အခန်း ၂၈၁
Vol. 29 Ch. 281
အပိုင်း (၂၈၁) တစ်ခါတုန်းက ကောင်းကင်ဘုံ [၁]
သူတို့နှစ်ဦး၏ အောက်ဘက် ခပ်စောင်းစောင်းတွင် ဧရာမ ကြယ်ကြီးတစ်လုံး ပေါ်လာပြီး ထိုထဲမှ ထွက်ပေါ်လာသော ပွက်ပွက်ဆူနေသည့် အပူရှိန်ပြင်းပြင်းနှင့် ထိတ်လန့်ဖွယ် မျက်နှာပြင်ဧရိယာကြီးကြောင့် သူတို့နှစ်ဦး တိတ်တဆိတ် အံ့ဩမှင်သက်သွားသည်။
'ဒါ... တကယ့်အစစ်ပဲ...'
ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့နှစ်ဦး တစ်ချိန်တည်းမှာပင် စိတ်ထဲမှ တွေးမိသည်။
"ဘယ်လိုလဲ။ ဒါက သေမင်းမြေဆိုတာ မသေချာသေးဘူးလား။" ကျိရှန်းက နှာခေါင်းရှုံ့ကာ မေး၏။
"ကျွန်မတို့တွေ စမ်းချောင်းလေးကနေ ဝင်လာတာလေ။ ဘာလို့ ကောင်းကင်ကြီးထဲ ရုတ်တရက် ရောက်လာတာလဲ။"
လီကျင်းယောင်က နားမလည်နိုင်စွာဖြင့် မေးသည်။
"အာကာသဟင်းလင်းပြင် ပြောင်းလဲသွားတဲ့ ခံစားချက်မျိုးလည်း မခံစားလိုက်ရဘူး။"
"ဘာဖြစ်လို့လဲဆိုတော့ အစောပိုင်းက အမှောင်ထုရဲ့ စွမ်းအားတွေအပါအဝင် ဒီကောင်းကင်ကြီးတစ်ခုလုံးက အတိတ်က နတ်ဘုရားတွေရဲ့ ဥပဒေသပိုင်နက် ဖြစ်နေလို့ပဲ။"
ကျိရှန်းက ရှင်းပြ၏။ "နတ်ဘုရားတွေဆိုတာ သဘာဝတရားထဲက အရာခပ်သိမ်း၊ ဥပဒေသတွေနဲ့ သဘာဝတရားလမ်းစဉ်ရဲ့ လူဝင်စားတွေပဲ။ နတ်ဘုရားတွေ မသေဆုံးခင် နေရာလွတ်ကို ခြယ်လှယ်ဖို့ သုံးခဲ့တဲ့ နည်းစနစ်တွေက ငါတို့ သန့်ရှင်းမင်းဆက်ခေတ်က အာကာသမန္တန်တွေထက် အများကြီး သာလွန်တယ်။ ဒါကြောင့်မို့ မင်းက အာကာသဟင်းလင်းပြင် အတက်အကျကို အာရုံမခံနိုင်တာ ပုံမှန်ပါပဲ။ ဒါက သူတို့အတွက် သဘာဝဖြစ်စဉ်တစ်ခုလို ဖြစ်နေလို့လေ။"
"တကယ် အံ့ဩစရာပဲ။"
လီကျင်းယောင်သည် ပတ်ဝန်းကျင်ရှိ ကြယ်များကို ငေးမောကြည့်သည်။ "စီနီယာ ကျီရှန်း။ ဒီကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးက ဘယ်နေရာလဲဟင်။"
"ဒ မူလကောင်းကင်ဘုံပဲ။"
ကျိရှန်း စကားပြောနေစဉ် လီကျင်းယောင်သည် လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ကာ လှော်တက်ကို လှော်ခတ်နေဆဲပင်။ လှေငယ်လေးသည် နဂါးငွေ့တန်းဂလက်ဆီပေါ်တွင် ပေါလောမျောပါလျက် ကြယ်တာရာများကြားတွင် ဖြတ်သန်းသွားလာနေ၏။
"အရင်ခေတ် နတ်ဘုရားအများစုက ဒီမှာပဲ မွေးဖွားပြီး ဒီမှာပဲ နေကြတယ်။ သူတို့တွေက ဥပဒေသ၊ သဘာဝတရားနဲ့ ကြယ်တွေရဲ့ လူဝင်စားတွေဖြစ်ပြီး ကမ္ဘာလောကကြီးကို အုပ်စိုးဖို့ ကောင်းကင်ဘုံကို ကိုယ်စားပြုကြတယ်။ ဒါပေမဲ့ ငါတို့ လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တို့ အင်အားစုပေါင်းပြီး သူတို့ကို အနိုင်ယူလိုက်ကြတော့ ဒီကောင်းကင်ကြီးက သူ့ရဲ့ မူလအမြင့်ကနေ ပြုတ်ကျပြီး မြေပြင်နဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိသွားခဲ့တယ်။ အဲဒီနောက်မှာ ရေတွက်လို့မရနိုင်တဲ့ နှစ်ပေါင်းများစွာရဲ့ အပြောင်းအလဲတွေအောက်မှာ ဒီမှာပဲ ထာဝရ မြှုပ်နှံခံလိုက်ရတော့တာပဲ။ အခုတော့ ဒါက နတ်ဘုရားတွေရဲ့ သင်္ချိုင်းဖြစ်သလို စစ်မှန်တဲ့ သေမင်းမြေ ဖြစ်သွားပြီပေါ့။"
ကြယ်များ ဖြတ်သန်းသွားစဉ် ကျိရှန်းက ထိုကြယ်များထံသို့ လှည့်ကာ ငေးမောရင်း ဆက်ပြော၏။
"တစ်ခါတုန်းက ဒီကြယ်တွေအားလုံးက သက်ရှိသတ္တဝါတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ အသိစိတ်နဲ့ စွမ်းအင်တွေ စုစည်းသွားတဲ့အခါ နတ်ဘုရားတွေထဲက ကြယ်နတ်ဘုရားတွေ ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ သူတို့အားလုံး သေဆုံးသွားကြပြီ။ စွမ်းအင်တွေ အပြည့်ပါတဲ့ ကျောက်တုံးကြီးတွေပဲဖြစ်တော့တာ"
နဂါးငွေ့တန်းဂလက်ဆီသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သူတို့နှစ်ဦး စီးနင်းလာသော လှေငယ်လေးမှာ မည်သို့သော မှော်ဆန်မှုမျိုး ရှိနေသည်ကို မသိရပေ။ လီကျင်းယောင်က သူမ၏ ချီစွမ်းအင်ကို အသုံးပြုလိုက်ပြီးနောက် အနည်းငယ် လှော်ခတ်လိုက်ရုံဖြင့် လှေငယ်သည် မိုင်ပေါင်းများစွာ အကွာအဝေးသို့ လျင်မြန်စွာ လွင့်မျောသွား၏။ ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ကြယ်တာရာ ဟင်းလင်းပြင်အတွင်း အလျင်အမြန် ခရီးနှင်နိုင်ခဲ့ကြသည်။
"ဒီနေရာလေးက အရမ်းလှတာပဲ။"
ဖြတ်သန်းသွားသော ကြယ်များကို ကြည့်ရင်း လီကျင်းယောင်၏ မိန်းကလေးဆန်သော နှလုံးသားလေး လှုပ်ရှားလာ၏။
မျက်နှာချင်းဆိုင်ရှိ အမျိုးသားကို သူမ တိတ်တဆိတ် အကဲခတ်ကြည့်သော်လည်း ထိုသူမှာ လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ကျီရှန်း၏ ခေါင်းကို ကိုင်ထားကာ သူ့ဘေးမှ ဖြတ်သွားသော ကြယ်တာရာကောင်းကင် အစိတ်အပိုင်းတိုင်းကို စေ့စေ့စပ်စပ် လိုက်လံစူးစမ်းနေသည်ကိုသာ မြင်လိုက်ရသည်။
ထိုအမူအရာမှာ လူ့လောကရှိ ရုံးတော်မှ အမှုစုံစမ်းရန် ထွက်လာသည့် စုံထောက်တစ်ဦးနှင့်ပင် တူနေ၏။
'ဟူး... ငါ ဂိုဏ်းချုပ်စုကို တကယ် လေးစားမိသွားပြီ။'
လီကျင်းယောင်မှာ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"နဂါးငွေ့တန်းက ဆုံးတော့မယ်။"
ကျီရှန်းက ရုတ်တရက် သတိပေးလိုက်သည်။
သူတို့နှစ်ဦးသည် လှေငယ်သွားရာ ဦးတည်ရာဘက်သို့ လှမ်းကြည့်ရာ စကြဝဠာအတွင်း မျောပါနေသော ဂလက်ဆီများသည် ဤနေရာတွင် ဆုံစည်းနေ၏။ ဤဂလက်ဆီများ ဆုံစည်းရာ ဗဟိုချက်တွင် ကျောက်စိမ်းဖြူများဖြင့် ထွင်းထုတည်ဆောက်ထားသော စင်မြင့်တစ်ခု ရှိနေသည်။ ထိုစင်မြင့်ပေါ်တွင် ကောင်းကင်ယံသို့ ဆက်သွယ်ထားသော ကျောက်စိမ်းလှေကားတစ်စင်း ရှိပြီး ကြယ်တာရာကောင်းကင်၏ အနက်ရှိုင်းဆုံး နေရာများအထိ ဆန့်တန်းနေသည်။
"ဟိုမှာက ကောင်းကင်နတ်ဘုရားတွေ တစ်ခါတုန်းက နေခဲ့တဲ့ နတ်ဘုရားနယ်မြေ ကောင်းကင်နန်းတော်ပဲ။"
ခဏကြာကြည့်ပြီးနောက် ကျိရှန်းက ပြောလာ၏။
"အဲဒီဘက်ကို ကပ်လိုက်ကြစို့။ အဲဒီကနေဆိုရင် ငါတို့ အပေါ်ကို တက်သွားလို့ရပြီ။"
လီကျင်းယောင်သည် လှေငယ်ကို ကျောက်စိမ်းစင်မြင့်၏ အစွန်းဘက်သို့ ညင်သာစွာ ကပ်ပေးသည်။ ထို့နောက် ပိုင်ချူးရန်က လျှော်ကြိုးကို ပစ်ချကာ လှေကို ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ကျောက်စိမ်းဖြူတိုင်တစ်ခုတွင် ခိုင်မြဲစွာ ချည်နှောင်၏။ ထို့နောက် သူတို့နှစ်ဦးသည် ကျောက်စိမ်းလှေကားအတိုင်း ကောင်းကင်ပေါ်ရှိ ပိုမိုမြင့်မားသော နေရာဆီသို့ ဆက်လက် လျှောက်လှမ်းသွားသည်။
ဤကျောက်စိမ်းလှေကားသည် အဆုံးတိုင်အောင် ရောက်နိုင်စရာ အကြောင်းမရှိဟု ထင်ရသော်လည်း သူတို့နှစ်ဦး တက်လှမ်းသွားသောအခါ အလွန်မြန်ဆန်သော အရှိန်ဖြင့် တက်ရောက်နေကြောင်း သတိပြမိ၏။ သူတို့နှစ်ဦးစလုံး အလွန်ပုံမှန် ခြေလှမ်းများဖြင့် လျှောက်လှမ်းနေကြသည်မှာ ထင်ရှားသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ရှင်းပြ၍မရနိုင်လောက်အောင် မိုင်ဆယ်ဂဏန်းခန့် အကွာအဝေးကို ဖြတ်ကျော်သွားနိုင်သည်။
"ဒီလမ်းတွေပေါ်မှာ နေရာလွတ် ဥပဒေသတွေ ရှိနေတယ်။ အတိတ်က နတ်ဘုရားတွေ ခရီးသွားလာရ လွယ်ကူအောင် ချန်ထားခဲ့တာ ဖြစ်ရမယ်။"
ကျိရှန်းက ပြော၏။ "ဒါနဲ့ ကောင်မလေး... မင်း ဒီကိုရောက်တော့ ပိုပြီး သက်သောင့်သက်သာ ဖြစ်မသွားဘူးလား။"
လီကျင်းယောင် အနည်းငယ် မှင်သက်သွားပြီးနောက် ပြန်ဖြေ၏။ "ဒီနေရာက နာကြည်းချက်တွေကို လုံးဝ မခံစားရတော့ဘူး။"
"ဒီမှာက ဘာနာကြည်းချက်မှ မရှိတော့ဘူးလေ။ ဒီနေရာက နတ်ဘုရားတွေရဲ့ သင်္ချိုင်းကိုး။" ကျိရှန်းက တိုးညှင်းစွာ ပြော၏။
သူတို့နှစ်ဦး တက်လှမ်းလာသည်နှင့်အမျှ ခမ်းနားထည်ဝါသော မဏ္ဍပ်များ၊ ပန်းပုထွင်းထုထားသော တိုင်တန်းများနှင့် ဆေးခြယ်ထားသော အဆောက်အအုံများသည် ကောင်းကင်ယံတွင် တဖြည်းဖြည်း ထင်ရှားလာသည်။ ဤနန်းတော်အချို့မှာ ဆိုးရွားစွာ ပျက်စီးနေပြီး နေရာအနှံ့တွင် ထက်ဝက်ခန့် ပြိုကျနေ၏။ ကြယ်တာရာ ကောင်းကင်ယံတွင် လွင့်မျောနေသော အပျက်အစီး အပိုင်းအစများပင် ရှိသေးသည်။ သို့သော် ထိုအဖိုးတန်ပစ္စည်းများကို ကြည့်ရုံမျှဖြင့် ဤနေရာသည် တစ်ချိန်က မည်မျှ ခမ်းနားလှပခဲ့မည်ကို ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့ မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်ယောင်လာ၏။
အဆုံးတွင်တော့ ရှည်လျားလှသော ကျောက်စိမ်းလှေကားကြီး ပြီးဆုံးသွားပြီး သူတို့နှစ်ဦးရှေ့တွင် တောင်တမျှ ကြီးမားလှသော ကျောက်စိမ်းဖြူ ဂိတ်တံခါးကြီးတစ်ခု ထည်ဝါစွာ ပေါ်လာတော့သည်။