အခန်း (၂၇၁-၂၇၂)
Vol. 24 Ch. 271-272
အခန်း ၂၇၁
ပြန်စဉ်းစားကြည့်လျှင် တကယ်ကို အနည်းငယ် ဆင်တူနေပေသည်။
တစ်ရက်လျှင် တစ်ကြိမ် မွန်းလွဲတစ်နာရီတွင် စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ရပြီး မတူညီသော တည်နေရာများတွင် ဖြစ်ရမည်ဖြစ်ကာ အပြင်ဘက်ကမ္ဘာကလည်း အဆုံးအစမရှိသော လွင်တီးခေါင်ပြင်နှင့် အလွန်ဆင်တူသည့် သဲကန္တာရကြီး ဖြစ်နေဆဲပင်။
ဤသည်မှာ လွင်တီးခေါင်ပြင်ကို အခြားပုံစံတစ်မျိုးဖြင့် တုပနေခြင်းသာ မဟုတ်ပါလော။
"ဒီပလက်ဖောင်းက တကယ်ကို စိတ်ဝင်စားစရာကောင်းတယ် မထင်ဘူးလား လီဆက်"
ငါးမန်းလူသား၏ နှစ်ခြမ်းကွဲနေသော အလောင်းကို ဆွဲယူရန် ကောင်းကင်သိမ်းငှက်နှင့် ထိုဝက်ဝံပေါက်စလေးအား ညွှန်ကြားနေသော လီဆက်က ခေါင်းကို စောင်းလိုက်လေ၏။
"ဟင်"
ကောင်းပြီ။ သူမကို မေးမြန်းနေခြင်းက အချိန်ဖြုန်းနေခြင်းသာ ဖြစ်ပေသည်။
ရဲချီယန်က နေရာတစ်ခုကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်နေသရွေ့ သူမကလည်း ထိုအတိုင်းပင် တွေးတောမည် ဖြစ်လေ၏။
စမ်းသပ်မှု ပြီးဆုံးသွားသည်နှင့်အမျှ ပွဲကြည့်စင်ပေါ်ရှိ လူသားပုံစံ အတုအယောင် ပုံရိပ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားချေပြီ။
စစ်တလင်းကြီးတစ်ခုလုံးက ချက်ချင်းဆိုသလို သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
"နောက်တစ်ပွဲက မနက်ဖြန် မွန်းလွဲတစ်နာရီမှ စမှာဆိုတော့ အချိန်တွေ အများကြီး ရသေးတာပဲ။ အဲဒီလိုဆိုမှတော့"
အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရမည်လား။
မလုပ်သေးပေ။
သူ အချိန်အတော်ကြာကတည်းက လုပ်ချင်နေခဲ့သော ကိစ္စတစ်ခု ရှိနေလေ၏။
နောက်ဆုံးတော့ ထိုအရာကို စမ်းသပ်ကြည့်ရမည့်အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ဒီချိတ်ပိတ်မှုကို ဖျက်ဆီးရမယ့် အချိန်ရောက်ပြီ"
"ဒီနေရာမှာသာဆိုရင်"
ရဲချီယန်က လက်ဖျစ်တီးလိုက်လေ၏။
နတ်ဆိုး ကတ်ပြား · မာနတရားနှင့် နတ်ဆိုး ကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်းတို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကာ သူ၏ဘေးတွင် လွင့်မျောလှည့်ပတ်နေကြလေသည်။
"မင်းတို့တွေလည်း ထွက်လာခဲ့"
ကျီးကန်းနတ်ဆိုး အမွှာတို့ကလည်း အတူတကွ ထွက်ပေါ်လာလေ၏။
ရေသိုလှောင်ရေး ရထားတွဲအတွင်း၌ အိပ်ပျော်နေသော လောဘတကြီး စားသောက်ခြင်း နတ်ဆိုးကိုလည်း သူက ခေါ်ထုတ်လိုက်ရာ ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်ပုံစံသို့ ပြောင်းလဲသွားလေတော့သည်။
ယင်းအပြင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အခြေအနေဖြင့် အီဗ်နှင့် သူ မကြာသေးမီကမှ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ထားသော ဗီလိန်တို့ပါ ပေါင်းထည့်လိုက်လေ၏။
ဘုရားစူး ကတ်ပြားနှင့် အမဲလိုက်ခြင်းတို့ကို ဖယ်ကြဉ်လိုက်လျှင် ဤအနက်ရောင် ချိတ်ပိတ်ခြင်း သေတ္တာအပေါ် ရဲချီယန်က အကြီးမားဆုံးသော လေးစားမှုကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။
"ဒီလောက်ဆို အဆင်ပြေလောက်ပါပြီ"
သူက သိုလှောင်ခန်း ရထားတွဲအတွင်းမှ ချိတ်ပိတ်ခြင်း သေတ္တာကို ထုတ်ယူလိုက်လေ၏။
ထိုအပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
သန့်စင်သော အနက်ရောင် အလင်းတန်းတစ်ခုက ယင်းကို အပြည့်အဝ ဖုံးလွှမ်းသွားချေပြီ။
"ဟူး"
【စိတ်စွမ်းအား - ၂၁၀ (အမှန်နှင့် အတုအယောင်ကို မျက်မြင်တွေ့ရှိခြင်း)】
【ပညတ်တရားအားလုံးကို ဖျက်ဆီးမည့် အဆောင်】
【စိတ်စွမ်းအား ၂၀၀ ကို စားသုံးမည်ဖြစ်ပြီး မည်သည့် လျှို့ဝှက်ဆန်းကြယ်မှု၊ မှော်ပညာ၊ ချိတ်ပိတ်မှု၊ အကာအကွယ်၊ ပုံမှန်မဟုတ်သောအရာကိုမဆို ဖျက်ဆီးနိုင်ပါသည်】
ရဲချီယန်က သပ်ရပ်လှပစွာ ပုံဖော်ထားသော ခရုပတ်ပုံစံ ဓားမြှောင်ကို လက်နှစ်ဖက်ဖြင့် မြင့်မားစွာ မြှောက်ကိုင်လိုက်ကာ သူ၏ရှေ့ရှိ အနက်ရောင် အလင်းစက်ဝိုင်းဆီသို့ ချိန်ရွယ်လိုက်လေ၏။
"ဒီအထဲမှာ တကယ်တမ်း ဘာတွေရှိနေလဲဆိုတာ ငါ့ကို ပြစမ်း"
ရွှမ်း။
ဓားမြှောင်၏ အဖျားက ချိတ်ပိတ်မှုအပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင်ပင်။
ဤကမ္ဘာရှိ အရာအားလုံးက လွန်ကဲသော အဖြူနှင့် အမည်းရောင်များဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
အရာအားလုံးက အဖြူအမည်း ရုပ်ပြစာအုပ်ထဲမှ မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
ဤအဖြူအမည်း အခြေအနေက ကြာရှည်မခံခဲ့ချေ။ ကမ္ဘာကြီးက ၎င်း၏ မူလအရောင်များကို ပြန်လည်ရရှိလာချိန်တွင် ချိတ်ပိတ်ထားသော အလင်းစက်ဝိုင်းပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ တဖြည်းဖြည်းချင်း အက်ကွဲစပြုလာလေ၏။
အပြည့်အဝ အက်ကွဲကြေမွသွားသည်အထိပင်။
ကျွီ။
ချိတ်ပိတ်ခြင်း သေတ္တာက ပွင့်သွားပြီး ယင်းအတွင်းမှ အရာတစ်ခုက ခုန်ထွက်လာကာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျလာလေ၏။
ယင်းမှာ သေတ္တာတစ်လုံးဖြစ်ပြီး သူ အရင်က တစ်နေရာရာတွင် မြင်ဖူးခဲ့သော သေတ္တာတစ်လုံး ဖြစ်လေသည်။ မဟုတ်သေး ပို၍တိကျအောင် ပြောရလျှင် သူ ပိုင်ဆိုင်ထားသော သေတ္တာတစ်လုံးပင် ဖြစ်ပေ၏။
"ချိတ်ပိတ်မှုထဲမှာ မီးခံသေတ္တာ တစ်လုံး ရှိနေတာလား"
ဟုတ်ပေသည်။ ယင်းက ရှာယာ သူ့ကို ပေးခဲ့သော မီးခံသေတ္တာနှင့် အတူတူပင်ဖြစ်သော်လည်း အရွယ်အစား ပိုငယ်ရုံမျှသာ ဖြစ်လေ၏။
ထိုမီးခံသေတ္တာထဲတွင် ဘာရှိနေမည်နည်း။
သူက ရှေ့သို့ လှမ်းသွားကာ ယင်းကို ထိတွေ့လိုက်လေသည်။
စနစ်၏ အချက်အလက်ဖော်ပြသည့် အလင်းမျက်နှာပြင်က သူ၏ မျက်စိရှေ့တွင် လွင့်မျောလာလေ၏။
【၁x၁ မီးခံသေတ္တာ (အဆင့် ၈)】
【ဘေးကင်းလုံခြုံရေး မရှိသော အခြေအနေသို့ သတ်မှတ်ထားပါသည်】
【အချိန်မရွေး ဖွင့်လှစ်နိုင်ပါသည်】
【လက်ရှိတွင် ပစ္စည်းတစ်ခု ပါဝင်ပါသည်】
【အကျိုးသက်ရောက်မှု - ဖျက်ဆီး၍မရနိုင်ပါ... (ချန်လှပ်ထားပါသည်)】
သူက မီးခံသေတ္တာပေါ်ရှိ ဖွင့်ရန်ခလုတ်ကို ကျွမ်းကျင်စွာ နှိပ်လိုက်လေ၏။
ယင်းအတွင်း၌ သိမ်းဆည်းထားသောအရာမှာ ချိတ်ပိတ်ခြင်း သေတ္တာက ချိတ်ပိတ်ထားသည့် စစ်မှန်သော အရာဝတ္ထုပင် ဖြစ်ပေသည်။
သေတ္တာအတွင်း၌ နက်ရှိုင်းသော အပြာရောင်အရာဝတ္ထုတစ်ခုသာ ရှိနေပြီး ယင်းအတွင်း၌ ကြယ်ရောင်များက စီးဆင်းကာ အဆက်မပြတ် တလက်လက် တောက်ပနေလေ၏။
ထပ်မံ၍ အချက်အလက် စစ်ဆေးကြည့်လိုက်သည်။
【ပါရမီ အတုံး (အဆင့် ၁၂)】
【ဂန္ထဝင် ရထားမောင်းနှင်သူတစ်ဦး၏ ပါရမီ ပါဝင်ပါသည်】
【အသုံးပြုသူက တက်ကြွစွာ ချိတ်ဆက်ရန် လိုအပ်ပါသည်။ ၎င်းတို့ သေဆုံးသွားချိန်တွင် ပိုင်ဆိုင်ထားသော ပါရမီကို ဤအတုံးမှတစ်ဆင့် ကူးယူသွားမည် ဖြစ်ပါသည်】
【အသုံးပြုနိုင်သော အကြိမ်ရေ - ၁၀/၁၀】
【ပါရမီ အမည် - ကြယ်တွေကို ကျော်လွန်ခြင်း】
【ကြယ်တွေကို ကျော်လွန်ခြင်း - ပစ္စည်းတစ်ခု၊ သက်ရှိတစ်ခု၊ တည်ရှိမှုတစ်ခု သို့မဟုတ် ရထားတစ်စင်း၏ အမြန်နှုန်းကို အချိန်အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးရန် စိတ်စွမ်းအားကို စားသုံးမည် ဖြစ်ပါသည်။ အသုံးပြုမှုတိုင်းက မြှင့်တင်ထားပြီးဖြစ်သော အမြန်နှုန်းအပေါ်သို့ ထပ်မံပေါင်းထည့်သွားမည်ဖြစ်ပြီး ကြာချိန်ကို အသစ်ပြန်လည်သတ်မှတ်ပေးမည်ဖြစ်သော်လည်း စားသုံးမည့် စိတ်စွမ်းအားမှာလည်း ထပ်တိုး မြင့်တက်လာမည် ဖြစ်ပါသည်】
【ဤပါရမီကို အသုံးမပြုချိန်တွင် ပါရမီ အတုံးက အထူးစွမ်းအင်များကို ထုတ်လွှတ်ပေးမည်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ တည်ရှိမှုများ၏ သက်ရှိအဆင့်အတန်းကို လွှမ်းမိုးရန် ပါရမီ၏ စွမ်းရည်ကို အသုံးပြုမည် ဖြစ်ပါသည်】
【မှတ်ချက် - ငါ ပုန်းကွယ်နေခဲ့တယ်၊ ငါ သေသွားပြီ၊ ငါ ကျရှုံးသွားပြီ။ ငါ ရှေ့ဆက်မသွားချင်တော့ဘူး၊ ငါ ရပ်တန့်ချင်ပြီ။ ဒီပါရမီက ငါနဲ့ မထိုက်တန်ပါဘူး၊ ဘယ်သူဖြစ်ဖြစ် လာယူသွားကြပါတော့】
【မှတ်ချက် ၂ - မဟုတ်ဘူး... ဘယ်သူ့ကိုမဆို ဒီအတိုင်း ယူသွားခွင့်ပေးလို့ မရဘူး။ ချိတ်ပိတ်ထားရမယ်၊ ဟုတ်တယ်၊ ချိတ်ပိတ်ခြင်း သေတ္တာ။ ချိတ်ပိတ်ခြင်း သေတ္တာကို ဖျက်ဆီးနိုင်တဲ့သူမှသာ ငါ့ရဲ့ပါရမီကို ရရှိနိုင်လိမ့်မယ်】
【မှတ်ချက် ၃ - ဟားဟားဟား။ အချိန်ကို နောက်ပြန်ဆုတ်လို့ မရဘူး။ အရာအားလုံးကို ပြန်ပြင်လို့ မရတော့ဘူး။ ရှေ့ကလမ်းက ရှေ့ကလမ်းပါပဲ။ အဆုံးအစမရှိဘူး။ အဆုံးသတ်ကို ငါရှာမတွေ့နိုင်ဘူး၊ အဆုံးသတ်ကို ငါ မရောက်နိုင်ဘူး】
【မှတ်ချက် - ဤသည်မှာ လူတစ်ဦး သေဆုံးခြင်းမတိုင်မီ ချန်ရစ်ခဲ့သော နောက်ဆုံး အမွေအနှစ် ဖြစ်ပါသည်】
ပါရမီတဲ့လား။ ကြယ်တွေကို ကျော်လွန်ခြင်း။ ပြီးတော့ ဒီအပိုဆောင်း စာကြောင်းတွေ။
ဒါက တကယ်ပဲ ကျိုးရှန်ချင်းရဲ့ ပါရမီလား။
ချိတ်ပိတ်မှုအတွင်း၌ ဤအရာရှိနေမည်ဟု ရဲချီယန်က တကယ်ကို မထင်မှတ်ထားခဲ့ချေ။
ပါရမီတစ်ခုက ဤကဲ့သို့သော ပုံစံဖြင့် ထွက်ပေါ်လာနိုင်လိမ့်မည်ဟုလည်း သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ကျိုးရှန်ချင်းတဲ့လား။ ကြည့်ရတာ သူက လုံးဝ ရူးသွပ်သွားခဲ့တဲ့ပုံပဲ"
ထိုနေ့စဉ်မှတ်တမ်းထဲမှ အကြောင်းအရာများကို သူ ပြန်လည်အမှတ်ရသွားလေ၏။
လူတိုင်း၏ မျှော်လင့်ချက်များကို ထမ်းပိုးထားရသူ။
သို့သော်လည်း သူက ခရီးမစတင်မီကတည်းက ကျရှုံးရန် ဖန်တီးခံထားရကြောင်းကို သိရှိနေခဲ့ပေသည်။
ဤကဲ့သို့သော ကိစ္စရပ်က တာဝန်သိစိတ် အလွန်ကြီးမားလွန်းသူတစ်ဦးအတွက် တကယ်ကို နာကျင်စရာကောင်းလှပေလိမ့်မည်။
"ကြယ်တွေကို ကျော်လွန်ခြင်း၊ ဒီလူရဲ့ ပါရမီက တကယ်ကို အဲဒီနာမည်ပဲ။ ဒါပေမဲ့ ဆယ်ကြိမ်ပဲ သုံးလို့ရမယ်ဆိုတော့... သုံးပြီးသွားရင် အလဟဿဖြစ်သွားမှာ နှမြောစရာပဲနော်။ နေပါဦး ဒါပဲ"
ရဲချီယန်က သူ၏ နဖူးကို ရိုက်လိုက်ကာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားလေတော့သည်။
ကျောက်လင်ထံမှ သူရရှိထားခဲ့သော ကံကြမ္မာကတ်ပြား · မညီမျှသော လက်ဆောင်ကို လေဟာနယ် ကတ်ပြား သိုလှောင်ရုံအတွင်းမှ ထုတ်ယူလိုက်လေ၏။
"ဒီအရာက ပါရမီတွေကို ဖလှယ်ခွင့်ပြုတယ် မဟုတ်လား။ တစ်ဝက်ပဲ ဖလှယ်လို့ရမယ်ဆိုပေမယ့် လုံးဝမရှိတာထက်တော့ ပိုကောင်းပါသေးတယ်"
"ပြီးတော့ အခုချက်ချင်း ဖလှယ်နေစရာ မလိုသေးဘူး။ နောက်ဆုံးအကြိမ် သုံးမယ့်အချိန်ရောက်မှ ဒီပါရမီကို ဖလှယ်လိုက်မယ်။ ဟား ငါ့မှာ ဒီကတ်ပြားကို သုံးရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး"
ထိုလူလိမ်မ ကျူရှင်းထူကို သူ တကယ် ကျေးဇူးတင်သင့်ပေသည်။
သူမသာ ကျောက်လင်၏ ပါရမီကို သွားရောက်မဖလှယ်ခဲ့ပါက ဤကတ်ပြားက သူ၏လက်ထဲသို့ ရောက်ရှိလာမည် မဟုတ်ချေ။
ချိတ်ပိတ်ခြင်း သေတ္တာကို ဖွင့်လှစ်ပြီးနောက် ရဲချီယန်က အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်တော့ပေ။
သူ မလုပ်ချင်၍ မဟုတ်ဘဲ ပညတ်တရားအားလုံးကို ဖျက်ဆီးမည့် အဆောင်ကို အသုံးပြုပြီးနောက် သူ၏ စိတ်စွမ်းအားက ဆယ်မှတ်သာ ကျန်ရှိတော့သောကြောင့် ဖြစ်လေ၏။
ဘာမှလုပ်စရာမရှိသဖြင့် သူက အချိန်ဖြုန်းရန်အတွက် ရေသိုလှောင်ရေး ရထားတွဲသို့သွားကာ ငါးမျှားနေလိုက်ပြီး လီဆက်ကိုလည်း ညစာပြင်ဆင်ထားရန် ပြောလိုက်လေတော့သည်။
"ဝေါလီကများ ရတနာတွေ ရှာတွေ့နေလောက်ပြီလား မသိဘူး"
ကောင်းကင်ယံဥယျာဉ်။
ရှာယာက သူမ၏ ပုံမှန် ဆုတောင်းခြင်းကို ပြီးဆုံးသွားလေ၏။
သူမ၏ဘေးတွင် တီနာလေးက ရွှေရောင်လက်မှတ်တစ်စောင်ကို ကမ်းပေးလာလေသည်။
"သီလရှင်အစ်မ အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အစ်မကြီးက လက်မှတ်တစ်စောင် ချန်ထားခဲ့တယ်သိလား။ အဲဒီနေရာကို ထပ်သွားဦးမှာလား။ အင်း... ကျွန်မ မှတ်မိသလောက်ဆိုရင် အဲဒီနေရာနာမည်က..."
"အဲရစ်ရဲ့ နေရောင်ခြည်သရဖူ စစ်တလင်းလေ"
ရှာယာက တီနာလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ သူမ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားလေ၏။
"အစ်မ နောက်ဆုံးတစ်ခေါက် သွားခဲ့တာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကလေ။ အဲဒီမှာ အစ်မ လာအမဲလိုက်မှာကို စောင့်နေတဲ့ နတ်ဘုရားတစ်ပိုင်းတွေ ဒါမှမဟုတ် နတ်ဘုရားဖြစ်ချင်နေတဲ့ အရူးတွေ အများကြီးရှိတယ်။ စကားမစပ် အဲဒီမှာ ကောင်းတဲ့ပစ္စည်း အတော်များများကို စုဆောင်းလို့ရတယ်။ လက်ရှိ အမြင့်ဆုံး နိုင်ပွဲဆက်တိုက် စံချိန်က အစ်မရဲ့နာမည်ပဲ ဖြစ်နေတုန်းလားဆိုတာ အစ်မ တော်တော်လေး စိတ်ဝင်စားမိတယ်။ တကယ်လို့ အခွင့်အရေးရှိရင် နတ်ဘုရားတစ်ပါးပါးနဲ့တောင် ဆုံချင်ဆုံရနိုင်တယ်"
"အဲဒါက သီလရှင်အစ်မရဲ့ နာမည်ပဲ ဖြစ်ရမှာပေါ့။ ဪ ဟုတ်သားပဲ ဒီမှာ ကြယ်အမြုတေနဲ့ လနှလုံးသားဆိုတဲ့ လက်မှတ်နှစ်စောင်လည်း ရှိသေးတယ်။ အဲဒီ စိတ်ရှုပ်စရာကောင်းတဲ့ အစ်မကြီးက သမီးကို ပေးသွားတာ။ အဲဒါတွေကို လွှင့်ပစ်လိုက်ရမလား"
တီနာ၏ လက်ထဲရှိ အခြားလက်မှတ်နှစ်စောင်ကို ကြည့်ကာ ရှာယာက အနည်းငယ် စဉ်းစားခန်း ဝင်သွားလေ၏။
"အင်း... အဲဒါတွေကို ရဲချီယန်ကို ပေးလိုက်လို့ရတယ်။ နောက်ထပ် တစ်လလောက်ဆိုရင် သူက အဆင့်မြင့် ပလက်ဖောင်းကို ဝင်ရောက်နိုင်လောက်ပြီ။ သူ့ရဲ့ နတ်ဆိုး ကတ်ပြား အစီအစဉ်နဲ့ဆိုရင် သူ သိပ်ကံမဆိုးသရွေ့ ကြယ်အမြုတေ အဆင့် ပလက်ဖောင်းမှာ ပြဿနာ မရှိနိုင်ဘူး။ ဟုတ်ပြီ ဆုံးဖြတ်လိုက်ပြီ။ သူ့ကို အခုပဲ ဆက်သွယ်လိုက်မယ်"
ရှာယာက သူမ၏ သူငယ်ချင်းစာရင်းကို ဖွင့်လိုက်ရာ ရဲချီယန်၏ အမည်က အပေါ်ဆုံးတွင် ရှိနေပေသည်။
သူမက စကားပြောသည့်စာမျက်နှာကို ဖွင့်ကာ စာတစ်စောင် ရိုက်ထည့်လိုက်သော်လည်း ပေးပို့ရန် မနှိပ်ရသေးမီမှာပင်။
သူမ၏ ရထားစနစ်ပေါ်တွင် အသိပေးချက်အသစ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။
【ခွင့်ပြုချက် ရရှိပါသည်၊ စနစ် အသိပေးချက် - တီ၊ သင် ဆက်သွယ်နေသော ရထားမောင်းနှင်သူ ရဲချီယန်က တူညီသော အချိန်စီးဆင်းမှု ဟင်းလင်းပြင်အတွင်း၌ မရှိပါ။ ကျေးဇူးပြု၍ သူနှင့် ဆက်သွယ်ရန်အတွက် အချိန်စီးဆင်းမှု တစ်ပြိုင်တည်းဖြစ်စေခြင်း ခွင့်ပြုချက်ကို အသက်သွင်းပါ】
ရှာယာ - "O_o"
"ဟင်"
အခန်း ၂၇၂
ဒုတိယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရဲချီယန်က တည်နေရာအသစ်ဆီသို့ ရောက်ရှိလာခဲ့လေ၏။
သူ၏ပြိုင်ဘက်မှာ ခြောက်ပွဲဆက်တိုက် အနိုင်ရထားသော မီးပုတ်သင်လူသား တစ်ကောင်ဖြစ်ပေသည်။
စည်းမျဉ်းများက တစ်ဦးချင်း ယှဉ်ပြိုင်ရမည့်စနစ်ဖြစ်ဆဲပင် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ကွာခြားသွားသည်မှာ အဝေးပစ်လက်နက်များကိုသာ အသုံးပြုရမည်ဖြစ်ခြင်းပင်။
အဝေးပစ်အတွက်ဆိုလျှင် အီဗ် သို့မဟုတ် အမဲလိုက်ခြင်းတို့က အကောင်းဆုံး ရွေးချယ်မှုများ ဖြစ်သင့်ပေသည်။ သို့သော် ရဲချီယန်က ဗီလိန်ကိုသာ ဆင့်ခေါ်လိုက်လေ၏။
"မင်းရဲ့စွမ်းရည်ကို စမ်းသပ်ကြည့်ကြတာပေါ့"
ဗီလိန်က ၎င်း၏ စက်ယန္တရားခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လုံးဝကိုက်ညီမှုမရှိသော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံကြီးကို ထုတ်လွှင့်လိုက်လေသည်။ မိုးထိမတတ် မြင့်မားလှသော စက်ရုပ်စစ်သည်တော်ကြီးက စစ်တလင်းအတွင်းသို့ ဝင်ရောက်သွားချေပြီ။
မီးလေးတူးကို ကိုင်ဆောင်ထားသော ပုတ်သင်လူသားမှာ ၎င်း၏ရှေ့မှောက်ရှိ ဧရာမစက်ရုပ်စစ်သည်တော်ကြီးကို ကြည့်ကာ အံ့သြမှင်တက်လျက် အေးခဲသွားလေ၏။ လူသားတစ်ဦးဖြစ်သော ရဲချီယန်အပေါ် ပြသခဲ့သည့် မထီမဲ့မြင်ပြုသော မျက်နှာပေးမှာ ကြောက်ရွံ့မှုများဖြင့် အစားထိုးသွားလေတော့သည်။
လမ်းပြက စမ်းသပ်မှုစတင်ကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ဗီလိန်၏ လည်ပတ်နေသော အမြောက်ပြောင်းများနှင့် ဒုံးကျည်ငယ်အခန်းများက ၎င်းတို့၏ ပစ်ခတ်မှုစွမ်းအားများကို အပြည့်အဝ ပေါက်ကွဲထွက်ပေါ်စေခဲ့သည်။
ဤပုတ်သင်လူသားက တကယ်တမ်းတွင် စွမ်းရည်အချို့ရှိနေပြီး ထိုငါးမန်းလူသားထက် အများကြီး ပိုမိုစွမ်းအားကြီးမားလှပေသည်။ ၎င်းက သွက်လက်ဖျတ်လတ်လှသော ခန္ဓာကိုယ်နှင့် မီးတောက်များမှတစ်ဆင့် အရှိန်မြှင့်တင်ခြင်းကို အားကိုးခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဗီလိန်၏ ရိုက်ချေမှုကြောင့် အသားနှစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေ၏။
"မဆိုးပါဘူး ဟိုငါးမန်းထက်တော့ ပိုစွမ်းတယ်"
အသားနှစ်များက အာဟာရဓာတ်များအဖြစ်သို့ ပြောင်းလဲသွားကာ နိုင်ပွဲဆက်တိုက် အရေအတွက်မှာ နှစ်ပွဲသို့ ရောက်ရှိသွားချေပြီ။
နောက်ပိုင်းရက်များတွင်လည်း ရဲချီယန်က တိုက်ပွဲများ၌ ဗီလိန်ကိုသာ အဆက်မပြတ် ပါဝင်စေခဲ့လေသည်။ ခုနစ်ရက်ကြာသောအခါ ခုနစ်ပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့ပြီး နောက်ဆုံးပြိုင်ဘက်မှာ ဆယ့်တစ်ပွဲဆက်တိုက် အနိုင်ရထားသော ဧရာမ မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်နေခဲ့ပေသည်။
၎င်း၏စွမ်းအားက မဆိုးလှချေ။ ဗီလိန်အနေဖြင့် ၎င်း၏ သောင်းကျန်းမှု မုဒ်နှင့် ဆွေးမြည့်ခြင်း နတ်ဘုရား၏ အကာအကွယ်ကိုပါ အသက်သွင်းကာ ရူးသွပ်စွာ တိုက်ခိုက်ရသည့်အဆင့်ထိပင် ရောက်ရှိခဲ့လေ၏။
နောက်ဆုံးရလဒ်အနေဖြင့် ရဲချီယန်၏ နိုင်ပွဲဆက်တိုက် အရေအတွက်မှာ ခုနစ်ပွဲအထိ ရောက်ရှိသွားခဲ့ပေသည်။
အဋ္ဌမမြောက်နေ့။
"ပြောစမ်းပါဦး ဒီနေ့ ငါ့ကို ဘယ်လိုပြိုင်ဘက်မျိုးနဲ့ ယှဉ်တွဲပေးမှာလဲ။ ပြီးခဲ့တဲ့တစ်ကောင်က ဆယ့်တစ်ပွဲဆက်တိုက် နိုင်ထားတာဆိုတော့ နောက်တစ်ကောင်က ဆယ့်နှစ်ပွဲလား။ ဆယ့်နှစ်ပွဲဆက်တိုက် နိုင်သွားရင် ဒီနေရာကနေ ထွက်ခွာလို့ရပြီ မဟုတ်ဘူးလား"
လမ်းပြက သူ့ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည်ခေါင်းခါပြလိုက်လေ၏။
"ထွက်ခွာလို့ရတာက ရထားစီးပြီး ရောက်လာတဲ့ သင်တို့တွေပါ သူတို့တွေ မဟုတ်ပါဘူး"
"ဒီစစ်တလင်းထဲကို ဝင်ရောက်လာပြီးတာနဲ့ လွင်တီးခေါင်ပြင် ခရီးသွားတွေဖြစ်တဲ့ သင်တို့ကလွဲရင် ကျန်တဲ့သူတွေ ထွက်ခွာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ပိုမိုမြင့်မားတဲ့အဆင့်ရှိတဲ့ စစ်တလင်းတွေကို အဆက်မပြတ် တက်လှမ်းသွားပြီး နေရောင်ခြည်သရဖူဆီ ရောက်ရှိကာ ပလူတို အဲရစ် သခင်မနဲ့ တွေ့ဆုံနိုင်မှသာ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် ထွက်ခွာဖို့ လုံးဝ မဖြစ်နိုင်ပါဘူး"
"သင်တစ်ယောက်တည်းသာ ထွက်ခွာနိုင်တာပါ"
လမ်းပြ၏ မျက်နှာအမူအရာနှင့် လေသံတို့မှာ သူတို့ ပထမဆုံးတွေ့ဆုံစဉ်ကနှင့် နှိုင်းယှဉ်လျှင် အများကြီး ပြောင်းလဲသွားခဲ့လေပြီ။ အစပိုင်းက အရုပ်တစ်ရုပ်လို ခံစားချက်ကင်းမဲ့နေခဲ့ရာမှ ယခုအခါတွင် ရဲချီယန်နှင့် စကားအများအပြား အပြန်အလှန် ပြောဆိုလာနိုင်ပြီ ဖြစ်လေ၏။
ထို့အပြင် သူမ၏ မျက်ဝန်းထဲရှိ ဤအကြည့်မျိုး။ ရဲချီယန်က ဤကဲ့သို့သော အကြည့်မျိုးကို ယခင်က မည်သည့်နေရာတွင် မြင်တွေ့ခဲ့ဖူးကြောင်း ပြန်လည်အမှတ်ရသွားလေသည်။ ရှေ့တန်း ဘူတာ၏ လမ်းပြဖြစ်သူ အပြုံးမျက်နှာနဲ့လူ ထံတွင်ပင်။
သူ့ကို ကြည့်သည့် သူတို့၏ အကြည့်များက တကယ်ကို ဆင်တူလွန်းလှပေသည်။ လွတ်မြောက်မှုကို တောင့်တနေခြင်းလား။ သေဆုံးဖို့ကို... တောင့်တနေခြင်းလား။ သို့မဟုတ် ထွက်ပြေးလွတ်မြောက်ပြီး အသက်ရှင်သန်ဖို့ တောင့်တနေခြင်းများလား။
ဤလမ်းပြ၏ အတွေးများကို ရဲချီယန်က မေးမြန်းခြင်း မပြုခဲ့ချေ။ အကယ်၍ သူမက အကူအညီကို တကယ်တမ်း လိုအပ်နေခဲ့မည်ဆိုလျှင် အပြုံးမျက်နှာနဲ့လူ ကဲ့သို့ပင် သူမ၏ ရိုးသားမှုကို ပြသသင့်ပေသည်။
"ဒါဆို ဒီနေ့အတွက် ငါ့ရဲ့ပြိုင်ဘက်က ဘယ်မှာလဲ"
လမ်းပြက သူမ၏ ဝမ်းနည်းကြေကွဲမှုများမှ ပြန်လည်ရုန်းထွက်လာကာ မျက်ရည်နီများ၏ မိုးရွာသွန်းသည့်နေ့မှစ၍ သူမ အမြဲကိုင်ဆောင်ထားခဲ့သော ထီးလေးကို ခါလိုက်လေ၏။ အခြားစစ်တလင်းများနှင့် အခြေခံအားဖြင့် ကွာခြားမှုမရှိသော စစ်တလင်းတစ်ခုက မြေအောက်မှ ထွက်ပေါ်လာလေတော့သည်။
သူမက တစ်ဖက်သို့ လက်ညှိုးထိုးပြလိုက်သည်။ အမျိုးသား လမ်းပြတစ်ဦးက လူသားတစ်ဦး၏ အနောက်မှနေ၍ စစ်တလင်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာလေ၏။
ကြီးမားလှသော အလင်းမျက်နှာပြင်ပေါ်တွင် သူတို့နှစ်ဦး၏ အချက်အလက်များက ချက်ချင်း ထွက်ပေါ်လာပေသည်။
【အမည် - ရဲချီယန်၊ အဆင့်အတန်း - လွင်တီးခေါင်ပြင် ခရီးသွား၊ မျိုးနွယ် - လူသား၊ စမ်းသပ်မှု - ၇/၁၂】
【အမည် - ဒီလူး၊ အဆင့်အတန်း - မီးပွားနတ်ဘုရား၏ တမန်တော်၊ မျိုးနွယ် - လူသား၊ စမ်းသပ်မှု - ၁၅/၁၂】
ဤသူက တကယ်ပဲ နတ်ဘုရားတစ်ပါး၏ တမန်တော်တဲ့လား။ ပြီးတော့ သူ့ရဲ့ စမ်းသပ်မှု နိုင်ပွဲဆက်တိုက် အရေအတွက်က ၁၂ ပွဲကို ကျော်လွန်ပြီး ၁၅ ပွဲထိတောင် ရောက်နေပြီလား။
ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ရဲချီယန်က လမ်းပြထံသို့ မေးခွန်းထုတ်ချင်နေသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
သူမက ချက်ချင်းပင် ရှင်းပြလာလေသည်။ "နောက်ထပ်အဆင့်ဖြစ်တဲ့ လနှလုံးသား စစ်တလင်းကို ဝင်ရောက်ဖို့ဆိုရင် ပိုမိုကြီးမားတဲ့ စွမ်းအားတွေ လိုအပ်ပါတယ်။ ထူးကဲတဲ့ စွမ်းအားပိုင်ရှင် အချို့ကတော့ ကြယ်အမြုတေ အဆင့် စစ်တလင်းမှာပဲ ဆက်လက်လေ့ကျင့်ဖို့ ရွေးချယ်တတ်ကြပေမယ့် အများစုကတော့ အနိုင်ရနေတဲ့ ပွဲစဉ်တစ်ခုမှာ ဆက်ခေါ်ထားတဲ့ သတ္တဝါတစ်ကောင်ကို ယဇ်ပူဇော်ပြီး နိုင်ပွဲဆက်တိုက်ကို အဆုံးသတ်လိုက်ကာ တစ်ပွဲနိုင်ကနေ အစကနေ ပြန်လည်စတင်လေ့ ရှိကြပါတယ်"
"ပြီးတော့ အခုပြိုင်ဘက်လိုမျိုး ပွဲစဉ် ၁၂ ပွဲ ကျော်လွန်သွားပေမယ့် လနှလုံးသား အဆင့် စစ်တလင်းကို ဝင်ရောက်ဖို့ ငြင်းဆန်တဲ့သူတွေက သူတို့ရဲ့စွမ်းအားကို ပိုပြီးတိုးတက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ပွဲဆက်တိုက်ကို ဆက်လက်ထိန်းသိမ်းထားတဲ့သူတွေပဲ ဖြစ်ပါတယ်"
"ဒီလိုလုပ်ဆောင်ခြင်းရဲ့ အကျိုးဆက်ကတော့ သူက နိုင်ပွဲဆက်တိုက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ရွေးချယ်ထားတဲ့ ပြိုင်ဘက်တွေနဲ့ပဲ ယှဉ်တွဲပေးခံရနိုင်ပြီး သေမရှင် တိုက်ပွဲဝင်ဖို့အတွက် ဆင့်ခေါ်ကောင်ကို ယဇ်ပူဇော်တဲ့ နည်းလမ်းကိုလည်း အသုံးပြုလို့ မရနိုင်တော့ပါဘူး"
ရဲချီယန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။ "ငါက ခုနစ်ပွဲဆက်တိုက်ပဲ နိုင်ထားသေးတာ မဟုတ်ဘူးလား"
"ဟုတ်ပါတယ်။ ဒါပေမဲ့ သင်က အရမ်းကို စွမ်းအားကြီးမားပြီး သင်ဆင့်ခေါ်ထားတဲ့ သတ္တဝါတွေကလည်း အရမ်းစွမ်းအားကြီးပါတယ်။ စိတ်ချပါ သင်က ၁၂ ပွဲဆက်တိုက် နိုင်ပွဲကို မကျော်လွန်သေးပါဘူး။ ပြီးတော့ သင်က ရထားမောင်းနှင်သူ လွင်တီးခေါင်ပြင် ခရီးသွားတစ်ဦး ဖြစ်တဲ့အတွက် တိုက်ခိုက်ဖို့အတွက် ဆင့်ခေါ်ကောင်တွေကို အသုံးပြုနိုင်ပါသေးတယ်"
"အကြံပြုချက်တစ်ခု ပေးချင်တာက ဒီလူက အလွန်ကို စွမ်းအားကြီးမားပါတယ်။ အဲဒီနေ့က ဓားအသုံးပြုခဲ့တဲ့ နတ်ဆိုးကိုပဲ စစ်တလင်းထဲ စေလွှတ်ဖို့ အကြံပြုချင်ပါတယ်" လမ်းပြက ထိုစကားများကို အလေးအနက်ထား၍ ပြောဆိုလာလေ၏။
တစ်ဖက်ရှိ နတ်ဘုရား၏ တမန်တော်ဖြစ်သူ၊ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်ရောင် တက်တူးများဖြင့် ဖုံးလွှမ်းနေပြီး အနီရောင် ပင်လယ်ရေမှော်ပင်ကဲ့သို့သော ဆံပင်များရှိသည့်သူက မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။
"ခုနစ်ပွဲဆက်တိုက် နိုင်ထားတယ် ဟုတ်လား။ ပြီးတော့ ရထားမောင်းနှင်သူတဲ့လား။ ငါနဲ့ တိုက်ရိုက် ယှဉ်တွဲပေးခံရမယ်လို့ မထင်ထားဘူး။ ကြည့်ရတာ သူ့ရဲ့စွမ်းအားက မဆိုးလောက်ဘူးထင်တယ်။ ဒီနေ့ စမ်းသပ်မှုမှာ ပါဝင်ဖို့ မင်း ငါ့ကို ပြောခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။ သူ့ကိုသတ်ပြီး ငါ့ရဲ့နတ်ဘုရားဆီ ယဇ်ပူဇော်လိုက်ရင် လနှလုံးသား အဆင့် တိုက်ပွဲဝင်စွမ်းအားကို ရရှိဖို့ အရည်အချင်းပြည့်မီသွားမှာ အသေအချာပဲ"
အမျိုးသား လမ်းပြက သူ၏ မျက်မှန်ကို ပင့်တင်လိုက်လေ၏။ ကောက်ကျစ်စဉ်းလဲသော ကြွက်တစ်ကောင်နှင့်တူသည့် ရုပ်သွင်ဖြင့် သူက ကြွက်တစ်ကောင်နှင့် တကယ်ကို တူလွန်းလှပေသည်။ သူက တခစ်ခစ် ရယ်မောလိုက်ကာ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ဒီလူးကို မြှောက်ပင့်ပြောဆိုလိုက်လေသည်။
"ဒါပေါ့ ဒါပေါ့ သခင်ဒီလူးရယ်။ လနှလုံးသား အဆင့်ကို ရောက်သွားတာနဲ့ သခင် အင်အားအကြီးဆုံး တမန်တော်ဖြစ်လာမယ့် နေ့ရက်အထိ ပိုပြီး သင့်တော်တဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်တွဲပေးဖို့ ကျွန်တော် ကူညီပေးပါ့မယ်"
ဒင်ဒင်။ ဤတိုက်ပွဲအတွက် စည်းမျဉ်းများ ထွက်ပေါ်လာလေ၏။ 【သင်က တိုက်ပွဲဝင်ရန်အတွက် အများဆုံး လူတစ်ဦးကိုသာ စေလွှတ်ခွင့်ရှိပြီး ဓားအမျိုးအစား လက်နက်များကို အသုံးပြုခြင်းအား တားမြစ်ထားပါသည်】
ဤစည်းမျဉ်းများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရဲချီယန်၏ ဘက်ရှိ လမ်းပြမိန်းကလေးမှာ ချက်ချင်းဆိုသလို မျက်နှာဖြူဆုတ်သွားလေတော့သည်။ "ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလိုစည်းမျဉ်းတွေက... ဘာဖြစ်လို့လဲ။ တစ်ဖက်ပြိုင်ဘက်က ဓားအမျိုးအစား လက်နက်တွေကိုတောင် အသုံးမပြုဘူးလေ။ ဒါက မတရားဘူး"
သို့သော် ရဲချီယန်ကမူ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ သို့မဟုတ် ပို၍တိကျအောင် ပြောရလျှင် ဤမကြာသေးမီကာလများအတွင်း ဤစစ်တလင်းက တိုက်ပွဲများကို ပိုမိုရှုပ်ထွေးအောင် ပြုလုပ်ရခြင်းကို အလွန်နှစ်သက်ပုံရကြောင်း သူ သဘောပေါက်လာခဲ့ပြီ ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ။ ဓားကို အသုံးမပြုနိုင်ရုံမျှသာ မဟုတ်ပါလော။ စွဲထင်နေသောမျက်ရည်ဓား ကို အသုံးမပြုနိုင်လျှင်တောင်မှ မျက်ရည်နီက အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားများကို ပိုင်ဆိုင်ထားဆဲပင်။ ထို့အပြင်... သူ၏ထံတွင် နတ်ဆိုးအဖြစ် မျက်ရည်နီ တစ်ကောင်တည်းသာ ရှိနေသည်မဟုတ်ချေ။
"မင်းက တမန်တော်တစ်ပါးဆိုမှတော့ မင်းနဲ့ သူ့အကြားမှာ ဘယ်သူက ပိုပြီး စွမ်းအားကြီးမလဲဆိုတာ ကြည့်ကြတာပေါ့"
"လောဘတကြီး စားသောက်ခြင်း နတ်ဆိုး"
သူက အစာချေဖျက်ရေး ရထားတွဲအတွင်း၌ လီဆက် လောင်းထည့်ပေးထားသော မီးဖိုချောင်မှ စွန့်ပစ်အမှိုက်များကို စားသောက်နေသည့် လောဘတကြီး စားသောက်ခြင်း နတ်ဆိုးထံသို့ တည်ငြိမ်သော လေသံဖြင့် ခေါ်လိုက်လေ၏။
ကောင်းကင်ပြာရောင် အလင်းတန်းများ ရောယှက်နေသော ငွေရောင်သမ်းနေသည့် အဖြူရောင် ဂျယ်လီတုံးငယ်လေးက ၎င်း၏ ကြီးမားလှသော အစိတ်အပိုင်းတစ်ခုကို ချက်ချင်း ခွဲထုတ်လိုက်ကာ ရဲချီယန်၏ ဘေးသို့ တွားသွားလာလေသည်။ ၎င်းက သစ္စာစောင့်သိမှုကို ပြသနေသည့်အလား ရဲချီယန်၏ ဘောင်းဘီစွန်းကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်နေလေ၏။
"အသွင်ပြောင်းလိုက်"
ခေါင်းမဲ့ ဂေါ်ဘလင် နတ်ဘုရား၏ တမန်တော်ပုံစံက ၎င်း၏ ဂျယ်လီများမှတစ်ဆင့် ဖွဲ့စည်းဖြစ်ပေါ်လာလေ၏။ ၎င်းက လက်ကိုင်ရှည် တူကြီးတစ်လက်ကို ကိုင်ဆောင်ကာ ပခုံးပေါ်တွင် တင်ထားလေသည်။ ဦးခေါင်းနှင့် မျက်နှာ မရှိသော်လည်း သွေးဆာနေပြီး ရက်စက်ကြမ်းကြုတ်လှသော အငွေ့အသက်များကို ထုတ်လွှင့်နိုင်စွမ်း ရှိနေဆဲပင်။
ဤအငွေ့အသက်များ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် တစ်ဖက်တွင် ရပ်နေသော မီးပွားနတ်ဘုရား၏ တမန်တော်၏ မျက်နှာအရောင်က ရုတ်တရက် ပြောင်းလဲသွားချေပြီ။
"ဘာ... အဲဒါက ဘာကြီးလဲ။ အဲဒါက ထိပ်တန်းအဆင့်ရှိတဲ့ တမန်တော်တစ်ပါးရဲ့ အငွေ့အသက်တွေလား။ မဟုတ်ဘူး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီအဆင့်ရှိတဲ့ တည်ရှိမှုက သာမန် ကြယ်အမြုတေ အဆင့် စစ်တလင်းမှာ ဘယ်လိုလုပ် ထွက်ပေါ်လာနိုင်မှာလဲ။ ငါရှုံးတော့မယ် ငါရှုံးတော့မယ်။ ငါ မပြိုင်ဘူး။ ဒါက မတရားဘူး။ ယှဉ်တွဲပေးတဲ့ စနစ်ကြီး ချို့ယွင်းနေပြီ"
ကံမကောင်းစွာဖြင့် ၎င်းက စစ်တလင်းပေါ်တွင် စောစောစီးစီး ရပ်တန့်နေခဲ့ပြီး ဖြစ်လေသည်။ ထွက်သွားချင်တာလား။ နောက်ကျသွားခဲ့ပြီလေ။
ဝုန်း။
လောဘတကြီး စားသောက်ခြင်း နတ်ဆိုး အသွင်ပြောင်းထားသော ခေါင်းမဲ့ တမန်တော်က ၎င်း၏ မျက်နှာချင်းဆိုင်သို့ ရောက်ရှိသွားချိန်တွင် ခေါင်းလောင်းထိုးသံနှင့်အတူ တိုက်ပွဲက စတင်သွားလေတော့သည်။