ခန္ဓာပိုင်ရှင်
Vol. 002 Ch. 96
အသံ ထွက်ပေါ်လာသည်နှင့် ထိုအသံက ပြင်းထန်းသော လေတစ်ခုအဖြစ် ပြောင်းသွားကာ ဂူအတွင်းရှိ မီးတောက်များ အားလုံးကို မှိန်သွားစေသည်။ ထို့အပြင် အသံလည်း ဂူထဲတွင် ပဲ့တင် ထပ်နေပြီး ကောင်းကင်မှ အပြစ်ပေးသံအလား ထင်မှတ်စေသည်။
ဝမ်လင်းက လေကို ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးကာ ပြောလိုက်သည်…
“စီနီယာရီကို နှုတ်ဆက်ပါတယ်… “
မီးတောက်ထဲက ပုံရိပ်က ပိုမို ပီပြင်လာပြီး အသက် (၄၀)အရွယ် လူကြီးတစ်ယောက်အဖြစ် ပေါ်လာသည်။ သူက ဝမ်လင်းကို ကြည့်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်…
“မုရုံ… မင်း သွားနိုင်ပြီ… “
မုရုံက မြေပေါ်တွင် ဒူးထောက်နေရာမှ ချက်ချင်း ထပြီး ဂူတစ်ခု အတွင်းသို့ တစ်ဟုန်ထိုး ပျံသန်း ကာ ပျောက်ကွယ်သွား၏။
ရီဇီက သက်ပြင်းချပြီး လွှမ်းဆွတ်နေသည့် အသံဖြင့် ပြောလိုက်သည်…
“ဝမ်လင်းက မင်းက အလောင်းကောင် ဂိုဏ်းက တပည့်တစ်ယောက် မဟုတ်ဘူး… ပြီးမှာ မင်းနဲ့ငါပဲ ရှိတာ… ညာနေစရာလည်း မလိုဘူး… ငါ့ရဲ့ ဂိုဏ်းတူညီလေးမှာ ပြဿနာ တစ်ခုခု ရှိနေရမယ်… ငါ့ကို ပြောပြပါ… “
ဝမ်လင်းက ခါးကို ဆန့်လိုက်သည်။ ယခု တခြားသူများလည်း မရှိသည့်အပြင် စဦးစိတ်ဝိညာဉ် အဆင့်ကို လိမ်ညာရန်ကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မြို့ပျက်ကြီးထဲတွင် ဖြစ်ပျက်ခဲ့သမျှအား ပြောပြ လိုက်၏။
ရီဇီက ဝမ်လင်းပြောသည့် စကားများကို အဆုံးထိ နားထောင်ပြီးနောက် မျက်လုံးမှိတ်ကာ တွေးလိုက်သည်…
“ဝမ်လင်းပြောတာ အမှန်တွေ ဖြစ်နိုင်တယ်… ဝူယု ထွက်သွားတဲ့ အချိန်တုန်းက သူ့ရဲ့ အလောင်း ရုပ်သေးကို တိုးတက်အောင် လုပ်ဖို့ဆိုပြီး ပြောသွားတယ်… အခု အလောင်းရုပ်သေးက သူ့ကို ပြန်ပြီး ဆန့်ကျင် သွားတဲ့အပြင် စဦးစိတ်ဝိညာဉ် အလယ်အဆင့်ကိုလည်း ရောက်သွားသေးတယ်… ညီလေးဝူယု က သူ့ရဲ့ အလောင်းရုပ်သေးကို နိုင်ဖို့ မဖြစ်နိုင်ဘူး… ငါသွားရင်တောင်မှ သူ့ကို မကူညီနိုင်လောက်ဘူး… “
“ဝမ်လင်း… မင်းက ဒီစကားကို လာပြောတာဆိုတော့ မင်းမှာ တခြား ကိစ္စတစ်ခုခု ရှိရမယ်… “
ရီဇီက ပြောပြီးသည်နှင့် ဝမ်လင်းကို နတ်ဘုရားစိတ်အာရုံနှင့် စစ်ဆေးကြည့်ရာ ဝမ်လင်း၏ ကျင့်စဉ်နည်းလမ်းက အလောင်းကောင်ဂိုဏ်း၏ ကျင့်စဉ်နှင့် အလွန်နီးစပ် နေသည်ကို တွေ့လိုက်ရပြီး အံ့ဩသွား၏။ ရီဇီက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဝူယု၏ ရည်ရွယ်ချက်ကို နားလည် လိုက်သည်။
သူက ဝမ်လင်းကို ကြည့်ပြီးနောက် အားသိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခဏလောက် စဉ်းစားပြီး ဝူယု၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်သွားသည်။ အားသိုင်၏ ခန္ဓာကိုယ်ကို အလောင်းကောင်ဂိုဏ်း၏ ကျင့်စဉ် နည်းလမ်းအတွက် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။
ရီဇီက သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ဝမ်လင်းကို မေးလိုက်သည်…
“သူက ငါ့ရဲ့ ဂိုဏ်းတူညီလေးနဲ့ ဒီနှစ်တွေမှာ အဖော်ပြုပေးခဲ့တဲ့ အားသိုင်လား… “
ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။
ဝမ်လင်း… ငါ မင်းရဲ့စိတ်စွမ်းအင်ကို စစ်ဆေးကြည့်ပြီးပြီ… မင်းရဲ့စိတ်စွမ်းအင်ထဲမှာ ယင်စွမ်းအင်တွေ ပါနေတယ်… မင်းသာ ဒီမှာ လေ့ကျင့်ရင် မင်း အချိန်ကုန်တာ အများကြီး သက်သာ လိမ့်မယ်… ဝမ်လင်း… အလောင်းကောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ချင်လား… “
ဝမ်လင်းသည် ဤနေရာတွင် ဖြစ်လာနိုင်သည့် အရာအားလုံးကို ခန့်မှန်းထားပြီး ဖြစ်သည်။ ရီဇီ၏ ကမ်းလှမ်းမှုကလည်း သူ လိုချင်နေသည့် အရာ ဖြစ်သည်။ ထို့ကြောင့် သူက လေးစားစွာဖြင့် ပြောလိုက် သည်…
“တပည့် ဆန္ဒရှိပါတယ်… “
ရီဇီက ခေါင်းညိတ်ပြီး ပြောလိုက်သည်…
“ကောင်းပြီ… မင်းက ဂိုဏ်းတူညီလေး ဝူယုနဲ့ တွေ့ခဲ့တာဆိုတော့ သူ့ရဲ့ တပည့်အစစ်တစ်ယောက် ဖြစ်သွားပြီ… အခုကစပြီး မင်းက အလောင်းကောင်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့်တစ်ယောက်ပဲ… “
ထို့နောက် သူက အားသိုင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်…
“အားသိုင်ကို ငါ ယူသွားမယ်… မစိုးရိမ်ပါနဲ့… သူက ငါ့ရဲ့ ဂိုဏ်းတူညီလေးနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတယ်… ဒါ့ကြောင့် ငါ သူ့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး… သူ့ကို ငါ့ရဲ့ တပည့် တစ်ယောက်လို ဆက်ဆံမှာပါ… “
ပြောပြီးသည်နှင့် သူက နက်ပြာရောင် ကျောက်စိမ်းပြား တစ်ခုကို ပစ်ပေးလိုက်သည်။ ထို့နောက် အားသိုင်ကို ဆွဲခေါ်သွားလိုက်၏။ အားသိုင်၏ အော်လိုက်သော်လည်း ရီဇီက မလွတ်ပေးဘဲ လိုဏ်ခေါင်း တစ်ခု အတွင်းသို့ အားသိုင်ကို ခေါ်သွားပြီး ပျောက်ကွယ်သွား၏။
ဝမ်လင်းက လက်ထဲမှ ကျောက်စိမ်းပြားကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ သူ၏ အမူအရာက ထူးဆန်းသွားသည်။
ကျောက်စိမ်းပြားထဲတွင် ရိုးရှင်းသော နည်းစနစ်တချို့သာ ပါပြီး အလောင်းကောင်ဂိုဏ်း၏ ကျင့်စဉ်တစ်ခုမှ မပါချေ။ ဝမ်လင်း၏ စိတ်ထဲတွင် ထို့သို့ ဖြစ်ရခြင်းမှာ ရီဇီက စိုးရိမ်နေခြင်းကြောင့် ဖြစ်ရမည်ဟု တွေးလိုက်ပြီး စိတ်ထဲမထားချေ။
ဝမ်လင်းက ကျောက်စိမ်းပြားကို စစ်ဆေး ကြည့်နေစဉ်မှာပင် မုရုံက လိုဏ်ခေါင်းတစ်ခု အတွင်း မှ ထွက်လာ၏။ သူက ရီဇီထွက်သွားသည်နှင့် ဝမ်လင်းကိုဆီကို ပျံသန်းလာခြင်း ဖြစ်သည်။ သို့သော် လည်း ဝမ်လင်းလက်ထဲမှ ကျောက်စိမ်းပြားကို သတိပြုမိသွားပြီး ထိတ်လန့် တုန်လှုပ်သွားကာ လျင်မြန် စွာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး ပြောလိုက်သည်…
“တပည့် မုရုံက ဘိုးဘေးကို နှုတ်ဆက်ပါတယ်… “
ဝမ်လင်းကလည်း မုရုံကိုတစ်လှည့် ကျောက်စိမ်းပြားကိုတစ်လှည့် ကြည့်ပြီး ပြောလိုက်သည်…
“အစ်ကိုမုရုံ… ဒီလိုတွေ လုပ်ဖို့ မလိုပါဘူး… ဒီကျောက်စိမ်းမှာ အဓိပ္ပာယ်ရှိတယ်မလား… “
မုရုံက ဝမ်လင်း၏ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် အားကျသည့် အပြုံးဖြင့် ပြုံးပြလိုက်ကာ ဖြူပြာရောင် ကျောက်စိမ်းပြားကို ထုတ်ပြပြီး ပြောလိုက်သည်…
“ဘိုးဘေး… အရင်က ဘိုးဘေးမှာ ကျောက်စိမ်းပြား မရှိတော့ အဆင့်အတန်းတူ ဆိုပြီး ပြောလို့ ရတယ်… ဒါပေမဲ့ အခု ဘိုးဘေးမှာ ကျောက်စိမ်းပြား ရှိနေပြီ… အလောင်းကောင် ဂိုဏ်းမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်… ဒါ့ကြောင့် ဘယ်လိုလုပ်ပြီး အရင်လို ညီငယ်ဝမ်လို့ ခေါ်ရဲမှာလဲ… “
“ငါ့ရဲ့ ကျောက်စိမ်းပြားအရောင်ကို ကြည့်လိုက်… ဒီကျောက်စိမ်းပြားက အလောင်းကောင် ဂိုဏ်းမှာ အဆင့်အတန်းတစ်ခုကို ဖော်ပြတယ်… ပထမဘိုးဘေးရဲ့ ကျောက်စိမ်းပြားက အစိမ်းရောင်၊ တခြားဘိုးဘေး အဆင့်တွေက နက်ပြာရောင်၊ အကြီးအကဲတွေက ဖြူပြာရောင်၊ တပည့်တွေ အားလုံးကတော့ အဖြူရောင် ကျောက်စိမ်းပြားကို ကိုင်ရတယ်… “
ဝမ်လင်းက ကျောက်စိမ်းပြားကို သိမ်းလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် ကျောက်တိုင်လုံးပေါ်မှ မီးတောက်များက ရုတ်တရက် ပိုတောက်လောင်လာပြီး အစိမ်းရောင် အငွေ့များကို ထုတ်လွှတ်လိုက်သည်။
မုရုံ၏မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး အစီအရင်တစ်ခုကို ဖန်တီးကာ အော်လိုက်သည်…
“စုစည်းစမ်း… “
အစိမ်းရောင် အငွေ့များက မုရုံဆီသို့ အလျင်အမြန် စုစည်းသွားပြီး မုရုံ၏ နဖူးအတွင်းသို့ ဝင်သွား၏။
မုရုံက မျက်လုံးကို အတန်ကြာအောင် ပိတ်ထားပြီးနောက် ပြန်ဖွင့်လာပြီး ပြောလိုက်သည်…
“ဘိုးဘေး… ပထမဘိုးဘေးရီက ဘိုးဘေးအတွက် အခန်းတစ်ခု စီစဉ်ပေးထားတယ်… အဲဒီနေရာ ကို ခေါ်သွားပေးပါ့မယ်… “
ဝမ်လင်းက အလောင်းကောင် ဂိုဏ်း၏ အငွေ့ဖြင့် စကားဆက်သွယ်နည်းကို သဘောကျသွားပြီး မေးစေ့ကို လက်ဖြင့်ပွတ်ကာ ခေါင်းညိတ်လိုက်သည်။
မုရုံက လိုဏ်ခေါင်း တစ်ခုအတွင်းသို့ ပျံသန်းသွားရာ ဝမ်လင်းကလည်း ကျောက်တိုင်လုံးပေါ်မှ တစ်ဆင့် သူ့နောက်သို့ လိုက်သွား၏။
သူတို့နှစ်ယောက်သည် လျင်မြန်စွာဖြင့် လိုဏ်ခေါင်းများကို ဖြတ်ကျော်လာသည့် အချိန်တွင် ဝမ်လင်းကို မုရုံက အလောင်းကောင် ဂိုဏ်းအကြောင်း ရှင်းပြပေး၏။ သူ၏ ရှင်းပြပေးမှုကြောင့် ဝမ်လင်းက အလောင်းကောင် ဂိုဏ်းအကြောင်းကို ပိုမိုသိသွား၏။
အလောင်းကောင်ဂိုဏ်းသည် ကျောင်းနိုင်ငံ၏ မိစ္ဆာဂိုဏ်းလေးဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သည်။ တပည့်က တစ်ထောင်ကျော်ရှိပြီး မြေအောက်ထဲတွင်သာ နေထိုင်ကြသည်။ သူတို့ တစ်ယောက်ချင်းစီ အတွက် ကိုယ်ပိုင် ကျင့်ကြံခြင်း အခန်းများ ပေးထားပြီး အပြင်ကို ရောက်နေသည့် တပည့်များမှ လွဲ၍ အားလုံးက အခန်းထဲတွင် ကျင့်ကြံနေကြ၏။
တပည့်တိုင်း အရူးအမူး လေ့ကျင့်ကြသည်။ အဘယ်ကြောင့်ဆိုသော် အလောင်းကောင် ဂိုဏ်းတွင် စည်းမျဉ်းတစ်ခု ရှိသည်။ (၁၀)နှစ်အတွင်း ချီစုစည်းခြင်း အလွှာ (၁၀)၊ နှစ်(၃၀)အတွင်း ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်၊ နှစ်(၁၀၀)အတွင်း အမြုတေဖွဲ့တည်ခြင်း အဆင့်ကို မရောက်ပါက သူတို့ သည် အလောင်းရုပ်သေးများ အဖြစ် သန့်စင်ခံရမည် ဖြစ်သည်။
ထိုရက်စက်သော စည်းမျဉ်းက အလောင်းကောင် ဂိုဏ်းမှ တပည့်များကို အရူးကဲ့သို့ ကျင့်ကြံ ခြင်းကို အားထုတ်စေသည်။
နှစ်တိုင်း တပည့်များစွာ အလောင်းရုပ်သေးများအဖြစ် သန့်စင်ခံရ သကဲ့သို့ တခြားတပည့် များကလည်း အလောင်းရုပ်သေး လုပ်သည့် ဖြစ်စဉ်ကို ကြည့်ရသည်။
အလားတူစွာ ဆုံးရှုံးသွားသည့် တပည့်များအတွက် နှစ်တိုင်း သင့်တော်သော တပည့်တချို့ကို အပြင်ထွက်ပြီး ရှာကြရသေး၏။
တပည့်များက ဂိုဏ်းကို မဆန့်ကျင် နိုင်စေရန် တပည့်အားလုံး၏ ဝိညာဉ်ကို ကျောက်စိမ်းပြား အတွင်းသို့ ချိတ်ပိတ် ထားခံရသည်။ ထိုကျောက်စိမ်းပြားတွင် အဆင့်လေးမျိုး ရှိသေး၏။ ပထမ ဘိုးဘေး၏ အစိမ်းရောင် ကျောက်စိမ်းပြားသည် ဂိုဏ်းမှ ကျင့်ကြံသူ အားလုံးကို ထိန်းချုပ်နိုင်ပြီး ဘိုးဘေးအဆင့် နက်ပြာရောင် ကျောက်စိမ်းပြားသည် ဂိုဏ်းမှ တပည့်အားလုံးနှင့် အကြီးအကဲများကို ထိန်းချုပ်ထားနိုင်သည်။ အကြီးအကဲများအဆင့် ဖြူပြာရောင် ကျောက်စိမ်းကတော့ ဂိုဏ်းမှ တပည့် များကိုသာ ထိန်းချုပ်နိုင်၏။
ထိန်းချုပ်မှု အဆင့်ဆင့်အောက်တွင် မည်သူကမှ ဂိုဏ်းကို မဆန့်ကျင့်ရဲကြချေ။ ကျောင်းနိုင်ငံ၏ အလောင်းကောင် ဂိုဏ်းသည် အစစ်အမှန် အလောင်းကောင်ဂိုဏ်း၏ ဂိုဏ်းခွဲ တစ်ခုသာ ဖြစ်ကြောင်း အဆင့်ငါးနိုင်ငံမှ အလောင်းကောင်ဂိုဏ်း၏ တမန်တော်သည် အနည်းဆုံး စဦးစိတ်ဝိညာဉ်အဆင့် ရှိကြောင်း ပြောခဲ့သည်။
ဝမ်လင်း၏ စိတ်ထဲတွင် အံ့ဩပြီး တစ်ခု ထူးဆန်းနေသည်။ အဘယ်ကြောင့်ဆိုသော် ရီဇီက ကျောက်စိမ်းပြားထဲတွင် သူ၏ဝိညာဉ်ကို မပိတ်လှောင် ခဲ့သောကြောင့် ဖြစ်၏။
***
အလားတူစွာပင် ရီဇီက သူ၏ ကိုယ်ပိုင်ဂူအတွင်းသို့ ပြန်ရောက်သောအခါ ရီဇီ၏ ခန္ဓာကိုယ် အတွင်းမှ မေးသံတစ်ခု ထွက်လာသည်။
“သူ့ရဲ့ ဝိညာဉ်ကို ဘာလို့ ကျောက်စိမ်းပြာထဲ ပိတ်မလှောင်လိုက်တာလဲ… “
ရီဇီက အားသိုင်၏ နဖူးပေါ်သို့ လက်ဝါးဖြင့် ပုတ်ပြီး သူ၏ အသိစိတ်ကို ချုပ်နှောင် ထားလိုက်သည်။ ထို့နောက် အနက်ရောင် အိပ်ရာပေါ်သို့ သွားကာ ခြေချိတ်ထိုင်ပြီး ကိုယ်နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်ရာ သူ၏ ခန္ဓာကိုယ်က တုန်သွားပြီး ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်က အလွန်ဝါးနေပြီး မည်သူမှန်း သေချာမသိနိုင်ချေ။ သူက အားသိုင်နားတွင် မျောနေပြီး အားသိုင်ကို သေချာလေ့လာနေပြီးနောက် အားသိုင်၏ ခေါင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
ရီဇီက မျက်မှောင်ကြုတ်သွားပြီး ညာလက်ကို ၀ှေ့ယမ်းပြီး အပြာရောင် ယင်မီးတောက်ကို ပါးစပ်ထဲမှ ထုတ်လိုက်၏။ အပြာရောင် ယင်မီးက ချက်ချင်း နံရံတစ်ခုကဲ့သို့ ဖြစ်သွားပြီး ပုံရိပ်ယောင်၏ လက်ကို တားဆီးထားလိုက်သည်။
ထို့နောက် ရီဇီက အေးစက်စွာ ပြောလိုက်သည်…
“လျိုရှ… ဒီကောင်လေးက ငါ့ရဲ့ ဂိုဏ်းတူညီလေးရဲ့ တပည့်ပဲ… မင်း သူ့ကို နာကျင်အောင် လုပ်လို့ မရဘူး… “
ပုံရိပ်ယောင်က တစ်ချက် ရယ်ပြီး လက်ပိုက်ကာ ပြောလိုက်သည်…
“ရီဇီကျိုင်း… မင်းနဲ့ မင်းရဲ့ဂိုဏ်းတူညီက ငါတို့အတွက် ခန္ဓာပိုင်ရှင်အဆင့်ပဲ ရှိတယ်… မင်းရဲ့ ညီကလည်း အစောကြီး ကတည်းက ထွက်သွားတယ်… သခင်ဇီကလည်း နိုးလာတယ်… အခု မင်းရဲ့ညီက မင်းကို အကူအညီ လှမ်းတောင်းတယ်… သူက သူ့ကိုယ်သူ ပိုက်ကွန်ထဲ တိုးဝင်သွားတာပဲ… ရီဇီကျိုင်း… မင်းညီရဲ့ နေရာကို မင်းသိနေတာပဲ… သခင်ဇီက ဝူယုကို ဝါးမျိုဖို့အတွက် ကူညီဖို့ ဘာလို့ မသွားတာလဲ… “
ရီဇီကျိုင်း၏ မျက်နှာက ညှိုးငယ်သွားပြီး ပုံရိပ်ယောင်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်…
“မင်း ငါ့ကို အပြည့်အဝ မဝါးမျိုနိုင်သရွေ့ မင်းဆီက ဘာအမိန့်ကိုမှ နားထောင်မှာ မဟုတ်ဘူး… အဲဒီနေရာကို သွားပြီး သခင်ဇီကိုလည်း မကူညီသလို ငါ့ရဲ့ညီကိုလည်း ကူညီမှာ မဟုတ်ဘူး… သူက ငါ့ရဲ့ညီကို ဝါးမျိုနိုင်ဖို့အတွက် သူ့ဘာသာလုပ်… “
ပုံရိပ်ယောင်က ကျောချမ်းဖွယ် ကောင်းလောက်အောင် ရယ်မောလိုက်ပြီးနောက် ရီဇီကျိုင်းကို ပြောလိုက်သည်…
“မင်း မသွားချင်ရင်လည်း ငါ မင်းကို အတင်း မတိုက်တွန်းပါဘူး… ဒါပေမဲ့ နောက်ထပ် အလောင်းတွေကို အဆင့်ငါးနိုင်ငံ ပြင်ဆင်ထားတယ်… ဒီတစ်ကြိမ်မှာ (၁၀)အလောင်း (၁၀)လောင်း ပါလာလိမ့်မယ်… မင်းရဲ့ ခန္ဓာပိုင်ရှင်ကို သေချာ ရွေးချယ်ရလိမ့်မယ်… မှတ်ထားပါ မင်းက အလောင်းကောင် ဂိုဏ်းရဲ အပြင်စည်း တပည့်တစ်ယောက်ပဲ… ပြီးတော့ မင်းက ဒီကောင်စုတ် အားသိုင်နဲ့ ဘာလုပ်မလို့လဲ… “
ရီဇီကျိုင်းက ဟိုးအရင်က အကြောင်းများကို ပြန်သတိရသွားသည်။ လွန်ခဲ့သော နှစ်(၄၀၀)ကျော် က အလောင်းကောင် ဂိုဏ်းကို သူဝင်ရောက်ခဲ့၏။ သူ၏ ပင်ကိုယ် စွမ်းရည်ကြောင့် နှစ်(၄၀၀)အတွင်း စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူ၏ အလောင်းရုပ်သေးက ကိုယ်ပိုင်အသိစိတ် ရလာပြီး သူ၏ အသိစိတ်ကို ဝါးမျိုရန် ကြိုးစားလာသည်။ ထိုဖြစ်စဉ်က အလွန် နှေးကွေးသောကြောင့် သူက အလောင်းကောင်ဂိုဏ်း၏ လျှို့ဝှက်ချက် တချို့ကို သိလာရ၏။
***