← Chapters

အခန်း ၇၉၇

Vol. 75 Ch. 797

အခန်း ၇၉၇

Vol. 75 Ch. 797

အခန်း (၇၉၇) - နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့်၊ အာဏာရှင်မမကြီး ဟွားစစ်ချင်၊ စားပြီးနားမလည် မလုပ်ရ(၂)။

ရက်အနည်းငယ် ထပ်မံကုန်လွန်သွားပြန်၏။

ကျိုးစွေ့နှင့် ပိုင်စုကျဲ့တို့သည် နောက်ဆုံးတွင် အပြင်မှ ပြန်လည်ရောက်ရှိလာကြရာ ၎င်းတို့နှင့်အတူ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ သုံးကောင်ပါ ပါလာခဲ့လေသည်။ ထိုသားရဲများအားလုံးသည် ပဋိညာဉ်ချုပ်ဆိုခြင်းကို ခံထားရပြီးသားဖြစ်ကာ အိမ်မွေးသားရဲများ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။

မှန်ပေသည်၊ ကန္တာရသားရဲများကို ပဋိညာဉ်ချုပ်ဆိုခြင်းမှာ ရာနှုန်းပြည့် ချောမွေ့နေခဲ့ခြင်းတော့ မဟုတ်ပေ။ ၎င်းတို့သည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ ဆယ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နှစ်ကောင်ကိုသာ အောင်မြင်စွာ ပဋိညာဉ်ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်၏။

ကျန်ရှိသည့် ရှစ်ကောင်မှာမူ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဟင်းလင်းပြင်လက်စွပ်အတွင်းသို့ ထည့်သွင်းသိမ်းဆည်းလိုက်ကြသည်။

ဤလုပ်ရပ်သည် ဖုန်းရှီးမြို့တော်တစ်ခုလုံးကို ချက်ချင်းပင် လှုပ်ခတ်သွားစေခဲ့၏။ အထူးသဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများမှာ မျက်လုံးများ ပြူးထွက်သွားရပြီး လုံးဝ ဆွံ့အသွားကြလေသည်။

"တကယ်ကြီးလား... လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေကို တကယ်ပဲ ယဉ်ပါးအောင် လုပ်နိုင်တာလား။ ဒါက နည်းနည်းတော့ လွန်လွန်းနေပြီ။ ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ...”

ကျူးမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးကျူးတန်းယန်မှာ ဤသတင်းကို ကြားလိုက်ရချိန်တွင် လုံးဝ ကြောင်အသွားပြီး မယုံနိုင်စရာ ကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ထဲတွင် ဤသို့သော ကိစ္စရပ်မျိုးကို လုပ်ဆောင်နိုင်သူရှိသည်ဟု သူ တစ်ခါမျှ မကြားဖူးခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က အမှန်တကယ်လုပ်နိုင်မည်ဆိုလျှင် ဤအတတ်ပညာမှာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နေခဲ့ပြီးသား ဖြစ်ရမည်ဖြစ်ကာ လူတိုင်းတွင်လည်း အိမ်မွေးသားရဲများ ရှိနေကြပေလိမ့်မည်။

"ဒီကိစ္စက အမှန်ပဲ။ အခုလေးတင် မြို့တံခါးစောင့်တွေက ကျောင်းအုပ်ပိုင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲသုံးကောင် ခေါ်လာတာကို ကိုယ်တိုင်မြင်လိုက်ရတာ။ မြို့တံခါးက စစ်သားတွေဆိုရင် ကြောက်လွန်းလို့ သေးထွက်ကျမတတ်တောင် ဖြစ်သွားကြတယ်တဲ့...”

ရှီမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးရှီဝမ်ချန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"တကယ်လို့ အဲဒီ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေသာ မြို့ထဲမှာ သောင်းကျန်းလိုက်ရင် ဘယ်လောက်တောင် သေကြေပျက်စီးကုန်မလဲ မသိဘူး။ ဒါပေမဲ့ ကျောင်းအုပ်ပိုင်က လူသားဧကရာဇ်ရဲ့ သမီးတော်ဖြစ်နေတဲ့အပြင် တာအိုအရှင် ထောင်ချီလီကလည်း အာမခံပေးထားလို့သာ ကန္တာရသားရဲတွေကို ခေါ်လာခွင့်ရတာ။ ဒီကိစ္စက ဖုန်းရှီးမြို့တော်မှာ ဟိုးဟိုးကျော်သွားပြီ၊ မသိတဲ့သူ မရှိသလောက်ပဲ...”

သူသည်လည်း အစပိုင်းတွင် မယုံကြည်နိုင်ခဲ့သဖြင့် ချက်ချင်းပင် သွားရောက်ကြည့်ရှုခဲ့၏။ အမှန်တကယ်ပင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲသုံးကောင်သည် အမှတ် (၈၈) တာအိုကျောင်းတော်တွင် ငြိမ်ငြိမ်သက်သက် ရှိနေကြပြီး ကျောင်းတော်စောင့် သားရဲများ ဖြစ်လာကြလေပြီ။

လက်တွေ့တွင်လည်း ကျင့်ကြံသူ အမြောက်အမြားမှာ သွားရောက်ကြည့်ရှုနေကြသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ကန္တာရသားရဲများကို ယဉ်ပါးအောင် မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးရာ ဤသည်မှာ သမိုင်းတွင် ပထမဆုံးသော ကိစ္စရပ် ဖြစ်နေသောကြောင့်ပင်။

"ကျောင်းအုပ်ပိုင်က လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တာလား။ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ ဘယ်လို လျှို့ဝှက်မန္တန်ကများ ကန္တာရသားရဲတွေကို ယဉ်ပါးစေတာလဲ...”

မာမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးမာကော်ဖူက အလွန်စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

အကယ်၍ မိမိ၏ မျိုးနွယ်စုတွင်သာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတစ်ကောင် ပိုလာမည်ဆိုလျှင် မျိုးနွယ်စုမှာ နှစ်ပေါင်း သောင်းချီတိုင်အောင် စည်ပင်ထွန်းကားသွားစေနိုင်မည် ဖြစ်၏။

ကန္တာရသားရဲများ၏ သက်တမ်းမှာ တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် ပိုမိုရှည်လျားပေသည်။ အကယ်၍ မာမျိုးနွယ်စုတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတစ်ကောင်သာ ရှိနေမည်ဆိုလျှင် ရရှိမည့် အကျိုးကျေးဇူးမှာ မှန်းဆကြည့်ရုံနှင့် သိနိုင်ပေသည်။

ယခုအချိန်တွင် မိမိသေဆုံးသွားလျှင်ပင် မာမျိုးနွယ်စု၏ အနာဂတ်အတွက် စိတ်ပူနေရန် မလိုတော့ချေ။

"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီကိစ္စက တာအိုရောင်းရင်းပိုင်နဲ့ သိပ်မဆိုင်လောက်ဘူး။ တာအိုရောင်းရင်းပိုင်က လူသားဧကရာဇ်ရဲ့ သမီးတော်ဖြစ်ပြီး သူမဆီမှာ လျှို့ဝှက်ပညာရပ်တွေ အများကြီးရှိပေမဲ့ ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တော့ ရှိမှာမဟုတ်ဘူး…”

“ရိုးရိုးလေး ပြောရရင် ငါတို့လူသားမျိုးနွယ်မှာ တကယ်ပဲ ဒီလိုလျှို့ဝှက်ပညာရပ်မျိုး ရှိနေမယ်ဆိုရင် ကမ္ဘာတစ်လွှားကို ပျံ့နှံ့နေလောက်ပြီ။ တော်ဝင်မိသားစုကလည်း ထုတ်ဖော်ပြသလာမှာပဲ။ အခုလိုမျိုး ဘာအရိပ်အယောင်မှ မရှိဘဲ နေမှာမဟုတ်ဘူး…”

“ဒါကြောင့် ဒီလျှို့ဝှက်ပညာရပ်က တာအိုရောင်းရင်းပိုင်ရဲ့ တာအိုလက်တွဲဖော် ကျိုးစွေ့ဆီကနေ လာတာ သေချာတယ်။ ဒီလူကမှ ကန့်လန့်ကာနောက်က အစစ်အမှန် နောက်ကွယ်ကလူပဲ...”

ကျူးမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးကျူးတန်ယန်၏ မျက်လုံးများမှာ တလက်လက် တောက်ပနေလေသည်။

သူ၏လေသံမှာ ပြတ်သားနေပြီး ကျိုးစွေ့ကသာ ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲသုံးကောင်နှင့် ပဋိညာဉ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ရာခိုင်နှုန်းပြည့် သေချာနေလေသည်။

"ကျိုးစွေ့။ ဟို အထက်ကို တက်လှမ်းလာတဲ့သူလား။ အခု သူက နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူပဲ ရှိသေးတာလေ၊ ဘယ်လိုလုပ် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲသုံးကောင်နဲ့ ပဋိညာဉ်ချုပ်ဆိုလို့ရမှာလဲ။ ဒီလိုကိစ္စမျိုးက လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး...”

ရှီမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးရှီဝမ်ချန်က အနည်းငယ် သံသယဖြစ်နေဆဲပင်။

သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲများနှင့် ပဋိညာဉ်ချုပ်ဆိုရန် မဖြစ်နိုင်ကြောင်း သူ ခံစားမိလေသည်။

အဘယ်ကြောင့်ဆိုသော် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲများ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအား တစ်ခုတည်းကပင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို ဖျက်ဆီးပစ်ရန် လုံလောက်နေသောကြောင့် ဖြစ်၏။

"ဟားဟား... သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဆိုရင်တော့ သဘာဝကျကျပဲ မလုပ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီတာအိုရောင်းရင်းကျိုးအတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ရှေးခေတ်ကတည်းက အထက်ကို တက်လှမ်းလာတဲ့သူတိုင်းက မွေးရာပါ ပါရမီရှင်တွေချည်းပဲ မဟုတ်လား…”

“ငါတို့ လူသားမျိုးနွယ်ရဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ အရေအတွက်ထဲမှာ အထက်ကို တက်လှမ်းလာသူတွေက သုံးပုံတစ်ပုံတောင် ပါဝင်နေတာပဲ။ ဒီအချက်ကိုကြည့်ရုံနဲ့ အထက်ကို တက်လှမ်းလာသူတွေ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိနိုင်တယ်…”

“သူတို့က အောက်ကမ္ဘာက သန်းပေါင်းများစွာသော လူသားမျိုးနွယ် ကျင့်ကြံသူတွေကြားထဲကနေ ထိုးဖောက်ပြီး ဝိညာဉ်ကမ္ဘာကို တက်လှမ်းလာနိုင်ခဲ့တာလေ။ သူတို့ဆီမှာရှိတဲ့ ပါရမီ၊ စိတ်နေသဘောထားနဲ့ ဇွဲလုံ့လတွေက ပထမတန်းစားတွေချည်းပဲ…”

“တာအိုရောင်းရင်းကျိုးက အသက်ငယ်သေးလို့ အထင်မသေးနဲ့၊ မသေမချင်း သူ့အနာဂတ်က ငါတို့လူသားမျိုးနွယ်ရဲ့ ကျွမ်းကျင်သူတွေထဲကတစ်ယောက် သေချာပေါက် ဖြစ်လာမှာပဲ။ အခုပဲကြည့် နှစ်ရာဂဏန်းပဲ ရှိသေးတယ်၊ စပြီး ထင်ပေါ်လာနေပြီလေ...”

"တကယ်ကို ကြောက်စရာကောင်းတာပဲ။ တာအိုရောင်းရင်းပိုင်က ဘယ်ယောက်ျားကိုမှ မျက်စိမကျပေမဲ့ တာအိုရောင်းရင်းကျိုး ပေါ်လာတာနဲ့ ရူးသွပ်နေတဲ့ အမျိုးသမီးတစ်ယောက်လို ကပ်တွယ်သွားတာ မဆန်းတော့ဘူး…”

“ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်ရဲ့ ခင်ပွန်းရွေးချယ်တဲ့ စွမ်းအားက ဘယ်လောက် ထူးခြားလဲဆိုတာ မြင်နိုင်ပါတယ်။ တကယ်ကို သာမန်တော့ မဟုတ်ဘူး...”

ကျူးမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေကျူးတန်ယန်မှာ လွန်စွာ သက်ပြင်းချမိနေလေ၏။

ယခင်က ကျိုးစွေ့ကို မိန်းမစရိတ်ဖြင့် စားသောက်နေသူအဖြစ် သူ ထင်မြင်ခဲ့ဖူးသည်။ ကောင်းကင်တက်လှမ်းသူတစ်ဦးအနေဖြင့် လူသားဧကရာဇ်သမီးတော်၏ အလေးထားမှုကိုပါ ရရှိထားခြင်းမှာ ကြီးမားလှသော ကံကောင်းမှုကြီးပင် ဖြစ်ပေသည်။

သို့သော် ယခု ကြည့်ရသလောက် ထိုကောင်လေးသည် အစစ်အမှန် ပုန်းကွယ်နေသော နဂါးတစ်ကောင်ဖြစ်ပြီး သူ၏ အလားအလာများကို ယခင်က ထုတ်ဖော်မပြသခဲ့ခြင်းသာ ဖြစ်ပေသည်။

ထို့နောက် ပိုင်စုကျဲ့၏ သတိထားမိခြင်းကို ခံရကာ အတင်းအဓမ္မ ကြံစည်ခံခဲ့ရခြင်းသာ ဖြစ်လေသည်။

အကယ်၍ သူသာ အပြည့်အဝ ကြီးထွားလာမည်ဆိုလျှင် ပိုင်စုကျဲ့အတွက်ပင် နေရာရှိတော့မည် မဟုတ်ချေ။ လှပသော အမျိုးသမီးကျင့်ကြံသူမည်မျှက သူ့ထံသို့ ပြေးဝင်လာကြမည်ကို မသိနိုင်ပေ။

"ဒီလိုသာဆိုရင် ဒီတာအိုရောင်းရင်းကျိုးကို အများအကျိုး ငဲ့ညှာပြီး ကန္တာရသားရဲတွေကို ပဋိညာဉ်ချုပ်ဆိုတဲ့ လျှို့ဝှက်ပညာရပ်ကို ထုတ်ပေးဖို့ ပြောလို့မရဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူး ကြီးမားတယ် မဟုတ်လား...”

မာမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးမာကော်ဖူ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေပြီး လောဘရိပ်အနည်းငယ် ပေါ်လွင်နေလေသည်။

သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာ၏ အင်အားကို ပူးပေါင်းကာ တစ်ဖက်သူအား ပဋိညာဉ်ချုပ်ဆိုသည့် လျှို့ဝှက်ပညာရပ်ကို ထုတ်ပေးလာစေရန် အတင်းအကျပ် ဖိအားပေးချင်နေ၏။

"မင်းက သူ့ကို အများအကျိုး ငဲ့ညှာစေချင်သေးတာလား။ ငါတို့မှာ အဲဒီလောက် စွမ်းဆောင်နိုင်ရည် မရှိလောက်ဘူးနော်...”

"သိထားဖို့က တာအိုရောင်းရင်းပိုင်ဆိုတာ လူသားဧကရာဇ်ရဲ့ သမီးတော်၊ အဆင့်အတန်း မြင့်မားတဲ့သူပဲ။ ဒါပေမဲ့ ဒီအချက်လေး တစ်ချက်တည်းနဲ့တော့ ဘာမှ မဟုတ်သေးဘူး...”

"မြို့တော်ဝန်က သူမရဲ့ ညီအစ်မဖြစ်ပြီး သူတို့နှစ်ယောက်က အမေနဲ့သမီးလို ငယ်ငယ်ကတည်းက အတူတူ နေထိုင်လာကြတာ...”

"အခု မြို့တော်ဝန်က တံခါးပိတ်ကျင့်ကြံနေတယ် ဆိုပေမဲ့ ဒုတိယမြို့တော်ဝန် သခင်မထောင်ချီလီ၊ ပြည်ထဲရေးဝန်ကြီး ဟွားစစ်ချင်နဲ့ လျှို့ဝှက်တပ်ဖွဲ့ခေါင်းဆောင် စစ်ယွီရှီးတို့ကလည်း သူမနဲ့ သာမန်ဆက်ဆံရေးမျိုး မဟုတ်ဘူး။ ငါတို့သာ သူမကို ထိခိုက်အောင် လုပ်ဝံ့မယ်ဆိုရင် ငါတို့ မိသားစုကြီး သုံးခုလုံး ချက်ချင်း ပျက်စီးသွားလိမ့်မယ်…”

“တခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတွေ ပူးပေါင်းလာရင်တောင် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ နောက်ပြီး ပူးပေါင်းဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးအများစုက သူတို့လူတွေချည်းပဲလေ...”

ကျူးမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးကျူးတန်ယန်က ကူကယ်ရဲမဲ့စွာဖြင့် ပြောလိုက်လေသည်။

ထိုလျှို့ဝှက်ပညာရပ်၏ တန်ဖိုးမှာ အလွန်ကြီးမားလွန်းသောကြောင့် တစ်ဖက်သူကို ထုတ်ပေးလာစေရန် အတင်းအကျပ် ဖိအားပေးဖို့ရာ ယခင်က သူ တွေးခဲ့ဖူးသည်။

သို့သော် သေချာစဉ်းစားကြည့်လျှင်မူ တစ်ဖက်သူ၏ စွမ်းအားမှာ အလွန်ကြီးမားပြီး နောက်ခံအင်အားမှာလည်း ခိုင်မာလှပေသည်။

မိမိမှာ သေးငယ်သော လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ရာ တစ်ဖက်သူကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

တစ်ဖက်သူ၏ ပြဿနာရှာခြင်းကို မခံရလျှင်ပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

"အင်း… ဟုတ်တော့လည်း ဟုတ်ပါတယ်လေ… ငါတို့ ဖုန်းရှီးမြို့တော်က တခြားလူသားမျိုးနွယ် မြို့တော်တွေနဲ့ ဆက်သွယ်လို့ ရနေသေးရင် လူသားမျိုးနွယ် တော်ဝင်မြို့တော်ရဲ့ အင်အားတွေ၊ တခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေရဲ့ အင်အားတွေကို အသုံးချပြီး ဖိအားပေးလို့ ရနိုင်သေးတယ်…”

“ပြဿနာက ဖုန်းရှီးမြို့တော်က ကြယ်ကွဲပင်လယ်ကို ရောက်လာခဲ့ပြီဖြစ်သလို တခြား လူသားမျိုးနွယ် မြို့တော်တွေနဲ့ အဆက်အသွယ် ပြတ်သွားတာ ကြာပြီ။ အခု အသန်မာဆုံးက ဖုန်းရှီးတာအိုအရှင်ပဲ…”

“တခြား လူသားမျိုးနွယ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေလည်း ဒီကို လာနိုင်မှာ မဟုတ်ဘူး။ ငါတို့လည်း ဘယ်နောက်ခံအင်အားကိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အခုချိန်မှာ သူတို့တစ်ဖွဲ့တည်း ကြီးစိုးနေတာလို့ ပြောလို့ရတယ်...”

ရှီမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးရှီဝမ်ချန်က အလွန်စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

ဖုန်းရှီးမြို့တော်သည် မိုးကြိုးတောင်တန်းမှ ထွက်ခွာလာပြီး ကြယ်ကွဲပင်လယ်သို့ ရောက်ရှိလာကာ လူသားမျိုးနွယ် တော်ဝင်မြို့တော်နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် သူတို့၏ ယခင်နည်းလမ်းများအားလုံးမှာ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိတော့ကြောင်း သိသာထင်ရှားလှပေသည်။ ယခင် လူသားမျိုးနွယ် တော်ဝင်မြို့တော်ရှိ ဆက်ဆံရေးအမျိုးမျိုးမှာလည်း လုံးဝပြတ်တောက်သွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခုမူ သူတို့သည် အမှန်တကယ်ပင် အထီးကျန်ဆန်သူများ ဖြစ်သွားကြချေပြီ။ အခြားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ အင်အားကို အသုံးချရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်ပေသည်။

"ဟုတ်တယ်။ ဒါက တာအိုရောင်းရင်းကျိုးရဲ့ ဉာဏ်ကောင်းတဲ့ အချက်ပဲ ဖြစ်မယ်။ ငါတို့သာ မိုးကြိုးတောင်တန်းမှာ ရှိနေသေးရင် ကန္တာရသားရဲတွေကို ပဋိညာဉ်ချုပ်ဆိုနိုင်တဲ့ ဒီလိုနည်းလမ်းမျိုးကို သူ သေချာပေါက် ထုတ်ပြမှာ မဟုတ်ဘူး…”

“ဒါပေမဲ့ ကြယ်ကွဲပင်လယ်ကို ရောက်လာပြီး လူသားမျိုးနွယ်နဲ့ အဆက်အသွယ် ပြတ်သွားတဲ့အခါမှာတော့ ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး။ အဲဒီအစား သင့်လျော်တဲ့ စွမ်းအားတွေကို ထုတ်ပြမှသာ ကိုယ့်ရဲ့ အဆင့်အတန်းကို မြှင့်တင်နိုင်ပြီး ပိုမိုမြင့်မားတဲ့ နေရာနဲ့ ဩဇာအာဏာကို ရယူနိုင်မှာလေ။ ဒီတာအိုရောင်းရင်းကျိုးက လုံးဝမရိုးရှင်းဘူး။ သူ့ရဲ့ အကြံအစည်တွေက အတိမ်အနက်ကို ခန့်မှန်းလို့မရဘူး...”

ကျူးမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးကျူးတန်ယန်က တိုးညှင်းသော လေသံဖြင့် ပြောလိုက်လေသည်။

သူ၏ စိတ်ထဲတွင်လည်း အလွန်သက်ပြင်းချနေမိသည်။

နာမည်ကျော်ကြားသော ကောင်းကင်တက်လှမ်းသူတစ်ဦး ပီသပေသည်။ အောက်ကမ္ဘာမှနေ၍ ကျင့်ကြံသူမည်မျှကို ကျော်ဖြတ်ကာ တက်လှမ်းလာနိုင်ခဲ့သည်မှာ မဆန်းတော့ချေ။ ပါရမီရော၊ စိတ်နေသဘောထားပါ ပထမတန်းစား အစွမ်းထက်သူ ဖြစ်ပေတော့သည်။

သူကိုယ်တိုင်လည်း မိမိကိုယ်မိမိ ရှက်ရွံ့မိကာ မယှဉ်သာကြောင်း ခံစားနေရ၏။ ယခုအချိန်တွင် တစ်ဖက်သူ၏ ထွန်းတောက်လာမှုကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ဒီလိုလျှို့ဝှက်ပညာရပ်မျိုးက တကယ်ကို တန်ဖိုးကြီးလွန်းတယ်။ ငါတို့ မျက်စိကျလို့ရမယ့် အရာမဟုတ်ဘူး။ ပြီးတော့ ငါတို့မှာလည်း အချိန်သိပ်မရှိတော့ဘူး၊ မိသားစုထဲမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအသစ်တွေ ထွက်ပေါ်လာအောင် လုပ်ဖို့ လိုတယ်…”

“မဟုတ်ရင် ငါတို့ သေဆုံးသွားပြီးတဲ့နောက် မိသားစုကြီး သုံးခုလုံးမှာ ဦးဆောင်နိုင်မယ့်လူ ထွက်ပေါ်လာမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ငါတို့ မိသားစုကြီးသုံးခုလုံး လုံးဝ ပြိုလဲသွားလိမ့်မယ်...”

ဤစကားများကို ကြားပြီးနောက် မာမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးမာကော်ဖူသည် နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး သူ၏ လောဘစိတ်များကို သိမ်းဆည်းလိုက်တော့သည်။

အကယ်၍ ဤလျှို့ဝှက်ပညာရပ်သာ သာမန်လူတစ်ယောက်၏ လက်ထဲတွင် ရှိနေမည်ဆိုလျှင် သူသည် သဘာဝကျကျပင် အတင်းအဓမ္မ လုယူမည် ဖြစ်သည်။ သို့သော် အာဏာရှိသူတစ်ဦး၏ လက်ထဲတွင် ရှိနေသောအခါ သူ့အနေဖြင့် လိုချင်သည့်စိတ်ကိုပင် ဖော်ပြ၍ မရနိုင်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ဖုန်းရှီးမြို့တော်သည် သီးခြားလွတ်လပ်သော တိုင်းပြည်တစ်ခုကဲ့သို့ ဖြစ်နေသည်။ တစ်ဖက်သူကိုသာ ဒေါသထွက်စေမိပါက မိသားစုကြီးသုံးခုလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်လျှင်ပင် မည်သူကမျှ တစ်ခွန်းတစ်ပါဒမျှ ပြောဝံ့မည် မဟုတ်ချေ။

လူသားမျိုးနွယ် တော်ဝင်မြို့တော်သည်ပင် သူတို့ကို မည်သည့် အပြစ်ပေးအရေးယူမှုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဟိုတွေးဒီတွေးဖြင့် စဉ်းစားပြီးနောက် သူသည် တစ်ဖက်သူနှင့် မိတ်ဆွေဖွဲ့ရန်သာ ဆုံးဖြတ်ချက်ချနိုင်တော့သည်။

"ဒါပေမဲ့ ဒါက ကောင်းတဲ့ကိစ္စလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲအများကြီးနဲ့ ပဋိညာဉ်ချုပ်ဆိုနိုင်မယ်ဆိုရင် ငါတို့ ဖုန်းရှီးမြို့တော်ရဲ့ အခြေအနေအတွက် အများကြီး အကျိုးရှိလာလိမ့်မယ်။ အနာဂတ်မှာ ငါတို့ လူသားမျိုးနွယ်က ကြယ်ကွဲပင်လယ်မှာ ခြေကုပ်ယူနိုင်မယ်ဆိုတာကို ကိုယ်စားပြုနေတာပဲ...”

ကျူးမိသားစု၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးကျူးတန်ယန်က လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။

ဤလျှို့ဝှက်ပညာရပ် ပေါ်ပေါက်လာခြင်းသည် လူသားမျိုးနွယ်အတွက် ကြယ်ကွဲပင်လယ်တွင် ခြေကုပ်ယူနိုင်မည့် မျှော်လင့်ချက်ဖြစ်သည်ဟု သူ ခံစားလိုက်ရသောကြောင့် စိတ်အေးသွားခဲ့ရသည်။

............

All Chapters