှိနေသေးတာလား။'

သူ အတွေးများနေစဉ် လောချင်းယွီက ရှင်းပြသည်။

"ငါ ဒီပျံသန်းခြင်းသစ်ရွက်ပေါ်မှာ မင်းရဲ့ စိတ်ဝိညာဉ်အမှတ်အသားကို ခတ်နှိပ်ပေးထားပြီးပြီ။ ဒါကြောင့် မင်းတို့ မိုင်ပေါင်းရာချီ ဝေးကွာနေရင်တောင် မင်းရဲ့ ဆင့်ခေါ်မှုတစ်ခုတည်းနဲ့ မင်းရဲ့ ဘေးနားကို ပျံသန်းရောက်ရှိလာနိုင်လိမ့်မယ်။"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ချန်လော့၏ မျက်နှာ မှာ ချက်ချင်း တောက်ပသွားတော့သည်။ ထိုနေ့က လောချင်းယွီသည် ပျံသန်းခြင်းသစ်ရွက်ကို ယူဆောင်သွားစဉ် သူ၏ သွေးတစ်ပုလင်းကိုပါ အတူတူ ယူသွားခဲ့သည်ကို သူ ရုတ်တရက် သတိရမိသွား၏။

'ကြည့်ရတာ အဲဒီနေ့က ငါ အတွေးလွန်ခဲ့တာပဲ။'

ထို့နောက် လောချင်းယွီသည် သူမ၏ အင်္ကျီအိတ်ထဲမှ အခြားသော အရာဝတ္ထုအချို့ကို ထပ်မံ ထုတ်ယူကာ ချန်လော့ထံသို့ ကမ်းပေးလိုက်ပြန်သည်။

"ဒါက ရွှေမင်ကျောက်စိမ်းဆွဲပြားပဲ၊ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို သုံးကြိမ်အထိ တောင့်ခံနိုင်စွမ်း ရှိတယ်။"

"ဒါကတော့ တစ်သောင်းကမ္ဘာဓားမန္တန်စာလိပ်၊ ဒါရဲ့ စွမ်းအားက နတ်ဝိညာဉ်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ ညီမျှတယ်။"

"ဒါက နတ်မသေမျိုးဆေးရည်၊ တစ်စက်တည်းနဲ့တင် မင်းရဲ့ ဒဏ်ရာအားလုံးကို ချက်ချင်း သက်သာပျောက်ကင်းစေနိုင်တယ်။ အခု ပုလင်းထဲမှာ ငါးစက် ကျန်သေးတယ်။"

"ပြီးတော့ ဒါကတော့ အကန့်အသတ်မဲ့ ရွှေအမြုတေဆေးလုံးပဲ၊ မင်းကို အချိန်တိုအတွင်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံဆင့်ကို ရောက်ရှိသွားစေနိုင်ပြီး သုံးမိနစ်ခန့် ကြာမြင့်လိမ့်မယ်။"

...

လောချင်းယွီသည် အဆင့်မြင့် မှော်ရတနာများနှင့် ဆေးလုံးများကို တစ်ခုပြီးတစ်ခု ကမ်းပေးနေသည်ကို ကြည့်ရင်း ချန်လော့တစ်ယောက် လုံးဝ ဆွံ့အသွားသည်။

‘ဘုရားရေ... ဒီပစ္စည်းတွေထဲက ဘယ်တစ်ခုမဆို သာမန်ကျင့်ကြံသူတွေကို ရူးသွပ်သွားစေဖို့ လုံလောက်တယ်လေ’

လောချင်းယွီသည် ယနေ့တွင် ဤမျှအထိ ရက်ရောပြီး ပစ္စည်းကောင်းများစွာကို တစ်ပြိုင်နက်တည်း ပေးအပ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။

သို့သော် ရုတ်တရက် ချန်လော့ သည် တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်မိ၏။

"ဆရာ... ဆရာ ဂိုဏ်းရဲ့ လျှို့ဝှက်ရတနာတိုက်ကို ဖောက်လာတာတော့ မဟုတ်ပါဘူးနော်။"

အကယ်၍ လောချင်းယွီသာ ရတနာတိုက်ကို အကုန်အစင် သယ်ဆောင်လာပြီး သူ့ကို ပေးအပ်နေခြင်း ဖြစ်ပါက၊ သူ ပြန်ရောက်လာသည့်အခါ ဂိုဏ်းချုပ်ကြီးက သူ့ကို ဓားနှင့် ပိုင်းပစ်နိုင်သည် မဟုတ်လော။

လောချင်းယွီက ခပ်ဖွဖွလေး ပြုံးလိုက်ပြီးနောက် ခေါင်းခါယမ်းကာ ပြောသည်။

"ဂိုဏ်းရဲ့ ရတနာတိုက်မှာ ဒီလောက်အခြေအနေထိ ကောင်းတဲ့ ပစ္စည်းတွေ အများကြီး မရှိဘူး။"

ထိုစကားကြောင့် ချန်လော့ ဘာပြန်ပြောရမှန်း မသိတော့ဘဲ ထပ်မေးလိုက်သည်။

"ဒါဆိုရင်... ဆရာက မိစ္ဆာဂိုဏ်းတွေရဲ့ ရတနာတိုက်အားလုံးကို လိုက်ပြီး ဓားပြတိုက်လာတာလား။"

လောချင်းယွီက ထပ်မံ၍ ခပ်ဖွဖွ ပြုံးရင်း ခေါင်းခါပြပြန်သည်။ သူမသည် ချန်လော့ကို အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည့်အလား ဆိုလိုက်၏။

"ငါ့ရဲ့ ဆရာ ကွယ်လွန်သွားတဲ့နှစ်တုန်းက... ငါက ရွှေအမြုတေအဆင့်ကို စပြီး ဝင်ရောက်ကာစ အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးပဲ ရှိသေးတယ်။ ဒါပေမဲ့ အဲဒီနေ့ကစပြီး ငါ့နှလုံးသားထဲမှာ လျှို့ဝှက်ကျိန်ဆိုခဲ့တယ်... ဘာပဲဖြစ်ဖြစ် တစ်နေ့ကျရင် ဆရာ့အတွက် ကလဲ့စားချေပေးမယ်လို့ပေါ့။ ဒါကြောင့် အဲဒီအချိန်ကစပြီး ငါ့ရဲ့ အစွမ်းတွေကို မြှင့်တင်ရင်းနဲ့ အနိုင်ရရှိနိုင်ခြေ ပိုများစေဖို့အတွက် လမ်းတစ်လျှောက်မှာ တွေ့သမျှ မှော်ရတနာတွေ၊ ဆေးလုံးတွေနဲ့ လျှို့ဝှက်ရတနာမျိုးစုံကို လိုက်လံ စုဆောင်းခဲ့တာ။"

ထိုသို့ ပြောရင်း လောချင်းယွီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသော်လည်း ထိုအပြုံးတွင် မိမိကိုယ်ကိုယ် လှောင်ပြောင် သရော်နေသော အရိပ်အယောင်အချို့ ပါဝင်နေခဲ့သည်။

"ဒါပေမဲ့ နောက်ပိုင်းမှာ ငါ့ရဲ့ ကျင့်ကြံဆင့်က ပိုမြင့်လာပြီး မှော်ရတနာတွေ ပိုများလာတာနဲ့အမျှ ငါ့ရဲ့ ရာထူးအဆင့်အတန်းကလည်း လိုက်ပြီး မြင့်တက်လာခဲ့တယ်။ ငါ့မှာ ဆရာ့အတွက် ကလဲ့စားချေနိုင်တဲ့ အစွမ်းတွေ တကယ်ရှိလာတဲ့အချိန်မှာတော့... အားလုံးက နောက်ကျသွားပြီဆိုတာ ငါ သိလိုက်ရတယ်။"

"ငါက ချန်ရှင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်တင် မဟုတ်တော့ဘဲ ချန်ရှင်းဂိုဏ်းရဲ့ မျက်နှာစာဖြစ်လာပြီး တစ်နည်းအားဖြင့် မိစ္ဆာတာအိုတစ်ခုလုံးကို ကိုယ်စားပြုတဲ့သူ ဖြစ်လာခဲ့တယ် အကယ်၍ ငါသာ ချိုးဖုန်းလီ ကို သွားရောက် တိုက်ခိုက်ခဲ့မယ်ဆိုရင် အဲဒါက မိစ္ဆာတာအိုက ဖြောင့်မတ်လမ်းစဉ် ကို စစ်ကြေညာတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်..အဲဒီအချိန်ကျရင် အင်အားစုကြီး အုပ်စုနှစ်ခုကြားမှာ ကြီးမားတဲ့ စစ်ပွဲကြီး ဖြစ်ပွားပြီး ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"

လောချင်းယွီသည် ထိုသို့ပြောရင်း ချန်လော့ကို လှည့်ကြည့်လိုက်ရာ ချန်လောသည် ဘာမှ ပြန်မပြောသော်လည်း မျက်ဝန်းထဲတွင် စူးစူးစိုက်စိုက်ဖြင့် သိလိုစိတ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

‘ ဆရာက အခြားသူတွေရဲ့ အသက်အပေါ် ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ' ဟု ချန်လော့ တစ်ယောက် တွေးနေပုံရသည်။

လောချင်းယွီသည် ချန်လော့၏ စိတ်ထဲက မေးခွန်းကို သဘာဝအတိုင်း ရိပ်မိသွားပြီး ဖွဖွလေး ရယ်မောကာ ချန်လော့၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

"ငါ့ဘဝမှာ ငါ တန်ဖိုးထားရတဲ့သူ အလွန် နည်းပါတယ်... ဒါပေမဲ့ ငါ့ရဲ့ ဆရာကတော့ အဲဒီထဲက တစ်ယောက်အပါအဝင်ပဲ”

လောချင်းယွီက ချန်လော့ကို တစ်ချက် ကြည့်လိုက်သော်လည်း ထိုအကြောင်းကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။

"ဆရာက ငါ့ကို ငယ်စဉ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး 'ချန်ရှင်းဂိုဏ်းက ငါ့ရဲ့ အိမ်ပဲ၊ ဘာပဲလုပ်လုပ် ချန်ရှင်းဂိုဏ်းကို ပျက်စီးရာ ပျက်စီးကြောင်း ချောက်ကမ်းပါးထဲကို တွန်းမချရဘူး' လို့ အမြဲ သွန်သင်ဆုံးမခဲ့တယ်။ ဒါကြောင့် ငါ လက်လျှော့လိုက်တယ်... ချိုးဖုန်းလီ ကို သတ်ဖို့ အစီအစဉ်ကို လက်လျှော့လိုက်ပေမဲ့ ငါ့နှလုံးသားထဲမှာတော့ လုံးဝ ဥပေက္ခာ မပြုနိုင်ခဲ့ဘူး။"

လောချင်းယွီ စကားရပ်သွားသည့် အချိန်တွင် ချန်လော့သည် အခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။ လောချင်းယွီသည် ထိုအငြိုးအတေးကို လက်မလွှတ်နိုင်သဖြင့် ချိုးဖုန်းလီ ၏ သားဖြစ်သူ ချိုးယွီနင်ထံသို့ အာရုံပြောင်းလိုက်ခြင်း ဖြစ်သည်။ သူမသည် မိမိကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာလည်း ချိုးယွီနင်ကို သတ်ခိုင်းရန်အတွက် ဖြစ်ပေသည်။

"ဒီမှော်ရတနာတွေ အားလုံးက ငါ ရွှေအမြုတေအဆင့်ကနေ စပြီး ကျင့်ကြံလာတဲ့ လမ်းတစ်လျှောက် စုဆောင်းခဲ့တဲ့ ပစ္စည်းတွေပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒါတွေက ငါ့အတွက် ဘာမှ အသုံးမဝင်တော့ဘူး... ဒါကြောင့် မင်းကို အကုန် ပေးလိုက်မယ်။"

ထိုသို့ ပြောပြီးနောက် သူမသည် လက်ကိုမြှောက်ကာ ချန်လော့၏ ခေါင်းပေါ်သို့ ညင်သာစွာ တင်လိုက်ပြီး အမိန့်ပေးသံဖြင့် ဆိုသည်။

"ချိုးယွီနင်ကို သတ်ပါ။"

ချန်လော့က ခေါင်းညိတ်ပြလိုက်သည်။

"ပြီးရင်... အသက်ရှင်လျက် ပြန်လာခဲ့ပါ။"

လောချင်းယွီက ထပ်မံ၍ ဆိုလိုက်၏။

ထိုစကားကို ကြားလိုက်ရသဖြင့် ချန်လော့မှာ ခေတ္တမျှ ဆွံ့အသွားပြီး လောချင်းယွီကို အံ့ဩစွာဖြင့် မော့ကြည့်လိုက်မိသည်။ လောချင်းယွီသည် သူ့ကို စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် ရှားရှားပါးပါး နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အနည်းဆုံးတော့ ချန်ရှင်းဂိုဏ်းသို့ ရောက်ရှိလာကတည်းက လောချင်းယွီ၏ မျက်ဝန်းထဲတွင် ဤကဲ့သို့ နူးညံ့မှုမျိုးကို ချန်လော့အနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ချန်လော့က ထပ်မံ ခေါင်းညိတ်ပြလိုက်ပြီး လောချင်းယွီ၏ တောင်းဆိုချက်ကို ကတိပေးလိုက်သည်။

"ကောင်းပြီ... သွားကြစို့။"

လောချင်းယွီသည် ပြောပြောဆိုဆိုနှင့် လက်ကို ဝှေ့ယမ်းကာ သူမ၏ လှေငယ်မှော်ရတနာကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် နှစ်ဦးသား လှေပေါ်သို့ တက်ကာ လူစုရမည့် နေရာဆီသို့ ပျံသန်းထွက်ခွာခဲ့ကြသည်။

All Chapters