အခန်း ၂၈၃
Vol. 29 Ch. 283
အပိုင်း (၂၈၃) စကြဝဠာကို လွှမ်းမိုးနိုင်တဲ့ စွမ်းအား ၁၀ ရာခိုင်နှုန်း [၁]
ကျီရှန်း၏ ညွှန်ကြားချက်အတိုင်း ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့သည် စေတီမျှော်စင်အောက်ရှိ ဧရာမ အက်ကွဲကြောင်းကြီးမှတစ်ဆင့် မျှော်စင်အတွင်းသို့ ဝင်သွား၏။ ထို့နောက် ကျီရှန်းက ပြောသည်။ "ဒီအလောင်းကြီးကို အပြင်ပစ်ထုတ်လိုက်။"
ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့ အပေါ်သို့ ခေါင်းမော့ကြည့်ကြချိန် သူတို့ဘေးတွင် သေဆုံးနေသော နတ်ဘုရား၏ တင်ပါးနှင့် ခါးအောက်ပိုင်း ဧရာမခန္ဓာကိုယ်ကြီးက ဝင်ရောက်ထိုင်နေပြီး မျှော်စင် ထက်ဝက်ခန့်ကို ဖုံးလွှမ်းပိတ်ဆို့ထား၏။
"ဒီလိုလုပ်တာက သူတို့ကို အနှောင့်အယှက် မဖြစ်သွားစေဘူးလား။"
ပိုင်ချူးရန် တွန့်ဆုတ်သွားသည်။
"ဥပမာ ရုတ်တရက် ထလာပြီး အလောင်းကောင် လှုပ်ရှားလာတာမျိုးတို့ ဘာတို့လေ။"
"ဒါဆို မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် သဲလွန်စတွေ မရှာချင်တော့ဘူးလား။"
ကျီရှန်းက ပြန်မေးသည်။
ပိုင်ချူးရန်သည် သူ၏ ခြေထောက်ကို မြှောက်ကာ မီတာတစ်ထောင်ခန့် မြင့်မားသော ကောင်းကင်နတ်ဘုရား၏ အလောင်းကြီးကို အသံလှိုင်းပေါက်ကွဲမှုကြီးနှင့်အတူ ခြေတစ်ဖက်တည်းဖြင့် ကန်ထုတ်ပစ်လေ၏။ ထို့နောက် သူက တံတွေးတစ်ချက်ထွေးကာ ပြန်ဖြေသည်။ "သေချာပေါက် ရှာချင်တာပေါ့ကွ။"
"ကောင်းပြီလေ။"
ကျီရှန်းက ထပ်မံညွှန်ကြား၏။
"သူ့ဘေးက စက်ဝိုင်းပုံစံ ကွက်လပ်ကို မင်း မြင်လား။ အဲဒါက ဒီအဆောက်အအုံရဲ့ စွမ်းအင်ဗဟိုချက်ပဲ။ ကောင်းကင်တစ်ခွင်လုံးကို ဆက်သွယ်ပေးထားတဲ့ နေ၊ လ နဲ့ ကြယ်တွေပဲ။ တစ်ချိန်တုန်းကတော့ ကောင်းကင်တစ်ခွင်လုံးက ကြယ်နတ်ဘုရားတွေက အဲဒါကို ထိန်းသိမ်းပေးခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ ဘိုးဘေးပိုင်ရေ... မင်းရဲ့ စွမ်းအင်က ကောင်းကင်တစ်ခွင်လုံးက ကြယ်နတ်ဘုရားတွေအားလုံး ပေါင်းထားတာထက် ပိုပြီး အားကြီးလား ဆိုတာကို စမ်းကြည့်ရတော့မှာပဲ။"
"ဒီအရာကရော စစ်မှန်တဲ့ ချီစွမ်းအင် ခွဲခြားမှု ရှိလား။" ပိုင်ချူးရန်က သံသယဖြင့် မေးသည်။
"မရှိဘူး။ စစ်မှန်တဲ့ ချီစွမ်းအင်၊ သက်စောင့်စွမ်းအင်၊ သွေးရဲ့ သေမင်းစွမ်းအင်၊ ဘယ်လိုစွမ်းအင်မျိုးဖြစ်ဖြစ် သူက အကုန်လုံးကို စုပ်ယူစားသုံးတယ်။"
ကျီရှန်းက ပြန်ဖြေ၏။
"မတ်တတ်ရပ်လိုက်။ ကောင်မလေးကတော့ ခပ်ဝေးဝေးလေးမှာ သွားရပ်နေ။"
လီကျင်းယောင်သည် အနည်းငယ် ခွာ၍ ရပ်နေသည်။ ထို့နောက် ပိုင်ချူးရန်သည် စက်ဝိုင်းပုံစံ ကွက်လပ်ပေါ်တွင် ရပ်ကာ မြေပြင်ပေါ်သို့ လက်ဝါးနှစ်ဖက်ကို ဖိချပြီး စစ်မှန်သော ချီစွမ်းအင်များကို ထုတ်သုံးသည်။ ထိုအခိုက် ရေတံခွန်ကြီးတစ်ခုအလား အဆုံးအစမရှိသော စစ်မှန်သည့် ချီစွမ်းအင်များသည် စက်ဝိုင်းပုံစံ ကွက်လပ်အတွင်းသို့ ဒလဟော စီးဝင်သွားတော့၏။
စစ်မှန်သော ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပိုင်ချူးရန်၏ ခန္ဓာကိုယ်ကျင့်စဉ်သည် အလိုအလျောက် အလုပ်လုပ်လာပြီး ဆုံးရှုံးသွားသော စစ်မှန်သည့် ချီစွမ်းအင်များကို ချက်ချင်းပင် ပြန်လည်ပထုတ်လုပ်ပေးသည်။ အဆင့်တက်ရန် နီးကပ်နေပြီဖြစ်သောကြောင့် ပိုင်ချူးရန်လည်း စစ်မှန်သော ချီစွမ်းအင်များကို အလွန်အမင်း မြန်ဆန်စွာ မသွင်းရဲဘဲ စွမ်းအားထုတ်လွှတ်မှုကို ၁၀ ရာခိုင်နှုန်းခန့်တွင်သာ အမြဲ ထိန်းသိမ်းထား၏။
သူ၏ စစ်မှန်သော ချီစွမ်းအင်များ ပြန်လည်ဖြည့်တင်းလာသည်နှင့်အမျှ ကျောက်စိမ်းဖြူ ကြမ်းပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းများ စတင်ပေါ်ထွက်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ အဂှိန်အဟုန်ပြင်းစွာ ပြန့်နှံ့သွားသည်။
လီကျင်းယောင်၏ ရှုထောင့်မှ ကြည့်လျှင် ရွှေရောင်အလင်းတန်းများသည် ကောင်းကင်နန်းတော်တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး ပြိုကျပျက်စီးခြင်း မရှိသေးသော အဆောက်အအုံများအားလုံးမှာ ဤစွမ်းအင်များဖြင့် တောက်ပလာ၏။
ထို့နောက် ချက်ချင်းပင် ကောင်းကင်ကြီးသည် ဆက်တိုက် တုန်ခါလာပြီး အောက်ဘက် စကြဝဠာအတွင်းရှိ နေ၊ လ၊ ကြယ်များ၊ ဂြိုဟ်များနှင့် နက္ခတ်တာရာများအားလုံးသည် မျက်စိဖြင့်မမြင်ရနိုင်သော စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ယခင် လမ်းကြောင်းများဆီသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားသည်။
ပိုင်ချူးရန်၏ စွမ်းအားသည် စကြဝဠာတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းမိုးသွားပြီး ကောင်းကင်ယံရှိ ဖရိုဖရဲနှင့် စည်းကမ်းမဲ့နေသော အရာအားလုံးကို လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ပြန်လည်ပို့ဆောင်ပေးခဲ့၏။ ကြယ်များ လည်ပတ်နေပြီး နေနှင့် လတို့သည် ရှေးဟောင်း ဒဏ္ဍာရီ ပြန်လည်ရှင်သန်လာသည့်အလား အလျင်အမြန် ဖြတ်သန်းသွားလာနေသည်။
ကောင်းကင်ကြီး တုန်လှုပ်နေသော ယခုလိုခမ်းနားကြီးကျယ်လှသည့် မြင်ကွင်းသည် လီကျင်းယောင်နှင့် ကျီရှန်းတို့၏ မျက်မှောက်တွင် ပေါ်လာ၏။
ရှေးခေတ်တုန်းက ကောင်းကင်ကို အုပ်စိုးခဲ့သည့် ကြယ်နတ်ဘုရားများ အားလုံး၏ စွမ်းအားကို စုစည်းကာ ထိန်းသိမ်းထားနိုင်ခဲ့သော ကောင်းကင်ကြီးကို ယခုအခါ ပိုင်ချူးရန်သည် လူတစ်ယောက်တည်း၏ စွမ်းအားဖြင့် ပင့်မထောက်ပံ့ထားသည်။ အကယ်၍ အခြားလူတစ်ယောက်သာဆိုလျှင် ဝိညာဉ်ထဲရှိ နောက်ဆုံးကျန်ရစ်သော အသိစိတ် အစအနလေးပင်လျှင် ခြောက်ကပ်သွားအောင် ညှစ်ထုတ်ခံရမည်မှာ သေချာလှ၏။ သို့သော် ပိုင်ချူးရန်ကမူ ပုံမှန်အတိုင်းပင် ရှိနေပြီး သူ၏ စွမ်းအားထုတ်လွှတ်မှုကို တဖြည်းဖြည်း ချိန်ညှိရန် အားလပ်ချိန်ပင် ရနေသေးသည်။
ကောင်းကင်ကြီး၏ အပြောင်းအလဲများသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး အဆုံးတွင် အလွန်ဝေးကွာသော မြောက်ဘက်စံအိမ် ကောင်းကင်ယံရှိ နောက်ဆုံး မှေးမှိန်နေသော ကြယ်ကလေး မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြီး ကျီရှန်းက ပိုင်ချူးရန်အား ရပ်တန့်စေ၏။
"ကောင်းပြီ။ ဒီမှာပဲ ရပ်လိုက်တော့။"
ထိုစကားကို ကြားသောအခါ ပိုင်ချူးရန်သည် လက်များကို မြှောက်ပြီး ခြေလက်များအတွင်း စီးဆင်းနေသော စစ်မှန်သည့် ချီစွမ်းအင်များကို ဒန်ထျန်အတွင်းသို့ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာစေသည်။ သူ အသက်ရှူပင် မဝသေးခင်မှာပင် ဘယ်ဆီကမှန်းမသိသော စစ်မှန်သည့် ချီစွမ်းအင်များက သူ့ ဒန်ထျန်ထဲသို့ တစ်ဖန် ပြန်လည် ပြည့်လျှံလာ၏။
ကျီရှန်းနှင့် လီကျင်းယောင်တို့သည် တိတ်တဆိတ် အံ့ဩမှင်သက်သွားသည်။
ပိုင်ချူးရန် စွမ်းအင်ဗဟိုချက်မှ ထွက်ခွာသွားပြီးနောက် ချက်ချင်းပင် သူ၏ ခြေအောက်ရှိ ရွှေရောင်အလင်းတန်းများသည် လေထဲတွင် ရုတ်တရက် စုစည်းသွားကာ မရေမတွက်နိုင်သော မှော်စာလုံးများဖြင့် သိပ်သည်းလှသော မှော်စာလုံး ပင်လယ်ကြီးတစ်ခုကို တည်ဆောက်လိုက်၏။