← Chapters

ကောင်းကင်ဘုံ၏ နိဂုံး

Vol. 97 Ch. 1343

ကောင်းကင်ဘုံ၏ နိဂုံး

Vol. 97 Ch. 1343

စိတ်ဓာတ်အားမာန်များ နိုးကြွလာကြချေပြီ။

ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံးသည် သူတို့၏စိတ်ဓာတ်အားမာန်များ တစ်ခါမှမကြုံဖူးသော ပုံစံမျိုးဖြင့် မြင့်တက်လာသည်ကို ခံစားလိုက်ကြရ၏။

“တောင်ပင်လယ်လောကသားကျင့်ကြံသူတို့ ၊ မသေမချင်းတိုက်” တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းလုံးရှိ ကျင့်ကြံသူတစ်ယောက်မကျန် သွေးတို့ဆူပွက်လာကြပြီး အပြင်သူများထံသို့ အသေတိုက်ကွက်များ ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။ တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားများက... သူတို့အပေါ်မှ အုပ်မိုးထားသော ကောင်းကင်ဘုံ တစစီပြိုကျလာစေဖို့ မျှော်လင့်နေကြလေသည်။

သူတို့ စောင့်နေကြသည်၊ တောင်ပင်လယ်ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီတိုင်း စောင့်နေကြသည်။

သူတို့ကား ... ကောင်းကင်ဘုံ ပြိုကျလာမည်ကို စောင့်နေကြလေသည်။

၎င်းပြိုကျလာခဲ့လျှင် ထိုကောင်းကင်ဘုံသည် မော့ကြည့်လိုက်သော တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏အကြည့်များကို ကာဆီးပိတ်ကွယ်ထားတော့မည်မဟုတ်ပေ။ ကောင်းကင်ဘုံ ၃၃ ဘုံ၏ အချုပ်အနှောင်တစ်လွှာပြီးတစ်လွှာ ဖျက်စီးခံရလိမ့်မည်။ တောင်ပင်လယ်လောကသားကျင့်ကြံသူများ ... ကောင်းကင်သို့ မော့ကြည့်လျှင် အစစ်အမှန်ကြယ်တာရာကောင်းကင်နှင့် အစစ်အမှန်အာကာပြင်ကျယ်ကြီးကို မြင်ရနိုင်မည်။

ပါရာဂွန်အင်မော်တယ်လောက၏ နေ့ရက်တွေတုန်းအတိုင်း လောကသူလောကသားအပေါင်းသည် စိတ်ဓာတ်ရေးရာအရာ၌ ရဲရင့်ခြင်း၊ ခိုင်မာခြင်း၊ မယိမ်းယိုင်ခြင်းတို့ ပြန်လည်ဖြစ်ပေါ်လာကြချေပြီ။

အပြင်သူများမှာတော့ အစိတ်စိတ်အမြွှာမြွှာ ကွဲနေသော ကောင်းကင်ဘုံ (၁) ကို မော့ကြည့်ရင်း တဆတ်ဆတ်တုန်နေကြသည်။ ပထမဆုံးအနေဖြင့် သူတို့သွေးထဲ၌ ငုပ်လျှိုးနေခဲ့သော အကြောက်တရားစစ်စစ်ကို သူတို့ပြန်လည်ခံစားလိုက်ရသည်။ ပါရာဂွန်အင်မော်တယ်လောကအပေါ် ထားရှိသော ထိုအကြောက်တရားသည် တစတစ ထွက်ပြူစပြုလာ၏။

မရေမတွက်နိုင်သောအပြင်သူများ ကြောက်ဒူးတုန်နေကြပြီး တောင်ပင်လယ်လောကသားကျင့်ကြံသူများကို တိုက်ခိုက်နေဆဲ၊ တွန်းလှန်နေဆဲ ဖြစ်သော်လည်း ... ယင်းက သူတို့ခေါင်းပေါ်ရှိ သူတို့၏ဘုံ ပြိုကျမလာနိုင်ဟု မျှော်လင့်ထားသေး၍သာ ဖြစ်သည်။

အင်ပါယာသခင်က ဟိန်းဟောက်နေပြီး ပါရာဂွန်သည် ဒေါကန်နေ၏။ အရိုင်းဆန်ဆန်အရောင်အဝါများက မိုးနှင့်မြေတွင် ပြိုးပြိုးပြက်ပြက် လက်နေပြီး နားကွဲလုမတတ် ထစ်ချုန်းသံကြီးများအား ကြားရနိုင်သည်။ ကောင်းကင်ဘုံ (၁) သည် ပြင်းပြင်းထန်ထန် တုန်ရီနေပြီး ပြိုကျလာသောအပိုင်းအစများမှာ တဖြည်းဖြည်း များပြားလာလေပြီ။

ကောင်းကင်ဘုံ (၁) တွင် တည်ရှိသော ကမ္ဘာစိတ်ဆန္ဒမှာ အသက်ငင်နေသည့်အလား ဝမ်းနည်းပူဆွေးစွာ အော်ငိုနေသည် ....

ကောင်းကင်ဘုံ (၁) တစ်လျှောက် ဖြာထွက်နေသော အက်ကွဲကြောင်းများမှ အလောင်းများ ပြုတ်ကျလာသည်။ ဗိမာန်အပျက်အစီးများနှင့် မြို့တစ်မြို့လုံးပင် ပြိုကျလာနေသည်။

တစ်ကမ္ဘာလုံးမှာ လုံးလုံးလျားလျား တုန်ခါလှုပ်ရမ်းနေတော့သည်။

“မလုပ်နဲ့” အပြင်သူတာအိုဥသျှောင်၏ကိုယ်ပွားများ ရောက်နေသော တောင်ပင်လယ်လောက၏ နေရာများမှ အပူတပြင်းဟိန်းဟောက်သံများ ထွက်လာသည်။

ထိုကိုယ်ပွားအသီးသီးသည် တောင်ပင်လယ်သခင်များကို တိုက်ခိုက်နေခဲ့သော်လည်း ယခုတွင် တုန်ရီနေကြပြီး တိုက်ခိုက်လိုစိတ်ကုန်ခမ်းနေလေပြီ။ သူတို့၏မျက်လုံးများက နီရဲနေပြီး သွေးမျက်ရည်တို့ စီးကျနေသည်။

အဘယ်ကြောင့်ဆိုသော် မြို့တစ်မြို့ ကောင်းကင်ထက်မှ ပြိုကျလာသည်ကို သူတို့ ယခုလေးတင် မြင်ခဲ့ရ၍ပင်။ ထိုမြို့၏တစ်ဝက်ကျော်မှာ ရုပ်ပျက်ဆင်းပျက်ပျက်စီးနေပြီး ထိုမြို့သည် အမှန်တော့ ဤအပြင်သူတာအိုဥသျှောင်၏ အပိုင်စားမြို့ဖြစ်၏။ ၎င်းက ... သူ့ဆွေမျိုးများစွာ၏ အိမ်လည်း ဖြစ်ပေသည်။

သို့သော် ယခုတွင် မြို့တစ်မြို့လုံး ပြိုကျလာမှတော့ သူ့အမျိုးများ၏ ကံတရားကို စိတ်ကူးသာ ကြည့်နိုင်တော့သည်။

“မန်ဟို” အပြင်သူတာအိုဥသျှောင်၏ ကိုယ်ပွားများက ကြိမ်းဝါးရင်း တောင်ပင်လယ်သခင်များနှင့်တိုက်ပွဲမှ ရုန်းထွက်ဖို့ သူတို့၏အသက်စွမ်းအားကိုပင် လောင်ကျွမ်းပစ်လိုက်သည်။

မှန်သည်၊ တောင်ပင်လယ်သခင်များသည် အပြင်သူတာအိုဥသျှောင်နှင့် အခြေအနေမတူ၍ သူတို့၏အသက်စွမ်းအားများကို လောင်ကျွမ်းပစ်လိုစိတ်မရှိပေ။ သူတို့ ဘာလုပ်ရမလဲ ဆုံးဖြတ်ဖို့ တွန့်ဆုတ်နေသော တဒင်္ဂလေးမှာတင် အပြင်သူတာအိုဥသျှောင်၏ ကိုယ်ပွားများက ရုန်းထွက်သွားခဲ့လေပြီ။

သူ၏ကိုယ်ပွားများမှာ ဒဏ်ရာအပြင်းအထန် ရခဲ့သည်သာမက နှစ်ကိုယ်မှာ မန်ဟို၏သုတ်သင်ခြင်းကို ခံခဲ့ရသော်လည်း အသက်စွမ်းအားကို လောင်ကျွမ်းခြင်းက သူ့ကို အထွတ်အထိပ်အဆင့်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားစေသည်။ သူက မုန်းတီးနာကြည်းမှုအပြည့်ဖြင့် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း ကောင်းကင်ဘုံ (၁) ထံ တဟုန်ထိုး တက်သွားတော့သည်။

ဤအခိုက်အတန့်တွင် အပြင်သူအားလုံး ဖြစ်ပျက်နေသောအရာကို မြင်လိုက်ကြရ၍ သူတို့၏တာအိုဥသျှောင် သူတို့အိမ်ဖျက်စီးမခံရအောင် တားနိုင်ပါစေရန် မျှော်လင့်ရင်း တုန်ရီလာကြသည်။

ကောင်းကင်ဘုံ (၁) ထံ တဟုန်ထိုး ပျံတက်သွားနေစဉ် အပြင်သူတာအိုဥသျှောင်၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလျက်ရှိသည်။ သို့သော် သူ ပျံတက်လိုက်သည့်အခိုက်အတန့်မှာပင် ကောင်းကင်ဘုံ (၁) မှ တဂျုန်းဂျုန်းထစ်ချုန်းသံကြီးများ ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ အသံမှာ အလွန်ကျယ်လောင်လွန်း၍ ကျင့်ကြံသူများနှင့်အပြင်သူများမှာ သူတို့၏နားစည် အချိန်မရွေး ပေါက်ကွဲသွားတော့မလို ခံစားလိုက်ကြရသည်။ သူတို့အားလုံး တိုက်ခိုက်နေသည်ကို ရပ်၍ ကောင်းကင်ဘုံ (၁) ကို မော့ကြည့်လိုက်ကြသည်။

သူတို့မြင်လိုက်ရသည်မှာ ... ဧရာမအကွဲကြောင်းကြီးတစ်ကြောင်းက ကောင်းကင်ဘုံ (၁) တစ်ခုလုံး၏ ဆယ်ရာခိုင်နှုန်းနီးပါးသော မြေထုကြီးကို ခွဲထုတ်လိုက်ခြင်းပင်။ ထိုမြေထုကြီးမှာ တဝုန်းဝုန်းမြည်ဟည်းရင်း ရုတ်တရက် ပဲ့ကျလာနေသည်။

တောင်ပင်လယ်တစ်ခု၏ ကြယ်တာရာကောင်းကင်တမျှ ကြီးမားသော မြေထုကြီးကား... ဖြည်းဖြည်းချင်း အိကျလာနေလေပြီ။

ထိုမြေထုကြီး တစတစ ပဲ့နေစဉ် ၎င်းအပေါ်ရှိ အဆောက်အအုံအားလုံး၊ ဗိမာန်အားလုံး ပြိုကျကုန်သည်။ သို့သော် ပင်မမြေထုကြီးနှင့် ထိုမြေထုကို ဆက်ပေးထားသော ဧရိယာများကိုလည်း မြင်နေရသေးသည်။

ထိုအခိုက်တွင် မန်ဟိုက ပေါ်လာသည်။ သူ့ညာလက်သည် မြောက်တက်သွားပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ထိုလက်သီးချက်က ... ပင်မမြေထုနှင့် ဆက်နေသည့်ဧရိယာအားလုံးကို ဖြတ်ချပစ်လိုက်သည်။

အုန်းးးးးးးးးးးးးးး

ပင်မမြေထုတစ်ခုလုံး၏ ဆယ်ရာခိုင်နှုန်းတိတိကား တောင်ပင်လယ်လောကအပေါ် ကျဆင်းစပြုလာသည်။ ၎င်းသည် မယုံနိုင်လောက်အောင် ကြီးမားလှသဖြင့် ၎င်းအောက်ရှိ မည်သည့်အရာကိုဆို ဖိခြေပစ်နိုင်သယောင် ထင်ရ၏။ သို့သော် တောင်ပင်လယ်များ၏စိတ်ဆန္ဒက ထိုအသက်မဲ့မြေထုကြီးကို အစိတ်စိတ်အမွမွ ခွဲပစ်လိုက်သည်။ မြေထုကြီးမှာ ကြယ်တာရာကောင်းကင်၌ မီးရှူးမီးပန်းများ ဖောက်လိုက်သကဲ့သို့ ပေါက်ကွဲဖြာထွက်သွားပြီးနောက် အောက်သို့ဖြည်းဖြည်းချင်း ကျဆင်းလာတော့သည်။

တောင်ပင်လယ်လောကသည် အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွား၏။ အပြင်သူများမှာ မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေကြသည်။

အပြင်သူတာအိုဥသျှောင်မှာ တုန်ရီနေပြီးနောက် ပူဆွေးမှု၊ မုန်းတီးမှုနှင့် ... နောင်တပင် ပြည့်နှက်နေသော မချိတင်ကဲဟိန်းသံကြီးကို ထုတ်လွှတ်လိုက်သည်။

ကိုယ်ပွားများစွာ ခွဲခဲ့မိသည်ကို နောင်တရနေသည်လား… စစ်တိုက်မိသည်ကို နောင်တရနေသည်လား.... သူသာလျှင် သိနိုင်သည်။

ထို့နောက် ဒုတိယမြောက်မြေထုကြီး ပဲ့ကျလာသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက်....

မီးတောက်မီးလျှံများသည် တောင်ပင်လယ်လောကတစ်ခုလုံးကို လင်းရောင်ဆောင်ကြဉ်းရင်း ကြယ်တာရာကောင်းကင်ထဲတွင် တဟုန်းဟုန်းတောက်လောင်နေ၏။ ယခုတွင် ပင်မမြေထုကြီးတစ်ခုလုံးတွင် ဧရာမကွဲကြောင်းကြီးများ ဖုံးလွှမ်းနေလေပြီ။ မြေခဲတစ်ခဲပြီးတစ်ခဲ ပဲ့ကျလာသည်။

အတန်ကြာသော် တောင်ပင်လယ်လောကတစ်ခုလုံးနှင့် ကောင်းကင်ဘုံ (၁) တစ်ခုလုံးကို တသိမ့်သိမ့်တုန်သွားစေသော ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထပ်လာသည်။

ဂျိန်းးးးးးးးးးးးးး

အသံကား ကြယ်တာရာကောင်းကင်တွင် ရုတ်တရက် မိုးထစ်ချုန်းသွားသကဲ့သို့ဖြစ်သည်။ တောင်ပင်လယ်လောကတစ်ခုလုံး လှုပ်ခါသွားပြီး ... ပင့်သက်ရှိုက်သံများ ဆူညံလာသည်။

ကောင်းကင်ဘုံ (၁) မှာ ... လုံးလုံးလျားလျား ပြိုကျနေလေပြီ။

တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံး ၎င်း တစစီကွဲထွက်သွားသည်ကို မြင်လိုက်ကြရသည်။

ကောင်းကင်ဘုံ (၁) မှာ ကွဲသွားသော မှန်တစ်ချပ်အလားပင်။ ကျောက်တုံးကျောက်ခဲများ တဖွဲဖွဲ ရွာကျလာသည်။ မြေခဲတစ်ခဲမှ ကြယ်တာရာကောင်းကင်ထက်တွင် ပျံဝဲနေနိုင်သော အစွမ်းအစမရှိတော့ပေ....

အားလုံး ကြေမွကုန်သည်၊ ပျက်စီးကုန်သည်။ အစအနအားလုံးသည် ကောင်းကင်ထက်မှ ပြိုကျကုန်၏။

ကောင်းကင်ဘုံ ပြိုချေပြီ။

ထိုပြိုကျမှုက ကောင်းကင်ဘုံ (၁) ၏ ပြိုကျမှုသာ ဖြစ်သော်လည်း တောင်ပင်လယ်လောကအတွင်းရှိ အပြင်သူအားလုံးအတွက်တော့ အရှိုက်တည့်တည့်ထိသော ထိုးနှက်မှုကြီးတစ်ခုဖြစ်သည်။ သူတို့အားလုံး ပြင်းထန်စွာ တုန်လှုပ်နေကြပြီး တစ်ယောက်မှ စကားပင်မပြောနိုင်ကြပေ။

သူတို့၏မျက်လုံးများမှာ ငေးကြောင်နေကြသလို၊ မျှော်လင့်ချက်မဲ့နေကြသည်။

သူတို့အိမ် မရှိတော့ပေ....

နှစ်ပေါင်းထောင်ချီ စည်ကားသိုက်မြိုက်ခဲ့သော သူတို့အိမ် မရှိတော့ပေ...

သူတို့၏မျိုးနွယ်တူတွေ မရှိတော့ပေ...

အတိတ်တုန်းက သူတို့၏ဆွေမျိုးများ ကောင်းကင်ဘုံ (၁) တွင် အေးချမ်းသာယာစွာ နေထိုင်ခဲ့ကြသော်လည်း ယခုတော့ သေဆုံးကုန်ကြပြီ။

ကောင်းကင်ဘုံ (၁) မှာ အစိတ်စိတ်အမြွှာမြွှာ ဖျက်စီးခံလိုက်ရပြီ။

မြို့များ၊ ကျောက်တုံးများ၊ အလောင်းများကား မိုးကဲ့သို့ ရွာကျလျက်....

မည်သည့်အရာမှ ...မရှိတော့ပြီ။

မျှော်လင့်ချက်မဲ့ခြင်း၏ အရိပ်မည်းက အပြင်သူများကို ဝါးမြိုလိုက်၍ သူတို့တွင် တိုက်ခိုက်လိုစိတ်တစ်စက်မှ မရှိကြတော့ပေ။ သူတို့အားလုံး ကြောက်လန့်တုန်ရီနေကြသည်...

ဆန့်ကျင်ဘက်တွင် တောင်ပင်လယ်လောက၏ ကျင့်ကြံသူအပေါင်းသည် တက်ကြွလာကြ၏။ နှလုံးသွေးတို့ ပွက်လာကြ၏။ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်လာကြ၏။

All Chapters