အခန်း (၉၀၄-၉၀၆)
Vol. 61 Ch. 904-906
အပိုင်း ( ၉၀၄ ) မိုင်တစ်ထောင် ခရီးစဉ်
နှစ်ရက် ကြာပြီးတဲ့နောက်မှာတော့.. သူတို့က နောက်ဆုံးမှာ မာစတာ ဂျက် ဆီက သတင်းစကား တစ်ခုကို ရရှိခဲ့ပါတယ်..။ ဆန်နီဆီကို မရောက်ခင် လူအတော်များများကို ဖြတ်သန်းလာခဲ့ရတဲ့ ဒီ သတင်းစကားကတော့ ရိုးရှင်းပါတယ်..။ဒါကတော့ အီရီဘတ်စ် ဆီကို ဆုတ်ခွာပြီး အဲ့မှာ ရှိနေတဲ့ ဒေးဗစ်တို့ အထူးတပ်ဖွဲ့နဲ့ သွားရောက် ပူးပေါင်းဖို့ပါပဲ..။
ဘေးကင်းပါစေ..။
ဒီ သတင်းကို ကြားပြီးတဲ့နောက်မှာတော့ ဆန်နီ ဟာ အသက်ကို ပြင်းပြင်းရှူလိုက်မိတယ်..။
ကီလိုမီတာ တစ်ထောင်လောက် ဝေးကွာတဲ့ ခရီးစဉ်မှာ သူတို့ကို ကူညီပေးဖို့အတွက် အကူအညီတစ်ခုခု စေလွှတ်ပေးလိမ့်ဦးမလားဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးက သူ့နှလုံးသားထဲမှာ ရှိခဲ့ပေမယ့်.. ဒါက သူ မျှော်လင့်ထားတဲ့အတိုင်းပါပဲ..။ အခုတော့
ဒီမျှော်လင့်ချက်က လုံးဝ ငြိမ်းသတ်ခြင်း ခံလိုက်ရပါပြီ..။
ဒါနဲ့ပဲ.. အဖွဲ့သားတွေရဲ့ တိုတောင်းလှတဲ့ အနားယူချိန်က ပြီးဆုံးသွားခဲ့ရတယ်..။ ဒါကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ..။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတော့.. ဆန်နီ ဟာ စခန်းနဲ့ နီးကပ်စွာ လျှောက်သွားနေတဲ့ အိပ်မက်ဆိုး သားရဲ အချို့ကို သတ်ဖြတ်ခဲ့ပါတယ်..။ ထူးဆန်းတာကတော့..သားရဲတွေရဲ့ အရေအတွက်က မျှော်လင့်ထားသလောက် အများကြီး မရှိနေခဲ့တာဖြစ်ပြီး.. သူကလည်း အလောင်းတွေကို အမြန်ဆုံး ရှင်းလင်းပစ်နိုင်ခဲ့ပါတယ်.။ သို့ပေမဲ့ သွေးညှီနံ့ကတော့ ပတ်ဝန်းကျင်မှာ ဖြည်းဖြည်းချင်း ပျံ့နှံ့နေခဲ့ပြီဖြစ်တာကြောင့်.. မကြာခင်မှာ ပိုပြီးကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကို ဆွဲဆောင်မိတော့မှာပါ။
ရှေးဟောင်း စစ်လက်နက် စက်ယန္တရားကြီးရဲ့ အပျက်အစီး အပြင်ဘက်မှာတော့ လေမုန်တိုင်းက ပြင်းထန်စွာ တိုက်ခတ်နေဆဲပါပဲ..။ ရိုင်နိုဟာလှည့်ပတ်နေတဲ့ နှင်းတွေထဲကို အလင်းတန်းတွေနဲ့ ထိုးဖောက်ရင်း..ယာယီခိုလှုံရာကို စွန့်ခွာပြီး ရှေ့ကို တိုးထွက်လာခဲ့တယ်..။ အရှိန်မြှင့်လိုက်ပြီးနောက်မှာတော့ မြင့်မားလှတဲ့ တောင်တန်းတွေ.. လျှိုစောက်တွေဆီကို ဦးတည်ပြီး မြောက်ဘက်ကို မောင်းနှင်လာခဲ့ပါပြီ..။
ယာဉ်အတွင်းပိုင်းထဲက အခြေအနေက တင်းမာနေဆဲဖြစ်ပေမဲ့.. သံချပ်ကာလူနာတင်ယာဉ် ကို ဘယ်အရာကမှ ရုတ်တရက် ဝင်မတိုက်ခိုက်ပဲမိနစ်အနည်းငယ် ကုန်လွန်သွားတဲ့အခါမှာတော့ လူတိုင်း အနည်းငယ် စိတ် တည်ငြိမ်သွားခဲ့ကြတယ်..။
…ဆန်နီ ကလွဲလို့ပေါ့..။ သူကတော့ ပထမ ကယ်ဆယ်ရေးတပ်မတော် ရဲ့ ခံတပ်ဆီကို ဘေးကင်းစွာ မရောက်မချင်း စိတ်လျှော့ဖို့ အစီအစဉ် မရှိပါဘူး..။ တကယ်တော့.. သူ့ရဲ့လူတွေလည်း ဒီအတိုင်းပဲ သတိကြီးကြီးထားနေတာကို သူ ပိုပြီး သဘောကျပါတယ်..။
ဒါပေမဲ့လည်း ပြင်းထန်လွန်းတဲ့ ဖိအား
ဆိုတာမျိုးကလည်း ရှိနေသေးပါသေးတယ်.။ လူတွေက အသက်ရှူဖို့ အခွင့်အရေး လုံးဝမရဘဲ စဉ်ဆက်မပြတ် ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို ခံစားနေရရင် ကျိုးပျက်သွားတတ်ကြပါတယ်..။ အမှန်အတိုင်း ပြောရရင်တော့.. သူ့ရဲ့ စစ်သည်တွေဟာ လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ထည့်သွင်းစဉ်းစားရင်တောင်မှ အံ့ဩစရာကောင်းလောက်အောင် ကြံ့ကြံ့ခံနေကြဆဲပါပဲ…။ ပြီးတော့ ဒါက လည်း အကြောင်းရင်း ရှိပါတယ်..။ဆန်နီက စိတ်ပိုငိးဆိုင်ရာ ကြံ့ခိုင်တဲ့ နိုးထသူတွေကိုပဲ အထူးတပ်ဖွဲ့ထဲကို သေချာ ရွေးချယ်ထားတာကြောင့်ပါ။
အချိန်အတော်များများမှာ အပူအပင်မရှိပဲ နေတတ်တဲ့ လူစတာ တောင်မှ.. အန္တာတိက ကပ်ဘေး စစ်ဆင်ရေးရဲ့ ကြမ်းတမ်းမှုတွေကို အံ့ဩစရာကောင်းတဲ့ ဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံနေခဲ့ပါတယ်..။ ဖြစ်နိုင်တာကတော့.. ဒီလူငယ်လေးရဲ့ပေါ့ပေါ့ပါးပါး နဲ့ အပျော်အပါးမက်တဲ့ အကျင့်စရိုက်ကပဲ စိတ်ဆင်းရဲစရာတွေကို ကာကွယ်ပေးထားတာ ဖြစ်နိုင်ပါတယ်။
‘…ငါ လူစတာ ဆီကနေ သင်ယူဖို့ လိုနေတာလား…’
ဒါက ဆန်နီ ဘယ်တုန်းကမှ တွေးမိလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့ အရာပါပဲ..။
ရိုင်နို က ရှေ့ကို ဆက်ပြီး မောင်းနှင်နေခဲ့ပြီး.. နှင်းမျက်နှာပြင်ရဲ့ အောက်မှာတော့ သူတော်စင် နဲ့ အိပ်မက်ဆိုး တို့က အနောက်ကနေ လိုက်ပါလာခဲ့ကြတယ်..။ နှင်းမုန်တိုင်းကြောင့် တောင်တန်းတွေကို မမြင်ရပေမဲ့လည်း.. ကွေ့ကောက်နေတဲ့ တောင်ထိပ်တွေကတော့ ပိုပြီး နီးကပ်လာနေခဲ့ပါပြီ..။ ဆန်နီ့ ရဲ့ အရိပ်တွေကတော့ အပြင်ဘက်မှာ လျှောက်သွားရင်း ရှေ့ကလမ်းကို ကင်းထောက်နေခဲ့ကြတယ်။
အန္တာတိကဗဟိုဒေသရဲ့ အလျားတစ်ခုလုံးကို သွယ်တန်းထားတဲ့ ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီး နဲ့ ယခင် LO49 ဆီကို ဦးတည်ထားတဲ့ လမ်း.. ပြီးတော့ တောင်တန်းတွေထဲကို မြင့်မားစွာ တက်လှမ်းသွားတဲ့ လမ်းခွဲ တွေဆီကို မရောက်ခင်လေးမှာပဲ.. အရိပ်တွေထဲက တစ်ကောင်က နှင်းတွေထဲမှာ ထူးဆန်းတဲ့ အရာတစ်ခုကို သတိပြုမိသွားခဲ့တယ်..။
ဆန်နီ မျက်မှောင်ကြုတ်လိုက်ပြီး မိနစ်အနည်းငယ်လောက် တွေဝေနေခဲ့မိတယ်..။ယင်းနောက်မှာတော့ သူက မောင်းနှင်သူရဲ့ ထိုင်ခုံနားကို တိုးသွားပြီး တည်ငြိမ်စွာ ပြောလိုက်ပါတယ်..။
“ဘယ်ဘက်ကို နည်းနည်းကွေ့ပြီး အရှိန်လျှော့လိုက်..။ ငါတို့ ကီလိုမီတာ အနည်းငယ်အကွာမှာ ခနရပ်မယ်…”
လူစတာ က သူ့ရဲ့ ညွှန်ကြားချက်ကို နာခံမှုရှိရှိ လိုက်နာခဲ့ပြီး အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်တယ်..။ နောက်ဆုံးမှာတော့ ကြီးမားလှတဲ့ ယာဉ်ကြီးက ရပ်တန့်သွားခဲ့ပါပြီ..။
ဆန်နီ ဟာ ယာဉ်တံခါးကို ဖွင့်လိုက်ပြီး နှင်းမုန်တိုင်းထဲကို တိုးဝင်သွားခဲ့ပါတယ်..။ တောက်ပတဲ့ အနက်ရောင် သစ်သားနဲ့ ပြုလုပ်ထားတဲ့ ရက်စက်သော မြင်ကွင်း က သူ့ရဲ့ လက်ထဲကို တိတ်ဆိတ်စွာ ကျရောက်လာခဲ့တယ်..။ သူက လေပြင်းကို အသည်းအသန် အံတုရင်း..ရှေ့ကို လျှောက်သွားခဲ့ပြီး မြင့်မားလှတဲ့ နှင်းပုံကြီးတစ်ခုရဲ့ ရှေ့မှာ ရပ်တန့်လိုက်ပါတယ်..။
ရှေ့ဘက် မီတာတစ်ရာထက်မနည်းတဲ့ အကွာအဝေးမှာတော့ ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးရဲ့ လမ်းဆုံ ရှိနေခဲ့ပြီး.. တံခါးတွေ ပွင့်နေတဲ့ အဆောက်အဦးအလွတ် အချို့ရှိနေခဲ့တယ်..။ သူ့ရဲ့ ဘယ်ဘက် အကွာအဝေးတစ်ခုမှာတော့ သမုဒ္ဒရာ ရှိနေခဲ့တာကြောင့် ဆန်နီကို အတော်လေး အနေရခက်သွားစေခဲ့ပါတယ်..။
သို့ပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့ အာရုံစိုက်မှုက အရှေ့မှာရှိတဲ့ မြင့်မားတဲ့ နှင်းပုံကြီးဆီမှာပဲ ရှိနေခဲ့တာပါ..။ ထူထပ်လှတဲ့ နှင်းထုရဲ့ အောက်မှာတော့ ကြီးမားလှတဲ့ အလောင်းကြီးတစ်ခုရဲ့ အစိတ်အပိုင်းအချို့ကို မြင်တွေ့နေရပါတယ်။
ဒီ အိပ်မက်ဆိုး သားရဲ က သေဆုံးသွားခဲ့တာ မကြာသေးပါဘူး..။ဒါက အလွန်ဆုံးရှိမှ တစ်ရက်.. ဒါမှမဟုတ် နှစ်ရက်လောက်ပဲ ရှိဦးမှာပါ..။ အကြမ်းဖျင်း ကြည့်ရုံနဲ့တင်ပဲ.. ဒါက နိုးထသူ အဆင့် နတ်မိစ္ဆာ တစ်ကောင် ဖြစ်ပုံရပါတယ်..။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖုံးလွှမ်းနေတဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကို ကြည့်ခြင်းအားဖြင့်.. ဒါက လူသားတွေရဲ့ လက်နက်တွေကြောင့် သေဆုံးခဲ့တာ မဟုတ်မှန်း သိသာနေခဲ့တယ်..။ ဒီအချက်ကို သက်သေပြနေတာကတော့ အလောင်းကြီးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းအချို့မှာ အကိုက်ခံထားရတဲ့ ပုံစံတွေ ရှိနေခဲ့တာပါပဲ..။
‘…ထူးဆန်းတယ်…’
အိပ်မက်ဆိုး သားရဲတွေဟာ တစ်ခါတရံမှာ အချင်းချင်း ပြန်လည် တိုက်ခိုက်တတ်ကြတယ်လို့ လူသိများပေမဲ့.. ဒါက အိပ်မက်ကမ္ဘာ ထဲမှာသာ ဖြစ်တတ်တာမျိုးပါ..။ ဒီဘက် နိုးထခြင်းကမ္ဘာထဲမှာတော့ သူတို့ ကိုက်ဖြတ်ဖို့အတွက် လူသားခန္ဓာကိုယ်တွေ အများကြီး ရှိနေသလို.. ဝါးမြိုဖို့အတွက်လည်း လူသားဝိဥာဉ်တွေ အများကြီး ရှိနေခဲ့ပါတယ်..။ ဒါကြောင့် မတူညီတဲ့ သားရဲမျိုးနွယ်စုတွေ အချင်းချင်း ထိပ်တိုက်တွေ့ရင်တောင်မှ ရန်လိုတဲ့ အရိပ်အယောင် ပြသလေ့မရှိကြပါဘူး..။သူတို့အတွက်တော့ ပိုပြီး အရသာရှိတဲ့ သားကောင်ကို လိုက်လံရှာဖွေဖို့က အမြဲတမ်း ပထမဦးစားပေးပါပဲ..။
သို့ပေမယ့်… အခုအချိန်မှာ အန္တာတိကတစ်ခွင်မှာ သောင်းကျန်းနေကြတဲ့ အိပ်မက်ဆိုး သားရဲတွေရဲ့ အရေအတွက်က အလွန်များပြားလှသလို.. လူသာအရေအတွက်ကလည်း ဝန်းရံခြင်းမြို့တော်တွေဆီကို ရွှေ့ပြောင်းခံထားရတာကြောင့် အခြေအနေတွေက ပြောင်းလဲသွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်..။တကယ်လို့ သားရဲတွေ အချင်းချင်း ပြန်လည်တိုက်ခိုက်ကြတဲ့ ဖြစ်ရပ်မျိုးတွေ ရှိနေခဲ့ရင်.. ဒါက ပထမတပ်မတော်ရဲ့ မစ်ရှင်အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါပဲ..။
ဒါပေါ့.. ဆန်နီ ကတော့ ဒီအခြေအနေအပေါ်မှာ အများကြီး မျှော်လင့်ချက်မထားမိအောင် ကိုယ်ကိုယ်ကို ထိန်းချုပ်ထားလိုက်တယ်..။
ဘာပဲဖြစ်ဖြစ် သူ့မှာ အခုချက်ချင်း ဖြေရှင်းရမယ့် အရေးကြီးတဲ့ စိုးရိမ်ပူပန်စရာတွေ ရှိနေခဲ့ပါသေးတယ်..။ နိုးထခြင်းအဆင့် နတ်မိစ္ဆာ တစ်ကောင်ကို သတ်ဖြတ်နိုင်တဲ့ အိပ်မက်ဆိုး သားရဲဆိုရင်တော့ လုံလောက်တဲ့ ခွန်အား ရှိရမှာ ဖြစ်သလို.. အခုထိလည်း အနီးအနားမှာ ရှိနေနိုင်ပါသေးတယ်..။
ဒါက ဘယ်လို သားရဲမျိုးလဲ.. ပြီးတော့ ဘယ်ကို ထွက်ခွာသွားတာလဲ…။ သူက တစ်ကောင်တည်းလား.. ဒါမှမဟုတ် တခြား သားရဲအုပ်ကြီးတစ်ခုလုံးနဲ့ အတူတူ လာခဲ့တာလား…။
တကယ်လို့ သူက အလောင်းကို ကြည့်ပြီး ရန်သူရဲ့ သဘာဝကို တစ်ခုခု ကောက်ချက်ချနိုင်ရင်တော့.. ဒီ ခြိမ်းခြောက်မှုကို ခုခံကာကွယ်ဖို့အတွက် ပိုပြီး ကောင်းကောင်း ပြင်ဆင်နိုင်မှာပါ..။
စိတ်မကောင်းစရာက.. သေဆုံးနေတဲ့ နတ်မိစ္ဆာ ဟာ ဘာသဲလွန်စမှ ပေးမထားခဲ့တာပါပဲ..။
ဆန်နီ သိလိုက်ရတဲ့ တစ်ခုတည်းသော အရာကတော့.. ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြင်းထန်တဲ့ တိုက်ပွဲအရိပ်အယောင်တွေ ရှိနေတာကြောင့်.. သတ်ဖြတ်ခဲ့တဲ့သတ္တဝါက အလွန်အမင်း ကြောက်စရာကောင်းတဲ့ အဆင့်မျိုး မဟုတ်ဘူးဆိုတာပါပဲ..။တကယ်လို့ တစ်ဖက်က တကယ်ပဲ ခွန်အား ကြီးမားခဲ့ရင်တော့ သူတို့ရဲ့ အောင်ပွဲက တစ်ဖက်သတ် ဖြစ်နေခဲ့မှာ သေချာပါတယ်..။
‘အချိန်ကုန်တာပဲ…’
ဆန်နီဟာ ခေါင်းကို ခါယမ်းလိုက်ရင်း လှည့်ပြန်တော့မယ့် အချိန်မှာပဲ သူ့ရဲ့ အရိပ်တွေကတစ်ခုခုကို အာရုံခံမိသွားခဲ့တယ်..။ အရိပ်တွေထဲက တစ်ကောင်က အဝေးပြေးလမ်းမကြီးရဲ့ အရှေ့ဘက်ကို နည်းနည်း ပိုပြီး တိုးသွားခဲ့တာဖြစ်ပြီး.. လောလောဆယ်မှာတော့ လေမုန်တိုင်းထဲက လှုပ်ရှားမှုအချို့ကို စောင့်ကြည့်နေခဲ့ပါတယ်။
သူက မြောက်ဘက်ကို လှည့်လိုက်ရင်း ခြေလှမ်းတွေကို အရှိန်သတ်လိုက်တယ်..။
‘…အဲဒါက ဘာကြီးလဲ…’
ခနအကြာမှာတော့.. ဆန်နီ ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်..။
အပိုင်း ( ၉၀၄ ) ပြီး၏။
အပိုင်း ( ၉၀၅ ) သတင်းဆိုး သယ်ဆောင်လာသူ
အရိပ်က မြင့်မားတဲ့ ကျောက်ဆောင် ချောက်ကမ်းပါးရဲ့ လျှိုပေါ်မှာ ပုန်းကွယ်နေခဲ့တယ်။သူက. တောင်တန်းတွေနဲ့ သမုဒ္ဒရာကြား မှာ သွယ်တန်းထားတဲ့ ကျယ်ပြန့်တဲ့ အဝေးပြေးလမ်းမကြီးကို စောင့်ကြည့်နေခဲ့တာပါ..။ ကမ္ဘာကြီး တစ်ခုလုံးကို နှင်းတွေရဲ့ အဖြူရောင် နံရံကြီးက ပိတ်ဆို့နေခဲ့ပေမဲ့.. မြေပြင်ကို ဖြတ်သန်းသွားတဲ့ အနည်းငယ်သော တုန်ခါမှုတွေကိုတော့ သူ ခံစားနေရဆဲပါ။
တစ်ခုခုက ချဉ်းကပ်လာနေခဲ့ပါပြီ..။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့.. လင်းထိန်နေတဲ့ အစက်အပြောက် နှစ်ခုက လေမုန်တိုင်းထဲမှာ ပေါ်လာခဲ့တယ်။..အလင်းရောင်ရဲ့ အရင်းအမြစ်က နီးကပ်လာတာနဲ့အမျှ ဖြည်းဖြည်းချင်း ကြီးမားလာခဲ့ပါတယ်..။ ယင်းနောက် ပြင်းထန်တဲ့ အလင်းတန်းတွေက နှင်းမုန်တိုင်းကို ဖြတ်သန်းထိုးဖောက်လာတာကြောင့်.. အရိပ်က သူ့ရဲ့ တည်နေရာကို ရွှေ့ပြောင်းလိုက်ရပါတယ်..။
…ကီလိုမီတာ အနည်းငယ်အကွာမှာတော့.. ဆန်နီ က စိုးရိမ်ပူပန်တဲ့ မျက်နှာအမူအရာ နဲ့ မျက်မှောင်ကျုတ်လိုက်မိတယ်..။
‘လူတွေပဲ…’
မြောက်ဘက်ကနေ ချဉ်းကပ်လာတာက အိပ်မက်ဆိုး သားရဲ အုပ်ကြီး ဒါမှမဟုတ် ကြီးမားလှတဲ့ သတ္တဝါဆန်းကြီး မဟုတ်ပါဘူး..။ ဒါက စစ်ဘက်ဆိုင်ရာ ယာဉ်အနည်းငယ် ခြံရံထားတဲ့ အရပ်သား သယ်ယူပို့ဆောင်ရေး ယာဉ်တန်း အသေးစားလေး တစ်ခု ဖြစ်နေခဲ့ပါတယ်..။ သူတို့က လေမုန်တိုင်းကို ဖြတ်သန်းပြီး အဝေးပြေးလမ်းမကြီးအတိုင်း အရှိန်အဟုန် နှေးကွေးစွာနဲ့ မောင်းနှင်လာခဲ့ကြတယ်..။ ဒီထဲက အတော်များများကတော့ ပျက်စီးယိုယွင်းနေပြီး အနိုင်နိုင် ရွေ့လျားအောင် မောင်းနှင်နေရတဲ့ ပုံစံ ပေါက်နေခဲ့တယ်..။ စစ်သားတွေကတော့ ပစ်ခတ်ရေး လက်နက်တွေပေါ်မှာ တာဝန်ကျနေရင်း ပြင်းထန်တဲ့ အအေးဒဏ်ကြောင့် တုန်ရီနေကြတာကို မြင်တွေ့ရပါတယ်..။
သူ့ရဲ့ မျက်မှောင်ကျုတ်မှုက ပိုပြီး နက်ရှိုင်းသွားခဲ့တယ်..။
“သူတို့က ဒီနေရာမှာ ဘာလာလုပ်နေတာလဲ…”
“…လူစတာ.. ရိုင်နို ကို ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးရဲ့ အစွန်းနားအထိ ရွှေ့လိုက်…”
ဆန်နီဟာ သေဆုံးနေတဲ့ နတ်မိစ္ဆာရဲ့ အလောင်းကြီးကို ထားရစ်ခဲ့ပြီး ရှေ့ကို လျှောက်လှမ်းသွားခဲ့တယ်..။ မိနစ်အနည်းငယ်အကြာမှာတော့.. သူက နှင်းတွေ ဖုံးလွှမ်းနေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ရပ်နေခဲ့ပြီး ရိုင်နို ကတော့ သူ့ရဲ့ အနောက်မှာ တည်ရှိနေခဲ့ပါတယ်..။ သူ့ရဲ့ ပုံရိပ်က အားကောင်းလှတဲ့ ရှာဖွေရေးမီးမောင်း နှစ်ခုရဲ့ အလင်းတန်းတွေကြောင့် နှင်းမုန်တိုင်းထဲမှာထင်ထင်ရှားရှား ပေါ်ထွက်နေခဲ့တာပါ..။
ယာဉ်တန်းက နီးကပ်နေပြီ ဖြစ်ပေမဲ့ သူတို့က ဆန်နီ သတိမပြုမိကြသေးပါဘူး..။
ဆန်နီက ရက်စက်သော မြင်ကွင်း ရဲ့ လက်ကိုင်အရိုး ကို မြေပြင်ပေါ်ဆောင့်ချလိုက်ရင်း ခနလောက် တွေဝေနေခဲ့ပြီးမှ [အလင်းဝါးမြိုသူ] တိုးမြှင့်မှုကို အသက်သွင်းလိုက်ပါတယ်..။
ချက်ချင်းဆိုသလိုပဲ.. လှံရဲ့ ငွေရောင်ဓားသွားက တောက်ပတဲ့ အလင်းရောင်တွေနဲ့ လင်းထိန်သွားခဲ့တယ်..။ ဒါက သူ့ရဲ့ လက်ထဲမှာ နေမင်းအသေးစားလေး တစ်စင်း ပွင့်လန်းလာသလိုမျိုးပါပဲ..။ အနောက်ဘက် တစ်နေရာမှာတော့.. ဘယ်လီ နဲ့ ဒွန်း တို့က သံချပ်ကာယာဉ် ထဲကနေ ထွက်လာခဲ့ကြပြီး သတိကြီးစွာနဲ့ပဲ သူတို့ရဲ့ လက်နက်တွေကို ကိုင်ဆောင်ထားကြတယ်..။ ဆမ်မာရာ ကတော့ ယာဉ်ရဲ့ အမိုးပေါ်ကို တက်ပြီး..အပေါ်မှာ မှောက်လျက် အနေအထားနဲ့ သူမရဲ့ သေနတ်ဒေါက်ပေါ် မေးတင်ထားခဲ့ပါတယ်။
ကျန်တဲ့ အထူးတပ်ဖွဲ့ သုံးယောက်ကတော့ ပရော်ဖက်ဆာ အိုဘယ် နဲ့ ဘတ် တို့ကို ကာကွယ်ဖို့အတွက် အတွင်းထဲမှာပဲ ကျန်ရစ်ခဲ့ကြတယ်..။
ရက်စက်သော မြင်ကွင်း ရဲ့ တောက်ပမှုက သတိမထားမိပဲ နေဖို့ မဖြစ်နိုင်လောက်အောင်ကို ပြင်းထန်လွန်းလှပါတယ်..။ နောက်ဆုံးမှာတော့.. ယာဉ်တန်းလေးကို ကာကွယ်ထားတဲ့ စစ်သားတွေက တုံ့ပြန်လာခဲ့ကြပြီး လက်နက်တွေကို
မသိရသေးတဲ့ ခြိမ်းခြောက်မှု ရှိရာဆီကို လှည့်လိုက်ကြတယ်..။
သူတို့ရဲ့ မျက်နှာတွေက တင်းမာပြီး ကြောက်ရွံ့နေကြတာပါ..။ ရှေ့ဆုံးက ယာဉ်ကတော့ အရှိန်လျှော့လိုက်တယ်..။
‘ဒီ စောက်ရူးတွေ လျှောက်ပြီး ရမ်းမပစ်ဖို့ပဲ မျှော်လင့်ရတာပဲ…’
ဆန်နီက ထူးကဲသော ကျောက်တုံး နဲ့ သူ့ရဲ့ [အသံထည်ဝါခြင်း] တိုးမြှင့်မှုကို အသုံးပြုရင်း..သူ့ရဲ့ အသံပမာဏကို မြှင့်တင်လိုက်တယ်..။ယင်းနောက် တည်ငြိမ်ပြီး ဖိအားပေးနိုင်တဲ့ အသံက အဝေးပြေးလမ်းမကြီးတစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး လေပြင်းတွေရဲ့ အော်ဟစ်သံကို အလွယ်တကူပဲ ဖြတ်သန်းသွားခဲ့ပါတယ်..။
“ငါက ပထမအထူးတပ်ဖွဲ့ ရဲ့ ကပ္ပတိန် ဆန်းလပ်စ် ပဲ..။ မပစ်ခင်မှာ သေချာ စဉ်းစားကြပါ…”
ကံကောင်းစွာပဲ.. စစ်သားတွေက အနည်းဆုံးတော့ သူတို့ရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပုံ ရပါတယ်..။ ဘယ်ကျည်ဆန်မှ သူ့ဆီကို ပျံသန်းမလာခဲ့ပါဘူး…။သာမန်ကျည်ဆန်တွေက သူ့ကို ပြင်းထန်တဲ့ ထိခိုက်မှု မပေးနိုင်သလို ထာဝရချိန်း ရဲ့ မျက်နှာပြင်ကိုတောင် ခြစ်ရာထင်အောင် မလုပ်နိုင်တာကြောင့်လည်း ပါပါတယ်။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. ထူးဆန်းတဲ့ ယာဉ်တန်းရဲ့ ရှေ့ဆုံးယာဉ်က ရိုင်နို ရဲ့ အနီးအနားမှာ ဘရိတ်အုပ်သံ အကျယ်ကြီးနဲ့အတူ ရပ်တန့်သွားခဲ့ပြီး နောက်က အရပ်သားယာဉ်တွေကိုလည်း လိုက်ရပ်စေခဲ့ပါတယ်..။ စစ်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်က
ယာဉ်ထဲက ထွက်လာခဲ့ပြီး ခနလောက် တွန့်ဆုတ်နေခဲ့ပြီးမှ ဆန်နီ ဆီကို ဦးတည်လျှောက်လှမ်းလာခဲ့တယ်..။ အကာအကွယ် အမျိုးအစား မှတ်သားမှု မရှိတာကို ကြည့်ခြင်းအားဖြင့်ရော.. အအေးဒဏ်ကြောင့် တုန်ရီရင်း ကုတ်အင်္ကျီ ကော်လာကို ဆွဲစိထားတဲ့ ပုံစံအရပါ ဆိုရင် ဒီလူက သာမန်လူတစ်ယောက်ပဲ ဖြစ်ပါတယ်..။
စစ်သား လျှောက်လာနေစဉ်မှာပဲ.. ဆန်နီ ရဲ့ အရိပ်တွေက ယာဉ်တန်းနားကို ကပ်သွားခဲ့ပြီး သေချာ လေ့လာကြည့်လိုက်ကြတယ်..။ သယ်ယူပို့ဆောင်ရေး ယာဉ်တွေထဲမှာတော့ ကြောက်ရွံ့နေကြတဲ့ အရပ်သားတွေနဲ့ ပြည့်နှက်နေခဲ့ပြီး.. သူတို့ကို စောင့်ရှောက်လာတဲ့ စစ်သား အရေအတွက်ကတော့ အတော်လေး နည်းပါးနေခဲ့တယ်..။ လူတိုင်းက ပင်ပန်းနွမ်းနယ်ပြီး ထုံထိုင်းနေတဲ့ ပုံစံနဲ့ ဆိုးဆိုးရွားရွား အခြေအနေ ရောက်နေကြပုံပါပဲ..။ ဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေ.. ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်နေခဲ့ပြီး အားလုံးက ကြောက်လန့်ကာ မောပန်းနွမ်းနယ်နေကြပေမဲ့.. အမျိုးသားတော့ အများကြီး မပါပါဘူး။
ပြီးတော့ သူတို့ထဲမှာ နိုးထသူ တစ်ယောက်မှ ပါမလာခဲ့ပေ..။
ဆန်နီ ရဲ့ စိတ်အခြေအနေက ပိုပြီးတော့ နက်မှောင်လာခဲ့တယ်..။
နောက်ဆုံးမှာတော့ စစ်သားက သူ့ကို မြင်နိုင်လောက်တဲ့ အကွာအဝေးအထိ လျှောက်လာခဲ့ပါတယ်..။ ရိုင်နို ရဲ့ မီးမောင်းအလင်းတွေကနေ မျက်လုံးကို ကာကွယ်ဖို့ လက်တစ်ဖက်ကို မြှောက်လိုက်ရင်း သူက လန့်ဖျန့်သွားတဲ့ အသံနဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်..။
“ဒါက တကယ်… နတ်ဆိုးပဲ…”
ဆန်နီ က သူ့ကို မျက်မှောင်ကျုတ်ပြီး ကြည့်လိုက်ပါတယ်..။
“မင်းပြောတာ ငါကြားရတယ်နော်…”
စစ်သားက တုန်လှုပ်သွားခဲ့ပြီးမှ သူ့လက်ကို အမြန်ချလိုက်ကာ အလေးပြုဖို့ ကြိုးစားလာခဲ့တယ်..။
“အိုး… ဆရာ..။ တောင်းပန်ပါတယ် ဆရာ…”
သူ့ရဲ့အသံကတော့ ပရော်ဖက်ရှင်နယ် ဆန်အောင် ကြိုးစားနေပေမဲ့လည်း ကြောက်လန့်တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။
ဆန်နီ က သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်တယ်..။
“အေးဆေးပဲ နေပါ…”
ယင်းနောက် သူက ဒီလူရဲ့ ပုခုံးပေါ်ကနေ ပျက်စီးနေတဲ့ ယာဉ်တန်းကို လှမ်းကြည့်လိုက်ပြီး ဒါက
ဒီနေရာမှာ ဘာလုပ်နေတာလဲဆိုတာကို သိချင်နေခဲ့တယ်..။
“မင်းတို့က ဘယ်သူတွေလဲ.. ပြီးတော့ ဘာလို့ ဒီဒေသကို ရောက်နေရတာလဲဆိုတာ ရှင်းပြပါဦး..။ ငါ သိထားသလောက်တော့ ပထမတပ်မတော်က အန္တာတိကဗဟိုဒေသရဲ့ တောင်ဘက်ပိုင်းကို စွန့်ခွာသွားခဲ့ပြီ မဟုတ်ဘူးလား…”
စစ်သားက ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက ပြောလာခဲ့ပါတယ်..။
“ဆရာ… ကျွန်တော်တို့ တည်ဆောက်နေတဲ့ ဝန်းရံခြင်းမြို့တော်ကြီး ဖျက်ဆီးခံလိုက်ရတုန်းက ကျွန်တော်တို့ တပ်မက အကျအဆုံး အများကြီး ရှိခဲ့တာကို ဆရာ သိမှာပါ..။ ကျွန်တော်တို့ထဲက အတော်များများက အရပ်သားတွေကို ခေါ်ပြီး အချိန်မီ ဆုတ်ခွာနိုင်ခဲ့ကြပေမဲ့.. နောက်ဆက်တွဲ အခြေအနေတွေကတော့… တကယ့်ကို ဖရိုဖရဲ ဖြစ်သွားခဲ့ရတာပါပဲ…”
မြို့တော်ကြီး ဘယ်လို ပျက်စီးသွားခဲ့လဲဆိုတဲ့ အသေးစိတ်ကိုတော့.. ဒါက တိုက်တန် တစ်ကောင်ကြောင့် ဖြစ်ပွားခဲ့တာဆိုတာကလွဲလို့ ဆန်နီ မသိပါဘူး..။ သို့သော်လည်း နောက်ဆက်တွဲမှာ ဖြစ်ပေါ်လာမယ့် ထိတ်လန့်ခြောက်ခြားမှုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေကိုတော့ သူ စိတ်ကူးနဲ့ ပုံဖော်ကြည့်နိုင်ပါတယ်..။ သူက ခေါင်းညိတ်ပြလိုက်တယ်..။
ဒီလူက လေးလံတဲ့ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး..
“လွတ်မြောက်လာတဲ့ လူအများစုက မြောက်ဘက်ကို ဆုတ်ခွာသွားခဲ့ကြပေမဲ့.. ကျွန်တော်တို့ အတော်များများအတွက်တော့ အဲဒီလမ်းကြောင်းက ပိတ်ဆို့ခံလိုက်ရပါတယ်..။ ဒါကြောင့် ကျွန်တော်တို့ ကယ်တင်နိုင်သမျှ လူတွေကို စုဆောင်းပြီး နောက်ဆုံးမှာတော့ တောင်ဘက်ကို ဦးတည်လာခဲ့ကြတာပါ…”
ဒီဇာတ်လမ်းထဲက တစ်ခုခုက ဆန်နီ အတွက် အဆင်မပြေဖြစ်နေခဲ့တယ်..။ သူက ပင်ပန်းနေတဲ့ စစ်သားရဲ့ စကားကို ဖြတ်ပြောလိုက်ပါတယ်..။
“…မင်းတို့က အဝေးပြေးလမ်းမကြီးအတိုင်း မောင်းနှင်ပြီး ဒီအထိ ရောက်အောင် လာခဲ့ကြတာလား…”
သမုဒ္ဒရာနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ် ရှိနေဖို့က အလွန်အမင်း အန္တရာယ်များလှပါတယ်..။ ဆန်နီ ကိုယ်တိုင်တောင်မှ ဒီလို အဆင်ပြေပေမဲ့ ကြောက်စရာကောင်းတဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ မဝံ့ရဲပါဘူး..။ သာမန်စစ်သားတစ်စုက ဒီလမ်းကနေ ဘယ်လိုများ အသက်ရှင်အောင် လာနိုင်ခဲ့ကြတာလဲ…။
စစ်သား ရဲ့ မျက်နှာက ညှိုးငယ်သွားခဲ့ရတယ်..။ သူက ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့ပါတယ်..။
“ခရီးစဥ်အစတုန်းကတော့ ယာဉ်တန်းထဲမှာ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အများကြီး ပါခဲ့ပါတယ် ကပ္ပတိန်..။ ဒါ… ဒါကတော့ ကျန်ရစ်ခဲ့တဲ့ ယာဉ်တွေပါ..။ ကျွန်တော့်ရဲ့ စောင့်ရှောက်မှုအောက်မှာ အရပ်သား သုံးရာနဲ့ လေးဆယ် ရှိပြီး.. စစ်သားကတော့ လေးဆယ်ပဲ ရှိပါတော့တယ်…”
ဆန်နီ က သက်ပြင်းချလိုက်မိတယ်..။
“အင်း…”
အခုမှပဲ အခြေအနေတွေအားလုံးက ပိုပြီး သဘာဝကျသွားခဲ့ပါတယ်..။
သူက စိတ်မကောင်းစရာ အခြေအနေကြောင့် လေသံအေးအေးနဲ့ ထပ်မေးလိုက်တယ်..။
“မင်းတို့ကို ကူညီပေးတဲ့ နိုးထသူ တစ်ယောက်မှ မရှိဘူးလား…”
စစ်သားက ခေါင်းခါပြလိုက်တယ်..။
“ရှိခဲ့ပါတယ်..။ သူတို့တွေက ကျွန်တော်တို့ အချိန်ရအောင် အနောက်မှာ ကျန်ရစ်ပြီး တိုက်ခိုက်ပေးခဲ့ကြတာပါ..။ အဲဒါက… လွန်ခဲ့တဲ့ တစ်ပတ်ကပါ ဆရာ…”
ဆန်နီက အခြေအနေတစ်ခုလုံးကို နားလည်သွားခဲ့ပါပြီ…။အရေးအကြီးဆုံး အချက်တစ်ခုကလွဲလို့ပေါ့..။
“ဒါက ဘာလို့တောင်ဘက်ကိုလဲ…”
သူက ဒီလူကို စိုက်ကြည့်လိုက်ပြီး တည့်တည့်ပဲ မေးလိုက်ပါတယ်..။
“ဒါပေမဲ့ မင်းတို့က ဘာလို့ တခြားနေရာတွေ မဟုတ်ဘဲ ဒီနေရာကို ဦးတည်လာရတာလဲ…။ ဘာလို့ လမ်းကြောင်းပြောင်းပြီး ကျန်ရှိနေသေးတဲ့ ဝန်းရံခြင်းမြို့တော်တွေထဲက တစ်ခုခုရှိတဲ့ မြောက်ဘက်ကို ပြန်မတက်ကြတာလဲ…”
မကြာခင်မှာပဲ ထွက်ပေါ်လာတဲ့ အဖြေစကားကြောင့် သူ့ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်။
“ကယ်ဆယ်ရေး စီမံကိန်းကြောင့်ပါ ဆရာ..။ အစပိုင်းက ဖရိုဖရဲ ဖြစ်နေတာတွေ ငြိမ်သက်သွားပြီးတဲ့နောက်မှာ.. ကျွန်တော်တို့ကို စောင့်ရှောက်လာတဲ့ နိုးထသူတွေက… အဲဒီအချိန်တုန်းကတော့ သူတို့ အသက်ရှင်နေကြသေးတာပေါ့… အိပ်မက်ကမ္ဘာ ကတစ်ဆင့် အမိန့်တွေကို လက်ခံရရှိခဲ့ကြပါတယ်..။ ကျွန်တော်တို့တွေက LO49 လို့ ခေါ်တဲ့ အဆောက်အဦးဆီကို သွားရမှာ ဖြစ်ပြီး.. အဲဒီနေရာမှာ စောင့်ဆိုင်းနေမယ့် စစ်ရေယာဉ် အေရီယက်ဒ်နီ နဲ့ ပူးပေါင်းပြီး လွတ်မြောက်ရမှာပါ..။ ကျွန်တော်တို့ နည်းနည်းတော့ နောက်ကျသွားခဲ့ပေမဲ့ပေါ့…။ဒါပေမဲ့
တစ်ရက်.. ဒါမှမဟုတ် နှစ်ရက်လောက်ပဲ နောက်ကျတာပါ…”
ဆန်နီ ဟာ စကားလုံးတွေ ပျောက်ဆုံးသွားသလိုမျိုး စိုက်ကြည့်နေမိတယ်..။ စစ်သားကတော့ ရုတ်တရက် စိတ်လှုပ်ရှားသွားတဲ့ ပုံစံနဲ့ ပြောလာခဲ့ပါတယ်..။
“ကပ္ပတိန် ဆန်းလပ်စ် ..။ ဆရာက အဲဒီ အဆောက်အဦးကနေ လာခဲ့တာလားဟင်..။ကျန်တဲ့ လမ်းခရီးအတွက် ကျွန်တော်တို့ကို
လာပြီး စောင့်ရှောက်ပေးဖို့ စေလွှတ်လိုက်တာလား…”
မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ အဲဒီအကြည့်ကို ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့.. ဆန်နီ ရဲ့ ပါးစပ်ထဲမှာ ခါးသီးတဲ့ အရသာကို ခံစားလိုက်ရပါတယ်..။
သူက အဖြေပေးဖို့ ခနလောက် တွန့်ဆုတ်နေခဲ့ပေမဲ့.. သူ့ရဲ့ အားနည်းချက် က သူ့ကို ဒီအတိုင်း အကြာကြီး တိတ်ဆိတ်နေခွင့် မပေးပါဘူး..။
…နောက်ဆုံးမှာတော့.. သူက ပါးစပ်ကို ဖွင့်လိုက်ပြီး ရိုးရှင်းစွာပဲ ပြောလိုက်ပါတယ်..။
“မဟုတ်ဘူး..။အေရီယက်ဒ်နီ သင်္ဘောက ဖျက်ဆီးခံလိုက်ရပြီဖြစ်သလို LO49 ကလည်း ကျဆုံးသွားခဲ့ပြီ..။ ဒါကို ပြောရတာတော့ စိတ်မကောင်းပါဘူး ရဲဘော်…ဒါပေမဲ့ မင်းနဲ့ မင်းရဲ့လူတွေက ဒီလမ်းခရီးတစ်ခုလုံးကို အလကားသက်သက် လာခဲ့မိကြတာပဲ…”
အပိုင်း ( ၉၀၅ ) ပြီး၏။
အပိုင်း ( ၉၀၆ )ကိုယ်ကျင့်တရားဆိုင်ရာ ပြသနာ
စကားလုံးအနည်းငယ်က လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဒီလောက်အထိ ဆိုးဆိုးဝါးဝါး ကြေမွသွားစေတာမျိုး ဆန်နီ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး…။
နစ်ဖီ က သူ့ရဲ့ စစ်မှန်တဲ့ နာမည်ကို ခေါ်ပြီး
မေ့ပျောက်ကုန်းမြေ ပေါ်မှာ သူမကို သေဖို့ထားခဲ့ပါလို့ အမိန့်ပေးခဲ့တဲ့ အချိန်ကလွဲလို့ပေါ့..။
စစ်သားက မလဲကျအောင် ကြိုးစား မတ်တပ်ရပ်နေနိုင်ဆဲ ဖြစ်ပေမဲ့.. သူက ကြိုးပြတ်သွားတဲ့ ရုပ်သေးရုပ်တစ်ရုပ်လိုမျိုး ဖြစ်နေခဲ့ပါတယ်..။ သူ့ရဲ့ မျက်လုံးတွေထဲက အလင်းရောင်အားလုံး ကွယ်ပျောက်သွားခဲ့ပါပြီ…။ သူက ခနလောက် ငြိမ်သက်စွာ ရပ်နေခဲ့ပြီးမှ.. ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး သူ့အနောက်ကပျက်စီးယိုယွင်းနေတဲ့ ယာဉ်တန်းလေးဆီကို မျှော်လင့်ချက်မဲ့စွာ လှမ်းကြည့်လိုက်တယ်။
ဒီလူ ဘယ်လို ခံစားနေရမလဲဆိုတာကို ဆန်နီစိတ်ကူးနဲ့ ပုံဖော်ကြည့်နိုင်ပါတယ်..။ ဝန်းရံခြင်းမြို့တော်ကြီးရဲ့ ကပ်ဘေးသင့် ပျက်စီးမှုကနေ အသက်ရှင် လွတ်မြောက်လာခဲ့ပြီးတဲ့နောက်မှာ.. ဒီလူတွေဟာ ဒီနေရာအထိ အသက်ရှင်လျက် ရောက်လာဖို့အတွက် ပြောမပြနိုင်လောက်တဲ့ ထိတ်လန့်စရာ ခြောက်ခြားမှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်လာခဲ့ကြရတာပါ..။ သူတို့ကို ဆက်ပြီး လျှောက်လှမ်းနိုင်အောင် တွန်းအားပေးထားတာက.. ကယ်တင်ခြင်းက နီးကပ်လာနေပြီဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပဲ ဖြစ်နိုင်ပါတယ်..။ အခုတော့ သူတို့တွေ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ခါနီးမှပဲ.. အဲဒီ မျှော်လင့်ချက်က ရက်ရက်စက်စက် ချေမှုန်းခံလိုက်ရပါတယ်။
သူက သက်ပြင်းတစ်ချက် ချလိုက်မိတယ်..။
“ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဖြစ်ပျက်ခဲ့တာပဲ...။ ဒီသတင်းက မင်းတို့ဆီကို ရောက်ဦးမှာ မဟုတ်ပါဘူး..။ ငါနဲ့ ငါ့လူတွေပဲ အသက်ရှင် ကျန်ရစ်နေခဲ့ကြတာ…”
စစ်သားက ခေါင်းငုံ့ထားခဲ့ပြီး တိတ်ဆိတ်နေခဲ့ပါတယ်…။
နောက်ဆုံးမှာတော့ သူက မေးလာခဲ့တယ်..။
“ကျွန်တော် မေးပါရစေ ဆရာ…။ ဆရာတို့ အခု ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ…”
ဆန်နီ က သူ့ကို တည်ငြိမ်တဲ့ မျက်နှာအမူအရာနဲ့ ကြည့်လိုက်ပါတယ်..။
“ငါ့ရထားတဲ့ အမိန့်ကတော့ ပထမအထူးတပ်ဖွဲ့ ရဲ့ တခြားအစုအဖွဲ့နဲ့ သွားရောက် ပူးပေါင်းဖို့အတွက် အီရီဘတ် ဝန်းရံခြင်းမြို့တော် ဆီကို ဦးတည်သွားဖို့ပဲ…”
ရုတ်တရက်ဆိုသလိုပဲ.. စစ်သားရဲ့ မျက်လုံးတွေထဲမှာ မဝံ့မရဲ အရိပ်အယောင်လေးတစ်ခု ပေါ်ထွက်လာခဲ့တယ်..။
“မာစတာ ဆန်းလပ်စ် ဆရာ…။စဉ်းစားပေးလို့ ရနိုင်မလား…”
ဆန်နီ ကတော့ ဒီလူ ဘာပြောမလဲဆိုတာကို ကြိုသိနေခဲ့ပါတယ်..။ ဒါက ခန့်မှန်းရတာ အတော်လေးကို လွယ်ကူလွန်းနေတာကြောင့်ပါ…။
သူက တကယ်ပဲ ရယ်မောလိုက်ချင်မိတယ်..။
အမှန်အတိုင်း ပြောရရင် သူက ရယ်မောလုနီးပါး ဖြစ်သွားခဲ့တာပါ..။ အပြင်ပန်းမှာ တည်ငြိမ်နေအောင် ထိန်းချုပ်ဖို့အတွက် သူ့ရဲ့ စိတ်ခွန်အားကို အတော်လေး အသုံးပြုလိုက်ရတယ်..။ ခါးသီးပြီး ရင်းနှီးနေတဲ့.. စိတ်ရှုတ်စရာ ရယ်မောသံက သူ့ရဲ့ လည်ချောင်းထဲမှာပဲ တစ်ဆို့နေခဲ့ရတယ်..။
သေချာတာပေါ့.. ဆန်နီ သိနေခဲ့ပြီးသားပါ။ စစ်သားက အထူးတပ်ဖွဲ့ အနေနဲ့ အရပ်သားယာဉ်တန်းကို ဘေးကင်းတဲ့နေရာအထိ လိုက်လံစောင့်ရှောက်ပေးနိုင်မလားလို့ မေးချင်နေတာပါ..။ သူက ဘာလို့ မမေးဘဲ နေရမှာလဲ…။ သူတို့တွေက သောင်းကျန်းနေတဲ့ အိပ်မက်ဆိုး သားရဲတွေ ရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက်..နိုးထသူ တစ်ယောက်မှ မပါဘဲနဲ့ လွန်ခဲ့တဲ့ တစ်ပတ်လုံးလုံးကို အသည်းအသန် ကြိုးစားရုန်းကန်လာခဲ့ကြရတာပါ..။ အေရီယက်ဒ်နီ သင်္ဘောပေါ် တက်ပြီး ဘေးကင်းတဲ့ ရေကြောင်းကနေ ထွက်ခွာရမယ့် သူတို့ရဲ့ မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ရပေမဲ့လည်း.. အခု သူတို့ရဲ့ ရှေ့တည့်တည့်မှာ စစ်မှန်တဲ့ မာစတာ တစ်ယောက်က မတ်တပ်ရပ်နေခဲ့ပါပြီ..။
ပြီးတော့ ဒါကလည် သာမန် မာစတာ တစ်ယောက် မဟုတ်ပါဘူး…။ ပထမတပ်မတော်ရဲ့ အားအကောင်းဆုံး သူတွေထဲက တစ်ယောက် ဖြစ်သလို.. အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အစုအဖွဲ့တစ်ခုကို ဦးဆောင်လာတာပါ..။ အထူးတပ်ဖွဲ့ ဆိုတာက လူသားစစ်တပ်တွေထဲမှာ အကောင်းဆုံးတွေထဲက အကောင်းဆုံး အဆီအနှစ်တွေပါပဲ..။
သေချာတာကတော့.. သူတို့တွေဟာ ခုခံကာကွယ်နိုင်စွမ်းမရှိတဲ့ အရပ်သားတွေကို စွန့်ပစ်ထားခဲ့မှာ မဟုတ်ပေ..။
သေချာတာပေါ့…။
ပြဿနာကတော့ ဒီဆုံးဖြတ်ချက်က လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ပါဘူး။ သံချပ်ကာအပြည့် နဲ့ အလွန်အမင်း သွက်လက်တဲ့ ရိုင်နို ဟာ အီရီဘတ် ဆီကို သွားမယ့် ကီလိုမီတာ တစ်ထောင်ခရီးစဉ်ကို အခက်အခဲမရှိ ဖြတ်သန်းသွားနိုင်စွမ်း ရှိပါတယ်…။ သို့ပေမယ့် အားနည်းပြီး ပျက်စီးနေတဲ့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေကတော့… တောင်တန်းတွေကို ဖြတ်သန်းနိုင်မယ့် စွမ်းရည် ရှိပါ့မလားဆိုတာ သံသယဖြစ်စရာပါပဲ..။ အနည်းဆုံးတော့ သူတို့တွေက သံချပ်ကာယာဉ် ရဲ့ အရှိန်ကို နှေးကွေးသွားစေမှာ ဖြစ်ပြီး အကန့်အသတ်တွေ ဖြစ်လာစေပါလိမ့်မယ်..။
ဒါက ယာဉ်ပေါ်မှာ ပါလာတဲ့ သူ့ရဲ့အဖွဲ့သားတွေကို အန္တရာယ်ထဲကို တွန်းပို့လိုက်သလိုမျိုး ဖြစ်သွားမှာပါ..။
ဒီယာဉ်တန်းကို တာဝန်ယူဖို့ သဘောတူလိုက်ခြင်းအားဖြင့်.. ဆန်နီ ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်ကို အဆမတန် ခက်ခဲသွားစေရုံတင်မကပဲ… သူ့ရဲ့ ကိုယ်ပိုင်စစ်သားတွေ သေဆုံးသွားနိုင်မယ့် အခွင့်အလမ်းကိုလည်း သိသိသာသာ မြင့်တက်သွားစေမှာ ဖြစ်ပါတယ်..။
ဒါကြောင့်ပဲ သူက ရယ်မောမိမတတ် ဖြစ်သွားခဲ့တာပါ..။
ဗန် နဲ့ ဆန်နီ နောက်ဆုံး စကားပြောခဲ့တုန်းက.. တည်ကြည် လေးနက်တဲ့ မာစတာ ဟာ အရပ်သား ရာပေါင်းများစွာကို ခေါ်ပြီး တောင်တန်းတွေကို အသက်ရှင်အောင် ဖြတ်သန်းသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူ့ကို ပြောခဲ့ဖူးပါတယ်..။ အဲဒီအချိန်တုန်းကတော့ ဆန်နီ က လူတွေဟာ မကြိုးစားကြည့်ဘဲနဲ့ ဘယ်အရာက မဖြစ်နိုင်ဘူးလဲဆိုတာကို မသိနိုင်ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ဖူးပါတယ်..။
အခုတော့ သူက ဒီလူတွေကို သေဖို့ စွန့်ပစ်ထားခဲ့ရတော့မှာလား…။
ဒါမှမဟုတ် သူ့ရဲ့ ကိုယ်ပိုင်စကားလုံးတွေကို ပြန်မျိုချပြီး…မာစတာ ပြောခဲ့တဲ့အတိုင်း လက်တွေ့လုပ်ပြရတော့မှာလား…။
‘အိုး… ဒီအကွက်ကတော့ တကယ်ကောင်းတာပဲ..။ ဒါက တကယ်ကို မဆိုးဘူး..။ မင်းကို ငါမြင်နေရတယ်နော် [ကံစီမံရာ]…’
စစ်သားဟာ ဆန်နီ ရဲ့ မလှုပ်မယှက် တည်ငြိမ်နေတဲ့ မျက်နှာကို ကြည့်ရင်းနဲ့.. သူ့ရဲ့ စကားလုံးတွေက ပါးစပ်ဖျားမှာတင် ပျောက်ဆုံးသွားခဲ့ရတယ်..။ ဆန်နီ ကတော့ ဆက်ပြီး တိတ်ဆိတ်နေဆဲပါပဲ။
ဒါဆို သူ ဘာလုပ်သင့်သလဲ…။
သူ့ရဲ့ စစ်သားတွေနဲ့ ပရော်ဖက်ဆာ အိုဘယ် တို့ကို အထိခိုက်ခံပြီးတော့.. ဒုက္ခသည် ရာပေါင်းများစွာအတွက် တာဝန်ယူပေးရမှာလား…။ ဒါမှမဟုတ် အေးစက်တဲ့ ကျိုးကြောင်းဆင်ခြင်မှုကိုပဲ လိုက်နာပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ရင်း.. ဒီလူတွေကို ကံတရားအတိုင်း စွန့်ပစ်ထားခဲ့ရမှာလား…။ မဟုတ်ပါဘူး.. စကားလုံးတွေရဲ့ အနောက်မှာ ပုန်းကွယ်နေဖို့ မလိုပါဘူး…။ ဒီအခြေအနေမှာ ကံတရားဆိုတာ မရှိပေ..။.
သေခြင်းတရားပဲ ရှိပါတယ်။
ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မလဲ…။
သူ့ရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်..။
“ခံယူချက်ပြင်းထန်တဲ့ လူတစ်ယောက်ဆိုရင် ဘာလုပ်မလဲ…။ အာ… ခံယူချက်ပြင်းထန်တဲ့ လူတစ်ယောက်ဆိုရင်တော့ ဖြစ်နိုင်တာက LO49 မှာတင် ကျန်ခဲ့ပြီး သေဆုံးသွားလောက်တယ်..။ တကယ့်ကို ရှုပ်ထွေးတာပဲ…”
ခံယူချက်လို့ ခေါ်တဲ့ ရှာဖွေရခက်ခဲတဲ့ အရာတစ်ခုကို ရှာဖွေဖို့ နဲ့ အဲဒီကတစ်ဆင့် ပိုမို သန်မာလာဖို့ မျှော်လင့်ချက် ရှိနေပေမဲ့လည်း.. ဆန်နီ ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာအောင်မြင်မှုမှ မရရှိသေးပါဘူး…။ သူက အခုထိ ဘာကိုမှ အလေးအနက် မထားသေးဘဲ.. ဒီခရီးစဉ်ရဲ့ အစတုန်းက အတိုင်း ရှိနေဆဲပါပဲ..။ အချို့လူတွေမှာတော့ ဘယ်တော့မှ မယိမ်းယိုင်တဲ့ ကိုယ်ကျင့်တရား သတ်မှတ်ချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့.. သူကတော့ အဲဒီလိုလူမျိုး မဟုတ်ပေ…။ ဆန်နီ ကတော့ စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်တတ်ပြီး သူ့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွား အသေးအမွှားလေးတွေကိုပဲ လိုက်လံလုပ်ဆောင်တတ်တာပါ..။ အမှန်အတိုင်း ပြောရရင် တစ်ယောက်ယောက်က ကိုယ်ကျင့်တရားအကြောင်း ပြောတာကို ကြားရရုံနဲ့တင် သူ့မှာ သံသယတွေ အမြဲ ပြည့်နှက်သွားတတ်ပါတယ်..။
ဒါကြောင့် သူက ဒီလို အခြေအနေမျိုးမှာ ဘယ်အရာက မှန်ကန်တဲ့ အရာလဲဆိုတာကို သေသေချာချာ အဖြေမပေးနိုင်ပါဘူး…။
ဒါပေမဲ့လည်း…
ဒါပေမဲ့ ဆန်နီ က သူ ဘာကို ယုံကြည်လဲဆိုတာကို မသိနိုင်ရင်တောင်…သူ ဘယ်အရာကို ရွံရှာမုန်းတီးလဲဆိုတာကိုတော့ ကောင်းကောင်းကြီး သိနေခဲ့ပါတယ်..။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် သူက ရိုင်နို ရဲ့ အမိုးပေါ်မှာ ထိုင်နေခဲ့ရင်း… အန္တာတိကမှာ ရှိတဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ကယ်တင်နိုင်ရဲ့သားနဲ့
မကယ်တင်ပဲ နေဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ခွေးကောင်ကို မုန်းတီးနေခဲ့တာပါ..။သောက်ကျိုးနဲ အုပ်စိုးသူ တွေ..။
ဒီတော့ အဲဒီ လောဂျစ် အတိုင်းပဲ စဥ်းစားမယ်ဆိုရင်… သူ့ရဲ့ ကိုယ်ပိုင် အဆင်ပြေမှုကိုပဲ ကြည့်ပြီးဒုက္ခသည်တွေကို သေဖို့ စွန့်ပစ်ထားခဲ့တာက သူကိုယ်တိုင်လည်း အဲဒီလူတွေနဲ့ တူညီသလို ဖြစ်သွားပါလိမ့်မယ်..။
‘ဒါက တကယ့်ကို ထူးဆန်းပြီး ကောက်ကျစ်တဲ့ စဉ်းစားတွေးခေါ်ပုံမျိုးပဲ…’
ဆန်နီ ကတော့ ဒီကောက်ချက်က မှန်ကန်မူ ရှိရဲ့လား ဆိုတာ မသေချာသလို.. ဒါက အဓိပ္ပာယ် ရှိရဲ့လား ဆိုတာကိုလည်း မဝေခွဲနိုင်ပါဘူး…။ ဒါပေမဲ့ ဒါက သူသေချာ စဉ်းစားတွေးခေါ်ပြီးထွက်လာခဲ့တဲ့ အကောင်းဆုံးအဖြေ ဖြစ်နေခဲ့ပါတယ်..။
ဒါကြောင့် အကြာကြီး တိတ်ဆိတ်နေခဲ့ပြီးတဲ့နောက်မှာ သူက ပြောလာခဲ့တယ်..။
“မင်းတို့မှာ စားစရာနဲ့ သောက်ရေသန့် ဘယ်လောက်အထိ ကျန်သေးလဲ…”
စစ်သားက သူ့ရဲ့ မေးခွန်းကို နားမလည် ဖြစ်သွားခဲ့တယ်..။ သူက ဆန်နီ ကို ခနလောက် ကြောင်ကြည့်နေခဲ့ပြီးမှ.. အနည်းငယ် စိတ်လှုပ်ရှားစွာနဲ့ တုံ့ပြန်လာခဲ့တယ်..။
“ကျွန်တော်တို့မှာ စားစရာရော ရေရော အများကြီး ပိုလျှံနေပါတယ် ဆရာ..။ အဲဒါကတော့ ကျွန်တော်တို့ မပြတ်လပ်တဲ့ အရာတစ်ခုပါပဲ…။ ကျွန်တော်တို့ဆီမှာ အလုပ်လုပ်နေတဲ့ ရေစစ်ထုတ်ရေး စက်လည်း ပါပါတယ်…”
ဆန်နီ က ခနလောက် ထပ်ပြီး တိတ်ဆိတ်နေခဲ့ပြီးမှ ခေါင်းညိတ်ပြလိုက်တယ်..။
“ကောင်းပြီ..။ ဒါဆိုရင် မင်းတို့တွေ ငါတို့အနောက်ကနေ အီရီဘတ် ဆီကို လိုက်ခဲ့ကြ..။ ငါတို့တွေက တောင်တန်းတွေကို ဖြတ်ပြီး သွားမှာဆိုတာ ကိုတော့ သတိပြုပါ…။ ဒါပေမဲ့ စိုးရိမ်စရာတော့ မလိုဘူး…။ ငါ့ရဲ့အဖွဲ့က အန္တာတိကဗဟိုဒေသရဲ့ ဒီဘက် အစိတ်အပိုင်းကလမ်းကြောင်း ကွန်ရက်တွေကို အသေးစိတ်စူးစမ်းရှာဖွေထားပြီးသားပဲ…။ ငါတို့ မင်းတို့ကို သေချာ လမ်းပြပေးမှာပါ…”
စစ်သားက တုန်ရီစွာ သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး အလေးပြုလာခဲ့တယ်..။
“သိပါပြီ ဆျာ…”
ဆန်နီ က ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ထပ်မေးလိုက်တယ်..။
“မင်းရဲ့ နာမည်နဲ့ ရာထူးက ဘာလဲ…”
စစ်သည်က ကုတ်အင်္ကျီ ကော်လာကို ဆွဲစိရင်းနဲ့ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ပြန်လည် ဖြေကြားလာခဲ့ပါတယ်..။
“ဆာဂျင် ဂီရီ ပါ ဆျာ…”
ဆန်နီ က သူ့အနောက်မှာ ရှိနေတဲ့ ပျက်စီးနေတဲ့ ယာဉ်တန်းကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိတယ်..။
“အမိန့်ကို လက်ခံပါ ဆာဂျင် ဂီရီ..။ အခုကစပြီး ဒီယာဉ်တန်းရဲ့ ကွပ်ကဲမှု အာဏာကို ငါ တာဝန်ယူမယ်..။ မင်း သူတို့ကို ဒီနေရာအထိ ခေါ်လာနိုင်ခဲ့တာ တော်တော်လေး လုပ်ဆောင်နိုင်ခဲ့တာပဲ…။ ကျန်တဲ့ အပိုင်းကိုတော့ ငါ့လက်ထဲကိုပဲ အပ်ထားလိုက်တော့…”
အပိုင်း ( ၉၀၆ ) ပြီး၏။