← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 16 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 16 Ch. 161-162

အခန်း ၁၆၁- ‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်

​ဝမ်ကျိယန်၏ အခန်းထဲမှ လှမ်းထွက်လာခဲ့စဉ်မှာပင် ချန်အန်သည် ရှေ့ဘက်ရှိ မီးဖိုချောင်ဆီမှ ဟင်းသီးဟင်းရွက်များ စင်းနေသည့် အသံကို ကြားလိုက်ရသည်။

​ဂူရှင်းယွဲ့တစ်ယောက် မီးဖိုချောင်ထဲတွင် ဟင်းချက်နည်းအသစ်အချို့ကို လေ့လာစမ်းသပ်နေခြင်း ဖြစ်ပုံရသည်။

​ချန်အန်သည် ဘာမှလုပ်စရာမရှိသဖြင့် ဘာများလဲဟု သွားရောက်ကြည့်ရှုလိုက်သည်။

​“ယောက်ျား”

​ချန်အန် ဝင်လာသည်ကို မြင်သောအခါ ဂူရှင်းယွဲ့က ပြုံးလျက် လှမ်းခေါ်လိုက်သည်။ သူမ၏ အသံမှာ အေးစက်လှသော်လည်း ချိုသာမြိန်ရှက်ဖွယ် ကောင်းနေဆဲပင်။

​ချန်အန်က သူမအနားသို့ လျှောက်သွားကာ ရပ်လိုက်ပြီး လက်ကို သူမ၏ခါးထက်သို့ သဘာဝကျကျပင် ဖက်တွယ်ထားလိုက်သည်။ ထို့နောက် ရှေ့ရှိ မီးဖိုချောင်ခုံပေါ်က သခွားသီးကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်သည်။

​“ယွဲ့အာ... မင်း ဟင်းချက်နည်းအသစ်တွေ စမ်းသပ်နေတာလား”

​“ဟုတ်ကဲ့” ဂူရှင်းယွဲ့သည် ရှက်သွေးဖြန်းကာ ခေါင်းညိတ်ပြီး ရှက်ကိုးရှက်ကန်းအသံဖြင့် ပြောသည်။ “ပျားရည်သခွားသီး လုပ်နည်းကို စမ်းသပ်နေတာပါ”

​သူမ ရှက်သွေးဖြန်းနေသည်ကို မြင်သောအခါ ချန်အန်သည် တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိသွားပြီး မေးလိုက်သည်။ “မင်း ဘာကို ရည်ညွှန်းတာလဲ”

​“ပျားရည်နဲ့ ကြက်စွပ်ပြုတ်ရည်ကိုပါ”

​“ပျားရည်က ဘယ်မှာလဲ”

​“မီးဖိုချောင်ဘေးက အပေါက်အနားမှာ ပျားအုံတစ်အုံ ရှိတယ်လေ။ အဲဒီကနေ ပျားရည် ယူထားတာပါ”

​ချန်အန် အနည်းငယ် အံ့သြသွားသည်။

​သူသည် ချက်ချင်းပင် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်ကာ ဘေးအခန်းရှိ အပေါက်ဆီသို့ အာရုံခံကြည့်လိုက်သည်။

​အမှန်ပင်... သူသည် ပျားအုံတစ်အုံကို တကယ်ကို တွေ့ရှိလိုက်ရသည်။

​သူ၏ နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်းပြီးနောက် ချန်အန်က မေးလိုက်သည်။ “ဒါနဲ့ မင်းက ဘာလို့ ရှက်သွေးဖြန်းနေရတာလဲ”

​“ယောက်ျားလက်က ယားလို့...”

​“ကိုယ်က မင်းရဲ့ ခါးလေးကိုပဲ ကိုင်ထားတာလေ။ ဒီလောက်နဲ့တော့ မယားသင့်ပါဘူး ဟုတ်တယ်မလား”

​“ကျွန်မလည်း မသိဘူး... ဒါပေမဲ့ မကြာသေးခင်ကစပြီး ကျွန်မရဲ့ ခန္ဓာကိုယ်က နည်းနည်း ထူးဆန်းလာတယ်။ အရမ်း အထိမခံနိုင်ဖြစ်နေတယ်”

​“ဘယ်လောက်တောင် အထိမခံနိုင်ဖြစ်နေလို့လဲ”

​ချန်အန် စိတ်ဝင်စားသွားသည်။ ‘အထိမခံနိုင်’ ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ သူ စိတ်လှုပ်ရှားသွားမိသည်။

​ဂူရှင်းယွဲ့မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူမ အလွန်အမင်း ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး တိုးတိုးလေးသာ ရေရွတ်လိုက်သည်။ “ယောက်ျား ကျွန်မကို ထိလိုက်ရင် ယားကျိကျိနဲ့ အထိမခံနိုင်သလို ဖြစ်သွားတာမျိုးပါ”

​ချန်အန်သည် မျက်ခုံးပင့်လိုက်ပြီး သူ၏ ကိုယ်လုပ်တော်လေးကို စစ်ဆေးပေးရန် ဆုံးဖြတ်လိုက်သည်။

​တစ်နာရီကြာပြီးနောက်။

​ချန်အန်သည် ဂူရှင်းယွဲ့၏ ဂါဝန်ကို သပ်သပ်ရပ်ရပ် ပြန်ပြင်ပေးရင်း ပြုံးလျက် မေးလိုက်သည်။ “အခုကော ယားနေသေးလား”

​ဂူရှင်းယွဲ့၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အသက်ရှူသံများလည်း အနည်းငယ် ကစဉ့်ကလျား ဖြစ်နေသည်။ “မယားတော့ပါဘူး... မယားတော့ဘူး။ ကျေးဇူးတင်ပါတယ်”

​“ဒါဆို ကိုယ် သွားတော့မယ်နော်။ မင်းရဲ့ ပျားရည်အရသာ သခွားသီးကို ဆက်ပြီး လေ့လာစမ်းသပ်ပါဦး”

​ထိုသို့ပြောပြီးနောက် ချန်အန်သည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

​နံနက်ခင်းတွင် အချိန်အနည်းငယ် ကျန်သေးသည်ကို မြင်သဖြင့် သူသည် မိမိအခန်းသို့ ပြန်ကာ တင်ပလ္လင်ခွေထိုင်၍ ကျင့်ကြံခြင်း၌ နစ်မြောနေလိုက်သည်။

​သူသည် ယခုအခါ ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ကျန်ရှိသော စွမ်းရည်များမှာ တိုးပွားစုစည်းထားခြင်း မရှိသေးပေ။ သူသည် တိုက်ရိုက်သာ အဆင့်တက်လာခဲ့ခြင်း ဖြစ်သည်။

​အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

​ပြင်ပတွင် နေရောင်ခြည်မှာ တောက်ပစွာ ထွန်းလင်းနေပြီး နေ့လယ်စာ စားချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​မိသားစုဝင်များမှာ ထမင်းစားပွဲတွင် ဝိုင်းဖွဲ့၍ စားသောက်နေကြသည်။

​ထိုင်သည့်နေရာမှာ ယခင်ကနှင့် အနည်းငယ် ကွာခြားနေသည်။

​ဝမ်ကျိယန်နှင့် ရှန်းချင်းယီတို့က ချန်အန်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြပြီး ဂူရှင်းယွဲ့နှင့် ဆောင်ဟွာယင်းတို့ကမူ ချန်အန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။

​ဒါက သူတို့ လေးယောက် တိုင်ပင်ထားသည့် အစီအစဉ် ဖြစ်သည်။ အစားအသောက် စားတိုင်း မောင်ဖြစ်သူ၏ ဘေးတွင် မတူညီသောသူများက လှည့်ပတ်ထိုင်ကြရန် ဖြစ်ပြီး၊ ၎င်းမှာ အားလုံးအတွက် တရားမျှတမှု ရှိစေရန် ဖြစ်သည်။

​ချန်အန်ကမူ ဤကိစ္စကို ဂရုမစိုက်ဘဲ ဇနီးသည်များအချင်းချင်း အဆင်ပြေသလို စီစဉ်ရန်သာ လွှတ်ထားပေးခဲ့သည်။

​“ယွဲ့အာ... ဒီသခွားသီးကို ဘယ်လိုလုပ်ထားတာလဲ။ ငါ စားလို့ကို မဝနိုင်ဘူး ဖြစ်နေတယ်”

​ရှန်းချင်းယီသည် ပျားရည်အရသာ သခွားသီးကို အလွန်အရသာတွေ့သည့် ပုံစံဖြင့် စားနေသည်။ သူမသည် ခံတွင်းထဲ၌ သခွားသီး၏ ကြွပ်ဆတ်မှုနှင့် ချိုမြိန်မှုကို ခံစားနေရပြီး မပြတ်တမ်း ချီးမွမ်းနေမိသည်။

​ဂူရှင်းယွဲ့က ခပ်ဖွဖွလေး ပြုံးလိုက်သည်။ “ကျွန်မ ပျားရည်နဲ့ ကြက်စွပ်ပြုတ်ရည် နည်းနည်းပဲ ထည့်ထားတာပါ။ မမရှန်း ကြိုက်တယ်ဆိုရင် ညစာအတွက် ပိုလုပ်ပေးပါ့မယ်”

​“ကျေးဇူးပဲ ယွဲ့အာ” ရှန်းချင်းယီက အားနာမနေဘဲ လက်ခံလိုက်သည်။

​ဂူရှင်းယွဲ့က ခေါင်းခါလျက် ပြောလိုက်သည်။ “ဒုက္ခမများပါဘူးရှင်။ ကျွန်မကသာ မမရှန်းဆီမှာ နေ့တိုင်း ကျင့်ကြံခြင်းအကြောင်း တိုင်ပင်နေရတာမလို့ မမရှန်းကို ဒုက္ခပေးနေရတာပါ”

​ရှန်းချင်းယီက လန်းဆန်းတက်ကြွစွာ ပြုံးလိုက်သည်။

​ဝမ်ကျိယန်ကလည်း မြည်းစမ်းကြည့်ရန် ပျားရည်သခွားသီးတစ်ဖတ်ကို ကောက်ယူလိုက်သည်။

​တစ်ကိုက် ကိုက်လိုက်သည်နှင့် သူမ၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားသည်။

​“အို... တကယ် အရသာရှိတာပဲ!”

​“ယွဲ့အာ... ညည်းရဲ့ ဟင်းချက်စွမ်းရည်က တိုးတက်လာပြန်ပြီပဲ”

​“ငါတို့မိသားစုရဲ့ ထမင်းချက်ဆရာမလေးပီသပါပေတယ်”

​“အမတဆိုင်က အမတထမင်းချက်သမားတွေတောင် ငါတို့ ယွဲ့အာကို မီမယ်မထင်ဘူး”

​ဝမ်ကျိယန်သည် ချီးမွမ်းစကားများကို ရက်ရက်ရောရော ပြောဆိုလိုက်ရာ ဂူရှင်းယွဲ့မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

​သူမ၏ အမကြီးနှစ်ယောက်က ချီးမွမ်းနေကြသည်ကို မြင်သောအခါ ဆောင်ဟွာယင်းကလည်း အမြန်ပင် တစ်ဖတ်ကို ကောက်ယူကာ မြည်းစမ်းကြည့်လိုက်သည်။ အလွန်အရသာရှိကြောင်း သိလိုက်ရပြီးနောက် သူမက ချက်ချင်းပင် ချီးမွမ်းလေတော့သည်။

“အမ ယွဲ့... ဒီပျားရည်သခွားသီးက အရမ်းအရသာရှိတာပဲ။ ကျွန်မ ညစာကျရင်လည်း စားချင်သေးတယ်!”

​“အင်းပါ... ဒီညကျရင် ညည်းအတွက် ပိုလုပ်ပေးမယ်နော်”

​ဂူရှင်းယွဲ့သည် ပြုံးလိုက်မိပြီး ရင်ထဲတွင် အလွန် ပျော်ရွှင်သွားသည်။

​သူမသည် ငယ်စဉ်ကတည်းက အခြားသူများ၏ အသိအမှတ်ပြုမှုကို ရရှိရန် အမြဲတစေ တောင့်တခဲ့ရသူ ဖြစ်သည်။ ယခုအခါ ဤမိသားစုအတွင်း၌ သူမ လိုချင်သမျှ အရာအားလုံးကို ရရှိခဲ့ပြီဖြစ်ရာ သူမ၏ နှလုံးသားမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

​မကြာမီပင် သူမသည် သူမ၏ သမီးငယ်နှစ်ယောက်အတွက် ပျားရည်သခွားသီးတစ်ဖတ်စီကို ခက်ရင်းဖြင့် ခူးပေးလိုက်ရင်း နူးညံ့စွာ ပြုံးလျက် ပြောလိုက်သည်။

“ချန်ယုကျန်းလေး... ချန်အိခေါလေး... လာပြီး မိခင်ဂူ ချက်ထားတာလေး မြည်းကြည့်ကြဦး။ အရမ်းအရသာရှိတယ်နော်”

​ချန်ယုကျန်းက မြည်းစမ်းကြည့်လိုက်ပြီး ချက်ချင်းပင် အရသာတွေ့သွားသည်။ သူမ၏ ပါးစပ်လေးမှာ ချက်ချင်းပင် ပျားရည်ထက်မက ချိုသာသွားပြီး ချီးမွမ်းစကားဆိုလေသည်။ “မေမေဂူ... အရမ်းအရသာရှိတာပဲ! သမီး နောင်ကျရင် နေ့တိုင်း စားချင်တယ်။ မေမေဂူ... သမီးအတွက် လုပ်ပေးနိုင်မလားဟင်”

​ဂူရှင်းယွဲ့က သူမအတွက် နောက်ထပ် တစ်ဖတ်ကို ခူးပေးလိုက်ရင်း နွေဦးလေပြေညင်းကဲ့သို့ ပြုံးလိုက်သည်။ “အရသာရှိရင် အများကြီးစားနော်။ မလောက်ရင် မေမေဂူ အခု ချက်ချင်း ထပ်လုပ်ပေးမယ်”

​“ကျေးဇူးတင်ပါတယ် မေမေဂူ!”

​ချန်ယုကျန်းက ချိုသာစွာ ပြုံးပြလိုက်သည်။

​သူမ၏ဘေးတွင် ထိုင်နေသော ချန်ယိခဲ့မှာမူ သူမလက်ထဲက ကြက်ပေါင်ချောင်းကို စားလို့ ပြီးခါနီးနေပြီ ဖြစ်သည်။

​သူမသည် ပါးစပ်ထဲက အသားကို ဝါးနေဆဲဖြစ်သော်လည်း ပန်းကန်လုံးထဲသို့ လက်လှမ်းကာ ပန်းကန်ထဲရှိ ပျားရည်သခွားသီးကို တိုက်ရိုက်ကောက်ယူ၍ သူမ၏ ပါးစပ်လေးထဲသို့ အတင်းထိုးထည့်ကာ စားတော့မည့်ဆဲဆဲ ဖြစ်နေသည်။

​၎င်းကို မြင်သောအခါ ဘေးတွင်ရှိနေသည့် ဝမ်ကျိယန်က သူမ၏ လက်ခုံလေးကို ချက်ချင်း ပုတ်လိုက်ပြီး ပြောလိုက်သည်။ “လက်နဲ့ တိုက်ရိုက်နှိုက်ပြီး မစားရဘူး... ဇွန်းနဲ့ ခပ်ပြီး စားရမယ်!”

...............................................

အခန်း ၁၆၂- ‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်

’

​ချန်ယိခဲ့သည် သူမ၏ လက်ခုံလေးကို ပြန်ရုပ်သိမ်းလိုက်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်ကာ နှုတ်ခမ်းလေး စူထားလိုက်သည်။

​သို့သော်လည်း သူမ ငိုမနေခဲ့ပေ။ မကြာမီပင် ဘေးမှ ဇွန်းတစ်ချောင်းကို ကောက်ယူကာ ပန်းကန်လုံးထဲရှိ ပျားရည်သခွားသီးကို ခပ်ယူလိုက်သည်။

​သူမ၏ မျက်လုံးထဲတွင်မူ အစားအသောက်က အခြားအရာအားလုံးထက် ပို၍ အရေးကြီးနေသည်။

​စားပြီးမှ ငိုလျှင်လည်း မနောက်ကျသေးပေ။

​သူမသည် ပျားရည်သခွားသီးကို ခပ်ယူကာ မစောင့်နိုင်မဆိုင်းနိုင်ဘဲ သူမ၏ ပါးစပ်လေးထဲသို့ အတင်းထိုးထည့်လိုက်သည်။

​နောက်တစ်ကိုယ်၌ ချန်ယိခဲ့၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားသည်။ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပျားရည်သခွားသီး ပန်းကန်တစ်ခုလုံးကို သူမ၏ ရှေ့သို့ ဆွဲယူလိုက်တော့သည်။

​ထို့နောက် လက်တစ်ဖက်စီတွင် ဇွန်းတစ်ချောင်းစီ ကိုင်ကာ သခွားသီးများကို ပါးစပ်ထဲသို့ ရူးသွပ်စွာ အတင်းအကြပ် ထိုးထည့်နေလေတော့သည်။

​ထမင်းစားပွဲရှိ လူတိုင်းမှာ ဤမြင်ကွင်းကို ကြည့်ပြီး ကြောင်အမ်းသွားကြသည်။

​သူမ၏ ဘေးတွင် ထိုင်နေသော ဝမ်ကျိယန်က ပထမဆုံး သတိဝင်လာသူ ဖြစ်သည်။ သူမသည် သမီးဖြစ်သူ၏ လက်ခုံလေးကို ဆွဲကိုင်ကာ ရိုက်နှက်လိုက်ပြီး ရိုက်ရင်းနှင့် ဆူပူကြိမ်းမောင်းလေတော့သည်။

​“ဒီကလေး အသုံးမကျတာ။ ညည်းကြိုက်တဲ့ ဟင်းကျတော့ ရှေ့ဆွဲပြီး တစ်ယောက်တည်း အကုန်စားတယ်၊ အခြားသူတွေကော မစားရတော့ဘူးလား!”

​“ဘာလို့ ဒီလောက်တောင် အတ္တကြီးရတာလဲ!”

​“ဒီနေ့တော့ ငါ ညည်းကို ကောင်းကောင်း ဆုံးမမှ ဖြစ်မယ်!”

​ဝမ်ကျိယန်သည် တကယ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ခြင်း ဖြစ်သည်။

​သူမသည် ဤအသုံးမကျသော သမီးငယ်လေးမှာ အရေထူပြီး အသားမာသည်ကို သိထားသည်။ အားမထည့်ဘဲ ရိုက်လျှင် နာမည်ပင် မဟုတ်ပေ။

​“ဝါး... ဝါး... ဝါး!”

​ချန်ယိခဲ့သည် အရိုက်ခံရသဖြင့် အော်ဟစ်ငိုယိုလေတော့သည်။

​သူမ နာကျင်၍ မဟုတ်ဘဲ ဝမ်းနည်းပူဆွေးသွားခြင်းသာ ဖြစ်သည်။

​သူမ ဘာမှားသွားမှန်းကို မသိရှာပေ။

​သူမအနေဖြင့် စားချင်ရုံသာ ရှိသည်ဟု ခံစားနေရသည်။

​‘မေမေက သမီးကို ဘာလို့ ရိုက်တာလဲ’

​ရှန်းချင်းယီက ဆက်၍ မကြည့်ရက်တော့ပေ။ ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် သူမက လှမ်းတားလိုက်သည်။

“ကျိယန်... မရိုက်ပါနဲ့တော့။ ချန်ယိခဲ့လေးက အခု တစ်နှစ်တောင် မပြည့်သေးဘူးလေ။ ကလေးဆိုတော့ မသိနားမလည်တာ သဘာဝပါပဲ။ စကားမနားထောင်ရင် သေသေချာချာ ဆုံးမပေးပါ၊ ချက်ချင်းကြီး ထမရိုက်ပါနဲ့”

​ထိုသို့ပြောပြီးနောက် ဂူရှင်းယွဲ့ကလည်း အလျင်အမြန် ထိုင်ရာမှထကာ မီးဖိုချောင်သို့ သွားလေသည်။

​ဆောင်ဟွာယင်းက ချန်ယိခဲ့ကို နှစ်သိမ့်ပေးကာ မငိုရန် ချော့မော့နေသည်။

​ချန်ယုကျန်းမှာမူ ခုနက ဝမ်ကျိယန်၏ အပြုအမူကြောင့် လန့်ဖျန့်သွားပြီး ကြောင်အမ်းနေဆဲပင်။

​ဝမ်ကျိယန် ဤမျှအထိ ဒေါသတကြီး ဖြစ်နေသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

​အိမ်ထောင်ဦးစီးဖြစ်သူ ချန်အန်ကမူ တစ်ချိန်လုံး ဘာသံမှ မထွက်ဘဲ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

​သူသည် ယခင်က ဝမ်ကျိယန် ကလေးကို ဆုံးမသည့်အခါ ဝင်ရောက်မစွက်ဖက်ရန် ကတိပေးထားခဲ့ဖူးသည်။

​ဟုတ်သည်လေ... အကယ်၍ သူတို့၏ အတွေးအခေါ်များ အလွန်အမင်း ပဋိပက္ခဖြစ်လာလျှင်မူ တစ်မျိုးပေါ့။

​ယခုမူ အလယ်တွင် ကြားဝင်စေ့စပ်ပေးမည့် အခြားသော ဇနီးသည် သုံးဦး ရှိနေသဖြင့် သူ ဝင်ရောက်စွက်ဖက်ရန် မလိုသေးပေ။

​မကြာမီပင်။

​ဂူရှင်းယွဲ့ မီးဖိုချောင်မှ ပြန်လာခဲ့သည်။

​သူမ၏ လက်ထဲတွင် ပျားရည်သခွားသီး ပန်းကန်အကြီးကြီးတစ်လုံးကို ကိုင်ဆောင်ထားပြီး ၎င်း၏ ပမာဏမှာ ပထမပန်းကန်ထက် နှစ်ဆခန့် ပိုများပုံရသည်။

​“လာပါ... ယိခဲ့လေး။ မေမေဂူက သမီးလေးအတွက် ပျားရည်သခွားသီး ပန်းကန်အကြီးကြီး သီးသန့်လုပ်ပေးထားတယ်။ ဖြည်းဖြည်းစားနော်... သီးဦးမယ်”

​သူမ ပန်းကန်ကို မြင်လိုက်ရသောအခါ ချန်ယိခဲ့သည် ခုနက ဝမ်းနည်းမှုများကို အကုန်မေ့ပျောက်သွားပြီး ဇွန်းနှစ်ချောင်းကို ပြန်လည်ကောက်ယူကာ သခွားသီးများကို ပါးစပ်ထဲသို့ ရူးသွပ်စွာ ပြန်လည်ထိုးထည့်လေတော့သည်။

​ဝမ်ကျိယန်ကမူ ဆက်၍ မကြည့်ရက်တော့ပေ။

​ဤအချိန်တွင် ချန်အန်က နောက်ဆုံး၌ စကားဆိုလာခဲ့သည်။ “ကျိယန်... ချန်ယိခဲ့လေးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားတယ်။ သူမက အစားအသောက် အများကြီး လိုအပ်တာ။ ဒါ့အပြင် သူမက အခု တစ်နှစ်တောင် မပြည့်သေးဘူးလေ။ မင်း သူမအပေါ် နည်းနည်း ပိုပြီး စိတ်ရှည်ပေးရမယ်”

​ဝမ်ကျိယန်က စိတ်ထဲက နားထောင်ခြင်း ရှိမရှိ မသိသော်လည်း ပြန်လည်ဖြေကြားခဲ့သည်။ “ဟုတ်ကဲ့... ကျွန်မ နားလည်ပါတယ်”

​မိနစ်တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်။

​ခုနစ်ယောက်သော မိသားစုဝင်များ အားလုံး ဗိုက်ပြည့်သွားကြပြီ ဖြစ်သည်။

​ပုံမှန်အတိုင်းပင် မည်သူမျှ ထမင်းစားပွဲကို အလျင်အမြန် သိမ်းဆည်းခြင်း မရှိကြဘဲ ထမင်းစားပြီးနောက် ထိုင်၍ စကားစမြည် ပြောဆိုနေကြသည်။

​အကြောင်းမှာ အစားစားချိန်သည် အားလုံး စုံစုံလင်လင် ဆုံတွေ့ရခဲသော အချိန်ဖြစ်သောကြောင့်ပင်။

​အဓိကအားဖြင့် ဇနီးသည် လေးဦးက စကားပြောနေကြခြင်း ဖြစ်သည်။

​ချန်အန်ကမူ အခြေခံအားဖြင့် သမီးငယ်နှစ်ယောက်နှင့် ဆော့ကစားပေးနေသည်။

​‘ဟင်...’

​ရုတ်တရက် ချန်အန်သည် စားပွဲအောက်၌ ထူးဆန်းသော အရာတစ်ခုကို ခံစားလိုက်ရသည်။

​တစ်ယောက်ယောက်က ခြေထောက်ကို လှမ်းဆန့်လာခြင်း ဖြစ်သည်။

​၎င်းမှာ သူ၏ ဇနီးသည် ဆောင်ဟွာယင်းပင် ဖြစ်သည်။

​သူသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဇနီးသည်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် လှည့်စားလိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သူမ၏ ချိုသာသော မျက်နှာလေးမှာ ရွှေပြုံးပြုံး ဖြစ်နေသည်။

​ဤအလှပြချင်သည့် မိန်းကလေးမှာ ယခုအခါ ပရောပရည်လုပ်ရာတွင် ပို၍ ကျွမ်းကျင်လာချေပြီ...

​ချန်အန်သည် စိတ်ထဲက ပြုံးလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ ဆောင်ဟွာယင်းအား စားပွဲအောက်၌ ခြေထောက်ဖြင့် သူ့ကို ကျီစယ်ခွင့် ပေးထားလိုက်သည်။

​သို့သော်လည်း ဝမ်ကျိယန်က ဆက်၍ မကြည့်ရက်တော့ပေ။

​သူမသည် စားပွဲအောက်တွင် ပုန်းလျှိုးနေသော ဆောင်ဟွာယင်း၏ မငြိမ်မသက်ဖြစ်နေသည့် ခြေထောက်ကို ရိပ်မိသွားပြီး ချက်ချင်းပင် ခြေထောက်ကို ဆန့်ထုတ်ကာ ဆောင်ဟွာယင်းကို အသာအယာ ကန်လိုက်သည်။

​ဆောင်ဟွာယင်း ထိတ်လန့်သွားပြီး ဗီဇအရ ခြေထောက်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။

​သူမသည် မိမိ၏ ပရောပရည်လုပ်သည့် အပြုအမူကို အခြားသူ သိသွားသည်ဟု မထင်မှတ်ဘဲ အမတစ်ယောက်ယောက်နှင့် မတော်တဆ ထိမိသွားခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်နေရှာသည်။

​သို့သော်လည်း အမှန်တကယ်တွင်မူ မသိနားမလည်သေးသည့် သမီးငယ်နှစ်ယောက်မှလွဲ၍ ကျန်ရှိသော အမသုံးယောက်စလုံးက ကောင်းကောင်း သိကြသည်။

​အကြောင်းမှာ သူတို့၏ နတ်ဘုရားအာရုံမှာ အားနည်းလှသည် မဟုတ်သောကြောင့်ပင်။

​ဤအချိန်တွင် သူ၏ ဒုတိယသမီးငယ် ချန်ယိခဲ့သည် ကုလားထိုင်ပေါ်မှ ဖင်လျှောဆင်းလာခဲ့သည်။

​သူမသည် ဖခင်ဖြစ်သူ၏ ဘေးသို့ လျှောက်သွားကာ သူ၏ ခြေထောက်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပြီး မျက်နှာလေးကို အနည်းငယ် မော့ကာ ဖခင်ဖြစ်သူကို ငြိမ်သက်စွာ ကြည့်လိုက်သည်။

​ချန်အန်သည် ဤသမီးငယ်လေးမှာ ဒန်းစီးချင်ပြန်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

​ထို့နောက် သူသည် ကုလားထိုင်ပေါ်မှ ကျွမ်းကျင်စွာပင် အနည်းငယ် ရွှေ့လိုက်ပြီး ဒုတိယသမီးငယ်ဘက်သို့ မျက်နှာမူကာ ခြေထောက်ကို ချိတ်လိုက်ပြီး ဒုတိယသမီးငယ်အား သူ၏ ခြေဖမိုးပေါ်တွင် ထိုင်စေကာ ဒန်းစီးသလို ဆော့ကစားစေလိုက်သည်။

​သူ၏ ဒုတိယသမီးငယ်လေးမှာ အလွန် ပျော်ရွှင်နေရှာသည်။

​[သင်သည် သမီးဖြစ်သူ ချန်ယိခဲ့နှင့် ဒန်းစီးဆော့ကစားပေးခဲ့သည်။ ဖခင်နှင့် သမီးအကြား သံယောဇဉ် +၁။]

​ချန်အန်သည် ထိုအကြောင်းကြားစာကို တစ်ချက်ကြည့်လိုက်ပြီး သိပ်ပြီး ဂရုမစိုက်မိပေ။

​ယခုအချိန်တွင် သူသည်ကောင်းကင်မြေကမ္ဘာဂိုဏ်းသို့ ဝင်ရောက်ရန် လျှောက်ထားခဲ့သည့် ကိစ္စကို တွေးတောနေမိသည်။

​ဒုတိယမြောက်နေ့၏ နေ့လယ်စာစားချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်မြေကမ္ဘာဂိုဏ်းထံမှ အဘယ်ကြောင့် သတင်းစကား တစ်စုံတစ်ရာ မရှိသေးရသနည်း။

​ဒိကွန်ထျန်းက ဤကိစ္စကို မလုပ်ဆောင်ရသေး၍လား။

​သူ တွေးတောနေစဉ်မှာပင် ဆယ့်ငါးမိနစ်ခန့် ကုန်ဆုံးသွားခဲ့သည်။

​ဤအချိန်တွင် သူ၏ ဇနီးသည်များမှာ စကားစမြည် ပြောဆိုနေကြဆဲပင်။

​အခြားတစ်ဖက်တွင်မူ အသုံးမကျသော ချန်ယိခဲ့သည် ဖခင်ဖြစ်သူ ချန်အန်၏ ခြေထောက်ပေါ်မှ ရုတ်တရက် ဆင်းသွားပြီး သူမ၏ အခန်းထဲသို့ အပြေးအလွှား ဝင်သွားလေသည်။

​ချန်အန်သည် သူမ ပြေးဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

​မကြာမီပင် အခန်းထဲမှ ‘ဒုန်း... ဒုန်း... ဒုန်း’ ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

​ဤအသံမှာ အလွန် ရင်းနှီးလှသည်။

​သူ သွားကြည့်စရာ မလိုဘဲ သူ၏ ဒုတိယသမီးငယ်သည် ဂူနံရံကို လက်သီးဖြင့် ထပ်မံ ထိုးနှက်နေပြန်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

​“အလိုလေး... သူက တကယ်ကို ကြိုးစားလွန်းတာပဲ”

​ဤပြင်းထန်သော လက်သီးသံကို ကြားရသောအခါ ချန်အန် မသက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

သူ၏ ဒုတိယသမီးငယ်သည် မိခင်ဖြစ်သူ ဝမ်ကျိယန်၏ ကျင့်ကြံခြင်း၌ မွေ့လျော်သော စရိုက်လက္ခဏာကို တကယ်ကို အမွေဆက်ခံထားရသည်ဟု သူ ခံစားလိုက်ရသည်။ အားလပ်ချိန် ရတိုင်းတွင် ကျင့်ကြံလိုစိတ် ရှိနေခြင်း ဖြစ်သည်။

​သူ တွေးတောရင်း ဝမ်ကျိယန်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ “ဒါနဲ့ စကားမစပ်... ကျိယန်၊ ချန်ယိခဲ့လေးက ကျင့်ကြံခြင်းကို ဝါသနာပါတာ မင်းနဲ့ တကယ်တူတာပဲ။ အစားကြီးတဲ့ စရိုက်ကိုကော မင်းဆီက အမွေဆက်ခံထားတာလား”

​“ရှင် စကားကောင်းကောင်း မပြောတတ်ရင် ငြိမ်ငြိမ်နေပါ။ ကျွန်မ ငယ်ငယ်တုန်းက အဲဒီလောက် အစားမကြီးပါဘူး”

​ဝမ်ကျိယန်က ချန်အန်ကို စကားမရှိတော့သည့် ပုံစံဖြင့် မျက်စောင်းထိုးလိုက်သည်။

​သူမ ငယ်စဉ်က ဘဝမှာ အနည်းငယ် ခက်ခဲခဲ့ပြီး မကြာခဏ အနပ်ကျော်ခြင်း သို့မဟုတ် ဗိုက်မဝခြင်းများ ကြုံတွေ့ခဲ့ရဖူးသည်။ သူမ၌ စားသောက်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။

​“ချန်ယုကျန်းလေး... ချန်ယိခဲ့ ဘယ်လောက် ကြိုးစားလဲ ကြည့်စမ်း။ ညည်းကျတော့လေ... ပုံမှန်ဆို စောင်းကျင့်ဖို့ ငါ နေ့တိုင်း လောဆော်နေရတယ်”

​ဆောင်ဟွာယင်းက ဤအခွင့်အရေးကို အသုံးချကာ သမီးဖြစ်သူကို ပြောဆိုလိုက်သည်။

​ချန်ယုကျန်းသည် အလွန် ဝမ်းနည်းသွားပြီး စိတ်ထဲက တွေးမိသည်။ ‘သမီးလည်း အရမ်း ကြိုးစားနေတာပဲ ဥစ္စာ!’

​သူမသည် စွမ်းအင်ခန္ဓာကိုယ်ထဲသို့ သွင်းယူခြင်းကိုလည်း လေ့လာရသည်။

​ဂီတ၊ ကစားနည်း၊ စာပေနှင့် ပန်းချီတို့ကိုလည်း လေ့လာရသည်။

​ထို့ပြင် အမျိုးမျိုးသော လူမှုဆက်ဆံရေး ကျင့်ဝတ်များကိုလည်း သင်ယူရသေးသည်။

​‘သမီးက ကလေးပဲ ရှိသေးတာကို။ မေမေက သမီးကို နောက်ထပ် ဘာတွေ လုပ်ခိုင်းချင်သေးလို့လဲ’

​ချန်ယုကျန်းသည် တွေးလေ တွေးလေ ပို၍ ဝမ်းနည်းလာလေ ဖြစ်သည်။

​ချန်အန်သည် သူ၏ သမီးကြီး၏ ဝမ်းနည်းမှုကို ရိပ်မိသွားပြီး ကလေးတစ်ယောက်အနေဖြင့် သူမ နေ့စဉ် မည်မျှအထိ ဝန်ထုပ်ဝန်ပိုးများ ထမ်းဆောင်နေရသည်ကို သိလိုက်ရသည်။

​သူသည် သမီးကြီးကို စကားလှမ်းပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ရှေ့မှောက်၌ အကြောင်းကြားစာတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

​[သင့်သမီး ချန်ယိခဲ့၏ လက်သီးသိုင်း ကျွမ်းကျင်မှုမှာ အခြေခံအဆင့်သို့ တိုးတက်သွားခဲ့သည်။ ဆုလာဘ်- ရှေးဟောင်း စည်းမျဉ်းမန္တန် ‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်’]

…………………………………………

All Chapters