အလောင်းကောင်ယင်ဂိုဏ်း (၃)
Vol. 002 Ch. 94
ဝူယုက အသနားခံသည့် အမူအရာဖြင့် လျင်မြန်စွာ ပြောလိုက်သည်…
“ငါက ဒီနေရာကနေ သွားလို့မရဘူး… ဒါပေမဲ့ မင်းက အလောင်းကောင်ဂိုဏ်းကို သွားပြီး ငါ့ရဲ့ ဂိုဏ်းတူအစ်ကို ရီဇီကို ဒီလာပြီး ငါ့ကို ကယ်ပေးဖို့ သွားပြောပေးပါလား… “
ဝမ်လင်းကတော့ မတုန်မလှုပ်ပင် ရှိနေပြီး ဝူယုကို မေးလိုက်သည်…
“အပြင်က ခင်ဗျားရဲ့ အလောင်းရုပ်သေး သတိ မပြုမိဘဲ ငါ့ကို အပြင်ရောက်သွား စေနိုင်တဲ့ နည်းလမ်း ခင်ဗျားမှာ ရှိလို့လား… “
ဝူယုက အလျင်အမြန် ခေါင်းညိတ်ပြပြီး ဖြေလိုက်သည်…
“ငါ့ရဲ့ လက်ကျန်စွမ်းအင်နဲ့ ရွှေ့ပြောင်း အလင်းတန်းကို ဖွင့်ပေးပြီးတော့ မင်းကို အလောင်းကောင်ဂိုဏ်း တန်းရောက်အောင် ပို့ပေးနိုင်တယ်… “
ဝမ်လင်းက ဝူယုကို စိုက်ကြည့်လိုက်ပြီး မသိမသာပြုံးကာ ပြောလိုက်သည်…
“ငါ့ကို ရွှေ့ပြောင်း အလင်းတန်းနဲ့ ပို့နိုင်ရင်… ခင်ဗျားက အဲဒါသုံးပြီး ဘာလို့ ဂိုဏ်းကို မပြန်တာလဲ… “
ဝူယုက သက်ပြင်းချပြီး ပြောလိုက်သည်…
“အလောင်းကောင် ရုပ်သေးက ငါနဲ့ (၁၀၀)ကီလိုမီတာထက် ပိုပြီး ဝေးဝေးသွားလို့ မရသလို… ငါကလည်း သူနဲ့ (၁၀၀)ကီလိုမီတာထက် ပိုပြီး ဝေးသွားလို့ မရဘူး… အကယ်၍ ဝေးသွားရင် အလောင်းကောင်ရုပ်သေးက ချက်ချင်း သေသွားမယ်… ငါကလည်း ခန္ဓာကိုယ် ရှိသေးရင်တော့ ငါ့ရဲ့ စိတ်ဝိညာဉ်က ဒဏ်ရာ အပြင်းအထန် ရရုံလောက်ပဲ… ဒါပေမဲ့ အခု ငါက စဦးစိတ်ဝိညာဉ် တစ်ကောင်ပဲ… အလောင်းကောင် ရုပ်သေးနဲ့အတူ မသေချင်သေးဘူး… “
တဖြည်းဖြည်းနှင့် ရုပ်ထုကြီးက ပိုပိုလှုပ်လာသည်။ ဝူယုက ဝမ်လင်း၏ မျက်နှာက မပြောင်းလဲသေးသည်ကို တွေ့လျှင် အံကြိတ်ပြီး ပြောလိုက်သည်…
“ငါ…ဝူယု မင်းအပေါ် မထိခိုက်စေပါဘူးလို့ ငါ့ရဲ့ စဦးစိတ်ဝိညာဉ်ပေါ် ကျိန်ဆိုပါတယ်… ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ… ကောင်လေး… ငါ မင်းကို အားသိုင်ကိုတောင်မှ လက်ဆောင်အဖြစ် ပေးနိုင်တယ်… သူ့ကိုယ်မှ အဆောင်စာရွက် ကိုးခုကလည်း အလွန်အစွမ်းထက်တယ်… “
“ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်တွေထဲမှာ ယင်ဂုဏ်သတ္တိ တွေကို ငါ ခံစားမိသည်။ ငါ ထင်တာ မမှားဘူးဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအတွက် ယင်စွမ်းအင်တွေကို စုပ်ယူဖို့ ဒီနေရာကို လာခဲ့တာမလား… ဒီနေရာမှာရှိတဲ့ ယင်စွမ်းအင်တွေက တစ္ဆေယင် အမျိုးအစားပဲ… မင်းသာ အလောင်းကောင် ဂိုဏ်းကို သွားမယ်ဆိုရင် အဲဒီနေရာမှာ မြေကြီးယင် အမျိုးအစား ကျင့်ကြံတဲ့ နေရာတွေ ရှိတယ်… “
ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်…
“အလောင်းကောင်ဂိုဏ်းက မြေကြီးယင် အမျိုးအစားရှိတဲ့ နေရာမှာ ရှိရင် ခင်ဗျားက ဘာလို့ ဒီနေရာကို အဆင့် ချိုးဖြတ်ဖို့အတွက် လာမှာလဲ… “
ဝူယုက ဝမ်လင်းကို သေချာကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ဒီကောင်လေးက အလွန် စေ့စေ့စပ်စပ် ရှိသည်ဟု တွေးနေသည်။ သူ မည်သို့ပင် ကြိုးစားပါစေ ဝမ်လင်း၏ အမူအရာက လုံးဝ မပြောင်းလဲပေ။
သူက ဝမ်လင်း၏ မေးခွန်းကို ခါးသက်စွာ ပြုံးပြီး ဖြေလိုက်သည်…
“ကောင်လေး… စောနက ငါ့ရဲ့ စဦးစိတ်ဝိညာဉ် အပေါ်မှာ ကျိန်ဆို ထားပြီးပါပြီ… ဒီအလောင်း ရုပ်သေးက လူတွေနဲ့မတူဘူး… အလောင်းရုပ်သေးက အဆင့်တက်ဖို့အတွက် တစ္ဆေယင်ကို စုပ်ယူဖို့ လိုတယ်… ဒါကြောင့် အလောင်းရုပ်သေးကို ဒီနေရာယူလာတာပဲ… “
ထိုအချိန်တွင် ရုပ်ထုကြီးက ပြင်းထန်စွာ လှုပ်လာပြီး ရုပ်ထုကြီး၏ ကိုယ်ပေါ်တွင် အက်ရာများ ပေါ်လာ၏။ အက်ကွဲသည့် အသံများကလည်း ဆက်တိုက် ထွက်ပေါ်လာသည်။
ဝူယုက အလွန်စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်…
“ကောင်လေး… အလောင်းကောင်ဂိုဏ်းမှ မင်း လေ့ကျင့်ချင်တယ်ဆိုလည်း ငါ့တပည့်ဆိုပြီး ဟန်ဆောင်နိုင်ပါတယ်… ငါ မင်းကို ဂိုဏ်းကို ရောက်အောင် ပို့ပေးမှာကို သံသယ မရှိပါနဲ့… ကောင်လေး ဆုံးဖြတ်ရမှာက မင်းပဲ… “
သူ ပြောလို့ပြီးသည့် အချိန်မှာပင် ရုပ်ထုကြီးက ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အက်ရာများ ဖြစ်နေသည့် ရုပ်ထုကြီးက စတင်ပြီး အစိတ်အပိုင်းများ ပြိုကျလာသည်။
ဝမ်လင်း၏ စိတ်ထဲတွင်လည်း စိုးရိမ်မှုများနှင့် ပြည့်နေသည်။ သူသာ အခုချိန် မထွက်နိုင်လျှင် အလောင်းရုပ်သေးကြောင့် သူသေရလိမ့်မည်။
ထိုအကြောင်းကို တွေးမိပြီး ဝမ်လင်းက ဝူယုကို ခေါင်းညိတ် ပြလိုက်သည်။
ဝူယုက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်စလုံးကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အစီအရင်များကို ဖန်တီးလိုက်ရာ သူ့ရှေ့တွင် ပဉ္စဂံပုံ ကွင်းတစ်ခု ပေါ်လာသည်။
ပဉ္စဂံပုံ ကွင်းက သက်တန့်ရောင် တောက်ပနေပြီး ထိုအရာမှ စုပ်အားတစ်ခု ထွက်ပေါ် နေသည်ကို ခံစားမိနိုင်သည်။
ထိုအချိန်တွင် ‘ဝုန်း’ ဆိုသော အသံ ထွက်လာပြီး ရုပ်ထုက တော်တော်များများ ကွဲကြေသွားပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်… “ဆရာ… ဆရာ ဘယ်လိုထွက်ပြေး နိုင်ဦးမလဲ မြင်ချင်သေးတယ်… “
ဝူယုက ရွှေ့ပြောင်း အလင်းတန်း အပြည့်အဝ ပွင့်သည်အထိ စောင့်မနေတော့ဘဲ အော်ပြောလိုက်သည်… “ကောင်လေး… မြန်မြန်သွားတော့… ငါ့ရဲ့ အသက်ရှင်မှုက မင်း လက်ထဲမှာ… “
ပြောပြီးသည်နှင့် သူက လေထဲတွင် ထိုင်နေသော ကျောက်တုံးလူဆီသို့ ပျံသန်းသွား၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက ရွှေ့ပြောင်းအလင်းတန်း ဆီသို့ ခုန်ဝင်လိုက်သည်။ ထူးဆန်းသော လူကလည်း အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ရွှေ့ပြောင်း အလင်းတန်းဆီသို့ ဝမ်လင်း၏ နောက်မှ လိုက်ဝင်သွား၏။
ထိုအခိုက်အတန့်တွင် ရုပ်ထုက လုံးဝကွဲကြေပြီး ပြိုလဲကျသွား၏။ သရော်ပြုံးနှင့် လူငယ် တစ်ယောက်က ဝင်လာသည်။ သို့သော်လည်း ရွှေ့ပြောင်း အလင်းတန်းကို မြင်သည်နှင့် သူ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွား၏။
ဝမ်လင်းကတော့ ရွှေ့ပြောင်းအလင်းတန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် လှိုဏ်ခေါင်းတစ်ခု အတွင်းသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့ အပေါ်တွင်လည်း အလင်းရောင် အမှုန်များက ကြယ်များကဲ့သို့ ရှိနေလေသည်။
ဝမ်လင်းက နောက်ကို လှည့်ကြည့်လိုက်ရာ ဘယ်ဘက်ကို ကြည့်လိုက် ညာဘက်ကို ကြည့်လိုက် ဖြစ်နေသော အားသိုင်ကို တွေ့လိုက်ရသည်။ အားသိုင်သည် ဝမ်လင်းက သူ့ကို ကြည့်နေသည်ကို သတိပြုမိလိုက်ပြီး ထူးဆန်းသော စကားများကို ဝမ်လင်းကို ပြောလိုက်သည်။ သူ့မျက်လုံး ထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။
အချိန်ကာလတစ်ခု ကြာပြီးနောက် လှိုဏ်ခေါင်း၏ အဆုံးတွင် အလင်းတစ်ခု ပေါ်လာ၏။ ထိုအလင်းသည် တဖြည်းဖြည်း ကြီးလာပြီး လှိုင်ခေါင်း တစ်ခုလုံးကို အပြည့် ဖုံးအုပ်သွားသည်။ ထိုအလင်းထဲမှ စုပ်အားတစ်ခု ထွက်လာပြီး ဝမ်လင်းနှင့် အားသိုင်ကို စုပ်ယူသွား၏။
***
ကျောင်းနိုင်ငံအတွင်းတွင် အလောင်းကောင်ဂိုဏ်းသည် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ သို့သော်လည်း နံပါတ်တစ် ကောင်းကင်နတ်ဆိုး ဂိုဏ်းထက် အားနည်းသော်လည်း အလောင်းကောင် ဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နေသော ဂိုဏ်းတစ်ခု ဖြစ်သည်။
ဂိုဏ်းအတွင်း၌ တပည့် ဦးရေ၊ ဂိုဏ်း၏ တည်နေရာ၊ ဂိုဏ်းရှိ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အရေအတွက်၊ ထိုအရာများကို အပြင်မှ လူများ တစ်ယောက်မှ မသိကြချေ။
လျှို့ဝှက်လွန်း၍ တစ်ဂိုဏ်းလုံး သုတ်သင် ခံလိုက်ရပြီဟုတောင် ကောလာဟလများ ထွက်လာ သေးသည်။
ထိုသို့သော ဂိုဏ်းတစ်ခုကို အမှန်ဆိုလျှင် အချိန်များ ကြာလာသည်နှင့်အမျှ ကျင့်ကြံသူတိုင်း မေ့သွားသင့်သည် ဆိုသော်လည်း ကျင့်ကြံသူတိုင်းက အလောင်းကောင်ဂိုဏ်းကို မမေ့ကြချေ။
အကြောင်းရင်းကတော့ အလောင်းကောင်ဂိုဏ်း၏ ကျင့်စဉ် နည်းလမ်းကြောင့် ဖြစ်သည်။
အလောင်းကောင်ဂိုဏ်းမှ တပည့်တိုင်းသည် အလောင်းကောင် တစ်ကောင်ကိုသာ သန့်စင်ရန် တစ်ခါ အခွင့်အရေး ရှိ၏။ အလောင်းကောင်တစ်ကောင် သန့်စင်ပြီးလျှင် နောက်တစ်ခု သန့်စင်၍ မရတော့ချေ။
အလောင်းကောင်ဂိုဏ်းမှ တပည့်များအတွက် သူတို့၏ ကျင့်စဉ် အဆင့်အပြင် သူတို့၏ အလောင်းကောင် ရုပ်သေးများ၏ ကျင့်စဉ် အဆင့်ကလည်း အရေးပါသည်။ သူတို့ လေ့ကျင့်နေသည့် ကျင့်စဉ်သည် အံ့ဩဖို့ ကောင်းသည့်ကျင့်စဉ် ဖြစ်နေရခြင်းမှာ လွန်ခဲ့သော နှစ်(၅၀၀)က ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်သည် စဦး စိတ်ဝိညာဉ်အဆင့် အလောင်းရုပ်သေး တစ်ခုကို ပိုင်ဆိုင် ခဲ့သောကြောင့် ဖြစ်၏။
ထိုတပည့်သည် ထူးဆန်းစွာ ပျောက်ဆုံး သွားသော်လည်း သူ၏ ထွက်ပေါ်လာခဲ့မှုက ကျောင်း နိုင်ငံထဲတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်း အဆင့်နိမ့်သော တပည့်များသည် အလောင်းကောင်ဂိုဏ်းကို ဝင်နိုင်ရန် ယခုအချိန်အထိ အိပ်မက် မက်နေကြဆဲ ဖြစ်၏။
သို့သော်လည်း မည်သူကမှ အလောင်းကောင် ဂိုဏ်း၏ နေရာကို ရှာတွေ့နိုင်ခြင်း မရှိကြချေ။
ကျောင်းနိုင်ငံ၏ အနောက်ဘက် အလွန်ဝေးကွာသော နေရာတစ်ခုတွင် တစ်နှစ်ပတ်လုံး ယင်စွမ်းအင်များဖြင့် ပြည့်နေသော နေရာတစ်ခု ရှိသည်။ ထိုနေရာကို ကျင့်ကြံသူများက မလာချင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာ တစ်ခုလုံးတွင် ယင်စွမ်းအင်များ သိပ်သည်းစွာ ရှိနေပြီး စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် မထိချင်သော မြေကိုးမျိုး စွမ်းအင်ပါ ရှိ၏။ စဦး စိတ်ဝိညာဉ် အဆင့်အောက် မည်သည့် ကျင့်ကြံသူမဆို မြေကိုးမျိုး စွမ်းအင်ကို ထိလိုက်သည်နှင့် ဒဏ်ရာရမည် ဖြစ်သည်။
ထိုနေရာသည် လျှို့ဝှက် ဆန်းကြယ်ပြီး တားမြစ်စည်းများလည်း ရှိသည့်အတွက် ရတနာ ပစ္စည်းကောင်းများ ရှိနိုင်သည်ဟု ထင်ပြီး မိစ္ဆာဂိုဏ်း အနည်းငယ်က စုပေါင်းကာ ထိုနေရာကို ဝင်ရောက် ရှာဖွေခဲ့ကြဖူးသည်။
သို့သော်လည်း ထိုနေရာ တစ်ခုလုံးတွင် မည်သည့်ရတနာမှ ရှိမနေချေ။ တချို့ဆိုလျှင် မြေအောက်အထဲထိ ရှာကြည့်သော်လည်း ဘာကိုမှ မတွေရချေ။
ထို့ကြောင့် သူတို့အားလုံးသည် တခြားဂိုဏ်းများ၏ လှောင်ပြောင်းခြင်းကို ခံခဲ့ကြရ၏။
မည်သည့် ရတနာပစ္စည်းများ ရှိမနေသည့် အတွက် တဖြည်းဖြည်းနှင့် ထိုနေရာကို လူအားလုံးက မေ့သွားကြသည်။
ထိုနေရာ၏ အလယ်တွင် မြူများ ဖုံးအုပ်ထားသော နေရာတစ်ခု ရှိသည်။
မြူထဲတွင် ရွှံ့တောကြီးက နေရာ တစ်ခုလုံးကို နေရာယူထား၏။ ထိုရွှံတော၏ အောက်တွင် ကြီးမားသော ဥမင်လှိုဏ်ခေါင်းတစ်ခု ရှိနေသည်။ ထိုထဲတွင် များစွာသော ဥမင်လှိုဏ်ခေါင်း အသေးများ ရှိပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။
ထိုနေရာသည် ကျောင်းနိုင်ငံ၏ အလျှို့ဝှက်ဆုံး ဂိုဏ်းဖြစ်သည့် အလောင်းဂိုဏ်း တည်ရှိရာ နေရာ ဖြစ်သည်။
ဥမင်လှိုဏ်ခေါင်းကြီး၏ အလယ်နေရာသည် ဟုန်ယွီဂိုဏ်း၏ အဓိက ခန်းမထက် အဆပေါင်း များစွာ ကျယ်ဝန်း၏။ အထဲတွင် ၀င်္ကပါ ပြုလုပ်ထားသော ခရမ်းရောင် သစ်သားတိုင်လုံး (၈)တိုင်ရှိပြီး ခရမ်းရောင် သစ်သားတိုင်လုံးများမှ ခရမ်းရောင် စွမ်းအင်များက အဆုံးမရှိ ထုတ်လွှတ်နေ၏။
သစ်သားတိုင်လုံးများပေါ်တွင် သင်္ကေတများစွာ ထွင်းထုထားကာ အလင်းကြိုးများက သင်္ကေတ တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ပေးထားသည်။ အပေါ်မှသာ ကြည့်လိုက်လျှင် ထိုအလင်းကြိုး များက အလင်းကွင်း(၄၉)ကွင်း ဖြစ်ပေါ် နေသည်ကို မြင်နေပေလိမ့်မည်။
တိုင်လုံး (၈)လုံးပေါ်တွင် လူငယ်ရှစ်ယောက်က ထိုင်နေပြီး သူတို့နောက်တွင် အခေါင်း(၈)ခုက လေထဲမျောနေ၏။
ရုတ်တရက် အလင်းကွင်း(၅)ခုက တောက်ပလာပြီး အပြာရောင် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်နှင့် ခေါင်းတလားတစ်ခု ပေါ်လာသည်။
တိုင်(၈)လုံးပေါ်ရှိ လူငယ်(၈)ယောက်ထဲမှ တစ်ယောက်သည် မျက်လုံးကို ဖွင့်လိုက်ပြီး ရောက်ရှိလာသော လူငယ်ကို ကြည့်ကာ ပြောလိုက်သည်…
“မင်း ဘယ်က လာခဲ့တာလဲ… “
အပြာရောင် ဝတ်ဆင်ထားသော လူငယ်က အရိုအသေပေးပြီး ပြောလိုက်သည်…
“အဆင့်နှစ်နိုင်ငံ အလောင်းကောင် ဂိုဏ်းခွဲမှ လင်းရီပါ… အဆင့်တိုး စာမေးပွဲအတွက် လာခဲ့ခြင်း ဖြစ်ပါတယ်… “
တိုင်လုံးပေါ်မှ လူငယ်က အေးစက်စွာ ဝေ့ကြည့်ပြီး ပြောလိုက်သည်…
“ညာဘက်က ဂူနံပါတ်(၁၈)… ဝင်သွားလိုက်… “
အပြာရောင်ဝတ် လူငယ်က ရိုသေစွာ လက်နှစ်ဖက်ကို ဆုပ်ပြီး နှုတ်ဆက်ကာ အစီအရင်ထဲမှ ထွက်သွားကာ ဂူနံပါတ်(၁၈)ထဲသို့ ဝင်သွား၏။
ကျောက်တိုင်ပေါ်ရှိ လူငယ်က မသိမသာ ခေါင်းကို ညိတ်ပြီး မျက်လုံးကို ပိတ်လိုက်သည်။
နောက်ထပ် နာရီပေါင်းများစွာ အတွင်း ရွှေ့ပြောင်း အလင်းတန်းမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။ ထိုအထဲမှ အသန်မာဆုံး တစ်ယောက်သည် အလင်းကွင်းကို (၁၃)ကွင်းထိသာ လင်းစေခဲ့၏။ အလင်းကွင်း(၁၃)ခု လင်းလာသည်နှင့် ကျောက်တိုင်ပေါ်မှ လူငယ် နှစ်ယောက်က မျက်လုံးဖွင့်ကြည့်လိုက်သည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက် အလင်းကွင်းက နောက်တစ်ကြိမ် လင်းလက်လာ၏။ ဒီတစ်ကြိမ်တွင် အလင်းကွင်း(၆)ကွင်းသာ လင်းလက်သွားသည်။ ထိုအခါ ကျောက်တိုင်ပေါ်မှ လူငယ်တစ်ယောက်က မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် ရုတ်တရက် အလင်းကွင်းများက တစ်ခုပြီးတစ်ခု လင်းလာသည်။
“ဒါက ဘာဖြစ်တာလဲ… “
နောက်ထပ်လူငယ်တစ်ယောက်ကလည်း မျက်လုံးဖွင့်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ဝင်္ကပါအစီအရင်ဆီသို့ ဂရုတစိုက်ဖြင့် ပြန်ကြည့်လိုက်၏။
မကြာမီ အလင်းကွင်းများက (၂၈)ခုထိ လင်းလာသည်။
“ကြည့်ရတာ စီနီယာတစ်ယောက် ဒီကို လာနေတာ ထင်တယ်… “
နောက်ထပ် လူငယ်နှစ်ယောက် မျက်လုံးပွင့်လာပြီး ဝင်္ကပါ အစီအရင်ကို ကြည့်လိုက်သည်။ သူတို့ လေးယောက်လုံး၏ မျက်လုံးထဲတွင် လေးစားမှု အရိပ်အယောင်များ ရှိနေ၏။
ထိုအချိန်မှာပင် အလင်းကွင်းများက ထပ်မံ လင်းလက်လာပြီး အလင်းကွင်း (၂၈)ခုမှ (၄၀)ထိ ရောက်သွား၏။
ကျန်ရှိနေသော လူငယ်(၄)ယောက်လည်း မျက်လုံး ဖွင့်လိုက်ကြပြီး (၈)ယောက်လုံး မတ်တတ် ရပ်လိုက်ကြသည်။ ထို့နောက် အားလုံးက ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်ကြသည်…
“စီနီယာကို ကြိုဆိုပါတယ်… “
***