← Chapters

အခန်း ၇၉၁

Vol. 75 Ch. 791

အခန်း ၇၉၁

Vol. 75 Ch. 791

အခန်း (၇၉၁) - ကြယ်ကွဲပင်လယ်သို့ ဆိုက်ရောက်ခြင်း၊ ကမ္ဘာဦးနဂါးလက်သီးနှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲအား ချေမှုန်းခြင်း(၁)။

ဤအချိန်တွင် ဖုန်းရှီးမြို့တော်၏ မြို့တော်ဝန်နန်းတော်၌...။

ဖုန်းရှီးတာအိုအရှင်၊ ထောင်ချီလီ၊ စစ်ယွီရှီးနှင့် ဟွားစစ်ချင်တို့ ရောက်ရှိနေကြ၏။ သူတို့သည် ဖုန်းရှီးမြို့တော်၏ အဆင့်မြင့်အရာရှိများ ဖြစ်ကြပြီး ကြီးမားသော အာဏာကို လက်ဝယ်ပိုင်ဆိုင်ထားသူများ ဖြစ်ပေသည်။

"မြို့တော်ဝန်အရှင်... စုကျဲ့ညီမလေးက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကြီးတွေနောက်ကို လိုက်သွားဖို့ အစီအစဉ်မရှိပါဘူး။ သူမက ဖုန်းရှီးမြို့တော်မှာပဲ ကျန်ရစ်ခဲ့ပြီး ကျွန်မတို့နဲ့အတူ ကြယ်ကွဲပင်လယ်ကို လိုက်ဖို့ ဆုံးဖြတ်ထားပါတယ်..."

ဟွားစစ်ချင်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ မူလက ပိုင်စုကျဲ့တစ်ယောက် ဧကရာဇ်မြို့တော်သို့ ပြန်သွားလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း၊ မမျှော်လင့်ဘဲ မသိနားမလည်သေးသည့် ကြယ်ကွဲပင်လယ်သို့ အတူလိုက်ပါရန် ရွေးချယ်ခဲ့သဖြင့် သူမအနေဖြင့် ဝမ်းသာရသလို စိုးရိမ်စိတ်လည်း ဖြစ်ပေါ်နေရ၏။

"အဲဒီလိုလား..."

ဖုန်းရှီးတာအိုအရှင်က တည်ငြိမ်စွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

"သူမလည်း အရွယ်ရောက်ပြီးသူပဲဆိုတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတာပေါ့။ ငါတို့နဲ့အတူ သေအတူရှင်မတူ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုမှတော့ ပြောနေစရာ မလိုတော့ပါဘူး... ဒါက ကောင်းတဲ့ကိစ္စပဲ... အချိန်လည်း နီးပြီဆိုတော့ ငါတို့ အစီအရင်ကို စတင်ပြီး ကြယ်ကွဲပင်လယ်ကို ထွက်ခွာကြရအောင်။ နောက်ကျနေရင်တော့ ရုပ်သေးမျိုးနွယ်တွေ ရောက်လာတော့မယ်..."

ဖုန်းရှီးတာအိုအရှင်က မျက်လုံးများကို အသာမှေးစင်းလိုက်၏။ သူမသည် မိုးကြိုးတောင်တန်း၏ နက်ရှိုင်းသောနေရာမှ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပျံ့လွင့်လာသည်ကို ခံစားနေရသည်။

အချိန်အနည်းငယ်မျှ နှောင့်နှေးသွားသည်နှင့် ဖုန်းရှီးမြို့တော်မှာ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

"ဟုတ်ကဲ့... တည်နေရာပြောင်းအစီအရင်က အဆင်သင့်ဖြစ်နေပါပြီ။ အချိန်မရွေး စတင်နိုင်ပါတယ်..."

ထောင်ချီလီက အသံပြုလိုက်၏။

သူမသည် ဖုန်းရှီးမြို့တော်၏ တစ်ဦးတည်းသော သတ္တမအဆင့်အစီအရင်ပညာရှင် ဖြစ်သကဲ့သို့ ဤတည်နေရာပြောင်းအစီအရင်မှာလည်း သူမကိုယ်တိုင် အားသွန်ခွန်စိုက် ခင်းကျင်းထားခြင်း ဖြစ်ပေသည်။

ဘေးအန္တရာယ်မှ လွတ်မြောက်ရန် ပြင်ဆင်ထားသည့် ဤအစီအရင်သည် အမှန်တကယ်ပင် အသုံးဝင်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ဘေးဒုက္ခများ ဝန်းရံနေသည့် ဤလောကတွင် အသက်ဘေးမှ လွတ်မြောက်ရန် နည်းလမ်းများကို မည်မျှပင် ပြင်ဆင်ထားသည်ဖြစ်စေ များသည်ဟု မရှိနိုင်ပေ။

"ကောင်းပြီ... ထွက်ခွာကြစို့..."

ဖုန်းရှီးတာအိုအရှင်က ခေါင်းညိတ်လိုက်၏။

ဂျိန်း... ဂျိန်း... ဝုန်း...

ခဏချင်းတွင်ပင် တစ်မြို့လုံးသည် အဆုံးမဲ့သော အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ မြေပြင်အောက်ခြေတွင် ကြီးမားလှသော တည်နေရာပြောင်းအစီအရင်တစ်ခု ပေါ်ပေါက်လာပြီး ဟင်းလင်းပြင်စွမ်းအင်များကြောင့် မိုင်သောင်းချီသော ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားလေသည်။

ဖုန်းရှီးမြို့တော်ကဲ့သို့ မြို့ကြီးတစ်မြို့လုံးကို တည်နေရာပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသော်လည်း၊ ဖုန်းရှီးမြို့တော်မှာ အဂ္ဂိရတ်ပညာရပ်ဖြင့် တည်ဆောက်ထားသော စက်မှုမြို့တော်ဖြစ်သဖြင့် ပြီးပြည့်စုံသော ရတနာတစ်ခုနှင့် ဆင်တူရာ အလွယ်တကူပင် ပြောင်းရွှေ့နိုင်ပေသည်။

နောက်တစ်စက္ကန့်တွင် ဖုန်းရှီးမြို့တော်မှာ မူလနေရာမှ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာသို့ ရောက်ရှိသွားတော့သည်။ မူလနေရာတွင် ကျယ်ပြောလှသော မြေကွက်လပ်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့၏။

ဖုန်းရှီးမြို့တော်မှာ ဤနေရာတွင် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ မည်သည့်ခြေရာလက်ရာမျှ မကျန်ခဲ့ဘဲ အစအနဖျောက်ကာ ပျောက်ကွယ်သွားတော့သည်။

............

နာရီအနည်းငယ် ကြာပြီးနောက်တွင်...

မျိုးနွယ်စုပေါင်းစုံမှ အင်အားကြီးမားလှသော စစ်တပ်ကြီးတစ်ခု ရောက်ရှိလာ၏။ သူတို့သည် မြွေပျံမျိုးနွယ်၊ ရွှေဖားပြုပ်မျိုးနွယ်၊ ရုပ်သေးမျိုးနွယ်၊ သန့်စင်ခြင်္သေ့မျိုးနွယ်၊ လေကျားသစ်မျိုးနွယ်နှင့် ရွှေဝက်ဝံမျိုးနွယ်တို့ဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်စစ်တပ်ကြီး ဖြစ်ချေသည်။

သူတို့၏ ရည်ရွယ်ချက်မှာ ဖုန်းရှီးမြို့တော်ကို တိုက်ခိုက်ပြီး ရတနာများကို လုယက်ရန်ဖြစ်သော်လည်း ဤနေရာသို့ ရောက်ရှိလာချိန်တွင်မူ ကြက်သေသေသွားကြရသည်။

ဤနေရာမှာ ဗလာနတ္ထိ ဖြစ်နေပြီး လူသားမြို့တော်၏ အရိပ်အယောင်ပင် မကျန်တော့ပေ။

"ဘယ်လိုဖြစ်တာလဲ... လူသားမြို့တော်က ဘယ်ရောက်သွားတာလဲ... အဲဒီလောက်ကြီးတဲ့ လူသားမြို့တော်က ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ..."

သန့်စင်ခြင်္သေ့မျိုးနွယ် ကျင့်ကြံသူတစ်ဦးမှာ အံ့အားသင့်လွန်းသဖြင့် မည်သို့ဖြစ်သွားသည်ကိုပင် မတွေးတောနိုင်တော့ပေ။ မူလက ဤနေရာတွင် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော မြို့ကြီးတစ်မြို့ ရှိနေခဲ့သော်လည်း ယခုအခါ ပျောက်ကွယ်သွားခြင်းမှာ မယုံနိုင်စရာပင် ဖြစ်၏။

"ငါတို့ နောက်ကျသွားပြီ... သူတို့ ထွက်သွားကြပြီ... လူသားတွေထဲက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကြီးတွေဟာ ဖုန်းရှီးမြို့တော်မှာ တည်နေရာပြောင်းအစီအရင်ကို ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။ အရေးပေါ် အခြေအနေရောက်ရင် တစ်မြို့လုံးကို ချက်ချင်း ပြောင်းရွှေ့နိုင်အောင် စီစဉ်ထားတာ..."

ရုပ်သေးမျိုးနွယ် ကျင့်ကြံသူက သက်ပြင်းချရင်း ပြောလိုက်၏။ သူတို့သည် လူသားမျိုးနွယ်အတွင်းတွင် သူလျှိုများ ထားရှိသဖြင့် ဖုန်းရှီးမြို့တော်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သိရှိနေကြသော်လည်း သိရုံမှတစ်ပါး ဘာမျှမတတ်နိုင်ခဲ့ပေ။

စစ်တပ်ကြီးတစ်ခုလုံး လှုပ်ရှားရန်အတွက် အချိန်လိုအပ်ပေသည်။ မျိုးနွယ်စုအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်မှာ ပို၍ပင် ခက်ခဲပြီး အခြေအတင် ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ရသဖြင့် အချိန်များ ကြန့်ကြာသွားရခြင်းပင်။

သူတို့ ဤနေရာသို့ ရောက်ရှိလာချိန်တွင် လူသားမြို့တော်မှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

"ကောက်ကျစ်လိုက်တဲ့ လူသားတွေ... အေးအေးဆေးဆေး ရှိနေတာ ဒါကြောင့်ကိုး။ ထွက်ပြေးဖို့ ကြိုတင်ပြင်ဆင်ထားတာပဲ... သူတို့ ဘယ်ကို ထွက်ပြေးသွားတာလဲ... ချက်ချင်း လိုက်သွားကြစို့... မြို့ထဲက လူသားတွေအားလုံးကို သတ်ပစ်ရမယ်..."

မျိုးနွယ်ခြား ကျင့်ကြံသူများက ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ သူတို့သည် ဖုန်းရှီးမြို့တော်ကို ဖျက်ဆီးပြီး လူသားမျိုးနွယ်အား သတိပေးချက်တစ်ခု ပေးချင်နေကြဆဲ ဖြစ်‌သည်။

"အဲဒါကတော့ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး... ငါတို့ရထားတဲ့ သတင်းတွေအရ သူတို့က ကြယ်ကွဲပင်လယ်ကို ပြောင်းရွှေ့သွားကြပြီ..."

ရုပ်သေးမျိုးနွယ် ကျင့်ကြံသူက သူသိထားသည့် သတင်းကို ထုတ်ဖော်ပြောလိုက်၏။

"ဘာ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် မျိုးနွယ်ခြား ကျင့်ကြံသူအားလုံး ဆွံ့အသွားကြသည်။ အကယ်၍ လူသားများသာ နဂါးပြာတိုက်ကြီးတွင် ရှိနေသေးပါက သူတို့အနေဖြင့် လိုက်လံတိုက်ခိုက်နိုင်သေးသော်လည်း ယခုမူ ကုန်းမြေတိုက်ကြီးနှင့် အလွန်ဝေးကွာလှသည့် ပင်လယ်ပြင်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုနေရာသည် အလွန်ပင် ဝေးကွာလှ၏။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကြီးများဆိုလျှင်ပင် ထိုနေရာသို့ ရောက်ရှိရန် အချိန်အတော်ကြာ သွားလာရမည်ဖြစ်ရာ စစ်တပ်ကြီးတစ်ခုလုံးကို ခေါ်ဆောင်ပြီး လိုက်လံတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဖုန်းရှီးမြို့တော်ကို ရှာတွေ့မည်၊မတွေ့မည်ကို အသာထား၊ လမ်းခုလတ်တွင်ပင် အင်အားကြီးမားလှသည့် ကန္တာရသားရဲများနှင့် တွေ့ဆုံကာ အသက်ဆုံးရှုံးသွားနိုင်ပေသည်။

"ရူးကုန်ကြပြီ... လူသားတွေတော့ တကယ်ကို ရူးကုန်ကြပြီပဲ။ ကြယ်ကွဲပင်လယ်ကို သွားရဲတယ်ဆိုမှတော့ သူတို့ဟာသူတို့ သေလမ်းရှာနေတာပဲ... ကြယ်ကွဲပင်လယ်က ဘယ်လိုနေရာလဲဆိုတာ သူတို့မသိဘူးလား... အဲဒါက ထိပ်တန်းမျိုးနွယ်ကြီးတွေရဲ့ နယ်မြေလေ။ သေးနုပ်တဲ့ လူသားမျိုးနွယ်က ကြယ်ကွဲပင်လယ်မှာ ခြေကုပ်ယူချင်တယ်ဆိုတာ သေလမ်းရှာတာမဟုတ်လို့ ဘာလဲ..."

"ဟုတ်ပါ့ဗျာ... ငါတို့မျိုးနွယ်စုတောင်မှ ကြယ်ကွဲပင်လယ်ကို မသွားရဲဘူး။ ပင်လယ်နက်ထဲက ထိပ်တန်းမျိုးနွယ်တွေရဲ့ အမြစ်ပြတ်ချေမှုန်းတာ ခံရမှာကို ကြောက်နေရတယ်။ လူသားတွေကတော့ တကယ်ကို သေမထူးနေမထူးတွေပဲ... ဖုန်းရှီးမြို့က လူသားတွေတော့ သေဖို့သာ ပြင်ထားလိုက်တော့”

“ငါတို့ လက်ဖျားနဲ့တောင် တို့စရာမလိုဘဲ အနာဂတ်မှာ ကြယ်ကွဲပင်လယ်ထဲမှာတင် သေရမှာ အသေအချာပဲ... ဒီလူသားတွေကို ကိုယ်တိုင် သတ်ခွင့်မရတာတော့ နှမြောစရာပဲ..."

မျိုးနွယ်ခြား ကျင့်ကြံသူများက လှောင်ပြောင်ရယ်မောလိုက်ကြ၏။ သူတို့၏ စိတ်ထဲတွင် ဖုန်းရှီးမြို့တော်ကို ကိုယ်တိုင် မဖျက်ဆီးလိုက်ရသဖြင့် မကျေမနပ် ဖြစ်နေသော်လည်း ကြယ်ကွဲပင်လယ်သည် မည်မျှ အန္တရာယ်များကြောင်း သိရှိထားကြပေသည်။

ထိုနေရာတွင် အခြေချရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော သဘာဝဘေးအန္တရာယ်များကို ထည့်မတွက်လျှင်ပင်၊ ကြယ်ကွဲပင်လယ်တွင် ခြေချင်းလိမ်နေသည့် အင်အားကြီး ကန္တာရသားရဲများကြောင့် လူသားများမှာ အသက်ဘေးမှ လွတ်ရန် အမြဲတမ်း ပြေးလွှားနေရတော့မည် ဖြစ်၏။

သူတို့သည် ဖုန်းရှီးမြို့တော်ရှိ လူသားများကို သေလူများအဖြစ် သတ်မှတ်လိုက်ကြတော့သည်။

"လူသားတွေရဲ့ ဖုန်းရှီးမြို့တော် ထွက်သွားပေမဲ့ လူသားမျိုးနွယ်မှာ မြို့ပေါင်း တစ်ရာကျော် ကျန်သေးတယ်... လူသားမြို့တော်တိုင်းက ကြယ်ကွဲပင်လယ်ကို ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ အခုငါတို့ တစ်မြို့ပြီးတစ်မြို့ လိုက်သတ်ပြီး လူသားမျိုးနွယ်ကို အကျပ်ကိုင်မယ်... သူတို့ကို အင်မော်တယ်ရတနာ အပ်ခိုင်းရမယ်... မဟုတ်ရင်တော့ ငါတို့က လူသားမျိုးနွယ်ကို သွေးချောင်းစီးအောင် သတ်ဖြတ်ပစ်မယ်..."

မျိုးနွယ်ခြား ကျင့်ကြံသူများ၏ ကိုယ်ပေါ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ သူတို့သည် လူသားမျိုးနွယ်က အင်မော်တယ်ရတနာကို ပိုင်ဆိုင်ထားသည်အား လုံးဝ ခွင့်မပြုနိုင်ပေ။

အင်မော်တယ်ရတနာကို အပြည့်အဝ ထိန်းချုပ်နိုင်သွားလျှင် အခြားမျိုးနွယ်စုများအတွက် ကပ်ဘေးဆိုက်ရောက်လာမည် မဟုတ်ပါလော။ သူတို့၏ ရည်မှန်းချက် မအောင်မြင်မချင်း ရပ်တန့်ကြမည် မဟုတ်ချေ။

ထို့ကြောင့် သူတို့သည် ချက်ချင်းပင် မဟာမိတ်စစ်တပ်ကြီးကို ဦးဆောင်ကာ အခြားလူသားမြို့တော်များဆီသို့ ပျံသန်းသွားကြတော့သည်။

............

နတ်ဘုရားနယ်မြေ၊ ကြယ်ကွဲပင်လယ်၊ အမည်မသိ ကျွန်းတစ်ကျွန်း။

ဝုန်း...

ဤအခိုက်အတန့်တွင် ကျွန်း၏အလယ်ဗဟိုရှိ ကျယ်ပြောလှသော မြေကွက်လပ်တွင် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော မြို့ကြီးတစ်မြို့က ရုတ်တရက် ပေါ်ပေါက်လာ၏။

ဤမြို့တော်မှာ မိုးကြိုးတောင်တန်းမှ ပြောင်းရွှေ့လာသော ဖုန်းရှီးမြို့တော်ပင် ဖြစ်ပေသည်။ မြို့ထဲရှိ လူသားကျင့်ကြံသူများမှာ ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရပြီးနောက် မကြာမီတွင် ပြန်လည်တည်ငြိမ်သွားကြ၏။

ဖုန်းရှီးမြို့တော်သည် မိုင်ပေါင်းသန်းချီသော ခရီးကို ဖြတ်ကျော်ပြီးနောက် နေရာသစ်တစ်ခုသို့ နောက်ဆုံးတွင် ဆိုက်ရောက်ခဲ့ပြီဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြသည်။

All Chapters