အခန်း (၃၄၇-၃၄၈)
Vol. 19 Ch. 347-348
အခန်း (၃၄၇) ဦးချိုပါသော လူသား
ဤတစ်ပါးကျွန်းသား မိစ္ဆာများသည် နတ်ဆိုးဘုရင်ကဲ့သို့ပင် ယနေ့ထက်တိုင် အသက်ရှင် ကျန်ရစ်နိုင်ခြင်း ရှိ၊ မရှိကို ချင်ယွမ်ဖုန်း တစ်ဦးတည်း မသိနိုင်သော်ငြား သူ၏ စိတ်အာရုံ၌ တင်းမာမှုတစ်ခုကို ခံစားနေရဆဲ ဖြစ်ချေသည်။
ယခုအချိန်အခါရှိ ရှန်းဝူ စကြဝဠာ တိုက်ကြီးသည် တစ်ပါးကျွန်းသား မိစ္ဆာများ ကျူးကျော်ဝင်ရောက်ခဲ့စဉ်က ကာလနှင့် မတူညီတော့ပေ။
ပါရမီရှင်များ ရှားပါးလှသလို ခွန်အားကြီးမားသော သိုင်းပညာရှင်များသည်လည်း အလွန်ပင် နည်းပါးလှပြီး ၎င်းတို့သည် များသောအားဖြင့် လောကီရေးရာများကို ဂရုမစိုက်ဘဲ ဆိတ်ငြိမ်ရာ၌သာ အောင်းနေတတ်ကြသည်။
အကယ်၍ ဤတစ်ပါးကျွန်းသား မိစ္ဆာများသည် ရှေးဟောင်းကာလမှ ယနေ့တိုင် အမှန်တကယ် အသက်ရှင်နေကြသည်ဆိုပါက ဤတိုက်ကြီးသို့ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဆိုးကြီးများကို သယ်ဆောင်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
မည်သို့ဖြစ်ပျက်လာမည်ကို ချင်ယွမ်ဖုန်း စိတ်ကူးပင် မယဉ်နိုင်တော့ဘဲ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါနေသည့် နယ်မြေကိုသာ စိုက်ကြည့်နေမိတော့သည်။
တောင်ထိပ်မှ ကျောက်တုံးကြီးများ အဆက်မပြတ် ပြိုကျလာသဖြင့် ချင်ယွမ်ဖုန်းမှာ နေရာအနှံ့ ရှောင်တိမ်းနေရချေသည်။
ထို့နောက်တွင်တော့ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ ပူဖောင်းတစ်ခု ပေါက်ထွက်သွားသကဲ့သို့ပင် နယ်မြေ၏ အပြင်ဘက်မှ မမြင်နိုင်သော အကာအကွယ် အမြှေးပါးကြီးမှာ... ပျက်စီးသွားခဲ့ပြီ ဖြစ်ပေသည်။
များပြားလှစွာသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ကောင်းကင်ယံသို့ ပန်းထွက်သွားတော့သည်။
ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာအတွင်း စုပုံနေခဲ့သည့် ဤစိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် အပြင်သို့ တိုးထွက်ရန် အလွန်ပင် စိတ်စောနေကြသည့်နှယ်။
၎င်းတို့သည် အလွန်တရာ သိပ်သည်းလွန်းလှသဖြင့် မင်ရည်ကဲ့သို့ မည်းမှောင်နေသော မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားချေသည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများက ပထမဦးစွာ ဝန်းကျင်ရှိ တောင်တန်းများကို ဝါးမြိုလိုက်ရာ တောင်တန်းကြီးများမှာ ချက်ချင်းပင် မည်းနက်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် ရှောင်ဟေးကို ခေါ်ဆောင်ကာ နောက်သို့ ဆုတ်ခွာလိုက်စဉ် တောင်ထိပ်အောက်ခြေရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများထဲမှ ထွက်ပေါ်လာသော နက်မှောင်သည့် ပုံရိပ်သုံးခုကို အဝေးမှ မြင်လိုက်ရချေသည်။
၎င်းတို့မှာ လူသားနှင့် ဆင်တူသော သတ္တဝါသုံးဦး ဖြစ်သော်လည်း မျက်လုံးများမှာ နီရဲနေပြီး ဦးခေါင်းပေါ်တွင် နွားချိုကဲ့သို့ ရှည်လျားသော ဦးချိုနှစ်ခု ရှိနေသည်။
ထို့အပြင် အရေးကြီးဆုံးမှာ ထိုသုံးဦးစလုံးမှာ ကိုယ်လုံးတီး ဖြစ်နေကြပြီး ခန္ဓာကိုယ်တွင် အဝတ်အစားတစ်မျှင်မျှ မရှိခြင်းပင်။
ထို့အပြင် ၎င်းတို့ထံတွင် ကျား၊ မ ခွဲခြားနိုင်သည့် မည်သည့်လက္ခဏာကိုမျှ ချင်ယွမ်ဖုန်း မမြင်ရပေ။ ၎င်းတို့မှာ လိင်အင်္ဂါ မရှိကြသကဲ့သို့ပင် ဖြစ်နေတော့သည်။
"နွား... နွားမိစ္ဆာဘုရင်လား" ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရသည်။ ထိုသုံးဦးမှာ ချင်ယွမ်ဖုန်း စိတ်ထဲရှိ နွားမိစ္ဆာဘုရင်နှင့် တစ်ပုံစံတည်း တူနေသောကြောင့် ဖြစ်ပေသည်။
ထိုသတ္တဝါသုံးဦးသည် ချင်ယွမ်ဖုန်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မိန်းမတစ်ယောက်ကို တစ်ခါမျှ မမြင်ဖူးသည့် လူမိုက်များကဲ့သို့ ယုတ်မာသော အပြုံးများဖြင့် သူ့ထံသို့ အပြေးအလွှား ချဉ်းကပ်လာကြတော့သည်။
ချင်ယွမ်ဖုန်းမှာလည်း ဤမြင်ကွင်းကြောင့် မှင်တက်သွားရပြီး နောက်သို့ လှည့်၍ ထွက်ပြေးတော့သည်။
ဦးချိုပါသော လူသားသုံးဦးက နောက်မှ လိုက်ကြပြီး ချင်ယွမ်ဖုန်းက ရှေ့မှ ပြေးလေရာ သူတို့လေးဦးမှာ ကီလိုမီတာ တစ်ရာကျော်အထိ ပြေးမိသွားကြချေသည်။
"လူသား၊ ရပ်စမ်း။ ငါတို့ တစ်ကျော့ပြန် မွေးဖွားလာတာကို ဂုဏ်ပြုတဲ့အနေနဲ့ မင်းရဲ့ သွေးတွေကို ပူဇော်စမ်း" ဟု ဦးချိုပါသော လူသားတစ်ဦးက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
ချင်ယွမ်ဖုန်းလည်း အလွန်အမင်း မောပန်းနေပြီ ဖြစ်သဖြင့် ချက်ချင်းရပ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ "ရပ်လိုက်ကြဦး" ဟု ပြောလိုက်ချေသည်။
ဦးချိုပါသော လူသားသုံးဦးမှာလည်း အမှန်တကယ်ပင် ပူးပေါင်းဆောင်ရွက်ကာ ထိုနေရာ၌ ရပ်တန့်သွားကြသည်။
ချင်ယွမ်ဖုန်းမှာ အသက်ရှူသံ ပြင်းပြင်းဖြင့် မောဟိုက်နေသော်လည်း ထိုဦးချိုပါသော လူသားသုံးဦးမှာမူ ခွန်အားစိုက်ထုတ်ထားသော်ငြား အသက်ပင် မရှူကြသည်ကို မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရသည်။
"တခြားတစ်ယောက်ကိုပဲ သွားရှာကြပါ။ ငါတော့ ဆက်မပြေးနိုင်တော့ဘူး။ ပြီးတော့ ငါ့သွေးတွေကလည်း အရမ်းညှီတယ်" ဟု ချင်ယွမ်ဖုန်းက အမြန်ပင် ပြောလိုက်လေသည်။
"ညှီတယ် ဟုတ်လား။ ဟက်၊ ငါတို့ကို လိမ်ဖို့ မကြိုးစားနဲ့။ ငါတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေအရ မင်းတို့ လူသားတွေရဲ့ သွေးက အရသာအရှိဆုံး ဖြစ်ပြီး ငါတို့ မိစ္ဆာမျိုးနွယ်တွေ စားသုံးဖို့ အကောင်းဆုံးပဲတဲ့" ဟု ဦးချိုပါသော လူသားတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။
"ဘိုးဘေးတွေ ဟုတ်လား" ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်မိသွားသည်။ မိမိကိုယ်ကိုယ် မိစ္ဆာများဟု ဆိုကြသော ဤဦးချိုပါသော လူသားသုံးဦးမှာ ဆရာကြီးကုဝု ပြောပြခဲ့သည့် တစ်ပါးကျွန်းသား မိစ္ဆာများနှင့် တူလှသော်လည်း ထိုမိစ္ဆာသုံးဦးစလုံးမှာ သိပ်ပြီး ဉာဏ်ကောင်းပုံ မရပေ။
ထို့အပြင် ချင်ယွမ်ဖုန်းသည် မိစ္ဆာများကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် အနည်းငယ် စိုးရိမ်နေမိခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ ဤမိစ္ဆာသုံးဦးသည် သူ့လောက်ပင် ခွန်အားမကြီးမားနိုင်သကဲ့သို့ပင်။
ဤအချက်ကို သိလိုက်ရသောအခါ ချင်ယွမ်ဖုန်းမှာ ပို၍ ယုံကြည်မှု ရှိလာတော့သည်။
"ဒါနဲ့ အဲဒီ အစီအရင်က နှစ်ပေါင်းများစွာ ရှိနေပြီပဲ။ မင်းတို့တွေ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ" ဟု ချင်ယွမ်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
မိစ္ဆာသုံးဦးမှာ ရယ်မောလိုက်ကြသည်။ သူတို့သည် အပြင်လောကသို့ မရောက်ရှိခဲ့သည်မှာ ကြာပြီဖြစ်ရာ သူတို့၏ မိစ္ဆာစွမ်းအားများကို ထုတ်ဖော်ပြသရန် စိတ်အားထက်သန်နေကြချေပြီ။
"ငါတို့ မိစ္ဆာတွေက ယင်ယန်ပေါင်းစပ်နေစရာ မလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ကြတယ်။ ပြီးတော့ ငါတို့ မိစ္ဆာတွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားနိုင်တဲ့ စွမ်းရည်ရှိလို့ သက်တမ်းကို ရှည်ကြာအောင် လုပ်နိုင်ကြတာပေါ့။ ဟုတ်တယ်၊ ငါတို့ အစီအရင် ပျက်စီးသွားမယ့် နေ့အထိ တောင့်ခံနိုင်ခဲ့ကြတာပဲ"
မိစ္ဆာသုံးဦးမှာ အစီအရင်မှ လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် လောက၌ အနှိုင်းမဲ့ ဖြစ်သွားတော့မည့်နှယ် မောက်မာစွာ ရယ်မောနေကြတော့သည်။
"အော်၊ အဲဒါဆိုရင် မင်းတို့က ဒီအစီအရင်ထဲမှာ အပိတ်ခံထားရတဲ့ မိစ္ဆာတွေရဲ့ မျိုးဆက်တွေပေါ့ ဟုတ်လား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
"ဒါပေါ့၊ ငါတို့က ဆယ့်သုံးဆက်မြောက် မျိုးဆက်တွေပဲ။ ငါတို့ သုံးယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တာ။ အိပ်စက်တာက သက်တမ်းကို ရှည်စေနိုင်တယ် ဆိုပေမဲ့ အကန့်အသတ်မရှိ အိပ်နေဖို့တော့ မဖြစ်နိုင်ဘူးလေ" ဟု မိစ္ဆာတစ်ဦးက ဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်မိသည်။ မိစ္ဆာများသည် ကိုယ်တိုင် မျိုးပွားနိုင်စွမ်းရှိသဖြင့် သူတို့ အလိုရှိသည့် အချိန်တိုင်းတွင် မျိုးဆက် ပြန့်ပွားအောင် လုပ်နိုင်ကြသည်ကို သူ နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။
အစီအရင်ထဲတွင် ပိတ်လှောင်ခံထားရသော မိစ္ဆာများသည် အစီအရင်ကို ဖောက်ထွက်၍ မရနိုင်သဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြင့်သာ သေဆုံးမည့်အချိန်ကို ဆွဲဆန့်ထားနိုင်ကြပေသည်။
သို့သော်လည်း သက်တမ်းဟူသည်မှာ တစ်နေ့တွင် ကုန်ဆုံးရစမြဲ ဖြစ်ရာ သူတို့ မသေဆုံးမီတွင် နောက်ထပ် စောင့်ဆိုင်းနိုင်မည့် မျိုးဆက်သစ်များကို မွေးဖွားပေးခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုမျိုးဆက်သစ်များကလည်း နောက်ထပ် မျိုးဆက်များကို ထပ်မံ မွေးဖွားပေးခဲ့ကြပြီး တစ်နေ့တွင် အစီအရင် ပျက်စီးသွားမည့်အချိန်အထိ စောင့်ဆိုင်းခဲ့ကြခြင်း ဖြစ်ချေသည်။
ဤတစ်ပါးကျွန်းသား မိစ္ဆာများသည် ဆယ့်သုံးဆက်မြောက်ပင် ရောက်နေပြီ ဖြစ်ရာ အခြားကမ္ဘာမှ လာသော ဤသတ္တဝါများ၏ အံ့မခန်းလှသော ခံနိုင်ရည်ကို ချင်ယွမ်ဖုန်းမှာ မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ကဲပါ လူသား၊ ငါတို့က သနားကြင်နာစွာနဲ့ မင်းကို ပြောပြပြီးပြီဆိုတော့ မင်းရဲ့ သွေးတွေကို ပူဇော်ရမယ့် အချိန်ရောက်ပြီ" ဟု မိစ္ဆာသုံးဦး၏ မျက်လုံးများထဲ၌ လောဘရိပ်များ ဝင်းလက်လာတော့သည်။
"နေပါဦး" ချင်ယွမ်ဖုန်းက အမြန်ပင် ပြန်အော်လိုက်ပြီး "ငါ့မှာ နောက်ဆုံးမေးခွန်း တစ်ခုရှိသေးတယ်၊ မင်းတို့တွေက အရမ်းသန်မာတာလား"
"ဒါပေါ့"
မိစ္ဆာတစ်ဦးက ပြုံးလိုက်ပြီး ဘေးနားရှိ ကျောက်တုံးကြီး တစ်တုံးကို ကောက်ယူကာ ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်သည်။
ချက်ချင်းပင် ကျောက်တုံးကြီးပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
မိစ္ဆာသုံးဦးမှာ ဂုဏ်ယူသော အမူအရာများဖြင့် ချင်ယွမ်ဖုန်းကို ကြည့်ကာ လူမိုက်ဆန်ဆန် ကိုယ်ဟန်အနေအထားများ ပြုလုပ်နေကြတော့သည်။
"ဘယ်လိုလဲ၊ ငါတို့က အနှိုင်းမဲ့ မဟုတ်ဘူးလား"
ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိသည်။ တစ်ပါးကျွန်းသား မိစ္ဆာများသည် မျိုးဆက်များ ဆက်ခံခဲ့ကြသော်လည်း သူတို့၏ ဗဟုသုတများမှာမူ ပြတ်တောက်သွားခဲ့ပုံ ရချေသည်။
သူတို့၏ ဘိုးဘေးများ မည်မျှအထိ ခွန်အားကြီးမားခဲ့သည်ကို သူတို့ မသိကြသလို နိမ့်ပါးသော သိုင်းပညာရှင်တစ်ယောက်ကပင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်သည်ကိုလည်း သူတို့ မသိကြပေ။
"ငါတို့ ခြေရင်းမှာ ဒူးထောက်ပြီး ဆုတောင်းစမ်း"
"ငါတို့က မင်းကို သနားလို့ မင်းရဲ့ သွေးတွေကို ပူဇော်ခွင့် ပေးလိုက်မယ်"
"တုန်လှုပ်နေလိုက်စမ်း လူသားတို့"
မိစ္ဆာသုံးဦးက သူတို့ ကြိုတင်ပြင်ဆင်ထားသော စကားလုံးများကို ရွတ်ဆိုလိုက်ကြသည်။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွမ်ဖုန်းက မြေကြီးပေါ်မှ ကျောက်စရစ်ခဲတစ်ခုကို ကောက်ယူကာ လက်ဖဝါးပေါ် တင်လိုက်ပြီး အားအနည်းငယ် စိုက်လိုက်ရာ ကျောက်တုံးလေးမှာ ချင်ယွမ်ဖုန်း၏ လက်ထဲ၌ပင် အမှုန့်ဖြစ်သွားတော့သည်။
"မင်းတို့ သုံးယောက် ခုထိ ဒူးထောက်လို့ ရသေးတယ်နော်" ချင်ယွမ်ဖုန်းက လက်ကို ဖြန့်လိုက်ရာ ကျောက်မှုန့်များသည် လေထဲတွင် လွင့်စင်သွားတော့သည်။
မိစ္ဆာသုံးဦးမှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် မေးထူးပါးစပ်ဟပင် ဖြစ်သွားကြချေသည်။ သူတို့သည် ချင်ယွမ်ဖုန်း လက်ထဲမှ ကျောက်မှုန့်များကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြတော့သည်။
ကျောက်တုံးကို ရိုက်ခွဲခြင်းထက် အမှုန့်ဖြစ်အောင် ချေပစ်ခြင်းက ပို၍ ခက်ခဲသည်ကို သူတို့ သိကြသည် မဟုတ်လော။
အစီအရင်ထဲတွင် ပိတ်လှောင်ခံထားရစဉ်က မက်ခဲ့သည့် ရှန်းဝူ စကြဝဠာ တိုက်ကြီးကို အောင်နိုင်မည်ဟူသော သူတို့၏ အိပ်မက်မှာ ခဏချင်းအတွင်း၌ပင် ပျက်စီးသွားခဲ့ရချေပြီ။
"ဟေး၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ" ဟု မိစ္ဆာတစ်ဦးက အလယ်မှ မိစ္ဆာကို ကြည့်၍ မေးလိုက်သည်။
"နီ၊ ဆန်၊ ငါ့ကို လာမကြည့်နဲ့။ ငါက ဘယ်လိုလုပ် သိမှာလဲ။ ငါတို့ ဒီကမ္ဘာရဲ့ ခွန်အားကို အကြီးအကျယ် ခန့်မှန်းလွဲသွားတာပဲ၊ ဒါပေမဲ့ ငါတို့ ဘိုးဘေးတွေက ဘာညွှန်ကြားချက်မှ ချန်မထားခဲ့ဘူးလေ" ဟု အခေါ်ခံရသော မိစ္ဆာမှာ ငိုတော့မည့်အတိုင်း ပြောလိုက်လေတော့သည်။
အခန်း (၃၄၈)သုံးခွလှံ
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်မိသွားလေသည်။ ထိုမိစ္ဆာသတ္တဝါသုံးကောင်၏ အမည်များမှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှချေ၏။
ထိုစဉ် မိစ္ဆာသုံးကောင်သည် တစ်ကောင်နှင့်တစ်ကောင် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် လှည့်၍ ထွက်ပြေးကြလေရာ ချင်ယွမ်ဖုန်းမှာလည်း နောက်မှ လိုက်လံဖမ်းဆီးသူအဖြစ်သို့ ရောက်ရှိသွားတော့သည်။
အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး တစ်ပါးကျွန်းသား မိစ္ဆာသုံးကောင်မှာ ရှေ့မှနေ၍ အသည်းအသန် ပြေးလွှားနေကြရချေပြီ။
ချင်ယွမ်ဖုန်းအနေဖြင့် ထိုမိစ္ဆာများကို ယခုချက်ချင်း သတ်ဖြတ်ရန် မရည်ရွယ်သော်လည်း ၎င်းတို့ထံမှ သတင်းအချက်အလက်အချို့ကိုမူ ရရှိနိုင်လိမ့်မည်ဟု ယူဆမိပေသည်။
ချင်ယွမ်ဖုန်း၏ ခြေဖဝါးအောက်မှ မြူဖြူများ ထွက်ပေါ်လာပြီးနောက် ခဏချင်းအတွင်းမှာပင် မိစ္ဆာသုံးကောင်၏အနောက်သို့ ထပ်ကြပ်မကွာ လိုက်မီသွားတော့သည်။ သူက ၎င်းတို့ကို လက်ဝှေ့ယမ်းပြကာ "ဟိုင်း" ဟု နှုတ်ဆက်လိုက်၏။
"အား" ဟု မိစ္ဆာသုံးကောင်စလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး ရှေ့သို့ ပို၍ အရှိန်မြှင့်ပြေးကြပြန်သည်။ ၎င်းတို့သည် ခံနိုင်ရည်စွမ်းအား ကောင်းမွန်ကြသော်လည်း ယခုအခါတွင်မူ အမောတကော ဖြစ်နေကြချေပြီ။
"ငါတို့ သူ့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ကြမလဲ" ဟု နီက မေးလိုက်သည်။
"တံဆိပ်ခတ်နှိပ်ထားတဲ့နေရာကိုပဲ ပြန်သွားကြစို့" ဟု ချီက သိပ်မကောင်းလှသည့် အကြံတစ်ခုကို ပေးလိုက်၏။
ထိုအခါ ဆန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး "ဟုတ်တယ်၊ အဲဒီနေရာကို ပြန်သွားမယ်။ ဘိုးဘေးတွေ ထားခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံး အဲဒီမှာ ရှိနေတာပဲ" ဟု ပြောလိုက်လေသည်။
နောက်မှနေ၍ အသာအယာ လိုက်ပါလာသော ချင်ယွမ်ဖုန်းသည် ထိုစကားလုံးတိုင်းကို အတိုင်းသား ကြားလိုက်ရသဖြင့် တစ်ပါးကျွန်းသား မိစ္ဆာများ၏ ဘိုးဘေးများ ထားရစ်ခဲ့သော ပစ္စည်းများကို ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။
၎င်းတို့သည် တစ်ဦးကိုတစ်ဦး ကီလိုမီတာ တစ်ရာကျော်ခန့် လိုက်လံဖမ်းဆီးခဲ့ကြပြီးမှ ယခုအခါ မူလနေရာသို့ ပြန်လည်ပြေးလွှားနေကြခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုခဲ့ရာ စွမ်းအင်အချို့ ကုန်ဆုံးသွားသော်လည်း အချိန်နှောင့်နှေးမှုတော့ မရှိခဲ့ပေ။
နောက်ဆုံးတွင် ၎င်းတို့သည် တံဆိပ်ခတ်နှိပ်ထားရာ နေရာသို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအချိန်တွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများမှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်ရာ ထိုနေရာမှာ မူလအတိုင်း ပြန်ဖြစ်နေချေပြီ။
သို့သော်လည်း ဤမျှကြီးမားသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို တစ်စုံတစ်ယောက်က သတိပြုမိပေလိမ့်မည်ဖြစ်၍ လာရောက်စစ်ဆေးကြလိမ့်မည်ကို ချင်ယွမ်ဖုန်း သိနေသည်။
ချင်ယွမ်ဖုန်း ထိုသို့ တွေးတောနေစဉ်မှာပင် အစီအရင်၏ အလယ်ဗဟိုတည့်တည့်၌ လူရိပ်တစ်ခု ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
မိစ္ဆာသုံးကောင်မှာလည်း ထိုလူရိပ်ကို မြင်လိုက်ရသဖြင့် ခြေလှမ်းများကို မြှင့်လိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ထိပ်များ၏ အလယ်ဗဟိုသို့ ပြန်ရောက်သွားကြတော့သည်။
"ရပ်စမ်း" ဟု ထိုအချိန်တွင် ချီက ပြတ်သားစွာ အော်ဟစ်လိုက်လေသည်။
ထိုလူရိပ်မှာ ဖြည်းညှင်းစွာ လှည့်ကြည့်လာရာ ဦးချိုပါသော လူသားမျိုးနွယ်ကို တစ်ခါမျှ မမြင်ဖူးသည့်အလား ဝေခွဲမရသည့် အမူအရာဖြင့် မိစ္ဆာသုံးကောင်ကို ကြည့်နေချေသည်။
ထိုအခါမှ ချင်ယွမ်ဖုန်းသည် ထိုလူရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး အံ့အားသင့်ကာ မှင်သက်သွားတော့သည်။ "မြောင်... မြောင်ယွီလန် မဟုတ်လား"
ထိုသူမှာ တခြားသူမဟုတ်ဘဲ ကြယ်ကြွေကန္တာရရှိ ရှေးဟောင်းဂူသင်္ချိုင်းတွင် ချင်ယွမ်ဖုန်းနှင့် ဆုံတွေ့ခဲ့ဖူးသော မြောင်ယွီလန်ပင် ဖြစ်ပေသည်။
မြောင်ယွီလန်သည်လည်း ချင်ယွမ်ဖုန်းကို မြင်လိုက်ရသောအခါ မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
ခဏအကြာတွင် သူမသည် တစ်ပါးကျွန်းသား မိစ္ဆာသုံးကောင်ကိုပင် ဂရုမထားတော့ဘဲ ချင်ယွမ်ဖုန်းထံသို့ ပြေးသွားကာ ရင်ခွင်ထဲသို့ တိုးဝင်ဖက်ထားလိုက်လေသည်။
"ဟီး... ချင်ယွမ်ဖုန်း၊ နင်သေသွားပြီလို့ ငါ ထင်နေတာ..."
မြောင်ယွီလန်၏ ငိုရှိုက်သံမှာ ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲ၌ ပဲ့တင်ထပ်နေတော့သည်။
ချင်ယွမ်ဖုန်းမှာ ခဏမျှ ကြောင်အသွားပြီးမှ အခြေအနေကို နားလည်သွားတော့၏။
သူသည် နတ်ဘုရားသောင်းချီနယ်မြေ၌ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားသောင်းချီနယ်မြေ ပြန်လည်ပျောက်ကွယ်သွားသောအခါ လူတိုင်းက ချင်ယွမ်ဖုန်း သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။ ဆေးနတ်ဘုရားဂိုဏ်းကပင် ချင်ယွမ်ဖုန်းအတွက် နာရေးပွဲ ကျင်းပပေးခဲ့သည်မဟုတ်လော။
မြောင်ယွီလန်သည်လည်း ထိုစဉ်က ချင်ယွမ်ဖုန်း သေဆုံးသွားသည့် သတင်းကို ကြားသိခဲ့ရမည်မှာ အသေအချာပင်။ ချင်ယွမ်ဖုန်းမှာ တစ်ခါမျှ ပြန်မလာခဲ့သဖြင့် သူ အသက်ရှင်နေသေးသည်ကို သိသူ အနည်းငယ်သာ ရှိပေလိမ့်မည်။
ထို့ကြောင့် မြောင်ယွီလန် မသိသည်မှာ မဆန်းလှပေ။
"ဟားဟား၊ ငါက အသက်တိုမယ့် ရုပ်မျိုး ပေါက်နေလို့လား" ဟု ချင်ယွမ်ဖုန်းက မြောင်ယွီလန်၏ ကျောကို အသာအယာ ပုတ်ပေးရင်း ပြောလိုက်သည်။
မြောင်ယွီလန်မှာမူ ရှိုက်ကြီးတငင် ငိုကြွေးနေဆဲပင်။ ချင်ယွမ်ဖုန်း သေဆုံးသွားသည့် သတင်းကို ကြားစဉ်က သူမမှာ တစ်ဦးတည်း ကြေကွဲဝမ်းနည်းစွာဖြင့် အလူးအလဲ ငိုခဲ့ရဖူးသည်။
"ကဲပါ၊ ကဲပါ၊ မင်းရဲ့ မျက်ရည်တွေနဲ့ ငါ့အင်္ကျီတောင် စိုကုန်ပြီ" ဟု ချင်ယွမ်ဖုန်းက စနောက်လိုက်၏။ "ကြည့်စမ်း၊ မင်းရဲ့ သေဘေးသင့် ခန္ဓာကိုယ် ပြဿနာကကော ပြေလည်သွားပြီလား"
မြောင်ယွီလန်သည် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲမှ ခေါင်းကို မော့ကြည့်လာရာ မျက်လုံးအစုံမှာ နီမြန်းနေချေပြီ။
"အားလုံး အဆင်ပြေသွားပါပြီ။ ငါသေမင်းကျမ်းကို ကျင့်ကြံခဲ့ရလို့ ဒီဘေးဒုက္ခကနေ ကံကောင်းခြင်းတွေ ဖြစ်လာခဲ့တာ။ အခုဆို ငါက ပဉ္စမအဆင့် မဟာဆရာနယ်ဘယ်ကိုတောင် ရောက်နေပြီ"
သို့သော် ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်ကို သိရှိသွားသောအခါ သူမက သက်ပြင်းချရင်း ပြုံးလိုက်မိသည်။ "ဒါပေမဲ့ ငါက နင့်ကို မယှဉ်နိုင်သေးပါဘူးလား"
"မင်း အဆင်ပြေနေတာ မြင်ရရုံနဲ့တင် ဝမ်းသာပါတယ်" ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"ဟွန်း၊ နင်တို့နှစ်ယောက်က ငါတို့ မိစ္ဆာမျိုးနွယ်ကို တကယ်ပဲ အထင်သေးနေတာပဲ။ ဒီနေ့ ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ တကယ့်စွမ်းအားကို ပြရသေးတာပေါ့" ဟု မိစ္ဆာသုံးကောင်၏ အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
မြောင်ယွီလန်နှင့် ပြန်လည်ဆုံတွေ့ရသဖြင့် ချင်ယွမ်ဖုန်း အလွန်ဝမ်းသာနေသော်လည်း ယခုကဲ့သို့ ကြားဖြတ်နှောင့်ယှက်ခံရသဖြင့် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရချေပြီ။
"မင်းတို့သုံးကောင် ဘယ်တော့မှ ရပ်ကြမှာလဲ။ တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ။ ခဏနေရင် မင်းတို့ ဘိုးဘေးတွေဆီ ရောက်အောင် ငါ ပို့ပေးလိုက်မယ်" ဟု ချင်ယွမ်ဖုန်းက ခက်ထန်စွာ ပြောလိုက်၏။
မြောင်ယွီလန်က မျက်မှောင်ကြုတ်လျက် "သူတို့က ဘယ်သူတွေလဲ၊ ဘာလို့ ခေါင်းမှာ နွားချိုတွေ ပါနေတာလဲ" ဟု မေးလိုက်သည်။
"သူတို့က တံဆိပ်ခတ်နှိပ်ထားတဲ့နေရာကနေ ခုလေးတင် လွတ်လာတဲ့ မိစ္ဆာတွေပဲ" ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြန်ပြောလိုက်၏။
"တစ်ပါးကျွန်းသား မိစ္ဆာတွေလား" မြောင်ယွီလန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူမသည် ထိုဝေါဟာရကို တစ်ခါမျှ မကြားဖူးချေ။
မြောင်ယွီလန်အနေဖြင့် တစ်ပါးကျွန်းသား မိစ္ဆာများအကြောင်း မသိသည်ကို ချင်ယွမ်ဖုန်း သတိထားမိသွားသည်။ "ဒါကို နောက်မှ ရှင်းပြမယ်။ အခုတော့ ဒီတစ်ပါးကျွန်းသား မိစ္ဆာသုံးကောင် ဘာလှည့်ကွက်တွေ ထုတ်ဦးမလဲဆိုတာ ကြည့်ရအောင်။ သူတို့က လူသားတွေမဟုတ်သလို လူသားသွေးကိုလည်း အလွန်ဆာလောင်နေကြတာဆိုတာပဲ သိထားပါ"
မြောင်ယွီလန်က နားလည်သယောင် ခေါင်းညိတ်ပြလိုက်သော်လည်း မည်သို့ပင်ဖြစ်စေ ချင်ယွမ်ဖုန်းက ရန်သူဟု သတ်မှတ်လျှင် သူမအတွက်လည်း ရန်သူသာ ဖြစ်ပေတော့မည်။
သူမသည် ချင်ယွမ်ဖုန်း၏ ကျယ်ပြန့်သော ပခုံးများကို ကြည့်ရင်း သူ၏နောက်တွင် ရပ်နေရသည်မှာ အလွန်ပင် စိတ်အေးချမ်းမှုကို ခံစားနေရချေသည်။
"ဟားဟားဟား၊ လူသားတွေ၊ ငါတို့ ဘိုးဘေးတွေ ထားခဲ့တဲ့ လက်နက်တွေကို ပြရသေးတာပေါ့။ ဒီနေ့ နင်တို့ရဲ့ သွေးတွေကို ယဇ်ပူဇော်ဖို့ အသုံးပြုရမယ်" ဟု ချီက ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။
၎င်းတို့၏နောက်တွင် မင်ကဲ့သို့ မည်းနက်နေသော လက်နက်သုံးခုမှာ တိုက်ပွဲဝင်အလံများကဲ့သို့ မြေပြင်တွင် စိုက်ထူလျက် ရှိနေသည်။
ထိုလက်နက်သုံးခုစလုံးမှာ ငါးထိုးရန် အသုံးပြုသည့် သုံးခွလှံများကဲ့သို့ပင်။ မြောင်ယွီလန်သည် အစောပိုင်းက ထိုလက်နက်များကို ထိတွေ့ရန် ၎င်းတို့၏အပေါ်တွင် ရပ်ခဲ့ဖူးလေသည်။
ဘေးတစ်ဖက်တစ်ချက်ရှိ သုံးခွလှံနှစ်ခုမှာ အနည်းငယ် ပို၍တိုတောင်းလှပြီး အလယ်ရှိ လှံကဲ့သို့ ခန့်ညားထည်ဝါမှု မရှိကြပေ။
ထိုအရာများမှာ တစ်ပါးကျွန်းသား မိစ္ဆာသုံးကောင်၏ ဘိုးဘေးများ ထားရစ်ခဲ့သော ပစ္စည်းများဖြစ်ကြောင်း ကြားလိုက်ရသောအခါ ချင်ယွမ်ဖုန်းမှာ တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။
ဆန်နှင့် နီဟူသော မိစ္ဆာနှစ်ကောင်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော မျက်နှာများဖြင့် ဘေးတစ်ဖက်တစ်ချက်ရှိ သုံးခွလှံများထံသို့ လျှောက်သွားကြပြီး လှမ်း၍ ဆုပ်ကိုင်လိုက်ကြ၏။
သို့သော် ၎င်းတို့ သုံးခွလှံကို ထိလိုက်သည့် ခဏမှာပင် သုံးခွလှံနှစ်ခုစလုံးမှာ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မိစ္ဆာသုံးကောင်မှာ မှင်သက်သွားကြသလို ချင်ယွမ်ဖုန်းနှင့် မြောင်ယွီလန်တို့လည်း အံ့အားသင့်သွားကြရချေပြီ။
"ဟားဟားဟား၊ ဒါ မင်းတို့ ဘိုးဘေးတွေ ထားခဲ့တဲ့အရာလား။ တကယ်ကို အံ့ဩစရာပဲ" ချင်ယွမ်ဖုန်းက လှောင်ပြောင်၍ ရယ်မောလိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ အစောပိုင်းက တထိတ်ထိတ် ဖြစ်နေခဲ့ရသည်မှာ အမှန်ပင်။
တစ်ပါးကျွန်းသား မိစ္ဆာများ၏ ဘိုးဘေးများ ထားရစ်ခဲ့သော လက်နက်များပင်လျှင် အချိန်ကာလ၏ ဒဏ်ကို မခံနိုင်ဘဲ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံရပေသည်။
ချီ၏ မျက်နှာမှာ စိတ်ပျက်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်သွားတော့သည်။ သူသည် ဆန်နှင့် နီကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အလယ်ရှိ သုံးခွလှံကို ဆုပ်ကိုင်လိုက်လေသည်။
ထိုလှံမှာ ပြာအဖြစ်သို့ ပြောင်းလဲမသွားသည့်အပြင် အလွန်ပင် အားကောင်းပြီး ယုတ်မာညစ်ထေးသော အရှိန်အဝါများကို ထုတ်လွှတ်နေချေပြီ။
"ဒါက..." ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုသုံးခွလှံမှာ အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေပြီး အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းလှချေ၏။
ချီသည် သုံးခွလှံကို ဆုပ်ကိုင်ထားစဉ်မှာပင် ဖြည်းညှင်းစွာ လှည့်လာရာ သူ၏ ဆံပင်များမှာ လေမတိုက်ဘဲ လွင့်မြောနေပြီး မျက်လုံးများထဲရှိ သွေးရောင်မှာလည်း ပို၍ နက်ရှိုင်းလာတော့သည်။ ထိုသုံးခွလှံက သူ့အား စွမ်းအားများ ပေးအပ်ထားသည့်အလားပင်။
"လူသားတွေ၊ နင်တို့ရဲ့ သွေးတွေကို ဆက်သကြစမ်း"
သူသည် သုံးခွလှံကို ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော အလင်းတန်းကြီးတစ်ခုမှာ သူ၏ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။