← Chapters

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အပိုင်း ( ၉၁၃ ) ကံကောင်းတဲ့ အိပ်စက်သူ

ဒီယာဉ်တန်းထဲမှာ အထူးတပ်ဖွဲ့တွေကသာ နိုးထသူတွေ ဖြစ်ကြတာမလို့..ပြန်ရောက်လာတဲ့ အိပ်စက်သူဟာ အတုယူသင်ယူစရာ တခြားသူ မရှိခဲ့ပါဘူး။ လူငယ်စစ်သားရဲ့ စွမ်းရည်က အနီးကပ်တိုက်ခိုက်ရေးနဲ့ သက်ဆိုင်တယ်ဆိုတာကို သိပြီးနောက်မှာတော့.. ဆန်နီဟာ သူ့ကို ဘယ်လီဆီ လွှတ်လိုက်ပြီး အခြေခံတွေကို သင်ပြပေးဖို့ ပြောလိုက်ပါတယ်။

အိပ်စက်သူရဲ့ အခြေအနေက တကယ်ကို ထူးဆန်းနေခဲ့တာပါ..။ သူက သာမန်စစ်သားတစ်ယောက် မဟုတ်တော့သလို.. စစ်မှန်တဲ့ နိုးထသူတစ်ယောက်လည်း မဟုတ်သေးပါဘူး။ သူ့မှာ စွမ်းရည် တစ်ခု.. စွမ်းအားတစ်ခု ရှိလာပြီး မှတ်သားမှုတွေကို ဆင့်ခေါ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့စွမ်းအားက ငြိမ်သက်နေတဲ့ အိပ်မက်ဆိုး သားရဲတစ်ကောင်ကို ရင်ဆိုင်ဖို့တောင် မနည်းရုန်းကန်ရမယ့် အခြေအနေမျိုးပါပဲ..။ အစွမ်းထက်ပြီး တိုးမြှင့်မှုတွေ ပါဝင်တဲ့ မှတ်သားမှုတွေက သူ့အတွက်တော့ အလဟဿ ဖြစ်နေပါလိမ့်မယ်။

'ဘာပဲဖြစ်ဖြစ်လေ.. ငါ အိပ်စက်သူ ဘဝတုန်းက ကျရှုံးမှုအဆင့် နတ်ဆိုးတွေကို ဘယ်ပြန်ညာပြန် ရိုက်ပြီး သတ်ခဲ့တာပဲကို..'

ဆန်နီ ပြုံးလိုက်မိတယ်။

ဒါပေမဲ့ သူ ဘယ်လောက်ပဲ နှိုင်းယှဉ်ချင်ပါစေ.. လူတိုင်းကို မေ့ပျောက်ကုန်းမြေက ကျန်ရစ်သူတွေရဲ့ စံနှုန်းတွေနဲ့ သွားတိုင်းလို့မရဘူးဆိုတာ သူ သိပါတယ်။ အဲဒီငရဲကနေ လွတ်မြောက်လာခဲ့တဲ့သူတိုင်းက ပုံမှန်မဟုတ်ကြပါဘူး..။ ဒီလို လွတ်မြောက်လာတဲ့သူ တစ်ယောက်ချင်းစီရဲ့ နောက်ကွယ်မှာ.. မလွတ်မြောက်နိုင်ခဲ့တဲ့သူ ရာနဲ့ချီပြီး ရှိနေခဲ့တာပါ။

ဘာပဲဖြစ်ဖြစ်.. ဒီအိပ်စက်သူက အနည်းဆုံးတော့ ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့အတွက် အသုံးဝင်ပါတယ်..။ ဒါက အထူးတပ်ဖွဲ့တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေတာပါပဲ။ သူ့ရဲ့ တာဝန်ကို ပိုပြီးလွယ်ကူစေဖို့အတွက်.. သူတို့က ဒီလူငယ်ကို မှတ်သားမှုအချို့ ပေးအပ်ခဲ့ကြတယ်။ အခုတော့ သူက ခိုင်ခံ့တဲ့ မြွေရေခွံဝတ်စုံကို ဝတ်ဆင်ထားပြီး ဘယ်လီရဲ့ အပိုဓားကို ကိုင်ဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူ့မှာ တိုးမြှင့်မှုပါတဲ့ လေးတစ်စင်.. အဆိပ်မြှားတွေ ပါတဲ့ မြှားကျည်တစ်ခု.. ပြီးတော့ မှော်အလင်းအိမ်တစ်ခုနဲ့ အအေးဒဏ်ကနေ ကာကွယ်ပေးတဲ့ အဆောင်တစ်ခုတောင် ရှိနေခဲ့ပါသေးတယ်။

အထူးတပ်ဖွဲ့တွေဆီမှာ မပြတ်လပ်တဲ့အရာ တစ်ခုရှိရင်.. အဲဒါက အဆင့်နိမ့်မှတ်သားမှုတွေပါပဲ။ သူတို့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတိုင်းလိုလိုကနေ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ကတော့ ရရှိတတ်ကြ စမြဲပါ။ ဒီမှတ်သားမှု အများစုက ဆန်နီ မွမ်းမံပေးထားတဲ့ အရည်အသွေးမြင့် ပစ္စည်းတွေ သုံးစွဲနေတဲ့ အဖွဲ့ဝင်တွေအတွက် အသုံးမဝင်ပေမဲ့.. အသစ်စက်စက် အိပ်စက်သူတစ်ယောက်အတွက်တော့ ကွက်တိပါပဲ။

သူတို့မှာ နောက်ထပ် လူအနည်းငယ်ကို ပေးလို့ရလောက်အောင်တောင် အလုံအလောက် ရှိနေခဲ့တာပါ။

ပြန်စဉ်းစားကြည့်ရင်တော့.. အခိုက်အတန့်ရဲ့ အရှိန်အဟုန်ပြင်းပြင်း ပြန့်နှံ့မှုကြောင့် လူသားတွေ ပေးဆပ်နေရတဲ့ ဆုံးရှုံးမှုတွေကိုပဲ ဆန်နီ အဓိက အာရုံစိုက်နေခဲ့တာ ဖြစ်ပေမဲ့.. အန္တာတိကတိုက်ကို ဝါးမြိုနေတဲ့ ဒီကူးစက်ရောဂါရဲ့ နောက်ထပ် အလှည့်အပြောင်းတစ်ခုလည်း ရှိနေပါသေးတယ်။ မကြာခင်မှာပဲ ဒီတိုက်ကြီးပေါ်မှာ အဲဒီလိုမျိုး အိပ်စက်သူတွေ အများကြီး ပေါ်ထွက်လာတော့မှာပါ..။ အနာဂတ်မှာ သူတို့ရဲ့ အရေအတွက်က ကယ်ဆယ်ရေး တပ်မတော်ရဲ့ အရေအတွက်ကိုတောင် ယှဉ်နိုင်လောက်တဲ့အထိ များပြားလာနိုင်ပါတယ်။

…ဒီလို နောက်ကျမှ သတိပြုမိလိုက်တဲ့ အသိက သူ့ကို ခနလောက် စဉ်းစားသွားစေခဲ့တယ်။

ဒါပေမဲ့ ဒါတွေက အနာဂတ်အတွက် အတွေးတွေပါပဲ.။ လောလောဆယ်မှာတော့ သူက ယာဉ်တန်းနဲ့ ယာဉ်တန်းရဲ့ ကံကြမ္မာကိုပဲ ဂရုစိုက်နိုင်သေးတာပါ။မကြာခင်မှာ ဒီယာဉ်တန်းကို အိပ်စက်သူ ထောင်ပေါင်းများစွာက လာရောက်ကာကွယ်ပေးမှာ မဟုတ်ပေမဲ့.. တစ်နေ့မှာတော့ သူတို့ကိုယ်ပိုင် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်လောက်တဲ့အထိ အရေအတွက် ရှိလာနိုင်ပါတယ်။

“ကောင်းပြီလေ.. အဲဒီငနဲကို သေသေချာချာ သင်ပြပေးဖို့ ဘယ်လီကို ပြောထားတာ ပိုကောင်းလိမ့်မယ်…”

ဒါနဲ့ပဲ သူက အိပ်စက်သူအကြောင်း တွေးနေတာတွေကို လောလောဆယ် ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။သူ့မှာ လုပ်စရာတွေ အများကြီး ရှိနေပြီး.. အချိန်ကတော့ လုံလောက်မှု မရှိပါဘူး။

မနက်ခင်းအရောက်မှာတော့ ဆန်နီက ချီတင်.. ဆမ်မာရာ နဲ့ ကင်မ်တို့ကို ယာဉ်တန်းရဲ့ မော်တော်ယာဉ်တွေကို သွားရောက်ကြည့်ရှုဖို့ စေလွှတ်လိုက်တယ်။ ယာဉ်တစ်စီးချင်းစီကို စစ်ဆေး.. ပြုပြင်ထိန်းသိမ်းရမှာ ဖြစ်ပြီး..

အီရီဘတ်စ် ကို ဘေးကင်းကင်းနဲ့ ရောက်ရှိနိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူက ဒွန်းနဲ့ ဂီရီ ရဲ့ စစ်သား အယောက်နှစ်ဆယ်ကို ဘန်ကာထဲကို သွားရောက်ရှာဖွေဖို့ တာဝန်ပေးလိုက်ပြီး.. သူတို့အတွက် အသုံးဝင်မယ့်အရာ တစ်ခုခု ရှိမရှိ စစ်ဆေးခိုင်းလိုက်တယ်။

ဒီမြေအောက်စခန်းက အနည်းဆုံး ရာစုနှစ်ဝက်လောက် စွန့်ပစ်ခံထားရတာ ဖြစ်ပေမဲ့.. မော်တော်ယာဉ်တွေကို ပြုပြင်ဖို့အတွက် အပိုပစ္စည်းအဖြစ် အသုံးပြုနိုင်မယ့် စက်ပစ္စည်း အချို့ ကျန်ရှိနေနိုင်ခြေ ရှိပါတယ်..။ ပြီးတော့ မပျက်စီးသေးတဲ့ ရိက္ခာသိုလှောင်ရုံတွေလည်း ရှိနေနိုင်သလို.. ခုတ်ထစ်ပြင်ဆင်ရမယ့် အိပ်မက်ဆိုး သားရဲတွေရဲ့ အလောင်းတွေလည်း ရှိနေနိုင်သေးတာပါပဲ..။

အဖွဲ့ဝင်တိုင်းရဲ့ အမြုတေတွေက ပြည့်ဝနေပြီ ဖြစ်တာကြောင့်.. ကျန်ရှိနေတဲ့ ဝိဥာဉ်အမြုတေတွေကို အသစ်စက်စက် အိပ်စက်သူလေးကို အသုံးပြုခိုင်းတာထက် ပိုကောင်းတဲ့ အသုံးချမှု မျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့ပဲ လူငယ်စစ်သားလေး ဟာ အိပ်မက်ဆိုးကနေ ပြန်ရောက်လာတဲ့ ပထမဆုံးနေ့မှာတင် ဝိဥာဉ်အမြုတေ ရာပေါင်းများစွာကို သုံးစွဲခွင့် ရတော့မှာ ဖြစ်ပါတယ်။

'တကယ့် ကံကောင်းတဲ့ ကောင်စုတ်လေးပဲ...'

မေ့ပျောက်ကုန်းမြေတုန်းကဆိုရင် အမြုတေတစ်ခုရဖို့အတွက် သူ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲဆိုတာကို ပြန်တွေးမိရင်း.. ဆန်နီက သုန်မုန်နေတဲ့ အမူအရာ နဲ့ ဘတ်ပြောတဲ့ စကားတွေကို နားထောင်နေခဲ့တယ်။ သူမက ဒုက္ခသည်တွေ ဘယ်လိုအခြေအနေမျိုးမှာ ရှိနေလဲဆိုတာကို လာရောက်အစီရင်ခံနေတာပါ။.. အကျဉ်းချုပ်ပြောရရင်တော့.. သိပ်ပြီးတော့ မကောင်းလှပါဘူး။

ကောင်းပြီလေ.. သူက ဘာကို မျှော်လင့်နေတာလဲ..။ ဒီလူတွေအနေနဲ့ သူတို့ရဲ့ စိတ်အခြေအနေကို ထိန်းထားနိုင်တာတင်ပဲ အံ့ဩဖွယ်ရာ တစ်ခု ဖြစ်နေခဲ့ပါပြီ။ သူတို့ထဲက အများစုက လူသားတွေထဲမှာ အားအနည်းဆုံးသူတွေ ဖြစ်ကြတဲ့.. ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်နေကြတာလေ။ သူတို့ရဲ့ တိုက်ကြီးတစ်ခုလုံး မျက်စိရှေ့တင် မီးဟုန်းဟုန်းတောက် ပျက်စီးသွားတာကို မြင်တွေ့လိုက်ရတဲ့ စိတ်ဒဏ်ရာက.. ပေးဆပ်မှုမရှိဘဲ ကြံ့ကြံ့ခံနိုင်မယ့်အရာမျိုး မဟုတ်ပါဘူး။

ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ရင်း တပ်မက်ခြင်းသေတ္တာကို ဆင့်ခေါ်လိုက်တယ်။ပြီးတာနဲ့. အန္တာတိက စစ်ဆင်ရေးအတွက် ပြင်ဆင်ပြီး သိမ်းဆည်းလာခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို စတင်ထုတ်ယူလိုက်ပါတယ်။ အရည်အသွေးမြင့် အစားအစာတွေ.. သကြား.. ဆား.. ဟင်းခတ်အမွှေးအကြိုင်တွေ.. သစ်သီးခြောက်တွေ.. ချောကလက်.. လက်ဖက်ရည်.. ကော်ဖီ.. တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ.. အထူးအခွင့်အရေးတွေအတွက် စျေးကြီးတဲ့ အရက်တွေနဲ့ တခြားအရာတွေ အများကြီးပါပဲ..။ သူက ဒီရိက္ခာတွေဟာ သူ့အဖွဲ့အတွက် အနည်းဆုံး တစ်နှစ်လောက် ခံလိမ့်မယ်လို့ တွေးပြီး အများကြီး ပြင်ဆင်လာခဲ့တာပါ။

ခေါက်ကုလားထိုင်တွေ.. ကျယ်ဝန်းတဲ့ စစ်မြေပြင်တဲတစ်လုံးနဲ့ တာဝန်တွေကြားထဲမှာ အနားယူချိန်ကို ပိုပြီး ပျော်စရာကောင်းစေမယ့် အရာအချို့တောင် ပါဝင်ပါသေးတယ်။

ဘတ်ကတော့ သာမန် အရွယ်အစားရှိတဲ့ သေတ္တာလေးထဲကနေ ပစ္စည်းတွေ အများကြီး ထွက်လာတာကို မျက်လုံးအဝိုင်းသားနဲ့ စောင့်ကြည့်နေခဲ့တယ်။ တစ်ဖက်မှာတော့ ဆန်နီက တကယ်ကို နှမြောတသ ဖြစ်နေခဲ့တာပါ။

ဒီရိက္ခာပုံကြီးက အခန်းတစ်ခန်းလုံး ပြည့်လောက်အောင်အထိ ကြီးမားပါတယ်..။အရင်တုန်းကတော့ ဒီပမာဏက အများကြီးလို့ ထင်ရပေမဲ့.. ကျွေးမွေးရမယ့် အရေအတွက်က ရာနဲ့ချီ ရှိနေတာကြောင့်.. ဒုက္ခသည်တွေကို ရက်အနည်းငယ်စာ ကျွေးမွေးဖို့တောင် မလွယ်ပါဘူး။

ဒါပေမဲ့ ဒီရိက္ခာတွေက သူတို့ကို ရေရှည်ထောက်ပံ့ဖို့အတွက် ရည်ရွယ်ထားတာ မဟုတ်ပေ။ ကပ္ပတိန် ဂီရီ က သာမန်အရပ်သားတွေအနေနဲ့ အာဟာရမှုန့်စွပ်ပြုတ်ပဲ သောက်ရသောက်ရ.. စစ်ထုတ်ထားတဲ့ ရေပဲ သောက်ရသောက်ရ.. အဲဒီကိစ္စကို တာဝန်ယူထားပြီးသား ပါ။ ဆန်နီရဲ့ အဖိုးတန်ပစ္စည်းတွေကတော့ တခြားအရာတစ်ခုကို ရရှိဖို့အတွက်ပါပဲ..။ အဲဒါက သူတို့ရဲ့ စိတ်ဓာတ်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။

ကမ္ဘာပျက်ကပ်ကို ကြံ့ကြံ့ခံနေရတဲ့အချိန်မျိုးမှာ.. သွားတိုက်ဆေးနဲ့ သန့်ရှင်းတဲ့ သွားပွတ်တံတစ်ခု ရှိနေတာကတင်ပဲ ပိုပြီး ခံနိုင်ရည်ရှိသွားစေနိုင်တာပါ..။ ဒီစကားက အဓိပ္ပာယ်မရှိပဲ.. မိုက်မဲတယ်လို့ ထင်ရပေမဲ့.. ဘာကြောင့်မှန်းမသိ.. တကယ်ကို မှန်ကန်နေခဲ့ပါတယ်။ ဆန်နီကိုယ်တိုင်လည်း ဒီအမှန်တရားကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတာပဲလေ။

“ရော့.. ဂီရီနဲ့ စကားပြောပြီး ဒါတွေကို အရပ်သားတွေကြားထဲမှာ ခွဲဝေပေးလိုက်ပါ။ စားဖိုမှူးတွေကိုလည်း လက်ရာပိုကောင်းအောင် လုပ်ဖို့ ပြောလိုက်ဦး..။ နောက်ထပ် စားမယ့် အစားအသောက်တွေကို တကယ် အရသာရှိစေချင်တယ်..။ အနည်းဆုံးတော့ ငါတို့ ဒီဘန်ကာကနေ မထွက်ခွာခင်အထိပေါ့…”

ဘတ် ကတော့ အမွှေးနံ့သာပါတဲ့ ဆပ်ပြာတုံးလေးကို မှင်သက်စွာ ငေးကြည့်နေရင်းနဲ့ ဖြည်းည်းချင်း ခေါင်းညိတ်လာခဲ့တယ်။

“အာ… ဟုတ်ကဲ့… ကျွန်မ သွားလုပ်လိုက်ပါ့မယ်… အင်း…”

ဆန်နီက သက်ပြင်းချလိုက်ပြီး ဒီအမျိုးသမီးငယ် အသိစိတ်ပြန်ကပ်လာဖို့အတွက် အကြိမ်အနည်းငယ် လက်ဖျောက်တီး ပေးလိုက်ရပါတယ်။

'ချီးပဲ.. ငါ သူမကို ပါးရိုက်ပေးဖို့ လိုအပ်သေးလား.."

အပိုင်း ( ၉၁၃ ) ပြီး၏။

အပိုင်း ( ၉၁၄ ) ဆက်လက်ချီတက်ခြင်း

နောက်ဆုံးတော့ သူတို့ဟာ စွန့်ပစ်ထားတဲ့ ဒီမြေအောက်ဘန်ကာထဲမှာ သုံးရက်ကြာ နေထိုင်ခဲ့ကြပါတယ်။ ယာဉ်တန်းရဲ့ သယ်ဆောင်ရေးယာဉ်တွေက ဆန်နီ ထင်ထားတာထက် ပိုပြီး ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေခဲ့တာကြောင့်

ကင်မ် နဲ့ ဆမ်မာရာတို့ဟာ ချီတင်ရဲ့ အကူအညီနဲ့ ကောင်းမွန်အောင် ပြင်ဆင်ဖို့ တကယ်ကို အားစိုက်ခဲ့ကြရတယ်။ သူတို့ လုပ်ဆောင်ခဲ့တဲ့ ယာယီပြုပြင်မှုတွေက ကြည့်လို့မကောင်းလှပေမဲ့.. အနည်းဆုံးတော့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ လမ်းခုလတ်မှာ ပြိုလဲမသွားနိုင်တော့ပါဘူး။ ဒါက ဒုက္ခသည် အယောက်ပေါင်းများစွာကို လမ်းပိတ်မိပြီး ယာဉ်တန်းတစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားမယ့် ဘေးကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ဝင်ရိုးစွန်းညရဲ့ အေးခဲလှတဲ့ အအေးဒဏ်အောက်မှာ.. လမ်းတစ်ဝက်မှာတင် ရပ်တန့်လိုက်ရခြင်းက သေခြင်းတရားကိုပဲ ဆိုလိုတာပါ။ အမှောင်ထုထဲမှာ လှည့်လည်သွားလာနေတဲ့ အိပ်မက်ဆိုး သားရဲအုပ်ကြီးတွေကို ထည့်မတွက်ဘူး ဆိုရင်တောင်မှ.. ကမ္ဘာကြီးကိုယ်တိုင်က သူတို့ကို သတ်ပစ်ဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့ပါတယ်။

ဒီရက်အနည်းငယ်အတွင်းမှာ ဆန်နီဟာ ပတ်ဝန်းကျင်ကို ဆက်လက်စောင့်ကြည့်နေခဲ့ပြီး.. သူ့ရဲ့ မြေပုံကိုလည်း သေသေချာချာ ထပ်မံဖြည့်စွက်ပြင်ဆင်နေခဲ့ပါတယ်။ အရိပ်လေးခုက တောင်တွေကို တက်လိုက်.. ဒါမှမဟုတ် ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်ထိပ်တွေပေါ်မှာ ပုန်းအောင်းလိုက်နဲ့ အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရတာပါ။ အရိပ်တွေက အအေးဒဏ်ကို မခံစားရဘူးဆိုတာ သူ သေချာပေါက် သိထားပေမဲ့.. သူတို့က သူ့ကို ရံဖန်ရံခါ လှမ်းကြည့်တဲ့ အကြည့်တွေက ပုံမှန်ထက် ဖော်ရွေမှု မရှိသလိုမျိုး ဆန်နီ ခံစားနေရပါတယ်။

'သည်းခံကြစမ်း.. ခိုင်းတာကိုပဲ လုပ်ကြ..ကွန်ပလိန်းမတက်ကြနဲ့.. ကောင်စုတ်တွေ...'

သူကိုယ်တိုင်လည်း သိပ်ပြီးတော့ ဖော်ရွေတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။

ဘန်ကာထဲမှာ ကုန်ဆုံးခဲ့တဲ့ ရက်တွေက ထူးဆန်းစွာပဲ အေးအေးလူလူ ရှိနေခဲ့တယ်။ ပတ်ဝန်းကျင် အနီးနားမှာ အိပ်မက်ဆိုး သားရဲတွေရဲ့ အုပ်စုကြီးတွေ မရှိသေးသလို.. ဖြတ်သန်းသွားတဲ့ သားရဲအုပ်ငယ်လေးတွေကလည်း ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လောက်အောင် မသန်မာကြပါဘူး။ တကယ်လို့ သူတို့ တိုက်ခိုက်လာရင်တောင်မှ.. ဒီသားရဲတွေအနေနဲ့ မြေအောက်စခန်းကို ဝင်ရောက်စီးနင်းဖို့ ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်နီတို့အဖွဲ့က မြွေနတ်ဆိုးတွေကို ရှင်းလင်းတုန်းက ရင်ဆိုင်ခဲ့ရတဲ့ ဒီစခန်းရဲ့ ခုခံရေး စွမ်းရည်တွေက.. အခုတော့ သူတို့ဘက်မှာ ရှိနေပြီ ဖြစ်လို့ပါပဲ။

အရပ်သားတွေဆီကို ရောက်ဖို့က ဘယ်သူ့အတွက်မှ လွယ်ကူမှာမဟုတ်ပေ။

ဆန်နီကို ကျောက်တုံးတွေအောက်မှာ မြှုပ်နှံပစ်လုနီးပါး ဖြစ်ခဲ့တဲ့ ကျောက်တုံးသားရဲလိုမျိုး.. မြေပြင်ကို တူးဆွနိုင်စွမ်း ရှိတဲ့ ကောင်တွေ ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ဒီလို သားရဲမျိုးတွေ ဆိုရင်တော့.. ဒီဘန်ကာက အိပ်မက်ဆိုး သားရဲအတွက် အလကားရတဲ့ စားသောက်ပွဲကြီးတစ်ခု ဖြစ်သွားမှာ အသေအချာပါပဲ။

ဒီအကြောင်းကို တွေးမိပြီးနောက်မှာတော့..

ဆန်နီဟာ လူစတာကို ရိုင်နိုထဲမှာပဲ နေဖို့ နဲ့ ငလျင်တိုင်းတာတဲ့ ဆင်ဆာတွေကို သူ့အသက်နဲ့လဲပြီး စောင့်ကြည့်ဖို့ အမိန့်ပေးလိုက်တယ်။

သို့ပေမဲ့ ဘယ်လိုအန္တရာယ်ရှိတဲ့ သားရဲမျိုးမှ ပေါ်မလာခဲ့ပါဘူး။

အားလပ်တဲ့အချိန်တွေမှာတော့..ဆန်နီ က ဘန်ကာထဲကို တိတ်တဆိတ် လှည့်ပတ်ရင်း ဒုက္ခသည်တွေကို လေ့လာနေခဲ့ပါတယ်။သူ့အတွက်တော့ ဒီလူတွေက ထူးဆန်းနေခဲ့တာပါ။ သူတို့ရဲ့ အိမ်တွေ.. ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရပြီး.. ကတိပေးထားတဲ့ ကယ်တင်ခြင်းကလည်း လက်ထဲကနေ နှစ်ကြိမ်တိုင်တိုင် လုယူခံခဲ့ရတာကြောင့်.. လူအများစုက စိတ်ပျက်အားငယ်သွားလိမ့်မယ်လို့ သူ မျှော်လင့်ထားခဲ့တာပါ။ အချို့သူတွေကတော့ အဲလို ဖြစ်သွားကြပေမဲ့.. သိပ်တော့ မများလှပါဘူး။

လူအများစုအတွက်ကတော့ ဘဝက ရိုးရိုးရှင်းရှင်းပဲ ရှေ့ဆက်နေခဲ့ကြတယ်။ အထူးသဖြင့် ကလေးတွေပေါ့။ စွန့်ပစ်ထားတဲ့ ဘန်ကာရဲ့ မှောင်မိုက်တဲ့ စင်္ကြံတွေထဲမှာ ဆန်နီ ကြားရမယ်လို့ မထင်ထားခဲ့တဲ့အရာကတော့ ရယ်မောသံတွေပါပဲ..။ ဒါပေမဲ့လည်း အဲဒီအသံတွေက ရှိနေခဲ့ပါတယ်။ ကလေးတွေက လူကြီးတွေရဲ့ စောင့်ကြည့်မှုအောက်မှာ လျှောက်ပြေး ဆော့ကစားနေကြတာပါ။ သူတို့က ဟိုဟိုဒီဒီ ပြေးလွှားရင်း သူငယ်ချင်းအသစ်တွေ ဖွဲ့ကြပြီး.. ပျင်းရိ ငြီးငွေ့မှုတွေကို မောင်းထုတ်ဖို့အတွက် ကစားနည်းမျိုးစုံကို တီထွင်နေခဲ့ကြတယ်။

ကလေးတစ်ယောက်ကတော့ သူ့ရဲ့ ကစားဖော်တွေကို လိုက်ဖမ်းရင်း ဆန်နီ ဆီကို တိုက်ရိုက် ဝင်တိုးမိတဲ့အထိတောင် သတ္တိရှိနေခဲ့တာပါ။ အဒီကောင်လေးက ထပ်လန့်စွာ အော်လိုက်မိရင်း.. မျက်လုံးအဝိုင်းသားနဲ့ မော့ကြည့်ပြီး တိုးတိုးလေး ပြောလာခဲ့တယ်။

“အာ… တောင်းပန်ပါတယ်.. နိုးထသူ ဦးလေး…”

ဒီလိုပြောပြီးတာနဲ့ သူက သူ့ရဲ့နဖူးကို ပွတ်ရင်း ရယ်မောကာ ထွက်ပြေးသွားခဲ့ပါတယ်။

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိတယ်။

'…ဦးလေး.. ဦးလေး လို့ခေါ်လိုက်တာလား..။ တကယ့်ကောင်ပဲ..'

သူက ဘယ်သူ့ကို ဦးလေးလို့ လာခေါ်နေတာလဲ။

…ကလေးတွေကတော့ အဆင်ပြေနေကြပေမဲ့.. သိရှိထားတဲ့ အမှန်တရားရဲ့ ဖိအားတွေကြောင့် စိတ်ဓာတ်ကျနေတဲ့ လူကြီးတွေတောင်မှ..တစ်ခါတစ်ရံ ဖျော့တော့တဲ့ အပြုံးတွေကို ပြသလာနိုင်ခဲ့ကြပါတယ်။

သူတို့မှာ နွေးထွေးမှု ရှိတယ်.. ရေရော အစားအစာပါ ရှိတယ်.. ပြီးတော့ ယာယီဖြစ်ပေမဲ့ ဘေးကင်းတဲ့ ခိုလှုံရာတစ်ခု ရှိနေခဲ့ပြီလေ။ လူသားတွေရဲ့ စိတ်ဓာတ်ကို ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်တာတွေအကုန်လုံးက ဒီမှာရှိနေခဲ့တာပါ။

ဖြစ်နိုင်တာကတော့ ဆန်နီကိုယ်တိုင်ကလည်း သူတို့ရဲ့ စိတ်အခြေအနေအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိနေတာလည်း ဖြစ်နိုင်တာပါပဲ။ ဒုက္ခသည်တွေက သူတို့ရဲ့ ရှင်သန်ရေးကို တာဝန်ယူထားတဲ့ မာစတာရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်နိုင်ပါတယ်။ သူတို့က သူတို့ရဲ့ ကံကြမ္မာကို ဆန်နီ့လက်ထဲ အပ်နှံလိုက်ကြပြီး.. ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျသွားတဲ့အတွက်ကြောင့်.. အနာဂတ်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ယုံကြည်ဖို့ ခွန်အားတွေ ပြန်လည်ရရှိလာခဲ့ကြတာပါ။

'ထူးဆန်းတယ်.. တကယ် ထူးဆန်းတာပဲ.. ငါသာဆိုရင် ငါ့အသက်ကို ဘယ်သူ့လက်ထဲမှ အပ်မှာ မဟုတ်ဘူး…'

သုံးရက်မြောက်နေ့ရဲ့ အဆုံးမှာတော့ ဆန်နီက ချက်ချင်း ထွက်ခွာဖို့အတွက် အမိန့်ပေးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်က အရပ်သားတွေရော စစ်သားတွေဆီကပါ များပြားလှတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူ့ရဲ့ ကိုယ်ပိုင် အဖွဲ့သားတွေတောင်မှ စကားပြောလာခဲ့ကြတယ်။

“ဆျာ… ကျွန်မ ပြောခွင့်ပြုပါ…”

ဆမ်မာရာက ပျက်စီးလုနီးပါး ဖြစ်နေတဲ့ မော်တော်ယာဉ်တွေကို လက်ညှိုးထိုးပြလိုက်ရင်း.. သူမရဲ့ ပုံမှန် အေးစက်နေတဲ့ မျက်နှာထက်မှာ စိုးရိမ်ပူပန်မှု အနည်းငယ် ပေါ်ထွက်လာခဲ့ပါတယ်။

“ကျွန်မတို့ အများကြီး ပြင်ဆင်ပြီးပါပြီ.. ဒါပေမဲ့ ကျွန်မတို့ရဲ့ ပြင်ဆင်မှုတွေက ဘယ်လောက်အထိ ခံမလဲဆိုတာ မသေချာသေးပါဘူး။ တကယ်လို့ ဆရာသာ ကျွန်မတို့ကို နောက်ထပ် နှစ်ရက်… ဒါမှမဟုတ် တစ်ရက်လောက်ပဲ အချိန်ပေးမယ်ဆိုရင်… ပိုပြီးတော့ အများကြီး လုပ်ဆောင်နိုင်မှာပါ…”

ဘတ် နဲ့ ကပ္ပတိန် ဂီရီတို့ကလည်း အလားတူပဲ ထွက်ခွာမယ့်အချိန်ကို ရက်အနည်းငယ်လောက် ရွှေ့ဆိုင်းဖို့ လိုလားနေကြပါတယ်။

“လူတွေက အခုမှ အသိစိတ် ပြန်ဝင်လာကြတာပါ။ နောက်ထပ် ရက်အနည်းငယ်လောက် အနားယူရရင်.. သူတို့ရဲ့ စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးအတွက်ပါ တကယ်ကို အကျိုးရှိပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ သက်ကြီးရွယ်အိုတွေ အများကြီး ရှိနေတာ ဆရာ သိတယ်မလား..။ သူတို့က စောင့်ရှောက်မှု ထပ်ပြီး လိုအပ်ပါတယ်…”

ဒါပေမဲ့ ဆန်နီကတော့ အလျှော့မပေးခဲ့ပါဘူး။ သူက ရိုးရိုးရှင်းရှင်းပဲ ခေါင်းခါပြလိုက်တယ်။

“မင်းတို့ နားမလည်ကြဘူး။ ငါတို့ အခုချက်ချင်း ထွက်ခွာမှရမယ်။ အရှေ့ဘက်ကနေ ရွေ့လျားလာတဲ့ အိပ်မက်ဆိုး သားရဲအုပ်ကြီး တစ်ခုရှိနေသလို.. မြောက်ဘက်ကနေ ဆင်းလာတဲ့ နောက်ထပ် သားရဲအုပ်ကြီး တစ်ခုလည်း ရှိနေတယ်။ တကယ်လို့ အခု ထွက်ခွာမယ်ဆိုရင်.. သူတို့ မရောက်လာခင်မှာ ကြားထဲကနေ ဖြတ်ကျော်သွားနိုင်မယ့် အခွင့်အရေး ရှိလိမ့်မယ်။ မဟုတ်ရင်တော့.. ငါတို့က သားရဲအုပ်တွေ

ကြားထဲမှာပဲ နစ်မြုပ်သွားလိမ့်မယ်။ငါတို့ မြေအောက်ထဲမှာ နေနေတာကြောင့် သားရဲတွေက တကယ်ပဲ ရှာမတွေ့နိုင်ဘူးလို့ မင်းတို့က ထင်နေတာလား.. ဒါမှမဟုတ် နိုးထသူ ခုနစ်ယောက်ခွဲက သူတို့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား..။ အသိစိတ်ဝင်ကြစမ်းပါ.. ပြီးရင် လူတွေကို ယာဉ်တွေပေါ် တင်ဖို့ ပြင်ကြတော့.. ဒါက အမိန့်ပဲ…”

ဘယ်သူမှ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို မေးခွန်းမထုတ်နိုင်ကြသလို.. မေးခွန်းထုတ်ဖို့ အကြောင်းပြချက်လည်း မရှိခဲ့ကြပါဘူး။ လက်ခံဖို့ ခက်ခဲပေမဲ့.. သူ့ရဲ့ စကားတွေက အမှန်တရား ဖြစ်နေခဲ့ပါတယ်..။ ဆန်နီက လိမ်ညာလို့မရဘူးဆိုတာကို ပါ ထည့်သွင်းစဉ်းစားရင် ဒါက မျှော်လင့်ထားပြီးသား ကိစ္စပါပဲ။ သူက ဒီလူတွေကို လိမ်ညာပြီး လှည့်စားချင်ပေမဲ့.. စိတ်မကောင်းစရာကတော့.. သူက အမှန်တရားကို ပြောပြီးတော့ပဲ သူတို့ကို လှည့်စားနိုင်တာပါ။

ထူးဆန်းစွာပဲ.. ဒီလိုမျိုး ဖြစ်ရပ်တွေကြောင့် သူက ကြမ်းတမ်းပေမဲ့ မျှတတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် နာမည်ကောင်း ရလာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် နတ်ဆိုးတစ်ကောင်ထက် ပိုပြီး အားကိုးသင့်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ။

အချို့လူတွေက သုံးရက်ကြာ အနားယူခဲ့ကြပြီး.. အချို့လူတွေက ရှေ့ဆက်မယ့် ခရီးအတွက် ယာဉ်တွေကို ပင်ပန်းစွာ ပြင်ဆင်ပြီးတဲ့နောက်မှာတော့.. သေးငယ်တဲ့ မော်တော်ယာဉ်တန်း ဟာ နောက်ဆုံးမှာ ဟောင်းနွမ်းနေတဲ့ ဘန်ကာရဲ့ ဂိုဒေါင်ထဲကနေ ထွက်ခွာလာခဲ့ကြပါပြီ။

မုန်တိုင်းက ပြန်လည်ရောက်ရှိမလာသေးတာကြောင့်.. သူတို့ရဲ့ တည်နေရာက လှမ်းကြည့်လို့ရလောက်အောင် ထင်ရှားနေခဲ့ပါတယ်။ယာဥ်တန်းက တောက်ပတဲ့ အလင်းတန်းတွေနဲ့ အမှောင်ထုကို ခွဲဖြတ်ရင်း..အားကောင်းတဲ့ အင်ဂျင်သံတွေနဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲကာ..မြောက်ဘက်ကို ဆက်လက် ဦးတည်ရွေ့လျားသွားခဲ့ပါတယ်။

သူတို့ရဲ့ ရှည်လျားလှတဲ့ ခရီးစဉ်ကြီးက စတင်ခဲ့ပါပြီ..။

အပိုင်း ( ၉၁၄ ) ပြီး၏။

အပိုင်း ( ၉၁၅ ) အဓိပ္ပာယ်မရှိသည့် လုပ်ရပ်

အေးစက်တဲ့ အမှောင်ထုထဲမှာတော့.. ယာဉ်ငယ်လေးတွေဟာ ဟောင်းနွမ်းပြီး ပျက်စီးနေတဲ့ တောင်ပေါ်လမ်းကျဉ်းလေးတစ်ခုကို တက်လှမ်းနေခဲ့ပါတယ်။ လမ်းက ကျောက်တောင် အစွန်းတွေနဲ့ အရမ်းကို ကျဥ်းမြောင်းနေတာကြောင့်.. သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ဘီးတွေဟာ အက်ကြောင်းတွေပေါ်နေတဲ့ လမ်းပေါ်မှာ တင်နေရုံလေးပဲ ဖြစ်နေခဲ့ပါတယ်။

ညာဘက် ပြတင်းပေါက်တွေကနေ ကြည့်လိုက်ရင်တော့.. ဒုက္ခသည်တွေ မြင်နေရတာက မတ်စောက်တဲ့ ချောက်နက်ကြီးတစ်ခုပါပဲ။ သူတို့က ဘာမှမရှိတဲ့ နေရာမှာ မောင်းနေသလိုမျိုးဖြစ်နေခဲ့တယ်..။သူတို့က စင်တီမီတာ အနည်းငယ်လောက် လွဲချော်သွားတာနဲ့ သေခြင်းတရားဆီကို တန်းပြီး ကျရောက်သွားနိုင်ပါတယ်.။ တစ်ခါတစ်ရံဆိုရင် ဖြည်းညင်းစွာ ရွေ့လျားနေတဲ့ ယာဉ်တွေရဲ့ ဘီးတွေက လမ်းပေါ်က ကျောက်တုံးလေးတွေကို တွန်းချလိုက်တာကြောင့်.. ဒီကျောက်တုံးတွေက ချောက်ကမ်းပါးတွေကို ရိုက်ခတ်ပြီး ဆူညံသံတွေနဲ့အတူ အောက်ကို ကျသွားတတ်ပါတယ်။

ဒီအသံတွေက နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲအထိ ပဲ့တင်ထပ်သွားပြီး.. ကျောက်နံရံတွေကို ရိုက်ခတ်ကာ ပိုပိုပြီး ကျယ်လောင်လာခဲ့တယ်။ ကြောက်ရွံ့နေတဲ့ ဒုက္ခသည်တွေအတွက်တော့ အဲဒီအသံတွေက မိုးကြိုးသံလိုမျိုး နားကွဲမတတ် ကြားနေရပါတယ်။

သူတို့ရဲ့ ကြောက်စိတ်တွေကိုတော့ အမှောင်ထုက ပိုပြီးတော့တောင် ဆိုးရွားလာစေခဲ့တယ်။ သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ရှေ့မီးအလင်းတန်းတွေက အမှောင်ထုထဲကို လမ်းဖောက်လိုက်ပေမဲ့.. အဲဒီထက် ကျော်လွန်သွားတဲ့ အမှောင်ထုကြီးကတော့ ထိုးဖောက်လို့မရလောက်အောင် အလွန်ပဲ ဖိစီးနေခဲ့ပါတယ်။ ယာဉ်မောင်းတွေဟာ ယာဉ်တွေကို လမ်းကျဉ်းလေးပေါ်မှာ ထိန်းထားဖို့တောင် ရုန်းကန်နေရတယ်။.. လမ်းရဲ့ အစိတ်အပိုင်း အများစုကလည်း အေးစက်တဲ့ အမှောင်ထုတွေအောက်မှာ ပုန်းကွယ်နေတာကြောင့်.. သူတို့လုပ်နေရတဲ့ အလုပ်က မဖြစ်နိုင်တဲ့အရာကို လုပ်နေရသလိုပါပဲ။

ညဘက်မှာ တောင်တွေကို ဖြတ်သန်းသွားလာတာက ဉာဏ်ကောင်းတဲ့ လုပ်ရပ် မဟုတ်တဲ့အပြင် အန္တရာယ်များတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါက ရူးသွပ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

‘…ဒါဆိုရင် ဘယ်သူက အရူးလဲ…’

ဆန်နီဟာ ရိုင်နိုရဲ့ ကွပ်ကဲမှုခန်းထဲမှာ ဆင်ဆာအချက်အလက်တွေကို လေ့လာနေရင်း..သူတို့ရဲ့ တိုးတက်မှုနှုန်းကို စိတ်ထဲကနေ တွက်ချက်နေခဲ့ပါတယ်။ သူ ဘယ်လိုပဲ တွေးကြည့်ပါစေ.. ယာဉ်တန်းရဲ့ အမြန်နှုန်းကတော့ ကြောက်စရာကောင်းလောက်အောင် နှေးကွေးနေခဲ့ပါတယ်။

စိတ်မကောင်းစရာက.. ဒါကို ဘာမှလုပ်လို့ မရပါဘူး။

စွမ်းအားမြင့်တဲ့ APC ယာဉ်က ယာဉ်တန်းရဲ့ ရှေ့ဆုံးမှာ ရွေ့လျားနေပြီး.. တခြားယာဉ်တွေအတွက် လမ်းရှင်းပေးနေခဲ့တယ်။ သူ့ရဲ့ ရှေ့ဘက် ဘော်ဒိုဇာကို အောက်ကို ချထားပြီး ဆီးနှင်းတွေကို တွန်းဖယ်ဖို့ ထပ်ပြီး အသုံးပြုနေခဲ့ပါတယ်။ မကြာခနဆိုသလိုပဲ.. ရိုင်နိုက လမ်းပေါ်က တခြားအတားအဆီးတွေကိုလည်း ဖယ်ရှားပေးနေရပါတယ်။ ကျောက်တုံးအပိုင်းအစတွေ.. ကျောက်တုံးကြီးတွေနဲ့ တောင်ထိပ်က ရေခဲမြစ်ကနေ ကွဲထွက်လာတဲ့ ဧရာမ ရေခဲတုံးကြီးတွေကိုပါ..။

ဒီအပိုင်းမှာတော့ သူက တော်တော်လေး ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရိုင်နိုက မတွန်းဖယ်နိုင်တဲ့ ဒါမှမဟုတ် ကျော်ဖြတ်မရတဲ့ အရာမျိုးနဲ့ တွေ့ရဖို့က တော်တော်ကို ရှားတာပါ။ အဲလို အခြေအနေမျိုးမှာဆိုရင်တော့.. ယာဉ်တန်းတစ်ခုလုံး ရပ်တန့်လိုက်ရပြီး ဆန်နီက APC ယာဉ်နဲ့ ဖယ်ရှားလို့မရတဲ့ အတားအဆီးတွေကို သူ့ရဲ့ လက်နှစ်ဖက်နဲ့ ဖယ်ရှားပေးရမှာပါ။

ရိုင်နိုက စွမ်းအားမြင့်တဲ့ စက်တစ်ခု ဖြစ်ပေမဲ့.. မာစတာတစ်ယောက်ရဲ့ စွမ်းအားနဲ့တော့ မနှိုင်းယှဉ်နိုင်ပါဘူး။ ဆန်နီ လမ်းပေါ်ကနေ မပစ်ချနိုင်တဲ့ အရာဆိုတာက အရမ်းကို ရှားပါးပါတယ်။ တကယ်လို့ အဲလိုအရာ ရှိခဲ့ရင်တောင်မှ.. သူက [နှစ်သိမ့်ခြင်းပြစ်ဒဏ်] နဲ့ ဖြတ်တောက်လိုက်မှာပါ။ လှပတဲ့ ဂျီယန်ဓားရဲ့ ကျောက်စိမ်းဓားသွားက ကျောက်တုံးတွေကိုတောင် ရေလိုမျိုး ဖြတ်တောက်နိုင်လောက်အောင် ထက်မြက်ပါတယ်။

သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တီးတိုးသံတွေကို နားထောင်ရတာကိုတော့ ဆန်နီ မနှစ်သက်ပါဘူး။

ဘာပဲဖြစ်ဖြစ်.. ဒီလို ရပ်တန့်ရတဲ့ အကြိမ်တိုင်းက သူတို့ရဲ့ နှေးကွေးနေတဲ့ တိုးတက်မှုကို ပိုပြီးတော့တောင် နှေးကွေးစေပါတယ်။ အမှောင်ထု.. အအေးဒဏ်..နဲ့ မတည်မငြိမ်ဖြစ်နေတဲ့ တောင်ပေါ်လမ်းတွေ.. မကြာသေးခင်ကမှ ငလျင်လှုပ်ခဲ့လို့ ကြမ်းတမ်းနေတဲ့ အခြေအနေတွေ.. ဒါတွေအားလုံးက ဆန်နီရဲ့ ဘဝကို ပိုပြီး မလွယ်မကူ ဖြစ်နေစေခဲ့တယ်။

ဒါတွေက သဘာဝဘေးအန္တရာယ်တွေပဲ ရှိပါသေးတယ်။ ဒါပေါ့.. သူတို့ပတ်ဝန်းကျင်မှာ တခြားခြိမ်းခြောက်မှုတွေလည်း ရှိနေပါသေးတယ်…။

ဒေသတစ်ခုလုံးမှာ အိပ်မက်ဆိုး သားရဲတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။

လက်ရှိမှာတော့ ဆန်နီက ယာဉ်တန်းကို သားရဲအုပ်ကြီးတွေရန်ကနေ ကျော်ဖြတ်ပြီး ခေါ်ဆောင်လာနိုင်ခဲ့ပေမဲ့.. သူတို့ တိုက်ခိုက်ရဖို့က ဘယ်အချိန်လဲ ဆိုတာကိုပဲ မေးခွန်းထုတ်နိုင်ပါလိမ့်မယ်။သူတို့ ပြုလုပ်နေတဲ့ ဆူညံသံတွေနဲ့ ထုတ်လွှတ်နေတဲ့ အလင်းရောင်တွေ အရဆိုရင်.. ဗိုက်ဆာနေတဲ့ ဘယ်သတ္တဝါမဆို သူတို့ကို သတိပြုမိဖို့က မလွဲမသွေပါပဲ။

ဒါပေါ့ အချို့သားရဲတွေကတော့ အစောကတည်းက သတိထားမိခဲ့ကြပါတယ်။ ဒါပေမဲ့ သူတော်စင်က တစ်ကောင်တည်း ရှိနေတဲ့ အိပ်မက်ဆိုး သားရဲတွေကို အာရုံစိုက်နေစရာမလိုပဲ သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဆန်နီက သူမကို ကင်းထောက်အဖြစ် အသုံးပြုနေတာကြောင့်.. ယာဉ်တွေကို ထိခိုက်မှု မဖြစ်စေခင်မှာပဲ ပေါ်လာသမျှ အန္တရာယ်တွေကို ကြားဖြတ် တိုက်ခိုက်နိုင်ဖို့အတွက် သူတို့နဲ့ ဝေးကွာတဲ့နေရာကနေ ကြိုသွားစေခဲ့တာပါ။

ဒါပေမဲ့ သူမရဲ့ ကာကွယ်မှုက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာကိုတော့ သူ မသိပါဘူး။ ယာဉ်တန်းကို ပတ်ထားတဲ့ လုံခြုံရေးအလွှာက ပိုပိုပြီး ကျဉ်းမြောင်းလာနေသလိုမျိုး ဆန်နီ ခံစားနေခဲ့ရတယ်။

…အနည်းဆုံးတော့ သူနဲ့ သူ့စစ်သားတွေက အမှောင်ထုထဲမှာ မြင်နိုင်ကြပါသေးတယ်။ တကယ်လို့ သူတို့သာ ယာဉ်တန်းကို ကာကွယ်ပေးနေတဲ့ သာမန်စစ်သားတွေလိုမျိုး ဘာမှမမြင်ရရင်.. ဆန်နီလည်း အခုလောက်ဆို ရူးသွပ်

နေလောက်ပါပြီ။ အခုတော့ သူက ထူးဆန်းလောက်အောင် တည်ငြိမ်ပြီး ပိုင်းခြားစိတ်ဖြာနိုင်နေဆဲပါပဲ။

သူ့အတွက်တော့ အခြေအနေက ရိုးရှင်းသလို.. အကြောင်းပြချက်မရှိလောက်အောင်လည်း.. ခက်ခဲနေခဲ့ပါတယ်။

သူ့လက်ထဲမှာ အရင်းအမြစ် နှစ်မျိုးရှိနေခဲ့တယ်။ တစ်မျိုးကတော့ သူတော်စင်.. အိပ်မက်ဆိုး.. သူကိုယ်တိုင်.. အထူးတပ်ဖွဲ့တွေနဲ့ သာမန်စစ်သားတွေပါပဲ။ နောက်တစ်မျိုးကတော့ မှီခိုနေသူတွေဖြစ်တဲ့ ဒုက္ခသည်တွေ.. ပါမောက္ခ အိုဘယ် နဲ့ ဘတ်တို့ပါ..။

သူ့ရှေ့မှာ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကတော့ အမျိုးအစား လေးမျိုး ရှိပါတယ်။ တစ်မျိုးကတော့ အိပ်မက်ဆိုး သားရဲတွေပါ..။ သူက အရိပ်တွေကနေတဆင့် သူတို့ကို ခြေရာခံပြီး ရှောင်တိမ်းတာ ဒါမှမဟုတ် သတ်ဖြတ်တာ တွေ လုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ အတွင်းပိုင်းက ခြိမ်းခြောက်မှုတွေပါ..။ အခိုက်အတန့်ရဲ့ သက်ရောက်မှုကြောင့် ရူးသွပ်ကုန်ကြတဲ့ လူတွေပါပဲ..။သူက ဒါကို နည်းလမ်းမျိုးစုံနဲ့ လျော့ကျအောင် လုပ်ဆောင်နိုင်ပါတယ်။ တတိယတစ်ခုကတော့ ပတ်ဝန်းကျင်ပါပဲ။ သားရဲတွေရဲ့ အကူအညီ မပါဘဲနဲ့လည်း ကမ္ဘာကြီးက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်ပါသေးတယ်..။ ဒါပေမဲ့ ဒါကိုလည်း ဖြေရှင်းလို့ ရနိုင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ အန္တရာယ်ရဲ့ စတုတ္ထအမျိုးအစားပါ..။ အဆိုးရွားဆုံး ဖြစ်တဲ့.. မမျှော်လင့်ထားတဲ့ အန္တရာယ်တွေပါပဲ။ ဒါကိုတော့ ကြိုတင်ကာကွယ်လို့ မရသလို.. ဖြေရှင်းလို့လည်း မရ.. လျော့ကျအောင်လည်း လုပ်လို့ မရပါဘူး။

ဆန်နီ့ရဲ့ တာဝန်ကတော့ မှီခိုနေသူတွေကို အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သူ့ရဲ့ အရင်းအမြစ်တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးချဖို့ပါပဲ။ ဒါပေမဲ့ သူက ဆုံးဖြတ်ချက်တွေ အားလုံး မှန်ကန်နေရင်တောင်မှ.. ယာဉ်တန်းရဲ့ အလယ်တည့်တည့်မှာ ဂိတ်တံခါးအသစ်တစ်ခု ပွင့်လာမှာကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး..။ ဒါကြောင့်… အဲဒီအကြောင်းကိုလည်း စဉ်းစားဖို့ လိုအပ်ပါသေးတယ်။

‘ကောင်းပြီလေ.. အဲဒါတွေအပြင် ငါတို့က အရမ်းနှေးနေသေးတယ်..’

ယာဉ်တန်းက တိုက်ခိုက်မှုတစ်ခု ဖြစ်လာရင် လွတ်မြောက်ဖို့အတွက် နှေးကွေးနေရုံတင်မကပဲ.. အချိန်ဇယားထက်လည်း အများကြီး နောက်ကျနေခဲ့တာပါ။ ဒီအတိုင်းဆိုရင်တော့ ဒုက္ခသည်တွေက ပိုလုံခြုံတဲ့ စခန်းချနေရာတွေအစား.. ယာဉ်တွေထဲမှာပဲ တစ်ည ဒါမှမဟုတ် နှစ်ညလောက် ကုန်ဆုံးရတော့မှာပါ။

“ကောင်းပြီလေ… အဲဒီအတွက်တော့ အခုလောလောဆယ် ငါလုပ်နိုင်တာ ဘာမှမရှိသေးဘူး…”

တကယ်လို့ သူ့မှာ ပိုကောင်းတဲ့ ယာဉ်တွေ ရှိရင်… တကယ်လို့ သူ့မှာ နိုးထသူတွေ ပိုများရင်… တကယ်လို့ သူ့လက်ထဲမှာ အသုံးပြုနိုင်တဲ့ ကိရိယာတွေ ပိုများခဲ့ရင်..

ဆန်နီ သက်ပြင်းချလိုက်ပါတယ်။ ဒီလို အကြောင်းအရာတွေကို တွေးနေဖို့က အဓိပ္ပာယ် မရှိပါဘူး။

အဲ့အချိန်မှာပဲ သူ့ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်။

ဆန်နီ ဘေးဘက်ကို လှည့်လိုက်ပြီး ရိုင်နိုရဲ့ သတ္တု ကိုယ်ထည်ကို ထိုးဖောက်မတတ်

အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

ကီလိုမီတာ အနည်းငယ်ကွာဝေးတဲ့ အရှေ့တစ်နေရာမှာတော့… ချောက်ကမ်းပါးရဲ့ တောင်စောင်းတွေက စုစည်းသွားပြီး.. ရေခဲအိုင်တစ်ခုနဲ့အတူ သေးငယ်တဲ့ ချိုင့်ဝှမ်းတစ်ခုကို ဖြစ်ပေါ်နေစေခဲ့တယ်။ အိပ်မက်ဆိုး သားရဲအုပ်ကြီးတစ်ခုက ကျောက်ဆောင်မြင့်ကြီးတစ်ခုရဲ့ နောက်ကွယ်ကနေ ထွက်ပေါ်လာပြီး ရေအိုင်ဆီကို ဆင်းသက်လာနေခဲ့ပါတယ်။

ချိုင့်ဝှမ်းရဲ့ နောက်တစ်ဖက်မှာတော့.. တောင်စောင်းကြောင့် မြင်ကွင်းကနေ ပျောက်ကွယ်နေပေမယ့်.. နောက်ထပ် သားရဲအုပ်တစ်ခု လည်း ရှိနေပါသေးတယ်။အဲဒီအုပ်စုကတော့ ပိုသေးငယ်ပေမဲ့.. ပိုပြီး အစွမ်းထက်တဲ့ သားရဲတွေနဲ့ ဖွဲ့စည်းထားခဲ့တာပါ။ သူတို့ကလည်း ရေအိုင်ရှိတဲ့ ဘက်ကိုပဲ ဦးတည်နေခဲ့ကြတယ်။

ဆန်နီ ကြောက်ရွံ့နေခဲ့တဲ့ အရာက အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ ယာဉ်တန်းက နောက်ပြန်လှည့်လို့ မရတော့သလို.. သားရဲအုပ်နှစ်ခုနဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုလည်း ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ တိုက်ပွဲတစ်ခုက မလွဲမသွေ ဖြစ်လာတော့မှာပါ။

သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက တွန့်ကွေးသွားခဲ့တယ်။

ဆန်နီ နေရာကနေ ထရပ်လိုက်ပြီး အနည်းငယ် အကြောဆန့်လိုက်တယ်။ပြီးတာနဲ့.. သူ့ရဲ့ အထူးတပ်ဖွဲ့ဝင်တွေကို ခံစားချက်မဲ့တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်။အဖွဲ့သားတွေဟာ ချက်ချင်းဆိုသလိုပဲ စိတ်ညစ်သွားခဲ့ကြတယ်။

“လက်နက်တွေကို ထုတ်လိုက်ကြတော့..။လေကောင်းလေသန့် နည်းနည်းလောက် ရှူဖို့ အချိန်ရောက်ပြီ.."

အပိုင်း ( ၉၁၅ ) ပြီး၏။

All Chapters