← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း ၁၇၉ - လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း

ဖြောင့်မတ်လမ်းစဉ် နှင့် မိစ္ဆာတာအို နှစ်ဖက်စလုံးမှ လူများသည် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ရှေ့သို့ ရောက်ရှိလာကြသည်။ သူတို့၏ အလယ်ဗဟိုတွင် ကြီးမားလှသော စင်မြင့်ကြီးတစ်ခု ရှိနေပြီး ထိုစင်မြင့်ပေါ်တွင် ကြီးမားလှသော အစီအရင်တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ၏ အဝင်အထွက်တံခါးပင် ဖြစ်သည်။

ယွီထျန်းစီက လူအုပ်ကြီး၏ ရှေ့သို့ လျှောက်လှမ်းလာပြီး ဖြောင့်မတ်လမ်းစဉ် လူအုပ်ကြီးကို ကျောခိုင်းကာ ရပ်လိုက်ပြီး ကြေညာသည်။

"ဒီ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေက ကာလအားဖြင့် သုံးလတိတိ ပွင့်နေလိမ့်မယ်။ ဒီသုံးလအတွင်းမှာ မင်းတို့ လျှို့ဝှက်နယ်မြေထဲက မိမိတို့ အလိုရှိတဲ့ ဘယ်အရာကိုမဆို ရှာဖွေနိုင်တယ်။ အမျိုးမျိုးသော မသေမျိုးရတနာတွေအပြင် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲမှာ နတ်ဝိညာဉ်အဆင့် ရှိတဲ့ မိစ္ဆာသားရဲတွေ အပါအဝင် ကြီးမားတဲ့ အန္တရာယ်များစွာ ရှိနေတယ်။"

ထိုစကားကြောင့် ချန်လော့ အနည်းငယ် အံ့အားသင့်သွားပြီး သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲတွင် နတ်ဝိညာဉ်အဆင့်ရှိသော မိစ္ဆာသားရဲများ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။ ယွီထျန်းစီက ဆက်ပြောသည်။

"သေချာပေါက် မင်းတို့အနေနဲ့ သူတို့ရဲ့ နယ်မြေထဲကို ကျူးကျော်မဝင်ရောက်သရွေ့ အဲဒီ နတ်ဝိညာဉ်အဆင့် မိစ္ဆာသားရဲတွေက မင်းတို့ကို အဖက်လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အန္တရာယ် အများဆုံးနေရာက အခွင့်အရေးနဲ့ ရတနာ အများဆုံး ရှိတဲ့နေရာပဲ ဖြစ်တယ်။ ဒါကြောင့် မင်းတို့အနေနဲ့ သာမန် ဝိညာဉ်ဆေးသစ်ပင် အကြွင်းအကျန်လောက်ကိုပဲ သယ်မပြန်ချင်ဘူး၊ ပိုပြီးကြီးမားတဲ့ အခွင့်အရေးကို လိုချင်တယ်ဆိုရင်တော့ အဲဒီ အန္တရာယ်ရှိတဲ့ နေရာတွေကို စွန့်စားဝင်ရောက်ရလိမ့်မယ်။"

"အခွင့်အရေးက ရဲရင့်သူတွေအတွက်ပဲ... လောကမှာ အလကားရတဲ့ အရာဆိုတာ မရှိဘူး။ မင်းတို့က ကြီးမားတဲ့ စွမ်းအားကို လိုချင်ရင် ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေ၊ အသက်အန္တရာယ်အထိ ပေးဆပ်ရမယ့် အခြေအနေတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။"

ထိုသို့ ပြောပြီးနောက် ယွီထျန်းစီသည် တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား သူ၏ အကြည့်များကို အနည်းငယ် ရွှေ့လိုက်ပြီး မိမိ၏ နောက်ကွယ်ရှိ ဖြောင့်မတ်လမ်းစဉ် တပည့်များကို လှည့်ကြည့်ကာ ဆိုသည်။

"ဒါ့အပြင်... မင်းတို့ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတာနဲ့ ဘယ်လို လျှို့ဝှက်စည်းကမ်းချက်တွေရဲ့ ကန့်သတ်မှုကိုမှ ခံရမှာ မဟုတ်တော့ဘူး။ အကယ်၍ မင်းတို့ လိုချင်တဲ့အရာကို အခြားတစ်ယောက်ယောက်က ယူဆောင်သွားတာ မြင်ရင်... မင်းတို့မှာ အစွမ်းရှိရင် လုယူလိုက်၊ အစွမ်းမရှိရင် ခိုးယူ၊ လှည့်စား၊ ဒါမှမဟုတ် သတ်ပစ်လိုက်လို့ရတယ်။ ကျင့်ကြံလောကက ရက်စက်တယ်... ဘယ်သူကမှ မင်းတို့ကို အကျိုးအမြတ်တွေ ဒီအတိုင်း ပေးမှာမဟုတ်ဘူး။ မင်းတို့က ကိုယ့်အစွမ်းနဲ့ကိုယ် တိုက်ခိုက်ပြီးတော့မှ ပစ္စည်းကောင်းတွေကို ရယူရမှာ ဖြစ်တယ်။"

ယွီထျန်းစီ၏ စကားများကို ကြားပြီးနောက် မိစ္ဆာတာအို ဂိုဏ်းသားအများအပြားမှာ ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွလာကြတော့သည်။ ထို ရက်စက်ကြမ်းကြုတ်သော အကြည့်များအားလုံးက ဆန့်ကျင်ဘက်ရှိ ဖြောင့်မတ်လမ်းစဉ် တပည့်များထံသို့ ကျရောက်သွား၏။ လူတိုင်းက ယွီထျန်းစီ၏ စကားများမှာ ဖြောင့်မတ်လမ်းစဉ် တပည့်များ ကြားသိစေရန် ရည်ရွယ်ပြောကြားခြင်း ဖြစ်ကြောင်း သဘောပေါက်ကြသည်။

ချန်လော့က ထိုနေရာတွင် မတ်တတ်ရပ်ရင်း အခြား မိစ္ဆာဂိုဏ်းသားများကို တစ်ချက်ချင်း လှည့်ပတ်ကြည့်ရှုလိုက်ရာ မျက်နှာထက်တွင် အပြုံးတစ်ခု မသိမသာ ပေါ်လာခဲ့သည်။

ယွီထျန်းစီသည် သူ၏ မိစ္ဆာတာအို ကြေညာချက်ကို ပြောကြားပြီးနောက် ဘေးတွင် ရပ်နေသော ချိုးဖုန်းလီ သည် ထိုလူများထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို အာရုံခံမိပုံရသည်။ သူသည် ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ဖြောင့်မတ်လမ်းစဉ် တပည့်များ၏ ရှေ့သို့ လှောက်လှမ်းလာကာ ပြောကြားလိုက်သည်။

"ငါတို့က မင်းတို့ကို ဖြောင့်မတ်လမ်းစဉ် ကျင့်ကြံသူတွေအနေနဲ့ ဖြောင့်မတ်မှန်ကန်စွာ ပြုမူနေထိုင်ဖို့ အမြဲ သွန်သင်ဆုံးမခဲ့ဖူးပေမဲ့... အကယ်၍ မင်းတို့အနေနဲ့ ဆိုးသွမ်းယုတ်မာတဲ့ မိစ္ဆာကောင်တွေကို တွေ့ရင်တော့ ဂိုဏ်းရဲ့ စည်းကမ်းချက်တွေကို သိပ်ပြီး ဂရုစိုက်နေစရာ မလိုပါဘူး။ အဲဒီကောင်တွေကို အညှာတာမရှိ သတ်ပစ်လို့ရတယ်၊ သူတို့အပေါ်မှာ သနားကြင်နာမှုတွေ၊ ကိုယ်ကျင့်တရားတွေအကြောင်း သွားပြီး ဟောပြောနေစရာ မလိုဘူး... ဘာပဲပြောပြော အဲဒီ မိစ္ဆာတာအို ကျင့်ကြံသူတွေဆိုတာ နားမလည်တဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ အတူတူပဲ၊ သူတို့ကို ကျိုးကြောင်းပြပြီး ပြောလို့မရဘူး။ တစ်ခုတည်းသော နည်းလမ်းကတော့ ဓားကို ကိုင်စွဲပြီး အကုန်လုံးကို သတ်ပစ်ဖို့ပဲ၊ ဘယ်သူ့ကိုမှ အသက်ချမ်းသာ မပေးနဲ့။ သူတို့ရဲ့ စိတ်ထဲမှာရှိတဲ့ ဆိုးသွမ်းတဲ့ အတွေးအကြံ အကြွင်းအကျန်မှန်သမျှကို ဒီလောကကြီးထဲကနေ အမြစ်ပြတ် သုတ်သင်ပစ်လိုက်ကြစို့။"

ထိုစကားကို ကြားလိုက်ရသဖြင့် မိစ္ဆာတာအိုဘက်မှ အကြီးအကဲအများအပြားမှာ မျက်နှာပျက်သွားကြသော်လည်း ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေခဲ့ကြသည်။ အကယ်၍ သူတို့သာ တစ်ယောက်တည်း ရှိနေပါက ချိုးဖုန်းလီ ကို အကြီးအကျယ် ဆဲဆိုပစ်လိုက်ကြမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် မျိုးဆက်သစ် လူငယ်များ၏ ရှေ့မှောက်တွင် ဖြစ်သဖြင့် သူတို့၏ သိက္ခာကို ထိန်းသိမ်းနေကြခြင်း ဖြစ်ပေသည်။

မိစ္ဆာတာအိုဘက်မှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ ချိုးဖုန်းလီ ၏ မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ထိုစဉ် လောချင်းယွီသည် တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား ချန်လော့၏ ပခုံးကို အသာအယာ ပုတ်လိုက်၏။ ချန်လော့သည် လောချင်းယွီကို လှည့်ကြည့်လိုက်ရာ လောချင်းယွီက ငုံ့ပြီး ချန်လော့၏ နားနားသို့ တိုးကပ်ကာ စကားအချို့ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

လောချင်းယွီ၏ စကားများကို ကြားလိုက်ရသည့် ခဏတွင် ချန်လော့၏ မျက်နှာတွင် သံသယဖြစ်ဖွယ်ရာ အမူအရာများ ချက်ချင်း ပေါ်လာတော့သည်။ သူက မေးလိုက်၏။

"ဘာလို့လဲ ဆရာ။"

"ဘာလို့လဲလို့ လာမမေးနဲ့... ငါ ပြောတဲ့အတိုင်းပဲ လုပ်ပါ။"

"ဒါပေမဲ့ အကယ်၍ သူတို့က တပည့်ကို အကျပ်ကိုင်လာရင်ကော။"

ထိုစကားကြောင့် လောချင်းယွီ မျက်မှောင်ကြုတ်သွားသော်လည်း မကြာမီပင် ပြန်လည် ဖြေကြားခဲ့သည်။

"အကယ်၍ တကယ်ပဲ ထွက်ပြေးစရာ လမ်းမရှိတော့ဘူးဆိုရင်တော့ သတ်ပစ်လိုက်... ဒါပေမဲ့ မသတ်ဘဲ ရှောင်လွှဲလို့ရရင်တော့ တတ်နိုင်သမျှ မသတ်မိအောင် ကြိုးစားပါ။"

ချန်လော့သည် လောချင်းယွီကို ကြည့်ကာ အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်တော့သည်။

နောက်ထပ် နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက် ရုတ်တရက်ဆိုသလို ကာလအားဖြင့် ငြိမ်သက်နေခဲ့သော စင်မြင့်ကြီးထံမှ ထူးဆန်းလှသည့် သွေးရောင်အလင်းတန်းကြီးတစ်ခု ဖြာထွက်လာခဲ့သည်။

ထိုအလင်းရောင် ပေါ်လာခြင်းက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။ ချက်ချင်းဆိုသလိုပင် စင်မြင့်ပေါ်တွင် ကြီးမားလှသော သွေးရောင်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပွင့်လာခဲ့ရာ ၎င်းက ဓားဖြင့် အလှီးခံလိုက်ရသော အသားစကြီးတစ်ခုနှင့် အလားသဏ္ဌာန် တူလှပေသည်။

ပြင်းထန်လှသော တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအက်ကွဲကြောင်းကြီးမှာ ရုတ်တရက် ဆယ်ဆ၊ အဆပေါင်းများစွာအထိ ချက်ချင်း ကျယ်ပြန့်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကလည်း ထိုအက်ကွဲကြောင်းကြီး၏ အတွင်းပိုင်းဆီသို့ ရူးသွပ်စွာ စုပ်ယူခြင်း ခံလိုက်ရ၏။

စက္ကန့်ပိုင်းအတွင်းမှာပင် ချန်လော့သည် မိမိပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ သိသိသာသာ နိမ့်ကျသွားပြီး အလွန်အမင်း ပါးလွှာသွားကြောင်း ခံစားလိုက်ရသည်။ သူသည် ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအင် ရှိနေခြင်းကိုပင် သဲသဲကွဲကွဲ အာရုံမခံနိုင်တော့ပေ။ ထိုခံစားချက်မှာ ရေကန်ထဲတွင် ပျော်ပါးစွာ ကူးခတ်နေသော ငါးတစ်ကောင်က ရေကန်ထဲက ရေများ ရုတ်တရက် ခမ်းခြောက်သွားသည်ကို ကြုံတွေ့လိုက်ရသကဲ့သို့ ဖြစ်ပေသည်။

ယခုအချိန်တွင် ချန်လော့သည် ရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သက်၍ ချင်ခဲ့ ပြောပြခဲ့ဖူးသော စကားများကို ပြန်လည် သတိရမိသွားပြီး စိတ်ထဲက ရေရွတ်နေမိသည်။

'သိုလှောင်ခန်း နေရာလွတ်လေး တစ်ခုတည်းကတင် ဝိညာဉ်စွမ်းအင်တွေကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် စုပ်ယူနိုင်စွမ်း ရှိတာလား။'

ချန်လော့သည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အစစ်အမှန် စွမ်းအားက မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းကြောင်း ရုတ်တရက် စူးစမ်းလိုစိတ်များ ပြင်းထန်လာခဲ့သည်။ ထိုသွေးရောင် ခံတွင်းကြီးသည် ဝိညာဉ်စွမ်းအင်များကို နာရီဝက်တိတိ ဆက်တိုက် စုပ်ယူနေခဲ့သည်။ ချန်လော့ ခံစားရသည်မှာ မိုင်ပေါင်းရာချီအတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးမှာ ကုန်စင်လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်း ထို ခံတွင်းကြီးကမူ ရပ်တန့်မည့် အရိပ်အယောင် မရှိသေးပေ။

တစ်နာရီပြည့်ပြီးမှသာ ထိုခံတွင်းကြီးသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားတော့သည်။ သွေးရောင် ခံတွင်းကြီးက ဝိညာဉ်စွမ်းအင် စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်နှင့်အမျှ ချန်လော့သည် မိမိပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာလည်း ဖြည်းဖြည်းချင်း ပြန်လည် မြင့်တက်လာကြောင်း ခံစားလိုက်ရ၏။

ထူးဆန်းသည်မှာ ဖြောင့်မတ်လမ်းစဉ် နှင့် မိစ္ဆာတာအို နှစ်ဖက်စလုံးမှ မည်သူမျှ လျှို့ဝှက်နယ်မြေထဲသို့ ချက်ချင်း ဝင်ရောက်ရန် ပြင်ဆင်ခြင်း မရှိကြခြင်း ဖြစ်သည်။ ချန်လော့က မနေနိုင်ဘဲ လှမ်းမေးလိုက်မိသည်။

"ဆရာ... တပည့်တို့ အခုထိ အထဲကို မဝင်ရသေးဘူးလား။"

လောချင်းယွီက ခေါင်းခါပြကာ ဆိုသည်။

"လျှို့ဝှက်နယ်မြေက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီးကာစပဲ ရှိသေးလို့ လောလောဆယ် ပြန်လည် ထိန်းညှိနေတုန်းပဲ။ အကယ်၍ မင်းသာ အခု ချက်ချင်း ဝင်သွားရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ ကမောက်ကမ ဖြစ်ပြီး ရုတ်တရက် သေဆုံးသွားနိုင်တယ်။"

ထိုစကားကို ကြားလိုက်ရသဖြင့် ချန်လော့သည် ဘာမှမပြောဘဲ နောက်သို့ နှစ်လှမ်းခန့် ဆိတ်ဆိတ်လေး ပြန်ဆုတ်လိုက်တော့သည်။ ကြည့်ရတာ ဤကိစ္စကို လော၍မရချေ။ ထို့ကြောင့် သူသည် ကြမ်းပြင်ပေါ်တွင် သာသာယာယာ ထိုင်ချလိုက်ပြီး ယာယီအိပ်ရာတစ်ခု ပြုလုပ်ကာ စတင် အနားယူတော့သည်။

ချန်လော့တစ်ယောက် မည်မျှအထိ အိပ်ပျော်သွားသည်ကို သူကိုယ်တိုင်လည်း မသိရှိပေ။ လောချင်းယွီက သူ့ကို နှိုးလိုက်သည့် အချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။ သူမက တည်ငြိမ်စွာ ဆိုလိုက်၏။

"ပြင်ဆင်တော့... ငါတို့ အထဲကို ဝင်ကြတော့မယ်။"

ထိုစကားကြောင့် ချန်လော့ ချက်ချင်းပင် ထခုန်လိုက်ပြီး စင်မြင့်ကြီး ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို သွေးရောင် ခံတွင်းကြီးထဲမှ မည်းနက်သော အငွေ့အသက်များ ဆက်တိုက် ထွက်ပေါ်နေခဲ့၏။ ထို မည်းနက်သော အငွေ့အသက်များသည် ကောင်းကင်ယံသို့ မြင့်တက်သွားပြီး နောက်ဆုံးတွင် ကောင်းကင်ပြာကြီးထဲ၌ ပျောက်ကွယ်သွားကြသည်။ ထို အငွေ့အသက်များမှာ ငါးမိနစ်၊ ခြောက်မိနစ်ခန့် ဆက်တိုက် မြင့်တက်သွားပြီးနောက် နောက်ဆုံးတွင် လုံးဝ ကွယ်ပျောက်သွားပြီး ခံတွင်းကြီးထဲမှ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ထိုအချိန်တွင် ယွီထျန်းစီက ခေါင်းလှည့်ကြည့်လိုက်ပြီး လူတိုင်းကို မိန့်ကြားလိုက်သည်။

"သွားကြစို့။"

ယွီထျန်းစီက စကားတစ်ခွန်းသာ ပြောလိုက်သော်လည်း မိစ္ဆာဂိုဏ်းသားအားလုံးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် လျှို့ဝှက်နယ်မြေဆီသို့ ဦးတည် လျှောက်လှမ်းသွားကြတော့သည်။ တစ်ချိန်တည်းမှာပင် ဖြောင့်မတ်လမ်းစဉ် ဘက်က လူများကလည်း စတင် လှုပ်ရှားလာကြ၏။

မိစ္ဆာတာအိုဘက်မှ ဦးဆောင်သူမှာ အခြားသူမဟုတ်ဘဲ ချင်မု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ယခုအချိန်တွင် မိစ္ဆာတာအို၏ မျိုးဆက်သစ် လူငယ်များထဲ၌ အစွမ်းအထက်ဆုံးသူ ဖြစ်ပေသည်။

ယုတ္တိဗေဒအရ ချန်လော့သည် ဒုတိယနေရာတွင် ရှိနေသင့်သော်လည်း ဝင်ရောက်မည့် အစီအစဉ်မှာ မိမိ၏ အစွမ်းအပေါ် မူတည်သည်ကို သိရှိပြီးနောက် ချန်လော့သည် တမင်တကာ နောက်သို့ ဆုတ်လိုက်ပြီး မိမိမသိရှိသော တပည့်တစ်ဦး၏ နောက်ကွယ်၊ ဒသမမြောက် နေရာတွင် သွားရောက် ရပ်တည်လိုက်တော့သည်။

ချန်လော့သည် မိမိ၏ စွမ်းအားအစစ်အမှန်ကို လူအများ ချက်ချင်း သိရှိသွားမည်ကို မလိုလားပေ။

အခန်း ၁၈၀ - ရင်ဆိုင်တွေ့ဆုံခြင်း

မိစ္ဆာတာအို လူအုပ်ကြီး၏ အရှေ့ဆုံးတွင် ရပ်နေသော ချင်မုသည် မိမိ၏ နောက်ကွယ်တွင် ရှိနေသင့်သော ချန်လော့က ရုတ်တရက် နောက်သို့ လျှောက်လှမ်းသွားသည်ကို မြင်သောအခါ သိသိသာသာ အံ့ဩသွားရသည်။ သူသည် ခေါင်းလှည့်ကြည့်ကာ ချန်လော့၏ တည်နေရာကို အတည်ပြုပြီးနောက် ခဏမျှ စဉ်းစားကာ နောက်သို့ ပြန်လည် လျှောက်လှမ်းလာခဲ့၏။ ထို့နောက် လူအများ၏ ရှေ့မှောက်တွင်ပင် သူသည် ချန်လော့၏ နောက်ကွယ်၌ သွားရောက် ရပ်လိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် ချန်လော့ တစ်ချက် ကြောင်အမ်းသွားပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။

"မင်း ဘာလို့ ငါ့နောက်မှာ လာရပ်နေတာလဲ။"

ချင်မုက ချန်လော့ကို စူးစူးစိုက်စိုက် ကြည့်ကာ ပြန်ဖြေသည်။

"မင်း နောက်ဆုတ်သွားလို့ ငါလည်း လိုက်ပြီး ဆုတ်လာတာလေ။"

"ဟင်... မင်းက ငါ့နောက်ကို လိုက်လာတာလား။"

"အင်း... မင်းက ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေမယ့် အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး၊ ဒါကြောင့် မင်းနောက်ကို လိုက်တာက အမှန်ကန်ဆုံးပဲ။"

ထိုစကားကြောင့် ချန်လော့ ခေတ္တမျှ ဆွံ့အသွားပြီး ချင်မုကို ဘာပြန်ပြောရမှန်း မသိတော့ပေ။

‘သူ့ကို အကွက်မြင်တယ်လို့ ချီးကျူးရမလား၊ သို့မဟုတ် တုံးအတယ်လို့ပဲ ပြောရမလား ...’

သူ့ကို အူတူတူ တုံးအအလို့ ပြောရအောင်လည်း ချန်လော့နောက်ကို လိုက်ရမယ်မှန်း သိနေပြန်သည်။အကွက်မြင်တယ်၊ လည်တယ်ဟု ပြောရအောင်ကလည်း သူသည် လူအများကြီးရှေ့တွင်ပင် အရှေ့ဆုံးကနေ ထွက်ရပ်ခဲ့ပြီးပြီ ဖြစ်သည်။

‘ လူတိုင်းက သူ အစွမ်းအထက်ဆုံးဆိုတာ သိကုန်ကြပြီပဲ။ အခုမှ လာပြီး နောက်ဆုတ်နေတော့ရော ဘာထူးတော့မှာလဲ’

ယခုအချိန်တွင် မလှမ်းမကမ်း၌ ရပ်နေသော ချင်ခဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရင်ထဲ၌ ထိတ်လန့်သွားပြီး တွေးမိသည်။

'ငါက ချန်လော့ကို လာဘ်ထိုးပြီး ငါ့သားနဲ့ ဝေးဝေးမှာ နေခိုင်းရင် ရပြီလို့ ထင်ထားခဲ့တာ။ ငါ့ရဲ့ တုံးအလှတဲ့ သားက ကိုယ့်ဘာသာကိုယ် သူ့ဆီ သွားအပ်လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိဘူး။'

ဖြောင့်မတ်လမ်းစဉ် ဘက်မှ လူများသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားကြသော်လည်း ဘာမှ မပြောခဲ့ကြပေ။ သူတို့သည်လည်း မိမိတို့၏ အစွမ်းအလိုက် စီတန်းရပ်တည်နေကြခြင်း ဖြစ်သည်။ ၎င်းအပြင် အရှေ့ဆုံးတွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ ချိုးယွီနင် ဖြစ်သည်။ ချိုးယွီနင်၏ နောက်ကွယ်ရှိ လူများကိုမူ ချန်လော့ တစ်ဦးမျှ မသိရှိချေ။ သို့သော် ချန်လော့ကို အံ့ဩသွားစေသည်မှာ ပိုင်ရီရီသည် သတ္တမမြောက် နေရာတွင် ရှိနေပြီး ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ချန်လော့၏ မျက်နှာထက်တွင် ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် ပိုင်ရီရီ၏ အစွမ်းများ တိုးတက်လာခြင်းအတွက် ဝမ်းသာနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပိုင်ရီရီသည် မိမိအပေါ်တွင် အချစ်စစ်၊ အချစ်မှန်များ ရှိနေဆဲ ဖြစ်ကြောင်း သူ သိရှိသောကြောင့် ဖြစ်သည်။

သူသည် ပိုင်ရီရီကို အသုံးချပြီး ဖြောင့်မတ်လမ်းစဉ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် သို့မဟုတ် ချိုးယွီနင်နှင့် အခြားသူများ၏ သတင်းအချက်အလက်များကို ထောက်လှမ်းရန် အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချနိုင်ပေသည်။ ထို့ကြောင့် ပိုင်ရီရီ၏ အစွမ်းက ပိုမိုမြင့်မားပြီး သူမ၏ ရာထူးက ပိုမို မြင့်မားလေလေ၊ သူမသည် ချန်လော့အတွက် ပိုမို အသုံးဝင်လေလေ ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ပိုင်ရီရီသည်လည်း ချန်လော့ကို သတိပြုမိသွားပုံရသည်။ ချန်လော့က မိမိကို ပြုံးပြနေသည်ကို မြင်သောအခါ ချန်လော့က မိမိကို နှုတ်ဆက်နေခြင်း ဖြစ်မည်ဟု သူမ ထင်မှတ်သွားခဲ့၏။ သူမသည် လက်ကိုမြှောက်ကာ ချန်လော့ကို ပြန်လည် နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရမိသွားသည့်အလား လက်ကို ပြန်ချလိုက်ပြီး ချန်လော့ကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်တော့သည်။

ထို့နောက် ဖြောင့်မတ်လမ်းစဉ် နှင့် မိစ္ဆာတာအို နှစ်ဖက်စလုံးမှ လူများသည် ထို သွေးရောင် ခံတွင်းကြီးထဲသို့ စတင် ဝင်ရောက်ကြတော့သည်။

လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြရာ မကြာမီပင် ချန်လော့၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။ သူ အထဲသို့ လှမ်းဝင်လိုက်သည်နှင့်အမျှ သူ၏ အင်္ကျီစကို နောက်ကနေ ဆွဲကိုင်ထားသော ချင်မုသည်လည်း အတူတူ ငုံ့လျှိုး ဝင်ရောက်လာခဲ့တော့သည်။

ထိုသွေးရောင် ခံတွင်းကြီးထဲသို့ ဝင်ရောက်လိုက်သည့် ခဏတွင် ချန်လော့သည် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ထို့နောက်တွင်မှ မှေးမှိန်လှသော သွေးရောင် အလင်းတန်းတစ်ခု က သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည် မျက်လုံးကို ချက်ချင်း ဖွင့်လိုက်ရာ ရှေ့မှောက်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရတော့၏။

ယခင်က မည်းနက်နေခဲ့သော ကောင်းကင်ကြီးတစ်ခုလုံးမှာ ယခုအခါ သွေးကဲ့သို့ နီရဲနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ယံတွင် နေ၊ လ၊ တိမ်တိုက် သို့မဟုတ် အခြားသော အရာဝတ္ထုများ လုံးဝ မရှိဘဲ၊ ကျယ်ပြန့်လှသော နီရဲမှုကြီးတစ်ခု၊ သွေးရောင် နီရဲမှုကြီးတစ်ခုသာ ရှိနေခဲ့သည်။ ထို့အပြင် ထိုသွေးရောင် နီရဲမှုမှာလည်း လုံးဝ သန့်စင်ပြီး မည်သည့် ကွဲပြားခြားနားမှု မရှိချေ။ ၎င်းသည် ကောင်းကင်ကြီးပေါ်သို့ သန့်စင်လှသော ဆေးနီတစ်စက်ကို ချထားသကဲ့သို့ပင် ။ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ နီမြန်းနေလေ၏။

သူ့နောက်က ချင်မုသည်လည်း မနေနိုင်ဘဲ "ဝါး..." ဟု ရေရွတ်လိုက်မိပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကြောင့် အနည်းငယ် ထိတ်လန့်အံ့ဩနေပုံရသည်။ သို့သော် သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့်အမျှ သူတို့၏ ဘေးနားရှိ ဖြောင့်မတ်လမ်းစဉ် ကျင့်ကြံသူတစ်ဦးက မအောင့်နိုင်ဘဲ လှောင်ပြောင် သရော်လိုက်၏။

"ဟားး... တောသားတစ်စုပါပဲလား။"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ချန်လော့နှင့် ချင်မုတို့သည် ကောင်းကင်ကြီးကို မော့ကြည့်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး၊ စကားပြောခဲ့သော ဖြောင့်မတ်လမ်းစဉ် တပည့်ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထို စကားပြောခဲ့သော လူသည် သူတို့၏ မျက်ဝန်းထဲက သတ်ဖြတ်ခြင်းအငွေ့အသက်များကြောင့် သိသိသာသာ ထိတ်လန့်သွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။ သို့သော် သူသည် ပတ်ဝန်းကျင်ရှိ ဖြောင့်မတ်လမ်းစဉ် တပည့်များကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် သတ္တိများ ပြန်လည် ရှိလာပုံရသည်။ သူသည် မေးခွန်းထုတ်လိုက်သည်။

"ဘာလဲ... မင်းတို့က လက်ပါချင်လို့လား။"

သူ၏ စကားသံက အလွန် ကျယ်လောင်လှသဖြင့် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။ ၎င်းထဲတွင် ချိုးယွီနင်နှင့် ပိုင်ရီရီတို့လည်း အပါအဝင် ဖြစ်ပေသည်။

ဘာမှ တွန့်ဆုတ်မနေဘဲ ချန်လော့က ချင်မုကို အသံတိုးတိုးလေးဖြင့် အမိန့်ပေးလိုက်၏။

"သူ့ကို သတ်ပစ်။"

ထို့နောက် သူတို့နှစ်ဦးစလုံး ရှေ့သို့ တစ်ပြိုင်နက်တည်း လှမ်းတက်သွားကြတော့သည်။ ထိုမြင်ကွင်းကို မြင်သည်နှင့် အခြား တပည့်များမှာ သိသိသာသာ ထိတ်လန့်သွားကြပြီး ထိုလူနှစ်ဦး၏ ပြတ်သားလှသော လုပ်ရပ်ကြောင့် အံ့ဩသွားကြရသည်။ သို့သော် ထို စကားပြောခဲ့သော လူကမူ နောက်သို့ ဆုတ်ပြေးခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်လမ်းစဉ် တပည့်အချို့က သူတို့နှစ်ဦးကို တားဆီးရန်အတွက် သူ၏ ရှေ့တွင် တန်းတန်းမတ်မတ် လာရောက် ရပ်တည်ပေးလိုက်ကြသောကြောင့် ဖြစ်သည်။

ချင်မုက "သူတို့ကို..." ဟု မေးရန် ပြင်လိုက်သော်လည်း ချန်လော့က စကားဖြတ်ပြောလိုက်သည်။

"အကုန်လုံးကို သတ်ပစ်။"

ထို့နောက် ချန်လော့၏ သိုလှောင်အိတ်ထဲမှ နက်မှောင်လှသော မှော်လက်နက် ဓားမြှောင်သည် ဝုန်းကနဲ ထွက်ပေါ်လာကာ အလွန်တရာ မြန်ဆန်လှသော နှုန်းဖြင့် ထိုလူအုပ်ကြီးဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။ ချင်မုသည်လည်း ဘာမှ တွန့်ဆုတ်မနေဘဲ သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ ချန်လော့နှင့်အတူ ရှေ့သို့ ပြေးဝင်သွားတော့၏။ ထိုလူများသည် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး ကာကွယ်ရန်အတွက် မိမိတို့၏ မှော်ရတနာများကို အမြန် ထုတ်ယူရန် ကြိုးစားကြသော်လည်း အားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သွေးညှီနံ့များနှင့်အတူ သွေးချင်းချင်းနီသော သွေးတံခွန်ကြီးတစ်ခု ပန်းထွက်လာခဲ့ရာ ချန်လော့၏ ဓားမြှောင်သည် ဖြောင့်မတ်လမ်းစဉ် တပည့်တစ်ဦး၏ လည်ပင်းအား ဖြတ်တောက်သွားခဲ့ချေပြီ။ နောက်တစ်စက္ကန့်တွင် ထိုတပည့်၏ ဦးခေါင်းမှာ အပေါ်သို့ လွင့်စင်သွားတော့၏။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ ဖြောင့်မတ်လမ်းစဉ် သို့မဟုတ် မိစ္ဆာတာအို နှစ်ဖက်စလုံးမှ တပည့်များအနေဖြင့် သူတို့ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးပြီးချင်း ဤမျှအထိ မြန်ဆန်စွာ လက်ပါရဲလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။

မလှမ်းမကမ်းတွင် ရပ်နေသော ချိုးယွီနင်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာတစ်ခုလုံး ဖြူဖပ်သွားပြီး ချန်လော့နှင့် အခြားသူများ ရှိရာဘက်သို့ ချက်ချင်း ပြေးဝင်လာခဲ့တော့သည်။ သို့သော် နှမြောစရာကောင်းလှသည်မှာ အားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ချန်လော့နှင့် ချင်မုတို့သည် သူတို့၏ လမ်းကို ပိတ်ဆို့ထားသော ကောင်များကို အားလုံး သတ်ဖြတ်ပြီးနောက် ယခင်က သူတို့ကို လှောင်ပြောင်ခဲ့သော တပည့်၏ ရှေ့သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ထိုတပည့်သည် ကြောက်လန့်လွန်းသဖြင့် မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ထွက်ပြေးရန်အတွက် ခေါင်းကို အသည်းအသန် လှည့်လိုက်သော်လည်း၊ ချန်လော့က သူ၏ လည်ပင်းကို နောက်ကနေ ဆွဲကိုင်လိုက်ပြီး မေးလိုက်သည်။

"မင်း စောစောက ဘယ်သူ့ကို ဆဲလိုက်တာလဲ။"

ချိုးယွီနင်က သူတို့၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရပ်လိုက်စမ်း။"

သူ၏မျက်ဝန်းက သူတို့နှစ်ဦးအပေါ် စူးစူးစိုက်စိုက် ကျရောက်နေခဲ့သည်။ ချိုးယွီနင်အပြင် အခြားသော ဖြောင့်မတ်လမ်းစဉ် တပည့်အများအပြားလည်း ရောက်ရှိလာကြရာ သူတို့အားလုံးက ဂိုဏ်းကြီးများမှ တပည့်များ ဖြစ်ကြပုံရပြီး၊ အခြားသော ဂိုဏ်းငယ်များမှ တပည့်များလည်း လိုက်ပါလာကြသည်။

မည်သို့ပင်ဖြစ်စေ ချိုးယွီနင်သည် ထိုက်ယီဂိုဏ်း၏ သူတော်စင် ဖြစ်သလို ဖြောင့်မတ်လမ်းစဉ်၏ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။ ချိုးယွီနင်က လှုပ်ရှားလာခဲ့ပြီ ဖြစ်သဖြင့် သူတို့သည်လည်း သဘာဝအတိုင်း လိုက်ပါလှုပ်ရှားရမည် မဟုတ်လော။

တစ်ချိန်တည်းမှာပင် မိစ္ဆာတာအိုဘက်က တပည့်များသည် ထိုမြင်ကွင်းကို မြင်သောအခါ ပထမတွင် ပြဿနာထဲ၌ မပါဝင်ချင်သဖြင့် နောက်ဆုတ်သွားရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ရေတွက်မရနိုင်လောက်အောင် များပြားလှသော ဖြောင့်မတ်လမ်းစဉ် တပည့်များ ရှေ့သို့ ပြေးဝင်သွားကြသည်ကို မြင်သောအခါ သူတို့အားလုံးလည်း ရှေ့သို့ တိုးဝှေ့ ဝင်ရောက်လာကြတော့သည်။

မိစ္ဆာတာအို တပည့်များသည် အတ္တကြီးသူအချို့ ရှိနိုင်သော်လည်း ၎င်းက သူတို့တွင် ကြီးမားသော အမြင်မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ အကယ်၍ လူနှစ်ဦး၊ သုံးဦး တိုက်ခိုက်ကြလျှင် ၎င်းက ပုဂ္ဂိုလ်ရေး ရန်ပွဲမျှသာ ဖြစ်သည်။ သို့သော် အကယ်၍ လူအုပ်စုလိုက်ကြီး တိုက်ခိုက်ကြမည်ဆိုပါက ၎င်းက ပုဂ္ဂိုလ်ရေး ရန်ပွဲ မဟုတ်တော့ဘဲ၊ ဖြောင့်မတ်လမ်းစဉ် နှင့် မိစ္ဆာတာအိုကြားရှိ ဝါဒရေးရာ တိုက်ပွဲကြီးတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူတို့သာ ယခု ထွက်ပြေးသွားကြပါက ချန်လော့နှင့် ချင်မုတို့သည် ထိုဖြောင့်မတ်လမ်းစဉ် တပည့်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်ပြီး၊ ထိုသို့ ဖြစ်သွားပါက မိစ္ဆာတာအို တပည့်များသည် ဤလျှို့ဝှက်နယ်မြေအတွင်း ဖြောင့်မတ်လမ်းစဉ်၏ အောက်တွင် တစ်ဆင့် နိမ့်ကျသွားရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဖြောင့်မတ်လမ်းစဉ် သည် လူအများအပြားကို ချက်ချင်းခေါ်ယူကာ စုစည်းနိုင်ကြသော်လည်း မိစ္ဆာတာအိုကမူ မစုစည်းနိုင်ချေ။ ထို့ကြောင့် သေးငယ်သော ပုဂ္ဂိုလ်ရေး ရန်ပွဲများကို လစ်လျူရှုထားနိုင်သော်လည်း ဤကဲ့သို့သော ကြီးမားလှသည့် ဖြစ်ရပ်မျိုးကိုမူ လုံးဝ ရှောင်လွှဲ၍ မရချေ။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဖြောင့်မတ်လမ်းစဉ် မဟာမိတ်အဖွဲ့ကြီးသည် မိစ္ဆာတာအိုရှိ ဂိုဏ်းအားလုံးကို အမြစ်ပြတ် ချေမှုန်းခဲ့ပြီး သူတို့ကို အတင်းအကျပ် မဟာမိတ် ဖွဲ့ခိုင်းခဲ့သည်ကို သူတို့ ယခုထိတိုင် သတိရနေဆဲ ဖြစ်သည်။ အကယ်၍ သူတို့ သည် ယခုအချိန်တွင် စည်းလုံးခြင်း မရှိကြဘဲ၊ ရန်သူဘက်မှ သူတို့ကို တစ်ယောက်ချင်းစီ ချေမှုန်းပြီးမှ စည်းလုံးရန် ကြိုးစားကြမည်ဆိုပါက သူတို့တွင်ရှိသော အားသာချက်အားလုံး ဆုံးရှုံးသွားရပေလိမ့်မည်။

All Chapters