← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 19 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 19 Ch. 353-354

အခန်း (၃၅၃) မီးလျှံတောက်လက်နက်

နောက်ဆုံးကျန်ရှိသော အားမာန်တို့ကို စုစည်းကာ ပြင်းထန်လှသည့် တစ်ချက်ကို ခုတ်နှက်လိုက်ရာ ချီသည် ထိုအရိုးစုဦးခေါင်းခွံကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်လေသည်။

ထိုအခါ ကြောက်မက်ဖွယ် ကောင်းလှသော အပြာရောင်မီးတောက်နှစ်ခုမှာ ချက်ချင်းပင် ငြိမ်းသက်သွားရတော့သည်။

ထိုနေရာတစ်ခုလုံးသည် အချိန်ကာလတစ်ခုအထိ တန့်သွားသကဲ့သို့ ငြိမ်သက်သွားပြီး ချီ၏ ရင်ဘတ်အတွင်းသို့ အရိုးဆူးချွန်တစ်ခု စိုက်ဝင်နေသည့ကိုသာ မြင်တွေ့နေရတော့သည်။

ချင်ယွမ်ဖုန်းနှင့် မြောင်ယွီလန်တို့နှစ်ဦးစလုံးမှာ အတိုင်းထက်အလွန် တုန်လှုပ်ခြောက်ခြားသွားကြရသည်။

ထိုနေရာတစ်ခုလုံးသည်လည်း လုံးဝပျက်စီးယိုယွင်းနေပြီဖြစ်ပြီး အနောက်ဘက်အကျဆုံးနေရာရှိ အဓိကခန်းမတော်ကြီးမှလွဲ၍ ကျန်ရှိသော အဆောက်အအုံအားလုံးမှာ အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။

သူ၏ ကိုယ်တွင်းစွမ်းအင်နှင့် သက်စောင့်အားမာန်တို့သည် တဖြည်းဖြည်းနှင့် ခမ်းခြောက်ကွယ်ပျောက်သွားခဲ့ရပြီး ထိုနေရာ၌ပင် မတ်တပ်ရပ်လျက် သေဆုံးသွားခဲ့ရရှာသည်။

ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် ကြေကွဲဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာရသည်။ ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် လူသားမျိုးနွယ်စု၏ ရန်သူများဖြစ်ကြသော်လည်း ယင်းသည် သူတို့၏ ဘိုးဘေးများ ပြုလုပ်ခဲ့မိသော အမှားအယွင်းများသာ ဖြစ်ပေသည်။

ထို့အပြင် သူတို့သည် အမှောင်ထုသာကြီးစိုးပြီး နေရောင်ခြည် တစ်ချက်မျှ မသန်းသော ပိတ်လှောင်ရာ အစီအရင်နယ်မြေအတွင်း၌သာ မွေးဖွားလာခဲ့ကြရရှာသည်။

ယခုကဲ့သို့ အစီအရင်ပိတ်လှောင်မှုမှ လွတ်မြောက်လာပြီးခါစတွင်ပင် ဤနေရာ၌ သေဆုံးသွားခဲ့ရသည်မှာ အမှန်တကယ်ပင် ရင်နာစရာ ကောင်းလှပေသည်။

သို့သော်လည်း အကယ်၍သာ ဤမိစ္ဆာသုံးကောင်သည် အစီအရင်နယ်မြေမှ လွတ်မြောက်သွားပြီးနောက် မိမိနှင့် မဆုံတွေ့ဘဲ သာမန်လူသားများနှင့်သာ ဆုံတွေ့ခဲ့မည်ဆိုပါက ထိုလူသားအားလုံးသည် သူတို့၏ သားကောင်များ ဖြစ်သွားကြရမည်ကို ချင်ယွမ်ဖုန်း ကောင်းစွာသိရှိနေသည်။

ဤကိစ္စတွင် မည်သူက မှန်သည်၊ မည်သူက မှားသည်ဟု အဆုံးအဖြတ်ပေးရန် ခက်ခဲလှပေရာ နှစ်ဦးနှစ်ဖက်လုံး၏ ရန်ငြိုးရန်စမှာ သူတို့၏ သွေးသားထဲအထိ စွဲမြဲနေခဲ့ပြီ ဖြစ်သည်။

မြောင်ယွီလန်နှင့် ချင်ယွမ်ဖုန်းတို့သည် ပျက်စီးနေသော မြေပြင်ထက်မှ ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြပြီး ချီနှင့် အရိုးစုမိစ္ဆာ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြသည်။

ဤအရိုးစုမိစ္ဆာသည် ဤရှေးဟောင်းဂူသင်္ချိုင်း၏ နောက်ဆုံးခံစစ်ကြောင်း ဖြစ်ပုံရပေသည်။

ဤရှေးဟောင်းဂူသင်္ချိုင်းသည် အလွန်တရာ ကြီးမားလှသည်မဟုတ်ရာ ယခုရောက်ရှိနေသောနေရာသည်ပင် အဆုံးသတ်ဖြစ်ပေသည်။

မြောင်ယွီလန်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏လက်ထဲတွင် ရှိနေသော သုံးခွလှံကို စူးစမ်းလိုစိတ်ဖြင့် လှမ်း၍ကိုင်တွယ်လိုက်သည်။

ထိုအခိုက်အတန့်တွင် မြောင်ယွီလန်၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ချင်ယွမ်ဖုန်း ရုတ်တရက် အာရုံခံမိလိုက်ရသည်။

ထိုသုံးခွလှံထံမှ အလွန်များပြားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် လျှံထွက်လာပြီး မြောင်ယွီလန်၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ တိုးဝင်သွားကြရာ ချင်ယွမ်ဖုန်းမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားရတော့သည်။

မြောင်ယွီလန်သည် ခေါင်းကိုမော့လိုက်ပြီး ချင်ယွမ်ဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအစုံမှာလည်း မိစ္ဆာတစ်ကောင်ကဲ့သို့ နီရဲလျက် ရှိနေတော့သည်။

"လွှတ်လိုက်စမ်း"

ချင်ယွမ်ဖုန်းသည် ရှေ့သို့ အပြေးတက်လာပြီး မြောင်ယွီလန်ကို ဆွဲဖယ်ရန် ဖက်လဲတိုက်လဲ ကြိုးစားလိုက်သော်လည်း သူမ၏ လက်နှစ်ဖက်မှာ သုံးခွလှံနှင့် ကပ်ပါသွားသကဲ့သို့ ဖြစ်နေပြီး ခွဲခွာ၍ မရနိုင်အောင် ဖြစ်နေရသည်။

"မြန်မြန်လွှတ်လိုက်စမ်း" ချင်ယွမ်ဖုန်းသည် ဤစိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် မြောင်ယွီလန်ကို ကြီးစွာသော ထိခိုက်ပျက်စီးမှု ဖြစ်စေလိမ့်မည်ကို သိရှိနေပေသည်။

ထို့ကြောင့် စိုးရိမ်တကြီးဖြင့် သုံးခွလှံကို လှမ်းကိုင်ကာ အပြင်ဘက်သို့ တွန်းထုတ်ပစ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် မြောင်ယွီလန်ကို အနောက်ဘက်သို့ အတင်းအဓမ္မ ဆွဲခေါ်လိုက်ရတော့သည်။

သုံးခွလှံပေါ်ရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် ပစ်မှတ်အသစ်ကို ရှာဖွေတွေ့ရှိသွားပုံရပေသည်။

ယင်းတို့သည် မြောင်ယွီလန်ကို လွှတ်ပစ်လိုက်ပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ တိုးဝင်လာကြတော့သည်။

ထိုအခါ ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ သွေးချောင်းစီး စီးဆင်းနေသည့် ပုံရိပ်များ၊ ကမ္ဘာမြေကြီးတစ်ခုလုံး နီရဲနေသည့် ပုံရိပ်များနှင့် မြောက်မြားစွာသော လူသားတို့ မိမိ၏ ရှေ့မှောက်၌ သေဆုံးပျက်စီးနေကြသည့် အဆင်မပြတ်သော ပုံရိပ်များ ချက်ချင်းပင် ပေါ်ပေါက်လာရတော့သည်။

ဤပုံရိပ်များသည် ထိုသုံးခွလှံက ချင်ယွမ်ဖုန်း၏ စိတ်ထဲသို့ ရိုက်သွင်းပေးလိုက်သော ပုံရိပ်များဖြစ်ပြီး ယင်းသုံးခွလှံ၏ မူလပိုင်ရှင် ကြုံတွေ့ခဲ့ရသော မြင်ကွင်းများလည်း ဖြစ်ပေသည်။

ဤသုံးခွလှံသည် ရေတွက်၍မရနိုင်သော လူသားတို့၏ သွေးများဖြင့် စွန်းထင်းနေခဲ့ပြီး အမှန်တကယ်ပင် သေဘေးသင့်စေတတ်သော သေမင်းလက်နက်တစ်ခု ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ပြင်းထန်လှသော နာကျင်မှုကို ခံစားနေရပြီး တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားထဲ၌ သွေးဆာနေသော ခံစားချက်တစ်ခုမှာ တဖြည်းဖြည်းချင်း ပြန့်နှံ့လာပြီး မိမိကိုယ်ကိုပင် ဝါးမြိုတော့မည့်အလား ဖြစ်နေရသည်။

"ချင်ယွမ်ဖုန်း" မြောင်ယွီလန်သည် ချင်ယွမ်ဖုန်း၏ အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ရှေ့သို့ ပြေးတက်ကာ ဖက်တွဲရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် ခေါင်းကိုလှည့်လိုက်ပြီး မြောင်ယွီလန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။

သူ၏ နီရဲနေသော မျက်ဝန်းအစုံတွင် မည်သည့်လူသားဆန်သော ခံစားချက်မျှ ရှိမနေတော့ဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ မြောင်ယွီလန်မှာ လွင့်စင်သွားရတော့သည်။

ချင်ယွမ်ဖုန်း၏ စိတ်အသိနှင့် အကျိုးအကြောင်း ဆင်ခြင်တုံတရားတို့သည် သုံးခွလှံ၏ ဝါးမြိုခြင်းကို ခံရတော့မည့် ဆဲဆဲတွင်ပင် စနစ်ဖြစ်သော ရှောင်လင်သည် သူ၏ စိတ်အာရုံထဲ၌ ပေါ်လာခဲ့သည်။

"သခင်၊ ဒီသုံးခွလှံက အားကောင်းတဲ့ တစ်ပါးကျွန်းသား မိစ္ဆာတစ်ကောင်ရဲ့ လက်နက်ဖြစ်ပြီး အနည်းဆုံးတော့ ဘုရင်နယ်ပယ် အဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင်ရဲ့ လက်နက်ပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ တစ်ပါးကျွန်းသား မိစ္ဆာတွေနဲ့ လူသားတွေရဲ့ အာဃာတတန်ဖိုးတွေ စွဲညှိနေတာပါ။ ဒီလက်နက်ကို အသုံးပြုတဲ့သူက သုံးခွလှံရဲ့ စွမ်းအားကို ရရှိမှာဖြစ်ပေမဲ့ သူတို့ရဲ့ စိတ်အသိဉာဏ်တွေကတော့ ကွယ်ပျောက်သွားပါလိမ့်မယ်"

ရှောင်လင်က တည်ငြိမ်စွာ ပြောကြားလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထံမှ လင်းလက်တောက်ပသော အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာစေလိုက်သည်။

ချင်ယွမ်ဖုန်းသည် သူ၏ စိတ်အာရုံများ ရုတ်တရက် ကြည်လင်ဝင်းပလာသည်ကို ခံစားလိုက်ရသည်။

သူသည် မိမိတွင် ရှိသမျှ အားအင်အားလုံးကို ထုတ်သုံးကာ လက်ဝါးကို ဖြန့်လိုက်ပြီး သုံးခွလှံကို လွှတ်ချလိုက်တော့သည်။

"ယွမ်ဖုန်း" မြောင်ယွီလန်သည် နောက်တစ်ကြိမ် အပြေးအလွှား ရောက်ရှိလာပြီး ချင်ယွမ်ဖုန်းကို တွဲထူပေးလိုက်သည်။

ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံရှိ နီရဲနေသော အရောင်အဝါများမှာ တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားခဲ့ပြီး သူသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရကာ နဖူးပြင်ထက်တွင်လည်း ချွေးစက်ကလေးများ ထွက်ပေါ်နေရှာသည်။

ထိုသုံးခွလှံကို ရရှိပြီးနောက် သူ၏ အင်အားများ အဆမတန် မြင့်တက်လာရခြင်းမှာ မဆန်းတော့ပေ။ ထိုသုံးခွလှံ၏ စွမ်းအားတစ်ခုတည်းကပင် ချင်ယွမ်ဖုန်း၏ စွမ်းအားထက် သာလွန်နေခဲ့သည် မဟုတ်လော။

"ဒါက သေဘေးသင့်စေတဲ့ လက်နက်ဆိုးပဲ။ အချိန်အကြာကြီး အသုံးပြုမယ်ဆိုရင် လူရဲ့ စိတ်အသိကို ဝါးမြိုသွားပြီး သားရဲတစ်ကောင်အဖြစ် ပြောင်းလဲပစ်လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။

"ဟုတ်တယ်၊ ငါအဲဒါကို ကိုင်လိုက်တဲ့ အခိုက်အတန့်မှာပဲ ပုံရိပ်တွေ အများကြီး စိတ်ထဲ ဖြတ်ပြေးသွားပြီး အဲဒီအောက်မှာ လုံးဝ နစ်မြုပ်သွားလုနီးပါး ဖြစ်ခဲ့ရတယ်"

မြောင်ယွီလန်က ကြောက်လန့်တကြားဖြင့် ပြောဆိုရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "မှန်တာပေါ့။ ဒါပေမဲ့ အကယ်၍သာ စနစ်တကျ အသုံးပြုနိုင်မယ်ဆိုရင်တော့ ဒီသုံးခွလှံက အလွန်စွမ်းအားကြီးတဲ့ နတ်လက်နက်တစ်ခု ဖြစ်လာမှာပါ။ ဒီသုံးခွလှံရှိရင် ငါက ဘိုးဘေးနယ်ပယ် အဆင့်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မယ်"

"အဲလိုတော့ မလုပ်ပါနဲ့" မြောင်ယွီလန်က မျက်မှောင်ကြုတ်လိုက်ရင်း "အဲဒါက အလွန်တရာ အန္တရာယ်များလွန်းပါတယ်" ဟု တားမြစ်ရှာသည်။

"စိတ်မပူပါနဲ့၊ ငါက ဒီသုံးခွလှံကို အလွန်တိုတောင်းတဲ့ အချိန်ကာလအပိုင်းအခြားလေးတစ်ခုအတွင်းမှာ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ အဲဒီအချိန်လေးကပဲ ငါ့အတွက် တိုက်ကွက်တစ်ကွက် ထုတ်သုံးဖို့ လုံလောက်ပါတယ်။ တစ်ခါတရံမှာ အဲဒီတိုက်ကွက်တစ်ကွက်ကပဲ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို အဆုံးအဖြတ်ပေးနိုင်တာပေါ့" ချင်ယွမ်ဖုန်းက ဆိုသည်။

မြောင်ယွီလန်သည် ဤသုံးခွလှံအကြောင်းကို ဆက်လက်ဆွေးနွေးရန် ဝန်လေးနေသော်လည်း ချင်ယွမ်ဖုန်းကိုမူ ဆက်လက်၍ မတားမြစ်တော့ပေ။

ချင်ယွမ်ဖုန်းသည် ရှေ့သို့ တက်လှမ်းသွားပြီး သုံးခွလှံကို ထူထဲသော ပိတ်စတစ်ခုဖြင့် သေချာစွာ ပတ်တီးစည်းလိုက်ကာ သူ၏ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းသိမ်းဆည်းလိုက်တော့သည်။

သူတို့၏ ခေါင်းပေါ်ရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် တဖြည်းဖြည်းနှင့် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ရာ ထိုနှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် ပြုံးပြလိုက်ကြသည်။

ဤရှေးဟောင်းဂူသင်္ချိုင်းသို့ လာရောက်ရသည့် ခရီးစဉ်သည် ယခုကဲ့သို့ လွယ်ကူချောမွေ့လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ချီက ရှေ့မှ လမ်းပြပေးခဲ့သဖြင့် သူတို့အနေဖြင့် နောက်ကသာ လိုက်ပါလာခဲ့ကြရုံသာ ရှိပေသည်။

ထိုနှစ်ဦးသားသည် အဓိကခန်းမတော်ကြီးကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။

ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ထိုအထဲသို့ ဝင်ရောက်စူးစမ်းမကြည့်ဘဲ ပြန်လှည့်သွားရန် အကြောင်းမရှိပေ။

အဓိကခန်းမတော်ကြီးသည် အလွန်ပင် ရိုးရှင်းလှပြီး မည်သည့် တန်ဆာဆင်မှုမျှ မြောက်မြားစွာ ရှိမနေပေ။

ထိုခန်းမ၏ ဗဟိုတည့်တည့်တွင်မူ ခေါင်းတလားတစ်ခုကို ကန့်လန့်ဖြတ် ချထားသည်ကို တွေ့ရှိရသည်။

"ဒါကတော့ ဒီဂူသင်္ချိုင်းရဲ့ အရှင်သခင် ဖြစ်ရမယ်" မြောင်ယွီလန်သည် ထိုခေါင်းတလား၏ ရှေ့မှောက်တွင် ရိုသေစွာ ဦးညွှတ်လိုက်သော်လည်း ယင်းကို ကိုင်တွယ်စူးစမ်းခြင်းမူ မပြုခဲ့ပေ။

"ဒါနဲ့ မင်းက ဘယ်လိုဖြစ်ပြီး ဂူသင်္ချိုင်းတူးသမားတစ်ယောက် ဖြစ်လာရတာလဲ" ချင်ယွမ်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

မြောင်ယွီလန်က ပြုံးလိုက်ပြီး "နင်က ဒါကို မသိသေးဘူးမလား။ ငါတို့ လမ်းခွဲခဲ့ကြပြီးတဲ့နောက်မှာ ငါရဲ့ သေဘေးသင့် ခန္ဓာကိုယ် ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ စစ်မှန်တဲ့ ဂူသင်္ချိုင်းတူးသမားတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့နဲ့ ပူးပေါင်းဖြစ်ခဲ့တာပေါ့" ဟု ပြန်လည်ဖြေကြားသည်။

မြောင်ယွီလန်၏ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ကြားသိရသည့်အခါ သူမ အလွန် ပျော်ရွှင်နေသည်ကို ချင်ယွမ်ဖုန်း သိရှိလိုက်ရသဖြင့် မိမိ၏ မိတ်ဆွေအတွက် သူလည်းပဲ မုဒိတာပွားကာ ဝမ်းမြောက်မိရပေသည်။

ခေါင်းတလား၏ အနောက်ဘက်ရှိ စာပွဲခုံငယ်တစ်ခုပေါ်တွင် သေတ္တာငယ်တစ်ခု တင်ထားသည်မှအပ တစ်ခန်းမလုံးမှာ ဟာလာဟင်းလင်းဖြစ်ပြီး ကျယ်ဝန်းလှပေသည်။

ထိုသေတ္တာငယ်ကို အလွန်ပင် လက်ရာမြောက်စွာ ပြုလုပ်ထားပြီး မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရဘဲ အလွန်တရာ ခိုင်ခံ့လှပေသည်။

မြောင်ယွီလန်သည် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြည့်သော်လည်း ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။

သေတ္တာပေါ်ရှိ ပုံရိပ်အဆောင်များကို ကြည့်ရှုရင်း မြောင်ယွီလန်က မျက်မှောင်ကြုတ်လိုက်ကာ "ဒီပုံရိပ်က ကြည့်ရတာ အလွန်ရင်းနှီးနေသလိုပဲ၊ တစ်နေရာရာမှာ မြင်ဖူးခဲ့သလိုမျိုး..." ဟု ဆိုသည်။

"သော့"

ထိုနှစ်ဦးသားမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး "ဒီသေတ္တာပေါ်က ပုံရိပ်က ချင်ယွမ်ဖုန်းရဲ့ သော့ပေါ်က ပုံရိပ်နဲ့ တစ်ပုံစံတည်း မဟုတ်ဘူးလား" ဟု ဆိုကြသည်။

ချင်ယွမ်ဖုန်းသည် သူ၏ ရှေးဟောင်းသော့ကို အလျင်အမြန် ထုတ်ယူလိုက်ရာ ထိုသော့ငယ်မှာ ယခုအခါ၌ မိမိ၏ ဆွေမျိုးသားချင်းကို ပြန်လည်တွေ့ရှိသွားသည့်အလား နွေးထွေးသော အရောင်အဝါများကို ထုတ်လွှတ်နေတော့သည်။

သူတစ်ပါးထံမှ မိမိရရှိခဲ့သော သော့ငယ်တစ်ခုက ယခုကဲ့သို့ အသုံးဝင်လာလိမ့်မည်ကို ချင်ယွမ်ဖုန်း အံ့သြမဆုံး ဖြစ်ရတော့သည်။ လောကကြီး၏ ဆန်းကြယ် ထူးဆန်းလှပုံများကိုလည်း သူ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

အခန်း(၃၅၄)

သော့ကို သော့ခလောက်အတွင်းသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်ရာ စက်ယန္တရားများ လည်ပတ်သွားသည့် တကလစ်ကလစ် အသံနှင့်အတူ သေတ္တာငယ်သည် အသာအယာ ပွင့်ဟလာလေသည်။

ထိုသေတ္တာမှာ မူလကတည်းက အလွန်ကြီးမားလှသည်မဟုတ်ဘဲ အတွင်းဘက် နေရာလွတ်မှာ လက်သီးပုန်းခန့်သာ ရှိချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းနှင့် မြောင်ယွီလန်တို့ အံ့အားသင့်သွားရသည်မှာ သေတ္တာအတွင်း၌ သေးငယ်သော ပုတီးစေ့တစ်စေ့သာ ရှိနေခြင်းကြောင့် ဖြစ်၏။

ထိုပုတီးစေ့မှာ ချင်ယွမ်ဖုန်း ကမ္ဘာမြေပေါ်၌ ရှိစဉ် ငယ်ဘဝက ကစားခဲ့ဖူးသည့် ဖန်ဂေါ်လီလုံးများနှင့် များစွာဆင်တူသော်လည်း လက်မခန့်သာ အရွယ်အစားရှိပြီး ထူးခြားဆန်းပြားသည့် အသွင်သဏ္ဍာန်လည်း လုံးဝမရှိချေ။

“ဒါက ဘာလဲ” မြောင်ယွီလန်သည် သိလိုစိတ်ဖြင့် ထိုပုတီးစေ့ကို ကောက်ယူကြည့်လိုက်ရာ ရိုးရှင်းလှသော ကျောက်စိမ်းစေ့သက်သက်မျှသာ ဖြစ်ကြောင်း တွေ့ရှိရလေသည်။

ထိုပုတီးစေ့သည် ကြည်လင်တောက်ပခြင်း မရှိသော်လည်း ၎င်း၏အလယ်ဗဟို၌ ကြယ်တာရာ ကောင်းကင်ယံကဲ့သို့ လင်းလက်တောက်ပသော အစက်အပြောက်များစွာ တည်ရှိနေချေသည်။

“ငါလည်း မသိဘူး။ စွမ်းအင်လှုပ်ခတ်မှု အရှိန်အဝါလည်း ဘာမှမရှိဘူး။ ဖြစ်နိုင်တာကတော့ ဒီပုတီးစေ့က ဂူသင်္ချိုင်းပိုင်ရှင်အတွက် တစ်စုံတခုသော အဓိပ္ပာယ်အလေးအနက် ရှိခဲ့ပုံရတယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

မြောင်ယွီလန်သည် အလွန်ပင် စိတ်ပျက်သွားရချေသည်။ ရှေးဟောင်းဂူသင်္ချိုင်းများကို စိတ်ဝင်စားသူပီပီ ဂူအတွင်းမှ ရရှိနိုင်မည့် ရတနာပစ္စည်းများကို သူမအနေဖြင့် သဘောကျသည်မှာ ဓမ္မတာပင် ဖြစ်သော်လည်း ဤမျှ ရိုးရှင်းလွန်းလှသော ပုတီးစေ့တစ်စေ့ကမူ သူမ၏ စိတ်ဝင်စားမှုကို မလှုံ့ဆော်နိုင်ခဲ့ပေ။

“ရော့... ဒါကို နင့်အတွက် လက်ဆောင်အဖြစ် ပေးလိုက်မယ်” မြောင်ယွီလန်က ပြုံးလျက် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး “ဒီပုတီးစေ့ကို မူလနေရာမှာပဲ ပြန်ထားလိုက်ရအောင်။ ဂူသင်္ချိုင်းပိုင်ရှင်အတွက် အလွန်အရေးကြီးတဲ့ ပစ္စည်းလည်း ဖြစ်နေနိုင်တယ်” ဟု ဆို၏။

“အခုတော့ ဘာမှအသုံးမဝင်တော့ပါဘူး။ ပုတီးစေ့ရဲ့ ပိုင်ရှင်လည်း သေဆုံးသွားခဲ့ပြီဖြစ်သလို အဲဒီအထဲမှာ ကိန်းအောင်းနေခဲ့တဲ့ ခံစားချက်တွေကလည်း သေဆုံးသွားခဲ့ပါပြီ။ အခုတော့ ငါက ဒီပုတီးစေ့ကို ခံစားချက်အသစ်တွေ သွန်းလောင်းပြီး နင့်ဆီမှာ အပ်နှံလိုက်တာပဲ။ ဒါကို သေသေချာချာ ထိန်းသိမ်းရမယ်နော်” ဟု မြောင်ယွီလန်က ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် မတတ်သာသည့်အဆုံး သက်ပြင်းချရင်း ပြုံးလိုက်ရချေသည်။ ဤမြောင်ယွီလန်သည် စကားအချေအတင် ပြောဆိုရာ၌ အလွန်ကျွမ်းကျင်လှပေရာ သူမ ထိုသို့ ပြောဆိုလာသည့်နောက်တွင် ချင်ယွမ်ဖုန်းအနေဖြင့် ငြင်းပယ်ရန် ခဲယဉ်းသွားခဲ့သည်။

“ကောင်းပြီလေ... ဒါဆိုလည်း ငါလက်ခံလိုက်ပါ့မယ်” ချင်ယွမ်ဖုန်းသည် ထိုပုတီးစေ့ကို သူ၏ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းရန် ပြင်လိုက်သော်လည်း မြောင်ယွီလန်က တားဆီးလိုက်သည်။

“မဖြစ်ဘူးလေ... သိုလှောင်အိတ်ထဲ ထည့်ထားတာက စေတနာမပါသလို ဖြစ်နေလိမ့်မယ်” မြောင်ယွီလန်သည် ပုတီးစေ့ကို ပြန်လည်ယူငင်ကာ သူမ၏ ဆံပင်အနည်းငယ်ကို ဖြတ်တောက်ပြီး ကြိုးတစ်မျှင်အဖြစ် လျင်မြန်စွာ ကျစ်လိုက်လေသည်။

ထို့နောက် ပုတီးစေ့နှင့် တွဲချည်ကာ ချင်ယွမ်ဖုန်းထံသို့ ကမ်းပေးလိုက်၏။

“တစ်ယောက်ယောက်က ငါ့ကို လက်ဆောင်ပေးတာ ဒါပထမဆုံးပဲ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။

“ဒါဆိုရင် နင် ဒါကို ပိုပြီးတော့တောင် ဂရုတစိုက် သိမ်းဆည်းထားရမှာပေါ့” မြောင်ယွီလန်သည် ပန်းတစ်ပွင့်ပမာ လှပစွာ ပြုံးလိုက်ချေသည်။

ချင်ယွမ်ဖုန်းသည် ပုတီးစေ့ကို သူ၏ လည်ပင်းတွင် ဆွဲချိတ်လိုက်ပြီးနောက် ၎င်းတို့နှစ်ဦးသည် အဓိကခန်းမအတွင်းမှ ချက်ချင်းပင် ထွက်ခွာခဲ့ကြလေသည်။

အပြင်ဘက်ရှိ အဆောက်အအုံများ ပျက်စီးနေပြီ ဖြစ်သော်လည်း ယင်းပျက်စီးရာ အပျက်အစီးများကြားတွင် ကောင်းမွန်သော ပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိနိုင်ပေသည်။

ရှေးဟောင်းဂူသင်္ချိုင်းများတွင် အလောင်းနှင့်အတူ မြှုပ်နှံလေ့ရှိသော ပစ္စည်းများ အမြဲတစေ ရှိတတ်ရာ ယင်းတို့သည် အဆင့်မြင့် ရတနာလက်နက်များလည်း ဖြစ်နေနိုင်ချေရှိသည်။

ခေါင်းတလားအတွင်း၌ ရတနာများ ရှိနေမည်မှာ အသေအချာပင် ဖြစ်သော်လည်း မြောင်ယွီလန်တွင် သူမကိုယ်ပိုင် စည်းကမ်းချက် ရှိနေသည် ဖြစ်ရာ ရတနာများကို ယူဆောင်နိုင်သော်လည်း ဂူသင်္ချိုင်းပိုင်ရှင်ကိုမူ မနှောင့်ယှက်လိုချေ။

ထို့ကြောင့် ခေါင်းတလားအတွင်း၌ ရတနာများ ရှိနေမှန်း သိရှိသော်လည်း မြောင်ယွီလန်သည် မည်သည့်လုပ်ဆောင်မှုကိုမျှ မပြုလုပ်ခဲ့ပေ။

၎င်းတို့နှစ်ဦးသည် အပျက်အစီးများကြားတွင် ရှာဖွေခဲ့ကြသည်။

ထိုနေရာတစ်ခုလုံးသည် အလွန်ပင် ဖရိုဖရဲ ဖြစ်နေသော်လည်း ပြိုကျပျက်စီးနေသော ဆေးဖော်စပ်ခန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဖိုးတန် ဆေးဖော်စပ်နည်း အစုံအလင် အကျဉ်းချုပ်ကျမ်း အချို့နှင့် ဆေးလုံးအချို့ကို ရယူနိုင်ခဲ့ကြချေသည်။

ထိုဆေးလုံးများသည် မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းလာခဲ့ရသော်လည်း ၎င်းတို့၏ ဆေးရနံ့များမှာ ပျယ်လွင့်ခြင်းမရှိဘဲ တည်ရှိနေဆဲ ဖြစ်ရာ ချင်ယွမ်ဖုန်းနှင့် မြောင်ယွီလန်တို့မှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။

ထိုဆေးလုံးများ၏ အရည်အသွေးမှာ ဆဋ္ဌမအဆင့် ဆေးလုံးများ၏ အဆင့်အတန်းသို့ ရောက်ရှိနေချေပြီ။

ဆေးဖော်စပ်နည်းများသည် ချင်ယွမ်ဖုန်းအတွက် မည်သို့မျှ အသုံးမဝင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ ပေါ်ပေါက်ခဲ့ဖူးသမျှသော ဆေးဖော်စပ်နည်း အားလုံးသည် ချင်ယွမ်ဖုန်း၏ အသိဉာဏ်အာရုံထဲ၌ ကိန်းအောင်းနေပြီး ဖြစ်သောကြောင့် ဖြစ်၏။

အနည်းငယ် စဉ်းစားပြီးနောက် ချင်ယွမ်ဖုန်းသည် ဆေးလုံးများကို မြောင်ယွီလန်ထံသို့ ပေးအပ်လိုက်ပြီး အရေးကြုံလာပါက သူမ၏ အသက်ကို ကယ်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

၎င်းတို့နှစ်ဦးသည် ပတ်ဝန်းကျင်၌ ရှာဖွေနေသော်လည်း ထူးခြားသော ရှာဖွေတွေ့ရှိမှု မရှိသေးသည့်အချိန်တွင် ဝေးကွာသော နေရာဆီမှ စူးစူးဝါးဝါး အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရလေသည်။

“ဘယ်လိုဖြစ်ပြီး ဒီမှာ လူတွေ ရှိနေသေးတာလဲ” ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်သွားရသည်။

မြောင်ယွီလန်က ခေါင်းယမ်းလိုက်ပြီး “တစ်ယောက်ယောက်ကလည်း ဒီရှေးဟောင်းဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိပြီး အတွင်းထဲကို ရောက်နေပြီ ထင်တယ်။ ငါတို့လည်း ဘာမှ ထပ်မတွေ့နိုင်တော့ဘူးဆိုတော့ ဒီကနေ ထွက်သွားကြရအောင်” ဟု ဆို၏။

ချင်ယွမ်ဖုန်းက ခေါင်းငြိတ်လိုက်သည်။ ဤရှေးဟောင်းဂူသင်္ချိုင်းသည် ရှေးဟောင်းကာလမှ ကျန်ရစ်ခဲ့ခြင်း ဖြစ်သော်လည်း အချိန်ကာလမှာ ကြာမြင့်လွန်းလှပြီ ဖြစ်ရာ ဂူသင်္ချိုင်းပိုင်ရှင် ချန်ထားရစ်ခဲ့သော အစီအမံ အကာအကွယ် အများစုမှာ အာနိသင် ကုန်ဆုံးနေခဲ့ပြီ ဖြစ်သည်။

မက်မွန်ပွင့်တောအစီအရင်၊ ငါးရုပ်ထုနှင့် အရိုးစုမိစ္ဆာ အစီအရင်တို့သာ အာနိသင် တည်ရှိနေသေးသော်လည်း ယခုအခါ ယင်းတို့အနက် နှစ်ခုမှာ ဖျက်ဆီးခြင်း ခံထားရလေပြီ။

ဤနေရာတွင် ကျန်ရစ်ခဲ့သော အရာများကို ကြည့်ခြင်းအားဖြင့် ဂူသင်္ချိုင်းပိုင်ရှင်သည် လူမှုဘဝ နေထိုင်မှု၌ အလွန်ပင် အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်ပုံရပေရာ မိမိကိုယ်ကိုယ်အတွက် အိမ်မက်နိဗ္ဗာန်ဘုံကဲ့သို့သော ဂူသင်္ချိုင်းတစ်ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဂူသင်္ချိုင်းပိုင်ရှင်၏ စွမ်းရည်အဆင့်အတန်းမှာ မမြင့်မားလှဘဲ အလွန်ဆုံးရှိလှမှ ဘုရင်နယ်ပယ် အစောပိုင်းအဆင့်မျှသာ ဖြစ်နိုင်ချေရှိသဖြင့် သူချန်ထားရစ်ခဲ့သော အရာများသည် အလွန်တရာ တန်ဖိုးကြီးမားလှသည်တော့ မဟုတ်ပေ။

၎င်းတို့နှစ်ဦးသည် ထွက်ပေါက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသော်လည်း ချိုင့်ဝှမ်းငယ်လေးကို ဖြတ်သန်းစဉ် ရုတ်တရက် ကြောင်အန်းသွားကြရသည်။

မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေခဲ့သော ကျောက်ခဲအပျက်အစီးများမှာ ပျောက်ကွယ်သွားခဲ့ပြီး ဝဲယာနှစ်ဖက်ရှိ ကျောက်နံရံများပေါ်မှ ငါးရုပ်ထုများသည် မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာကာ မိုးကောင်းကင်ယံသို့ စိုက်ကြည့်နေကြဆဲ ဖြစ်ချေသည်။

ယင်းက ချင်ယွမ်ဖုန်းနှင့် မြောင်ယွီလန်တို့နှစ်ဦးလုံးကို ကျောချမ်းသွားစေခဲ့သည်။

ရှေးဟောင်း လက်နက်သွန်းလုပ်ခြင်း ပညာရပ်များသည် အမှန်ပင် ဆန်းကြယ်လှပေရာ တိုက်ပွဲများတွင် အသုံးပြုနိုင်ရုံမျှမက ဖျက်ဆီးခြင်း ခံရပြီးနောက်တွင်လည်း မူလအခြေအနေအတိုင်း ပြန်လည် ဆန်းသစ်လာနိုင်စွမ်း ရှိချေသည်။

သို့သော်လည်း ရုပ်ထုအချို့မှာမူ ပြင်းထန်စွာ ပျက်စီးနေသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်သည်။ ဖြစ်နိုင်သည်မှာ ယင်းရုပ်ထုများသည် သုံးခွလှံ၏ တိုက်ခိုက်မှုကြောင့် အမှုန့်ဖြစ်သွားခဲ့ရသဖြင့် ပြန်လည် မကောင်းမွန်နိုင်တော့ခြင်း ဖြစ်တန်ရာသည်။

“ငါတို့... ငါတို့ ဘယ်လို ဖြတ်သွားကြမလဲ” မြောင်ယွီလန်က တိုးညင်းစွာ မေးလိုက်သည်။

၎င်းတို့နှစ်ဦးလုံးသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာနှစ်ဦး ဖြတ်သန်းသွားခဲ့စဉ်က အခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်ရာ ၎င်းတို့အနက် တစ်ဦးမှာ ဤနေရာ၌ပင် အလွန်ပင် ရင်နင့်ဖွယ်ကောင်းစွာ သေဆုံးသွားခဲ့ရချေသည်။

“ငါတို့ ဒီမှာ ခေတ္တလောက် ထပ်စောင့်ကြည့်ရင် ဘယ်လိုလဲ”

ချင်ယွမ်ဖုန်းသည် ချိုင့်ဝှမ်း၏ တစ်ဖက်ကမ်းသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ဤအချိန်၌ မက်မွန်တောအစီအရင်သည် ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။

များပြားလှသော မက်မွန်ပင်များသည် လျင်မြန်စွာ ရွေ့လျားပြောင်းလဲနေကြပြီး ထူးဆန်းသော မြွေပမာ အမြစ်များသည်လည်း မြေပြင်ပေါ်သို့ ထိုးထွက်လာနေကြချေသည်။

လူသားအများအပြားသည် မက်မွန်တောအစီအရင်၏ ရှေ့တွင် ပိတ်ဆို့ခြင်း ခံထားရပြီး အချို့မှာမူ အစီအရင်အတွင်း၌ ပိတ်မိနေကြပြီ ဖြစ်ရာ စောစောက ကြားလိုက်ရသော စူးစူးဝါးဝါး အော်ဟစ်သံများမှာ ထိုသူတို့ထံမှ ဖြစ်ပေသည်။

“ဟိုးမှာကြည့်စမ်း... အဲဒီဘက်မှာ လူတွေ ရှိနေသေးတယ်” သိုင်းပညာရှင်တစ်ဦးက ချင်ယွမ်ဖုန်းနှင့် မြောင်ယွီလန်တို့ကို လှမ်းမြင်သွားပြီး အလျင်အမြန်ပင် အော်ဟစ်လိုက်လေသည်။

အချို့သောသူများကမူ ရှေးဟောင်းဂူသင်္ချိုင်းအတွင်းရှိ ပစ္စည်းများကို ထိုသူတို့နှစ်ဦးက ရယူသွားခဲ့ပြီ ဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုကြချေသည်။

ခဏချင်းတွင်ပင် စုရုံးရောက်ရှိလာကြသော သိုင်းပညာရှင်များသည် စိတ်လှုပ်ရှား ရာဂကြီးထွက်လာကြသည်။ ၎င်းတို့သည် ရှေးဟောင်းဂူသင်္ချိုင်းအတွင်းရှိ ရတနာများကို ရယူရန်အတွက် ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။

နိမ့်ကျသော ဆေးဖော်စပ်သူတစ်ဦးက လူအချို့ ကျောက်နံရံအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသည်ကို မြင်တွေ့ခဲ့ရခြင်းကြောင့် ဤလျှို့ဝှက်ချက်မှာ ပေါက်ကြားသွားခဲ့ပြီး သတင်းများ ပြန့်နှံ့သွားခဲ့ခြင်း ဖြစ်သည်။

အနီးအနားရှိ သိုင်းပညာရှင်များသည် သတင်းကို ကြားသိရသည်နှင့် တပြိုင်နက် ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်ချေသည်။

“ငါတို့လည်း အလုပ်ရှုပ်ရတော့မယ့်ပုံပဲ” ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့်အဆုံး ပြောလိုက်သည်။

ရောက်ရှိလာသော သိုင်းပညာရှင်များသည် ယခုအခါ စိုးရိမ်ပူပန်လာကြပြီး အစီအရင်ကို ဖြိုခွဲမည့် နည်းလမ်းကို ရှာဖွေရန်အတွက် ရှေ့ရှိ မက်မွန်ပွင့်တောအစီအရင်အတွင်းသို့ တိုးဝှေ့ဝင်ရောက်လာကြချေသည်။

လူအင်အား များပြားပါက စွမ်းအားလည်း ကြီးမားပေသည်။ ထို့အပြင် မက်မွန်ပွင့်တောအစီအရင်မှာ ကာလကြာမြင့်လှပြီ ဖြစ်သဖြင့် ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။

သိုင်းပညာရှင်အမြောက်အမြားက အစီအရင်ကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသောအခါ အစီအရင်သည် ချက်ချင်းပင် ရပ်တန့်သွားရလေသည်။

ထို့နောက် သိုင်းပညာရှင်များသည် ချင်ယွမ်ဖုန်းတို့အဖွဲ့ရှိရာသို့ အုန်းအုန်းကျက်ကျက် တိုးဝင်လာကြသည်။ ၎င်းတို့သည် နောက်ကွယ်ရှိ အပျက်အစီးများကိုလည်း မြင်တွေ့ခဲ့ကြရသဖြင့် ချင်ယွမ်ဖုန်းတို့က ရတနာများကို ယူဆောင်သွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်းတို့သည် ချိုင့်ဝှမ်းအတွင်းသို့ ပြေးဝင်လာကြသည်နှင့် တပြိုင်နက် ဝဲယာနှစ်ဖက်ရှိ ကျောက်နံရံများပေါ်မှ ထူးဆန်းသော ရုပ်ထုများကို သတိမပြုမိကြသေးမီမှာပင် ထိုငါးရုပ်ထုများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ကြရလေတော့သည်။

ဤနေရာသို့ ရောက်ရှိလာသော သိုင်းပညာရှင် အရေအတွက်မှာ တစ်ရာခန့် ရှိသော်လည်း ငါးရုပ်ထုများ၏ အရေအတွက်မှာ ၎င်းတို့ထက် ဆယ်ဆမျှ ပိုမိုများပြားလှပေရာ ခဏတာမျှအတွင်း သိုင်းပညာရှင်များသည် ငါးရုပ်ထုများ၏ တားဆီးခြင်းကို ခံလိုက်ရချေသည်။

All Chapters