ကမ္ဘာအနှစ်သာရနှင့် ထပ်မံဆုံတွေ့ခြင်း
Vol. 97 Ch. 1344
မန်ဟိုသည် မိုးနှင့်မြေကို ဖိန့်ဖိန့်တုန်သွားစေသော ... ကြီးကျယ်ခမ်းနားသော အလုပ်တစ်ခုကို အမှန်အကန် လုပ်ခဲ့ချေပြီ။
တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်တစ်ပြင်လုံးကို အလင်းရောင်မပေးနိုင်သော်လည်း သူက လောကသားကျင့်ကြံသူအားလုံး၏ မျက်လုံးအိမ်၊ သူတို့၏နှလုံးသားနှင့် သူတို့၏စိတ်ဆန္ဒထဲတွင် အလင်းရောင်တို့ တောက်ပလာစေသည်။
ထိုအလင်းရောင်က တောင်ပင်လယ်လောက၏ စိတ်ဓာတ်အားမာန်၊ လူတစ်စုလုံး၏ တက်ကြွမှုကို ကိုယ်စားပြုသည်။
သူသည် အပြင်သူများ၏နှလုံးသားကို သတ်ဖို့၊ တောင်ပင်လယ်လောကသားကျင့်ကြံသူများကို မျှော်လင့်ချက်ပေးဖို့၊ သူတို့၏နှလုံးသားများကို နိုးကြွလာစေဖို့ ကောင်းကင်ဘုံ (၁) ကို ဖျက်စီးပစ်ခဲ့၏။
ငါတို့ လုပ်နိုင်တယ်
ငါတို့ အနိုင်ရနိုင်သေးတယ်
ခေါင်းအထက်မှ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေပြီး တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောက၏ကျင့်ကြံသူအားလုံး ကြွေးကြော်လိုက်ကြသည်။ သူတို့၏တစ်ခဲနက်ကြွေးကြော်သံများသည် လေမုန်တိုင်းများသဖွယ် တိုက်ခတ်သွား၏။ ကောင်းကင်ဘုံ (၁) ပျက်စီးနေသောအသံများပင်လျှင် သူတို့၏အသံများကို မလွှမ်းမိုးနိုင်ပေ။
“ကောင်းကင်ဘုံ (၁) ... ပြိုကျနေပြီ”
“ကောင်းကင်ဘုံ (၁) ... မရှိတော့ဘူး”
“သူ တကယ်လုပ်လိုက်ပြီ... မန်ဟို တကယ် လုပ်နိုင်ခဲ့ပြီ” လူတိုင်း အော်ဟစ်ကြွေးကြော်နေကြပြီး မိုးပေါ်ရှိ မီးတောက်မီးလျှံများ၏ အလင်းရောင်အောက်ဝယ် သူတို့၏ဝမ်းသာမျက်ရည်များသည် အရောင်လဲ့လျက်ရှိ၏။ သူတို့၏မျက်ဝန်းထဲ၌ တောက်ပနေသော အလင်းရောင်သည်လည်း မျှော်လင့်ခြင်း၊ တက်ကြွခြင်းနှင့် စိတ်ပိုင်းဖြတ်ထားခြင်းတို့ကို ထင်ဟပ်နေ၏။
သတ္တမတောင်ပင်လယ်၊ ကျားလှောင်အိမ်ဂြိုဟ်ပေါ်တွင် ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားတုန်ရီနေကြသည်။ သူတို့၏နှလုံးသားများသည် အသက်မဲ့နေခဲ့သော်လည်း ယခု ကောင်းကင်ဘုံ (၁) ပြိုကျနေသည့်အခါ အသက်ပြန်ဝင်လာကြ၏။
နဝမတောင်ပင်လယ်၊ စစ်မြေပြင်အားလုံးအပေါ်ရှိ ကျင့်ကြံသူများအတွက် ခံစားချက်များကို ချုပ်တည်းထားခဲ့ရသည်မှာ ကြာခဲ့လေပြီ။ ယခုတွင် ကောင်းကင်ဘုံ (၁) ပြိုကျလာပြီဖြစ်ရာ သူတို့၏ခံစားချက်များ ပေါက်ကွဲထွက်လာပြီး သူတို့၏ စိတ်ဓာတ်အားမာန်တို့သည် တောင်ပင်လယ်တစ်လောကလုံးကို စိုးမိုးသွား၏။
“မန်ဟို မန်ဟို” မည်သူ အရင်ဆုံးပြောလိုက်မှန်း မသိသော်လည်း မကြာမီ လူတိုင်း သူ၏နာမည်ကို ကြွေးကြော်နေကြလေပြီ။ တောင်ပင်လယ်လောကအတွင်းရှိ အသံအားလုံးသည် မိုးခြိမ်းသံထက် ကျယ်လောင်သော် ကြွေးကြော်သံကြီးအဖြစ် ပေါင်းစုသွားကြ၏။
သူတို့၏အသံက မန်ဟိုပင် ကြားလိုက်ရသည့်တိုင်အောင် ဟိန်းဟိန်းညံလာသည်။
“မန်ဟို မန်ဟို”
“မန်ဟို မန်ဟို”
တောင်ပင်လယ်လောကမှာ တစ်ခါမှမဖြစ်ခဲ့ဖူးသော ပုံစံမျိုးဖြင့် အုံးအုံးကြွက်ကြွက်ထနေတော့သည်။ ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားနေကြသော်လည်း အပြင်သူများမှာတော့ ခိုးကိုးရာမဲ့လျက် ကြောက်ဒူးတုန်နေကြသည်။
သူတို့အနေဖြင့် အပြည့်အဝနားမလည်သော်လည်း တောင်ပင်လယ်လောက၏ ကျင့်ကြံသူများ ယခုနှင့်မတူတော့သည်ကို ခံစားလိုက်ကြရသည်။ တောင်ပင်လယ်လောက၏ ကျင့်ကြံသူများသည် ပို၍ရဲစွမ်းသတ္တိရှိလာကြသည်၊ ပို၍ခေါင်းမာလာကြသည်။ ပို၍ကြောက်စရာကောင်းလာကြ၏။
တောင်ပင်လယ်လောကသည် မည်သူမဆို လွတ်လပ်စွာ အရှက်ခွဲလှောင်ပြောင်နိုင်ခဲ့သော အိပ်ပျော်နေသည့်ဘီလူးကြီးဖြစ်ခဲ့၏။ သို့သော် ယခုတွင် ထိုဘီလူးကြီးကား မျက်လုံးဖွင့်၍ ... နိုးထလာခဲ့လေပြီ။
ထိုနိုးထမှုက မိုးနှင့်မြေတွင် အရောင်အဝါများ လင်းလက်ဖြတ်ပြေးသွားစေသည်။
ထိုနိုးထမှုက ကြယ်တာရာကောင်းကင်ကို လုံးလုံလျားလျား တုန်လှုပ်သွားစေသည်။
အပေါ်မှ ပြိုကျလာနေသော ကောင်းကင်ဘုံ (၁) မှာတော့ ဘီလူးကြီးတောင်ပင်လယ်လောကကို နိုးပေးခဲ့သည့် ယဇ်အပူဇော်ခံသားကောင်ပမာ ဖြစ်သည်။
နဝမတောင်ပင်လယ်၏ ဖန်မျိုးနွယ်စုတွင် လူတိုင်းလူတိုင်းသည် ကောင်းချီးဩဘာပေးနေကြ၏။ မန်ဟို့ကို ကြည့်နေစဉ် ဖန်ရှုံ့ဖုန်း၏ရင်ထဲတွင် ဂုဏ်ယူခြင်းမာနတို့ တဖွားဖွားဖြစ်ပေါ်နေသည်။ ‘မန်ဟိုက ငါ့သားကွ’ ဟု တောင်ပင်လယ်တစ်လောကလုံးကြားအောင် အော်ဟစ်ပစ်ချင်နေ၏။
အတိတ်တုန်းက မန်ဟိုနှင့် ယှဉ်ပြိုင်ခဲ့ဖူးသော ရွေးချယ်ခံအားလုံး ... ဖန်းတုံးအာဖြစ်စေ၊ ကျီယင်ဖြစ်စေ အကုန်လုံးသည် စိတ်မလှုပ်ရှားမိဘဲ မနေကြပေ။ ရှုပ်ထွေးသောခံစားချက်တချို့ ရှိနေသော်လည်း အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာများကို သူတို့ တွေးမနေကြပေ။ သူတို့မျက်လုံးထဲတွင် .... လူတိုင်း၏စိတ်ဓာတ်အားမာန်ကို မြှင့်တင်ပေးနေသော လျှမ်းလျှမ်းတောက်နေတစ်စင်း.. မန်ဟို့ကိုသာ မြင်ကြရသည်။
တချို့ကျင့်ကြံသူများဆိုလျှင် ထိုရွေးချယ်ခံများကို လှမ်းကြည့်ပြီး မန်ဟို့အပေါ် အကြွေးတင်နေခြင်းကပင် ဂုဏ်ယူစရာကောင်းသည်ဟု တွေးလာကြ၏။
မန်ဟိုသာ တောင်းဆိုလျှင် သူ့အတွက် အကြွေးစာချုပ်တွင် ဝမ်းမြောက်ဝမ်းသာ လက်မှတ်ထိုးပေးမည့် လူများ တစ်ပုံတစ်ခေါင်း ရှိလာပေတော့မည်....
သူ့နှင့် ကံကြွေးမှတစ်ဆင့် ဆက်သွယ်နေခြင်းက ကံကြမ္မာကောင်းဟုပင် ဆိုနိုင်ပေသည်။
ရှုချင်မျက်နှာလေးတွင် အပြုံးပန်းလေး ပွင့်လန်းနေ၏။ ဖန်ယုလည်း ပြုံးနေသည်၊ မန်လီလည်း ပြုံးနေသည်။ လီလင်းအာ၏မျက်နှာလေးထက်တွင်လည်း အပြုံးလေးကို မြင်ရနိုင်သည်။ ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံး ယခင်တုန်းက မရှိခဲ့သော အရာတစ်ခုကို သူတို့ရင်ထဲတွင် ခံစားလိုက်ကြရသည်။
တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ရွှေတုန်းလျှိုသည် တောင်ပင်လယ်လောက ဦးမော့လာသည်ကို စောင့်ကြည့်နေ၏။ မျှော်လင့်ချက်ပေါက်ဖွားလာသည်ကို စောင့်ကြည့်နေ၏။ ထို့နောက် သူက ခေါင်းနောက်လှန်ကာ လှိုက်လှိုက်လှဲလှဲ ရယ်သည်။
“ဒီလိုစိတ်ဓာတ်အားမာန်မျိုးနဲ့ ... တောင်ပင်လယ်လောက ရှုံးသွားရင်တောင်မှ ကျင့်ကြံသူတစ်ယောက် အသက်ရှင်ကျန်ခဲ့သရွေ့ အဲဒီမီးစလေးဟာ ဆက်လက်လောင်ကျွမ်းနေလိမ့်မယ်။ တောင်ပင်လယ်တွေရဲ့သွေးဆက်ဟာ ထာဝရစဉ် တည်ရှိနေလိမ့်မယ်” ရွှေတုန်းလျှိုသည် ပျော်ရွှင်စွာ ရယ်မောနေ၏။ ယနေ့တွင် ... နိုင်ခြင်းရှုံးခြင်းက အရေးမပါတော့မှန်း သူ သိလိုက်လေပြီ။
ကြယ်တာရာကောင်းကင်ထက်တွင် မန်ဟိုသည် တောင်ပင်လယ်တစ်လောကလုံးကို ငုံ့ကြည့်ရင်း ပျံဝဲနေ၏။ တစ်ချိန်တည်းမှာပင် အောက်ရှိကျင့်ကြံသူများသည်လည်း ကောင်းကင်ဘုံ (၁) ၏ ပြိုကွဲနေသော အပိုင်းအစများကြားမှတစ်ဆင့် မန်ဟို့ကို လှမ်းမော့ကြည့်နေကြသည်။
မန်ဟိုမှာ တစ်ခုခုပြောသင့်ကြောင်း ခံစားလိုက်ရသည့်အတွက် တအောင့်ကြာသော် ကြွေးကြော်လိုက်သည်။ "ငါက တောင်ပင်လယ်ကျင့်ကြံသူ”
သူက သူ၏စကားလုံးများကို ကျင့်ကြံခြင်းအခြေခံနှင့် နတ်ဘုရားအာရုံဖြင့် အားဖြည့်ပေးထားရာ သူ၏အသံသည် စတုတ္ထတောင်ပင်လယ်မှစ၍ တတိယ၊ ဒုတိယ၊ ပထမနှင့်အတူ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမတောင်ပင်လယ်တို့အထိ ပဲ့တင်ထပ်သွား၏။
တဖြေးဖြေး တောင်ပင်လယ်လောကသားတိုင်းသည် ထိုအတိုင်း ကြွေးကြော်နေကြတော့သည်။
“ငါက တောင်ပင်လယ်ကျင့်ကြံသူ”
“ငါက တောင်ပင်လယ်ကျင့်ကြံသူ”
“ငါက တောင်ပင်လယ်ကျင့်ကြံသူ” အသံက ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီ၏ နှလုံးသားထဲမှ ထွက်လာခြင်းဖြစ်သည်။ ထိုအသံတွင် သူတို့၏အသက်၊ သူတို့၏စိတ်နှင့် သူတို့၏မာနတို့ ပါဝင်၏။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ နောက်ဆက်တွဲ ဖြစ်လာသည့်အရာပင်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ရွှေတုန်းလျှိုသည် လက်နှစ်ဖက်လုံးကို လေပေါ် ပင့်မလိုက်၏။ တုံ့ပြန်သည့်အနေဖြင့် တောင်ပင်လယ်လောက၏စိတ်ဆန္ဒသည် ဆူပွက်လာပြီး တဂျုန်းဂျုန်းလာသည်။ နှစ်ပေါင်းများစွာ စုဆောင်းခံခဲ့ရသော မိုးနှင့်မြေ၏စွမ်းအင်များက ယခုတွင် တောင်ပင်လယ်လောကတစ်ခွင် ဖြာထွက်သွားရင်း ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားကြသည်။
တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံအဆင့်တက်ကုန်ကြလေပြီ။
သူတို့မှာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်နှောင်ခံခဲ့ရသော်လည်း ယခုတွင် ကောင်းကင်ဘုံ (၃၃) ၏ ချုပ်နှောင်မှုကား အားနည်းသွားခဲ့ပြီဖြစ်သည်။ တောင်ပင်လယ်လောက နိုးထလာခဲ့၍ ကျင့်ကြံသူအားလုံး အဆင့်တက်ကုန်ကြသည်။
ယခုမှစ၍ ... ကောင်းကင်ဘုံ (၃၃) ခုသည် ကောင်းကင်ဘုံ (၃၂) ခုအဖြစ်သို့ လျော့ကျ၍ သူတို့၏အချုပ်အနှောင်သည်လည်း တစ်လွှာနည်းသွားခဲ့ချေပြီ။
တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေစဉ် အပြင်သူများမှာ ကတုန်ကယင် ဆုတ်ကုန်ကြသည်။ သူတို့မှာ တိုက်ခိုက်လိုစိတ်လည်း မရှိ၊ ယုံကြည်ချက်လည်း မရှိကြတော့ပေ။
မှီခိုရာဂိုဏ်းချုပ်ကို တိုက်ခိုက်နေသော အပြင်သူတာအိုဥသျှောင် လောင်လင်းစစ်ပင်လျှင် တုန်ရီနေသည်။
“ငါတို့ မှားသွားပြီထင်တယ်... ပါရာဂွန်အင်မော်တယ်လောကရဲ့အမွေခံ ဒီလိုတောင်ပင်လယ်လောကတစ်ခုဟာ ... ငါတို့ ကျွန်ခံခိုင်းနိုင်တဲ့အရာ၊ ငါတို့ ဖျက်စီးနိုင်တဲ့အရာ မဟုတ်ဘူးထင်တယ်”
ခိတိဂဗ္ဗကို တိုက်ခိုက်နေသော အပြင်သူအင်ပါယာသခင်လည်း တုန်လှုပ်စပြုလာသည်။ သူ၏ကျင့်ကြံအဆင့်က သူ့ကို ပါရာဂွန်တစ်ပိုင်းသဖွယ် ဖြစ်စေ၍ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်ပြီး ပို၍ပင် မြင်နိုင်လေသည်။ တောင်ပင်လယ်လောက နိုးထလာနေသည်ကို သူ ခံစားနေရသည်သာမက ၎င်း၏အရှိန်အဝါလည်း ဟိုးအတွင်းထဲမှ ထွက်လာနေသည်ကို သူ မြင်နေရသည်။
ပါရာဂွန်ပင်လယ်အိပ်မက်ကို တိုက်ခိုက်နေသော အပြင်သူပါရာဂွန်အောဂူမှာတော့ ခါးသီးနေသည်။ ပါရာဂွန်တစ်ဦးဖြစ်သည်နှင့်အညီ တောင်ပင်လယ်တစ်လောကလုံးကို သူ မြင်ရပြီး ဖြစ်ကြောင်းကုန်စင်ကို သူ နားလည်သည်။ ပါရာဂွန်အင်မော်တယ်လောကမှ ဆက်ခံခဲ့ရသော မာနဖြစ်သည့် ကြောက်မက်ဖွယ်အရှိန်အဝါ ထွက်ပေါ်လာနေသည်ကိုလည်း သူ ခံစားနေရသည်။
ပါရာဂွန်အင်မော်တယ်လောက၏ ခေတ်မှ အင်မော်တယ်များသည် ရဲစွမ်းသတ္တိအပြည့်နှင့် မာနကြီးကြသော်လည်း မောက်မာထောင်လွှားခြင်းမရှိပေ။ အစွမ်းထက်သော်လည်း မရက်စက်တတ်၍ မရေမတွက်နိုင်သော အဆင့်နိမ့်လောကများကို လက်အောက်ခံအဖြစ် သိမ်းသွင်းကာ မိုးနှင့်မြေတစ်ခွင် အုပ်စိုးရင်း ကြယ်တာရာကောင်းကင်များကို လွှမ်းမိုးခဲ့၏။
ယခုလိုအရှိန်အဝါတစ်ခုကို ပါရာဂွန်အောဂူ မမြင်ခဲ့ရသည်မှာ အလွန့်အလွန် ကြာခဲ့ပြီဖြစ်သော်လည်း... ယနေ့ ဤနေရာတွင် ထိုအရှိန်အဝါ နေရာယူနေသည်ကို သူ ခံစားနေရလေပြီ။
“ဒီကောင်လေးက တိုက်ခိုက်ရတာကို မကြိုက်ရင်မကြိုက်မယ်။ စစ်ရေးပရိယာယ်တွေကို နားမလည်ရင် နားမလည်မယ်။ စစ်ဗျူဟာအရာဟာ မကျွမ်းကျင်ရင် မကျွမ်းကျင်မယ်။ ဒါပေမဲ့ ... စစ်ရဲ့အနှစ်သာရကိုတော့ ကောင်းကောင်းသိတယ်
“သာမန်လူတွေအနေနဲ့ စစ်ဆိုတာ အနိုင်ယူခြင်းလို့ပဲ ထင်ကြတယ်။ နည်းနည်းပိုမြင်တတ်တဲ့လူတချို့ကတော့ စစ်ဆိုတာ ပျက်စီးခြင်းနဲ့ သေဆုံးခြင်းလို့ ဆိုတယ်။ ဒါပေမဲ့ .... တကယ်အမြော်မြင်ရှိတဲ့လူဟာ .. စစ်ဆိုတာ ရန်သူရဲ့ စိတ်ဓာတ်အားမာန်ကို ဖျက်စီးလို့ သဘောပေါက်တယ်
“ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ကြောက်စရာကောင်းလောက်အောင် စိတ်ခွန်အားရှိစေနိုင်တဲ့ စိတ်ဓာတ်အားမာန်တစ်ခုကို ပိုင်ဆိုင်ထားကြတယ်။ ပါရာဂွန်အင်မော်တယ်လောကရဲ့ နေ့ရက်တွေတုန်းက အဲဒီစိတ်ဓာတ်အားမာန်ဟာ ချိုးနှိမ်ခံခဲ့ရလို့ စိတ်ခွန်အားလည်း ပျက်ပြားသွားခဲ့ပြီး သူတို့ကို ဒီနေရာအထိ နိမ့်ကျသွားစေခဲ့တယ်။ တကယ်တော့ သူတို့လောကကို ချုပ်နှောင်ထားတာက ကောင်းကင်ဘုံ ၃၃ ဘုံတင် မဟုတ်ခဲ့ဘူး။ သူတို့ကိုယ်တိုင်လည်း ပါတယ်
“ဒါပေမဲ့ အခုတော့ အကုန်လုံး ပြောင်းလဲသွားခဲ့ပြီ .... အဲဒီကောင်လေး သေကိုသေမှဖြစ်မယ်” အပြင်သူပါရာဂွန်၏မျက်လုံးများ အေးစက်စက် တောက်ပသွားသည်။
ဤအခိုက်အတန့်တွင် ခါးခါးသီးသီး ရယ်သံကြီးတစ်သံသည် မန်ဟို့ထံမှ မလှမ်းမဝေးတွင် ထွက်လာ၏။ ၎င်းက ယခုလေးတင် ကိုယ်ပွားများကို ပြန်လည်စုစည်းနိုင်ခဲ့သော၊ ကောင်းကင်ဘုံ (၁) ပြိုကျမသွားအောင် တားဖို့ သူ၏အသက်စွမ်းအားကို လောင်ကျွမ်းပစ်ခဲ့သော အပြင်သူပါရာဂွန်ဥသျှောင်ပင်။ ယခုတော့ သူ နောက်ကျသွားခဲ့လေပြီ။ သူ၏စိတ်နှလုံးသည် ရူးသွပ်တော့မတတ် တုန်လှုပ်နေ၏။ သူက မန်ဟို့ကို အမဲဖြတ်တော့မည့်မလား တဟုန်ထိုး ပြေးဝင်လာသည်။
“မင်းက ငါ့အိမ်ကို ဖျက်စီးခဲ့ပြီး ငါ့လူတွေကို သတ်ခဲ့တယ်” သူက အမြန်ဆုံးချဉ်းကပ်လာရင်း စူးစူးဝါးဝါး အော်သည်။ “မင်းက ငါတို့ရဲ့အရာအားလုံးကို ရှင်းပစ်ခဲ့တာ မန်ဟို”
“မင်းတို့ဘာသာမင်းတို့ ရှင်းပစ်ခဲ့တာပါ” မန်ဟိုက အေးစက်စက် ပြန်ဖြေရင်း တိုက်ကွက်တစ်ကွက် ထုတ်လွှတ်တော့မည့်အချိန်မှာပင် ပြိုကျနေသော ကောင်းကင်ဘုံ (၁) ကို လှည့်ကြည့်လိုက်သည်။
အနှစ်သာရအရှိန်အဝါကို သူ ခံစားနေရလေသည်။
“ကမ္ဘာအနှစ်သာရ” သူက တွေးသည်။ သူ့မျက်လုံးများ ဝင်းလက်လာပြီး သူ့ရင်ထဲတွင် ပျော်ရွှင်မှုတို့ ပေါက်ဖွားလာသည်။ သူသည် လေဟုန်ခွင်းလောက၏ ကမ္ဘာအနှစ်သာရအကြောင်း ပြန်တွေးမိလိုက်၏။ ကောင်းကင်ဘုံ (၁) တွင်လည်း အနှစ်သာရရှိသော်လည်း လေဟုန်ခွင်းလောကမှ အနှစ်သာရထက် များစွာများပြားလေသည်။ ဤကောင်းကင်ဘုံ (၁) က အဆင့်နိမ့်လောက (၃၀၀၀) အနက် မပျက်မစီးဘဲ ပကတိအတိုင်းကျန်ခဲ့သော လောကတစ်ခုမဟုတ်ပါလော။
ထို့ကြောင့် ဤနေရာတွင် ကမ္ဘာအနှစ်သာရ ရှိနေသည်မှာ မထူးဆန်းပေ။
ကမ္ဘာအနှစ်သာရသည် တစ်ကမ္ဘာလုံးအပေါ် အခြေခံသည့် ပြည့်စုံသောတာအို၊ အထွတ်အမြတ်ဆုံးသော တာအိုဖြစ်၏။ ကမ္ဘာအမျိုးမျိုးတွင် မတူညီသောကမ္ဘာအနှစ်သာများ ရှိကြလေသည်။
လွန်ခဲ့သောနှစ်များစွာက မန်ဟိုသည် လေဟုန်ခွင်းလောက၏ ကမ္ဘာအနှစ်သာရကို ရယူဖို့လေးအတွက် သေဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရ၏။ ၎င်းကို ရရှိပြီးနောက်တွင်မူ လောကပါလတာအိုအင်မော်တယ်သွေးဆက်ကို ဖွင့်နိုင်ခဲ့ပြီး ဖန်မျိုးနွယ်စုတစ်စုလုံး၏ သွေးထဲတွင် လောကပါလတာအိုသစ်စေ့ကို စိုက်ပျိုးနိုင်ခဲ့သည်။
ထိုကမ္ဘာအနှစ်သာရသည် မန်ဟို့အပေါ် လေးနက်စွာ သက်ရောက်ခဲ့၏။ အမှန်တွင် နောက်ပိုင်း သူ အမြင့်သို့တက်နိုင်ခဲ့သော အကြောင်းရင်း၊ တာအိုသခင်များနှင့် တာအိုဥသျှောင်များကို သတ်နိုင်ခဲ့သော အကြောင်းရင်းမှာ သူ၏လောကပါလတာအိုအင်မော်တယ်သွေးဆက်ကြောင့် ဖြစ်ခဲ့သည်။ ထို့အပြင် ထိုသွေးဆက်ကလည်း .. လေဟုန်ခွင်းလောက၏ ကမ္ဘာအနှစ်သာရ၊ သူပုန်တာအို၏သစ္စာဖောက်သုတ္တန်ကြောင့် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မန်ဟိုမှာ လုံးလုံးလျားလျား တုန်လှုပ်နေသည်။ သူ့ကိုယ်ထဲရှိ လောကပါလတာအိုအင်မော်တယ်သွေးဆက်သည် ငမ်းငမ်းတက်ဆာလောင်နေသည့်အလား ဆူပွက်နေ၏။ ထိုကမ္ဘာအနှစ်သာရကိုသာ ရယူနိုင်လျှင် သူ၏လောကပါလာတာအိုအင်မော်တယ်သွေးကို ထပ်မံလှုံ့ဆော်နိုင်ကောင်း လှုံ့ဆော်နိုင်မည်။
ကောင်းကင်ဘုံ (၁) ၏ ကမ္ဘာအနှစ်သာရက လေဟုန်ခွန်းလောက၏ သူပုန်တာအိုသစ္စာဖောက်သုတ္တန်နှင့် လွန်စွာကွဲပြားနေသည်ကိုပင် သူ ခံစားနေရသည်။ ၎င်းကိုသာ သူ ဉာဏ်အလင်းရှာနိုင်လျှင် ရလဒ်များကား အံ့ဩဘနန်းဖြစ်မည်။
၎င်းက ကျင့်ကြံသူများ မိုးနှင့်မြေ၏ မဟာတာအိုများနှင့်ပတ်သက်၍ ဉာဏ်အလင်းရအောင် ကူညီပေးနိုင်လေသည်။
ကောင်းကင်ဘုံ (၃၃) ဘုံသည် သူတို့တပ်မက်သော ၎င်း၏ကမ္ဘာအနှစ်သာရကြောင့်သာ လေဟုန်ခွင်းလောကကို သည်းခံခဲ့ခြင်းဖြစ်၏။
ယခုတွင် ကောင်းကင်ဘုံ (၁) ပြိုကျနေစဉ် ဤကမ္ဘာအနှစ်သာရသည် လေဟုန်ခွန်းလောက၏အနှစ်သာရထက် အဆများစွာအစွမ်းထက်ကြောင်း ပြောနိုင်ပေသည်။ ထိုမျှသာမက ၎င်းက ကောင်းကင်ဘုံ (၁) တစ်လျှောက် ပွထနေသော အက်ကွဲကြောင်းများမှ စိမ့်ထွက်လာနေသည်။
မန်ဟိုက တခဏလေးပင် တွန့်ဆုတ်မနေ။ သူသည် အပြင်သူတာအိုဥသျှောင်ကို ရှောင်ရင်း ကမ္ဘာအနှစ်သာရတည်ရှိရာတွင် ဖျတ်ခနဲ ပေါ်လာ၏။
ထိုသို့ဖြစ်ပျက်သောအခါ အားကောင်းသော အနှစ်သာရအရှိန်အဝါက မန်ဟို့ထံ လိမ့်ထွက်လာသည်။ ရုတ်ခြည်းဆိုသလို သူ့စိတ်သည် အဆတစ်ရာရှင်းလင်းသွားပြီး သူ့ခန္ဓာကိုယ်က အဆတစ်ရာ ဖျတ်လတ်လာ၏။ မဟာတာအိုတစ်ပါး၊ အင်အားကြီးမားသော အနှစ်သာရ၏ အတွေ့အထိကား ပို၍ပင်ပြင်းထန်လေသည်။
သူ၏ဆင်ခြင်တွေးခေါ်နိုင်စွမ်းသည်လည်း ပို၍ပင်ကျယ်ပြန့်လာ၏။
သူ၏သွေးဆက်ပင်လျှင် ထူးဆန်းသော ပြောင်းလဲမှုများကို ကြုံတွေ့၍ စုပ်ယူနေသောအရိပ်အယောင်များ ပြကာ ပြောင်းလဲလာတော့သည်။