အခန်း ၇၉၈
Vol. 75 Ch. 798
အခန်း (၇၉၈) - နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့်၊ အာဏာရှင်မမကြီး ဟွားစစ်ချင်၊ စားပြီးနားမလည် မလုပ်ရ(၃)။
ထိုအချိန် အမှတ် (၈၈) တာအိုကျောင်းတော်ရှိ စံအိမ်တစ်ခုအတွင်း၌။
ထောင်ချီလီ၊ ဟွားစစ်ချင်၊ စစ်ယွီရှီးစသည့် သူများသည် သတင်းကြားသည်နှင့် ချက်ချင်း ရောက်ရှိလာကြလေသည်။
သူမတို့သည် မြေပြင်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ဝပ်နေကြသော လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ကန္တာရသားရဲကြီး သုံးကောင်ကို ကြည့်ကာ သားရဲကြီးသုံးကောင်ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို ခံစားမိပြီး လူတိုင်း၏ စိတ်နှလုံးထဲတွင် အကြီးအကျယ် တုန်လှုပ်သွားကြလေသည်။
ကျိုးစွေ့သည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲကြီးသုံးကောင်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့ကြောင်း ယခင်က သူမတို့ ကြားသိခဲ့ရပြီး ဖြစ်သည်။
မူလက ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေခဲ့သော်လည်း တကယ်တမ်း မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါမှသာ ဤသည်မှာ အမှန်ဖြစ်ကြောင်း ယုံကြည်သွားကြတော့သည်။
အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်ခြင်းကိုသာ သိသော ကန္တာရသားရဲများသည် ယခု ထိုအမျိုးသား၏ လက်ထဲတွင်မူ ကြောင်ကလေးတစ်ကောင်ကဲ့သို့ လိမ္မာရေးခြားရှိနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ရလျှင် မည်သူက ယုံကြည်နိုင်ပါမည်နည်း။
"မင်းက တကယ်ပဲ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲသုံးကောင်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလား။ ဒီလို လျှို့ဝှက်ပညာရပ်မျိုးကို ဖြန့်ဝေလို့ မရနိုင်ဘူးလား...”
ထောင်ချီလီ၏ ကျိုးစွေ့ကို ကြည့်နေသော အကြည့်များမှာ အလွန်စိတ်လှုပ်ရှားလာလေသည်။
အကယ်၍ ကန္တာရသားရဲများကို ယဉ်ပါးစေသည့် လျှို့ဝှက်ပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်မည်ဆိုလျှင် လူသားမျိုးနွယ်၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာနိုင်ပေသည်။
အနာဂတ်တွင် လူသားမျိုးနွယ်သည် အစစ်အမှန် ဝိညာဉ်မျိုးနွယ်စုများ ဖြစ်လာမည်ဆိုလျှင်ပင် မဖြစ်နိုင်သည့်ကိစ္စရပ် မဟုတ်တော့ချေ။
"ဖြန့်ဝေဖို့တော့ မဖြစ်နိုင်လောက်ဘူး။ ဒီမန္တန်ပညာရပ်ကို ကျုပ်တစ်ယောက်တည်းပဲ သင်ယူနိုင်တာပါ...”
ကျိုးစွေ့က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
သူသည် လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။ 'အိပ်မက်ဝိညာဉ်ကူ' ကဲ့သို့သော ကောင်းကင်နှင့်မြေကြီး ကူပိုးကောင်မျိုးကို ကမ္ဘာလောကကြီး တစ်ခုလုံးတွင် သူတစ်ဦးတည်းသာ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ထို့
အပြင် အခြားမည်သူမျှလည်း ဤကဲ့သို့သော ထူးခြားသည့် နည်းလမ်းမျိုး ရှိကြမည် မဟုတ်ချေ။ အခြားသူများကို သင်ပြပေးချင်လျှင်ပင် မဖြစ်နိုင်သည့်ကိစ္စရပ်သာ ဖြစ်ပြီး ဤသည်မှာ သူ၏တစ်ခုတည်းသော သီးသန့်နည်းလမ်းပင် ဖြစ်လေသည်။
"ဒါလည်း ဟုတ်တာပါပဲ။ ဒီလို ကောင်းကင်ဘုံကို အာခံနိုင်တဲ့ မန္တန်ပညာရပ်မျိုးကို လူအများကြီး သင်ယူနိုင်မယ်ဆိုရင် အဲဒါကမှ မယုံနိုင်စရာ ဖြစ်နေလိမ့်မယ်...”
ထောင်ချီလီက သက်ပြင်းချလိုက်ပြီး အလွန်နှမြောတသ ဖြစ်သွားလေသည်။
သူမသည် အနည်းငယ် လောဘကြီးလွန်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် တစ်ဦးတည်းသာ ကန္တာရသားရဲများကို ယဉ်ပါးစေနိုင်လျှင်ပင် ဤသည်မှာ အတော်လေး အံ့ဩဖွယ်ကောင်းနေပြီ ဖြစ်သည်။
အကယ်၍ စနစ်တကျ အသုံးချနိုင်မည်ဆိုလျှင် မယုံကြည်နိုင်လောက်သော အကျိုးသက်ရောက်မှုများကို ဖော်ဆောင်နိုင်ပေမည်။
"ဒါဆို မင်းက တခြား ကန္တာရသားရဲတွေကိုရော ထပ်ပြီး ယဉ်ပါးအောင် လုပ်နိုင်သေးလား...”
ဟွားစစ်ချင်က ကျိုးစွေ့ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။
သူမ၏ မျက်လုံးများမှာ အလွန်ရှုပ်ထွေးနေပြီး အရသာငါးပါး ရောနှောနေသကဲ့သို့ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေ၏။ မူလက သူမသည် ထိုအမျိုးသားအား အချိန်တိုအတွင်း ထပ်မတွေ့ချင်တော့ပေ။ မိမိကိုယ်မိမိ စိတ်လိုက်မာန်ပါဖြစ်ကာ မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
သို့သော် ကန္တာရသားရဲများကို ယဉ်ပါးအောင် လုပ်နိုင်သည်ဟူသော ကိစ္စမှာ အလွန်အမင်း အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။ အတွေ့အကြုံများလှသော သူမကိုယ်တိုင်ပင် တစ်ခါမှ မကြားဖူးခဲ့သောကြောင့် အခြေအနေမှန်ကို လာရောက်စုံစမ်းခြင်း ဖြစ်လေသည်။
သူမရှေ့ရှိ ဤအမျိုးသားမှာ အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လွန်းလှကြောင်းသာ ဆိုနိုင်ပေတော့သည်။ ဤကဲ့သို့ ယုံကြည်နိုင်ဖွယ်မရှိသော ကိစ္စမျိုးကိုပင် လုပ်ဆောင်နိုင်စွမ်း ရှိနေချေသည်။
"ဒါကတော့ သဘာဝကျကျပဲ ပြဿနာမရှိပါဘူး။ သင့်တော်တဲ့ ကန္တာရသားရဲတွေကို ရှာတွေ့သရွေ့ ယဉ်ပါးအောင် လုပ်နိုင်မှာပါ...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်ကာ အဖြေပေးလိုက်၏။
အမှန်တကယ်တွင် 'အိပ်မက်ဝိညာဉ်ကူ' ၏ စွမ်းအားအရ စုစည်းနိုင်သော အိပ်မက်ဆိုးမျိုးစေ့များမှာလည်း ကန့်သတ်ချက် ရှိသည်။ 'အိပ်မက်ဝိညာဉ်ကူ' ပိုင်ဆိုင်ထားသော ဝိညာဉ်စွမ်းအားနှင့် ကြီးမားလှသော ဆက်စပ်မှု ရှိနေ၏။
သို့သော် 'အိပ်မက်ဝိညာဉ်ကူ' ၏ စွမ်းအားများ အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ပဋိညာဉ်ချုပ်ဆိုနိုင်သော သက်ရှိများမှာလည်း ပိုမိုများပြားလာမည်မှာ ထင်ရှားလှသည်။
အချိန်တိုအတွင်း 'အိပ်မက်ဝိညာဉ်ကူ' ပဋိညာဉ်ချုပ်ဆိုနိုင်သော သက်ရှိအရေအတွက်သည် အကန့်အသတ်သို့ ရောက်ရှိသွားမည်မဟုတ်ကြောင်း သူ ခံစားမိသည်။
"ဒီလိုသာဆိုရင် ငါတို့ ဖုန်းရှီးမြို့တော်က တကယ်ကို လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ စစ်တပ်ကြီးတစ်ခုကို တည်ဆောက်နိုင်ပြီပေါ့...”
ဟွားစစ်ချင်၏ လှပသော မျက်လုံးတစ်စုံမှာ ချက်ချင်းပင် အရောင်လက်သွားလေသည်။
သိထားရမည်မှာ ဖုန်းရှီးမြို့တော်တစ်ခုလုံးရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအရေအတွက်မှာ ကန့်သတ်ချက်ရှိပြီး ယခုအချိန်အထိ သုံးရာကျော်သာ ရှိသေးသည်။ အချိန်တိုအတွင်းတွင်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအသစ်များ ပိုမိုထွက်ပေါ်လာရန် မဖြစ်နိုင်ချေ။
သို့သော် ကြယ်ကွဲပင်လယ်ဒေသမှာမူ မတူညီပေ။ အခြားအရာများ မများသော်လည်း ကန္တာရသားရဲ အရေအတွက်မှာ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှပေသည်။
မျိုးနွယ်စုကြီးများ ကြယ်ကွဲပင်လယ်တွင် အခြေချနေထိုင်နိုင်ခြင်း မရှိသည့် အကြောင်းရင်းမှာ အဆက်မပြတ် ဝင်ရောက်လာမည့် ကန္တာရသားရဲ စစ်တပ်ကြီးကို ခုခံနိုင်စွမ်း မရှိသောကြောင့်ပင်။
အစီအရင် အကာအကွယ်များ ရှိနေလျှင်ပင် မရေမတွက်နိုင်သော ကန္တာရသားရဲများ၏ ဖျက်ဆီးမှုကို ခံရကာ လုံးဝ ဝါးမျိုခံရမည် ဖြစ်သည်။
သို့သော် ယခုမူ မတူတော့ချေ။ အကယ်၍ ကျိုးစွေ့သည် ကန္တာရသားရဲများစွာနှင့် ပဋိညာဉ်ချုပ်ဆိုနိုင်ပြီး ထိုသားရဲများကို ရန်သူမှ မိတ်ဆွေအဖြစ်သို့ ပြောင်းလဲနိုင်မည်ဆိုလျှင်မူ၊ ဤသည်မှာ ရန်သူ၏အင်အားကို လျော့နည်းသွားစေနိုင်ရုံသာမက လူသားမျိုးနွယ်၏ အင်အားကိုလည်း တိုးမြင့်လာစေနိုင်မည် ဖြစ်သည်။
တစ်ဖက်က လျော့နည်းသွားပြီး မိမိတို့ဘက်က တိုးလာမည်ဆိုလျှင် လူသားမျိုးနွယ်သည် ကြယ်ကွဲပင်လယ်တွင် ခြေကုပ်ယူရန် ဖြစ်နိုင်ပါမည်လောဟု အဘယ်ကြောင့် ပူပန်နေရမည်နည်း။
ယခု ကျိုးစွေ့ပိုင်ဆိုင်ထားသော သားရဲယဉ်ပါးစေသည့် စွမ်းအားသည် ဖုန်းရှီးမြို့တော်၏ အခြေခံအုတ်မြစ် ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။
ထိုအကြောင်းကို တွေးမိသောအခါ သူမ၏ လှပသော မျက်လုံးများမှာ တလက်လက် တောက်ပလာပြီး၊ ဤအမျိုးသားမှာ အလွန်အမင်း ထူးချွန်လွန်းနေကြောင်း ခံစားမိလိုက်၏။
‘တကယ်လို့ ဒီလိုယောက်ျားမျိုးသာ ငါ့ရဲ့တာအိုလက်တွဲဖာ် ဖြစ်လာမယ်ဆိုရင်လည်း မဆိုးလှပါဘူး…’
ထိုသို့ သူမ တွေးလိုက်မိ၏။ အမျိုးသမီးနှစ်ယောက်က ယောကျ်ားတစ်ယောက်ကို အတူတကွ ပြုစုလုပ်ကျွေးရမည်ဆိုလျှင်ပင် သူမအနေဖြင့် လက်မခံနိုင်စရာ အကြောင်းမရှိပေ။
"မင်း ယဉ်ပါးအောင် လုပ်ထားတဲ့ ကန္တာရသားရဲတွေကို တခြားသူတွေ အသုံးပြုဖို့ ပေးလို့မရဘူးလား...”
စစ်ယွီရှီးက လှပသော မျက်လုံးတစ်စုံဖြင့် ကျိုးစွေ့အား သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်လေသည်။
သူမသည် ကန္တာရသားရဲများ၏ စွမ်းအားအပေါ် ပို၍ စိတ်ဝင်စားနေချေသည်။
အကယ်၍ မွေးရာပါပါရမီ အလွန်ကောင်းမွန်သော ကန္တာရသားရဲတစ်ကောင်ကိုသာ ထိန်းချုပ်နိုင်မည်ဆိုလျှင် သူမအတွက်မူ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ပို၍ပင် အစွမ်းထက်လာမည်မှာ အသေအချာပင်။
"တခြားသူတွေကို အသုံးပြုဖို့ သဘာဝကျကျ လွှဲပြောင်းပေးလို့ ရပါတယ်။ ဒါပေမဲ့ အမြင့်ဆုံး ထိန်းချုပ်ခွင့်ကတော့ ကျုပ်လက်ထဲမှာပဲ ရှိနေတုန်းပါပဲ။ ကျုပ်က အမိန့်မပေးသရွေ့ တခြားသူတွေက ဒုတိယအဆင့် ထိန်းချုပ်ခွင့်ကို ရရှိမှာပါ။ ပြီးတော့ ယဉ်ပါးသွားတဲ့အခါ သူတို့ရဲ့ အသိဉာဏ်ကလည်း ပိုပိုမြင့်မားလာပြီး ညွှန်ကြားချက် အမျိုးမျိုးကို နားလည်လာပါလိမ့်မယ်...”
ကျိုးစွေ့က ရှင်းပြလိုက်၏။
အမှန်တကယ်တွင် ဤသည်မှာ အိပ်မက်ဆိုးမျိုးစေ့၏ ထူးခြားသော စွမ်းအားတစ်ရပ်ပင် ဖြစ်လေသည်။
ကန္တာရသားရဲများ၏ ဝိညာဉ်ကို တည်ငြိမ်သွားစေပြီးနောက် သဘာဝကျကျပင် ၎င်းတို့အတွက် ကိုယ်ပိုင်အသိဉာဏ်များ ပွင့်လင်းလာစေရန်နှင့် အသိတရားများ ဖြစ်ပေါ်လာစေရန် ကူညီပေးခြင်း ဖြစ်သည်။
ထို့ကြောင့်သာ ၎င်းတို့သည် အိမ်မွေးသားရဲများ ဖြစ်လာကြပြီး သခင်ဖြစ်သူ၏ အမိန့်ကို နာခံကြခြင်း ဖြစ်၏။
"ဒီလိုကိုး...”
ဤစကားကို ကြားသောအခါ စစ်ယွီရှီးက အလွန်ကျေနပ်သွားလေသည်။
သူမအနေဖြင့် ဤမျှဆိုလျှင် လုံးဝ လုံလောက်နေပြီဟု ခံစားလိုက်ရသည်။
အမြင့်ဆုံး ထိန်းချုပ်ခွင့်သည် ဤအမျိုးသား၏ လက်ထဲတွင် ရှိနေသော်လည်း အနည်းဆုံးအနေဖြင့် မိမိကိုယ်တိုင်လည်း အခြားသော ကန္တာရသားရဲများကို ခြယ်လှယ်နိုင်ပေသည်။ ဤအမျိုးသားနှင့် ရန်သူမဖြစ်သရွေ့ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။
မည်သို့ပင်ဆိုစေ သူမသည် ဤကန္တာရသားရဲများနှင့် သူငယ်ချင်း မဖြစ်ချင်ပေ။ ယုံကြည်စိတ်ချရပြီး စွမ်းအားရှိကာ အားကိုးရသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေလျှင်ပင် လုံးဝ လုံလောက်နေပြီ ဖြစ်၏။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲများသည် ကိုယ်ကျိုးရှာတတ်သော လူသား လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုကောင်းသည်ဟု သူမ ခံစားမိလေသည်။
အနည်းဆုံးအနေဖြင့် အခြားသော လူသားကျင့်ကြံသူများ၏ အကွက်ဆင်ခြင်းကို ခံရမည်ကို စိုးရိမ်နေရန် မလိုအပ်တော့ပေ။
"တာအိုရောင်းရင်းကျိုး... ရှင်ရဲ့ဒီစွမ်းရည်က တကယ်ကို အစွမ်းထက်လွန်းတယ်။ ကျွန်မတို့ ဖုန်းရှီးမြို့တော်က တခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေကို အရှင်ဖမ်းမိဖို့ အစွမ်းကုန် ကူညီပေးပါ့မယ်။ ဒါမှ ကန္တာရသားရဲ စစ်တပ်ကြီးရဲ့ စွမ်းအားကို အမြန်ဆုံး တိုးမြှင့်နိုင်မှာ...”
ထောင်ချီလီက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။
ဖုန်းရှီးတာအိုအရှင် ဒဏ်ရာကုသရန် တံခါးပိတ်ကျင့်ကြံသွားပြီးကတည်းက ဖုန်းရှီးမြို့တော်၏ ဒုတိယမြို့တော်ဝန်ဖြစ်သူ သူမသည် အပေါ်ယံတွင် တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင်မူ စိတ်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရသည်။
ဖုန်းရှီးမြို့တော်သည် သားရဲလှိုင်းလုံးများနှင့် ရင်ဆိုင်ရပြီး မြို့တော်ကြီး တစ်ခဏအတွင်း ပျက်စီးသွားမည်ကို သူမ အလွန်ကြောက်ရွံ့နေခဲ့၏။
မည်သို့ပင်ဆိုစေ ကြယ်ကွဲပင်လယ်ရှိ အန္တရာယ်များနှင့် ကပ်ဘေးများသည် အမှန်တကယ် များပြားလွန်းလှရာ မည်သည့်ကိစ္စများ ဖြစ်လာမည်ကို မည်သူကမျှ မသိနိုင်ပေ။
သို့သော် ယခုမူ အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ရှေ့မှောက်ရှိ ဤအမျိုးသားသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲများကို ယဉ်ပါးအောင် လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိချေ။
ဤသည်မှာ ကောင်းကင်မှ ကျလာသော ဝမ်းသာစရာကိစ္စပင် ဖြစ်လေသည်။
အကယ်၍ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ စစ်တပ်ကြီးတစ်ခု ဖွဲ့စည်းနိုင်ပြီး၊ ကောင်ရေ သောင်းနှင့်ချီ၍ ယဉ်ပါးအောင် လုပ်နိုင်မည်ဆိုလျှင် ပင်လယ်ပြင်တစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်မည်မှာ သေချာလှသည်။
အခြားအရာများကို အသာထားလျှင်ပင်၊ ဤကျွန်းပေါ်ရှိ ကန္တာရသားရဲများကိုမူ အလုံးစုံ ရှင်းလင်းပစ်နိုင်မည် ဖြစ်၏။
သူမ၏ လှပသော မျက်လုံးအစုံတွင် ထူးခြားသော အလင်းရောင်များ တလက်လက် တောက်ပနေတော့သည်။
ယခုအခါ သူမသည် ရှေ့မှောက်ရှိ ဤအမျိုးသားကို ပို၍ပင် ပိုင်ဆိုင်ချင်လာမိတော့သည်။
မည်သို့ပင်ဆိုစေ သူမသည် အချိန်အတော်ကြာ အထီးကျန်ဆန်နေခဲ့ရသဖြင့် အားကိုးရာတစ်ခုကို ရှာဖွေချင်နေခဲ့ပြီ မဟုတ်ပါလော။
"ပြဿနာမရှိပါဘူး...”
ကျိုးစွေ့က ပြုံးလျက် ပြောလိုက်၏။
ဤသည်မှာ သူ၏အတွက်လည်း ကောင်းမွန်သောကိစ္စပင် ဖြစ်လေသည်။ မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက် လုပ်ဆောင်နေရန် မလိုအပ်ဘဲ အခြားသော ကျင့်ကြံသူများက ကန္တာရသားရဲများကို ဖမ်းဆီးပေးမည်ဆိုပါက အချိန်နှင့် လုပ်အားများစွာ သက်သာစေမည် ဖြစ်သည်။
အိမ်မှမထွက်ဘဲ ကန္တာရသားရဲစစ်တပ်ကြီးကို အင်အားတောင့်တင်းအောင် ပြုလုပ်နိုင်မည်ဖြစ်ရာ အဘယ်ကြောင့် ငြင်းဆိုရမည်နည်း။
အကယ်၍ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲကောင်ရေ သောင်းနှင့်ချီ၍ ယဉ်ပါးအောင် လုပ်နိုင်မည်ဆိုပါက မည်သည့်နေရာကိုမဆို အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။
............