အခန်း (၁၄၆၆-၁၄၆၈)
Vol. 100 Ch. 1466-1468
အခန်း ၁၄၆၆ အဆင့်မြင့် အရာရှိ အပြောင်းအလဲ
ဘောလ်မာသည် နောက်ဆုံးတွင် သဘောတူညီခြင်း မရှိခဲ့ပါချေ။ သူသည် ဖုန်းယွီ၏ စေတနာကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ဤသည်မှာ အနာဂတ်တွင် ဖုန်းယွီထံသို့ ခိုလှုံရန် အခွင့်အရေးတစ်ခု ချန်လှပ်ထားခဲ့ခြင်းပင် ဖြစ်သည်။ Microsoft အနေဖြင့် ရှုံးနိမ့်လိမ့်မည်ဟု သူ မယူဆပါချေ။ သူသည် ဖုန်းယွီဘက်သို့ သွားရောက်ခဲ့လျှင်ပင် Microsoftကို ဖိနှိပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပါချေ။
ဖုန်းယွီသည် ဘောလ်မာကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုအချိန်တွင် Microsoft ၏ အတွင်းပိုင်း၌ ပြဿနာများ ရှိနေသည်ကို သူ မြင်တွေ့နိုင်ခဲ့သည်။ အကယ်၍ ပြဿနာ မရှိခဲ့ပါက ဘောလ်မာသည် လုံးဝလာရောက်လိမ့်မည် မဟုတ်သလို၊ သူ၏စကားများကိုလည်း နားထောင်လိမ့်မည် မဟုတ်ဘဲ၊ စဉ်းစားချင့်ချိန်နေသည့် မျက်နှာအမူအရာမျိုးကို ပို၍ပင် ပြသလိမ့်မည် မဟုတ်ပါချေ。
ဖုန်းယွီက ဘောလ်မာအား ပေးအပ်လိုသော ရာထူးမှာ Taihua Holdings၏ CEO ရာထူး ဖြစ်သည်။ မူလက Taihua Holdingsတွင် CEO ရာထူး လုံးဝ သတ်မှတ်ထားခြင်း မရှိခဲ့ဘဲ၊ ဥက္ကဋ္ဌတစ်ဦးသာ ရှိခဲ့ရာ၊ ထိုသူမှာ ကျုံးချင်းရှန်ပင် ဖြစ်သည်။
Taihua Holdings အုပ်စု၏ IT ပိုင်းဆိုင်ရာ လုပ်ငန်းများမှာ တစ်နေ့တခြား ပိုမိုများပြားလာခဲ့ရာ ဖုန်းယွီသည် ဤနယ်ပယ်မှ ထူးချွန်သူတစ်ဦး လာရောက် စီမံခန့်ခွဲရန် လိုအပ်သည်ဟု ယူဆထားပြီး၊ ထိုသူသည် လုံလောက်သော လူမှုကွန်ရက်ကိုပါ ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။
ဖုန်းယွီသည် ဘောလ်မာအား အတော်လေး လေးစားအားကျမိပါသည်။ စီမံခန့်ခွဲမှု စွမ်းရည် ထူးချွန်သလို လူမှုကွန်ရက်လည်း ပေါကြွယ်ဝလှသည်။ အကယ်၍ သူသာ လာရောက်မည်ဆိုပါက Taihua Holdings အုပ်စု လက်အောက်ရှိ IT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ရုံသာမက၊ Microsoft ကိုလည်း ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးအပ်နိုင်မည် ဖြစ်သည်။
ခင်ဗျားတို့ ဥက္ကဋ္ဌနဲ့ CEOက ငါတို့ဆီ CEO အဖြစ် အလုပ်ပြောင်းရွှေ့လာခဲ့တယ်။ ဒါက သူကိုယ်တိုင်ကလည်း ခင်ဗျားတို့ Microsoft ကို အထင်မကြီးတော့ကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပဲ ဖြစ်တယ်။
ဤသို့ဆိုလျှင် Microsoft ၏ ထုတ်ကုန် ရောင်းအားမှာ သေချာပေါက် ပြင်းထန်စွာ ထိခိုက်သွားမည်ဖြစ်ပြီး၊ Lenovo-Kingsoft သည်လည်း ဤအခွင့်အရေးကို အသုံးချကာ ကြီးထွားလာနိုင်မည် ဖြစ်သည်။ ထို့ကြောင့် လစာငွေ အနည်းငယ် ပိုမိုပေးချေရမည် ဆိုစေဦးတော့၊ ဖုန်းယွီသည် ဘောလ်မာကို ဆွဲဆောင်ခေါ်ယူလိုခဲ့သည်။ ဤအတွက်ကြောင့်ပင် Taihua Holdings အုပ်စု၏ ရှယ်ယာများ ပေးအပ်မည်ဟူသော အခြေအနေကိုပင် သူက ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဘောလ်မာက လာရောက်ရန် ငြင်းဆန်ခဲ့ခြင်းမှာ ဖုန်းယွီအဖို့ အလွန်အမင်း အံ့အားသင့်စရာတော့ မဟုတ်ခဲ့ပါချေ။ အပေါ်ယံ ကြည့်မည်ဆိုပါက၊ ဘောလ်မာအနေဖြင့် အလုပ်ပြောင်းရွှေ့ခြင်းသည် နိမ့်ကျသောနေရာသို့ လျှောက်လှမ်းသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
ဘောလ်မာသည် ဤအနာဂတ်ကို လောင်းကစား မလုပ်လိုမှတော့၊ ဖုန်းယွီသည်လည်း အတင်းအကျပ် တောင်းဆိုမည် မဟုတ်ပါချေ၊ မကြာမီသော အနာဂတ်တွင် ဘောလ်မာက သဘောပေါက်သွားနိုင်မည် မဟုတ်ပါလော။
သို့သော် ထိုအချိန်ရောက်လျှင်မူ၊ ကမ်းလှမ်းမည့် အခြေအနေများမှာ ဤမျှအထိ ကောင်းမွန်တော့မည် မဟုတ်ပါချေ။
...
ဖုန်းယွီသည် တရုတ်ပြည်သို့ လေယာဉ်ဖြင့် ပြန်လာခဲ့ပြီး Lenovo Group ၏ ဘုတ်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဤအစည်းအဝေးတွင် အလွန်အရေးကြီးသော ကိစ္စရပ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။
"လူကြီးမင်းတို့... ကျွန်တော် Lenovo Group ရဲ့ ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခွင့် ပြုပါ၊ ဘုတ်အဖွဲ့အနေနဲ့ သင့်တော်မဲ့ လူသစ်ကို ပြန်လည် ခန့်အပ်ပေးပါ" လျူချွမ်းကျစ်က ဘုတ်အဖွဲ့ အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ဤသည်မှာ လုပ်ငန်းစဉ် တစ်ရပ်မျှသာ ဖြစ်သည်၊ လျူချွမ်းကျစ်သည် ဘုတ်အဖွဲ့ဥက္ကဋ္ဌပင် ဖြစ်ရာ၊ ဥက္ကဋ္ဌ အသစ်ကိုလည်း သူကပင် အမည်စာရင်း တင်သွင်းရမည် မဟုတ်ပါလော။
ဘုတ်အဖွဲ့ဝင် အားလုံးသည်လည်း ကြိုတင် အကြောင်းကြားစာ ရရှိထားပြီး ဖြစ်သဖြင့်၊ လျူချွမ်းကျစ်၏ ဤစကားများအပေါ် သူတို့မှာ အလွန်အမင်း အံ့အားသင့်ခြင်း မရှိကြပါချေ။
ဘုတ်အဖွဲ့ဝင် အားလုံးက လျူချွမ်းကျစ်၏ နုတ်ထွက်ခြင်းကို သဘောတူကြောင်း ဖော်ပြခဲ့ကြပြီး၊ ထို့နောက်တွင်မူ ဘုတ်အဖွဲ့က ဥက္ကဋ္ဌ ရာထူးအတွက် ကိုယ်စားလှယ်သစ်ကို အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။ ရန်ယွမ်ချင်း... ဤသည်မှာ လျူချွမ်းကျစ်၏ အမည်စာရင်း တင်သွင်းမှုဖြစ်ပြီး၊ အခြားသူများကလည်း မည်သည့်ကန့်ကွက်မှုမျှ မရှိကြောင်း ဖော်ပြခဲ့ကြသည်။
ရန်ယွမ်ချင်းသည် လျူချွမ်းကျစ်က ဥက္ကဋ္ဌ ရာထူးကို ဤမျှလျင်မြန်စွာ လွှဲပြောင်းပေးအပ်တော့မည်ဟု သိရှိလိုက်ရသည့်အခါ သူသည်လည်း အံ့အားသင့်သွားခဲ့ရသည်။ မူလက သူ ယူဆထားသည်မှာ မြန်လျှင်ပင် နှစ်ကုန်ခန့်မှ ဖြစ်မည်ဖြစ်ပြီး၊ နှေးလျှင်မူ နှစ်နှစ်ခန့် အချိန်ယူရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် နှစ်လပင် မပြည့်သေးမီ အချိန်အတွင်းမှာပင်၊ သူသည် Lenovo Group ၏ ဥက္ကဋ္ဌ ဖြစ်လာတော့မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပါချေ။
အချိန် စောသွားသည့်အတွက် သူက သေချာပေါက် ပို၍ဝမ်းသာနေခဲ့သည်။ ပိုမြင့်မားသော ရာထူးတစ်ခုကို တစ်ရက်စော၍ ထိုင်ခွင့်ရမည်ကို မည်သူကများ ငြင်းဆန်ပါမည်နည်း။ ရန်ယွမ်ချင်းသည် ဤသို့ဖြင့် Lenovo Group၏ ဥက္ကဋ္ဌသစ်အဖြစ်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့ပြီး ဘုတ်အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။
ရန်ယွမ်ချင်းသည်လည်း အစဉ်အလာအရ တာဝန်လွှဲပြောင်းရယူခြင်းဆိုင်ရာ မိန့်ခွန်းတစ်ရပ်ကို မြွက်ကြားခဲ့သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘုတ်အဖွဲ့အား သူ၏ သဘောထားကို ဖော်ပြခြင်းဖြစ်ပြီး အနာဂတ်တွင် Lenovo Group အား ပိုမို ကောင်းမွန် မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာအောင် မည်သို့ဦးဆောင်သွားမည်ဆိုသည်ကို ပြောကြားခြင်းပင် ဖြစ်သည်။
ဤစကားများကို ပြောကြားနေစဉ်အတွင်း၊ ရန်ယွမ်ချင်းသည် လျူချွမ်းကျစ်နှင့်ဖုန်းယွီတို့၏ မျက်နှာအမူအရာများကို အစဉ်တစိုက် အကဲခတ်နေခဲ့သည်။ လျူချွမ်းကျစ်မှာမူ အထူးတလည် ပြောနေစရာ မလိုတော့ပါချေ။ သူ၏ဤမိန့်ခွန်းကို လျူချွမ်းကျစ်က ကြိုတင် သိရှိထားပြီး ဖြစ်သည်။
သို့သော် ဖုန်းယွီယနေ့ လာရောက်ခဲ့ခြင်းက သူ့အား အလွန်အမင်း စိုးရိမ်တုန်လှုပ်စေခဲ့သည်။
ဖုန်းယွီသည် Lenovo Group ၏ ဒါရိုက်တာတစ်ဦး မဟုတ်သလို၊ Lenovo Group တွင် မည်သည့် ရာထူးမျှလည်း ရှိမနေပါချေ။ ဝူကျိကန်းသာလျှင် Taihua Holdingsက Lenovo Groupသို့ စေလွှတ်ထားသော ဒါရိုက်တာ ဖြစ်သည်။ ဝူကျစ်ကန် လာရောက်ခဲ့ပြီး ဖြစ်ပါလျက် ဖုန်းယွီသည်လည်း အဘယ်ကြောင့် လာရောက်ခဲ့ရသနည်း။
Lenovo Group ၏ ဘုတ်အဖွဲ့တွင် မထင်မှတ်ထားသော အပြောင်းအလဲ တစ်ခုခု ရှိလာတော့မည်လော။ ဖုန်းယွီက Taihua Holdings အုပ်စုကို ကိုယ်စားပြု၍ လာရောက်ခဲ့ခြင်းလော။
သို့သော်လည်း မဖြစ်နိုင်ပါချေ၊ ဖုန်းယွီသည် ဝူကျိကန်းကို အလွန် ယုံကြည်သည် မဟုတ်ပါလော။ သူသည် ဖုန်းယွီနှင့်အတူ အစောဆုံး စီးပွားရေး လောကကို ထိုးဖောက်ခဲ့သူ မဟုတ်ပါလော။ ဖုန်းယွီ၏မျက်နှာအမူအရာကို ကြည့်ရသည်မှာလည်း အလွန်အမင်း တည်တင်းနေခြင်း မရှိပါချေ။
အမှန်စင်စစ် စည်းမျဉ်းများအရ ဖုန်းယွီသည် Lenovo Group ၏ ဘုတ်အဖွဲ့ အစည်းအဝေးတွင် မပေါ်လာသင့်ပါချေ။ သို့သော် ဖုန်းယွီလာရောက်သည့်အခါ မည်သူမျှ ဖုန်းယွီကို အပြင်သို့ ထွက်ခွာရန် မတောင်းဆိုရဲကြသည့်အပြင် ကုလားထိုင် တစ်လုံးပါ ထပ်မံထည့်သွင်းပေးပြီး ဖုန်းယွီကို လျူချွမ်းကျစ်နှင့်အတူ ထိပ်ဆုံးနေရာတွင် ယှဉ်လျက် ထိုင်စေခဲ့ရာ တရုတ်သိပ္ပံအကယ်ဒမီ၏ ကိုယ်စားလှယ်ပင် ဘေးဘက်၌သာ ထိုင်နေခဲ့ရသည်။
"ဒီနေ့ရဲ့ ပထမဆုံး ကိစ္စရပ်ကတော့ Lenovo Group ရဲ့ ဥက္ကဋ္ဌသစ် ခန့်အပ်ခြင်းနဲ့ ပတ်သက်ပါတယ်။ ဒီအချက်ကိုတော့ ချောမွေ့စွာနဲ့ အတည်ပြုနိုင်ခဲ့ပါပြီ။ အစည်းအဝေးပြီးရင် အများပြည်သူကို သေချာပေါက် ကြေညာပေးမှာပါ။ ဒါဆိုရင် ဆက်လက်ပြီး ဒီနေ့ရဲ့ ဒုတိယမြောက် အဆိုပြုချက်ကတော့ Lenovo Groupအနေနဲ့ ဒါရိုက်တာနှစ်ဦး ထပ်မံခန့်အပ်ဖို့ ရှိပါတယ်။ ရှယ်ယာရှင်များ အစည်းအဝေးကနေ အမည်စာရင်း တင်သွင်းပြီး မဲပေး အတည်ပြုချက်အရ၊ အဲဒီပုဂ္ဂိုလ်တွေကတော့ ရန်ယွမ်ချင်းနဲ့ လေကျင်းတို့ပဲ ဖြစ်ပါတယ်"
ဤအဆိုပြုချက်ကို အစည်းအဝေး တက်ရောက်လာသူ အားလုံးကလည်း ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်သည်။ Lenovo-Kingsoft ၏ စကားပြောပိုင်ခွင့်မှာ Lenovo Group အတွင်း၌ တစ်နေ့တခြား ပိုမိုကြီးမားလာခဲ့ရာ၊ လေကျင်း တစ်ယောက် Lenovo Group ၏ ဘုတ်အဖွဲ့အတွင်းသို့ ဝင်ရောက်လာခြင်းမှာ အားလုံးအတွက် အလွန်အမင်း အံ့အားသင့်စရာ မဟုတ်ခဲ့ပါချေ။
သို့သော် မူလက ၎င်းတို့ ယူဆထားသည်မှာ ဒါရိုက်တာသစ်များ ထပ်မံ ခန့်အပ်ရာတွင် Taihua Holdings အုပ်စုဘက်မှတစ်ဦး ပိုမိုအဆိုပြုလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ထိုဘက်မှ လုံးဝနှုတ်ဆိတ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပါချေ။
"ကောင်းပါပြီ... ဒါဆိုရင် ဒီနေ့ရဲ့ ဘုတ်အဖွဲ့ အစည်းအဝေးကတော့ အဆုံးသတ်သင့်ပါပြီ၊ ဒါပေမဲ့ မစ္စတာဖုန်းက ဒီနေ့ အထူးတလည် လာရောက်ခဲ့တာမို့၊ ကြေညာစရာ ကိစ္စရပ်တစ်ခု ရှိနေပါသေးတယ်" လျူချွမ်းကျစ်က ပြောကြားပြီးနောက် ခန္ဓာကိုယ်ကို ဘေးသို့ လှည့်ကာ အားလုံးအား ဖုန်းယွီ၏စကားကို နားထောင်ရန် အချက်ပြလိုက်သည်။
ဖုန်းယွီသည် အစည်းအဝေးခန်းအတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်ရင်း "Lenovo Groupအနေနဲ့ ဒီနေ့လို အခြေအနေမျိုး ရောက်ရှိလာတာဟာ လူကြီးမင်းတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ပါပဲ။ Lenovo Group ရဲ့ လုပ်ငန်းတွေဟာ Taihua Holdings အုပ်စုအတွင်းမှာ ပါဝင်တဲ့ အချိုးအစား များများစားစား မတိုးတက်လာခဲ့ဘူး ဆိုပေမဲ့၊ ကျွန်တော်ကတော့ အလွန်ပဲ မျှော်လင့်ချက် ကြီးမားစွာ ထားရှိပါတယ်"
"ကျွန်တော်က Lenovo Group မှာ ဘာရာထူးမှ ရှိမနေပါဘူး။ ဒီနေ့ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ စကားပြောဖို့ မသင့်တော်ဘူးဆိုပေမဲ့ လူကြီးမင်းတို့အနေနဲ့ ကျွန်တော် ဒီမှာအပိုစကားတွေ ပြောနေတာကို နားမထောင်ချင်တာမျိုးတော့ မရှိလောက်ဘူး မဟုတ်လား"
အားလုံးက သဘောကျစွာ ရယ်မောလိုက်ကြသည်။ စည်းကမ်းနှင့် မကိုက်ညီစေဦးတော့၊ မည်သူကများ ထုတ်ပြောရဲပါမည်နည်း။ စည်းကမ်းဆိုသည်မှာလည်း လူတို့ သတ်မှတ်ထားခြင်းသာ ဖြစ်သည် မဟုတ်ပါလော။
"ကျွန်တော် ဒီနေ့ရောက်လာတာကတော့ Taihua Holdings အုပ်စုကို ကိုယ်စားပြုပြီး သတင်းကောင်းတစ်ခု ကြေညာဖို့ပါပဲ၊ Lenovo Group အပေါ်မှာလည်း အတော်လေး သက်ရောက်မှု ရှိစေမဲ့ သတင်းကောင်း တစ်ခုပါ"
"ကျွန်တော် ကြေညာပါတယ်။ လျူချွမ်းကျစ်ကို Taihua Holdingsရဲ့ ဒုတိယဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်ပါပြီ"
ဟင်…
လူတိုင်းက တီးတိုး တီးတိုးဖြင့် ပြောဆိုလိုက်ကြသည်။ ဤသည်မှာ သတင်းကောင်း ဟုတ်ပါရဲ့လား။
လျူချွမ်းကျစ်သည် Taihua Holdings အုပ်စုတွင် အဆင့်မြင့် အရာရှိ မဟုတ်တော့ပါက ဤသည်မှာ Lenovo Group အတွက် အလွန်ကြီးမားသော သတင်းဆိုးကြီးသာ ဖြစ်ရမည် မဟုတ်ပါလော။
မစ္စတာဖုန်း နှင့် မစ္စတာလျိုတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည် မဟုတ်ပါလော။ ယခုလေးတင် အစည်းအဝေး မစမီကပင် သူတို့နှစ်ဦး ပြုံးရွှင်စွာ စကားပြောနေကြသည်ကို မြင်တွေ့ခဲ့ရသေးသည်။ ဤသည်မှာ မည်သို့ ဖြစ်သွားရခြင်းနည်း။
"အားလုံးပဲ မလောကြပါနဲ့၊ ကျွန်တော့်စကား မဆုံးသေးပါဘူး။ ကျွန်တော် Taihua Holdings အုပ်စုကို ကိုယ်စားပြုပြီး ကြေညာပါတယ်၊ လျူချွမ်းကျစ်ကို Taihua Holdings အုပ်စု ရဲ့ CEOအဖြစ် ခန့်အပ်လိုက်ပါပြီ၊ ဒါ သတင်းကောင်းပဲ မဟုတ်လား”
အားလုံးက ခဏမျှမှင်တက်သွားကြပြီးနောက်၊ တဖြောက်ဖြောက် လက်ခုပ်တီးလိုက်ကြသည်။ အမှန်တော့ ရာထူးတိုးပေးခြင်း ဖြစ်နေခဲ့ရာ သူတို့အား အလွန်အမင်း လန့်ဖျပ်သွားစေခဲ့သည်!
ဤသည်မှာ သေချာပေါက် သတင်းကောင်းကြီးပင် ဖြစ်သည်။ Taihua Holdings အုပ်စုတွင် အစဉ်အဆက် ဥက္ကဋ္ဌ တစ်ဦးတည်းသာ ရှိခဲ့ပြီး CEO မရှိခဲ့ပါချေ။ လျူချွမ်းကျစ်၊ ကျန်းဝမ်မုန့်၊ ဝူကျိကန်းတို့ အားလုံးမှာ ဒုတိယဥက္ကဋ္ဌ များသာ ဖြစ်ကြသည်။
ယခုတစ်ကြိမ်တွင်မူ CEO ရာထူးကို အသစ် သတ်မှတ်လိုက်ပြီး၊ မစ္စတာလျူကို တာဝန်ယူစေခြင်းမှာ Lenovo Group ၏ အဆင့်အတန်းသည် Taihua Holdings အုပ်စုအတွင်း၌ ပိုမိုမြင့်မားလာကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဖုန်းယွီ၏ စိတ်နှလုံးအတွင်း၌ Lenovo Group ၏ အဆင့်အတန်း မြင့်မားလာကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်သည်။
"ကောင်းပါပြီ၊ ကျွန်တော့်စကား အဆုံးသတ်ပါပြီ၊ အားလုံးပဲ အလုပ်ဆင်းရင် ဘာမှ မရှိရင်၊ အတူတူ ညစာ စားကြတာပေါ့။ ခဏနေရင် အားလုံးပဲ မစ္စတာလျူကို အရက် တစ်ခွက် နှစ်ခွက်လောက် တိုက်ကြတာပေါ့၊ သေချာတာပေါ့... မစ္စတာရန် နဲ့ မစ္စတာလေတို့ကိုလည်း အားလုံး အလွတ်မပေးကြနဲ့နော်!"
အားလုံးက လျူချွမ်းကျစ်အား ဝိုင်းဝန်းဂုဏ်ပြုနေကြသည်ကို ကြည့်ရင်း ဖုန်းယွီစိတ်ထဲမှ ကြိတ်ပြောနေမိသည်။ "လောင်လျူက ငါ့ကို စိတ်ပျက်အောင် မလုပ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ဘောလ်မာအနေနဲ့ကတော့ မင်း သေချာပေါက် နောင်တရလိမ့်မယ်!"
...
******
အခန်း ၁၄၆၇ သည်းခံနေမည် မဟုတ်တော့ပါ
လျူချွမ်းကျစ်သည် Taihua Holdings အုပ်စု၏ CEO ဖြစ်လာကြောင်း သတင်းများ ထွက်ပေါ်လာသည့်အခါတွင် လူအများအပြားမှာ အလွန်အမင်း အံ့အားသင့်ခြင်း မရှိခဲ့ကြပါချေ။
ဤရာထူးအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသူများအနက်၊ လီမင်တေမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ နောက်နှစ်အနည်းငယ်အတွင်း အနားယူတော့မည် ဖြစ်သည်။ ကျန်းဝမ်မုန့် ၏မှာမူ နည်းပညာ ရူးသွပ်သူ တစ်ဦးဖြစ်ပြီး၊ သုတေသန လုပ်ငန်းများကို အမြဲတမ်း ကိုယ်တိုင် ဦးဆောင်လေ့ရှိရာ ဖုန်းယွီအီလက်ထရွန်နစ်၏ စီမံခန့်ခွဲမှုပိုင်းကိုပင် သိပ်ပြီး ဂရုမစိုက်နိုင်ပါချေ။
ဝူကျိကန်းမှာမူ အလွန်ငယ်ရွယ်လွန်းနေသေးသဖြင့် ရာထူးဆက်ခံမည့်သူအဖြစ်သာ ရှိသင့်သည်။ တွမ်ယုံဖိန်၊ ရှုလိဟွာ၊ လီကျင်းဝေ့၊ စွန်းလီကျဲ အစရှိသူတို့မှာမူ Taihua Holdings အုပ်စုအတွင်း၌ လုပ်သက် နုနယ်သေးသူများ ဖြစ်ကြသည်။
လျူချွမ်းကျစ်သည် တရုတ်ပြည်၏ IT လောကတွင် ဩဇာကြီးမားသူ တစ်ဦး ဖြစ်သည်။ သူ၏ ဤရာထူးတက်လာမှုသည် Taihua Holdings အုပ်စု၏ မဟာဗျူဟာမြောက် အပြောင်းအလဲ တစ်ခုအဖြစ် လူအတော်များများက ယူဆနေကြသည်။
ယခင်က ကျုံးချင်းရှန်က Taihua Holdings အုပ်စုကို အုပ်ချုပ်စဉ်က၊ အုပ်စုသည် အရောင်းလမ်းကြောင်း အမျိုးမျိုးကို အားသွန်ခွန်စိုက် ချဲ့ထွင်ခဲ့သည်။ ကျုံးချင်းရှန်သည် တရုတ်ပြည်၏ စားသောက်ကုန်နှင့် လက်လီရောင်းချမှု နယ်ပယ်တွင် ခေါင်းဆောင်တစ်ဦးဟု ဆိုနိုင်ရာ၊ Taihua Holdings အုပ်စု လက်အောက်ရှိ ထုတ်ကုန်များ၏ ရောင်းအားမှာလည်း အမှန်တကယ်ပင် အလွန် ကောင်းမွန်ခဲ့သည်။
ထိုက်ဟွာ စူပါမားကတ် အုပ်စု ကို ကြည့်လိုက်ပါဦး။ ကြွေးမြီအချိုးအစားမှာ တစ်နေ့တခြား ကျဆင်းလာပြီး၊ အမြတ်အစွန်းမှာ တစ်နေ့တခြား မြင့်တက်လာခဲ့သည်။ ထို့ပြင် ဟိုက်ပါမားကတ်များကိုလည်း အလွန်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ရာ၊ ထိုဆိုင်ခန်းများမှ ရရှိသောငွေများမှာလည်း မနည်းလှပါချေ၊ အချို့ဆိုင်ခန်းများဆိုလျှင် ဝင်ရောက်လိုသော်လည်း ဝင်ခွင့်မရနိုင်အောင် ဖြစ်နေကြသည်။
ထိုက်ဟွာ စူပါမားကတ် အုပ်စုသည် မိမိ၏ကိုယ်ပိုင် အင်အားဖြင့် နိုင်ငံတကာမှ လက်လီရောင်းချရေး ဧရာမကုမ္ပဏီကြီး အများအပြားကို တရုတ်ပြည်သို့ ဝင်ရောက်လာခြင်းမှ တားဆီးနိုင်ခဲ့ရုံသာမက ကမ္ဘာ့ထိပ်တန်း လက်လီရောင်းချရေး အုပ်စုကြီး တစ်ခုအဖြစ်သို့ပင် ကြီးထွားလာခဲ့သည်။ တရုတ်ပြည်၏ ကုန်ပစ္စည်း အတော်များများကိုလည်း ကမ္ဘာအနှံ့သို့ ရောင်းချနိုင်ခဲ့ရာ၊ ကျုံးချင်းရှန်၏ ကျေးဇူးတရားများမှာ ကြီးမားလှပေသည်။
သို့သော် လျူချွမ်းကျစ် ရာထူးတက်လာပြီးနောက်တွင်၊ Taihua Holdings အုပ်စုသည် IT လုပ်ငန်းများ၏ အချိုးအစားကို တိုးမြှင့်ကာ၊ ဤဘက်သို့ ပိုမို အာရုံစိုက်လာတော့မည်လားဟု အားလုံးက တွေးတောနေကြသည်။
Lenovo Group ဖြစ်စေ၊ Lenovo-Kingsoft ဖြစ်စေ၊ ယခုအခါတွင် ကမ္ဘာပေါ်၌ ကြီးမားသော ဂုဏ်သတင်းကို ရရှိနေကြပြီ ဖြစ်သည်။ PC ပိုင်းတွင်ဖြစ်စေ၊ Softwareပိုင်းတွင်ဖြစ်စေ၊ ၎င်းတို့သည် ကမ္ဘာ့နံပါတ်တစ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အချင်းများကို ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။
ထို့ပြင် Taihua Holdings အုပ်စု ၏ လက်အောက်တွင် အင်တာနက် ကုမ္ပဏီများ၏ ရှယ်ယာများစွာ ရှိနေသေးသလို၊ ဆီလီကွန် စက်ရုံများလည်း ရှိနေသေးရာ၊ IT အင်အားမှာ သေချာပေါက် အလွန် ကြီးမားလှပေသည်။
ဘက်စုံ အင်အားကို ကြည့်မည်ဆိုလျှင်ပင် တစ်ကမ္ဘာလုံးရှိ IT လောကတွင် ပထမတန်းစား အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။
ဤသို့ဖြင့် အခြားသော IT ကုမ္ပဏီများမှာ များစွာသတိထားလာကြတော့သည်။ ၎င်းတို့ မေ့လျော့မနေကြသည်မှာ Wind-Rain Holdings Group၏ လက်အောက်တွင်လည်း IT လုပ်ငန်းများစွာ ရှိနေသေးသည်ကိုပင် ဖြစ်သည်။
အကယ်၍ ဤလုပ်ငန်းများသာ ပေါင်းစပ်သွားမည်ဆိုပါက ပိုမို၍ပင် အင်အားကြီးမားသွားပေလိမ့်မည်။ ယခုအခါ အခြားမည်သည့် ကုမ္ပဏီနှင့်မျှ ပူးပေါင်းခြင်း မရှိဘဲ၊ ဖုန်းယွီ၏ အုပ်စု ကုမ္ပဏီ နှစ်ခု လက်အောက်ရှိ လုပ်ငန်းများနှင့်တင် PC တစ်လုံးကို အစအဆုံး ထုတ်လုပ်နိုင်စွမ်း ရှိနေပြီဖြစ်သလို၊ ဈေးနှုန်းပိုင်းတွင်လည်း အပြိုင်အဆိုင် ဖြစ်နိုင်အောင် အာမခံနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဖုန်းယွီသည် IT လောကသို့ အလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်ရန် ကြံစည်နေပြီဖြစ်ကြောင်း ၎င်းတို့ ရိပ်မိသွားကြလေပြီ။
ဤကုမ္ပဏီများသည် ဤအချက်အပေါ် အလွန်အမင်း မကျေနပ်ကြသော်လည်း မည်သို့မျှ ပြောဆို၍ မရနိုင်ပါချေ။ ဖုန်းယွီသည် Holdings Group နှစ်ခုမှတစ်ဆင့် ဆက်စပ် ကုမ္ပဏီများကို သီးခြားစီ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ Holdings Group တစ်ခုတည်း ဖြစ်နေလျှင်ပင် ဥပဒေနှင့် မငြိစွန်းပါချေ။
၎င်းတို့အတွက် အကျပ်ရိုက်စရာ ဖြစ်နေသည်မှာ ဖုန်းယွီထိန်းချုပ်ထားသော လုပ်ငန်းများသည် ကဏ္ဍပေါင်းစုံတွင် ကမ္ဘာ့ထိပ်တန်း အဆင့်၌ ရှိနေကြသဖြင့် ၎င်းတို့ ပုံမှန် အသုံးပြုလေ့ရှိသော ကုမ္ပဏီငယ်များကို ဖိနှိပ်သည့် နည်းလမ်းများမှာ ဖုန်းယွီ၏ လုပ်ငန်းများအပေါ် လုံးဝ အသုံးမဝင်ခြင်းပင် ဖြစ်သည်။
အပြန်အလှန်အားဖြင့် ဖုန်းယွီကသာ ဈေးနှုန်း ကစားသည့် နည်းလမ်းများဖြင့် ၎င်းတို့ကို ပြန်လည် ဖိနှိပ်လေ့ ရှိသည်။
သေးငယ်သော အင်အားဖြင့် ကြီးမားသော အင်အားကို အနိုင်ယူနိုင်ခဲ့ခြင်းက ၎င်းတို့အား များစွာ စိတ်ပျက်အားငယ်စေခဲ့သည်။
...
‘ဖုန်းယွီသည် IT အင်ပါယာကြီးတစ်ခုကို တည်ဆောက်ရန် ကြံစည်နေသည်။ အကယ်၍ ဖုန်းယွီသာ အောင်မြင်သွားမည်ဆိုပါက၊ နောင်တွင် IT နှင့် သက်ဆိုင်သော ထုတ်ကုန်များ၏ ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်သွားသည်ကို သုံးစွဲသူတိုင်း တွေ့ရှိလာရပေလိမ့်မည်။’
‘IT လုပ်ငန်းများသည် ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိသင့်ပါသည်။ ရည်မှန်းချက် ကြီးမားလွန်းသူများကို ဤနယ်ပယ်အား လွှမ်းမိုးခွင့် မပေးသင့်ပါချေ။’
‘ဖုန်းယွီသည် တိတ်တဆိတ်ဖြင့် ဧရာမ IT လုပ်ငန်းစုကြီး တစ်ခုကို တည်ဆောက်ထားခဲ့လေပြီ၊ အနာဂတ်တွင် Microsoft၊ Intel၊ IBMအစရှိသော IT ဆက်စပ် ကုမ္ပဏီ အားလုံးကို သေချာပေါက် ကျော်ဖြတ်သွားပေလိမ့်မည်!"
‘ဖုန်းယွီ၏ အရူးအမူး ချဲ့ထွင်နေသော စီမံကိန်းများသည် လုပ်ငန်းနယ်ပယ်၏ ဖွဲ့စည်းပုံအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်စေလိမ့်မည်၊ လုပ်ငန်းနယ်ပယ်၏ အနာဂတ်မှာ မည်သို့ ဖြစ်လာမည်နည်း။’
...
လျူချွမ်းကျစ် ရာထူးတက်လာပြီးနောက်တွင် ပြည်ပမီဒီယာများက ဆက်စပ် သတင်းအများအပြားကို ဖော်ပြခဲ့ကြပြီး၊ အားလုံးမှာ ခြိမ်းခြောက်မှုဆိုင်ရာ သီအိုရီများသာ ဖြစ်ကြသည်။
သို့သော်လည်း ၎င်းတို့ ပြောဆိုချက်များထဲမှ အတော်များများမှာ မှန်ကန်နေခဲ့သည်။ ဖုန်းယွီသည် IT အင်ပါယာကြီးကို တည်ဆောက်ပြီး ဤနယ်ပယ်ကို လွှမ်းမိုးရန် အမှန်တကယ်ပင် ကြံစည်နေခြင်း ဖြစ်သည်။ ဘာဖြစ်လို့လဲ…
စွမ်းဆောင်နိုင်ရင် မင်းတို့ ပူးပေါင်းကြလေ၊ Microsoft၊ Intl၊ Dell၊ Softbank တို့ ပူးပေါင်းလိုက်ရင် ငါ့ကို ပြန်ပြီး ဖိနှိပ်နိုင်မှာပေါ့၊ ဒါပေမဲ့ မင်းတို့ ပူးပေါင်းနိုင်လို့လား။
သူတို့ ပူးပေါင်းမည်ဆိုပါက ရှယ်ယာရှင်များက သဘောတူမည် မဟုတ်သည်ကို ထားဦး၊ အကယ်၍ သဘောတူခဲ့လျှင်ပင် လက်ဝါးကြီးအုပ်မှု တားဆီးရေး ဥပဒေနှင့် သေချာပေါက် ငြိစွန်းသွားမည်ဖြစ်ရာ၊ ထိုအချိန်ရောက်လျှင် ကုမ္ပဏီများ ပြန်လည်အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ခံရမည့်အပြင် ဧရာမ ဒဏ်ကြေးငွေများကိုပါ ရင်ဆိုင်ရပေလိမ့်မည်။
သူတို့သည် ဖုန်းယွီ၏လက်အောက်ရှိ ကုမ္ပဏီများကဲ့သို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုလျှင်ပင် မည်သူက အဓိကဖြစ်ပြီး မည်သူက အရန် ဖြစ်မည်နည်း။ သူတို့အားလုံးမှာ မိမိတို့ သက်ဆိုင်ရာ နယ်ပယ်အသီးသီး၏ ခေါင်းဆောင်များ ဖြစ်ကြရာ မည်သူက အခြားသူ၏ လက်အောက်တွင် နေလိုပါမည်နည်း။
၎င်းတို့၏ အကျိုးစီးပွားများမှာ နီးကပ်စွာ ဆက်နွှယ်နေသော်လည်း၊ အလေးထားမှုများမှာမူ ကွဲပြားကြသည်။ Intel က ကွန်ပျူတာတစ်လုံးတွင် Core Processor သည် အရေးအကြီးဆုံး ဖြစ်သဖြင့် ဤဈေးနှုန်းမှာ အမြင့်ဆုံး ဖြစ်သင့်သည်ဟု ဆိုမည် ဖြစ်သည်။
သို့သော် Microsoft ကမူ သေချာပေါက် သဘောတူမည် မဟုတ်ပါချေ။ စနစ်လည်ပတ်မှု ယန္တရား မရှိရင် ခင်ဗျားတို့ကွန်ပျူတာကို ဘယ်သူက အသုံးပြုမလဲဟု ဆိုပေလိမ့်မည်။
Softbank ကလည်း ငါတို့၏ ပေါကြွယ်ဝပြီး အသုံးဝင်လှသော အသုံးချ Softwareများ၊ ကွန်ရက် ကိရိယာများသာ မရှိပါက၊ ကွန်ပျူတာသည် စက်ရုံများတွင်သာ အသုံးပြုရသည့် အဆင့်သာ ရှိမည်ဖြစ်ရာ၊ ဤမျှအထိ လူသိများလာမည် မဟုတ်ပါဟု ဆိုဦးမည် ဖြစ်သည်။
Dell ကလည်း ငါတို့PC အလုံးလိုက် ထုတ်လုပ်မှု မရှိရင် ခင်ဗျားတို့ထုတ်ကုန်တွေကို ဘယ်သူက သီးသန့်ဝယ်ယူမှာလဲ။ ငါတို့PC အလုံးလိုက် ရောင်းအား တိုးတက်လာမှုကသာ လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုပေလိမ့်မည်။
လူတိုင်းက မိမိတို့ကိုယ်မိမိ အရေးအကြီးဆုံးဟု ယူဆနေကြသော်လည်း၊ အမှန်စင်စစ်တွင် သူတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လိုအပ်နေကြခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဖုန်းယွီသည် သူတို့ ကုမ္ပဏီအားလုံးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်ဆိုသည့် အချက်ကိုတော့ သူတို့အားလုံးက သဘောတူကြသည်။ ဖုန်းယွီထိန်းချုပ်ထားသော ကုမ္ပဏီများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ မူလက သူတို့ ပိုင်ဆိုင်ခဲ့သော ဈေးကွက်များကို သေချာပေါက် လုယူသွားမည်ဖြစ်ရာ၊ ဤသည်မှာ သူတို့အားလုံး သည်းမခံနိုင်သော အချက်ပင် ဖြစ်သည်။
ထို့ကြောင့် ထိုဆက်စပ် ကုမ္ပဏီများ၏ ခေါင်းဆောင်များ အားလုံး စုပေါင်းကာ၊ ဖုန်းယွီနှင့် Wind-Rain Holdings၊ Taihua Holdingsတို့ကို ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်သည့် စကားများ ပြောဆိုလာကြသည်။
...
"ဖုန်း... အခု ကျွန်တော်တို့က သတင်းမီဒီယာတွေရဲ့ ထိုးနှက်ချက်တွေအောက်မှာ အတော်လေး အကျပ်ရိုက်နေရပါတယ်၊ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေကလည်း သိပ်ပြီး အားမပါသလို ဖြစ်နေတယ်" လျူချွမ်းကျစ်က အနည်းငယ် စိတ်ပျက်စွာ ဆိုလိုက်သည်။ သူ ရာထူးတက်လာသည်နှင့် ချက်ချင်းပင် ဤမျှ ကြီးမားသော ပြဿနာကြီး ပေါ်ပေါက်လာရသည် မဟုတ်ပါလား။
ခါမီဒါ မာဆာအို ကလည်း ဖြည့်စွက် ပြောဆိုလိုက်သည်။ "Boss... အခု အခြေအနေက အရမ်းထင်ရှားနေပါပြီ၊ အဲဒီကုမ္ပဏီတွေက ပူးပေါင်းပြီး ကျွန်တော်တို့ကို အထီးကျန်ဖြစ်အောင် လုပ်ဖို့ ကြံစည်နေကြတာပါ"
ဖုန်းယွီက လက်ယမ်းပြလိုက်ရင်း "ငါတို့ကို အထီးကျန်ဖြစ်အောင် လုပ်မယ်။ အကျိုးအမြတ်တွေရဲ့ ရှေ့မှာ သူတို့တွေ အလျှော့ပေးကြရမှာပါ။ ငါတို့ ငွေရှာတယ် ဆိုပေမဲ့၊ သူတို့အတွက်လည်း အမြတ်အစွန်း ချန်ထားပေးမှာပဲလေ။ ငါတို့က လုပ်ငန်းနယ်ပယ်ရဲ့ ခေါင်းဆောင် ဖြစ်ချင်တာပါ၊ တစ်နယ်ပယ်လုံးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ဖို့ မကြံစည်ပါဘူး၊ ဒါဟာ ဥပဒေအရလည်း ခွင့်မပြုထားပါဘူး"
"ဒါပေမဲ့ သူတို့ရဲ့ မဟာမိတ်အဖွဲ့က တကယ်ပဲ မဖြိုခွဲနိုင်အောင် ခိုင်မာနေလို့လား။ ငါတို့အနေနဲ့ ကုမ္ပဏီအချို့ကို ရွေးပြီး ပြင်းပြင်းထန်ထန် နင်းချေပစ်လို့ ရသလို ကုမ္ပဏီအချို့ကိုလည်း ဆွဲဆောင်စည်းရုံးလို့ ရတယ်။ ပြီးတော့ တချို့ကိုလည်း သတိပေးလိုက်လို့ ရတာပဲ"
"ပြင်းပြင်းထန်ထန် နင်းချေပစ်မဲ့ ကုမ္ပဏီတွေအဖြစ် Microsoft နဲ့ Intel ကို ရွေးချယ်လိုက်တာပေါ့။ ငါတို့က PC ထုတ်လုပ်သူတွေကို ဆွဲဆောင်ရမယ်၊ ငါတို့က သူတို့ကို အကောင်းဆုံး အစိတ်အပိုင်းတွေ၊ စနစ်တွေ ထောက်ပံ့ပေးထားတာ၊ အကယ်၍ သူတို့ကပါ ပြန်ပြီး ဆန့်ကျင်မယ်ဆိုရင်တော့၊ အနာဂတ်မှာ ဒီဈေးနှုန်းတွေဟာ သူတို့ကို ပြန်ပြီး သတ်မဲ့ ဓားတွေ ဖြစ်လာလိမ့်မယ်။ တခြားကုမ္ပဏီတွေကိုတော့ သတိပေးရုံလောက်နဲ့ လုံလောက်ပါတယ်၊ သူတို့ ထွက်လာပြီး အော်ဟစ်နေလည်း ဘာမှ အသုံးမဝင်ပါဘူး"
"ပြင်းပြင်းထန်ထန် နင်းချေပစ်မယ်။ Boss... ဘယ်လိုမျိုး နင်းချေရမှာလဲ”
ခါမီဒါ မာဆာအို အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားသည်။ လက်ရှိမှာ တစ်ဖက်လူက လုပ်ငန်းနယ်ပယ်ရဲ့ နံပါတ်တစ်တွေ ဖြစ်နေတာကြောင့် ကျွန်တော်တို့က သူတို့ကို ဘယ်လိုလုပ်ပြီး ခြေအောက်မှာ နင်းချေထားလို့ ရနိုင်မှာလဲ။
ဖုန်းယွီက ပြုံးလျက် ဆိုလိုက်သည်။ "အရမ်းလွယ်ပါတယ်၊ သူတို့က ငါတို့နဲ့ အပြောအဆိုပိုင်းမှာ စစ်ခင်းချင်နေတာ မဟုတ်လား။ ငါတို့လည်း အားနာမနေနဲ့တော့၊ သူတို့ကို စပြီး လှောင်ပြောင် သရော်ပစ်လိုက်ကြတာပေါ့!"
******
အခန်း ၁၄၆၈ မြေပုံတစ်ခုလုံးအား ချိန်ရွယ်ပစ်ခတ်ခြင်း
"မည်သူက သုံးစွဲသူများအတွက် အမှန်တကယ် လုပ်ဆောင်ပေးနေသနည်း" ဟူသော ဆောင်းပါးကို သတင်းစာကြီးများတွင် ဖော်ပြခဲ့ပြီး၊ အင်တာနက်ပေါ်တွင်လည်း ရူးသွပ်စွာ ပြန်လည် မျှဝေခဲ့ကြပြီးနောက်၊ IT ကုမ္ပဏီ အတော်များများ၏ ဒေါသမီးများကို လျင်မြန်စွာ လောင်ကျွမ်းသွားစေခဲ့ရာ၊ အထူးသဖြင့် Microsoft အစရှိသော လုပ်ငန်းနယ်ပယ် ခေါင်းဆောင်များ၏ဒေါသကို ပိုမို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
"Microsoft ရဲ့ Softwareဖော်ဆောင်မှု ကုန်ကျစရိတ်က ဘယ်လောက်ရှိပြီး၊ ရောင်းဈေးကကော ဘယ်လောက်လဲ။ သွားကြည့်လိုက်ပါ၊ Microsoft က ဝန်ထမ်းတွေဟာ အလုပ်လုပ်တဲ့အခါ အရမ်းကို ပျင်းရိလေးတွဲနေကြတာတောင်မှ လစာငွေတွေကတော့ ပိုပြီး မြင့်မားစွာ ရရှိနေကြသေးတယ်"
" Fortuneမဂ္ဂဇင်းက ရွေးချယ်ထားတဲ့ 'ဝန်ထမ်းတွေ အကျေနပ်ဆုံး ကုမ္ပဏီများ' စာရင်းကို ကြည့်ရင်ပဲ သိနိုင်ပါတယ်၊ ထိပ်ဆုံးမှာ ရှိနေတဲ့ ကုမ္ပဏီတွေဟာ လစာမြင့်မားတဲ့ ကုမ္ပဏီတွေဖြစ်ပြီး အလုပ်ဖိအားလည်း မကြီးမားလှပါဘူး၊ အဓိက အကြောင်းရင်းကတော့ လုပ်ငန်းနယ်ပယ်မှာ သူတို့ကို ယှဉ်ပြိုင်နိုင်တဲ့သူ မရှိလို့ပါပဲ"
"Microsoft၊ Intel၊ Dell၊ HP... ဒီကုမ္ပဏီတွေ တစ်ခုချင်းစီတိုင်းဟာ အဆမတန် မြင့်မားတဲ့ အမြတ်အစွန်းတွေကို ရရှိနေကြပါတယ်။ သူတို့ကို ဒီလောက်များပြားတဲ့ အမြတ်အစွန်းတွေ ရရှိအောင် ဘယ်သူက ဆောင်ကြဉ်းပေးခဲ့တာလဲ။ သုံးစွဲသူတွေပါပဲ… ဒါပေမဲ့ သူတို့တွေဟာ ဒီလောက် မြင့်မားတဲ့ အမြတ်အစွန်းတွေကို တကယ်ပဲ ရသင့်ရထိုက်ပါသလား"
"ကမ္ဘာပေါ်က နိုင်ငံအတော်များများက သိကြပါတယ်၊ တရုတ်လူမျိုးတွေဟာ ကြိုးစားပမ်းစား အလုပ်လုပ်တဲ့ လူမျိုးတစ်မျိုး ဖြစ်တယ်။ သူတို့ဟာ လစာငွေ နည်းနည်းလေးနဲ့ လုပ်အားတွေ အများကြီး ပေးဆပ်ဖို့ ဆန္ဒရှိကြတယ်။ သူတို့ဟာ အလုပ်ကို တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြပြီး၊ သုံးစွဲသူတွေကို အကောင်းဆုံးနဲ့ အကျေနပ်ဆုံး အတွေ့အကြုံတွေ ပေးစွမ်းဖို့ ဆန္ဒရှိကြတယ်"
"အခုဆိုရင် ကျွန်တော်တို့ဟာ ဖုန်းယွီရဲ့ ဦးဆောင်မှုအောက်မှာ IT လုပ်ငန်းနယ်ပယ်ရဲ့ အစီအစဉ်သစ် တစ်ရပ်ကို ဖန်တီးတော့မှာ ဖြစ်ပါတယ်၊ သုံးစွဲသူတွေရဲ့ တောင်းဆိုချက်ကို အမြင့်ဆုံး တောင်းဆိုချက်အဖြစ် သတ်မှတ်ပြီး၊ သုံးစွဲသူတွေကို ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်တာကို အကြီးမားဆုံး ဂုဏ်ကျက်သရေအဖြစ် သတ်မှတ်မှာပါ။ လက်လီရောင်းချရေး လုပ်ငန်းလိုမျိုးပဲ၊ ကျွန်တော်တို့ဟာ အမြတ်နည်းနည်းနဲ့ အများကြီး ရောင်းချရတဲ့စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ဖန်တီးမှာပါ"
"အင်တာနက် စီးပွားရေး ပူဖောင်းတွေကို ဖယ်ရှားပစ်ပါ၊ ဟန်ပြ ကြီးပွားရေးတွေကို ဖယ်ရှားပစ်ပါ၊ ဒါမှသာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ တခြား ကိစ္စတွေ လုပ်ဆောင်ဖို့နဲ့ ဘဝကို ခံစားဖို့အတွက် ငွေပိုငွေလျှံတွေ ပိုမို ရရှိလာမှာပါ။ IT ဆိုတာ အဆမတန် အမြတ်ကြီးစားတဲ့ လုပ်ငန်းတစ်ခု မဖြစ်သင့်ပါဘူး၊ ကျွန်တော်တို့ဟာ ဆင်ခြင်တုံတရားဆီကို ပြန်လည် ရောက်ရှိသင့်ပါတယ်..."
ဤဆောင်းပါးကို ခါမီဒါ မာဆာအိုက ထိပ်တန်း ဆောင်းပါးရှင် အမြောက်အမြားကို ရှာဖွေကာ၊ အကြိမ်ကြိမ် ပြင်ဆင်ပြီးနောက်၊ အဓိက သတင်းစာကြီး အတော်များများတွင် တစ်ပြိုင်တည်း ဖော်ပြစေခဲ့သလို၊ အဓိက သတင်းပေါ်တယ် ဝဘ်ဆိုဒ်ကြီးများတွင်လည်း ပြန်လည် မျှဝေစေပြီး နိုင်ငံတကာ ဘာသာစကား အမြောက်အမြားဖြင့်လည်း ဘာသာပြန်ဆိုစေခဲ့သည်။
ဖုန်းယွီသည် အင်တာနက်ပေါ်ရှိ ဆောင်းပါးကို ကြည့်ကာအလွန်ပင် ကျေနပ်အားရနေခဲ့သည်။
မူလက သူသည် ခါမီဒါ မာဆာအို တို့နှင့် တိုင်ပင်ရာတွင် Microsoft တို့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်ပြီး၊ PC ထုတ်လုပ်သူများကိုမူ ဆွဲဆောင်စည်းရုံးရန် စီစဉ်ခဲ့သော်လည်း ခါမီဒါ မာဆာအိုက ဤသို့ လုပ်ဆောင်ခြင်းမှာ တမင်တကာ လုပ်ဆောင်လွန်းရာကျပြီး ထိုPCထုတ်လုပ်သူများက ဤအခွင့်အရေးကို အသုံးချကာ အကျိုးအမြတ် ပိုမိုတောင်းဆိုလာကြလိမ့်မည်ဟု ယူဆခဲ့သည်။
XOSကို လူသိများလာအောင် လုပ်ဆောင်သည့် ကိစ္စတွင် ထိုPC ထုတ်လုပ်သူများ၏ လောဘမှာ မည်မျှအထိ ကြီးမားကြောင်းကို တွေ့မြင်ခဲ့ရပြီ မဟုတ်ပါလော။
ထို့ကြောင့် ခါမီဒါ မာဆာအို သည် ဤကုမ္ပဏီများ အားလုံးကို တစ်ပြိုင်တည်း ရှုတ်ချပြစ်တင်လိုက်ပြီး၊ ၎င်းတို့ကို သုံးစွဲသူများနှင့် သွေးခွဲပစ်လိုက်ခြင်းဖြင့်၊ မိမိတို့သည်သာ သုံးစွဲသူများနှင့် တစ်သားတည်း ရှိနေကြောင်း ပုံရိပ်ကို ဖန်တီးသင့်သည်ဟု ယူဆခဲ့သည်။
ထိုအချိန်ရောက်လျှင် Microsoft၊ Intel အစရှိသည့် ကုမ္ပဏီများသည် သေချာပေါက် အလျှော့ပေးကြမည် မဟုတ်ဘဲ၊ Wind-Rain Holdings နှင့် Taihua Holdingsတို့ကို စကားစစ်ထိုးပွဲများ ဆင်နွှဲလာကြမည် ဖြစ်သော်လည်း၊ HP၊ Dell အစရှိသော PC ထုတ်လုပ်သူများမှာမူ ခဏတာ ဆူပူအုံကြွပြီးနောက် ငြိမ်သက်သွားကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်ရောက်လျှင် အခြားသော ထုတ်လုပ်သူများကို မိမိတို့ဘက်သို့ ဆွဲဆောင်စည်းရုံးပြီး ဖြစ်နေလိမ့်မည် ဖြစ်သောကြောင့်ပင်။
အခြားသော PC ထုတ်လုပ်သူများကို မည်သို့ ဆွဲဆောင်စည်းရုံးမည်နည်း။ AMD၊ NVIDIAအစရှိသည့် ကုမ္ပဏီများမှတစ်ဆင့် ၎င်းတို့အား စွမ်းဆောင်ရည်နှင့် ဈေးနှုန်းအချိုးအစား ပိုမိုမြင့်မားသော Hardware အစိတ်အပိုင်းများ ပံ့ပိုးပေးပြီး၊ ၎င်းတို့၏ PC ထုတ်ကုန် ကုန်ကျစရိတ်များကို လျှော့ချပေးလိုက်ရုံသာ ဖြစ်သည်။
ထို့ကြောင့် ခါမီဒါ မာဆာအိုသည် လူလွှတ်ကာ ဤဆောင်းပါးကို ဖန်တီးစေခဲ့ပြီး၊ မြေပုံတစ်ခုလုံးအား ချိန်ရွယ်ပစ်ခတ်ခြင်း (လူအများအပြားကို တစ်ပြိုင်တည်း ပစ်မှတ်ထား တိုက်ခိုက်ခြင်း) ကို ပြုလုပ်ခဲ့ခြင်းပင်။
ဤတစ်ကြိမ်တွင်မူ Microsoft အစရှိသော ကုမ္ပဏီများအားလုံး ဒေါသထွက်ပေါက်ကွဲသွားကြတော့သည်။ ဤကိစ္စကို သေချာပေါက် ဖုန်းယွီလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ရမည်။ ငါတို့ရဲ့ ကုန်ကျစရိတ်နဲ့ အမြတ်အစွန်းတွေကို တွက်ချက်ပြီး၊ သူ ဘာလုပ်ချင်နေတာလဲ။
လုပ်ငန်းတူ အချင်းချင်း ပြိုင်ဆိုင်ကြရာမှာ၊ မင်းတို့လိုမျိုး လုပ်ကြတာ ရှိလို့လား။
လုပ်ငန်းနယ်ပယ်ရဲ့ အမြတ်အစွန်းဆိုတာ အားလုံး အတူတကွ လျှို့ဝှက်ထားရမှာလေ၊ ဒီအကျိုးအမြတ်တွေက ငါတို့အားလုံးအတွက် မဟုတ်ဘူးလား။ ငါတို့လည်း ရသလို မင်းတို့လည်း ရနေတာပဲလေ။
လုပ်ငန်းနယ်ပယ် တစ်ခုလုံးရဲ့ အမြတ်အစွန်း မြင့်မားနေတာ၊ မင်းတို့ရဲ့ အမြတ်အစွန်းလည်း မဆိုးဘူး မဟုတ်လား… လုပ်ငန်းနယ်ပယ် တစ်ခုလုံးရဲ့ အမြတ်အစွန်းကို လျှော့ချပစ်တာက၊ မင်းတို့အတွက် ဘာအကျိုးရှိမှာလဲ။
ငါတို့ကို အမြတ်ကြီးစားတယ်လို့ ပြောရအောင်… ငါတို့က ဘယ်လိုလုပ်ပြီး အမြတ်ကြီးစားနေလို့လဲ။ ငါတို့ ပေးဆပ်နေရတာက ခွန်အားနဲ့ ဉာဏ်ရည် ပေါင်းစပ်ထားတဲ့ လုပ်အားတွေလေ။ မင်း Coca-Colaကို သွားကြည့်လိုက်ပါလား၊ အချိုရည်လေး တစ်မျိုးတည်း ရောင်းနေတာတောင်၊ တစ်နှစ်ကို ငွေဘယ်လောက် ရနေလဲ။ အဲဒါကမှ တကယ့် အမြတ်ကြီးစားတာကွ။
ပြီးတော့ ဘဏ်တွေအပါအဝင် ဘဏ္ဍာရေး လုပ်ငန်းတွေ၊ အဲဒီ အမြတ်အစွန်းတွေက ဘယ်လောက်တောင် မြင့်မားလဲ။ မင်းက ဘာဖြစ်လို့ အဲဒါတွေကို အမြတ်ကြီးစားတယ်လို့ မပြောရတာလဲ။
Microsoftက ချက်ချင်းပင် တုံ့ပြန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ "ကျွန်တော်တို့ဟာ အမြတ်ကြီးစားတဲ့ လုပ်ငန်းတစ်ခု မဟုတ်ပါဘူး၊ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့ အခု ရောင်းချနေတဲ့ VISTA စနစ်လည်ပတ်မှု ယန္တရားဟာဆိုရင် အချိန် ငါးနှစ်နီးပါး ယူခဲ့ရသလို၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဟာလည်း အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံ ကျော်ခဲ့ပါတယ်၊ ဒါပေမဲ့ အခုအချိန်ထိ ကျွန်တော်တို့ ဘယ်နှစ်စောင်များ ရောင်းချပြီးပြီလဲ"
"ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရရှိလာတဲ့ အကျိုးအမြတ်ဟာ အချိုးအစား လုံးဝ မမျှတပါဘူး။ နောက်ပြီး ကျွန်တော်တို့ဟာ ထုတ်ကုန်ကို ရောင်းပြီးတာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး၊ အနည်းဆုံး နောက်ထပ် နှစ်အနည်းငယ်ကြာအောင် အခမဲ့ အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းမှု ဝန်ဆောင်မှုတွေကို ပေးရပါသေးတယ်၊ ဒါတွေဟာ ကုန်ကျစရိတ်တွေ မဟုတ်ဘူးလား”
"အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံကို ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်တွေမှာသာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မနှစ်က ရရှိခဲ့တဲ့ အကျိုးအမြတ်နှုန်းနဲ့ တွက်ကြည့်ရင် ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ ငွေဘယ်လောက် ရနိုင်မလဲ။ ကျွန်တော်တို့ ထုတ်ကုန်ရဲ့ ရောင်းချနိုင်တဲ့ သက်တမ်းကာလကိုပါ ထည့်တွက်မယ်ဆိုရင် အဲဒါက ဆယ်နှစ်နီးပါး ရှိနေတာမို့၊ ကျွန်တော်တို့ ငွေဘယ်လောက် ရသင့်သလဲ"
"ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို ပေးဆပ်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ အသုံးပြုသူတွေကို အကောင်းဆုံး အတွေ့အကြုံတွေနဲ့ ရောင်းချပြီး ဝန်ဆောင်မှုတွေကို ပေးစွမ်းနေတယ်။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ အမြတ်အစွန်း အနည်းငယ်တောင် မရသင့်တော့ဘူးလား”
"ကျွန်တော်တို့ Microsoft ရဲ့ ဝန်ထမ်းတွေ ပျင်းရိတယ်လို့ ပြောတာက Microsoft ဝန်ထမ်းတွေရဲ့ ကြွယ်ဝတဲ့ ဖန်တီးနိုင်စွမ်းတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက်ပါ။ ကမ္ဘာပေါ်က အောင်မြင်တဲ့ ပါရမီရှင်တိုင်းဟာ ကြွယ်ဝတဲ့ ဖန်တီးနိုင်စွမ်းကို မလိုအပ်ဘူးလို့ ထင်ပါသလား။ ရုံးခန်းရဲ့ အကန့်လေးတွေထဲမှာ ထိုင်နေရုံနဲ့ စိတ်ကူးသစ်တွေ ထွက်လာနိုင်ပါ့မလား။ သိပ္ပံပညာရဲ့ လေ့လာတွေ့ရှိချက်တွေအရ၊ လူတစ်ယောက်ရဲ့ စိတ်ခံစားမှု ကောင်းမွန်ခြင်း၊ ဆိုးရွားခြင်းဟာ လူတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာကို ဖော်ပြနေပါတယ်"
"တရုတ်လူမျိုးတွေ ကြိုးစားကြတယ် ဆိုတာကိုတော့ ကျွန်တော်တို့ ဝန်ခံပါတယ်၊ ဒါပေမဲ့ လူဆိုတာ အနားယူဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပြန်ပြီး မေးချင်တာက၊ တရုတ်ပြည်က ကုမ္ပဏီ အတော်များများဟာ အချိန်ပို အမြဲတမ်း ဆင်းရတယ်လို့ ကြားရတယ်၊ ဥပဒေနဲ့အညီ ဝန်ထမ်းတွေကို အချိန်ပိုကြေး ပေးရဲ့လား။ ဝန်ထမ်းတွေကကော မိမိဆန္ဒအလျောက် အချိန်ပို ဆင်းကြတာ ဟုတ်ရဲ့လား”
Microsoft က တုံ့ပြန်သည့်အခါတွင် Taihua Holdingsကိုပါ အခွင့်ကောင်းယူ၍ တစ်ချက် နင်းချေသွားခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင်၊ Intel ကလည်း ထွက်လာပြီး တုံ့ပြန်စာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
အလားတူပင် မီဒီယာများပေါ်ရှိ စွပ်စွဲချက်များအပေါ် တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမြတ်ကြီးစားသူများ ဖြစ်သည်ဟူသော ပြောဆိုချက်များကို ချေပခဲ့ကာ ဖုန်းယွီသည်သာ ဤအရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း ပြန်လည် ထောက်ပြခဲ့သည်။
ဖုန်းယွီ၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပိုင်ဆိုင်မှု တိုးတက်လာသည့် နှုန်းကို ကြည့်လိုက်ပါဦး၊ အကယ်၍ အမြတ်ကြီးစားသည့် လုပ်ငန်း မဟုတ်ခဲ့လျှင်၊ သူသည် မည်သို့လုပ်၍ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာနိုင်မည်နည်း။ ဖုန်းယွီ၏လုပ်ရပ်မှာ သူခိုးက လူဟစ်နေခြင်းသာဖြစ်ကြောင်း ဆိုလိုက်သည်။
ထို့နောက်တွင် IT နှင့် ဆက်စပ်သော ကုမ္ပဏီ အားလုံးနီးပါးသည်၊ ပြစ်တင်ရှုတ်ချခံရသူတိုင်းက Taihua Holdings၊ Wind-Rain Holdings နှင့် ဖုန်းယွီတို့အား ပြန်လည်လှောင်ပြောင် သရော်လာကြတော့သည်။
ဖုန်းယွီ၏ ဘလော့ဂ်အကောင့်အောက်တွင် မှတ်ချက်များ ပြည့်နှက်နေခဲ့ပြီး၊ အားလုံးမှာ IT ကုမ္ပဏီကြီးများ၏ တရုတ်ပြည် ကိုယ်စားလှယ်များက ဖုန်းယွီ၏ စကားများကို တိုက်ခိုက် ချေပထားခြင်းများသာ ဖြစ်ကြသည်။
"ဖုန်း... ဘလော့ဂ်ရဲ့အောက်မှာ မှတ်ချက်တွေကို ပိတ်ထားလို့ရတဲ့ လုပ်ဆောင်ချက် ရှိပါတယ်၊ အဲဒီမှတ်ချက်တွေကို ဘာလို့ ပိတ်မထားလိုက်တာလဲ” ဝမ်ကျစ်ရှီးက ဖုန်းဆက်၍ မေးမြန်းလာသည်။
ဖုန်းယွီ၏ ဘလော့ဂ် ဝင်ရောက်ကြည့်ရှုသူ အရေအတွက် တဟုန်ထိုး မြင့်တက်လာခြင်းကို၊ Sinaကုမ္ပဏီ၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူထံမှ ပထမဆုံး အချိန်မှာပင် အစီရင်ခံစာ ရရှိခဲ့ခြင်း ဖြစ်သည်။
"ဘာဖြစ်လို့ ပိတ်ရမှာလဲ၊ အခုလိုလေးက သိပ်ကောင်းတာပဲ မဟုတ်လား၊ ကြည့်ပါဦး... ငါ့ရဲ့ ဘလော့ဂ်က အခု ဘယ်လောက်တောင် စည်ကားနေပြီလဲ။ သူတို့အားလုံး ငါ့ဆီကို လာပြီး မှတ်ချက်ပေးကြမှတော့ ငါလည်း တကယ့် ဘလော့ဂ် စာစု တစ်ခုလောက် တင်သင့်ပြီ မဟုတ်လား”
ထိုဆောင်းပါးကို ခါမီဒါ မာဆာအိုက လူရှာ၍ ဖော်ပြခိုင်းခဲ့ခြင်းဖြစ်ပြီး ဖုန်းယွီ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘဲလျက် ဤလူများက သူ၏ဘလော့ဂ်သို့ လာရောက်၍ အဘယ်ကြောင့် အနှောင့်အယှက် ပေးရသနည်း။
ထိုတရုတ်ပြည် ကိုယ်စားလှယ်များကို သူ၏ဘလော့ဂ်အောက်တွင် လာရောက် မှတ်ချက်ပေး ပြစ်တင်ခိုင်းခြင်းအတွက် ကံကောင်းသည်မှာ သူ၏နာမည်က အတော်လေး ကြီးမားနေသဖြင့် မည်သူမျှ တိုက်ရိုက်မဆဲဆိုရဲကြခြင်းပင် ဖြစ်သည်။ တရုတ်ပြည်ဆိုသည်မှာ ဖုန်းယွီ၏ ပိုင်နက်ဖြစ်ပြီး၊ ထိုပြည်ပ လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ် အများစုမှာလည်း တရုတ်လူမျိုးများသာ ဖြစ်ကြရာ၊ မည်သူကများ ဖုန်းယွီ၏ မျက်နှာကို လက်ညှိုးထိုးပြီး ဆဲဆိုရဲပါမည်နည်း။
ကျားက အစွယ်မထုတ်တိုင်း၊ မင်းက ငါ့ကို ကြောင်နာလေးများ မှတ်နေသလားကွ..
ဖုန်းယွီသည် ချက်ချင်းပင် "ဤသည်မှာ ကျွန်တော် ပြောခဲ့ခြင်း ဖြစ်သည်" ဟူသော ခေါင်းစဉ်ဖြင့် ဘလော့ဂ်တစ်ပုဒ်ကို ကိုယ်တိုင် ရေးသား တင်ပြလိုက်လေတော့သည်။
...
******