← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 19 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 19 Ch. 361-362

အခန်း(၃၆၁)

ထို့ကြောင့် ထိုသိုင်းပညာရှင်သည် ပြန်လည်ခုခံတိုက်ခိုက်ရန်ပင် အခွင့်မသာဘဲ ချက်ချင်းပင် သေလုမတက်ဖြစ်သွားရချေသည်။

“မင်းတို့ ဘာပြောချင်သေးလဲ” ချင်ယွမ်ဖုန်းသည် မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း အေးစက်စွာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်း၏ အကြည့်နှင့် ဆုံမိသည်တွင် သိုင်းပညာရှင်အချို့သည် မျက်နှာထက်၌ ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်လျက် တစ်ပြိုင်နက်တည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားကြ၏။

ချင်ယွမ်ဖုန်းသည် နှာခေါင်းတစ်ချက် ရှုံ့ကာ မြောင်ယွီလန်နှင့်အတူ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။

အချိန်အတန်ကြာ လွန်မြောက်ပြီးနောက်မှသာ သိုင်းပညာရှင်များသည် ၎င်းတို့၏ စီနီယာအစ်ကိုအား မြေကြီးထဲမှ အလျင်အမြန် ဆွဲထုတ်ကာ အချိန်အတော်ကြာ ပုတ်ခတ်ပေးပြီးမှ သတိပြန်လည်လာစေခဲ့သည်။

“ဘာ... ခုနက ဘာဖြစ်သွားတာလဲ” ထိုသိုင်းပညာရှင်သည် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မေးမြန်းရှာသည်။

သိုင်းပညာရှင်များသည် မျက်လုံးများ ဂဏာမငြိမ်ဘဲ လှည့်ပတ်ကြည့်ရင်း စကားပင် မဟနိုင်ကြချေ။

အကြီးဆုံးဖြစ်သူ စီနီယာအစ်ကိုသည် ခုနကဖြစ်ပျက်ခဲ့သည်များမှာ အမှန်တကယ်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားပြီး ဒေါသအလိပ်လိပ် ထွက်လာကာ “မင်းတို့အားလုံး ဒီလူ့မျက်နှာကို မှတ်မိကြတယ်မလား။ ငါ့အတွက် သူ့ပုံကိုဆွဲပြီး ဖမ်းဝရမ်းထုတ်ကြ သူက ငါတို့ ချွမ်းရှင်းခန်းမက လူတွေကို စော်ကားခဲ့တာ၊ ငါ သူ့ကို ထိုက်တန်တဲ့ တန်ဖိုး ပြန်ပေးဆပ်ခိုင်းရမယ်” ဟု ဆိုသည်။

ထိုအဖွဲ့သည် စက္ကူနှင့် စုတ်တံများကို အလျင်အမြန်ထုတ်ယူကာ ၎င်းတို့၏ မှတ်ဉာဏ်ထဲမှ ချင်ယွမ်ဖုန်း၏ ရုပ်သွင်ကို ရေးဆွဲကြရာ ခုနစ်ပုံပုံစံခန့် ဆင်တူလေသည်။

ထိုအချိန်တွင် ချွမ်းရှင်းခန်းမမှ အကြီးအကဲအချို့ ရောက်ရှိလာသဖြင့် အကြီးဆုံးဖြစ်သူ တပည့်သည် ရှေ့သို့ အလျင်အမြန် တက်လှမ်းကာ ခုနက ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းပြောကြားလေသည်။

အကြီးအကဲ၏ မျက်နှာသည် ညိုမှောင်သွားပြီး “ဟမ်၊ ငါတို့ ချွမ်းရှင်းခန်းမကို စော်ကားပြီးမှတော့ သူ့ကို ဘယ်လိုမှ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး” ဟု ဆို၏။

သို့ရာတွင် အကြီးအကဲသည် ချင်ယွမ်ဖုန်း၏ ပုံတူပန်းချီကို မြင်လိုက်ရသောအခါ ရုတ်တရက် ဆွံ့အမှင်တက်သွားကာ “ခုနက မင်းတို့ကို တိုက်ခိုက်ခဲ့တဲ့လူက တကယ်ပဲ ဒီလူလား” ဟု မေးမြန်းသည်။

“သူပါပဲ အကြီးအကဲ၊ လုံးဝမှားစရာမရှိပါဘူး” အကြီးဆုံးဖြစ်သူ တပည့်က ပန်းချီကားကို လက်ညှိုးထိုးရင်း ဒေါသတကြီး လျှောက်တင်၏။

“ဖြန်း”

အကြီးအကဲသည် ထိုစီနီယာတပည့်၏ ခေါင်းကို ရိုက်ချလိုက်ပြီး “သူက ဘယ်သူလဲဆိုတာ မင်းသိလို့လား” ဟု ငေါက်ငမ်းလေသည်။

“သူက... ဘယ်သူမလို့လဲ” စီနီယာအစ်ကိုကြီးဆိုသူသည် အနည်းငယ် ဝေခွဲမရဖြစ်လျက် မေးမြန်းရှာသည်။

“ချင်ယွမ်ဖုန်း၊ ချင်ယွမ်ဖုန်းလေ၊ ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဝေယျာဝစ္စတပည့်ပဲ”

အကြီးအကဲက သက်ပြင်းချရင်း “တော်သေးတာပေါ့၊ မင်းတို့ကို တိုက်ခိုက်ခဲ့တာက သူဖြစ်နေလို့၊ မင်းတို့က သူ့ကို သွားတိုက်ခိုက်ခဲ့တာ မဟုတ်လို့။ သို့မဟုတ်ရင် ဆေးနတ်ဘုရားဂိုဏ်းက မင်းတို့တံခါးဝအထိ လာရောက်အရေးယူရင် မင်းတို့အားလုံး ဒုက္ခတွင်းနက်ထဲ ကျရောက်ကုန်ကြလိမ့်မယ်” ဟု ဆိုချေသည်။

ချွမ်းရှင်းခန်းမသည် အနောက်ဘက် ရန်အင်ပါယာ၌ အတန်ငယ် နာမည်ကျော်ကြားသည်ဆိုသော်ငြား ဒုတိယတန်းစား အင်အားစုမျှသာ ဖြစ်သဖြင့် ဆေးနတ်ဘုရားဂိုဏ်းနှင့်မူ နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။

“ချင်ယွမ်ဖုန်းဟုတ်လား။ သူက သေသွားပြီ မဟုတ်ဘူးလား” စီနီယာတပည့်သည် အစပိုင်းတွင် ထိတ်လန့်သွားရ၏။ အကြောင်းမူကား သူသည် ပြီးခဲ့သည့် ဂိုဏ်းတွင်းပြိုင်ပွဲကို တက်ရောက်ခဲ့ဖူးသော်လည်း ပထမအကြည့်၌ မမှတ်မိခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူသည် ရင်တထိတ်ထိတ်ဖြင့် ကြောက်ရွံ့ခြင်း ကြွင်းကျန်နေရချေသည်။ ချင်ယွမ်ဖုန်းသည် ထိုစဉ်ကပင် ကြောက်မက်ဖွယ်ကောင်းလှရာ ယခုအခါတွင် ပိုမိုအစွမ်းထက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သို့သော် ချင်ယွမ်ဖုန်း သေဆုံးသွားပြီဟူသော သတင်းများက ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။

အခြားတပည့်များလည်း အလွန်အမင်း ဝေခွဲမရ ဖြစ်နေကြ၏။

၎င်းတို့အားလုံးသည် ချင်ယွမ်ဖုန်း သေဆုံးသွားသည့် သတင်းကို ကြားသိထားကြပြီး ဆေးနတ်ဘုရားဂိုဏ်းက ကြီးကျယ်ခမ်းနားသော နာရေးအခမ်းအနားတစ်ခု ကျင်းပခဲ့သည်ကိုပင် သိရှိထားကြခြင်းကြောင့် ဖြစ်သည်။

“ဘယ်သူသိမှာလဲ။ အဲဒီတုန်းက ချင်ယွမ်ဖုန်းဟာ နတ်ဘုရားသောင်းချီနယ်မြေထဲမှာ ပိတ်မိနေခဲ့တာလို့ပဲ ပြောခဲ့ကြတာ။ သူက နတ်ဘုရားသောင်းချီနယ်မြေကနေ လွတ်မြောက်လာတာလည်း ဖြစ်နိုင်တာပဲ” ဟု အကြီးအကဲက တည်ငြိမ်စွာ ဆို၏။

ထိုအဖွဲ့သည် ကျောပြင်တစ်လျှောက် စိမ့်ခနဲ အေးစက်သွားကြရသည်။ ထိုကဲ့သို့သော နေရာမျိုးမှ လွတ်မြောက်လာနိုင်ခြင်းကို ၎င်းတို့ စိတ်ကူးပင် မယဉ်ဝံ့ကြချေ။

ထိုစဉ်က နတ်ဘုရားသောင်းချီနယ်မြေ၏ မိစ္ဆာအရှိန်အဝါများ ယိုစိမ့်လာပြီး ရုပ်သေးများ နေရာအနှံ့ ရှိနေခဲ့စဉ်က ၎င်းတို့ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ချင်ယွမ်ဖုန်း၏ အတ္တကင်းမဲ့မှုကြောင့်သာမက အတိုင်းမသိကြီးမားသော ကံတရားကြောင့်လည်း ဖြစ်ပေသည်။

မည်သူမျှ ထပ်မံစကားမဆိုကြတော့ဘဲ ထိုသူသည် တကယ်ပဲ ချင်ယွမ်ဖုန်း ဖြစ်နေခဲ့ပါလျှင် မိမိတို့အား ဒုက္ခပြန်မပေးရန်သာ ဆုတောင်းနေကြရတော့သည်။

တစ်ဖက်တွင်မူ ချင်ယွမ်ဖုန်းသည် မြောင်ယွီလန်ကို ခေါ်ဆောင်ကာ ရှေးဟောင်းဂူသင်္ချိုင်းမှ ထွက်ခွာခဲ့ပြီး ဖြစ်ကာ မိစ္ဆာကို ပိတ်လှောင်ထားသည့် နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုနေရာရှိ မိစ္ဆာအရှိန်အဝါများသည် ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ မည်သည့်အရာမျှ ကြွင်းကျန်ရစ်ခြင်း မရှိတော့ချေ။

“ယွမ်ဖုန်း...” မြောင်ယွီလန်သည် ချင်ယွမ်ဖုန်းကို ကြည့်လျက် စကားအချို့ ပြောချင်သော်လည်း နှုတ်ဖျားမှ ထွက်မလာခဲ့ချေ။

အကယ်၍ အတိတ်က ချင်ယွမ်ဖုန်းသာဆိုလျှင် ထိုသို့သော အခြေအနေမျိုး၌ ချက်ချင်း လက်ပါလိမ့်မည် မဟုတ်သော်လည်း ယခု ချင်ယွမ်ဖုန်းမှာမူ စိတ်လိုက်မာန်ပါ ပြုမူခဲ့ပုံရချေသည်။

“ဘာဖြစ်လို့လဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

မြောင်ယွီလန်သည် ခေါင်းကို ခါယမ်းလိုက်၏။ ထိုအကြောင်းအရာများကို သူမ၏ ရင်ထဲ၌သာ သိမ်းဆည်းထားသင့်ပေသည်။

ချင်ယွမ်ဖုန်းသည် ချင်မိသားစု ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့် စိတ်အာဃာတများကို ဖွင့်ချချင်နေ၍လည်း ဖြစ်တန်ရာသည်။

“ဘာမှမဟုတ်ပါဘူး၊ နင်ဆေးနတ်ဘုရားဂိုဏ်းကို ပြန်တော့မလို့လား” မြောင်ယွီလန်က ပြုံးလျက် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ပြန်ရမယ့်အချိန် ရောက်ပြီ။ နတ်ဘုရားသောင်းချီနယ်မြေကနေ လွတ်မြောက်လာကတည်းက ဆေးနတ်ဘုရားဂိုဏ်းကို တစ်ခေါက်မှ မပြန်ရသေးဘူး။ သူတို့တွေ စိတ်ပူနေကြလောက်ပြီ” ဟု ဆို၏။

“ကောင်းပါပြီ၊ ဒါဆို ငါတို့တွေ ဒီမှာပဲ လမ်းခွဲကြစို့။ ငါကတော့ ရှေးဟောင်းဂူသင်္ချိုင်းတွေကို ဆက်ပြီး ရှာဖွေချင်သေးတယ်” မြောင်ယွီလန်က ပြုံး၍ ဆိုသည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် ဆွံ့အသွားရပြီး “မင်း ငါနဲ့အတူ ပြန်မလိုက်ဘူးလား” ဟု မေးမိသည်။

“မလိုက်တော့ဘူး၊ နင်မှာလည်း လုပ်စရာတွေ ရှိနေတာပဲ၊ ငါ့မှာလည်း ငါစိတ်ဝင်စားတဲ့ အရာတွေ ရှိသေးတယ်လေ” မြောင်ယွီလန်က ရယ်မောကာ ဆို၏။

ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ရုံမျှသာ တတ်နိုင်တော့သော်လည်း တွန့်ဆုတ်နေသော အမူအရာဖြင့် “ဒါဆို ငါ မင်းကို ဘယ်လိုရှာရမလဲ” ဟု မေးမြန်းလိုက်ပြန်သည်။

“ငါ လာရှာမှာပေါ့။ နင်က ဒီလောက် နာမည်ကြီးနေတာပဲ၊ မင်း ဘယ်နေရာကိုပဲ ရောက်ရောက် သတင်းတွေကတော့ ပျံ့နှံ့နေမှာပဲလေ” မြောင်ယွီလန်က ပြုံးလျက် ခေါင်းခါပြသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ချကာ “ကောင်းပါပြီ၊ တစ်ခုခုဖြစ်ရင် တစ်ယောက်ယောက်ကနေတစ်ဆင့် ငါ့ဆီ သတင်းပို့လိုက်ပါ။ မင်း ဘယ်နေရာမှာပဲရှိရှိ ငါ လာရှာပါ့မယ်” ဟု ဆိုလေသည်။

“စိတ်မပူပါနဲ့” မြောင်ယွီလန်သည် ရှေ့သို့ တိုးလာပြီး ချင်ယွမ်ဖုန်းကို ဖက်လဲတကင်း ပြုလုပ်ပြီးနောက် ထွက်ခွာသွားခဲ့တော့သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းချလျက် ဆေးနတ်ဘုရားဂိုဏ်းဆီသို့ ဦးတည်ကာ ထွက်ခွာခဲ့လေသည်။

ယခုတစ်ကြိမ် လမ်းခရီးတစ်လျှောက်တွင်မူ မည်သည့် အဟန့်အတားနှင့်မျှ ထပ်မံ မကြုံတွေ့ရတော့ဘဲ နောက်ဆုံး၌ မဟာတံတိုင်းကြီးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တော့သည်။

သူသည် ဆေးနတ်ဘုရားဂိုဏ်း၌ အမြဲရှိနေခဲ့ဖူးသည်ဆိုသော်ငြား ဂိုဏ်းနှင့် ဤမျှနီးကပ်သော မဟာတံတိုင်းကြီးကို ချင်ယွမ်ဖုန်း မြင်တွေ့ဖူးခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်ချေသည်။

ယင်းသည် ကမ္ဘာမြေပေါ်ရှိ မဟာတံတိုင်းကြီးနှင့် မခြားနားလှဘဲ ၎င်း၏အောက်၌ မတ်တပ်ရပ်ကြည့်လျှင် ခန့်ညားထည်ဝါလှသော အရှိန်အဝါကို ခံစားရစေသည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် မြေနက်မြေပေါ်၌ အလုပ်များလျက် ရှိကြသည်။ ချင်ယွမ်ဖုန်း မရှိတော့သည့်တိုင်အောင် ၎င်းတို့သည် သူ၏ စကားများကို အမြဲနှလုံးသွင်းကာ ကျိုးနွံစွာဖြင့် စိုက်ပျိုးကျင့်ကြံနေခဲ့ကြသည်။

ယခုအခါ ၎င်းတို့နှစ်ဦးစလုံးသည် ပဉ္စမအဆင့် သိုင်းပညာရှင်နယ်ပယ်သို့ ရောက်ရှိနေကြပြီဖြစ်ရာ ဒုန်ဖန်းရှန့်မင်ကိုယ်တိုင်ပင် ၎င်းတို့၏ ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ရချေသည်။

ထို့အပြင် ဆေးနတ်ဘုရားဂိုဏ်းသည် မြေနက်မြေကို စီမံခန့်ခွဲရန်အတွက် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကို အထူးငှားရမ်းခဲ့သဖြင့် ၎င်းတို့ကို တရားဝင် အဆင့်အတန်းတစ်ခု ပေးအပ်ထားသည်ဟု ဆိုနိုင်ပေသည်။

၎င်းတို့သည် ဆေးနတ်ဘုရားဂိုဏ်း၏ တပည့်များ မဟုတ်ကြသော်လည်း ဆေးနတ်ဘုရားဂိုဏ်း၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

ထိုအချိန်တွင် ၎င်းတို့နှစ်ဦးသည် မြေနက်မြေပေါ်၌ ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးနေကြခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်း၏ သဘာဝ နတ်စမ်းရေ မရှိတော့ခြင်း၊ ရေကန်ထဲရှိ သဘာဝ နတ်စမ်းရေများမှာလည်း ပျော်ဝင်ရည် လျော့နည်းသွားခြင်းတို့ကြောင့် ယခု ၎င်းတို့စိုက်ပျိုးနေသော ဝိညာဉ်ဆေးပင်များသည် အတိတ်က ချင်ယွမ်ဖုန်း စိုက်ပျိုးခဲ့သည်များထက် များစွာ ညံ့ဖျင်းလှချေသည်။

ဝမ်ချိုင်သည် ၎င်းတို့အနီး၌ ပျင်းရိစွာ လှဲလျောင်းရင်း စိတ်မပါလက်မပါ ဖြစ်နေရှာသည်။

ရုတ်တရက် ဝမ်ချိုင်သည် မတ်တပ်ရပ်ကာ အရှေ့ဘက်သို့ လှမ်းမြော်ကြည့်လိုက်ပြီး ၎င်း၏ နားရွက်များသည် သတိကြီးစွာဖြင့် ထောင်မတ်သွား၏။

ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးကတည်းက ဝမ်ချိုင် ဤကဲ့သို့ ပြုမူသည်ကို ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ရာ အတော်ပင် လန့်ဖျပ်သွားကြရသည်။

“ဝမ်ချိုင်၊ ဘာဖြစ်လို့လဲ။ တစ်ယောက်ယောက် လာနေလို့လား” ချန်ဒါချောင်က မေးမြန်းလိုက်သည်။

ဝမ်ချိုင်သည် အရှေ့ဘက်သို့ ဦးတည်ကာ ဟောင်ဟောင်ပြီးနောက် ချက်ချင်းပင် အပြေးအလွှား ထွက်ခွာသွားတော့သည်။

စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင်များကို နင်းခြေမိသည်ကိုပင် အမှုမထားတော့ချေ။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့နှစ်ဦးစလုံး အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြရသည်။

အတိတ်က ဝမ်ချိုင်သည် အလွန်အမင်း အသိဉာဏ်ရှိလှသဖြင့် ဝိညာဉ်ဆေးပင်များကို မည်သည့်အခါမျှ နင်းခြေလိမ့်မည် မဟုတ်ပေ။

အစားအစာအချို့ကို ခိုးယူစားသောက်တတ်သည်ဆိုစေဦးတော့ မည်သူမျှ သတိမထားမိအောင် ပြုမူတတ်သူ ဖြစ်သည်။

“ဝမ်ချိုင်၊ နင် ဘယ်သွားမလို့လဲ” ချန်ရှောင်ချောင်သည် ဝမ်ချိုင်၏ နောက်သို့ လိုက်လံခေါ်ဆိုရှာသည်။

ချန်ဒါချောင်လည်း ၎င်းတို့နောက်သို့ လိုက်ပါသွားခဲ့ပြီး အကြောင်းရင်းကို မသိရဘဲ ၎င်းတို့၏ ရင်ခုန်သံများမှာမူ ပြင်းထန်စွာ တုန်ရင်လာခဲ့ရချေသည်။

“ဝုတ် ဝုတ် ဝုတ်”

ဝမ်ချိုင်သည် ဟောင်ဆွဲရင်း ရေကန်ကို ဖြတ်ကျော်ကာ အပြင်းအထန် ပြေးလွှားသွားတော့သည်။

အခန်း (၃၆၂) အိမ်ပြန်ခြင်း

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ရောက်ရှိလာချိန်တွင် ဝမ်ချိုင်က အနက်ရောင်ပုံရိပ်တစ်ခုအား လုံးထွေးသိုင်းဖက်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ယင်းတို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားကြချေသည်။

"မဖြစ်နိုင်တာ၊ အပြင်မှာ အစီအရင်ရှိနေတာပဲ၊ ဘယ်သူမှ ဝင်လာလို့မရရပါဘူး" ချန်ဒါချောင်သည် ရင်ထဲ၌ ဝမ်းသာအားရဖြစ်မှုတို့ လှိုင်းလုံးပမာ ထက်သန်လာပြီး အရှေ့သို့ အပြေးအလွှား လှမ်းတက်ခဲ့သည်။

ချန်ရှောင်ချောင်သည်လည်း တစ်စုံတစ်ရာကို ရိပ်မိနားလည်သွားဟန်ဖြင့် ချန်ဒါချောင်နှင့်အတူ အပြိုင်အဆိုင် ပြေးဝင်သွားတော့သည်။

ဝမ်ချိုင် လုံးထွေးနေသည့် ထိုအနက်ရောင်ပုံရိပ်မှာ အခြားသူမဟုတ်၊ အနောက်ဘက် ရန်အင်ပါယာမှ ပြန်လည်ရောက်ရှိလာသော ချင်ယွမ်ဖုန်းပင် ဖြစ်ပေတော့သည်။

ချင်ယွမ်ဖုန်း၏ ရင်းနှီးလှစွာသော မျက်နှာကို မြင်လိုက်ရသည်တွင် ချန်ဒါချောင်၏ မျက်ရည်များသည် ဆည်ကျိုးသကဲ့သို့ တားဆီး၍မရအောင် စီးကျလာခဲ့ရသည်။

ချန်ရှောင်ချောင်ကမူ ပို၍ပင် ပွင့်လင်းပြတ်သားလှရာ ယခုမြင်တွေ့နေရသည်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်သွားမည်ကို စိုးရိမ်ပူပန်နေသည့်အလား ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်သို့ ပစ်လှဲကာ ဖက်တွယ်ထားပြီး လုံးဝလက်မလွှတ်တော့ပေ။

"ကဲပါ... ကဲပါ... မင်းတို့ ဖက်ထားတာနဲ့တင် ငါ အသက်ရှူကျပ်ပြီး သေတော့မယ်" ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ ပြောဆိုရင်း ချန်ရှောင်ချောင်ကို ပွေ့ချီကာ မြေပြင်မှ ထရပ်လိုက်သည်။

ဝမ်ချိုင်သည်လည်း ချင်ယွမ်ဖုန်း၏ အနားတွင် သံယောဇဉ်ကြီးစွာ ကပ်ချွဲနေပြီး ချင်ယွမ်ဖုန်း၏ မျက်နှာကို မနားတမ်း လျှာဖြင့် ရက်နေတော့သည်။

ချန်ရှောင်ချောင်က ချင်ယွမ်ဖုန်းထံတွင် ဆွဲသီးလေးတစ်ခုပမာ တွယ်ကပ်နေပြီး ချန်ဒါချောင်မှာမူ ထိုနေရာ၌ပင် ရယ်လည်းရယ်၊ ငိုလည်းငိုလျက် ရပ်နေရှာသည်။

ယင်းမြင်ကွင်းသည် လှပလွန်းသော ပန်းချီကားတစ်ချပ်အလား ရှိနေပေရာ ထိုအခြင်းအရာကို ချင်ယွမ်ဖုန်းသည် နောက်နောင် ကာလအတော်ကြာသည်အထိ မေ့ပျောက်နိုင်ခြင်း မရှိခဲ့ပေ။

"ဖုန်းအစ်ကို... ဒါ တကယ်ပဲ ဖုန်းအစ်ကိုလားဟင်" ချန်ရှောင်ချောင်သည် မျက်ရည်စက်လက်ဖြင့် ငိုယိုရင်း ချင်ယွမ်ဖုန်း၏ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ကို ဆွဲဆိတ်ကြည့်နေရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် ချန်ရှောင်ချောင်၏ မျက်ရည်များကို သုတ်ဖယ်ပေးလိုက်ပြီး "ငါပါပဲ... ငါ ပြန်လာပြီ" ဟု ဆိုလိုက်သည်။

ချန်ဒါချောင်သည်လည်း နောက်ဆုံးတွင် စိတ်အောင့်ထားနိုင်ခြင်း မရှိတော့ဘဲ ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ပြေးဖက်ကာ "သူတို့အားလုံးက ဖုန်းအစ်ကို သေပြီလို့ ပြောကြတာ၊ ဒါပေမဲ့ ညီမကတော့ လုံးဝမယုံဘူး၊ ဖုန်းအစ်ကိုလို သန်မာတဲ့သူက ဘယ်လိုလုပ် သေနိုင်မှာလဲလို့ တွေးနေခဲ့တာ၊ အခုတော့ သူတို့အားလုံး လိမ်ညာနေကြတာ တကယ်ပဲ သက်သေပြလိုက်တာပဲ" ဟု ပြောရှာသည်။

မိန်းကလေးနှစ်ဦးစလုံးက သည်းထန်စွာ ငိုကြွေးနေကြသဖြင့် ချင်ယွမ်ဖုန်းမှာ အနည်းငယ် အနေရခက်သွားပြီး "ကဲပါ... တော်ကြပါတော့... မငိုကြနဲ့တော့လေ၊ အခု ငါပြန်ရောက်နေပြီပဲဟာကို မင်းတို့က တောက်လျှောက် ငိုနေကြတော့ နည်းနည်း ထူးဆန်းမနေဘူးလား" ဟု ချော့မော့ရတော့သည်။

ထိုစကားကို ကြားရသောအခါမှ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် မိမိတို့ ငိုယိုနေပုံမှာ နာရေးတစ်ခုလို ဖြစ်နေသည်ကို သတိပြုမိသွားကြပြီး မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ကြကာ ချင်ယွမ်ဖုန်းကို အိမ်အရှေ့သို့ ဆွဲခေါ်သွားကြသည်။

ဤအချိန်တွင် မြေနက်မြေတစ်ခုလုံးသည် ယခင်ကထက် ပိုမို၍ စိမ်းလန်းစိုပြည် ဝေဆာနေပြီး ဝိညာဉ်ဆေးပင်သစ် အများအပြားကိုလည်း စိုက်ပျိုးထားသည်ကို တွေ့ရပေရာ ယင်းတို့ကို ထိုမိန်းကလေးနှစ်ဦး ကိုယ်တိုင် ဝယ်ယူစိုက်ပျိုးထားခြင်း မဖြစ်နိုင်ပေ။

အကြောင်းမူကား ဝိညာဉ်ကျောက်တုံးအားလုံးမှာ ယင်း၏လက်ထဲတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုမိန်းကလေးငယ်နှစ်ဦး၏ လက်ဝယ်တွင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရှိမနေပေရာ ဤသည်မှာ ဒုန်ဖန်းရှန့်မင်က ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကို ကူညီ စောင့်ရှောက်ပေးထားခြင်း ဖြစ်တန်ရာသည်။

ထိုမိန်းကလေးငယ်နှစ်ဦးသည် ချင်ယွမ်ဖုန်း တစ်ဖန်ပြန်၍ ထွက်ခွာသွားမည်ကို စိုးရိမ်နေကြသည့်အလား တစ်ယောက်လျှင် လက်တစ်ဖက်စီ ဆွဲကိုင်ထားကြသည်။

တစ်ဖက်တွင်လည်း ဝမ်ချိုင်က ချင်ယွမ်ဖုန်း၏ ခြေရင်း၌ ပျင်းရိစွာ ဝပ်စင်းနေပြီး အလွန်ပင် ကျေနပ်နှစ်သိမ့်နေဟန် ရှိပေသည်။

ချင်ယွမ်ဖုန်းက မိမိအနေဖြင့် သေဘေးမှ မည်သို့မည်ပုံ လွတ်မြောက်ခဲ့ရကြောင်းနှင့် ဤနေရာသို့ အဘယ်ကြောင့် ချက်ချင်း ပြန်မလာနိုင်ခဲ့ကြောင်းတို့ကို ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့အား စတင်ပြောပြလေသည်။

၎င်းသည် ညဦးပိုင်းတိုင်အောင်ပင် တောက်လျှောက် ပြောဆိုနေခဲ့သော်လည်း စကားက မပြတ်နိုင်သေးချေ။

ထိုအခါမှ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ထမင်းဟင်း ချက်ပြုတ်ရန် အလောတကြီး သွားကြတော့သည်။ ဆီဦးထမင်းသင်းနှင့် မြိန်ဖွယ်ရာ ဟင်းလျာများသည် ထိုမိန်းကလေးငယ်နှစ်ဦး၏ လှိုက်လှဲလှသော စေတနာကို ဖော်ညွှန်းနေပေသည်။

ချင်ယွမ်ဖုန်းသည် ယင်းတို့ ချက်ပြုတ်ထားသော လက်ရာကို မစားရသည်မှာ ကြာမြင့်လှပြီဖြစ်ရာ အငမ်းမရ မြိန်ယှက်စွာ စားသောက်တော့သည်။

ထမင်းစားပြီးနောက်တွင်လည်း ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ချင်ယွမ်ဖုန်း၏ အနားတွင်သာ ကပ်တွယ်နေပြီး လက်လွှတ်မခံကြချေ။

ချင်ယွမ်ဖုန်းသည် ချန်ဒါချောင်၊ ချန်ရှောင်ချောင်တို့နှင့် သိကျွမ်းခဲ့သည်မှာ လအနည်းငယ်မျှသာ ရှိသေးသော်လည်း ယင်းတို့သုံးဦး၏ သံယောဇဉ်မှာ မိသားစုအရင်းအချာကဲ့သို့ နက်ရှိုင်းလှသည်ကို ကောင်းစွာ နားလည်ထားသည်။

ယခုအခါ ချင်ယွမ်ဖုန်း ‘သေရာမှ ပြန်ရှင်လာ’ ခဲ့ပြီ ဖြစ်သဖြင့် ယင်းတို့၏ ရင်ထဲ၌ ဟာတာတာဖြစ်နေမှုများ ချက်ချင်း ပြည့်စုံသွားရပေရာ ဤသည်မှာ ထိုမိန်းကလေးငယ်နှစ်ဦးအတွက် အဖိုးအတန်ဆုံးသော အရာပင် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းမှာလည်း အခြားရွေးချယ်စရာ မရှိတော့ဘဲ ဝဲယာဝန်းရံလျက် တွယ်ကပ်နေသော ဆွဲသီးလေးနှစ်ခုနှင့်အတူ ဤကဲ့သို့ပင် ညတာကို ကုန်လွန်စေခဲ့ရသည်။

ယင်း ပြန်လည်ရောက်ရှိလာခြင်းကို မည်သူမျှ သတိမပြုမိကြပေရာ ဆေးနတ်ဘုရားဂိုဏ်းအနေဖြင့် ချင်ယွမ်ဖုန်း ပြန်ရောက်နေသည်ကို မသိရှိကြသေးချေ။ သို့သော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် ဂိုဏ်းသို့ ပြန်သွားရမည်သာ ဖြစ်သည်။

နောက်တစ်နေ့ နံနက်ခင်းတွင် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် လန့်နိုးလာကြပြီး မိမိတို့အနားရှိ ချင်ယွမ်ဖုန်းကို လှမ်းကြည့်လိုက်ကြပြီးမှ စိတ်အေးသွားကြတော့သည်။

"ဘာလဲ... ဒါတွေအားလုံးက အိပ်မက်တစ်ခု ဖြစ်နေမှာကို ကြောက်နေကြတာလား" ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်သည်။

ချန်ရှောင်ချောင်က ခေါင်းညိတ်ရင်း ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ "မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ဖုန်းအစ်ကို တစ်ခါ ထပ်ပျောက်သွားမှာကို ကြောက်လို့ပါ" ဟု ဆိုရှာသည်။

"စိတ်မပူပါနဲ့၊ အဲလိုမျိုး ဘယ်တော့မှ မဖြစ်စေရဘူး၊ ဒါနဲ့ မင်းတို့ အခုတလော ကျင့်စဉ်တွေကို သေချာ ကြိုးစားကျင့်နေကြရဲ့လား၊ ငါ့ကို တစ်ခေါက်လောက် ထုတ်ပြကြစမ်းပါဦး"

ချင်ယွမ်ဖုန်းက ပြုံး၍ မေးမြန်းလိုက်သည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ပြုံးရွှင်စွာဖြင့် ထရပ်လိုက်ကြပြီး ချင်ယွမ်ဖုန်း ပေးအပ်ထားခဲ့သော ဓားများကို ထုတ်ယူကာ ချင်ယွမ်ဖုန်း၏ အရှေ့တွင် စတင်၍ သိုင်းကွက်ဖော် ကျင့်ကြံပြကြလေသည်။

ယင်းတို့နှစ်ဦးသည် အမြွှာညီအစ်မများ ဖြစ်ကြသဖြင့် စိတ်ချင်း တထပ်တည်းကျနေပြီး ၎င်းတို့ ပူးပေါင်းတိုက်ခိုက်မှု စွမ်းရည်မှာ အလွန်ပင် ကြီးမားလှပေသည်။

နှင်းပိုးနဂါး ပညာရပ်သည် ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ပိတ်ဆို့ကန့်သတ်နိုင်သော ပညာရပ်တစ်ခု ဖြစ်ပေသည်။

ထိုမိန်းကလေးနှစ်ဦးသည် ပဉ္စမအဆင့် သိုင်းပညာရှင် အဆင့်မျှသာ ရှိကြသေးသော်လည်း ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ရှိသော သိုင်းပညာရှင်များကိုပင် ကောင်းစွာ ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်း ရှိကြချေသည်။

"ကောင်းတယ်... မင်းတို့တွေ သတိမပေါ့လျော့ဘဲ ကြိုးစားထားကြတာပဲ" ချင်ယွမ်ဖုန်းက သဘောကျစွာ ရယ်မောလိုက်ပြီး "ငါ ခဏနေရင် ဆေးနတ်ဘုရားဂိုဏ်းကို သွားရမယ်၊ ငါ ပြန်ရောက်နေပြီဆိုတာ သူတို့ကို အသိပေးရမှာပဲလေ" ဟု ဆိုသည်။

"ကောင်းပါပြီ ဖုန်းအစ်ကို၊ ညီမတို့လည်း အတူတူ လိုက်ခဲ့ပါ့မယ်" ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့က ပြုံးရွှင်စွာ ပြောကြသည်။

ထိုမိန်းကလေးငယ်နှစ်ဦးသည် ခန္ဓာကိုယ်လှုပ်ရှားမှု ကျင့်စဉ်ကို အနည်းငယ် မျှဝေလုပ်ဆောင်ပြီးနောက် နံနက်စာ ပြင်ဆင်ရန် ထွက်ပြေးသွားကြပေရာ ချင်ယွမ်ဖုန်းသည် အိမ်နောက်ဖက်ရှိ ရေကန်ကြီးထဲသို့ ခေါင်းစိုက်ကာ ခုန်ဆင်းလိုက်တော့သည်။

ယင်းရေကန်ထဲတွင် ရေကူးမကစားရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ယခုအချိန်သည် ဆောင်းရာသီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းသည် အအေးဒဏ်ကို အနည်းငယ်မျှ ခံစားရခြင်း မရှိပေ။

"ရှောင်လင်... ငါ့ရဲ့ အရည်အချင်းပြကွက်ကို ထုတ်ပြီး ပြစမ်းပါဦး" ချင်ယွမ်ဖုန်းက တိုးညင်းစွာ ပြောလိုက်သည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ အရည်အချင်းပြကွက်ကို ချပြလိုက်လေသည်။

သခင်- ချင်ယွမ်ဖုန်း

အသက် - ၁၈ နှစ်

ကျင့်စဉ်အဆင့် - အဋ္ဌမအဆင့် မဟာဆရာနယ်ပယ်၊ စတုတ္ထအဆင့် ဆေးဖော်စပ်သူ၊ ပဉ္စမအဆင့် အဆောင်လက်ဖွဲ့ ဖန်တီးသူ

သိုင်းပညာရပ်များ - ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ သားရဲမီးလျှံ၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ လင်းနို့အသွင်ပြောင်းလဲခြင်း ပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင် ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်၊ ဗုဒ္ဓဂါထာတော် လက်ဝါးကြီး

ကျင့်စဉ် - စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်

ယုံကြည်မှုတန်ဖိုး - ၇၀,၆၂၅,၆၈၉

မိမိထံတွင် ယုံကြည်မှုတန်ဖိုးများစွာ ကျန်ရှိနေသေးသည်ကို မြင်ရသဖြင့် ချင်ယွမ်ဖုန်းသည် အလွန်ပင် ကျေနပ်အားရသွားသည်။

အကြောင်းမူကား ၎င်းသည် နတ်သက်ကြွေဆေးလုံး တစ်လုံးနှင့် လဲလှယ်၍ ကျိုးထုံကို ကယ်တင်ရန်အတွက် ယုံကြည်မှုတန်ဖိုး ငါးသန်းခန့် အသုံးပြုခဲ့ရခြင်းကြောင့် ဖြစ်သည်။

ထိုအခြင်းအရာကို တွေးတောမိရင်း ချင်ယွမ်ဖုန်းသည် ခေါင်းလှည့်၍ ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။

နတ်သက်ကြွေဆေးမြက်သည် တိတ်ဆိတ်စွာ ရှင်သန်ကြီးထွားနေပြီး ဆွဲဆောင်မှုရှိသော အလင်းရောင်တောက်ပလျက် ရှိနေပေသည်။

"မတွေ့ရတာ ကြာပြီနော်" ချင်ယွမ်ဖုန်းက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

သို့သော်လည်း နတ်သက်ကြွေဆေးမြက်တွင်သာ စိတ်ဝိညာဉ် အသိဉာဏ် ရှိနေခဲ့လျှင် ချင်ယွမ်ဖုန်းကို လုံးဝ မြင်တွေ့လိုမည် မဟုတ်ပေ။

အကြောင်းမူကား ချင်ယွမ်ဖုန်း ပြန်လာတိုင်း ယင်း၏ အရွက်သုံးရွက်ကို အမြဲတစေ ဆွတ်ခူးသွားတတ်သဖြင့် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသောကြောင့် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ရေကန်ထဲသို့ ငုပ်လျှိုးကာ ရေအောက်ခြေအထိ ကူးခတ်သွားပြီးနောက် မြူကင်းကြာပန်း၏ မျိုးစေ့များကို ထုတ်ယူလျက် ကန်အောက်ခြေတွင် စိုက်ပျိုးကာ သဘာဝ နတ်စမ်းရေဖြင့် လောင်းပေးလိုက်သည်။

ထိုအခါ မြူကင်းကြာပန်းသည် ချက်ချင်းပင် အပင်ပေါက်လာပြီး အမြစ်နှစ်ခုသည် အထက်သို့ ဖြောင့်မတ်စွာ ဆန့်တန်းထွက်လာတော့သည်။

မြူကင်းကြာပန်း၏ အသီးကို ရှောင်ဟေးက စားသုံးခဲ့ပြီး ဖြစ်ရာ မျိုးစေ့များသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုမျိုးစေ့များ၏ ရှင်သန်ကြီးထွားနှုန်း မြန်ဆန်ပုံကိုမူ ချင်ယွမ်ဖုန်းအနေဖြင့် အတော်ပင် ကျေနပ်မိပေသည်။

ရေပြင်ပေါ်သို့ ပြန်လည်ကူးခတ် တက်လာချိန်တွင် မြူကင်းကြာပန်းသည် ရေပြင်ပေါ်၌ ကြာဖက်တစ်ရွက် ဝေဆာနေပြီ ဖြစ်ကြောင်း မြင်တွေ့ရပြီး တစ်ချိန်တည်းမှာပင် အခြားသော ရိုးတံတစ်ခု၌ အဖူးတစ်ခုလည်း ထွက်ပေါ်နေပြီ ဖြစ်သည်။

နေသာထိုင်သာရှိလှသော ရေချိုးခြင်းကို ခံစားပြီးနောက် ချင်ယွမ်ဖုန်းသည် ရေကန်ထဲမှ ကုန်းပေါ်သို့ တက်ခဲ့သည်။ ယင်း၏ ကိုယ်တွင်းရှိ သားရဲမီးလျှံသည် ခန္ဓာကိုယ်မျက်နှာပြင်ပေါ်သို့ ရုတ်တရက် ပေါ်ထွက်လာပြီး ရေစိုနေမှုများကို ချက်ချင်းပင် ခြောက်သွေ့သွားစေသည်။

အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက် ချင်ယွမ်ဖုန်းသည် နတ်သက်ကြွေဆေးမြက်ရှိရာသို့ လျှောက်လှမ်းသွားပြီး ထုံးစံအတိုင်းပင် အရွက်သုံးရွက်ကို ဆွတ်ခူးလိုက်သည်။

တစ်ဆက်တည်းမှာပင် ၎င်းသည် ကောင်းကင်ဘုံသန့်စင်သီးကို ထုတ်ယူ၍ မြေပြင်တွင် စိုက်ပျိုးလိုက်ပေတော့သည်။

All Chapters