← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 24 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 24 Ch. 277-278

အခန်း ၂၇၇

ကိုးရက်မြောက်နေ့သို့ ရောက်ရှိလာသော်လည်း ဝေါလီက ပြန်မလာသေးချေ။

ရထားက ဤသဲကန္တာရကို ဖြတ်သန်းကာ ရှေ့သို့ ဆက်လက် ခရီးနှင်နေ၏။ အမည်းရောင် သံလမ်းများက ကြုံသလို ဖြန့်ကျက်ဆန့်တန်းနေပေသည်။

သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း မော်ဂျူး ရှိနေသောကြောင့် ဘူတာရုံ စတင်ရွှေ့ပြောင်းခြင်းကို စိတ်ကြိုက် အသုံးပြုရန် ရထားဒင်္ဂါး တစ်ပြားမျှ သုံးစွဲရန် မလိုအပ်တော့ပေ။

တည်နေရာ အမှတ်အသားများနောက်သို့ လိုက်ပါရင်း ရဲချီယန်သည် ကိုးခုမြောက် စမ်းသပ်မှု နေရာသို့ ရောက်ရှိလာလေတော့သည်။

ယခင်အကြိမ်များနှင့် မတူညီစွာပင် ဤနေရာက အဆုံးမရှိသော သဲကန္တာရ မဟုတ်ဘဲ ဧရာမ အိုအေစစ်ကြီး တစ်ခု ဖြစ်နေလေ၏။ ထိုအိုအေစစ်အတွင်း၌ လူပုံစံမဟုတ်သော ထူးဆန်းသည့် မကောင်းဆိုးဝါး များစွာကိုလည်း သူ မြင်တွေ့လိုက်ရသည်။

ရထားကြီး ဤနေရာသို့ ဆိုက်ရောက်လာသောအခါ အိုအေစစ်အတွင်းရှိ မကောင်းဆိုးဝါး များစွာက သူ၏ဆီသို့ လောဘတကြီး အကြည့်များဖြင့် စိုက်ကြည့်လာကြချေပြီ။

"အဲဒါ လူသား ရထားမောင်းနှင်သူ လား။ ဟီးဟီး... ငါတို့ ဒီလူသားတွေထဲက တစ်ယောက်ကို နောက်ဆုံး မြင်ခဲ့ရတာ ဘယ်တုန်းကပါလိမ့်"

"ဘယ်သူသိမလဲ။ ဒါပေမဲ့ ရထားမောင်းနှင်သူ တစ်ယောက်က ဒီနေရာကို ဝင်လာရဲတယ်ဆိုမှတော့ သူ့ရထားထဲမှာ ပစ္စည်းတွေ အများကြီး ရှိနေရမယ်။ ငါတို့..."

"အခြေအနေကို အရင် စောင့်ကြည့်ရအောင်။ သူက အစွမ်းထက်တဲ့ ကောင်ဆိုရင်တော့ ပြဿနာပဲ"

"ချွတ်... သာမန် လူသားတစ်ယောက်က... ငါ တကယ် နားမလည်နိုင်ဘူး။ ဒီလောက် အားနည်းနေတာတောင် ရထားမောင်းနှင်သူ လို့ခေါ်တဲ့ မကောင်းဆိုးဝါး ဖြစ်လာနိုင်တယ်..."

တီးတိုး စကားပြောသံများက မပြတ်တမ်း ထွက်ပေါ်နေလေ၏။

ရဲချီယန်က ပြတင်းပေါက်မှတစ်ဆင့် ပြင်ပ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မေးခွန်းထုတ်နေရန်ပင် မလိုအပ်ချေ။ ဤနေရာက လနှလုံးသား အဆင့် စစ်တလင်း သို့ မဝင်ရောက်ရဲသော မကောင်းဆိုးဝါးများ အသက်ဆက်ရန် ခိုအောင်းနေထိုင်ကြသည့် ဤ ကြယ်အမြုတေ အဆင့် စစ်တလင်း အတွင်းရှိ စုဝေးရာ နေရာတစ်ခု ဖြစ်ဟန်တူပေသည်။

သူက ရထားပေါ်မှ ဆင်းရန်လည်း စိတ်ကူးမရှိဘဲ မွန်းလွဲ တစ်နာရီ အချိန်ရောက်လာမည့် အချိန်၊ ပို၍ တိတိကျကျ ဆိုရလျှင် လမ်းပြ ရောက်ရှိလာမည့် အချိန်ကိုသာ ဤနေရာမှ စောင့်ဆိုင်းနေလိုက်လေ၏။

သို့သော် လမ်းပြက ရောက်မလာခဲ့ဘဲ အိုအေစစ်ထဲမှ ထူးဆန်းသော မကောင်းဆိုးဝါးများကသာ ဂဏာမငြိမ် ဖြစ်လာကြတော့သည်။ ကိုယ်ပျောက် ပုတ်သင်ညိုလူသား အချို့က ရထားအတွင်းသို့ တိုက်ရိုက် ဝင်ရောက်ရန် ရည်ရွယ်ကာ ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုလာကြ၏။

သို့သော် သူတို့က ရထား၏ မီတာ ၂၁၀ သတိပေး အချင်းဝက် အတွင်းသို့ ဝင်ရောက်လာသောအခါ အီဗ်က တစ်ဖက်လူ၏ မကောင်းသော အကြံအစည်ကို ထက်မြက်စွာ အာရုံခံမိသွားလေတော့သည်။

သူတို့၏ ခြေအောက်တွင် အနီရောင် အလင်းကွင်းတစ်ခု ပေါ်လာပြီး ပုတ်သင်ညိုလူသားများ ပို၍ နီးကပ်စွာ မချဉ်းကပ်နိုင်မီပင် အီဗ်က ရန်သူ၏ ရန်လိုမှုကို အာရုံခံမိလိုက်၏။ ထို့ကြောင့် အမိန့်ပေးရန်ပင် မလိုအပ်ဘဲ အသစ်စက်စက် သေတ္တာတစ်လုံး စတင်ပေါ်ထွက်လာပြီး ယင်းအတွင်း ဆိုက်ကပ်ချိန်အသစ်တစ်ခု ဖြစ်တည်လာသည်။ ဤအရာများ အားလုံးအတွက် လိုအပ်သော ကြိုတင်သတ်မှတ်ချက် တစ်ခုတည်းသာ ရှိပေသည်။

ဒိုင်း။

ပြတ်သားသော အသံတစ်ခုက ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်သွားလေ၏။ သေနတ်သံ တစ်ချက်ပင် ဖြစ်သည်။

ရဲချီယန်ထံ ချဉ်းကပ်ရန် ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုထားသော ခန္ဓာကိုယ်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ယခုအခါတွင် အလောင်းတစ်လောင်းအဖြစ် ထိုနေရာ၌ပင် လဲကျသွားချေပြီ။

"ကျစ်... ဒီလူသားက တကယ်ကြီး တိုက်ခိုက်ရဲတယ်ပေါ့"

"သေချင်နေတာပဲ။ သူ့ကို သတ်ပြီး ရထားကို ခွဲယူကြမယ်"

ဆူပူအုံကြွမှုများ၊ ရုန်းရင်းဆန်ခတ်မှုများ...စတင်လာချေပြီ

မွန်းလွဲ တစ်နာရီပင် မထိုးသေးချေ။ ပြိုင်ပွဲ မစတင်ရသေးသော ဤနေရာ၌ပင် တိုက်ပွဲတစ်ခု ပေါက်ကွဲဖြစ်ပွားသွားလေတော့သည်။ သို့သော် သူတို့က အားနည်းကြသည်။ အလွန်တရာ အားနည်းလွန်းလှပေသည်။

အကန့်အသတ်ကျော်လွန် မုဒ်ကို ပေါ့ပေါ့ပါးပါး ဖွင့်လှစ်လိုက်သော အီဗ်ကိုသာ အားကိုးနေရုံဖြင့် ဤထူးဆန်းသော မကောင်းဆိုးဝါးများမှာ ရထားအနီးသို့ ချဉ်းကပ်ရန် မီတာ ၂၁၀ သတိပေး အချင်းဝက်ကို ဖြတ်ကျော်နိုင်ခြင်း အလျဉ်းမရှိကြချေ။ လွင်တီးခေါင်ပြင် ထဲတွင် ရထားကို အစဉ်တစိုက် လိုက်လံနှောင့်ယှက်နေတတ်သော မကောင်းဆိုးဝါးများကဲ့သို့ပင် သူတို့က တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့ တိုးဝင်လာကြ၏။

ကွာခြားချက်မှာ နှိုင်းယှဉ်ကြည့်လျှင် သူတို့၌ ဦးနှောက် အနည်းငယ် ရှိနေသေးခြင်းပင် ဖြစ်သည်။ သေဆုံးနိုင်ခြေက ရရှိနိုင်မည့် အကျိုးအမြတ်ထက် များစွာ သာလွန်နေပြီး အလွန်အမင်း အန္တရာယ်များလာသောအခါတွင်ကား မည်သို့ပင် ဆိုစေကာမူ အသက်ရှင်ကျန်ရစ်ခြင်းလောက် လက်တွေ့ကျသော အရာ မရှိတော့ချေ။ သူတို့က မူလကတည်းက ဤနေရာတွင် ပုန်းအောင်းရန် နေထိုင်နေကြသူများ ဖြစ်နေသည်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။

သေလမ်းရှာနေသော မကောင်းဆိုးဝါးများ လျင်မြန်စွာ ပျောက်ကွယ်သွားကြပြီး အလောင်းများ ပြည့်နှက်နေသော မြေပြင်တစ်ခုကိုသာ ချန်ရစ်ထားခဲ့တော့သည်။

ရဲချီယန်က ရထား၏ စက်ယန္တရား လက်တံကို ဆင့်ခေါ်လိုက်ကာ အနီးနားရှိ အလောင်းများ အားလုံးကို မွေးမြူရေး အစာအဖြစ် အသုံးပြုရန် ရထားပေါ်သို့ ဆွဲယူလိုက်လေ၏။

"နှမြောစရာပဲ။ အစပိုင်းက ငါးမန်းလူသားလောက် ဘယ်ကောင်မှ အသားမထွက်ကြဘူး"

အလောင်းများကို ပြုံးရွှင်စွာ သိမ်းဆည်းနေရင်း မကြာမီမှာပင် မွန်းလွဲ တစ်နာရီသို့ ရောက်ရှိလာခဲ့၏။

လမ်းပြက ရဲချီယန်၏ ရထားအပြင်ဘက်တွင် ပေါ်လာပြီး တံခါးကို ကျွမ်းကျင်စွာ ခေါက်လိုက်သည်။ လေထုထဲမှ သွေးနံ့ကို ရှူရှိုက်မိပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူမက အံ့သြသွားသည့် အမူအရာ သိပ်မပြခဲ့ပေ။ ဤကဲ့သို့သော မြင်ကွင်းများကို သူမက အသားကျနေပြီ ဖြစ်ဟန်တူလေ၏။

"စမ်းသပ်မှု အသစ် စတင်တော့မယ်"

သူမ၏ စကားသံ အဆုံးတွင် အိုအေစစ်၏ အပြင်ဘက်၌ ရှိနေသော ပို၍ ဧရာမကျလှသည့် စစ်တလင်း ကြီးတစ်ခုက သဲပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။

အိုအေစစ်ထဲတွင် နေထိုင်သော မကောင်းဆိုးဝါးများက ထို စစ်တလင်းကို မြင်လိုက်ရသော အခိုက်အတန့်တွင် ပေါက်ကွဲသွားကြတော့၏။

"ငါ ဒီအိုအေစစ်မှာ နေလာတာ လနဲ့ချီနေပြီ။ ဘာလို့ ဒီမှာ စမ်းသပ်မှုအတွက် စစ်တလင်း တစ်ခု ရှိနေတယ်ဆိုတာ မသိခဲ့ရတာလဲ"

"ဒါ မမှန်ဘူးလေ။ စစ်တလင်း တွေက အိုအေစစ်တွေနားမှာ မပေါ်လာသင့်ဘူး မဟုတ်လား"

ဧရာမ မျက်နှာပြင်ကြီးတစ်ခု ပေါ်လာပြီး ရဲချီယန်၏ ကိုယ်ရေးအချက်အလက်များကို ၎င်းပေါ်တွင် ပြသထားလေသည်။

[ရှစ်ပွဲဆက်တိုက် အနိုင်ရရှိမှု]

ထို မကောင်းဆိုးဝါးများကလည်း စစ်တလင်းအတွင်းသို့ တစ်ကောင်ပြီးတစ်ကောင် လျှောက်လှမ်းသွားကြ၏။ ဤနေရာတွင် ဘာတွေ ဖြစ်လာမည်နည်း၊ မည်သို့သော လူမျိုးက ဤနေရာတွင် စမ်းသပ်မှုကို စတင်နိုင်သနည်း ဆိုသည်နှင့် ပတ်သက်၍ သူတို့ အလွန် စပ်စုချင်နေကြသည်။

"ရှစ်ပွဲဆက်တိုက် အနိုင်ရထားတာလား။ ချွတ်... သူတို့နဲ့တော့ ထိုက်တန်ပါတယ်။ ရှစ်ပွဲဆက်တိုက် အနိုင်ရတဲ့အထိ ရထားကို မောင်းနှင်နိုင်တဲ့ လူသားတစ်ယောက်က ငါတို့ ယှဉ်ပြိုင်နိုင်တဲ့သူ လုံးဝ မဟုတ်ဘူး။ ခုနက ကောင်တွေက တကယ်ကြီး သေလမ်းသွားရှာကြတာပဲ"

"သူ့ပြိုင်ဘက်က ဘယ်သူဖြစ်မလဲ။ ငါသိတဲ့ ရှစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့သူတွေက အနိုင်ရနိုင်မယ်လို့ မထင်ဘူး"

"ငါလည်း မသိဘူး။ ကံဆိုးတဲ့ကောင်က ဘယ်သူလဲဆိုတာ မြင်တာနဲ့ သိရမှာပေါ့"

မကောင်းဆိုးဝါးများက အပြန်အလှန် စကားပြောဆိုနေကြပြီး အချိန်သိပ်မကြာလိုက်ချေ။ စစ်တလင်း၏ အခြားတစ်ဖက်စွန်းမှ ရဲချီယန်၏ ပြိုင်ဘက်က ထွက်ပေါ်လာလေ၏။

"သခင်ကြီး... ဒီတစ်ကြိမ် သင့်ပြိုင်ဘက်က ဒါပါပဲ... ဟင်။ ရှစ်ပွဲဆက်တိုက် အနိုင်ရထားတာလား"

လမ်းပြ အသစ်တစ်ဦးက မီတာ သုံးမီတာကျော် မြင့်မားကာ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ကြော့ရှင်းဟန်ဆောင်နေသော ကျောက်တုံးလူသား တစ်ဦးကို စစ်တလင်းအတွင်းသို့ ခေါ်ဆောင်လာလေသည်။

သူ ဝင်ရောက်လာသော အခိုက်အတန့်တွင် သူ၏ အချက်အလက်များလည်း ပေါ်ထွက်လာ၏။

[အမည် - ဘိုလာနူး၊ အဆင့်အတန်း - ချော်ရည်နတ်ဘုရား၏ တမန်တော်၊ မျိုးနွယ်စု - ကျောက်တုံးလူသား၊ စမ်းသပ်မှု - ၁၁/၁၂]

ဆယ့်တစ်ပွဲဆက်တိုက် အနိုင်ရထားတာလား။ အစွန်းရောက် ယှဉ်ပြိုင်မှု စနစ်က ပြင်ဆင်ချက်များ လုပ်လိုက်တာလား။ ဆယ့်ငါးပွဲ၊ ဆယ့်ခြောက်ပွဲ ဒါမှမဟုတ် ဆယ့်ခုနစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့ ကောင်မျိုးကို သူ့ဆီ ထပ်ပြီး ပစ်မထည့်လိုက်ဘူးပဲ။

သို့သော် ဤကျောက်တုံးလူသား၏ ရောင်ဝါက ယခင်က ရင်ဆိုင်ခဲ့ရသော မီးပွားနတ်ဘုရား၏ တမန်တော်ထက် များစွာ ပိုမို အစွမ်းထက်နေပုံ ရပေသည်။

"ထူးဆန်းတယ်... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ။ သခင်ကြီး အတွက် ယှဉ်ပြိုင်ပေးတဲ့ ပြိုင်ဘက်တွေက သင့်ရဲ့ ကိုယ်ပိုင် အနိုင်ရရှိမှုထက် ကျော်လွန်နေရမှာလေ။ ဒီတစ်ကြိမ်ကျမှ..."

လမ်းပြက ကျောက်တုံးလူသားထံ တုံ့ဆိုင်းစွာ ပြောဆိုလိုက်၏။

ကျောက်တုံးလူသားက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။ သူက အလှဆင်ထားသော ဝတ်စုံကို ဆွဲဆုတ်လိုက်ကာ အောက်ခံ မီးတောင်ချော်နက်ကဲ့သို့သော ခန္ဓာကိုယ်ကို ဖော်ထုတ်ပြလိုက်လေသည်။ သူ၏ ပါးစပ်မှ တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။

"ဒီ လူသား ရထားမောင်းနှင်သူက ငါ့ထက် ပိုပြီး အစွမ်းထက်တယ်လို့ မင်း ဆိုလိုချင်တာလား"

"ဒါက... သင်က သေချာပေါက် အစွမ်းထက်ဆုံး တည်ရှိမှုပါ။ ဘာပဲဖြစ်ဖြစ် သင်က ပထမဆုံး ချော်ရည်နတ်ဘုရား၏ တမန်တော် ကနေ ခွဲထွက်လာတဲ့ သားသမီးလေ။ သင့်အတွက် ယှဉ်ပြိုင်ဖို့ ပိုပြီး သင့်တော်တဲ့ ပြိုင်ဘက် မရှိလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"

လမ်းပြက ထိုသို့ပြောကာ ကျောက်တုံးလူသားအတွက် ဆင်ခြေပေးလိုက်လေသည်။ သို့သော် ထိုစကားများက လုံးဝ အဓိပ္ပာယ်မဲ့နေကြောင်း အားလုံးက သိထားကြပေသည်။

ကျောက်တုံးလူသားက စစ်တလင်းပေါ်သို့ လှမ်းတက်လိုက်ပြီး ရဲချီယန်၏ ရထား ရှိရာအရပ်သို့ ကြည့်ကာ ပြောဆိုလိုက်၏။

"ပျင်းစရာကောင်းတဲ့ ယှဉ်ပြိုင်မှု စနစ်။ ငါ့အဖေက လနှလုံးသား အဆင့် စစ်တလင်းကို ဝင်ဖို့ ငါ့ကို ဒီလွှတ်လိုက်တာ။ သာမန် ကြယ်အမြုတေ အဆင့် လေးမှာ ဘယ်လိုလုပ် ငါ့ထက် ပိုအစွမ်းထက်တဲ့ တည်ရှိမှု ရှိနေနိုင်မှာလဲ"

"လူသား... မင်းရဲ့ လိပ်အခွံထဲကနေ ထွက်ခဲ့စမ်း"

"ပြီးရင် ချော်ရည်နတ်ဘုရား၏ တမန်တော် ဘိုလာနူး ရဲ့ ခြေအောက်မှာ နာခံစွာ ဒူးထောက်လိုက်။ မင်းရဲ့ ကျောရိုးကို ငါ ချိုးပစ်မယ်၊ အသက်တော့ ချမ်းသာပေးပြီး လနှလုံးသား အဆင့် စစ်တလင်းကို ဝင်ရောက်ဖို့ ငါ့ရဲ့ နောက်ဆုံး စမ်းသပ်မှု ဖြစ်လာမယ့် ဂုဏ်ပုဒ်ကို မင်းကို ပေးလိုက်မယ်"

အလွန် မောက်မာလှသော ကျောက်တုံးလူသားပင် ဖြစ်တော့သည်။

ရဲချီယန်က ရထားတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားလေသည်။

ဒီကောင်က ဒီလောက်တောင် ယုံကြည်ချက် ရှိနေမှတော့ ဒီတစ်ကြိမ် စည်းမျဉ်းတွေကရော သူ့ကို မျက်နှာသာ ပေးထားဦးမလား။

အခန်း ၂၇၈

"သခင်ကြီး... သတိထားရမယ်နော်။ သူက ပြီးခဲ့တဲ့ပွဲက တမန်တော်ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။ သူက ချော်ရည်နတ်ဘုရားရဲ့ ပထမဆုံး တမန်တော်ဆီကနေ ဆင်းသက်လာတဲ့ သားသမီးဖြစ်ပြီး စမ်းသပ်မှုကို အောင်မြင်အောင် လုပ်ဖို့နဲ့ လနှလုံးသား အဆင့် စစ်တလင်းကို ဝင်ရောက်ဖို့ ဒီကို အထူးတလည် ရောက်လာတာ"

လမ်းပြ မိန်းကလေးက ပြိုင်ဘက်ကို မိတ်ဆက်ပေးလိုက်လေ၏။

"ဒါပေမဲ့ ပြိုင်ဘက်က သူဆိုရင်တော့ စည်းမျဉ်းတွေက သိပ်ပြီး မျက်နှာသာပေးထားမှာ မဟုတ်လောက်ပါဘူး..."

သူမ၏ စကားသံပင် မဆုံးသေးချေ။ ဤပွဲစဉ်အတွက် စည်းမျဉ်းများက အထက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

[ဤ စစ်တလင်း စမ်းသပ်မှုအတွက် စည်းမျဉ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်]

[စမ်းသပ်မှုခံယူသူ နှစ်ဦးစလုံးသည် စစ်တလင်းပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ရမည် ဖြစ်ပြီး တစ်ဖက်လျှင် လူတစ်ဦးတည်းသာ စစ်တလင်းပေါ်တွင် ရှိနေခွင့်ပြုပါသည်]

"ဒါ မတရားဘူးလေ။ ဘာလို့ ဒီစည်းမျဉ်းပဲ ထပ်ဖြစ်နေရတာလဲ။ ပြိုင်ဘက်က သူ့ချည်းပဲဆိုရင်တောင် လုံလောက်အောင် အစွမ်းထက်နေပြီကို"

လမ်းပြ မိန်းကလေး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လာခဲ့၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့အား စောင့်ကြည့်လေ့လာပြီးနောက် သူမက ရဲချီယန်ကို ဆင့်ခေါ်သူ အမျိုးအစားအဖြစ် လုံးဝ မှတ်ယူထားခဲ့ချေပြီ။ သူ၏ စွမ်းရည်အားလုံးသည် စက်ယန္တရားများနှင့် အခြားသော သက်ရှိများကို ဆင့်ခေါ်ခြင်းအပေါ်တွင်သာ လည်ပတ်နေသည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

ဆင့်ခေါ်သူ တစ်ယောက်ကို အစွမ်းထက်လှသော တမန်တော် တစ်ပါးနှင့် ရင်ဆိုင်ရန် စစ်တလင်းပေါ် တက်ခိုင်းသည်တဲ့လား။ အကယ်၍ သူ့ကိုသာ အနီးကပ် ဝင်တိုက်ခံရပါက အလွန်တရာ အန္တရာယ်များလွန်းမည် မဟုတ်ပါလား။

"ဒါတွေက သေချာပေါက် ကန့်သတ်ချက်များတဲ့ စည်းမျဉ်းတွေပဲ။ စကားမစပ်... ငါ စစ်တလင်းပေါ်ရောက်မှ ဆင့်ခေါ်မှု လုပ်ရင်ရော အဲဒါကို လူတစ်ယောက်တည်း ရှိတယ်လို့ သတ်မှတ်ဦးမှာလား"

ရဲချီယန်က သိပ်ပြီး စိုးရိမ်ပူပန်နေခြင်း မရှိဘဲ စည်းမျဉ်းများ၏ အကြောင်းအရာကို ကြည့်ကာ စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်လေ၏။

"ဟုတ်ပါတယ်။ အဲဒါက ပြောင်းလဲလို့မရတဲ့ စည်းမျဉ်းပါ။ ဘာပဲဖြစ်ဖြစ် လူတော်တော်များများက ဆင့်ခေါ်တဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားကြတာပဲလေ။ စစ်တလင်းထဲ ရောက်သွားတာနဲ့ ဆင့်ခေါ်မှုတွေကို စတင်နိုင်ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်က ဘိုလာနူးလေ... သူ့စွမ်းရည်က စစ်တလင်း တစ်ခုလုံးကို ဖုံးလွှမ်းနိုင်တယ်။ ပြီးတော့..."

"ဒါနဲ့ ငါ နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်"

ရဲချီယန်က သူမကို ကြားဖြတ်ကာ ထပ်မေးလိုက်သည်။

"ဘာများလဲဟင်"

"ငါသာ စည်းမျဉ်းတွေကို မလိုက်နာရင် ဘာဖြစ်မလဲ"

လမ်းပြက ခေတ္တမျှ မှင်သက်သွားခဲ့၏။

"အဲဒါက... ကျရှုံးမှုဆီ ဦးတည်သွားမှာပေါ့။ သင့်ရဲ့ အနိုင်ရရှိမှုတွေလည်း အဆုံးသတ်သွားမှာ" ထို့နောက် သူမက ဆက်၍ "အာ... မဟုတ်ဘူး... ကျွန်မလည်း သေချာမသိဘူး။ ကျွန်မ မှတ်မိသလောက်ဆိုရင် ဘယ်သူမှ စစ်တလင်းရဲ့ စည်းမျဉ်းတွေကို မလိုက်နာဘဲ မနေခဲ့ဖူးဘူး"

"အင်း... နားလည်ပြီ"

ရဲချီယန်က စစ်တလင်းပေါ်သို့ လှမ်းတက်သွားခဲ့သည်။ ၎င်းမှာ အနီရောင်မျဉ်း တစ်ကြောင်းစာ အကွာအဝေးမျှသာ ဖြစ်သော်လည်း သူ တကယ်တမ်း ယှဉ်ပြိုင်ရမည့်ဇုန်သို့ ဝင်ရောက်သွားသည်နှင့် ပြင်းထန်သော မြေဆွဲအားလှိုင်းများက သူ့အပေါ်သို့ ဖိကျလာလေတော့သည်။

ဤမြေဆွဲအားသည် သူ၏ မျက်နှာချင်းဆိုင်ရှိ ကျောက်တုံးလူသားထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ၎င်း၏ ကျောက်တုံးမျက်နှာပေါ်တွင် ထူးဆန်းကာ ခြိမ်းခြောက်နေသည့် အပြုံးတစ်ခု ပေါ်ထွက်လာချေပြီ။

ဤနေရာက ဘောလုံးကွင်းတစ်ကွင်းစာခန့် ကြီးမားကျယ်ဝန်းလှသည်။ ကျောက်တုံးလူသား ဘိုလာနူးက ၎င်း၏ လက်ဖဝါးကို ခေါင်းပေါ်သို့ မြှောက်တင်လိုက်လေ၏။

"လူသား... ဒီစည်းမျဉ်းတွေက မင်းကို ဒီနေရာမှာ တကယ် သေစေချင်နေပုံရတယ်"

ချက်ချင်းပင် ဧရာမ ကျောက်တုံးကြီးများက လေထဲတွင် ပေါ်ထွက်လာပြီး ဥက္ကာပျံများကဲ့သို့ ရဲချီယန်ထံသို့ ဒလဟော ပြုတ်ကျလာကြတော့သည်။

"ဒါဆိုလည်း စည်းမျဉ်းတွေကို လိုက်နာလိုက်စမ်း။ ဒီမှာ လိမ္မာပါးကျပ်စွာနဲ့ သေလိုက်တော့။ မင်းရဲ့ ရထားက ထာဝရ ရပ်တန့်သွားရလိမ့်မယ်"

လမ်းပြ ပြောခဲ့သကဲ့သို့ပင် ဤကောင်၏ စွမ်းအားက စစ်တလင်း တစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် လုံလောက်နေပေသည်။ သို့သော် ထိုသို့ဖြစ်လျှင်ရော ဘာအရေးနည်း။ သူ ဘယ်သူ့ကို အသုံးပြုသင့်သနည်း။ မဟုတ်ချေ။ တကယ်တမ်းတွင် သူ၌ အဖြေရှိပြီးသား ဖြစ်လေ၏။

ဤကောင်က အမှန်တကယ်ပင် အစွမ်းထက်လှသည်။ သို့သော် ဤ ကြယ်အမြုတေ အဆင့် စစ်တလင်း အတွက်သာ လုံလောက်သော အစွမ်းထက်မှုမျိုး ဖြစ်၏။

သို့ဆိုလျှင်လည်း... "မျက်ရည်နီ"

မျက်ရည်နီ နတ်ဆိုးလေး က ကမ္ဘာကြီးထဲသို့ ထွက်ပေါ်လာလေတော့သည်။ မိုးစတင် ရွာသွန်းလာချေပြီ။

ဝုန်း...

နားကွဲမတတ် မိုးခြိမ်းသံကြီးက လွင်တီးခေါင်ပြင် တစ်ခွင်၌ ပဲ့တင်ထပ်သွားခဲ့သည်။ အနီရောင် မိုးပေါက်များက သဲကြီးမဲကြီး ရွာသွန်းကျလာ၏။

"မင်းရဲ့ ဓားကို ဆွဲထုတ်လိုက်"

စွဲထင်နေသောမျက်ရည် ဓား အိမ်မှ ကျွတ်ထွက်လာလေသည်။ သူမက အထက်မှ ပြုတ်ကျလာနေသော ဧရာမ ဥက္ကာပျံ ကျောက်တုံးကြီးများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။ ထို့နောက် သူမ လွှဲခုတ်လိုက်သည်။

ရိုးရှင်းကာ အလှအပကင်းမဲ့သော ဓားစွမ်းအင် ခုတ်ချက်တစ်ခုက ရေကန့်လန့်ကာကို ဖောက်ထွင်းသွားပြီး ပြုတ်ကျလာသော ကျောက်တုံးကြီးများကို ထက်ပိုင်းပိုင်းပစ်လိုက်ကာ တစ်ဖက်တစ်ချက်ရှိ ပွဲကြည့်စင်များဆီသို့ လွင့်စင်ကျသွားစေတော့သည်။

ပြဇာတ်ကို ကြည့်ရှုနေကြသော မျိုးနွယ်စု အမျိုးမျိုးမှာ အချိန်မီ မရှောင်ရှားနိုင်ခဲ့ဘဲ အတော်များများမှာ သွေးပျစ်ချွဲများအဖြစ် တိုက်ရိုက် ကြိတ်ခြေခံလိုက်ရလေ၏။

သို့သော် ၎င်းက အရေးမကြီးချေ။ အရေးကြီးသည်မှာ... မျက်ရည်နီ က ရဲချီယန်၏ လက်ကို ဆုပ်ကိုင်လိုက်ခြင်းပင်။

"နားလည်ပါပြီ"

"ဒါပေမဲ့ အဲဒီမတိုင်ခင် ဒီမှာ မကောင်းဆိုးဝါးတွေ အများကြီး ရှိနေတာဆိုတော့ သူတို့အားလုံးကို အတူတူ ရူးသွပ်သွားအောင် လုပ်လိုက်ရင်ရော ဘယ်လိုလဲ"

မျက်ရည်နီ က မျက်တောင်လေး ခတ်လိုက်ရုံသာ။ တဖျပ်ဖျပ်... အမှန်တရားနှင့် အတုအယောင် စာအုပ်က သူ၏ လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာလေ၏။

သူက စာမျက်နှာ တစ်မျက်နှာကို လှန်ဖွင့်လိုက်သည်။ သူ၏ ခြေအောက်မှ ခရမ်းရောင်သန်းနေသော အနီရောင် အလင်းကွင်းတစ်ခု ပြန့်ထွက်လာတော့သည်။

"ဒီတစ်ကြိမ် ဘယ်လိုဓားမျိုး ဆွဲထုတ်မှာလဲ"

စိတ်စွမ်းအား များ ကုန်ဆုံးသွားခဲ့၏။ ရှေးဟောင်း စစ်မြေပြင် ၏ မြင်ကွင်းက ပို၍ပို၍ ရှင်းလင်းလာကာ ဤနေရာ၌ ကိုယ်ထည် ပုံပေါ်လာတော့သည်။

တိုက်ပွဲဝင် ကြွေးကြော်သံများ၊ ငိုကြွေးသံများနှင့် ဟိန်းဟောက်သံများက ဤကိုယ်ထည် ပုံပေါ်လာမှုနှင့်အတူ ထွက်ပေါ်လာလေ၏။ ခပ်ရေးရေးမျှဖြင့်ပင် မျက်နှာမဲ့ အတုအယောင် ပုံရိပ်ပေါင်း မြောက်မြားစွာ တိုက်ပွဲဝင်နေသည်ကို မြင်တွေ့နိုင်ပေသည်။

နတ်ဆိုးမလေး ၏ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာခဲ့သည်။

ဘိုလာနူး၏ ကျောက်တုံး နှလုံးသားထဲသို့ ဖော်ပြ၍မရနိုင်လောက်အောင် နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခု ရုတ်တရက် ဝင်ရောက်လာလေ၏။ သူက မိမိ၏ လက်ဖဝါးကို မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်မိသည်။

ထို ဧရာမကြီးမားကာ အမည်းရောင် ကျောက်တုံးကဲ့သို့ မာကျောလှသော လက်ကြီးသည် ဤအခိုက်အတန့်၌ တကယ်ကြီး တုန်ယင်နေခဲ့ချေပြီ။

"ငါ ကြောက်နေတာလား"

ဤအချက်ကြောင့် သူ အလွန် ဒေါသထွက်သွားခဲ့သည်။

"အရေးမပါတဲ့ လူသား။ မင်းက ရထားမောင်းနှင်သူ ဖြစ်နေရင်ရော ဘာအရေးလဲ။ ဒီနေရာက လွင်တီးခေါင်ပြင် မဟုတ်ဘူးကွ။ အစွမ်းထက်လှတဲ့ တမန်တော် တစ်ပါးကို မင်းက စော်ကားရဲတယ်ပေါ့။ မင်းက နတ်ဘုရားတွေကို စော်ကားနေတာပဲ"

စော်ကားနေတာတဲ့လား။ ရဲချီယန်က သူ့ကို ပြုံးလျက် ကြည့်လိုက်၏။

"မင်းပြောနေတဲ့ နတ်ဘုရားက အခု ဘယ်မှာလဲ"

ဖြားယောင်းသွေးဆောင်ခြင်း။ မြင်တွေ့နိုင်ခြင်း မရှိသော နတ်ဆိုးစွမ်းအားများက သူ၏ စကားလုံးများထဲတွင် ရောယှက်နေပေသည်။

"ငါ့ရဲ့ နတ်ဘုရားက သေချာပေါက် ကမ္ဘာကြီးရဲ့ အပြင်ဘက် လေဟာနယ် ထဲမှာ ရှိနေတာပေါ့။ မင်းတို့လို ကျိန်စာသင့် ရထားမောင်းနှင်သူ တွေ အားလုံးကို ရှင်းလင်းပစ်ပြီး အဲဒီ ကျိန်စာသင့် ရထားစနစ် ကြီးကို ဖျက်ဆီးပစ်လိုက်တာနဲ့ ငါတို့ တမန်တော် တွေက လွင်တီးခေါင်ပြင် ထဲကို ဝင်ရောက်နိုင်တော့မှာ။ အဲဒီက အရာအားလုံးက ငါတို့ပိုင် ဖြစ်လာလိမ့်မယ်"

သူ စကားတွေ အလွန်အကျွံ ပြောမိသွားပြီဆိုသည်ကို ဘိုလာနူး လုံးဝ သတိမထားမိခဲ့ချေ။

"သူက ဘူတာရုံကမ္ဘာ ထဲမှာ မရှိဘူးပေါ့"

ဖြားယောင်းသွေးဆောင်ခြင်း ကို ဆက်လက် အသုံးပြုလိုက်သည်။

"ကျိန်စာသင့် လူသား... မင်းမှာ မေးခွန်းတွေ သိပ်များလွန်းနေပြီ။ ဒါပေမဲ့ မင်းမသေခင် ကြီးမြတ်လှတဲ့ တမန်တော် ဘိုလာနူးက မင်းကို သိခွင့်ပေးလိုက်မယ်"

"ငါ့ရဲ့ နတ်ဘုရားမှာ လောလောဆယ် နတ်ဘုရားကမ္ဘာ တစ်ခုကို တည်ထောင်နိုင်စွမ်း မရှိသေးဘူး... မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး။ စွမ်းရည် မရှိတာ မဟုတ်ဘူး။ ကျစ်... ငါ့နတ်ဘုရားရဲ့ စွမ်းအားကို ငါက ဘယ်လိုလုပ် သံသယ ဝင်နေရတာလဲ။ ငါ..."

"ကောင်းပြီ... အဲဒါဆို လုံလောက်ပြီ"

"မင်း ဘာကို ဆိုလိုတာလဲ"

"မင်း ထွက်သွားရတော့မယ့် အချိန်ရောက်ပြီလို့ ဆိုလိုတာ"

ရူးသွပ်မှုကို နောက်ခံထားလျက် အမှန်တရားနှင့် အတုအယောင် စာအုပ် ၏ လွှမ်းမိုးမှုအောက်တွင် ထို မျိုးနွယ်စု အမျိုးမျိုးက အချင်းချင်း အသားလွတ် ကိုက်ဖြဲလာကြတော့သည်။

စစ်မြေပြင်မှ မရေမတွက်နိုင်သော အတုအယောင် ပုံရိပ်များက စွဲထင်နေသောမျက်ရည် ဓား ၏ ရှေ့တွင် ပေါ်လာကာ နောက်ဆုံးတွင် တစ်နေရာ၌ ရပ်တန့်သွားကြလေ၏။

ပြင်းထန်သော ကြောက်ရွံ့မှုက ဘိုလာနူး၏ ကျောက်တုံး နှလုံးသားကို ဆုပ်ကိုင်ထားခဲ့သည်။ ဤတစ်ကြိမ်တွင် တုန်ယင်နေရုံမျှသာ မကတော့ချေ။ သူ လုံးဝ လှုပ်ရှား၍ မရနိုင်တော့ပေ။ အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သူ၏ ကျောက်တုံး ခန္ဓာကိုယ်ကြီးက ထိုနေရာ၌ပင် အေးခဲသွားခဲ့၏။

ဘာကြောင့်လဲ။ သူ ဘာလို့ ဒီလောက်တောင် ကြောက်ရွံ့နေရတာလဲ။

"မင်းက တကယ်တော့ ဘာကောင်ကြီးလဲ... မကောင်းဆိုးဝါး"

မကောင်းဆိုးဝါး တဲ့လား။ ဖြစ်နိုင်ပါရဲ့။ မကောင်းဆိုးဝါးများ အဖို့ လူသားများကလည်း အခြား မကောင်းဆိုးဝါး တစ်မျိုးသာ ဖြစ်နေမည် မဟုတ်ပါလား။

"ခန့်မှန်းကြည့်လေ"

ရွှစ်...

ဓားတစ်ချက် လွှဲခုတ်လိုက်၏။ မြင်တွေ့နိုင်ခြင်း မရှိသော လှိုင်းတစ်ခုက ဘိုလာနူး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။ သို့သော် ဘာမျှ ဖြစ်မလာခဲ့သကဲ့သို့ပင်။

"ဟားဟား... လူသား၊ ငါ... အဟွတ်..."

ရဲချီယန်က သူ၏ လက်ကို လွှတ်လိုက်ကာ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်လိုက်သည်။

"ရှူး... သေချာ နားထောင်ကြည့်"

ဘိုလာနူး၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မျဉ်းကြောင်းများ ပေါ်လာပြီး ထိုမျဉ်းကြောင်းများက အက်ကွဲကြောင်းများအဖြစ် ပြောင်းလဲသွားကာ အက်ကွဲကြောင်းများ အတွင်းမှ... ပေါက်ကွဲလုမတတ် အလင်းတန်းများ အရူးအမူး ပန်းထွက်လာလေတော့သည်။

"အား"

နာကျင်စွာ အော်ဟစ် ငိုကြွေးသံနှင့်အတူ နောက်ဆုံး၌ သေဆုံးသွားခဲ့ရလေ၏။

"အာ... အာ"

ကျီးကန်းနတ်ဆိုး က ကြိုတင်သတိပေးသူ အဖြစ် လှုပ်ရှားလာခဲ့သည်။ ၎င်းက လေထဲမှ ဆင်းသက်လာကာ ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး မျိုချလိုက်လေ၏။

ကျန်သည့်အပိုင်းများကို အစာအဖြစ် ဖန်တီး၍ မရနိုင်တော့ချေ။ သို့သော် ၎င်းက ကျောက်တုံး ဖြစ်နေသောကြောင့် လုပ်ငန်းစဉ်ခုံ ကို အသုံးပြုကာ ပြန်လည် အသုံးပြုရန် စမ်းသပ်နိုင်ပေသည်။

ဘီ...

ပွဲပြီးဆုံးကြောင်း အသံမြည်လာသည်နှင့်တစ်ပြိုင်နက် အထက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် သူ၏ အနိုင်ရရှိမှုက ကိုးပွဲဆက်တိုက်သို့ ရောက်ရှိသွားချေပြီ။

All Chapters