အခန်း (၁၄၇၅-၁၄၇၇)
Vol. 100 Ch. 1475-1477
အခန်း ၁၄၇၅ ထောင်ချောက်မိသွားသော Sony
"လု..ခင်ဗျားတို့ IBMက စက်ရုံတွေ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနတွေ အမှတ်တံဆိပ်တွေ ဖြန့်ချိရေးလမ်းကြောင်းတွေ အရောင်းဆိုင်တွေ စတာတွေ အားလုံးအပါအဝင် တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်း တစ်ခုလုံးကို ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့ Sony က အရမ်းကို စိတ်ဝင်စားပါတယ်" အိုဂါ နိုရီအိုသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားကာ ဣန္ဒြေရရ ထိုင်နေလေသည်။
"အိုဂါ ဒီသတင်းကို ခင်ဗျား ဘယ်ကနေ ကြားလာတာလဲ။ ကျွန်တော်တို့က အပြင်ကို တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒီလို အကြံအစည်လေး ရှိရုံပဲ ရှိသေးတာ နောက်ဆုံး ဆုံးဖြတ်ချက် မကျသေးပါဘူး" ဂျိမ်းစ်လုက ပြောလေသည်။
အိုဂါ နိုရီအိုသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်ကာ သရဲကို လာလှည့်စားနေသလား.. မင်းတို့က အပြင်ကို တရားဝင် မထုတ်ပြန်တာတော့ ဟုတ်ပါရဲ့.. ဒါပေမဲ့ ဒီသတင်းတွေကို သက်သက်ကြီး ဖုံးကွယ်ထားတာမျိုးလည်း မလုပ်ခဲ့ဘဲနဲ့ မဟုတ်ရင် ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ ဟု တွေးတောလိုက်သည်။
နောက်ဆုံး ဆုံးဖြတ်ချက် မကျသေးဘူး ဟုတ်လား… ဆုံးဖြတ်ချက် မချရသေးတဲ့ အကြောင်းရင်းက ကျေနပ်လောက်တဲ့ ဈေးနှုန်းကို မရသေးလို့ပဲ မဟုတ်ဘူးလား။
"ဘယ်ကနေ သတင်းရလာလဲ ဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ရဲ့ စေတနာပါ။ပဲ ကျွန်တော်တို့ Sonyရဲ့ အီလက်ထရောနစ် နယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်က IBMနဲ့ အများကြီး ကွာခြားပေမဲ့ ကျွန်တော်တို့က တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို အရမ်းကို အလားအလာ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ကို အခွင့်အရေး တစ်ခုလောက် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်" အိုဂါ နိုရီအိုက အနည်းငယ် ခါးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
"ကျွန်တော် သိထားသလောက်တော့ Sony ရဲ့ ကွန်ပျူတာ ရောင်းအားက အဲဒီလောက်ကြီး ကောင်းမွန်မနေပါဘူး။ ဂျပန်နိုင်ငံ မှာတောင် Toshiba နဲ့ Panasonic တို့ကို မမီဘဲ တခြား အီလက်ထရောနစ် စီးပွားရေးလုပ်ငန်း တချို့နဲ့သာ သာမန်အဆင့်လောက်မှာပဲ ရှိနေတာပါ။ ဒီနှစ်ပိုင်းတွေမှာ ကွန်ပျူတာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်က အရမ်းကို မြန်ဆန်နေပေမဲ့ Sony ရဲ့ ဈေးကွက်ဝေစုကတော့ ဆက်တိုက်ကို ကျဆင်းနေခဲ့တယ်။ ထုတ်ကုန်တွေကလည်း ဆန်းသစ်မှု မရှိဘူး ဈေးနှုန်းနဲ့ အရည်အသွေးကလည်း မျှတမှု မရှိဘူး။ အရောင်းအပြီး ဝန်ဆောင်မှုကလည်း သာမန်ပဲဆိုတော့ ခင်ဗျားတို့က ဒီလုပ်ငန်းကနေ မထွက်ခွာချင်သေးဘူးလား" လုသည် တစ်ဖက်လူအတွက် အလွန်တရာ စဉ်းစားပေးနေသည့်ဟန်ကို ဖမ်းလိုက်သည်။
အိုဂါ နိုရီအို၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့ကာ မင်းတို့ IBMက တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းမှာ ငါတို့ထက် သာလွန်နေတာ မှန်ပေမဲ့ ငါတို့ကို ဒီလောက်ထိ နှိမ်ချနေဖို့တော့ မလိုပါဘူး။ ငါတို့ရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းက အမြတ်ထွက်နေတုန်းပဲ… အမြတ် သိပ်မများတာလေး တစ်ခုပဲ ရှိတာ။
အကယ်၍ ငါတို့ကသာ မင်းတို့ IBMထက် သာလွန်နေမယ်ဆိုရင် ငါက မင်းဆီကို ကမန်းကတန်း ပြေးလာပြီး မင်းတို့ရဲ့ လုပ်ငန်းကို ဝယ်ဖို့ လာဆွေးနွေးနေပါဦးမလား။
"လု ကျွန်တော်တို့ရဲ့ စုံစမ်းလေ့လာမှုတွေအရ ခင်ဗျားတို့ရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာ လုပ်ငန်းဌာနရဲ့ အမြတ်ငွေကလည်း ကျဆင်းနေသလို ရောင်းအားကလည်း ကျဆင်းနေတာပါပဲ ကျွန်တော်တို့က အတူတူပါပဲ"
အိုဂါ နိုရီအိုသည် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြုံး ပြုံးလိုက်ကာ ငါတို့က စုံစမ်းလေ့လာမှုတွေ မလုပ်ထားဘူးလို့ မထင်လိုက်နဲ့…. ပြောနေလိုက်တာများ မင်းတို့ IBMကပဲ နေမွန်းတည့်ချိန်လို တောက်ပနေတဲ့အတိုင်းပဲ မင်းတို့လည်း အကျဘက်ကို ရောက်နေတာပဲ မဟုတ်ဘူးလား… အစတုန်းကတော့ မင်းတို့က ဒီလုပ်ငန်းလောကရဲ့ ထိပ်သီး သက်ဦးဆံပိုင် အရှင်သခင်ကြီး ဖြစ်ခဲ့ပေမဲ့ အခုကော ဘယ်လိုနေလဲ။
အကယ်၍ အဲဒီတုန်းကသာ မင်းတို့က Microsoft ကို တိုက်ရိုက် ဝယ်ယူပစ်ခဲ့မယ်ဆိုရင် လုပ်ငန်းလောကရဲ့ သက်ဦးဆံပိုင် နေရာက မင်းတို့ဆီမှာ ရှိနေဆဲပဲ ဖြစ်မှာပေါ့… ဒါပေမဲ့ မင်းတို့က အဲဒီလို မလုပ်ခဲ့ဘူးလေ… ပြီးတော့ ဥရောပက အဲဒီ ဆော့ဖ်ဝဲလ် ထိပ်သီးကုမ္ပဏီကြီး ဆိုတာကရော မင်းတို့ IBMကနေ အလုပ်ထွက်သွားတဲ့ ဝန်ထမ်းတွေ တည်ထောင်ခဲ့တာ မဟုတ်ဘူးလား။
အခုဆိုရင် လူတွေအကုန်လုံးက IBMမှာ ဘာတိုးတက်မှုမှ မရှိနိုင်ဘူး။ အလုပ်ထွက်လိုက်မှပဲ အောင်မြင်နိုင်မယ်လို့ ပြောနေကြတာ… မင်းတို့မှာ ဘာများ ဂုဏ်ယူစရာ ရှိနေလို့လဲ အကယ်၍ ငါတို့ Sony သာ ဒီလောက်ကောင်းတဲ့ အခွင့်အရေးတွေ အများကြီးကို လက်လွှတ်ခဲ့ရပြီး ဒီလောက် ထူးချွန်တဲ့ ဝန်ထမ်းတွေ အများကြီးကို ဆုံးရှုံးခဲ့ရမယ်ဆိုရင် ငါတို့ရဲ့ အဆင့်မြင့် စီမံခန့်ခွဲသူတွေက ဟိုးအစောကြီးကတည်းက ဝမ်းဗိုက်ကို ခွဲပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလောက်ပြီ။
"ဒါကိုတော့ ကျွန်တော် မငြင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သက်ဆိုင်ရာ လုပ်ငန်းတွေကို လျှော့ချလိုက်ပြီး အဓိက အားစိုက်ထုတ်မှုကို ဆော့ဖ်ဝဲလ်ဘက်မှာ ထားလိုက်လို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာ နည်းပညာကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နေဆဲပါပဲ" လုက မာနတခွဲသားဖြင့် ပြောလေသည်။
"ဒီကိစ္စကတော့ သေချာပေါက် မဟုတ်နိုင်ဘူး ထင်တယ်။ ခင်ဗျားတို့ရဲ့ နည်းပညာက အကောင်းဆုံး ဖြစ်နေမှတော့ ဘာလို့ ရောင်းအား တိုးတက်မှုက တဖြည်းဖြည်း နှေးကွေးလာပြီး ဈေးကွက် ဝေစုက ဆက်တိုက် ကျဆင်းလာရတာလဲ"
"ကျွန်တော် ပြောပြီးပြီလေ။ ကျွန်တော်တို့ ကိုယ်တိုင်က သက်ဆိုင်ရာ လုပ်ငန်းတွေကို လျှော့ချလိုက်လို့ပါဆို"
အိုဂါ နိုရီအိုသည် လု၏ ကြွားလုံးထုတ်မှုများကို ဖွင့်ချခြင်း မပြုတော့ချေ။ မင်းတို့ ကိုယ်တိုင် သဘောဆန္ဒအလျောက် လျှော့ချလိုက်တာ ဟုတ်လား… မတတ်သာလို့ လျှော့ချလိုက်ရတာ မဟုတ်ဘူးလား… အကယ်၍ အမြတ်အစွန်း ကောင်းနေမယ်ဆိုရင် မင်းတို့က ဘာလို့ လျှော့ချပစ်ရမှာလဲ… မင်းတို့က ဆန်းသစ်တီထွင်တဲ့ နည်းပညာတချို့မှာ ကမ္ဘာ့ရှေ့ဆောင် ဖြစ်နေတာကို အာမခံနိုင်ကောင်း အာမခံနိုင်ပေမဲ့ ကုန်ကျစရိတ် ထိန်းချုပ်မှုနဲ့ ထုတ်ကုန်ရဲ့ အပြင်ပန်း ဒီဇိုင်း စတဲ့ အပိုင်းတွေမှာတော့ တခြား စီးပွားရေးလုပ်ငန်းတွေထက် သိသိသာသာ နောက်ကျကျန်နေခဲ့လို့ မင်းတို့ရဲ့ ထုတ်ကုန်တွေက ဈေးနှုန်းနဲ့ အရည်အသွေး မျှတမှု မရှိတော့ဘဲ အရည်အသွေးကောင်းပေမဲ့ ဈေးကြီးလွန်းလို့ လူကြိုက်နည်းသွားရတာပေါ့။
အကယ်၍ ဒီနှစ်နှစ်အတွင်း ကွန်ပျူတာ ရောင်းအား တစ်ခုလုံးက အတော်လေး မြန်မြန်ဆန်ဆန် တိုးတက်မလာခဲ့ဘူးဆိုရင် မင်းတို့ရဲ့ ရောင်းအားက ကျဆင်းသွားလောက်ပြီ၊ အခုတောင် ဒီမှာ လာပြီး ငါ့ကို လေလုံးလာထွားနေသေးတယ်၊ ငါ့ကိုများ အလွယ်တကူ လှည့်စားလို့ရမယ် ထင်နေလား။
"ကောင်းပါပြီ… ဒီအကြောင်းတွေကို ကျွန်တော်တို့ ဆက်မပြောကြတော့ပါဘူး။ နည်းပညာတော်တော်များများမှာ ခင်ဗျားတို့က ကမ္ဘာ့ထိပ်တန်း ဖြစ်တယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ အခု ကျွန်တော်ကလည်း ခင်ဗျားတို့ရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို ဝယ်ယူချင်တဲ့ ဆန္ဒကို ဖော်ပြခဲ့ပြီးပြီဆိုတော့ ခင်ဗျားအနေနဲ့ IBMကို ကိုယ်စားပြုပြီး ကျွန်တော့်ကို တိကျတဲ့ အဖြေတစ်ခုလောက် ပေးနိုင်မလား" အိုဂါ နိုရီအိုက လေးနက်သော မျက်နှာထားဖြင့် ပြောလေသည်။
"ဒီကိစ္စကို ကျွန်တော် ဒါရိုက်တာအဖွဲ့ဆီကို သတင်းပို့ဖို့ လိုအပ်ပါတယ်။ အခု ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း တော်တော်များများနဲ့ အသီးသီး အဆက်အသွယ် လုပ်နေတာဆိုတော့ နောက်ဆုံးမှာ ကျွန်တော်တို့နဲ့ အသေးစိတ် ဆွေးနွေးဖြစ်မဲ့သူက Sony ကုမ္ပဏီ ဟုတ် မဟုတ် ဆိုတာကိုတော့ ကျွန်တော် ခင်ဗျားကို အာမခံ မပေးနိုင်သေးပါဘူး" လုက သတိထား၍ အဖြေပေးလိုက်သည်။
"ကောင်းပါပြီ ဒါဆိုရင် ခင်ဗျားဆီက သတင်းကောင်းကို ကျွန်တော် မျှော်လင့်နေပါ့မယ်။ ကျွန်တော်တို့ ပေးနိုင်တဲ့ အခြေအနေတွေက ခင်ဗျားတို့ကို သေချာပေါက် ကျေနပ်စေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"
……
"မန်နေဂျာဖုန်း ဒီရက်ပိုင်း အားလား"
"အင်း ဘာကိစ္စ ရှိလို့လဲ" ဖုန်းယွီ၏ စီးပွားရေးလုပ်ငန်းများထဲတွင် ဖုန်းယွီထက် ပို၍ အားနေသူဟူ၍ မရှိပေ။
"အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် နယူးယောက်ကို တစ်ခေါက်လောက် လာပြီး Samsung နဲ့ Sony ရဲ့ အစီအစဉ်တွေကို လာရှုပ်ပေးလို့ ရမလား" လျူချွမ်းကျစ်က မေးမြန်းလိုက်သည်။
ဤကုမ္ပဏီနှစ်ခုကို ပြဿနာ သွားရှာပေးရမည် ဟုတ်လော ဖုန်းယွီက အနှစ်သက်ဆုံးပင် ဖြစ်သည်။
"ပြဿနာ မရှိပါဘူး… မနက်ဖြန်ပဲ ကျွန်တော် လေယာဉ်စီးပြီး လာခဲ့ပါ့မယ်"
……
ဝမ်တုန်းကျွန်းသည် ဘိလိယက်ခုံပေါ်မှ ဘောလုံးတစ်လုံးကို အပေါက်ထဲသို့ ရိုက်သွင်းလိုက်ပြီး တုတ်တံထိပ်ကို ချော့မှုန့် သုတ်နေရင်း မေးလိုက်သည်။ "ဘာကိစ္စတွေ ဒီလောက်တောင် ကောင်းနေလို့ မင်းက ဒီလောက်တောင် ပလီပလာ မျက်နှာနဲ့ ပြုံးနေရတာလဲ"
ဖုန်းယွီမှာ အလွန်တရာ အံ့သြသွားကာ "ဟုတ်လို့လား မင်း အမြင်မှားတာ သေချာပါတယ်။ ငါ့လို ရိုးသားဖြောင့်မတ်တဲ့ လူက အဲဒီလို စကားလုံးမျိုးနဲ့ လုံးဝ မသက်ဆိုင်သင့်ပါဘူး"
"မြန်မြန် ပြောစမ်းပါ။ မင်းက လီနာ ကွယ်ရာမှာ မကောင်းတာ တစ်ခုခု သွားလုပ်နေတာများလား" ဝမ်တုန်းကျွန်းက အနားသို့ တိုးလာကာ သံသယဖြစ်နေသော မျက်နှာထားဖြင့် မေးလေသည်။
"တခြားလူတွေကို မင်းလိုပဲ ညစ်ပတ်နေတယ်လို့ မထင်လိုက်နဲ့။ ဗုဒ္ဓက ဟောထားတယ်လေ. စိတ်ထဲမှာ ဘုရားရှိရင် ဘယ်သူ့ကို ကြည့်ကြည့် ဘုရားပဲ စိတ်ထဲမှာ မာရ်နတ်ရှိရင် ဘယ်သူ့ကို ကြည့်ကြည့် မာရ်နတ်ပဲတဲ့… မင်းက ဒီလို ပြောလာတယ်ဆိုမှတော့ သေချာပေါက် မင်းစိတ်ထဲမှာ မကောင်းတဲ့ အကြံအစည် တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်" ဖုန်းယွီသည် တရားချနေသည့် မျက်နှာထားမျိုး လုပ်ထားလေသည်။
"ငါက မင်းကို အပြောနဲ့တော့ မနိုင်ပါဘူးလေ။ မင်းက အခု နိုင်ငံခြား ထပ်သွားဦးမလို့လား"
"ဟုတ်တယ်လေ အရောင်းအဝယ် ကိစ္စ ဆွေးနွေးဖို့ နယူးယောက်ကို သွားမလို့ တစ်နေ့တစ်နေ့ ဘယ်လောက်တောင် အလုပ်များလိုက်လဲ။ နေ့တိုင်း ဘာအလုပ်မှ မရှိတဲ့ မင်းနဲ့များ တခြားစီပဲ"
ဝမ်တုန်းကျွန်းက ဖုန်းယွီကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ "ငါတို့နှစ်ယောက်မှာ တကယ်တမ်း ဘယ်သူက ပိုပြီး အားနေတာလဲ။ ငါက နေ့တိုင်း အလုပ်သွားပြီး သေသေချာချာ အလုပ်လုပ်နေတာနော်…. မင်းကမှ အလုပ်မဆင်းတာ"
"အေးလေ ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို ဂရုမစိုက်နေပါနဲ့တော့… အခု ငါ့အလှည့် ရောက်ပြီ မဟုတ်လား။ ဖယ်စမ်း ဖယ်စမ်း ငါ တစ်ချက်တည်းနဲ့ မင်းကို ဖြုတ်ပစ်လိုက်မယ်" ဖုန်းယွီက အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
ဘိလိယက် ထိုးနေရင်းနှင့်ပင် ဖုန်းယွီသည် Sony ကို နောက်ဆုံးတွင် မည်သို့ အောင်မြင်သွားစေမည်ကို တွေးတောနေခဲ့သည်။
ဤသို့လုပ်ဆောင်မှသာ Sony ၏ အားစိုက်ထုတ်မှုများ နောက်တစ်ကြိမ် ထပ်မံ ပြန့်ကျဲသွားမည်ဖြစ်ပြီး အခြားသော ထုတ်ကုန်များအပေါ်တွင် ပိုမိုများပြားသော အားစိုက်ထုတ်မှုများ မပြုလုပ်နိုင်တော့ဘဲ နောက်ပိုင်းတွင် Sony ၌ အားသာချက်ရှိသော ထုတ်ကုန်ဟူ၍ မရှိတော့အောင် ဖန်တီးနိုင်မည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်း တစ်ခုအနေဖြင့် နယ်ပယ်ပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားနိုင်ပြီး နယ်ပယ်ဖြတ်ကျော်၍ လုပ်ငန်းများကို လည်ပတ်နိုင်ပေသည် သို့သော် နယ်ပယ်တစ်ခုတွင်မူ သုံးစွဲသူများ နှစ်သက်သဘောကျစေမည့် ကုမ္ပဏီ၏ နာမည်ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်မည့် အဓိက ထုတ်ကုန် တစ်ခုတော့ အနည်းဆုံး ရှိနေရမည် ဖြစ်သည်။
တေးဂီတ ဖွင့်စက် နယ်ပယ်ရှိ Sony ၏ ထုတ်ကုန်များမှာ Aiwa ၏ ဖိနှိပ်ချုပ်ချယ်မှုကို လုံးလုံးလျားလျား ခံလိုက်ရပြီဖြစ်ကာ မိုဘိုင်းဖုန်းဘက်တွင်လည်း Ericsson နှင့် မဖြစ်မနေ ပူးပေါင်းလိုက်ရပြီး Sony Ericsson ဟု ပြောင်းလဲလိုက်ရသည်။ သို့သော် Sony Ericssonသည်လည်း ဖိနှိပ်ချုပ်ချယ် ခံထားရသည် မဟုတ်ပါလော။
၎င်းတို့၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းနှင့် ပတ်သက်၍မူ ဂျပန်နိုင်ငံ တွင်ပင် ထင်ပေါ်ကျော်ကြားမှု မရှိလှပေ။ ဤသည်မှာလည်း အဘယ်ကြောင့် Sony က IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို လိုချင်နေရသနည်း ဟူသော အချက်ပင် ဖြစ်သည် နည်းပညာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ IBM၏ Think အမှတ်တံဆိပ်မှာလည်း အလွန်တရာ အရေးပါနေသောကြောင့် ဖြစ်သည်။
ဤသို့ဆိုလျှင် Sony အနေဖြင့် ရုပ်ရှင် ဒစ်ဂျစ်တယ် ထုတ်ကုန်နှင့် အိမ်သုံး ဂိမ်းစက်ဟူသော အားသာချက်ရှိသည့် လုပ်ငန်းကြီး သုံးခုအပြင် နောက်ထပ် အားသာချက်ရှိသည့် လုပ်ငန်းတစ်ခုကို ထပ်မံ ဖော်ဆောင်နိုင်မည် ဖြစ်သည်။
သေချာပေါက်ပင် ဤသည်မှာ Sony က ရောက်ရှိချင်နေသော ရည်မှန်းချက်သာ ဖြစ်သည် သို့သော် တကယ့် လက်တွေ့ ရလဒ်မှာမူ ဤသည်မှာ မိုဘိုင်းဖုန်း လုပ်ငန်းကဲ့သို့ပင် နောက်ထပ် လုပ်ငန်းတစ်ခုသာ ဖြစ်ကြောင်းကို Sony သတိထားမိသွားစေမည် ဖြစ်သည်။
အကောင်းဆုံး အချိန်တွင် ချဲ့ထွင်လိုက်သည်ဟု ထင်ရသော်လည်း မကြာမီတွင် အခြားသော အမှတ်တံဆိပ်များက ဈေးကွက်ကို ခွဲဝေယူသွားကြမည်ဖြစ်ရာ ၎င်းတို့၏ အမြတ်ငွေများ တဖြည်းဖြည်း လျော့နည်းသွားမည်ဖြစ်ပြီး အရှုံးပေါ်သွားနိုင်သည့် အခြေအနေပင် ရှိနေသေးသည်။
Sony သည် ဖုန်းယွီအပေါ် အငြိုးအတေး အကြီးမားဆုံး ရှိထားရာ အကယ်၍ ဖုန်းယွီကိုယ်တိုင် IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို လာရောက် ဝယ်ယူရန် ဆွေးနွေးနေကြောင်း သိသွားပါက Sony ထောင်ချောက်ထဲသို့ ကျင်းဆင်းသွားနိုင်ချေမှာ အကြီးအကျယ် တိုးမြင့်သွားမည် ဖြစ်သည်။
……
******
အခန်း ၁၄၇၆ ဂုဏ်ယူဝင့်ကြွားနေသော အိုဂါ နိုရီအို
"ဥက္ကဋ္ဌကြီး ဖုန်းယွီ နယူးယောက်ကို ရောက်လာပြီ လျူချွမ်းကျစ်နဲ့ IBMတို့ ဆွေးနွေးမှု အဆင်မပြေဖြစ်လို့ ဖုန်းယွီကိုယ်တိုင် ရောက်လာတာ သေချာတယ်"
အိုဂါ နိုရီအိုသည် မျက်မှောင်ကြုတ်သွားကာ ဖုန်းယွီပင် ရောက်လာခဲ့ပြီဖြစ်ရာ ဤသို့ဆိုလျှင် ဖုန်းယွီက ဤIBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို မရရအောင် ယူမည့်သဘော ရှိနေသည် မဟုတ်ပါလော။
အိုဂါ နိုရီအိုမှာ ဖုန်းယွီနှင့် ပတ်သက်၍ လူအများ၏ သုံးသပ်ချက်များကို အလိုအလျောက် သတိရသွားကာ ဖုန်းယွီသည် အခြားသူများ၏ စီးပွားရေးလုပ်ငန်းများကို ဝယ်ယူတိုင်း ဈေးနှုန်းများ အလွန်မြင့်မားလေ့ရှိပြီး ကြီးစွာသော အရှုံးပေါ်သွားသည်ဟု ထင်ရသည်။
သို့သော် နှစ်အနည်းငယ် ကြာသည်နှင့် ဖုန်းယွီ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆပေါင်းများစွာ၊ ဆယ်ဆမကပင် အမြတ်အစွန်းများ ရရှိသွားသည်ကို အမြဲတမ်း တွေ့မြင်ရလေ့ရှိသည်။ ဖုန်းယွီ၌ သာမန်လူများ မမှီနိုင်သော အမြော်အမြင်နှင့် အသိပညာများ ရှိနေဟန်တူပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် အလွန်တရာ တိကျမှန်ကန်လှပေသည်။
အစောပိုင်းကာလက Aiwa)ကို တွေးကြည့်လိုက်လျှင် Sony က ရောင်းချလိုက်ပြီးနောက် အမြတ်ထွက်သွားသည်ဟုပင် ထင်မှတ်ခဲ့သေးသည်။ ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားနိုင်ခဲ့သည့်အပြင် မဆိုးလှသော ငွေသားတစ်ရပ်ကိုလည်း ရရှိခဲ့သည်။ သို့သော် နောက်ဆုံးတွင်မူ Aiwaက Sony ၏ သယ်ဆောင်ရလွယ်ကူသော တေးဂီတဖွင့်စက်များကို ပြန်လည်ဖိနှိပ်သွားခဲ့ပြီး တစ်ဟုန်ထိုး နာမည်ပြန်လည်ရရှိကာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာခဲ့သည်။
အိုဂါ နိုရီအိုသည် ဤနှစ်များအတွင်း အကယ်၍ Aiwaကိုသာ ထိုအချိန်က ရောင်းမပစ်ခဲ့ဘဲ Sony ၏ လက်ထဲတွင် ရှိနေဆဲဆိုပါက ယခုအချိန်၌ Sony မှာ မည်မျှပင် အင်အားကြီးမားနေမည်နည်း ဟု တစ်ကြိမ်မက တွေးတောခဲ့ဖူးသည်။
ထို့အပြင် တရုတ်ဈေးကွက်တွင် အလားတူ စီးပွားရေးလုပ်ငန်းမျိုး လိုအပ်နေမည်ဖြစ်ရာ ၎င်းတို့ Sony သည်လည်း တရုတ်ဈေးကွက်ထဲမှ နှင်ထုတ်ခံရမည် မဟုတ်ဘဲ Sony အနေဖြင့် ငွေကြေးမည်မျှ ပိုမို ရှာဖွေနိုင်မည်နည်း။
ထိုတစ်ကြိမ်က အမှားအယွင်းကြောင့် အိုဂါ နိုရီအိုမှာ ဥက္ကဋ္ဌ ရာထူးနေရာကိုပင် မရနိုင်တော့မည့် အခြေအနေသို့ ဆိုက်ရောက်လုနီးပါး ဖြစ်ခဲ့ရသည်။ ရာထူးရရှိသွားပြီးနောက်တွင်လည်း အစုရှယ်ယာရှင်များက ဤကိစ္စကို အကြောင်းပြကာ အမြဲတမ်း ပြောဆိုတတ်ကြသည်။
ဖုန်းယွီက Sony ပိုင်ဆိုင်သင့်သော စီးပွားရေးလုပ်ငန်းများကို လုယူနိုင်ခဲ့သည်ဆိုမှတော့ Sony ကရော အဘယ်ကြောင့် ဖုန်းယွီ၏ စီးပွားရေးလုပ်ငန်းများကို မလုယူနိုင်ရမည်နည်း။
သို့သော် ဖုန်းယွီ၏ လက်ထဲမှ စီးပွားရေးလုပ်ငန်းများကို မည်သူကမျှ လုယူနိုင်မည် မဟုတ်ကြောင်းနှင့် ဖုန်းယွီဆိုသည့် လူမှာ မွေးရာပါ အာဏာရှင်ဆန်ပြီး မျက်စိကျထားသော အရာကို မရရအောင် ယူတတ်သည်ဟု ပြောဆိုကြသူများလည်း ရှိပေသည်။
ဤတစ်ကြိမ်တွင်မူ Sony က ဖုန်းယွီကို သင်ခန်းစာ တစ်ခု ပေးရပေတော့မည် မင်း ဖုန်းယွီမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ရင်းနှီးမြှုပ်နှံမှုနတ်ဘုရား ဟူသော ဂုဏ်ပုဒ်များ ရှိနေသော်လည်း ငါတို့ Sony ရဲ့ လက်ထဲမှာတော့ ကျရှုံးရမှာပဲ ဖြစ်သည်။
တစ်ခါတစ်ရံတွင် ငွေကြေးများများ ပေးရုံဖြင့် တစ်ဖက်လူက သေချာပေါက် စိတ်ဝင်စားသွားမည် မဟုတ်ဘဲ အခြားသော တွဲဖက်အခြေအနေများကိုလည်း ကြည့်ရှုရမည်ဖြစ်ကာ တစ်ဖက်လူကို ရေရှည်အကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိမရှိကိုလည်း ကြည့်ရမည် ဖြစ်သည်။
ရှယ်ယာဆိုတာလောက်ကတော့ ငါတို့ Sony ကလည်း ပေးနိုင်တာပါပဲ။
အိုဂါ နိုရီအိုက IBM၏ အမှုဆောင်အရာရှိချုပ်ထံသို့ ကိုယ်တိုင် ဖုန်းဆက်ကာ ၎င်းတို့၏ ကမ်းလှမ်းချက်များကို ထပ်မံမြှင့်တင်ပေးလိုက်သည်။ ငွေသားအမြောက်အမြား ပေးချေမည့်အပြင် တစ်ဖက်လူကို Sony ၏ ရှယ်ယာ အများအပြားကိုလည်း ပေးအပ်နိုင်သေးသည်။
Samsung အီလက်ထရောနစ် ကော်ပိုရေးရှင်းကလည်း အလားတူပင် ကမ်းလှမ်းချက်များကို ပြောင်းလဲခဲ့သော်လည်း ၎င်းတို့က Samsung အုပ်စု၏ ရှယ်ယာများကို မဟုတ်ဘဲ Samsung အီလက်ထရောနစ်၏ ရှယ်ယာများကိုသာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ Sony ကမူ မိခင်ကုမ္ပဏီ၏ ရှယ်ယာများကို ပေးအပ်ခဲ့ခြင်းဖြစ်ရာ ဤသည်မှာ တူညီနိုင်ပါမည်လော။
……
"မစ္စတာရွိုင်း ကျွန်တော်တို့ Sony ရဲ့ အင်အားကိုတော့ သံသယဝင်နေစရာ မလိုပါဘူး။ ပြီးတော့ ကျွန်တော်တို့ Sony ရဲ့ အမြတ်ငွေ ရှာဖွေနိုင်စွမ်းကိုလည်း အားလုံး မြင်တွေ့နေရတာပါပဲ။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ရှယ်ယာတွေက အလျင်အမြန် တိုးတက်နေပြီး နယ်ပယ်ပေါင်းစုံမှာလည်း ကျွန်တော်တို့က ကမ္ဘာ့ထိပ်တန်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆာဗာ နယ်ပယ်မှာလည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လို့ ရပါသေးတယ်"
"မစ္စတာအိုဂါခင်ဗျားရဲ့ စေတနာကိုတော့ ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ပေးတဲ့ ငွေသားက နည်းလွန်းနေတယ်။ Lenovoအုပ်စု ပေးတဲ့ ငွေသားက ခင်ဗျားတို့ထက် ပိုများပြီး ရှယ်ယာတန်ဖိုးကလည်း သိပ်ပြီးမကွာပါဘူး။ ပြီးတော့ Lenovoအုပ်စု ရှယ်ယာတွေရဲ့ တန်ဖိုးတက်လာနိုင်တဲ့ အလားအလာက ခင်ဗျားတို့ Sony ထက် ပိုများမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်"
"ဒါ့အပြင် Lenovoနဲ့ ကျွန်တော်တို့ IBMရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို ပေါင်းစည်းလိုက်ပြီးရင် သူတို့ရဲ့ အရွယ်အစားက ကမ္ဘာ့နံပါတ်တစ် နေရာအထိ တက်လှမ်းသွားမှာဖြစ်ပြီး အနာဂတ်ရဲ့ လုပ်ငန်းလောက စံနှုန်းတွေကို သူတို့က သတ်မှတ်ပြဋ္ဌာန်းသွားမှာပါ။ ကျွန်တော်တို့က ဒီLenovoအုပ်စုရဲ့ ရှယ်ယာတွေကို သိမ်းဆည်းထားခြင်းအားဖြင့် ဒီဈေးကွက်ကနေ လုံးဝ ထွက်ခွာသွားတာ မဟုတ်သေးပါဘူး" ရွိုင်းက ရှင်းပြလေသည်။
"မဟုတ်ပါဘူး မစ္စတာရွိုင်းရယ်။ Lenovoအုပ်စုက ကျွန်တော်တို့ထက် ပိုပြီး အလားအလာ ရှိနိုင်မှာ တကယ်ရော ဟုတ်ရဲ့လား။ အကယ်၍ သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ Lenovo-Kingsoft မှာ ပြဿနာ ပေါ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ မမေ့ပါနဲ့ Lenovo-Kingsoft က အခုအချိန်မှာ Microsoft နဲ့ ဈေးကွက် လုနေတာပါ Microsoft ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို အားလုံး အသိပါပဲ။ အနာဂတ်မှာ အနိုင်ရမဲ့သူက သေချာပေါက် Microsoft ပဲ ဖြစ်မှာပါ"
"အဲဒီအချိန်ရောက်ရင် Lenovo-Kingsoft ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီစီးပွားရေးလုပ်ငန်းရဲ့ အကြွေးတင်နှုန်းက ပိုပိုပြီး မြင့်မားလာမှာဖြစ်ကာ အဲဒီကနေတစ်ဆင့် အရှုံးပေါ်နေတဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားပြီး အုပ်စုတစ်ခုလုံးရဲ့ ဝင်ငွေကို နှောင့်နှေးစေပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့က အမြတ်ဝေစု မရနိုင်တော့တဲ့အပြင် ရှယ်ယာဈေးတွေပါ ထိုးကျသွားမှာမို့ ဒါက သေချာပေါက် အရှုံးပေါ်မဲ့ အရောင်းအဝယ်ပါပဲ" အိုဂါ နိုရီအိုက ယုံကြည်မှု အပြည့်ရှိသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
ယှဉ်ပြိုင်ဘက်ကို နှိမ်ချခြင်း မိမိကိုယ်ကို မြှင့်တင်ခြင်းနှင့် ရလဒ်များကို ချဲ့ကားပြောဆိုခြင်းတို့မှာ စီးပွားရေး စေ့စပ်ညှိနှိုင်းမှုများတွင် အသုံးပြုလေ့ရှိသော နည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်သည်။
"Lenovoအုပ်စုနဲ့ Lenovo-Kingsoft ကြားမှာ သီးသန့်ဖြစ်တဲ့ လက်အောက်ခံ ဆက်ဆံရေးမျိုး မရှိပါဘူး။ Lenovo-Kingsoft ကလည်း မကြာခင် သီးခြား ရှယ်ယာဈေးကွက်ဝင်တော့မှာဆိုတော့ Lenovo-Kingsoft ရဲ့ ရှယ်ယာဈေးနှုန်းတွေက ဆက်တိုက် တက်လာလိမ့်မယ်လို့ ခင်ဗျား မထင်ဘူးလား"
"တစ်ဖက်လူက ငွေသားပဲဖြစ်ဖြစ် ရှယ်ယာ အလားအလာမှာပဲဖြစ်ဖြစ် ခင်ဗျားတို့ထက် ပိုပြီး သာလွန်နေတာမို့ ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ ကျွန်တော် တကယ်ပဲ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးနေဖို့ မလိုအပ်တော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော်က Lenovoအုပ်စုနဲ့ အသေးစိတ် ဆွေးနွေးမှုတွေကိုပဲ အာရုံစိုက်သင့်နေပါပြီ" ရွိုင်းသည် မတ်တပ်ရပ်လိုက်ကာ ထွက်သွားမည့်ဟန် ပြင်လိုက်သည်။
"ခဏလေး မစ္စတာရွိုင်း Lenovoအုပ်စုက ခင်ဗျားတို့ကို ဒါရိုက်တာ နေရာတစ်ခု ပေးနိုင်ပါ့မလား" အိုဂါ နိုရီအိုက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
ရွိုင်း မျက်လုံးပြူးသွားကာ "ခင်ဗျား ဘာပြောလိုက်တာလဲ Sony က ကျွန်တော်တို့ကို ဒါရိုက်တာ နေရာတစ်ခု ပေးမယ်လို့ ပြောတာလား"
ဒါရိုက်တာဆိုသည်မှာ ကုမ္ပဏီ၏ အဓိက စီမံခန့်ခွဲမှု အလွှာထဲသို့ အမှန်တကယ် ဝင်ရောက်ခွင့် ရရှိသွားခြင်းပင် ဖြစ်သည်။ Sony ဘက်မှ ဤသို့သော အခြေအနေမျိုး ကမ်းလှမ်းလာလိမ့်မည်ဟု ၎င်းတို့ မျှော်လင့်မထားခဲ့ကြပေ။ ဤစေတနာကတော့ အလွန်တရာ ပြည့်ဝလွန်းလှပေသည်။
"ကျွန်တော်တို့ ပေးနိုင်ပါတယ်။ ကျွန်တော်က ကျွန်တော်တို့ ဥက္ကဋ္ဌကို နားချပြီးသွားပါပြီ။ သူက အစုရှယ်ယာရှင်တွေရဲ့ အစည်းအဝေးကို ခေါ်ယူပြီး ဒါရိုက်တာ တစ်နေရာ ထပ်တိုးပေးပါလိမ့်မယ်။ ခင်ဗျားတို့ IBMအတွက် သီးသန့် တိုးပေးထားတာပါ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို စီမံခန့်ခွဲတဲ့နေရာမှာ ကူညီပေးဖို့အတွက်ပါ"
ဤသည်မှာ IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းမှာ လက်ထဲတွင် ရှိနေသေးသည်နှင့် ညီမျှနေပြီး ကူညီစီမံခန့်ခွဲရုံသာ ဖြစ်သည်ဆိုစေကာမူ ဒါရိုက်တာ တစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်အာဏာမှာ သေချာပေါက် ကြီးမားနေမည် ဖြစ်သည်။
အိုဂါ နိုရီအို စဉ်းစားထားသည်မှာလည်း အလွန်ကောင်းမွန်လှပေသည်။ တစ်ကိုယ်ရည်သုံးကွန်ပျူတာပိုင်းတွင် ၎င်းတို့က IBMကို မမီသည်မှာ အမှန်ပင်ဖြစ်ရာ စီမံခန့်ခွဲရေးအပိုင်းကို IBMထံ လွှဲအပ်ထားလိုက်ခြင်းကလည်း အတော်လေး ကောင်းမွန်လှပြီး တစ်ဖက်လူ၏ အတွေ့အကြုံများက ၎င်းတို့ထက် ပိုမို ပြည့်ဝနေသည် မဟုတ်ပါလော။
ထို့အပြင် ကူညီစီမံခန့်ခွဲရုံသာ ဖြစ်သောကြောင့် ဤဒါရိုက်တာကို ၎င်းတို့အနေဖြင့် အချိန်မရွေး ဖယ်ရှားပစ်နိုင်စွမ်းရှိပြီး လစာတစ်စာ ပိုပေးရရုံသာဖြစ်ရာ ဤမျှလောက် ကုန်ကျစရိတ်မှာ ဘာမှမဟုတ်ပေ။
"ဥက္ကဋ္ဌအိုဂါ ခင်ဗျားရဲ့ စေတနာကို ကျွန်တော် နားလည်ပါပြီ။ ကျွန်တော့်ကို တစ်ရက်လောက် အချိန်ပေးပါ ကျွန်တော် အဖြေပြန်ပေးပါ့မယ်"
အိုဂါ နိုရီအိုသည် ရယ်မောကာ ထွက်ခွာသွားပြီး တံခါးအပြင်သို့ ရောက်ချိန်၌ ဖုန်းယွီနှင့် လျူချွမ်းကျစ်တို့ ရောက်လာသည်ကို အတော်ပင် မြင်တွေ့လိုက်ရသည်။
"ဒါ မန်နေဂျာဖုန်းနဲ့ ဥက္ကဋ္ဌလျူတို့ မဟုတ်လား။ ဘာလဲ ခင်ဗျားတို့ကလည်း IBMနဲ့ အရောင်းအဝယ် လာဆွေးနွေးကြတာလား။ ထားလိုက်ပါတော့ ခင်ဗျားတို့ကို အချိန်မဖြုန်းကြဖို့ ကျွန်တော် အကြံပေးပါရစေ။ ကျွန်တော် ပေးတဲ့ အခြေအနေမျိုးကို ခင်ဗျားတို့ ပေးနိုင်မှာ မဟုတ်ပါဘူး" အိုဂါ နိုရီအို၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ အပြည့်ရှိနေသည်။
ဖုန်းယွီက အိုဂါ နိုရီအိုကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ကာ "ခင်ဗျား ပေးတဲ့ အခြေအနေကို ကျွန်တော်က မပေးနိုင်ဘူး ဟုတ်လား။ တကယ့်ဟာသပဲ။ ခင်ဗျားတို့ Sony က အရမ်း ပိုက်ဆံချမ်းသာနေလို့လား။ ရုပ်ရှင်ကုမ္ပဏီလေး တစ်ခုတောင် မဝယ်နိုင်ဘဲနဲ့ ဒီတစ်ခေါက်လည်း အကြွေးယူပြီး ဝယ်မဲ့ အစီအစဉ်မျိုး ထပ်သုံးဖို့များ စဉ်းစားနေတာလား။ စကားစပ်လို့ ပြောရဦးမယ် ခင်ဗျားရဲ့ အင်္ဂလိပ်စကားက တကယ်ကို ညံ့ဖျင်းလွန်းတယ် နောက်တစ်ခါကျရင် ဘာသာပြန်ကို ခေါ်လာခဲ့ပါ"
အိုဂါ နိုရီအို၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ကာ အင်္ဂလိပ်စကားက ငါ့ရဲ့ မိခင်ဘာသာစကားမှ မဟုတ်တာ… အချင်းချင်း ဆက်သွယ်ပြောဆိုလို့ ရရင် လုံလောက်ပြီပေါ့.. ဒါက စာချုပ်လာချုပ်တာမှ မဟုတ်ဘဲ အဲဒီလောက်ကြီး စံချိန်မီနေဖို့ လိုလို့လား။
ပြီးတော့ ဘယ်သူက ပြောလဲ… ငါတို့ Sony က အကြွေးယူပြီး ဝယ်ယူတဲ့ နည်းလမ်းကို မဖြစ်မနေ သုံးရမယ်လို့။ ငါတို့ဆီမှာ ရန်ပုံငွေတွေ အခု အရမ်းကို လုံလောက်နေပါတယ်။ ပြီးတော့ ငါတို့က ရှယ်ယာတွေကိုပါ အသုံးပြုပြီး တစ်စိတ်တစ်ပိုင်း ပေးချေမှာ ဆိုတော့ ဘာလို့များ မဝယ်နိုင်ရမှာလဲ။
IBMရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းက အမေရိကန်ဒေါ်လာ ဘီလီယံ တစ်ဆယ်ကျော်ကျော်လောက်ပဲ တန်တာပါ။ ငါတို့က ချေးငွေတောင် ယူစရာမလိုဘဲ ရှင်းပစ်လို့ ရတယ်။ မင်းကတော့ စပျစ်သီး မစားရလို့ ချဉ်တယ်လို့ ပြောနေတဲ့ စိတ်ဓာတ်မျိုး အတိအကျပါပဲ။
မင်းကို အရင်ဆုံး မောက်မာခွင့် ပေးထားလိုက်ဦးမယ်…. IBMက ငါတို့ရဲ့ အခြေအနေကို လက်ခံလိုက်ပြီဆိုတာကို မင်း သိသွားတဲ့အချိန်ကျရင် မင်းရဲ့ မျက်နှာအမူအရာက သေချာပေါက် အရမ်းကို ကြည့်ကောင်းနေမှာပဲ။
ထင်မထားဘူး မဟုတ်လား… မင်း ဖုန်းယွီမှာလည်း တခြားလူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို အလုခံရတဲ့ နေ့တစ်နေ့ ရှိလာမယ်ဆိုတာကို။
ဤသို့ တွေးမိလိုက်သည်နှင့် အိုဂါ နိုရီအိုသည် ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာထားဖြင့် ခေါင်းမော့ကာ ထွက်ခွာသွားလေတော့သည်။
……
******
အခန်း ၁၄၇၇ ကျွမ်းကျင်မှုမရှိသော သတင်းထောက်
ဖုန်းယွီနှင့် အခြားသူများ၏စိတ်ထဲတွင် တစ်ချိန်တည်းမှာပင် စကားလုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ အရူး…
ဂုဏ်ယူဝင့်ကြွားနေသေးသည် ထောင်ချောက်ထဲသို့ ကျင်းဆင်းသွားပြီဖြစ်ကြောင်းကို လုံးဝ သိမနေပေ။ IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာ ဌာနသည်ပင်လျှင် အကြွေး အမေရိကန်ဒေါ်လာ သန်းငါးရာကျော် ရှိနေပြီး ဤတစ်ကြိမ် Lenovoအုပ်စုကို မူပိုင်ခွင့်အချို့ လုပ်ပိုင်ခွင့်ပေးလိုက်သော်လည်း ငွေကြေးများက IBMကုမ္ပဏီ၏ အကောင့်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားမည်ဖြစ်ကာ IBMက သက်ဆိုင်ရာ အကြွေးအချို့ကိုပါ ထပ်မံ ထည့်သွင်း၍ Sony ထံသို့ တစ်ပါတည်း လွှဲပြောင်းပေးရန် အကြံအစည် ရှိနေသေးသည်။
Sony အနေဖြင့် IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို လက်အောက်ခံအဖြစ် အမှန်တကယ် သိမ်းသွင်းပြီးသွားသည့် အခါမှသာ မျှော်လင့်ချက်များက လှပလွန်းနေပြီး လက်တွေ့ဘဝက အလွန်တရာ ခါးသီးလွန်းလှကြောင်းကို တွေ့ရှိသွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်သောအခါ Think ၏ ထုတ်ကုန်များ မြောက်အမေရိကတွင် ရောင်းအား ထပ်မံ ကျဆင်းသွားမည်ဖြစ်ပြီး အခြားသော ဈေးကွက်များတွင်လည်း Sony အနေဖြင့် များစွာ အမြတ်ထွက်နိုင်လိမ့်မည်ဟု မမျှော်လင့်သင့်ပေ။ Lenovoက ၎င်းတို့ကို သေချာပေါက် တိုက်ခိုက်မည်ကို မဆိုထားနှင့် Dell နှင့် HP တို့ကကော Sony ကြီးထွားလာမည်ကို လက်ပိုက်ကြည့်နေပါမည်လော။
IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို ဝယ်ယူပြီးနောက် Sony သည် အပေါ်ယံအားဖြင့် တိုးတက်မှုအရှိန်အဟုန် အပြင်းထန်ဆုံး တစ်ကိုယ်ရည်သုံးကွန်ပျူတာ ထုတ်လုပ်သူ ဖြစ်လာမည်ဖြစ်ရာ ထိုအချိန်တွင် လုပ်ငန်းလောက၏ ဘုံရန်သူမှာ Lenovoအုပ်စု မဟုတ်တော့ဘဲ Sony ဖြစ်လာပေလိမ့်မည်။
Think အမှတ်တံဆိပ်ကို ဂျပန်နိုင်ငံနှင့် အရှေ့တောင်အာရှ စသည့်ဒေသများသို့ ရောင်းချနိုင်သည် ဆိုစေကာမူ ဤဘက်ရှိ ဈေးကွက်က မည်မျှ ကြီးမားနေပါသနည်း။ အခြားသော ထုတ်လုပ်သူများ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုအောက်တွင် ရောင်းအား မည်မျှများများ ရနိုင်ပါမည်နည်း။
ထိုအချိန်ရောက်မှ Sony က တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို စွန့်လွှတ်လိုပါက အမြီးကြီးလွန်းသဖြင့် လှည့်မရဖြစ်နေသည်ကို တွေ့ရှိသွားပေလိမ့်မည်။ ကိုယ်တိုင် ဆက်လက် လုပ်ကိုင်မည် ဆိုလျှင်လည်း ကောင်းမွန်သော စွမ်းဆောင်ရည်မျိုး ရှိလာမည် မဟုတ်ပေ။ သေချာပေါက် အရှုံးပေါ်မည်ဟု မဆိုနိုင်သော်လည်း ဤငွေများကို ငါးနှစ်အတွင်း ပြန်လည်ရှာဖွေနိုင်မည်ဟုကား မမျှော်လင့်သင့်ချေ။
ငါးနှစ်ကြာပြီးနောက် တစ်ကိုယ်ရည်သုံးကွန်ပျူတာ ဈေးကွက်သည် လက်တော့ပ်နှင့် တက်ဘလက်များ၏ ကမ္ဘာကြီး ဖြစ်နေမည်ဖြစ်ရာ ထိုအချိန်တွင် ဖုန်းယွီက Lenovoအုပ်စုသည် သေချာပေါက် ကမ္ဘာ့နံပါတ်တစ် ဖြစ်လာမည်ဖြစ်ပြီး အခြားသော ထုတ်လုပ်သူများ ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ထားမည်ဖြစ်ကာ အထူးသဖြင့် ဤSony ပင် ဖြစ်ကြောင်း ရဲဝံ့စွာ အာမခံရဲသည်။
သုံးရက်ကြာပြီးနောက် IBMနှင့် Sonyတို့က ပူးတွဲ၍ IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်း တစ်ခုလုံးကို Sonyထံ ရောင်းချလိုက်ပြီး ငွေသား တစ်စိတ်တစ်ပိုင်း Sony၏ ရှယ်ယာ တစ်စိတ်တစ်ပိုင်းနှင့် Sony ၏ ဒါရိုက်တာအဖွဲ့ဝင် နေရာတစ်နေရာကို ရယူလိုက်ကြောင်း ကြေညာလိုက်သည်။
တိကျသော အသေးစိတ် အချက်အလက်များကိုမူ ဆွေးနွေးရဦးမည် ဖြစ်သည်။
အိုဂါ နိုရီအိုသည် မီဒီယာများရှေ့တွင် အလွန်တရာ အောင်မြင်ပျော်ရွှင်နေသော ဟန်ပန်ကို ဖမ်းထားလေသည်။
"ဥက္ကဋ္ဌအိုဂါ Lenovoအုပ်စုနဲ့ Samsung အီလက်ထရောနစ်တို့ကလည်း IBMနဲ့ သွားရောက်ဆွေးနွေးခဲ့ကြတယ်လို့ ကျွန်တော် ကြားရပါတယ်။ နောက်ဆုံးမှာ ဘာဖြစ်လို့ Sonyက အနိုင်ရသွားတာလဲ" ဂျပန်နိုင်ငံမှ သတင်းထောက်တစ်ဦးက မေးမြန်းလိုက်သည်။
အခြားသော သတင်းထောက်များက သူ့ကို အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြကာ ဒါကိုတောင် မေးနေစရာ လိုသေးလို့လား။ Sony ရဲ့ အခြေအနေက ပိုကောင်းနေလို့ဆိုတာ သေချာနေတာပဲလေ… မင်းက ဂျပန်နိုင်ငံ ကမှန်း သိပေမဲ့ ဒီလောက်အထိ အရှက်မရှိ မြှောက်ပင့်ပေးနေဖို့ မလိုပါဘူး။
အိုဂါ နိုရီအိုက တကယ်ပင် ဖြေကြားလိုက်သည်။ "ကျွန်တော်တို့ရဲ့ အခြေအနေက ပိုကောင်းနေတာမို့ ကျွန်တော်တို့ကို ရောင်းချတာ သဘာဝပါပဲ။ Sonyက IBMရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို ဝယ်ယူပေါင်းစည်းပြီးသွားရင် တစ်ကိုယ်ရည်သုံးကွန်ပျူတာ လုပ်ငန်းဘက်မှာ စွမ်းဆောင်ရည် အများကြီး တိုးတက်လာမှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က နှစ်နှစ်အတွင်းမှာ တစ်ကိုယ်ရည်သုံးကွန်ပျူတာ ထုတ်လုပ်ရောင်းချမှု ကမ္ဘာ့ထိပ်တန်း သုံးခုစာရင်းဝင် ထုတ်လုပ်သူ ဖြစ်လာဖို့ပါပဲ"
ချက်ချင်းဆိုသလိုပင် နောက်ထပ် အမေရိကမှ သတင်းထောက်တစ်ဦးက မေးမြန်းလိုက်သည်။ "ဒီတစ်ခေါက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖုန်းယွီကိုယ်တိုင် လာခဲ့တယ်လို့ ကျွန်တော် ကြားရပါတယ်။ သူက စီးပွားရေးလုပ်ငန်းတွေကို ဝယ်ယူတဲ့နေရာမှာ တစ်ခါမှ မကျရှုံးဖူးဘူးလို့ ထင်ပါတယ်။ ဒါက ပထမဆုံးအကြိမ်ပဲ မဟုတ်လား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာအိုဂါအနေနဲ့ စကားနည်းနည်းလောက် ပြောပေးနိုင်မလား"
အိုဂါ နိုရီအိုသည် မောက်မာသော မျက်နှာထားဖြင့် "ဖုန်းယွီက စီးပွားရေးလုပ်ငန်းတွေကို ဝယ်ယူတဲ့နေရာမှာ တစ်ခါမှ မကျရှုံးဖူးဘူး ဟုတ်လား အဲဒါက ကျွန်တော်တို့ ကြီးမြတ်တဲ့ Sonyက ဝင်မပါခဲ့လို့ပါပဲ။ ဒီတစ်ခေါက် ကျွန်တော်တို့ ဝင်ပါလိုက်တော့ ဖုန်းယွီလက်ချည်းသက်သက် ပြန်သွားရပြီ မဟုတ်လား။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတာကလည်း သိပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပုဒ်မျိုး မဟုတ်ပါဘူး အဲဒီလောက်ကြီး တောက်ပတဲ့ အရှိန်အဝါတွေ မရှိပါဘူး"
"ဖုန်းယွီက ခင်ဗျားတို့ Sony ကို မယှဉ်နိုင်ဘူးလို့ ခင်ဗျား ပြောလိုက်တာလို့ ကျွန်တော် နားလည်လိုက်လို့ ရမလား" သတင်းထောက်က ထပ်မံ မေးမြန်းလိုက်သည်။
"အမှန်တရားက မျက်စိရှေ့မှာ ရောက်နေပြီပဲလေ။ ထပ်ပြောနေဖို့ လိုသေးလို့လား" အိုဂါ နိုရီအို၏ စိတ်ထဲတွင် အလွန်တရာ ကျေနပ်နေခဲ့ကာ သတင်းထောက်များစွာ၏ ဝိုင်းဝန်း အင်တာဗျူးခြင်းကို ခံရသည်ဖြစ်ရာ နောက်ပိုင်း ထွက်ပေါ်လာမည့် သတင်းများမှာ သေချာပေါက် ၎င်းတို့ Sony ကို သတင်းဖြန့်ပေးရာ ရောက်မည့်အပြင် ဖုန်းယွီကိုပါ တစ်ချက် နင်းလိုက်နိုင်မည် ဖြစ်သည်။
သူသည် ဖုန်းယွီကို အစောကြီးကတည်းက ကြည့်မရဖြစ်နေခဲ့ပြီး ဖုန်းယွီကို သင်ခန်းစာပေးရန် အခွင့်အရေး မရခဲ့ရာ ယခုတစ်ကြိမ်တွင်မူ နောက်ဆုံး၌ အောင်မြင်သွားခဲ့လေပြီ။
"ဒါဆိုရင် မစ္စတာအိုဂါအနေနဲ့ Sony ရဲ့ အမြင် ဒါမှမဟုတ် ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှု အမြင်က ဖုန်းယွီထက် ပိုကောင်းတယ်လို့ ထင်တယ်ပေါ့ ဟုတ်လား" ဥရောပမှ သတင်းထောက်တစ်ဦးက မိုက်ခရိုဖုန်းကို မြှောက်ကိုင်ကာ မေးမြန်းလိုက်သည်။
"ရင်းနှီးမြှုပ်နှံမှုတိုင်းက သေသေချာချာ စဉ်းစားတွေးတောရတာပါ။ လူတစ်ယောက်ယောက်က စိတ်လိုက်မာန်ပါနဲ့ ဆုံးဖြတ်လိုက်လို့ ရတာမျိုး မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့ Sony က အခုတစ်ခေါက် IBMရဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို ဝယ်ယူခဲ့တာဟာ ဒါရိုက်တာအဖွဲ့ရဲ့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးမှ ချမှတ်ခဲ့တဲ့ ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်"
အိုဂါ နိုရီအိုက တိုက်ရိုက် မဖြေကြားခဲ့သော်လည်း သူ၏မျက်လုံးများက သူ့ကို သစ္စာဖောက်နေခဲ့လေပြီ။ သူ၏ အဓိပ္ပာယ်မှာ အလွန်တရာ ထင်ရှားလှပေသည်။ ဖုန်းယွီ၏ အမြင်ကလည်း ဘာမှမဟုတ်ပေ။ Lenovoအုပ်စုသာ IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို ဝယ်ယူပေါင်းစည်းလိုက်မည်ဆိုပါက ကမ္ဘာ့နံပါတ်တစ် နေရာသို့ တစ်ဟုန်ထိုး ရောက်ရှိသွားမည် ဖြစ်သည်။ ဤမျှ ကောင်းမွန်သော အခွင့်အရေးကို အမေရိကန်ဒေါ်လာ သန်းတစ်ရာလောက် ပိုပေးရလျှင်ပင် လုပ်သင့်သော်လည်း ဖုန်းယွီက စွန့်လွှတ်လိုက်လေသည်။
ဤသို့သော ရွေးချယ်မှုမျိုးကို ဘယ်လို အမြင်မျိုးလို့ ခေါ်ရမည်နည်း။ သူ့အမြင်တွင်မူ ဖုန်းယွီသည် လေကြီးလေကျယ် ပြောဆိုတတ်သူသာဖြစ်ပြီး ကံကောင်းရုံသက်သက်သာ ဖြစ်သည်။ ဖုန်းယွီကဲ့သို့ ငယ်ရွယ်သူတစ်ယောက်၌ မည်သည့်နေရာမှ ထိုသို့သော အမြင်မျိုး ရှိလာနိုင်မည်နည်း။
ရင်းနှီးမြှုပ်နှံမှု အများအပြားကို ကမ္ဘာပေါ်ရှိ ကျွမ်းကျင် ရင်းနှီးမြှုပ်နှံသူ အားလုံးကပင် မမြင်နိုင်ကြဘဲ ဖုန်းယွီက မည်သို့မည်ပုံ သိမြင်နိုင်ပါမည်နည်း။ ဤသတင်းထောက်များက ဖုန်းယွီကို ကူညီ၍ လေလုံးထွားပေးနေကြခြင်းမှာ သေချာပေါက် ဖုန်းယွီညွှန်ကြားထားခြင်းဖြစ်ပြီး သူ့ကိုယ်သူ ရင်းနှီးမြှုပ်နှံမှု နတ်ဘုရားဟူသော ပုံရိပ်တုတစ်ခုကို တည်ဆောက်ကာ ဖုန်းယွီ၏ အဲဒီ Taihua အကြံပေးဆိုသော ကုမ္ပဏီ၌ များပြားလှသော ဖောက်သည်များ ရရှိစေရန်နှင့် ရန်ပုံငွေ ပမာဏကိုလည်း သူတစ်ပါး မနာလိုလောက်အောင် ကြီးမားလာစေရန် ဖန်တီးထားခြင်းသာ ဖြစ်သည်။
"မစ္စတာအိုဂါ ဒါဆိုရင် Taihua Holding အုပ်စု လက်အောက်က Aiwaကုမ္ပဏီက တစ်ချိန်တုန်းက ခင်ဗျားတို့ Sony ရဲ့ လက်အောက်မှာ ရှိခဲ့တာပါ မေးပါရစေ။ နောက်တော့ ဖုန်းယွီရင်းနှီးမြှုပ်နှံပြီးတဲ့နောက် သုံးနှစ်တောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ Sony နဲ့ တန်းတူ ဖြစ်လာခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ တေးဂီတ ဖွင့်စက်တွေမှာ Sony ကို ဖိနှိပ်သွားခဲ့ပြီး အခုအချိန်အထိ ဈေးကွက်ဝေစု နံပါတ်တစ် သုံးစွဲသူ အနှစ်သက်ဆုံး အမှတ်တံဆိပ် စစ်တမ်းမှာ နံပါတ်တစ် ဆန်းသစ်တီထွင်မှု စိတ်ဓာတ်မှာ နံပါတ်တစ် နေရာတွေကို ရယူထားပါတယ်"
"ဒါဆိုရင် အဲဒီတုန်းက Aiwaကို ရောင်းပစ်ခဲ့တာကလည်း ခင်ဗျားတို့ ဒါရိုက်တာအဖွဲ့ရဲ့ သေသေချာချာ စဉ်းစားတွေးတောပြီး ချမှတ်ခဲ့တဲ့ ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်ပဲလား။ ဒီအချက်က ဖုန်းယွီရဲ့ ရင်းနှီးမြှုပ်နှံမှု အမြင်က ခင်ဗျားတို့ Sony ထက် ပိုကောင်းတယ် ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား" တရုတ်နွယ်ဖွား အမျိုးသမီး သတင်းထောက်တစ်ဦးက မိုက်ခရိုဖုန်းကို အမြင့်သို့ မြှောက်ကာ မေးမြန်းလိုက်သည်။
အိုဂါ နိုရီအို၏ မျက်နှာမှာ ချက်ချင်းဆိုသလို မီးသွေးခဲကဲ့သို့ မည်းနက်သွားခဲ့သည်။ ဤသတင်းထောက်က ဘယ်ကနေ ထွက်လာသနည်း။ ဤသည်က ဘာအဓိပ္ပာယ်မရှိသည့် မေးခွန်းနည်း။
ယနေ့သည် ၎င်းတို့ Sony က IBM၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာလုပ်ငန်းကို ဝယ်ယူကြောင်း ကြေညာသည့်နေ့ဖြစ်ရာ အဘယ်ကြောင့် ရုတ်တရက် ဤကိစ္စကို ရောက်သွားရသနည်း။ ဤကိစ္စသည် အိုဂါ နိုရီအို၏ ထာဝရ နာကျင်မှုဖြစ်သလို Sony ၏ ထာဝရ နာကျင်မှုလည်း ဖြစ်ပေသည်။
အမြတ်အစွန်းများစွာ ဆုံးရှုံးခဲ့ရသည့်အပြင် မိမိကိုယ်တိုင်အတွက် အင်အားကြီးမားသော ရန်သူတစ်ဦးကိုလည်း မွေးမြူပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သူ့စိတ်ထဲတွင် ထိုအချိန်က Aiwaကို ရောင်းချပစ်ခဲ့ခြင်းမှာ အမှားတစ်ခုဖြစ်ကြောင်း အစောကြီးကတည်းက ဝန်ခံထားပြီး ဖြစ်သော်လည်း နှုတ်မှမူ လုံးဝ ဝန်ခံမည် မဟုတ်သလို ဝန်ခံ၍လည်း မရပေ။ သို့မဟုတ်ပါက သူ၏ ဤSony ဥက္ကဋ္ဌ ရာထူးနေရာမှာ ပိုင်ရှင်ပြောင်းသွားနိုင်ပေသည်။
"ဒီကိစ္စက ဒီနေ့ အင်တာဗျူးနဲ့ မသက်ဆိုင်ပါဘူး။ နောက်ထပ် ဘယ်သူများ မေးစရာ ရှိသေးလဲ" အိုဂါ နိုရီအိုက မျက်ရိပ်တစ်ချက် ပြလိုက်သည်နှင့် သူ၏ ဘေးနားရှိ လက်ထောက်မှာ အမြန်အဆန်ပင် ရှေ့သို့ထွက်၍ ကူညီပေးလေသည်။
"ဥက္ကဋ္ဌအိုဂါ ခင်ဗျားက ဒီမေးခွန်းကို မဖြေရဲတာလား။ ဒါမှမဟုတ် Sony ရဲ့ ရင်းနှီးမြှုပ်နှံမှု ရွေးချယ်ချက်တွေက ဖုန်းယွီကို မမီဘူး ဆိုတာကို ခင်ဗျားက တိတ်တဆိတ် ဝန်ခံလိုက်ပြီလား" အမျိုးသမီး သတင်းထောက်က ဆက်လက် မေးမြန်းလိုက်သည်။
အိုဂါ နိုရီအိုသည် အပြုံးတစ်ခုကို အတင်း ညှစ်ထုတ်လိုက်ကာ သတင်းထောက်များအားလုံးကို မျက်နှာမူ၍ ပြောလိုက်သည်။ "ကျွန်တော့် ကုမ္ပဏီမှာ အလုပ်ရှိသေးလို့ ဒီနေ့ အင်တာဗျူးကို ဒီမှာပဲ ရပ်လိုက်ကြရအောင်"
ပြောပြီးသည်နှင့် အိုဂါ နိုရီအိုမှာ လှည့်ထွက်သွားသော်လည်း လုံးဝ သွား၍မရဖြစ်နေသည် သတင်းထောက်များ အလွန်များပြားလွန်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဗီဒီယိုကင်မရာများ ထမ်းထားသော လူများ အပြည့်ဖြစ်နေကာ လက်ထဲတွင် သေးငယ်သော ဗီဒီယိုကင်မရာတစ်လုံးကို ကိုင်ထားသူများလည်း ရှိနေရာ ဤမျှ ကျွမ်းကျင်မှုမရှိသော သတင်းထောက်များက မည်သည့်နေရာမှ ရောက်လာကြသည်ကိုပင် မသိရပေ။
ချလပ် ဟူသောအသံနှင့်အတူ ကင်မရာမီးရောင် တစ်ချက် လက်သွားကာ အိုဂါ နိုရီအိုသည် ထိုဒစ်ဂျစ်တယ် ကင်မရာ၏ အမှတ်တံဆိပ်ကို မြင်တွေ့လိုက်ရသည် တရုတ်၏ Haiou အမှတ်တံဆိပ်ဖြစ်ရာ ယင်းက သူ့ကို အကြောင်းမဲ့သက်သက် စိတ်တိုလာစေသည် တရုတ်၏ထုတ်ကုန် ဖြစ်နေပြန်ပြီလော။ အဘယ်ကြောင့် Sony ၏ ထုတ်ကုန် မဟုတ်ရသနည်း။
အထူးသဖြင့် ဗီဒီယိုကင်မရာ အများစုမှာ ဖုန်းယွီအမှတ်တံဆိပ် ဖြစ်နေသည်ကို သူ မြင်တွေ့လိုက်ရသည့်အခါ သူ၏မျက်နှာအမူအရာမှာ ပို၍ပင် ဆိုးရွားသွားခဲ့သည်။ ဤဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာများတွင် ၎င်းတို့ Sony ၏ ထုတ်ကုန်ကသာ အကောင်းဆုံး ဖြစ်ပေရာ ဤသတင်းထောက်များက ဘာဖြစ်နေကြသနည်း ဖုန်းယွီအမှတ်တံဆိပ်ကို ဘာသွားလုပ်ရန် ဝယ်ကြသနည်း။
ဤသတင်းထောက်အုပ်စုသည် အင်တာဗျူးရာတွင်လည်း ကျွမ်းကျင်မှု မရှိသလို ဓာတ်ပုံရိုက်ခြင်းနှင့် ဗီဒီယိုရိုက်ကူးရာတွင်လည်း ကျွမ်းကျင်မှု မရှိကြပေ။ မည်သို့မည်ပုံ သတင်းထောက် ဖြစ်လာကြသနည်း။
နောက်တစ်ခါ ဤသတင်းထောက်များ၏ အင်တာဗျူးကို လုံးဝ လက်ခံတော့မည် မဟုတ်ပေ။ ကျွမ်းကျင်မှု မရှိချေ… အရမ်းကို ကျွမ်းကျင်မှု မရှိလွန်းလှပေ။
******