← Chapters

အခန်း (၂၁၈၃-၂၁၈၅)

Vol. 135 Ch. 2183-2185

အခန်း (၂၁၈၃-၂၁၈၅)

Vol. 135 Ch. 2183-2185

အခန်း (၂၁၈၃) မြို့တံခါး ပုန်ကန်မှု (၁)

သို့သော် အာပုစစ်ခြေလှမ်းအနည်းငယ်မျှ လှမ်းရုံရှိသေးမီမှာပင် ရင်းနှီးနေသော အသံတစ်ခုမှာ အနောက်မှနေ၍ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"မလိုတော့ဘူး"

"မျိုးနွယ်ခြားဘုရင်"

အာပုစစ်၏ အမူအရာမှာ မှင်တက်သွားခဲ့ပြီး မသိစိတ်ဖြင့် ခေါင်းလှည့်ကာ ဧရာမ နဂါးတံဆိပ် စစ်အလံအောက်ရှိ ဝမ်ချောင်ကို လှမ်းကြည့်လိုက်မိသည်။

စစ်တပ်တွင်း ပုန်ကန်မှုဆိုသည်မှာ စစ်သည်တို့၏ စိတ်ဓာတ်နှင့် ခွန်အားအပေါ် အလွန်ကြီးမားသော သက်ရောက်မှု ရှိလှပေရာ၊ အကယ်၍ မဖြေရှင်းဘဲ ထားလိုက်မည်ဆိုပါက တစ်စစ်တပ်လုံး၏ အစီအစဉ်များကိုပင် ထိခိုက်စေနိုင်ပေသည်၊ ဤအချက်ကို ဝမ်ချောင်အနေဖြင့် နားမလည်ဘဲ နေမည်မဟုတ်ကြောင်း အာပုစစ်က ယုံကြည်ထားသည်။

"ဗိုလ်ချုပ်ကြီး... မဟာထန်ရဲ့စစ်စည်းကမ်းက တစ်လောကလုံးမှာ အတင်းကြပ်ဆုံးပဲ၊ ခင်ဗျားနဲ့ကျွန်တော်တို့ စစ်တပ်ကို အုပ်ချုပ်ရာမှာလည်း အမြဲတမ်း တင်းကြပ်လွန်းတယ်။ ဒါကို ခင်ဗျားက တကယ်ပဲ စစ်တပ်တွင်း ပုန်ကန်မှုလို့ ထင်နေတာလား"

"ပုန်ကန်တဲ့ စစ်သည် ရာဂဏန်းလောက်နဲ့ တကယ်ပဲ ဒီလောက်ကြီးမားတဲ့ ရှုပ်ထွေးမှုကြီးကို ဖြစ်ပေါ်စေနိုင်မယ် ထင်လို့လား၊ အဆင့်ဆင့် တားဆီးထားတဲ့ ခံစစ်တွေကိုတောင် ဖောက်ထွက်ပြီး မြို့တံခါးကို လုယူနိုင်လောက်တဲ့ အင်အားမျိုး သူတို့ဆီမှာ ရှိနေမယ် ထင်လို့လား"

ဝမ်ချောင်၏ မျက်နှာပေါ်တွင်မူ အေးဆေးတည်ငြိမ်သော အမူအရာများ ပြည့်နှက်နေပြီး နုပျိုလှသော ထိုမျက်ဝန်းအစုံမှာလည်း အလွန်ပင် နက်ရှိုင်းလှပေရာ အရာရာတိုင်းကို အစောကတည်းက ကြိုတင် သိမြင်ထားပြီးသား ဖြစ်ပုံရပေသည်။

အာပုစစ်၏ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မှင်တက်သွားတော့သည်။

သူသည် မည်သို့ပင်ဆိုစေ တစ်လောကလုံးရှိ ထိပ်တန်း အင်ပါယာ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ရာ၊ အချိန်အများစုကို မြို့တော်အတွင်း၌သာ နေထိုင်ပြီး နန်းတော်ကို ကာကွယ်နေရသည် ဆိုသော်ငြားလည်း တစ်လောကလုံးရှိ လူများထဲမှ ထူးချွန်စွာ ထွက်ပေါ်လာသူ ဖြစ်သဖြင့် သာမန်လူ တစ်ယောက်တော့ မဟုတ်ပါချေ။

စစ်တပ်တွင်း ပုန်ကန်မှုဆိုသည်မှာ ရုတ်တရက် ဖြစ်ပေါ်လာခြင်း ဖြစ်သဖြင့် ဗိုလ်ချုပ်ကြီး တစ်ဦးအနေဖြင့် သူသည် အရှုပ်အထွေးများကို ပထမဆုံး အချိန်မီ ဖြေရှင်းရန်နှင့် စစ်တပ်ကြီးကို တည်ငြိမ်စေရန်သာ တွေးတောနေခဲ့မိပြီး သေချာစွာ စဉ်းစားဆင်ခြင်ရန် အချိန်မရခဲ့ပါချေ။ သို့သော် ယခုအခါ ဝမ်ချောင် သတိပေးလိုက်သည့် အခါတွင်မူ ဤကိစ္စအတွင်းရှိ သံသယဖြစ်ဖွယ်ရာများကို ချက်ချင်းပင် ရိပ်မိသွားတော့သည်။

ဤနေရာမှာ ရှေ့တန်း စစ်စခန်းကြီး ဖြစ်ပြီး စစ်သည် ခုနစ်သိန်းကျော် စခန်းချနေသော နေရာဖြစ်ရာ၊ လူ နှစ်ရာကျော် ပုန်ကန်သည်ကို ထားလိုက်ပါဦး၊ လူ နှစ်ထောင်ကျော် သို့မဟုတ် လူ နှစ်သောင်းကျော် တစ်ပြိုင်နက်တည်း ပုန်ကန်မည် ဆိုလျှင်တောင်မှ ကြီးမားလှသော ဂယက်ရိုက်မှုများကို ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပါချေ။

ပုန်ကန်မှုကို နှိမ်နင်းရန်ဆိုသည်မှာလည်း မျက်တောင်တစ်ခတ်အတွင်း လုပ်ဆောင်နိုင်သော ကိစ္စမျှသာ ဖစ်ရာ၊ ယခုကဲ့သို့ မြို့တံခါးကိုပင် လုယူခံရမည့် အန္တရာယ်မျိုး ကျရောက်လာနိုင်စရာ အကြောင်း လုံးဝ မရှိပါချေ။ သာမန် စစ်သည်များမှာ ဤကဲ့သို့သော ခွန်အားမျိုး လုံးဝ မရှိကြပါချေ

သို့သော်လည်း ဝမ်ချောင်သည် ဤစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် အာပုစစ်ကို ဆက်လက် အာရုံစိုက်မနေတော့ပါချေ။

"မင်း ပင်ပန်းသွားပြီ"

သတင်းလာပို့သော ထိုသတင်းပို့စစ်သည်ကို ကြည့်ရင်း ဝမ်ချောင်က အနည်းငယ် ပြုံးလိုက်ပြီးနောက် ညာဘက်လက်ကို ဆန့်တန်းကာ ထိုသတင်းပို့ စစ်သည်ဆီသို့ အားကုန် ဆွဲယူလိုက်တော့သည်။

ဤလုပ်ဆောင်ချက်မှာ အလွန်ပင် ရုတ်တရက် ဆန်လွန်းလှသဖြင့် ဘေးပတ်ဝန်းကျင်ရှိ ကော်ကျစ်ရီအစရှိသော သူများပင်လျှင် အလွန်အမင်း အံ့ဩသွားကြရသည်။ သို့သော် ပို၍အံ့ဩစရာ ကောင်းသည်မှာ ထိုသတင်းပို့ စစ်သည်၏ တုံ့ပြန်မှုပင် ဖြစ်တော့သည်။

"ရွှီးခနဲ"

ဝမ်ချောင်က လက်ဖြင့် လှမ်းဆွဲလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ ထိုသတင်းပို့ စစ်သည်၏ အမူအရာမှာ အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။ သူ၏အရှိန်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှပေရာ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာလည်း ရုတ်တရက် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ယခင်က သူပြသခဲ့သော ခွန်အားများထက် များစွာသာလွန်နေတော့သည်။

သို့သော်လည်း ဝမ်ချောင်၏ ရှေ့မှောက်တွင်မူ ခွန်အား နည်းသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မည်သည့် ကွာခြားချက်မျှ မရှိပါချေ။ ဝမ်ချောင်က ကိုယ်တိုင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီ ဆိုကတည်းက မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သေချာနေပြီ ဖြစ်၏။

ကျယ်လောင်သော မြည်သံကြီးနှင့်အတူ ပြင်းထန်လှသော ဆွဲငင်အားကြီးတစ်ခုမှာ ဝမ်ချောင်၏လက်ထဲမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုသတင်းပို့ စစ်သည်ကို မြေပြင်မှနေ၍ လေထဲသို့ တိုက်ရိုက်ဆွဲတင်လိုက်ကာ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ တဟုန်ထိုး လွင့်စင်လာစေတော့သည်။

"ဟိန်းးး"

ထိုသတင်းပို့ စစ်သည်၏အမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင်မူ စိုးရိမ်ပူပန်လာတော့သည်၊ သူ၏ပါးစပ်အတွင်းမှ လူအသံနှင့်လည်း မတူ၊ သားရဲအသံနှင့်လည်း မတူသော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံးရှိ အရိုးဆက်များမှလည်း မြည်သံများ ထွက်ပေါ်လာကာ ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် ရုတ်တရက် အရပ်ရှည်ထွက်လာတော့သည်။ ခဏတာအတွင်းမှာပင် ကိုယ်ပေါ်ရှိ သံချပ်ကာများ ပေါက်ပြဲသွားခဲ့ပြီး ကျောက်တုံးများအလား ထစ်ကြမ်းနေသော ကြွက်သားများ ပေါ်ထွက်လာတော့သည်။

သူ၏မျက်နှာမှာလည်း လိုက်ပါ ပြောင်းလဲသွားခဲ့ပြီး မျက်နှာပေါ်ရှိ အရေပြားများမှာ ကွဲအက်သွားကာ စက္ကူစများအလား လွင့်စင်ကျဆင်းလာတော့သည်။ ထိုကွဲအက်သွားသော မျက်နှာ၏အောက်တွင်မူ လုံးဝကွဲပြားခြားနားပြီး သူစိမ်းဆန်လှသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။

ရုန်းထွက်၍ မရနိုင်တော့ကြောင်းကို မြင်တွေ့လိုက်ရသည့်အခါ ထိုသူ၏ တစ်ကိုယ်လုံးမှ အနက်ရောင် အငွေ့များ တလူလူထွက်ပေါ်လာခဲ့ပြီး လက်ငါးချောင်းကို ချိတ်များအလား ကွေးလိုက်ကာ စူးရှစွာ အော်ဟစ်လိုက်ရင်း အနောက်သို့ မဆုတ်တော့ဘဲ ဝမ်ချောင်ဆီသို့ တိုက်ရိုက် ပြေးဝင်သတ်ဖြတ်လိုက်တော့သည်။

"ရိုင်းစိုင်းလိုက်တာ"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထုံလော့ ဗိုလ်ချုပ်ကြီး အာပုစစ်ပင်လျှင် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရပြီး အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ အများကြီး တွေးတောနေရန် အချိန်မရတော့ဘဲ သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ချွင်ခနဲ အသံနှင့်အတူ ဓားရှည်မှာ အိမ်မှ ကျွတ်ထွက်လာခဲ့ပြီး ဓားစွမ်းအင် တစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ မြန်ဆန်လှသောအရှိန်ဖြင့် ထိုသတင်းပို့ စစ်သည်ဆီသို့ ချက်ချင်းပင် ခုတ်ပိုင်းလိုက်တော့သည်။

သူ မည်မျှပင် တုံ့ပြန်မှု နှေးကွေးနေပါစေ။ ယခုအချိန်တွင်မူ ထိုသတင်းပို့ စစ်သည်မှာ မိမိတို့လူ လုံးဝ မဟုတ်ကြောင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

"သတ္တိ တော်တော် ကောင်းတာပဲ"

အာပုစစ်၏ မျက်နှာမှာ အလွန်အမင်း ပြာနှမ်းနေတော့သည်။ မိမိတို့ လူအဖြစ် ဟန်ဆောင်ကာ မိမိနှင့် ဝမ်ချောင်တို့၏ မျက်စိရှေ့မှာတင် လှည့်စားဝံ့လောက်အောင် သတ္တိကောင်းသောသူ ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ဖူးပါချေ။

သို့သော်လည်း အာပုစစ်၏ လှုပ်ရှားမှုက မြန်ဆန်လှပါသော်လည်း ဝမ်ချောင်၏ လှုပ်ရှားမှုက ပို၍ မြန်ဆန်လှပေသည်။

"ဟွန်း"

အေးစိမ့်လှသော နှာခေါင်းရှုံ့သံတစ်ခုကိုသာ ကြားလိုက်ရပြီး ဝမ်ချောင်က လက်ငါးချောင်းကို ဆုပ်လိုက်ရာ ထိုသတင်းပို့ စစ်သည်၏ လည်ပင်းကို ချက်ချင်းပင် ဖမ်းဆုပ်လိုက်ပြီးနောက် အားကုန်ညှစ်လိုက်တော့သည်။ ဂျွတ်ခနဲ ကျိုးအက်သံနှင့်အတူ သတင်းပို့ စစ်သည်အဖြစ် ဟန်ဆောင်ထားသော ထိုတစ်ဝက် လုဝူ အသွင်ပြောင်း အမည်းရောင်ဝတ်စုံဝတ်၏လည်ပင်းမှာ ဝမ်ချောင်၏ ချိုးခြင်းကို ခံလိုက်ရပြီး စုတ်ပြဲနေသော အိတ်ခွံတစ်ခုအလား လက်နှစ်ဖက် တွဲကျသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

တိုက်ပွဲ တစ်ခုလုံးမှာ တစ်စက္ကန့်ပင် မကြာလိုက်ပါချေ။

ထိုတစ်ဝက် လုဝူ အသွင်ပြောင်း အမည်းရောင်ဝတ်စုံဝတ် မှာ သူ၏ တစ်ကိုယ်လုံးရှိ ဂန်ချီစွမ်းအင်များကို အသုံးပြုကာ ဝမ်ချောင်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပါသော်လည်း ဝမ်ချောင်၏အကာအကွယ် ဂန်ချီ စွမ်းအင်၏ တားဆီးခြင်းကို ခံလိုက်ရသဖြင့် လှိုင်းဂယက်လေး တစ်ခုမျှပင် မဖြစ်ပေါ်စေခဲ့ပါချေ။ ဖျက်ဆီးနိုင်စွမ်း အလွန်မြင့်မားလှသော လုဝူ မီးတောက်များပင်လျှင် ဝမ်ချောင်၏ကိုယ်ပေါ်သို့ ကျရောက်လာသည့်တိုင် အနည်းငယ်မျှ အကျိုးသက်ရောက်မှု မရှိခဲ့ရုံသာမကဘဲ မြစ်ချောင်းများ ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ ဝမ်ချောင်၏ အလုံးစုံ စုပ်ယူခြင်းကိုပင် ခံလိုက်ရသေးသည်။

သူ၏ ခုခံမှု အားလုံးမှာ အချည်းနှီး သက်သက်မျှသာ ဖြစ်တော့သည်

"ချွင်"

ထိုအချိန်မှာပင် လူရိပ်တစ်ခုမှာ ဝမ်ချောင်၏ အနောက်မှ ထွက်ပေါ်လာခဲ့ပြီး လက်ထဲရှိ ဓားရှည်ဖြင့် တစ်ချက် ကော်တင်လိုက်ရာ ထိုသတင်းပို့ စစ်သည်၏ ကိုယ်ပေါ်ရှိ သံချပ်ကာ အပိုင်းအစများ ချက်ချင်း လွင့်စင်သွားတော့သည်။ သံချပ်ကာ အောက်ရှိ အမည်းရောင်ဝတ်စုံကို ကြည့်ရင်း အာပုစစ်၏ အကြည့်များမှာ ခဏမျှ ဝေဝါးသွားခဲ့ပြီး မျက်ဝန်းထဲ၌ ရှုပ်ထွေးသော အမူအရာများ ပေါ်ထွက်လာတော့သည်။

"ဒီလူက... မင်း ပြောတဲ့လူတွေလား"

အာပုစစ်က မေးလိုက်သည်။

"အင်း"

ဝမ်ချောင်က အများကြီး မပြောတော့ဘဲ မသိမသာ ခေါင်းညိတ်ပြလိုက်သည်။

အမည်းရောင်ဝတ်စုံဝတ်များ တည်ရှိနေမှုမှာ ယခင်က လျှို့ဝှက်ချက် တစ်ခု ဖြစ်ခဲ့ကောင်း ဖြစ်နိုင်ပါသော်လည်း ယခုအခါတွင်မူ လုံးဝ မဟုတ်တော့ပါချေ။

"အခု ဘယ်လို လုပ်ကြမလဲ"

အာပုစစ်က ခေါင်းလှည့်ကာ မေးလိုက်ရာ သူ၏ ထူထဲလှသော မျက်ခုံးများကြားတွင် လေးနက်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

သာမန် စစ်တပ်တွင်း ပုန်ကန်မှုဆိုလျှင် တော်သေးသည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ လျှို့ဝှက်ဆန်းကြယ်လှသော အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း ဖြစ်နေမည်ဆိုပါက ကိစ္စများမှာ ယခုကဲ့သို့ ရိုးရှင်းတော့မည် မဟုတ်ပါချေ။

"ဂရုစိုက်မနေနဲ့၊ အရာရာကို ငါ စီစဉ်ပြီးသွားပြီ၊ သူ့ဘာသာသူ သွားပါစေ"

ထင်မှတ်မထားဘဲ ဝမ်ချောင်က လက်ကာပြလိုက်ရင်း အေးဆေးစွာ ရယ်မောလိုက်သည်။

အရာရာတိုင်းကို သေချာ ကြံစည်ပြီးမှ လှုပ်ရှားခြင်း ဖြစ်ရာ၊ အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းမှာ ရုပ်ဖျက်ဟန်ဆောင်ရာတွင် အလွန်ပင် ကျွမ်းကျင်လှသဖြင့် မိမိ၏စစ်တပ်ကြီးအတွင်းသို့ ဝင်ရောက်လာရန် နည်းလမ်းရှာဖွေခဲ့ကြသည်ကို မိမိအနေဖြင့် မည်သို့လျှင် မသိရှိဘဲ နေမည်နည်း။ မည်သည့် ပြင်ဆင်မှုမျှ မလုပ်ဘဲ နေပါမည်နည်း။

အချုပ်အားဖြင့် ဆိုရလျှင် မည်သူ၏နည်းလမ်းက ပို၍သာလွန်သနည်း ဆိုသည်ကိုသာ ကြည့်ရမည် ဖြစ်၏။

"အမည်းရောင်ဝတ်စုံဝတ်တွေဘက်ကို ဂရုစိုက်နေဖို့ မလိုဘူး၊ ရှေ့တန်းကိုပဲ သတိထားကြည့်နေ၊ ယိုကျိုးဘက်က ဒီလူတွေကို အသုံးချလာပြီဆိုမှတော့ ဒီလောက်လေးနဲ့တင် ပြီးသွားမှာ မဟုတ်ဘူး"

ဝမ်ချောင်က ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အနည်းငယ် ပြုံးလိုက်သည်။

အာပုစစ်မှာ မူလက အနည်းငယ် စိုးရိမ်နေခဲ့ပါသော်လည်း ဝမ်ချောင်၏ ယုံကြည်မှု အပြည့်ရှိပြီး တည်ငြိမ်နေသော အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ ခဏမျှ မှင်တက်သွားခဲ့ပြီးနောက် အနည်းငယ် ပြုံးလိုက်ကာ စိတ်အေးသွားတော့သည်။

ဟုတ်ပေသည်…

မိမိ၏ ဘေးနားတွင် ရပ်နေသူမှာ ခေတ်အဆက်ဆက်တွင် တစ်လောကလုံးက အသိအမှတ်ပြုထားသော ပထမဆုံး "စစ်နတ်ဘုရား”ဖြစ်ပြီး၊ စစ်ဗျူဟာနှင့် ဉာဏ်ပညာပိုင်းတွင် နိုင်ငံအသီးသီးကို လွှမ်းမိုးထားနိုင်သူ ဖြစ်ရာ၊ သူ ရှိနေပါလျက် မိမိအနေဖြင့် မည်သည့်အရာကို ပူပန်နေရန် လိုအပ်ပါမည်နည်း။

ဤသံမဏိခံတပ် အတွင်းရှိ အရာရာတိုင်းမှာ ရုတ်တရက် ဆန်လွန်းလှသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင်မူ သူ၏တွက်ချက်မှုများထဲတွင် အစောကတည်းက ပါဝင်နေပြီးသား ဖြစ်ပုံရပေသည်

"ငါ စစ်တပ်ထဲကို သွားပြီး အခြေအနေတွေ မပြောင်းလဲအောင် ကြီးကြပ်ပေးမယ်၊ ဒါ့အပြင် အချိန်မရွေး လိုအပ်လာရင် ငါ့လက်အောက်က ထုံလော့ သံချပ်ကာမြင်းတပ် နှစ်သောင်းက အချိန်မရွေး ထွက်တိုက်ဖို့ အဆင်သင့်ပဲ"

အာပုစစ်က အသံကို နှိမ့်ကာ ဆိုလိုက်သည်။

ဝမ်ချောင်က အင်း ဟု တစ်ချက် ထူးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ သူက ခေါင်းကို အနည်းငယ် မော့ကာ အရှေ့မြောက်ဘက် ထောင့်ဆီသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာ၌ ကောင်းကင်ယံမှာ မှိုင်းညို့နေပြီး အေးစိမ့်လှသော လေပြင်းများသာ ရံဖန်ရံခါ တိုက်ခတ်လာတော့သည်။

အခြားသူများမှာ မည်သည့်အရာကိုမျှ သတိမပြုမိကြသေးပါသော်လည်း ဝမ်ချောင်ကမူ လေထဲမှနေ၍ ပင်လယ်ရေညှီနံ့ အနည်းငယ်ကို မသိမသာ ရမိနေတော့သည်။

ထိုအခိုက်အတန့်၌ ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပါသော်လည်း မည်သည့်စကားကိုမျှ မဆိုဘဲ ဘာမှ မဖြစ်ခဲ့သကဲ့သို့ လျင်မြန်စွာ ခေါင်းလှည့်ကာ မြောက်ဘက်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးဆီသို့ ပြန်လည် လှမ်းကြည့်လိုက်တော့သည်။

...

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ မြို့တံခါးနှင့် နီးကပ်သော နေရာတွင်မူ

"ဟိန်းးး"

လူအသံလည်း မဟုတ် သားရဲအသံလည်း မဟုတ်သော ဟိန်းဟောက်သံများမှာ ဟာလာဟင်းလင်းပြင်၌ ပဲ့တင်ထပ်နေတော့သည်၊ မြို့ပြင်ရှိ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ သံမဏိခံတပ်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြချိန်တွင်၊ ခံတပ်အတွင်းပိုင်း၌မူ လုဝူ တစ်ဝက်နှင့် အဇူရာ တစ်ဝက် အသွင်ပြောင်း ထားသော အမည်းရောင်ဝတ်စုံဝတ် ရာနှင့်ချီသည် ဝံပုလွေများနှင့် ကျားများအလား ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် စစ်တပ်ကြီးအတွင်းမှနေ၍ မြို့တံခါးရှိရာ အရပ်ဆီသို့ တဟုန်ထိုး တိုးဝင်လာကြတော့သည်။

ဤအမည်းရောင်ဝတ်စုံဝတ်များ၏ ခွန်အားမှာ အလွန်ပင် ကြီးမားလှပေရာ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နတ်ဘုရားများက တားလျှင် နတ်ဘုရားများကို သတ်ပြီး ဗုဒ္ဓက တားလျှင် ဗုဒ္ဓကို သတ်မည့်အလား အလွန်ပင် ရက်စက်ကြမ်းတမ်းလှသဖြင့် မဟာထန်၏ စစ်သည်တစ်ဦးတစ်ယောက်ကမျှ သူတို့ကို တားဆီးနိုင်စွမ်း မရှိကြပါချေ။

"အားးး"

နာကျင်စွာ အော်ဟစ်သံများကိုသာ အဆက်မပြတ် ကြားလိုက်ရပြီး မဟာထန်စစ်သည် တစ်ဦးပြီးတစ်ဦးမှာ သံချပ်ကာများ ကွဲအက်သွားခဲ့ကာ ဤအမည်းရောင်ဝတ်စုံဝတ်များ၏ တစ်ချက်တည်းသော ရိုက်ချက်ဖြင့် ကြိုးပြတ်သွားသော စွန်များအလား မြေပြင်မှ လွင့်စင်သွားကြပြီး အဝေးဆီသို့ လွင့်ထွက်သွားကြရတော့သည်။

"တိုက်ပွဲကို အချိန်ဆွဲမနေနဲ့"

"သူတို့ကို အမြန်ဆုံး ဖြတ်ကျော်ပြီး မြို့တံခါးကို ဖွင့်လိုက်၊ အန်းလုရှန်း ရဲ့ စစ်တပ်ကို အထဲ ဝင်ခွင့်ပေးလိုက်"

ထိုလူများ၏ ရှေ့ဆုံးတွင် ခေါင်းဆောင်ပုံပေါက်သော အမည်းရောင်ဝတ်စုံဝတ် တစ်ဦးက သူ၏လျှပ်စီးအလား စူးရှလှသော မျက်လုံးများဖြင့် အနောက်ရှိ လူများကို လှမ်းကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုသူမှာ စကားပြောနေရင်းနှင့်ပင် လက်ဝါးတစ်ချက်ကို အားကုန်ရိုက်ချလိုက်ရာ တလိမ့်လိမ့် ထွက်ပေါ်နေသော ဂန်ချီစွမ်းအင်များနှင့်အတူ ပြင်းထန်စွာ တောက်လောင်နေသော မာရာမီးတောက်များမှာ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး၊ သံချပ်ကာအပြည့် ဆင်မြန်းထားသော မဟာထန် စစ်သည် ဆယ်ဂဏန်းခန့်ကို တစ်ပြိုင်နက်တည်း လွင့်စင်သွားစေတော့သည်။

ဤမဟာထန် စစ်သည် တစ်ဦးချင်းစီမှာ အထူးရွေးချယ်ထားသော အဆင့်မြင့် စစ်သည်များ ဖြစ်ကြရာ၊ စစ်မြေပြင်သို့ စေလွှတ်လိုက်မည်ဆိုပါက နိုင်ငံအသီးသီး၏စစ်သည်များကို သေချာပေါက် ကျရှုံးသွားစေရန် စွမ်းဆောင်နိုင်သူများ ဖြစ်ကြသည်။ သို့သော် ၎င်းမှာ သာမန် လူသားများကြားရှိ စစ်ပွဲများအတွက်သာ ဖြစ်၏။

ဤ အဆင့်မြင့် စစ်သည်ဆိုသူများမှာ နတ်ဘုရားများ၏ အစေခံများဖြစ်သော သူတို့၏ရှေ့မှောက်တွင်မူ ရွှံ့ရုပ်၊မြေရုပ်မျှသာ အနည်းငယ်မျှပင် တောင့်ခံနိုင်စွမ်း မရှိကြပါချေ။

"ဝုန်း ဝုန်း ဝုန်း"

လေလှိုင်းများ ပြင်းထန်စွာ တိုက်ခတ်သွားခဲ့ပြီး ထောင်နှင့်ချီသော မဟာထန် စစ်သည်များမှာ သူတို့၏ ရိုက်ခတ်မှုကြောင့် လွင့်စင်သွားခဲ့ကြကာ မြို့တံခါးဆီသို့ သွားရာ လမ်းကြောင်းပေါ်ရှိ စစ်ကြောင်းများမှာလည်း လုံးဝဖရိုဖရဲ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

ဤအမည်းရောင်ဝတ်စုံဝတ်များမှာ ကိုယ်တစ်ပိုင်းကို မြေပြင်ပေါ်၌ ဖိချထားလျက် သားရဲများအလား ပြေးလွှားနေကြရာ သူတို့၏ အရှိန်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှပေသည်။ ထိုသူတို့၏ ကိုယ်ပေါ်သို့ ခုတ်ပိုင်းလာသော ဓားများမှာလည်း ကျောက်တုံးများအလား ထစ်ကြမ်းနေသော ကြွက်သားများ၏ တားဆီးခြင်းကို ခံလိုက်ရပြီး အချို့သော ဓားများမှာ တိုက်ရိုက်ပင် လွင့်စင်ထွက်သွားခဲ့ရရာ သူတို့ကို မည်သို့မျှ မတတ်နိုင်ကြပါချေ။

"ကြိတ်ဆုံကို လှည့်လိုက်၊ ယန္တရားတွေကို ဖွင့်လိုက်"

"မြို့တံခါးကို အမြန် မတင်လိုက်၊ လမ်းကြောင်းကို ဖွင့်ပေးလိုက်"

ရှေ့ဆုံးမှ ပြေးဝင်လာသော နောက်ထပ် အမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင်တစ်ဦး၏ မျက်ဝန်းများမှာ တောက်ပနေပြီး လည်ပင်းမှ သွေးကြောများမှာလည်း ထောင်ထနေတော့သည်။ သူက လက်ညှိုးတစ်ချောင်းဖြင့် ရှေ့တည့်တည့်ရှိ မြို့တံခါးကို ညွှန်ပြကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

"ဟိန်းးး"

အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ သားရဲများအလား ပြောင်းလဲနေသော အမည်းရောင်ဝတ်စုံဝတ် ကျွမ်းကျင်သူ ခုနစ်ယောက် ရှစ်ယောက်ခန့်မှာ တပ်ဖွဲ့အတွင်းမှ ချက်ချင်း ခုန်ထွက်လာကြပြီး မြို့တံခါး နှစ်ဖက်ရှိ ယန္တရား ထိန်းချုပ်စက်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။

ရွှီး ရွှီး ရွှီး

ဘေးနှစ်ဖက်မှ လေတိုက်သံများ ထွက်ပေါ်လာခဲ့ပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ထိုအထဲမှ အမည်းရောင်ဝတ်စုံဝတ် ကျွမ်းကျင်သူ တစ်ဦးမှာ စစ်တပ်ကြီး၏ ခေါင်းပေါ်မှ ဝဲပျံကျော်ဖြတ်သွားခဲ့ပြီး မြို့တံခါးဘေးသို့ ရောက်ရှိသွားကာ၊ ကြီးမားလှသော လက်မောင်းတစ်ဖက်ဖြင့် ယန္တရားပေါ်ရှိ ရှည်လျားလှသော မောင်းတံကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်တော့သည်။

"အောင်မြင်ပြီ"

"ပုရွက်ဆိတ် တစ်အုပ်လောက်ကများ ငါတို့ကို လာပြီး ဆန့်ကျင်ချင်နေသေးတယ်"

ထိုအမည်းရောင်ဝတ်စုံဝတ် ကျွမ်းကျင်သူ၏ ရင်ထဲ၌ ဝမ်းသာသွားခဲ့ပြီး နောက်တစ်ခဏတွင် တစ်ကိုယ်လုံး အားယူလိုက်ကာ လေးလံလှသော မြို့တံခါးကို အပေါ်သို့ မတင်ရန် ကြိုးစားလိုက်တော့သည်။

သို့သော် သူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ချွင်ခနဲ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သံနှင့်အတူ ပြင်းထန်လှသော လေလှိုင်းတစ်ခုမှာ ထိုအမည်းရောင်ဝတ်စုံဝတ်၏ နားထဲသို့ ချက်ချင်း ရောက်ရှိလာတော့သည်။

"သေချင်နေတာလား"

ထိုအမည်းရောင်ဝတ်စုံဝတ် ကျွမ်းကျင်သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အနောက်သို့ပင် လှည့်မကြည့်ဘဲ လက်သီးတစ်ချက်ကို ချက်ချင်း ပစ်သွင်းလိုက်ကာ အနောက်ဘက်ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

"ဝုန်း"

ဂန်ချီ စွမ်းအင်များ အချင်းချင်း ရိုက်ခတ်သွားခဲ့ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်၊ သို့သော်လည်း မထင်မှတ်ထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

ဧရာမ ခွန်အားကြီးတစ်ခုမှာ အနောက်ဘက်မှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုအမည်းရောင်ဝတ်စုံဝတ် ကျွမ်းကျင်သူကို တိုက်ရိုက်ပင် လွင့်စင်သွားစေတော့သည်။

******

အခန်း (၂၁၈၄) မြို့တံခါး ပုန်ကန်မှု (၂)

"ဘာ"

အမည်းရောင်ဝတ်စုံဝတ် ကျွမ်းကျင်သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး လေထဲတွင် ခက်ခဲစွာဖြင့် ကိုယ်ကိုလှည့်ကာ မြေပြင်ပေါ်သို့ အတင်းအကျပ် ဆင်းသက်လိုက်ရသည်။ ထို့နောက် အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရင်း ပြင်းထန်စွာ ဟောက်လိုက်တော့သည်။

သူ၏အနောက်ဘက်တွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရသော အရပ်ရှည်ရှည်နှင့် တောင့်တင်းခိုင်မာလှသည့် လူရိပ်တစ်ခုမှာ ထင်ရှားစွာ ပေါ်ထွက်နေတော့သည်။ ထိုသူမှာ တစ်ကိုယ်လုံး သံချပ်ကာအပြည့် ဆင်မြန်းထားပြီး မျက်လုံးတစ်စုံကိုသာ အပြင်သို့ ဖော်ထားခြင်း ဖြစ်သည်။

ထို့ပြင် ပတ်ဝန်းကျင်ရှိ အခြားသော စစ်သည်များနှင့် မတူညီသည်မှာ ထိုသူသည် လက်ထဲတွင် အနက်ရောင် ရွှေဖြင့် ပြုလုပ်ထားသော လေးလံလှသည့် ဓားရှည်ကြီးတစ်ခုကို ကိုင်ဆောင်ထားလျက် ကိုယ်ပေါ်တွင်လည်း ရွှေရောင်နှင့်အမဲရောင်စပ် သံချပ်ကာများကို ဆင်မြန်းထားခြင်းပင် ဖြစ်သည်။ သူ၏တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ ပြင်းထန်စွာ တောက်လောင်နေသော မီးလျှံများအလား အလွန်ပင် အားကောင်းလှပေရာ သာမန် အဆင့်မြင့် စစ်သည်များနှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှပေသည်။

"မိစ္ဆာလမ်းစဉ် လိုက်တဲ့ကောင်တွေ၊ ကောင်းကင်ဘုံက မင်းတို့ကို သေချာပေါက် သုတ်သင်လိမ့်မယ်"

ထိုမှောင်မည်းနေသော ရွှေမဲရောင် သံချပ်ကာကို ဆင်မြန်းထားသည့် လျှို့ဝှက်ဆန်းကြယ်သောစစ်သည်က အေးစိမ့်လှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း သံချပ်ကာ အောက်မှနေ၍ တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။

စကားသံ မဆုံးမီမှာပင် သံမဏိများ ထိခတ်မိသကဲ့သို့သော မြည်ဟည်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မြို့တံခါး နှစ်ဖက်ရှိ လျှို့ဝှက်လမ်းကြောင်း တစ်ခုမှာ ရုတ်တရက် ပွင့်ဟသွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလားတူ ဝတ်စုံမျိုးကို ဆင်မြန်းထားကြသော မှောင်မည်းနေသည့် ရွှေရောင် သံချပ်ကာ စစ်သည် ရာနှင့်ချီ၍ လျှို့ဝှက်လမ်းကြောင်း အတွင်းမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြတော့သည်။

"နဂါးနက် တပ်ဖွဲ့က မျိုးနွယ်ခြားဘုရင်ရဲ့ အမိန့်ကို နာခံပြီး ဒီနေရာမှာ အသင့်စောင့်နေတာ ကြာပြီ။ မိစ္ဆာကောင်တွေ... မင်းတို့ကို စောင့်နေတာ ကြာလှပြီ"

မှောင်မည်းနေသော ရွှေရောင် သံချပ်ကာကို ဆင်မြန်းထားသည့် ဗိုလ်ချုပ်တစ်ဦးက လေးလံလှသော ဓားရှည်ကြီးကို မြှောက်ကိုင်လိုက်ရင်း အေးစိမ့်လှသော အရှိန်အဝါများဖြင့် ပြင်းထန်စွာ ဟစ်အော်လိုက်သည်။

သူ၏အနောက်တွင်မူ ချွင်ခနဲ ဓားအိမ်မှ ကျွတ်ထွက်လာသည့် အသံများနှင့်အတူ နဂါးနက် စစ်သည် ရာနှင့်ချီ၍ တစ်တန်းတည်း နေရာယူလိုက်ကြရာ တောက်ပလှသော မှောင်မည်းသည့် ရွှေရောင်လူသားတံတိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး မြို့တံခါးရှေ့တွင် ကန့်လန့်ဖြတ် ပိတ်ဆို့ထားလိုက်ကြတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အမည်းရောင်ဝတ်စုံဝတ် အားလုံး၏ မျက်နှာများမှာ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားကြရသည်။ သို့သော် ခဏတာအတွင်းမှာပင် ခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ်အချို့၏ အမူအရာများမှာ ပြန်လည်အေးစက်သွားခဲ့ပြီး ချက်ချင်းပင် ရက်စက်စွာ ရယ်မောလိုက်ကြကာ သူတို့၏မျက်ဝန်းများမှာလည်း အလွန်ပင် သွေးအေးသွားတော့သည်။

"ကိုယ်ကိုကိုယ် အထင်ကြီးနေတဲ့ ပုရွက်ဆိတ် တစ်အုပ်ပါလား လူတိုင်း အမိန့်ကို နာခံကြ၊ သူတို့ကို အကုန် သတ်ပစ်လိုက်"

ပုရွက်ဆိတ် ဆိုသည်မှာ ပုရွက်ဆိတ်သာ ဖြစ်သည်။ မည်မျှပင် သန်မာနေပါစေ အနည်းငယ် ကြီးမားသော ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်၏၊ ဤစစ်သည်များမှာ အပြင်ပန်းတွင် အလွန်ပင် အစွမ်းထက်ပုံ ရပါသော်လည်း နောက်ဆုံးတွင်မူ သူတို့၏ ပြိုင်ဘက် မဟုတ်ကြပါချေ။ အလွန်ဆုံးရှိလှ သူတို့အတွက် အချိန်အနည်းငယ် ပိုကုန်သွားစေရန်သာ လုပ်ဆောင်နိုင်စွမ်း ရှိကြပေသည်။

"ဝုန်း"

အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ အမည်းရောင်ဝတ်စုံဝတ် တစ်ဦးချင်းစီမှာ အော်ဟစ်လိုက်ကြရင်း သားရဲများအလား နဂါးနက်တပ်ဖွဲ့ဆီသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။

တစ်ချိန်တည်းမှာပင် နဂါးနက် စစ်သည် ရာနှင့်ချီ၍ ပြင်းထန်စွာ ဟောက်လိုက်ကြရာ သတ်ဖြတ်လိုသော အရှိန်အဝါများ ကောင်းကင်ယံသို့ ပျံ့လွင့်သွားခဲ့ပြီး သူတို့သည်လည်း အနည်းငယ်မျှ အလျှော့မပေးဘဲ အမည်းရောင်ဝတ်စုံဝတ်များဆီသို့ တဟုန်ထိုး တိုးဝင်တိုက်ခိုက်လိုက်ကြတော့သည်။

ဝုန်း…

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်သွားခဲ့ပြီး အမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင် တစ်ဦးက သူ၏ကြီးမားလှသော လက်ဝါးကြီးကို ဝှေ့ယမ်းလိုက်ရာ တလိမ့်လိမ့် ထွက်ပေါ်နေသော အနက်ရောင် ဂန်ချီ စွမ်းအင်များနှင့်အတူ မာရာမီးတောက်များမှာ တဟုန်ထိုး ပန်းထွက်လာခဲ့ပြီး နဂါးနက် စစ်သည် တစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း တိုက်ရိုက် ထိမှန်သွားတော့သည်။ ပြင်းထန်လှသော ခွန်အားကြီးက သံချပ်ကာ အပြည့် ဆင်မြန်းထားသော ထို နဂါးနက် စစ်သည်ကို မြေပြင်မှ လွင့်စင်သွားစေခဲ့ပြီး၊ အနက်ရောင် မီးတောက်များမှာ သက်ရှိများကဲ့သို့ပင် သံချပ်ကာ အက်ကြောင်းများမှ တစ်ဆင့် အတွင်းပိုင်းသို့ပင် တိုးဝင်သွားကြတော့သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ထိုနဂါးနက်စစ်သည်မှာ ချက်ချင်းပင် မြေပြင်သို့ ပြုတ်ကျသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ မီးလောင်ကျွမ်းသွားခဲ့ပြီဖြစ်ကာ အရိုးစု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"တကယ်ပဲ ပုရွက်ဆိတ် တွေပါလား၊ ဒီလောက် စွမ်းရည်လေးနဲ့များ ငါတို့ကို လာပြီး ဆန့်ကျင်ချင်နေသေးတယ်"

ထိုအမည်းရောင်ဝတ်စုံဝတ်ခေါင်းဆောင်က ရက်စက်စွာ ရယ်မောလိုက်ရာ သူ၏အမူအရာမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ သို့သော်လည်း ထိုအပြုံးမှာ ကြာရှည် မခံလိုက်ပါချေ။ နောက်တစ်ခဏတွင် ဘေးနားမှ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။

ထိုအမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင်၏ အမူအရာမှာ တင်းမာသွားခဲ့ပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် နဂါးနက် စစ်သည် သုံးဦးက တစ်စုံတစ်ရာသော ပူးပေါင်းတိုက်ခိုက်ရေး စစ်ကြောင်းကို ဖွဲ့စည်းထားကြပြီး လေးလံလှသော ဓားရှည် သုံးစင်းမှာ နေရာသုံးခုမှနေ၍ အမည်းရောင်ဝတ်စုံဝတ်တစ်ဦး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

လေးလံလှသော ဓားရှည်များမှာ ထက်ရှလွန်းသဖြင့် အသားထဲသို့ တိုက်ရိုက်ပင် နက်ရှိုင်းစွာ ထိုးစိုက်သွားတော့သည်။

သို့သော်လည်း အာရုံစိုက်စရာ အကောင်းဆုံး အချက်မှာ ထိုနဂါးနက် စစ်သည် သုံးဦး၏ လှုပ်ရှားမှုများပင် ဖြစ်တော့သည်။

ထိုအမည်းရောင်ဝတ်စုံဝတ်၏ အဆစ်အမျက်များကို ထိန်းချုပ်ထားသည့် တစ်ချိန်တည်းမှာပင် သူတို့၏ ကိုယ်တွင်းမှ ဂန်ချီ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဧရာမ ဆွဲငင်အားကြီးတစ်ခု ပေါ်ထွက်လာတော့ရာ၊ ထိုအမည်းရောင်ဝတ်စုံဝတ်၏ ကိုယ်တွင်းရှိ လုဝူ မီးတောက်စွမ်းအင်များမှာ မြစ်ချောင်းများအလား နဂါးနက် စစ်သည် သုံးဦး၏ ကိုယ်တွင်းသို့ ချက်ချင်းပင် စီးဝင်သွားကြတော့သည်။

ဤပြင်းထန်လှသော စွမ်းအင်ကြီးများ၏ ပံ့ပိုးမှုအောက်တွင် နဂါးနက် စစ်သည် သုံးဦး၏ အရှိန်အဝါများမှာ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး တောက်ပလှသော အလင်းတန်း တစ်ခုမှာ သူတို့၏ကိုယ်တွင်းမှ ပေါက်ကွဲထွက်ပေါ်လာကာ လူသုံးဦး၏အနောက်တွင် တစ်ပုံစံတည်း တူညီလှသော နေနှင့် လ အရိပ်ယောင် သုံးစုံ အသီးသီး ပေါ်ထွက်လာတော့သည်။

မဟာယင်ယန် လောကဖန်ဆင်းခြင်း ကျင့်စဉ်…

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထို အမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင် ၏၏ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရပြီး မျက်နှာပေါ်ရှိ သွေးရောင်များ အားလုံး ပျောက်ကွယ်သွားခဲ့ကာ စက္ကူတစ်ချပ်အလား ဖြူလျော့သွားတော့သည်။

မဟာယင်ယန် လောကဖန်ဆင်းခြင်းကျင့်စဉ်မှာ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအတွင်း၌ အမှန်တကယ် အခြားသော အမည်တစ်ခု ရှိနေသေးသည်။ သို့သော် ဝမ်ချောင်ဟူသော ပျက်စီးခြင်း သားတော်ကြောင့် လောကလူသားများ သိရှိထားသော အမည်ကပင် မူလအမည်ထက် ပိုမိုလွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့ အကုန်လုံးက ဒီမိစ္ဆာကျင့်စဉ်ကို တတ်မြောက်ထားကြတာလား"

ထိုအမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင်က မျက်လုံးများကို ပြူးလျက် မျက်နှာပေါ်တွင် မယုံနိုင်စရာ ကောင်းလှသော အမူအရာများ ပြည့်နှက်နေတော့သည်။

သို့သော်လည်း သူ့အား ပို၍ထိတ်လန့်သွားစေသည်မှာ အနောက်တွင် ရှိနေသေးသည်။ သူ၏လျှပ်စီးအလား စူးရှလှသော အကြည့်များဖြင့် စစ်မြေပြင်ကို လျင်မြန်စွာ ဝေ့ကြည့်လိုက်ရာ ကျယ်ပြန့်လှသော စစ်မြေပြင် တစ်ခုလုံးတွင် အလားတူ ကိစ္စရပ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်၊ မဟာယင်ယန် လောကဖန်ဆင်းခြင်း ကျင့်စဉ်ကို တတ်မြောက်ထားသူများမှာ ဤလူ သုံးဦးတည်း သာမကပါချေ။

ဤနဂါးနက် စစ်သည်များ၏ တစ်ဦးချင်းစီ ခွန်အားမှာ အမှန်တကယ်တော့ အမည်းရောင်ဝတ်စုံဝတ်များထက် သာလွန်ခြင်း မရှိပါချေ၊ သို့သော်လည်း လူ သုံးဦး ပူးပေါင်းလိုက်သည့် အခါတွင်မူ အမည်းရောင်ဝတ်စုံဝတ် တစ်ဦးကို အခိုင်အမာ ဖိနှိပ်ထားနိုင်စွမ်း ရှိသွားကြသည်။ ထို့ပြင် မဟာယင်ယန် လောကဖန်ဆင်းခြင်း ကျင့်စဉ်ကိုပါ ပေါင်းစပ်လိုက်သည့် အခါတွင်မူ အမည်းရောင်ဝတ်စုံဝတ် အားလုံးမှာ ဧရာမ ခြိမ်းခြောက်မှုကြီး တစ်ခုနှင့် ချက်ချင်း ရင်ဆိုင်လိုက်ကြရတော့သည်။

ဘုန်း ဘုန်း ဘုန်း….

စစ်မြေပြင် တစ်ခုလုံးတွင် နဂါးနက် စစ်သည်များ လွင့်စင်သွားကာ အသတ်ခံရမှုများ အဆက်မပြတ် ရှိနေပါသော်လည်း တစ်ချိန်တည်းမှာပင် အမည်းရောင်ဝတ်စုံဝတ်များလည်း အသတ်ခံနေကြရသည်။

နှစ်ဖက်စလုံးတွင် အနိုင်အရှုံး အသီးသီး ရှိနေကြပြီး မည်သူက သာလွန်သည်ကို ခွဲခြားရန် ခက်ခဲနေတော့သည်။

"ယုတ်မာလိုက်တဲ့ကောင်တွေ"

ထိုအမည်းရောင်ဝတ်စုံဝတ်ခေါင်းဆောင်၏အမူအရာမှာ အေးစက်သွားခဲ့ပြီး ချက်ချင်းပင် တဟုန်ထိုး ပြေးဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်တွင်းရှိ ဂန်ချီ စွမ်းအင်များကို မြှင့်တင်လိုက်ကာ လက်ဝါးတစ်ချက်ကို အားကုန်ရိုက်ချလိုက်ရာ ပြင်းထန်စွာ တောက်လောင်နေသော မာရာမီးတောက်များမှာ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ထိုနဂါးနက် စစ်သည် သုံးဦးကို တိုက်ရိုက် ထိမှန်သွားတော့သည်။

မာရာမီးတောက် ၏ ဖျက်ဆီးနိုင်စွမ်း အလွန်မြင့်မားလှသော ဧရာမ ခွန်အားကြီးများက မျက်တောင်တစ်ခတ်အတွင်းမှာပင် ထို နဂါးနက် စစ်သည် သုံးဦးကို လွင့်စင်သွားစေခဲ့ပြီး မီးတောက်များ၏ အရှိန်အဟုန်မှာလည်း ရပ်တန့်မသွားဘဲ သံချပ်ကာများကို ဖောက်ထွင်းကာ သူတို့၏ကိုယ်တွင်းသို့ပင် တိုးဝင်သွားကြတော့သည်။

နောက်တစ်ခဏတွင် ထိုအမည်းရောင်ဝတ်စုံဝတ်ခေါင်းဆောင်အား ထိတ်လန့်ခြောက်ခြားသွားစေမည့် ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

အဝေးဆီတွင် မာရာမီးတောက်များ၏ ရိုက်ခတ်မှုကြောင့် လွင့်စင်သွားခဲ့သော နဂါးနက် စစ်သည်သုံးဦးမှာ ကိုယ်ကို တစ်ချက်လှိမ့်လိုက်ကြပြီး လွင့်စင်သွားသည့် အခိုက်အတန့်မှာပင် လျင်မြန်စွာ နောက်ပြန် ခုန်ထလိုက်ကြကာ ပြန်လည်မတ်တပ်ရပ်လိုက်ကြသည်။ ထို့ပြင် ရွှေကိုပင် အရည်ပျော်စေနိုင်ပြီး သံမဏိကိုပင် လောင်ကျွမ်းစေနိုင်လောက်အောင် ထိတ်လန့်စရာကောင်းသည့် ထိုမာရာမီးတောက် များကိုမူ သူတို့က အသာအယာ တစ်ချက် ပုတ်လိုက်ရုံဖြင့်ပင် ငြိမ်းသတ်ပစ်လိုက်ကြတော့သည်။

မာရာမီးတောက်များကြောင့် ဂန်ချီ စွမ်းအင်အချို့ ကုန်ဆုံးသွားရခြင်းနှင့် အတွင်းကလီစာများ အနည်းငယ် တုန်ခါသွားရခြင်းမှလွဲ၍ နဂါးနက် စစ်သည် သုံးဦးမှာ အနည်းငယ်မျှ ထိခိုက်ဒဏ်ရာ ရထားသည့် ပုံစံပင် မပေါ်ပါချေ。

"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင်၏ မျက်ဝန်းများမှာ လှုပ်ခါသွားခဲ့ပြီး သွားကို တင်းတင်းကြိတ်ထားလိုက်ရာ မျက်စိရှေ့၌ ဖြစ်ပျက်နေသော ကိစ္စရပ်ကို မည်သို့မျှ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။

ခဏတာအချိန်တိုလေးအတွင်းမှာပင် ထိုမဟာထန် နဂါးနက် စစ်သည်များမှာ အမည်းရောင်ဝတ်စုံဝတ်၏ လုဝူ စွမ်းအင်များကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြီ ဖြစ်ရုံသာမကဘဲ သူ၏ မာရာမီးတောက် များကိုပါ ခံနိုင်ရည် ရှိလာကြပြီ ဖြစ်၏。

ဂျောက်ဂျောက် မြည်သံများနှင့်အတူ ထိုအချိန်မှာပင် အရိုးများ ကွဲအက်သွားသည့် အသံများ နားထဲသို့ ရောက်ရှိလာတော့သည်။

နဂါးနက် စစ်သည် သုံးဦးက လက်သီးများကို ချက်ချင်း တင်းတင်းဆုပ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် အေးစိမ့်ပြီး ထက်မြက်လှသော မျက်လုံးအစုံများဖြင့် ယခုလေးတင် ဝင်ရောက်တိုက်ခိုက်ခဲ့သော အမည်းရောင်ဝတ်စုံဝတ် အား ပစ်မှတ်ထားလိုက်ကြတော့သည်။

"သတ်စမ်း"

အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ လူသုံးဦးမှာ ပြင်းထန်စွာ ဟစ်အော်လိုက်ကြရင်း လေးလံလှသော ဓားရှည်များကို ကိုင်ဆောင်ကာ ထိုအမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင်ဆီသို့ လျှပ်စစ်မီးပွင့်သည့်အလား တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။ သူတို့ ပြေးဝင်လာသည့် တစ်ချိန်တည်းမှာပင် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး လူသုံးဦး၏လက်ထဲရှိ မှောင်မည်းနေသော ရွှေရောင် ဓားရှည်ကြီးများပေါ်တွင် ပြင်းထန်စွာ တောက်လောင်နေသော ခရမ်းရောင် မီးလျှံများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"ဝုန်း"

ကျယ်လောင်သော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး လေးလံလှသော ဓားရှည်ကြီး သုံးစင်းမှာ မိုးကြိုးမီးတောက်များအလား အလွန်မြန်ဆန်လှသော အရှိန်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းကျဆင်းလာခဲ့ရာ ထို အမည်းရောင်ဝတ်စုံဝတ် ခေါင်းဆောင် နှင့် လျင်မြန်စွာ အပြင်းအထန် တိုက်ခိုက်မိကြတော့သည်။

ဝုန်း ဝုန်း ဝုန်း…

ဂန်ချီ စွမ်းအင်များ တုန်ခါသွားခဲ့ပြီး လေလှိုင်းများ မြည်ဟည်းနေတော့သည်။ လူ နှစ်စုမှာ အပြင်းအထန် တိုက်ခိုက်နေကြပြီး မူလက ပြိုင်ဘက်ကင်းကာ ဝါးအစည်းပြေသည့်အလား ဖောက်ထွင်းလာခဲ့သော အမည်းရောင်ဝတ်စုံဝတ်များမှာ နောက်ဆုံးတွင်မူ အတားအဆီးများနှင့် ကြုံတွေ့လိုက်ကြရပြီ ဖြစ်သည်။

ဤ နဂါးနက် စစ်သည်များမှာ အစပိုင်းတွင် အနည်းငယ် လက်ကြောမတင်းသလို ဖြစ်နေသေးရာ ၎င်းအတွက် ပေးဆပ်မှု အချို့ပင် ပြုလုပ်ခဲ့ရပြီး ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မှုမှာပင် အတော်များများ သေဆုံး ဒဏ်ရာရခဲ့ကြသည်၊ သို့သော် ဝမ်ချောင်က သူတို့ကို သင်ကြားပေးထားသော မဟာယင်ယန် လောကဖန်ဆင်းခြင်း ကျင့်စဉ် နှင့် ပူးပေါင်း တိုက်ခိုက်ရေး စစ်ကြောင်း တို့မှာ ချက်ချင်းပင် အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။

လက်နှစ်ဖက်ဖြင့် လက်လေးဖက်ကို မယှဉ်နိုင် ဆိုသလိုပင် လူများစု၏အားဖြင့် ဖိနှိပ်ထားနိုင်သဖြင့် နဂါးနက် တပ်ဖွဲ့မှာ မျက်တောင်တစ်ခတ်အတွင်း အသာစီး ရရှိသွားခဲ့သည်။ အထူးသဖြင့် မဟာယင်ယန် လောကဖန်ဆင်းခြင်း ကျင့်စဉ်၏ ဂန်ချီ စွမ်းအင်မျိုးစုံကို ဝါးမြိုနိုင်စွမ်း ရှိသည့် အချက်ကြောင့် အမည်းရောင်ဝတ်စုံဝတ်များ၏ အားသာချက်များမှာ မျက်တောင်တစ်ခတ်အတွင်း နဂါးနက်တပ်ဖွဲ့၏ အားသာချက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရာ တိုက်ပွဲ၏အခြေအနေမှာ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် လျင်မြန်စွာ ပြောင်းပြန် လှန်ပစ်ခြင်း ခံလိုက်ရတော့သည်။

...

မြို့တံခါး နီးတွင် အပြင်းအထန် တိုက်ခိုက်နေကြစဉ်အတွင်း အခြားတစ်ဖက်ရှိ မြို့ရိုးအောက်တွင်မူ

ချွင် ချွင် ချွင်

လက်ဝါးရွယ်ခန့် ရှိပြီး သံမဏိဖြင့် ပြုလုပ်ထားကာ အပေါ်ယံတွင် ရှုပ်ထွေးလှပသော ပန်းနွယ်ပုံစံ အမြောက်အမြား ပါရှိသည့် သေးငယ်လှသော စစ်အစီအရင် လေးများမှာ မြေပြင်ပေါ်သို့ လျင်မြန်စွာ ကျဆင်းလာတော့သည်။ မြို့ရိုးအောက်တွင်မူ လူများစွာ သတိမပြုမိကြပါသော်လည်း နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များအတွင်းမှ တပ်မှူးအချို့က လက်ချောင်းများကို တစ်ချက် ခေါက်လိုက်ရာ ဂန်ချီ စွမ်းအင် အချို့မှာ သေးငယ်လှသော စစ်အစီအရင် သုံးခုအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သံမဏိများ ထိခတ်မိသကဲ့သို့သော အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး သေးငယ်လှသော စစ်အစီအရင်သုံးခုမှ အလင်းတန်းများ ပန်းထွက်လာကာ လျင်မြန်စွာ လည်ပတ်သွားတော့သည်။

ခဏတာအတွင်းမှာပင် သံမဏိခံတပ် အနီးတစ်ဝိုက်၌ လွှမ်းခြုံနေသော နှင်းမှုန်များမှာ ဆယ်ဆမက ချက်ချင်း ပိုမို ထူထပ်လာတော့သည်။

"လုံလောက်ပြီ။ မျက်စိလှည့်စား စစ်အစီအရင်က အောင်မြင်စွာ လည်ပတ်သွားပြီ၊ တခြားအဖွဲ့တွေလည်း အောင်မြင်သွားပုံရတယ်။ ငါတို့ ဆုတ်ကြစို့"

ထိုအထဲမှ တပ်မှူးတစ်ဦးက အသံကို နှိမ့်ကာ တိုးညှင်းစွာ ဟောက်လိုက်သည်။

တိုက်ပွဲအတွင်း အားလပ်နေသည့် အချိန်လေးကို အသုံးချကာ မြို့ရိုးအောက်သို့ ခိုးဝင်လာသူများမှာ သူတို့သုံးဦးတည်း သာမကပါချေ။ သူတို့သုံးဦးမှာ ထိုအထဲမှ အဖွဲ့တစ်ဖွဲ့မျှသာ ဖြစ်၏။ ကောင်းကင်နှင့် မြေကြီးကြား၌ နှင်းမြူများ တလိမ့်လိမ့် ထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် အခြားသူများလည်း အောင်မြင်သွားကြပြီ ဖြစ်ကြောင်း သိသာလှပေသည်။

"အင်း"

စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် လူအနည်းငယ်မှာ အနည်းငယ်မျှ ရပ်တန့်မနေတော့ဘဲ လာတုန်းကကဲ့သို့ပင် လေလို လျင်မြန်စွာဖြင့် ရောက်လာရာ လမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် ပြန်လည် ထွက်ခွာသွားကြတော့သည်။

ထိုတပ်မှူးများ စစ်အစီအရင်ကို ဖွင့်လှစ်ပြီးနောက် ဆုတ်ခွာသွားကြသည့် အချိန်မှာပင် စစ်တပ်ကြီး၏ အနောက်ဘက် အခြားတစ်နေရာတွင်မူ…

"အကုန် အဆင်သင့် ဖြစ်ပြီလား"

ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး သံချပ်ကာအပြည့် ဆင်မြန်းထားသော စစ်သည်တစ်ဦးက နှင်းမြူများ အတွင်း၌ တိုးညှင်းစွာ ဟောက်လိုက်သည်။ သန်းနှင့်ချီ၍ စိပ်လှစွာ ပြည့်နှက်နေပြီး တောင်လို ပင်လယ်လို ကျယ်ဝန်းလှသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီး စစ်မြေပြင်တွင် ဤကဲ့သို့သော တိုးညှင်းသည့် ဟောက်သံလေးမှာ မည်သူမှ ကြားနိုင်မည် မဟုတ်ပါချေ။

ယခုအခိုက်အတန့်၌ မည်သူမဆို ဤစစ်သည်၏ရှေ့မှောက်ရှိ အခြေအနေကို မြင်တွေ့လိုက်ရမည်ဆိုပါက ရင်ထဲ၌ ထိတ်လန့်သွားပြီး အနည်းငယ် အေးစိမ့်သွားမည်မှာ သေချာလှပေသည်။

ထိုခန္ဓာကိုယ် တောင့်တင်းခိုင်မာလှသော စစ်သည်၏ ရှေ့မှောက်တွင်မူ အစွမ်းထက်လှသော အရှိန်အဝါများရှိသည့် ဗိုလ်ချုပ်များ တစ်တန်းပြီးတစ်တန်း နေရာယူထားကြသည်ကို ထင်ရှားစွာ မြင်တွေ့ရမည် ဖြစ်သည်။ ခီတန် လူမျိုးများ၊ ရှီလူမျိုးများ၊ ယိုကျိုး ဗိုလ်ချုပ်များ နှင့် ဂိုဂူလျော ဗိုလ်ချုပ်များ အပါအဝင် နိုင်ငံအသီးသီးမှ ဗိုလ်ချုပ် အားလုံးလိုလို ပါဝင်နေကြခြင်းပင်။

ရှေ့တန်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်၌ နိုင်ငံအသီးသီးမှ ဤ ဗိုလ်ချုပ် ဆယ်ဂဏန်းခန့်ကမူ ယခုအခါ သီးသန့် စုစည်းနေကြခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။

"အားလုံး မှတ်ထားကြ၊ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်၊ အောင်မြင်ဖို့ပဲ ရှိရမယ်၊ ကျရှုံးလို့ လုံးဝ မရဘူးနော်"

ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်က ပြင်းထန်စွာ ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

လူတိုင်းက တိုးညှင်းစွာ ဟစ်အော်လိုက်ကြရင်း သံမဏိခံတပ် ဆီသို့ စိုက်ကြည့်နေကြရာ သူတို့၏ အမူအရာများမှာ အလွန်ပင် ရက်စက်ကြမ်းတမ်းလှပေသည်။

နောက်တစ်ခဏတွင် ဟူးခနဲ လေပြင်း တစ်ချက် တိုက်ခတ်လာခဲ့ပြီး နှင်းမြူများမှာ တလိမ့်လိမ့် ထွက်ပေါ်ကာ လွင့်ပျံသွားခဲ့ လူတိုင်း၏ အနောက်ဘက်တွင် ဝေဝါးနေသော အရိပ်ယောင်များ ပေါ်ထွက်လာခဲ့ပြီး ဧရာမ ပုံသဏ္ဌာန်ကြီးများ တစ်တန်းပြီးတစ်တန်း ထင်ရှားလာတော့သည်၊ ထိုအရာများမှာ ကျောက်ခဲပစ်စက်ကြီးများပင် ဖြစ်တော့သည်။

သို့သော် အခြားသော ကျောက်ခဲပစ်စက်များနှင့် နှိုင်းယှဉ်ပါက ဤကျောက်ခဲပစ်စက်များ၏ အရွယ်အစားမှာ သိသိသာသာ သေးငယ်လှပေသည်။ ထို့ပြင် အချို့သော နေရာများတွင် အစိတ်အပိုင်းအလိုက် ပြင်ဆင်မှုများနှင့် အားဖြည့်မှုများကိုပါ လုပ်ဆောင်ထားသေးရာ ဤအရာမှာ အကွာအဝေး တိုတိုအတွက် ပစ်လွှတ်ရန် အထူး တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိသာလှပေသည်။

လက်တွေ့တွင်မူ ဤကျောက်ခဲပစ်စက် များကို ထိုရည်ရွယ်ချက်အတွက် တည်ဆောက်ထားခြင်းပင် ဖြစ်သည်၊ ၎င်းတို့ကို လူများကို ပစ်လွှတ်ရန် အသုံးပြုမည်ဖြစ်ပြီး ကျောက်ခဲများကို ပစ်လွှတ်ရန် မဟုတ်ပါချေ。

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဗိုလ်ချုပ် တစ်ဦးချင်းစီမှာ ကျောက်ခဲပစ်စက် များပေါ်သို့ လျင်မြန်စွာ တက်ရောက်သွားကြတော့သည်။

မဟာထန် ၏ သံမဏိခံတပ် ကြီး၏ ခံစစ်စွမ်းအားမှာ အလွန်ပင် အစွမ်းထက်လွန်းလှပေရာ သာမန် နည်းလမ်းများဖြင့်ဆိုလျှင် လုံးဝဖောက်ထွင်းနိုင်စွမ်း မရှိပါချေ၊ ထို့ကြောင့် ဤ ဗိုလ်ချုပ် တပ်ဖွဲ့ကြီးကို ဤရည်ရွယ်ချက်အတွက် အထူး ဖွဲ့စည်းထားခဲ့ခြင်းပင်။

မဟာထန်၏ ခစစ်မှာ မည်မျှပင် အစွမ်းထက်နေပါစေ၊ သာမန် စစ်သည်များမှာ နောက်ဆုံးတွင်မူ ဗိုလ်ချုပ်များနှင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပါချေ。

ဝုန်း ဝုန်း ဝုန်း

နောက်တစ်ခဏတွင် မြည်ဟည်းသံများကိုသာ အဆက်မပြတ် ကြားလိုက်ရပြီး သံချပ်ကာ အပြည့် ဆင်မြန်းထားသော နိုင်ငံအသီးသီးမှ ဗိုလ်ချုပ် ဆယ်ဂဏန်းခန့်မှာ ခန္ဓာကိုယ်ကို ကွေးထားလိုက်ကြရာ မိုးရေစက်များအလား တဟုန်ထိုး ပစ်လွှတ်ခြင်း ခံလိုက်ရပြီး မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် အဝေးဆီရှိ သံမဏိခံတပ်၏ မြို့ရိုးထိပ်ဆီသို့ ဦးတည် ပျံသန်းသွားကြတော့သည်။

"သတ်စမ်း"

ခဏတာ အချိန်တိုအတွင်းမှာပင် ဂိုဂူလျော ဗိုလ်ချုပ် တစ်ဦးမှာ နှင်းမြူများကို ဖြတ်သန်းကာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်၊ မြေပြင်ပေါ်သို့ ရောက်ရှိသည့် အခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်မှာ ဖြန့်ကျက်သွားခဲ့ပြီး အနောက်ဘက်ရှိ နက်မှောင်နေသော ဓားရှည် လေးစင်းမှာလည်း ပွင့်ဟသွားတော့သည်၊ အမိန့်ပေးသံနှင့်အတူ သူသည် မြို့ရိုးပေါ်ရှိ မဟာထန် စစ်သည်များဆီသို့ ချက်ချင်းပင် တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။

သူ၏ အနောက်တွင်မူ နိုင်ငံအသီးသီးမှ ဗိုလ်ချုပ် များ ပိုမို များပြားလာကာ လိုက်ပါ ခုန်ဆင်းလာကြရာ မျက်တောင်တစ်ခတ်အတွင်း မြို့ရိုးထိပ် တစ်ခုလုံးမှာ လုံးဝ ဖရိုဖရဲ ဖြစ်သွားတော့သည်။

...

******

အခန်း (၂၁၈၅) အက်ကြောင်းကို ဖွင့်လှစ်ခြင်း

"သတင်းပို့ပါတယ် မင်းသား မကောင်းတော့ပါဘူး။ မြို့ရိုးထက်မှာ ဗိုလ်ချုပ်တပ်ဖွဲ့တစ်ခု ရုတ်တရက် ပေါ်လာလို့ ကျွန်တော်တို့စစ်တပ် မတားဆီးနိုင်တော့ပါဘူး"

ခဏတာ အချိန်တိုအတွင်းမှာပင် ခံတပ်၏အလယ်ဗဟို၌ သတင်းပို့စစ်သည်တစ်ဦးသည် ပျာပျာသလဲ အမူအရာဖြင့် ဝမ်ချောင်ရှိရာအရပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏အနောက်ဘက်ရှိ ဗိုလ်ချုပ်အပေါင်းတို့၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြရသည်။

"အရှင်... ကျွန်တော်မျိုး လူတွေကို ဦးဆောင်ပြီး သွားရောက်တားဆီးလိုက်ပါ့မယ်"

ပြတ်သားလှသောအသံတစ်ခုမှာ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့ပြီး ကော်ကျစ်ရီသည် လေးနက်သောအမူအရာဖြင့် ရုတ်တရက် လက်ဝါးချင်းယှက်ကာ လူအုပ်အတွင်းမှ ထွက်လာရင်း ဆိုလိုက်ခြင်းပင်။

သာမန်စစ်သည်များ၏ တိုက်ပွဲအတွင်း၌ မည်သည့်အဆင့်နိမ့်ဗိုလ်ချုပ်တစ်ဦးမဆို ပေါ်ထွက်လာခြင်းကပင် ကြီးမားလှသော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေရန် လုံလောက်လှပေရာ၊ ဗိုလ်ချုပ်တပ်ဖွဲ့တစ်ခုလုံးအတွက်မူ ပြောနေရန်ပင် မလိုတော့ပါချေ၊ မြို့ရိုးပေါ်ရှိ မြို့စောင့်တပ်ဖွဲ့မှာမူ ၎င်းကို ခုခံတားဆီးနိုင်စွမ်း လုံးဝမရှိကြပါချေ၊ အကယ်၍ မတားဆီးဘဲ ထားလိုက်မည်ဆိုပါက နောက်ဆက်တွဲရလဒ်များမှာ တွေးဝံ့စရာပင် မဟုတ်တော့ပါချေ။

"သွားတော့"

ဝမ်ချောင်က လက်ကိုအသာအယာ ယမ်းပြလိုက်ရင်း လျင်မြန်စွာ စကားဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ကော်ကျစ်ရီက ကိုယ်ကိုကိုင်းကာ အလေးပြုလိုက်ပြီးနောက် လျင်မြန်စွာ လှည့်ထွက်သွားခဲ့ပြီး ခြေလှမ်းခပ်သွက်သွက်ဖြင့် ထွက်ခွာသွားတော့သည်။

မဟာထန်၏ အလယ်အလတ်အဆင့် ဗိုလ်ချုပ် အရေအတွက်မှာ အမှန်တကယ်တော့ နိုင်ငံအသီးသီးထက် နည်းပါးခြင်းမရှိပါချေ၊ ဗိုလ်ချုပ်တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းရန်မှာလည်း ခက်ခဲသောကိစ္စတစ်ခု မဟုတ်ပါချေ။

ကော်ကျစ်ရီက စစ်ကြောင်းကို ဦးဆောင်ကာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ချောင်သည် ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်ကာ မျက်လုံးများကို အနည်းငယ်မှေးထားလိုက်ရင်း နက်ရှိုင်းစွာ တွေးတောနေတော့သည်။

ရှေ့တန်းမှ စစ်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ကြည်လင်တောက်ပြောင်လှသော ရေခဲတံတားမှာ စစ်ရထားလေးများ၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် တဖြည်းဖြည်း ပြိုကျပျက်စီးနေတော့သည်။ သို့သော်လည်း ထိုရေခဲတံတားများ ပြိုကျနေမှုကမူ ရူးသွပ်နေသော မဟာမိတ်တပ်ဖွဲ့ စစ်သည်များကို တားဆီးနိုင်စွမ်းမရှိပါချေ။

ရှီဘုရင်မ အစွမ်းကုန် အားထုတ်ကာ ဖန်တီးထားသော ရေခဲတံတားမှာ ထင်မှတ်ထားသည်ထက် များစွာခိုင်မာလှပေသည်။

နှင်းမြူများမှာ အဆက်မပြတ် ပိုမိုထူထပ်လာနေခဲ့ပြီး မြို့ရိုးထက်မှနေ၍ တလိမ့်လိမ့် ထွက်ပေါ်လာတော့သည်။

ဝမ်ချောင်က အဝေးဆီသို့ လှမ်းကြည့်လိုက်ရင်း တစ်စုံတစ်ရာကို တွေးတောနေပုံရပေသည်။

"အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားနေတာပဲ၊ အမည်းရောင်ဝတ်စုံဝတ် တပ်ဖွဲ့၊ ဗိုလ်ချုပ်တပ်ဖွဲ့၊ နှင်းမုန်တိုင်း... ဒီလောက်လေးနဲ့တော့ ငါ့ရဲ့သံမဏိခံတပ်ကို လုံးဝဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး၊ အန်းလုရှန်းမင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"

ဝမ်ချောင်သည် မြောက်ဘက်ရှိ နိုင်ငံအသီးသီး တည်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်၌ ပြုံးယောင်သန်းနေသော အမူအရာများ ပေါ်ထွက်နေတော့သည်။

လက်ရှိတွင် မည်သည့်လှုပ်ရှားမှုမျိုးကို အတိအကျ ပြုလုပ်မည်ကို မသိရှိရသေးပါသော်လည်း၊ လက်ရှိတွင် အန်းလုရှန်းသည် သေချာပေါက် တစ်စုံတစ်ရာကို ပြင်ဆင်နေကြောင်း သူ အခိုင်အမာ ကောက်ချက်ချနိုင်ပေသည်။

"အမိန့်ပေးလိုက်စမ်း…စစ်တပ်အားလုံး အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြစေ"

"အရာရာကို ငါ့ရဲ့အမိန့်အတိုင်းပဲ လုပ်ဆောင်ကြစေ"

ဝမ်ချောင်က ရှေ့တည့်တည့်ကို ကြည့်ရင်း ရုတ်တရက် စကားဆိုလိုက်ရာ သူ၏မျက်ဝန်းထဲ၌ ခန့်မှန်းရခက်ခဲလှသောအလင်းတန်းတစ်ခု မသိမသာ ဖြတ်ပြေးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့ရာ စိတ်အာရုံချောက်ခြားမှုတစ်ခုအလား မြန်ဆန်လှပေသည်။

"ဟုတ်ကဲ့ပါ အရှင်"

သတင်းပို့စစ်သည်တစ်ဦးသည် လျင်မြန်စွာ လှည့်ထွက်သွားခဲ့ပြီး ထွက်ခွာသွားတော့သည်။

နှင်းမှုန်များ တလိမ့်လိမ့် ထွက်ပေါ်နေခဲ့ပြီး စစ်အစီအရင်ဖြင့် ပြောင်းလဲလိုက်သော ရာသီဥတုအပြောင်းအလဲမှာမူ သဘာဝရာသီဥတု၏ နယ်ပယ်အတွင်း၌ မရှိတော့ပါချေ။

ဝမ်ချောင် သို့မဟုတ် အန်းလုရှန်း၏ စွမ်းရည်များဖြစ်စေ၊ ဤကဲ့သို့သော စစ်အစီအရင်ကြောင့် ဖြစ်ပေါ်လာသည့် အနိမ့်ပိုင်း လေထုအပြောင်းအလဲများကို လုံးဝ သက်ရောက်မှု မရှိနိုင်ပါချေ။

ယန္တရားသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

သံမဏိယန္တရားများ၏ ပြင်းထန်လှသော မြည်ဟည်းသံများမှာ နိုင်ငံအသီးသီး၏ စစ်တပ်ကြီး၏ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့ပြီး၊ ထူးဆန်းလှကာ ရှေးဆန်ပြီး ရှုပ်ထွေးလှသော ယန္တရားကြီး သုံးစီးမှာ ဧရာမ သားရဲကြီးများအလား မြေပြင်ပေါ်တွင် ဝပ်စင်းနေကြသည်ကို မည်သူမျှ သတိမပြုမိကြပါချေ။

ထိုရှေးဆန်လှသော ယန္တရားကြီးများ၏ ကိုယ်ထည်ပေါ်တွင် ရှုပ်ထွေးလှသော ပန်းနွယ်ပုံစံများ ရှိနေကြပြီး ယန္တရား၏ရှေ့ဆုံးတွင်မူ ဧရာမ ပြောင်းဝကြီးတစ်ခု ရှိနေတော့သည်။

မှောင်မည်းနေသော ထိုပြောင်းဝကြီးအတွင်း၌မူ အချင်းအားဖြင့် ငါးမီတာ ခြောက်မီတာခန့် ရှိလှသော ဧရာမ သံလုံးကြီးတစ်ခု ရှိနေတော့သည်။

ထိုသံလုံးကြီးမှာ ပုံသဏ္ဌာန်မဲ့သော ခွန်အားကြီးတစ်ခု၏ ပံ့ပိုးမှုကြောင့် ပြောင်းဝတွင် လွင့်မြောနေခဲ့ပြီး အဆက်မပြတ် လိမ့်တက်နေလျက် လည်ပတ်နေတော့သည်။ ထိုဧရာမသံလုံးကြီး၏ အပေါ်ယံမျက်နှာပြင်တွင်မူ အလွန်ပင် အန္တရာယ်ရှိပုံရသော အပြာရောင် အလင်းတန်းများမှာ တောက်ပလင်းလက်နေကြသည်။ ထို့နောက် ပင့်ကူမျှင်အလား သေးသွယ်လှကာ ထိတ်လန့်စရာကောင်းသောအရှိန်ဖြင့် အဆက်မပြတ် ရွေ့လျားနေကြလျက် ဧရာမစစ်အစီအရင်ကြီးတစ်ခုအဖြစ်သို့ အဆက်မပြတ် ဖွဲ့စည်းနေကြတော့သည်။

အကယ်၍ ဤနေရာတွင် လူတစ်ဦး ရှိနေမည်ဆိုပါက ဤစစ်အစီအရင်များအတွင်း၌ ပြင်းထန်ပြီး အန္တရာယ်ရှိသော စွမ်းအင်ကြီးတစ်ခု ကိန်းအောင်းနေသည်ကို သေချာပေါက် ခံစားမိရပေလိမ့်မည်

စစ်အစီအရင်၏ အောက်ဘက်၊ သံလုံးကြီး၏ အတွင်းပိုင်း၌မူ ဒီရေများအလား တလိမ့်လိမ့် ထွက်ပေါ်နေသော ပိုမိုကြီးမားလှသည့် စွမ်းအင်ကြီးတစ်ခု ရှိနေသေးသည်။ ထိုစွမ်းအင်မှာ တောက်လောင်နေသော မီးတောင်ချော်ရည်များအလား အလွန်ပင် တည်ငြိမ်လှပေရာ ၎င်းအတွင်း၌ ကိန်းအောင်းနေသော ဖျက်ဆီးနိုင်စွမ်း ခွန်အားကြီးများမှာ မည်သူ့ကိုမဆို ရင်ထဲ၌ တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။

ဤသည်မှာ စိတ်ကူးပုံဖော်၍ ရနိုင်သည်ထက် သာလွန်လှသော ထိတ်လန့်စရာကောင်းသည့် ခွန်အားကြီးတစ်ခုပင် ဖြစ်တော့သည်။

တဂျောက်ဂျောက် ဟူသော ယန္တရားသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

ခဏတာ အချိန်တိုအတွင်းမှာပင် ယန္တရား မောင်းတံများနှင့် စက်သွားများ လည်ပတ်သံများနှင့်အတူ ရှေးဆန်ပြီး ထိတ်လန့်စရာကောင်းသော ထိုယန္တရား မိစ္ဆာကောင်ကြီး သုံးစီးမှာ သူတို့၏ပြောင်းဝကို ဖြည်းညင်းစွာ လှည့်လိုက်ကြပြီး အဝေးဆီရှိ မဟာထန်၏ သံမဏိခံတပ် ရှိရာအရပ်ဆီသို့ တိကျစွာ ဦးတည်လိုက်ကြတော့သည်။

ထို့နောက်တွင်မူ မျက်တောင်တစ်ခတ်အတွင်း ပစ်လွှတ်လိုက်ကြတော့သည်။

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

ထို့နောက် ဝုန်းခနဲ တတိယမြောက် ပေါက်ကွဲသံကြီးတစ်ခုပါ ထွက်ပေါ်လာတော့သည်။

ဧရာမ သံလုံးကြီးသုံးလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် တဟုန်ထိုး မြောက်ထွက်သွားကြတော့သည်။

"သတ်စမ်း"

တစ်ချိန်တည်းမှာပင် မြို့ရိုးထက်၌ ကော်ကျစ်ရီက စစ်ကြောင်းကို ဦးဆောင်လျက် အရှေ့မြောက်ဘက် နိုင်ငံအသီးသီးမှ ရောက်လာသော ဗိုလ်ချုပ်တပ်ဖွဲ့များနှင့် အပြင်းအထန် တိုက်ခိုက်နေချိန်တွင် ရုတ်တရက်ဆိုသလို မည်သည့်နိမိတ်လက္ခဏာမျှ မရှိဘဲ အရှေ့မြောက်ဘက် အရပ်မျက်နှာမှနေ၍ ဧရာမ သံလုံးကြီးတစ်ခုသည် ရုတ်တရက် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ ဖျက်ဆီးနိုင်စွမ်းရှိသော ခွန်အားကြီးများကို သယ်ဆောင်လျက် မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသောအရှိန်ဖြင့် မည်သည့်အကာအကွယ်မျှမရှိသော ဤမြင့်မားလှသည့် မြို့ရိုးပေါ်သို့ ပြင်းထန်စွာ ရိုက်ကျသွားတော့သည်။

ဝုန်းခနဲ ကမ္ဘာပျက်မတတ် ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

ဤအခိုက်အတန့်၌ ထွက်ပေါ်လာသော ပြင်းထန်လှသည့် မြည်ဟည်းသံကြီးကို မည်သူမျှ စကားလုံးဖြင့် ပုံဖော်နိုင်စွမ်း မရှိကြပါချေ၊ သံလုံးကြီး မြေပြင်သို့ ရိုက်ကျသွားသည့် အခိုက်အတန့်တွင် မြေပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး ထိုပေါက်ကွဲသံကြီးမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အလုံးစုံအသံများကို တိုက်ရိုက်ပင် ဖုံးလွှမ်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိတ်လန့်စရာကောင်းလှသော ဖျက်ဆီးနိုင်စွမ်း စွမ်းအားကြီးတစ်ခုမှာ မုန်တိုင်းအလား သံလုံးကြီးအတွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဟာလာဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဤထိတ်လန့်စရာကောင်းသော ခွန်အားကြီး၏ ရိုက်ခတ်မှုအောက်တွင် မျက်တောင်တစ်ခတ်အတွင်းမှာပင် ယခင်က အလွန်ပင် ထူထဲလှပြီး သံမဏိအလား ခိုင်မာလှသော သံမဏိမြို့ရိုးကြီးမှာ ချက်ချင်းပင် စက္ကူဖြင့် ပြုလုပ်ထားသကဲ့သို့ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရပြီး လုံးဝပြိုကျပျက်စီးသွားတော့သည်။

ဖုန်မှုန့်များ တလိမ့်လိမ့် ထွက်ပေါ်နေခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများမှာ ပေရာချီ မြင့်မားစွာ တက်သွားခဲ့ရကာ မရေမတွက်နိုင်သော အပိုင်းအစများမှာလည်း ပြင်းထန်လှသော စွမ်းအင်များကြောင့် နေရာအနှံ့သို့ လွင့်စင်သွားကြတော့သည်။ ထိုဧရာမ ပေါက်ကွဲသံကြီးနှင့်အတူ ကြီးမားလှသော သံမဏိခံတပ်ကြီးပေါ်တွင်လည်း မျက်တောင်တစ်ခတ်အတွင်း မီတာ ရာချီ ရှည်လျားလှသော ဧရာမ အက်ကြောင်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်သွားတော့သည်။

အလားတူသော ပေါက်ကွဲမှုမျိုးမှာလည်း သံမဏိခံတပ်၏ အနောက်ဘက်ခြမ်းနှင့် အလယ်ဗဟိုပိုင်းရှိ မြို့ရိုးနေရာ နှစ်ခုတွင်လည်း ဖြစ်ပွားခဲ့သည်။

ဤအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်သွားခဲ့ရပြီး မည်သည့်အသံမျှ ထွက်ပေါ်ခြင်း မရှိတော့ပါချေ။ စစ်မြေပြင်တစ်ခုလုံးသည်လည်း ရုတ်တရက် ငြိမ်သက်သွားတော့သည်။

သံမဏိခံတပ်၏ မြောက်ဘက်မျက်နှာစာတွင် ရုတ်တရက် ပေါ်ထွက်လာသော အက်ကြောင်းကြီး သုံးခုမှတစ်ဆင့် ခံတပ်အတွင်းပိုင်းရှိ မဟာထန်စစ်တပ်နှင့် မျက်နှာချင်းဆိုင်မှ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ အချင်းချင်း လှမ်းမြင်နေကြရပြီး လူတိုင်းမှာ ငြိမ်သက်နေကြတော့သည်။

ဤအခိုက်အတန့်၌ အချိန်များပင်လျှင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ဤကဲ့သို့သော အပြောင်းအလဲမျိုးကို မည်သူမျှ ကြိုတင်မတွေးထားမိကြပါချေ။

မဟာထန်၏ သံမဏိခံတပ်ကြီးမှာ အလွန်ပင် ခိုင်မာလှပေရာ မြို့ရိုးကိုယ်ထည်အတွင်း၌ ထိတ်လန့်စရာကောင်းပြီး များပြားလှသော ကာကွယ်ရေး မန္တန်များနှင့် စစ်အစီအရင်များကို ထည့်သွင်းထားခြင်း ဖြစ်သည်။ ဤမျှသာမက ဝမ်ချောင်သည် ခံတပ်တစ်ခုလုံး၏ မြေအောက်၌ ဧရာမ စစ်အစီအရင်ကြီးတစ်ခုကို တည်ဆောက်ထားခဲ့သဖြင့် သံမဏိခံတပ်တစ်ခုလုံး၏ မြို့ရိုးများကို တစ်သားတည်း ဖြစ်စေကာ ပိုမိုခိုင်မာသွားစေခဲ့ပြီး လွယ်လင့်တကူ ဖောက်ထွင်းနိုင်ရန် လုံးဝမဖြစ်နိုင်ပါချေ။

၎င်းကို သံမဏိထက်မက ခိုင်မာလှသည် ဟူသော စကားလုံးဖြင့် ဖော်ပြမည်ဆိုပါကလည်း အနည်းငယ်မျှ လွန်အံ့မရှိပါချေ။

တိုက်ခိုက်နေသည့် လုပ်ငန်းစဉ်အတွင်း၌ နိုင်ငံအသီးသီးမှ ဗိုလ်ချုပ်အများအပြားမှာ ထိပ်တန်းလက်နက်များကို အသုံးပြုကာ မြို့ရိုးကို ခုတ်ပိုင်းဖျက်ဆီးရန် ကြိုးစားခဲ့ကြပါသော်လည်း အစင်းကြောင်းလေးတစ်ခုမျှပင် မကျန်ရစ်စေခဲ့ပါချေ၊ ထို့ထက် ပိုမိုသော အရာများအတွက်မူ ပြောနေရန်ပင် မလိုတော့ပါချေ။

နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များ ဤမျှလောက် ကြာမြင့်စွာ တိုက်ခိုက်ခဲ့ပါသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ခြင်းမှာလည်း ဤအချက်နှင့် ကြီးမားလှသော ဆက်စပ်မှု ရှိနေပေသည်။

သို့သော်လည်း မည်သူမျှ မထင်မှတ်ထားခဲ့သည်မှာ ဤမျှလောက် ကြာမြင့်စွာ တိုက်ခိုက်ခဲ့ရပြီး လူအမြောက်အမြား သေဆုံးခဲ့ရသော သံမဏိမြို့ရိုးကြီးမှာ ယခုအခိုက်အတန့်တွင်မူ ကြီးမားလှသော မြို့ရိုးအက်ကြောင်းကြီး သုံးခုအဖြစ် လွယ်လင့်တကူ ဖောက်ထွင်းခြင်း ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။

သောင်းနှင့်ချီသော မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ မျက်လုံးအစုံကို ပြူးလျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း စကားတစ်ခွန်းမျှ မဆိုနိုင်ကြတော့ပါချေ။

သို့သော်လည်း များမကြာမီမှာပင် ဧရာမယိုကျိုးစစ်အလံကြီးအောက်တွင် အန်းလုရှန်းသည် ခါး၌ ဓားရှည်ကို ချိတ်ဆွဲထားလျက် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

"မင်းကတော့ ငါ့ကို တကယ်ပဲ စိတ်မပျက်စေဘူးပဲ"

ထိုကြီးမားလှသော အက်ကြောင်းကြီး သုံးခုကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်းသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

ဝမ်ချောင်အနေဖြင့် ချန်းကျိုးတွင် ဤသံမဏိခံတပ်ကြီးကို တည်ဆောက်ထားခဲ့သည်ဆိုလျှင်ရော ဘာဖြစ်သနည်း။ သူ့အား တားဆီးနိုင်ခြင်း မရှိသည်မှာ အတူတူပင် မဟုတ်ပါလော။

ဤမြင့်မားလှသော မြို့ရိုးများ၏ အတားအဆီး မရှိတော့ပါက မဟာထန်ဘက်တွင် သူ့အား တားဆီးနိုင်မည့်အရာ မည်သည့်အရာမျှ ရှိတော့မည် မဟုတ်ပါချေ။

ကြီးမားလှသော အက်ကြောင်းကြီး သုံးခုကို ဖွင့်လှစ်လိုက်ခြင်းမှာ အောင်ပွဲဆီသို့ ဦးတည်သွားမည့် တံခါးကြီး သုံးချပ်ကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်တော့သည်။

"ဟွန်း... ဒီသံလုံးကြီး သုံးလုံးထဲမှာ ရှိတဲ့အရာက မူလက ကမ္ဘာကြီးကို ပြန်လည်တည်ဆောက်ဖို့အတွက် အသုံးပြုရမဲ့ စွမ်းအင်တွေပဲ၊ အဲဒီစွမ်းအင်က အရမ်းမတည်ငြိမ်လို့ သံလုံးကိုယ်ထည်ပေါ်မှာ စစ်အစီအရင်တွေကို အသုံးပြုပြီး တည်ငြိမ်အောင် လုပ်ထားရလို့သာပေါ့၊ မဟုတ်ရင် အစောကြီးကတည်းက ထုတ်သုံးပြီးသား၊ ဒါကလည်း ယခုတစ်ကြိမ် စစ်ပွဲမှာ ကောင်းကင်ဘုံက မင်းကို အကြီးမားဆုံး ကူညီပေးလိုက်တာပဲ"

"အခု လမ်းကြောင်း ပွင့်သွားပြီဆိုတော့ ကမ္ဘာ့သားတော်... နောက်ပိုင်း ကိစ္စတွေကိုတော့ မင်းဆီပဲ အပ်လိုက်တော့မယ်"

ရှန့်ကုန်းအကြီးအကဲက စကားဆိုလိုက်ရင်း စကားအဆုံးတွင် ဝတ်ရုံစကို ခါလိုက်ကာ မျက်နှာပေါ်၌ မာနထောင်လွှားမှုများ ပြည့်နှက်နေတော့သည်။

လက်ရှိ မြင်ကွင်းနှင့် ပတ်သက်၍ သူသည် အနည်းငယ်မျှ အံ့ဩခြင်း မရှိပါချေ၊ သိရှိထားရမည်မှာ ဤအရာမှာ မူလက သန့်စင်ခြင်း အစီအစဉ်ကို လုပ်ဆောင်ရန်အတွက် အသုံးပြုသောအရာဖြစ်ပြီး ထိုက်အဆင့် ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သောအရာဖြစ်သဖြင့်၊ အန်းလုရှန်းအား မြို့ရိုးကို ဖောက်ထွင်းရန် ကူညီပေးခြင်းမှာ အမှန်တကယ်တော့ အလွန်ပင် အသုံးလွန်လှပေသည်။

ယခုတစ်ကြိမ် စစ်ပွဲကြီးမှာ အလွန်ပင် အရေးကြီးလှသဖြင့် ကောင်းကင်ဘုံက အလွန်အမင်း အလေးထားနေခြင်းကြောင့်သာ မဟုတ်ပါက၊ အောင်မြင်မှုသာ ရှိရမည်ဖြစ်ပြီး ကျရှုံး၍ မရနိုင်သောကြောင့်သာ မဟုတ်ပါက ဤကဲ့သို့သောအရာကို သူ လွယ်လင့်တကူ ထုတ်ပေးလိမ့်မည် မဟုတ်ပါချေ။

"ဟားဟား... ကောင်းတယ်"

အန်းလုရှန်း၏ တစ်ကိုယ်လုံးရှိ သံချပ်ကာများမှာ လှုပ်ခါသွားခဲ့ပြီး သံမဏိများ ထိခတ်မိသကဲ့သို့သောအသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ သူ၏မျက်ဝန်းအစုံကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်လိုက်သည့်အခါတွင်လည်း အလင်းတန်းများ ပန်းထွက်လာခဲ့ပြီး အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။

"အမိန့်ပေးလိုက်စမ်း၊ စစ်တပ်တစ်ခုလုံး ချီတက်ကြစေ"

အေးစိမ့်လှသော ခရုသင်းသံကြီး ထွက်ပေါ်လာတော့သည်။

အန်းလုရှန်း၏ အမိန့်နှင့်အတူ အေးစိမ့်လှသော ခရုသင်းသံကြီး ထပ်မံထွက်ပေါ်လာခဲ့ပြန်ရာ၊ ယိုကျိုးစစ်တပ်တစ်ခုလုံးမှာ လုံးဝဆူပွက်သွားခဲ့ရပြီ ဖြစ်သည်။

"ဟားဟားဟား... အန်းလုရှန်း မင်းကတော့ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ သားတော်အစစ်ပဲ၊ စစ်သည်တို့... အမိန့်ကို နာခံကြ,အကုန် သတ်ပစ်ကြစမ်း"

ခီတန်ဘုရင်သည်လည်း ယခုအခါတွင် စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူ၏ မျက်နှာပေါ်ရှိ ထူထဲလှသော မုတ်ဆိတ်မွှေးများမှာလည်း လှုပ်ခါနေတော့သည်။

မြို့သိမ်းတိုက်ပွဲဆိုသည်မှာ ခီတန် လူမျိုးများ ကျွမ်းကျင်သောအရာ လုံးဝမဟုတ်ပါချေ၊ ယခုကဲ့သို့သော အသားချင်း ရိုက်ခတ်ပြီး ဓားချင်းယှဉ် တိုက်ခိုက်ရမည့် အနီးကပ် တိုက်ပွဲမျိုးကသာ ခီတန် လူမျိုးများ အလိုချင်ဆုံးသော အရာပင် ဖြစ်တော့သည်။

"အမိန့်ပေးလိုက်စမ်း၊ မြို့ကို သိမ်းပိုက်ဖို့ ပြင်ကြစမ်း"

တစ်ချိန်တည်းမှာပင် ဓားများနှင့် လက်နက်များ ထိခတ်မိသကဲ့သို့သော အသံများ ထွက်ပေါ်လာခဲ့ပြီး၊ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်း၏ မျက်ဝန်းများမှာ စူးရှလှပေရာ မျက်တောင်တစ်ခတ်အတွင်း သူ၏ အနောက်ရှိ နက်မှောင်နေသော ဓားရှည်များကို ဆွဲထုတ်လိုက်ပြီး တစ်ကိုယ်လုံးမှ ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ယခင်က စစ်ပွဲများမှာ အလွန်ပင် စိတ်ရှုပ်ထွေးဖွယ် ကောင်းလှပေရာ ယခုအခိုက်အတန့်ကသာ သူ အလိုချင်ဆုံးသော အချိန်အခါပင် ဖြစ်တော့သည်။

"ဟိန်းဟိန်း... အမိန့်ပေးလိုက်စမ်း၊ တိုက်ခိုက်ဖို့ ပြင်ကြ၊ မဟာထန်ကို အမြစ်ပြတ် သုတ်သင်ပစ်မယ်"

"စစ်တပ်ကြီး အားလုံး အမိန့်ကို နာခံကြ၊ ချီတက် တိုက်ခိုက်ဖို့ ပြင်ကြစမ်း"

အခြားတစ်ဖက်တွင်မူ အစွမ်းအစများစွာ ဆုံးရှုံးသွားခဲ့ရသော ရှီဘုရင်မနှင့် ဝူဆူမစ်ရှ် ခါဂန်းတို့သည်လည်း တိုက်ခိုက်ရေး အမိန့်များကို အသီးသီး ထုတ်ပြန်လိုက်ကြတော့သည်။

စစ်သည်များ၏ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

အမိန့်ကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ စိတ်ဓာတ်များ တဟုန်ထိုး မြင့်တက်သွားကြရပြီး ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ကောင်းကင်ယံဆီသို့ တိုက်ရိုက် ထိုးတက်သွားတော့သည်။

စစ်ဗုံသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာပြန်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော စစ်ဗုံသံကြီးများမှာ အလွန်ပင် ပြင်းထန်လှစွာဖြင့် စစ်မြေပြင်ပေါ်၌ ထပ်မံထွက်ပေါ်လာတော့သည်။

စစ်ဗုံသံကြီးများနှင့်အတူ ယခုတစ်ကြိမ်တွင်မူ စစ်တပ်ကြီး အားလုံးမှာ ရှေ့သို့ တစ်ပြိုင်နက်တည်း ချီတက်လာကြတော့သည်၊ မျက်တောင်တစ်ခတ်အတွင်း ဖုန်မှုန့်များ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး နှင်းမုန်တိုင်းကြီးများမှာလည်း ကောင်းကင်ယံအထိ ပြည့်နှက်သွားခဲ့ကာ အခြေအနေတစ်ခုလုံးမှာ နိုင်ငံအသီးသီး ဘက်သို့ လျင်မြန်စွာ အသာစီး ရရှိသွားတော့သည်။

ဝုန်းခနဲ ပြင်းထန်လှသော မြည်ဟည်းသံကြီး ထွက်ပေါ်လာတော့သည်။

စစ်မြေပြင်၏ ရှေ့ဆုံးတွင်မူ ဒိုင်းလွှားလှည်းများမှာ တစ်တန်းတည်း နေရာယူလိုက်ကြပြီး ငွေရောင် တံတိုင်းရှကြီးတစ်ခုအလား ဖွဲ့စည်းလိုက်ကြကာ ရှေ့သို့ လျင်မြန်စွာ ချီတက်လာကြတော့သည်။

အပြင်းအထန် တိုက်ခိုက်နေကြစဉ်အတွင်းမှာပင် နိုင်ငံအသီးသီး ဘက်မှ မဟာထန် ၏ အိပ်မက်ဆိုးအလား ဖြစ်စေနိုင်သော စစ်ရထားလေး များ၏ တိုက်ခိုက်မှုကိုမူ အနည်းငယ်မျှ မေ့လျော့ခြင်း မရှိဘဲ ကာကွယ်ထားကြဆဲပင်။

ပို၍နောက်ကျသော နေရာတွင်မူ နှစ်ဖက်စလုံးမှ စစ်သည်များနှင့် မြင်းတပ်များမှာ အလုံးစုံ ပြင်ဆင်ပြီးသွားခဲ့ပြီဖြစ်ကာ၊ သောင်းနှင့်ချီသော နိုင်ငံအသီးသီးမှ သံချပ်ကာမြင်းတပ်များမှာ တစ်ကိုယ်လုံးမှ သွေးရောင်အရှိန်အဝါများ ထွက်ပေါ်နေကြလျက် စိပ်လှသော စစ်ကြောင်းများကို ဖွဲ့စည်းလိုက်ကြကာ မြို့ရိုးအက်ကြောင်း သုံးခု၏ မျက်နှာချင်းဆိုင် နေရာတွင် စုစည်းမိလာကြတော့သည်။

"သတ်စမ်း.."

စူးရှလှသော အော်ဟစ်သံနှင့်အတူ မြေပြင်ကြီး ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ရပြီး နိုင်ငံအသီးသီးမှ သံချပ်ကာမြင်းတပ်များနှင့်အတူ ခြေလျင်တပ်၊ လှံရှည်တပ်၊ ဒိုင်းလွှားတပ်များမှာ တစ်ဦးပြီးတစ်ဦး ဟစ်အော်လိုက်ကြရင်း ခံတပ်အတွင်းရှိ မဟာထန် စစ်တပ်ဆီသို့ တဟုန်ထိုး လွှမ်းခြုံ တိုက်ခိုက်လိုက်ကြတော့သည်။

လေပြင်းတစ်ချက် ပြင်းထန်စွာ တိုက်ခတ်သွားတော့သည်။

စစ်တပ်ကြီး၏ လှုပ်ရှားမှုများနှင့်အတူ ကောင်းကင်နှင့် မြေကြီးကြား၌ ပြင်းထန်လှသော လေပြင်းများ ထပ်မံတိုက်ခတ်လာခဲ့ပြီး သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ ဦးတည် တိုက်ခတ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ သံမဏိမြို့ရိုးအတွင်း၌ ဝမ်ချောင်သည် မျက်လုံးအစုံကို အနည်းငယ် မှေးထားလိုက်ရင်း ဧရာမ မဟာထန် စစ်အလံကြီးအောက်တွင် မတ်မတ်ရပ်နေလျက် အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပါချေ။

"ဒီလိုကိုး စွမ်းအင်ဗဟိုချက်... မထင်မှတ်ထားမိဘူး၊ ထျန်းက မင်းကို အနိုင်ရစေဖို့အတွက် ဒီလိုပစ္စည်းမျိုးကိုတောင် ပေးအပ်ထားလိမ့်မယ်လို့"

ဝမ်ချောင်သည် သူ၏မျက်လုံးအစုံကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏မျက်ဝန်းထဲ၌ တောက်ပလှသော အလင်းတန်းတစ်ခု မသိမသာ ဖြတ်ပြေးသွားတော့သည်။

******

All Chapters