အခန်း (၉၀၁-၉၀၃)
Vol. 61 Ch. 901-903
အပိုင်း ( ၉၀၁ ) အန္တရာယ်ရဲ့ သတ်မှတ်ချက်များ
ကောင်းပြီလေ အမှန်တော့.. ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေခဲ့တာပါ..။ ရှည်လျားလှတဲ့ ညတာရဲ့ အမှောင်ထုထဲမှာ ဖုံးလွှမ်းခံထားခဲ့ရတယ်။.. ဆန်နီ ဟာ အော်ဟစ်မြည်တမ်းနေတဲ့ နှင်းမုန်တိုင်းကို ဖြတ်သန်းပြီး မြောက်ဘက် ကို ဒုန်းစိုင်းမောင်းနှင်နေခဲ့ပါတယ်..။ ဘယ်လိုအရိပ်ကိုမဆို ထွင်းဖောက်မြင်နိုင်တဲ့ သူ့ရဲ့မျက်လုံးတွေထဲမှာတော့.. နှင်းတွေဟာ အဖြူရောင်နဲ့ နီးစပ်တဲ့ မီးခိုးဖျော့ရောင်အဖြစ် မြင်တွေ့နေရတာပါ..။
အပြန်လမ်းက သူ့ရဲ့နှလုံးသားထဲမှာ ဆူပွက်နေတဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို ဖြေဖျောက်ဖို့အတွက် အချိန်အလုံအလောက် မရခဲ့ပါဘူး..။ ဒါပေမဲ့ ကံကောင်းချင်တော့.. ဆန်နီမှာ အတိတ်က နောင်တတွေထဲ နစ်မြုပ်နေဖို့ထက် အနာဂတ်အတွက် စိုးရိမ်ပူပန်စရာတွေက ပိုပြီးတောင် များပြားနေခဲ့ပါတယ်။
‘…ဘာပဲဖြစ်ဖြစ်.. ဂရုစိုက်နေဖို့ မလိုတော့ဘူး…’
ဗန် ကတော့ သေဆုံးသွားခဲ့ပါပြီ..။ တခြားလူတွေအားလုံးလည်း သေဆုံးကုန်ကြပြီ..။ လွန်ခဲ့တဲ့ အပတ်တွေတုန်းက ဆန်နီ သိကျွမ်းခဲ့ရတဲ့ လူတွေထဲက တစ်ယောက်မှ အသက်မရှင်ကြတော့ပါဘူး..။ အခုအချိန်မှာ သူလုပ်နိုင်တာဆိုလို့.. သူ့ရဲ့စစ်သည်တွေ.. ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် တို့ကို ဒီလို ကံကြမ္မာဆိုး နဲ့ မကြုံတွေ့ရအောင် သေချာပြင်ဆင်ဖို့ပဲ ရှိပါတော့တယ်..။
ဒါက လွယ်ကူတဲ့ အလုပ်တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး..။
မကြာခင်မှာပဲ.. ရှေးဟောင်းစစ်လက်နက် စက်ယန္တရားကြီးတွေရဲ့ အကြွင်းအကျန်တွေက မြင်ကွင်းထဲ ပေါ်လာခဲ့တယ်..။ ဆန်နီ ဟာ အိပ်မက်ဆိုး မြင်း ကို ပြန်ရုပ်သိမ်းလိုက်ပြီး.. သံချေးတက်နေတဲ့ သံထည်တွေထဲကို လမ်းလျှောက်ဝင်ခဲ့ကာ ရိုင်နို ရဲ့ အရှေ့မှာ ခနလောက် ရပ်တန့်နေခဲ့ပါတယ်..။
ယင်းနောက်မှာတော့.. သူက ထွက်ပေါက်တံခါးကို ဖွင့်ပြီး အထဲကို ဝင်ရောက်သွားခဲ့တယ်..။
ချီတင်.. ဆမ်မာရာ နဲ့ ဘယ်လီ တို့ကတော့ စောင့်ကြပ်နေကြပြီး.. သူတို့တစ်ယောက်ချင်းစီက တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေခဲ့ကြပါတယ်..။ သူ့ကို မြင်လိုက်ရတဲ့ အခါမှာတော့.. အထူးတပ်ဖွဲ့ ဝင်တွေက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ကြတယ်..။
“ကပ္ပတိန်.. ပြန်ရောက်လာပြီပဲ…”
ဆန်နီ ခေါင်းညိတ်ပြလိုက်တယ်..။
“ငါ မရှိတုန်း တစ်ခုခု ဖြစ်ခဲ့သေးလား…”
ချီတင် ခေါင်းခါပြလိုက်တယ်..။
“အိပ်မက်ဆိုး သားရဲတွေတော့ အခုထိ ပေါ်မလာသေးပါဘူး..။ ပရော်ဖက်ဆာ အိုဘယ် နဲ့ မစ္စဘတ် တို့ နှစ်ယောက်စလုံးက ပင်ပန်းလွန်းလို့အိပ်ပျော်နေကြတယ်..။ ကျွန်တော်တို့ ပရော်ဖက်ဆာ ကို ဆျာ့ ရဲ့ အခန်းထဲမှာပဲ နားခိုင်းထားလိုက်ပါတယ်..။ ဆျာ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်…”
သူက ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးမှ.. သတိထားတဲ့ အရိပ်အယောင်အချို့နဲ့ ထပ် ပြောလာခဲ့ပါတယ်..။
“…ဒါပေါ့.. ကျွန်တော်တို့ သူတို့ကို ဆက်တိုက်စောင့်ကြည့်နေပါတယ်..။ သူတို့ထဲက တစ်ယောက်ယောက် က အခိုက်အတန့် ရဲ့ ကူးစက်ခံရသူတွေ ဖြစ်လာမှာ စိုးလို့ပါ…”
ဆန်နီ ကတော့ အခုချိန်မှာ နေထိုင်မှု အခြေအနေတွေကို သိပ်ပြီး ဂရုမစိုက်နိုင်တာကြောင့်.. ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်တယ်..။ ချီတင် ရဲ့ တိုတောင်းတဲ့ အစီရင်ခံစာထဲက ပထမဆုံးအချက်ကသာ အရေးအကြီးဆုံး ဖြစ်နေခဲ့တာပါ..။
‘အိပ်မက်ဆိုး သားရဲတွေ အခုထိ ပေါ်မလာသေးဘူး တဲ့လား…’
ဒါက ဘယ်အချိန်မဆို ပြောင်းလဲသွားနိုင်ပါတယ်..။
တကယ်တော့.. သူ့ရဲ့အရိပ်တစ်ခုက ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ ကျန်ရစ်နေခဲ့ပေမဲ့လည်း.. သူ့ရဲ့စစ်သည်တွေကို အိပ်စက်ခွင့်ပေးပြီး ရိုင်နို ထဲကနေ ထွက်ခွာခဲ့တာက စွန့်စားရာ ရောက်ကြပါတယ်..။
ဒီလို အန္တာတိကဗဟိုဒေသမှာတော့..အခုချိန်မှာအိပ်မက်ဆိုး သားရဲတွေရဲ့ နယ်မြေ ဖြစ်နေခဲ့ပါပြီ..။ သားရဲအုပ်ကြီးတွေက တောင်တန်းတွေကို ဖြတ်သန်းသွားလာနေကြပြီး.. အများစုက ကမ်းရိုးတန်းလွင်ပြင်ဆီကို ရောက်လာနေကြပါတယ်။
သားရဲအုပ်စုကြီးတွေက သူတို့တပ်ဖွဲ့ရဲ့ စခန်းဆီကို အချိန်မရွေး ရောက်လာနိုင်တာကြောင့်.. ဒါက လုံးဝ မလုံခြုံပါဘူး..။
ဒါပေမဲ့ လုံခြုံမှုဆိုတာက အတိတ်မှာ ကျန်ရစ်ခဲ့တဲ့ အရာတစ်ခုပါ။
အရင်တုန်းကတော့.. သူ့မှာ ဘေးကင်းတဲ့ ရွေးချယ်မှုတွေနဲ့ အန္တရာယ်ရှိတဲ့ ရွေးချယ်မှုတွေ ရှိခဲ့ဖူးပါတယ်..။ ဒါပေမဲ့ LO49 ရဲ့ အကာအကွယ်နဲ့ ထူထဲလှတဲ့ တံတိုင်းကြီးတွေကို စွန့်ခွာလာပြီးနောက်မှာတော့.. သူက မတူညီတဲ့ အန္တရာယ် အမျိုးအစားတွေ ကြားထဲကပဲ ရွေးချယ်နိုင်ပါတော့တယ်..။ ဒါက ဖြစ်နိုင်ခြေရှိတဲ့ စွန့်စားမှုတွေကို တွက်ချက်ရုံသက်သက်ပါ..။
…သို့ပေမယ့်.. သူ့ရဲ့ [ကံစီမံရာ] စွမ်းရည်နဲ့ဆိုရင် ဒီလိုတွက်ချက်မှုတွေက အနည်းနဲ့အများ အသုံးမဝင်လှပါဘူး..။
ဆန်နီ မျက်နှာပျက်သွားခဲ့ပြီး မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်ကာ ပွတ်သပ်လိုက်တယ်..။ သူက အခုအချိန်မှာ ဂရုစိုက်နိုင်စွမ်းမရှိလောက်အောင်ပဲ အလွန်အမင်း ပင်ပန်းပြီး ထုံကျင်နေခဲ့ပါပြီ..။ သူ့အတွက်လည်း အနားယူဖို့ လိုအပ်နေခဲ့တာပါပဲ..။
“ကောင်းပြီလေ.. ဒါဆိုရင်တော့ ငါ ခနလောက် အိပ်လိုက်ဦးမယ်..။ အပြင်ဘက်မှာ တစ်ခုခု လှုပ်ရှားမှုရှိရင် ငါ့ကို နှိုးလိုက်ကြ…”
လက်ရှိမှာ သူ့ရဲ့ သက်တောင့်သက်သာရှိတဲ့ ခုတင်ကို ပရော်ဖက်ဆာ အိုဘယ် က အသုံးပြုနေတာကြောင့်.. ဆန်နီ ဟာ လွတ်နေတဲ့ အိပ်စက်ခြင်း သေတ္တာ တစ်ခုထဲကို တက်လှမ်းဝင်လိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်..။
အခုအချိန်မှာ အိပ်ပျော်သွားဖို့က ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ..။
သူ့ရဲ့အသိစိတ်တွေကို မှောင်မိုက်ခြင်းရဲ့ သက်တောင့်သက်သာရှိမူထဲကို မနစ်မြုပ်စေခင်မှာပဲ.. ဆန်နီဟာ သူတော်စင် ကို ဆင့်ခေါ်လိုက်ပြီး အရိပ်တွေထဲကနေ ရိုင်နို ကို စောင့်ရှောက်ဖို့ အမိန့်ပေးလိုက်တယ်..။
ဒါကတော့ ဆန်နီ လုပ်နိုင်သမျှ အရာအားလုံးပါပဲ…။
ညအချိန်က ဘယ်တော့မှ ပြီးဆုံးမသွားခဲ့သလို.. မနက်ခင်းကလည်း ရောက်မလာခဲ့ပါဘူး..။ ဆန်နီ နိုးလာတဲ့ အချိန်မှာတော့.. ကမ္ဘာကြီးက အရင်အတိုင်းပဲ ရှိနေခဲ့တယ်..။ ပြင်းထန်လှတဲ့ နှင်းမုန်တိုင်းက ကမ္ဘာကြီးကို လွှမ်းခြုံထားခဲ့ပြီး.. အေးစက်မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးကို ဖုံးကွယ်ထားခဲ့ပါတယ်..။ အနားမှာရှိတဲ့ အိပ်စက်ခြင်း သေတ္တာ တစ်ခု ပွင့်လာတဲ့ အသံကြောင့် သူက အိပ်မက်မရှိတဲ့ အိပ်စက်ခြင်းထဲကနေ နိုးထလာခဲ့ရတာပါ..။
သူ့ရဲ့မျက်နှာချင်းဆိုင်မှာတော့.. ရိုင်နို ရဲ့ နံရံပေါ်က အကန့်တစ်ခုက ဘေးဘက်ကို ရွေ့လျားသွားခဲ့ပြီး.. နောက်ကွယ်မှာ ဝှက်ထားတဲ့ အိပ်စက်ခြင်းသေတ္တာ တစ်ခုကို ဖော်ပြနေခဲ့ပါတယ်..။ အတွင်းထဲမှာတော့ ဒွန်း ရဲ့ ကြီးမားလှတဲ့ ပုံသဏ္ဌာန်ကြီးကို မြင်တွေ့နေခဲ့ရတယ်..။ ဒီလူသန်ကြီးက ဒီယာဥ်ပေါ်မှာ အတော်လေး သည်းခံပြီးနေနေရတာပဲ ..။ ဘာလို့လဲဆိုတော့ အဆင့်မှီ သေတ္တာတွေက သူ့ရဲ့ ခန္ဓာကိုယ်အတွက် အနည်းငယ် သေးငယ်လွန်းနေတာကြောင့်ပါပဲ..။ သူ သေတ္တာထဲကနေ ရုန်းကန်ထွက်လာတာတဲ့ အချိန်တိုင်းမှာ အနည်းငယ် ရယ်စရာ ကောင်းနေခဲ့ပါတယ်..။
သို့ပေမဲ့ ဆန်နီ ကတော့ ရယ်မောချင်း မရှိခဲ့ပါဘူး..။
သူ့ရဲ့အရိပ်တွေနဲ့ သူတော်စင် တို့က ဘယ်လိုခြိမ်းခြောက်မှုကိုမှ အာရုံမခံမိတာ သေချာသွားတဲ့ အခါမှ... သူက အိပ်စက်တဲ့နေရာကနေ ထွက်လာခဲ့တယ်..။ မကြာခင်မှာပဲ.. လူစတာ နဲ့ ကင်မ် တို့လည်း နိုးလာခဲ့ကြတယ်..။
“ချီတင်.. ဘယ်လီ.. ဆမ်မာရာ.. မင်းတို့ အလှည့်ပဲ…”
အထူးတပ်ဖွဲ့ ဝင် သုံးယောက်ကတော့ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အနားယူခြင်းကို ရယူဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး..။ သူတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ အိပ်စက်ချင်စိတ်က အလွန်အမင်း ပြင်းထန်နေခဲ့တာကြောင့်.. သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အိပ်မက်နယ်မြေ ကနေ ယူဆောင်လာခဲ့တဲ့ အစီရင်ခံစာကိုတောင် နားမထောင်နိုင်ကြတော့ပေ..။ တစ်မိနစ်အကြာမှာတော့.. သူတို့ သုံးယောက်စလုံးက အိပ်စက်ခြင်း သေတ္တာ တွေထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြပါပြီ..။
ဆန်နီ ကတော့ ကင်မ်.. လူစတာ နဲ့ ဒွန်း တို့ကို အကဲခတ်ကြည့်လိုက်တယ်..။ သူတို့က မနေ့ကထက်စာရင် အများကြီး ပိုပြီး ကြည့်ကောင်းလာခဲ့ကြပါတယ်..။ တစ်ညတာ အနားယူရုံနဲ့ စုပြုံနေတဲ့ ပင်ပန်းနွမ်းနယ်မှုတွေအားလုံးကို မဖယ်ရှားနိုင်ရင်တောင်မှ.. နိုးထသူ တွေက ခံနိုင်ရည်ရှိတဲ့ သတ္တဝါတွေ ဖြစ်နေကြဆဲပါပဲ..။
နာရီအနည်းငယ်သာ အိပ်စက်ခဲ့ရတဲ့ ဆန်နီ ကတော့.. အနားရလိုက်သလို ခံစားရမယ့်အစား တစ်ကိုယ်လုံး ကြေမွမတတ် ပင်ပန်းနေခဲ့တယ်..။ ဒါပေမဲ့.. ဒီခံစားချက်က မကြာခင်မှာပဲ ပျောက်ကွယ်သွားမှာပါ..။
“ဒီတော့..အခြေနေ…”
သူ့ရဲ့စစ်သည်တွေက တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြတယ်..။ မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့.. ဒွန်း ကပဲ ပထမဆုံး စကားစပြောလာခဲ့ပါတယ်..။
“အခြေအနေ မကောင်းဘူး ကပ္ပတိန်…”
…ဒီတစ်ကြိမ်မှာတော့ ဆန်နီ တကယ်ပဲ ပြုံးမိသွားခဲ့တယ်..။
“ဝိုး.. ဘယ်သူက ဒီလို ထင်ထားမိမှာလဲ…”
လူသန်ကြီးက အနေခက်စွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး.. အစီရင်ခံစာကို စတင်ပြောပြပါတော့တယ်..။
“ကျွန်တော်တို့ စုံစမ်းသိရှိရသလောက်တော့..
အန္တာတိကအရှေ့ပိုင်းက လူသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးပေမဲ့.. အန္တာတိကဗဟိုဒေသကတော့… အားလုံး ရှုပ်ထွေးနေပြီ…”
သူ့ရဲ့မျက်နှာက နက်မှောင် သွားခဲ့တယ်..။
“သူတော်စင် တွေက နောက်ဆုံးမှာ
တိုက်တန် တွေထဲက တစ်ကောင်ကို သတ်ပစ်နိုင်ခဲ့ပေမဲ့.. နောက်ထပ် နှစ်ကောင် ကျန်နေသေးတယ်..။ တိုက်ပွဲထဲမှာ တောင်တန်းတွေရဲ့ အစိတ်အပိုင်းတော်တော်များများလည်း ပျက်စီးသွားခဲ့ရတယ်..။ ဒါပေမဲ့ အဲဒါက အဆိုးဆုံး
မဟုတ်သေးဘူး…”
ဆန်နီ စိတ်ရှုပ်စွာ နဲ့ သက်ပြင်းချလိုက်တယ်..။
“သေချာ ရှင်းအောင်ပြောစမ်းပါ…”
ဒွန်း က အောက်ကို ငုံ့လိုက်ပြီး..
“ကျွန်တော်တို့တပ်မ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ဝန်းရံခြင်းမြို့တော်က…မရှိတော့ပါဘူး..။ မြေပုံပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ..။ အသက်ရှင်ကျန်ရစ်သူတွေ ဖြစ်တဲ့ စစ်သားတွေရော အရပ်သားတွေပါ အကုန်လုံးက တခြားခံတပ်တွေဆီကို ဆုတ်ခွာဖို့ ကြိုးစားနေကြတယ်..။ ဒီနေရာကနေ အီရီဘတ်စ်တောင်အထိမှာ ပထမတပ်မတော်ရဲ့ အင်အားတွေ
လုံးဝမရှိတော့ပါဘူး…”
ဆန်နီ ဟာ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့မိပြီးမှ.. သူ့ရဲ့မျက်နှာပေါ်မှာ ခါးသီးတဲ့ မကျေနပ်မှု အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်..။
‘ဒီလိုပဲလား…’
သူတို့ရဲ့ ကီလိုမီတာ လေးရာ ခရီးစဉ်ကတော့… အခုအချိန်မှာ ကီလိုမီတာ တစ်ထောင် ခရီးစဉ်အဖြစ် ပြောင်းလဲသွားတော့မယ့် ပုံပါပဲ..။
အပိုင်း ( ၉၀၁ ) ပြီး၏။
အပိုင်း ( ၉၀၂ ) အခြေအနေ အရပ်ရပ်
ဒွန်း.. ကင်မ် နဲ့ လူစတာ တို့ဟာ အိပ်မက်နယ်မြေ ဆီကနေ တခြားသတင်းတွေကိုလည်း ယူဆောင်လာခဲ့ကြပါသေးတယ်..။ ဒါပေမဲ့ အဲဒီသတင်းတွေ အားလုံးက ပြတ်တောက်ပြီး ရှုပ်ထွေးနေခဲ့တယ်..။ ဘာလို့လဲဆိုတော့ ပထမတပ်မတော် ကိုယ်တိုင်ကလည်း အန္တာတိကဗဟိုဒေသ တစ်ခုလုံးမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သေသေချာချာ ရေရေရာရာ မသိရှိကြလို့ ပါပဲ..။
ခေတ်မှီ ဆက်သွယ်ရေးစနစ်တွေ အားလုံး ပျက်စီးသွားခဲ့တာကြောင့်.. အိပ်မက်နယ်မြေ ကတစ်ဆင့် စီးဆင်းလာတဲ့ ဘယ်လိုသတင်းအချက်အလက်မဆို ပြည့်စုံဖို့ မလွယ်ကူတော့ပေ.။ တချို့သတင်းတွေဆိုရင် ရောက်လာတဲ့အချိန်မှာပဲ ခေတ်နောက်ကျနေခဲ့ကြပါပြီ..။ စိတ်ချရတဲ့ ထောက်လှမ်းရေးသတင်း မရှိတာက စစ်တပ်တွေအားလုံးအတွက် အကြောက်ရဆုံးအရာပါပဲ..။
အန္တာတိကဗဟိုဒေသတစ်ခုလုံးမှာ တိုက်ခတ်နေတဲ့ ထူးဆန်းတဲ့ နှင်းမုန်တိုင်းကတော့ ဒီလိုဆက်သွယ်ရေး ကွန်ရက်တွေ ပြိုလဲသွားရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေခဲ့ပါတယ်..။ ဒါက လွန်ခဲ့တဲ့ တစ်လလောက်က ထွက်ပေါ်လာခဲ့ပြီး.. ဆောင်းတွင်း သားရဲ လို့ အမည်ပေးထားတဲ့ တိုက်တန် တစ်ကောင်ကြောင့်လို့ ယူဆရတယ်..။ဒီ တိုက်တန် ရဲ့ လက်ရှိ တည်နေရာကို မသိရသေးပေမဲ့.. သူ့ရဲ့ သက်ရောက်မှုကိုတော့ ဒေသတစ်ခုလုံးမှာ ပြင်းထန်စွာ ခံစားနေကြရတာပါ..။
အန္တာတိကဗဟိုဒေသကနေ လူတွေကို ရွှေ့ပြောင်းဖို့ တာဝန်ပေးထားရတဲ့ စစ်တပ်ကတော့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်..။ ဒီကုန်းမြေကြီးရဲ့ တောင်ဘက်အစွန်းပိုင်းဟာ.. ဆိုလိုတာက ဆန်နီ နဲ့ သူ့ရဲ့တပ်ဖွဲ့ လက်ရှိပိတ်မိနေတဲ့ နေရာဟာ.. ကျရှုံးသွားခဲ့ပြီဖြစ်ပြီး စွန့်ပစ်ခြင်း ခံလိုက်ရပါပြီ..။ လူတွေက ကျန်ရှိနေသေးတဲ့ ဝန်းရံခြင်းမြို့တော် ခြောက်ခုကို ကာကွယ်ဖို့အတွက် အသည်းအသန် ကြိုးစားနေကြရပြီး.. တိုက်တန် တွေက ဘယ်အချိန် ဘယ်နေရာကို ထပ်ပြီး တိုက်ခိုက်မလဲဆိုတာကို ဘယ်သူမှ မသိနိုင်ကြပါဘူး..။
ပိုပြီး ဆိုးဝါးတာကတော့.. တိုက်တန် တွေဆိုတာ အိပ်မက်ဆိုး ချိန်းကြိုး ရဲ့ အဆင့်သစ်တစ်ခု စတင်ခြင်းရဲ့ ရှေ့ပြေးနိမိတ်တွေမျှသာ ရှိပါသေးတယ်..။ ပွင့်လာတဲ့ ထွက်ပေါက် တွေရဲ့အကြိမ်ရေနဲ့ စွမ်းအားတွေက သိသိသာသာ တိုးပွားလာခဲ့ပြီး.. ရေတွက်လို့မရနိုင်တဲ့ အိပ်မက်ဆိုး သားရဲတွေဟာ နိုးထခြင်းကမ္ဘာထဲကို နေ့တိုင်း တိုးဝင်လာနေခဲ့ကြတာပါ..။
…တစ်နည်းအားဖြင့် ပြောရရင်တော့.. အန္တာတိက ဗဟိုဒေသမှာ ရှိတဲ့လူသားတွေဟာ အကြီးအကျယ် ဒုက္ခရောက်နေကြပြီး.. ဆန်နီ ကတော့ ဒီလူတွေထဲမှာ ဒုက္ခအများဆုံး ဖြစ်နေခဲ့ပါတယ်..။
‘အံ့ဩစရာပဲ…’
သူ့ရဲ့စစ်သည်တွေက သတင်းအချက်အလက်တွေကို ရရှိခဲ့ရုံတင်မကပဲ.. သူတို့တပ်ဖွဲ့ရဲ့ လက်ရှိအခြေအနေနဲ့ တည်နေရာကိုပါ အစီရင်ခံတင်ပြနိုင်ခဲ့ကြတယ်..။ ဒီအချက်အလက်တွေက မာစတာ ဂျက် ဆီကို ရောက်ဖို့ အချိန်အတော်ကြာဦးမှာ ဖြစ်သလို.. ဆန်နီ ဆီကို သူမဆီက ပြန်ကြားချက် ရောက်လာဖို့အတွက်လည်း အချိန်တွေ ထပ်ပြီး ကုန်ဆုံးဦးမှာပါ..။ လောလောဆယ်မှာတော့ သူ့မှာ ဘာ လုပ်စရာမှမရှိသေးပါဘူး..။
ဆန်နီ ဟာ အခုချက်ချင်း မြောက်ဘက်ကို ဆက်ပြီး မောင်းနှင်ရမလား.. ဒါမှမဟုတ် သူ့ရဲ့စစ်သည်တွေ အင်အားပြန်ပြည့်ဖို့နဲ့ ဒီဒေသမှာ ဘာတွေဖြစ်နေလဲဆိုတာကို ပိုပြီး သိရှိနိုင်ဖို့အတွက် ရက်အနည်းငယ်လောက် ဆက်နေရမလားဆိုတာကို မိနစ်အနည်းငယ်လောက် စဉ်းစားနေခဲ့တယ်..။ နောက်ဆုံးမှာတော့.. သူက ဒုတိယအလှည့် အိပ်စက်မယ့်လူတွေ ပြန်နိုးလာတဲ့ အချိန်ကျမှပဲ ဆုံးဖြတ်ချက်ချဖို့ ရွှေ့ဆိုင်းလိုက်ပါတော့တယ်..။
ရိုင်နို ကို လွင်ပြင်အလယ်ခေါင်မှာ ဒီအတိုင်း ရပ်တန့်ထားဖို့က စိတ်ကူးကောင်းတစ်ခု မဟုတ်ပေမဲ့.. တောင်တန်းတွေထဲကို မျက်လုံးမှိတ် တိုးဝင်သွားဖို့ကလည်း အဆင်မပြေလှပါဘူး..။ ဘယ်လမ်းကိုပဲ ရွေးရွေး.. ဘေးအန္တရာယ်တစ်ခုခုက သူတို့ကို ရှာဖွေတွေ့ရှိသွားနိုင်ခြေအများကြီး ရှိနေခဲ့ပါတယ်..။ ဒါပေမဲ့ အနည်းဆုံးတော့ ပထမရွေးချယ်မှုက သူ့ရဲ့စစ်သည်တွေကို အကောင်းဆုံး တိုက်ခိုက်ရေးအခြေအနေဆီ ပြန်ရောက်သွားဖို့ အခွင့်အရေး ပေးနိုင်ပါတယ်။
ဒါ့အပြင် သူတို့မှာ ထည့်သွင်းစဉ်းစားရမယ့် အရပ်သားနှစ်ယောက်လည်း ရှိနေသေးတယ်..။
ကင်မ်.. လူစတာ နဲ့ ဒွန်း တို့ အစီရင်ခံစာ တင်ပြပြီးတဲ့နောက်မှာတော့.. ဆန်နီ ဟာ ဒီယာဉ်ကြီးရဲ့ ကျဉ်းမြောင်းတဲ့ မီးဖိုချောင်ဆီကို လျှောက်လှမ်းသွားခဲ့ပြီး.. တပ်မက်ခြင်းသေတ္တာ ကို ဆင့်ခေါ်လိုက်ပါတယ်..။ ပြီးတာနဲ့ ရိုင်နို ပေါ်မှာရှိတဲ့ အဖွဲ့သားတွေအတွက် အားရှိမယ့် မနက်စာတစ်နပ် ပြင်ဆင်ဖို့ကိုသာ အာရုံစိုက်လိုက်တယ်..။ ချက်ပြုတ်ခြင်းက သူ့ကို အမြဲတမ်း စိတ်တည်ငြိမ်မှု ပေးစွမ်းနိုင်လို့ပါ..။
သူ့ စိတ်ထဲမှာတော့ တွေးတောစရာတွေ အများကြီး ရှိနေခဲ့တယ်..။ ဒုတိယတပ်မတော် စုစည်းဖို့က ဘယ်လောက်တောင် နီးကပ်နေပြီလဲ…။ ကြီးမြတ်တဲ့ကလန်တွေကကော ဘာတွေလုပ်နေကြလဲ…။ အီရီဘတ်စ်တောင် အနီးမှာရှိတဲ့ ဝန်းရံခြင်းမြို့တော်ဆီ ရောက်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ…။
အဲဒီမြို့ကတော့ ကောင်းမွန်လှတဲ့ ဘူမိအပူပေးစနစ်တွေကြောင့် နာမည်ကြီးလှပါတယ်..။ အနည်းဆုံးတော့ သူတို့ အဲဒီမြို့ရဲ့ တံတိုင်းတွေထဲကို ရောက်သွားပြီးရင် ချမ်း နေတော့မှာ မဟုတ်ပါဘူး..။
သူက ရိန်း တစ်ယောက် ဘယ်လိုနေလဲဆိုတာကိုလည်း တွေးမိပါသေးတယ်..။ သူမကရော သူ့ရဲ့ ကာလရှည်ကြာ တိတ်ဆိတ်နေမှုကြောင့် စိတ်ပူနေမလား…။ ဒါမှမဟုတ် သူမက ပထမအိပ်မက်ဆိုး ထဲကို ရောက်နေပြီလား…။
သူ က ရိန်း ကို သွားကြည့်ပေးဖို့အတွက် ဆင်စွယ်ရောင် တာဝါကို သွားပြီး တစ်ယောက်ယောက်ကို အကူအညီတောင်းလို့ ရနိုင်ပါတယ်..။ အယ်ဖီ က ရိန်း နဲ့ အတော်လေး ရင်းနှီးသလို နစ်ဖီ ကလည်း အတူတူပါပဲ..။ ကိုင် ကလည်း ဆန်နီ မရှိတဲ့အချိန်မှာ ရိန်း ကို စောင့်ရှောက်ပေးဖို့ တာဝန်ယူထားရတဲ့ အီကို နဲ့ အဆက်အသွယ် ရှိနေခဲ့ပါတယ်..။ ကတ်စီ ကတော့ ယေဘုယျအားဖြင့် လူတိုင်းရဲ့အကြောင်းကို အကုန်သိနေတဲ့လူ ဖြစ်တာကြောင့်ပါ။
ဒါပေမဲ့.. မဖြစ်နိုင်ပါဘူး.. သူက အဲဒီီကို အခုချက်ချင်း သွားလို့မရသေးပေ..။ ခနလောက် အိပ်စက်ခြင်းနဲ့ အိပ်မက်နယ်မြေ ဆီကို ထွက်ခွာသွားခြင်းကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိနေခဲ့ပါတယ်..။ ပထမတစ်ခုကတော့ အန္တရာယ်ကြုံလာရင် တုံ့ပြန်ဖို့အတွက် စက္ကန့်အနည်းငယ်လောက်ပဲ နောက်ကျမှာ ဖြစ်ပေမဲ့.. ဒုတိယတစ်ခုကတော့ ဘာမှမသိဘဲ လုံးဝ လွဲချော်သွားစေနိုင်တာကြောင့်ပါ..။ အခြေအနေက ဒီလောက်အထိ ဆိုးရွားလွန်းနေတာကြောင့်.. သူကတော့ မိမိကိုယ်ကိုယ် မျက်ကွယ်ပြုထားဖို့ ခွင့်မပြုနိုင်ပါဘူး..။
မကြာခင်မှာပဲ.. ချက်ပြုတ်ထားတဲ့ အစားအစာတွေရဲ့ မွှေးပျံ့လှတဲ့ အနံ့က ရိုင်နို ထဲမှာရှိတဲ့ လူတိုင်း ရဲ့ အနားယူခန်းဆီ ရောက်သွားခဲ့တယ်..။ ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် တို့တောင်မှ ဒီအနံ့ကြောင့် နိုးလာခဲ့ကြပါတယ်..။ ဆန်နီ ကတော့ အဖိုးအိုရဲ့ အခြေအနေကို သိရှိနိုင်ဖို့အတွက် တိတ်တဆိတ် အကဲခတ်ကြည့်နေခဲ့တယ်..။
သူတို့တွေ ရုတ်တရက် ထွက်ခွာလာခဲ့ရတာကို ထည့်သွင်းစဉ်းစားရင်တောင်.. ပရော်ဖက်ဆာ ကတော့ ကျန်းမာနေတဲ့ ပုံပါပဲ..။လူအိုကြီး က အိုမင်းပြီး နုနယ်ဆဲ ဖြစ်နေပေမဲ့လည်း.. ကျန်းမာရေး အခြေအနေ ရုတ်တရက် ဆိုးရွားသွားမယ့် လက္ခဏာမျိုးတော့ မရှိသေးပါဘူး..။ သို့ပေမယ့် ဘတ် ကတော့ စိုးရိမ်ပူပန်တတ်တဲ့ သူနာပြုတစ်ယောက်လိုမျိုး..ဆေးဘက်ဆိုင်ရာ စကင်နာကို အသုံးပြုကာ စစ်ဆေးမှုအချို့ ပြုလုပ်ပေးခဲ့တယ်..။ ပြီးတာနဲ့ သူမရဲ့အိတ်ထဲကနေ ဆေးပြားတွေနဲ့ အားဆေးအချို့ကို ထုတ်ပေးခဲ့ပါတယ်..။
ဆန်နီ ကတော့ စားပွဲပေါ်မှာ မွှေးကြိုင်လှတဲ့ ဟင်းပွဲတွေကို ချပေးလိုက်သလို.. ကော်ဖီတစ်အိုးနဲ့ အချိုပွဲအတွက် ဒါ့ခ် ချောကလက်တုံး အချို့ကိုပါ ချပေးလိုက်ပါတယ်..။ သူတို့ရဲ့ လက်ရှိအခြေအနေ အရဆိုရင်တော့.. ဒီလို
ရိုးရှင်းတဲ့ အစားအစာတစ်နပ်က အတော်လေး ထူးဆန်းနေခဲ့တယ်..။
အစာမစားခင်မှာပဲ.. ပရော်ဖက်ဆာ အိုဘယ် က ပတ်ဝန်းကျင်ကို စိတ်ဝင်တစားနဲ့ ဝေ့ကြည့်လိုက်ပြီး.. သူ့ရဲ့ ပုံမှန် ရင်းနှီးလှတဲ့ လေသံနဲ့ ပြုံးပြီး ပြောလာခဲ့ပါတယ်..။
“မင်းမှာ တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ စက်ယန္တရားကြီး ရှိနေတာပဲ မာစတာ ဆန်းလပ်စ်…”
ဟင်းပွဲကို ဇွန်းနဲ့ခတ်ပြီး ပါးစပ်ထဲ ထည့်ဖို့ လုပ်နေတဲ့ လူစတာ ဟာ.. လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ပြုံးပြလာခဲ့တယ်..။
“ဟုတ်တယ်နော်..။ ကျွန်တော် မောင်းဖူးသမျှ ယာဉ်တွေထဲမှာ ရိုင်နို က အကြမ်းတမ်းဆုံးပဲ..။ တစ်ခါတုန်းကဆိုရင် ကျွန်တော်တို့တွေ အဆင့်နိမ့် အိပ်မက်ဆိုး သားရဲအုပ်တစ်ခုလုံးကို ဖြတ်မောင်းခဲ့ရတာ.. အား.. ဒါက တကယ့်ကို အံ့ဩစရာ မြင်ကွင်းပဲ…”
အဖိုးအိုက ပြုံးလိုက်ပြီး..
“ဒီလို ဒီဇိုင်းမျိုးကို အခုထိ အသုံးပြုနေပြီး ခေတ်မှီအောင် ထိန်းသိမ်းထားတာ မြင်ရတာက စိတ်သက်သာရာ ရဖို့ကောင်းတယ်..။ ဒီလို သံချပ်ကာလူနာတင်ယာဉ် ပုံစံကို စတင် ဖန်တီးခဲ့တဲ့ အင်ဂျင်နီယာကို ငါ သိခဲ့ဖူးတယ်လေ..။ ဒါပေါ့.. အဲဒီတုန်းကတော့ ဒါက ဒီလောက်အထိ အဆင့်မမြင့်သေးဘူးပေါ့.။စပဲလ်နည်းပညာ ဆိုတာက အစပျိုးရုံတောင် မရှိသေးဘူးလေ..။ ဒါကြောင့် ဒီလောက်ကြီးမားတဲ့ ယာဉ်ကြီးကို အမြန်နှုန်း နဲ့ မောင်းနှင်နိုင်ဖို့ သူမ တင်ပြခဲ့တာက တကယ့်ကို တော်လှန်ရေးတစ်ခုလို ဖြစ်နေခဲ့တာ…”
ဆန်နီ ကတော့ ခေါင်းကို အနည်းငယ် စောင်းလိုက်ရင်း..အခြေအနေကို စိတ်ကူးပုံဖော်ကြည့်ဖို့ ကြိုးစားနေခဲ့မိတယ်..။ စပဲလ် နည်းပညာ မရှိတဲ့ ကမ္ဘာကြီးဆိုတာ… ဒီလိုအရာမျိုးတွေကို စိတ်ကူးထဲ ထည့်ဖို့တောင် ခက်ခဲလှပါတယ်..။
ဒါပေမဲ့.. ပရော်ဖက်ဆာ ပြောတာက အမှန်ပါပဲ..။ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်တုန်းကတော့ ဒါက တကယ်ပဲ တည်ရှိမနေခဲ့ပေ..။
‘ဟူး…’
လူတိုင်းက ရှေ့ဆက်ကြုံတွေ့ရမယ့် အရာတွေအတွက် အင်အားအများကြီး လိုအပ်နေမှန်း သိတာကြောင့် အစားအသောက်တွေကို စားသောက်နေခဲ့ကြပါတယ်..။ အဲ့အချိန်မှာပဲ.. ဘတ် က ဆန်နီကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်ပြီး မေးလာခဲ့တယ်..။
“အခု အခြေအနေ နည်းနည်း တည်ငြိမ်သွားပြီဆိုတော့… ဒီလို ရုတ်တရက် အပြောင်းအလဲတွေ ရဲ့ အကြောင်းအရင်းကို ရှင်းပြပေးလို့ ရမလား မာစတာ ဆန်းလပ်စ်..။ ကျွန်မတို့ ဘာလို့ LO49 ကနေ ဒီလောက်အထိ အလျင်အမြန် ထွက်ခွာခဲ့ရတာလဲ..။ အာ… ကျွန်မက ဆရာ့ ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်လို့ မဟုတ်ဘူးနော်…”
ဆန်နီ ကတော့ ဘာမှမပြောသေးဘဲ.. ကော်ဖီကို သာ တစ်ငုံစီ ဖြည်းဖြည်းချင်း သောက်လိုက်တယ်..။
ဘာများပြောစရာ လိုသေးလို့လဲ..။
ဆန်နီ က ပခုံးတွန့်ပြလိုက်ပြီး..
“ဘာလို့လဲဆိုတော့ အေရီရယ်နီ သင်္ဘောက ပျက်စီးသွားပြီ..။ပြီးတော့ LO49 လည်း မရှိတော့ဘူး..။ အဲဒီမှာ ကျန်ခဲ့တဲ့ လူတိုင်းကလည်းသေကုန်ကြပြီလေ..။ငါတို့ ကိုးယောက်ကနောက်ဆုံးကျန်နေခဲ့တဲ့ လူတွေပဲ…”
အပိုင်း ( ၉၀၂ ) ပြီး၏။
အပိုင်း ( ၉၀၃ )စိတ်ကူးသက်သက် ကိန်းဂဏန်းများ
သူ့ရဲ့ စကားလုံးတွေက ရိုင်နို ထဲမှာ လုံးဝကို တိတ်ဆိတ်သွားစေခဲ့ပါတယ်..။ လူစတာ.. ကင်မ် နဲ့ ဒွန်း တို့ဟာ လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပြီး.. တည်ကြည်လေးနက်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ကြတယ်..။ ပရော်ဖက်ဆာ အိုဘယ် ကတော့ အောက်ကို ငုံ့ကြည့်လိုက်ပြီး.. ရုတ်တရက် အိုမင်းတဲ့ပုံ ပေါက်သွားခဲ့ပါတယ်..။ သူ့ရဲ့ နှုတ်ခမ်းတွေဆီကနေ လေးလံလှတဲ့ သက်ပြင်းတစ်ချက် ကျဆင်းလာခဲ့တယ်..။
ဘတ် ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး..
“သေ...သေကုန်ပြီ ဆိုတာ ဘာကို ဆိုလိုတာလဲ..။ ဒါက မဖြစ်နိုင်ဘူး…”
ဆန်နီ က သူမကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီးမှ ခေါင်းခါပြလိုက်တယ်..။
“ဒါက အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ ခေတ်ကာလပဲ..။ ဘယ်အရာမဆို ဖြစ်နိုင်သလို.. ကြောက်စရာကောင်းတဲ့ အရာတွေဆိုရင် ပိုပြီးတော့တောင် ဖြစ်နိုင်ချေ ရှိသေးတယ်..။ တကယ်တော့.. ဒီအရာတွေက ရှောင်လွှဲလို့မရတဲ့ အရာတွေလိုမျိုးပဲ..။ ငါတို့က အချိန်မီ ထွက်လာနိုင်လို့ ကံကောင်းခဲ့တာဖြစ်ပြီး.. တခြားလူတွေကတော့ ကံမကောင်းခဲ့ကြဘူး..။ ဒါက ဒီလောက်ပါပဲ…”
သူ့ရဲ့ လေသံက ခိုင်မာတဲ့ ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပေမဲ့.. အမှန်တော့ ဆန်နီ ကိုယ်တိုင်လည်း စိတ်ထဲမှာ မတည်မငြိမ် ခံစားနေရတာပါ..။ သူက ဘတ် ကို နားဝင်အောင် ပြောနေတာလား.. ဒါမှမဟုတ် မိမိကိုယ်ကိုယ် ယုံကြည်အောင် ပြောနေတာလားဆိုတာ မသေချာခဲ့ပါဘူး..။
မှောင်မိုက်တဲ့ အချိန်ကာလတွေထဲမှာ မွေးဖွားခဲ့ပြီး ပထမမျိုးဆက်ရဲ့ ကြောက်မက်ဖွယ်ရာတွေကို ဖြတ်သန်းလာခဲ့တဲ့ ပရော်ဖက်ဆာ အိုဘယ် ကတော့.. ဆန်နီ ပြောချင်တဲ့အရာကို နားလည်ပုံရပါတယ်..။ သူက သူ့ရဲ့ ရှည်လျားလှတဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ဒီလို ကပ်ဘေးမျိုးတွေကို အများကြီး ကြုံတွေ့ခဲ့ဖူးမှာ ဖြစ်သလို.. သူငယ်ချင်း အများအပြားကိုလည်း ဆုံးရှုံးခဲ့ဖူးပါလိမ့်မယ်..။ သို့ပေမယ့် သူ့ရဲ့ လူငယ်လက်ထောက်မလေးကတော့ ဒါမျိုး မကြုံဖူးသေးတဲ့ပုံပါပဲ..။
သူမက ဖြူလျော်နေတဲ့ မျက်နှာနဲ့ ဆန်နီ ကို ကြည့်ပြီး ပြောလာခဲ့တယ်..။
“ဒါ… ဒါပေမဲ့…”
သူက သူမရဲ့ စကားကို ဖြတ်ပြောလိုက်ပါတယ်..။
“ဒါကို အများကြီး တွေးမနေပါနဲ့တော့..။
အဲဒါထက် မင်းကိုယ်တိုင် အသက်ရှင်ကျန်ရစ်ဖို့ကိုပဲ အာရုံစိုက်စမ်းပါ..။ ငါတို့တွေက အန္တရာယ်ဇုန်ထဲကနေ လုံးဝ လွတ်မြောက်သွားတာ မဟုတ်သေးဘူး..။ ရှေ့ဆက်ကြုံရမယ့် အရာတွေက ပြီးဆုံးသွားခဲ့တဲ့ အရာတွေထက် အများကြီး ပိုပြီး အရေးကြီးတယ်..။ ပြီးတော့ အဲဒါတွေက ပြီးသွားခဲ့ပြီလေ…”
ဒီလိုနဲ့ပဲ.. စကားဝိုင်းက ငြိမ်းချမ်းသွားခဲ့ရတယ်..။ အရင်က ရှိခဲ့တဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အခြေအနေကတော့ လုံးဝ မတည်ရှိခဲ့ဖူးသလိုပျောက်ကွယ်သွားခဲ့ပါပြီ..။ ဆန်နီ ဟာ အနားယူခန်းထဲမှာ စုဝေးနေကြတဲ့ လူတွေရဲ့ မျက်နှာတွေကို အကဲခတ်ကြည့်လိုက်ပြီးမှ မတ်တတ်ရပ်လိုက်တယ်..။
သူက အခုအချိန်မှာ ဘယ်သူ့ရဲ့ ခံစားချက်ကိုမှ လိုက်ပြီး နှစ်သိမ့်ပေးချင်စိတ် ဒါမှမဟုတ် ထိန်းကျောင်းပေးချင်စိတ် မရှိပါဘူး..။ သူတို့အားလုံးက လူကြီးတွေပဲ မဟုတ်ဘူးလား…။ အမှန်တော့ သူက ဒီနေရာမှာ အသက်အငယ်ဆုံးလူ ဖြစ်နေတာကြောင့်.. ဘာလို့ သူကပဲ လူတိုင်းကို လိုက်ပြီး ဂရုစိုက်ပေးနေရမှာလဲ…။
ကောင်းပြီလေ… ဘာလို့လဲဆိုတော့ သူက ခွန်အားရော လုပ်ပိုင်ခွင့်အရပါ ဦးဆောင်နေရတဲ့လူ ဖြစ်လို့ပါပဲ..။ ပြီးတော့ ဒီအရာတွေနဲ့အတူ ဖိတ်ခေါ်မထားတဲ့ တာဝန်ဝတ္တရားတွေကလည်း ကပ်ပါလာနေခဲ့ပါသေးတယ်..။
‘…အား..ဘယ်လောက်တောက် စိတ်ရှုပ်စရာ ကောင်းလိုက်လဲ…’
ဆန်နီ ဟာ ခနလောက် တွန့်ဆုတ်နေခဲ့ပြီးမှ ပြောလိုက်တယ်..။
“သေဆုံးသွားတဲ့လူတွေကို ဂုဏ်ပြုနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့… ငါတို့ပါ သူတို့နောက်ကို လိုက်မသွားအောင် သေချာပြင်ဆင်ထားဖို့ပဲ..။ ဒါကြောင့် ကောင်းကောင်း အနားယူပြီး အင်အားစုဆောင်းထားကြပါ..။ငါ အပြင်ဘက်မှာ စောင့်ကြည့်ပေးထားမယ်…”
သူက သက်ပြင်းချလိုက်ပြီး သူတို့ကို ထားရစ်ခဲ့ကာ လှည့်ထွက်လာခဲ့ပါတယ်..။
ရိုင်နို ရဲ့ အမိုးပေါ်ကို တက်လိုက်ပြီးတဲ့နောက်မှာတော့.. ဆန်နီ ဟာ သူတော်စင် ကို မော်ဂန်ရဲ့ စစ်ပွဲလေး ကို ပြန်ရုပ်သိမ်းဖို့ အမိန့်ပေးလိုက်တယ်။ယင်းနောက် သူ လေးကို လက်ထဲမှာ ပြန် ဆင့်ခေါ်လိုက်ပါတယ်..။သူက နှင်းတွေရဲ့ ဖုံးလွှမ်းခြင်းကို ခံလိုက်ရတာကြောင့် တစ်ကိုယ်လုံး တုန်ရီလာခဲ့ပါပြီ..။ အေးစက်လှတဲ့ လေမုန်တိုင်းက ရှေးဟောင်းစစ်လက်နက် စက်ယန္တရားကြီးရဲ့ သံချေးတက်နေတဲ့ ကိုယ်ထည်ကို ဖြတ်သန်းပြီး အော်ဟစ်မြည်တမ်းနေခဲ့ပါတယ်..။ ဒီ စက်ယန္တရားကြီးရဲ့ အကြွင်းအကျန်တွေကတော့... မြေပြင်ကနေ သားရဲကြီးတစ်ကောင်ရဲ့ အရိုးစုလိုမျိုး ပေါ်ထွက်နေခဲ့တာပါ..။ အပြင်ဘက်မှာ ရှိနေရတာက အေးစက်ပြီး သက်တောင့်သက်သာ မရှိပေမဲ့လည်း.. အခုအချိန်မှာတော့ တခြားလူသားတွေနဲ့ အတူရှိနေတာထက်စာရင် ဒီနေရာကိုပဲ သူ ပိုပြီး သဘောကျပါတယ်..။ သူ့မှာ တွေးတောစရာတွေ အများကြီး ရှိနေလို့ပါပဲ..။
ဆန်နီဟာ က အရိပ်တွေရဲ့ အာရုံခံစားမှုတွေကတစ်ဆင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရင်း.. မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်..။
ပြန်လှည့်ဖို့ လမ်းမရှိတော့သလို ရှေ့က လမ်းကလည်း အန္တရာယ်များပြီး မရေမရာ ဖြစ်နေခဲ့ပါပြီ..။ ဒီနေရာမှာ ဆက်ပြီး ရှိနေဖို့ကလည်း လုံးဝ မလုံခြုံပါဘူး..။
ရယ်စရာကောင်းတာကတော့.. သဘာဝမဟုတ်တဲ့ ဒီနှင်းမုန်တိုင်းဟာ လူသားတွေအနေနဲ့ အိပ်မက်ဆိုး သားရဲတွေကို မတိုက်ခိုက်ခင်ကြိုတင်မြင်နိုင်စွမ်း မရှိတော့ပါဘူး။အပြန်အလှန်အနေနဲ့ သားရဲတွေ ကနေလည်း လူတွေကို မမြင်ရတော့တာပါပဲ..။ သားရဲအုပ်ကြီးက ဒီသံချေးတက်နေတဲ့ အပျက်အစီးတွေဆီကို တိုက်ရိုက် ရောက်မလာသရွေ့တော့.. အတွင်းထဲမှာ ရှိနေတဲ့ လူသားတွေရဲ့ ဝိဥာဉ်အနံ့ကို မရပဲ
ဒီတိုင်း ဖြတ်သန်းသွားကြမှာပါ..။
အနည်းဆုံးတော့ ဒီအချက်က ဆန်နီအတွက် အကျိုးရှိစေပါတယ်။
သူ သတိမထားမိခင်မှာပဲ.. သူ့ရဲ့ အတွေးတွေက LO49 ရဲ့ ဆုံးရှုံးသွားခဲ့ရတဲ့ ဝန်ထမ်းတွေဆီကို ပြန်လည် ရောက်ရှိသွားခဲ့တယ်..။
လူပေါင်း တစ်ထောင့်လေးရာ…။ လွန်ခဲ့တဲ့ အပတ်တွေတုန်းက သေဆုံးသွားခဲ့တဲ့ လူတွေကိုပါ ထည့်သွင်းရေတွက်မယ်ဆိုရင်တော့ တစ်ထောင့်လေးရာနဲ့ တစ်ဆယ့်ခြောက်ယောက် တောင် ရှိပါတယ်..။ ဒီလိုမျိုးပဲ.. လူ့အသက်တွေ အများကြီး ဆုံးရှုံးသွားခဲ့ရတာပါ။
ဒါက… အမှန်တော့ မျှော်လင့်ထားပြီးသား အရာပါပဲ..။
ဆန်နီ ဟာ ထူးဆန်းစွာ မျက်နှာပျက်သွားခဲ့ပြီး... မာစတာ ဂျက် ဆီကနေ အိပ်မက်ဆိုး ချိန်းကြိုး အကြောင်းကို ပထမဆုံးအကြိမ် ကြားခဲ့ရတုန်းက အခြေအနေကို ပြန်တွေးမိသွားခဲ့ပါတယ်..။ အဲဒီတုန်းကတော့ သူက တော်တော်လေးကို အေးစက်ပြီး ဂရုမစိုက်ခဲ့ပါဘူး..။ အန္တာတိကမှာ ရှိတဲ့ လူသားတွေရဲ့ ကံကြမ္မာက သူ့နဲ့ ဘာသက်ဆိုင်လို့လဲ…။ ပြီးတော့ သူတို့ရဲ့ အရေအတွက်က တစ်ထောင့်လေးရာထက် အများကြီး ပိုပြီး မြင့်မားလှပါတယ်..။ မြောက်ပိုင်းစတုတ္ထဝန်းရံခြင်း ဒေသမှာ နေထိုင်တဲ့ လူဦးရေက သန်းပေါင်း ခုနစ်ရာ တောင် ရှိတာဖြစ်ပြီး.. သူကတော့ အဲဒီထဲက တစ်ယောက်ချင်းစီအတွက် လုံးဝ ဂရုစိုက်ချင်စိတ် မရှိခဲ့ပါဘူး..။ အနည်းဆုံးတော့ သူ့အသက်ကို စွန့်စားရလောက်တဲ့အထိ ဂရုမစိုက်ခဲ့ပေ..။
သူက အခုထိလည်း ဂရုမစိုက်သေးပါဘူး..။
သန်းခုနစ်ရာဆိုတာက စိတ်ကူးပုံဖော်ဖို့အတွက် အလွန်အမင်း ကြီးမားလွန်းတဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်နေခဲ့တယ်..။ ဒါက ဝေးကွာလွန်းပြီး စိတ်ကူးသက်သက် ကိန်းဂဏန်းတွေမျှသာ ရှိပါသေးတယ်..။ လူပေါင်း သန်းနဲ့ချီပြီး ပြောဆိုကြတဲ့ အခါမှာတော့.. လူသားတွေက လူသားတွေအဖြစ် မဟုတ်တော့ဘဲ ကိန်းဂဏန်းတွေအဖြစ် ပြောင်းလဲသွားခဲ့ကြတာပါ..။ ဆန်နီ က သူတို့ကို မကောင်းစေချင်တာမျိုး မဟုတ်ပေမဲ့.. ကိန်းဂဏန်းတွေ အပေါ်မှာတော့ သူ ဂရုစိုက်မနေချင်ပါဘူး။
ဒါပေမဲ့ LO49 မှာ သေဆုံးသွားခဲ့ရတဲ့ စစ်သားတွေနဲ့ အရပ်သားတွေကတော့ ကွဲပြားကြပါတယ်။ တစ်ထောင့်လေးရာ ဆိုတာက သန်းခုနစ်ရာနဲ့ နှိုင်းယှဉ်လို့မရပေမဲ့.. သူ့အတွက်တော့ သူတို့က အစစ်အမှန်တွေ ဖြစ်နေခဲ့တယ်..။ သူက ဒီလူတွေ နဲ့အတူ နေထိုင်ခဲ့ဖူးပြီး.. အစားအစာတွေကို အတူတူ မျှဝေစားသောက်ခဲ့သလို ဘေးချင်းယှဉ်ပြီးတော့လည်း တိုက်ပွဲဝင်ခဲ့ဖူးတာပါ။ သူက ဒီလူတွေကို ကိန်းဂဏန်းတွေအနေနဲ့ မဟုတ်ဘဲ လူသားတွေအနေနဲ့ သိကျွမ်းခဲ့ရပါတယ်။
ဒါကြောင့် သူတို့ရဲ့ သေဆုံးမှုတွေက ဒေသတစ်ခုလုံး သေဆုံးရတဲ့ ကိန်းဂဏန်း ပျက်စီးခြင်းတွေထက် ဆန်နီ ကို ပိုပြီး ထိခိုက်စေခဲ့တာပါပဲ..။ သူ အခု သိလိုက်ရတဲ့ အရာတွေကြောင့်.. ပထမတပ်မတော်နဲ့ သူတို့ရဲ့ မစ်ရှင်ကို မတူညီတဲ့ အမြင်တစ်ခုနဲ့ မကြည့်ပဲ မနေနိုင်တော့ပါဘူး..။
…ရှေ့ဆက်ပြီးတော့လည်း သေဆုံးမှုတွေ အများကြီး ရှိလာဦးမှာကတော့ သေချာပါတယ်..။ အစိုးရကတော့ ကုန်းမြေတစ်ခုလုံးမှာရှိတဲ့ လူတွေကို ရွှေ့ပြောင်းဖို့ ကြီးမားတဲ့ ရည်မှန်းချက် ရှိနေခဲ့ပေမဲ့.. သူတို့ရဲ့ စီမံကိန်းကတော့ အခုကတည်းက အစအန ပျောက်ပျက်လုနီးပါး ဖြစ်နေခဲ့ပါပြီ..။ နောက်ထပ် လူပေါင်းများစွာ သေဆုံးကြရဦးမှာပါ..။ သန်းနဲ့ချီပြီးတော့ပေါ့..။ နောက်ဆုံးမှာတော့.. သန်းခုနစ်ရာထဲက လူဘယ်လောက်များများ ကယ်တင်နိုင်မှာလဲ…။ သန်းခြောက်ရာလား…။ သန်းငါးရာလား…။ ဒါမှမဟုတ် အဲဒီထက် ပိုပြီး နည်းပါးသွားမလား…။
ဒါပေါ့.. သူ သိနိုင်မယ့် နည်းလမ်း မရှိပါဘူး..။
ဒါဆို… သူက ဘာလို့ ခံစားနေရတာလဲ…။
သူက ဒေါသထွက်နေတာလား…။ ဒါမှမဟုတ် စိတ်အားထက်သန်နေတာလား…။ ပြတ်သားတဲ့ စိတ်ဓာတ်တွေ တောက်လောင်နေတာလား…။ ယုံကြည်ချက် တစ်ခုခုကို ရှာဖွေတွေ့ရှိသွားတာလား…။
တကယ်တော့ မဟုတ်ပါဘူး..။
ဆန်နီဟာ ခါးသီးတဲ့ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း တီးတိုး ရေရွတ်လိုက်တယ်..။
“တကယ့်ကို နှမြောစရာပဲ…”
သူ ခံစားရတာကတော့ နှမြောတမ်းတခြင်း သက်သက်ပါပဲ..။ ဒါတွေအားလုံးက တကယ်ကို နှမြောဖို့ ကောင်းလွန်းပါတယ်..။ လူ့အသက်တွေ.. အရင်းအမြစ်တွေနဲ့ ဖြစ်တည်လာနိုင်တဲ့ စွမ်းအားတွေ အားလုံးက ဆုံးရှုံးခဲ့ရတာပါ..။ ကမ္ဘာကြီးက ဒီလောက် အများကြီး ဝါးမြိုနေတာကို သိရတာက သူ့ကို စိတ်ပျက်စေပါတယ်..။
ဒီလိုအရာတွေ မဖြစ်လာအောင် တားဆီးနိုင်တဲ့ လူတွေကတော့... သူတို့အချင်းချင်း တိုက်ခိုက်ဖို့အတွက်ပဲ အလုပ်ရှုပ်နေကြပါတယ်..။ အဲ့
ခွေးသားတွေ..။
နောက်ဆုံးမှာတော့.. ဆန်နီ လုပ်နိုင်တာဆိုလို့ သူ့ရဲ့ အကြံဉာဏ်အတိုင်း လိုက်နာပြီး မိမိကိုယ်ကိုယ် နဲ့ မိမိပိုင်ဆိုင်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ပဲ ရှိပါတော့တယ်..။
သူက လူပေါင်း သန်းခုနစ်ရာကို မကယ်တင်နိုင်ပေမဲ့.. သူကိုယ်တိုင်.. သူ့ရဲ့ စစ်သည်တွေနဲ့ သူ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ အရပ်သားတွေကတော့... ဒီကပ်ဘေးကြီးရဲ့ တစ်ဖက်ကမ်းဆီကို အသက်ရှင်လျက် ရောက်ရှိသွားအောင် ပြုလုပ်နိုင်ပါသေးတယ်..။
အနည်းဆုံးတော့ သူ ဒီအရာတွေကို.. ဖြစ်မြောက်အောင် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။
အပိုင်း ( ၉၀၃ ) ပြီး၏။