အခန်း (၂၆၇-၂၆၈)
Vol. 24 Ch. 267-268
အပိုင်း ၂၆၇ အလွန်အမင်း အန္တရာယ်များလှသော ပလက်ဖောင်းမှ လွတ်မြောက်ခဲ့ခြင်း အမှတ်တရ
ကပ်ဘေး ကတ်ပြားကို ထိတွေ့လိုက်သည့် ခဏ၌။
မူလက မည်သို့မျှ ဖျက်ဆီး၍မရနိုင်သော အကာအကွယ်မှာ ပတ်ပတ်လည်မှ ကြီးမားလှသည့် ဖိအားဒဏ်ကြောင့် အဆက်မပြတ် ဖိနှိပ်ခံလာရလေ၏။
ပင်လယ်ရေများ လျှံကျဝင်ရောက်လာကာ အကာအကွယ်မှာ ပြိုလဲသွားချေပြီ။
ပင်လယ်ပြင်အတွင်းရှိ ဧရာမ စက်ယန္တရား မကောင်းဆိုးဝါးများသည် သွေးနံ့ကို ရရှိသွားသည့် ငါးမန်းများကဲ့သို့ပင် စုပြုံတိုးဝင်လာကြလေ၏။
"ငါ့ကို ဒီလောက်တောင် စားချင်နေကြတာလား။ မင်းတို့ရဲ့ သွားကြားထဲတောင် ဝင်ပါ့မလားတောင် မသိဘူး"
ရဲချီယန်က အူကြောင်ကြောင်နှင့် ရယ်မောလိုက်လေ၏။
လွင့်မျောကြယ် သန့်စင်သော အမှတ်အသားမှာ သူ၏ခန္ဓာကိုယ် ပတ်လည်၌ ထွက်ပေါ်လာကာ ဘက်ပေါင်းစုံမှ လာရောက်သော ဖိအားများကို ပိတ်ဆို့တားဆီးထားလိုက်ပေသည်။
"နေရာရွှေ့ပြောင်းအမှတ်အသား"
ဘုရားစူး ကတ်ပြား၏ အလင်းတန်းများက သူ၏ခန္ဓာကိုယ် ပတ်လည်၌ တဝဲဝဲလည်နေ၏။
အမည်းရောင် ရွှေရောင်တို့က ဤစက်ယန္တရား နတ်ဘုရား ချောက်နက်ကြီး၏ မှောင်မိုက်မှုတွင် အရောင်အသွေး တချို့ကို ပေါင်းထည့်ပေးလိုက်သလို ဖြစ်နေလေသည်။
ရဲချီယန်သည် ချက်ချင်း ရွှေ့ပြောင်းသွားခြင်း မပြုသေးဘဲ နှုတ်ခမ်းကို ကစားသလို တွန့်ကွေးလိုက်ကာ ထွက်ခွာသွားရန် ပြင်ဆင်နေစဉ် ကပ်ဘေး ဟူသော အမည်ပါရှိသည့် ကတ်ပြား အစီအစဉ်ကို သူ၏ ခေါင်းပေါ်သို့ မြှင့်တင်လိုက်လေ၏။
"ပြီးတော့ ဒါက မင်းတို့အားလုံးအတွက် ငါ့ရဲ့ နှုတ်ဆက်လက်ဆောင်ပဲ"
[ကပ်ဘေး ကတ်ပြား - စက်ယန္တရား အကျပ်အတည်း]
[အကျပ်အတည်း - စက်ယန္တရား အသိဉာဏ်ပွင့်လင်းခြင်း]
[ကပ်ဘေး - စက်ယန္တရား ပုန်ကန်မှု]
ဒုတိယမြောက် စွမ်းရည်ဖြစ်သော စက်ယန္တရား ပုန်ကန်မှု။
ကပ်ဘေး၏ လှိုင်းဂယက်များသည် ဤနေရာမှတစ်ဆင့် အပြင်ဘက်သို့ ပျံ့နှံ့သွားလေ၏။ ရဲချီယန်၏ နေရာရွှေ့ပြောင်းအမှတ်အသားသည်လည်း ထိုအချိန်မှာပင် သူ၏ စွမ်းရည်ကို အသက်သွင်းလိုက်လေသည်။
"သွားမယ်"
အကာအကွယ်သည် ပြင်ပဖိအားကို ဆက်လက်မခံနိုင်တော့ဘဲ ဟိန်းဟောက်သံနှင့်အတူ ကွဲအက်သွားချေပြီ။
ထိုအခိုက်အတန့်တွင် ကပ်ဘေး၏ သက်ရောက်မှု ခံလိုက်ရသော စက်ယန္တရား ဘီလူးကြီးများသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားကြ၏။
ချက်ချင်းပင် ၎င်းတို့၏ မျက်လုံးများထဲ၌ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာလေတော့သည်။
ကပ်ဘေးမှာ ပုံဖော်လာခဲ့ပြီ။
အသုံးပြုသူ၏ စိတ်စွမ်းအားဖြင့် ဆက်တိုက် ထောက်ပံ့ပေးမှု မရှိသောကြောင့် ဤကပ်ဘေးမှာ အချိန်အကြာကြီး တည်ရှိနေမည် မဟုတ်သော်လည်း ဤဘီလူးကြီးများ အချင်းချင်း တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများသည် ဤအဆုံးမဲ့ စက်ယန္တရား နတ်ဘုရား ချောက်နက်ကြီးအတွင်း၌ မုန်တိုင်းထန်သော လှိုင်းလုံးများကို ဖန်တီးပေးသွားလေ၏။
ကပ်ဘေး ပြီးဆုံးသွားသည့် အခိုက်အတန့်၌။
ဤချောက်နက်ကြီးမှာမူ အပိုင်းပိုင်း အစအနများ ဖြစ်၍နေချေပြီ။ နေရာတိုင်း၌ ကျိုးပဲ့နေသော ဧရာမ စက်ယန္တရား အပိုင်းအစများကို မြင်တွေ့ရမည်ဖြစ်ကာ ၎င်းတို့အား စက်ယန္တရား ဘီလူးငယ်များက ပိုင်းခြား၍ စားသောက်နေကြလေ၏။
ချောက်နက်၏ အောက်ခြေတွင် ဒေါသတကြီး ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားလေသည်။ သို့သော်လည်း ဤအရာအားလုံးကို ဖန်တီးခဲ့သူမှာမူ ဤကမ္ဘာမှ ထွက်ခွာသွားခဲ့သည်မှာ ကြာညောင်းနေပေပြီ။
စွမ်းအားမဲ့သော ဒေါသတရား ထိုအရာပင် ဖြစ်လေ၏။
နစ်မြုပ်၊ သွားမယ်။
ရဲချီယန် မျက်လုံးများကို ဖွင့်လိုက်သောအခါ။
ပတ်ဝန်းကျင်မှာ ဖိနှိပ်မှုများပြင်းထန်သော ချောက်နက်ကြီး မဟုတ်တော့ပေ။ ရင်းနှီးနေသော လွင်တီးခေါင်ပြင်၊ အဆုံးအစမရှိသော မိုးကုတ်စက်ဝိုင်း။ အလွန် ငြိမ်းချမ်းလှပေ၏။
"ဟူး... ဟိုဘက်မှာ ဘာတွေ ဖြစ်ကုန်မလဲ မသိဘူး။ အဆင့် ၁၂ ပလက်ဖောင်းတစ်ခုက... အဆင့် ၈ ထက် အရမ်းကို ပိုပြီး အစွမ်းထက်လွန်းနေတာ မဟုတ်ဘူးလား"
"ဟင်"
ဒိုင်း... သေနတ်သံ တစ်ချက် ထွက်ပေါ်လာလေ၏။
အဝေးတစ်နေရာတွင် စုတ်ပြတ်နေသော သေနတ်ကို ကိုင်ဆောင်ထားကာ အရိုးမြင်းနှင့် ပေါင်းစပ်ထားသော အရိုးမကောင်းဆိုးဝါးတစ်ကောင်သည် သူ၏ထံသို့ ပြေးလာနေချေပြီ။
လွင့်မျောကြယ် သန့်စင်သော အမှတ်အသားက တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်မှသာ ရဲချီယန် သတိထားမိတော့၏။
ယခုလက်ရှိ သူရောက်ရှိနေသော နေရာ၌ အရိုးမကောင်းဆိုးဝါး အများအပြားက သူ့ကို ဝိုင်းဝန်း တိုက်ခိုက်နေကြပေသည်။
"ဘာလို့ အရိုးတွေချည်းပဲ ဖြစ်နေတာလဲ"
ဖျတ်ခနဲ လေထဲတွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ၏။ သူ၏ ရထားကို မေးထရစ်ထဲမှ ဆင့်ခေါ်လိုက်လေသည်။ ရထားခေါင်မိုးပေါ်တွင် ရှိနေသော အီဗ်သည် ချက်ချင်း သတိအခြေအနေသို့ ရောက်ရှိသွားပေ၏။ ပတ်ဝန်းကျင်ရှိ အရိုးများ၏ အောက်တွင် ပစ်မှတ်ထားသော အလင်းတန်းများ ပေါ်လာလေ၏။
"ပစ်"
ရဲချီယန် ရထားပေါ်သို့ တက်လိုက်သည်။ ထိုအချိန်မှာပင်။ စနစ်၏ အလင်းမျက်နှာပြင်က သူ၏မျက်စိရှေ့တွင် ပေါ်လာလေ၏။
[ဒင် - မော်ဂျူး၊ လွင်တီးခေါင်ပြင် အနားယူခြင်း ကန့်သတ်ချက် ပြည့်သွားပါပြီ။ လက်ကျန်အချိန် - -၀၀:၀၄:၄၀]
[ရထားမောင်းနှင်သူ ရထားပေါ်သို့ တက်ရောက်ခြင်း ပြီးစီးကြောင်း ထောက်လှမ်းသိရှိရပါသည်]
[ချက်ချင်း ထွက်ခွာပါမည်]
[ဒင်]
[မော်ဂျူးကို အလွန်အကျွံ မသုံးစွဲပါနှင့်]
[နောက်တစ်ကြိမ်တွင် လွင်တီးခေါင်ပြင် အနားယူခြင်း မော်ဂျူး၏ အချိန်မှာ ၀၀:၀၄:၄၀ လျော့နည်းသွားမည် ဖြစ်ပါသဖြင့် ဂရုပြုပေးပါရန်]
"ငါ နောက်ကျသွားတာလား"
"ဒါဆို နောက်တစ်ခါ ဂရုစိုက်လိုက်မယ်လေ"
တကယ်တော့ သူသည် ရထားကို မေးထရစ်ထဲ ထည့်လိုက်ပြီးနောက် လွင်တီးခေါင်ပြင်တွင် ရထားကို တစ်နာရီထက် ပိုမို ရပ်တန့်ထား၍ ရမည်ဟု ထင်မှတ်ထားခဲ့မိသော်လည်း မရနိုင်ကြောင်း သိလိုက်ရပေသည်။
ဖြစ်နိုင်ခြေရှိပါသည်။ အကယ်၍သာ ဤကဲ့သို့သော အမှားအယွင်း ရှိနေခဲ့မည်ဆိုပါက။ ယခင်က ရထားမောင်းနှင်သူများ မည်သို့လျှင် စမ်းသပ်ကြည့်မည် မဟုတ်ဘဲ ရှိပါမည်နည်း။
သူသည် ဤအလင်းမျက်နှာပြင်ကို ပိတ်လိုက်သော်လည်း အံ့အားသင့်စွာပင် ဤအလင်းမျက်နှာပြင်၏ အောက်ခြေတွင်။ နောက်ထပ် အလင်းမျက်နှာပြင် တစ်ခု ရှိနေပြန်လေ၏။
"ဟင်"
သူက သံသယဖြင့် ကြည့်လိုက်ရာ အကြောင်းကြားစာ သတင်းစကားအသစ် တစ်ခုကို တွေ့လိုက်ရလေသည်။
[ဂုဏ်ယူပါသည်၊ သင်သည် အဆင့် ၁၂ သေမင်းတမန် ပလက်ဖောင်း - စက်ယန္တရား နတ်ဘုရား ချောက်နက် မှ အောင်မြင်စွာ လွတ်မြောက်လာခဲ့ပါသည်]
[ပြီးတော့ ၎င်းအတွင်း၌ တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်]
[အနိမ့်ဆုံး အဆင့် ၁၂ သေမင်းတမန် ပလက်ဖောင်းမှ လွတ်မြောက်ခဲ့ခြင်း စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါသည်]
[ထို့ကြောင့် အောက်ပါ ဆုလာဘ်များကို သင့်ထံ ပေးအပ်လိုက်ပါသည်]
[နန်နို အုပ်စုလိုက် ပြုပြင်မွမ်းမံရေး ကိရိယာ ပုံစံကြမ်း (အဆင့် ၁၀)]
[လိုအပ်ချက် - နန်နို ကန့်သတ်ချက် ဒေတာကွင်းဆက် + ပေါင်းစည်းထားသော အလိုဆန္ဒ အတုံး + အုပ်စုလိုက် မိခင်ပိုးကောင် + ရထားဒင်္ဂါး ၅၀၀ + စက်ယန္တရား အစိတ်အပိုင်း ၁,၀၀၀ + စိတ်စွမ်းအား ၁၀၀]
[နန်နို အုပ်စုလိုက် ပြုပြင်မွမ်းမံရေး ကိရိယာ - ထုတ်လုပ်စဉ်အတွင်း အတွင်း၌ ထည့်သွင်းထားသော မိခင်ပိုးကောင်၏ အုပ်စုကို ၎င်းထဲသို့ ထည့်ကာ အတူတူပင်ဖြစ်သော သတ္တုဒြပ်ထုကို ထည့်၍ အုပ်စုလိုက် နန်နို ပြုပြင်မွမ်းမံမှုများကို ပြုလုပ်နိုင်ပါသည်]
[ဤပုံစံကြမ်းကို တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး နန်နို အုပ်စု၏ ထိန်းချုပ်သူမှာ ထုတ်လုပ်စဉ်အတွင်း စိတ်စွမ်းအား သုံးစွဲခဲ့သူနှင့် ထာဝရ ချိတ်ဆက်သွားမည် ဖြစ်ပါသည်]
[မှတ်ချက် - ဤသည်မှာ ရဲရင့်သူများအတွက် ဆုလာဘ် ဖြစ်ပါသည်]
[မှတ်ချက် ၂ - သို့သော် သင် လုံလောက်စွာ တိုးတက်မလာမီအထိ မကျော်ဖြတ်နိုင်သော ပလက်ဖောင်းများထဲသို့ တက်ကြွစွာ ဝင်ရောက်ခြင်း မပြုလုပ်ပါရန်]
"ဟား... ဆုလာဘ် ရလာတာပဲ"
"ဒါပေမဲ့ ဒီအရာကို ဖန်တီးဖို့က သိပ်ပြီး ကုန်ကျစရိတ် များလိမ့်မယ် ထင်တယ်"
"အုပ်စုဆိုတာ အပ်ကြီးပျားတို့ကို ဆိုလိုတာလား။ ပြီးတော့ ဒီမှတ်ချက်တွေက..."
ရဲချီယန်က ခေါင်းကို ကုတ်လိုက်ကာ ပခုံးကို တွန့်လိုက်လေ၏။
"တကယ်ကို အန္တရာယ် များလွန်းလှပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီအရာကို သေမင်းတမန် ပလက်ဖောင်းလို့ ခေါ်ရတာလဲ။ ဖြတ်ကျော်ဖို့ လုံးဝ မဖြစ်နိုင်လို့လား"
စနစ်က သူ၏မေးခွန်းကို ဖြေကြားပေးခြင်း မရှိခဲ့ပေ။
"ကျွတ်... ကောင်းပြီလေ၊ မပြောပြလည်း နေပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် သိလာမှာပဲ"
သူသည် ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ မှီလိုက်လေ၏။
လက်လှမ်း၍ ထိုကပ်ဘေး ကတ်ပြားကို ယူလိုက်ပေသည်။ ၎င်း၏ အမည်ကို စာအုပ် စီစဉ်မှုများထဲတွင် မှတ်တမ်းတင်ထားပြီး ဖြစ်လေ၏။ အရောင်မှာ အမည်းရောင် ရောနှောနေသော အနီရောင် ဖြစ်၏။ ကတ်မျက်နှာပြင်ပေါ်တွင် မျက်လုံးများမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်နေသော စက်ရုပ်တစ်ရုပ်ကို ထွင်းထုထားကာ ခန္ဓာကိုယ်နှင့် ဦးခေါင်း၏ ဘယ်ဘက်ခြမ်းမှာ ပေါက်ကွဲထွက်နေလေ၏။
"ကပ်ဘေး ကတ်ပြား၊ ကတ်ပြား အစီအစဉ်က တကယ်ကို အမျိုးအစားစုံလင်တာပဲ"
"ဒီအစုံထဲမှာ ကတ်ပြား ဘယ်နှစ်ခုများ ပါဝင်နေမလဲ"
သူသည် ကတ်မျက်နှာပြင်ကို ပွတ်သပ်လိုက်ကာ ဝေါလီ ကမ်းပေးလာသော ဖျော်ရည်ကို တစ်ငုံ သောက်လိုက်လေ၏။
ကပ်ဘေး.. ဤအမည်မှာ အလွန်ပင် လှပပေသည်။ ၎င်း၏ စွမ်းရည်ကို ကြည့်ရသမျှတော့ ၎င်းမှာ သာမန် အမျိုးအစား ဖြစ်နိုင်မည် မဟုတ်ချေ။
"အခွင့်အရေး ရရင်... နောက်ထပ် အနည်းငယ်လောက် ထပ်စုဆောင်းချင်မိတယ်"
လေဟာနယ် ကတ်ပြား သိုလှောင်ရုံအတွင်းသို့ ထည့်လိုက်ကာ ရဲချီယန် အကြောဆန့်လိုက်လေ၏။
အချိန်အတော်ကြာပြီးနောက်မှ ဂိမ်းကစားနည်းကို ဖွင့်လှစ်ကာ အချိန်ဖြုန်းလိုက်ပေသည်။
ရှေ့ဆက်၍ မနက်ဖြန်တွင် နောက်ထပ် ပလက်ဖောင်းတစ်ခုသို့ ဝင်ရောက်မည် ဖြစ်၏။ နောက်မှတ်တိုင်တွင် အချိန်များများ ရရှိမည်ဆိုပါက။ သူသည် ပညတ်တရားအားလုံးကို ဖျက်ဆီးမည့် အဆောင်ကို အသုံးပြု၍ သေတ္တာထဲတွင် သိမ်းဆည်းထားသော ချိတ်ပိတ်မှုကို ဖွင့်လှစ်ကြည့်မည် ဖြစ်ပေသည်။
ကောင်းကင်ယံဥယျာဉ်။
အောက်ခြေရပ်ကွက် တစ်နေရာရှိ အဆောက်အအုံ အတွင်း၌။
မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို တပ်ဆင်ထားကာ မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသော ကျူရှင်းထူသည် အိတ်ကြီး အိတ်ငယ်များဖြင့် လမ်းလျှောက်ဝင်လာလေ၏။
သူမသည် ပြုံးရွှင်စွာဖြင့် ရှေ့သို့ ကြည့်လိုက်ပေသည်။
ရှာယာသည် ယာယီ တည်ဆောက်ထားသော ဘုရားကျောင်းငယ်လေးထဲတွင် ထိုင်နေလေ၏။ လက်နှစ်ဖက်ကို ယှက်ကာ။ သူမ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုကို ဆောင်ထားလေသည်။
"အို... ဒုက္ခပေးတတ်တဲ့ အစ်မကြီး ပြန်ရောက်လာပြီ"
ဘေးတွင် ရပ်နေသော တီနာသည် ကျူရှင်းထူကို မြင်လိုက်ရသည့်အခါ သူမအား လျှာထုတ်ပြလိုက်လေ၏။
လူလိမ်မ၏ စိတ်ခံစားချက်မှာမူ အလွန်ပင် ကောင်းမွန်နေပုံရ၏။ သူမက ညည်းညူလိုက်ကာ တည့်တည့် လျှောက်သွားလိုက်သည်။ သူမကို စိတ်မဝင်စားသည့် ရှာယာကို ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် ကြယ်တာရာများ လည်ပတ်နေလေ၏။
သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် စောစောက လှုပ်ရှားနေသည့် အခြေအနေမှ သေချာပေါက် လူလိမ်မ တစ်ယောက်၏ ပုံစံသို့ ပြောင်းလဲသွားလေတော့သည်။
"ကံကြမ္မာက ငါ့ကို ပြောပြနေတယ်၊ ဒီကမ္ဘာမှာ နောက်ထပ် ဘုရားစူး ကတ်ပြားတစ်ခု ပေါ်ပေါက်လာပြီတဲ့"
"အချိန်တိုလေးအတွင်းမှာ နှစ်ခု ဆက်တိုက်ပဲ"
"ပြီးတော့ ကတ်ပြား အစီအစဉ် ကိုင်ဆောင်ထားသူတွေ ပေါ်လာတဲ့ အကြိမ်ရေကလည်း အရင်ကထက် ပိုများလာတယ်"
"ပုန်းကွယ်နေတဲ့ ရှေ့ဆောင်သူ အများစုတောင် လွင်တီးခေါင်ပြင်ထဲကို ပြန်ရောက်လာကြပြီ..."
"အရာအားလုံးက ရှေ့ကို စတင် ရွေ့လျားသွားပြီ"
"အကြောင်းအရင်းကတော့... ဘာမှ မသိရသေးဘူး"
အခန်း (၂၆၈)
ညလယ်ယံအချိန်သို့ ရောက်ရှိလာလေပြီ။
"မနက်ဖြန် ရာသီဥတုက သဲမုန်တိုင်းတဲ့လား"
သန်းခေါင်ယံသို့ နီးကပ်လာချိန်တွင် ရဲချီယန်က နေသာသော အရုပ်လေးပေါ်ရှိ ရာသီဥတု ခန့်မှန်းချက်ကို စိုက်ကြည့်ရင်း တွေးတောနေမိလေ၏။
"သဲမုန်တိုင်းတဲ့လား။ အရင်တစ်ခေါက်က မိုးကြိုးမုန်တိုင်းလောက်တော့ အခြေအနေဆိုးမှာ မဟုတ်လောက်ပါဘူးလေ"
သန်းခေါင်ယံအချိန်သို့ ကူးပြောင်းသွားသည်နှင့် တစ်ပြိုင်နက် ရာသီဥတုက ချက်ချင်းဆိုသလို ပြောင်းလဲသွားချေပြီ။ မြေပြင်ပြင်ညီထက်မှ လေပြင်းများက မိုးကုတ်စက်ဝိုင်းအလွန်အထိ တိုက်ခတ်လာလေ၏။ အဆုံးအစမရှိသော သဲမှုန်များနှင့် ဖုန်မှုန့်များ လွင့်စင်လာကာ သဘာဝတရား၏ ကြီးမြတ်ခမ်းနားမှုကို အထင်းသား မြင်တွေ့လိုက်ရပေသည်။
သို့သော် ယင်းက သာမန်သဲမုန်တိုင်းတစ်ခုမျှသာ ဖြစ်လေ၏။ အကြောင်းမူကား ဇုန်၏ ချက်ဘောက်စ်အတွင်း၌ သူနှင့် တစ်သုတ်တည်း ပါလာသော အခြားရထားမောင်းနှင်သူများက ဓာတ်ပုံများ ပေးပို့နေကြသောကြောင့်ပင်။
"လခွမ်းပဲ သဲမုန်တိုင်း စတိုက်နေပြီ။ ပြတင်းပေါက်တွေ ပိတ်ထားဖို့ မမေ့ကြနဲ့ဦးဟေ့"
"ကျစ် ပြတင်းပေါက်ဖွင့်ပြီး အိပ်နေလိုက်တာ ပါးစပ်ထဲ သဲတွေအပြည့် ဝင်သွားပြီ"
"ဟားဟား ငါက မြို့ထဲမှာဆိုတော့ သဲစားစရာ မလိုတော့ဘူး။ ဒါနဲ့ ကျောက်အန်း အစ်ကိုကြီးက ပြောတယ် ဇုန်တွေ ပေါင်းစည်းပြီးတဲ့နောက်မှာ ရထားမောင်းနှင်သူတွေ အကုန်လုံးကို မဟာမိတ်အဖွဲ့ထဲ ဝင်ခိုင်းရမယ်တဲ့။ မဝင်ရသေးတဲ့သူတွေ မြန်မြန်လာဝင်ကြတော့"
"တောက် ဇုန် E-3 မှာ မဟာမိတ်အဖွဲ့ ရှိပြီးသားကွ သိလား။ ဒါ့အပြင် အစ်ကိုလီက လတ်တလော ထာဝရ ညဉ့်ယံ မြို့တော်က လူကြီးပိုင်းတစ်ယောက်ရဲ့ အထင်ကြီးမှုကို ခံထားရတာဆိုတော့ မင်းတို့အကူအညီကို မလိုအပ်ပါဘူး"
လီရှောင်ရှန်းလား။ အဲ့ဒီကောင်က သွေးစုပ်ဖုတ်ကောင် ဖြစ်နေပြီ မဟုတ်ဘူးလား။ မကြာခင်မှာ လမ်းမီးတိုင်မှာ ဆွဲကြိုးချခံရတော့မှာ ကြည့်နေလိုက်။
လီရှောင်ရှန်း။ အလွန်ရင်းနှီးနေသော အမည်နာမတစ်ခုပင်။ အဲ့ဒီကောင်က ဘယ်သူပါလိမ့်။
ရဲချီယန်က သေချာပြန်လည်စဉ်းစားကြည့်လိုက်မှသာ ထိုသူမှာ ယခင်က သူ၏ထံမှ သွေးစုပ်ဖုတ်ကောင် ဘယ်ရွန်၏ နှလုံးသားကို ဝယ်ယူသွားခဲ့သူဖြစ်ကြောင်း သတိရသွားလေတော့သည်။
ထိုစဉ်က ထိုကောင်ကို သူ ပိတ်ပင်ထားခဲ့သေး၏။ ထာဝရ ညဉ့်ယံ မြို့တော်တဲ့လား။ ယုတ္တိရှိပေသည်။ ထိုမြို့တော်ကြီးတစ်ခုလုံးတွင် သွေးစုပ်ဖုတ်ကောင်များဖြင့်သာ ပြည့်နှက်နေလောက်ချေပြီ။
ချက်ဘောက်စ်အတွင်းရှိ ပေါ့ပေါ့ပါးပါးနှင့် အဆက်အစပ်မရှိသော စကားဝိုင်းများကို ကြည့်ရင်း သူ တွေးတောနေမိလေ၏။
ဤကမ္ဘာသို့ ပထမဆုံးရောက်ရှိလာချိန်က လူတိုင်းခံစားခဲ့ရသော အန္တရာယ်ကြီးမားလှသည့် ခံစားချက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခု အသက်ရှင်ကျန်ရစ်နေသူများမှာ ဤကမ္ဘာကြီးနှင့် ပိုမိုအသားကျနေပြီဟု ဆိုရမည်ပင်။ မဟုတ်သေး။ ပို၍တိကျအောင် ပြောရလျှင် အသားမကျနိုင်သူများအားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်လေ၏။
【၂၉၆၆ / ၁၀၀၀၀】
လူတစ်သောင်းရှိသည့်အနက် ယခုအခါ သုံးထောင်ပင် မပြည့်တော့ချေ။ အချိန်မည်မျှပင် ကြာမြင့်သွားခဲ့ပြီနည်း။
သုံးနှစ်လျှင် တစ်ကြိမ် လူသန်းပေါင်း တစ်ရာ့ရှစ်ဆယ်တိတိ ဤကမ္ဘာကြီးထဲသို့ ဝင်ရောက်လာကြရသည်။ နောက်ထပ် ရထားမောင်းနှင်သူ တစ်သုတ် ထပ်မရောက်လာမီ တစ်ရာခိုင်နှုန်းလောက် အသက်ရှင်ကျန်ရစ်လျှင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။
ချက်ဘောက်စ်၏ အလင်းမျက်နှာပြင်ကို ဘေးသို့ ရွှေ့လိုက်လေ၏။ ချမ်းသာကြွယ်ဝမှု ဒိုင်းလွှား၏ အကာအကွယ်ကြောင့် သာမန်သဲမုန်တိုင်းလောက်က သူ့အတွက် မည်သို့မျှ အထူးအဆန်း မဟုတ်တော့ပေ။
"နောက်ဘူတာရုံဆီ ဆက်သွားရမယ့် အချိန်ရောက်ပြီ"
ဆက်လက်အနားယူနေရန် မလိုအပ်တော့ချေ။ ရဲချီယန်က ရထား၏ အရှေ့ပိုင်းသို့ လျှောက်သွားကာ အရှေ့ဘက်ပြတင်းပေါက်မှတစ်ဆင့် အဆုံးအစမရှိသော ရှေ့ခရီးလမ်းကို ငေးကြည့်လိုက်လေ၏။
"နောက်ထပ် ပလက်ဖောင်းကို ဖွင့်လိုက်"
ဒင်ဒင်။ အလင်းမျက်နှာပြင် ထွက်ပေါ်လာကာ ကံကြမ္မာ လမ်းဆုံလမ်းခွက ယခုအချိန်တွင် ရုပ်လုံးပေါ်လာလေတော့သည်။
【သီးသန့် မော်ဂျူး၊ ကံကြမ္မာ လမ်းဆုံလမ်းခွ စတင်အလုပ်လုပ်ပါပြီ】
【အောက်ပါ ရွေးချယ်စရာ နှစ်ခုအနက်မှ တစ်ခုကို ရွေးချယ်ပါ】
【ပလက်ဖောင်း ၁၊ အဆုံးမဲ့လည်ပတ်နေသော ဝင်္ကပါမြို့တော် (အဆင့် ၈ လွတ်မြောက်ရေး ပလက်ဖောင်း)】
【ပလက်ဖောင်း ၂၊ အဲရစ်၏ ကြယ်အမြုတေ စစ်တလင်း (အဆင့် ၈ စမ်းသပ်မှု ပလက်ဖောင်း)】
စမ်းသပ်မှု ပလက်ဖောင်း။ အဲ့ဒါက ဘာကြီးလဲ။
ရဲချီယန်က ဤပလက်ဖောင်းအသစ်၏ အသိပေးချက်ကြောင့် စိတ်ဝင်စားသွားလေ၏။ လွတ်မြောက်ရေးကတော့ မေ့ထားလိုက်တော့။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ပြဿနာများမည်မှန်း သိသာလှပေသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူက ဤကဲ့သို့သော အမျိုးအစားကို ပို၍ သဘောကျလှ၏။ စမ်းသပ်မှုရှိသည်ဆိုမှတော့ ဆုလာဘ်များလည်း ရှိရပေမည်။ ဒါပဲ ရွေးလိုက်တော့မည်။
တွေးတောနေဟန်ဆောင်ကာ တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ ရဲချီယန်က ဒုတိယရွေးချယ်မှုကို နှိပ်လိုက်လေတော့သည်။
"စဉ်းစားကြည့်ရမယ်ဆိုရင် ငါက အမြဲတမ်း ဒုတိယရွေးချယ်မှုကိုပဲ ပိုပြီး ရွေးမိနေသလိုပဲနော်"
ဂျုံး ဂျုံး ဂျုံး။ ဘီးများက အရှိန်တင်ကာ ရှေ့သို့ လိမ့်ဆင်းသွားလေ၏။
ဝုန်း။ သံလမ်းများက ရှေ့တည့်တည့်ရှိ လေဟာနယ်အတွင်းသို့ ဆန့်ထွက်သွားကာ ရုပ်လုံးပေါ်လာလေသည်။ အရှိန်က တဖြည်းဖြည်း မြင့်တက်လာကာ ပုံပျက်နေသော ဟင်းလင်းပြင်အတွင်းသို့ ဖြတ်သန်းသွားလေ၏။
ပြတင်းပေါက်အပြင်ဘက်ရှိ ကမ္ဘာကြီးတစ်ခုလုံးက အသစ်စက်စက် ပြောင်းလဲသွားချေပြီ။
【ဒင်ဒင်】
【ရထားမောင်းနှင်သူ မှတ်ပုံတင်အမှတ် E-3-1102၊ အမည် ရဲချီယန်၊ သင်သည် ၂၇ ခုမြောက် မှတ်တိုင်၊ အဲရစ်၏ ကြယ်အမြုတေ စစ်တလင်းသို့ ဝင်ရောက်လာပါပြီ】
【ဤသည်မှာ အဆင့်မြင့် ပလက်ဖောင်းဖြစ်ပြီး ရပ်နားချိန် ကန့်သတ်ချက် မရှိပါ】
【လက်ရှိ ထွက်ခွာနိုင်သော နည်းလမ်း၊ ရထားဒင်္ဂါး ၄၀ အသုံးပြုရန် (မရနိုင်ပါ) ၊ ဤမှတ်တိုင်၏ ရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် (မအောင်မြင်သေးပါ) ၊ ထွက်ခွာရန် တည်နေရာကို ရှာဖွေရန် (မတွေ့ရှိသေးပါ)】
【ကံကောင်းပါစေ】
【ဤမှတ်တိုင်၊ အန္တရာယ်ရှိသည်】
ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော "အန္တရာယ်" ဆိုသည့် စကားလုံးပင်။
အပြင်ဘက် ပတ်ဝန်းကျင်က ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုနှင့် တူနေလေ၏။ သဲကန္တာရတဲ့လား။ စစ်တလင်းတစ်ခုနဲ့ ဘာဆိုင်လို့လဲ။
ရထားကြီးက တဖြည်းဖြည်း ရပ်တန့်သွားလေသည်။ ရဲချီယန်က ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ဤနေရာမှာ အတော်လေး မြင့်မားလှပေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို အထင်းသား မြင်တွေ့နိုင်လေ၏။
အဆုံးအစမရှိသော သဲကန္တာရကြီးထဲတွင် လူသူအရိပ်အယောင် လုံးဝမတွေ့ရချေ။ အေးစက်သော လရောင်က ထွန်းလင်းတောက်ပနေကာ သဲပြင်တစ်ခွင်လုံးကို ငွေရောင်အဆင်းဖြင့် ခြယ်မှုန်းထားလေသည်။
ရဲချီယန်က သဲပုံစံငယ်ကို ကြည့်လိုက်လေ၏။ ယင်းအပေါ်တွင် ဤမှတ်တိုင်၏ အန္တရာယ်အရှိဆုံးသော ရည်မှန်းချက်ပစ်မှတ် ထွက်ပေါ်နေပေသည်။
သို့သော် ဤတည်နေရာက အနည်းငယ် ဝေးလွန်းနေသည် မဟုတ်ပါလား။
သူ့ရထား၏ လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင်ပင် ထိုနေရာသို့ရောက်ရန် အနည်းဆုံး တစ်ရက်ခန့် အချိန်ယူရပေမည်။ ယင်းက အတားအဆီးမရှိ ဖြောင့်တန်းသော လမ်းကြောင်းဟု ယူဆလျှင်ပင် ထိုမျှကြာမြင့်မည် ဖြစ်လေ၏။
စစ်တလင်းရဲ့ တည်နေရာက ဟိုမှာလား။ အဆင့်မြင့် ပလက်ဖောင်းဆိုတာ တကယ့်ကမ္ဘာကြီး တစ်ခုလုံးနဲ့ အတူတူပဲကိုး။
ရဲချီယန်က မျက်မှောင်ကြုတ်လိုက်ကာ အပြင်ထွက်ရန် အသင့်စောင့်ဆိုင်းနေသော ဝေါလီကို တစ်ချက်ကြည့်လိုက်လေ၏။
"ဟင်" ဝေါလီက ခေါင်းစောင်းကာ ၎င်း၏သခင်ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်လေသည်။ ဤအချိန်ဆိုလျှင် ရတနာရှာရန် ၎င်းကို အပြင်သို့ လွှတ်ပေးရမည် မဟုတ်ပါလား။
၎င်းက စက်ယန္တရား လက်တံဖြင့် ရဲချီယန်၏ ခြေသလုံးကို ဖြည်းညင်းစွာ ပုတ်လိုက်လေ၏။ ၎င်း၏ ကြီးမားသော မျက်လုံးနှစ်လုံးမှာ အမိန့်တစ်ခုကို မျှော်လင့်တကြီး စောင့်စားနေဟန်ရှိပေသည်။
"အရူးလေး ခဏစောင့်ဦး" ရဲချီယန်က တရားသူကြီး ကတ်ပြားကို ထုတ်ယူလိုက်လေသည်။ ဝေါလီ၏ ခေါင်းပေါ်တွင် တရားမျှတမှု အမှတ်အသား တစ်ခု ကျန်ရစ်နေခဲ့လေ၏။
ထို့အပြင် သူက စောစောက ကုန်သွယ်ရေး ပလက်ဖောင်းကို ကြည့်ရှုစဉ် တွေ့ခဲ့ရသော အလွန်တန်ဖိုးနည်းသည့် အဆင့်နိမ့် ပစ္စည်းတစ်ခုကိုပါ ဝယ်ယူလိုက်သေး၏။
【မိဘနှင့် သားသမီး မီးအိမ်】
【တစ်ခုကို နှိပ်လိုက်ပါက အခြားတစ်ခုက လင်းလက်လာမည်ဖြစ်ပြီး အကွာအဝေး ကန့်သတ်ချက် မရှိပါ】
စျေးနှုန်းက မမြင့်မားလှပေ။ ရထားဒင်္ဂါး တစ်ပြားပင် မတန်ချေ။
ရဲချီယန်က ယင်းကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်လိုက်ရာ အမည်က အနည်းငယ် ပြောင်းလဲသွားလေတော့သည်။
【မိဘနှင့် သားသမီး မီးအိမ် စတစ်ကာ】
【ခန္ဓာကိုယ်ပေါ်တွင် ကပ်ထားနိုင်ပါသည်】
မီးအိမ်က စတစ်ကာအဖြစ် ပြောင်းလဲသွားချေပြီ။ ရဲချီယန်က သားသမီး မီးအိမ်စတစ်ကာကို ဝေါလီ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ပေးလိုက်ကာ စက်ဝိုင်းခြမ်းပုံ အမှတ်အသားကို လက်ညှိုးထိုးပြရင်း သေချာစွာ မှာကြားလိုက်လေ၏။
"မှတ်ထားနော် ရတနာကို တွေ့ပြီဆိုတာနဲ့ ပြန်ယူလာနိုင်သည်ဖြစ်စေ မယူလာနိုင်သည်ဖြစ်စေ ဒီခလုတ်ကို နှိပ်လိုက် ကြားလား"
ဝေါလီက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပြီ ဘေးကင်းအောင် နေနော်။ ဘေးကင်းရေးက ပထမဆိုတာ မှတ်ထား" သူ ထွက်ခွာခွင့်ပြုလိုက်လေ၏။ စက်ရုပ်ငယ်လေးက အေးစက်လှသော သဲကန္တာရကြီးထဲသို့ လျှောက်သွားလေတော့သည်။
လေပြင်းများနှင့်အတူ ၎င်း၏ ဘီးရာများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားချေပြီ။
"နောက်တစ်ဆင့်က..." သူ ခဏတာ တုံ့ဆိုင်းသွားမိ၏။ ရဲချီယန်က သဲပုံစံငယ်ပေါ်ရှိ ပစ်မှတ်ဆီသို့ တိုက်ရိုက် မောင်းနှင်ရန် ပြင်ဆင်နေစဉ်မှာပင်။
ဒေါက် ဒေါက် ဒေါက်။ တံခါးခေါက်သံပင်။
နေပါဦး။ တံခါးခေါက်သံတဲ့လား။ ဒီလိုနေရာမျိုးမှာ ဘယ်သူကများ တံခါးလာခေါက်နေပါလိမ့်။
ချောက် ချောက်။ အီဗ်၏ လက်နက်များအားလုံး ထွက်ပေါ်လာကာ တံခါးခေါက်နေသော ပစ်မှတ်ဆီသို့ ချိန်ရွယ်လိုက်သော်လည်း ချက်ချင်း တိုက်ခိုက်ခြင်းကား မရှိပေ။
ကြည့်ရသည်မှာ ၎င်း၏ သတိပေး အကွာအဝေးအတွင်း၌ ဤပစ်မှတ်က ရန်လိုမှု မရှိဟန်တူလေ၏။
တံခါးကို ဖွင့်လိုက်လေသည်။
"ဘယ်သူလဲ"
ရထားတံခါးကို ဖွင့်လိုက်ချိန်တွင် သဲဖုန်များ ရောနှောနေသော ညလေပြင်းများကြား၌ သေးသွယ်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။
ရဲချီယန်၏ တံခါးကို ခေါက်ခဲ့သူမှာ ထိုမိန်းကလေးပင်။
ရဲချီယန်က ဆက်လက်မေးမြန်းရန် ပြင်နေစဉ်မှာပင် သူမက စကားစပြောလာလေတော့သည်။
"မင်္ဂလာပါ စိန်ခေါ်သူ။ ကျွန်မကတော့ အဲရစ်ရဲ့ ကြယ်အမြုတေ စစ်တလင်းက လမ်းပြပဲ ဖြစ်ပါတယ်။ နောက်ထပ် ခြောက်နာရီကြာရင် ပထမဆုံး ယှဉ်ပြိုင်ရမယ့် စမ်းသပ်မှု စတင်တော့မှာပါ။ သင့်အတွက် သင့်တော်တဲ့ ပြိုင်ဘက်တစ်ဦးကို ယှဉ်တွဲပေးထားပါတယ်။ ကျေးဇူးပြုပြီး အနိုင်ရအောင် အကောင်းဆုံး ကြိုးစားပေးပါ"