ချိုးဖြတ်နိုင်ခြင်း
Vol. 002 Ch. 90
တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်၏ ပထမအလွှာကို အောင်မြင်သွား၏။
တန်းထျန်းထဲမှ ချီသွေးကြောသည်လည်း ပွင့်သွားပြီ ဖြစ်သည်။
ဝမ်လင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားပြီး တန်းထျန်း အပြင်ဘက်မှ ယင်စွမ်းအင် (၃)ပုံ(၁)ပုံကို တန်းထျန်းထဲသို့ ပို့လိုက်သည်။
ယင်စွမ်းအင်များက သူ၏ တန်းထျန်းထဲသို့ မဝင်သော်လည်း တန်းထျန်းကို ဝန်းရံနေပြီး အနက်ရောင် စုပ်ဝဲအတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်သွား၏။
တစ်ဟုန်ထိုး ပြေးဝင်သွားမှုက ယင်စွမ်းအင် အနည်းငယ်ကို ဆုံးရှုံး သွားစေသော်လည်း ယင်စွမ်းအင်များက ပိုပိုပြီး ပြင်းထန်လာကာ တန်းထျန်းထဲတွင် စစ်ပွဲ ဖြစ်နေသကဲ့သို့ ဖြစ်နေလေသည်။
အချိန်တော်တော် ကြာပြီးနောက် အနက်ရောင် စုပ်ဝဲကြီးက ကွဲကြေသွား၏။ ထို အခိုက်အတန့် တွင် ဝမ်လင်းက ယင်စွမ်းအင် နောက်ထပ် (၃)ပုံ(၁)ပုံကို လျင်မြန်စွာ လွှဲပြောင်း ပေးလိုက်သည်။ တစ်ချက်တည်းနှင့် တန်းထျန်းမှ ချီသွေးကြောကို ဖွင့်လိုက်၏။
ချက်ချင်း နာကျင်မှုကိုလည်း ဝမ်လင်း ခံစားလိုက်ရသည်။ အနက်ရောင် စုပ်ဝဲကြီး ပျက်စီး သွားသည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသော စွမ်းအားများက ဝင်ရောက် လာသည်။ ထို့နောက် ဝမ်လင်းက တန်းထျန်းကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
ဒီတစ်ကြိမ်သည် ယခင်ကထက် အလွန်ကြာနေသည်။ အဘယ်ကြောင့်ဆိုသော် ယင်စွမ်းအင် များက မလုံလောက်သောကြောင့် ဖြစ်၏။ ဝမ်လင်းက ကျန်နေသေးသော ယင်စွမ်းအင် (၃)ပုံ(၁)ပုံကို ယင်စွမ်းအင် စီးကြောင်း အတွင်းသို့ ပေါင်းထည့်လိုက်သည်။ ယင်စွမ်းအင် စီးကြောင်းက လေပွေကဲ့သို့ စုပ်ဝဲလေးတစ်ခု ဖြစ်လာပြီး တဖြည်းဖြည်း ကြီးမားလာသည်။
စုပ်ဝဲ၏ လည်နှုန်းက မြန်ပြီးရင် မြန်လာပြီး ချိုးဖြတ်ရန် အချိန်ကလည်း နီးကပ်လာသည်။
စုပ်ဝဲက အလွန်လျင်မြန်စွာ လည်ပတ်လာပြီး နီဘူလတစ်ခုနှင့်ပင် တူလာသည်။ စုပ်ဝဲက အပြင်ဘက်တွင် နှေးကွေးသော်လည်း အတွင်းထဲတွင်မူ အလွန်လျင်မြန် လွန်းလှသဖြင့် မျက်လုံးနှင့် မြင်ရန်ပင် ခက်ခဲလှ၏။
ညသန်းခေါင်အချိန်သည် ယင်စွမ်းအင်များ အသိပ်သည်းဆုံး အချိန် ဖြစ်သည်။ ယခုအချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်က အာကာသ တွင်းနက်ကြီး တစ်ခုနှင့်ပင် တူနေပြီး သူ့ခန္ဓာကိုယ် ပတ်လည်တွင် ပေ (၂၀)ပတ်လည် စုပ်ဝဲက အပြင်ဘက်မှ စွမ်းအင်များကို စုပ်ယူနေ၏။
ဝမ်လင်းနှင့် ပေ(၁၀)ပတ်လည်သည် ယင်စွမ်းအင်များ အတွက် ကြိတ်ဆုံတစ်ခုနှင့် တူနေပြီး ဝမ်လင်းက ယင်စွမ်းအင်များ အားလုံးကို အရူးအမူး စုပ်ယူနေသည်။
ဝမ်လင်းက စုပ်ယူလိုက်သော စွမ်းအင်များ အားလုံးကို သူ့ကိုယ်ထဲမှ စုပ်ဝဲအတွင်းသို့ ချက်ချင်း ပို့လိုက်၏။ စုပ်ဝဲကလည်း တဖြည်းဖြည်းနှင့် သူကိုယ်တိုင် ထိန်းချုပ်မှု လွတ်ကင်းလုနီးပါး ကြီးလာ သည်။ ထိုအချိန်တွင် ဝမ်လင်းက ရပ်တန့် ချင်သော်လည်း ရပ်တန့်၍ မရတော့သဖြင့် မှင်တက်သွား၏။ ထို့အတူ စုပ်ဝဲကိုလည်း ထိန်းချုပ်၍ မရတော့ဘဲ ဆက်လက် ကြီးထွားလာသည်။ ထိုအချက်ကြောင့် ဝမ်လင်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူဖြစ်နေသော အခြေအနေသည် တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်တွင် ဖော်ပြထားခြင်း မရှိချေ။
တစ္ဆေလောက ပျံတက်ခြင်း ကျင့်စဉ်ကို မိစ္ဆာကျင့်စဉ်ဟု ခေါ်ရခြင်းမှာ ပြောင်းလဲမှု အလွန် များသောကြောင့် ဖြစ်သည်။ တချို့က အကျိုးများစွာ ဖြစ်ထွန်း သွားကြသော်လည်း တခြား သူများကတော့ သေဆုံး သွားကြရသည်။
ယခုအချိန်တွင် စစ်ထူနန်က အိပ်ပျော်နေသည့်အတွက် ဝမ်လင်းက ဤပြဿနာကို ကိုယ့်ဘာသာ ဖြေရှင်းရပေမည်။
စုပ်ဝဲကလည်း ကြီးမားလာပြီး စုပ်ယူအားကလည်း အလွန် အားကောင်းလာသည်။ အကွာအဝေး ကလည်း ပိုပြီး ကျယ်လာလေ ယင်စွမ်းအင်များကိုလည်း ပိုစုပ်ယူနိုင်လေ ဖြစ်သည်။ စုပ်ယူလိုက်သော ယင်စွမ်းအင်များက ပိုပြီး များလာလေ စုပ်ဝဲကလည်း ပိုပြီး ကြီးလာလေ ဖြစ်နေသည်။
ပေ (၂၀)၊ ပေ (၃၀)၊ ပေ (၅၀)၊ ပေ (၇၀)၊ ပေ (၁၀၀) …
ပေ (၁၀၀)အချင်းဝက် အတွင်းရှိ ယင်စွမ်းအင်များကို ဝမ်လင်း၏ ခန္ဓာကိုယ်က အရူးအမူး စုပ်ယူနေသည်။ ယင်စွမ်းအင် လှုပ်ရှားမှုကြီးက ပေ(၁၀၀၀) အတွင်းရှိ ယင်စွမ်းအင်များကိုပါ အကျိုး သက်ရောက် သွားစေသည်။
ဝမ်လင်းသည် စုပ်ဝဲကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။ အချိန်တစ်ခု ကြာပြီးနောက် သူ၏ တန်းထျန်းက ကွဲကြေသွား၏။
တန်းထျန်း ပျက်စီးသွားတာ နှစ်ကြိမ်ရှိနေပြီ ဖြစ်သည်။ ပထမ အကြိမ်ကဲ့သို့ပင် တန်းထျန်း အတွင်း၌ အနက်ရောင် စုပ်ဝဲကြီး ဖြစ်ပေါ်လာသည်။
အနက်ရောင် စုပ်ဝဲကြီးက ပေ (၁၀၀) အတွင်းမှ ယင်စွမ်းအင်များ အားလုံးကို ချက်ချင်း စုပ်ယူ ဝါးမျို လိုက်သည်။ မကြာမီ စုပ်ဝဲက ပေ(၁၀၀) မှ ပေ(၁၀၀၀)အထိ ကြီးမားလာ၏။
မြို့ပျက်ကြီးထဲမှ အနက်ရှိုင်းဆုံး တစ်နေရာတွင် ထူးဆန်းသော လူက သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို လက်ထဲတွင် ကိုင်ထားသည်။ အသားကို ကိုက်လိုက်ပြီး ဝါးစားရန် ပြင်လိုက်စဉ်တွင် သူက ရုတ်တရက် ဝမ်လင်းရှိရာ ဘက်သို့ အံ့အားသင့်နေသော အမူအရာဖြင့် လှည့်ကြည့်လိုက်၏။ သူ၏ အစာကို လွှင့်ပစ်လိုက်ပြီး ဝမ်လင်းရှိရာ ဘက်သို့ ချက်ချင်းပြေးထွက် သွားလိုက်၏။
သူက အနည်းငယ် သွားလိုက်သည်နှင့် ယင်စွမ်းအင်များက ဝမ်လင်းဆီသို့ ဦးတည်၍ ရွေ့လျား နေသည်ကို သတိပြုမိ လိုက်သည်။ သူက အနည်းငယ် တုံ့သွားပြီး ဝမ်လင်းဆီသို့ ဆက်ပြေးသွား၏။ သူက ဝမ်လင်းနှင့် ပေ(၃၀၀၀) အကွာတွင် ရပ်တန့်လိုက်သည်။ ဝမ်လင်းကို ကြည့်ပြီး ပိုပြီးတော့တောင် အံ့အားသင့်သွား၏။
ဝမ်လင်းက ချိုးဖြတ်မှုကို လုပ်နေသည့် အချိန် ဖြစ်သည်။ စိတ်စွမ်းအင်များ အားလုံးကလည်း လျင်မြန်စွာ တန်းထျန်း အတွင်းရှိ အနက်ရောင် စုပ်ဝဲအတွင်းသို့ စုစည်းသွားပြီး အတူတူ ပေါင်းစပ် သွား၏။
စွမ်းအင်များ အားလုံး အတူတူ ပေါင်းစပ် သွားပြီးနောက် ဝမ်လင်းက စုပ်ဝဲကို အနည်းငယ် ပြန်ပြီး ထိန်းချုပ် လာနိုင်သည်။ သို့သော်လည်း စုပ်ဝဲကို ရပ်တန့်ရန် အတွက်မူ မဖြစ်နိုင်သေးပေ။
ဝမ်လင်းက အံကြိတ်ပြီး စုပ်ဝဲကို ရပ်တန့်ရန် မကြိုးစားတော့ဘဲ တတိယအကြိမ် ကြိုးစားမှုကို စတင်လိုက်သည်။
သူ၏ ထိန်းချုပ်မှု အောက်တွင် ယင်စွမ်းအင်ထုကြီးက သူ၏ တန်းထျန်းကို ရိုက်ခွဲလိုက်သည်။ တန်းထျန်းက အပြာရောင် အမှုန့်များအဖြစ် ကွဲကြေသွား၏။ ထိုအပြာရောင် အမှုန်များ ကြားတွင် နက်ပြာရောင် သလင်းကျောက်တစ်ခု ရှိနေသည်။ နက်ပြာရောင် သလင်းကျောက် အတွင်းသို့ ယင်စွမ်းအင်များက ဝင်ရောက်လာပြီး သလင်းကျောက်၏ အရောင်က တဖြည်းဖြည်း ပြောင်းသွားပြီး အစိမ်းရောင် အဖြစ်သို့ ပြောင်းသွားသည်။
ချိုးဖြတ်မှု (၃)ခု ပြီးသွားပြီးနောက် ဝမ်လင်း၏ တန်းထျန်းတွင် အေးခဲ အမြုတေတစ်ခု ဖြစ်ပေါ် လာသည်။
ဝမ်လင်း၏ ကိုယ်တွင် ယခုအချိန်အထိ ယင်စွမ်းအင်များ ဝန်းရံထားတုန်းပင် ဖြစ်သည်။ နောက်ထပ် ယင်စွမ်းအင်များကို စုပ်ယူလျှင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲတော့မည် ဟုတောင် ခံစားလာရ သည်။
ဝမ်လင်းက အံကိုကြိတ်ပြီး ဘာပဲဖြစ်ဖြစ်ကွာ ဆိုသည့် ဆုံးဖြတ်ချက်ဖြင့် (၄)ကြိမ်မြောက် ချိုးဖြတ်ရန်အတွက် ယင်စွမ်းအင်များကို စုပ်ယူလိုက်သည်။
အလွှာ (၁)၊ (၄)နှင့် (၇)တို့သည် ချိုးဖြတ်ရန် အခက်ခဲဆုံးများ ဖြစ်ကြောင်း စစ်ထူနန်က သူ့ကို ပြောဖူး၏။ ထိုအလွှာများက တန်းထျန်း၊ ချီပင်လယ်၊ ဘိုးဘေးချီ သွေးကြောထဲတွင် ပထမဆုံးအကြိမ် ချိုးဖြတ်မှုများ ဖြစ်သည်။
သာမန်ဆိုလျှင် (၃)ကြိမ်မြောက် ချိုးဖြတ်မှု ပြီးသည်နှင့် ရပ်တန့်ရမည် ဖြစ်သော်လည်း ဝမ်လင်း၏ ခန္ဓာကိုယ်က ယင်စွမ်းအင် အမြောက်အများနှင့် ပေါင်းစပ် ထားသည့်အတွက် သူ့ကိုယ်ထဲမှ ယင်စွမ်းအင်များကို လျော့ကျ သွားစေရန် သုံးပစ်ရမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်းမှာ (၄)ကြိမ်မြောက် ချိုးဖြတ်မှုကို ကြိုးစားရန်သာ ရှိတော့၏။
ရင်ဘတ်ရှိ ချီပင်လယ်ကို ဖွင့်ရန် ကြိုးစားလိုက်သည်။
ယင်စုပ်ဝဲက နှေးကွေးစွာ မြင့်တက်လာပြီး ချီပင်လယ်ဆီသို့ ရောက်လာပြီး လည်ပတ်နှုန်းက နောက်တစ်ကြိမ် မြန်ဆန်လာသည်။
တဖြည်းဖြည်းဖြင့် ပေ(၁၀၀၀) အတွင်းရှိ ယင်စွမ်းအင်များ အားလုံး ပျောက်ကွယ်သွား၏။
ရင်ဘတ်ရှိ ချီပင်လယ်က အခုထိ မပွင့်သေးချေ။ ချီပင်လယ်ကို အကြိမ် (၁၀၀)မက ကြိုးစားပြီး ဖွင့်သော်လည်း ပွင့်မလာချေ။ သို့သော်လည်း သူ့ကိုယ်ထဲမှ ယင်စွမ်းအင်များကတော့ လျော့ကျသွား၏။
အပြင်ဘက်မှ ယင်စွမ်းအင် များကလည်း ချိုးဖြတ်ရန်အတွက် အလွန်အမင်း စုပ်ယူလိုက်သဖြင့် ယင်စွမ်းအင် အားလုံးနီးပါးက ပျောက်ကွယ်သွား၏။ ကျန်ရှိနေသော ယင်စွမ်းအင် အနည်းငယ်ကိုတော့ ဝမ်လင်း၏ အေးခဲ အမြုတေက စုပ်ယူလိုက်၏။
နေကလည်း ထွက်လာလေပြီ။ ဝမ်လင်းက တစ်ညလုံး ယင်စွမ်းအင် ပမာဏ အများကြီးကို စုပ်ယူလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှ စိတ်စွမ်းအင်များ အားလုံးသည် ယင်စိတ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွား၏။
သူ့ကိုယ်ထဲတွင် ရှိနေသော ယင်စိတ်စွမ်းအင် များသည် ယခင်က ရှိခဲ့သော စိတ်စွမ်းအင် များထက် နှစ်ဆခန့် ပိုမိုများပြား၏။ အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်း အဆင့်၏ အထွတ်အထိပ်ကို ရောက်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ဝမ်လင်းက မျက်လုံးဖွင့်ပြီး ညတုန်းက အကြောင်းများကို ပြန်စဉ်းစားလိုက်သည်။ ညတုန်းက အဖြစ်အပျက်ကြောင့် ဤကျင့်စဉ်ကို ဆက်ကျင့်ရပါ့မလား ဟုတောင် ဝေခွဲမရ ဖြစ်သွားသည်။
ညတုန်းက အဖြစ်အပျက်က ဝမ်လင်းကို အတွေးတစ်ခု ဝင်သွားစေသည်။ အကျိုးရလဒ်ကတော့ ကျေနပ်စရာ ကောင်းသော်လည်း အသက်အန္တရာယ်နှင့် နီးကပ်လွန်းလှသည်။ တစ်ခု ကောင်းတာ က ညတုန်းက အဖြစ်အပျက်ကို အတွေ့အကြုံယူပြီး နောက်ထပ် အဆင့်များကို အန္တရာယ်နှင့် တွေ့ခြင်း မှ လျော့ချနိုင်သည်။
ဝမ်လင်းက ရေရွတ်လိုက်သည်။
“ကြည့်ရတာ ငါ နောက်ထပ် တစ်နေရာ ရှာရတော့မယ်… ယင်စွမ်းအင် ပမာဏ အများကြီး စုပ်ယူလိုက်တာတောင် ယင်စွမ်းအင် အရည်အသွေးက နောက်ထပ် အဆင့်တစ်ခုကို ချိုးဖြတ်ဖို့ အဆင့် မမီဘူး ဖြစ်နေတယ်… “
ဝမ်လင်းသည် ယခုအချိန်တွင် နောက်ထပ် အဆင့်များကို ချိုးဖြတ်လိုပါက သူယခု နေသော နေရာမှ ယင်စွမ်းအင် အရည်အသွေးဖြင့် မဖြစ်နိုင်ပေ။ နောက်ထပ် အရည်အသွေး မြင့်သော ယင်စွမ်းအင်များကို ရှာရပေမည်။ ဒါမှသာ နောက်အဆင့်ကို ချိုးဖြတ်ရန် ရာခိုင်နှုန်း များသွား ပေလိမ့်မည်။
ယခင် စမ်းသပ်ချက်အရ အလင်းတိုင် ထုတ်လွှတ်ပေးသော ကျောက်တုံးနားတွင် ယင်စွမ်းအင် အရည်အသွေးက ကောင်းမွန် ယင်အဆင့်(၁) ရှိသည်။ ထို့ကြောင့် သူက ဆုံးဖြတ်ချက် ချလိုက်သည်။
ထိုအချိန်တွင် သစ်တော၏ အပြင်ဘက်ရှိ ကောင်းကင်ပေါ်တွင် အဘိုးအိုတစ်ယောက် ရပ်နေသည်။ အဘိုးအို၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နေပြီး သူ့ကိုယ်မှ ပြင်းထန်းသော အော်ရာတစ်ခု ထွက်ပေါ်နေသည်။
“လီအာ… မင်းအတွက် လက်စားချေဖို့ အဘိုး ဒီနေရာကို ရောက်နေပြီ… “
ထိုအဘိုးအိုသည် ထန်းမိသားစုမှ ဘိုးဘေး ထန်းဟွယွမ် ဖြစ်သည်။ သူက ဒီနေရာကို လာနေစဉ် တွင် ကျိန်စာကို အသက်သွင်းပြီး ကြည့်သော်လည်း သူ့မြေးကို သတ်သည့်လူ၏ တည်နေရာကို ရှာမရချေ။ ထို့အပြင် သစ်တောကို ဖုံးအုပ်ထားသည့် မြူများကလည်း သူကို့ ကြည့်လို့မရအောင် ထားဆီးထား၏။ သူက နေရာအတိအကျ မရှာနိုင်သော်လည်း ဤသစ်တောထဲတွင် ရှိနေသည်ကို သူသိနေသည်။
ဤသစ်တောသည် သူ မလာချင်သော နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း သူထံတွင် ရွေးချယ်စရာ မရှိချေ။ သစ်တောကို အပြင်ဘက်မှ တစ်ချက် စစ်ဆေးကြည့်ရုံဖြင့် မည်မျှ အန္တရာယ် ရှိသည်ကို ခန့်မှန်းနိုင်သည်။
သို့သော်လည်း သူ့မြေးအတွက် လက်စားချေရန် သစ်တောထဲသို့ ဝင်ရပေမည်။
အနည်းငယ် စဉ်းစားပြီးသည်နှင့် အံကြိတ်ကာ သစ်တောထဲသို့ ဝင်သွားလိုက်၏။
တောအုပ်ထဲမှ အနက်ရှိုင်းဆုံး တစ်နေရာတွင် ပိတ်ထားသော ခေါင်းတလား တစ်ခုမှ အဖုံးက အသံမထွက်ပဲ ပွင့်သွား၏။ ခေါင်းတလား အတွင်းမှ ခရမ်းရောင် အလင်းများ ပေါ်ထွက်လာပြီး ပိန်ကပ်နေသော အနက်ရောင် လက်တစ်ဖက် ထွက်လာသည်။ လက်ထဲတွင်လည်း အန္တရာယ်ရှိသော အော်ရာကို ထုတ်လွှတ်နေသော ခရမ်းရောင် တောက်ပနေသည့် အလင်းလုံးတစ်လုံး ရှိနေသည်။
“နှစ်(၁၀၀) ပြည့်သွားပြီ… ဆရာ… အရင်က ဆရာ့ရဲ့ ခန္ဓာကိုယ်ကို အဆုံးရှုံးခံပြီး အဝေးကို ထွက်ပြေးသွားခဲ့တယ်… ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး… “
***