အခန်း (၃၆၅-၃၆၆)
Vol. 19 Ch. 365-366
အခန်း(၃၆၅)
အိုင်ဖေးသည် လူအုပ်ကြီးကို တိုးဝှေ့ကာ အဓိကခန်းမထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့သည်။
“စီနီယာအကို”
ချင်ယွမ်ဖုန်းသည် လှည့်ကြည့်လိုက်ရာ အိုင်ဖေးကို တွေ့ရသဖြင့် ညီအစ်ကိုနှစ်ဦး ဖက်လဲတကင်း ရှိကြလေသည်။
“စီနီယာအကို... အကို အဆင်ပြေပြေ ရှိနေမယ်ဆိုတာ ကျွန်တော် သိနေတာပေါ့။ အကို့ဆီက သတင်းစကားတွေ ရနေပေမယ့် အကို ဘာလို့ ပြန်မလာသေးတာလဲလို့ တွေးပြီး စိတ်ပူနေခဲ့တာ” အိုင်ဖေးက ပြုံးရွှင်သော မျက်နှာဘေးဖြင့် စိတ်လှုပ်ရှားစွာ ပြောရှာသည်။
ချင်ယွမ်ဖုန်းသည် အိုင်ဖေးကို တင်းကျပ်စွာ ဖက်ထားမိ၏။ အိုင်ဖေးသည် ချင်ယွမ်ဖုန်း၏ သတင်းအစအနကို ကြာမြင့်စွာ လိုက်လံရှာဖွေခဲ့သည်ဖြစ်ရာ ယင်းကပင် ထိုနှစ်ဦးကြားရှိ နက်ရှိုင်းလှသော ညီအစ်ကို သံယောဇဉ်ကို ဖော်ပြနေပေသည်။
ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်းကို အဓိကခန်းမအပြင်ဘက်သို့ ခေါ်ဆောင်လာပြီး သတင်းကြား၍ အလောတကြီး ရောက်ရှိလာကြသော အကြီးအကဲများနှင့် တပည့်များကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အားလုံးပဲ နားထောင်ကြ၊ ချင်ယွမ်ဖုန်းဟာ နတ်ဘုရားသောင်းချီနယ်မြေကနေ လွတ်မြောက်လာပြီး တို့ရဲ့ ဆေးနတ်ဘုရားဂိုဏ်းကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပြီဖြစ်တယ်”
ချင်ယွမ်ဖုန်းသည် တကယ်ပင် သက်ရှိထင်ရှား ပြန်ရောက်လာသည်ဟူသော သတင်းကြောင့် လူအုပ်ကြီးသည် ဝမ်းသာအားရ စိတ်လှုပ်ရှားစွာ ကြွေးကြော်ကြလေသည်။
ထိုသို့ ဝမ်းသာအားရ အော်ဟစ်နေကြသော လူအုပ်ကြီးကို ကြည့်ရင်း ချင်ယွမ်ဖုန်းသည် ကမ္ဘာခြားတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
အကြောင်းမူကား လွန်ခဲ့သော အတိတ်ကာလကမူ သူ၏ စိတ်အာရုံထဲတွင် လှောင်ပြောင်သရော်သံများနှင့် စော်ကားပုတ်ခတ်သံများသာ ပြည့်နှက်နေခဲ့ဖူးသောကြောင့် ဖြစ်ချေသည်။
ခဏအကြာတွင် ဒုန်ဖန်းရှန့်မင်သည် လူအုပ်ကို လူစုခွဲပေးလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာသည့် သတင်းကို ပျံ့နှံ့စေခဲ့သည်။
ချင်ယွမ်ဖုန်းအတွက် နာရေးအခမ်းအနား ကျင်းပပေးခဲ့မိသည့် ကြီးမားသော နားလည်မှုလွဲမှားခြင်းကို ရှင်းလင်းရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
ထိုအချိန်တွင် ယွင်ယဲ့ယဲ့သည် အိုင်ဖေး၏ ဘေးနားသို့ ရောက်ရှိလာပြီး ရှက်သွေးဖြန်းနေသော မျက်နှာဘေးဖြင့် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သည်။
အစ်ကိုကြီးသည် အဖေကဲ့သို့ပင်ဟူသော စကား ရှိချေသည်။ အိုင်ဖေးသည် ဤနေရာသို့ တစ်ကိုယ်တည်း ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ ချင်ယွမ်ဖုန်းကို သူ၏ အစ်ကိုအရင်းကဲ့သို့ အားကိုးတကြီး သဘောထားခဲ့ပြီး ချင်ယွမ်ဖုန်းကလည်း အိုင်ဖေးကို အလွန် ဂရုစိုက် စောင့်ရှောက်ခဲ့သည်။
အထူးသဖြင့် နတ်ဘုရားသောင်းချီနယ်မြေအတွင်း၌ ချင်ယွမ်ဖုန်းသည် ထိုပါရမီရှင် အနည်းငယ်အတွက်ကြောင့်နှင့် တကယ်ပင် နောက်ချန်နေခဲ့ခြင်းဖြစ်ရာ သူတစ်ပါးတို့ ချီးမွမ်းကြသကဲ့သို့ အံ့ဩဖွယ်ရာ ကိစ္စရပ်တစ်ခုတော့ မဟုတ်တန်ရာပေ။
“မင်းတို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ” ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်သည်။
အိုင်ဖေးသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး “စီနီယာအကို... ကျွန်တော်နဲ့ ယဲ့ယဲ့တို့ လက်တွဲသွားကြပြီ” ဟု ဆိုသည်။
“ဂုဏ်ယူပါတယ်ကွာ” ချင်ယွမ်ဖုန်းက အကျယ်ကြီး ရယ်မောလိုက်၏။
ရှန်းဝူ စကြဝဠာ တိုက်ကြီးတွင် ယောကျ်ားလေးတစ်ဦးသည် အသက် ဆယ့်လေးနှစ် အရွယ်သို့ ရောက်ရှိလျှင် အရွယ်ရောက်ပြီးသူအဖြစ် သတ်မှတ်ချေသည်။
သိုင်းပညာရှင်များသည် မိမိကိုယ်ကိုယ် ကျင့်ကြံအားထုတ်ကြသူများ ဖြစ်သောကြောင့် အသက် ဆယ့်လေးနှစ် အရွယ်သည် အရွယ်ရောက်ပြီးသော လူကြီးတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ရာ အရွယ်ရောက်ပြီးနောက် အဖော်အဖက် ရှာဖွေကြခြင်းမှာ ထူးဆန်းသော ကိစ္စရပ် မဟုတ်ပေ။
ယွင်ယဲ့ယဲ့သည် အိုင်ဖေးထက် သုံးနှစ်မျှ ပို၍ အသက်ကြီးသော်လည်း အလွန် လိုက်ဖက်ညီလှပေသည်။
“ကိုယ့်ထက် သုံးနှစ်ကြီးတဲ့ မိန်းမကို ရတာ ကံကောင်းခြင်းတစ်မျိုးပဲကွ။ မင်းရဲ့ စီနီယာအကိုတစ်ယောက်အနေနဲ့ ငါ့မှာ အခြားလက်ဆောင်မရှိလို့ ဒါကိုပဲ ပေးလိုက်မယ်”
ချင်ယွမ်ဖုန်းက ပြောပြောဆိုဆိုဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ ရွှေရောင်တံဆိပ်တော် တစ်စုံကို ထုတ်ပေးလိုက်သည်။
ထိုရွှေရောင်တံဆိပ်တော်နှစ်ခုသည် ဗျူရိုအတွင်းရှိ ကိုးဆယ့်ကိုးခုသော ရတနာများထဲမှ နှစ်ခုဖြစ်ပြီး စတုတ္ထအဆင့် ရတနာလက်နက်များ ဖြစ်ကြကာ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ပြီး အသုံးဝင်ပုံမှာ အနန္တ ဖြစ်ချေသည်။
တစ်ပြိုင်နက်တည်းမှာပင် ထိုရွှေရောင်တံဆိပ်တော်နှစ်ခု၌ အလွန် စိတ်ဝင်စားဖွယ်ကောင်းသော စွမ်းရည်တစ်ခု ရှိနေသည်။
အကယ်၍ ရွှေရောင်တံဆိပ်တော် တစ်ခုအား ကိုယ်တွင်းစွမ်းအင် အဆက်မပြတ် ထည့်သွင်းပေးထားလျှင် အခြား ရွှေရောင်တံဆိပ်တော်တစ်ခုသည် ပူနွေးလာမည် ဖြစ်သည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးသည် မည်သည့်နေရာသို့ပင် ရောက်ရှိနေပါစေ မိမိတို့၏ ခံစားချက်ကို ဖော်ပြပေးနိုင်ကြပေလိမ့်မည်။
အိုင်ဖေးနှင့် ယွင်ယဲ့ယဲ့တို့သည် ချင်ယွမ်ဖုန်းကို အလွန် ကျေးဇူးတင်သော မျက်နှာထားဖြင့် ကြည့်ကြရာ ချင်ယွမ်ဖုန်းက ကိစ္စမရှိကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုအချိန်တွင် ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်းကို အဓိကခန်းမထဲသို့ ခေါ်ယူကာ သူသည် နတ်ဘုရားသောင်းချီနယ်မြေမှ မည်သို့ မည်ပုံ လွတ်မြောက်လာခဲ့ကြောင်း အသေးစိတ် မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းသည် ဒုန်ဖန်းရှန့်မင်ကို ဖြစ်ပျက်ခဲ့သမျှကိုသာ ပြောပြခဲ့ပြီး ကျိရှန့်၏ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ထုတ်မပြောခဲ့ပေ။
ကျိရှန့်သည် တိုက်ကြီးတစ်ခုလုံးအတွက်ကြောင့်နှင့် သူ့ကိုရော သူ၏ မိခင်ကိုပါ စွန့်ပစ်သွားခဲ့ခြင်း ဖြစ်သည်ကို ချင်ယွမ်ဖုန်း နားလည်ထားသော်လည်း ဖြစ်ပေသည်။
သို့သော်လည်း မည်သည့် စကားတစ်ခွန်းမျှ မဆိုဘဲ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့သည့်အတွက် ကျိရှန့်အပေါ်တွင် စိတ်အာဃာတ ရှိနေဆဲ ဖြစ်ရာ ထိုသို့သာ မဟုတ်ပါက သူ၏ မိခင်သည် ဝမ်းနည်းပူဆွေးမှုနှင့် နာကျည်းမှုများဖြင့် ကွယ်လွန်သွားရမည် မဟုတ်ပေ။
“ကံကောင်းလိုက်တာ... နတ်ဘုရားသောင်းချီနယ်မြေထဲမှာ ဒီလိုမျိုး ကမ္ဘာခြားတစ်ခုနဲ့ ပတ်သက်နေတဲ့ ကိစ္စမျိုး ဖြစ်ပျက်လိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး” ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ဟုတ်ပါတယ်၊ ဒီလောကကြီးဟာ ကျွန်တော်တို့ စိတ်ကူးထားတာထက် အများကြီး ပိုပြီး ရှုပ်ထွေးပါတယ်” ဟု ပြောသည်။
ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်း၏ အတွေ့အကြုံများကို ထပ်မံမေးမြန်းပြီးနောက် ချင်ယွမ်ဖုန်း၏ ပုခုံးကို စိတ်သက်သာရာရစွာ ပုတ်ရင်း “မင်း ပြန်ရောက်လာတာ ကောင်းတာပေါ့... ပြန်ရောက်လာတာ အကောင်းဆုံးပဲ” ဟု ဆိုရှာသည်။
“ဒါနဲ့ ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ ချင်မိသားစုတစ်ခုလုံး အသတ်ခံရတဲ့ ကိစ္စကို သိချင်ပါတယ်” ချင်ယွမ်ဖုန်းက ရုတ်တရက် မေးမြန်းလိုက်၏။
ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်လိုက်သည်။ ချင်ယွမ်ဖုန်းအနေဖြင့် ဤမေးခွန်းကို မုချ မေးမြန်းလိမ့်မည်ဆိုသည်ကို သူ ကြိုတင်သိရှိထားပြီး ဖြစ်ပေသည်။
“ဒီကိစ္စဟာ မင်း သေဆုံးသွားပြီဆိုတဲ့ သတင်း ပျံ့နှံ့သွားပြီး တို့ရဲ့ ဆေးနတ်ဘုရားဂိုဏ်းက မင်းအတွက် နာရေးအခမ်းအနား ကျင်းပပေးပြီးတဲ့နောက်မှာ ချက်ချင်း ဖြစ်ပွားခဲ့တာပါ” ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ရှင်းပြသည်။
ချင်ယွမ်ဖုန်းသည် မျက်ခုံးပင့်လိုက်မိပြီး “ဒါဟာ တကယ်ပဲ ရှာမိသားစုက လုပ်ခဲ့တာလား။ သူတို့မှာ တကယ်ပဲ အဲ့ဒီလောက် အင်အား ရှိနေလို့လား” ဟု မေးသည်။
ချင်မင်ကျိသည် လွန်ခဲ့သော ကာလက ချင်ယွမ်ဖုန်းကို ပြောပြခဲ့ဖူးသည်မှာ ရှာမိသားစုသည် သူတို့၏ အင်အားကို ဖုံးကွယ်ထားပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်ဟု ဆိုခဲ့ရာ ယခုကြည့်ရသည်မှာ ရှာမိသားစုသည် ဤအချိန်အခါမျိုးကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်တန်ရာသည်။
“ငါတို့တွေ စုံစမ်းစစ်ဆေးချက်အရ ရှာမိသားစုဟာ ချင်မိသားစုနဲ့ ရှန်မိသားစု နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်နိုင်ခဲ့တာကို ကြည့်ရင် အလွန် အစွမ်းထက်တဲ့ အင်အား ရှိနေကြောင်း ပြသနေတာပဲ။ ဒါဟာ ထိပ်တန်း အင်အားစုအချို့နဲ့တောင် နှိုင်းယှဉ်နိုင်တဲ့ အခြေအနေမျိုးပဲ” ဒုန်ဖန်းရှန့်မင်က အေးဆေးစွာ ဆိုသည်။
“ဒါပေမယ့်...” ချင်ယွမ်ဖုန်းသည် ရှာမိသားစုက မည်သည့်အတွက်ကြောင့် ထျန်းတူး ပြည်နယ်မြို့တော်တွင် နှစ်ပေါင်းများစွာကြာအောင် အင်အားကို ပင်ပန်းကြီးစွာ ဖုံးကွယ်ထားခဲ့ပြီးမှ ထျန်းတူး ပြည်နယ်မြို့တော်ကို လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းရသနည်းဟူသည်ကို နားမလည်နိုင် ဖြစ်နေမိသည်။
ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်း စဉ်းစားနေသည်ကို သိရှိသဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ “ငါတို့တွေလည်း ဒါကို မသိရသေးဘူး။ စုံစမ်းစစ်ဆေးရတာလည်း အလွန် အခက်အခဲ တွေ့ရတယ်။ ရှာမိသားစုဟာ ချင်မိသားစုနဲ့ ရှန်မိသားစုကို ဖျက်ဆီးပြီးတဲ့နောက်မှာ သူတို့ ပြသခဲ့တဲ့ အင်အားဟာ သာမန် ဒုတိယတန်းစား အင်အားစုတစ်ခုထက် မပိုခဲ့ပြန်ဘူး” ဟု ပြောသည်။
“ဒါဟာ တကယ်ကို ထူးဆန်းတာပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုပြီးနောက် “ဂိုဏ်းချုပ်... ကျွန်တော်တို့ ချင်မိသားစုထဲကနေ လွတ်မြောက်သွားတဲ့လူတွေနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ကြားမိတာ ရှိပါသလား” ဟု မေးလိုက်ပြန်သည်။
ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်ပြလျက် “ချင်မိသားစုဝင် အချို့ လွတ်မြောက်သွားတာတော့ သေချာပါတယ်။ အရေအတွက် အများကြီး မဟုတ်ပေမယ့်ပေါ့။ ဒါပေမယ့် သူတို့အားလုံးဟာ ထျန်းတူး ပြည်နယ်မြို့တော်ကနေ ထွက်ပြေးသွားကြပြီး ဘယ်ကို ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ သူတို့တွေဟာ နာမည်လွှဲတွေနဲ့ ပုန်းအောင်းနေကြတာ ဖြစ်ရမယ်” ဟု ဆိုသည်။
“ဟုတ်ပါတယ်... ချင်မိသားစုမှာ ဂိုဏ်းခွဲတွေ အများကြီး ရှိနေတော့ အခြား အသင်းခွဲတွေဆီကို ထွက်ပြေးသွားကြတာလည်း ဖြစ်နိုင်တာပဲ”
ချင်ယွမ်ဖုန်းက သုံးသပ်လိုက်သည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းချလိုက်မိပြီး “သူတို့တွေဟာ ကျွန်တော် သေဆုံးသွားပြီဆိုတဲ့ သတင်း ထွက်လာပြီးမှ စတင် လှုပ်ရှားခဲ့ကြတာ။ ကြည့်ရတာ သူတို့ဟာ ကျွန်တော့်ကို အလွန် သတိထားနေခဲ့ကြတာပဲ။ ဒါမှမဟုတ် ဆေးနတ်ဘုရားဂိုဏ်းတစ်ခုလုံးကို ဂျောက်ချဖို့ သတိထားနေခဲ့ကြတာ ဖြစ်လိမ့်မယ်” ဟု ဆိုသည်။
ဒုန်ဖန်းရှန့်မင်ကလည်း လိုက်လျောညီထွေစွာ သက်ပြင်းချရင်း “ငါလည်း ဒီလို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့် ငါကိုယ်တိုင် ရှာမိသားစုဆီကို သွားခဲ့သေးတယ်။ သူတို့ဟာ ရှာမိသားစုရဲ့ အကြီးအကဲ အချို့နဲ့ တပည့် တစ်ဒါဇင်ကျော်ကို ငါ့ရှေ့မှာတင် အဆုံးစီရင် ခိုင်းပြခဲ့ကြတယ်” ဟု ပြောသည်။
“ဒါဆိုရင် သူတို့တွေ တစ်ခုခုကို ဖုံးကွယ်ထားတာ သေချာပြီပေါ့” ချင်ယွမ်ဖုန်းက လေးနက်စွာ ဆိုသည်။
“အခု မင်း ပြန်ရောက်လာပြီဆိုတော့ ကိုယ်တိုင် သွားရောက် စုံစမ်းစစ်ဆေးကြည့်ပါဦး။ ဆေးနတ်ဘုရားဂိုဏ်းကတော့ မင်းကို စိတ်ရောကိုယ်ပါ အပြည့်အဝ ပံ့ပိုးကူညီပေးမှာပါ”
ဒုန်ဖန်းရှန့်မင်က ပြောကြားလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “ကျွန်တော့်ရဲ့ ချင်မိသားစုအတွက် တရားမျှတမှုကို ကာကွယ်စောင့်ရှောက်ပေးတဲ့အတွက် ဂိုဏ်းချုပ်ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်” ဟု ဆိုသည်။
“မင်းဟာ ငါတို့ ဆေးနတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ အကယ်၍ လူတိုင်းက ဆေးနတ်ဘုရားဂိုဏ်း တပည့်ရဲ့ မိသားစုဝင်တွေကို လက်ရဲဇက်ရဲ လုပ်ပိုင်ခွင့် ရှိနေမယ်ဆိုရင် တို့ရဲ့ ဆေးနတ်ဘုရားဂိုဏ်းဟာ လှောင်ပြောင်စရာကြီး ဖြစ်မသွားပေဘူးလား” ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ဆိုသည်။
“သွားပြီးတော့သာ လုပ်ဆောင်ပါ။ ဒီတစ်ကြိမ်မှာတော့ ဆေးနတ်ဘုရားဂိုဏ်းဟာ မင်းရဲ့ နောက်ကွယ်မှာ အခိုင်အမာ ရပ်တည်ပေးနေမှာပါ”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” ချင်ယွမ်ဖုန်းသည် ရိုသေစွာ ညွတ်တွဲ အရိုအသေပြုပြီးနောက် ချန်ဒါချောင်၊ ချန်ရှောင်ချောင်တို့နှင့်အတူ ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာခဲ့လေသည်။
သူသည် ချင်မိသားစုအပေါ်တွင် နက်ရှိုင်းလှသော သံယောဇဉ် မရှိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ သူသည် ချင်မိသားစုဝင် တစ်ဦးသာ ဖြစ်ပေသည်။ မိသားစု ခံစားခဲ့ရသော အရှက်ရမှုများသည် ချင်ယွမ်ဖုန်း၏ နှလုံးသားထဲတွင် တောက်လောင်နေသော မီးလျှံကဲ့သို့ ပြင်းပြလာစေခဲ့သည်။
ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ချင်ယွမ်ဖုန်း မည်သည်ကို လုပ်ဆောင်တော့မည်ကို သိရှိကြသဖြင့် လမ်းခရီးတစ်လျှောက်တွင် သူ့ကို တားဆီးဖျောင်းဖျခြင်း မပြုခဲ့ကြပေ။
ဝမ်ချိုင်၏ လျင်မြန်လှသော အရှိန်အဟုန်ကြောင့် သူတို့သည် နှစ်ရက်အတွင်းမှာပင် ထျန်းတူး ပြည်နယ်မြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ချင်ယွမ်ဖုန်းသည် မည်သူ့ကိုမျှ သတိမမူမိစေဘဲ တိတ်တဆိတ်သာ ပြန်လည်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပေသည်။
ရှာမိသားစုအနေဖြင့် သူတို့ အမြဲတစေ သတိကြီးစွာ ထားခဲ့ရသော ချင်ယွမ်ဖုန်းသည် တကယ်ပင် ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်းကို အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ချေ။
အခန်း (၃၆၆)ဦးလေးဖု ကွယ်လွန်ရှာပြီ
ထိုစဉ်က ထျန်းတူး ပြည်နယ်မြို့တော်တွင် ရှာမိသားစုသည် သြဇာအာဏာ အကြီးမားဆုံး မိသားစု ဖြစ်နေချေပြီ။
မူလက ရှိခဲ့သော ဓနအင်အားကြီး မိသားစု သုံးစုအနက် ယခုအခါ ဤရှာမိသားစု တစ်စုတည်းသာ ကျန်ရစ်တော့သည်။
အဓိကခန်းမဆောင်ကြီးအတွင်း၌မူ ရှာမိသားစုဝင် အပေါင်းတို့သည် သောကဗျာပါဒ ရောက်နေကြသည့် အသွင်အပြင်များ ရှိကြကုန်၏။
ယခုအချိန်၌ ဤနေရာတွင် စုဝေးရောက်ရှိနေကြသူများသည် ရှာမိသားစုအတွင်း သြဇာအာဏာ ကြီးမားလှသော အရေးပါအရာရောက်သူများ သာလျှင် ဖြစ်ကြသည်။
ရှာထိန်နှင့် ရှာယောင် သားအဖနှစ်ဦးသည် နာမည်ခံအားဖြင့်သာ ရှာမိသားစု၏ အကြီးအကဲနှင့် သခင်လေးများ ဖြစ်ကြသော်လည်း လက်တွေ့တွင်မူ ရှာမိသားစု၏ တကယ့် အာဏာစက်ဗဟိုချက်၌ အရေးမပါသော လူမမည်မျှသာ ဖြစ်ကြလေသည်။
"ဂိုဏ်းချုပ်... ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ အောင်မြင်ခဲ့တယ်ဆိုပေမဲ့ ကျွန်တော်တို့ ရှာမိသားစုဘက်ကလည်း အကျအဆုံး အသေအပျောက် အလွန်များပြားခဲ့ပါတယ်။ အင်အားတောင့်တင်းတဲ့ ပညာရှင်တွေက တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြတာ၊ ကျွန်တော်တို့ ရှာမိသားစုမှာ အပြစ်ဖို့ပြီး ဓားစာခံလုပ်ဖို့ လူတောင် မကျန်တော့ပါဘူး" ဟု အကြီးအကဲတစ်ဦးက လေးလံသော စိတ်နှလုံးဖြင့် ပြောကြားလိုက်၏။
ချင်ယွမ်ဖုန်း သေဆုံးသွားပြီးနောက် ၎င်းတို့သည် ချင်မိသားစုနှင့် ရှန်မိသားစု ဟူသော မျိုးနွယ်စုကြီးနှစ်ခုကို ချက်ချင်းပင် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ထျန်းတူးပြည်နယ်၏ ဓနအင်အားကြီး မိသားစုစာရင်းမှ ပယ်ဖျက်ပစ်ခဲ့ကြသည်။
အင်အားနည်းပါးသော အခြားမိသားစုငယ်များသည်လည်း အခြေအနေမဟန်သည်ကို မြင်သည်နှင့် ထျန်းတူးပြည်နယ်အတွင်းမှ ချက်ချင်း ရွှေ့ပြောင်းထွက်ခွာသွားကြလေတော့သည်။
ယခုအချိန်တွင် ထျန်းတူးပြည်နယ်ရှိ လူတိုင်းက ရှာမိသားစုကို အင်အားအကြီးဆုံး မိသားစုအဖြစ် သိထားကြသော်လည်း မိမိတို့ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခကိုမူ ရှာမိသားစုကိုယ်တိုင်သာလျှင် အသိဆုံး ဖြစ်ပေသည်။
ချင်မိသားစု ပျက်စီးသွားပြီးသည့်နောက်တွင် လူအများအပြားသည် တစ်သုတ်ပြီးတစ်သုတ် ရှာမိသားစုနောက်သို့ လိုက်လံရန်ရှာကြလေသည်။ ပထမဦးစွာ နတ်မိမယ်ကဲ့သို့ ကောင်းကင်ယံထက်၌ အေးစက်တည်ငြိမ်လှပြီး အလွန်အမင်း လှပသော အမျိုးသမီးတစ်ဦး ရောက်ရှိလာကာ လက်တစ်ချက်ဝေ့ယမ်းရုံမျှဖြင့် ရှာမိသားစု၏ အိမ်တော်ကြီးတစ်ခုလုံးကို မြေလှန်ပစ်ခဲ့သည်။
ရှာမိသားစုသည်လည်း အခြားရွေးချယ်စရာ မရှိတော့သဖြင့် မိမိတို့ ကိုယ်တိုင် ပြုစုပျိုးထောင်ထားသော အကြီးအကဲ အချို့ကို ထုတ်ပေးကာ အမှားဝန်ခံသည့်အနေဖြင့် သတ်ဖြတ်ပြခဲ့ရပြီးမှ ထိုနတ်မိမယ်ကို ပြန်လည်နှင်လွှတ်နိုင်ခဲ့လေသည်။
ထို့နောက်တွင်လည်း အခြားသော ဂူသင်္ချိုင်းတူးသမားတစ်ဦး ရောက်ရှိလာပြန်သည်။ ထိုသူသည် ရှာမိသားစု၏ ခေါင်းဆောင်နှင့် ထိပ်တိုက်မရင်ဆိုင်ဘဲ နာမည်ခံခေါင်းဆောင်အဖြစ် တင်မြှောက်ထားသော ရှာမိသားစု၏ ခေါင်းဆောင်ကိုသာ လျှို့ဝှက်လုပ်ကြံ သတ်ဖြတ်သွားခဲ့သည်။
ထို့ပြင် ရွှမ်လေတောင်တန်းဟု ခေါ်တွင်သော ဂိုဏ်းတစ်ခုလည်း ရောက်ရှိလာသေး၏။ ချန်ဖန်း ဟု အမည်ရသော လူတစ်ယောက်သည် ရှာမိသားစုကို တစ်စစီဖြစ်အောင် ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သဖြင့် ဓားစာခံအချို့ကို ရှာဖွေပေးအပ်ကာ မောင်းထုတ်ခဲ့ရပြန်သည်။
နောက်ဆုံးတွင်မူ ဆေးနတ်ဘုရားဂိုဏ်း ရောက်ရှိလာခဲ့သည်။ ဒေသတွင်း အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတိုင်း ဆေးနတ်ဘုရားဂိုဏ်းကိုမူ ထိုမျှဖြင့် လှည့်စားရန် မလွယ်ကူခဲ့ချေ။
ရှာမိသားစုသည် မိမိတို့ အားကိုးရသော ပါရမီရှင် အများအပြားကို မချိတင်ကဲ သတ်ဖြတ်ပစ်ခဲ့ရပြီးမှသာ ဆေးနတ်ဘုရားဂိုဏ်းကို ပြန်လည်ထွက်ခွာခွင့် ရစေခဲ့သည်။
သို့သော်လည်း ဤတိုက်ခိုက်မှုများကြောင့် ရှာမိသားစု၏ အင်အားသည် အလွန်အမင်း ဆုတ်ယုတ်သွားခဲ့ရချေပြီ။
အပေါ်ယံအားဖြင့် ကြည့်လျှင် အကြီးအကဲများနှင့် ဂိုဏ်းချုပ်တို့အားလုံး သေကျေပျက်စီးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ကြုံတွေ့ခဲ့ရပြီး ရှာမိသားစုတစ်ခုလုံးသည်လည်း မည်သည့်နေ့ရက်တွင် မည်သူက တံခါးလာခေါက်ဦးမည်နည်းဟု ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် နေ့ရက်များကို ဖြတ်သန်းနေကြရသည်။
အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ရှာမိသားစုသည် မိမိတို့၏ တကယ့်အင်အားအစစ်အမှန်ကို လျှို့ဝှက်ထားရန် လိုအပ်သဖြင့် အပေါ်ယံတွင် အကြီးအကဲများနှင့် မိသားစုခေါင်းဆောင်တစ်ဦးကို ပြုစုပျိုးထောင်ပြထားခြင်း ဖြစ်ပြီး တကယ့်အင်အားအစစ်အမှန်မှာမူ ကန့်လန့်ကာနောက်ကွယ်၌သာ ရှိနေဆဲဖြစ်သည်။
"ဟင်း... ငါတို့ ရှာမိသားစုကို အထင်မသေးကြစမ်းနဲ့။ တကယ်လို့ ငါတို့ကို အကျပ်ကိုင်လွန်းရင် ငါတို့ရဲ့ အင်အားအစစ်အမှန်တွေကို အကုန်ချပြလိုက်ရုံပဲ ရှိတာပေါ့"
ရှာမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်သည် အရပ်အမောင်း မြင့်မားကာ ကြည့်ရုံမျှဖြင့် ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပေသည်။
"ဒါနဲ့ ဂိုဏ်းချုပ်... အဲ့ပုဂ္ဂိုလ်က ဘာပြောလဲ" ဟု အခြားအကြီးအကဲတစ်ဦးက ရုတ်တရက် မေးမြန်းလိုက်သည်။
"အဲ့ပုဂ္ဂိုလ်ကတော့... လောလောဆယ် ကျွန်တော်တို့ကို အချိန်အနည်းငယ်လောက် စိတ်ရှည်ရှည်နဲ့ သည်းခံထားဖို့ ပြောတယ်" ဟု ရှာမိသားစုခေါင်းဆောင်က တည်ငြိမ်စွာ ဆိုလေသည်။
"ကျွန်တော်တို့ သည်းခံလာခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ။ အခုလည်း ရှာမိသားစုက ဒီလိုအခြေအနေမျိုးနဲ့ ထပ်ကြုံနေရပြန်ပြီ။ ကျွန်တော်တို့က သည်းခံနေရဦးမှာလား။ အဲဒီလူတွေ အားလုံးက ချင်ယွမ်ဖုန်း တစ်ယောက်တည်းအတွက်နဲ့ ရူးသွပ်နေကြတာလား" ဟု ရှာမိသားစု အကြီးအကဲတစ်ဦးက အလွန်မကျေမနပ် ဖြစ်လျက် ပြောဆိုသည်။
"ဒါကတော့ တတ်နိုင်ဘူးလေ။ ငါတို့က ချင်ယွမ်ဖုန်းဟာ အဟန့်အတားတစ်ခု ဖြစ်လိမ့်မယ်လို့ပဲ ထင်ခဲ့တာ။ သူက ဒီလောက်အထိ ရိုက်ခတ်မှုအကြီးကြီး ဖြစ်စေလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး။ ဂိုဏ်းအများအပြားက သူ့ရဲ့ ကျေးဇူးတွေကို ခံထားရတာကိုး" ဟု အခြားရှာမိသားစု အကြီးအကဲတစ်ဦးက ဖြည့်စွက်ပြောကြားသည်။
"ကဲ... တော်ကြတော့" ရှာမိသားစုခေါင်းဆောင်က တည်ငြိမ်အေးဆေးစွာဖြင့် "နောက်ထပ် အချိန်အနည်းငယ်လောက်ပဲ စိတ်ရှည်သည်းခံကြရအောင်။ ငါတို့ ဒီအဆင့်အထိ ရောက်လာခဲ့ပြီပဲ၊ နောက်ထပ် စိုးရိမ်စရာ အချိန်အနည်းငယ်ကို မသည်းခံနိုင်စရာ ဘာရှိလဲ။ ကြီးကျယ်တဲ့ အစီအစဉ်တွေဆိုတာ အမြဲတမ်း စိတ်ရှည်သည်းခံဖို့ လိုအပ်တယ်။ နောင်တစ်ချိန်မှာ ငါတို့ ရှာမိသားစုဟာ လုယွဲ့အင်ပါယာရဲ့ နံပါတ်တစ် မိသားစု ဖြစ်လာမှာပါ"
လူအပေါင်းတို့သည် တိတ်ဆိတ်သွားကြပြီး ပိုမိုကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုကို ဖုံးကွယ်ထားကြသည့်အလား ရှိနေကြကုန်၏။
ချင်ယွမ်ဖုန်းသည် ဤအခြင်းအရာများကို မသိရှိရှာပေ။
သူသည် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကို ခေါ်ဆောင်ကာ ချင်မိသားစု၏ မြေနေရာဟောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ထိုနေရာတွင် ရှာမိသားစုပိုင်ဆိုင်သော စားသောက်ဆိုင်နှင့် တည်းခိုခန်းတစ်ခုကို တည်ဆောက်ထားသည်ကို တွေ့မြင်ရသည်။
ထိုစားသောက်ဆိုင်နှင့် တည်းခိုခန်းမှာ ခမ်းနားထည်ဝါပြီး အဆင့်မြင့်လှသည့်အတိုင်း ချမ်းသာကြွယ်ဝသူများနှင့် အာဏာရှိသူများသာ အမြဲမပြတ် လာရောက်ကြသည့် နေရာဖြစ်ကြောင်း ထင်ရှားလှပေသည်။
အဝင်ဝတွင် ဆန်းပြားတင့်တယ်သော ရထားလုံးများ ရပ်တန့်ထားကြပြီး ရထားလုံးမောင်းသူများပင်လျှင် မြင့်မားသောအဆင့်အတန်း ရှိပုံရကြသည်။
"ဖုန်းအစ်ကို... ကျွန်မတို့ အတွင်းထဲကို ဝင်ကြမလား" ဟု ချန်ဒါချောင်က ထိုစဉ် မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းသည် တံခါးဝတွင် ရပ်တန့်ကာ ခေါင်းခါယမ်းလိုက်ပြီး "ငါ အခုလောလောဆယ် မဝင်သေးဘူး။ လူတစ်ယောက်ကို သွားရှာချင်သေးတယ်" ဟု ဆိုသည်။
သူသည် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကို ခေါ်ဆောင်လျက် ထျန်းတူးပြည်နယ်မြို့တော်၏ လမ်းနှစ်လမ်းကို ဖြတ်ကျော်ကာ သာမန်အိမ်တစ်အိမ်သို့ ရောက်ရှိလာပြီး တင်းကျပ်စွာ ပိတ်ထားသော တံခါးကို ခေါက်လိုက်လေသည်။
တံခါးလာဖွင့်ပေးသူမှာ လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်ပြီး အခြားသူမဟုတ်၊ ဦးလေးဖု၏ သားဖြစ်သူ လျိုတာလီ ပင် ဖြစ်ပေတော့သည်။
"မင်း..." လျိုတာလီသည် ချင်ယွမ်ဖုန်းကို မြင်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်ဟန်ဖြင့် လက်ညှိုးထိုးလျက် "သခင်လေး..." ဟု ရေရွတ်ရှာသည်။
"အစ်ကို တာလီ" ချင်ယွမ်ဖုန်းက ပြုံးပြလိုက်၏။
ထိုရင်းနှီးလှသော ခေါ်ဝေါ်သံကို ကြားရသည်နှင့် လျိုတာလီသည် ချင်ယွမ်ဖုန်းကို ဝင်းခြံအတွင်းသို့ ချက်ချင်းပင် ဆွဲခေါ်သွားပြီး "သခင်လေး... သခင်လေး မရှိတော့ဘူးလို့ ကျွန်တော် ကြားထားတာ..." ဟု ပြောသည်။
"ဒါက ပြောရရင် ဇာတ်လမ်းရှည်ကြီးပဲ၊ ဒါပေမဲ့ ကျွန်တော် လွတ်မြောက်လာခဲ့ပါတယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ကောင်းတာပေါ့... ကောင်းတာပေါ့" လျိုတာလီသည် ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ စိတ်သက်သာရာရသည့် အမူအရာဖြင့် ဆိုရှာသည်။
"ဒါနဲ့ အစ်ကိုတာလီ... ဦးလေးဖုရော ဘယ်မှာလဲဟင်" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။
လျိုတာလီက သက်ပြင်းတစ်ချက်ချကာ "အဖေက အခန်းထဲမှာ လဲလျောင်းနေရတယ်။ မင်းတို့ ချင်မိသားစု... အဲဒီအဖြစ်အပျက် ကြုံပြီးကတည်းက အဖေဟာ အိပ်ရာထဲက မထနိုင်တော့ဘူး။ အခုဆိုရင် သတိကလည်း သိပ်မကောင်းတော့ဘူး"
"ကျွန်တော့်ကို သူ့ဆီ ခေါ်သွားပေးပါဦး" ဟု ချင်ယွမ်ဖုန်းက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။
လျိုတာလီက ခေါင်းညိတ်ကာ ချင်ယွမ်ဖုန်းကို ဦးလေးဖု၏ အခန်းသို့ ခေါ်ဆောင်သွားလေသည်။
ဦးလေးဖုသည် မျက်နှာတစ်ခုလုံး ညှိုးရော်ဝါဖတ်လျက် အိပ်ရာပေါ်တွင် လဲလျောင်းနေရပြီး ၎င်း၏ လူ့သက်တမ်းသည် ကုန်ဆုံးလုနီးပါး ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။
"ဦးလေးဖု... ကျွန်တော် ပြန်လာပါပြီ" ချင်ယွမ်ဖုန်းက ညင်သာစွာ ခေါ်ယူလိုက်ရင်း ရှေ့သို့ တိုးသွားကာ ဦးလေးဖု၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ဦးလေးဖုသည် မျက်လုံးများကို မနည်းဖွင့်ကြည့်ရှာပြီး ချင်ယွမ်ဖုန်းကို မြင်လိုက်ရသည့် ခဏ၌ ၎င်း၏ မျက်ဝန်းများသည် ပြန်လည်တောက်ပလာကာ "သခင်လေး... သခင်လေး ပြန်လာပြီလား" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက ပြုံးပြလိုက်သော်လည်း မျက်ဝန်း၌ မျက်ရည်များ ဝဲတက်လာကာ "ဟုတ်ပါတယ် ဦးလေးဖု... ကျွန်တော် ဦးလေးဆီ ပြန်လာတာပါ"
ဦးလေးဖုက ရယ်မောလိုက်ရင်း "ငါ သိသားပဲ။ သခင်လေးက ကံကောင်းတဲ့သူဆိုတော့ ဒီလောက်အလွယ်တကူနဲ့ မသေနိုင်ပါဘူး၊ ဟာသတ်သတ်" ဟု ပြောရှာသည်။
ဦးလေးဖု စိတ်ခွန်အား ပြန်လည်ကောင်းမွန်လာသည်ကို မြင်ရသော်လည်း လျိုတာလီ၏ မျက်နှာတွင်မူ ဝမ်းနည်းပူဆွေးသော အရိပ်အယောင်များ ထင်ဟပ်နေပေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသေခါနီးတွင် ခေတ္တခဏ စိတ်ပြန်လည်လန်းဆန်းလာခြင်းမျှသာ ဖြစ်ကြောင်း သူ သိရှိသောကြောင့် ဖြစ်သည်။
ဦးလေးဖုသည် ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်လျက် ယခင်ကကဲ့သို့ပင် မိမိ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည့်အလား ဂရုတစိုက် မေးမြန်းရှာသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ စိတ်နှလုံးမှာမူ ပိုမို၍ နာကျင်ကြေကွဲရချေပြီ။
မိခင်ဖြစ်သူမှတစ်ပါး ဦးလေးဖုသည် သူငယ်စဉ်ကတည်းက အနီးကပ် ရှိနေခဲ့သော တစ်ဦးတည်းသော အဖော် ဖြစ်ပေသည်။
မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ချေပြီ၊ ယခုအခါတွင်မူ ဦးလေးဖုသည်လည်း သူ့ကို ထားရစ်ခဲ့ဦးတော့မည်။
"ဟူး... ငါလည်း အိုပါပြီ၊ ခဏခဏ အိပ်ချင်လာတယ်။ သခင်လေး... ငါ ခဏလောက် အိပ်လိုက်ဦးမယ်နော်" ဦးလေးဖုသည် မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် လဲလျောင်းသွားရှာသည်။
"ဦးလေးဖု..." ချင်ယွမ်ဖုန်း၏ မျက်နှာသည် မှောင်မှောင်ကျသွားကာ တိုးညှင်းစွာ ခေါ်လိုက်မိသည်။
ဦးလေးဖုက ပြုံးလျက် "သခင်လေး စိုးရိမ်မနေပါနဲ့၊ ငါ အောက်ကို ရောက်လို့ သခင်လေးရဲ့ မိခင်နဲ့ တွေ့ရင် သူ့ကို သေချာပေါက် ပြုစုစောင့်ရှောက်ပေးပါ့မယ်..."
ထိုသို့ ပြောကြားပြီးနောက်တွင်မူ ဦးလေးဖုသည် ထွက်သက်ချုပ်ငြိမ်းသွားခဲ့ကာ ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်ထားသော ၎င်း၏ လက်ကလေးမှာလည်း အားအင်ကုန်ခမ်းလျက် ဘေးသို့ လျှောကျသွားလေတော့သည်။
ချင်ယွမ်ဖုန်းသည် နှာခေါင်းထဲတွင် မချိမဆံ့ ခံစားလိုက်ရပြီး မျက်ရည်များမှာ ပါးပြင်ထက်သို့ တသွင်သွင် စီးကျလာခဲ့ချေပြီ။
ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည်လည်း ဦးလေးဖု ကွယ်လွန်သွားခြင်းအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲကြရသည်။ ဦးလေးဖုနှင့် ချင်ယွမ်ဖုန်းတို့သည် မည်မျှအထိ ရင်းနှီးသံယောဇဉ်ကြီးမားသည်ကို ၎င်းတို့ သိရှိကြသောကြောင့် ဖြစ်သည်။
လျိုတာလီသည် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ကာ အော်ဟစ်ငိုကြွေးလေတော့သည်။
၎င်း၏ ဇနီးဖြစ်သူ ကျန်းလန်နှင့် သားဖြစ်သူ လျိုချွမ်တို့သည်လည်း ငိုသံကို ကြားသည်နှင့် ပြေးဝင်လာကြကာ မြေပြင်တွင် ဒူးထောက်လျက် သည်းထန်စွာ ငိုကြွေးကြကုန်၏။
"သခင်လေး... ဒါကတော့ ချင်မိသားစု ပျက်စီးသွားပြီးတဲ့နောက်မှာ အဖေ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာပါပဲ"
လျိုတာလီသည် တစ်စုံတစ်ခုကို သတိရသွားကာ ဦးလေးဖု၏ အခန်းထဲမှ အထိမ်းအမှတ် ကျောက်စာခန်းမဆောင်ရှိ ကျောက်စာပြားတစ်ခုကို ရှာဖွေကာ ယူဆောင်လာခဲ့လေတော့သည်။