အခန်း (၂၆၉-၂၇၀)
Vol. 24 Ch. 269-270
အခန်း (၂၆၉)
"လမ်းပြ"
"ပြီးတော့ ပြိုင်ဘက်တွေကို ယှဉ်တွဲပေးတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ"
ရဲချီယန်၏ မေးခွန်းအတွက် အဖြေက ချက်ချင်းဆိုသလို ထွက်ပေါ်လာလေ၏။ မိန်းကလေးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။
သူမ၏ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာလေ၏။
စနစ် အလင်းမျက်နှာပြင်များလား။
မဟုတ်သေးပေ၊ ဤအရာက စနစ်၏ အလင်းမျက်နှာပြင်နှင့် အနည်းငယ် ကွာခြားနေဟန်ရှိလေသည်။
ယင်းအပေါ်တွင် မိတ်ဆက်စာသားများဟု ထင်ရသော စာကြောင်းများ ရုပ်လုံးပေါ်လာလေတော့သည်။
【ကြယ်အမြုတေအဆင့် စစ်တလင်း မိတ်ဆက်အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်】
【၁။ စစ်တလင်းအတွင်းသို့ ဝင်ရောက်လာသော ခရီးသွားများအားလုံးကို စမ်းသပ်မှုခံယူသူများဟု စုပေါင်းခေါ်ဝေါ်ပါသည်】
【၂။ စမ်းသပ်မှုခံယူသူများအနေဖြင့် ဤတိုက်ပွဲမှ ထွက်ခွာနိုင်ရန် ရှုံးနိမ့်မှုမရှိဘဲ စမ်းသပ်မှု ၁၂ ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရပါမည်။ အကယ်၍ ကျရှုံးပြီးနောက် အသက်ရှင်ကျန်ရစ်ပါက ဆယ့်နှစ်ပွဲဆက်တိုက် အနိုင်ရယူရမည့် စမ်းသပ်မှုက အစမှ ပြန်လည်စတင်မည် ဖြစ်ပါသည်】
【၃။ နေ့စဉ် စမ်းသပ်မှုမစတင်မီ လမ်းပြက ထွက်ပေါ်လာကာ နောက်ထပ်စမ်းသပ်မှုအတွက် အခြေခံအချက်အလက်များကို ပံ့ပိုးပေးမည် ဖြစ်ပါသည်】
【၄။ စမ်းသပ်မှု ဆယ့်နှစ်ခုကို ပြီးမြောက်ပြီးနောက် ပိုမိုမြင့်မားသော အဆင့်ရှိ စစ်တလင်းသို့ ဝင်ရောက်ခွင့် လက်မှတ်ကို ရရှိမည် ဖြစ်ပါသည်】
【၅။ စမ်းသပ်မှုများက တဖြည်းဖြည်း ပိုမိုခက်ခဲလာမည်ဖြစ်ပြီး စမ်းသပ်မှုခံယူသူများက စမ်းသပ်မှုမစတင်မီ စမ်းသပ်မည့်တည်နေရာသို့ မိမိဘာသာ သွားရောက်ရပါမည်။ အချိန်နောက်ကျပါက ရှုံးနိမ့်သည်ဟု အလိုအလျောက် သတ်မှတ်ခံရမည် ဖြစ်ပါသည်】
【၆။ အထက်ဖော်ပြပါ စည်းမျဉ်းများအားလုံးကို ဘာသာပြန်ဆို အဓိပ္ပာယ်ဖွင့်ဆိုခွင့်မှာ ပလူတိုသခင်မ အဲရစ်တွင်သာ ရှိပါသည်】
【အပိုဆောင်း သတ်မှတ်ချက်။ ရထားဖြင့် ရောက်ရှိလာသူများအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားသော စနစ်၏ အထူးအခွင့်အရေးများကို ရရှိမည် မဟုတ်ပါ】
ရှည်လျားလွန်းသော်လည်း အချက်အလက်များအားလုံးမှာ အသုံးဝင်လှပေသည်။ အထူးသဖြင့် စတုတ္ထမြောက် အချက်ပင် ဖြစ်လေ၏။
"ပိုမြင့်တဲ့အဆင့်ရှိတဲ့ စစ်တလင်း ဟုတ်လား။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
လမ်းပြမိန်းကလေးက ခံစားချက်ကင်းမဲ့စွာ တုံ့ပြန်လာလေသည်။
"ဒီစစ်တလင်းက ကြီးမြတ်လှတဲ့ မရဏလောကရဲ့ ပန်းပွင့် ပလူတိုသခင်မ အဲရစ် ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုဖြစ်ပြီး စုစုပေါင်း အဆင့်သုံးဆင့် ခွဲခြားထားပါတယ်"
"အဲဒီအဆင့်တွေကတော့ အစဉ်လိုက်အားဖြင့် ကြယ်အမြုတေ အဆင့်၊ လနှလုံးသား အဆင့်နဲ့ နေရောင်ခြည်သရဖူ အဆင့်တို့ပဲ ဖြစ်ပါတယ်"
"သင် လက်ရှိရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကတော့ ကြယ်အမြုတေ အဆင့် စမ်းသပ်မှုကွင်းပြင်ပဲ ဖြစ်ပါတယ်"
"ပထမဆုံး စမ်းသပ်ရမယ့် တည်နေရာကတော့ ဒီနေရာမှာပါပဲ"
အလင်းဖောက်ထွင်းမြင်နိုင်သော တည်နေရာပြ မြေပုံတစ်ခုကို သူမက ကမ်းပေးလာလေ၏။ ရဲချီယန်က မြေပုံကို လှမ်းယူလိုက်ကာ သဲပုံစံငယ်ပေါ်ရှိ တည်နေရာကို တစ်ချက် ထပ်မံကြည့်ရှုလိုက်သည်။
တည်နေရာနှစ်ခုမှာ တူညီမှု မရှိချေ။ တကွဲတပြားစီ ဖြစ်နေသည်ဟုပင် ဆိုနိုင်ပေသည်။
"တည်နေရာတွေကို ပေးအပ်ပြီးပါပြီ။ ကျေးဇူးပြုပြီး နောက်ခြောက်နာရီအတွင်း စမ်းသပ်မယ့်နေရာကို အရောက်သွားပေးပါ။ အချိန်ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ရင် ကျရှုံးတယ်လို့ သတ်မှတ်ခံရပါလိမ့်မယ်"
"ပထမဆုံးစမ်းသပ်မှု ကျရှုံးပြီးသွားရင် စမ်းသပ်ရမယ့် အရေအတွက်ကို အနှုတ်ပြကိန်းတစ်ခုအဖြစ် သတ်မှတ်သွားမှာပါ"
ထိုသို့ပြောပြီးနောက်။
လမ်းပြမိန်းကလေးက ရဲချီယန်၏ ရှေ့မှောက်မှ ပျောက်ကွယ်သွားလေတော့သည်။
"စမ်းသပ်မှု ဆယ့်နှစ်ခုဆိုပါလား၊ ပြီးတော့ စစ်တလင်းက သုံးဆင့်ရှိတယ်။ ဒါက မတူညီတဲ့ အဆင့်တွေရှိတဲ့ ဘူတာရုံကမ္ဘာတွေကို ကိုယ်စားပြုနေတာ ဖြစ်ရမယ်"
"ဒါပေမဲ့ နောက်ဆုံးက အပိုဆောင်းသတ်မှတ်ချက်ဆိုတာက ဘာအဓိပ္ပာယ်လဲ"
ရထားဖြင့် ရောက်ရှိလာသူများအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားသော စနစ်၏ အထူးအခွင့်အရေးများကို ရရှိမည် မဟုတ်ပါတဲ့လား။
ဤနေရာရှိ အုပ်ချုပ်သူက စနစ်၏ တည်ရှိမှုကို သိရှိထားကြောင်း သိသာထင်ရှားလှပေသည်။ ထို့အပြင် ၎င်းတို့က စနစ်ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်စွမ်းရှိပုံရလေ၏။ ပို၍တိကျအောင် ပြောရလျှင် စနစ်ကို ပိတ်ပင်ထားနိုင်စွမ်း ရှိပေသည်။
ဖုန်းဖုန်း လိုမျိုး ပလက်ဖောင်း သခင်လား။
မဟုတ်လောက်ပေ။
ပလက်ဖောင်း သခင်ဆိုသည့် အသုံးအနှုန်းက ဤနေရာ၏ သခင်ကို ဖော်ပြရန် လုံလောက်မည် မဟုတ်ချေ။
ပလူတိုတဲ့လား။
"ငါက အတော်လေး မယုံနိုင်စရာကောင်းတဲ့ နေရာတစ်ခုကို ရောက်လာခဲ့တာပဲ"
ရဲချီယန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေဟန်ရှိသော အပြုံးတစ်ခု ပေါ်ပေါက်လာလေ၏။ သူက တစ်ခါမှ ပိတ်မထားခဲ့ဖူးသော ဘေးဘက်ရှိ အများသုံး ချက်ဘောက်စ်ကို ကြည့်လိုက်လေသည်။
ယခုအချိန်တွင် အထူးအသိပေးချက် တစ်ခုသာ ရှိနေပေသည်။
【အထူး ပလက်ဖောင်းတစ်ခုအတွင်းသို့ ဝင်ရောက်လာပါပြီ။ အချိန်စီးဆင်းမှု ကွာခြားနေသောကြောင့် လွင်တီးခေါင်ပြင်၏ အချိန်စီးဆင်းမှုအတွင်းရှိ ရထားမောင်းနှင်သူများနှင့် ဆက်သွယ်၍ မရနိုင်ပါ】
အချိန်စီးဆင်းမှုက ထပ်ပြီး ကွာခြားနေပြန်ပြီလား။
အဆင့်မြင့် ပလက်ဖောင်းများတွင်သာ ဤသို့ ဖြစ်ပေါ်လေ့ရှိပေသည်။
အဆင့်မြင့် ပလက်ဖောင်းများအနေဖြင့် လွင်တီးခေါင်ပြင်၏ စည်းမျဉ်းများကို အပြည့်အဝ လိုက်နာရန် မလိုအပ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရဲချီယန်က တွေးတောမိလိုက်၏။
မည်သို့ပင်ဆိုစေကာမူ အတိအကျကိုမူ မသိရသေးချေ။ အဘယ်ကြောင့်ဆိုသော် သူက စက်ယန္တရား နတ်ဘုရား ချောက်နက်အတွင်း၌ တစ်နာရီခန့် အချိန်ဖြုန်းခဲ့ဖူးသော်လည်း ထိုနေရာရှိ အချိန်က လွင်တီးခေါင်ပြင်နှင့် အချိန်ကိုက် တူညီနေခဲ့သောကြောင့်ပင်။
ထို့အပြင် သဲမုန်တိုင်း။
လွင်တီးခေါင်ပြင်၏ အခြေအနေအတိုင်း လိုက်နာရန် လုံးဝမလိုအပ်ဘူးဆိုပါက ယခု ဤနေရာတွင် အဘယ်ကြောင့် သဲမုန်တိုင်း တိုက်ခတ်နေရသနည်း။
"ဦးတည်ရမယ့် လမ်းကြောင်းက ဒီဘက်ကိုလား"
"အနည်းဆုံးတော့ ဒီတစ်ကြိမ် ရထားပေါ်က ဆင်းစရာ မလိုတော့ဘူးပေါ့"
သူက ပြုံးကာ ခေါင်းခါလိုက်ပြီးနောက် ဘူတာအတွင်း စတင်လည်ပတ်ခြင်း မော်ဂျူးကို အသက်သွင်းလိုက်လေ၏။
မြေပုံပေါ်ရှိ တည်နေရာဆီသို့ ရထားကို မောင်းနှင်သွားလေတော့သည်။
သဲကန္တာရအတွင်း၌ သဲများဖြင့်သာ ပြည့်နှက်နေပြီး သူ မျှော်လင့်ထားခဲ့သော အန္တရာယ်က ယခုအချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးချေ။
အနောက်ဘက် မိုးကုတ်စက်ဝိုင်းအလွန်မှ အမည်းရောင် နေမင်းကြီးက တဖြည်းဖြည်း ထွက်ပေါ်လာလေ၏။
နံနက် ၄ နာရီ ၃၃ မိနစ်။
အရုဏ်တက်ချိန်ပင်။
ဤအမည်းရောင် နေမင်းကြီး ထွက်ပေါ်လာသည့် အချိန်မှာပင်။
သဲကန္တာရကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သော သဲမုန်တိုင်းကြီးကလည်း တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားချေပြီ။
"ပူလိုက်တာ"
ရဲချီယန်က ရထားပြတင်းပေါက်အပြင်ဘက်သို့ လက်လှမ်းထုတ်လိုက်လေသည်။ အပြင်ဘက် အပူချိန်ကို သာမိုမီတာဖြင့် တိုင်းတာကြည့်လိုက်ရာ အပူချိန် လေးဆယ်ဒီဂရီခန့် ရှိနေပေသည်။
"ဒါကို ဆောင်ထားမှ ရတော့မယ်ထင်တယ်"
ရေခဲသွေးကြော နှလုံးသား ပုတီးစေ့ ပင်။
ရေခဲဖန်တီးပေးသော ကိရိယာအဖြစ် ရေသိုလှောင်ရေး ရထားတွဲအတွင်း၌ ရဲချီယန် အမြဲသိမ်းဆည်းထားလေ့ရှိသော ထိုပစ္စည်းကို ယခုအခါ လည်ပင်းတွင် ဆွဲထားလိုက်လေ၏။
ဝုန်း။
ရထားဥသြဆွဲသံကြီးက ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။
အချိန်က နံနက် ၄ နာရီ ၅၅ မိနစ်။
ရထားကြီးက စမ်းသပ်မှုအတွက် လိုအပ်သော တည်နေရာသို့ အချိန်မီ ရောက်ရှိလာခဲ့ချေပြီ။
"ဒါပဲလား"
"ဒီမှာ ဘာမှမရှိဘူး မဟုတ်ဘူးလား"
ရဲချီယန်က ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ရထားခေါင်မိုးပေါ်သို့ တက်သွားလိုက်လေ၏။
မည်သည့်အရာမျှ မရှိချေ။
သဲများမှလွဲ၍ သဲများသာ ရှိနေပေသည်။
တည်နေရာတွေက အတုတွေလား။
မဖြစ်နိုင်ပေ။ ထိုလမ်းပြမိန်းကလေး စကားပြောနေချိန်တွင် သူက ဖြားယောင်းသွေးဆောင်ခြင်း ကို အချိန်တစ်လျှောက်လုံး အသုံးပြုထားခဲ့သည် မဟုတ်ပါလား။
ဒါဆို ဘာဖြစ်လို့လဲ။
"အချိန်မရောက်သေးလို့လား"
နေရောင်ကာ ထီးတစ်လက်ကို ဆောင်းလိုက်ကာ ရဲချီယန်က သတ်မှတ်ထားသော ခြောက်နာရီကြာ စမ်းသပ်မှုစတင်မည့်အချိန် ရောက်လာရန်သာ ထိုင်စောင့်နေလိုက်လေတော့သည်။
လီဆက်က ရေခဲသေတ္တာထဲတွင် အတန်ကြာ အအေးခံထားသော ဖရဲသီးအေးအေးလေး တစ်စိတ် ယူလာပေးလေ၏။ ဤမျှ ပူအိုက်လောင်ကျွမ်းနေသော နေ့ရက်မျိုးတွင် တစ်ကိုက်လောက် ကိုက်စားလိုက်ရခြင်းကပင် ဇိမ်ကျလှပေသည်။
အမြဲတမ်း တိကျမှန်ကန်သော အိတ်ဆောင်နာရီပေါ်ရှိ အချိန်က 【၆း၀၀း၀၀】သို့ ရောက်ရှိသွားချိန်တွင်။
မြေကြီးက ရုတ်တရက် တုန်ခါလာလေတော့သည်။
စောစောက တံခါးအပြင်ဘက်တွင် ထွက်ပေါ်လာခဲ့သော လမ်းပြမိန်းကလေး ရုတ်တရက် ရုပ်လုံးပေါ်လာလေ၏။
"အချိန်မီ ရောက်လာခဲ့တာပဲ။ မင်းရဲ့ ပထမဆုံး စမ်းသပ်မှုအတွက် စစ်တလင်းကို အခုပဲ ဖွင့်ပေးလိုက်ပါပြီ"
"ပြိုင်ဘက် ယှဉ်တွဲမှု ပြီးစီးပါပြီ"
ဝုန်း ဒိုင်း။
ဘောလုံးကွင်းနှင့် ဆင်တူသော အဆောက်အအုံကြီးတစ်ခု မြေအောက်မှ ထွက်ပေါ်လာလေသည်။
အားပေးသံများ၊ အော်ဟစ်သံများနှင့် အလင်းလက်များ။
လူထောင်ပေါင်းများစွာ ဝင်ဆံ့နိုင်သော ပွဲကြည့်စင်များထက်တွင် လူသားပုံစံရှိသော အတုအယောင် ပုံရိပ်များဖြင့် ပြည့်နှက်နေလေ၏။ သို့သော် ယင်းတို့က လူသားများ မဟုတ်ကြပေ။ ရဲချီယန်က အထင်းသား မြင်တွေ့နေရလေသည်။ ထိုအရာများမှာ အတုအယောင် ပုံရိပ်များမျှသာ ဖြစ်ပေ၏။ သူတို့၏ ရည်ရွယ်ချက်က အခြေအနေကို ပို၍ သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ဖန်တီးပေးရုံမျှသာ ဖြစ်လောက်မည်လား။
"ဒီလောက်တောင် ခမ်းခမ်းနားနား လုပ်ထားတာလား"
အဆောက်အအုံကြီး ထွက်ပေါ်လာသည်နှင့်အမျှ လေထုထဲရှိ အပူချိန်က ကျဆင်းသွားမည့်အစား ပို၍ပင် မြင့်တက်လာချေပြီ။
ချောက်။
သူ၏ မျက်နှာချင်းဆိုင် တည့်တည့်မှ အသံတစ်သံက ရဲချီယန်၏ အာရုံကို ဖမ်းစားသွားလေ၏။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ။
လူကိုယ်နှင့် ငါးမန်းခေါင်းရှိကာ ဧရာမ သံဆူးဘောလုံးကြီးကို ကိုင်ဆောင်ထားသော မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့လိုက်ရလေသည်။ ထိုအကောင်ကြီးက သုံးထပ်တိုက်ငယ်တစ်ခုခန့် မြင့်မားကာ သူ့ကို မကောင်းဆိုးဝါးအပြုံးဖြင့် ကြည့်နေလေ၏။
"လူသားတဲ့လား၊ ပြီးတော့ ရထားနဲ့ရောက်လာတဲ့ လူသား၊ ဟားဟား ရတနာတွေပဲ။ မင်းတို့ရဲ့ ရထားတွေထဲမှာ ရတနာတွေ အပြည့်ရှိတယ်။ မင်းကိုသတ်မယ်၊ စားပစ်မယ်။ အကုန်လုံး ငါ့ဟာတွေချည်းပဲ"
လူသားဘာသာစကားကို ပြောဆိုနိုင်သော မကောင်းဆိုးဝါးတစ်ကောင်။ မည်သို့ပင်ဖြစ်စေ မကောင်းဆိုးဝါးတစ်ကောင်မျှသာ ဖြစ်ပေသည်။
ကောင်းကင်ယံထက်တွင် ပို၍ကြီးမားသော အလင်းမျက်နှာပြင်တစ်ခုပေါ်တွင်။ သူနှင့် ထိုငါးမန်းလူသားတို့၏ ရုပ်ပုံများ ထွက်ပေါ်လာလေ၏။
အချက်အလက် စာကြောင်းများကလည်း ယင်းအပေါ်၌ ရုပ်လုံးပေါ်လာပေသည်။
【အမည် - (မှတ်တမ်းမရှိပါ)၊ အဆင့်အတန်း - လွင်တီးခေါင်ပြင် ခရီးသွား၊ မျိုးနွယ် - လူသား၊ စမ်းသပ်မှု - ၀/၁၂】
【အမည် - နာတူလူး၊ အဆင့်အတန်း - ချောက်နက်ပင်လယ် နယ်ပယ် စစ်သည်တော်၊ မျိုးနွယ် - ငါးမန်းလူသား၊ စမ်းသပ်မှု - ၃/၁၂】
အချက်အလက်များက တစ်လက်လက် တောက်ပနေလေ၏။ ထို့နောက် ချက်ချင်းပင် ထိုလမ်းပြမိန်းကလေးက ကောင်းကင်ယံထက်၌ ထွက်ပေါ်လာလေတော့သည်။ ခံစားချက်ကင်းမဲ့လှသော လေသံဖြင့် ပြောဆိုလာလေ၏။
"ယှဉ်ပြိုင်ရမယ့် စမ်းသပ်မှု အကြောင်းအရာ။ အနီးကပ် တိုက်ခိုက်ရေးလက်နက်များကို အသုံးပြု၍ တိုက်ခိုက်ရန် အဖွဲ့ဝင်တစ်ဦးကိုသာ စေလွှတ်ခွင့်ပြုပါသည်"
"အခြားအရာများအားလုံးကို ကန့်သတ်ထားခြင်း မရှိပါ"
"တစ်ဖက်ဖက်က သေဆုံးသွားတဲ့အခါ စမ်းသပ်မှု ပြီးဆုံးပါမယ်"
"ကျေးဇူးပြုပြီး ဒီစမ်းသပ်မှုကွင်းပြင်မှာ သင့်နာမည်ကို ချန်ထားရစ်ခဲ့ပါ"
အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာလေ၏။
သူ့ရှေ့တွင် လက်ညှိုးကို ကလောင်တံအဖြစ် အသုံးပြုကာ စာလုံးသုံးလုံးကို ရေးချလိုက်လေတော့သည်။
"ရဲချီယန်"
အခန်း ၂၇၀
"အဖွဲ့ဝင်တစ်ဦးကိုပဲ စေလွှတ်ခွင့်ရှိတာလား။ ငါ့ရဲ့ စက်ယန္တရားဖန်တီးမှု ဒါမှမဟုတ် ဆင့်ခေါ်ထားတဲ့ သတ္တဝါဆိုရင်ကော ဘယ်လိုလုပ်မလဲ"
ကောင်းကင်ယံထက်မှ လမ်းပြက ရဲချီယန်၏ မေးခွန်းကို မဖြေကြားရသေးမီမှာပင် သံဆူးဘောလုံးကြီးကို ကိုင်ဆောင်ထားသော ငါးမန်းလူသားက အရင်ဆုံး ရူးသွပ်စွာ ရယ်မောလိုက်လေ၏။
"ဟားဟားဟား သူ့အစား ငါဖြေပေးမယ်။ မင်း တစ်ကောင်ပဲ လွှတ်ခွင့်ရှိတယ်။ ဒီစစ်တလင်းမှာ အရေအတွက် အသာစီးယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးကွ။ ကောင်လေး မင်းရဲ့ ဆင့်ခေါ်ကောင်ကို သေမင်းဆီ မြန်မြန်လွှတ်လိုက်စမ်းပါ"
လမ်းပြက ငါးမန်းလူသားကို ခံစားချက်ကင်းမဲ့စွာ တစ်ချက်လှမ်းကြည့်လိုက်ရာ ၎င်းက ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။ သို့သော်လည်း ရဲချီယန်ကိုမူ မည်သို့ ဝါးမြိုစားသောက်ရမည်ကို တွေးတောနေဟန်ဖြင့် ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးနှင့် စိုက်ကြည့်နေဆဲပင်။
"ဒီစမ်းသပ်မှုက တစ်ဦးချင်း စမ်းသပ်မှုပါ။ ယှဉ်ပြိုင်ဖို့အတွက် ပါဝင်သူ တစ်ဦးထက်ပိုပြီး စေလွှတ်ခွင့် မရှိပါဘူး။ ပြီးတော့ တိုက်ခိုက်တဲ့အခါ အနီးကပ် တိုက်ခိုက်ရေး လက်နက်တွေကိုပဲ အသုံးပြုရပါမယ်"
သဘောပေါက်ပြီ။
ဒီစမ်းသပ်မှုတဲ့လား။
တစ်နည်းအားဖြင့် ဤသည်မှာ ယခုတစ်ကြိမ်အတွက် သတ်မှတ်ထားသော စည်းမျဉ်းသာ ဖြစ်ပေသည်။ နောက်တစ်ကြိမ်တွင် ဤအတိုင်း ဖြစ်ချင်မှ ဖြစ်မည်ပင်။
"ဟေး လမ်းပြ အပေါ်က အချက်အလက်တွေ မှားရေးထားတာလား။ ဒီကောင်က နာမည်တောင် မှတ်တမ်းမတင်ရသေးတဲ့ လူသစ်ဖြစ်နေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက သုံးပွဲဆက်တိုက် နိုင်ထားပြီးသားကွ။ ငါနဲ့ ယှဉ်တွဲပေးတဲ့ ပြိုင်ဘက်ကလည်း သုံးပွဲဆက်တိုက် နိုင်ထားတဲ့သူ ဖြစ်ရမှာ မဟုတ်ဘူးလား"
ငါးမန်းလူသား ဘာတူလူးက ကောင်းကင်ထက်ရှိ အလင်းမျက်နှာပြင်ပေါ်မှ မှားယွင်းနေမှုတစ်ခုကို ရုတ်တရက် သတိပြုမိသွားလေ၏။ ၎င်းက ဤစစ်တလင်းတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး အမြဲတမ်း နိုင်ပွဲအရေအတွက် တူညီသော ပြိုင်ဘက်များနှင့်သာ ယှဉ်တွဲပေးလေ့ရှိသည် မဟုတ်ပါလား။
သုံးပွဲနိုင်ကို တစ်ပွဲနိုင်နဲ့ ယှဉ်တွဲပေးတာလား။
ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးသေးပေ။
လမ်းပြ၏ အကြည့်များက ရဲချီယန်ထံသို့ တိတ်ဆိတ်စွာ ကျရောက်လာပြီး တိုးညှင်းသော လေသံဖြင့် ဆိုလေသည်။
"ယှဉ်တွဲပေးတာ မမှားပါဘူး"
"စည်းမျဉ်းတွေက ဒီအတိုင်းပါပဲ"
ငါးမန်းလူသားက ၎င်း၏ခေါင်းကို ကုတ်လိုက်လေ၏။ ကြွက်သားများဖြင့်သာ ပြည့်နှက်နေသော ၎င်း၏ဦးနှောက်က သုံးပွဲနိုင်ထားသော သူ့ကို ဤစစ်တလင်းသို့ ယခုမှ ဝင်ရောက်လာခါစ လူသစ်တစ်ဦးနှင့် အဘယ်ကြောင့် ယှဉ်တွဲပေးရသနည်းဆိုသည်ကို စဉ်းစား၍ မရနိုင်တော့ချေ။
ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပေါ်လာရခြင်းတွင် အကြောင်းပြချက် တစ်ခုတည်းသာ ရှိနိုင်ကြောင်းကိုလည်း ၎င်းက လုံးဝ သတိမထားမိခဲ့ပေ။ ထိုအကြောင်းရင်းမှာ ၎င်း၏ရှေ့မှောက်ရှိ လူသားက ဤယှဉ်တွဲမှု စည်းမျဉ်းများ၏ ကန့်သတ်ချက်အောက်တွင် မူလအမြင့်ဆုံးစွမ်းရည်ကိုပင် ကျော်လွန်နေသည့် အစွမ်းအစများကို ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်လေ၏။
"လူသား ကြောက်ရွံ့စမ်း။ ကြီးမြတ်တဲ့ ငါးမန်းလူသား ဘာတူလူးရဲ့ရှေ့မှာ ဒူးထောက်လိုက်။ မင်းရဲ့ ဆင့်ခေါ်ကောင်ကို သေမင်းဆီ လွှတ်လိုက်စမ်းပါ။ အဲဒီလိုဆိုရင် မင်း အသက်ဆက်ရှင်နိုင်ဦးမယ်။ မင်းရဲ့ ဆင့်ခေါ်ကောင်တွေ အားလုံး ကုန်သွားတဲ့အထိပဲ ဟားဟားဟား"
ကြောက်ရွံ့ရမယ် ဟုတ်လား။
နောက်နေတာလား။ ဒီကောင်ရဲ့ ရုပ်သွင်ကို သရဲကားထဲ ထည့်ရိုက်ရင်တောင်မှ ရဲချီယန်အတွက်တော့ ဟာသတစ်ခုလိုသာ မြင်နေမိမည် ဖြစ်လေ၏။
"မင်း ဂိမ်းသိပ်မဆော့ဖူးဘူး ထင်တယ်"
"ဘာအဓိပ္ပာယ်လဲ"
ရဲချီယန်က ပြုံးလိုက်သည်။
"အဲဒီစကားက ဘယ်လိုပြောတာပါလိမ့်။ ဪ ဟုတ်ပြီ နိုင်ပွဲဆက်တိုက် နည်းနေတဲ့ငါက နိုင်ပွဲဆက်တိုက် များနေတဲ့မင်းနဲ့ ယှဉ်ရတာဆိုတော့ တကယ်တမ်း ကြောက်ရမှာက မင်းပဲလေ"
ပထမဆုံး ပွဲစဉ်ပင်။
လှလှပပလေး အနိုင်ယူလိုက်ကြစို့။
အနီးကပ် တိုက်ခိုက်ရေးလက်နက်များကိုသာ အသုံးပြုရမည်ဆိုမှတော့ မည်သူ့ကို စေလွှတ်ရမည်ကို သံသယဝင်နေစရာ မလိုတော့ပေ။
"မျက်ရည်နီ"
ဝုန်း။
သွေးရောင် လျှပ်စီးတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားလေ၏။ မျက်ရည်နီများ၏ မိုးရေစက်များက သဲကန္တာရထဲတွင် တည်ရှိနေသော ဤစစ်တလင်းကြီးတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားလေတော့သည်။
ငါးမန်းလူသားက ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။
"ဟားဟား ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီနေတာပဲ။ မိုးရွာနေပြီ။ ငါ ပိုပြီး စွမ်းအားကြီးလာတော့မယ်"
မိုးရေစက်များနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကြွက်သားများနှင့် ခန္ဓာကိုယ်အရွယ်အစားက ပိုမိုထွားကျိုင်းလာကာ စွမ်းအားများ ပြည့်ဝလာချေပြီ။
အိမ်စွပ်လျက်သားရှိသော ဓားရှည်တစ်လက်ကို ရင်ခွင်ထဲ ပိုက်ထားသည့် မျက်ရည်နီက စစ်တလင်း၏ အလယ်ဗဟိုတွင် ထွက်ပေါ်လာသောအခါ ငါးမန်းလူသားမှာ ပို၍ပင် မောက်မာလာလေတော့သည်။
"ပိန်ပိန်ပါးပါးနဲ့ အရသာရှိမယ့်ပုံ မပေါ်ပါဘူးကွာ ဟားဟား"
ဒိုင်း။
လမ်းပြမိန်းကလေးက ကောင်းကင်သို့ မော့ကြည့်လိုက်လေ၏။ သူမက မျက်ရည်နီ၏ မိုးရေစက်အနည်းငယ်ကို လက်ဖြင့် ဖမ်းယူလိုက်ရာ အေးချမ်းပြီး တုန်လှုပ်မှုကင်းမဲ့နေသော သူမ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇဝေဇဝါဖြစ်နေဟန် ထွက်ပေါ်လာပေသည်။
သူမက မိုးရေများကို အမြန်ခါချလိုက်ကာ သူမ၏ အဝတ်အစားဖြင့် လက်ကို သုတ်လိုက်ပြီးနောက် မည်သည့်နေရာမှန်းမသိသော နေရာတစ်ခုမှ ထီးတစ်လက်ကို ထုတ်ယူကာ လေပြင်းနှင့် မိုးစက်များကို ကာကွယ်လိုက်လေ၏။
ဤအချိန်တွင် မျက်ရည်နီနှင့် ရဲချီယန်တို့ထံ ကျရောက်နေသော သူမ၏ အကြည့်များတွင် အံ့သြမှင်တက်မှုများသာမက ကြောက်ရွံ့မှုအနည်းငယ်ပါ ရောနှောနေချေပြီ။
ဒင်ဒင်။
ခေါင်းလောင်းသံ ထွက်ပေါ်လာလေသည်။
ငါးမန်းလူသား ဘာတူလူးက ထိုဧရာမ သံဆူးဘောလုံးကြီးကို မြှောက်ကာ ခေါင်းပေါ်တွင် လှည့်ပတ်လိုက်ပြီးနောက် အားကုန် လွှဲပစ်လိုက်လေ၏။
မျက်ရည်နီက အလွယ်တကူ ရှောင်တိမ်းလိုက်သော်လည်း အနီးကပ် တိုက်ခိုက်ရေးတဲ့လား။ ဒါက အနီးကပ် တိုက်ခိုက်မှုလို့ သတ်မှတ်လို့ ရနိုင်သေးရဲ့လား။
လမ်းပြက မည်သည့်စကားမျှ မဆိုချေ။ ဆိုလိုသည်မှာ ဤစစ်တလင်းရှိ စည်းမျဉ်းများမှာ ပကတိအတိုင်း တိကျမှုမရှိဟု အဓိပ္ပာယ်ရပေသည်။
"မျက်ရည်နီ"
ရဲချီယန်က ဤငါးမန်းလူသားအပေါ်တွင် အချိန်ထပ်ဖြုန်းနေရန် ရည်ရွယ်မထားချေ။
၎င်းက အင်အားမကြီးမားပေ။
သို့မဟုတ် ပို၍တိကျအောင် ပြောရလျှင်။
အလွန်အားနည်းလွန်းလှသည်။
သုံးပွဲဆက်တိုက် နိုင်ထားတယ် ဟုတ်လား။
ကြည့်ရတာ။ ဘာမှ အထူးအဆန်းတော့ မဟုတ်ပါဘူးလေ။
"ဓားကို ဆွဲထုတ်လိုက်"
အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မျက်ရည်နီ၏ ပုံရိပ်က ငါးမန်းလူသား၏ ကျောဘက်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားလေတော့သည်။
နှေးကွေးသည်ဟု ထင်ရသော သူမ၏ ဓားဝှေ့ယမ်းမှုက ငါးမန်းလူသားအနေဖြင့် မည်သို့ပင် ကြိုးစားစေကာမူ လုံးဝ ရှောင်တိမ်း၍မရနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်နေပေသည်။
ဝှီး။ စွဲထင်နေသောမျက်ရည်ဓားက တိုးညှင်းသော မြည်သံတစ်သံကို ထုတ်လွှင့်လိုက်လေ၏။
ငါးမန်းလူသား၏ ခန္ဓာကိုယ်ထက်တွင် အထက်မှအောက်သို့ အလယ်တည့်တည့်မှ ဖြတ်ကာ သေးသွယ်သော သွေးစွန်းရာတစ်ခု ထွက်ပေါ်လာလေတော့သည်။
၎င်းက တုန်ယင်စွာဖြင့် ၎င်း၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ကာ စကားပြောရန် ပြင်လိုက်သော်လည်း ၎င်း၏ ပါးစပ်မှာ နှစ်ခြမ်းကွဲသွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ မဟုတ်သေး ပါးစပ်တစ်ခုတည်း မဟုတ်ပေ။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးပင် နှစ်ခြမ်းကွဲသွားခဲ့ပြီ ဖြစ်လေ၏။
ဘုတ် ဘုတ်။
နှစ်ခြမ်းကွဲသွားသော ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားကာ တူညီသော အသံနှစ်သံ ထွက်ပေါ်လာလေသည်။
အလင်းမျက်နှာပြင်ပေါ်တွင် ငါးမန်းလူသား၏ ရုပ်ပုံလေးက မီးခိုးရောင်သို့ ပြောင်းလဲသွားချေပြီ။
ပီ။
စူးရှသော ဥသြသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူသားပုံစံ အတုအယောင် ပုံရိပ်များထံမှ ကြီးမားလှသော အားပေးဟစ်ကြွေးသံများ ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။
ရဲချီယန်က လမ်းပြကို ကြည့်ကာ ပြုံးလိုက်လေ၏။
"နောက်တစ်ပွဲ ဆက်လို့ရမလား"
လမ်းပြက မြေပြင်ဆီသို့ တိတ်ဆိတ်စွာ ပျံသန်းဆင်းသက်လာသော်လည်း သူမ၏ ခန္ဓာကိုယ်က လေထဲတွင် လွင့်မျောနေဆဲပင် ဖြစ်သည်။ သူမက မိုးရေစက်များနှင့် အနည်းငယ်မျှပင် မထိတွေ့လိုဟန်ဖြင့် အနည်းငယ် ကွေးညွတ်နေလေ၏။
ရဲချီယန်ကို ကြည့်လိုက်သော သူမ၏ အကြည့်က အစပိုင်းကဲ့သို့ အေးချမ်းပြီး ခံစားချက်ကင်းမဲ့နေခြင်း မရှိတော့ဘဲ နားလည်ရခက်သော စိတ်ခံစားမှုတစ်ခု ထပ်ပေါင်းပါဝင်လာချေပြီ။
ဤအကြည့်။ ရဲချီယန်က ထိုအကြည့်ကို အလွန်ရင်းနှီးနေသည်ဟု ခံစားနေရလေသည်။ သူသိသောသူ တစ်ဦးဦး၏ ရင်းနှီးမှုမျိုး မဟုတ်ဘဲ အလားတူ ခံစားချက်ပါဝင်သော အကြည့်မျိုးဖြင့် သူ့ကို ကြည့်ဖူးသူ ရှိခဲ့ဖူးသည်ဟူသော ခံစားချက်မျိုးပင်။
ဘယ်သူပါလိမ့်။
"သင် အနိုင်ရသွားပါပြီ"
ကောင်းကင်ထက်ရှိ မျက်နှာပြင်ပေါ်တွင် ရဲချီယန်၏ အမည်နောက်၌ "တစ်ပွဲနိုင်" ဟူသော စာသား ထွက်ပေါ်လာလေ၏။
"ဒါဆိုရင် နောက်တစ်ပွဲ ဆက်လို့ရမလား"
လမ်းပြက ခေါင်းခါပြလိုက်သည်။
"မနက်ဖြန်မှပဲ ရပါမယ်။ အဲဒါက စည်းမျဉ်းပါ"
ကောင်းပြီ။ ဤမှတ်တိုင်မှ ထွက်ခွာနိုင်ရန် အနည်းဆုံး ဆယ့်နှစ်ရက်ခန့် အချိန်ယူရမည့်ပုံ ပေါ်ပေသည်။
"သင်..."
"ဟင်"
"မဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး။ ဒါက မနက်ဖြန်အတွက် တည်နေရာပါ။ မနက်ဖြန် မွန်းလွဲ တစ်နာရီမတိုင်ခင် တည်နေရာကို အရောက်လာဖို့ မမေ့ပါနဲ့"
"အခု ချက်ချင်း ပေးတာလား။ စည်းမျဉ်းတွေထဲမှာ ပြောထားတာက..."
"..."
လမ်းပြက မည်သည့်စကားမျှ မဆိုဘဲ သူ့ကို တိတ်ဆိတ်စွာသာ စိုက်ကြည့်နေလေ၏။
"ကောင်းပါပြီ မနက်ဖြန် မွန်းလွဲ တစ်နာရီမတိုင်ခင် အရောက်လာခဲ့ပါ့မယ်။ ဒါနဲ့ နောက်စမ်းသပ်မှု မစခင် ကျွန်တော် ဘာလုပ်နေရမလဲ"
"အနားယူပါ။ စားသောက်ပါ"
"ဘယ်နေရာမှာလဲ"
လမ်းပြက မြေပြင်ကို လက်ညှိုးထိုးပြလိုက်လေသည်။
"ဒီနေရာမှာပါ။ နောက်စမ်းသပ်မှုကို မလုပ်ဆောင်ခင်အထိ ဒီနေရာက ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ သင့်ရဲ့ အနားယူရာ နေရာအဖြစ် ရှိနေမှာပါ"
"မနက်ဖြန် စမ်းသပ်မှုမှာ ပါဝင်ဖို့ မမေ့ပါနဲ့။ ပြီးတော့ ဒီမိုးရေတွေကို... အချိန်အကြာကြီး ရွာမနေစေပါနဲ့"
ထိုသို့ပြောပြီးနောက် လမ်းပြ၏ လက်ထဲရှိ ထီးက သူမကို ကောင်းကင်ယံသို့ သယ်ဆောင်သွားကာ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။
မိုးတိတ်သွားချေပြီ။
မျက်ရည်နီက ရဲချီယန်၏ အနားသို့ ပြန်လည်ရောက်ရှိလာလေ၏။
"ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်"
သူက မျက်ရည်နီ၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
နှစ်ခြမ်းကွဲသွားသော ငါးမန်းလူသား၏ အလောင်းက ထိုနေရာတွင် ရှိနေဆဲပင်။
"ဒီလောက်တောင် ကြီးလာတာဆိုတော့ ငါးစာ အများကြီး လုပ်လို့ရလောက်တယ်"
"ဒါပေမဲ့ မနက်ဖြန် မွန်းလွဲ တစ်နာရီဆိုတာက... လွင်တီးခေါင်ပြင် ကို ရောက်ရှိတဲ့ ပုံမှန်အချိန်နဲ့ အတူတူပဲကိုး"
"ဟင်။ ဒါက လွင်တီးခေါင်ပြင် ကို တုပနေတာများလား"