← Chapters

အခန်း ၇၉၄

Vol. 75 Ch. 794

အခန်း ၇၉၄

Vol. 75 Ch. 794

အခန်း (၇၉၄) - ကြယ်ကွဲပင်လယ်သို့ ဆိုက်ရောက်ခြင်း၊ ကမ္ဘာဦးနဂါးလက်သီးနှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲအား ချေမှုန်းခြင်း(၄)။

ပိုင်စုကျဲ့နှင့် ကျိုးစွေ့တို့မှာလည်း ချွင်းချက် မဟုတ်ပေ။ ဖုန်းရှီးမြို့တော်၏ အဖွဲ့ဝင်များ ဖြစ်သည်နှင့်အညီ ကန္တာရသားရဲများကို ကူညီသတ်ဖြတ်ပေးရန်မှာ သူတို့၏တာဝန်ပင် ဖြစ်၏။

"ယောက်ျား... ကျွန်မတို့ တခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ အဖွဲ့မဖွဲ့ဘဲ ကန္တာရသားရဲတွေကို သွားသတ်ကြမလို့လား...”

ပိုင်စုကျဲ့က ကျိုးစွေ့ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်ချေသည်။

သူမသည် အခြားသူများနှင့် အဖွဲ့ဖွဲ့လိုသော်လည်း ကျိုးစွေ့က ငြင်းပယ်ခဲ့သဖြင့် မြို့တော်နှင့် မိုင်ပေါင်း သောင်းချီဝေးကွာသော တောအုပ်တစ်ခုသို့ ရောက်ရှိလာခြင်း ဖြစ်၏။

ဤနေရာသည် ဖုန်းရှီးမြို့တော်နှင့် အလွန်ဝေးကွာပြီး အန္တရာယ်ရှိသော ကန္တာရသားရဲများစွာ ရှိနေသောကြောင့် ပြဿနာတစ်ခုခုဖြစ်ခဲ့လျှင်မူ မည်သူကမှ ကူညီနိုင်မည် မဟုတ်ပေ။

"ဒါတွေက အပိုအလုပ်တွေပါ...”

"လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲလေးပဲဟာ...”

"ကိုယ်တို့နှစ်ယောက် ပေါင်းလိုက်ရင် သူတို့ကို သတ်ဖို့က လက်ဖဝါးလှန်တာထက်တောင် လွယ်ပါသေးတယ်...”

ကျိုးစွေ့က ပြုံးလျက် ပြောလိုက်၏။

သူသည် အခြားသူများနှင့် အဖွဲ့မဖွဲ့လိုပေ။ ထိုသို့လုပ်ခြင်းက သူ၏စွမ်းအားအစစ်အမှန်ကို ထုတ်မပြနိုင်ရန် ကန့်သတ်ထားသကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

သူ၏ကျင့်ကြံမှုမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းသာ ရှိသော်လည်း ခန္ဓာကိုယ်ကျင့်ကြံမှုမှာ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ မဟုတ်ပါလော။

ထို့အပြင် ဆဌမအဆင့် ကူပိုးကောင်များစွာလည်း ရှိနေရာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲများမှာ သူ၏မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

"ကောင်းပါပြီ...”

ပိုင်စုကျဲ့က ခေါင်းညိတ်လိုက်၏။ အကယ်၍ အခြားသူက ပြောလျှင် ရူးနေသည်ဟု ထင်မိမည် ဖြစ်သော်လည်း သူမ၏အမျိုးသား ပြောသဖြင့် အပြည့်အဝ ယုံကြည်လိုက်သည်။

ကျိုးစွေ့သည် အလွန်သတိကြီးသူဖြစ်ကြောင်းလည်း သူမ သိထားသည်။ အကယ်၍ သေချာပေါက် အနိုင်မရနိုင်ပါက သူသည် မြို့တော်ပြင်ပသို့ ဤမျှအထိ နက်ရှိုင်းစွာ လာရောက်လိမ့်မည် မဟုတ်ပေ။

"အင်း... ရှေ့က တောင်ကြားထဲမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတစ်ကောင် ရှိနေသလိုပဲ...”

"ဒါက ကြက်သွေးမီးလျှံနဂါးမြင်း ဖြစ်ဖို့များတယ်...”

ကျိုးစွေ့က နှလုံးသားမျက်လုံးအစွမ်းဖြင့် စစ်ဆေးကြည့်လိုက်သောအခါ လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်း ကန္တာရသားရဲတစ်ကောင်ကို တွေ့လိုက်ရ၏။ သူ၏ထိုးထွင်းသိမြင်မှုအစွမ်းကြောင့် ထိုကန္တာရသားရဲ၏ ဇာစ်မြစ်ကိုပါ သိရှိသွားလေသည်။

"ဘာ... ကြက်သွေးမီးလျှံနဂါးမြင်း ဖြစ်နေတာလား...”

ပိုင်စုကျဲ့၏မျက်နှာ ပျက်သွားလေသည်။ သူမသည် ဗဟုသုတ ကြွယ်ဝသူဖြစ်သဖြင့် ထိုကန္တာရသားရဲအကြောင်းကို သိထားပေသည်။ ၎င်းသည် နဂါးသွေးမျိုးဆက် တစ်စိတ်တစ်ပိုင်း ပါရှိပြီး အလွန်အစွမ်းထက်သော မီးလျှံများကို အသုံးပြုနိုင်သည်။ သာမန်ကျင့်ကြံသူများမှာ ထိုမီးတောက်နှင့် ထိတွေ့ရုံဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်၏။

ဝှစ်...။

ပိုင်စုကျဲ့ တစ်ခုခု ပြောရန် ပြင်နေစဉ်မှာပင် ကျိုးစွေ့က သူမကို ခေါ်ဆောင်ကာ တောင်ကြားထဲသို့ ချက်ချင်းဆိုသလို ရောက်သွားလေသည်။ ထိုနေရာတွင် ဧရာမမြင်းကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။

၎င်းသည် တစ်ကိုယ်လုံး မီးလျှံများ တောက်လောင်နေသော မြင်းနီကြီးတစ်ကောင်ဖြစ်ပြီး ခေါင်းပေါ်တွင် နဂါးဦးချို နှစ်ခု ရှိနေလေသည်။ တောင်ကြားတစ်ခုလုံးမှာလည်း မီးပင်လယ်ကြီးအလား ပူပြင်းနေပြီး မြေပြင်များပင် အရည်ပျော်နေလေပြီ။

"ဒါက..."

ပိုင်စုကျဲ့မှာ ထိုကန္တာရသားရဲ၏အရှိန်အဝါကြောင့် တုန်လှုပ်သွားရ၏။ ဤမျှအထိ အစွမ်းထက်သော ကန္တာရသားရဲမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဟီးးး..."

ကန္တာရသားရဲသည်လည်း ကျူးကျော်သူ ရှိနေကြောင်း ချက်ချင်း သိလိုက်သဖြင့် ဟိန်းဟောက်လိုက်လေသည်။ ၎င်း၏အရှိန်အဝါမှာ မီးတိမ်တိုက်ကြီးများအလား ကောင်းကင်သို့ ထိုးတက်သွား၏။

ဟူးးး...

ကန္တာရသားရဲ ကြက်သွေးမီးလျှံနဂါးမြင်းသည် ပါးစပ်ကို ဟကာ ဖျက်ဆီးနိုင်စွမ်းကြီးမားသော မီးတောက်အလင်းတန်းတစ်ခုဖြင့် တိုက်ခိုက်လိုက်လေသည်။ ထိုတိုက်ခိုက်မှုတွင် မီးလျှံမန္တန်များစွာ ပါဝင်နေပြီး တောင်တန်းများကိုပင် ဖြိုဖျက်နိုင်စွမ်း ရှိပေသည်။

"အားနည်းလွန်းတယ်...”

ကျိုးစွေ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏နောက်ကျောတွင် နဂါးဆင်ဓမ္မသဏ္ဌာန်ကြီး ပေါ်ပေါက်လာလေသည်။ သူ၏အရေပြားပေါ်တွင်လည်း နဂါးဆင်မန္တန်အမှတ်အသားများစွာ ထွက်ပေါ်လာကာ အကာအကွယ်အစီအရင်တစ်ခုကဲ့သို့ ဖြစ်သွား၏။

ဘန်း...။

သူက လက်ဖဝါးကို ရှေ့သို့ အသာအယာ ဆန့်ထုတ်လိုက်ရုံဖြင့် အလွန်ပြင်းထန်သော မီးတောက်များမှာ သူ့လက်ရှေ့တွင်ပင် ရပ်တန့်သွားကာ သူ၏ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ခဲ့ပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပိုင်စုကျဲ့၏ လှပသောမျက်ဝန်းအစုံမှာ ဝိုင်းစက်သွားရပြီး လုံးဝ ဆွံ့အသွားလေတော့၏။

ဤသည်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိသော ကန္တာရသားရဲတစ်ကောင် ဖြစ်သည်ကို သိထားရ‌ပေမည်။ ထိုမျှမကသေး ကြက်သွေးရောင်နဂါးမီးတောက်ကို ပိုင်ဆိုင်ထားသည့် ကြက်သွေးမီးလျှံနဂါးမြင်းလည်း ဖြစ်ပေသည်။ ထိုမီးတောက်၏စွမ်းပကားမှာ တောင်တန်းများကို လောင်ကျွမ်းစေကာ ပင်လယ်များကိုပင် ခန်းခြောက်စေနိုင်၏။ သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများဆိုလျှင် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန်ပင် မမှီနိုင်ချေ။ သို့ဖြစ်ရာ မည်သူကများ ထိပ်တိုက်ရင်ဆိုင်ရဲပါမည်နည်း။

သို့သော် ယခုမူ သူမ၏အမျိုးသားသည် ထိုမီးတောက်တိုင်ကို လက်ချည်းဗလာဖြင့်ပင် တားဆီးထားနိုင်ခဲ့လေပြီ။

ထို့ကြောင့် မိမိအမျိုးသား၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် နာမည်ကျော်ကြားသည့် မျိုးနွယ်စုများပင်လျှင် ဤမျှလောက်သာ ရှိပေလိမ့်မည်။

မိမိအမျိုးသားမှာ ဆေးဖော်စပ်သူတစ်ဦးသာ ဖြစ်ပါလျက် အဘယ်ကြောင့် ခန္ဓာကိုယ်က ဤမျှအထိ ကြမ်းတမ်းခက်ထန်နေရသနည်း။

"သတ်...”

ကျိုးစွေ့က ပိုင်စုကျဲ့ကို ရှင်းပြရန် အစီအစဉ်မရှိပေ။ သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

သွေးမျိုးဆက်အစွမ်း... ကမ္ဘာဦးနဂါးလက်သီး။

ဤသည်မှာ ဆဌမအဆင့် ‘နဂါးဆင်ကူ’ထံမှ ရရှိထားသည့် သွေးမျိုးဆက်အစွမ်းပင် ဖြစ်၏။

ယနေ့မှသာ သူသည် ဤသွေးမျိုးဆက်အစွမ်း၏ စွမ်းပကားအစစ်အမှန်ကို စတင်ပြသလိုက်ခြင်း ဖြစ်ပေသည်။

ဝုန်း...။

ထိုခဏ၌ သူ၏ခန္ဓာကိုယ်ရှိ နဂါးဆင်ခွန်အားများသည် လက်သီးဆုပ်အတွင်းသို့ စုစည်းသွားလေသည်။

ကမ္ဘာဦးလက်သီးတံဆိပ်တစ်ခု ပေါက်ကွဲထွက်သွားရာ လက်ချောင်းတိုင်းမှာ စစ်မှန်နဂါးတစ်ကောင်သဖွယ် ဖြစ်နေ၏။ လက်သီးပေါ်တွင် စစ်မှန်နဂါးမန္တန်စာလုံးများစွာ ထွင်းထုထားသကဲ့သို့ ရှိနေပြီး အနှိုင်းမဲ့နဂါးအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

စစ်မှန်နဂါးများစွာ၏ခွန်အားများက ထိုလက်သီးတံဆိပ်ပေါ်တွင် စုစည်းနေပုံရ၏။

ထိုလက်သီးချက် ပေါက်ကွဲထွက်သွားချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေဟာနယ်တစ်ခုသဖွယ် ဖြစ်သွားကာ လေထုအားလုံးမှာ ဖယ်ထုတ်ခံလိုက်ရ‌တော့သည်။

ဤအရှိန်အဝါကြီးမားလှသော ခွန်အားများ၏ ဖိနှိပ်လာမှုမှာ ဤနယ်မြေတစ်ခုလုံးကို ရိုက်ခွဲပစ်တော့မည့်အတိုင်းပင် ဖြစ်နေတော့သည်။

ဘေးတွင်ရှိနေသော ပိုင်စုကျဲ့မှာ ဤလက်သီးချက်၏စွမ်းပကားကို အသိသာဆုံး ခံစားလိုက်ရ၏။

ဤလက်သီးချက်မှာ သူမကို ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း သူမ၏တစ်ကိုယ်လုံးရှိ မွေးညင်းနုများ ထောင်ထလာကာ တုန်လှုပ်ချောက်ချားသွားရသည်။

ဘန်း...

မျက်စိတစ်မှိတ်အတွင်း ထိုလက်သီးချက်မှာ အချိန်နှင့် လေဟာနယ်ကို ဖြတ်ကျော်သွားသကဲ့သို့ အံ့ဩဖွယ်ကောင်းသော အရှိန်ဖြင့် ပြေးဝင်သွား၏။

၎င်းမှာ လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်ရှိသော ကန္တာရသားရဲ ကြက်သွေးမီးလျှံနဂါးမြင်းကို တိုက်ရိုက် ထိမှန်သွားလေသည်။

ဝုန်း...။

ထိုကြက်သွေးမီးလျှံနဂါးမြင်းမှာ လုံးဝ မခုခံနိုင်ဘဲ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်ထွက်သွား၏။ တောင်တန်းများစွာကို တစ်ခုပြီးတစ်ခု တိုက်မိကာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားများက ၎င်း၏ခန္ဓာကိုယ်ကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဤတစ်ခဏ၌ ၎င်း၏ ခန္ဓာကိုယ်မှာ ယခင်က မကြုံဖူးသော ဒဏ်ရာများကို ရရှိသွားပြီး ကြက်သွေးရောင် သွေးများစွာ ပန်းထွက်လာ၏။

ထိုအနီရောင် သွေးများမှာ ချော်ရည်များကဲ့သို့ပင် မြေပြင်ပေါ်သို့ ကျရောက်သွားကာ ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဤပတ်ဝန်းကျင်တစ်ခုလုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲကာ ပြင်းထန်စွာ လောင်ကျွမ်းသွားစေသည်။

နောက်ဆုံးတွင် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ကျရောက်သွားကာ ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွား၏။ တစ်ကိုယ်လုံးမှာလည်း ရရှိထားသော ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသဖြင့် လှုပ်ပင်မလှုပ်နိုင်တော့ချေ။

၎င်း၏ မျက်လုံးများတွင်လည်း ကြောက်ရွံ့တုန်လှုပ်သော အရိပ်အယောင်များ ပေါ်ထွက်နေ၏။

အဘယ်ကြောင့်ဆိုသော် ဤမျှ သေးငယ်သော သက်ရှိက ၎င်းကို လက်သီးတစ်ချက်တည်းဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားသောကြောင့်ပင် ဖြစ်၏။ ဤအတိုင်းသာ ဆက်သွားပါက ၎င်းအနေဖြင့် ဤသက်ရှိ၏ လက်ချက်ဖြင့် သေဆုံးသွားရပေလိမ့်မည်။

"လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲဆိုတာ တကယ်ကို မဆိုးပါလား... ငါရဲ့ လက်သီးတစ်ချက်ကို ခံယူပြီးတာတောင် မသေသေးဘူးပဲ...”

"တကယ်လို့ ငါသာ မင်းရဲ့ ဇီဝအသက်ဓာတ်ကို အမြစ်ပြတ် မချေမှုန်းခဲ့ရင် မင်းရဲ့သန်စွမ်းတဲ့ အသက်စွမ်းအားတွေအရ ရက်အနည်းငယ်အတွင်းမှာတင် မင်းရဲ့ ဒဏ်ရာတွေက ပြန်ကောင်းသွားမှာပဲ... ကျင့်ကြံမှုတောင် တစ်ဆင့်တက်သွားနိုင်သေးတယ်...”

ကျိုးစွေ့က မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် 'ကြက်သွေးမီးလျှံနဂါးမြင်း' ကို ကြည့်ကာ အံ့အားတသင့် ရေရွတ်လိုက်၏။

မှန်ပေသည်၊ ဤသည်မှာ ဝိညာဉ်လောကတွင် မွေးဖွားလာသည့် ကန္တာရသားရဲပင် ဖြစ်၏။ ကန္တာရသားရဲများတွင် အသိဉာဏ်သိပ်မရှိဘဲ တိရစ္ဆာန်ရိုင်းများကဲ့သို့ ဖြစ်နေသော်လည်း အခြားမျိုးနွယ်စုများ၌မရှိသော အားသာချက်များ ရှိကြသည်။

All Chapters