← Chapters

အခန်း (၂၁၇၇-၂၁၇၉)

Vol. 135 Ch. 2177-2179

အခန်း (၂၁၇၇-၂၁၇၉)

Vol. 135 Ch. 2177-2179

အခန်း (၂၁၇၇) မြို့ကို ဖောက်ထွင်းနိုင်မဲ့ မျှော်လင့်ချက်

"ဒီကောင်တွေ အခုထိ လက်မလျှော့သေးဘူးပဲ"

ယခုအခိုက်အတန့်၌ မြို့အတွင်းရှိ ဧရာမ စစ်အလံကြီးအောက်တွင် အာပုစစ်သည် ကြေးနီရောင် သံချပ်ကာကို ဆင်မြန်းထားလျက် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

"သူတို့ လက်လျှော့ဖို့ မဖြစ်နိုင်သလို လက်လျှော့လို့လည်း မရပါဘူး။ ရေဆန်တက်နေတဲ့ လှေလိုပဲ ရှေ့မတိုးရင် နောက်ဆုတ်သွားရမှာပဲ။ အအေးလှိုင်းတွေ ကျရောက်လာပြီဆိုတော့ သူတို့အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး"

ဝမ်ချောင်က ရှေ့တည့်တည့်ကို ကြည့်ရင်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။

လေးသောင်းသော သံချပ်ကာ ခြေလျင်စစ်သည်တွေ မြို့ထဲကို ပြန်ဆုတ်လာပြီး မြို့သိမ်းတိုက်ပွဲ စတင်ကတည်းက သူတို့အားလုံး မြို့အတွင်းပိုင်းကို ပြန်ဝင်လာခဲ့ကြတာ ဖြစ်သည်။

ဗိုလ်ချုပ်တစ်ဦးအတွက် အရေးကြီးဆုံးက ရှေ့တန်းမှာ ဓားချင်းယှဉ် တိုက်ခိုက်နေဖို့ မဟုတ်ဘဲ အလယ်ဗဟိုကနေ စီမံခန့်ခွဲပြီး အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ဖို့သာ ဖြစ်သည်။ စစ်ပွဲ အရှိန်မြင့်လာတဲ့ အချိန်မှာ သူတို့နှစ်ဦး ရှေ့တန်းမှာ ပေါ်လာဖို့ မလိုအပ်တော့ပါချေ။

"ဝမ်ချောင် မင်း အခု ချထားတဲ့ ခံစစ်မျဉ်းတွေကို သူတို့ ဖောက်ထွက်နိုင်ပါ့မလား"

အာပုစစ်က အနည်းငယ် သံသယရှိစွာဖြင့် မေးမြန်းလိုက်သည်။ အကြိမ်အနည်းငယ် ပူးပေါင်းဆောင်ရွက်ပြီးနောက် ဝမ်ချောင်၏အရည်အချင်းအပေါ် သူ အလွန်ပင် ယုံကြည်ကိုးစားနေပြီ ဖြစ်သည်။ ဝမ်ချောင်ချထားတဲ့ ခံစစ်မျဉ်းတိုင်းက သေမင်းရဲ့ရိတ်သိမ်းမှုတွေလို ဖြစ်နေတာကြောင့် နိုင်ငံအသီးသီးက မဟာမိတ်တပ်ဖွဲ့တွေ အခုလို အချိန်မှာ တိုက်ခိုက်လာတာက အသေခံတာနဲ့ မခြားဘူးလို့ သူ ထင်မြင်နေမိသည်။

"ပေါ့ဆလို့တော့ မဖြစ်ဘူး"

ဝမ်ချောင်က ခေါင်းယမ်းလိုက်ပြီး လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်သည်။ "ယိုကျိုးဘက်မှာ နာမည်ကြီး ဗိုလ်ချုပ်တွေ မရှိသလို ဗိုလ်ချုပ်တွေ အားလုံးကလည်း တစ်လောကလုံးမှာ နာမည်မရှိကြပေမဲ့ သူတို့ကို လုံးဝ အထင်သေးလို့ မရဘူး"

ဝမ်ချောင်သည် မည်သည့်ပြိုင်ဘက်ကိုမဆို လျှော့မတွက်တတ်ပါချေ။ ကြက်သတ်လျှင်ပင် နွားသတ်ဓားကို သုံးတတ်သည့်သူ ဖြစ်သည်။ ယိုကျိုးက လူတွေဖြစ်ကြတဲ့ ချွေချန်းယုံ၊ ထျန်းချန်းစီ၊ ထျန်းချန်ကျန်းတို့ဖြစ်စေ ကျောက်ကန်း၊ ပိုင်ကျန်ထော်လော့နဲ့ ကောင်းရှန်းတို့သည် မဟာထန် တစ်ခုလုံးမှာရော တစ်လောကလုံးမှာပါ နာမည်ကျော်ကြားမှု မရှိကြပါချေ။

အာပုစစ်က အခုလို ပြောတာကလည်း ဒီအကြောင်းရင်းကြောင့်ပဲ ဖြစ်သည်။ ဒါပေမဲ့ ဝမ်ချောင်ကတော့ ဒီလူတွေထဲမှာ သာမန်လူ တစ်ယောက်မှ မပါဘူးဆိုတာ ကောင်းကောင်း သိနေသည်။

နာမည်မကျော်ကြားတာက သူတို့မှာ အရည်အချင်း မရှိဘူးလို့ မဆိုလိုပါဘူး။ အရင်ဘဝမှာ အန်းလုရှန်းက ဒီလူတွေကို ဦးဆောင်ပြီး တစ်လောကလုံးကို သိမ်းပိုက်ခဲ့ကာ ကြီးမားလှတဲ့ မဟာထန် အင်ပါယာကြီးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင်၊ ပြည်သူတွေကို ဒုက္ခပင်လယ် ဝေအောင် လုပ်ခဲ့တာ မဟုတ်လား။ အကယ်၍ သူတို့မှာ အရည်အချင်းသာ မရှိခဲ့ရင် ဒါတွေက လုံးဝ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

တကယ်တော့ အဲဒီဘေးအန္တရာယ်ကြီးအတွင်းမှာ နာမည်ကြီး ဗိုလ်ချုပ် အများအပြား သူတို့ကို မယှဉ်နိုင်ခဲ့သလို သူတို့လက်ထဲမှာပဲ သေဆုံးခဲ့ကြရတာက အဖြေကို သက်သေပြနေပြီးသား ဖြစ်သည်။ နောက်ပိုင်းခေတ်မှာ ချွေချန်းယုံ၊ ထျန်းချန်ကျန်း၊ ထျန်းချန်းစီ တိုကို မဟာထန် ဗိုလ်ချုပ်တွေနဲ့ လုံးဝမတူတဲ့ မိစ္ဆာကြယ် ဒါမှမဟုတ် မိစ္ဆာဗိုလ်ချုပ် ဆိုတဲ့ ဘွဲ့အမည်တစ်ခု ပေးထားကြသည်။

ကောင်းရှန်း၊ ချွေချန်းယုံ၊ ထျန်းချန်းစီ၊ ထျန်းချန်ကျန်း ဒီလေးယောက်ကို ပေါင်းပြီး လောကပျက်သုဉ်းမည့် ခေတ်ကာလရဲ့မိစ္ဆာဗိုလ်ချုပ် လေးပါးလို့ ခေါ်ကြသည်။ အထူးသဖြင့် ကောင်းရှန်းပေါ့၊ သူက ပညာတတ်တစ်ဦး ဖြစ်ပေမဲ့ သူ့ရဲ့ အဆင့်အတန်းက ချွေချန်းယုံနဲ့ ထျန်းချန်းစီတို့လို ဗိုလ်ချုပ်တွေရဲ့ အထက်မှာ ရှိနေပါတယ်။ ဒီလူသာ မရှိခဲ့ရင် နောက်ပိုင်းကိစ္စတွေ အများကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။

"ဘာမှ မထူးခြားရင်တော့ ယိုကျိုးဘက်က နည်းလမ်းတစ်ခုခုကို ရှာတွေ့သွားပြီ ထင်တယ်"

ဝမ်ချောင်က ဆက်ပြောလိုက်ပါသော်လည်း သူ၏အမူအရာမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။

မီးဆီက လောင်ကျွမ်းလွယ်ပေမဲ့ ကိုင်တွယ်ဖြေရှင်းလို့ မရတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး၊ ပျားအုံသေတ္တာဆိုတာကလည်း လက်နက်တစ်ခုမျှသာ ဖြစ်တာကြောင့် ယိုကျိုးဘက်က အရည်အချင်းနဲ့ဆိုရင် နည်းလမ်းရှာတွေ့ဖို့က အချိန်တစ်ခုပဲ လိုအပ်တာပါ။ ဝမ်ချောင်၏ရင်ထဲမှာတော့ သူတို့ ဘယ်လို နည်းလမ်းကို သုံးပြီး ကိုင်တွယ်မလဲဆိုတာကို အနည်းငယ်တော့ စိတ်ဝင်စားမိနေသည်။

"ကျန်းချွယ် ကျန်းချို သခင်ကြီးတို့ ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"

ဝမ်ချောင်က ရုတ်တရက် မေးမြန်းလိုက်သည်။ ဒီအပြင် ဝမ်ချောင် အလွန်စိုးရိမ်နေတဲ့ အခြားကိစ္စတစ်ခုလည်း ရှိနေသေးသည်။

"အရှင်မင်းသားကို တင်ပြပါတယ်၊ နောက်ထပ် လီတစ်ရာခန့်လောက် လိုပါသေးတယ်"

ကျန်းချွယ်က ပြန်လည် ဖြေကြားလိုက်သည်။

"ဒါ့အပြင် ‘မုန်တိုင်း စစ်ဆင်ရေး’ ကရော ဘယ်လို အခြေအနေ ရှိလဲ"

ဝမ်ချောင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးဆေးဆေးပင် မေးမြန်းလိုက်သည်။

"အရှင့်ကို တင်ပြပါတယ်။ ရွှယ်ချန်ကျွင်းဆီက စာရောက်လာပါပြီ၊ အရာရာ ပြင်ဆင်ပြီးသွားပါပြီ၊ သတ်မှတ်ထားတဲ့ အချိန်မှာ ရောက်လာပါလိမ့်မယ်။ ဒါ့အပြင် မင်းဆရာ သခင်ကြီးဘက်ကလည်း အားလုံး ပြင်ဆင်ပြီးပါပြီ၊ အရှင်မင်းသားရဲ့ အမိန့်ကိုပဲ စောင့်နေကြတာပါ"

ကျန်းချွယ်က ဦးခေါင်းကို ငုံ့လျက် ရိုသေစွာ ဆိုလိုက်သည်။

"သိပ်ကောင်းတယ်၊ အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြမယ်"

ဝမ်ချောင်က သူ၏ဆံနွယ်များ လေထဲမှာ လွင့်ပျံနေလျက် အသာအယာ ခေါင်းညိတ်လိုက်သည်။

လူတိုင်း စကားပြောနေကြစဉ်အတွင်းမှာပင် မြို့ပြင်မှ ခရုသင်းသံမှာ ပိုမိုကျယ်လောင်လာခဲ့ပြီး မြည်ဟည်းနေသော စစ်ဗုံသံများနှင့်အတူ စစ်တပ်ကြီးမှာ ထပ်မံ ရောက်ရှိလာတော့သည်။ သို့သော်လည်း ချီတက်မှု အရှိန်မှာမူ များစွာနှေးကွေးသွားခဲ့သည်။

ပေခုနစ်ရာ၊ ပေခြောက်ရာ၊ ပေငါးရာ... အကွာအဝေးမှာ ပိုမိုနီးကပ်လာခဲ့ပြီဖြစ်ရာ များမကြာမီမှာပင် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ မဟာထန်၏ တိုက်ခိုက်မှု နယ်ပယ်အတွင်းသို့ ထပ်မံ ဝင်ရောက်တော့မည် ဖြစ်သည်။ ထိုအချိန်မှာပင် မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး နောက်တစ်ခဏမှာပင် တစ်ကိုယ်လုံး ခဲနေသည့် သိုးတစ်ကောင်မှာ ကျောက်တုံးကြီး တစ်တုံးအလား ကောင်းကင်ယံမှနေ၍ ရုတ်တရက် ပြုတ်ကျလာခဲ့ကာ ပြင်းထန်လှသောအရှိန်ဖြင့် စစ်တပ်ကြီး၏ရှေ့တည့်တည့်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

ကြီးမားလှသော ခွန်အားများက မြေပြင်ပေါ်သို့ ရိုက်ခတ်လိုက်ရာ နှင်းမှုန်များမှာ လွင့်ပျံသွားခဲ့ပြီး မီးဆီများမှာလည်း နေရာအနှံ့ ပန်းထွက်ကုန်တော့သည်။ ထိုပြုတ်ကျလာသော အေးခဲနေသည့် သိုးကြောင့်ပင် တောက်လောင်နေသော မီးရှိန်မှာ အနည်းငယ် လျော့ကျသွားခဲ့ရသည်။

လူတိုင်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် တစ်စုံတစ်ရာသော အခန်းကဏ္ဍကို ဖွင့်လှစ်လိုက်သည့်အလား အေးခဲနေသည့်သိုးများမှာ မိုးရေစက်များအလား ကောင်းကင်ယံမှ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာခဲ့ကြပြီး သံမဏိခံတပ် ရှေ့ရှိ ပြင်းထန်စွာ တောက်လောင်နေသော မီးပင်လယ်တစ်ခုလုံးအတွင်းသို့ အဆက်မပြတ် ကျရောက်သွားကြတော့သည်။

အဆုံးမရှိသော မြားမိုးများမှာ တဟုန်ထိုး ထွက်ပေါ်လာပါသော်လည်း ယခုတစ်ကြိမ်တွင်မူ လေးမြားများ၏ ကြားဖြတ်တားဆီးမှုမှာ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိတော့ပါချေ။ စစ်တပ်ကြီး၏ အနောက်ဘက်မှ ပစ်လွှတ်လိုက်သော ထိုအေးခဲနေသည့်သိုးများမှာ ယခင်က ကျောက်တုံးများကဲ့သို့ တစ်စစီ ကြေမွသွားခြင်း မရှိဘဲ တစ်ကောင်ချင်းစီ တည့်တည့်မတ်မတ် ကျဆင်းလာကြခြင်းပင်။

ဤအခိုက်အတန့်၌ ဤမြင်ကွင်းကို ခံစားမိလိုက်သည့် မြို့အတွင်းရှိ ဝမ်ချောင်ပင်လျှင် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။ နွားတွေ၊ သိုးတွေကို သုံးပြီး တိုက်ခိုက်ရုံတင် မဟုတ်ဘဲ ကျောက်ခဲတွေ နေရာမှာပါ အစားထိုး အသုံးပြုလိုက်တာလား၊ ဒီလို ဆန်းကြယ်တဲ့ နည်းလမ်းမျိုးကို ဝမ်ချောင်ကိုယ်တိုင်တောင် ကြိုမတွေးထားမိဘူး။ သူ့ရဲ့မှတ်ဉာဏ်သာ မမှားဘူးဆိုရင် နိုင်ငံအသီးသီးက အခုချိန်မှာ ရိက္ခာတွေ ပြတ်လပ်နေတဲ့ အခြေအနေမှာ မဟုတ်လား။ ဘာမှ မထူးခြားရင်တော့ ဒီလို ထူးဆန်းတဲ့ နည်းဗျူဟာက ကောင်းရှန်းရဲ့ လက်ချက်ပဲ ဖြစ်ရလိမ့်မယ်။

"တကယ်ကို ဒုက္ခပေးမဲ့လူပဲ၊ နှမြောစရာကောင်းတာက အဲဒီတုန်းက သူ့ကို မသတ်လိုက်ရတာပဲ"

ခေတ္တမျှ သေချာ နားစွင့်နေပြီးနောက် ဝမ်ချောင်က မနေနိုင်ဘဲ သက်ပြင်းချရင်း ဆိုလိုက်မိသည်။

မြို့ပြင်မှာမူ ဝမ်ချောင်၏ ခန့်မှန်းချက်ကို တုံ့ပြန်သည့်အလား မရေမတွက်နိုင်သော နွားနှင့် သိုးများမှာ တရစပ်ပြုတ်ကျလာနေပြီး ထိုနွားနှင့် သိုးများတို့၏ ရိုက်ခတ်မှုအောက်တွင် မူလက ပြင်းထန်စွာ တောက်လောင်နေသော မီးရှိန်မှာ ချက်ချင်းပင် ထိန်းချုပ်နိုင်သွားခဲ့ပြီး များစွာသေးငယ်သွားခဲ့ပြီ ဖြစ်သည်။

ဝုန်း

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သံမဏိခံတပ်၏ အပြင်ဘက်ရှိ ပင်လယ်ပြင်ကြီးအလား များပြားလှသည့် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ ချက်ချင်းပင် အောင်ပွဲခံ အော်ဟစ်လိုက်ကြပြီး စိတ်ဓာတ်များလည်း တဟုန်ထိုး မြင့်တက်သွားကြတော့သည်။ နောက်တစ်ခဏ၌ အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ မရေမတွက်နိုင်သော စစ်တပ်ကြီးမှာ ထိုနွားနှင့် သိုးများ၏ အလောင်းများကို နင်းကာ ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားကြတော့သည်။

စစ်တပ်ကြီး မြို့သိမ်းရာ၌ အကြီးမားဆုံးသော အတားအဆီးမှာ ဤမီးပင်လယ်ကြီးပင် ဖြစ်ပေရာ မီးပင်လယ်ကိုသာ ငြှိမ်းသတ်နိုင်မည်ဆိုပါက ထို ထိတ်လန့်စရာကောင်းလှသော ပျားအုံသေတ္တာများပင်လျှင် ကြီးမားလှသော အတားအဆီး မဖြစ်နိုင်တော့ပါချေ။ မရေမတွက်နိုင်သော စစ်သည်များမှာ ဟိန်းဟောက်ကာ ရှေ့သို့ ထပ်မံ တိုးဝင်သွားကြပြီး ထိုစစ်တပ်ကြီး တိုးဝင်သွားသည့် တစ်ချိန်တည်းမှာပင် အနောက်ဘက်မှ အမိန့်တစ်ခု ထပ်မံရောက်ရှိလာပြန်သည်။

ခဏတာ အချိန်တိုအတွင်းမှာပင် စစ်သည် ခုနစ်ထောင် ရှစ်ထောင်ခန့်ရှိသော တပ်ဖွဲ့တစ်ခုကို ယာယီ ခွဲထုတ်လိုက်ကြပြီး စစ်မြေပြင်၏ အစွန်ဘက်တွင် ကျုံးမြောင်းများကို တူးဖော်လိုက်ကြသလို တစ်ချိန်တည်းမှာပင် မြောင်းလေးများကိုလည်း တူးဖော်ကာ ထိုနက်မှောင်လှသော မီးဆီများကို ကျုံးမြောင်းအတွင်းသို့ လမ်းကြောင်းလွှဲလိုက်ကြတော့သည်။

မီးဆီမှာ အရည်ဖြစ်သဖြင့် တစ်စုံတစ်ရာသော လည်ပတ်စီးဆင်းမှု ရှိနေပေရာ မီးဆီများကို ကျုံးမြောင်းအတွင်းသို့သာ ပို့ဆောင်နိုင်မည်ဆိုပါက မဟာထန်၏ မီးဆီဗျူဟာကို တစ်စုံတစ်ရာသော အဆင့်အထိ တားဆီးနိုင်မည် ဖြစ်သည်။ မရေမတွက်နိုင်သော နွားနှင့် သိုးများမှာ အဆက်မပြတ် ပြုတ်ကျနေသလို ကျုံးမြောင်းများ၏ လမ်းကြောင်းလွှဲပေးမှုကြောင့်လည်း သံမဏိခံတပ်ရှေ့ရှိ အချိန်အတော်ကြာ လောင်ကျွမ်းနေခဲ့သော ထိုပြင်းထန်လှသည့် မီးပင်လယ်မှာ နောက်ဆုံးတွင်မူ ငြိမ်းသတ်နိုင်မည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

"ဒိုင်းလွှားတွေ မြှောက်ထားကြစမ်း"

စစ်တပ်ကြီး အားလုံး၏ ရှေ့တည့်တည့်တွင် ရှေ့ဆုံးမှ ပြေးဝင်လာသူများမှာ ဒိုင်းလွှားစစ်သည် အမြောက်အမြားပင် ဖြစ်သည်။

အဝေးဆီတွင်မူ မျှော်စင်လှည်း တစ်စီးပြီးတစ်စီးမှာ နောက်ဆုံးတွင်မူ အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိဘဲ အရှိန်အဟုန် အပြည့်ဖြင့် ရှေ့သို့ တိုးဝင်လာကြတော့သည်။

မြို့ရိုးပေါ်တွင် ယန္တရား မောင်းတံသံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ထို သောင်းနှင့်ချီသော ပျားအုံသေတ္တာများမှာ မြို့ရိုးအတွင်းသို့ ပြန်လည်မဝင်ရောက်တော့ပါချေ။ ပျားအုံ အပေါက်ဝများမှ အေးစိမ့်လှသော အလင်းတန်းများ လက်သွားခဲ့ပြီးနောက် ရှူး ရှူး ရှူး ဟူသော နားစည်ကို ဖောက်ထွက်သွားမည့်အလား စူးရှလှသော အော်ဟစ်သံများနှင့်အတူ နောက်တစ်ခဏ၌ ထိုထိတ်လန့်စရာကောင်းလှသော မြားမိုးကြီးမှာ ထပ်မံ၍ တဟုန်ထိုး ကျဆင်းလာကာ မြို့ရိုးအောက်ရှိ စိပ်လှစွာသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးဆီသို့ ဦးတည်ပစ်ခတ်လိုက်တော့သည်။

အလားတူသော ပျားအုံသေတ္တာ တိုက်ခိုက်မှုမျိုး ဖြစ်ပါသော်လည်း ယခုတစ်ကြိမ်တွင်မူ ယခင်နှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။

မြားမိုး တစ်သုတ်မှာ ထူထဲလှသော ဒိုင်းလွှားများကို ဖောက်ထွက်သွားခဲ့ပြီး အောက်ဘက်ရှိ မဟာမိတ်တပ်ဖွဲ့စစ်သည်၏ ပခုံးနှင့် ရင်ဘတ်၊ ဝမ်းဗိုက်တို့ကို တိုက်ရိုက် ထိုးစိုက်သွားတော့သည်။ သို့သော်လည်း ထို မဟာမိတ်တပ်ဖွဲ့၏ ဧရာမ ဒိုင်းလွှားစစ်သည်မှာမူ ဟိန်းဟောက်လိုက်ပြီးနောက် ရပ်တန့်သွားခြင်း မရှိရုံသာမကဘဲ ရူးသွပ်နေသည့်အလား ရှေ့သို့ ဆက်လက် တိုးဝင်သွားတော့သည်။

သူ၏အနောက်တွင်မူ မြားမိုးများ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ မည်သည့် အကာအကွယ်မျှ မရှိသော ဂိုဂူလျောစစ်သည်တစ်ဦးက သူ၏ ခြေအောက်ရှိ နွားနှင့် သိုးအလောင်းများကို တိုက်ရိုက် ကန်တင်လိုက်ကာ လေထဲရှိ မြားမိုးများဆီသို့ လွှဲပစ်လိုက်တော့သည်။ ထို ကန်တင်လိုက်သော နွားနှင့် သိုးအလောင်းများက လေထဲရှိ မြားမိုးများကို မတားဆီးနိုင်ပါသော်လည်း မြားတံတို့၏ပစ်ခတ်မှု အရှိန်ကိုမူ သိသိသာသာ လျော့ကျသွားစေခဲ့သည်။ ထိုဂိုဂူလျော စစ်သည်သည်လည်း နောက်ထပ် နွားနှင့် သိုးအလောင်း အချို့ကို ထပ်မံကန်တင်လိုက်ရင်း တစ်ချိန်တည်းမှာပင် ရှေ့သို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

ကောင်းရှန်းက ယခင်က နွားနှင့် သိုးအလောင်းများကို ကျောက်ခဲများအဖြစ် အသုံးပြုကာ ပစ်လွှတ်လိုက်ခြင်း၏ အကျိုးသက်ရောက်မှုမှာ ယခုအခါတွင်မူ ချက်ချင်းပင် ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။ ဤအေးခဲနေသည့် နွားနှင့် သိုးအလောင်းများမှာ မီးရှိန်ကို နှိမ်နင်းပေးနိုင်ရုံသာမကဘဲ ယခုအခါတွင်မူ ပုံသဏ္ဌာန် မရှိသော အနေအထားဖြင့် စစ်တပ်ကြီးအတွက် အသားဖြင့် ပြုလုပ်ထားသော ဒိုင်းလွှားများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ၎င်းမှာ အခြားသော နည်းလမ်းများ လုံးဝ မယှဉ်နိုင်သော အရာပင် ဖြစ်သည်။

ချွင် ချွင် ချွင်

လမ်းတစ်လျှောက်လုံးတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေကြပြီး လူများ အဆက်မပြတ် လဲပြိုနေပါသော်လည်း ပိုမိုများပြားလှသော သူများမှာမူ သံမဏိခံတပ် ရှေ့သို့ အောင်မြင်စွာ ရောက်ရှိသွားကြပြီ ဖြစ်သည်။ ဤ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ တဟုန်ထိုး ပြေးဝင်နေကြလျက် လက်ထဲတွင်လည်း အနည်းငယ်မျှ ရပ်တန့်ခြင်း မရှိဘဲ သောင်းနှင့်ချီသော စစ်သည်များမှာ တစ်ချိန်တည်းမှာပင် သူတို့၏ လက်ထဲရှိ ကြိုးများကို ဝှေ့ယမ်းလိုက်ကြရာ သံမဏိကြိုး တစ်ချောင်းပြီးတစ်ချောင်းမှာ ဟိန်းဟောက်လျက် မြို့ရိုးထိပ်သို့ ပျံတက်သွားခဲ့ပြီး မြို့ရိုးကို မြဲမြံစွာ ကုပ်တွယ်လိုက်ကြတော့သည်။

အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ထိုစစ်သည်များမှာ ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ကြပြီး မြို့ရိုးပေါ်သို့ မယုံနိုင်စရာ ကောင်းလှသောအရှိန်ဖြင့် လျင်မြန်စွာ တက်ရောက်သွားကြတော့သည်။ ထိုစစ်သည်များ အထက်သို့ တက်ရောက်နေစဉ်အတွင်းမှာပင် သူတို့၏ ဦးခေါင်းအထက်၊ မြေပြင်နှင့် မီတာ သုံးလေးဆယ်ခန့် ဝေးကွာသော နေရာတွင်မူ မြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး နောက်တစ်ခဏ၌ ထူထဲလှသော ဧရာမ မြားတံကြီး တစ်စင်းမှာ ဒေါသထွက်နေသော နဂါးတစ်ကောင်အလား မျက်နှာချင်းဆိုင်မှ ဧရာမ မျှော်စင်လှည်း ဆီသို့ မြားတစ်စင်းတည်း ပစ်ခတ်လိုက်တော့သည်။

"အားးး"

အဆက်မပြတ်သော ကျယ်လောင်သော မြည်ဟည်းသံများနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ လိုက်ပါလာခဲ့ပြီး ဧရာမ မျှော်စင်လှည်းကြီးမှာ အလယ်ဗဟိုတွင် အချင်းအားဖြင့် နှစ်မီတာ သုံးမီတာခန့် ရှိလှသော ဧရာမ အပေါက်ကြီး တစ်ခု အပစ်ခံလိုက်ရသည်။ မျှော်စင်လှည်းအတွင်းရှိ မဟာမိတ်တပ်ဖွဲ့ စစ်သည်အချို့မှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ထိုအပေါက်အတွင်းမှနေ၍ တိုက်ရိုက်ပင် လွင့်စဉ်ထွက်သွားကြရသည်။

"သတိထားကြစမ်း၊ မျှော်စင်လှည်းကို အမြန် ပြုပြင်ကြစမ်း"

ထိတ်လန့်တုန်လှုပ်နေသောအသံများမှာ မျှော်စင်လှည်း၏ ထိပ်ဆုံးမှနေ၍ ထွက်ပေါ်လာတော့သည်။ မျှော်စင်လှည်းမှာ ကံကောင်းထောက်မစွာဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရပြီး အလယ်မှနေ၍ တိုက်ရိုက် ပိုင်းဖြတ်ခြင်း မခံခဲ့ရပါသော်လည်း လူတိုင်း သိရှိနေကြသည်မှာ မျှော်စင်လှည်း၏ အခြေအနေအရ နောက်ထပ် တစ်ကြိမ်တိုက်ခိုက်မှုကိုမူ သေချာပေါက် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါချေ။ ဒါ့အပြင် ဧရာမ အပေါက်ကြီးတစ်ခု အပစ်ခံလိုက်ရပြီးနောက်တွင်မူ မျှော်စင်လှည်း၏ တစ်ခုလုံးသော တည်ဆောက်ပုံမှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ မျှော်စင်လှည်းတစ်စီးလုံးမှာ ပြင်းထန်စွာ တုန်ခါနေတော့သည်။ မဟာမိတ်တပ်ဖွဲ့ စစ်သည် တစ်ဦးမှာမူ မတော်တဆပင် ထိပ်ဆုံးမှနေ၍ တိုက်ရိုက် ပြုတ်ကျသွားခဲ့ရသေးသည်။

"မြို့သိမ်းကြစမ်း"

မလှမ်းမကမ်း နေရာတွင် နောက်ထပ် မျှော်စင်လှည်းတစ်စီးမှာလည်း ခြိမ်းခြောက်မှုများကို ခံစားလိုက်ရသဖြင့် တိုက်ခိုက်မှုကို ကြိုတင်၍ စတင်လိုက်တော့သည်။ အဆက်မပြတ်သော ယန္တရား မောင်းတံသံများကိုသာ ကြားလိုက်ရပြီး မျှော်စင်လှည်း၏ ထိပ်ဆုံးတွင် သေတ္တာရှည် ပုံစံရှိသော ယန္တရားများ လှုပ်ရှားလာခဲ့ကာ များမကြာမီမှာပင် ဧရာမ သံမဏိ လက်သည်းနှစ်ခုမှာ မျှော်စင်လှည်းပေါ်မှနေ၍ မြို့ရိုးထိပ်သို့ ပျံတက်သွားခဲ့ပြီး ထန် ထန် ဟူသော အသံ နှစ်ချက်နှင့်အတူ သံမဏိ လက်သည်းများမှာ မြို့ရိုး၏အထက်ပိုင်းကို အောင်မြင်စွာ ကုပ်တွယ်လိုက်နိုင်ကြသည်။ မျှော်စင်လှည်းပေါ်တွင်မူ မဟာမိတ်တပ်ဖွဲ့ စစ်သည် တစ်ဦးချင်းစီမှာ ခုန်ထွက်လိုက်ကြပြီး ကြိုးများအတိုင်း မြို့ရိုးဆီသို့ လျှောတိုက် ဆင်းသွားကြတော့သည်။

"တက်ကြစမ်း”

"သတ်စမ်း”

တစ်ချက်ပြီးတစ်ချက် သတ်ဖြတ်လိုသော အော်ဟစ်သံများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ လူတိုင်းမှာ ရူးသွပ်ကုန်ကြပြီ ဖြစ်သည်။ ယခင်က လူများစွာ သေဆုံးခဲ့ပါသော်လည်း မြို့ရိုးထိပ်သို့ တစ်ဦးမျှ မရောက်ရှိနိုင်ခဲ့ပါချေ၊ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ လူတိုင်းသည် နောက်ဆုံး၌ မြို့ကို ဖောက်ထွင်းနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ပိုမိုများပြားလှသော စစ်သည်များမှာ အဆက်မပြတ် ရှေ့သို့ တိုးဝင်နေကြပြီး မြို့ရိုးအောက်တွင်လည်း လူအုပ်ကြီးမှာ ပိုမို၍ စုစည်းမိလာတော့သည်။

******

အခန်း (၂၁၇၈) မြို့ရိုးထက်မှ အပြင်းအထန် တိုက်ပွဲ

"ဘုန်း ဘုန်း ဘုန်း"

မြေပြင်ပေါ်တွင် ရှည်လျားလှသော မြို့သိမ်းလှေကားများသည် တစ်စင်းပြီးတစ်စင်း ရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာကြသည်။ ထိုလှေကားများကို လျင်မြန်စွာ ထောင်လိုက်ကြပြီး သံမဏိခံတပ်၏ မြို့ရိုးဆီသို့ တစ်ခုပြီးတစ်ခု မှီတင်လိုက်ကြသည်။

သံမဏိမြို့ရိုးပေါ်တွင် ရေခဲလွှာပါးလေးများ ဖုံးလွှမ်းနေသဖြင့် ထင်မှတ်ထားသည်ထက် များစွာ ပိုမိုချောမွတ်နေသည်။ အချို့သော မြို့သိမ်းလှေကားများမှာ မြို့ရိုးကို မှီလိုက်သည့် ခဏမှာပင် ဘေးသို့ ချော်ထွက်ကာ ပြုတ်ကျသွားခဲ့ရသည်။ သို့သော်လည်း များမကြာမီမှာပင် များပြားလှသော စစ်သည်များ စုစည်းရောက်ရှိလာကြပြီး လှေကားများ မလဲကျအောင် ဝိုင်းဝန်း ထိန်းကိုင်ပေးလိုက်ကြသည်။

"တက်ကြစမ်း"

များမကြာမီမှာပင် ဟိန်းဟောက်သံများနှင့်အတူ အုပ်စုလိုက်ရှိသော မဟာမိတ်တပ်ဖွဲ့ စစ်သည်များသည် မြို့သိမ်းလှေကားများအတိုင်း တစ်ဦးပြီးတစ်ဦး အရှိန်အဟုန်ဖြင့် အပေါ်သို့ တက်ရောက်သွားကြတော့သည်။

"ဝုန်း ဝုန်း ဝုန်း"

ကောင်းကင်ယံတွင် ပြင်းထန်လှသော ပေါက်ကွဲသံများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်။ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်တစ်ခုလုံး နီရဲနေပြီး မီးလျှံများ ပြင်းထန်စွာ တောက်လောင်နေသည်ကို မြင်တွေ့ရသည်။

မဟာထန်ဘက်မှ မီးဆီဗုံးများဖြင့် ထပ်မံ တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ နိုင်ငံအသီးသီး ဘက်မှ မြင့်မားလှသော ကောင်းကင်ယံ၌ ထပ်မံကြားဖြတ် တားဆီးနိုင်ခဲ့ကြပြန်သည်။

"ဟားဟားဟား ကောင်းတယ်"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ခီတန်ဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"ဒါမှ တကယ့် စစ်ပွဲပဲ"

ခီတန် လူမျိုးများသည် စစ်ပွဲကို မကြောက်ရွံ့ကြသလို သေခြင်းတရားကိုလည်း မထိတ်လန့်ကြပါချေ။ သို့သော်လည်း ယခင်ကဲ့သို့ အနိုင်မတိုက်ရဘဲ သေဆုံးရမှုမှာမူ သူတို့အတွက် အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။ သို့သော် ယခုအခါ အရာရာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ ဤစစ်ပွဲမှာ နိုင်ငံအသီးသီးအတွက် အားသာချက်ရှိသော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

"တပ်မတော် အားလုံး အမိန့်ကို နာခံကြ၊ အလုံးစုံ တိုက်စစ်ဆင်မယ်၊ မြို့ကို သိမ်းပိုက်ဖို့ ပြင်ကြစမ်း"

ဂိုဂူလျောဧကရာဇ် ယွန်းဂျယ်စိုးမွန်းသည် အဝေးဆီသို့ ကြည့်ရင်း အေးစိမ့်စွာ ပြုံးလိုက်ကာ လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

ရှေ့တန်းတွင်မူ အန်းလုရှန်းသည် စကားတစ်ခွန်းမျှ မဆိုပါသော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင်မူ အပြုံးတစ်ခု ပေါ်ထွက်နေသည်။

နောက်ဆုံးမှ ရယ်နိုင်သူကသာ အမှန်တကယ် ရယ်နိုင်သူ ဖြစ်သည် မဟုတ်ပါလော။

စစ်ပွဲ စတင်သည်နှင့် ဝမ်ချောင်လက်ချက်ဖြင့် စစ်သည် သုံးသိန်းခန့် သေဆုံးခဲ့ရပါသော်လည်း နောက်ဆုံးတွင် သံမဏိခံတပ် ကို ဖောက်ထွင်းနိုင်ပြီး မဟာထန်ကို အမြစ်ပြတ် သုတ်သင်နိုင်မည်ဆိုပါက လူအနည်းငယ် ပိုသေသွားခြင်းကို သူ အနည်းငယ်မျှ ဂရုမစိုက်ပါချေ။

"ထျန်းချန်းစီ မင်းလည်း သွားတော့"

အန်းလုရှန်းက ရှေ့တည့်တည့်ကို ကြည့်ရင်း ရုတ်တရက် ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ"

ထျန်းချန်းစီသည် ထိုစကားကို ကြားသည့်အခါ မြင်းပေါ်တွင် ကိုယ်ကိုကိုင်းကာ အလေးပြုလိုက်ပြီးနောက် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ မြင်းဗိုက်ကို ညှပ်ကာ ထွက်ခွာသွားခဲ့ရာ စစ်တပ်ကြီးအတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ရှေ့တန်းတွင်မူ စူးရှလှသော အော်ဟစ်သံများကြောင့် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေပြီး စစ်မြေပြင်တွင် အဆက်မပြတ် မြည်ဟည်းနေသည်။ ပျားအုံသေတ္တာများမှ ပစ်လွှတ်လိုက်သော မြားတံများမှာ မိုးသည်းထန်စွာ ရွာသွန်းသည့်အလား အဆက်မပြတ် ကျဆင်းနေဆဲပင်။

အချိန်တိုင်းတွင် များပြားလှသော မဟာမိတ်တပ်ဖွဲ့ စစ်သည်များ သေဆုံးနေကြရသည်။

သို့သော်လည်း ယခင်နှင့် နှိုင်းယှဉ်လျှင်မူ မဟာမိတ်တပ်ဖွဲ့ စစ်သည်များသည် ခုခံကာကွယ်နိုင်သော နည်းလမ်းများကို ရှာဖွေတွေ့ရှိထားကြပြီ ဖြစ်သဖြင့် အူတူတူနှင့် အသေခံနေရသည့် အခြေအနေမျိုး မဟုတ်တော့ပါချေ။

စစ်တိုက်သည်ဆိုလျှင် အထိအခိုက် ဒဏ်ရာရမှုများ သေချာပေါက် ရှိရပေမည်

လက်ရှိရှိနေသော အထိအခိုက်များမှာ နိုင်ငံအသီးသီး ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။

"ဘွဲ့ထူးဂုဏ်ထူးတွေ ရမဲ့နေ့ဟာ ဒီနေ့ပဲ"

"အရှင်မင်းကြီးရဲ့ အမိန့်တော် ရှိတယ်၊ မြို့ရိုးပေါ်ကို ပထမဆုံး တက်နိုင်တဲ့သူကို ဆုလာဘ်တွေ အကြီးအကျယ် ပေးမယ်"

"စစ်ဆေးရေးအရာရှိတွေက အနောက်ကနေ စောင့်ကြည့်နေတယ်၊ အသေခံတပ်ဖွဲ့တွေလည်း ထွက်လာပြီ၊ နောက်ဆုတ်တဲ့သူကို သတ်မယ် အပေါ်ကို တက်တာကသာ အသက်ရှင်နိုင်မဲ့ တစ်ခုတည်းသော လမ်းပဲ"

...

ဟိန်းဟောက်သံများမှာ စစ်မြေပြင် တစ်ခုလုံး၌ ပဲ့တင်ထပ်နေတော့သည်။

ကြိုးများ၊ မြို့သိမ်းလှေကားများ... နိုင်ငံအသီးသီးမှ စစ်သည်များသည် နည်းလမ်းမျိုးစုံကို အသုံးပြုကာ အထက်သို့ တက်ရောက်နေကြသည်။ အချို့သော စစ်သည်များမှာ မြို့ရိုးပေါ်တွင် ထိုးထွက်နေသော ပျားအုံသေတ္တာများကိုပင် အမာခံအဖြစ် အသုံးပြုကာ တက်ရောက်နေကြသည်။

ချွင်

ဗိုလ်ချုပ်တစ်ဦးမှာ သူ၏ လက်ထဲမှ ဓားရှည်ဖြင့် အားကုန် ခုတ်ပိုင်းလိုက်ရာ မီးပွင့်များ ပန်းထွက်သွားခဲ့သည်။ ပြင်းထန်လှသော ဂန်ချီစွမ်းအင်များ၏ ပံ့ပိုးမှုအောက်တွင် သူ၏ ဓားရှည်မှာ ပျားအုံသေတ္တာ အတွင်းသို့ ပြင်းထန်စွာ စိုက်ဝင်သွားခဲ့ပြီး ပေများစွာ ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

"ဂျောက် ဂျောက်" ဟူသော အသံများနှင့်အတူ မြားမိုးအသစ်များကို ပစ်လွှတ်ရန် ပြင်ဆင်နေသော ပျားအုံသေတ္တာမှာ ချက်ချင်းပင် ညပ်သွားခဲ့ပြီး လှုပ်ရှား၍ မရတော့ပါချေ။

ပျားအုံသေတ္တာများကို သံမဏိများဖြင့် ပြုလုပ်ထားသလို ခိုင်မာမှုနှင့် ကာကွယ်ရေး မန္တန်များကိုလည်း ထည့်သွင်းထားပါသော်လည်း ၎င်းတို့မှာ ကောင်းကင်ပြင်ပမှ ကျလာသော ထူးခြားသည့် သံမဏိများ မဟုတ်ကြပါချေ၊ ထို့ကြောင့် ထိပ်တန်း လက်နက်များကို အသုံးပြုကာ ကျွမ်းကျင်သူများက တိုက်ခိုက်မည်ဆိုပါက ပျက်စီးခြင်းမှ မလွတ်ကင်းနိုင်ပါချေ။

စစ်သည် တစ်ဦးချင်းစီမှာ အဆက်မပြတ် မြို့ရိုးပေါ်သို့ တက်ရောက်နေကြပြီး ကြားဖြတ် တားဆီးမှုများကို ခံနေရပါသော်လည်း ရူးသွပ်နေသော စစ်တပ်ကြီးကိုမူ တားဆီးနိုင်စွမ်း မရှိတော့ပါချေ။

"ဟားဟားဟား၊ ငါ နောက်ဆုံးတော့ မြို့ရိုးပေါ်ကို တက်နိုင်ခဲ့ပြီ၊ ငါက ပထမဆုံးပဲ"

အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီးနောက် မဟာမိတ် စစ်သည်တစ်ဦးမှာ မြို့ရိုးပေါ်သို့ တဟုန်ထိုး ခုန်တက်လိုက်ကာ မြို့ရိုးထိပ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သူ၏ အနောက်တွင်လည်း စစ်သည် ရာနှင့်ချီ၍ မြားမိုးများကို အံတုကာ တစ်ဦးပြီးတစ်ဦး မြို့ရိုးပေါ်သို့ လိုက်ပါ တက်ရောက်လာကြတော့သည်။

ခဲလွယ်ပြီး ကြေမွလွယ်သော ရေခဲလွှာပါးများ၊ ထူးခြားလှသော အကွေးအဝိုက်ရှိသည့် ခံတပ်မြို့ရိုး၊ ထို့ပြင် မိုးရေစက်များအလား စိပ်လှသော ပျားအုံသေတ္တာ တို့၏ တိုက်ခိုက်မှုများ...

ဤ မီတာ ၇၀-၈၀ ခန့် မြင့်မားသော မြို့ရိုးပေါ်သို့ တက်ရောက်နိုင်ရန်အတွက် အစွမ်းကုန် အားထုတ်ခဲ့ကြရပါသော်လည်း လူတိုင်းအတွက်မူ နောက်ဆုံးတွင် အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

သို့သော်လည်း နောက်တစ်ခဏ၌ မြို့ရိုးအနောက်ဘက်မှ အရာဝတ္ထုများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည့် အခါတွင်မူ ထိုစိတ်လှုပ်ရှားစွာ အောင်ပွဲခံ အော်ဟစ်သံများမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ရသည်။ ယိုကျိုး၊ ဂိုဂူလျော၊ ထို့ပြင် ရှီနှင့် ခီတန်စစ်သည် တစ်ဦးချင်းစီမှာ မျက်လုံးများကို ပြူးလျက် မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

မြို့သိမ်းနေစဉ်အတွင်း သူတို့ ရင်ဆိုင်ခဲ့ရသော တိုက်ခိုက်မှုများမှာ နှိုင်းယှဉ်ချက်အရဆိုလျှင် ပြင်းထန်လှသည်ဟု မဆိုနိုင်ပါချေ။ အနည်းဆုံးတော့ မြို့ရိုးပေါ်တွင် မဟာထန် စစ်သည်များကို တစ်ဦးမျှ မမြင်တွေ့ခဲ့ရသည် မဟုတ်ပါလော (နတ်မြားသမား အားလုံးမှာ မြို့အတွင်းသို့ အစောပိုင်းကတည်းက ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်)။

သို့သော်လည်း ယခုအခိုက်အတန့်၌ လူတိုင်းသည် အကြောင်းရင်းကို နောက်ဆုံး၌ သိရှိသွားကြတော့သည်။ မြို့ရိုးအတွင်းပိုင်း၌ မဟာထန် စစ်သည် တစ်သိန်းခွဲ၊ နှစ်သိန်းခန့် ပြည့်နှက်နေခြင်းကြောင့်ပင်။

ထိုစစ်သည် အားလုံးမှာ သံချပ်ကာအပြည့် ဆင်မြန်းထားကြလျက် လက်နက်များကိုလည်း အသင့်ပြင်ဆင်ထားကြကာ အေးစိမ့်လှသော အကြည့်များဖြင့် လူတိုင်းကို စိုက်ကြည့်နေကြပါသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အသံထွက်ပေါ်ခြင်း မရှိပါချေ။ ပို၍အတွင်းပိုင်းကျသော နေရာတွင်မူ အနောက်သို့ ဆုတ်ခွာသွားခဲ့သော သောင်းနှင့်ချီသော နတ်မြားသမာများမှာ စနစ်တကျ စစ်ကြောင်းများ ဖွဲ့စည်းထားကြလျက် မြားဖျားများမှာ လူတိုင်းကို တိကျစွာ ပစ်မှတ်ထားနေကြတော့သည်။

ဤထိတ်လန့်စရာကောင်းလှသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မဟာမိတ်တပ်ဖွဲ့ စစ်သည်အားလုံးမှာ လက်ဖဝါးများ အေးစိမ့်သွားခဲ့ရပြီး ရေခဲတိုက်အတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် နောက်တစ်ခဏ၌ လေးကြိုးများ တုန်ခါသွားခဲ့ပြီး မြားမိုးတစ်သုတ်မှာ လျှပ်စစ်မီးပွင့်သည့်အလား ရောက်ရှိလာတော့သည်။ ထက်မြက်လှသော သံချပ်ကာဖောက်မြားများမှာ မဟာမိတ်စစ်သည်တို့၏ ကိုယ်ပေါ်ရှိ သံချပ်ကာများကို လွယ်လင့်တကူ ဖောက်ထွက်သွားခဲ့ပြီး သူတို့၏ရင်ဘက် သို့မဟုတ် ခေါင်းအတွင်းသို့ စိုက်ဝင်သွားတော့သည်။

ထိုမဟာမိတ်စစ်သည်များမှာ နာကျင်စွာပင် မအော်နိုင်လိုက်ဘဲ ခန္ဓာကိုယ်မှာ ပျော့ခွေသွားခဲ့ရကာ မြင့်မားလှသော မြို့ရိုးထိပ်မှနေ၍ အောက်သို့ ပြန်လည်ပြုတ်ကျသွားခဲ့ကြရသည်။

မြို့ရိုးအတွင်း၌ ပုန်းကွယ်နေသော ထိုသံချပ်ကာ ခြေလျင်တပ်များနှင့် နတ်မြားသမားများမှာမူ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိကြပါချေ။ သူတို့သည် မြို့ရိုးပေါ်သို့ တက်ရောက်လာသော နိုင်ငံအသီးသီးမှ စစ်သည်များ ပိုမိုများပြားလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

"၁"

"၂"

"၃"

"၄"

"၅"

"၆"

...

နံပါတ် ၈ ဟု ရေတွက်လိုက်သည့် အချိန်တွင်မူ ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံကြီးနှင့်အတူ သံမဏိခံတပ်အတွင်းပိုင်း၌ ပုန်းကွယ်နေသော မရေမတွက်နိုင်သော မဟာထန် စစ်သည်များသည် ခြောက်ယောက်တစ်ဖွဲ့စီဖြင့် အဖွဲ့ငယ်များ ဖွဲ့စည်းလိုက်ကြပြီး ထိတ်လန့်စရာကောင်းလှသော အရှိန်အဟုန်၊ မြန်ဆန်လှသော အရှိန်ဖြင့် မိုးကြိုးလျှပ်စီးနှယ် မြို့ရိုးပေါ်သို့ ဓားများကို ကိုင်စွဲကာ တဟုန်ထိုး တက်ရောက် တိုက်ခိုက်လိုက်ကြတော့သည်။

စစ်ပွဲဆိုင်ရာ အလင်းကွင်းများ တုန်ခါသွားခဲ့ပြီး ဂန်ချီစွမ်းအင်များလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ပွဲ၏ရလဒ်မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်ကာ ဓားများမှာ အသားထဲသို့ စိုက်ဝင်သွားသံများနှင့်အတူ မဟာမိတ်စစ်သည် တစ်ဦးပြီးတစ်ဦးမှာ ထိုနေရာ၌ပင် အသတ်ခံလိုက်ကြရပြီး အလောင်းများကိုလည်း မြို့ရိုးအောက်သို့ တွန်းချခြင်း ခံလိုက်ကြရသည်။

မြို့ရိုးအတွင်း၌ ပုန်းကွယ်နေသော မဟာထန် စစ်သည်များမှာ ယခုလေးတင် မြို့ရိုးပေါ်သို့ တက်ရောက်လာသော နိုင်ငံအသီးသီးမှ စစ်သည်များထက် ပိုမိုများပြားလှပေသည်။ ပို၍အရေးကြီးသည့် အချက်မှာ ယိုကျိုး စစ်သည်များ၊ တာ့ခ် စစ်သည်များ သို့မဟုတ် ဂိုဂူလျော စစ်သည်များ ဖြစ်စေ ဤကဲ့သို့သော မြို့သိမ်းတိုက်ပွဲမျိုးတွင် မည်သည့် စစ်အစီအရင် စစ်ကြောင်းမျိုးကိုမျှ ဖော်ထုတ်နိုင်စွမ်း မရှိဘဲ တစ်ဦးချင်းစီသာ တိုက်ခိုက်နေကြရခြင်းပင်။

သို့သော်လည်း သူတို့ ရင်ဆိုင်နေရသော မဟာထန် စစ်သည်များမှာမူ လုံးဝ ကွဲပြားခြားနားလှပေသည်။

ဤသည်မှာ ဝမ်ချောင်က အထူး လေ့ကျင့်ပေးထားသော စစ်သည် တစ်သိန်းခန့် ရှိသည့် မြို့စောင့်တပ်ဖွဲ့ပင် ဖြစ်တော့သည်။

စစ်ပွဲ မစတင်မီကတည်းက ဝမ်ချောင်သည် ကျန်းချိုးကျန့်ချုံးနှင့် ပူးပေါင်းကာ ဤတပ်ဖွဲ့ကို လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သီးသန့် နယ်မြေတစ်ခုကို ဖွင့်လှစ်စေကာ ကျန်းရှို့ကျီအား မြို့တစ်မြို့ကို အတုယူ တည်ဆောက်ခိုင်းခဲ့ပြီး ဤတပ်ဖွဲ့အား တိုက်စစ်နှင့် ခံစစ်ဟူ၍ နှစ်ဖွဲ့ခွဲကာ အဆက်မပြတ် လေ့ကျင့်စေခြင်း၊ အပြန်အလှန် တိုက်ခိုက်စေခြင်း၊ တစ်ချိန်တည်းမှာပင် စစ်အစီအရင် ပူးပေါင်းဆောင်ရွက်မှုများကို လေ့ကျင့်ပေးခဲ့ခြင်းပင်။

ခြောက်ယောက်တစ်ဖွဲ့စီဖြင့် ဖွဲ့စည်းထားသော ထူးခြားသည့် တိုက်ခိုက်ရေး နည်းလမ်းမှာ ဤ မြို့စောင့်တပ်ဖွဲ့ ၏ အထူးခြားဆုံးသော လက်နက်ပင် ဖြစ်တော့သည်။

ခြောက်ယောက်ပါဝင်သော တိုက်ခိုက်ရေး အဖွဲ့ငယ်မှာ တိုက်စစ်နှင့် ခံစစ်ကို တစ်ပါတည်း လုပ်ဆောင်နိုင်သလို တစ်ဦးနှင့်တစ်ဦးလည်း အလွန်ပင် နားလည်မှု ရှိကြပေသည်။ ပို၍အရေးကြီးသည်မှာ ခြောက်ယောက် တိုက်ခိုက်ရေး နည်းလမ်းမှာ ‘တစ်ယောက်အားထက် နှစ်ယောက်အားက ပိုမိုထိရောက်သော’ကို ပေးစွမ်းနိုင်ခြင်းပင်။ မြို့ရိုးပေါ်သို့ လူမည်မျှပင် တက်ရောက်လာပါစေဦး၊ ဤအဖွဲ့ငယ်မှာ ရန်သူ့အား တစ်ဦးတည်းဖြင့် ခြောက်ဦးကို ရင်ဆိုင်နေရသည့် ခံစားချက်မျိုးကို အမြဲတမ်း ပေးစွမ်းနိုင်စွမ်း ရှိပေသည်။

"သတ်စမ်း"

ဇွက် ဇွက်…

ကျယ်လောင်လှသော သတ်ဖြတ်လိုသော အော်ဟစ်သံများနှင့်အတူ ထက်ရှသော ဓားများ အသားထဲသို့ စိုက်ဝင်သွားသံများမှာ မြို့ရိုး၏နေရာအနှံ့မှ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။ ဤအထူး လေ့ကျင့်ထားသော မြို့စောင့်တပ်ဖွဲ့ကြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည့်အခါတွင်မူ အရာရာတိုင်းမှာ လုံးဝကွဲပြားခြားနားသွားခဲ့ပြီဖြစ်ကာ မဟာမိတ်စစ်သည် မည်မျှပင် မြို့ရိုးပေါ်သို့ တက်လာပါစေဦး အခြေခံအားဖြင့် အချိန်တိုအတွင်းမှာပင် ရိုးရှင်းမြန်ဆန်လှသော နည်းလမ်းဖြင့် ရိတ်သိမ်း သုတ်သင်ခြင်းကို ခံလိုက်ကြရသည်။

စစ်မြေပြင်၏ အပြောင်းအလဲမှာ ဤမျှလောက်သာ မကပါချေ။

"ဝုန်း ဝုန်း ဝုန်း"

မရေမတွက်နိုင်သော ဧရာမ သံဆူးလုံးကြီးများမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး ထပ်မံလိမ့်တက်သွားပြန်သည်။ ဤကဲ့သို့သော လေးလံလှသည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရာ၌ နိုင်ငံအသီးသီး ဘက်မှလည်း မည်သို့မျှ မတတ်နိုင်ပါချေ။

နတ်မြားသမားများ၏ ကြားဖြတ်တားဆီးမှုမှာလည်း ဤကဲ့သို့သော ဧရာမ သံမဏိများအတွက်မူ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပါချေ။

"အားးး"

နာကျင်စွာ အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။ သံဆူးလုံးကြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မရေမတွက်နိုင်သော မဟာမိတ်စစ်သည်များမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရပြီး သံဆူးလုံးကြီးများမှာ မြေပြင်ပေါ်၌ လိမ့်တက်သွားလျက် ထိတ်လန့်စရာကောင်းလှသော သွေးလမ်းကြောင်းပေါင်း ထောင်နှင့်ချီ၍ ကျန်ရစ်နေခဲ့တော့သည်။

ထိုအထဲမှ သံဆူးလုံးကြီး တစ်လုံးမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီးနောက် ဧရာမ မျှော်စင်လှည်းတစ်စီးကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။

ဝုန်းခနဲ မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ယခုတစ်ကြိမ်တွင် မျှော်စင်လှည်းမှာ ထိပ်ဆုံးမှနေ၍ ထိမှန်ခြင်းကို ခံလိုက်ရသဖြင့် တစ်ခုလုံးမှာ ကွဲကျေသွားခဲ့ရပြီး မရေမတွက်နိုင်သော အပိုင်းအစများမှာ နေရာအနှံ့ လွင့်စဉ်သွားတော့သည်။ မျှော်စင်လှည်းပေါ်မှ သံမဏိခံတပ် မြို့ရိုးပေါ်သို့ ကုပ်တွယ်ထားသော ကြိုးများမှာလည်း ပြတ်တောက်သွားခဲ့ရသည်။

"သတ်စမ်း"

သို့သော်လည်း မဟာထန်၏တိုက်စစ်များမှာ နိုင်ငံအသီးသီးကို မတားဆီးနိုင်ပါချေ။ များပြားလှသောလူများ သေဆုံးနေမှုကပင် မဟာမိတ်တပ်ဖွဲ့များကို ပိုမို၍ရူးသွပ်လာစေရန်သာ လှုံ့ဆော်ပေးနေသကဲ့သို့ ရှိနေတော့သည်။

မရေမတွက်နိုင်သော စစ်သည်များမှာ ဟိန်းဟောက်လိုက်ကြရင်း ရက်စက်ကြမ်းတမ်းသော အမူအရာများဖြင့် ပင်လယ်လှိုင်းလုံးကြီးများအလား အဆက်မပြတ် ရှေ့သို့ တိုးဝင်နေကြသည်။

ချွင် ချွင် ချွင်

ခဏတာ အချိန်တိုအတွင်းမှာပင် ပိုမိုများပြားလှသော သံမဏိ လက်သည်းများကို မြို့ရိုးပေါ်သို့ ပစ်တင်လိုက်ကြသလို ပိုမိုများပြားလှသော မြို့သိမ်းလှေကားများကိုလည်း မြို့ရိုးဆီသို့ အားကုန် မှီတင်လိုက်ကြပြန်သည်။

အချိန်တိုင်းတွင် အနည်းဆုံး မဟာမိတ်စစ်သည် သောင်းနှင့်ချီ၍ မြို့ရိုးပေါ်သို့ ရူးသွပ်စွာဖြင့် တက်ရောက်နေကြသည်။

ဝုန်း…

စစ်မြေပြင်၏ အနောက်ဘက်တွင် ဧရာမ မျှော်စင်လှည်းတစ်စီးမှာ နောက်ဆုံးတွင် သံမဏိခံတပ်ဆီသို့ နီးကပ်စွာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ မျှော်စင်လှည်း၏ ထိပ်ဆုံးတွင် အစွန်း၌ လက်သည်းများ ပါရှိသော၊ မီတာ ခြောက်ခုနစ်မီတာခန့် ရှည်လျားသည့် သံမဏိပြားကြီးမှာ ပြင်းထန်စွာ လဲကျလာခဲ့ပြီး မြို့ရိုးထိပ်သို့ ရိုက်ခတ်သွားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးလေးမီတာခန့် ကျယ်ဝန်းသော၊ သံမဏိခံတပ် အတွင်းပိုင်းသို့ တိုက်ရိုက် သွားနိုင်သည့် လမ်းကြောင်းတစ်ခု ပွင့်သွားခဲ့တော့သည်။

သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး မျှော်စင်လှည်း အတွင်းမှနေ၍ အနည်းဆုံး မဟာမိတ်စစ်သည် ဆယ်ဂဏန်းခန့်မှာ ပျားအုံအလား တဟုန်ထိုး ထွက်ပေါ်လာခဲ့ကြပြီး သံမဏိခံတပ် မြို့ရိုးဆီသို့ ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။

ထိုလူများထဲတွင် ဂိုဂူလျော စစ်သည်များ၊ ခီတန် လူမျိုးများ၊ ထို့ပြင် ရှီ လူမျိုးများနှင့် ယိုကျိုး စစ်သည်များ ပါဝင်နေကြပြီး လူတိုင်းမှာ အလွန်ပင် နားလည်မှု ရှိစွာဖြင့် ပူးပေါင်းလိုက်ကြလျက် မြို့ရိုးအတွင်းရှိ မဟာထန် စစ်သည်များဆီသို့ တဟုန်ထိုး တိုက်ခိုက်လိုက်ကြတော့သည်။

ကျီးးးးး….

စစ်တပ်ကြီး အသေအလဲ တိုက်ခိုက်နေကြစဉ်အတွင်းမှာပင် တစ်စုံတစ်ရာသော စူးရှလှသော ငှက်အော်သံ တစ်ခုမှာ သံမဏိခံတပ် အတွင်းပိုင်းမှနေ၍ ရုတ်တရက် ထွက်ပေါ်လာသည်ကိုမူ မည်သူမျှ သတိမပြုမိခဲ့ကြပါချေ။

နိုင်ငံအသီးသီးမှ စစ်သည်များ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် နောက်တစ်ခဏ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး သေးငယ်လှသော ငှက်ကလေး တစ်ကောင်မှာ မြို့ရိုးထိပ်ကို ဝဲပျံကျော်ဖြတ်လျက် သံမဏိခံတပ် အတွင်းမှနေ၍ တဟုန်ထိုး ပျံသန်း ထွက်ပေါ်လာခဲ့သည်။

ထိုငှက်ကလေး၏ အနောက်တွင်မူ တစ်စုံတစ်ရာသော နိမိတ်လက္ခဏာအလား ကောင်းကင်ယံမှာ ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး သောင်းနှင့်ချီသော သိန်းငှက်များနှင့် ကျေးငှက်များမှာ အတောင်ပံများကို ခတ်လိုက်ကြလျက် နိုင်ငံအသီးသီး၏ စစ်တပ်ကြီး၏ အထက် ကောင်းကင်ယံဆီသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။

ဤရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကို မြင်တွေ့လိုက်ရသည့်အခါ နိုင်ငံအသီးသီး ဘက်မှ လူတိုင်းမှာ ခဏတာမျှ မှင်တက်သွားကြရသည်။

"သတိထားကြ သူတို့ရဲ့ ခြေထောက်တွေမှာ တစ်ခုခု ပါလာတယ်"

မြေပြင်ပေါ်ရှိ ဂိုဂူလျော စစ်သည်တစ်ဦးမှာ မျက်စိလျင်လှသဖြင့် ထိုသိန်းငှက်များနှင့် ကျေးငှက်တို့၏ ထူးခြားမှုကို ချက်ချင်းပင် သတိပြုမိလိုက်သည်။

ထိုအော်ဟစ်သံနှင့်အတူ မရေမတွက်နိုင်သော မဟာမိတ်စစ်သည်များမှာ ဦးခေါင်းမော့ကြည့်လိုက်ကြရာ ထိုသိန်းငှက်တို့၏ ခြေသည်းများကို လှမ်းကြည့်လိုက်ကြတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသိန်းငှက်တို့၏ ခြေသည်းများတွင် ဆုပ်ကိုင်ထားသော မသိရသည့် လုံးဝိုင်းလှသော အရာဝတ္ထုများကို လူတိုင်း မြင်တွေ့လိုက်ရသည်။

သို့သော်လည်း လူတိုင်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် နောက်တစ်ခဏ၌ ထိုအထဲမှ သိန်းငှက် တစ်ကောင်က ခြေသည်းကို လွှတ်လိုက်ရာ လေးလံလှသော လုံးဝိုင်းသည့် အရာတစ်ခုမှာ ကောင်းကင်ယံမှနေ၍ ချက်ချင်းပင် ပြုတ်ကျလာတော့သည်။ ထိုငှက်၏ အနောက်တွင်လည်း မရေမတွက်နိုင်သော သိန်းငှက်များကလည်း ခြေသည်းများကို လွှတ်လိုက်ကြရာ ထူးဆန်းလှသော ထိုလုံးဝိုင်းသည့် အရာများမှာလည်း တစ်ပြိုင်နက်တည်း ကျဆင်းလာတော့သည်။

ထိုအထဲမှ လုံးဝိုင်းသည့် အရာတစ်ခုမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး မြေပြင်သို့ ရိုက်ခတ်သွားခဲ့သည်။ ထိုအရာမှာ ထင်မှတ်ထားသည်ထက် များစွာပိုမိုကြေမွလွယ်လှပေရာ "ခွက်" ဟူသော အသံနှင့်အတူ အပိုင်းပိုင်းအစစ ကွဲသွားခဲ့ပြီး အနက်ရောင် အရည်အချို့မှာလည်း နေရာအနှံ့ ပန်းထွက်သွားတော့သည်။

******

အခန်း [၂၁၇၉] ရှီဘုရင်မ လှုပ်ရှားပြီ

"မီးဆီ မီးဆီတွေပဲ"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မဟာမိတ်တပ်ဖွဲ့စစ်သည်တစ်ဦးချင်းစီ၏ သူငယ်အိမ်များ ကျုံ့သွားခဲ့ရပြီး အသက်ရှူပင် ရပ်တန့်လုနီးပါး ဖြစ်သွားကြရသည်။

ထိတ်လန့်တုန်လှုပ်မှု အရှိန်အဝါများမှာ စစ်တပ်ကြီးအတွင်း၌ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။

နိုင်ငံအသီးသီးမှ မဟာမိတ်တပ်ဖွဲ့များမှာ လမ်းကြောင်းကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြပြီး စိပ်လှသော မြားမိုးများကို ကောင်းကင်ယံဆီသို့ တဟုန်ထိုး ပစ်လွှတ်လိုက်ကြရာ သိန်းငှက်နှင့် ကျေးငှက် ရာနှင့်ချီ၍ ပစ်ချခြင်း ခံလိုက်ရသော်လည်း ဤအရာများမှာ တိုက်ပွဲ၏ အခြေအနေကို အလုံးစုံ ပြောင်းလဲနိုင်စွမ်း မရှိပါချေ။

တဂျိမ်းဂျိမ်း မြည်ဟည်းသံများနှင့်အတူ ထိုသောင်းနှင့်ချီသော သိန်းငှက်များ ပျံသန်းထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ဧရာမ သံမဏိခံတပ် အတွင်းမှနေ၍ နားကွဲမတတ် မြည်ဟည်းသံကြီးများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ မဟာမိတ်တပ်ဖွဲ့ဘက်မှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် မြို့ရိုးထိပ်နှင့် ပေခြောက်ဆယ် (မီတာ ၂၀ ကျော်)ခန့် အကွာအဝေးရှိသော နေရာတွင် သံမဏိပြား တစ်ချပ်ပြီးတစ်ချပ်မှာ သံမဏိခံတပ် အတွင်းမှနေ၍ အလျားလိုက်အတိုင်း တစ်တန်းတည်း ပန်းထွက်လာတော့သည်။

"အားးး"

ရှည်လျားလှသော မြို့သိမ်းလှေကားများအတိုင်း အပေါ်သို့ တက်ရောက်နေကြသော မဟာမိတ်စစ်သည် တစ်ဦးချင်းစီမှာ မြို့ရိုးအတွင်းမှ ထွက်လာသော သံမဏိပြားများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ကြရသည်။ ပြင်းထန်လှသော ရိုက်ခတ်မှု စွမ်းအားများကြောင့် မြို့သိမ်းလှေကား တစ်စင်းလုံးနှင့်တကွ အပေါ်ရှိ စိပ်လှလှသော မဟာမိတ်စစ်သည်များ အားလုံးမှာ လွင့်စဉ်သွားကြရသလို အချို့မှာလည်း ဘေးသို့ ပြတ်ထွက်သွားကြရသည်။ အချို့သော မြို့သိမ်းလှေကားများမှာမူ အနောက်ဘက်ရှိ စိပ်လှသော စစ်တပ်ကြီးအတွင်းသို့ တည့်တည့်မတ်မတ် လဲကျသွားတော့သည်။

"ဖျစ်"

ထိုမြို့သိမ်းလှေကားများကို ရိုက်ချလိုက်သည့် တစ်ချိန်တည်းမှာပင် ထိုသံမဏိပြားများ၏ အောက်ဘက်ရှိ မြို့ရိုးအတွင်းမှ သံမဏိပိုက် ထောင်နှင့်ချီ၍ ထိုးထွက်လာတော့သည်။

အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီးနောက် စေးကပ်လှသော အနက်ရောင် အရည်များမှာ သံမဏိပိုက်များအတွင်းမှနေ၍ လျင်မြန်စွာ ပန်းထွက်လာခဲ့ပြီး အောက်ဘက်ရှိ မဟာမိတ်စစ်သည်တို့၏ ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

ထို့ထက် ပို၍အောက်ကျသော နေရာတွင်မူ မြို့ရိုးရှိ သံမဏိပြား အစိတ်အပိုင်း တစ်ခုမှာ ပွင့်ဟသွားခဲ့ပြီး စိပ်လှသော အပေါက်များ မြို့ရိုးပေါ်တွင် ပေါ်ထွက်လာခဲ့ရာ အလျားတိုပါသော်လည်း အချင်းအားဖြင့် များစွာပိုမိုကြီးမားလှသော သံမဏိပိုက်တန်းများ လျင်မြန်စွာ ထိုးထွက်လာခဲ့ပြီးနောက် များပြားလှသော မီးဆီများမှာ တဟုန်ထိုး ပန်းထွက်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပန်းထွက်လာသော မီးဆီများမှာ တောက်လောင်နေသော မီးလျှံများအဖြစ် ပြောင်းလဲသွားခဲ့ပြီး စစ်မြေပြင်တစ်ခုလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းစေတော့သည်။

"အားးး"

နာကျင်စွာ အော်ဟစ်သံများမှာ စစ်မြေပြင်တွင် ပဲ့တင်ထပ်နေတော့သည်။ မရေမတွက်နိုင်သော စစ်သည်များမှာ တစ်ကိုယ်လုံး မီးစွဲလောင်လျက် စစ်မြေပြင်ပေါ်၌ နာကျင်စွာဖြင့် လူးလိမ့်နေကြရသည်။

မြို့ရိုးအတွင်းမှ ထိုးထွက်လာသော ဤသံမဏိပိုက်များကို ကျန်းရှို့ကျီက အထူးပြုလုပ်ထားခြင်းဖြစ်ကာ ထူးခြားလှသော ယန္တရား တည်ဆောက်ပုံများကို အသုံးပြုလျက် ပြင်းထန်လှသော ပန်းထုတ်အားများကို ဖန်တီးထားခြင်း ဖြစ်သည်။

ဤသံမဏိပိုက်များအတွင်းမှ ပန်းထုတ်လိုက်သော မီးဆီနှင့် မီးလျှံများမှာ ပေ ၁၅၀ (မီတာ ၄၀၊၅၀)ခန့်အထိ ရောက်ရှိနိုင်ပေရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သံမဏိခံတပ်တစ်ခုလုံး၏ အောက်ခြေမှာ တောက်လောင်နေသော မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

မီးဆီဗုံးများကို အသုံးပြု၍ တိုက်ခိုက်ခြင်းမှာ တစ်ဖက်လူ၏ ကြားဖြတ် တားဆီးခြင်းကို ခံရရန် လွယ်ကူလှပေသဖြင့် ဝမ်ချောင်က ဤကဲ့သို့သော အနီးကပ် သတ်ဖြတ်နိုင်သည့် နည်းလမ်းကို အထူး တီထွင်ထားခဲ့ခြင်း ဖြစ်သည်။

ဤနည်းလမ်းဖြင့် ပန်းထုတ်လိုက်သော မီးဆီများကိုမူ နတ်မြားသမားများပင်လျှင် မည်သို့မျှ မတတ်နိုင်ပါချေ။

မီးဆီတို့၏ တိုက်ခိုက်မှုအောက်တွင် သောင်းနှင့်ချီသော နိုင်ငံအသီးသီးမှ မဟာမိတ်စစ်သည်များသည် သူတို့၏ တစ်ကိုယ်လုံးရှိ ဂန်ချီစွမ်းအင်များ ကုန်ဆုံးသွားခဲ့ရပြီးနောက် နောက်ဆုံးတွင်မူ မီးလောင်ကျွမ်းသေဆုံးကုန်ကြလျက် မြေပြင်ပေါ်သို့ လဲပြိုသွားကြရတော့သည်။

ဤမျှသာမက ဝမ်ချောင်အစောပိုင်းက စေလွှတ်လိုက်သော ထိုသိန်းငှက်များကလည်း များပြားလှသော မီးဆီဗုံးများကို စစ်မြေပြင်ပေါ်သို့ ပစ်ချထားခဲ့ကြရာ ယခုအခိုက်အတန့်၌ ထိုမီးဆီများမှာလည်း အတူတူပင် ပြင်းထန်စွာ တောက်လောင်နေကြပြီ ဖြစ်သည်။

မီးဆီလောင်ကျွမ်းမှု၏ အပူချိန်မှာ အလွန်ပင် မြင့်မားလှပေရာ မြို့ရိုးနှင့် အနီးဆုံးနေရာရှိ မြို့သိမ်းလှေကား တစ်စင်းပြီးတစ်စင်းမှာ နီရဲလာခဲ့ရပြီး ရဲရဲတောက်နေသော သံပူများအလား ဖြည်းညင်းစွာ အရည်ပျော်မည့် လက္ခဏာများ ပေါ်ထွက်နေတော့သည်။ အချို့သော မြို့သိမ်းလှေကားများမှာမူ မီးဆီ အမြောက်အမြား စွန်းထင်နေသဖြင့် တိုက်ရိုက်ပင် လောင်ကျွမ်းအရည်ပျော်သွားခဲ့ရသည်။

"ယုတ်မာလိုက်တဲ့ကောင်"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အနောက်ဘက်ရှိ စစ်တပ်ကြီးအတွင်းမှ နိုင်ငံအသီးသီး၏ ဗိုလ်ချုပ်များမှာ မျက်နှာများ ပြာနှမ်းသွားကြရပြီး နာကျည်းလွန်းသဖြင့် သွားများကို တင်းတင်းကြိတ်ထားကြတော့သည်။

မီးဆီဆိုသည်မှာ မူလက အလယ်ပိုင်းဒေသတွင် ရှိသောအရာ မဟုတ်ဘဲ အနောက်ဘက် အာရပ်အင်ပါယာမှ ထွက်ရှိသောအရာ ဖြစ်ပါသော်လည်း ဝမ်ချောင်က ဤလက်နက်ဆိုးကြီးကို မြို့သိမ်းတိုက်ပွဲတွင် အသုံးပြုလိုက်သည့်အခါ ၎င်းမှ ထွက်ပေါ်လာသော စွမ်းအားမှာ အာရပ်လူမျိုးများ အသုံးပြုသည်ထက် များစွာပိုမိုပြင်းထန်လှပေသည်။

မဟာထန် စစ်တပ်မှာ ခြေလျင်တပ်ကို အဓိကထားသည်ဖြစ်ရာ ကျဉ်းမြောင်းလှသော မြေပြင်အနေအထားတွင် ဤကဲ့သို့သော ပြင်းထန်လှသည့် မီးဆီများကို အသုံးပြုလိုက်ခြင်းမှာ၊ လွင်ပြင်ကျယ်များတွင် မြင်းတပ်ဖြင့် အရှိန်ပြင်းစွာ တိုက်ခိုက်တတ်သော အာရပ်တို့၏ တိုက်ခိုက်ရေးပုံစံနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါချေ။

"ကျွန်မကိုပဲ လွှဲပေးလိုက်ပါတော့"

ထိုအချိန်မှာပင် မွှေးပျံ့လှသော လေပြေတစ်ခုနှင့်အတူ လေထဲတွင် ကြည်လင်လှသော ဆွဲလဲသံလေးများ ပဲ့တင်ထပ်သွားခဲ့သည်။ စစ်တပ်ကြီး၏ အလယ်ဗဟို၊ အန်းလုရှန်းတို့၏ အနောက်ဘက်တွင် အလွန်ပင် လှပညို့ယူဖွယ်ကောင်းလှသော ရှီဘုရင်မ၏ မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီးနောက် စကားပြောရင်း ရှေ့သို့ ခြေလှမ်း နှစ်လှမ်းခန့် တိုးလာခဲ့သည်။

သူမ၏ အကြည့်များမှာ စွဲမက်ဖွယ်ကောင်းနေလျက် မျက်ဝန်းအစုံက ရှေ့တည့်တည့်မှ စစ်မြေပြင်ကို စိုက်ကြည့်နေတော့သည်။

မီးရှိန်မှာ ထင်မှတ်ထားသည်ထက် များစွာပိုပြင်းထန်နေပေရာ သံမဏိခံတပ် ရှေ့ရှိ ပေ ၃၀ကျော် မြင့်မားသော မီးပင်လယ်ကြီးမှာ မည်သူ့ကိုမဆို ရင်ထဲ၌ တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။

မီးဆီတို့၏ သတ်ဖြတ်နိုင်စွမ်းမှာ အမှန်တကယ်တော့ ပျားအုံသေတ္တာ သို့မဟုတ် စစ်ရထားလေးများထက် ပိုအစွမ်းထက်လှသည်ဟု မဆိုနိုင်ပါသော်လည်း မီးပင်လယ် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စစ်တပ်ကြီး၏ တိုက်စစ်မှာ တားဆီးခြင်း ခံလိုက်ရပြီဖြစ်ရာ ၎င်းမှာ နိုင်ငံအသီးသီးအတွက်မူ သေစေနိုင်သော ဒဏ်ချက်ပင် ဖြစ်တော့သည်။

အကယ်၍ မဟာထန်ဘက်မှ မီးဆီဗျူဟာကို ထိန်းချုပ်နိုင်မည့် နည်းလမ်းကို မရှာဖွေနိုင်ပါက နိုင်ငံအသီးသီးမှာ ဤကဲ့သို့သော အစွမ်းကုန် အသာမရသည့် အခြေအနေနှင့် အရှက်ရဖွယ် အနေအထားမျိုးတွင်သာ ဆက်လက် နစ်မွန်းနေရပေလိမ့်မည်။

ရှီဘုရင်မ…

မိမိတို့ ဘေးနားရှိ ဤဘုရင်မမှာ ရုတ်တရက် တာဝန်ယူလိုကြောင်း ပြောဆိုလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ အမူအရာများ မှင်တက်သွားကြရသည်။ သိသိသာသာပင် ဤအခြေအနေမျိုးကို မည်သူမျှ ကြိုတင် မတွေးထားမိကြပါချေ။

"ရှီဘုရင်မ ဒီ အာရပ်မီးဆီ ဆိုတာက သဲနဲ့ဖို့ရင်တောင် မငြိမ်းနိုင်သလို ရေနဲ့လောင်းရင်လည်း ပိုပြီးတောက်လောင်တတ်တာလေ၊ မင်းမှာ တကယ်ပဲ နည်းလမ်း ရှိလို့လား"

ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းက သူ၏ ဘေးနားရှိ ရှီဘုရင်မအား လှည့်ကြည့်ရင်း အနည်းငယ် စိတ်ဝင်တစား မေးမြန်းလိုက်သည်။

ဂိုဂူလျောအင်ပါယာမှာ ရှီနှင့် ခီတန် မျိုးနွယ်စု နှစ်ခုစလုံးနှင့် မလှမ်းမကမ်း နေရာတွင် ရှိနေပြီး အားလုံးမှာ အရှေ့မြောက်ဘက် နယ်မြေတွင် ရှိနေကြပါသော်လည်း ယွန်းဂျယ်စိုးမွန်း ဦးဆောင်သော စစ်တပ်ကြီးမှာ မဟာထန် နှင့်သာ အမြဲတမ်း အပြင်းအထန် တိုက်ခိုက်နေရသဖြင့် ရှီး နှင့် ခီတန် မျိုးနွယ်စုကြီး နှစ်ခုနှင့်မူ ဆက်ဆံရေး သိပ်မရှိလှပါချေ။

ဤ ရှီဘုရင်မ နှင့် ပတ်သက်၍မူ ယွန်းဂျယ်စိုးမွန်း သိရှိထားသည်မှာ သူမမှာ ခွန်အားကြီးမားပြီး ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်သည်ဟုသာ သိထားပြီး ကျန်သောအချက်များကိုမူ မသိရှိပါချေ။

ရှီမျိုးနွယ်စု၏ စစ်ပွဲများတွင်မူ ဤရှီဘုရင်မကိုယ်တိုင် လှုပ်ရှားရမည့် အဆင့်အထိ ရောက်ရှိရန်မှာ အလွန်ပင် ရှားပါးလှပေသည်။

"ဟင်းဟင်း ကျွန်မရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ရှင်တို့ကို မယှဉ်နိုင်ပါဘူး၊ ဒါပေမဲ့ ဒီမီးပင်လယ်ကိုတော့ ကျွန်မကလွဲရင် တခြား ဘယ်သူကမှ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလေ"

ရှီဘုရင်မက လှပသော ခြေလှမ်းလေးများဖြင့် ရှေ့သို့ တိုးလာခဲ့ရင်း အသာအယာ ရယ်မောကာ ယွန်းဂျယ်စိုးမွန်းအား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအကြည့်မှာ စွဲမက်ဖွယ်ရာများ ပြည့်နှက်နေလျက် လူတိုင်းကို ရင်ခုန်သွားစေရန် လုံလောက်လှပေသည်။

သို့သော်လည်း ယွန်းဂျယ်စိုးမွန်း အပါအဝင် ပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီး၏ ဘုရင်များမှာမူ ရင်ထဲ၌ ထိတ်လန့်သွားကြရပြီး တစ်ဦးချင်းစီမှာ အကြည့်များကို လွှဲလိုက်ကြကာ ရှေ့တည့်တည့်ကိုသာ ပြန်လည် စိုက်ကြည့်နေကြတော့သည်။

အခြားသူများမှာမူ ဤရှီဘုရင်မ အကြောင်းကို သိရှိချင်မှ သိရှိကြပါလိမ့်မည်။ သို့သော် ယွန်းဂျယ်စိုးမွန်း နှင့် ဝူဆူမစ်ရှ် ခါဂန်းတို့ အစရှိသော သူများကမူ မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။ ခွန်အားကြီးသူသာ ရှင်သန်ခွင့်ရသည့် ရှီးမျိုးနွယ်စု အတွင်း၌ ထိပ်ဆုံးသို့ ရောက်ရှိလာနိုင်ပြီး ဘေးနားရှိ ခီတန်ဘုရင်နှင့် ရင်ဘောင်တန်းနိုင်သူ ဖြစ်သည့်အလျောက် ဤရှီဘုရင်မမှာမူ အလှအပ သက်သက်ကိုသာ ပိုင်ဆိုင်ထားသူ မဟုတ်ပါချေ။

သူမအား သာမန် အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ကာ မကောင်းသော စိတ်များ ထားရှိသူတိုင်းမှာမူ ယခုအခါတွင် အလောင်းများပင် အရိုးစုဖြစ်ကာ မြေကြီးထဲ ရောက်နေကြပြီ ဖြစ်လိမ့်မည်။

"မင်းရဲ့ခွန်အားကိုတော့ ငါ သံသယ မရှိပါဘူး၊ ဒါပေမဲ့ အခုက တိုက်ပွဲ စတင်ရုံပဲ ရှိသေးတာလေ၊ မဟာထန်ဘက်က ထိပ်တန်း ဗိုလ်ချုပ်တွေ တစ်ယောက်မှ လှုပ်ရှားတာ မရှိသေးဘူး၊ အခုလို အချိန်မှာတင် ဂန်ချီ စွမ်းအင်တွေကို အကုန်သုံးလိုက်တာက သိပ်ပြီးတော့ မသင့်တော်ဘူး မဟုတ်လား"

ထိုအချိန်မှာပင် ခီတန်ဘုရင် က ရုတ်တရက် စကားဆိုလိုက်သည်။

ခီတန်ဘုရင်မှာ သဘာဝအရ ရဲစွမ်းသတ္တိ ရှိပါသော်လည်း အသိဉာဏ် မရှိသူတော့ မဟုတ်ပါချေ။

တိုက်ပွဲမှာ ယခုအချိန်အထိ မဟာထန် ဘက်မှ ထွက်ပေါ်လာသည်မှာ အချို့သော ယန္တရား လက်နက်များနှင့် အောက်ခြေ စစ်သည်များသာ ရှိသေးပြီး ထိပ်တန်း တပ်ဖွဲ့များမှာမူ တစ်ခုမျှ ပေါ်ထွက်လာခြင်း မရှိသေးပါချေ၊ အဆင့်မြင့် ဗိုလ်ချုပ်များအကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ပါချေ။

အားရပါးရ တိုက်ခိုက်ရသည့် စစ်ပွဲမျိုးကို မည်သူက မကြိုက်ဘဲ နေပါမည်နည်း၊ ခီတန်ဘုရင်သည်လည်း သူ၏လက်အောက်ရှိ ဗိုလ်ချုပ်များကို ဦးဆောင်ကာ ရှေ့တန်းသို့ တိုက်ရိုက် ပြေးဝင်လျက် စိတ်ကြိုက်သတ်ဖြတ်ချင်နေပါသော်လည်း သူ၏ခွန်အားအရဆိုလျှင် မဟာထန်ဘက်တွင်မူ သူ့အား တားဆီးနိုင်သူမှာ အလွန်ပင် ရှားပါးပါလိမ့်မည်။ သို့သော်လည်း အကယ်၍ ဂန်ချီစွမ်းအင်များ အလွန်အမင်း ကုန်ဆုံးသွားချိန်၌ တစ်ဖက်လူဘက်တွင် ပုန်းကွယ်နေသော ဗိုလ်ချုပ်များ ရုတ်တရက် ထွက်ပေါ်လာခဲ့မည်ဆိုပါက နောက်ဆက်တွဲ ရလဒ်များမှာမူ တွေးဝံ့စရာပင် မဟုတ်ပါချေ။

ဤအချက်ကပင် လူတိုင်းက အနောက်ဘက်၌သာ ထိုင်နေကြလျက် လွယ်လင့်တကူ လှုပ်ရှားခြင်း မပြုကြရသည့် အကြောင်းရင်းပင် ဖြစ်တော့သည်။

စစ်သည်ကို စစ်သည်ချင်း၊ ဗိုလ်ချုပ်ကို ဗိုလ်ချုပ်ချင်း ဟူ၍ပင်။

တစ်ဖက်လူ၏ ဗိုလ်ချုပ်ကြီးများ မလှုပ်ရှားသေးပါက မိမိတို့ဘက်မှလည်း လွယ်လင့်တကူ လှုပ်ရှားမည် မဟုတ်ပါချေ။

ဤသည်မှာ စစ်မြေပြင်တွင် နှစ်ဖက်စလုံးမှ လက်ခံထားကြသော ရေးမထားသည့် စည်းကမ်းချက် တစ်ခုပင် ဖြစ်တော့သည်။

အကယ်၍ ရှီဘုရင်မသာ ရှေ့တန်းသို့ တက်သွားခဲ့ပြီး တစ်စုံတစ်ရာ မှားယွင်းသွားခဲ့မည်ဆိုပါက ရှီမျိုးနွယ်စု တစ်ခုလုံးမှာ အပြီးတိုင် ပြိုကွဲသွားနိုင်ပေသည်။

"စိတ်ချပါ၊ ကျွန်မ သတိထားပါ့မယ်၊ အနားကို အများကြီး တိုးမသွားပါဘူး"

"ဒါ့အပြင် ခီတန်ဘုရင်... အကယ်၍ တစ်ဖက်လူရဲ့ ဗိုလ်ချုပ်ကြီးက လှုပ်ရှားလာရင်တော့ အဲဒီအချိန်ကျရင် ကျွန်မကို ကူညီဖို့ ရှင် ကိုပဲ အားကိုးရမှာနော်"

ရှီဘုရင်မက ပြောရင်းနှင့် စွဲမက်ဖွယ်ကောင်းသော အကြည့်တစ်ခုကို ပစ်လွှတ်လိုက်သည်။

အန်းလုရှန်း မှာမူ ရှေ့တည့်တည့်မှ အေးစိမ့်စွာ ကြည့်နေလျက် ဘာမှ မဆိုပါသော်လည်း မသိစိတ်ဖြင့် ဘေးနားရှိ ကောင်းရှန်းအား လှမ်းကြည့်လိုက်မိသည်။

ဤအန္တရာယ်ရှိသော လုပ်ဆောင်ချက်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းသည် နိုင်ငံအသီးသီး၏ စစ်ဗျူဟာမှူးကြီး ကောင်းရှန်းဆီသို့သာ တစ်ညီတစ်ညွတ်တည်း လှမ်းကြည့်လိုက်ကြတော့သည်။

ဤစစ်ပွဲကြီးတွင် လက်တွေ့ လုပ်ဆောင်မှုများမှလွဲ၍ အလုံးစုံသော ဗျူဟာများ၊ ကြံစည်မှုများနှင့် စီစဉ်မှုများ အားလုံးမှာ ကောင်းရှန်း၏အမိန့်ကိုသာ နာခံကြရမည် ဖြစ်သည်မှာ စစ်မတိုက်မီကတည်းက နိုင်ငံအသီးသီးမှ သဘောတူညီချက် ရယူထားခဲ့ကြခြင်း ဖြစ်ရာ၊ တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းရှန်းမှာ နိုင်ငံအသီးသီး၏ စစ်ဗျူဟာမှူးကြီးပင် ဖြစ်တော့သည်။

ရှီဘုရင်မ အနေဖြင့် ရှေ့တန်းသို့ သွားရောက်လိုပါကလည်း ကောင်းရှန်း၏ ခွင့်ပြုချက် ရရှိမှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။

အကယ်၍ အန္တရာယ်မှာ အလွန်ကြီးမားနေသဖြင့် ကောင်းရှန်းက ငြင်းပယ်လိုက်မည်ဆိုပါက ရှီဘုရင်မပင်လျှင် အမိန့်ကို နာခံကာ သူမ၏ အတွေးများကို စွန့်လွှတ်ရမည် ဖြစ်သည်။

"သူမ လုပ်ချင်တာ လုပ်ပါစေ"

ကောင်းရှန်းက မျက်မှောင်ကြုတ်ကာ ခေတ္တမျှ တွေးတောနေပြီးနောက် များမကြာမီမှာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ရှီဘုရင်မ၊ ရှေ့တန်းကို မင်းဆီပဲ အပ်လိုက်ပါ့မယ်၊ ဒါပေမဲ့ သတိထားရမှာက သံမဏိခံတပ် ရဲ့ ခေုလှမ်း၈၀ အကွာအဝေးအတွင်းကို လုံးဝတိုးမသွားပါစေနဲ့၊ ဒါ့အပြင် အဲဒီမှာ နေရမဲ့ အချိန်ကလည်း လက်ဖက်ရည် တစ်ဝက်သောက်ချိန်ထက် မကျော်ရဘူး၊ တစ်ဖက်လူရဲ့ ဗိုလ်ချုပ်ကြီး ပေါ်လာတာနဲ့တစ်ပြိုင်နက် ချက်ချင်း နောက်ဆုတ်ရမယ်၊ တိုက်ပွဲကို လုံးဝ မဆွဲရဘူးနော်"

"နားလည်ပါပြီ၊ ကျွန်မရဲ့စစ်ဗျူဟာမှူးလေး"

ရှီဘုရင်မက သာယာစွာ ရယ်မောလိုက်ပြီးနောက် လျင်မြန်စွာ ရှေ့သို့ ထွက်ခွာသွားတော့သည်။

ကောင်းရှန်း၏ဘေးမှ ဖြတ်ကျော်သွားသည့် အခိုက်အတန့်တွင် ရှီဘုရင်မ၏ ဖြူဖွေးသွယ်လျလှသော လက်ချောင်းလေးများက အနည်းငယ်မျှ လှုပ်ခါသွားခဲ့ပြီး ကောင်းရှန်း၏ မျက်စိရှေ့မှနေ၍ မသိမသာ ဝှေ့ယမ်းသွားခဲ့သည်။

ကောင်းရှန်း၏ အမူအရာမှာ အနည်းငယ် တင်းမာသွားခဲ့ပြီး မသိစိတ်ဖြင့် အနောက်သို့ ရှောင်တိမ်းလိုက်ပါသော်လည်း ရှီဘုရင်မမှာမူ လေပြေတစ်ခုအလား ရှေ့တည့်တည့်သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အဝေးဆီမှလည်း သူမ၏ အသံမှာ ပဲ့တင်ထပ်နေဆဲပင်။

"နဂါးနက်ဘုရင်... အဲဒီအချိန်ကျရင်တော့ ရှင် လည်း ကျွန်မကို ပူးပေါင်း ကူညီပေးဖို့ ဒုက္ခပေးရဦးမှာနော်"

စကားသံ မဆုံးမီမှာပင် လူမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

...

စစ်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေဆဲပင်။

မြို့ရိုးပေါ်တွင်မူ မီးဆီများမှာ အဆက်မပြတ် ပန်းထွက်နေဆဲ ဖြစ်ရာ၊ နိုင်ငံအသီးသီးမှ ကျွမ်းကျင်သူများမှာ ရံဖန်ရံခါတွင် ဟာလာဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ထိုမီးဆီပိုက်များကို ကိုင်တွယ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြပါသော်လည်း (အချို့က ပစ္စည်းများဖြင့် ပိတ်ဆို့ခြင်း၊ အချို့က ဓားများဖြင့် ခုတ်ပိုင်းကာ ပိုက်များကို ဖြတ်တောက်ခြင်း သို့မဟုတ် သံမဏိပိုက်များကို ကျိုးကွေးသွားအောင် လုပ်ဆောင်ခြင်း အစရှိသဖြင့်)။

သို့သော်ငြားလည်း ဤသို့ လုပ်ဆောင်ခြင်းများက စစ်တပ်ကြီး၏ တိုက်စစ်အရှိန် ထိခိုက်နေမှုကိုမူ အလုံးစုံ ပြောင်းလဲနိုင်စွမ်း မရှိပါချေ။

စကားပြောရသည်မှာ ကြာပါသော်လည်း လက်တွေ့တွင်မူ အလွန်ပင် မြန်ဆန်လှပေသည်။ စစ်မြေပြင်၏ အစွန်းဘက်တွင် စူးရှလှသော အော်ဟစ်သံကြီးတစ်ခုမှာ ရုတ်တရက် ကောင်းကင်ယံကို ဆွဲဖြဲလျက် ထွက်ပေါ်လာတော့သည်။

ထိုအသံမှာ စစ်မြေပြင်ရှိ လူတိုင်း၏အသံများကို တိုက်ရိုက်ပင် ဖုံးလွှမ်းသွားခဲ့ရာ စစ်မြင်းတို့၏ ဟီသံများ၊ လေတိုးသံများနှင့် အမျိုးမျိုးသော နာကျင်စွာ အော်ဟစ်သံများ အားလုံး ပါဝင်ပေသည်။

"ဝုန်း"

ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်ခုကိုသာ ကြားလိုက်ရပြီး၊ သံမဏိခံတပ် နှင့် ပေ ၇၀၀၀ ကျော် အကွာအဝေးရှိသော စစ်မြေပြင် အစွန်းတွင် ရှီဘုရင်မသည် လှပလှသော ဝတ်စုံကို ဆင်မြန်းထားလျက် လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ၊ သူမ၏ အနောက်တွင်မူ တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမှုန်များမှာ သောင်းနှင့်ချီသော မြင်းများ တဟုန်ထိုး ပြေးဝင်လာသည့်အလား အရှိန်အဟုန်ဖြင့် သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ ဦးတည်လာတော့သည်။

ထိုနှင်းမှုန်များမှာ အလွန်ပင် ထူထဲလှသဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားခဲ့ရာ ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

နောက်တစ်ခဏ၌ မြို့ရိုးပေါ်ရှိ မရေမတွက်နိုင်သော မဟာထန် မြို့စောင့်စစ်သည်တို့၏ တုန်လှုပ်ခြောက်ခြားနေသော အကြည့်များအောက်တွင် ထိုပြင်းထန်လှသည့် နှင်းမုန်တိုင်းမှာ စစ်မြေပြင် အစွန်းရှိ ရှီဘုရင်မအား ချက်ချင်းပင် ဝါးမြိုသွားခဲ့တော့သည်။

တလိမ့်လိမ့် ထွက်ပေါ်နေသော အအေးလှိုင်းများနှင့် နှင်းမှုန်များမှာ မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် သံမဏိခံတပ်တစ်ခုလုံးဆီသို့ လွှမ်းခြုံကျရောက်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှင်းမှုန်များမှာ ကောင်းကင်နှင့် မြေကြီးကြား၌ ပြည့်နှက်သွားခဲ့ပြီးနောက် စစ်မြေပြင်တစ်ခုလုံးတွင် မည်သည့်အရာကိုမျှ မြင်တွေ့နိုင်ခြင်း မရှိတော့ပါချေ၊ ထိုပြင်းထန်စွာ တောက်လောင်နေသော မီးပင်လယ်ကြီးပင်လျှင် နှင်းမုန်တိုင်းကြီး၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသဖြင့် သဲသဲကွဲကွဲ မမြင်ရတော့ပါချေ။

******

All Chapters