← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း(၂၈၅) ပထမမျိုးဆက် ကောင်းကင်မနာလိုခန္ဓာ [၁]

ထိုအရာသည် စွမ်းအင်သက်သက်ဖြင့် ပုံဖော်ထားခြင်းဖြစ်သောကြောင့် ဤပန်းချီကား၏ ပုံစံများမှာ အလွန်တရာ ရှင်းလင်းပြတ်သားလှသည်။ ကျီ အသေးစိတ် ခွဲခြားပြစရာမလိုဘဲ ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့သည် ဤပန်းချီကား၏ အသွင်အပြင်ကို ရှင်းလင်းစွာ နားလည်နိုင်၏။

ဤပုံရိပ်ထဲတွင် ကောင်းကင်နှင့် မြေကြီးတို့ တဖြည်းဖြည်း ကွဲကွာသွားချိန်၌ ထိုကောင်းကင်နှင့် မြေကြီးကြားတွင် ပထမဆုံး နတ်ဘုရား ပေါ်ထွက်လာပုံကို ပြသထားသည်။ သို့သော် ဤနတ်ဘုရားသည် လီကျင်းယောင်နှင့် ပိုင်ချူးရန်တို့ သိထားသော လူသားပုံစံ နတ်ဘုရားများနှင့် ကွဲပြားခြားနားနေသည်။ သူ့တွင် လက်မပါသလို၊ ခြေလည်း မပါချေ။ မျက်နှာမှာလည်း ဟာလာဟင်းလင်းဖြစ်နေပြီး မည်သည့် မျက်နှာအင်္ဂါရပ်မျှ မရှိဘဲ ပုံသဏ္ဍာန် အဆက်မပြတ် ပြောင်းလဲနေသော ဧရာမ ရွှံ့စေးလုံးကြီး တစ်ခုနှင့်ပင် တူလေ၏။

"ဒါကို မူလပရမ်းပတာလို့ခေါ်တယ်။ ဒီကမ္ဘာလောကအပြင် ကောင်းကင်နဲ့ မြေကြီးကြားမှာ ပထမဆုံး မွေးဖွားလာတဲ့ သက်ရှိပဲ။ အသစ်ဖြစ်တည်လာတဲ့ ကောင်းကင်လမ်းစဉ်ရဲ့ အသိစိတ်မဲ့ ရလဒ်တစ်ခုပေါ့"

ကျီက ဆက်ရှင်းပြ၏။ "ဒါက နတ်ဘုရားတွေ အထွတ်အမြတ်ထား လေးစားရတဲ့ ပထမဆုံး နတ်ဘုရင်လည်း ဖြစ်တယ်။ ဒါပေမဲ့ သူ့မှာ မျက်နှာအင်္ဂါရပ်တွေရော လိုအင်ဆန္ဒတွေရော ဘာတစ်ခုမှ မရှိဘူး။ ဒါကြောင့် သူက မကြာခင်မှာပဲ အလိုလို သေဆုံးသွားတယ်။"

လီကျင်းယောင်သည် ပိုင်ချူးရန်နှင့် ကျီတို့ကို တတိယအလွှာသို့ ဆက်လက် သယ်ဆောင်သွားသည်။

တတိယအလွှာရှိ ပန်းချီကားများတွင်မူ ကောင်းကင်နှင့် မြေကြီးမှာ လုံးဝ ကွဲကွာသွားလေ၏။ ကောင်းကင်ယံနှင့် မြေအောက်တွင် နတ်ဘုရား နှစ်ပါး အသီးသီး ပေါ်လာကြသည်။ ကောင်းကင်ယံရှိ နတ်ဘုရားသည် အရပ်အနည်းငယ် ပိုရှည်ပြီး ခန့်ညားသော ယောက်ျားဆန်သည့် အသွင်အပြင်များ ရှိကာ မြေအောက်ရှိ နတ်ဘုရားမှာမူ အနည်းငယ် သေးသွယ်ပြီး နူးညံ့သော မိန်းမဆန်သည့် အသွင်အပြင်များ ရှိသည်။

"ကောင်းကင်ဖခင် နဲ့ ကမ္ဘာမြေမိခင်ပဲ။ သူတို့က ဒုတိယနဲ့ တတိယမြောက် ကောင်းကင်နတ်ဘုရင်တွေ။"

ကျီရှန်းက ခဏမျှ စူးစမ်းကြည့်ပြီးနောက် ရှင်းပြ၏။ "နတ်ဘုရားနှစ်ပါး ပေါင်းစပ်ပြီးသွားတဲ့နောက် ကောင်းကင်ဖခင်က စွမ်းအားကုန်ခမ်းပြီး သေဆုံးသွားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကြီးက ကောင်းကင်ကြီး ဖြစ်သွားတာပေါ့။ ကမ္ဘာမြေမိခင်ကတော့ အရာခပ်သိမ်းကို မွေးဖွားပေးခဲ့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ် ကောင်းကင်နတ်ဘုရားတွေရဲ့ ဖြုတ်ချတာကို ခံရကာ ကမ္ဘာမြေကြီးအဖြစ် ပြောင်းလဲသွားရတယ်။"

"ဒုတိယမြောက် နတ်ဘုရင်က လယ်ထွန်ရင်း အမောဆို့သေသွားတဲ့ နွားကြီးပေါ့လေ။"

ပိုင်ချူးရန်က နောက်ပြောင်လိုဟန်ဖြင့် အရွှန်းဖောက်သည်။

"ဟေး။ ဒါက တကယ့်ကို အစစ်အမှန်ကြီးနော်"

"စီနီယာ ဓားဘိုးဘေး လုံးဝ စိတ်မပူပါနဲ့။ ကောင်းကင်ဖခင် သေဆုံးသွားရတာက သူတို့နှစ်ယောက် စွမ်းအားချင်း သိပ်မကွာလို့ပါ။ စီနီယာက ကျွန်မထက် အများကြီး ပိုစွမ်းအားကြီးပါတယ်။"

လီကျင်းယောင်က ပိုင်ချူးရန်၏ ဘေးမှကပ်၍ ချွဲနွဲ့သောလေသံလေးဖြင့် တိုးတိုးလေး ပြော၏။

ပိုင်ချူးရန်သည် သူ၏ နှုတ်ခမ်းကို အသာသပ်လိုက်မိသည်။ နတ်ဆိုးလောကတွင်ရှိစဉ်က စုရှန်ရွှယ်ကဲ့သို့ပင် ထိုကောင်မလေး စကားများမှာ တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု သူ ခံစားမိ၏။

သူတို့သည် အပေါ်သို့ ဆက်လက် တက်သွားကြသော်လည်း အလယ်ပိုင်းတွင် ချို့ယွင်းချက်တစ်ခု ဖြစ်နေသည်။ ရွှေရောင်စွမ်းအင်များသည် လေထဲတွင် စုစည်းလိုက် ပြန့်ကျဲသွားလိုက် ဖြစ်နေသော်လည်း ပုံရိပ်တစ်ခုအဖြစ်တော့ ရုပ်လုံးမပေါ်လာနိုင်တော့ချေ။ ကြည့်ရသည်မှာ ပြင်းထန်စွာ ဖျက်ဆီးခံလိုက်ရပုံ ပေါ်၏။

မတတ်သာသည့်အဆုံး လီကျင်းယောင်သည် ပိုင်ချူးရန်ကို ခေါ်ဆောင်ကာ အပေါ်သို့ ဆက်တက်သွားခဲ့၏။ မီတာတစ်ထောင်ခန့် အမြင့်ရှိသော စေတီမျှော်စင်၏ အထက်ပိုင်းလွှာများသို့ ရောက်ရှိသွားသောအခါမှသာ ပုံစံများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ဤအချိန်တွင် နတ်ဘုရားများခေတ်သည် အထွတ်အထိပ် ဘုန်းတန်ခိုးအကြီးဆုံး အချိန်သို့ ရောက်ရှိနေပုံရသည်။

ကောင်းကင်ယံရှိ အမြင့်ဆုံးနေရာတွင် လူသားအမျိုးသားတစ်ဦး၏ အသွင်အပြင်ရှိသော ကြံ့ခိုင်သန်စွမ်းသည့် နတ်ဘုရားတစ်ပါး ထည်ဝါစွာ ထိုင်နေပြီး သူ့အောက်တွင်မူ အရွယ်အစားကိုကြည့်၍ အဆင့်အတန်း သတ်မှတ်ထားသော နတ်ဘုရားများ ပြည့်နှက်နေ၏။

ကမ္ဘာမြေပေါ်တွင် တောင်တန်းများနှင့် မြစ်များကြား၌ ငှက်များနှင့် သားရဲအမျိုးမျိုး ပေါ်ပေါက်လာသည့်အပြင် လောကတွင် တစ်ခါမှ မကြားဖူး မမြင်ဖူးသော ထူးဆန်းသည့် သားရဲများစွာလည်း ရှိနေသည်။ ကျယ်ပြောလှသော လွင်ပြင်ထဲတွင် လူပုလေးများ တစ်အုပ်လည်း ပေါ်လာ၏။

"ကောင်းကင်ပေါ်က တစ်ပါးက နောက်ဆုံးမျိုးဆက် နတ်ဘုရင် အရှေ့စွန်းနတ်ဘုရင် ထိုက်ရိပဲ။ ပြီးတော့ ဖန်ဆင်းရှင် နတ်ဘုရားလည်း ဖြစ်တယ်"

ကျီရှန်းက ရှင်းပြသည်။

"မြေပြင်ပေါ်က လူပုလေးတွေကတော့ ငါတို့ လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေပဲ။"

နောက်တစ်လွှာသို့ ရောက်သောအခါ မှတ်တမ်းတင်ထားသော နံရံဆေးရေးပန်းချီများသည် ရုတ်ခြည်း ပြောင်းလဲ သွား၏။ ကောင်းကင်နတ်ဘုရားများသည် ကောင်းကင်ယံတွင် ငြိမ်းချမ်းစွာ နေထိုင်နေဆဲဖြစ်သော်လည်း မြေပြင်ပေါ်ရှိ လူပုလေးများ ခေါင်းပေါ်တွင်မူ အနီရောင် မျဉ်းကြောင်းအချို့ ပိုလာသည်။

"ဒါက နတ်ဘုရားတွေရဲ့ ရှုထောင့်ကနေ မှတ်တမ်းတင်ထားတဲ့ သမိုင်းပဲ။ အဲဒီ မျဉ်းကြောင်းတွေက ကမ္ဘာမြေပေါ်က လူသားတွေမှာ နတ်ဘုရားတွေကို ပုန်ကန်ချင်တဲ့စိတ် စတင်ဖြစ်ပေါ်နေပြီဆိုတာကို ဆိုလိုတာပဲ"

ကျီရှန်းက လေးနက်စွာ ပြောလိုက်သည်။

"ဒီခေတ်မှာ ဖြစ်မယ်ထင်တယ်။ အင်မော်တယ်လမ်းစဉ်ရဲ့ ဘိုးဘေးတွေက အင်မော်တယ်အဖြစ် ကျင့်ကြံတဲ့ နည်းလမ်းတွေကို ဖန်တီးခဲ့ကြတာ။ ဆက်သွားကြစို့။"

All Chapters