အခန်း (၉၀၇-၉၀၉)
Vol. 61 Ch. 907-909
အပိုင်း ( ၉၀၇ ) ကွပ်ကဲမှုရဲ့ ဝန်ထုပ်ဝန်ပိုး
မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ…ဒုက္ခသည်တွေဟာ နောက်ဆုံးအချိန်ကျမှ သူတို့ရဲ့ ကယ်တင်ခြင်းလမ်းစကနေ လွတ်ထွက်သွားခဲ့ရပြီဆိုတဲ့ သတင်းကြောင့် ဆိုးဆိုးရွားရွား စိတ်ဓာတ်ကျသွားခဲ့ကြရတယ်..။ သူတို့ထဲက အတော်များများကတော့ လက်လျှော့အရှုံးပေးတော့မယ့် ပုံစံမျိုး ဖြစ်နေခဲ့ကြပါတယ်။ထူးဆန်းတာကတော့ ဒီ ကြောက်စရာကောင်းတဲ့ အပြောင်းအလဲက
ဆန်နီ ထင်ထားခဲ့သလောက် သူတို့ရဲ့ စိတ်ဓာတ်အပေါ် ပြင်းထန်တဲ့ ရိုက်ခတ်မှုမျိုး ဖြစ်မလာခဲ့ပါဘူး…။
အကြောင်းပြချက်ကတော့… သူကပဲအကြောင်းပြချက် ဖြစ်နေခဲ့တယ်..။ ဒါမှမဟုတ် သူ့ရဲ့ ရာထူး နဲ့ ဂုဏ်သတင်းကြောင့်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်..။
မာစတာ တစ်ယောက်ရဲ့ ကယ်တင်မှုကို ရရှိတာက ကယ်ဆယ်ရေးသင်္ဘောပေါ် တက်ရတာနဲ့ အပြည့်အဝ မနှိုင်းယှဉ်နိုင်ရင်တောင်မှ… တက်ရောက်သူ တွေဟာ လူသားတွေကြားထဲမှာတော့ စံပြသင်္ကေတတစ်ခုလိုမျိုး ဖြစ်နေခဲ့ကြပါတယ်..။ သူတော်စင် တွေက လူသားတွေအတွက် အလွန်အမင်း ဆန်းကြယ်ပြီး ဝေးကွာလွန်းလှတာကြောင့်… လူသားတွေရဲ့ စိတ်ထဲမှာတော့ မာစတာတွေကသာ ရဲစွမ်းသတ္တိ.. အောင်မြင်မှုနဲ့ အစွမ်းထက်ခြင်းရဲ့ ထောက်တိုင်တွေ အဖြစ် ကိန်းအောင်းနေခဲ့ကြပါတယ်..။
ဆန်နီ ကတော့ ရဲစွမ်းသတ္တိနဲ့ အောင်မြင်မှုတွေအကြောင်းကို သေသေချာချာ မသိပေမဲ့… တက်ရောက်သူတွေဟာ အလွန်အမင်း အစွမ်းထက်ကြတာ အမှန်ပါပဲ..။ ပြီးတော့ သူက သာမန်ထက် ပိုပြီးတော့တောင် အားကောင်းပါသေးတယ်။
ဒါကြောင့် ပထမအထူးတပ်ဖွဲ့ ရဲ့ မာစတာ ဆန်းလပ်စ် က ယာဉ်တန်းရဲ့ ကွပ်ကဲမှုအာဏာကို လွှဲပြောင်းယူလိုက်ပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာ.. ဒုက္ခသည်တွေဟာ မောပန်းနွမ်းနယ်နေကြတဲ့ ကြားထဲကနေပဲ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြရတယ်..။ ဘာပဲဖြစ်ဖြစ် သူ့မှာက ကြောက်မက်ဖွယ်ကောင်းတဲ့ ကျော်ကြားမှု ရှိနေခဲ့တာပါ..။ အမှန်အတိုင်း ပြောရရင် သာမန်စစ်သားတွေက သတင်းသွားရောက် ပို့ဆောင်တဲ့ အချိန်မှာ သူ့ရဲ့ အောင်မြင်မှုတွေကို တတ်နိုင်သလောက် ချဲ့ကားပြောဆိုခဲ့ကြတယ်လို့ ဆန်နီ ခံစားလိုက်ရပါတယ်..။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းလင်းလှပါတယ်..။ စစ်သားတွေကလည်း အရပ်သားတွေရဲ့ စိတ်ဓာတ်ကို အောက်ခြေအထိ မကျဆင်းသွားအောင် ကာကွယ်ပေးချင်နေခဲ့ကြတာပါပဲ..။
ရလဒ်အနေနဲ့ကတော့… ဒုက္ခသည်တွေဟာ သူ့ကို အိပ်မက်ဆိုး သားရဲတွေ ရဲ့ ဘေးရန်ကနေ ကာကွယ်ပေးမယ့် သူရဲကောင်းတစ်ယောက်လိုမျိုးရော… လူသားတွေကို ကယ်တင်ပေးမယ့်ကယ်တင်ရှင်ကြီးတစ်ဦး အဖြစ်ပါ သတ်မှတ်လိုက်ကြပါတော့တယ်..။ သူတို့တွေ လှမ်းကြည့်ကြတဲ့အခါမှာ.. သူတို့ရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေနဲ့ ကြည်ညိုလေးစားမှုတွေ အပြည့်အဝ ပေါ်လွင်နေခဲ့တာပါ..။
ဆန်နီ ကတော့ ဒီလို အကြည့်တွေကြောင့် ထူးဆန်းပြီး စိတ်အနှောင့်အယှက် ဖြစ်နေခဲ့တယ်..။
‘ငတုံးတွေပဲ..။ မင်းတို့က ဘာလ်ို့ ဒီလောက်တောင် လှည့်စားရ လွယ်ကူနေရတာလဲ…’
ဒီလူတွေက သူတာဝန်ကျခဲ့တဲ့ အခြေချစခန်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ ဆိုတဲ့ အစိတ်အပိုင်းကို မကြားလိုက်ကြတာလား…။ သို့ပေမဲ့ မဟုတ်ပါဘူး.. သူတို့ တကယ်ပဲ မကြားခဲ့ကြတာပါ..။ လူတွေဆိုတာက သူတို့ရဲ့ ယုံကြည်ချက်က အမှန်တရားနဲ့ ဘယ်လောက်ပဲ ကွာဝေးနေပါစေ…သူတို့ကို စိတ်သက်သာရာရစေမယ့် အရာကိုပဲ ယုံကြည်ချင်ကြတာမျိုးပါပဲ..။သူတို့အတွက်တော့ ဒီလို ယုံကြည်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဘယ်အရာကိုမဆို လျစ်လျူရှုဖို့ အံ့ဩစရာကောင်းလောက်အောင် လွယ်ကူလှပါတယ်..။
နောက်ဆုံးတော့… လူတွေကို သူတို့ကိုယ်သူတို့ ပြန်ပြီး လိမ်ညာခိုင်းတာကသာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး လှည့်စားခြင်း ပါပဲ..။
ဘာပဲဖြစ်ဖြစ် ဆန်နီ ကတော့ သူတို့ရဲ့ မှားယွင်းနေတဲ့ အမြင်ကို ပြောင်းလဲပေးဖို့ စိတ်ကူးမရှိပေ…။ ဒါက ဒုက္ခသည်တွေကို ထိန်းချုပ်ရ ပိုမိုလွယ်ကူစေရုံတင်မကပဲ… သူ့မှာ တခြား စဉ်းစားစရာ ကိစ္စရပ်တွေလည်း ရှိနေသေးတာကြောင့်ပါပဲ..။ အထူးသဖြင့်ကတော့ ပျံ့နှံ့နေတဲ့ အခိုက်အတန့် ရဲ့ ကပ်ဆိုးကြီး ပါပဲ..။
အခုဆိုရင် ဆန်နီ က ပထမအိပ်မက်ဆိုး ဆိုတာ သေးငယ်တဲ့ မျိုးစေ့တစ်ခုကနေ မွေးဖွားလာတာကို သိရှိသွားခဲ့ပြီ ဖြစ်တာကြောင့်… ဒါက မြေသြဇာကောင်းတဲ့ နေရာမှာပဲ စိုက်ပျိုးလို့ ရနိုင်မယ်လို့ သူ တွေးမိသွားခဲ့တယ်..။ ကြောက်ရွံ့မှုနဲ့ စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေတဲ့ ဝိညာဉ် က မြေသြဇာကောင်းမွန်မှာ ဖြစ်ပြီး… မျှော်လင့်ချက် ရှိနေတဲ့ ဝိညာဉ်ကတော့ မြေသြဇာ နည်းပါးနေမှာပါ…။
ဒီလို တွေးကြည့်မယ်ဆိုရင်တော့… မှောင်မိုက်တဲ့ ခေတ်ကာလတွေမှာ အိပ်မက်ဆိုး အခိုက်အတန့် ကြီး ကျရောက်လာခဲ့တာက အံ့ဩစရာ မရှိတော့ပါဘူး…။ အဲဒီအချိန်တုန်းက ကမ္ဘာကြီးတစ်ခုလုံးက စိတ်ပျက်အားငယ်မှုတွေထဲမှာ နစ်မြုပ်နေခဲ့တာပါ။
ဖြစ်နိုင်တာကတော့ ယာဉ်တန်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မယ်ဆိုရင်… သာမန်လူသားတွေအနေနဲ့ အိပ်မက်ဆိုး ထဲ ကျရောက်ပြီး သေဆုံးသွားမယ့် အရေအတွက်ကို လျှော့ချနိုင်ပါလိမ့်မယ်..။
‘ကိုယ်ကိုကို ပြန်ကြည့်ဦး..ငါက ဗျူဟာမြောက် စဉ်းစားတွေးခေါ်နိုင်စွမ်းတောင် ရှိနေပြီပဲ.."
ဆန်နီ ခေါင်းခါယမ်းလိုက်ရင်း ရိုင်နို ဆီကို ပြန်လျှောက်လာကာ အထဲကို တက်လိုက်ပါတယ်..။ မီတာတစ်ရာတောင်မပြည့်တဲ့ အကွာအဝေးရဲ့နှင်းတွေအောက်မှာ.. နိုးထသူ နတ်မိစ္ဆာ တစ်ကောင်ရဲ့ ပာာအလောင်းကြီး ရှိနေတာကို သတိရလိုက်မိတာကြောင့်… သူက ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားချင်နေခဲ့တယ်..။ ဒါပေမဲ့ ဒီလို မလုပ်ခင်မှာ သူ လုပ်စရာ အနည်းငယ် ရှိနေပါသေးတယ်..။
“ပရော်ဖက်ဆာ အိုဘယ်.. ကျွန်တော် ပရော်ဖက်ဆာနဲ့ စကား ခနလောက် ပြောလို့ ရမလား…”
လူအိုကြီးက ပထမမျိုးဆက်ရဲ့ ဆိုးဝါးတဲ့ ဖြစ်ရပ်တွေကို ဖြတ်သန်းလာခဲ့သူ ဖြစ်တာကြောင့်… ဆန်နီ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့ အကြံဉာဏ်တွေကို ပေးနိုင်မှာ သေချာပါတယ်..။
ပြီးတော့ ပရော်ဖက်ဆာနဲ့ စကားပြောလိုက်တာက အမှန်တကယ်ပဲ သူ့ကို ကောင်းမွန်တဲ့ အတွေးအခေါ် အချို့ ရရှိစေခဲ့တယ်..။ သို့ပေမယ့် အိပ်မက်ဆိုးချိန်းကြိုး လိုမျိုး အဖြစ်အပျက်က ကမ္ဘာ့သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးသေးတာကြောင့်… ဒါကို ဘယ်လို ဖြတ်သန်းရှင်သန်ရမလဲဆိုတဲ့ လမ်းညွှန်စာအုပ်မျိုးတော့ မရှိပါဘူး…။ သူက ကိုယ်ပိုင် အဖြေရှာဖွေမှုတွေကိုသာ ထုတ်ဖော်ရတော့မှာပါ..။
ဆယ်မိနစ်ခန့် ကြာပြီးတဲ့နောက်မှာတော့.. ဆန်နီ ဟာ ရိုင်နို ရဲ့ ကွပ်ကဲမှုအခန်းထဲမှာ သူ့ရဲ့ အဖွဲ့ဝင်တွေအပြင် ပရော်ဖက်ဆာ အိုဘယ်.. ဘတ် နဲ့ ဆာဂျင် ဂီရီ တို့ကိုပါ စုဝေးစေလိုက်တယ်..။
သူက အချိန်ဆွဲမနေဘဲ တည့်တည့်ပဲ စကားစလိုက်ပါတယ်..။
“အခြေအနေက အကောင်းကြီး မဟုတ်တာကြောင့် ငါ အကျဉ်းချုပ်ပဲ ပြောတော့မယ်..။ ငါတို့ရဲ့ ပထမဆုံး တာဝန်က ယာဉ်တန်းမှာ ပါတဲ့ ယာဉ်တွေကို စစ်ဆေးဖို့နဲ့ လိုအပ်တာကို ပြုပြင်ထိန်းသိမ်းဖို့ပဲ..။ ဒါမှ ယာဥ်တွေက တောင်တန်းတွေကို ဖြတ်သန်းနိုင်လိမ့်မယ်..။ ဒါပေမဲ့ ငါတို့ က ဒါကို ဒီလို ကွင်းပြင်ကြီးထဲမှာ လုပ်လို့ မရဘူး..။ ငါတို့ ရှိနေတဲ့ တည်နေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ စွန့်ပစ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ဘန်ကာတစ်ခု ရှိတယ်…။ အားလုံး အဆင်ပြေမယ်ဆိုရင် ငါတို့က အဲ့နေရာကို တစ်ရက်အတွင်း ရောက်ရှိမှာ ဖြစ်ပြီး စခန်းချနိုင်လိမ့်မယ်…”
သူ့ရဲ့ တွေးခေါ်ပုံကတော့ အတော်လေး ရိုးရှင်းပါတယ်..။ အရပ်သားတွေကို ကျဉ်းမြောင်းတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေထဲမှာ အိပ်ခိုင်းလို့ မရပါဘူး…။ဘာလို့လဲဆိုတော့ ယာဉ်ရဲ့အထဲမှာ တစ်ယောက်ယောက်က အိပ်မက်ဆိုး သားရဲ အဖြစ် ပြောင်းလဲသွားမယ်ဆိုရင်.. နောက်ဆက်တွဲ အကျိုးဆက်က ကြောက်စရာကောင်းလောက်အောင် ပြင်းထန် ပါလိမ့်မယ်..။ ဒါ့ကြောင့် အကောင်းဆုံးကတော့ သူတို့တွေ အနားယူဖို့ လိုအပ်တဲ့ အချိန်တိုင်းမှာ ကောင်းကောင်း ကာကွယ်ထားနိုင်တဲ့ စခန်းချစရာ နေရာတစ်ခုကို ရှာဖွေရမှာပါ..။
အမှောင်ခေတ်ကာလ ကတည်းက ရှိနေခဲ့တဲ့ အဲဒီ ဘန်ကာဟောင်းကတော့ သမုဒ္ဒရာနဲ့ လုံလောက်တဲ့ အကွာအဝေးမှာ ရှိတဲ့ တောင်တန်းတွေထဲမှာ ပုန်းကွယ်နေခဲ့တာပါ..။ ဒါက အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဆောင်ဖို့အတွက် သင့်တော်တဲ့ နေရာတစ်ခုပါပဲ..။
ဆန်နီ က စကားကို ခနရပ်လိုက်ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို လေးနက်တဲ့ မျက်နှာအမူအရာနဲ့ ကြည့်လိုက်တယ်..။
“လောလောဆယ်တော့ ငါတို့က ပုံမှန် စစ်ကြောင်းပုံစံအတိုင်းပဲ သွားကြမယ်..။ ငါတို့ရဲ့ လက်ရှိ တာဝန်က ဘာအကျအဆုံးမှ မရှိစေဘဲ ဘန်ကာဆီ ရောက်အောင် သွားဖို့ပဲ..။ ငါတို့ သတိထားရမယ့် ခြိမ်းခြောက်မှု နှစ်မျိုး ရှိတယ်…။ အဲဒါကတော့ အပြင်က ရန်နဲ့ အတွင်းက ရန်ပဲ..။ အပြင်က ရန်နဲ့ ပတ်သက်ပြီးတော့ ငါ ဘာမှ ထွေထွေထူးထူး မပြောတော့ဘူး…။ ရန်သူနဲ့ တွေ့ရင် တိုက်ခိုက်ရုံပဲ ရှိလိမ့်မယ်.။ ဒါပေမဲ့ အတွင်းက ရန်နဲ့ ပတ်သက်ရင်တော့…စစ်သားတွေက အရပ်သားတွေကို အချိန်ပြည့် စောင့်ကြည့်နေဖို့ ငါ အလိုရှိတယ်..။ ဘယ်သူ့ကိုမှ အိပ်ပျော်မသွားစေနဲ့…”
သူက ခနလောက် တွန့်ဆုတ်နေခဲ့ပြီးမှ ထပ်ပြီး ပြောကြားလိုက်ပါတယ်..။
“သယ်ယူပို့ဆောင်ရေးယာဉ် တစ်စီးကို လုံးဝ အလွတ်ဖြစ်အောင် ရှင်းလင်းပြီး.. အဲဒီထဲက ခရီးသည်အားလုံးကို ကျန်တဲ့ လေးစီးထဲကို ရွှေ့ပြောင်းလိုက်ကြ..။ အဲဒါက ငါတို့ရဲ့ ရွေ့လျား ဆေးပေးခန်း ဖြစ်လာလိမ့်မယ်..။ တကယ်လို့ တစ်ယောက်ယောက်က အိပ်ပျော်သွားရင် နှိုးလိုက်ကြ..။ တကယ်လို့ နှိုးလို့ မရဘူးဆိုရင်တော့ အိပ်ပျော်နေတဲ့သူတွေကို ဆေးပေးခန်းဆီ ရွှေ့ပြောင်းကြရမယ်။သူက… ပထမအိပ်မက်ဆိုး ကို မအောင်မြင်ဘဲ ရှုံးနိမ့်သွားခဲ့ရင် ချက်ချင်း အဆုံးသတ်ပစ်ဖို့ ပြင်ဆင်ထားကြပါ…”
ဆာဂျင် ဂီရီ ကတော့ တုန်လှုပ်သွားခဲ့ပေမဲ့ တိတ်ဆိတ်နေဆဲပါပဲ..။ သာမန်စစ်သားတွေအတွက်တော့ အိပ်မက်ဆိုး သားရဲတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့က မလွယ်ကူလှပါဘူး…။ အထူးသဖြင့် အကာအကွယ်အက်ျီတွေ မပါပဲနဲ့.. ရွေ့လျားနေတဲ့ ယာဉ်တစ်စီးရဲ့ အတွင်းထဲမှာ တိုင်ခိုက်ရမယ် ဆိုရင် ပိုလို့တောင် မလွယ်ကူပါသေးတယ်..။
ဆန်နီ ကတော့ ဒီအချက်ကို ကြိုတင် စဉ်းစားထားခဲ့ပြီးသားပါ..။ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ် ငါးစီးနဲ့ သူတို့ကို စောင့်ရှောက်လာတဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်
လေးစီး ရှိနေတာကြောင့်.. တွက်ချက်ရတာက သိပ်ပြီး မခက်ခဲပါဘူး…။
သူက အဖွဲ့သား တွေကို ကြည့်လိုက်တယ်..။
“လူစတာ က ရိုင်နို ကို မောင်းလိမ့်မယ်..။ မင်းတို့ထဲက တစ်ယောက်စီကတော့ အခုကစပြီး သယ်ယူပို့ဆောင်ရေးယာဉ် တစ်စီးစီရဲ့ အတွင်းထဲမှာ တာဝန်ယူကြရမယ်..။ ဒုက္ခသည်တွေကို ဘေးကင်းအောင် စောင့်ရှောက်ပြီး ပတ်ဝန်းကျင်ကို သေချာ စောင့်ကြည့်ကြ..။ တကယ်လို့ ယာဉ်တန်းက ခြုံခိုတိုက်ခိုက်ခံရပြီး ရန်သူတွေက ငါ့ကို ဖြတ်ကျော်သွားနိုင်ခဲ့ရင်… ဘယ်သူမှ မသေဆုံးစေဖို့က မင်းတို့ရဲ့ တာဝန်ပဲ…။ ဒါမှမဟုတ် အနည်းဆုံးတော့ အကျအဆုံးအနည်းဆုံး ဖြစ်အောင် လုပ်ရမယ်..။ ဘယ်လီ .. မင်းက ဆေးပေးခန်းကို စောင့်ကြည့်ပါ..။ ကျန်တဲ့သူတွေကတော့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို မင်းတို့အချင်းချင်း ခွဲဝေယူကြ..။ ဆာဂျင် ဂီရီ .. စစ်ဘက်ဆိုင်ရာ ယာဉ်တွေပေါ်က အဖွဲ့သားတွေကတော့ သူတို့ဘာသာသူတို့ တာဝန်ယူရလိမ့်မယ်..။ အဲဒီ စည်းကမ်းချက်အတိုင်းပဲ ကျင့်သုံးရမယ်…”
စစ်သားက ခေါင်းညိတ်ပြလိုက်တယ်..။
“ဟုတ်ကဲ့ပါ ဆရာ…”
ယင်းနောက်မှာတော့ သူတို့အားလုံးက သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြပါတယ်..။
ဆန်နီ က မျက်မှောင်ကျုတ်သွားခဲ့ပြီး..
“ဘာကို စောင့်နေကြတာလဲ..။ သွားကြတော့.. ငါ ကမ်းရိုးတန်းကနေ မြန်မြန် ထွက်သွားချင်နေပြီ…”
အပိုင်း ( ၉၀၇ ) ပြီး၏။
အပိုင်း ( ၉၀၈ ) တာဝန်ခွဲဝေခြင်း
ခနလောက် ရပ်နားပြီးတဲ့နောက်မှာတော့.. ပျက်စီးယိုယွင်းနေတဲ့ ယာဉ်တန်းဟာ တစ်ဖန် ပြန်လည် လှုပ်ရှားလာခဲ့တယ်..။ ရိုင်နို က အရှေ့ဆုံးကနေ ဦးဆောင်မောင်းနှင်နေခဲ့ပြီး သူ့အနောက်မှာတော့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ် ငါးစီးက လိုက်ပါလာခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ ယာဉ်နှစ်စီးက ဘေးတစ်ဖက်တစ်ချက်ကနေ ဝန်းရံပေးထားခဲ့ပြီး နောက်ထပ် နှစ်စီးကတော့ အနောက်ဘက်ကနေ ကာကွယ်ပေးထားခဲ့တယ်..။ တောင်တန်းတွေရဲ့ အထက်ပိုင်းဆီကို ပိုမိုတက်လှမ်းသွားတဲ့အချိန်မှာ ဒီလို စစ်ကြောင်းပုံစံကို ဆက်လက်ထိန်းသိမ်းထားဖို့ မဖြစ်နိုင်တော့ပေမဲ့… လောလောဆယ်တော့ လမ်းတွေက လုံလောက်အောင် ကျယ်ဝန်းနေဆဲပါပဲ..။
သူတို့တွေဟာ အကွေ့တစ်ခုကို ချိုးကွေ့လိုက်ရင်း ကမ်းရိုးတန်းကနေ ဝေးရာဆီကို မောင်းနှင်လာခဲ့ကြပါတယ်။ပြီးတာနဲ့.. တောင်တန်းတွေရဲ့ အစွန်းပိုင်းဆီကို တဖြည်းဖြတ် ချဉ်းကပ်တက်လှမ်းလာခဲ့ကြတယ်..။ဆန်နီဟာ ရိုင်နို ရဲ့ ကွပ်ကဲမှု အခန်းထဲက များပြားလှတဲ့ မျက်နှာပြင်စခရင်တွေကို စောင့်ကြည့်နေရင်းနဲ့…လွန်ခဲ့တဲ့ တစ်လက LO49 ဆီကို ဦးတည်သွားနေခဲ့တုန်းက သူ့ရဲ့ အရိပ်တွေကနေတဆင့် ဒီဒေသတစ်ခုလုံးကို ကြိုတင်စူးစမ်းထားခဲ့မိတာကို တကယ်ပဲကျေးဇူးတင်မိနေခဲ့တယ်..။
သူက ကွေ့ကောက်နေတဲ့ တောင်ပတ်လမ်းတွေ.. ကုန်းစောင်းတွေနဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေရဲ့ ပုံသဏ္ဌာန်ကို အကြမ်းဖျင်း သိရှိထားခဲ့သလို.. ဘယ်လမ်းကြောင်းကို ရွေးချယ်ရမလဲဆိုတာကိုလည်း ကောင်းကောင်းကြီး နားလည်နေခဲ့ပါတယ်..။ ဘယ်နေရာတွေက အန္တရာယ်အရှိဆုံးလဲ.. ဘယ်နေရာတွေမှာ အကြီးစား ခြုံခိုတိုက်ခိုက်မှုတွေ စောင့်ကြိုနေနိုင်သလဲဆိုတာနဲ့.. ဘယ်နေရာတွေမှာ စခန်းချဖို့ အဆင်ပြေနိုင်မလဲဆိုတာကိုလည်း သူ သိနေခဲ့တယ်..။
ဒီတောင်တန်းတွေရဲ့ အစိတ်အပိုင်းတွေက ဝင်္ကပါတစ်ခုလိုမျိုး ဖြစ်နေခဲ့တာပါ..။ ပြီးတော့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေက ရိုင်နို ရဲ့ အနောက်ကနေ လိုက်ပါလာခဲ့ကြတာကြောင့်… ယာဉ်တန်းရဲ့ လှုပ်ရှားသွားလာနိုင်စွမ်းက အတော်လေးကို လျော့နည်းသွားခဲ့ရတယ်..။ ယာဉ်တန်း ဖြတ်သန်းသွားနိုင်မယ့် လမ်းကြောင်းက အကန့်အသတ်ပဲ ရှိနေခဲ့ပေမဲ့… ကံကောင်းထောက်မစွာနဲ့ပဲ ဆန်နီ က ဒီလမ်းကြောင်းအားလုံးကို မှတ်မိနေခဲ့ပါတယ်..။
ဒါပေါ့.. တစ်လတာ အတွင်းမှာ အရာများစွာ ပြောင်းလဲသွားနိုင်ပါတယ်..။ သူတော်စင် သုံးယောက်နဲ့ အမည်မသိ တိုက်တန် တစ်ကောင်တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် မြောက်ပိုင်းက တောင်ထိပ်တွေ ပြိုလဲကျပြီး… အားကောင်းတဲ့ ငလျင်တစ်ခုကို ဖြစ်ပေါ်စေခဲ့တာပါ..။ အဲဒီတိုက်ပွဲရဲ့ အားနည်းတဲ့ လှိုင်း တစ်ခုလောက်ကပဲ ဒီဒေသဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမဲ့… ဒါက မြေပြင်အနေအထားကို ပြောင်းလဲပစ်ဖို့အတွက် လုံလောက်တဲ့ အလားအလာ ရှိနေဆဲပါပဲ..။
အရင်က ပွင့်နေခဲ့တဲ့ လမ်းတွေကို ပိတ်ဆို့သွားစေမယ့် ကျောက်ခဲပြိုကျမှုတွေ ရှိလာနိုင်သလို.. အချို့လမ်းတွေကလည်း အရိုးရှင်းဆုံး ပုံစံနဲ့ ပြိုကျပျက်စီးသွားခဲ့လောက်ပါပြီ..။ ရေခဲမြစ် တစ်ခု သို့မဟုတ် နှစ်ခုလောက်ကလည်း ပြိုဆင်းလာခဲ့ပြီး သူတို့ရဲ့ လမ်းကြောင်းပေါ်မှာ ရှိသမျှ အရာအားလုံးကို ချေမှုန်းဖျက်ဆီးထားခဲ့နိုင်ပါသေးတယ်..။ ပြီးတော့ သေချာတာကတော့.. အမှောင်ထုထဲမှာ ပုန်းအောင်းနေကြတဲ့ အိပ်မက်ဆိုး သားရဲတွေ ရဲ့ အုပ်စုတွေလည်း ရှိနေခဲ့တာပါ..။
နှင်းတွေလည်း ရှိနေခဲ့ပါသေးတယ်..။ နှင်းမုန်တိုင်းက အားနည်းသွားတော့မယ့် ပုံစံမျိုး ဖြစ်နေခဲ့ပေမဲ့လည်း…ကမ္ဘာကြီးကို နှင်းတွေက လွှမ်းခြုံထားခဲ့ပြီးသားပါ..။ ရလဒ်အနေနဲ့ ရိုင်နို ဟာ သူ့ရဲ့ အရှေ့ပိုင်း ဘော်ဒိုဇာ သံချပ်ကာ ကို အောက်ကို နှိမ့်ချလိုက်ရပြီး… ယာဉ်တန်းအတွက် ရှေ့ကနေ လမ်းရှင်းပေးခဲ့ရတယ်..။ ဒီလိုမျိုးနဲ့ပဲ ဂုဏ်ယူဝံ့ကြွားစရာကောင်းတဲ့ စစ်ပွဲသုံး ယန္တရားကြီးဟာ နှင်းရှင်းကားတစ်စီးရဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ကစားဖို့ ဖြစ်လာခဲ့ရတယ်..။
ခရီးစဉ်ကတော့ စိတ်ပျက်စရာကောင်းလောက်အောင် နှေးကွေးလွန်းနေခဲ့ပါတယ်..။
ဆန်နီ ဟာ အရှေ့ဘက်ကို တစ်ပြိုင်နက်တည်း စူးစမ်းရသလို.. ယာဉ်တန်းကို ဘယ်လိုမျိုး စီမံခန့်ခွဲရမလဲဆိုတာကိုလည်း လေးလေးနက်နက် တွေးတောနေခဲ့ရတယ်..။ သူက ပြဿနာတွေ အမှန်တကယ် မဖြစ်ပွားလာခင်မှာ တတ်နိုင်သမျှ များပြားတဲ့ ပြဿနာတွေကို ကြိုတင်စဥ်းစားထားချင်ခဲ့တာပါ..။ ဒါမှလည်း ပြဿနာတွေကို ကာကွယ်တားဆီးနိုင်ဖို့ မျှော်လင့်ချက် ရှိလာမှာ မို့လို့ပါပဲ..။ သေးငယ်တဲ့ အဖွဲ့ငယ်လေးတစ်ခုကို ကွပ်ကဲရတာက လွယ်ကူခဲ့ပေမဲ့… အခုတော့ ရာပေါင်းများစွာသော လူတွေက သူ့အပေါ်မှာ မှီခိုနေခဲ့ကြရပါပြီ..။ တာဝန်ရဲ့ ရှုပ်ထွေးမှုနဲ့ လှုပ်ရှားနေတဲ့ အစိတ်အပိုင်း အမြောက်အမြားက သူ့ကို ခေါင်းကိုက်စေပါတယ်..။
အမှောင်ထုရဲ့ ဝါးမြိုခြင်းကို ခံနေရပြီး… စစ်ပွဲဒဏ်သင့်ကာ ကပ်ဘေးဆိုးကြီးနဲ့ ကြုံတွေ့နေရတဲ့ ဒီတိုက်ကြီးထဲမှာ ဒုက္ခသည်ယာဉ်တန်း
တစ်ခုကို လမ်းပြပေးဖို့ ကြိုးစားရတဲ့
သည်းထိတ်ရင်ဖို စမ်းသပ်မှု အကြောင်းကိုတော့ ထည့်ပြောနေဖို့တောင် မလိုတော့ပါဘူး..။
‘…အနည်းဆုံးတော့ ဒီတစ်ခေါက်မှာ ကြီးမားတဲ့ တာဝါကြီး မရှိတာပဲ တော်သေးတယ်…’
ဆန်နီ ဟာ ခါးသီးစွာ ပြုံးလိုက်ရင်း ခေါင်းကို တစ်ဖက်လှည့်ကာ ဘတ် ကို လှမ်းကြည့်လိုက်တယ်..။ သူမကတော့ အပြင်ဘက် ကင်မရာကနေ ပြသနေတဲ့ မြင်ကွင်းတွေကို ဘာခံစားချက်မှ မရှိတဲ့ မျက်နှာအမူအရာနဲ့ စိုက်ကြည့်နေခဲ့တာပါ..။
သူ့ရဲ့ စိုက်ကြည့်မှုကို ခံစားမိသွားခဲ့တာကြောင့် သူမက ပြန်လည် ကြည့်လာခဲ့တယ်..။
“…ဘာကြည့်တာလဲ…”
ဆန်နီ သူမကို ခနလောက် အကဲခတ်ကြည့်နေပြီးမှ..
“ဘတ် .. မင်းမှာ စီမံခန့်ခွဲရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှိတယ် မဟုတ်လား…”
မိန်းကလေးက ဇဝေဇဝါ ဖြစ်သွားတဲ့ ပုံစံနဲ့ မျက်မှောင်ကျုတ်လိုက်တယ်။
“ရှိတာပေါ့..။ ကျွန်မက ပရော်ဖက်ဆာ ကိုယ်စား အဲလို အလုပ်မျိုးတွေကို အမြဲ လုပ်ပေးခဲ့ရတာပဲ..။ သုတေသန အဆောက်အအုံတစ်ခုကို လည်ပတ်ဖို့ဆိုတာ ရုံးလုပ်ငန်း စာရွက်စာတမ်းတွေ အများကြီး လုပ်ရတယ်ဆိုတာ ရှင်လည်း သိမှာပါ…”
သူက ခေါင်းညိတ်ပြလိုက်တယ်..။
“ကောင်းပြီလေ.။ ဒါဆိုရင်တော့ ဂုဏ်ယူပါတယ်..။ အခုကစပြီး မင်းက ဒုက္ခသည်တွေကို တာဝန်ယူရမယ့်လူ ဖြစ်သွားပြီ…”
ဘတ် က မျက်တောင် အနည်းငယ် ခတ်လိုက်တယ်။
“ဘာဖြစ်တယ်..။ နေဦး…အဲတာက ဘာကို ဆိုလိုတာလဲ…”
ဆန်နီ က ပခုံးတွန့်ပြလိုက်ပြီး..
“ငါ ဆိုလိုတာက မင်းက သူတို့ရဲ့ ရှင်သန်မှုအတွက် တာဝန်ရှိသူ ဖြစ်သွားပြီလို့ ပြောတာပဲ..။ အစားအစာ.. ရေ.. ကျန်းမာရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားလုံးပဲ..။ အရပ်သားတွေထဲကနေ တာဝန်ယူတတ်တဲ့ လူတွေကို ရှာဖွေပြီး.. မင်းကိုယ်တိုင် ဖြေရှင်းနိုင်တဲ့ ဘယ်လို ပြဿနာကိုမဆို သူတို့နဲ့ ပူးပေါင်းဖြေရှင်းပေးပါ..။ ကျန်တဲ့အပိုင်းကိုတော့ ငါ့ဆီကို အစီရင်ခံပေါ့..။ မင်းက ငါနဲ့ အရပ်သားတွေကြားထဲက တစ်ဆင့်ခံလူ ဖြစ်လာလိမ့်မယ်..။ နားလည်တယ် မဟုတ်လား…”
သူမက မျက်မှောင်ကျုတ်ထားခဲ့တယ်။
“နားလည်ပါတယ်..။ ဒါပေမဲ့ ကျွန်မရဲ့ အဓိက တာဝန်က ပရော်ဖက်ဆာပဲ…”
ဆန်နီ က ခေါင်းကို ခါယမ်းလိုက်ပြီး လက်ကို ဝေ့ယမ်းကာ ပြောလိုက်ပါတယ်..။
“သူကလည်း အရပ်သားတစ်ယောက်ပဲ မဟုတ်ဘူးလား…။ အခု ငါတို့က ဒုက္ခသည်ယာဉ်တန်းကို လိုက်ပြီးစောင့်ရှောက်ပေးနေရတာ ဖြစ်တဲ့အတွက်… အရာအားလုံး အဆင်ပြေချောမွေ့နေအောင် လုပ်ဆောင်တာက မင်းရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက်လည်း ဟုတ်တယ်လေ..။ ယာဉ်တန်းက ပိုပြီး ဘေးကင်းလေလေ.. လူအိုကြီးကလည်း ပိုပြီး ဘေးကင်းလေလေပဲ ဖြစ်မှာပဲ..။ ဘာပဲဖြစ်ဖြစ် ငါက ဒီလို ကိစ္စရပ်တွေကို တစ်ယောက်ယောက်ဆီ တာဝန်ခွဲဝေပေးဖို့ လိုအပ်တယ်..။ မဟုတ်ရင် ငါက စစ်ရေးဆိုင်ရာ ကိစ္စတွေကို အာရုံစိုက်နိုင်မှာ မဟုတ်ဘူး..။ အဲဒါဆိုရင် ပရော်ဖက်ဆာ အပါအဝင် ငါတို့အားလုံးရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်သွားလိမ့်မယ်..။ မင်းက လူအိုကြီးကို ဂရုမစိုက်တဲ့ တခြားတစ်ယောက်ယောက်ဆီကို အရေးပါတဲ့ကိစ္စတွေ အပ်နှံလိုက်တာမျိုးကို ပိုပြီး သဘောကျတာလား…”
သူမက သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ နှာခေါင်းရှုံ့လိုက်တယ်..။
“ကောင်းပြီလေ..။ ဒါဆိုရင်တော့ ကျွန်မက
အိမ်တော်ထိန်း ဖြစ်လာရတော့မှာပေါ့..။
ရှင်ကတော့ အစောင့်ခွေးပဲ လုပ်လိုက်တော့…”
ဆန်နီ က ပြုံးလိုက်ပြီ
“ဒါက တကယ် မဆိုးဘူး..။ ငါ ကြားဖူးတာတော့ ခွေးတွေအားလုံးက တစ်နေကုန် အိပ်ရုံတင်မကပဲ ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံ ခံရတယ်တဲ့..။ ဘယ်သူက အဲဒီလိုမျိုး မနေချင်ဘဲ နေမှာလဲ…”
မိန်းကလေးက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပေမယ့် ဘာမှ ပြန်မပြောခဲ့ပါဘူး။
.....
ချောက်ကမ်းပါးတစ်ခုရဲ့ ဘေးဘက်မှာ ကပ်နေတဲ့ တောင်ပတ်လမ်းရဲ့ အထက်ဘက်မှာတော့… နှင်းတွေ ဖုံးလွှမ်းနေတဲ့ ကျောက်ဆောင် အမြင့်ကြီးတစ်ခု ရှိနေခဲ့ပါတယ်..။ ကျောက်ဆောင်မျက်နှာပြင်ပေါ်က နက်ရှိုင်းတဲ့ ကျောက်စွန်းတစ်ခုပေါ်မှာတော့… အော်ဟစ်မြည်တမ်းနေတဲ့ လေပြင်းတွေရဲ့ ရန်ကနေ ပုန်းကွယ်နေကြတဲ့ သားရဲ တစ်ဒါဇင်ခန့်ဟာ အမှောင်ထုထဲမှာ ဝပ်နေခဲ့ကြတယ်..။
ဒီ အိပ်မက်ဆိုး သားရဲတွေ က အနားယူနေခဲ့ကြတာ ဖြစ်ပြီး… သူတို့ရဲ့ သွေးဆာနေတဲ့ မျက်လုံးတွေက နှင်းမုန်တိုင်းထဲကို ရည်ရွယ်ချက်မရှိဘဲ စိုက်ကြည့်နေခဲ့ကြပါတယ်။
ယင်းနောက်မှာတော့ တစ်စုံတစ်ခုက ပြောင်းလဲသွားခဲ့တယ်..။
ဒီသားရဲတွေက ဖျော့တော့တဲ့ အနံ့တစ်ခုကို ရရှိလိုက်သလိုမျိုးပဲ.. စတင် လှုပ်ရှားလာခဲ့ကြတယ်..။သူတို့ရဲ့ ပါးစပ်ကြီးတွေက ပွင့်လာခဲ့ကြပြီး ခြောက်သွေ့နေတဲ့ အရေပြားအောက်က ကြွက်သားတွေကလည်း လှုပ်ခတ်လာခဲ့ကြတယ်..။ သူတို့တွေဟာ နှင်းတွေထဲကနေ တစ်ကောင်ပြီးတစ်ကောင် ထရပ်လိုက်ကြပြီး နားစွင့်လိုက်ကြပါတော့တယ်..။
အဝေးကနေ အင်ဂျင်သံတွေနဲ့ ဘီးတွေရဲ့ လည်ပတ်သံတွေကို ကြားလိုက်ရတယ်..။ဒီဆိုးဝါးတဲ့ သားရဲတွေရဲ့ မျက်လုံးတွေထဲမှာတော့ ရူးသွပ်တဲ့ မီးတောက်တွေ တောက်လောင်လာခဲ့ကြပါတယ်။… သူတို့ရဲ့ ပါးစပ်တွေထဲကနေလည်း အက်ရှတဲ့ ဟိန်းသံတွေ ထွက်ပေါ်လာခဲ့ကြတယ်..။အိပ်မက်ဆိုး သားရဲတွေ သူတို့ရဲ့ သန်မာတဲ့ ခြေလက်တွေကို အသုံးပြုရင်း… လူသားတွေရဲ့ အသားကို စားသောက်ချင်တဲ့ အလိုဆန္ဒတွေနဲ့အတူ ကျောက်တုံးရဲ့ အစွန်းဘက်ဆီကို ဦးတည်ရွေ့လျားလာခဲ့ကြပါတယ်..။
…သို့ပေမယ့် သူတို့တွေ မလှုပ်ရှားနိုင်ခင်မှာပဲ… အရိပ်တစ်ခုက သူတို့ကြားထဲမှာ ရုတ်တရက် လှုပ်ရှားသွားခဲ့တယ်။ယင်းနောက်.. တစ်စုံတစ်ခုက အုပ်စုရဲ့ အလယ်ဗဟိုဆီကို ဆင်းသက်လာခဲ့တာကြောင့် နှင်းတွေက လေထဲဆီကို လွင့်စင်တက်သွားခဲ့ပါတယ်..။ သားရဲတွေ ဟာ ဒါက ဘာလဲဆိုတာကို ကြည့်ဖို့အတွက် အချိန် ခနလေးသာ ရလိုက်ကြတယ်..။
ထိုနေရာ.. သူတို့ရဲ့ အလယ်ဗဟိုမှာတော့ လှပတဲ့ကျောက်စိမ်းရောင် ဓား တစ်လက်ကို ကိုင်ထားတဲ့… အနက်ရောင် ချပ်ဝတ်နဲ့ သူရဲကောင်းတစ်ယောက်က မတ်တပ်ရပ်နေခဲ့တာပါ..။ စက္ကန့်ပိုင်းလောက် ကြာပြီးတဲ့နောက်မှာတော့ အဖြူရောင် ဓားသွားက လျှပ်စီးလက်သလို ဝင်းခနဲ ဖြစ်သွားခဲ့ပါတယ်..။
…ရိုင်နို ရဲ့ အတွင်းထဲမှာတော့ ဆန်နီ က နားထဲကို တိုးတိုးလေးပြောနေတဲ့ အခိုက်အတန့် ရဲ့ အသံကို နားထောင်ရင်း မျက်လုံးကို ခနလောက် မှိတ်ထားခဲ့မိတယ်..။ ယာဉ်တန်းကတော့ တောင်တန်းတွေရဲ့ အထက်ပိုင်းဆီကို ဆက်လက်တက်လှမ်းနေခဲ့တာပါ..။ သူတို့တွေက နှေးကွေးစွာ လှုပ်ရှားနေခဲ့ကြပေမဲ့လည်း လောလောဆယ်အထိတော့ ပြင်းထန်တဲ့ ပြဿနာတွေနဲ့ မကြုံတွေ့ရသေးပါဘူး…။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့… သူ ကာကွယ်ပေးထားတဲ့ ယာဉ်တစ်စီးဆီကနေ ရေဒီယို ဆက်သွယ်မှုကို ရုတ်တရက် လက်ခံရရှိခဲ့တယ်..။
“မာ… စတာ ဆန်းလပ်… စ်… ဆရာ…”
လိုင်းရှုပ်ထွေး မှုတွေကြောင့် ပြတ်တောက်နေတဲ့ ဆာဂျင် ဂီရီ ရဲ့ အသံက ထွက်ပေါ်လာခဲ့တာပါ..။ ဆန်နီ က လိုင်းပိုမိုကောင်းမွန်အောင် ခလုတ်အချို့ကို ချက်ချင်း နှိပ်လိုက်ပြီးမှ..
“ဘာဖြစ်လို့လဲ..။ အန္တရာယ် ရှိလို့လား…”
ဒီလူက ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ သံသယဖြစ်နေတဲ့ အသံနဲ့ ပြန်လည် ဖြေကြားလာခဲ့ပါတယ်..။
“မဟုတ်ဘူး… ဟုတ်ပါတယ်..။ ကျွန်တော်လည်း သေချာမသိဘူး ဆရာ..။ အရှေ့က ကျောက်တောင်ဘေးမှာ… သွေးတွေ စီးကျနေလို့ပါ…”
သူ့ရဲ့ အသံက စိုးရိမ်ပူပန်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပါတယ်..။
တစ်စက္ကန့်အကြာမှာ ပြန်လည် တုံ့ပြန်လာတဲ့ အသံကြောင့် စစ်သားက တုန်လှုပ်သွားခဲ့ရတယ်..။
“…ဂရုမစိုက်နဲ့..။ အခြေအနေတွေကို ထိန်းချုပ်ထားပြီးသား..။ သေသေချာချာ အာရုံစိုက်ပြီးသား ရှေ့ကို ဆက်မောင်းလာခဲ့…”
ဂီရီ က သူ့လက်ထဲက ရေဒီယိုကို စိုက်ကြည့်လိုက်ပြီးမှ သူ့ဘေးက စစ်သားကို လှမ်းကြည့်လိုက်တယ်..။
“သူက အခြေအနေကို ထိန်းချုပ်ထားပြီးသားလို့ ပြောတယ်…”
တခြား စစ်သားက တုန်ရီသွားခဲ့ပြီး..
“ဒါဆိုရင်တော့ တကယ် ထိန်းချုပ်ထားပြီးသား ဖြစ်မှာပါ…”
သူတို့တွေဟာ သွေးတွေ ယိုစီးကျနေတဲ့ ကျောက်တောင်ဘေးဆီကို ချဉ်းကပ်လာခဲ့ကြပြီး ဘေးကနေ မောင်းနှင် ဖြတ်သန်းသွားခဲ့ကြရတယ်..။ ဘာမှတော့ ဖြစ်မလာခဲ့ပါဘူး…။
ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ နောက်ထပ် နာရီအနည်းငယ်က ကုန်လွန်သွားခဲ့ပြန်တယ်..။ သို့ပေမယ့် ဘယ်သားရဲကမှ ယာဉ်တန်းကို ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခု ပေးနိုင်စွမ်း မရှိခဲ့ကြပါဘူး…။ ညနေပိုင်း ရောက်တဲ့အခါမှာတော့ ကောင်းကင်ယံက ကြယ်တာရာတွေကို မြင်တွေ့နိုင်လောက်တဲ့အထိ နှင်းမုန်တိုင်းက ပါးလွှာသွားခဲ့တယ်။… နောက်ဆုံးမှာတော့ သူတို့က ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်လာခဲ့ကြပါပြီ။
အရှေ့ဘက်က.. မြင့်မားတဲ့ ကျောက်ဆောင်တွေကြားထဲမှာ ပုန်းကွယ်နေတာကတော့ စွန့်ပစ်ထားတဲ့ ဘန်ကာဟောင်း တစ်ခုပါပဲ..။
ဒီနေရာကတော့ နောက်ထပ် ရက်အနည်းငယ်အထိ သူတို့ရဲ့ အခြေစိုက်စခန်း ဖြစ်လာတော့မှာပါ..။
အပိုင်း ( ၉၀၈ ) ပြီး၏။
အပိုင်း ( ၉၀၉ ) မြေအောက် အသိုက်အမြုံ
အမှောင်ခေတ်ကာလတုန်းက လူသားမျိုးနွယ်ဟာ ပျက်စီးခြင်းရဲ့ အစွန်းတစ်ဖက်ဆီကို ရောက်ရှိခဲ့ဖူးပါတယ်..။လူသားတွေဟာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးကြီးတွေကို ဒူးထောက်ခဲ့ကြရတယ်။အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေနဲ့အတူ ကူးစက်ရောဂါတွေ.. ငတ်မွတ်ခေါင်းပါးမှုတွေကလည်း ကပ်ပါလာခဲ့ပါတယ်..။ အရင်က စိုက်ပျိုးလို့ရခဲ့တဲ့ မြေယာတွေဟာ လျင်မြန်စွာပဲ နည်းပါးလာခဲ့ပြီး.. ကမ္ဘာဦး ယဉ်ကျေးမှုရဲ့ အသက်သွေးကြော ဖြစ်ခဲ့တဲ့ အရင်းအမြစ်များစွာကလည်း ရုတ်တရက် ခန်းခြောက်သွားခဲ့ရပါတယ်..။
လူတိုင်းအတွက် လုံလောက်တဲ့ အစားအစာတွေ.. နေထိုင်စရာ နေရာတွေနဲ့ စွမ်းအင် အရင်းအမြစ်တွေ မရှိခဲ့ကြပါဘူး..။ ဒါကြောင့် လူသားတွေဟာ သူတို့ အကျွမ်းကျင်ဆုံး အလုပ်ကိုပဲ လုပ်ဆောင်ခဲ့ကြရတယ်..။
အဲဒါကတော့ စစ်ပွဲတွေဆီကို ဦးတည်လိုက်တာပါ..။
…ဒီလို ဖျက်ဆီးအားပြင်းတဲ့ စစ်ပွဲတွေကနေ ချန်ထားခဲ့တဲ့ အမှတ်အသားတွေက ကမ္ဘာပေါ်မှာ အခုထိ ခြောက်လှန့်နေဆဲပါပဲ..။ ညစ်ညမ်းနေတဲ့ လေထုကစလို့ ပျက်စီးနေတဲ့ စစ်ဘက်ဆိုင်ရာ ယန္တရား အကြွင်းအကျန်တွေအထိ..ကမ္ဘာကြီးပေါ်မှာ ပြန့်ကျဲနေခဲ့ကြတယ်..။အရာအားလုံးက သေစေနိုင်တဲ့ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်တွေလိုမျိုးပါပဲ။ ဆန်နီ အခု ရင်ဆိုင်နေရတဲ့ ဘန်ကာဟောင်းကြီးကလည်း အဲဒီ အမာရွတ်တွေထဲက တစ်ခုပါ..။
ဘယ်စစ်တပ်က ဘယ်လို ရည်ရွယ်ချက်နဲ့ ဆောက်ခဲ့သလဲဆိုတာကို သူ မသိသလို.. အဲဒီလူတွေက ဘာဖြစ်သွားကြလို့ ဒီဘန်ကာကြီးကို စွန့်ပစ်ထားခဲ့ကြတာလဲ ဆိုတာကိုလည်း သူ မသိပါဘူး..။ သူက ဒါတွေကိုလည်း စိတ်မဝင်စားပေ..။
ဒီလိုနေရာမျိုးတွေမှာ ကမ္ဘာပျက်စေနိုင်တဲ့ ကြောက်မက်ဖွယ်ရာ လက်နက်တွေ ရှိနေတတ်ပြီး.. သတိမရှိတဲ့ စူးစမ်းရှာဖွေသူတစ်ယောက်ယောက်က လာရောက် ဖွင့်လိုက်မိဖို့ စောင့်ဆိုင်းနေတတ်တယ်ဆိုတဲ့ ပုံပြင်တွေ အမြဲကြားခဲ့ရပါတယ်။ဒါပေမဲ့… အများစုကတော့ ပုံပြင်တွေ သက်သက်ပါပဲ..။ တကယ်တမ်းတော့ ဒီလိုနေရာတွေက ရိုးရှင်းတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့တင် ဗလာကျင်း ဖြစ်နေတတ်ပါတယ်..။ အဲဒါကတော့ လူတိုင်း သေဆုံးသွားခဲ့ကြတာ ဒါမှမဟုတ် ထွက်ခွာသွားခဲ့ကြတာကြောင့် ဖြစ်ပြီး.. ရှင်သန်ကျန်ရစ်သူတွေကလည်း ပြန်လာဖို့အတွက် အကြောင်းပြချက် ဒါမှမဟုတ် စွမ်းဆောင်ရည် မရှိကြတော့လို့ပါပဲ..။
ဒါ့အပြင် ဒီဘန်ကာကြီးက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ပွင့်နေခဲ့တာ ဖြစ်နိုင်ပါတယ်..။ သူ့ရဲ့ ထုထည်ကြီးမားလှတဲ့ ပေါက်ကွဲမှုခံနိုင်တဲ့ တံခါးကြီးတွေက ပွင့်ဟနေခဲ့ပြီး နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်..။
ဆန်နီ ကတော့ အတိတ်က ထက်စာရင် လက်ရှိ အခြေအနေကို ပိုပြီး စိုးရိမ်နေခဲ့မိပါတယ်..။ အိပ်မက်ဆိုး ချိန်းကြိုး ကာလအတွင်းမှာ ဘယ်သတ္တဝါမဆို အတွင်းထဲကို ရောက်ရှိသွားနိုင်တာကြောင့်ပါ..။တကယ်လို့ အိပ်မက်ဆိုး သားရဲတစ်စုက အောက်ခြေက ကျဉ်းမြောင်းတဲ့ မြေအောက်လမ်းတွေမှာ အသိုက်အမြုံ လုပ်ထားမယ်ဆိုရင်..ဘန်ကာကို ဝိုင်းရံတိုက်ခိုက်ဖို့က မလွယ်ကူပါဘူး..။အမှန်တော့ ဒါက စစ်တပ်အဖွဲ့တစ်ခု အတွက် အခက်ခဲဆုံး တာဝန်မျိုး ဖြစ်လာနိုင်ပါတယ်။
သို့ပေမဲ့ သူတို့က နောက်ဆုတ်လို့ မရနိုင်တော့ပေ..။
သူ့အနောက်က တောင်ပတ်လမ်းပေါ်မှာတော့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေက တိုးဝှေ့ပိတ်ဆို့နေခဲ့ကြပြီး တခြားသွားစရာ နေရာလည်း မရှိတော့ပါဘူး..။ ယာဉ်တွေကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေသလို အတွင်းထဲက လူတွေကလည်း အနားယူဖို့ လိုအပ်နေကြပါပြီ..။ သူတို့ကို လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့က သူ့ရဲ့တာဝန်ပါပဲ ..။
ဆန်နီဟာ မှောင်မိုက်နေတဲ့ ဝင်ပေါက်ကို သုန်မှုန်စွာ စိုက်ကြည့်ရင်းနဲ့ ပြန်လှည့်လိုက်ပြီး သူ့ရဲ့ အဖွဲ့ကို ပြောလိုက်တယ်..။
“ပြင်ဆင်ထားကြတော့..။ ဆယ့်ငါးမိနစ်နေရင် ငါတို့ ခုနစ်ယောက်လုံး ဘန်ကာထဲကို ဝင်ကြမယ်…”
ဘေးနားမှာ ရပ်နေတဲ့ ဆာဂျင် ဂီရီ က ခနလောက် တုံ့ဆိုင်းနေခဲ့တယ်..။
“ဆရာ… အထဲမှာ အိပ်မက်ဆိုး သားရဲတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ…”
ပုံမှန်ဆိုရင်တော့ မြေအောက်အသိုက်အမြုံတစ်ခုကို ရှင်းလင်းတဲ့ တာဝန်ကို ပိုမိုကြီးမားပြီး ကောင်းကောင်း ပြင်ဆင်ထားတဲ့ တပ်ဖွဲ့တွေကိုသာ တာဝန်ပေးလေ့ ရှိကြတာပါ..။ ဆန်နီ က အရာရှိကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပြီးမှ ပခုံးတွန့်ပြလိုက်တယ်..။
“ရှိနေတာပဲလေ..။ ရှိတော့ ဘာဖြစ်မှာလဲ…”
သူ့ရဲ့ အရိပ်တွေကတော့ မှောင်မိုက်နေတဲ့ ဘန်ကာထဲကို ဖြတ်သန်းသွားနေခဲ့ပြီးဖြစ်သလို.. များပြားလှတဲ့ အခန်းတွေနဲ့ လမ်းကြောင်းတွေကို စူးစမ်းနေခဲ့ကြပါပြီ..။ မြေအောက်ထဲမှာ ပုန်းအောင်းနေကြတဲ့ သားရဲတွေ အမှန်တကယ်ပဲ ရှိနေခဲ့တာပါ..။သူတို့က အများကြီး ရှိနေခဲ့ကြတယ်..။ သူတို့တွေက အချိန်အတော်ကြာ ကတည်းက စွန့်ပစ်ထားတဲ့ အဆောက်အအုံကြီးကို သူတို့ရဲ့ အသိုက်အမြုံအဖြစ် ပြောင်းလဲထားခဲ့ကြတာပါ။ဒီနေရာရဲ့ သဘာဝက ဘယ်လို တိုက်ခိုက်မှုကိုမဆို ခက်ခဲစေမှာ ဖြစ်သလို သွေးထွက်သံယိုလည်း များစေမှာ အမှန်ပါပဲ..။
ဒါက ပုံမှန် စစ်တပ် အင်အားစု တွေအတွက် ပြောတာပါ..။
သို့ပေမဲ့ ဆန်နီ နဲ့ သူ့လူတွေကတော့ အထူးတပ်ဖွဲ့ တွေ ဖြစ်ပါတယ်..။ သူတို့တွေက ဘာထိခိုက်မှုမှ မရှိပဲ ဘန်ကာကို ရှင်းလင်းနိုင်လိမ့်မယ်လို့ သူ ယုံကြည်နေခဲ့တယ်..။ ဘာပဲဖြစ်ဖြစ် သူတို့မှာ တခြား ရွေးချယ်စရာ လည်း မရှိပါဘူး..။
သူ့ရဲ့ ယုံကြည်မှု အများစုကတော့ သူ့ကိုယ်တိုင် ဆီကနေပဲ လာတာဖြစ်နိုင်ပါတယ်..။
အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ ဆန်နီ ဟာ သူ့ရဲ့ ဆက်သွယ်ရေးစက်ကို အသုံးပြုပြီး နှင်းပြင်ပေါ်မှာ မြင်ကွင်းတစ်ခုကို ပုံဖော်လိုက်တယ်..။ ပြီးတာနဲ့ အထူးတပ်ဖွဲ့ တွေ အာရုံစိုက် စောင့်ကြည့်နေကြစဉ်မှာပဲ မြေပုံကို ဖြည်းဖြည်းချင်း ဖြည့်စွက်ရေးဆွဲသွားခဲ့ပါတယ်..။ လမ်းကြောင်းတစ်ခုပြီးတစ်ခု.. အခန်းတစ်ခုပြီးတစ်ခု ဆွဲရင်း.. မကြာခင်မှာပဲ ဘန်ကာရဲ့ အသေးစိတ် မြေပုံတစ်ခုက သူတို့အရှေ့မှာ ပေါ်ထွက်လာခဲ့ပါပြီ..။
ယင်းနောက်မှာတော့ ဆန်နီ က အိပ်မက်ဆိုး သားရဲ တစ်ကောင်ချင်းစီရဲ့ တည်နေရာကို မြေပုံပေါ်မှာ မှတ်သားပေးလိုက်တယ်..။ နောက်ဆုံးအနေနဲ့ သူက မြွေလိုမျိုး ပုံသဏ္ဌာန်ရှိတဲ့ သားရဲကြီးတစ်ကောင်ရဲ့ ပုံကြမ်းကို ဆွဲလိုက်ပြီး.. သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီရောင် အစက်အပြောက် အချို့ကို ချရေးလိုက်ပါတယ်..။ ဒါတွေကတော့ ကင်မ် ရဲ့ အကူအညီနဲ့ သူ ကြည့်ထားခဲ့ရတဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်..။
ဆာဂျင် ဂီရီ ကတော့ ပုံရိပ်ယောင်ပြသမှုကို ကြည့်ရင်း အံ့အားသင့်နေခဲ့တယ်..။
ဆန်နီ…သူ့ကို အာရုံမစိုက်တော့ဘဲ အထူးတပ်ဖွဲ့ ဝင်တွေကို လှမ်းပြောလိုက်ပါတယ်..။
“ဘန်ကာထဲမှာ အိပ်မက်ဆိုး သားရဲ ကိုးဆယ့်လေးကောင် ရှိတယ်..။ ပြီးတော့ ရာနဲ့ချီတဲ့…
ဥတွေလည်း ရှိနေသေးတယ်..။ အစီအစဉ်ကတော့ ရိုးရှင်းတယ်..။ ငါတို့တွေ အတွင်းထဲကို ဝင်ပြီး အဆင့်တစ်ခုပြီးတစ်ခု ရှင်းလင်းသွားကြမယ်..။ ပထမဆုံး အဆင့်နှစ်ခုမှာတော့ နိုးထမူအဆင့် သားရဲတွေပဲ ရှိတယ်..။ အသိုက်အမြုံရဲ့ အလယ်ဗဟိုကတော့ စတုတ္ထအဆင့်မှာ ရှိနေပုံရပြီး.. ကျရှုံးမူအဆင့် သားရဲ အချို့က ကာကွယ်ပေးထားကြတယ်..။ လှုပ်ရှားဖို့ နေရာ သိပ်မရှိတာကြောင့် နံရံတွေကို သတိထားကြပါ..။ ဆမ်… မင်းရဲ့ ရိုင်ဖယ်ကို အပြင်မှာပဲ ထားခဲ့လိုက်တော့..။ ဘာပဲဖြစ်ဖြစ် မြေအောက်ထဲမှာ အသုံးဝင်မှာ မဟုတ်ဘူး…”
သူက ကျန်ရှိနေတဲ့ ဆယ့်ငါးမိနစ်ကို အရေးကြီးတဲ့ အချက်တွေကို ပြန်လည်သုံးသပ်ရင်း.. သူတို့ ရင်ဆိုင်ရမယ့် ရန်သူ အမျိုးအစားတွေအကြောင်း ရှင်းပြရင်းနဲ့ပဲ ကုန်လွန်စေခဲ့တယ်..။
ယင်းနောက်မှာတော့ အဖွဲ့သားတွေဟာ သူတို့ရဲ့ လက်နက်တွေကို ထုတ်ယူလိုက်ကြပြီး ဘန်ကာထဲကို ဝင်သွားခဲ့ကြပါတယ်..။ သူတို့က လမ်းပြပေးမယ့် အလင်းရောင် မှတ်သားမူ တစ်ခုမျှမရှိပဲ အမှောင်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ကြတာပါ။
အရိပ်ထဲမှာ ပုန်းကွယ်နေခဲ့ကြတဲ့ သူတော်စင် နဲ့ အိပ်မက်ဆိုး မြင်း ကတော့ ယာဉ်တန်းကို စောင့်ရှောက်ဖို့အတွက် အပြင်ဘက်မှာ ကျန်ရစ်ခဲ့ကြပါတယ်..။
မြေအောက်အသိုက်အမြုံတစ်ခုကတော့ အမြဲတမ်း ဆိုးဝါးတဲ့ ပစ်မှတ်တစ်ခု ပါပဲ..။ အလင်းရောင် ကင်းမဲ့မှု.. မြေပြင်အနေအထားရဲ့ ခန့်မှန်းရခက်တဲ့ သဘာဝ.. ဘယ်အချိန်မှာမဆို ခြုံခိုတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းတွေရဲ့ အကွေ့အကောက်တွေနဲ့.. လှုပ်ရှားတိုက်ခိုက်ဖို့ ခက်ခဲစေတဲ့ အကန့်အသတ်ရှိတဲ့ နေရာတွေကြောင့်.. ဒါက နိုးထသူ အဖွဲ့တစ်ဖွဲ့အတွက်တော့ အိပ်မက်ဆိုး တစ်ခုပါပဲ..။ အထူးသဖြင့် သားရဲတွေဘက်မှာ အရေအတွက် အားသာချက်ရော.. နယ်မြေ အားသာချက်ရော ရှိနေတဲ့ အချိန်မျိုးမှာ ပိုဆိုးပါတယ်..။
…သို့ပေမဲ့ အထူးတပ်ဖွဲ့ဝင် တွေအတွက်တော့ ဒါက သိပ်ပြီး မခက်ခဲလှပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ရန်သူတွေ ဘယ်မှာ ရှိနေလဲဆိုတာကို သိနေကြသလို.. မြေပြင်အနေအထားကိုလည်း ကောင်းကောင်း နားလည်ထားပြီးသား မို့လို့ပါပဲ..။သူတို့က အကောင်းဆုံး တိုက်ခိုက်ရေး အစီအစဉ်ကိုလည်း ကြိုတင်ချမှတ်ထားခဲ့ကြပါသေးတယ်..။ မျှော်လင့်မထားတဲ့ အရာတစ်ခုခု ဖြစ်ပျက်လာခဲ့ရင်တောင်မှ ဆန်နီ ရဲ့ အရိပ်တွေက အရာအားလုံးကို စောင့်ကြည့်နေတာကြောင့်.. အဖွဲ့အနေနဲ့ ဘယ်လို တိုက်ခိုက်မှုကိုမဆို ကြိုတင် သိရှိနိုင်ဦးမှာပါ။
အခန်းတစ်ခုမှ အခန်းတစ်ခုဆီ.. စင်္ကြံလမ်းတစ်ခုမှ စင်္ကြံလမ်းတစ်ခုဆီကို လျင်မြန်စွာ ရွေ့လျားသွားကြရင်းနဲ့… သူတို့တွေဟာ အိပ်မက်ဆိုး သားရဲတွေကို စနစ်တကျ သတ်ဖြတ်သွားခဲ့ကြတယ်..။ သားရဲတွေရဲ့ အသိုက်အမြုံထဲမှာ ရောက်နေတာ ဖြစ်ပေမဲ့လည်း.. သားရဲတွေကပဲ ရန်သူ့ခံတပ်ထဲကို ရောက်ရှိနေသလိုမျိုး ဖြစ်နေခဲ့ပါတယ်..။ နိုးထသူ တွေဟာ ဘန်ကာရဲ့ တည်ဆောက်ပုံကို လက်ရှိ နေထိုင်သူတွေထက် ပိုပြီး သိရှိနားလည်ထားကြသလို.. သားရဲတွေကို ဘယ်လို ခွဲထုတ်ရမလဲ.. ဘေးကနေ ဘယ်လို ညှပ်တိုက်ရမလဲနဲ့ ဘယ်လို ပိတ်ဆို့ရမလဲဆိုတာကိုလည်း ကောင်းကောင်း သိနေခဲ့ကြပါတယ်..။
သူတို့က မလိုအပ်တဲ့ လှုပ်ရှားမှုတွေ မရှိခဲ့သလို ဘာစကားသံမှလည်း ထွက်မလာခဲ့ပါဘူး..။ အထူးတပ်ဖွဲ့ တွေဟာ မြန်ဆန် ထိရောက်ပြီး သေစေနိုင်လောက်တဲ့ အစွမ်းတွေ ရှိနေခဲ့ကြတယ်..။ အထူးသဖြင့် ဘယ်လီ ကတော့ ဒီလိုမျိုး တိုက်ခိုက်မှုတွေအတွက် မွေးဖွားလာခဲ့သလိုပါပဲ..။ သူက နံရံတွေကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်တာကြောင့် ဘယ်ထောင့်ကနေမဆို တိုက်ခိုက်နိုင်ပါတယ်..။ သူ့ရဲ့ ဓားက မိစ္ဆာမြွေတွေကို လျင်မြန်စွာ ရှင်းလင်းသွားခဲ့ပြီး.. ကင်မ် ရဲ့ စွမ်းရည် ကနေ ညွှန်ပြထားခဲ့တဲ့ အားနည်းတဲ့ အစိတ်အပိုင်းတွေကို တိတိကျကျ ထိုးနှက်နိုင်ခဲ့ပါတယ်..။
ဆန်နီ ကတော့ အခြေအနေအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားခဲ့တယ်..။ သူ့ရဲ့ အရိပ်တွေက မြေအောက် အဆောက်အအုံတစ်ခုလုံးမှာ ပျံ့နှံ့နေခဲ့ပြီး.. ရန်သူတွေရဲ့ လှုပ်ရှားမှုတွေကို သူ့ဆီ သတင်းပို့နေခဲ့ကြပါတယ်။ အန္တရာယ် ဖြစ်လာနိုင်တဲ့ အနေအထားတိုင်းမှာ သူ့ရဲ့ လှံက ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ခြိမ်းခြောက်မှုတွေကို ချေမှုန်းပစ်ခဲ့တယ်..။ အပြောင်းအလဲ တစ်ခုခု ရှိလာတိုင်းမှာလည်း သူက အစီအစဉ်ကို ချက်ချင်း ပြင်ဆင်လိုက်ပြီး သူ့ရဲ့ စစ်သားတွေကို အသိပေးခဲ့ပါတယ်..။
သူတို့တွေဟာ ပထမ အဆင့်ကို ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ တံစဉ်လိုမျိုး ဖြတ်သန်းသွားခဲ့ကြတယ်။ ပထမအထပ်ပေါ်က သက်ရှိမှန်သမျှကို ခုတ်ဖြတ်ခဲ့ကြသလို ဒုတိယအဆင့်မှာလည်း ဒီအတိုင်းပဲ လုပ်ဆောင်ခဲ့ကြပါတယ်..။
ယင်းနောက်မှာတော့ တတိယအဆင့်ကို ရောက်ရှိလာခဲ့ကြတယ်..။
နောက်ဆုံးမှာတော့ ကျရှုံးမူအဆင့် သားရဲတွေတောင်မှ ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး..။ အိပ်မက်ဆိုး သားရဲတွေ ရဲ့ နောက်ဆုံး ရူးသွပ်လှတဲ့ တိုက်ခိုက်မှုကတော့ ဆမ်မာရာ တပ်ဆင်ထားခဲ့တဲ့ အဆီအနှစ် ထောင်ချောက်တစ်ခုကြောင့် လုံးဝ ပျက်စီးသွားခဲ့ရတယ်..။ ပေါက်ကွဲမှုကနေ လွတ်မြောက်ပြီး ရှင်သန်ကျန်ရစ်တဲ့ သားရဲ
မှန်သမျှကိုလည်း ရှေ့တန်း တိုက်ခိုက်ရေးသမားတွေက အပြတ်ရှင်းလိုက်ကြပါတယ်..။
ဒီလိုနဲ့ပဲ အားကောင်းလှတဲ့ သားရဲတွေရဲ့ အသိုက်အမြုံကြီးက ချေမှုန်းခြင်း ခံလိုက်ရပါပြီ။
နောက်ဆုံး သားရဲတစ်ကောင် အသက်ပျောက်သွားတာနဲ့တစ်ပြိုင်နက် အရိပ်တွေက မြေအောက် အဆောက်အအုံတစ်ခုလုံးမှာ ပြည့်နှက်လာခဲ့ကြတယ်။ပြီးတာနဲ့. ရုပ်အလောင်းတွေကို မျက်စိကွယ်ရာဆီကို ဆွဲခေါ် ဖုံးကွယ်ပစ်လိုက်ကြပါတယ်..။
…အဖွဲ့သားတွေ ဘန်ကာထဲ ဝင်သွားပြီးနောက် တစ်နာရီခန့်အကြာမှာတော့ ဆန်နီ က အမှောင်ထုထဲကနေ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး အေးစက်တဲ့ လေထုကို ရှူရှိုက်လိုက်တယ်..။ ယင်းနောက် သူက အပြင်မှာ စောင့်ဆိုင်းနေကြတဲ့ စစ်သားတွေကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါတယ်..။
“သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အတွင်းထဲကို မောင်းသွင်းကြတော့…”
ဒီလူတွေက သူ့ကို စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြတယ်။ပြီးတာနဲ့ ဘာမှမပြောဘဲ လှည့်ထွက်သွားခဲ့ကြပြီး ယာဉ်တွေဆီကို ဦးတည်လျှောက်လှမ်းသွားခဲ့ကြတယ်..။
…သူတို့မှာ ဘာများ ပြောစရာစကား ရှိဦးမှာလဲ…။
အပိုင်း ( ၉၀၉ ) ပြီး၏။