အခန်း ၂၈၂
Vol. 29 Ch. 282
အပိုင်း (၂၈၂) စကြဝဠာကို လွှမ်းမိုးနိုင်တဲ့ စွမ်းအား ၁၀ ရာခိုင်နှုန်း
"ဒါက ရှေးခေတ်ကာလက ကောင်းကင်တံခါးပဲ။"
ပေတစ်ထောင်မက မြင့်မားမတ်စောက်လှသော ကျောက်စိမ်းဖြူ ဂိတ်တံခါးကြီးအောက်သို့ ရောက်ရှိသွားချိန်တွင် ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့သည် ထိုတံခါးကြီးအား မော့ကြည့်လာကြသည်။ တစ်ချိန်တည်းမှာပင် ကျီရှန်းက စတင်ရှင်းပြ၏။
"ရှေးခေတ်တုန်းကဆိုရင် ခွန်းလွန်တောင်တန်းတွေနဲ့ ကောင်းကင်ယံအထိ ထိုးဖောက်ပေါက်ရောက်နိုင်တဲ့ ကျန်းမုသစ်ပင်ကြီးက ဒီနေရာနဲ့ တိုက်ရိုက် ဆက်သွယ်ထားတာလေ။ တစ်ချိန်တုန်းက ဒီနေရာကို ပြိုင်ဘက်ကင်း အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပါးက စောင့်ကြပ်ခဲ့တယ်။ နတ်ဘုရင်ရဲ့ ခွင့်ပြုချက်မရဘဲ ဒီနေရာကို ကျူးကျော်ဖြတ်သန်းတဲ့ သူမှန်သမျှ သတ်ဖြတ်ခံရတာ ဒါမှမဟုတ် နှင်ထုတ်ခံရတာတွေ ကြုံရလိမ့်မယ်။ ဒါပေမဲ့ အခုတော့ အဲဒီလို အန္တရာယ်မျိုး မရှိတော့ဘူး။"
"အရင်ခေတ်က နတ်ဘုရင်ဆိုတာ ဘယ်နတ်ဘုရားကို ဆိုလိုတာလဲ။" ပိုင်ချူးရန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေး၏။
"ငါလည်း သေချာမသိဘူး။ အဲ့တည်ရှိမှုနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ သွယ်ဝိုက်အချက်အလက်တွေကိုပဲ ငါအများဆုံး ရနိုင်တာလို့ မင်းကိုပြောဖူးတယ်လေ"
ကျီရှန်းက ပြန်ဖြေသည်။
"တကယ်လို့ မင်းက နတ်ဘုရင်ဆိုတာ ဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အနည်းဆုံး သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အရာတွေရှိမယ့် နေရာဆီကို ငါ့ကို ခေါ်သွားပေးမှ ရလိမ့်မယ်။"
"အင်း။"
ပိုင်ချူးရန်က ဦးခေါင်းခွံကို အသာပွတ်သပ်ပြီးမေးသည်။
"ဒါဆိုရင် ငါ အဆင့်တက်ဖို့ လိုအပ်တဲ့ သဲလွန်စတွေကို ရှာတွေ့ဖို့ ဘယ်ကို ဆက်သွားရမလဲ။"
ကျီရှန်းက ပိုင်ချူးရန်အား ထိုနေရာတွင်ပင် တစ်ပတ်လှည့်ကြည့်ရန် ညွှန်ကြားပြီးနောက် ပြော၏။ "အရှေ့တောင်ဘက်က အမြင့်ဆုံးနေရာကို ကြည့်လိုက်။ အဲဒီမှာ နတ်ဘုရားတွေရဲ့ စာကြည့်တိုက် ရှိတယ်။"
ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့သည် ကျီရှန်းကို ယူဆောင်ကာ သူညွှန်ပြရာ စာကြည့်တိုက်ရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းလာသည်။ လမ်းတစ်လျှောက် ကောင်းကင်နန်းတော်၏ အတွင်းပိုင်း၌ ဆိုးရွားလှသော ပျက်စီးယိုယွင်းမှုများစွာကို မြင်တွေ့ရ၏။
မိုးပျံတံတားကြီးမှာ နှစ်ပိုင်းကျိုးကျနေပြီး ကျောက်စိမ်းရေကန်များနှင့် အိုင်များမှ ရေများမှာလည်း ခမ်းခြောက်နေသည်။ရေကန်နှင့် အိုင်များ၏ အောက်ခြေတွင် ပြာဖြူများ ဖုံးလွှမ်းနေပြီး အချို့သော နန်းတော်ဆောင်များဆိုလျှင် ပြောင်းပြန်လန်ကာ စကြဝဠာ ဟင်းလင်းပြင်ထဲတွင် ဇောက်ထိုး မျောနေ၏။ ဤနေရာတွင် ဖြစ်ပွားခဲ့သော စစ်ပွဲသည် မည်မျှပင် ကြေကွဲဖွယ်ကောင်းလောက်အောင် ပြင်းထန်ခဲ့ကြောင်း ထိုအရာများက သက်သေပြနိုင်သည်။
ကောင်းကင်နန်းတော်၏ အတွင်းပိုင်းမှာ အလွန်တရာ ကျယ်ဝန်း၏။ ပိုင်ချူးရန်တို့ နှစ်ဦးသည် ကောင်းကင်တံခါးအနီးမှ ကောင်းကင်နန်းတော်၏ အလယ်ဗဟိုသို့ ရောက်ရှိရန် တစ်နာရီကျော်ကြာမျှ လမ်းလျှောက်ရသည်။ ဤနေရာတွင် ကြောက်မက်ဖွယ် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဟု သူတို့ အစက ထင်မှတ်ထားခဲ့သော်လည်း တိတ်ဆိတ်ခြောက်ကပ်နေသော သင်္ချိုင်းကုန်းတစ်ခုမျှသာဖြစ်လေ၏။
ပတ်ပတ်လည်တွင် ပြိုကျပျက်စီးနေသော ကျောက်နံရံများသာ ရှိပြီး ကောင်းကင်နန်းတော်၏ အလယ်ဗဟို ရင်ပြင်ထက်တွင် ဧရာမ ကြေးဝါခေါင်းလောင်းကြီးတစ်ခုကို ချိတ်ဆွဲထားသည်ကိုသာ မြင်နိုင်သည်။ ထိုခေါင်းလောင်းကြီးမှာ ပေထောင်ချီ မြင့်မားပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများကို ဖုံးကွယ်ထားသည့် အနက်ရောင် ရေညှိများ ကပ်ငြိနေသော်လည်း ပြီးပြည့်စုံသော မူလပုံသဏ္ဍာန်ကို ထိန်းသိမ်းထားဆဲပင်။ သင်္ချိုင်းထဲရှိ လူတိုင်းသည် ကနဦး နတ်ဆိုးဧကရာဇ်လို ခေါင်းတလားကို ဖွင့်ကာ ထွက်လာမည်တော့ မဟုတ်ပေ။
တစ်နာရီကျော်ကြာ ခရီးဆက်ပြီးနောက် သူတို့နှစ်ဦးသည် နန်းတော်များကို ဆက်သွယ်ထားသော ကျောက်စိမ်းလှေကားအတိုင်း ကောင်းကင်နန်းတော်၏ အရှေ့တောင်ဘက်ရှိ အမြင့်ဆုံး နန်းတော်ဆီသို့ တက်လှမ်းကြ၏။
ကျီရှန်း၏ စကားအရ ဤနေရာသည် တစ်ချိန်က နတ်ဘုရားများ အသိပညာ ဆည်းပူးခဲ့ရာ နေရာဖြစ်သည်။ ဤနေရာတွင် မြစိမ်းရောင်နှင့် ရွှေရောင် ထွင်းထုထားသည့် နံရံများရှိကာ အလွန်တရာ ဇိမ်ကျလှသော ခမ်းနားထည်ဝါသည့် မိုးပျံမျှော်စင်ကြီးတစ်ခုလည်း ရှိခဲ့ကြောင်း အကြွင်းအကျန်များအရ သိနိုင်၏။သို့သော် ယခုအခါတွင်မူ ထက်ဝက်ခန့် ပြိုကျပျက်စီးနေပြီဖြစ်သည်။ ပေတစ်ထောင်နီးပါး မြင့်မားသော ဧရာမ ဘီလူးကြီးတစ်ကောင်သည် မျှော်စင်ကို မှီလျက် သေဆုံးနေကာ ကြီးမားလှသော သူ့ ခန္ဓာကိုယ်ကြီးက မျှော်စင်ထဲသို့ ဝင်တိုက်မိထားသဖြင့် စေတီမျှော်စင်၏ ထက်ဝက်ခန့်မှာ အပျက်အစီးများအဖြစ် ပြောင်းသွားရသည်။
ထိုဘီလူးကြီး၏ အလောင်းသည် အနှစ်သာရများအားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ ခြောက်သွေ့တွန့်လိမ်နေပြီး မူလရုပ်သွင်ကိုပင် သဲသဲကွဲကွဲ မမြင်နိုင်တော့ချေ။ သူ့ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာအင်္ကျီမှာလည်း ယခင်ကဲ့သို့ တောက်ပခြင်းမရှိတော့ဘဲ မှေးမှိန်ကာ အက်ကွဲကြောင်းများပင် ဖုံးလွှမ်းနေ၏။
"ဒါက နတ်ဘုရားလားဟင်။"
ဘီလူးကြီး၏ ခြေထောက်ဘေးတွင် ရပ်ကာ လီကျင်းယောင်က မော့ကြည့်လိုက်ရင်း သူမ၏မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေသည်။
"ဟုတ်တယ်။ ဒီကောင်းကင်နတ်ဘုရားက သူ သက်ရှိထင်ရှားရှိစဉ်တုန်းက မြောက်ဘက်က ရေပြင်တွေကို အုပ်စိုးခဲ့တာ။ သူက မြောက်ပိုင်း နတ်ဘုရင်ရဲ့ လက်အောက်ခံ တိုက်တန်တစ်ကောင်ပဲ။
ကျီရှန်းက ရှင်းပြ၏။ "သူ မသေခင်မှာ အင်မော်တယ် အရှင်သခင် တစ်ယောက်ရဲ့ မှော်လက်နက်နဲ့ နှလုံးကို ထိုးဖောက်ခံခဲ့ရတာပဲ။ ကြည့်ရတာ အဲဒီအင်မော်တယ် အရှင်သခင်ရဲ့ စွမ်းအားက ဒီလို ကောင်းကင်ဘုံက သူရဲကောင်းမျိုးနဲ့ မတူညီဘူးဆိုရင်တောင် သိပ်တော့ ကွာခြားမှာ မဟုတ်ဘူး။"
"ငါ တစ်ခုခန့်မှန်းမိတယ်။ မှင်ရည်ပက်ဖျန်း အင်မော်တယ်ပုံရိပ် ပန်းချီကားကလည်း ဒီနတ်ဘုရားတွေကို သတ်နိုင်ဖို့ အလားအလာ များတယ်ဆိုတာပဲ။"
ပိုင်ချူးရန်သည် မေးစေ့ကို ပွတ်သပ်လျက် ပြောလာသည်။ "ရှေ့ဆက်သွားကြတာပေါ့။ ကျီရှန်း... ငါတို့ ရှာနေတဲ့အရာက ဘယ်မှာလဲ။"
"စေတီမျှော်စင်ဘေးမှာ အက်ကွဲကြောင်းတစ်ခု ရှိတယ်။ မင်း မြင်လား။"
ကျီရှန်းက ပြောသည်။
"ဝင်သွားကြည့်လိုက်။ မင်း ရှာနေတဲ့အရာက အဲဒီမှာ ရှိနိုင်တယ်။"