အခန်း ၇၉၅
Vol. 75 Ch. 795
အခန်း (၇၉၅) - ကြယ်ကွဲပင်လယ်သို့ ဆိုက်ရောက်ခြင်း၊ ကမ္ဘာဦးနဂါးလက်သီးနှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲအား ချေမှုန်းခြင်း(၅)။
ပထမအချက်မှာ အရေထူပြီး အသားမာခြင်းနှင့် သန်စွမ်းသော အသက်စွမ်းအား ရှိခြင်းပင်။ အသက်အန္တရာယ်ရှိသော ဒဏ်ရာမျိုး မဟုတ်လျှင် ခဏတာ အနားယူရုံဖြင့် မူလအတိုင်း ပြန်လည်ကောင်းမွန်နိုင်၏။ ထို့အပြင် ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန် ရတနာလက်နက်များနှင့်ပင် ယှဉ်နိုင်ပေသည်။
ဒုတိယအချက်မှာ အံ့ဩဖွယ်ကောင်းသော မျိုးပွားနိုင်စွမ်းပင် ဖြစ်၏။ ကောင်းကင်ဘုံက ၎င်းတို့၏ အသိဉာဏ်ကို သိမ်းယူသွားသော်လည်း ထူးကဲသော မျိုးပွားနိုင်စွမ်းကို ပေးသနားထားပုံရသည်။
ကန္တာရသားရဲ အမြောက်အမြားကို အမဲလိုက် သတ်ဖြတ်ခဲ့လျှင်ပင် အချိန်အတိုင်းအတာတစ်ခုအထိ အနားပေးလိုက်ပါက တိုတောင်းသော အချိန်အတွင်း၌ပင် ရေတွက်၍မရနိုင်သော ကန္တာရသားရဲများကို ထပ်မံ ပေါက်ဖွားလာစေနိုင်သည်။
ထို့ကြောင့်လည်း ဝိညာဉ်လောက၌ သားရဲဒီရေလှိုင်းများ မကြာခဏ ပေါ်ပေါက်လာခြင်း ဖြစ်၏။ သေရမည်ကို သိပါလျက်နှင့် ကန္တာရသားရဲများသည် အဆက်မပြတ် တိုက်ခိုက်လာတတ်ကြသည်။
မှန်ပေ၏၊ တစ်ဖက်မှ ကြည့်လျှင် ဤသည်မှာ ကန္တာရသားရဲများ၏ ကြောက်မက်ဖွယ်ကောင်းသော မျိုးပွားနိုင်စွမ်းနှင့်လည်း သက်ဆိုင်နေပေသည်။
မျိုးနွယ်စု၏ အရေအတွက် များပြားလွန်းလာသောအခါ အရေအတွက်ကို လျှော့ချရန်အတွက် ၎င်းတို့သည် အခြားမျိုးနွယ်စုများ၏ နယ်မြေကို ကျူးကျော်ရန် ကန္တာရသားရဲများကို စေလွှတ်ကာ မိမိကိုယ်ကိုယ်သတ်သေသည့် တိုက်ခိုက်မှုမျိုးကို ပြုလုပ်ကြခြင်း ဖြစ်၏။
အကယ်၍ အခြားမျိုးနွယ်စု၏ နယ်မြေကို သိမ်းပိုက်နိုင်ခဲ့ပါက ကန္တာရသားရဲမျိုးနွယ်စု၏ အရေအတွက်မှာ သဘာဝအတိုင်း တိုးပွားလာမည်ဖြစ်ပြီး ပိုမို မျိုးပွားနိုင်မည်ဖြစ်သည်။ ရှုံးနိမ့်သွားလျှင်ပင် မျိုးနွယ်စု၏ အရေအတွက်ကို လျှော့ချနိုင်ပေသည်။
ဤသို့ဖြင့် ၎င်းတို့သည် လုံလောက်သော အစားအစာကို ရရှိနိုင်မည်ဖြစ်ပြီး မျိုးနွယ်စု၏ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ပေမည်။
"ဒါ... ဒါက မယုံနိုင်စရာပဲ...”
ပိုင်စုကျဲ့မှာ ကြောင်အမ်းသွား၏။ မိမိအမျိုးသား၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အနှိုင်းမဲ့ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကန္တာရသားရဲများကို အလွယ်တကူ ရှင်းလင်းနိုင်သည်ကို သူမ သိထားသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အဆင့်ကျော်တိုက်ခိုက်ကာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲကိုပင် အနိုင်ယူနိုင်သည်မှာ အံ့ဩစရာမဟုတ်ပါလော။
ဤကိစ္စမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှ၏။ လူသားမျိုးနွယ်၏ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများထဲတွင် မည်သူမျှ ဤသို့ မလုပ်နိုင်ဟု သူမ ခံစားနေမိသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့်တို့ကြား ကွာဟချက်မှာ အလွန်ပင် ကြီးမားလှပြီး အနည်းဆုံး ဆယ်ဆမက ကွာခြားပေသည်။ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေလေ ကွာဟချက်မှာ ပို၍ ကြီးမားလာလေလေ ဖြစ်၏။ အဆင့်ကျော်တိုက်ခိုက်ရန် ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စပင်။
အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများထဲတွင် နတ်ဘုရားအသွင်ပြောင်းအဆင့်ဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို သတ်နိုင်သည့် ပါရမီရှင်များရှိကြောင်း သူမ ကြားဖူးခဲ့ဖူးသည်။
သို့သော် ကျိုးစွေ့ကလည်း ဤသို့ လုပ်နိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
သို့ဆိုလျှင် မိမိအမျိုးသား၏ အစွမ်းနှင့် အရည်အချင်းမှာ ထိုအစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များနှင့် ရင်ပေါင်တန်းနိုင်နေပြီလော။
အကယ်၍ ဤသတင်းသာ ပြန့်သွားပါက လူသားမျိုးနွယ်တစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ အသေအချာပင်။
"ဟီးးးး..."
'ကြက်သွေးမီးလျှံနဂါးမြင်း' မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ကျိုးစွေ့ကို ကြည့်ကာ တောင်းပန်တိုးလျှိုးနေသည့် အရိပ်အယောင်များ ပြသနေ၏။ ၎င်းမှာ မသေချင်သေးပုံရသည်။
တစ်ချိန်တည်းမှာပင် ၎င်းသည် ကြီးမားသော ဦးခေါင်းကို မြှင့်တင်လိုက်ကာ အညံ့ခံသည့် ပုံစံမျိုး ပြုလုပ်လိုက်၏။
"စိတ်ဝင်စားစရာပဲ... ခံစားချက်တွေက တော်တော်လေး စုံလင်နေပါလား...”
"ကန္တာရသားရဲတွေမှာ အသိဉာဏ် လုံးဝမရှိဘူးလို့ ပြောကြတာ မဟုတ်ဘူးလား...”
"ဒါနဲ့... ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်လို့ရနိုင်လား...”
ကျိုးစွေ့က ပိုင်စုကျဲ့ကို လှည့်ကြည့်ကာ သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ယောက်ျား... ယောက်ျားက ကန္တာရသားရဲကို ယဉ်ပါးအောင် လုပ်ချင်တာလား...”
"ဒါပေမဲ့ ဒါက အခြေခံအားဖြင့် မဖြစ်နိုင်တဲ့ကိစ္စပဲ...”
"ကန္တာရသားရဲတိုင်းက ခေါင်းမာပြီး မာနကြီးကြတယ်... လူသားတွေဆီမှာ ဒီလောက် အလွယ်တကူ အညံ့ခံမှာ မဟုတ်ဘူး...”
"အရင်က လူသားမျိုးနွယ်ထဲက အစွမ်းထက် ကျင့်ကြံသူကြီးတွေလည်း ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်...
ဘာလို့လဲဆိုတော့ ကန္တာရသားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်ရင် လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရေးစွမ်းအားတွေ တိုးလာမယ့်အပြင် ကန္တာရသားရဲတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ဖယ်ရှားနိုင်မှာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ...”
"ဒါပေမဲ့ အားလုံး ကျရှုံးခဲ့ကြတာပဲ... ကျွန်မတို့ လူသားတွေက ကန္တာရသားရဲတွေနဲ့ ပဋိညာဉ်ချုပ်ဆိုလို့ လုံးဝမရဘူး... ကန္တာရသားရဲတွေကလည်း လူသားတွေဆီမှာ အညံ့ခံမှာ မဟုတ်ဘူး...”
"ဒါပေမဲ့ ဝိညာဉ်လောကထဲမှာ ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့၊ ပဋိညာဉ် ချုပ်ဆိုနိုင်တဲ့ မျိုးနွယ်စုတစ်ခု တကယ်ရှိတယ်လို့တော့ ကြားဖူးတယ်... ပြဿနာက ကန္တာရသားရဲကို ယဉ်ပါးစေတဲ့ နည်းလမ်းက အဲဒီမျိုးနွယ်စုရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်နေတာပဲ... ပြင်ပလူတွေ လုံးဝ မသိနိုင်ဘူး...”
ပိုင်စုကျဲ့က လေးနက်သော လေသံဖြင့် ပြန်လည် ပြောကြားလိုက်၏။
"ဆိုလိုတာက ကန္တာရသားရဲကို ယဉ်ပါးအောင် လုပ်ဖို့ ခက်ခဲပေမဲ့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပေါ့...”
ကျိုးစွေ့က သူ၏ မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်၏။
သူသည် စမ်းသပ်ကြည့်လိုသော ဆန္ဒ ရှိနေပေသည်။ အကယ်၍ အောင်မြင်ခဲ့ပါက သူသည် ကန္တာရသားရဲအမြောက်အမြားကို စေခိုင်းနိုင်မည်ဖြစ်ပြီး အစွမ်းထက်သော အကူအညီများ ရရှိလာမည် ဖြစ်သည်။
သတိကြီးသော ကျင့်ကြံသူတစ်ဦးအနေဖြင့် ကိစ္စတိုင်းကို မိမိကိုယ်တိုင် မည်သို့ လှုပ်ရှားပါမည်နည်း။ မိမိအား ကူညီပေးမည့်၊ အခြေအနေကို ထိန်းချုပ်ပေးမည့် နောက်လိုက် အမြောက်အမြား ရှိရန်မှာ မဖြစ်မနေ လိုအပ်သည် မဟုတ်ပါလော။
ယခုအချိန်တွင် ကန္တာရသားရဲများထက် မိမိ၏နောက်လိုက်ဖြစ်ရန် သင့်တော်သည်မှာ မရှိသလောက်ပင်။
ယခင်က သူသည် ‘အိပ်မက်ဝိညာဉ်ကူ’၏ အစွမ်းကို အသုံးပြုကာ မိစ္ဆာသားရဲကျင့်ကြံသူများစွာကို နောင်တရစေပြီး ရွှမ်ဟွမ်ဂိုဏ်း၏ စိတ်ဝိညာဉ်သားရဲများ ဖြစ်စေခဲ့ဖူး၏။
“ဒီသွေးမျိုးဆက်အစွမ်းက ကန္တာရသားရဲတွေအပေါ်မှာလည်း အလုပ်ဖြစ်နိုင်လောက်တယ်… ဘယ်လိုပဲဖြစ်ဖြစ် ကန္တာရသားရဲတွေနဲ့ မိစ္ဆာသားရဲတွေက အများကြီး မကွာခြားဘူးလို့ ငါခံစားရတယ်…”
ရွှစ်...။
ဤသို့ တွေးလိုက်ရင်း ကျိုးစွေ့က စိတ်အာရုံကို လှုပ်ရှားလိုက်ကာ ဆဌမအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားကို အသုံးပြု၍ အိပ်မက်ဆိုးမျိုးစေ့တစ်ခုအဖြစ် စုစည်းလိုက်၏။ ချက်ချင်းပင် ထိုအိပ်မက်ဆိုးမျိုးစေ့မှာ 'ကြက်သွေးမီးလျှံနဂါးမြင်း' ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဝုန်း...။
ချက်ချင်းပင် အိပ်မက်ဆိုးမျိုးစေ့မှာ 'ကြက်သွေးမီးလျှံနဂါးမြင်း' ၏ ဝိညာဉ်အတွင်းသို့ လျင်မြန်စွာ ပေါင်းစပ်သွား၏။
"ဟီးးး..."
'ကြက်သွေးမီးလျှံနဂါးမြင်း' မှာ ဤခဏ၌ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ဟိန်းဟောက်ကာ ရုန်းကန်ရန် ကြိုးစားလိုက်၏။ သို့သော် ဤသည်မှာလည်း အချည်းနှီးသာ။
အိပ်မက်ဆိုးမျိုးစေ့၏ စွမ်းအားမှာ အလွန်ပင် အစွမ်းထက်လှသည်။ ကပ်ပါးမျိုးစေ့တစ်ခုသဖွယ် ၎င်း၏ ဝိညာဉ်ပေါ်တွင် လျင်မြန်စွာ စွဲကပ်သွားပြီး အမြစ်တွယ် ရှင်သန်လာ၏။ ခဏအကြာတွင် 'ကြက်သွေးမီးလျှံနဂါးမြင်း' မှာ ရုန်းကန်နေခြင်းကို ရပ်တန့်သွားလေသည်။
ယခင်က ရှုပ်ထွေးခြင်း၊ ကြမ်းတမ်းခြင်း၊ ရူးသွပ်ခြင်းနှင့် သတ်ဖြတ်လိုခြင်းတို့ဖြင့် ပြည့်နှက်နေသည့် မျက်လုံးများမှာ ယခုအခါ အလွန်အမင်း ငြိမ်းချမ်းသွားကာ ကြည်လင်သော အရိပ်အယောင်များပင် ပေါ်ထွက်လာ၏။ ၎င်း၏ နဖူးအလယ်တွင်လည်း နက်မှောင်သော ဆန်းကြယ်သည့် ပန်းပွင့်ပုံသဏ္ဌာန်တစ်ခု ပေါ်လာလေသည်။
သိသာသည်မှာ အိပ်မက်ဆိုးမျိုးစေ့မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်ပြီး ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲကို လုံးဝ ယဉ်ပါးသွားစေခဲ့ပြီ ဖြစ်သည်။
"ဒါကြောင့်ကိုး... ကန္တာရသားရဲတွေနဲ့ ပဋိညာဉ်ချုပ်ဖို့ ဘာလို့ ခက်နေတာလဲဆိုတာ အခုမှ နားလည်တော့တယ်...”
ကျိုးစွေ့ ရုတ်တရက် သဘောပေါက်သွား၏။ အခြားသူများ အဘယ်ကြောင့် ကန္တာရသားရဲကို ယဉ်ပါးအောင် မလုပ်နိုင်ကြသည်ကို သူ နောက်ဆုံးတွင် သိရှိသွားလေပြီ။
အဘယ်ကြောင့်ဆိုသော် ကန္တာရသားရဲများ၏ ဝိညာဉ်မှာ အလွန်ပင် ထူးခြားနေသောကြောင့်ပင်။
၎င်းတို့၏ ဝိညာဉ်မှာ ရှုပ်ထွေးခြင်း၊ ကစဉ့်ကလျားဖြစ်ခြင်း၊ ကြမ်းတမ်းခြင်းတို့ဖြင့် ပြည့်နှက်နေပြီး မည်သည့် အသိစိတ်မျှမရှိဘဲ စင်ကြယ်သော လိုအင်ဆန္ဒများသာ တည်ရှိနေ၏။ ထို့ကြောင့် ၎င်းတို့တွင် အသိဉာဏ်ဟူ၍ လုံးဝမရှိဘဲ ဗီဇစိတ်သာ ရှိနေခြင်း ဖြစ်ပေသည်။
သို့သော် အသိဉာဏ်ရှိသော သက်ရှိများစွာ၏ ဝိညာဉ်မှာမူ တည်ငြိမ်အေးချမ်းလှ၏။ ထို့ကြောင့် ပဋိညာဉ်၏ စွမ်းအားမှာ ကန္တာရသားရဲများအတွက် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခြင်းပင်။
အတင်းအကျပ် ပဋိညာဉ်ချုပ်ဆိုခဲ့လျှင်ပင် ကန္တာရသားရဲများက နားလည်မည် မဟုတ်ဘဲ သေသည်အထိ ပြင်းပြင်းထန်ထန် ရုန်းကန်နေကြမည်သာ ဖြစ်သည်။ တစ်ဖက်လူ၏ အမိန့်ကို လုံးဝ နားထောင်မည် မဟုတ်ချေ။
(စကားချပ် - ဒီကန္တာရသားရဲတွေနဲ့ မျိုးနွယ်ခြားတွေနဲ့က မတူပါဘူး။ အနည်းငယ်ရှုပ်ထွေးနိုင်ခြေရှိလို့ ရှင်းပြပါရစေ။
ယခင်ကျင့်ကြံခြင်းကမ္ဘာမှာဆိုရင် သာမန်တောကောင်တွေရယ်၊ မိစ္ဆာသားရဲရယ် ရှိတယ်။ ဒါက သာမန်လူ့လောကလို့ပဲ တွေးလို့ရပါတယ်။ သာမန်ကျားနဲ့ သမန်းကျားနဲ့ကွာသွားတယ်လို့ သဘောထားလို့ရတယ်။အခု ကန္တာရသားရဲကကျတော့ ဝိညာဉ်လောကရဲ့ ဖြစ်တည်မှု သာမန်အရိုင်းကောင်တွေပါ။ ဝိညာဉ်လောကဆိုတာက ဒဏ္ဍာရီလာသက်ရှိတွေရဲ့လောကပါ။
ကျားဖြူ၊ နဂါး၊ ဖီးနစ်၊ လိပ်နက် စသဖြင့်ပေါ့။ အဲဒီမှာရှိတဲ့ မျိုးနွယ်ခြားတွေက အထက်ပါ ဒဏ္ဍာရီလာသက်ရှိတွေရဲ့ သွေးမျိုးဆက်တွေပါ။ ကန္တာရသားရဲတွေကကျတော့ ဝိညာဉ်လောကရဲ့ သာမန်အရိုင်းကောင်တွေပါ။ အဆင့်မြင့်လောကရဲ့ သားရဲတွေဆိုတော့ အသိဉာဏ်မရှိပေမဲ့ အစွမ်းထက်ကြပါတယ်)